အခန်း ၅၀
Vol. 4 Ch. 50
အပိုင်း (၅၀)
နိုင်ငံတော် ဘဏ္ဍာတိုက် ပတ်လည်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး ပိတ်ဆို့ အမိန့် ထုတ်ပြန်ထားသောကြောင့် မည်သူမျှ စကား မပြောရဲကြပေ။
လူအများစုသည် တယ်ဖေးညန်ညန်၏ မောင်လေး ငြိမ်ဝပ်ပိပြားရေးဌာန အကျဉ်းထောင်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသည်ကိုသာ သိရှိကြပြီး သူသည် မည်သည့် အပြစ် ကျူးလွန်သည်ကို မသိကြပေ။ နန်းစောင့်တပ်သားများသည် မည်သူ့ မျက်နှာကိုမှ မထောက်ဘဲ သတင်းအစအနမျှပင် ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။
တယ်ဖေးညန်ညန်သည် မောင်လေး အဖမ်းခံရကြောင်း သိရှိသည်နှင့် မျက်ရည်များဖြင့် အရှင်မင်းကြီးထံ သွားရောက် အသနားခံသော်လည်း အဆူခံရပြီး နန်းဆောင်အတွင်း တစ်လကြာ တံခါးပိတ် အပြစ်ပေးခြင်း ခံလိုက်ရသည်။
တစ်လ ကြာပြီးမှဆိုရင် အရာအားလုံး ပြီးဆုံးသွားလောက်ပြီ။
တယ်ဖေးညန်ညန်သည် မီးပူတိုက်ခံထားရသော ပုရွက်ဆိတ်ကဲ့သို့ ပူလောင်နေသော်လည်း နန်းဆောင်အတွင်း ပိတ်လှောင်ခံထားရသဖြင့် မိဘအိမ်သို့ စာပို့ပြီး ငွေသုံးကာ အကြောင်းရင်းကို စုံစမ်းခိုင်းရုံသာ တတ်နိုင်လေသည်။
လွီမိသားစုသည် ငွေအမြောက်အမြား သုံးစွဲပြီး နေရာအနှံ့ စုံစမ်းသော်လည်း လွီကျန့်ယဲ့မည်သည့် အပြစ်ကြောင့် အဖမ်းခံရသည်ကို မည်သူမျှ မသိရှိကြပေ။
တချို့က တယ်ဖေးညန်ညန် အသနားခံတာတောင် အပြစ်ပေးခံရသည်ကို ထောက်ရှုပြီး လွီကျန့်ယဲ့အပြင်တွင် တယ်ဖေးညန်ညန် နာမည်သုံးပြီး ငွေကောက်ခံနေသည့် ကိစ္စကို နန်းစောင့်တပ်သားများ သိရှိသွားခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။
အခြား သတင်း မရရှိသဖြင့် သူတို့သည် ဤသတင်းကို နန်းတွင်းသို့ ပေးပို့လိုက်ကြသည်။
တယ်ဖေးညန်ညန် ကြားလိုက်သောအခါ မူးလဲမတတ် ဖြစ်သွားရသည်။ မောင်ဖြစ်သူက ငွေဘယ်လောက် ကောက်ခံခဲ့သည်ကို မိသားစုဝင်များက မပြောသော်လည်း ဤကိစ္စကြောင့် အဖမ်းခံရသည် ဆိုပါက အရှင်မင်းကြီး၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှားလေသည်။
"ဒါဆို ဘယ်လို လုပ်ရမလဲ" တယ်ဖေးညန်ညန်သည် အပြင်ထွက်၍ မရ၊ အရှင်မင်းကြီး ရှေ့တွင် သနားစရာ ကောင်းအောင် ဟန်ဆောင်၍ မရ၊ မောင်လေး အကျဉ်းထောင်ထဲတွင် နှိပ်စက်ခံနေရသည်ကိုလည်း လက်ပိုက်ကြည့်မနေရက်။
မတတ်သာသည့်အဆုံး သူမ နည်းလမ်းတစ်ခု စဉ်းစားလိုက်တော့သည်။ နေမကောင်း ဖြစ်အောင် လုပ်ရမည်။
ကြိုးဆွဲချခြင်း၊ အစာငတ်ခံ ဆန္ဒပြခြင်းများသည် အရှင်မင်းကြီး၏ သိက္ခာကို ထိခိုက်စေနိုင်သည် မဟုတ်ပါလား။ အရှင်မင်းကြီးက သူမသည် အပြစ်ပေးခံရခြင်းကို မကျေနပ်သောကြောင့် ဆန္ဒပြသည်ဟု ထင်သွားနိုင်သည်။
တယ်ဖေးညန်ညန်သည် ရေအေးဖြင့် ရေချိုးပြီး ရေစိုဝတ်ဖြင့် ပြတင်းပေါက်တွင် လေညင်းခံလိုက်ရာ နောက်တစ်နေ့တွင် နှာစေး၊ ချောင်းဆိုး၊ နှာရည်ယို၊ အဖျားတက် စသည့် လက္ခဏာများ အစုံအလင် ရရှိသွားတော့သည်။
တယ်ဖေးညန်ညန်၏ အပျိုတော်က အရှင်မင်းကြီး လာရောက် ကြည့်ရှုရန် ပင့်ဖိတ်သော်လည်း "နေမကောင်းရင် သမားတော် ခေါ်လေ" ဟူသော စကားတစ်ခွန်းသာ ရရှိခဲ့လေသည်။
Systemကလည်း လွီကျန့်ယဲ့ကိစ္စကို စောင့်ကြည့်နေသဖြင့် တယ်ဖေးညန်ညန်၏ လုပ်ရပ်များကို သိရှိပြီးနောက် ချူဟွားကို အလျင်အမြန် ပြောပြလိုက်တော့သည်။
[မမကြီးဟွား၊ နန်းတွင်းထဲက အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ပြီးမှ အရှင်မင်းကြီးရဲ့ အာရုံစိုက်မှုကို ရယူကြတာလား]
ချူဟွား: [အမြဲတမ်းတော့ မဟုတ်ပါဘူး၊ အဓိကက သူ အပိတ်ခံထားရတော့ တခြား နည်းလမ်းတွေ သုံးလို့ မရတော့လို့ပါ]
[တယ်ဖေးညန်ညန်က မနာလိုစိတ် ပြင်းထန်တယ်၊ အရင်တုန်းက အချစ်ခံရတုန်းက လူအများကြီးကို ဖိနှိပ်ခဲ့ဖူးတော့ တခြား ကိုယ်လုပ်တော်တွေနဲ့ ဆက်ဆံရေး မကောင်းဘူးလေ]
[ဒီနေ့သာ ယီဖေးညန်ညန် အပိတ်ခံရရင် သူ ကိုယ်တိုင် ထွက်မရရင်တောင် တခြား ညီအစ်မတွေကို အကူအညီ တောင်းလို့ ရသေးတယ်၊ တယ်ဖေးညန်ညန်ကျတော့ မရဘူး]
Systemမှာ ရုတ်တရက် စိတ်ပူလာတော့သည်။ [မမကြီးဟွား၊ နင် နန်းတွင်းထဲ လုံးဝ မဝင်နဲ့နော်]
ချူဟွားလည်း အံ့ဩသွားတော့သည်။ [ဟင်၊ နန်းတွင်းထဲ ဝင်တာ မကောင်းလို့လား၊ ဖရဲသီး အများကြီး စားလို့ ရတာပေါ့]
System: [ဖရဲသီး ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် စားလို့ ရပါတယ်၊ ဒါပေမဲ့ နန်းတွင်းထဲက အမျိုးသမီးတွေရဲ့ ဘဝက အရမ်း ခက်ခဲလွန်းတယ်]
Systemသည် ရုတ်တရက် သတိရပြီး ဂနာမငြိမ် ဖြစ်လာလေသည်။ [ဒုက္ခပဲ၊ အရှင်မင်းကြီးက ပဉ္စမမင်းသားကို နင့်ဆီ 'ကလေးသတို့သား' အဖြစ် ပေးမယ်လို့ ပြောထားတာ၊ တကယ်လို့ ပဉ္စမမင်းသားက အရှင်မင်းကြီး ဖြစ်လာရင် နင်ကလည်း မိဖုရား ဖြစ်ရမှာပဲ မဟုတ်လား]
ချူဟွားကတော့ တည်ငြိမ်နေပြီး systemကိုတောင် ပြန်နှစ်သိမ့်လိုက်သေးသည်။ [နည်းလမ်းတွေ အများကြီး ရှိပါတယ်၊ မပူပါနဲ့]
Systemလဲ တကယ် စိတ်အေးသွားလေသည်။ [ပဉ္စမမင်းသားက ၉ နှစ်ပဲ ရှိသေးတာ၊ ပြိုင်ဘက်တွေလည်း ရှိသေးတယ်၊ နောက်ဆုံး သူ တကယ် နန်းတက်ရင်တောင် နောက်ထပ် ဆယ်နှစ်လောက် လိုသေးတယ်၊ ကိစ္စ မရှိပါဘူး၊ ကြိုတင် ကြံစည်ဖို့ အချိန် ရပါသေးတယ်]
ချူဟွား: [ဘာကြံစည်မှာလဲ]
Systemက သဘာဝကျကျ ပြောလိုက်၏။ [သူ့ကို ဖြုတ်ချပြီး ကိုယ်တိုင် ဘုရင်မ လုပ်ဖို့ ကြံစည်ရမှာပေါ့]
ချူဟွား ကြောင်အမ်းသွားပြီးမှ ဟားတိုက် ရယ်မောလိုက်သည်။ [ဟားဟားဟား၊ ငါ ဘုရင်မ လုပ်ချင်တယ်လို့ နင်က ဘာကြည့်ပြီးပြောတာလဲ]
System: [ငါက နင် အခု လုပ်နေတာတွေကို ကြည့်ပြီး ဝန်ကြီးဌာန ၆ ခုလုံးကို ဝင်မွှေတော့မယ်လို့ ထင်တာ၊ အရှင်မင်းကြီးနဲ့ ဝန်ကြီးတွေဆီမှာလည်း မျက်နှာကောင်း ရအောင် နေနေတာ၊ အလကား လုပ်နေတာမှ မဟုတ်တာ]
[နင် အချိန်တွေ လူအင်အားတွေ စိုက်ထုတ်နေမှတော့ ရလဒ်ကောင်း လိုချင်လို့ နေမှာပေါ့၊ သာ့ရှန်းမှာ ဝန်ကြီးချုပ် ရာထူး မရှိဘူး၊ နင်ကလည်း မင်းဆရာမ၊ မင်းဆရာမကြီး လုပ်မှာ မဟုတ်တော့ ဘုရင်မ လုပ်ဖို့ တစ်လမ်းပဲ ကျန်တော့တာလေ]
ချူဟွား ဘာပြောနိုင်ဦးမည်နည်း။ Systemက systemပါပဲ။
[ထုံအာရေ၊ ရှေးခေတ်မှာ ဘုရင်မ ဖြစ်ဖို့ ဘယ်လောက် ခက်ခဲလဲ နင် သိလား]
System: [ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံး ဘုရင်မလောက်တော့ မခက်ခဲလောက်ပါဘူး]
ချူဟွား ခဏတာ ငေးငိုင်သွားပြီး ထပ်မံ ရယ်မောလိုက်ပြန်သည်။
ဟုတ်သားပဲ၊ အစကသာ ခက်ခဲတာ၊ ရှေ့လူတွေ လမ်းဖောက်ခဲ့ပြီးမှတော့ နောက်လူတွေ ဘာကြောက်စရာ ရှိတော့မလဲ။
ဒါပေမဲ့ သူမမှာ အဲဒီ စိတ်ကူး မရှိပါဘူး။ ဘုရင် လုပ်ရတာ ပင်ပန်းပါဘိသနဲ့။ အခုလို ဖရဲသီး စားလိုက် အလုပ်လုပ်လိုက်၊ သူများတွေ အလုပ်ရှုပ်နေတာ ထိုင်ကြည့်လိုက်တာ မပျော်ဘူးလား။
ချူဟွားက သတိပေးလိုက်သည်။ [ထုံအာရေ၊ မျှဝေခြင်း ဖွင့်ထားတဲ့အချိန်ကျရင် ဒီစကားမျိုး လုံးဝ မပြောနဲ့နော်]
System: [စိတ်ချပါ၊ ငါ သိပါတယ်၊ မပြောပါဘူး]
-
အရှင်မင်းကြီးက နန်းစောင့်တပ်သားတွေကို ၃ ရက် အချိန်ပေးခဲ့သော်လည်း ထိုမျှလောက် မကြာခဲ့ပေ။
လွီကျန့်ယဲ့သည် တယ်ဖေးညန်ညန်နှင့် မောင်နှမ တော်စပ်သည်ကို အခွင့်ကောင်းယူပြီး အပြင်တွင် မောက်မာလွန်းကာ နိုင်ငံတော် ဘဏ္ဍာတိုက်မှ ခိုးယူလာသော ပစ္စည်းများကို သတ်မှတ်ထားသူများထံတွင်သာ ရောင်းချလေ့ရှိပြီး နေရာခွဲ ရောင်းချခြင်း မရှိသဖြင့် အလွယ်တကူ စစ်ဆေး တွေ့ရှိသွားခဲ့သည်။
နန်းစောင့်တပ်သားများသည် ကြားခံလူထံမှ စာရင်းစာအုပ် တစ်အုပ် ရရှိခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်အတွင်း လွီကျန့်ယဲ့ရောင်းချခိုင်းသော ပစ္စည်းများ ပါဝင်သည်။ နန်းတွင်း တံဆိပ်ပါသော ပန်းကန်ခွက်ယောက်များ၊ အဆင်တန်ဆာများနှင့် တံဆိပ်မပါသော အရှေ့မြောက်ပင်လယ်ပုလဲများ ပါဝင်သည်။
အဆင်တန်ဆာများနှင့် လက်ဝတ်ရတနာများကို တယ်ဖေးညန်ညန်က မောင်လေး သို့မဟုတ် မိသားစုဝင်များကို ပေးကမ်းသည်ဟု ပြောနိုင်သော်လည်း အရှေ့မြောက်ပင်လယ်ပုလဲကတော့ ဘယ်လို လုပ်မလဲ။
အရှင်မင်းကြီးက ချန်ကျို့ကို ဤနှစ်များအတွင်း တယ်ဖေးညန်ညန်အား ပေးကမ်းခဲ့သော အရှေ့မြောက်ပင်လယ်ပုလဲ အရေအတွက်ကို တွက်ချက်ခိုင်းရာ အရေအတွက် အလွန် ကွာခြားနေသဖြင့် လုံးဝ မကိုက်ညီပေ။
အရှေ့မြောက်ပင်လယ်ပုလဲများကို အရှင်မင်းကြီးက ဆုချီးမြှင့်ရန်အတွက်သာ အသုံးပြုလေ့ရှိပြီး အထူးသဖြင့် အရည်အသွေး ကောင်းမွန်သော ပုလဲများကို နိုင်ငံတော် ဘဏ္ဍာတိုက်တွင် သိမ်းဆည်းမှု နည်းပါးကာ အရှင်မင်းကြီး၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်တွင်သာ အများဆုံး သိမ်းဆည်းထားလေ့ ရှိသည်။ သို့ဆိုလျှင် လွီကျန့်ယဲ့ခိုးသွားသော ပုလဲများက...
အရှင်မင်းကြီးလည်း ရုတ်တရက် သတိဝင်သွားလေသည်။
နိုင်ငံတော် ဘဏ္ဍာတိုက်မှ ပစ္စည်းများ အများအပြား ပျောက်ဆုံးနေခြင်းမှာ ယန္တရားများ ပြုပြင်နေသဖြင့် သစ်သားများ အဝင်အထွက် များနေသောကြောင့်ပင်။ သူ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်မှာလည်း ယန္တရားများ ရှိပြီး နေ့စဉ် ပြုပြင် ထိန်းသိမ်းနေရသည် မဟုတ်ပါလား။
အရှင်မင်းကြီးတစ်ယောက် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ "ချန်ကျို့၊ သွားစစ်ဆေးစမ်း"
ချန်ကျို့ အလျင်အမြန် သွားရောက် စစ်ဆေးရာ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲတွင် အရှေ့မြောက်ပင်လယ်ပုလဲ တချို့ လျော့နည်းနေကြောင်း တွေ့ရှိရသည်။
အရှင်မင်းကြီး၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲတွင် ပစ္စည်းများ စုံလင် များပြားပြီး ယခုရက်ပိုင်း အန်းလဲ့မင်းသမီး၏ ရတနာများ ဝင်လာသဖြင့် အဝင်အထွက် ရှုပ်ထွေးနေကာ အစအဆုံး စစ်ဆေးရန် အချိန် မရသေးပေ။
သေတ္တာလိုက် ထည့်ထားထဲ့ အရှေ့မြောက်ပင်လယ်ပုလဲ အသေးလေးများကို ဘယ်သူက အားအားယားယား ရာချီ ထောင်ချီ ထိုင်ရေတွက်နေမှာလဲ။
အရှင်မင်းကြီး၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကို လာခိုးရဲတဲ့ သတ္တိခဲ ရှိလိမ့်မယ်လို့ ချန်ကျို့တစ်ယောက် လုံးဝ ထင်မထားခဲ့ဖူးဘူး။ သေချင်နေကြတာလေ။
အရှင်မင်းကြီးမှာ ဒေါသထွက်လွန်းလို့ ရယ်မောလိုက်တော့သည်။ ကြည့်ရတာ ငါ သဘောကောင်းလွန်းနေပုံ ရတယ်။
"လင်ယို၊ သေချာ စစ်မေးစမ်း"
လင်ယို: "အမိန့်တော်အတိုင်းပါ"
ထိုညတွင် လွီကျန့်ယဲ့သည် မြို့တော် တစ်ခုလုံး ကြောက်ရွံ့သော အကျဉ်းထောင် နှိပ်စက်နည်းများကို မြည်းစမ်းခဲ့ရပြီး နာကျင်လွန်းသဖြင့် မိဘများကို တမ်းတ ငိုကြွေးကာ အစ်မဖြစ်သူကို ကယ်ပါဟု အော်ဟစ်ခဲ့ရလေသည်။
သူသည် ငယ်စဉ်ကတည်းက အလိုလိုက် ခံခဲ့ရသူ ဖြစ်ပြီး အရေပြား နည်းနည်း ပွန်းပဲ့လျှင်ပင် အသည်းအသန် ငိုကြွေးတတ်သူ ဖြစ်ရာ နှိပ်စက်နည်း တစ်မျိုးတောင် မကုန်ဆုံးလိုက်ရဘဲ အကုန် ဖွင့်ပြောလိုက်တော့သည်။
တယ်ဖေးညန်ညန် ပေးကမ်းသော ပစ္စည်းများကို ရောင်းချခဲ့ခြင်း၊ နိုင်ငံတော် ဘဏ္ဍာတိုက်နှင့် ကိုယ်ပိုင် ဘဏ္ဍာတိုက်မှ ပစ္စည်းများကို ဘယ်အချိန်က ခိုးယူခဲ့ခြင်း အပါအဝင် မေးသမျှ အကုန် ဖြေကြားခဲ့ပြီး ဘယ်အရွယ်တုန်းက ဘောင်းဘီထဲ ရှူးပေါက်ခဲ့လဲ ဆိုတာပါ ပြောပြလုနီးပါး ဖြစ်ခဲ့ရလေသည်။
နောက်တစ်နေ့တွင် ချူဟွားသည် ဖခင်နှင့်အတူ ညီလာခံ တက်ရောက်ခဲ့၏။ ဘဏ္ဍာရေးဝန်ကြီးကို မြင်လိုက်သော်လည်း နှုတ်ဆက်ချိန် မရလိုက်ဘဲ အလုပ်သမားဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်များ၏ ဝိုင်းဝန်း ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
ဘဏ္ဍာရေးဝန်ကြီး: "..." ရန်စခံရသလို ခံစားနေရတယ်။
ညီလာခံ မစတင်မီ ညီလာခံ ခန်းမ၏ လေထုသည် အနည်းငယ် တင်းမာနေပြီး လူတိုင်း စကားမမှားမိစေရန် သတိထားနေကြပုံ ရသည်။
ချူဟွားက systemကို ခေါက်လိုက်ရာ systemက မျှဝေခြင်းကို အလျင်အမြန် ဖွင့်ပေးလိုက်တော့သည်။
[ဘာဖြစ်လို့လဲ၊ သူတို့တွေ နိုင်ငံတော် ဘဏ္ဍာတိုက်နဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက် အခိုးခံရတာကို သိသွားကြပြီလား]
System: [တချို့က သိသွားပြီ]
မှူးမတ်များ: "..." အင်း၊ အခုတော့ အကုန် သိကုန်ကြပြီ။
ချူဟွား: [ဘယ်လို ဖြစ်တာလဲ၊ အရှင်မင်းကြီးက ဖုံးကွယ်ထားဖို့ အမိန့်ပေးထားတယ် မဟုတ်ဘူးလား]
System: [ဒါပေမဲ့ နန်းစောင့်တပ်သားတွေက လွီကျန့်ယဲ့အရှေ့မြောက်ပင်လယ်ပုလဲတွေ အများကြီး ခိုးရောင်းတာ တွေ့သွားတယ်လေ၊ နိုင်ငံတော် ဘဏ္ဍာတိုက်မှာ သူ ခိုးဖို့ ပုလဲ အဲဒီလောက် အများကြီးမှ မရှိတာ]
[အရှင်မင်းကြီးက ဉာဏ်ကောင်းစွာနဲ့ သူ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကို သွားစစ်ဆေးတယ်၊ ချန်ကျို့က အဲဒီမှာ နာရီပိုင်းလောက် ပုလဲ ရေနေတော့ သတင်း ပေါက်ကြားသွားတာပေါ့]
ရောက်လာသော အရှင်မင်းကြီးနှင့် ချန်ကျို့: "..."
သခင်နှင့် ကျွန် နှစ်ယောက်စလုံး ကြိတ်ပြီး သက်ပြင်းချလိုက်ကြလေသည်။ နန်းတွင်းထဲမှာ တကယ် လျှို့ဝှက်ချက် မရှိပါလား။
ချူဟွား: [ထုံအာရေ၊ လွီကျန့်ယဲ့က ပစ္စည်း ဘယ်လောက် ခိုးသွားတာလဲ]
Systemက စာရင်းရှည်ကြီး တစ်ခု ရွတ်ပြလိုက်လေသည်။ ဒီနှစ်တွေထဲ နိုင်ငံတော် ဘဏ္ဍာတိုက်က ခိုးထုတ်သွားတာတွေရော၊ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက် ပြုပြင်တုန်း ခိုးထုတ်သွားတာတွေရော...။
သူ တစ်ခု ရွတ်လိုက်တိုင်း ချန်ကျို့က စာရင်းထဲမှာ တစ်ခု အမှန်ခြစ်လိုက်သည်။ ဒီနှုန်းထားက သူတို့ ကိုယ်တိုင် နိုင်ငံတော် ဘဏ္ဍာတိုက်နဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကို ပြန်စစ်ဆေးတာထက် ပို မြန်ဆန်လေသည်။ ကျေးဇူးတင်ပါတယ် ထုံအာရေ။
ပြီးဆုံးသွားသောအခါ systemက သက်ပြင်းချလိုက်၏။ [ပြောရမယ် ဆိုရင် ဒီကောင်က သတ္တိ တော်တော် ကောင်းတာပဲ၊ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲက ပစ္စည်းတွေပါ ခိုးရဲတယ်]
ချူဟွားလဲ အလွန် သိချင်သွားသည်။ [သူက မမိဘူးလို့ ထင်နေတာလား]
System: [သူက ဒီနည်းလမ်းက သိပ်ကောင်းတယ်၊ သာမန်လူ မစဉ်းစားမိဘူး၊ နန်းစောင့်တပ်သားတွေလည်း မသိနိုင်ဘူးလို့ ထင်နေတာ]
မှူးမတ်များ: "..." စော်ကားခံလိုက်ရသလိုပဲ။
နန်းစောင့်တပ်သားများ: "..." ထပ်ပြီး စော်ကားခံလိုက်ရပြန်ပြီ။
ချူဟွား: [ဒါဆို သူက အခု...]
System: [သူက တယ်ဖေးညန်ညန် နည်းလမ်း ရှာလိမ့်မယ်၊ အပြစ်တွေ အကုန် ဝန်ခံလိုက်ရင်တောင် ကြောက်စရာ မရှိဘူးလို့ ထင်နေတာ]
ချူဟွား: ???
ချူဟွား: !!!
ဒီလူရဲ့ ဦးနှောက် လည်ပတ်ပုံကို တကယ် နားမလည်နိုင်တော့ဘူး။ [သူ့ ပိုက်ဆံအိတ်ထဲက ပစ္စည်း ခိုးတဲ့ သူခိုးကို အရှင်မင်းကြီးက ခွင့်လွှတ်လိမ့်မယ်လို့ သူ ဘာကို ကြည့်ပြီး ထင်နေတာလဲ]
[တယ်ဖေးညန်ညန်က သားတစ်ယောက် သမီးတစ်ယောက် မွေးထားလို့ နောက်ဆောင်မှာ နေရာအမြဲဆုံး ဖြစ်နေပြီး အရှင်မင်းကြီးက အဲဒါကို ထောက်ထားပြီး သူ့ကို သက်ညှာမယ်လို့ ထင်နေတာလား]
Systemက ရိုးသားစွာ ပြန်မေးလိုက်သည်။ [မဖြစ်နိုင်ဘူးလား] မဟုတ်ရင် လွီကျန့်ယဲ့ဘယ်ကနေ ဒီလောက် ယုံကြည်မှုနဲ့ သတ္တိ ရလာမှာလဲ။
ချူဟွားလဲ ခဏ တိတ်ဆိတ်သွားပြီး ဝန်ခံလိုက်ရသည်။ [တကယ် ဖြစ်နိုင်ခြေ ရှိတာပဲ]
အရှင်မင်းကြီးမှာ သားသမီး နည်းပါးပြီး တတိယမင်းသားကို ထည့်တွက်ရင်တောင် သား ၅ ယောက် သမီး ၃ ယောက်ပဲ ရှိတာ၊ တယ်ဖေးညန်ညန် တစ်ယောက်တည်းက ၄ ပုံ ၁ ပုံ မွေးထားတာ ဆိုတော့ နေရာက မတူဘူးလေ။
အရှင်မင်းကြီးက သူ့ သားသမီး နှစ်ယောက်မှာ ဒီလို အသုံးမကျတဲ့ ဦးလေးမျိုး ရှိနေတာကို လက်ခံချင်မှာ မဟုတ်ဘူး။
ချူဟွား: [အမှန်တရားက ဘယ်လိုပဲ ဖြစ်ဖြစ်၊ စတုတ္ထမင်းသားနဲ့ ဒုတိယမင်းသမီးအတွက် အရှင်မင်းကြီးက တခြား အကြောင်းပြချက်နဲ့ လွီကျန့်ယဲ့ကို အရေးယူလိမ့်မယ်]
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
ရှားရှားပါးပါး ချူဟွားက အရှင်မင်းကြီးရဲ့ စိတ်ကို မှန်အောင် ခန့်မှန်းနိုင်ပေမဲ့ အရှင်မင်းကြီးရော မှူးမတ်တွေပါ မပျော်ရွှင်ကြတော့ပါဘူး။
အရှင်မင်းကြီးက သားသမီး နှစ်ယောက်ကို ငဲ့ကွက်ပြီး သူ့ ပိုက်ဆံအိတ်ထဲက ပစ္စည်း ခိုးတဲ့ သူခိုးကို သက်သက်ညှာညှာ ကိုင်တွယ်ရမှာမို့လို့ အရမ်း စိတ်ဆင်းရဲနေတတာလေ။
မှူးမတ်တွေကတော့ တော်ဝင် ဆွေမျိုးတွေက အထူး အခွင့်အရေး ရတာပဲ၊ ဒီနေ့ တခြားသူသာ ဒီလို လုပ်ရင် ခေါင်းပြတ်နေလောက်ပြီလို့ တွေးနေကြလေရဲ့။
System: [ဒါဆို သူသာ နင် စစ်ဆေး တွေ့ရှိတာကို သိသွားရင် နင့်ကို လာလက်စားချေမလား]
ချူဟွား: [ဖြစ်နိုင်တယ်]
အရှင်မင်းကြီး: !!!
မှူးမတ်များ: !!!
ဒါ မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး။
အရှင်မင်းကြီးလည်း ချက်ချင်း အကြံ ပြောင်းလိုက်ရသည်။ အရေးယူတာက မဖြစ်မနေ ယူရမယ်၊ ဟန်ဆောင် ကောင်းတာလည်း လိုအပ်တယ်၊ ဒါပေမဲ့ လွီမိသားစုက ချူဟွားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာမျိုး လုံးဝ အဖြစ်ခံလို့ မရဘူး။
Systemက အလျင်အမြန် ပြောလိုက်၏။ [ငါ ဖရဲသီး တစ်လုံး ကြိုမှာထားလိုက်မယ်၊ သူ နင့်ကို အန္တရာယ် ပေးဖို့ ကြံရင် ငါ နင့်ကို ချက်ချင်း ပြောပြမယ်]
ချူဟွား: [ကောင်းပြီ]
System: [မမကြီးဟွား၊ ဒီမှာ နောက်ထပ် ဖရဲသီး တစ်လုံး ရှိသေးတယ်]
ချူဟွား: [ဘာလဲ]
System: [အရင်တုန်းက လက်ဝဲကွပ်ကဲရေးမှူး အမတ်ဝမ်က ငါးမျှားချိတ် အဖြောင့်နဲ့ ငါးမျှားတာ ရေမြွေ တစ်ကောင် ပါလာတဲ့ ကိစ္စ မှတ်မိလား၊ မြွေအလမ္ပါယ်ဆရာက ရေမြွေနဲ့ အရှေ့မြောက်ပင်လယ်ပုလဲ ခိုးတာလေ၊ အဲဒီ အရှေ့မြောက်ပင်လယ်ပုလဲ ခိုးတာ]
[ငါ ပြောပါတယ်၊ အရှေ့မြောက်ပင်လယ်ပုလဲ အများစုက တော်ဝင်မိသားစု သုံးတာလေ၊ ဘယ်လိုလုပ်ပြီး အပြင်မှာ ရောင်းစရာတွေ အများကြီး ရှိနေရတာလဲလို့၊ တကယ်တော့ လွီကျန့်ယဲ့က နိုင်ငံတော် ဘဏ္ဍာတိုက်နဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကနေ ခိုးထုတ်ပြီး သူများတွေကို ရောင်းခိုင်းတာကိုး]
[အဲဒါကြောင့် အဲဒီလူက အရှေ့မြောက်ပင်လယ်ပုလဲတွေ ခဏခဏ ပျောက်တာတောင် အမှု မတိုင်ရဲတာပေါ့၊ ဘယ် တိုင်ရဲမလဲ၊ တရားရုံးက အရှေ့မြောက်ပင်လယ်ပုလဲ ဘယ်က ရလဲ မေးရင် သူက ဒါ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲက ပစ္စည်းပါ၊ တရားဝင် ရထားတာပါလို့ ပြောလို့ ရမှာမှ မဟုတ်တာ]
ချူဟွား: [ခွီး၊ ဒါဆို အိမ်သာကျင်းထဲ ကျသွားတဲ့ အရှေ့မြောက်ပင်လယ်ပုလဲက အရှင်မင်းကြီးရဲ့ အမြတ်တနိုး သိမ်းဆည်းထားတဲ့ ပစ္စည်းပေါ့]
ခွိ။ မှူးမတ်များ ဝါးလုံးကွဲ ရယ်မိတော့သည်။
အား.... အရှင်မင်းကြီး၏ မျက်နှာတော်ကတော့ စိမ်းဖန့်သွားလေသည်။
...