အခန်း ၄၁
Vol. 3 Ch. 41
အပိုင်း (၄၁)
နေ့တိုင်း စားစရာ ဖရဲသီးကောင်းကောင်းများ ရှိနေသဖြင့် လူတိုင်းသည် ပျော်ရွှင်စွာဖြင့် အမဲလိုက်ကွင်းသို့ အပြေးအလွှား ရောက်ရှိလာကြလေသည်။
တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့သည် တရားဝင် ဆောင်းဦးအမဲလိုက်ပွဲ ဖြစ်၏။
ဆောင်းဦးအမဲလိုက်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ မှူးမတ်အားလုံး ပါဝင်ခွင့် မရကြဘဲ မှူးမတ် တော်တော်များများက မြို့တော်တွင်သာ နေခဲ့ကြရသည်။
ဒါက ချူဟွားအတွက်တော့ ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲခြင်းပင်။
သူမသည် အမဲလိုက်ခြင်းကို စိတ်မဝင်စားချေ။ သူမသည် မြင်းစီးတတ်သော်လည်း သိပ်မကျွမ်းကျင်လှပေ။ သူမ၏ မြားပစ်စွမ်းရည်က အတော်အတန် ဟုတ်သော်လည်း မြင်းစီးနေရင်း ရွေ့လျားနေသော သားကောင်ကို ပစ်ခတ်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမသည် သုံးနှစ်ကြာ ပြင်ဆင်လာခဲ့သူများနှင့်အတူ အမျိုးမျိုးသော စစ်ရေးစာမေးပွဲတွင် ပါဝင်ရန် အစီအစဉ် မရှိခဲ့ပေ။ သူမ လုပ်ချင်သည်က...
ချူဟွား: [ထုံအာ၊ နင် အဆင်သင့်ဖြစ်ပြီလား။ ခဏနေကျရင် ရတနာ သွားရှာကြမယ်]
System: [အဆင်သင့်ပဲ။ ဒီမှာ သားကောင်ငယ်လေးတွေရော သားရဲကောင်ကြီးတွေပါ အများကြီး ရှိတယ်။ နောက်ကျရင် နင် သတိထားနော်။ ငါ နင့်ကို သတိပေးမယ်]
နန်းစောင့်တပ်: ???
တခြားသူများ: ???
နေပါဦး။ သူတို့နှစ်ယောက် ဘာသွားလုပ်မလို့လဲ။
သူတို့ ထင်နေတဲ့ ရတနာလား။ အရင်မင်းဆက်ရဲ့ ရတနာက အမဲလိုက်ကွင်းနားမှာ ဝှက်ထားတာ ဖြစ်နေတာလား။
အာ အာ အာ။ လုံးဝကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ။
နန်းစောင့်တပ်က သတင်းကို အလျင်အမြန် ပေးပို့လိုက်လေသည်။ အဖွင့်မိန့်ခွန်း ပြောရန် ပြင်ဆင်နေသော အရှင်မင်းကြီးမှာ လုံးဝ ကြောင်အမ်းသွားတော့သည်။
အရင်မင်းဆက်ရဲ့ ရတနာက အမဲလိုက်ကွင်းထဲမှာ ရှိတယ်လို့ system က ဘယ်တုန်းက ပြောလိုက်တာလဲ။
ချူဟွား system နှင့် ချိတ်ဆက်မိကတည်းက နန်းစောင့်တပ်သည် အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့သော်လည်း သက်ဆိုင်ရာ သတင်းများကို တစ်ခါမှ မကြားခဲ့ရပေ။
ထားလိုက်ပါတော့။ တခြားကိစ္စတွေကို နောက်မှ ပြောကြတာပေါ့။ ရတနာက ပိုအရေးကြီးတယ်။
အရှင်မင်းကြီးသည် ချူဟွားကို ကာကွယ်ရန် လူများကို အလျင်အမြန် စီစဉ်လိုက်ပြီး အဝေးမှ လိုက်ပါရန် နန်းစောင့်တပ်ဖွဲ့တစ်ဖွဲ့နှင့် အစောင့်များကို စေလွှတ်လိုက်လေသည်။ ရတနာ တွေ့ရှိသည်နှင့်တပြိုင်နက် သူတို့သည် အမြောက်အမြား သွားရောက်တူးဖော်ပြီး သယ်ယူကြရမည်။
နာရီဝက်ခန့် ကြာသောအခါ ဆောင်းဦးအမဲလိုက်ပွဲ စတင်ရန် စောင့်ဆိုင်းရင်း ကြိုတင်ဆောက်လုပ်ထားသော စင်မြင့်အနီးတွင် လူတိုင်း စုဝေးရောက်ရှိလာကြ၏။
စင်မြင့်ပေါ်တွင် အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးနှင့် အချစ်တော် ကြင်ရာတော်များ ထိုင်နေကြသည်။ စင်မြင့်၏ တစ်ဖက်တွင် မင်းသားများ၊ ဘုရင်များနှင့် တခြားသော ဆွေတော်မျိုးတော်များ ရှိနေကြ၏။ တခြားတစ်ဖက်တွင် အမတ်ချုပ်ကြီးဟောင်း၊ မင်းဆရာကြီးဟောင်းနှင့် တခြားသော ညီလာခံ အရာရှိကြီးများ ရှိနေကြပြီး သူတို့၏ ရာထူးအဆင့်အလိုက် စီစဉ်ထားသော အရပ်ဘက် အရာရှိများနှင့် စစ်ဘက် စစ်သူကြီးများစွာက နောက်မှ လိုက်ပါလာကြသည်။
ထို့အပြင် စင်မြင့်ရှေ့က ကျယ်ပြောလှသော ကွင်းပြင်တွင် တက်ကြွသော ကျောင်းသားများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ပိန်ပါးသူများ ဖြစ်ချင်ဖြစ်မည်၊ ကြွက်သားအပြည့်နှင့်သူများ ဖြစ်ချင်ဖြစ်မည်။ တစ်ယောက်ချင်းစီက ခါးတွင် လေးရှည်နှင့် မြားတောင့်များကို ချိတ်ဆွဲထားကြပြီး လေးညှို့မှ ပစ်လွှတ်ရန် အသင့်ရှိနေသော ထက်ရှသည့် မြားတစ်စင်းကဲ့သို့ပင်။
အရှင်မင်းကြီး: "မောင်မင်းတို့အားလုံးက သာ့ရှန်းရဲ့ ထောက်တိုင်တွေပဲ။ ဒီနေ့ ဆောင်းဦးအမဲလိုက်ပွဲမှာ မောင်မင်းတို့ရဲ့ စွမ်းရည်တွေကို ပြသနိုင်ကြပြီ။ သုံးရက်အတွင်း စုစုပေါင်း သားကောင်အရေအတွက်ကို ရေတွက်သွားမယ်။ ထိပ်တန်း ငါးယောက်အတွက် ဆုက..."
စည်းမျဉ်းများနှင့် ထိပ်တန်းငါးဦးအတွက် ဆုများကို အကျဉ်းချုံး ရှင်းပြပြီးနောက် အရှင်မင်းကြီးက အမိန့်တစ်ခု ထုတ်ပြန်လိုက်လေသည်။ "ဆောင်းဦးအမဲလိုက်ပွဲ စစေ"
"ဒုန်း ဒုန်း ဒုန်း" သိပ်သည်းလှသည့် ဗုံသံများ ထွက်ပေါ်လာ၏။
"တူ တူ တူ--" ဆက်တိုက် မှုတ်လိုက်သော ခရာသံများ ထွက်ပေါ်လာသည်။
ကျောင်းသားများသည် စစ်ဘက်အရာရှိများ ဖြစ်လာရန် သုံးနှစ် သို့မဟုတ် ထို့ထက်ပိုပြီး ပြင်ဆင်ခဲ့ကြရသည်။ စတင်ရန် အသံကြားသည်နှင့် သူတို့သည် ခြေနင်းများကို အလျင်အမြန် နင်းကာ မြင်းပေါ်တက်ပြီး တောအုပ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ဝင်ရောက်သွားကြတော့သည်။
ချူဟွားသည် ကျောင်းသားများထက် နောက်ကျမှ ထွက်ခွာခဲ့သည်။ သူမ၏ မြင်းစီး ကျွမ်းကျင်မှု မရှိခြင်းကို ကြည့်ခြင်းအားဖြင့် သူမ မြင်းသိပ်မစီးဖူးကြောင်း သိသာထင်ရှားလှသည်။ ကျားယီနှင့် ချိုင်ကန်းတို့သည် မြင်းစီးလျက် ဘေးတစ်ဖက်တစ်ချက်စီမှ ကပ်လိုက်လာကြလေသည်။ သူတို့မှာ အလွန် စိတ်ပူနေကြမိ၏။ ချူဟွား၏ ညံ့ဖျင်းသော မြင်းစီးစွမ်းရည်သည် ဖြည်းဖြည်းချင်း စီးလျှင် အဆင်ပြေနိုင်သော်လည်း မြန်မြန်စီးလိုက်သည်နှင့် အနီးကပ် တိုက်ခိုက်ရန် ရှို့ချွန်းဓားများအပြင် အဝေးမှ တိုက်ခိုက်ရန် အလွယ်တကူ ဒုက္ခရောက်သွားနိုင်သည်။ လေးနှင့်မြားများ၊ မီးကျည်များကိုပါ ယူဆောင်လာကြသည်။ မတော်တဆမှုများ ဖြစ်ပွားပါက အနီးအဝေးတွင် အုပ်စုဖွဲ့ ပုန်းအောင်းနေကြသော နန်းစောင့်တပ်များ၊ အစောင့်များနှင့် စစ်သူကြီးများသည် အမြန်ဆုံး အပြေးအလွှား လာရောက် ကူညီကြပေလိမ့်မည်။
ချူဟွားက system ကို သီးသန့် စကားပြောလိုက်သည်။ [ထုံအာ၊ လူဘယ်နှယောက် ရှိလဲ]
System: [ဘေးမှာ နှစ်ယောက်၊ မီတာ၅၀ အကွာအဝေးအတွင်းမှာ ၃၆ ယောက်၊ မီတာ၅၀ အပြင်ဘက်မှာ ၁၂၆ ယောက်။ ပိုဝေးတဲ့နေရာမှာ တချို့က ရှေ့က လမ်းကို စူးစမ်းနေကြပြီး တချို့က တောရိုင်းတိရစ္ဆာန်တွေကို မောင်းထုတ်နေကြတယ်]
[အရှင်မင်းကြီးက နင့်ကို ကာကွယ်ဖို့ လျှို့ဝှက်အစောင့် တစ်ယောက်ကိုလည်း ခိုးပြီး လွှတ်လိုက်သေးတယ်။ နင် အရင်မင်းဆက်ရဲ့ ရတနာကို မတွေ့ခင် သေသွားမှာကို သူ တကယ် ကြောက်နေတာ]
ချူဟွား: [ငါ သေသွားပြီးရင် နင် ပျောက်သွားမှာကိုလည်း သူ ကြောက်တာပါ]
လက်ရှိအချိန်ထိ သူမ၏ တစ်ကိုယ်ရေတန်ဖိုးသည် system ၏ ထောက်လှမ်းရေး စွမ်းရည်ထက် များစွာ လျော့နည်းနေသေးသည်။ ကျောက်ရောဂါကာကွယ်ဆေး၊ ပင်နီဆီလင်နှင့် ငှက်ဖျားဆေးတို့သည် သူတို့၏ စစ်မှန်သော တန်ဖိုးကို မပြသရသေးပေ။
ချူဟွားတွင် လိုက်ပါလာသူများ ရှိနေသဖြင့် ရတနာ ဝှက်ထားရာ နေရာသို့ တန်းတန်းမတ်မတ် သွားရန် မလွယ်ကူလှပေ။ သူမသည် မြင်းကိုစီးပြီး ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်လို လှည့်ပတ်သွားလာနေခဲ့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန် ကြာပြီးနောက် system သည် မျှဝေခြင်းကို ဖွင့်လိုက်ပြီး ချူဟွားနှင့် တခြားသူများကို လမ်းပြလိုက်၏။
[မမကြီးဟွား၊ တည့်တည့်သွား]
[ဘယ်ဘက်ကွေ့]
[ရှေ့က သစ်ပင်ကို ပတ်သွား]
[တောင်ပေါ် တက်]
System ၏ ညွှန်ကြားချက်အတိုင်း လူအုပ်စုသည် နာရီဝက်ခန့် လှည့်ပတ်သွားလာပြီးနောက် အမဲလိုက်ကွင်း အနီးရှိ တောင်တစ်လုံးသို့ နောက်ဆုံးတော့ ရောက်ရှိသွားကြသည်။
ထိုတောင်သည် အမဲလိုက်ကွင်း အတွင်းတွင် ရှိနေသည်။ ဤနေရာသည် တော်ဝင် အမဲလိုက်ကွင်း ဖြစ်သဖြင့် သာမန်နေ့များတွင် မည်သည့် ပြည်သူမှ မလာရဲကြဘဲ သွားလာရန် လမ်းလည်း မရှိပေ။ ထို့ကြောင့် ရှေ့ဆက်ရန် ခက်ခဲလှသည်။
မြင်းတက်ရန် မတ်စောက်ပြီး ခက်ခဲသော တောင်လမ်းတစ်ခုသို့ ရောက်သောအခါ ချူဟွားသည် မြင်းကို သစ်ပင်တွင် ချည်ထားလိုက်ပြီး နွယ်ပင်များ ဖုံးလွှမ်းနေသော တောင်နံရံတစ်ခုကို ရှာဖွေရန် system ၏ လမ်းညွှန်မှုနောက် လိုက်လာခဲ့လိုက်သည်။
System: [ဘယ်ဘက်ကို သုံးလှမ်း၊ ရှေ့ကို ဆယ်လှမ်း၊ နွယ်ပင်တွေကို ဖယ်လိုက်၊ အထဲမှာ ဂူတစ်ခု ရှိတယ်]
ချူဟွားသည် ထိုနေရာတွင် ခဏလောက် ခေါက်ကြည့်ပြီး ဂူတစ်ခု တွေ့ရှိသယောင် ဟန်ဆောင်လိုက်သည်။ "ဟေး၊ ဒီမှာ ဂူတစ်ခု ရှိတယ်"
ကျားယီနှင့် ချိုင်ကန်းတို့သည် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြပြီး နောက်ဆုံးတွင် သူတို့၏ စွမ်းရည်များကို အသုံးပြုရန် နေရာတစ်ခု ရရှိလာသဖြင့် နွယ်ပင်များကို ဖယ်ရှားရန် အလျင်အမြန် ရှေ့တိုးလာကြသည်။
ချိုင်ကန်းသည် သူ သယ်ဆောင်လာသော အထုပ်ထဲမှ မီးတုတ် နှစ်ချောင်းကို ထုတ်လိုက်ပြီး မီးတောက်လာအောင် မှုတ်ကာ တစ်ချောင်းကို ဂူထဲသို့ ပစ်ထည့်လိုက်သည်။ မီးတုတ်သည် ငြိမ်းမသွားသလို ပေါက်ကွဲခြင်းလည်း မရှိပေ။
"လူကြီးမင်းချူ၊ ကျွန်တော် လမ်းကြောင်း အရင် သွားကြည့်လိုက်ပါ့မယ်" ချိုင်ကန်းသည် တခြား မီးတုတ်ကို ယူလိုက်ပြီး သတိထားကာ ဝင်သွားလေသည်။
Systemက သူ့သတိထားနေမှုကြီးကို မြင်ရတာ ငြီးငွေ့နေလေပြီ။ [ဘာလို့ အဲဒီလောက် သတိထားနေရတာလဲ။ ဒီမှာ ယန္တရား မရှိပါဘူး]
ချိုင်ကန်း: "..."
ယန္တရား မရှိမှန်း သိသော်လည်း သူ စိတ်မလျှော့ရဲပေ။ သေချာ စူးစမ်းစစ်ဆေးပြီးနောက် သူက ပြန်လှည့်လာပြီး ပြောလိုက်၏။ "လူကြီးမင်းချူ၊ ဂူက မကြီးပါဘူး။ အဆုံးမှာ သင်္ချိုင်းဂူတစ်ခု ရှိတယ်"
ချူဟွား: "သွားကြည့်ရအောင်"
သူတို့သုံးဦးသည် မီးတုတ်မှ ထွက်ပေါ်နေသော မှိန်ဖျဖျ အလင်းရောင်နောက် လိုက်ကာ ဂူထဲသို့ ဝင်သွားကြသည်။ ခြေလှမ်း နှစ်ဆယ်ခန့် လျှောက်ပြီးနောက် သင်္ချိုင်းဂူငယ်တစ်ခုကို တွေ့လိုက်ရသည်။
သင်္ချိုင်းဂူ၏ ကျောက်တိုင်ပေါ်တွင် စာလုံးအနည်းငယ် ထွင်းထုထားသည်။ 'ချစ်သမီးလေး၏ အုတ်ဂူ'
ချူဟွား: ?
[ထုံအာ၊ ဒါ အရင်မင်းဆက်က မင်းသမီးရဲ့ အုတ်ဂူ မဟုတ်ဘူးမလား]
System: [ဟုတ်တယ်။ ဒါပေမဲ့ အပေါ်က အုတ်ဂူက အတုလေ။ တကယ်လို့ သင်္ချိုင်းဖောက်ထွင်းသူက ဒါကို တွေ့သွားရင် အုတ်ဂူကို တူးပြီးနောက် လက်ဝတ်ရတနာကောင်းတချို့လောက်ပဲ တွေ့နိုင်မှာ၊ အဓိကက လူတွေကို လှည့်စားဖို့ သုံးထားတာ]
[လူအများစုက အပေါ်က ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ အများကြီးကို ယူပြီး ထွက်သွားကြတာ။ အုတ်ဂူအောက်မှာ နောက်ထပ် အုတ်ဂူတစ်ခု ရှိမယ်လို့ ဘယ်သူမှ မထင်ကြဘူးလေ။ ဒါတွေက ငါးစာတွေပဲ]
ကျားယီနှင့် ချိုင်ကန်း: "..." ဒီအကြံက တော်တော် အံ့ဩစရာပဲ။
System ၏ လမ်းညွှန်မှုသာ မရှိလျှင် ရတနာအစစ်အမှန်က အောက်တွင် ရှိနေသည်ဟု သူတို့နှစ်ယောက်လုံး ဘယ်တော့မှ တွေးမိကြမည် မဟုတ်ပေ။
System က သတိပေးလိုက်၏။ [ကျောက်တိုင်နားမှာ တူးလိုက်၊ မြေကြီးထဲ မြှုပ်နေတဲ့ အောက်ပိုင်းမှာလေ။ အဲဒီမှာ အဝိုင်းပုံ ယန္တရားတစ်ခု ရှိတယ်။ အဲဒါကို နှိပ်လိုက်ရင် မင်းသမီးရဲ့ အုတ်ဂူအစစ်ဆီ ရောက်မဲ့ လျှို့ဝှက်လမ်းကြောင်း အစစ် ပေါ်လာလိမ့်မယ်။ အရင်မင်းဆက်ရဲ့ ရတနာက အဲဒီမှာ ရှိတာ]
ချူဟွား: [...ဒီယန္တရားရဲ့ တည်နေရာက အရမ်း ဖုံးကွယ်လွန်းနေတာ မဟုတ်ဘူးလား။ အုတ်ဂူကျောက်တိုင်ကို တူးဖို့ ငါ့မှာ ဘာအကြောင်းပြချက် ရှိလို့လဲ]
ကျားယီနှင့် ချိုင်ကန်း: "..." ဒါက တကယ့် ပြဿနာပဲ။
ယန္တရား တည်နေရာကို သိပြီး မင်းသမီး၏ အုတ်ဂူအစစ်ကို ရှာဖွေရန် လွယ်ကူသော်လည်း တည်နေရာက လွန်စွာ ဖုံးကွယ်ထားသဖြင့် ချူဟွား တကယ်တမ်း ဘာမှ ပြောလို့ လုပ်လို့ မရပေ။
တကယ့် ခေါင်းကိုက်စရာပဲ။
ဂူအပြင်ဘက်တွင် နန်းစောင့်တပ်များ၊ အစောင့်များနှင့် စစ်သူကြီး အများအပြား စုဝေးနေကြသည်။ ထိုအကြောင်းကို ကြားသောအခါ သူတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်တစ်ခု ရှာဖွေကူညီချင်ကြသည်။
အုတ်ဂူကို အလွန် လျှို့ဝှက်စွာ တည်ဆောက်ထားသည်မှာ ထင်ရှားသည်။ ထို့ကြောင့် အတွင်းတွင် ယန္တရားတစ်ခု ရှိရမည်။
System လိုမျိုး အထောက်အကူ ရှိနေပါလျက်နဲ့ သူတို့က ယန္တရားကို ဖျက်ဆီးဖို့ အချိန်နဲ့ လူအင်အားကို ဘာလို့ ဖြုန်းတီးနေရမှာလဲ။
ဒါက... နည်းနည်း ခက်ခဲရုံပါပဲ။
ကျားယီ ဒါမှမဟုတ် ချိုင်ကန်းကို သူတို့မှာ သူများ အုတ်ဂူကျောက်တိုင်ကို တူးတတ်တဲ့ အကျင့်ရှိတယ်လို့ ပြောခိုင်းလို့ မရဘူးလေ ဟုတ်တယ်မလား။
အို၊ ဖြစ်နိုင်ပုံရသားပဲ။
ကျားယီနှင့် ချိုင်ကန်းတို့သည် တစ်ကိုယ်လုံး တုန်လှုပ်သွားကြသည်။ သူတို့ ကြံစည်ခံလိုက်ရသည်ဟု ခံစားနေရသည်။ ထို့အပြင် ဒါက အလွန် သနားစရာကောင်းသည့် ပုံစံမျိုး။
ချူဟွားက ရုတ်တရက် အာမေဋိတ်ပြုလိုက်သည်။ "ချိုင်ကန်း၊ မီးတုတ်ကို ဒီဘက် ယူလာပြီး ကျောက်တိုင်အောက်ကို ထိုးပြစမ်း"
"ဟုတ်ကဲ့" ချိုင်ကန်းသည် အလျင်အမြန် ရောက်လာပြီး တွေ့လိုက်ရသည့်အရာကြောင့် အံ့သြသွားတော့သည်။ "ဒီနေရာက မြေကြီးက တူးဆွထားပုံ ရတယ်"
System: [မှန်တယ်။ သင်္ချိုင်းဖောက်ထွင်းသူတွေ အရင်က လာသွားဖူးတယ်]
ဒါက သူတို့ကို လှုပ်ရှားရ လွယ်ကူစေသည်။
ချိုင်ကန်းသည် ရှို့ချွန်းဓားကို အသုံးပြုပြီး မြေကြီးကို တူးလိုက်လေသည်။ ထိုအရာကို မြင်သောအခါ ကျားယီက ပြောလိုက်၏။ "လူကြီးမင်းချူ၊ ဒီမှာ ဘာရှိမှန်း မသေချာဘူး။ ကျွန်တော် အပြင်ထွက်ပြီး ညီအစ်ကိုတွေ ပိုခေါ်လိုက်မယ်၊ မီးရှူးတိုင်တချို့လည်း ရှာလိုက်မယ်။ မီးတုတ်နဲ့က သိပ်မှောင်လွန်းတယ်"
ချူဟွား: "ကောင်းပြီလေ"
ကျားယီ အမြန် ထွက်သွားပြီး ချိုင်ကန်းက မြေကြီးကို ပိုမြန်မြန် တူးလိုက်သည်။ ယန္တရားကို တူးဖော်မိသည်နှင့် ကျားယီသည် နန်းစောင့်တပ်သား လေးဦးနှင့် အစောင့် လေးဦးတို့နှင့်အတူ ပြန်ရောက်လာသည်။
"လူကြီးမင်းချူ၊ ဒီညီအစ်ကို ၈ ယောက်က အနီးနားမှာ ကင်းလှည့်ပြီး သားရဲတွေကို မောင်းထုတ်နေကြတာနဲ့ တိုက်ဆိုင်နေတယ်။ သူတို့မှာ ပိုးမွှား နှိမ်နင်းတဲ့ အမှုန့်တွေရော ညဘက် သားရဲတွေကို မောင်းထုတ်ဖို့ မီးတုတ်တွေရော ပါလာတယ်။ ကျွန်တော် သူတို့အားလုံးကို ခေါ်လာခဲ့တယ်"
ဘယ်လောက်တောင် တရားဝင်ပြီး လုံလောက်တဲ့ အကြောင်းပြချက်လဲ။
ချူဟွားသည် သူတို့၏ ဉာဏ်ကောင်းမှုကို တိတ်တဆိတ် လေးစားမိလိုက်သည်။ "အစ်ကိုတို့ကို ဒုက္ခပေးမိပါပြီ"
လူရှစ်ဦးက အလျင်အမြန် ပြောလိုက်ကြသည်။ "ဒုက္ခ မဟုတ်ရပါဘူး"
တကယ် ဒုက္ခ မဟုတ်ပါဘူး။
ဒီနေရာ ၈ နေရာ ရဖို့အတွက် သူတို့ ခေါင်းကွဲမတတ် လုခဲ့ရတာ၊ သူတို့နောက်မှာ မျှော်လင့်တကြီး စောင့်နေကြတဲ့ ညီအစ်ကို ဒါဇင်ပေါင်းများစွာ ရှိသေးတယ်။
ယန္တရား၏ တဂျိန်းဂျိန်းအသံ ထွက်ပေါ်လာပြီးနောက် အုတ်ဂူနောက်ဘက် မြေကြီးနှင့် တောင်နံရံ ဆုံမှတ်တွင် မြေအောက်သို့ ဆင်းသွားသော လှေကားထစ်တစ်ခု ပေါ်လာတော့သည်။
ကျားယီ: "မီးတုတ် ထွန်းလိုက်"
ချိုင်ကန်း: "ကျွန်တော် လမ်းရှင်းဖို့ အရင်သွားမယ်"
လူအုပ်စုသည် ချူဟွားကို ဝိုင်းရံပြီး ကျောက်လှေကားထစ်များအတိုင်း ဖြည်းဖြည်းချင်း ဆင်းသွားကြသည်။
ကျောက်လှေကားထစ်များ အောက်ခြေမရောက်မီတွင် လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ပိုင်း၊ နောက်ဆုံး ကျောက်လှေကားထစ်ကို ဖက်တွယ်ထားသော အရိုးလက်တစ်ဖက်နှင့် အတော်လေး ကြာမြင့်နေပုံရသည့် ရှေ့မှ သွေးမည်းတန်းရှည်ကြီး တစ်ခုကို တွေ့လိုက်ရသည်။
ချိုင်ကန်းသည် ရှေ့မှ လျှောက်သွားပြီး ချူဟွား မမြင်မီ အရိုးစုတစ်ပိုင်းကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
သို့သော် system သည် ချိုင်ကန်း၏ စေတနာကို နားမလည်ဘဲ သတင်းပို့နေလေပြီ။ [ဒါက ထွက်ပြေးချင်တဲ့ သင်္ချိုင်းဖောက်ထွင်းသူလေ။ သူက ပေါင်တစ်ထောင်ကျော် လေးတဲ့ နဂါးဖြတ်ကျောက်တုံး ရိုက်ချခံပြီး အမြင့်ကနေ ပြုတ်ကျခဲ့တာ။ သူ ကံဆိုးပြီး သူ့ခန္ဓာကိုယ်က နှစ်ပိုင်း ပြတ်သွားတယ်။ နောက်ဆုံးတော့ သူ ဒီနေရာအထိ တွားသွားလာပြီးမှ သေသွားတာ]
ချိုင်ကန်းနှင့် တခြားသူများ: "..."
တိတ်တဆိတ် နောက်က လိုက်နေကြသူများ: "..."
ထုံအာ၊ နင့်သခင်က ၁၃ နှစ်သမီးလေးပဲ ရှိသေးတယ်လေ၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က သိပ်မမြင့်ဘူးဆိုတာ နင် ထည့်မစဉ်းစားပေးနိုင်ဘူးလား။
အသေးစိတ် ရှင်းပြနေစရာ မလိုပါဘူး။ တကယ်ပါပဲ။
ချူဟွားကတော့ ပုံမမြင်ရသဖြင့် အဆင်ပြေနေသည်။ [နင် ပြောလို့ ရပါတယ်၊ ငါ မကြည့်ဘဲ နေလိုက်မယ်]
System: [ဟုတ်ပြီ]
...