← Chapters

အခန်း ၁၄၆

Vol. 10 Ch. 146

အခန်း ၁၄၆

Vol. 10 Ch. 146

အပိုင်း (၁၄၆)

တိုင်းပြည်ဘဏ္ဍာတိုက်တွင် ငွေကြေး ပြတ်လပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် သာ့ရှန်းပြည်သူများ၏ ငွေရှာလိုစိတ်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ပင်လယ်ရပ်ခြားတွင် မကောင်းမှု ဒုစရိုက်ဟူသမျှ လုပ်ဆောင်နေသော ပင်လယ်ဓားပြများ စောင့်ကြပ်နေသည့် ကြီးမားသော ရတနာသိုက်ကြီး ရှိကြောင်း သိလိုက်ရသောအခါ အရှင်မင်းကြီးနှင့် မှူးမတ်အရာရှိများသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။

ထိုအရာသည် မူလကပင် သာ့ရှန်းဆီမှ လုယူသွားသော ရတနာများ ဖြစ်သောကြောင့် ပြန်ယူရမည်မှာ အမှန်ပင်။

ရှီးရုံဆီမှ လုယူသွားသော အပိုင်းနှင့် ပတ်သက်ပြီး... ဟ ဟ၊ ရှီးရုံက သာ့ရှန်းဆီမှ ၃ နှစ်စာ ရွှေတွင်း ခိုးယူသွားသည့်အတွက် လျော်ကြေးနှင့် အတိုးအဖြစ် သတ်မှတ်ရလိမ့်မည်။

မှူးမတ်အရာရှိများသည် ဖြောင့်မတ်မှန်ကန်စွာ တွေးတောကြ၏။

System ပြောခဲ့သော စကားတစ်ခွန်းမှာ မှားယွင်းခြင်း မရှိပေ။ ငွေရှာနိုင်မည့်ကိစ္စဆိုလျှင် ခေါင်းပုတ်လိုက်သည်နှင့် ဆုံးဖြတ်နိုင်သည် ဆိုသည့်အတိုင်း ပင်လယ်ဓားပြများကို တိုက်ခိုက်မည့် ဆုံးဖြတ်ချက်သည် စက္ကန့်ပိုင်းအတွင်း ညီလာခံ တစ်ခုလုံး၏ တညီတညွတ်တည်း သဘောတူညီမှုကို ရရှိခဲ့လေသည်။

ဌာနဆိုင်ရာ အသီးသီးမှ အသက် ၇၀ အရွယ် အဘိုးအိုများမှစ၍ ယခုနှစ်မှ အလုပ်ဝင်သော အသက် ၁၈ နှစ်အရွယ် အရာရှိငယ်လေးများအထိ ကြက်သွေးထိုးထားသကဲ့သို့ တက်ကြွနေကြပြီး ကိစ္စရပ်တိုင်းသည် ပင်လယ်ဓားပြ တိုက်ခိုက်ရေးအတွက် လမ်းဖယ်ပေးကြ၏။

သာ့ရှန်းတွင် လေ့ကျင့်ပေးထားသော ရေတပ်ရှိပြီး အဓိကအားဖြင့် ကမ်းရိုးတန်းကို စောင့်ကြပ်ရန်နှင့် ပင်လယ်ဓားပြများကို သတ်ဖြတ်ရန် တာဝန်ယူရကာ ရေတပ်ဟု ခေါ်ဆိုကြသော်လည်း လက်နက်အင်အားမှာ သိပ်မတောင့်တင်းလှချေ။

ပင်လယ်ဓားပြများလက်ထဲတွင် သေစေနိုင်သော လက်နက်များ ရှိကြောင်း သိထားကြသောကြောင့် ဉာဏ်သုံးရန် လိုအပ်သည်ဟု လူတိုင်းက ယူဆကြလေသည်။

အရှင်မင်းကြီးနှင့် မှူးမတ်အရာရှိများက အခိုင်အမာ ပြောဆိုကြ၏။ "ညီလာခံက စစ်တိုက်ရမှာ ကြောက်တာ မဟုတ်ဘူး၊ ပေးဆပ်ရမှု နည်းနည်းနဲ့ ပင်လယ်ဓားပြကျွန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် ဘာလို့ မလုပ်ဘဲ နေမှာလဲ"

System က တဲ့တိုး ဝေဖန်လိုက်လေသည်။ [နှစ်တိုင်း စစ်တိုက်နေရလို့ လူငယ်လုပ်အား ရှားပါးနေတာကြောင့် အသက်နဲ့ရင်းပြီး မတိုက်ခိုင်းချင်တာ သေချာပါတယ်]

ချူဟွား: [ဘာမကောင်းလို့လဲ]

[အုပ်ချုပ်သူက အသက်ရဲ့ တန်ဖိုးနဲ့ မလွယ်ကူပုံကို သိပြီး ပြည်သူတွေကို တန်ဖိုးထားမှ ပြည်သူတွေရဲ့ ဘဝက ကောင်းမွန်နိုင်မှာ]

System: [အဲဒါတော့ ဟုတ်တယ်၊ ရှီးရုံနဲ့ ပေတိရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို ကြည့်ပါလား၊ ငါသာ အဲဒီနိုင်ငံက ပြည်သူဆိုရင် သူတို့အတွက် စိတ်ပျက်မိမှာပဲ]

ချူဟွားက သက်ပြင်းချလိုက်၏။ [မတတ်နိုင်ဘူးလေ၊ အာဏာရှင် လူ့အဖွဲ့အစည်းမှာ ဘုရင်ရဲ့ အမိန့်က အရာအားလုံးထက် ပိုမြင့်မြတ်တာကိုး]

System က ထိုလုပ်ရပ်ကို ကြည့်မရသော်လည်း ဝင်ရောက်စွက်ဖက်ခွင့် မရှိသောကြောင့် ကွယ်ရာတွင် စကားနည်းနည်းပါးပါး ပြောရုံသာ တတ်နိုင်လေသည်။

[တကယ် မဖြစ်ဘူးဆိုရင် မမကြီးဟွား နင်ပဲ အကုန်လုံးကို ပေါင်းစည်းလိုက်ပါလား၊ နင်သာ တိုင်းပြည်ကို ပေါင်းစည်းပြီး ဘုရင်မ လုပ်လိုက်ရင် တိုင်းသူပြည်သားတွေ အကုန်လုံး ဘဝကောင်းကောင်း ရနိုင်မှာပဲ]

ချူဟွားက ပြုံးလိုက်၏။ [နင် ဒီစိတ်ကူးကို လက်မလျှော့သေးဘူးလား]

System သည် သခင်က ဒီအကြောင်း ပြောရတာ မကြိုက်မှန်း သိသဖြင့် ဝါးတားတား ရေရွတ်လိုက်လေသည်။ [အခု ငါတစ်ယောက်တည်း ဒီလို တွေးတာ မဟုတ်ဘူး၊ ညီလာခံမှာ အရာရှိ အများကြီးက နင်က မင်းသား မဟုတ်တာ၊ ထီးနန်းဆက်ခံခွင့် မရှိတာကို နှမြောနေကြတယ်]

ချူဟွား: ?

ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သဖြင့် သူမ တကယ် လန့်သွားရသည်။

သို့သော် သူမ အာရုံစိုက်မိသည့် အချက်က အနည်းငယ် လွဲချော်နေ၏။ [သူတို့ အနှမြောဆုံးက ငါက တော်ဝင်သွေး မဟုတ်တာ ဖြစ်သင့်တာ မဟုတ်ဘူးလား]

ယောက်ျားလေး ဖြစ်ခြင်း၊ မိန်းကလေး ဖြစ်ခြင်းနှင့် ဘာဆိုင်လို့လဲ။

System: [ငါ အခု ပြောတာက အများစုကို ကိုယ်စားမပြုပေမဲ့ အရာရှိ တစ်စိတ်တစ်ပိုင်းရဲ့ တွေးခေါ်ပုံကတော့ ဆက်ခံမဲ့သူက လုံလောက်အောင် ထူးချွန်ရင်၊ နင်လိုမျိုး ထူးချွန်ရင် ရှောင်းမျိုးရိုး ဟုတ်မဟုတ် ဆိုတာ ကိစ္စ မရှိဘူးတဲ့]

ချူဟွား: [... တကယ်လား]

System က သူမကို လှည့်စားနေသည်ဟု သူမ သံသယ ဝင်မိပြီး သက်သေလည်း ရှိလေသည်။

ဒါက ပဒေသရာဇ် ခေတ်လေ၊ ဘယ်သူက သွေးသားတော်စပ်မှုကို ဂရုမစိုက်ဘဲ နေမှာလဲ။ တော်ဝင်သွေးကို ရောနှောခြင်းက ပြစ်မှုကြီး ဖြစ်သည်။

System က ဒေါသတကြီး ပြောလိုက်၏။ [ငါ ပြောတာက တစ်စိတ်တစ်ပိုင်းလို့ ပြောတာလေ]

[နှစ်ပေါင်း ထောင်ချီ ကြာလာတော့ နိုင်ငံနဲ့ တော်ဝင်မိသားစု ပြောင်းလဲတာ ဘယ်နှကြိမ် ရှိပြီလဲ၊ အနှစ်သာရကို မြင်ပြီး ပြည်သူတွေ ကောင်းစားရင် ဘုရင် ဘယ်သူလုပ်လုပ် ကိစ္စမရှိဘူးလို့ တွေးတဲ့သူ ရှိမှာပဲလေ]

ချူဟွားက မဖြုံပေ။ [ဪ]

System: [...]

ဘာဪတာလဲ။ နင့်ရဲ့ သဘောထားကို ပြောပြဦးလေ။

System အနည်းငယ် စိတ်ဆိုးသွားသော်လည်း သခင်က ဘုရင်မ လုပ်ဖို့ တကယ် စိတ်မဝင်စားမှန်း သိလိုက်သဖြင့် ချက်ချင်း ငြိမ်ကျသွားပြီး အလုပ်ပြန်လုပ်တော့သည်။

သူသည် ဤစစ်ပွဲ၏ သတင်းပြန်ကြားရေးမှူး ဖြစ်သောကြောင့် အရေးပါမှုမှာ ပြောစရာ မလိုအောင်ပင် ရှိပြီး လုပ်စရာ အလုပ်များ များပြားလှသဖြင့် ယခုလေးတင် အလုပ်ကြားထဲမှ ခိုးနားနေခြင်း ဖြစ်လေ၏။

System ၏ စေတနာပါပါ ကူညီမှုအောက်တွင် ပင်လယ်ဓားပြကျွန်း၏ မြေမျက်နှာသွင်ပြင်ပုံ၊ ကာကွယ်ရေးပုံ၊ စစ်အင်အားပုံ၊ အားနည်းချက်၊ ရတနာသိုက်မြေပုံ စသည့် သတင်းအချက်အလက် ပေါင်းစုံမှာ ဖန်သားကဲ့သို့ ကြည်လင်နေလေသည်။ ပုံတူကူးယူပြီးနောက် အကောင်းဆုံး စစ်ဗျူဟာ ချမှတ်ရန် ရက်အနည်းငယ် အချိန်ယူခဲ့ရသည်။

လဝက်ခန့် ကြာပြီးနောက် ညီလာခံသည် ပြင်ဆင်မှု အပြည့်အစုံ ပြုလုပ်ပြီး ပင်လယ်ဓားပြကျွန်းကို တိုက်ခိုက်ရန် ထွက်ခွာခဲ့ကြပြီး တစ်လအကြာတွင် ပင်လယ်ဓားပြကျွန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရတနာများ တင်ဆောင်ထားသော မြင်းလှည်းများသည် တစ်သုတ်ပြီး တစ်သုတ် မြို့တော်သို့ ပို့ဆောင်လာကြတော့၏။

ဤမျှ များပြားသော ရတနာများ ရောက်ရှိလာသဖြင့် တိုးချဲ့ထားသော တိုင်းပြည်ဘဏ္ဍာတိုက်သည်ပင် မဆံ့တော့ဘဲ အစိတ်အပိုင်း အတော်များများက အရှင်မင်းကြီး၏ ပုဂ္ဂလိက ဘဏ္ဍာတိုက်ထဲသို့ ရောက်သွားပြီး ပိုများသော အစိတ်အပိုင်းကို အလျင်အမြန် သုံးစွဲပစ်ရလေသည်။

သာ့ရှန်းတွင် ငွေရှိလာပြီ ဖြစ်သောကြောင့် အရှင်မင်းကြီးနှင့် မှူးမတ်အရာရှိများသည် လေပေါ် ဝဲပျံမတတ် လမ်းလျှောက်လာကြပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသည်လည်း မကပ်စေးနှဲတော့ဘဲ လိုအပ်သော ကုန်ကျစရိတ် မှန်သမျှကို အကုန် ခွင့်ပြုပေးလိုက်သည်။

အကြီးမားဆုံးသော ရွှေမျိုသည့် သားရဲကောင် ဖြစ်သည့် သံကူကွန်ကရစ် တာတမံ စီမံကိန်းကိုလည်း ခွင့်ပြုလိုက်၏။

ဤစီမံကိန်း၏ အကြီးဆုံး တာဝန်ခံများမှာ လီဟယ်နှင့် လီချန် သားအဖပင် ဖြစ်လေသည်။

မထွက်ခွာမီတွင် ချူဟွားသည် သူတို့နှစ်ဦးကို ထမင်းဖိတ်ကျွေးပြီး ထမင်းဝိုင်းတွင် ရင်ဖွင့်စကား ပြောလိုက်၏။ "သံကူကွန်ကရစ် တာတမံ ဆောက်လုပ်တာ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ချူဟွား သိပါတယ်၊ လူကြီးမင်းတို့ သားအဖ ဒီတာဝန်ကို လက်ခံပြီးတဲ့နောက် အပြင်မှာပဲ ဆယ်စုနှစ်နဲ့ချီ ပြေးလွှားနေရပြီး မြို့တော်ကို ပြန်လာဖို့ ခက်ခဲလိမ့်မယ်၊ ချူဟွား လူကြီးမင်းတို့ကို တကယ်ပဲ အားနာပါတယ်"

တာတမံ ဆောက်လုပ်သည့် ထူးချွန်သော အရည်အချင်း ရှိသောကြောင့် သားအဖ နှစ်ယောက် ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ပြီး မြို့တော်သို့ ရာထူးတိုးလာရန် မလွယ်ကူခဲ့ပေ။ ယခု သူမ ထောက်ခံလိုက်သဖြင့် ရှေ့တန်းတွင် နေ့ရောညပါ ပြေးလွှားနေရပြီး အေးချမ်းစွာ နေရမည့်ရက် အနည်းငယ်သာ ရှိတော့ပေမည်။

လီဟယ်က အလွန် ထိတ်လန့်သွားပြီး "မင်းသမီးက ကျွန်တော်မျိုးကို အသက်တိုအောင် လုပ်နေပါပြီ၊ အဲဒီတုန်းက မင်းသမီးနဲ့ system ရဲ့ အကူအညီသာ မပါရင် ကျွန်တော်မျိုးနဲ့ သားရဲ့ အသက်ကို ကယ်နိုင်ပါ့မလား ဆိုတာ မသေချာပါဘူး၊ မင်းသမီးရဲ့ ကျေးဇူးကို ကျွန်တော်မျိုး ရင်ထဲ မှတ်သားထားပါတယ်၊ ကျွန်တော်မျိုးရဲ့ အသက်ကို ပေးဆပ်ရမယ် ဆိုရင်တောင် ကျွန်တော်မျိုး လိုလိုလားလားပါပဲ"

"လူကြီးမင်းလီ စကားပြောတာ လေးနက်လွန်းပါပြီ" ချူဟွားက ဒီကိစ္စကို မှတ်မိနေသော်လည်း သူတို့၏ အသက်ကယ် ကျေးဇူးကို အသုံးပြုပြီး သူမအတွက် အလုပ်လုပ်ခိုင်းရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။

"အဲဒီတုန်းက ကယ်တင်ခဲ့တာက လက်တစ်ဖက် မကူရုံ သက်သက်ပါ၊ အသက်ကယ်တဲ့ ကျေးဇူး ဆိုရင်တောင် လူကြီးမင်း အသက်နဲ့ ပြန်ပေးဆပ်စရာ မလိုပါဘူး"

"လိုပါတယ် လိုပါတယ်" လီဟယ်က အခိုင်အမာ ပြောလိုက်၏။ "မင်းသမီး မသိပါဘူး၊ ကျွန်တော်မျိုးက ညီလာခံက လူမှုဆက်ဆံရေးတွေကို မကျွမ်းကျင်ပါဘူး၊ တကယ်လို့ မင်းသမီးရဲ့ ကျေးဇူးနဲ့ စောင့်ရှောက်မှုသာ မရှိရင် ကျွန်တော်မျိုးနဲ့ သားက ဒီနှစ်တွေမှာ..."

လီဟယ်က ပြောပြရန် ခက်ခဲနေသဖြင့် system က ဝင်ပြောပေးလိုက်၏။ [ရိုးရိုးရှင်းရှင်း ပြောရရင် လီဟယ်က လူတွေကို မျက်နှာလိုမျက်နှာရ မလုပ်တတ်ဘူး၊ စိတ်သဘောထား ဖြောင့်မတ်ပြီး အသက်ဆုံးရှုံးမတတ် ခံစားခဲ့ရတာတောင် မပြင်နိုင်ဘူး၊ ဒါကြောင့် သူက ညီလာခံမှာ အရမ်း အနှိမ်ခံရတယ်]

[တကယ်လို့ သူနဲ့ လီချန်က နင်နဲ့ ငါ့ရှေ့မှာ နာမည် စာရင်းသွင်းမထားရင်၊ အရှင်မင်းကြီးနဲ့ မှူးမတ်တွေက သူတို့ကို သတိထားမိပြီး ကယ်တင်ဖို့ နန်းစောင့်တပ် လွှတ်ပေးခဲ့တာ မဟုတ်ရင်၊ သူတို့ကို ထိလို့ မရဘူး ဆိုတာ လူတိုင်း သိနေတာ မဟုတ်ရင် နောက်ပိုင်း နေ့ရက်တွေ ဘယ်လို ဖြစ်လာမလဲ မသိနိုင်ဘူး]

[ဒါကြောင့် တကယ် ပြောရရင် သူတို့ သားအဖ ဒီနှစ်တွေမှာ ညီလာခံက လူမှုဆက်ဆံရေးတွေကို ဂရုမစိုက်ဘဲ စိတ်အေးလက်အေး တာတမံ ဆောက်လုပ်ပြီး နိုင်ငံရေး စွမ်းဆောင်ရည် စုဆောင်းပြီး မြို့တော် အရာရှိ အဖြစ် ရာထူးတိုးလာနိုင်တာက နင်နဲ့ ငါ့ရဲ့ ကုသိုလ်ပါတယ်၊ ငါတို့နှစ်ယောက်က တစ်သားတည်းမို့ သူ ကျေးဇူးဆပ်မဲ့သူ မှားမရှာခဲ့ပါဘူး]

လီဟယ်သည် စကားပြော မတတ်သဖြင့် သူ၏ ဆိုလိုရင်းကို ပြည့်စုံအောင် ပြောပြရန် ခက်ခဲနေချိန်တွင် system က သူ၏ တွေးခေါ်မှုများကို အကုန် ထုတ်ပြောလိုက်သဖြင့် ဝမ်းသာလွန်း၍ မျက်နှာ ရဲသွားလေသည်။ "ထုံအာ ပြောတာက ကျွန်တော်မျိုး ရင်ထဲက ရှိတာတွေပါပဲ၊ မင်းသမီး တကယ်ပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စရာ မလိုပါဘူး"

ချူဟွား: "..."

လီချန်ကလည်း ပြောလာသည်။ "ကျွန်တော်မျိုးနဲ့ အဖေက အစကတည်းက သာ့ရှန်းရဲ့ အရာရှိတွေပါ၊ ဆင်းရဲဒုက္ခခံ စာသင်ခဲ့တာက ညီလာခံကို အကျိုးပြုဖို့ပါပဲ၊ ညီလာခံနဲ့ ပြည်သူတွေအတွက် အစွမ်းကုန် ကြိုးစားတာက ကျွန်တော်မျိုးနဲ့ အဖေ့ရဲ့ မူလ ရည်ရွယ်ချက်ပါ၊ နည်းနည်း ပင်ပန်းတာကလွဲရင် မင်းသမီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး"

ချူဟွားက နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် သူတို့သားအဖကို မြို့တော်သို့ ပြန်ခေါ်ရန် နည်းလမ်းရှာပြီး တခြားသူများကို လွှဲပြောင်းပေးကာ သာ့ရှန်းအတွက် တာတမံ ဆောက်လုပ်ရေး ပညာရှင်များ မွေးထုတ်ပေးရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ ရင်းနှီးပွင့်လင်းစွာ ပြောဆိုပြီးနောက်တွင်တော့ မလောတော့ပေ။

လီဟယ်နှင့် လီချန် သားအဖကို ပြန်လွှတ်ပြီးနောက် ချူဟွားသည် အခြား ကိစ္စရပ်များတွင် အာရုံစိုက်လိုက်သည်။

နွေရာသီတွင် ရေဘေး၊ ဆောင်းရာသီတွင် ဆီးနှင်းဘေး၊ ထို့အပြင် ငလျင်၊ တိုင်ဖွန်းမုန်တိုင်းများ ရှိသဖြင့် သာ့ရှန်းသည် ဘေးအန္တရာယ် များပြားပြီး လုပ်စရာ ကိစ္စများလည်း များပြားလှလေသည်။

ချူဟွားသည် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ရှိနေသော ပထမနှစ်တွင် သာ့ရှန်း တစ်နိုင်ငံလုံး၌ ဘိလပ်မြေလမ်းများ ခင်းကျင်းခဲ့လေ၏။

ချူဟွား ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ရှိနေသော ဒုတိယနှင့် တတိယနှစ်တွင် သာ့ရှန်း၏ ပထမဆုံးသော သံကူကွန်ကရစ် တာတမံကို တည်ဆောက် ပြီးစီးခဲ့ပြီး ထိုနှစ်၏ အကြီးမားဆုံးသော ရေဘေးကို တားဆီးနိုင်ခဲ့ကာ တာတမံ ရှိသော ဒေသတွင် ထိခိုက်သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ပေ။ အခြား ဒေသများတွင်မူ ထိခိုက်သေဆုံးမှု များပြားခဲ့သဖြင့် နှိုင်းယှဉ်ချက်မှာ အလွန် သိသာထင်ရှားလှသည်။

သတင်း ပြန့်နှံ့သွားသောအခါ တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

မရေမတွက်နိုင်သော ပြည်သူများသည် ဝမ်းသာလွန်း၍ မျက်ရည်ကျကြပြီး သူတို့ ကယ်တင်ခံရပြီဟု အော်ဟစ်ကြကာ ကျောက်မင်မင်းသမီး၊ ညီလာခံနှင့် လီဟယ် လီချန် သားအဖကို ကျေးဇူးတင်စကား ပြောကြားကြပြီး ဒေသ အသီးသီးမှ သံကူကွန်ကရစ် တာတမံ ဆောက်လုပ်ပေးရန် အသနားခံစာများ တင်ပြကြလေသည်။

ပေတိသည် မြင့်မားသော လတ္တီကျုတွင် ရှိပြီး နိုင်ငံအတွင်း မြစ်ကြီးများ ဖြတ်သန်းစီးဆင်းခြင်း မရှိသဖြင့် ရေဘေး မရှိသော်လည်း ရှီးရုံ၏ တောင်ဘက်ပိုင်းနှင့် အလယ်မြောက်ပိုင်းသည် ရေဘေးဒဏ် ခံရလေ့ ရှိလေ၏။ ယခု အကြီးမားဆုံး ရေဘေးသည် ရှီးရုံ နိုင်ငံ၏ တစ်ဝက်နီးပါးကို လွှမ်းမိုးသွားသဖြင့် သံကူကွန်ကရစ် တာတမံကို အလွန် မက်မောနေကြသည်။

ထို့ကြောင့် ရှီးရုံနှင့် သာ့ရှန်းသည် နှစ်တစ်ရာအတွင်း ကြုံတောင့်ကြုံခဲ စစ်ရပ်နားခြင်း ကာလကို ကြိုဆိုလိုက်ကြ၏။

တိုင်းပြည်နှစ်ခုမှ ပြည်သူများသည် အဆုံးမရှိသော စစ်ပွဲများကို ငြီးငွေ့နေကြပြီ ဖြစ်သဖြင့် စစ်ရပ်နားပြီး ဆွေးနွေးပွဲ ပြုလုပ်မည်ဟု ကြားလိုက်သည်နှင့် နှစ်သစ်ကူးသကဲ့သို့ ပျော်ရွှင်နေကြလေသည်။

ရှီးရုံက ကျောက်မင်မင်းသမီး တင်ပြသော သံကူကွန်ကရစ် တာတမံကို လိုချင်သောကြောင့် ဖြစ်ကြောင်း သိလိုက်ရသောအခါ ပြည်သူများက ချူဟွားအပေါ် ကျေးဇူးတင်ရှိမှုကို ဖော်ပြရန် စကားလုံး မရှိတော့ဘဲ "ချူဟွား အတ္ထုပ္ပတ္တိ" ရောင်းအား အလွန် မြင့်တက်သွားသည်ကို ကြုံတွေ့လိုက်ရသည်။

ထိုအကြောင်း သိလိုက်ရသော ချူဟွား: "..."

မြစ်ကြီး နှစ်စင်းသည် ရှီးရုံ၏ တောင်ဘက်နှင့် မြောက်ဘက်ကို ဖြတ်သန်းပြီး သာ့ရှန်း နယ်မြေထဲသို့ ဝင်ရောက်ကာ နောက်ဆုံးတွင် ပင်လယ်ထဲသို့ စီးဝင်လေသည်။

အောက်ပိုင်းတွင် ဘယ်လောက်ပဲ ကောင်းအောင် ဆောက်လုပ်ထားပါစေ၊ အထက်ပိုင်းတွင် ကျိုးပေါက်သွားလျှင် အောက်ပိုင်းလည်း ထိခိုက်မှု ရှိနိုင်သဖြင့် သံကူကွန်ကရစ် တာတမံကို ပေးလိုက်ရဖွယ် ရှိသော်လည်း ရှီးရုံ၏ လုပ်ရပ်နှင့် စရိုက်လက္ခဏာများမှာ ရွံရှာဖွယ် ကောင်းပြီး ယုံကြည်မှု မရှိသဖြင့် တွန့်ဆုတ်နေရသည်။

သာ့ရှန်း ညီလာခံနှင့် ပြည်သူများကြားတွင် ဆန့်ကျင်သော အသံများ ကျယ်လောင်နေပြီး သံကူကွန်ကရစ် တာတမံ ပေးလိုက်လျှင်လည်း ရှီးရုံက စစ်ရပ်နားမည် မဟုတ်ဘဲ ပစ္စည်းရသည်နှင့် ဆက်လက် တိုက်ခိုက်လိမ့်မည်ဟု ယူဆကြသည်။

သို့သော် သံသယ ရှိနေသော်လည်း လူတိုင်း စစ်တိုက်ရတာ ငြီးငွေ့နေကြပြီး ငြိမ်းချမ်းရေးက အဓိက ဖြစ်နေသဖြင့် နှစ်ဖက်စလုံး အချိန်ဆွဲနေကြလေသည်။

ချူဟွားက လုံးဝ ဝင်မပါဘဲ အလုပ်သမားဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီးနောက် ဒေသအချို့တွင် သံကူကွန်ကရစ် အိမ်များ ဆောက်လုပ်ရန် လူအင်အား စုစည်းကာ အလုပ်ရှုပ်နေသဖြင့် ရှီးရုံ သံတမန်များက သူမကို တွေ့ချင်သော်လည်း မတွေ့နိုင်ကြပေ။

ရှီးရုံနှင့် သာ့ရှန်းသည် လဝက်ခန့် ငြင်းခုန်နေခဲ့ကြပြီး အလျှော့မပေးကြချေ။ သာ့ရှန်းက မလောသော်လည်း ရှီးရုံ ပြည်တွင်းမှ ပြည်သူများက လောနေကြသည်။

ထပ်ပြီး အချိန်ဆွဲနေရင် ဒီနှစ် ရေဘေးက ရောက်လာတော့မှာ။

များမကြာမီ ရှီးရုံဘုရင် ဝမ်ယန်ဟုန် နတ်ရွာစံသွားကြောင်း သတင်း ရရှိလိုက်သဖြင့် အခြေအနေ ပြောင်းလဲသွားခဲ့သည်။

System ပြောလိုက်သည်နှင့် ညီလာခံ တစ်ခုလုံး အံ့အားသင့်သွားကြသည်။

ချူဟွား တစ်ချက် ကြောင်သွားပြီး အလျင်အမြန် မေးလိုက်၏။ [ဘယ်လို သေသွားတာလဲ]

System: [ဝမ်ယန်ဟုန်က ရှီကျန့်ကျောင်းနဲ့ အတူနေပြီးတဲ့နောက် အားကုန်နေတုန်း ရှီကျန့်ကျောင်းက သူ့ကို သတ်လိုက်တာ]

ချူဟွား: [အကြောင်းအရာက တိုလွန်းတယ်]

အရှင်မင်းကြီးနှင့် မှူးမတ်များ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ် ဟုတ်တယ်

System က ဇာတ်လမ်းရှည် ဗားရှင်းကို ပြောပြလိုက်လေသည်။ [ဝမ်ယန်ဟုန်က ထီးနန်းရဖို့ အစ်ကိုတွေကို သတ်၊ ညီတွေကို သတ်ခဲ့ပြီး အဖေတူ အမေတူ ညီ ဝမ်ယန်ယွီ တစ်ယောက်ပဲ ကျန်ခဲ့တာ၊ ဝမ်ယန်ဟုန်က သံသယ စိတ်များပြီး သူ့ညီအရင်းကိုတောင် စိတ်မချဘဲ နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တယ်၊ အသုံးမချဘဲ ဆေးခပ်ခဲ့တယ်]

[ဝမ်ယန်ဟုန်က စစ်လိုလားသူ ဖြစ်ပြီး ဘာကိစ္စ ရှိရှိ စစ်တိုက်ဖို့၊ သာ့ရှန်းကို သိမ်းပိုက်ဖို့ပဲ တွေးနေတာ... ဒီအတွေးက ဘယ်လို ပြောရမလဲ... ငယ်ရွယ်စဉ်တုန်းက အရာရှိ အများကြီး ထောက်ခံခဲ့ပေမဲ့ ၁၀ နှစ်၊ နှစ် ၂၀၊ ၃၀ ကြာလာတော့ လူတော်တော်များများရဲ့ အတွေးတွေ ပြောင်းလဲသွားကြတယ်]

[စစ်တိုက်တာ ပိုက်ဆံ ကုန်လွန်းတယ်၊ ပြီးတော့ ရှီးရုံရဲ့ စရိုက်က ကြမ်းတမ်းပြီး စစ်တိုက်ရင် အသက်နဲ့ ရင်းရတာ များတယ်၊ ငွေကုန် လူပန်း ဖြစ်ရတယ်၊ ရှီးရုံ ပြည်တွင်းမှာ မကျေနပ်တဲ့ အသံတွေ ထွက်နေပြီ၊ ဝမ်ယန်ဟုန်ရဲ့ ရက်စက်မှုကြောင့် မပြောရဲကြတာ]

[နှစ်တွေ အကြာကြီး ကြာလာတော့ ဝမ်ယန်ယွီက ရောဂါသည် လူရှုပ် ပုံစံမျိုး ဟန်ဆောင်နေတာကြောင့် ဝမ်ယန်ဟုန်က စောင့်ကြည့်တာ လျှော့ချလိုက်တယ်၊ ဒါကြောင့် ဝမ်ယန်ယွီက ရှီကျန့်ကျောင်းနဲ့ ပူးပေါင်းဖို့ အခွင့်အရေး ရသွားတာ၊ ဝမ်ယန်ယွီက သူ ထီးနန်းရရင် ရှီကျန့်ကျောင်းကို မိဖုရားခေါင်ကြီး နေရာ ဆက်ပေးထားမယ်၊ ဘာလုပ်လုပ် ဝင်မစွက်ဖက်ဘူးလို့ ကတိပေးခဲ့တယ်]

ချူဟွား: "..."

ထိုအခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ အစ်မကြီးက တကယ် လန်းတာပဲ။

အရှင်မင်းကြီးနှင့် မှူးမတ်အရာရှိများသည် ဝမ်ယန်ဟုန် မည်သို့ သေဆုံးသည်ကို စိတ်မဝင်စားကြဘဲ ဝမ်ယန်ယွီ နန်းတက်ပြီးနောက် မည်သို့ ဖြစ်လာမည်ကိုသာ သိချင်ကြသည်။ ဘုရင် အပြောင်းအလဲက တိုင်းပြည်နှစ်ခု ဆက်ဆံရေးကို သက်ရောက်မှု ရှိနိုင်သည် မဟုတ်ပါလား။

ချူဟွားလည်း ဒီကိစ္စကို စိတ်ဝင်စားသဖြင့် အမြန် မေးလိုက်၏။ [ဝမ်ယန်ယွီက ဘယ်လိုလူလဲ]

System: [ဉာဏ်ကောင်းတယ်၊ သည်းခံနိုင်စွမ်း ရှိတယ်၊ ဒါပေမဲ့ ဝမ်ယန်ဟုန်ရဲ့ ဆေးဒဏ်ကြောင့် ခန္ဓာကိုယ်က ကောင်းကောင်း ကုသရင်တောင် အကြာကြီး အသက်မရှင်နိုင်ဘူး]

[ခန္ဓာကိုယ် အခြေအနေကြောင့်ပဲ ဖြစ်ဖြစ်၊ စိတ်နေသဘောထားကြောင့်ပဲ ဖြစ်ဖြစ် ဝမ်ယန်ယွီက ငြိမ်းချမ်းရေး လိုလားသူပဲ]

[ရှီးရုံ ပြည်တွင်းမှာ ငြိမ်းချမ်းရေး လိုလားတဲ့ အသံတွေ ကျယ်လောင်နေတယ်၊ ဝမ်ယန်ယွီ ဒီတစ်ခါ ရှီကျန့်ကျောင်းနဲ့ ပူးပေါင်းပြီး ဝမ်ယန်ဟုန်ကို လုပ်ကြံနိုင်ခဲ့တာက အရာရှိ အများကြီး ဝမ်ယန်ဟုန်ကို သည်းမခံနိုင်တော့တဲ့ ရလဒ်ကြောင့်ပဲ၊ ဒါကြောင့်...]

ချူဟွား မျက်လုံးများ တောက်ပလာသည်။ "ဝမ်ယန်ယွီ နန်းတက်ပြီးရင် တိုင်းပြည်နှစ်ခုကြား ဆယ်စုနှစ်ချီတဲ့ ငြိမ်းချမ်းရေး ကာလ ရောက်လာနိုင်တယ်"

မှူးမတ်အရာရှိများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ "ကောင်းလိုက်တာ"

အဖြစ်အပျက်များက သူတို့ ခန့်မှန်းထားသည့်အတိုင်းပင် ဝမ်ယန်ယွီ နန်းတက်ပြီးနောက် အလျင်အမြန်ပင် သံတမန် စာလွှာ ပို့လာသည်။

ရှီးရုံက သာ့ရှန်း၏ သံကူကွန်ကရစ် တာတမံကို လိုချင်ပြီး သာ့ရှန်းက ရှီးရုံမြင်းနှင့် ပေတိမြင်းကို လိုချင်သည်။ နှစ်ဖက်စလုံး လဝက်ခန့် ငြင်းခုန်ပြီးနောက် နောက်ဆုံးတွင် နှစ် ၃၀ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ပေါ်တွင် နှစ်အနည်းငယ် ရေးထားသော်လည်း တကယ်တမ်း သိပ်ပြီး စည်းနှောင်မှု မရှိပေ။ ရှီးရုံ၏ မျက်နှာပြောင်မှုကို လူတိုင်း သိကြသည် မဟုတ်ပါလား။

သို့သော် သာ့ရှန်းက ပေတိမြင်း လိုချင်သော်လည်း ပေတိက သာ့ရှန်းကို မြင်းမရောင်းပေ။ ဆိုလိုသည်မှာ ရှီးရုံနှင့် သာ့ရှန်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

ပေတိ သတင်းမကြားခင် အချိန်ကို အခွင့်ကောင်းယူပြီး ရှီးရုံက ပေတိဆီမှ မြင်း တစ်သောင်း ဝယ်ယူကာ နယ်စပ်တွင် စစ်ရေးပြမည်ဟု အကြောင်းပြချက် ပေးခဲ့သည်။ ရလဒ်ကတော့ လက်လွှဲလိုက်သည်နှင့် သာ့ရှန်းကို ပေးလိုက်ခြင်း ဖြစ်ပြီး မင်းသားကြီးက လူအုပ်စုကို ဦးဆောင်ပြီး ပေတိမြင်းများကို စီးကာ မောက်မာစွာ ဖြတ်သန်းသွားပြီး ပေတိဆီမှ နောက်ထပ် မြင်း သုံးထောင်ကို ထပ်မံ လုယူသွားခဲ့သည်။

ပေတိ: ???

ပေတိ:

သောက်ကျိုးနည်း။ ရှီးရုံ။ တကယ့် လူယုတ်မာပဲ။

...

All Chapters