အခန်း ၁၁၅
Vol. 8 Ch. 115
အပိုင်း (၁၁၅)
အန်းဝမ်၏ လုပ်ရပ်ကို မည်သူကများ မယုံနိုင်စရာဟု မပြောဘဲ နေနိုင်မည်နည်း။
ကြားဖူးသူတိုင်း လန့်ဖျပ်သွားကြပြီး မင်းဆရာအိုကြီးက အဆိုးရွားဆုံးပင်။
မင်းဆက်နှစ်ခုတိုင် ဖြတ်သန်းလာပြီး လေမုန်တိုင်းပေါင်း များစွာ ကြုံတွေ့ခဲ့ဖူးသော အဘိုးအိုကြီးသည် နေရာတွင်ပင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် စကားတစ်ခွန်းသာ ပြောနိုင်ခဲ့သည်။ "ထုံအာ၊ ကျေးဇူးတင်ပါတယ်"
ချူဟွားနှင့် system တို့ အန်းဝမ်အပေါ် သိချင်စိတ် ပြင်းပြပြီး ဖူကွေ့ လောင်းကစားရုံ ဖရဲသီးကို စားခဲ့၍သာ ညီလာခံသည် အန်းဝမ်ကို သည်လောက် မြန်မြန်ဆန်ဆန် ဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ထိုထက်ပိုသော မယုံနိုင်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်သည်။
ဥပမာ သာ့ရှန်း၏ တော်ဝင်တံဆိပ်တုံး ရှီးရုံလက်ထဲ ရောက်သွားပြီး တိုင်းပြည် သိက္ခာကျစေမည့် စာရွက်စာတမ်းများပေါ်တွင် တံဆိပ်ရိုက်နှိပ်လိုက်ခြင်းမျိုး။
ထိုအချိန်ရောက်လျှင် ရှီးရုံက ဒါသည် သာ့ရှန်း အရှင်မင်းကြီး ကတိပြုထားသည့်အရာ ဖြစ်ပြီး စာရွက်စာတမ်းပေါ်တွင် သာ့ရှန်း၏ တော်ဝင်တံဆိပ်တုံး ရိုက်နှိပ်ထားသဖြင့် ငြင်းပယ် မရသော သက်သေအထောက်အထား ဖြစ်သည်ဟု ပြောလာမည်။ သာ့ရှန်းကလည်း ထိုကဲ့သို့ စာချုပ်စာတမ်းမျိုး တစ်ခါမှ လက်မှတ်မထိုးဖူးကြောင်း ပြောမည်။ ထိုအခါ နှစ်ဖက် ငြင်းခုံကြတော့မည်။
ငြင်းခုံရသည်ကို နိုင်မနိုင် ခဏထား။ ထိုအရာ ပေါ်လာသည်နှင့် ပြည်သူလူထု၏ စိတ်ဓာတ် ယိမ်းယိုင်သွားမည် ဖြစ်ပြီး ညီလာခံ အတွင်းပိုင်းတွင်လည်း ပြိုကွဲသွားနိုင်သည်။
ထိုအခြေအနေကို တွေးလိုက်ရုံဖြင့် မင်းဆရာအိုကြီး တစ်ကိုယ်လုံး ထုံကျင်သွားသဖြင့် ယခု ကျေးဇူးတင်စကားသည် အလွန်အမင်း ရိုးသားစစ်မှန်နေခြင်း ဖြစ်သည်။
System က ပျော်ရွှင်စွာ လက်ခံလိုက်သည်။ [ရပါတယ်~]
system အူကြောင်ကြောင်လေးသည် စက်ရုံမှ ထွက်လာကတည်းက သည်လောက် လေးနက်သော ကျေးဇူးတင်စကားမျိုး တစ်ခါမှ မကြားဖူးခဲ့ပေ။ ဖရဲသီးစားရုံဖြင့် ကောင်းမှုကုသိုလ်ကြီး တစ်ခု လုပ်လိုက်ရသလို ခံစားနေရပြီး စိတ်လှုပ်ရှားမှု အရှိန် မသေသေးဘဲ ညဘက် ရှန်လုနှင့် တွေ့သည့်အထိ အရှိန်ကျမသွားသေးပေ။
[ရှန်လု အလှလေးရေ၊ နင့်ကို ပြောပြရဦးမယ်...] ပေါက်ပေါက်ဖောက်သလို ပြောရင်း ယနေ့ နေ့လယ်က စားခဲ့သော ဖရဲသီးကို နောက်တစ်ကြိမ် ပြောပြပြန်သည်။
ရှန်လုသည် မူလက system ၏ ခေါ်ဝေါ်ပုံနှင့် ပတ်သက်ပြီး ပြောဆိုချင်သော်လည်း အန်းဝမ် နဂါးဝတ်စုံ၊ နဂါးပလ္လင်နှင့် တော်ဝင်တံဆိပ်တုံး လုပ်သည့် ဖရဲသီးကြောင့် အံ့ဩသွားပြီး နောက်ပိုင်းတွင် တော်ဝင်တံဆိပ်တုံးကို အိမ်သာထဲ ဝှက်ထားသည်ဟူသော ဖရဲသီးကြောင့် စကားပြောချင်စိတ် ပေါက်သွားလေသည်။
"နန်းစောင့်တပ်ရဲ့ စွမ်းရည်နဲ့ ဘာလို့ ရှာမတွေ့တာလဲ"
ချူအိမ်တော်တွင် ရှိစဉ်က တော်ဝင်တံဆိပ်တုံး အိမ်သာထဲ ဝှက်ထားသည့် ကိစ္စက လူကို ထိတ်လန့်စေလွန်းပြီး ဆက်ပြောလျှင် မင်းဆရာအိုကြီး ခံနိုင်ရည် ရှိမည် မဟုတ်ဟု စိုးရိမ်သဖြင့် ဖရဲသီးစားခြင်းကို ရပ်တန့်ခဲ့ရသည်။
ရှန်လုဆီ ရောက်မှသာ ချူဟွားတစ်ယောက် စကားစမြည် ပြောနိုင်သည်။
"ကြားရတဲ့ သတင်းတွေအရဆို လင်မယားနှစ်ယောက် ညဉ့်နက်သန်းခေါင် စကားပြောတာကိုတောင် နန်းစောင့်တပ်က သိနိုင်တယ် ဆိုတော့ ပြည်သူတွေက နန်းစောင့်တပ် မကောင်းကြောင်း လုံးဝ မပြောရဲကြဘူး၊ တကယ် ပြောချင်ရင်တောင် အစားထိုး စကားလုံးတွေပဲ သုံးကြတယ်"
ကျားယီနှင့် ချိုက်ကန်း: "..."
ဒါဆို ခင်ဗျားတို့ စိတ်ထဲမှာ နန်းစောင့်တပ်က ဘယ်လောက်တောင် အလုပ်မရှိ ဖြစ်နေလို့လဲ။ တစ်နေ့တစ်နေ့ အလုပ်မလုပ်ဘဲ လင်မယားတွေ အိပ်ရာအောက် ဝင်ပုန်းပြီး ခိုးနားထောင်နေတယ်လို့ ထင်နေတာလား။
ရှန်လုသည် ညီလာခံသို့ မဝင်၊ နန်းစောင့်တပ်နှင့်လည်း မပတ်သက်၊ အများဆုံး တွေ့ဖူးသော နန်းစောင့်တပ်သားများမှာ နေ့တိုင်း ချူဟွားနား နေသော ကျားယီနှင့် ချိုက်ကန်းသာ ဖြစ်ပြီး နန်းစောင့်တပ်က နေ့စဉ် ဘာလုပ်သည်ကို အမှန်တကယ် မသိရှိပေ။
သူ သိသလောက်ဆိုလျှင် ကျားယီနှင့် ချိုက်ကန်းက ချူဟွားကို လာသတ်သည့် လူသတ်သမားများကို စစ်ဆေးမေးမြန်း သတ်ဖြတ်ခြင်း၊ ချူဟွားနှင့် system ဖရဲသီးစားသည်ကို ခိုးနားထောင်ခြင်း၊ အရှင်မင်းကြီးထံ တိုင်တောခြင်းများ လုပ်ဆောင်သည်။
တွက်ကြည့်လိုက်လျှင် ဘာမှ အရေးကြီးသော ကိစ္စ မဟုတ်ပေ။
ရှန်လု: "ငါက အပြင် သိပ်မထွက်တော့ မြို့တော်က ပြည်သူတွေ နန်းစောင့်တပ် နာမည် ကြားတာနဲ့ မျက်နှာပျက်ကြတယ် ဆိုတာပဲ သိတယ်၊ သူတို့ကို ညီလာခံရဲ့ လက်ပါးစေလို့ ဆဲကြတယ်၊ လက်ပါးစေ ဆိုတဲ့ စကားလုံးကို နန်းစောင့်တပ် ကိုယ်စားပြု အနေနဲ့ သုံးကြတယ်"
ခေတ်သစ်က အိမ်တွင်းပုန်းများသည် အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက် ရယူနိုင်သော်လည်း ရှေးခေတ် အိမ်တွင်းပုန်းများ ဖြစ်သော ရှန်လုနှင့် ချူဟွားတို့ကတော့ အပြင်မထွက်၊ မဆက်ဆံသဖြင့် သတင်းအလွန် နောက်ကျလေသည်။
ချူဟွား: "ကြားတာတော့ နန်းစောင့်တပ်က အကျင့်ပျက် အရာရှိတွေအိမ်ကို ဝင်မွှေရင် ကြမ်းခင်းတွေကို တစ်ချပ်ချင်း လှန်တယ်တဲ့၊ မြေကြီးကို သုံးပေအနက်ထိ တူးတယ်တဲ့၊ ဒါကြောင့် ဘာလို့ တော်ဝင်တံဆိပ်တုံးကို အိမ်သာထဲမှာ ရှာမတွေ့တာလဲ ဆိုတာ နားမလည်ဘူး၊ ဟို ပုလဲလုံးလိုမျိုး အိမ်သာကျင်းထဲ ကျသွားတာတော့ မဟုတ်လောက်ပါဘူး..."
ထိုအကြောင်း ပြောမိသည်နှင့် ချူဟွားနှင့် ရှန်လုတို့ ပြိုင်တူ တွေးမိလိုက်သည်။ တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့ရင် နန်းစောင့်တပ် ရှာမတွေ့တာ မဆန်းပါဘူး။
ညီလာခံ လက်ပါးစေ၊ တန်ခိုးရှင် ဖြစ်ပါစေဦး၊ အိမ်သာကျင်းထဲထိတော့ သွားမဆယ်လောက်ပါဘူး။
ကျားယီနှင့် ချိုက်ကန်း၏ မျက်နှာများမှာ အရောင် အမျိုးမျိုး ပြောင်းနေလေသည်။ ဒီလောက်ထိ ပေါက်ကရ ပြောနေတာကို သူတို့ ဝင်ရှင်းပြသင့် မသင့် မသိတော့ပေ။
ကျားယီက မျက်ရိပ်ပြလိုက်သည်။ ဝင်ပြောမလား။
ချိုက်ကန်းက အကြီးအကျယ် ခေါင်းခါပြသည်။ သခင်မလေးချူက နန်းစောင့်တပ်က အိမ်သာကျင်းထဲထိ သွားမွှေလားလို့ မေးလာရင် မင်း ဘယ်လို ဖြေမလဲ။
ကျားယီက မသိမသာ မိုးပေါ် မော့ကြည့်လိုက်သည်။ ဪ။ ဒီည ကြယ်တွေ သာလိုက်တာ။
Systemက ချူဟွားနှင့် ရှန်လုတို့ မျက်ရိပ်ပြနေသည်ကို နားမလည်သော်လည်း သူတို့နှစ်ယောက် သူ့ကွယ်ရာမှာ တိတ်တဆိတ် တစ်ခုခု လုပ်နေသည်ဟု ခံစားနေရသည်။
ဖယ်ကျဉ်ခံရသော systemက မပျော်မရွှင် ဖြစ်သွားပြီး တော်ဝင်တံဆိပ်တုံး ဖရဲသီး၏ ဒုတိယပိုင်းကို ပြောပြလိုက်လေသည်။ [အန်းဝမ်က အဲဒီလောက် ယုတ်မာတဲ့ ကိစ္စတွေ လုပ်ခဲ့မှန်း ညီလာခံက သိထားတာ၊ အန်းဝမ် အိမ်တော်ကို ပြောင်သလင်းခါအောင် မရှာဘဲ နေမလား]
[ကျိုးပြည်နယ်ရဲ့ အခွန်ငွေတွေက အန်းဝမ် အိတ်ကပ်ထဲ ရောက်သွားတာ၊ သူ ဘယ်လောက် သုံးသုံး ကုန်မှာ မဟုတ်ဘူး၊ နန်းစောင့်တပ်က အန်းဝမ် အိမ်တော်က အခန်းတိုင်း၊ နံရံတိုင်းကို စစ်ဆေးခဲ့တယ်၊ အထဲမှာ ရတနာတွေ ဝှက်ထားမလားလို့လေ]
[အန်းဝမ် အိမ်တော်ထဲက ကြာကန်ကိုတောင် ရေစုပ်ထုတ်ပြီး ရွှံ့ထဲမှာ ပစ္စည်း မြှုပ်ထားသလား ရှာကြတာ]
ချူဟွားက စောစောက ပုံကြီးချဲ့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းသော အိမ်တော်ကြီးကို ကြမ်းခင်းလှန်၊ မြေကြီး သုံးပေတူးပြီး ရှာဖွေရသည်မှာ မည်မျှ ဒုက္ခရောက်မည်ကို လူတိုင်း သိကြသည်။ သို့သော် နန်းစောင့်တပ်က တကယ် လုပ်ဆောင်ခဲ့လေသည်။
သည်လို အသေးစိတ် ရှာဖွေမှုမျိုးဆိုလျှင် နှစ်လမက ကြာမြင့်မည်မှာ သေချာသည်။
အန်းဝမ် အဖမ်းခံရပြီး ၇ လ၊ ၈ လ ကြာမှ အမိန့်ချမှတ်နိုင်ခြင်းမှာ မဆန်းတော့ပေ။
ချူဟွားက ရှန်လုကို ကြည့်ပြီး မျက်လုံးထဲတွင် လေးစားအားကျမှုများ အထင်းသား ပေါ်နေ၏။ အိမ်မွှေတာတော့ နန်းစောင့်တပ်က ဆရာကြီးပဲ။
ရှန်လု ကိုယ်တိုင် သတိမထားမိလိုက်သော်လည်း သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ သေးငယ်သော မျဉ်းကွေးလေး ဖြစ်သော်လည်း သူ တကယ် ပြုံးလိုက်ခြင်းပင်။
အလှလေး ပြုံးလိုက်သည်နှင့် အခန်းတစ်ခုလုံး လင်းထိန်သွားသည်။
ချူဟွားက ဂရုမစိုက်တော့ပေ။ [ဒါဆို ရွှံ့ထဲမှာ ပစ္စည်း ရှိလား]
အလှလေးက ဖရဲသီးလောက် စားမကောင်းဘူးလေ။
System: [ရှိတာပေါ့၊ ကျောက်စိမ်းပြားတို့၊ ပုလဲတို့ သေတ္တာကြီး တစ်လုံးစာ ရတယ်]
[နန်းစောင့်တပ်က အစတုန်းက အန်းဝမ်က ပစ္စည်းတွေကို မသိသာတဲ့ နေရာမှာ ဝှက်ထားတယ်၊ လူမသိစေချင်ဘူးလို့ ထင်တာ၊ ဒါပေမဲ့ ဒီပစ္စည်းတွေက ရှာတွေ့လွယ်တဲ့ နေရာမှာ မရှိဘူး၊ နေရာအနှံ့ ပြန့်ကျဲနေတာ၊ အနီးအဝေး အကုန် ရှိတယ်၊ ဝှက်ထားတာနဲ့ မတူဘဲ ကြာကန်ထဲ လွှင့်ပစ်ထားတာနဲ့ ပိုတူတယ်]
[နောက်ပိုင်း အန်းဝမ် အိမ်တော်က အစေခံတွေ ဝန်ခံတော့မှ သိရတာ၊ အန်းဝမ်နဲ့ သူ့မိန်းမ စိတ်မကြည်ရင် ပစ္စည်း ပေါက်ခွဲတတ်တယ်၊ ပုလဲတွေ၊ ကျောက်စိမ်းပြားတွေကို ကျောက်ခဲလို သဘောထားပြီး ကြာကန်ထဲ ရေဝဲ ဂုံးဆင်း လုပ်တမ်း ကစားကြတာတဲ့]
ချူဟွား: "..."
ရှန်လု: "..."
အရှင်မင်းကြီးတောင် ပုလဲကို ကစားစရာ လုပ်ရဲတာ မဟုတ်ဘူး၊ အန်းဝမ်ကတော့ ပုလဲကို ကျောက်ခဲလို ပစ်ကစားတယ်၊ တကယ် ချမ်းသာလွန်းလို့ ဆီတွေ ရွှဲနေတာပဲ။
ချူဟွား ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ညည်းတွားလိုက်မိသည်။ "ညီလာခံက အန်းဝမ်ကို ဖမ်းဖို့ စောစောစီးစီး ဆုံးဖြတ်ခဲ့ရင် ဘဏ္ဍာတိုက်က ဒီလောက် နှစ်ရှည်လများ မွဲပြာကျနေမှာ မဟုတ်ဘူး"
System စကားပြောရန် ပြင်လိုက်စဉ် ရှန်လုက ဦးအောင် ပြောလိုက်လေသည်။ "ကျိုးပြည်နယ်ရဲ့ အခွန်ငွေတွေ မရောက်လာလို့ ဘဏ္ဍာတိုက် ကျပ်တည်းနေတာ ဖြစ်နိုင်တယ်လေ"
ကျိုးပြည်နယ်သည် တောင်ပိုင်းတွင် အချမ်းသာဆုံး ဖြစ်ပြီး တစ်နယ်တည်းနှင့် ၃၊ ၄ နယ်စာ ရှိသဖြင့် နိုင်ငံတော် အခွန်ငွေတွင် ကြီးမားသော အစိတ်အပိုင်း ပါဝင်နေသည်။
Systemက သတိပေးလိုက်၏။ [နင်တို့ မေ့နေကြပြီလား။ အန်းဝမ်ရဲ့ ပိုက်ဆံက ဒေသတွင်း အခွန်ကနေ အဓိက ရတာ မဟုတ်ဘူး၊ နေရာအနှံ့က လောင်းကစားရုံတွေက ရတဲ့ ပိုက်ဆံ၊ ရှီးရုံက ပို့ပေးတဲ့ ပိုက်ဆံနဲ့ ဒေသခံ ပြည်သူတွေဆီက ညှစ်ယူထားတဲ့ ပိုက်ဆံတွေလေ]
[ညီလာခံက အိမ်ဝင်မွှေတာ စောသွားရင် အန်းဝမ် အိမ်တော်မှာ ဒီလောက် ပစ္စည်းတွေ ရှိချင်မှ ရှိမှာ၊ ဒီနှစ်ပိုင်း ရှီးရုံက သာ့ရှန်း ညီလာခံနဲ့ အန်းဝမ်ကို ရန်တိုက်ပေးပြီး ပြည်တွင်းစစ် ဖြစ်စေချင်လို့ အရင်းအနှီး ကြီးကြီးမားမား ထုတ်သုံးထားတာ]
ချူဟွား: "ပြန်ယူနိုင်ရင် ပြီးတာပါပဲ၊ အန်းဝမ် ဆိုတဲ့ အဆိပ်အတောက်ကို ဖယ်ရှားလိုက်ရင် ကျိုးပြည်နယ်ဘက်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမှာပါ"
အန်းဝမ် ပိုင်နက် ဖြစ်နေသည့် နှစ်များအတွင်း ပြည်သူများ ခံစားခဲ့ရသော ဒုက္ခဆင်းရဲများကိုတော့ အန်းဝမ်၏ သေဆုံးမှုနှင့် အချိန်ကသာ ဖြည်းဖြည်းချင်း ကုစားပေးနိုင်တော့မည်။
Systemက ယခင် ဖရဲသီးကို ပြန်ဆက်သည်။ [စောစောက ကြာကန်အကြောင်း ပြောနေတာ၊ ရတနာတွေ အဲဒီလောက် အများကြီး ကြာကန်ထဲ ကျနေမှတော့ ဆင်းကောက်တဲ့လူ ရှိမှာပေါ့]
[အန်းဝမ် သိသွားတော့ မတားတဲ့အပြင် ပြိုင်ပွဲတစ်ခု လုပ်တယ်၊ ဆောင်းရာသီ ကြာကန် ရေခဲနေတဲ့အချိန် အောက်ဆင်းပြီး ကောက်ခိုင်းတယ်၊ အချိန်ကို သူ သတ်မှတ်တယ်၊ သူ မပြောခင် တစ်ယောက်ယောက် ရေပေါ် တက်လာရင် တုတ်နဲ့ ရိုက်ချတယ်]
[အန်းဝမ် သတ်မှတ်ထားတဲ့အတိုင်း ဆောင်းရာသီ ရေခဲနေတဲ့ ကြာကန်ထဲမှာ ၃ မိနစ်လောက် အသက်အောင့်နိုင်ရင်၊ အဲဒီအချိန်အတွင်း ရှာတွေ့သမျှ ရတနာတွေကို ယူသွားလို့ ရတယ်၊ ဒီအချက်ကို အန်းဝမ်က ကတိတည်တယ်၊ ဒါကြောင့် အစေခံတွေ အများကြီးကလည်း အသက်အောင့်တာ တိတ်တဆိတ် လေ့ကျင့်ကြတယ်]
ချူဟွားနှင့် ရှန်လုတို့သည် ဆောင်းရာသီ ရေကန်ထဲ ပြုတ်ကျပြီး သေလုမြောပါး ဖြစ်ခဲ့ဖူးသဖြင့် သေဘေးမှ လွတ်လာသော်လည်း နောက်ဆက်တွဲ ဝေဒနာများကို အချိန်အကြာကြီး ကုသခဲ့ရသည်။ ထို့ကြောင့် လူတချို့က ဤအရာကို အပျော်အပါးအဖြစ် သတ်မှတ်ခြင်းကို သူတို့ လုံးဝ နားမလည်နိုင်ကြပေ။
လူ့အသက်သည် အန်းဝမ် မျက်လုံးထဲတွင် အပျော်ရှာစရာ ကိရိယာ တစ်ခုသာ ဖြစ်နေသည်။
ဖြစ်နိုင်သည်မှာ သူ့မျက်လုံးထဲတွင် သာ့ရှန်းနှင့် အရှင်မင်းကြီးအတွက် အထူး အဓိပ္ပာယ် ရှိသော တော်ဝင်တံဆိပ်တုံးသည်လည်း ကစားစရာ တစ်ခုသာ ဖြစ်ပေလိမ့်မည်။
System ပြောနေစဉ် ချူဟွား စမ်းသပ်ကြည့်လိုက်သည်။ သူမလက်ထဲတွင် အချိန်မှတ်နာရီ မရှိသဖြင့် နှလုံးခုန်သံကို အခြေခံပြီး ရေတွက်ကြည့်လိုက်သည်။
"ငါ စမ်းကြည့်တာ မိနစ်ဝက်လောက်ပဲ အောင့်နိုင်တယ်၊ အထူးတလည် လေ့ကျင့်ထားရင် တစ်မိနစ်၊ နှစ်မိနစ်လောက် ရနိုင်မယ်၊ အနှုတ် ဒီဂရီ ရှိတဲ့ ရေထဲမှာ ၃ မိနစ် အသက်အောင့်ပြီး ရွှံ့ထဲမှာ ပစ္စည်း ရှာရတာက အသက်အန္တရာယ် အရမ်း များတယ်"
လှုပ်ရှားမှု များခြင်းနှင့် ထိတ်လန့်ခြင်းတို့က အောက်ဆီဂျင်ကို ပိုမို ကုန်ဆုံးစေပြီး အသက်အောင့်နိုင်သည့် အချိန်ကို လျော့နည်းစေသည်။
System၏ အဖြေက ထိုအချက်ကို အတည်ပြုပေးသည်။ [ဟုတ်တယ်၊ အန်းဝမ်က တကယ် လွန်တယ်]
[သူက အစတုန်းက တစ်မိနစ်ပဲ သတ်မှတ်တာ၊ နောက်ပိုင်း ကြာကန်ထဲကနေ ရတနာ ဆယ်နိုင်တဲ့သူ များလာတော့ အချိန် တိုးတိုးလာတယ်၊ ကြိုမပြောဘဲ ပြိုင်ပွဲ ယှဉ်ပြိုင်နေတုန်း ရုတ်တရက် ပြောင်းလဲတာ၊ အစေခံ တချို့က တစ်မိနစ် ပြည့်ပြီ ဆိုပြီး တက်လာတော့ သူက တုတ်နဲ့ ရိုက်ချတယ်]
[ရုတ်တရက် မတော်တဆ ဖြစ်ပြီး လူအများကြီး ကြောက်လန့်တကြားနဲ့ ရေမွန်းကုန်တယ်၊ တုတ်နဲ့ ရိုက်ခံရလို့ မေ့သွားတဲ့လူတွေလည်း ရှိတယ်၊ အန်းဝမ်က ဆင်းကယ်ခွင့် မပေးဘူး၊ ဒီလူတွေ ရေမွန်းပြီး သေသွားတာကို မျက်စိဖွင့် ကြည့်နေတယ်၊ သူ ပြောတာက "ငါ့ပစ္စည်းက ဘယ်သူမဆို ယူလို့ရတာ မဟုတ်ဘူး၊ ယူချင်ရင် အသက်ပေးဖို့ ပြင်ထား" တဲ့]
[သူက လူခေါင်းကို တုတ်နဲ့ ရိုက်တာကို မြေကြွက် ရိုက်ရသလို ပျော်ရွှင်နေတတ်တယ်၊ အချိန် ပြည့်ပြည့် မပြည့်ပြည့် ရေထဲက ခေါင်းထွက်လာတာနဲ့ တုတ်နဲ့ ရိုက်တာပဲ၊ လူတွေ အကုန် သေသွားတဲ့အထိ၊ ဒါမှမဟုတ် သူ ကစားလို့ ဝသွားတဲ့အထိပဲ]
အန်းဝမ်၏ လုပ်ရပ်က နန်းစောင့်တပ်မှ ထွက်လာသော ကျားယီနှင့် ချိုက်ကန်းတို့ကိုပင် ကြောက်ရွံ့သွားစေသည်။
အန်းဝမ်၏ စရိုက်နှင့် ဒီကိစ္စ တစ်ခုတည်း ရှိမည်ဟု ချူဟွား မယုံကြည်ပေ။ "တခြား ရှိသေးလား"
Systemက သခင်ဖြစ်သူသည် မြေခွေးအိုကြီးများ၏ သင်ကြားမှုအောက်တွင် တိုးတက်လာပြီဟု သံသယ ဝင်မိသည်။ သည်လို ကိစ္စမျိုး ကြားရသည့်တိုင် ဒေါသကို ထုတ်မပြတော့ပေ။
ဒါမှမဟုတ် အန်းဝမ်က ဘယ်လိုလူလဲ ဆိုတာ စောစောကတည်းက သိထားလို့ မအံ့ဩတော့တာများလား။
[သူက အစေခံတွေ ခေါင်းပေါ် သစ်သီး တင်ခိုင်းပြီး သူနဲ့ တခြားလူတွေက မြားနဲ့ ပစ်ကြတယ်၊ သစ်သီးကို ထိရင် အစေခံက ငွေတစ်ကျပ် ရမယ်၊ သစ်သီးကို မထိဘဲ လူကို ထိရင် ရွှေတစ်ဆယ်သား ရမယ်]
ရှန်လု၏ မျက်နှာက တည်သွားသည်။ "ဒါက အသက်ဝယ်တာပဲ"
တံခါးစောင့်နေသော ကျားယီနှင့် ချိုက်ကန်း တစ်ကိုယ်လုံး အေးစက်သွားကြ၏။ နောက်ထပ် ပိုကြောက်စရာ ကောင်းသော ကိစ္စများ ကြားရတော့မည်ဟု သူတို့ သေချာသိနေသည်။
System: [ရွှေတစ်ဆယ်သား ဆိုတာ ငွေတစ်ရာနဲ့ ညီမျှတယ်၊ အဆတစ်ရာ ကွာခြားမှုက အရမ်း ကြီးတယ်၊ ဒီပမာဏကို သတ်မှတ်ကတည်းက မရိုးသားဘူး၊ စွန့်စားစေချင်လို့ လုပ်တာပဲ]
[သာမန်လူဆိုရင် ဒီလို အန္တရာယ်များတဲ့ ကစားပွဲကို ကစားမှာ မဟုတ်ဘူး၊ တချို့ ကစားချင်တဲ့လူတွေကလည်း မြားထိပ်က သံတွေကို ဖြုတ်ပစ်ကြတယ်၊ ဖယောင်းတပ်တာ၊ အဝတ်နဲ့ ပတ်တာတွေ လုပ်ပြီး ထိခိုက်မှု နည်းအောင် လုပ်ကြတယ်၊ အန်းဝမ်တို့က မြားအစစ် သုံးတာ]
[အစေခံ တချို့က အိမ်မှာ ဆင်းရဲတယ်၊ မိသားစုဝင်တွေ နေမကောင်းဖြစ်လို့ သမားတော်ခေါ်ဖို့ ပိုက်ဆံ မရှိဘူး၊ ဒါမှမဟုတ် မောင်နှမတွေ များလွန်းလို့ မကျွေးနိုင်ဘူး၊ ကိုယ့်အသက် တစ်ချောင်းက အလကားပဲ၊ ကိုယ်တစ်ယောက် သေသွားရင် တစ်မိသားစုလုံး အသက်ရှင်ရမယ် ဆိုပြီး တန်တယ်လို့ တွေးကြတယ်၊ အန်းဝမ်တို့ မြားပစ်ခါနီး လှုပ်လိုက်ကြတယ်]
[ခေါင်းပေါ် သစ်သီးတင်ထားတာ၊ နည်းနည်းလေး လွဲသွားတာနဲ့ မျက်နှာ ဒါမှမဟုတ် မျက်လုံးကို ထိပြီး သွားပြီ၊ ထိအောင် ပစ်ဖို့ဆိုတာ ကျွမ်းကျင်မှု အရမ်း လိုတယ်၊ အစေခံက လှုပ်လိုက်တာနဲ့ အသက် ပျောက်သွားတာပဲ၊ ရွှေတစ်ဆယ်သားက အိမ်ကို ရောက်သွားတယ်]
[အန်းဝမ်က ပိုက်ဆံ တကယ် ပေးတာ မြင်တော့၊ အစေခံတွေ တမင် အသေခံတာကို အပြစ်မယူတဲ့အပြင် သေခါနီး တုန်ရီ ကြောက်လန့်နေတာတွေကို ကြည့်ပြီး ဟားတိုက် ရယ်မောနေတော့ တခြား အစေခံတွေက အတုခိုးကြတယ်၊ အဲဒီအချိန်တုန်းက အန်းဝမ် အိမ်တော်ကနေ နေ့တိုင်း အလောင်းတွေ အများကြီး သယ်ထုတ်သွားရတယ်]
ရှန်အိမ်တော် တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ရှန်လု၏ အစေခံလေးသည် ကြောက်လန့်ပြီး တံခါးပေါက်မှ ပြေးထွက်သွားသည်။ ဒီလောက် ကြောက်စရာ ကောင်းသော ဖရဲသီးကို သူ ဆက်နားမထောင်ချင်တော့ပေ။ အိပ်မက်ဆိုး မက်လိမ့်မည်။
ချူဟွားသည် အမှုစစ်သော ဖရဲသီးများကို နှစ်လကျော်ကြာ စားခဲ့ပြီး အာဏာနှင့် အကျိုးစီးပွားအတွက် ကျူးလွန်သော ပြစ်မှုများကို မြင်တွေ့ခဲ့ရသဖြင့် လူသားတို့၏ ယုတ်မာမှုကို နက်နက်နဲနဲ နားလည်ထားပြီဟု ထင်ခဲ့သော်လည်း သည်လို ယုတ်မာမှုကို ထပ်မံ တွေ့ရှိရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယခင်မင်းကြီး၏ အချစ်တော်၊ လိုတရ၊ တော်ဝင်တံဆိပ်တုံးကိုပင် ကစားစရာ လုပ်နိုင်သော မင်းသားတစ်ပါးသည် မည်သို့သော အရာများ ကြုံတွေ့ခဲ့ရ၍ ယခုလို ဖြစ်သွားသနည်း ဆိုသည်ကို သူမ မသိသလို စိတ်လည်း မဝင်စားပေ။
သူမ သိသည်မှာ ထိုကဲ့သို့ လူမျိုးသည် ဥပဒေ၏ အပြစ်ပေးမှုမှ လွတ်မြောက်၍ မရကြောင်းပင်။
အန်းဝမ်သည် လူ့အသက်ကို အပျော်ရှာစရာ ကစားစရာအဖြစ် သဘောထားသည်။ ပိုကြောက်စရာ ကောင်းသည်မှာ အန်းဝမ်၏ ကစားပွဲထဲ ဝင်ရောက်လာသူများသည် မိမိအသက်ကို ဂရုမစိုက်ကြခြင်းပင်။
သူတို့ မျက်လုံးထဲတွင် သူတို့၏ အသက်သည် ငွေတစ်ရာသာ တန်ကြေးရှိကြလေသည်။
...