← Chapters

အခန်း ၁၁၆

Vol. 8 Ch. 116

အခန်း ၁၁၆

Vol. 8 Ch. 116

အပိုင်း (၁၁၆)

စိတ်လှုပ်ရှားနေသည့် အခြေအနေတွင် ထိုလူများသည် မိမိအသက်ကို ဂရုမစိုက်ကြဟု ချူဟွား ထင်ခဲ့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ပုရွက်ဆိတ်သည်ပင် အသက်ရှင်လိုစိတ် ရှိသည် မဟုတ်ပါလား။ ရှင်သန်နိုင်လျှင် မည်သူက သေချင်မည်နည်း။

သာမန် စားပွဲထိုးလေး တစ်ဦးကို ဥပမာထားကြည့်လျှင် လစာ တစ်ကျပ်ရပါက ငွေတစ်ရာ ပြည့်ရန် ၈ နှစ်နှင့် ၄ လ ကြာလိမ့်မည်။

အန်းဝမ် အိမ်တော်မှ အစေခံများ လစာ မည်မျှရသည်ကို သူမ မသိသော်လည်း အန်းဝမ်၏ ကြွယ်ဝမှုကို ကြည့်လျှင် တစ်ကျပ်ထက် ပိုရမည်မှာ သေချာသည်။ ထို့ကြောင့် ၇၊ ၈ နှစ်ခန့်ဟု ယူဆရမည်။

သို့သော် ၇၊ ၈ နှစ်စာ လစာဖြင့် အသက်တစ်ချောင်းကို အပြီးအပိုင် ဝယ်ယူခြင်းသည် အမှန်တကယ် လမ်းဆုံးရောက်နေ၍သာ။ မဟုတ်လျှင် ထိုလူများ ထိုကဲ့သို့ ရွေးချယ်စရာ အကြောင်း မရှိပေ။

ဒါသည် ချူဟွား၏ ခန့်မှန်းချက်သာ ဖြစ်ပြီး သူမ ထပ်မံ အတည်ပြုလိုသည်။ [ထုံအာ၊ အဲဒီလူတွေရဲ့ အိမ်က အခြေအနေ ဘယ်လောက်တောင် ဆိုးနေလို့လဲ]

System: [ခဏစောင့်]

အန်းဝမ်၏ ဖရဲသီးထဲတွင် သေဆုံးသွားသော အစေခံများကို "အစေခံ" ဟုသာ သုံးနှုန်းထားပြီး နာမည်ပင် မပါရှိပေ။ သူတို့၏ မိသားစု အခြေအနေကို သိလိုပါက system အနေဖြင့် အခြား အချက်အလက်များကို အသုံးပြုပြီး ထပ်မံ ရှာဖွေရမည် ဖြစ်သဖြင့် အချိန် အနည်းငယ် ပိုကြာလိမ့်မည်။

ထို စက္ကန့်ပိုင်းလေးအတွင်း ရှန်လုသည် ချူဟွားကို ကြည့်နေပြီး သူ့အကြည့်များသည် "ဒါကို သိပြီး ဘာလုပ်မလို့လဲ" ဟူသော သံသယမှ "သူမ လုပ်ချင်တာက..." ဟူသော အသိသို့ ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သော တစ်နှစ်အတွင်း သူနှင့် ချူဟွား ထိတွေ့ဆက်ဆံမှုသည် ညစဉ် စာသင်ချိန် ၂ နာရီခန့်သာ ရှိခဲ့ပြီး စာပေပို့ချခြင်း၊ သံသယ ဖြေရှင်းခြင်းမှလွဲ၍ အခြား စကားပြောဆိုခြင်း မရှိသလောက် ဖြစ်ခဲ့သော်လည်း ညီလာခံမှ မျှဝေသော အစီရင်ခံစာများမှတစ်ဆင့် ချူဟွားသည် မည်သို့သော လူမျိုးဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။

သူမ၏ ဗဟုသုတနှင့် အတွေးအခေါ်များသည် လက်ရှိလူအများစုနှင့် ကွဲပြားပြီး တစ်ခါတစ်ရံ ထုံးတမ်းစဉ်လာများကို ဆန့်ကျင်သည့် အတွေးများပင် ရှိတတ်သည်။ ဥပမာ - ယောက်ျား မယူချင်ခြင်း၊ ကလေး မမွေးချင်ခြင်း။

သူမ၏ အတွေးအခေါ်သည် အလွန် လျင်မြန်ပြီး အံ့ဩစရာ ကောင်းသော်လည်း လက်တွေ့ကျသော နည်းလမ်းများကို မကြာခဏ စဉ်းစားမိတတ်သည်။ ဥပမာ - ယွီကျားယန် ကိစ္စတွင် သူမ ပြောခဲ့သလိုပင်။ ကွာရှင်း၍ မရလျှင် ယောက်ျားကို စွန့်ပစ်လိုက်မည်။ စွန့်ပစ်၍ မရလျှင် မုဆိုးမ လုပ်လိုက်မည်။

သည်ခေတ်ကာလတွင် အမျိုးသမီးများ၏ ဘဝ ခက်ခဲကြမ်းတမ်းပုံကို သူမက သိသဖြင့် အခြား အမျိုးသမီးများကို ကူညီရန် လက်ကမ်းပေးတတ်သည်။ နျဲ့ရွှေ၊ နန်ကုန်းလင် အစရှိသူများသည် သူမကြောင့် အကျိုးကျေးဇူး ရရှိခဲ့ကြသော်လည်း သူမသည် အဆုံးမရှိ ကူညီနေသူမျိုး မဟုတ်ပေ။

သူမ၏ ပေးဆပ်မှုနှင့် ရရှိမှု မညီမျှခြင်းကြောင့် ညီလာခံအပေါ် အငြိုးအတေး မထားခဲ့ပေ။ သာ့ရှန်း အနေဖြင့် systemကို ပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် သည်လို ထူးခြားဆန်းပြားသော အရာကိုပင် အပ်နှံခဲ့သည်။

...

System အပ်နှံခြင်းနှင့် ပတ်သက်ပြီး ရှန်လုတစ်ယောက် တိတ်တိတ်လေး ခန့်မှန်းခဲ့ဖူးသည်။

ညီလာခံသည် ကိစ္စရပ်များစွာကို ဖုံးကွယ်ထားသလိုလိုနှင့် လုံးဝ ဖုံးကွယ်ထားခြင်း မရှိသဖြင့် လက်ရှိ အခြေအနေကို မကြာမီ ကျေနပ်တော့မည် မဟုတ်သလို ချူဟွားက သဲလွန်စများကို တွေ့ရှိသွားနိုင်သဖြင့် အမှန်အတိုင်း ဖွင့်ပြောရမည့် အချိန် ရောက်လာမှာ သေချာသည်။

သို့သော် ချူဟွားက ဦးအောင် ဖွင့်ပြောလိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင် အချိန်ကိုက် လုပ်ဆောင်လိုက်ခြင်းကြောင့် "ချူဟွား စောစောကတည်းက သိနေတာလား" ဟူသော ခံစားချက်မျိုး သူ့တွင် ဖြစ်ပေါ်နေသည်။

သူ သည်လို ခန့်မှန်းမိသကဲ့သို့ ညီလာခံဘက်ကလည်း လျော့မည် မဟုတ်ကြောင်း ရှန်လုက သိနေသည်။ သို့သော် နှစ်ဖက်စလုံးသည် လက်ရှိ အခြေအနေကို ကျေနပ်နေကြပြီး ပါးလွှာသော စက္ကူတစ်ရွက်ကို မဖောက်ထွင်းကြခြင်းသာ ဖြစ်သည်။

ထို့အပြင် systemအပြင် ချူဟွားလက်ထဲတွင် ညီလာခံ လိုချင်သော အရာများစွာ ရှိနေသေးသည်။ ဒီတစ်ခါတော့ သူမ ထုတ်ပေးရတော့မည် ထင်သည်။

ဤကဲ့သို့ ကြင်နာတတ်သော စိတ်နှလုံးနှင့် အားနည်းချက်များကို ထုတ်ပြလိုက်ခြင်းသည် အခြားသူများ၏ ချုပ်ကိုင်မှုကို ခံရလွယ်ပြီး လက်ထဲမှ ပစ္စည်းကောင်းများကို အတင်းအကျပ် ထုတ်ပေးခိုင်းခြင်း ခံရနိုင်သည်။

ညီလာခံ အနေဖြင့် လောဘမကြီးဘဲ အလုပ်ပြီးလျှင် မြည်းကိုသတ်သည့် အဖြစ်မျိုး မလုပ်ရန် မျှော်လင့်နေမိသည်။

ရှန်လု အတွေးများနေစဉ် လက်တွေ့တွင် စက္ကန့်ပိုင်းသာ ကြာမြင့်ပြီး system ပြန်ရောက်လာသည်။

[ထျယ်ထိုက အိမ်မှာ အကြီးဆုံး၊ အောက်မှာ မောင်နှမ ၇ ယောက် ရှိတယ်၊ အငယ်ဆုံးလေးက မွေးတာ လပိုင်းပဲ ရှိသေးတယ်၊ အမေက နို့မထွက်တော့ဘူး၊ နွားနို့ ဆိတ်နို့ ဝယ်တိုက်ဖို့လည်း ပိုက်ဆံ မရှိဘူး၊ ဆန်ပြုတ်ရည် ကျဲကျဲလေးပဲ တိုက်နေရတာ]

[ဘေးလူတွေ အမြင်မှာတော့ ကျိုးပြည်နယ်က တောင်ပိုင်းမှာ အချမ်းသာဆုံး ဒေသ၊ လူတိုင်း ပိုးထည်တွေ ဝတ်ပြီး နေ့တိုင်း ငါးဟင်း၊ အသားဟင်း စားနေကြတယ် ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဆင်းရဲချမ်းသာ ကွာဟချက် အရမ်း ကြီးတယ်၊ ချမ်းသာတဲ့သူတွေက ပုလဲနဲ့ ရေဝဲဂုံးဆင်း လုပ်တမ်း ကစားနေချိန်မှာ ဆင်းရဲတဲ့သူတွေက ထမင်းတစ်နပ်တောင် မစားနိုင်ကြဘူး]

[လက်ရှိ အရှင်မင်းကြီးက စိတ်သဘောထား သေးသိမ်ပြီး ရန်ငြိုးထားတတ်တာ နာမည်ကြီးပေမဲ့ တချို့နေရာတွေမှာ သဘောထားကြီးတယ်၊ စိတ်ဆိုးလို့ ဆိုပြီး နန်းတွင်းအပျိုတော်တွေ၊ မိန်းမစိုးတွေကို ရိုက်သတ်တာမျိုး မရှိဖူးဘူး၊ ဒါပေမဲ့ အန်းဝမ် အိမ်တော်မှာတော့ အဲဒီလို ကိစ္စတွေက ရိုးနေပြီ၊ တကယ် လမ်းဆုံးရောက်နေလို့၊ ဒါမှမဟုတ် အလိမ်ခံရလို့ မဟုတ်ရင် အန်းဝမ် အိမ်တော်မှာ အလုပ်ဝင်လုပ်မဲ့သူ ရှားတယ်]

အရှင်မင်းကြီး စိတ်သဘောထား သေးသိမ်ပြီး ရန်ငြိုးထားတတ်သော်လည်း သဘောထားကြီးကြောင်း ချူဟွား ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။

သူမ systemနှင့် အရှင်မင်းကြီး၏ ဖရဲသီးအဖျင်းများ၊ မကောင်းသတင်းများ အများကြီး ပြောခဲ့ဖူးပြီး မှူးမတ်များရှေ့တွင် အရှင်မင်းကြီး မျက်နှာပျက်အောင် လုပ်ခဲ့ဖူးသော်လည်း အရှင်မင်းကြီးက တကယ်တမ်း အရေးယူခြင်း မရှိခဲ့ပေ။

နိုင်ငံနှင့် ပြည်သူအတွက် အရှင်မင်းကြီးသည် ထိုမပြောပလောက်သော စော်ကားမှုများကို သည်းခံခဲ့ပြီး သူမ၏ စွမ်းရည်နှင့် system၏ အကူအညီကြောင့် သူမက အမျိုးသမီး တစ်ဦးအနေဖြင့် ညီလာခံသို့ ဝင်ရောက်နိုင်ရန် လမ်းခင်းပေးနေသည်။

နိုင်ငံတစ်နိုင်ငံ၏ အရှင်သခင် တစ်ပါးအနေဖြင့် စရိုက်တွင် ချို့ယွင်းချက် အနည်းငယ် ရှိကောင်း ရှိနိုင်သည်။ လူဟူသည် အရာရာ ပြည့်စုံသူ မရှိ၊ အမှားမလုပ်ဖူးသူ မရှိပေ။ သို့သော် အရေးကြီးသော ကိစ္စရပ်များတွင် လမ်းလွဲလို့ မဖြစ်ပေ။

System: [ထျယ်ထိုက အန်းဝမ် အိမ်တော်ကို မသွားခင်ကတည်းက သူ သေနိုင်တယ် ဆိုတာ သိထားပြီးသား၊ သူ့အိမ်က စားစရာ မရှိတော့လို့သာ၊ ပိုက်ဆံရမဲ့ နည်းလမ်း မရှာရင် အိမ်က လူ ၁၀ ယောက်ကျော် ငတ်သေကုန်ကြမှာလေ]

[အန်းဝမ် မကောင်းကြောင်း နာမည်ကြီးတာ သူ ကြားဖူးတယ်၊ ဒါပေမဲ့ အန်းဝမ် အိမ်တော်မှာ သေတဲ့ အစေခံတွေ ရွှေတစ်ဆယ်သား ရတာ သေချာတယ် ဆိုတာ သူ သိထားတယ်၊ ဘာလို့လဲဆိုတော့ ထျယ်ထိုရဲ့ အိမ်နီးချင်း တစ်ယောက်က အန်းဝမ် အိမ်တော်မှာ အစေခံ သွားလုပ်ပြီး ရွှေတစ်ဆယ်သား ရလာတုန်းက အိမ်နီးချင်းတွေ အကုန်လုံး သူတို့အိမ်က ပျော်ရွှင်အော်ဟစ်သံကို ကြားခဲ့ရတာကိုး]

ချူဟွားက နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။ ဆင်းရဲသော ခေတ်ကာလတွင် ဆင်းရဲသော မိသားစုများသည် သားသမီးများကို ရောင်းစားတတ်ကြသည်ကို သူမ သိသည်။ သူမ၏ အစေခံမလေး ဟုန်မေသည်လည်း အိမ်က ဆင်းရဲလွန်းသဖြင့် မိသားစု၏ ရောင်းစားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

သူမ အနေဖြင့် မိသားစုက ရောင်းစားတာခံရသော ကလေးတိုင်းကို မကယ်တင်နိုင်ပေ။ ပြည်သူများသည် မိသားစု ဆက်လက် ရပ်တည်နိုင်ရေးအတွက် မတတ်သာဘဲ ထိုသို့ ဆုံးဖြတ်ရခြင်းမျိုးသာ ဖြစ်ပါစေဟု မျှော်လင့်မိသည်။ သားသမီး သေဆုံးခြင်းအတွက် ရွှေတစ်ဆယ်သား ရသောကြောင့် ပျော်ရွှင်အော်ဟစ်ခြင်းမျိုး မဟုတ်ပါစေနှင့်ဟု ဆုတောင်းမိသည်။

ထိုသို့သော အဖြစ်အပျက်မျိုးက ငွေကြေးရှေ့တွင် တချို့လူများ၏ သံယောဇဉ်သည် တန်ဖိုး မရှိကြောင်း သူမကို ခံစားရစေသည်။

Systemသည် အိမ်နီးချင်းအကြောင်း ရွေးချယ် ပြောပြနိုင်သော်လည်း မပြောခဲ့ပေ။ ချူဟွားနှင့် တစ်နှစ်ကျော် နေထိုင်ပြီးနောက် သူသည် လူ့စိတ် အနည်းငယ် ဝင်လာခဲ့သည်။

ချူဟွားကို လူ့သဘောသဘာဝ၏ အမှောင်ဘက်ခြမ်းများ အများကြီး မကြားစေချင်ဟု သူ့စိတ်ထဲတွင် ခံစားမိနေသည်။ နည်းနည်းပါးပါး ပြောပြလို့ ရသော်လည်း အသေးစိတ် ဖော်ပြပါက သခင်ဖြစ်သူ စိတ်ဆင်းရဲသွားမည်ကို စိုးရိမ်မိသည်။

System: [ထျယ်ထိုရဲ့ ဘိုးဘွားစဉ်ဆက်က ဆင်းရဲတဲ့ လယ်သမားတွေ၊ ရာသီဥတုကို မှီခိုပြီး အသက်ရှင်ရတာ၊ နင်လည်း သိတဲ့အတိုင်း ဒီခေတ်က စိုက်ပျိုးရေး ထွက်ကုန်တွေ အထွက်နှုန်း မကောင်းဘူး၊ ခေတ်သစ်လို မျိုးစေ့ ရွေးချယ် ပြုပြင်တာမျိုး မရှိဘူး၊ မျိုးစပ် စပါး မဟုတ်ဘူး၊ ဓာတ်မြေဩဇာ သုံးပြီး အထွက်တိုးအောင် လုပ်တာမျိုး မရှိဘူး၊ သနားစရာကောင်းလောက်အောင် နည်းနည်းလေးပဲ ထွက်တာ]

[အထွက်နှုန်းက နည်းပါတယ်ဆိုမှ ရလာတဲ့ စပါးထဲက တစ်စိတ်တစ်ပိုင်းကို အခွန်ဆောင်ရတယ်၊ တစ်စိတ်တစ်ပိုင်းကို မျိုးစေ့ချန်ရတယ်၊ ကျန်တာမှ စားရတာ၊ အန်းဝမ်က သူ့ရဲ့ စည်းစိမ်ယစ်တဲ့ ဘဝအတွက် ကျိုးပြည်နယ်ထဲမှာ အခွန်တွေ တိုးကောက်တယ်၊ လူခွန်၊ စပါးခွန် အကုန် ပေးရတယ်]

[ခေါင်းဆောင်လုပ်တဲ့သူက အဲဒီလို ဖြစ်နေတော့ အောက်ကလူတွေလည်း အတုခိုးကြတာပေါ့၊ အန်းဝမ်က အခွန် ဘယ်လောက် ကောက်မယ် ပြောရင် သူတို့က အဲဒီအပေါ်မှာ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ထပ်ပေါင်းကောက်ကြတယ်၊ ပိုတာတွေက သူတို့ အိတ်ကပ်ထဲ ရောက်သွားတာပေါ့၊ စဉ်းစားသာ ကြည့်တော့၊ အောက်ခြေ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်မလဲ ဆိုတာ၊ မျိုးစေ့တောင် တစ်ဝက်ကျော် အယူခံလိုက်ရတယ်]

[မျိုးစေ့ပါ ယူသွားရင် ပြည်သူတွေ နောက်နှစ် ဘာစိုက်ကြမလဲ။ စပါး နည်းနည်းလေးတောင် မချန်ပေးဘူး ဆိုတော့ သူတို့က ပြည်သူတွေကို အငတ်ထားပြီး သတ်ချင်တာလား] ချူဟွားသည် ကျိုးပြည်နယ်တွင် အန်းဝမ် ပေါက်ကရ လုပ်နေသည်ကို သိသော်လည်း သည်လိုလောက် ဆိုးရွားမည်ဟု မထင်ထားခဲ့ပေ။

အန်းဝမ်၏ လုပ်ရပ်နှင့် ယခင်မင်းဆက်က နောက်ဆုံး အရှင်မင်းကြီး၏ လုပ်ရပ် ဘာကွာခြားသနည်း။

တစ်ယောက်က နယ်တစ်နယ်ကို ဒုက္ခပေးသည်။ တစ်ယောက်က တိုင်းပြည် တစ်ပြည်လုံးကို ဒုက္ခပေးသည်။ နှစ်ယောက်စလုံး တိုင်းပြည်နှင့် လူမျိုးကို ဒုက္ခပေးသူများသာ ဖြစ်သည်။

အကယ်၍ အန်းဝမ်သာ ဆက်လက် လုပ်ဆောင်နေပါက ပြည်သူများ နေထိုင်လို့ မရတော့သဖြင့် ပုန်ကန်ကြတော့မည်။ သာ့ရှန်းသည် ယခင်မင်းဆက်ကို ဤနည်းဖြင့် ဖြုတ်ချပြီး တည်ထောင်ခဲ့ခြင်း မဟုတ်ပါလား။

ချူဟွားက စိတ်လှုပ်ရှားလာသည်နှင့် system တည်ငြိမ်သွားသည်။ [အထက်လူကြီးတွေက အောက်ခြေလူတန်းစားရဲ့ ခက်ခဲမှုကို နားလည်ပေးဖို့ ခက်ခဲတယ်၊ သူတို့ ရောက်နေတဲ့ အဆင့်အတန်းချင်းမှ မတူတာ၊ ဝန်ထမ်းတွေနဲ့ သူဌေးတွေ ထပ်တူ ခံစားလို့ မရသလိုမျိုးပေါ့]

ချူဟွားက နဖူးကို လက်ဖြင့် ထောက်ပြီး သက်ပြင်းချလိုက်၏။ [ငါ့အပြစ်ပါ၊ တစ်လ ဝင်ငွေ သိန်းချီရတဲ့ သူဌေးက တစ်လ သုံးထောင်ရတဲ့ ဝန်ထမ်း ဘယ်လို နေထိုင်လဲ ဆိုတာ သိဖို့ မမျှော်လင့်သင့်သလို ငယ်ငယ်ကတည်းက ပိုးထည်တွေ ဝတ်ပြီး ကောင်းကောင်း စားသောက်လာတဲ့ ဝမ်တစ်ပါးက ဆင်းရဲသားတွေ ငတ်ပြတ်နေတဲ့ ခံစားချက်ကို သိဖို့ မမျှော်လင့်သင့်ပါဘူး]

ထိုကဲ့သို့ လူမျိုးတွင် ပြည်သူကို သားသမီးသဖွယ် ချစ်ခင်သော စိတ်ထား ရှိမည်ဟု ပိုလို့ပင် မမျှော်လင့်သင့်ပေ။

ကံကောင်းသည်မှာ ယခင်မင်းကြီးသည် အချစ်ဦးကို မည်မျှ ချစ်သည် ဖြစ်စေ ထီးနန်းကို အန်းဝမ်အား လွှဲမပေးခဲ့ခြင်းပင်။ သို့မဟုတ်ပါက သာ့ရှန်းသည် ယခင်မင်းဆက်၏ လမ်းစဉ်အတိုင်း ဖြစ်သွားခဲ့ပြီးပြီဖြစ်သည်။

ယခင်မင်းဆက်က နောက်ဆုံးမင်းကြီးတွင် ဘဏ္ဍာတိုက်နှင့် ရှေ့မင်းကြီးများ စုဆောင်းထားသော ဓနအင်အား ရှိသေးသည်။ အန်းဝမ်သာ တက်လာပါက ဘဏ္ဍာတိုက်တွင် ပိုက်ဆံ တစ်ပြားမှ မရှိသဖြင့် သူသာ ဆက်လက် ပေါက်ကရ လုပ်ပါက အံ့ဖွယ်ခုံးခုံးသည် ဘဏ္ဍာတိုက်ကို မခိုးဘဲ အန်းဝမ်၏ ခေါင်းကို လာခိုးသွားပေလိမ့်မည်။

Systemက ဆက်ပြောသည်။ [ထျယ်ထိုက အသက်ရှင်ချင်တယ်၊ သူ အန်းဝမ် အိမ်တော်မှာ ရတဲ့ လစာနဲ့ သူ့မိသားစု ၁၀ ယောက်ကျော်ကို ရှာကျွေးနေရတယ်၊ သူက အန်းဝမ် အိမ်တော်မှာ နေ၊ အန်းဝမ် အိမ်တော်မှာ စားပြီး ပိုက်ဆံ တစ်ပြားမှ မချန်ဘူး၊ ဒါတောင် စားဝတ်နေရေး ကျပ်တည်းနေတုန်းပဲ]

[မိသားစုဝင်တွေ ဖွဲနုစား၊ ဟင်းရွက်ပြုတ်သောက်ပြီး ပိန်ချုံးနေတာကို ထျယ်ထို မကြည့်ရက်တော့ဘူး၊ သူလည်း ရေထဲမှာ အသက်အောင့်တာ စမ်းကြည့်တယ်၊ ဘယ်လိုမှ အကြာကြီး မအောင့်နိုင်ဘူး၊ ဒါကြောင့် ခေါင်းပေါ် သစ်သီးတင်တဲ့ နည်းလမ်းကို ရွေးချယ်လိုက်တာ၊ မြားထိရင် တစ်ကျပ် ရမယ်၊ ချွေတာသုံးရင် မိသားစု တစ်လလောက် စားလို့ရမယ်လေ]

[ထျယ်ထို ၂ ကြိမ် တင်ဖူးတယ်၊ လေးမြားကို မြင်ရင် ရှောင်မိမှာ စိုးလို့ မျက်လုံး မှိတ်ထားတယ်၊ အန်းဝမ် ပစ်လိုက်တော့ ထိသွားတယ်၊ ထျယ်ထို ငွေ ၂ ကျပ် ရလိုက်တယ်၊ ဒါပေမဲ့ ဒါက သူတို့ တကယ် မြင်ချင်တဲ့ အပျော်အပါး မဟုတ်ဘူး၊ ဒါကြောင့် ၃ ကြိမ်မြောက်မှာ မြားက ထျယ်ထို မျက်လုံးကို ထိပြီး ခေါင်းကို ဖောက်ထွက်သွားတယ်၊ နေရာတင် ပွဲချင်းပြီး သေသွားတာ]

ချူဟွား: !!!

ရှန်လု: !!!

ဒါက တမင်သက်သက် လူသတ်တာပဲ။

အန်းဝမ် အဖမ်းခံရပြီး ဒီလောက်ကြာမှ အမိန့်ချတာ မဆန်းပါဘူး။ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ရေးမကုန်နိုင်အောင် များပြားလွန်းလို့ကိုး။

ယခု ဝမ်းသာစရာ တစ်ခုကတော့ ကျိုးပြည်နယ်ကို ဒုက္ခပေးခဲ့သော အန်းဝမ်သည် တော်ဝင်မိသားစုရေးရာဌာနသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး သေဖို့ မဝေးတော့ပေ။

ချူဟွား: [အထွက်နှုန်း နည်းလို့၊ အခွန် မဆောင်နိုင်လို့၊ ဆက်မနေနိုင်တော့တဲ့ လူတွေ အများကြီး ရှိလား]

System: [နင် မေးတာ ကျိုးပြည်နယ် အတိုင်းအတာလား၊ သာ့ရှန်း အတိုင်းအတာလား၊ ဒါမှမဟုတ် ဒီကုန်းမြေတိုက်ကြီး တစ်ခုလုံးလား]

ချူဟွား၏ အသံ တိုးသွားသည်။ [သာ့ရှန်း]

System: [အများကြီးပဲ]

ချူဟွားသည် တိကျသော ကိန်းဂဏန်းကို မမေးတော့ဘဲ နေရာတွင် အကြာကြီး တိတ်ဆိတ်နေပြီးနောက် အကြိမ်ကြိမ် စဉ်းစားကာ ရှန်လုဘက် လှည့်ပြီး ပြောလိုက်သည်။ "ဆရာ၊ ကျွန်မ သင်ခန်းစာတွေကို ရက်နည်းနည်းလောက် ရပ်နားပြီး စမ်းသပ်ချက် တချို့ လုပ်ချင်လို့ပါ"

သူမ ရှန်လုထံ စာလာသင်ခြင်း၏ မူလ ရည်ရွယ်ချက်မှာ system၏ ရာသီဥတု ခန့်မှန်းနိုင်သော စွမ်းရည်ကို ဖုံးကွယ်ရန် ဖြစ်သည်။ Systemကို အပ်နှံပြီး ဖြစ်သော ယခုအချိန်တွင် စာမသင်လည်း ကိစ္စ မရှိပေ။ သို့သော် ဤကိစ္စကို နှစ်ယောက်စလုံး ထုတ်မပြောခဲ့ကြပေ။

ရှန်လုက ချူဟွား ဘာစမ်းသပ်ချက် လုပ်မလဲ၊ ဘယ်တော့ သင်ခန်းစာ ပြန်စမလဲဟု မမေးဘဲ မှာကြားလိုက်လေသည်။ "ဂရုစိုက်ပါ"

မကြာမီ ချူဟွားသည် လေးနက်သော မျက်နှာထားဖြင့် ချူအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။

ကျားယီနှင့် ချိုက်ကန်းတို့ အလွန် စိုးရိမ်နေကြပြီး ဘယ်ကစပြီး နှစ်သိမ့်ရမလဲ မသိဖြစ်နေကြသည်။ ဖေ့မင်ချန်ကို အကူအညီတောင်းရမလား စဉ်းစားနေစဉ် အခန်းထဲမှ အသံ ထွက်လာလေသည်။

ချူဟွား: [ထုံအာ၊ သာ့ရှန်းနဲ့ အိမ်နီးချင်း နိုင်ငံတွေက အထွက်နှုန်း ကောင်းတဲ့ သီးနှံတချို့ ရှာပေးပါ]

[ဒေသ မရွေးဘူး၊ မျိုးစိတ် မရွေးဘူး၊ စိုက်ပျိုးရေး သီးနှံမှ မဟုတ်ဘူး၊ စီးပွားရေး တွက်ခြေကိုက်မဲ့ သီးနှံတွေလည်း ရတယ်]

System: [အိုကေ!]

ကျားယီနှင့် ချိုက်ကန်း: ?

ဒီလောက် မြန်မြန် စိတ်ဓာတ်ပြန်တက်ပြီး အလုပ်စလုပ်ပြီလား။

ညီလာခံက ဒီဘက်ကို မစဉ်းစားခဲ့တာတော့ မဟုတ်ပေ။ ဒါပေမဲ့ ကန်စွန်းဥ တစ်လုံးတောင် သာ့ရှန်း တစ်နိုင်ငံလုံးကို မဖြန့်နိုင်သေးဘဲ အထွက်နှုန်းကောင်းတဲ့ နောက်ထပ် သီးနှံတစ်ခု ထပ်လာတော့ရော ဘာထူးမှာလဲ။

မရင်းနှီးသော သီးနှံများကို အတင်းအကျပ် စိုက်ခိုင်းခြင်းနှင့် ပြည်သူများက အထွက်နှုန်းကောင်းသော သီးနှံများကို မိမိသဘောဆန္ဒအလျောက် လိုလိုလားလား စိုက်ပျိုးခြင်းသည် ရလဒ်ချင်း လုံးဝ မတူညီပေ။

ထို့အပြင် ထိုသို့ လုပ်ဆောင်ခြင်းသည် မူလ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားနိုင်ပြီး အပေါ်ယံ ရွှေမှုန်ကြဲ အဖြစ်အပျက်များ ဖြစ်ပွားလာကာ နောက်ဆုံးတွင် ဒုက္ခရောက်မည့်သူမှာ ပြည်သူများသာ ဖြစ်သည်။

ချူဟွားသည် ယခင်ဘဝက တက္ကသိုလ်ကျောင်းသား တစ်ဦးက ကိုယ်ပိုင်ငွေ စိုက်ထုတ်ပြီး ရွာသားများကို ကန်စွန်းဥ မျိုးစိတ်သစ် ပေးဝေခဲ့သော်လည်း ရွာသားများက မစိုက်ပျိုးဘဲ ပုပ်သိုးသွားအောင် ပစ်ထားခဲ့သဖြင့် ကျောင်းသားလေး မျက်ရည်ကျခဲ့ရသည်ကို ကြားဖူးသည်။ ထို့ကြောင့် သူမ၏ မူလ အစီအစဉ်မှာ ဖြည်းဖြည်းချင်း သွားရန် ဖြစ်သည်။

နောက်ထပ် ၂ နှစ်၊ ၃ နှစ် ကြာလျှင် သာ့ရှန်း တစ်နိုင်ငံလုံး ကန်စွန်းဥ အထွက်နှုန်း မည်မျှ ကောင်းသည်ကို သိလာမည်။ ညီလာခံ၏ ဂုဏ်သိက္ခာ တက်လာမည်။ ပြည်သူများ၏ ယုံကြည်မှု တိုးပွားလာပြီး အသစ်အဆန်းများကို စမ်းသပ်လိုစိတ် ရှိလာမှ နောက်တစ်ဆင့် စတင်ရန် ဖြစ်သည်။

သို့သော် ယခုကြည့်ရသည်မှာ တစ်နှစ် နောက်ကျရန် မဆိုထားနှင့်၊ လပိုင်းလောက် နောက်ကျလျှင်ပင် အငတ်ဘေးကြောင့် အသက်ပေါင်းများစွာ သေဆုံးရတော့မည်။

သူမ ဓာတ်မြေဩဇာကို ကြိုတင် ထုတ်ပေးရတော့မည်။

...

All Chapters