အခန်း ၂
Vol. 1 Ch. 2
အပိုင်း (၂)
တရားမဝင်သမိုင်းကို အားကိုးလျက် ချူဟွားသည် သူ၏အလုပ်ချိန် ကုန်ဆုံးသည်အထိ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့၏။ စိတ်အားထက်သန်စွာဖြင့် သူသည် မိမိ၏ကိုယ်ပိုင်လှည်းပေါ်သို့တက်ကာ ပျော့ပျောင်းသောခေါင်းအုံးကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ပြီး "မနက်ဖြန်ကစပြီး သမီး လွတ်လွတ်လပ်လပ် အိပ်လို့ရပြီ”
ချူဖျင်သည် တဟားဟားရယ်မောလိုက်သည်။ "အဖေ့မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ သမီး ဘယ်ဟာကို အရင်ကြားချင်လဲ”
ချူဟွား: "သတင်းကောင်းကို အရင်ပြောပြပါ”
ချူဖျင်: "နင့်အစ်ကိုချူချင်းက ဆဋ္ဌမအဆင့် ဟန်လင်းအကြီးတန်း သမိုင်းမှတ်တမ်းမှူးအဖြစ် ရာထူးတိုးသွားပြီ”
ချူဟွား၏ မျက်နှာပေါ်တွင် နာကျင်သော အမူအရာတစ်ခုဖြစ်သွားပြီး "...သတင်းဆိုးကတော့ သမီး နေ့တိုင်း မိုးလင်းထပြီး ညီလာခံတက်ရတော့မယ်။ ဟုတ်တယ်မလား”
ချူဖျင်၏ မျက်နှာသည် ချီးကျူးမှု အပြည့်ဖြစ်သွားကာ "ဟွားအာက အရမ်းဉာဏ်ကောင်းတာပဲ”
"အား...." ချူဟွားသည် မျက်ရည်များ ဝေါခနဲ ကျလာတော့သည်။ ဒါက သတင်းဆိုးဆိုတာ သိသာနေတာပဲကို။ ဒီအဖေကိုတော့ ဆက်ထားလို့ မဖြစ်တော့ပါဘူး။
လှည်းထဲမှ ငိုသံကို ကြားရသောအခါ သာမန်အရပ်သားများအဖြစ် ရုပ်ဖျက်ထားသော တော်ဝင်အစောင့် သူလျှိုများသည် သတင်းကို ချရေးကာ နန်းတော်သို့ အမြန်ဆုံးနည်းလမ်းဖြင့် ပေးပို့ကြလေသည်။
ချူမိသားစု၏ လှည်းသည် အိမ်သို့ မရောက်သေးမီတွင် နန်းတွင်းစာကြည့်ဆောင်တော်မှ အရှင်မင်းကြီးသည် သတင်းကို လက်ခံရရှိနေပြီဖြစ်သည်။ [ချူအိမ်တော်က သခင်မလေးက နေ့တိုင်း မနက် စောစောထပြီး ညီလာခံတက်ရမှာကို သိသွားပြီး အရမ်းစိတ်လှုပ်ရှားသွားလို့ မျက်ရည်တွေတောင် စီးကျလာခဲ့ပါတယ်]
မူလက အစီရင်ခံစားများကို ပြန်လည်သုံးသပ်နေရသဖြင့် မူးနောက်နေပြီဖြစ်သည့် အရှင်မင်းကြီးသည် ဤစာကို မြင်ရသည်တွင် ကျယ်လောင်စွာ ရယ်မောလေတော့သည်။
သူမရဲ့ မပျော်ရွှင်ခြင်းက သူ့ပျော်ရွှင်ခြင်းပဲလေ။ ဒီလောက် တလေးတစားနဲ့ ရေးထားပြီး ပျင်းစရာကောင်းတဲ့ လျှောက်တင်လွှာတွေကိုတောင် နှစ်ခါလောက်ထပ်ပြီး ပြန်ကြည့်နိုင်သွားပြီ။ ဟား ဟား ဟား။
ချူဟွားသည် အိမ်သို့ပြန်ရောက်သည်နှင့် သူမ၏ ရုံးဝတ်စုံ၊ ဦးထုပ်နှင့် ဖိနပ်များကို မချွတ်ဘဲ သခင်မဝမ်ထံသို့ ပြေးသွားပြီး ငိုယိုတော့သည်။ "အမေ။ အဖေက သမီးကို ဒုက္ခပေးနေတာ။ အမေက သမီးအတွက် ဆုံးဖြတ်ပေးရမယ်”
ပုံပြင်စာအုပ် ဖတ်ရှုနေသည့် သခင်မဝမ်မှာ တုန်လှုပ်သွားပြီး ပုံပြင်စာအုပ်ကို အလျင်အမြန် ဖွက်ထားလိုက်ရကာ "မြန်မြန်။ မြန်မြန်။ မြန်မြန်လုပ်”
အထိန်းတော်လျိုနှင့် အစေခံမလေးသည် စားပွဲပေါ်မှ ပုံပြင်စာအုပ်များ၊ သစ်သီးများနှင့် သစ်သီးခြောက်များကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး စာရင်းစာအုပ် အထူကြီးကို တောင်ပူစာတစ်ခုလို စုပုံထားလိုက်ကာ စန္ဒကူးသားပေသီးတစ်ခုကို ထုတ်ယူပြီး မနိုင်မနင်း အခြေအနေတစ်ခုကို ဖန်တီးထားလိုက်လေသည်။
ချူဟွားသည် ကန့်လန့်ကာကို ဖြတ်၍ အတွင်းခန်းသို့ ဝင်ရောက်လာသောအခါ သခင်မဝမ်၏ နူးညံ့သော မျက်နှာသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မိုးမခရွက်သဏ္ဌာန် မျက်ခုံးများသည် အနည်းငယ် ညွှတ်ကျနေသည်ကို မြင်တွေ့လိုက်ရ၏။ သူမသည် စားပွဲပေါ်တွင် စုပုံထားသော ထူထဲသည့် စာရင်းစာအုပ်များကို ခါးသီးစွာ ကြည့်နေလေသည်။
အို့ အို။ ဒီနေ့က လစာစဉ် စာရင်းစစ်ရမဲ့နေ့ဆိုတာ မေ့သွားခဲ့တာပဲ။
ချူဟွား၏ အပြုံးသည် အေးခဲသွားပြီး ခြေဖျားထောက်ကာ ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး သူမ၏လေသံမှာ ပို၍ ပေါ့ပါးသွားလေသည်။ "အမေ အလုပ်များနေတာပဲ။ သမီး မနှောင့်ယှက်တော့ဘူး”
"ဟွားအာ” သခင်မဝမ်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။ "အလျင်စလို မသွားပါနဲ့ဦး”
အစေခံမလေးများသည် တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ထွက်လာကြပြီး ဝိုင်းအုံကာ ပွေ့ချီလိုက်ကြပြီး ချူဟွား၏ ရုံးဦးထုပ်၊ ရုံးဝတ်စုံနှင့် ရုံးဖိနပ်များကို ချွတ်ပေးကြပြီး သူမ၏မျက်နှာကို သန့်စင်ပေးကာ ပခုံးကို နှိပ်နယ်ပေးပြီး ခြေထောက်ကို စိမ်ပေးကာ စပျစ်သီးများကို အခွံနွှာ၍ ဖျော်ရည်ကို တိုက်ကျွေး ပြုစုကြလေသည်။
စေ့စေ့စပ်စပ် ပြုစုပြီးနောက်တွင် ချူဟွားသည် ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာ ရှိသွားတော့၏။ သို့နှင့် သူမသည် မည်သို့များ ထွက်လာနိုင်ပါတော့မည်နည်း။
သခင်မဝမ်သည် ပြုံးကာ ငှက်သိုက်ရည်ကို သမီးဖြစ်သူထံသို့ ကမ်းပေးလိုက်လေသည်။ ထိုနှင့်အတူ စာရင်းစာအုပ်ကိုလည်း ချူဟွား၏ လက်ထဲသို့ တွန်းပို့ပေးလိုက်သည်။ "ဟွားအာ။ သမီး ပင်ပန်းနေရောပေါ့။ မြည်းစမ်းကြည့်ပါဦး။ အမေက သမီးအတွက် မနက်အစောကြီးကတည်းက ပေါင်းထားပေးတာ”
ချူဟွား: "..." ကောင်းပြီလေ။
ငှက်သိုက်ရည်ကို သောက်သုံးပြီးနောက် သူမသည် စာရင်းများကို စစ်ဆေးကာ စက္ကူဖြူနှင့် မီးသွေးခဲတံကို ထုတ်ယူပြီး ခဲတံကို သုံးကာ လက်ရေးစာလုံးများအစား အာရဗီဂဏန်းသုံးပြီး debitနှင့် credit စာရင်းကိုင်နည်းလမ်းကို အသုံးပြုပြီး နှစ်ဖက်စလုံးတွင် စာရင်းများကို မှတ်တမ်းတင်ပြီးနောက် ယခုလ၏ ဆိုင်တစ်ဆိုင်ချင်းစီ၏ စာရင်းများကို မြန်မြန်ဆန်ဆန် တွက်ချက်လိုက်တော့သည်။
သမီးဖြစ်သူက စာရင်းများကို လျင်လျင်မြန်မြန် ကောင်းကောင်းမွန်မွန် ဖြေရှင်းပြီးသွားသည်ကို တွေ့ရသောအခါ သခင်မဝမ်၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှုများနှင့် အရောင်လက်သွားခဲ့၏။
သူမသည်လည်း အားမနေဘဲ ပေသီးကို သုံးကာ နောက်ဆုံးဂဏန်းက သမီးဖြစ်သူ တွက်ချက်ထားသည်နှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးလိုက်သည်။
သားအမိနှစ်ယောက်က တစ်ယောက် ပေသီးခုံ တစ်ခုစီ အသုံးပြုနေကြပြီး တိတ်ဆိတ်သော အခန်းထဲတွင် သစ်သားစေ့များ၏ တကျွတ်ကျွတ်အသံသည် ထွက်ပေါ်နေခဲ့ကာ ဤလအတွက် စာရင်းများ စစ်ဆေးပြီးစီးသည်အထိပင်။
"ပြီးပြီ” ချူဟွားသည် ပလက်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး လှပသော အစေခံမလေးများ၏ လက်နှိပ်နယ်ခြင်း၊ ပခုံးနှိပ်နယ်ခြင်းနှင့် ခြေထောက်ရိုက်နှက်ခြင်း အပြုအစုများကို ခံစားကာ ခေါင်းအုံးအောက်မှ ပုံပြင်စာအုပ်တစ်အုပ်ကို အမှတ်တမဲ့ ဆွဲထုတ်လိုက်လေသည်။
"ဟဲ့——" သခင်မဝမ်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသော်လည်း ယခုအချိန်မှ တားဆီးလျှင်လဲ နောက်ကျသွားပေပြီ။
"ကွယ်လွန်သူမုဆိုးမနဲ့ ချောမောသောပညာရှိတဲ့။ ဝတ္ထုစာအုပ်အသစ်က ဘယ်တုန်းက ထွက်လာတာလဲ။ အမေ သမီးကို ပြောတောင်မပြောဘူး” ချူဟွားသည် တီးတိုးရေရွတ်လိုက်သည်။ သူမသည် လျင်မြန်စွာ လှန်လှောကြည့်ရှုနေရင်း စိတ်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ [System လာ။ ဖတ်ကြရအောင်]
System: [လာပါပြီ~]
သခင်မဝမ်: ???
သမီးဖြစ်သူရဲ့အသံကိုတော့ အရမ်းရင်းနှီးနေပါတယ်။ ဒါပေမဲ့ ကလေးသံလိုလို တခြားသူစိမ်းအသံကရော။ သူတို့တွေ ဝတ္ထုစာအုပ် အတူတူဖတ်မယ်လို့သာ ပြောကြတာ ဘယ်သူ့ကိုမှလဲ မမြင်ပါလား။
သခင်မဝမ်သည် သူ၏လက်ဖွဲ့အဖြစ် အတူလိုက်ပါလာကြသည့် အထိန်းတော်လျိုနှင့် အခြားအစေခံမလေးများကို ကြည့်ကာ မျက်လုံးဖြင့် မေးလိုက်သည်။ ။ နင်တို့တွေ ကြားလိုက်ကြလား။
အထိန်းတော်လျိုနှင့် အစေခံမလေးများသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြကြသည်။ သူတို့လည်း ကြားလိုက်သော်လည်း မည်သို့ဖြစ်ပျက်နေသည်ကို မသိကြပေ။
အစေခံမလေးတစ်ယောက်က ရောက်လာကာ "သခင်မ။ သခင်ကြီးက ရှေ့ခြံဝင်းကိုလာခဲ့ဖို့ ခေါ်နေပါတယ်”
သခင်မဝမ်သည် ရှေ့ခြံဝင်းတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ဟု ထင်မှတ်ကာ အထိန်းတော်လျိုကို အလျင်အမြန် ခေါ်ဆောင်သွားလိုက်သည်။ မမျှော်လင့်ဘဲ ချူဖျင်သည် သူမအား မြင်သောအခါ ပထမဆုံး ပြောကြားသည့် စကားမှာ။ "ရှင်မ။ ခုနက ကြားလိုက်လား။ ဟွားအာနဲ့ system ရဲ့ စကားဝိုင်းကိုလေ”
သခင်မဝမ်သည် ကြောင်သွားအမ်းအမ်း ဖြစ်သွားပြီး "သခင်ကြီး ရှေ့ခြံဝင်းမှာလည်း ကြားရတယ်လား” အသံက အဲလောက်တောင် ကျယ်နေတာလား။ အဲလောက် အဝေးကြီးကနေတောင် ကြားနေရတာလား။
ချူဖျင်က ယနေ့ညီလာခံ၏ အဓိကအကြောင်းအရာကို ချန်လှပ်ထားပြီး အကြမ်းဖျင်းကိုသာ ပြောပြလိုက်တော့သည်။ "ဟွားအာက system နဲ့ ချိတ်ဆက်ထားတယ်။ ငါတို့က system ကို မမြင်နိုင်ဘူး။ မီတာငါးဆယ်အကွာအဝေးအတွင်းမှာ သူတို့ရဲ့စကားဝိုင်းကိုပဲ ကြားနိုင်တယ်။ အရှင်မင်းကြီးက လူတိုင်းကို လျှို့ဝှက်ထားဖို့ အမိန့်ပေးထားတယ်။ ဟွားအာကိုယ်တိုင် အပါအဝင်ပေါ့။ ဒီကိစ္စက အိမ်တော်ကလူတိုင်းရဲ့ သေရေးရှင်ရေး အနာဂတ်နဲ့ ဆက်စပ်နေတယ်။ ရှင်မ ပါးစပ်မလုံတဲ့အစေခံကို ဒီနေ့ပဲ ပြန်လွှတ်လိုက်တော့”
သခင်မဝမ်သည် ကိစ္စ၏ အရေးကြီးပုံကို သိသွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ ပါးစပ်မလုံသော အစေခံများသည် ညတွင်းချင်းပင် ပစ္စည်းများထုပ်ပိုး၍ အိမ်တော်အပြင်ဖက်သို့ ပို့ဆောင်ခံလိုက်ရကာ ချူဟွား၏ ခြံဝင်းထဲမှ အစေခံမလေးနှစ်ဦးကိုလည်း ပြန်လွှတ်လိုက်လေတော့သည်။
ဤအကြောင်းအရာကို ချူဟွားတစ်ယောက် လုံးဝမသိရှိခဲ့ပေ။ နံနက်သုံးနာရီတွင် အိပ်ရာမှထရခြင်းသည် အလွန်ပင် ခက်ခဲလှ၏။ မျက်လုံးများကိုပင် ကောင်းကောင်း မဖွင့်နိုင်ဖြစ်နေသည်တွင် ခြံဝင်းအတွင်း တံမြက်လှည်းနေသော အစေခံများ ရှိ၊ မရှိကို မည်သို့ သတိပြုမိနိုင်ပါမည်နည်း။
သူမသည် သွေးကြောများ ယှက်သန်းကာ အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်လိုက်ပြီး လျိုကျန်း၏ ဦးဆောင်မှုဖြင့် လေအေးတိုက်ခတ်နေသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ယနေ့တွင် မှူးမတ်များစွာသည် ခွင့်တိုင်ကြားထားကြ၏။ ထို့ကြောင့် သူတို့နှစ်ဦးသည် မနေ့ကထက် အနည်းငယ် ရှေ့ပိုတိုးကာ မတ်တတ်ရပ်ခွင့် ရခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူတို့သည် နန်းတော်အပြင်ဘက်ရှိ လေအေးဒဏ်ကို ခံနေရဆဲပင်။
ချူဟွားက လေးလံစွာ သက်ပြင်းတစ်ချက် ချလိုက်၏။
သူမသည် အခြားသူများနှင့် အမျိုးသမီးအသံဖြင့် ပွင့်ပွင့်လင်းလင်း စကားပြော၍ မရသောကြောင့် system ကိုသာ ရင်ဖွင့်လိုက်ရသည်။ [System၊ လူတွေ ဘာကြောင့် ရာထူးတက်ဖို့ အသည်းအသန် ကြိုးစားနေကြလဲဆိုတာကို ငါ အခုမှပဲ သဘောပေါက်တော့တယ်]
အရှင်မင်းကြီး ကြွလာသည်ကို စောင့်ဆိုင်းနေကြသည့် မှူးမတ်များသည် သူတို့၏ စိတ်ထဲမှနေ၍ ပြန်လည်ဖြေကြားလိုက်ကြသည်။ ဒါကတော့ ငွေ၊ အာဏာ၊ ဒါမှမဟုတ် အလှအပကြောင့် ဖြစ်မှာပေါ့။
System သည်လည်း အလွန် ပူးပေါင်းဆောင်ရွက်တတ်သူပင်။ [ဘာဖြစ်လို့လဲ]
ချူဟွား: [ဘာလို့လဲဆိုတော့ ရာထူးတက်သွားရင် ခန်းမထဲကို ဝင်ခွင့်ရပြီး အပြင်က အေးစက်စက် လေဒဏ်ကို ခံစရာမလိုတော့ဘူးလေ။ အပြင်မှာက အရမ်းအေးတာ။ ဆောင်းတွင်းကြီး နေ့တိုင်း ညီလာခံတက်ပြီး အပြင်မှာပဲ နေ့တိုင်း မတ်တတ်ရပ်နေရမယ်ဆိုရင် ငါ့ခြေထောက်တွေက အနှေးနဲ့အမြန် ဒုက္ခရောက်တော့မှာပဲ။ ဒီခြေထောက်တွေအတွက်ကိုပဲ အသည်းအသန် ကြိုးစားပြီး အပေါ်တက်ရမှာပဲ]
မှူးမတ်များ: "..."
System: [....]
ဤအကြောင်းပြချက်သည် အတော်လေး ဆန်းသစ်လှပေသည်။
ချူဟွားသည် အိပ်ချင်မူးတူးဖြစ်ကာ အေးစက်လှသောကြောင့် နေရာမှာပင် ခြေဆောင့်နေရတော့၏။
[အရမ်းအေးတာပဲ။ ငါ အမှားတစ်ခုခုလုပ်ပြီး အစ်ကိုချူချင်းကို ရာထူးကနေ အဖြုတ်ခံရအောင် လုပ်လိုက်ရင် ပိုကောင်းမယ်]
ချူဖျင်နှင့် ရင်းနှီးသော မှူးမတ်တစ်ဦးသည် ချူဖျင်ထံသို့ သနားစာနာမိသော အကြည့်ဖြင့် မကြည့်ဘဲမနေနိုင်တော့ပေ။ -ခင်ဗျား တကယ့်ကို သမီးကောင်းလေး ရထားတာပဲ။
ချူဖျင်၏ မျက်နှာသည်လည်း အားလုံး၏ အကြည့်များကြောင့် နီရဲတက်လာခဲ့၏။ -ဆက်မတွေးပါနဲ့တော့။ မင်းအစ်ကိုအတွက် တွင်းတူးမနေပါနဲ့တော့။
Systemမှာ တုန်လှုပ်သွားတော့၏။ [နင် အတည်ပြောနေတာလား။ ကိုယ့်အစ်ကိုအရင်းကို တွင်းတူးမလို့လား]
ချူဟွား: [သူက ငါ့အစ်ကိုအရင်း မဟုတ်ဘူးဆိုရင် ငါ တွင်းတူးနေမှာ မဟုတ်ဘူးလေ]
ချူဟွား ဖရဲသီးစနေပြီဖြစ်ကြောင်း ကုန်းကုန်းမှ လျှောက်တင်ထားသောကြောင့် အရှင်မင်းကြီးသည် အလျင်အမြန်ကြွလာခဲ့ရာ ထိုစကားကို ကြားလိုက်ရချိန်တွင် ချူချင်းအတွက် သနားဂရုဏာ သက်မိသွားတော့သည်။
System: [သူ ငိုလိမ့်မယ်]
ချူဟွားက သမ်းဝေလိုက်ရင်း [ရာထူး အရမ်းမြန်မြန်တက်သွားရင် လူက အောက်ခြေလွတ် လွယ်တယ်လေ]
System: [နင့်အစ်ကိုရဲ့ တည်ငြိမ်တဲ့ စရိုက်နဲ့ဆိုရင် သူ အောက်ခြေလွတ်မှာ မဟုတ်လောက်ပါဘူး]
ချူဟွား။ [အဲ့ဒါက သူ့ရဲ့ ကြီးပြင်းလာမှုမှာ ငါ ဘယ်လောက်တောင် ပံ့ပိုးပေးခဲ့ရလဲဆိုတာကို နင်မသိလို့ ပြောတာ]
ထိုသို့ပြောလိုက်သောအခါ systemသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့သည်။ [ခဏလေးစောင့်၊ ငါ နင်တို့မောင်နှမရဲ့ ဖရဲသီးဟောင်းတွေကို သွားဖော်လိုက်ဦးမယ်]
တစ်မိနစ်ကုန်လွန်သွားသည်။ နောက်ထပ် ငါးမိနစ် ကုန်ဆုံးသွားသည်။ သို့တိုင် system သည် ပြန်ပေါ်မလာသေးပေ။
ဤအရှိန်သည် နားထောင်နေသော မှူးမတ်များနှင့် တံခါးနောက်ကွယ်တွင် ပုန်း၍ နားထောင်နေသော အရှင်မင်းကြီးကိုပင် စိုးရိမ်စိတ်များ ဖြစ်လာရစေတော့သည်။
System မင်း လုပ်ရောလုပ်နိုင်ရဲ့လား။
ဆယ်မိနစ်အကြာတွင် systemသည် အံ့ဩမှုများ အပြည့်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ [ဝိုး ။ နင်တို့နှစ်ယောက်က တကယ်ကို တကယ်ပဲ... ငါ ဘယ်လိုဖော်ပြရမလဲတောင် မသိတော့ဘူး]
အရှင်မင်းကြီး: ???
မှူးမတ်များ: ???
ဒီsystemက ကျောင်းတက်ရမဲ့အရွယ်မှာ ကျောင်းပြေးခဲ့တာများလား။ တိကျတဲ့ နာမဝိသေသနတစ်ခုတောင် မသုံးနိုင်ဘူး။ ပြန်သွားပြီး သွားသင်လိုက်ဦး။
System: [မမကြီးဟွား။ နင် ခုနစ်နှစ်အရွယ်တုန်းကတောင် ၁၄ နှစ်အရွယ် အစ်ကိုချူချင်းဆီက ကိုယ်ပိုင်ပိုက်ဆံတွေ အကုန်လုံးကို တကယ်ပဲ လိမ်ယူနိုင်ခဲ့တာပဲ။ လေးစားသောအားဖြင့် မမကြီးလို့ပဲ အရင်ခေါ်ပါရစေ]
ထို့နောက် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ [ငါ တကယ်ပဲ အစ်ကိုချူချင်းကို အလိမ်ဖော်APP တစ်ခု ဒေါင်းလုဒ်လုပ်စေချင်လိုက်တာ]
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ဤဖရဲသီးဟောင်းကြောင့် မှင်တက်သွားကြပြီး သူတို့၏ စိတ်ထဲမှနေ၍ ချက်ချင်း တိုက်တွန်းလိုက်ကြသည်။ မြန်မြန်လုပ်။ နောက်ထပ်ပြောဦး။
ချူဟွားကတော့ ဂရုမစိုက်ခဲ့ပေ။ [ငါက သူ့ကို ကိုယ်တွေ့ အတွေ့အကြုံနဲ့ သင်ခန်းစာပေးနေတာလေ။ လိမ်လည်တဲ့လူတွေက နေရာတိုင်းမှာ ရှိတယ်။ နောက်ပြီး ဆွေမျိုးရင်းချာတွေကိုတောင် ၁၀၀% ယုံကြည်လို့ မရဘူးဆိုတာကိုပေါ့။ ပိုက်ဆံနဲ့ ပတ်သက်လာရင် အထူးသတိထားရမယ် ဆိုတာကိုပေါ့]
[ပြီးတော့ နှစ်နှစ်နေတော့ ငါ သူ့ကို ဆိုင်တစ်ဆိုင်ပေးခဲ့တယ်လေ။ အဲ့ဒီတော့ သူ ဘာမှလုပ်စရာမလိုဘဲ နေ့တိုင်း အေးအေးဆေးဆေး ပိုက်ဆံထိုင်သိမ်းနေရုံပဲ။ ဒီအတိုင်းထားတဲ့ ကိုယ်ပိုင်ပိုက်ဆံတွေက သူ့ဘာသာသူ ပိုက်ဆံတွေ ပွားများလာမှာမှ မဟုတ်တာ]
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
မနာလိုမှုကြောင့် မျက်နှာများပင် ရှုံ့မဲ့သွားကြတော့သည်။
သူတို့တွေလဲ ဆိုင်တွေနဲ့ ငွေတွေကို ပေးလာမဲ့ ဒီလိုလူညစ် ညီမလေးတစ်ယောက် လိုချင်တယ်လေ။
System: [ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူ ခြစ်ခြုပ်ပြီး စုဆောင်းထားတဲ့ ကိုယ်ပိုင်ပိုက်ဆံတွေကို နင် ချက်ချင်းပဲ လိမ်ယူသွားခဲ့တယ်လေ]
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
မနာလိုမှုမှ ဆွံ့အသွားသည့် အခြေအနေသို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ချူဟွား၊ မင်းက မင်းအစ်ကိုရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ ရန်ငြိုးများ ရှိနေလို့လား။
ချူဟွား: [System ရယ်၊ အဲ့ဒီနှစ်က မြို့တော်ကနေ စုန့်ရှန်းကျောင်းတော်ကို သွားတဲ့လမ်းမှာ သူခိုးဓားပြတစ်ဖွဲ့ရှိတာကို နင် မတွေ့မိဘူး ထင်တယ်။ ငါ့အစ်ကိုက လုယက်မခံခဲ့ရတဲ့ တစ်ဦးတည်းသော ကျောင်းသားပဲဆိုတာရော သိရဲ့လား]
Systemသည် ခဏစောင့်ရန် အော်ပြောပြီး ဖရဲသီးသွားနားထောင်ရင်း အံ့ဩသံများ အကြိမ်ဖန်များစွာ ထွက်လာတော့သည်။ [ဟိုက်၊ မမကြီး။ မမကြီးဟွားက အရမ်းတော်တာပဲ။ ငါ သာ့ရှန်းကို ပထမဆုံးရောက်တုန်းက အသင့်တော်ဆုံး ချိတ်ဆက်မဲ့သူကို စွမ်းအင်သုံးပြီး ရှာဖွေခဲ့တာ မမကြီးဟွားဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး။ နင့်မှာ ဒီအတိုင်းကို ဖရဲသီးတွေ အပြည့်ဖြစ်နေတာကိုး။ နင့်ကိုသာ ချိတ်ဆက်ထားရင် ငါ့မှာ စွမ်းအင်တွေ ဘယ်တော့မှ ပြတ်လပ်တော့မှာ မဟုတ်ဘူး]
[နေဦး၊ စကားလမ်းကြောင်း လွဲသွားပြီ။ လမ်းမှာ လုယက်ချင်တဲ့ သူခိုးဓားပြတွေရှိမှန်း နင်က ဘယ်လိုသိခဲ့တာလဲ]
မှူးမတ်များနှင့် အရှင်မင်းကြီးသည်လည်း သိချင်နေကြသည်။ အချို့ကပင် ဤသို့ တွေးကြလေသည်။ ထိုဓားပြများသည် ချူဟွားနှင့် ဆက်သွယ်မှုများ ရှိနေလေသလား။ သို့မဟုတ်လျှင်တော့ ချူချင်းတစ်ယောက်တည်းကိုသာ မလုယက်ဘဲ ချန်ထားခဲ့ရန် အကြောင်းမရှိပေ။ သို့သော် ချူဟွားသည် ဤသို့သော သိသာထင်ရှားသည့် အားနည်းချက်ကို ထားခဲ့ရလောက်အောင် မိုက်မဲလိမ့်မည် မဟုတ်ပေ။
သူတို့က ဆက်မစဉ်းစားရသေးခင်မှာပင် ချူဟွား၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ [အဲ့ဒီနှစ်က သာ့ရှန်းမင်းဆက်တစ်ခွင်လုံးမှာ အနောက်ဘက်က မိုးခေါင်၊ တောင်ဘက်က ရေကြီး၊ မြောက်ဘက်မှာလည်း နှင်းမုန်တိုင်းဘေး ကျရောက်ခဲ့တယ်။ သဘာဝဘေးအန္တရာယ်တွေ မကြာခဏဖြစ်ပွားပြီး နန်းတော်ကလည်း ဘေးအန္တရာယ်ကယ်ဆယ်ရေးကို အချိန်မီ မလုပ်ဆောင်ခဲ့ဘူး။ အဲ့ဒီတော့ အသက်ရှင်ရပ်တည်ဖို့အတွက် မဖြစ်မနေ ဓားပြဖြစ်လာရတဲ့လူတွေ ရှိမှာပဲလေ]
[စကားလုံးလှလှလေးနဲ့ ပြောရရင်တော့ စုန့်ရှန်းကျောင်းတော်ရဲ့ တည်နေရာက လေပြေညင်းနဲ့ လမင်းကို အဖော်ပြုထားတယ်ပေါ့။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် အဲ့ဒါက ကြက် မဥ၊ ငှက်ချေးမပါတဲ့ နေရာပဲ။ ပြီးတော့ ဘာမှမသယ်နိုင် အားနည်းချိနဲ့နေတဲ့ စာပေပညာရှင် အုပ်စုတစ်စု စုဝေးရာနေရာလည်း ဖြစ်တယ်။ ဒါက အသာလေး လည်လှီးခံရဖို့ အသင့်စောင့်နေတဲ့ သိုးအုပ်ကြီးလို မဟုတ်ဘူးလား။ သူတို့က ဒါကို ပစ်မှတ်မထားဘူးဆိုရင် အချိန်အခါသင့် နေရာသင့်နဲ့ သင့်တော်တဲ့လူတွေကို မတရားလုပ်ရာ ကျတော့မှာပေါ့]
အရှင်မင်းကြီး: ???
မှူးမတ်များ: “…”
အချိန်အခါသင့်၊ နေရာသင့်နှင့် သင့်တော်တဲ့လူဆိုတာကို ဒီလို သုံးရသလား။ နင်လဲ ပြန်ပြီး လေ့လာလိုက်၏။
ချူဟွား: [ငါက စုန့်ရှန်းကျောင်းတော်ခြေရင်းမှာ ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ။ သူက လိုချင်တာရှိရင် သွားယူရုံပဲ။ လမ်းပေါ်မှာ ပိုက်ဆံမပါဘဲ သွားတာ ဘာများမှားလို့လဲ။ ဒါက သူ့အတွက် အလုခံရတဲ့ ဘဝအတွေ့အကြုံကို မြည်းစမ်းခွင့်ရတဲ့ အခွင့်အရေးကောင်းတစ်ခုပဲလေ။ ကြည့်လိုက်ပါလား။ နောက်ပိုင်းမှာ သူ ကိုယ်တိုင် သိုင်းပညာသင်ဖို့ အရင်ဆုံး ပြောလာတယ် မဟုတ်လား။ ရေနှစ်ပုံးသယ်ရုံနဲ့ မောဟိုက်မနေတော့ဘူးလေ။ ဘယ်လောက်ကောင်းလိုက်လဲ]
ချူဖျင်သည် လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်များကို လက်ခံရရှိချိန်တွင် ခေါင်းကျိန်းသွားတော့သည်။
အကယ်၍ သူ့သမီးသာ ယနေ့ ဖော်ထုတ်မပြခဲ့ပါလျှင် သူမက ဤမျှလောက် ပံ့ပိုးပေးခဲ့သည်ကို အမှန်ပင် သိရှိလိမ့်မည် မဟုတ်ပေ။
ဤနှစ်ကြိမ်ပြီးနောက်တွင် systemသည် သင်ခန်းစာရသွားပြီး ကောက်ချက်များကို ဖြစ်ကတတ်ဆန်း မချတော့ပေ။ [ရာထူးချတယ်ဆိုတာကရော ဘာအတွက်လဲ]
[ဪ၊ ဒါကတော့...]
အရှင်မင်းကြီးနှင့် မှူးမတ်များသည် စိတ်ဝင်စားဖွယ်ရာ ဖရဲသီးကို အားတက်သရော နားထောင်နေကြစဉ် ချူဟွားက အကြောင်းအရာ ပြောင်းလိုက်သည်ကို ကြားလိုက်ရ၏။ [ဟင် အရှင်မင်းကြီး ဘာလို့ ခုထိ ရောက်မလာသေးတာလဲ]
အိုးဟ။ သွားပါပြီ။ ဖရဲသီးနားထောင်နေရင်း အချိန်ကုန်သွားတာကို မေ့သွားတယ်။
အရှင်မင်းကြီးသည် သူ၏ နဂါးရုပ်ဝတ်ရုံနှင့် သရဖူကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး ခံ့ညားထည်ဝါစွာ ပေါ်ထွက်လာရန် ပြင်ဆင်လိုက်သည်။ ဖရဲသီးတွင် နစ်မျောနေသော ချန်ကျို့ကုန်းကုန်း သည်လည်း သတိပြန်ဝင်လာပြီး လည်ချောင်းကို ရှင်းလိုက်ကာ ကြေညာလိုက်တော့သည်။ "အရှင်မင်းကြီး ကြွချီလာပါပြီ”
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
"မှူးမတ်များအားလုံး မတ်တတ်ရပ်ကြပါ”
မှူးမတ်များသည် တိုင်းပြည်ရေးရာများကို စတင်ဆွေးနွေးကြတော့သည်။
ချူဟွားသည် မနေ့ကထက် ပိုမိုနီးကပ်နေရာ ပို၍ ရှင်းလင်းစွာ ကြားနေရ၏။ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့သည် အပြန်ပြန်အလှန်လှန် တင်ပြကြပြီး ဆွေးနွေးချက်၏ အဓိကအချက်မှာ တစ်ခုတည်းသာ ဖြစ်သည်။ ဆင်းရဲကြောင်း ငိုချင်းချခြင်းပင်။
System ၏ ကလေးဆန်ဆန် အသံသည် ရွံရှာမှုများဖြင့် ပြည့်နှက်နေလေသည်။ [ဒီဘုရင်ကတော့ တော်တော်ဆင်းရဲတာပဲ]
အရှင်မင်းကြီး၏ မျက်နှာသည် စိမ်းဖန့်သွားခဲ့၏။
မင်း စကားရော ပြောတတ်ရဲ့လား။ ဆင်းရဲတာက ငါ ဟုတ်လို့လား။ နိုင်ငံတော်ဘဏ္ဍာတိုက်က ဆင်းရဲတာလေ။
နိုင်ငံ့ဘဏ္ဍာတိုက် ဆင်းရဲရတာကလဲ သဘာဝဘေးအန္တရာယ်တွေနဲ့ မှူးမတ်တွေ အကျင့်ပျက်ခြစားလို့လေ။ ငါနဲ့ ဘာဆိုင်လို့လဲ။
ငါက ငါ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက ပိုက်ဆံတွေနဲ့ သုံးစွဲတာ။ နိုင်ငံ့ဘဏ္ဍာတိုက်နဲ့ ဘာဆိုင်လို့လဲ။
မှူးမတ်များသည် တိတ်တဆိတ် မော့ကြည့်လိုက်ကြပြီး "..."
အိုး။ သွားပါပြီ။ အရှင်မင်းကြီးရဲ့ မျက်နှာက ဦးဆောင်းတောင် ကွယ်ထားမပေးနိုင်လောက်အောင် စိမ်းဖန့်နေပါရောလား။
...