← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အပိုင်း (၃)

အလုပ်သမားဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခမ်းအနားဝန်ကြီးဌာနတို့မှ ဝန်ကြီးသုံးပါးသည် အရှင်မင်းကြီးထံ အသီးသီး အစီရင်ခံကြပြီး ဘဏ္ဍာတိုက်၏ ဆင်းရဲနွမ်းပါးမှုကို ငိုညည်းပြကြရာတွင် လက်တွေ့ကျသော အကြောင်းပြချက်များနှင့် ဘက်လိုက်သော အကြောင်းပြချက်များ နှစ်မျိုးလုံး ပါဝင်လေသည်။

လက်တွေ့ကျကျပြောရလျှင် - တိုင်းပြည်ဘဏ္ဍာတိုက်အတွက် အကြီးမားဆုံးသော ဝင်ငွေမှာ တော်ဝင်ဆား၊ တော်ဝင်သံကဲ့သို့သော နန်းတော်မှ တစ်ဦးတည်း ချုပ်ကိုင်ထားသည့် စီးပွားရေးလုပ်ငန်းများနှင့် မြေခွန်၊ လူခွန်၊ ကုန်သွယ်ခွန်ကဲ့သို့သော အခွန်အမျိုးမျိုးတို့ ဖြစ်သည်။ ဝင်ငွေမှာ မနည်းလှပေ။

သို့သော် လတ်တလောနှစ်များအတွင်း သဘာဝဘေးအန္တရာယ်များနှင့် စစ်ဘေးစစ်ဒဏ်များကြောင့် တိုင်းပြည်ဘဏ္ဍာတိုက်တွင် ပိုလျှံငွေ များများစားစား မရှိခဲ့ချေ။ ထို့အပြင် ယခုနှစ်တွင် ကပ်ဘေးကယ်ဆယ်ရေးနှင့် အကျင့်ပျက်ခြစားမှုများကြောင့် ငွေသားခြောက်သန်းထက်မနည်း ကုန်ကျခဲ့ရာ အခြေအနေမှာ ရုတ်တရက် ပိုမိုကျပ်တည်းသွားခဲ့ရသည်။

တစ်ကိုယ်စာ အတွေးဖြင့်ပြောရလျှင်တော့ သူတို့သည် ဆင်းရဲကြောင်း ငိုပြခြင်းဖြင့် ချူဟွားနှင့် system ၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုကြသည်။ တစ်ဦးချင်း စကားပြောဆိုမှုမှတစ်ဆင့် ယခင်မင်းဆက်၏ ရတနာသိုက်တည်နေရာကို အရိပ်အမြွက်သိရှိနိုင်ပြီး တိုင်းပြည်ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန်အတွက် အမြန်ဆုံး တူးဖော်နိုင်ရန် ရည်ရွယ်သည်။

သို့သော်ငြား မျှော်လင့်မထားဘဲ သူတို့၏ ဆွေးနွေးတိုင်ပင်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများ ရှိပါသော်လည်း system သည် သူတို့စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်မလာခဲ့ပေ။

ချူဟွား: [ဘဏ္ဍာတိုက်က ဆင်းရဲနေတာ လူတိုင်းသိပြီးသားပဲ၊ အဲဒီအကြောင်း လောလောဆယ် မပြောသေးဘူး]

အရှင်မင်းကြီး: ???

မှူးမတ်များ: ???

ဘာလို့လဲ။ ဘာလို့ အခု မပြောရတာလဲ။

စိတ်မရှည်လက်မရှည် ဖြစ်လာကြသည့် အရပ်ဘက်မှူးမတ်အချို့နှင့် စစ်ဘက်အရာရှိအချို့တို့သည် စကားလမ်းကြောင်းကို ပြန်လွှဲရန်အတွက် စကားမပြောဘဲ မနေနိုင်တော့ချေ။

ထိုစဉ်မှာပင် သူတို့သည် ချူဟွား၏ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သော မေးခွန်းကို ကြားလိုက်ရသည်။

[အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှာ ပိုက်ဆံမရှိတော့ဘူးလား]

မှူးမတ်များ: ဟင်

ထိုကိစ္စမှာ ထင်သလောက် အရေးမကြီးသေးဟု ထင်ရသည်။ သူမ အေးအေးဆေးဆေး အချိန်ယူနိုင်သေးသည်။

အရှင်မင်းကြီးသည် ပလ္လင်ထက်တွင် ထိုင်နေရင်း အောက်ဘက်ရှိ အရပ်ဘက်နှင့် စစ်ဘက်မှူးမတ်များ၏ မျက်နှာအမူအရာများနှင့် လှုပ်ရှားမှုငယ်များကို ရှုစားနေလေသည်။ အထူးသဖြင့် "လောလောဆယ် မပြောသေးဘူး" ဟု ကြားလိုက်ရချိန်က သူတို့၏ စိုးရိမ်ပူပန်မှုနှင့် "ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှာ ပိုက်ဆံမရှိတော့ဘူးလား" ဟု ကြားလိုက်ရချိန်က သူတို့၏ စိတ်ဝင်တစားဖြစ်သွားပုံတို့ကို သတိပြုမိနေသည်။

ဒီလူတွေက သာ့ရှန်းမင်းဆက်ရဲ့ သစ္စာခံမှူးမတ်တွေလေ။ သူတို့တစ်ဦးချင်းစီတိုင်းက သူ့အရှက်ရပုံကို မြင်ချင်နေကြတယ်တဲ့။

Systemသည် ချက်ချင်းပြန်မဖြေဘဲ အဖြစ်အပျက်ကို သွားရောက်စုံစမ်းနေသည်မှာ သိသာသည်။

ချူဟွားသည်လည်း အလျင်မလိုပေ။ နန်းတွင်းညီးလာခံ တက်ရခြင်းမှာ အလွန်ပျင်းစရာကောင်းလှရာ စောင့်နေလိုက်မည်ဟု တွေးလိုက်သည်။

အရှင်မင်းကြီးသည် system၏ စွမ်းအားကို မည်မျှအထိရှိသည်ကို သေချာမသိချေ။ သူသည် ဤအဖြစ်အပျက်မှတစ်ဆင့် system ၏ စွမ်းရည်ကို စမ်းသပ်လိုသော်လည်း ချူဟွားနှင့် system တို့က သူ၏ကိုယ်ပိုင်ဘဏ္ဍာတိုက်တွင် ငွေမရှိတော့သည့်အကြောင်းကို လူတိုင်းသိအောင် ချပြမည်ကိုလည်း စိုးရိမ်နေမိသည်။

"ဘဏ္ဍာတိုက် ဆင်းရဲနေတာနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးချင်တဲ့သူ ရှိသေးလား”

'အရှင်မင်းကြီးက ဆင်းရဲတယ်' ဟူသောအချက်ကို လူတိုင်းသိသွားနိုင်သည့် အန္တရာယ် ရှိနေသော်လည်း သူသည် စကားလမ်းကြောင်းကို ပြန်လွှဲလိုသည်။

ဘဏ္ဍာတိုက်တွင် ပုံသေဝင်ငွေရင်းမြစ် အနည်းငယ်သာရှိရာ ဝန်ကြီးများကလည်း ရှိရင်းစွဲအရာများမှသာ နည်းလမ်းရှာကြရလေသည်။

တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။ "ဆားခွင့်ပြုမိန့်တွေ ထပ်ထုတ်ပေးသင့်ပါတယ်”

သာ့ရှန်းမင်းဆက်၏ ဆားလုပ်ငန်းသည် နန်းတော်မှ တစ်ဦးတည်း ချုပ်ကိုင်ထားပြီး တော်ဝင်ဆားဟု အများက သိကြသည်။ နန်းတော်တွင် ငွေကြေးလိုအပ်လာပါက ဆားခွင့်ပြုမိန့်များကို ပိုမိုထုတ်ပေးလေ့ရှိသည်။ ဆားကုန်သည်များက ဆားခွင့်ပြုမိန့်များကို ဝယ်ယူပြီးနောက် ထိုခွင့်ပြုမိန့်များကို အသုံးပြုကာ ဆားကွင်းများသို့သွား၍ ဆားများကိုရယူကာ ရောင်းချကြသည်။ ဤသည်မှာ အတော်လေး သမားရိုးကျဖြစ်ပြီး ပုံသေနည်းလမ်းတစ်ခုပင်။

ဤနည်းလမ်းနှင့် ရင်းနှီးကျွမ်းဝင်ပြီး ထပ်တိုးဆားခွင့်ပြုမိန့်များမှ ရရှိနိုင်မည့် ဝင်ငွေအတိအကျနှင့် ဘဏ္ဍာတိုက်၏ လက်ရှိအခြေအနေကို သိရှိသောကြောင့် မှူးမတ်အများအပြားက သဘောတူထောက်ခံကြသည်။

"ကျွန်တော်မျိုး သဘောတူပါတယ်”

"ကျွန်တော်မျိုး ထောက်ခံပါတယ်”

"မဖြစ်ဘူး” လက်ထောက်ဘဏ္ဍာရေးမှူးက ကန့်ကွက်လိုက်သည်။ "လွန်ခဲ့တဲ့လေးနှစ်ကမှ အများကြီး ထပ်ထုတ်ထားတာလေ။ ဘယ်လောက်တောင် ထပ်ထုတ်ဦးမလို့လဲ။ အဲ့ဒီဆားကုန်သည်တွေကို အရူးတွေများ ထင်နေလား”

Systemသည် အဖြစ်အပျက်ကို စုံစမ်းပြီးနောက် ဤစကားကို ကြားလိုက်ရလေသည်။ လက်ထောက်ဘဏ္ဍာရေးမှူး၏ မျက်နှာမှာ နီမြန်းနေပြီး ဒေါသထွက်လုနီးပါးဖြစ်နေသည်ကို မြင်သောအခါ အခြားသူများကလည်း သူတို့၏အမြင်ကို မချေပဝံ့ကြတော့ပေ။

[မမကြီးဟွား၊ ဘာဖြစ်နေတာလဲ]

ချူဟွား: [ငါ့အစ်ကို အလုမခံရသေးတဲ့နှစ်က ကိစ္စနဲ့ပတ်သက်နေတယ်]

System: [အင်း၊ အဲ့ဒီနောက် ဘာဖြစ်ခဲ့လဲ]

ချူဟွား: [နင့်ဟာနင် သွားမစုံစမ်းနိုင်ဘူးလား]

System: [ရှာဖွေဖို့က ဖရဲသီးစွမ်းအင်လိုတယ်။ အသင့်စားလို့ရနေမှတော့ ဘာလို့ စွမ်းအင်ကို ထပ်သုံးနေရမှာလဲ]

ချူဟွား: "..." နင်ပြောတာ တော်တော်လေး အဓိပ္ပာယ်ရှိပါလား။

မူလက ဒေါသထွက်နေသော လက်ထောက်ဘဏ္ဍာရေးမှူးသည် ထိုစကားများကို ကြားသောအခါ မှင်တက်သွားတော့၏။ system သည် အရာအားလုံးကို သိနေခြင်းမဟုတ်ဟု သူ နားလည်လိုက်သည်။

မှူးမတ်များမှာလည်း ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြသည်။ ဤသို့ဆိုလျှင် သူတို့အတွက် အခွင့်ကောင်းယူနိုင်မည့် အားနည်းချက်များစွာ ရှိနေပေသည်။

ချူဟွားက ရှင်းပြလာသည်။ [အဲ့ဒီနှစ်တုန်းက နှစ်သစ်ကူးတောင် မပြီးသေးဘူး၊ မြောက်ပိုင်းမှာ နှင်းမုန်တိုင်းကျတဲ့သတင်း ရောက်လာတယ်။ ဘဏ္ဍာတိုက်က ဘေးဒုက္ခကယ်ဆယ်ရေးအတွက် ရန်ပုံငွေခွဲဝေပေးပြီး နောက်ဆက်တွဲ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ပေးခဲ့ရတယ်။ ခဏလောက် အသက်ရှူချောင်တော့မယ်ရှိသေး မိုးကြီးချပြီး ရေကြီးပြန်ရော။ ဘဏ္ဍာတိုက်က ဘေးဒုက္ခကယ်ဆယ်ရေး၊ အိမ်ပြန်ဆောက်ရေးနဲ့ ဆည်ဆောက်ရေးတွေအတွက် ရန်ပုံငွေတွေ ထပ်ခွဲပေးရပြန်တယ်။ ရာသီဥတုက တဖြည်းဖြည်း ပိုပူလာပြီး တစ်နေရာမှာ မိုးခေါင်လိုက်၊ တစ်နေရာမှာ တိုင်ဖွန်းမုန်တိုင်းကျလိုက်နဲ့။ ဒါ ပိုက်ဆံတွေ ထပ်သုံးရပြန်ပြီ မဟုတ်ဘူးလား]

Systemမှာ ပင့်သက်ရှိုက်မိတော့သည်။ [ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ ဒီလိုမျိုးတော့ သုံးလို့မခံနိုင်ဘူးလေ]

အရှင်မင်းကြီးနှင့် မှူးမတ်များက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ မှန်တယ်။

အရှင်မင်းကြီးသည် မည်မျှပင် ပညာရှိပြီး တန်ခိုးကြီးသည်ဖြစ်စေ၊ ဝန်ကြီးများက မည်မျှပင် ငွေချွေတာရာတွင် တော်သည်ဖြစ်စေ၊ ရသမျှနည်းလမ်းဖြင့် ငွေရှာနေရပြီး သုံးစွဲရန်နည်းလမ်းများစွာ ရှိနေသည်ကိုမူ မတတ်နိုင်ကြချေ။

ချူဟွားက ဆက်ပြောလိုက်သည်။ [ရာသီဥတုက အရမ်းဆိုးတော့ လူတော်တော်များများ အသက်ဆုံးရှုံးခဲ့ရတယ်။ ဘယ်သူက စိုက်ပျိုးရေးလုပ်ချင်စိတ် ရှိတော့မှာလဲ။ မိုးခေါင်လိုက် ရေကြီးလိုက်နဲ့။ သီးနှံတွေ မရိတ်သိမ်းနိုင်ဘဲ မြေခွန်နဲ့ လူခွန်ကိုတော့ ပေးရဦးမယ်။ ပြည်သူတွေက အစားအသောက်အတွက် သားသမီးနဲ့ အပေးအယူ လုပ်ရတဲ့ ကြေကွဲစရာအဖြစ်မျိုးကို ရှောင်ရှားဖို့အတွက် သာ့ရှန်းက တစ်ပြားတစ်ချပ်မှ မညှစ်ထုတ်နိုင်တော့တဲ့ ဘဏ္ဍာတိုက်ကို ကြည့်ပြီး မတတ်သာဘဲ ဆားခွင့်ပြုမိန့် ငါးသန်းကို ထုတ်ပေးခဲ့ရတယ်။ ဒါက ထပ်တိုးအရေအတွက်နော်။ ဆိုလိုတာက မူလအရေအတွက်ပေါ်မှာ ထပ်တိုးလိုက်တာ]

[ဆားခွင့်ပြုမိန့်တစ်ခုက ဆား ကီလိုဂရမ် ၂၀၀ ပဲ။ ဒီတစ်ခါမှာ ဆား ကီလိုဂရမ် သန်း ၁၀၀ အပြည့် ထုတ်ပေးခဲ့တာ။ သာ့ရှန်းရဲ့ ဆားကွင်းတွေက တစ်နှစ်ကို ဆား ကီလိုဂရမ် သန်း ၂၀၀ ပဲ ထုတ်နိုင်တာ၊ ဒါက နောက်ငါးနှစ်အတွက် ဆားတွေကို ကြိုရောင်းလိုက်သလိုပဲ။ ဆားကုန်သည်တွေက စီးပွားရေးလုပ်ဖို့ ဆားခွင့်ပြုမိန့်ဝယ်တာလေ။ ဘယ်သူက ပိုက်ဆံသုံးပြီး အဲ့လောက်ကြာကြာ စောင့်ချင်မှာလဲ]

[အဲ့ဒီဆားခွင့်ပြုမိန့်တွေ အများကြီး ရောင်းထွက်ဖို့အတွက် ဖြစ်နိုင်တဲ့နည်းဗျူဟာ အကုန်သုံးခဲ့ကြတယ်။ အရပ်သားပေါင်း မရေမတွက်နိုင်အောင် ကယ်တင်နိုင်ခဲ့ပေမဲ့ သက်ရောက်မှုနည်းအောင် ပိုင်ဆိုင်မှုများတဲ့ ဆားကုန်သည်ကြီးတွေကိုလည်း ရှာဖွေခဲ့ကြရသေးတယ်။ ဒါပေမဲ့ ဆား ကီလိုဂရမ် သန်း ၁၀၀ က အရမ်းများလွန်းတယ်။ ဆားကုန်သည်ကြီးတွေက သူတို့ကိုယ်ပိုင် သတင်းရင်းမြစ်တွေရှိပြီး အဲ့လောက်အများကြီး မဝယ်ချင်ကြဘူး။ ဆားကုန်သည်ငယ်တွေလည်း အများကြီး လာဝယ်ကြပြီး နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် သူတို့မိသားစုတွေ ပြိုကွဲခဲ့ရတယ်လေ]

အရှင်မင်းကြီးနှင့် မှူးမတ်အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ထဲမှအချို့မှာ ချူဟွားကဲ့သို့သော အိမ်တွင်းအောင်း မိန်းကလေးတစ်ဦးက နန်းတွင်းရေးရာများကို ဤမျှလောက် သိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ အချို့ကမူ ချူဟွား၏ စကားများသည် ရှင်းလင်းပြတ်သားသည်ဟု ခံစားမိကြသည်။ သိပ်မထက်မြက်သော စစ်သူကြီးအချို့မှာမူ နားထောင်ပြီးနောက် "ဒါကြောင့် လက်ထောက်ဘဏ္ဍာရေးမှူးက ဒေါသထွက်နေတာကိုး"ဟူသည် အမူအရာများ ဖြစ်သွားကြတော့သည်။

systemက သက်ပြင်းချလိုက်၏။ [သူတို့က လူတွေ ပိုကယ်နိုင်ဖို့ ကြိုးစားနေကြတာပဲ၊ အကောင်းဆုံး လုပ်ခဲ့ကြတာပဲ]

နန်းတွင်းတစ်ခုလုံး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ မည်သူမျှ စကားမပြောဘဲနေလျှင် ချူဟွားနှင့် system တို့က တစ်ခုခုမှားနေသည်ကို သတိပြုမိသွားနိုင်သည်။

မှူးမတ်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။ "လက်ဖက်ခြောက် ခွင့်ပြုမိန့်ကို တိုးမြှင့်သင့်ပါတယ်”

ချူဟွား: [သိုးကိုပဲ နာမည်ပြောင်းခေါ်နေတာပဲ]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

အဟမ်း။ ဘာတွေပြောနေကြပါလိမ့်။

ထို့နောက် မှူးမတ်များသည် လက်ဖက်ခြောက်ခွင့်ပြုမိန့်ကို မည်သို့တိုးမြှင့်မည်ကို ဆွေးနွေးကြသည်။

ထိုစဉ်က တစ်ကြိမ်တည်းဖြင့် ဤမျှအများအပြား ထုတ်ပေးခဲ့ရခြင်းမှာ မလွှဲမရှောင်သာသော အခြေအနေကြောင့်ဖြစ်ပြီး လွန်ခဲ့သည့်၄နှစ်က ပြုလုပ်ခဲ့သည့် ထိုလုပ်ရပ်၏ နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းနေရဆဲပင်။ လက်ရှိတွင် ဘဏ္ဍာတိုက်မှာ ကုန်ခမ်းလုနီးပါး အခြေအနေသို့ မရောက်သေးသောကြောင့် သူတို့သည် ဖြည်းဖြည်းနှင့် သတိထား၍ လုပ်ဆောင်ရတော့မည်။

သူတို့သည် system ပြောခဲ့သော ယခင်မင်းဆက်၏ ရတနာသိုက်များကို လိုချင်ကြသော်လည်း မျှော်လင့်ချက်အားလုံးကိုမူ ထိုအပေါ်တွင် ပုံမထားနိုင်ကြပေ။ အကယ်၍ ရတနာသိုက်များက နည်းနေလျှင်ကော။ တူးဖော်ရန် ခက်ခဲနေလျှင်ကော။ တစ်စုံတစ်ယောက်က တူးဖော်သွားခဲ့လျှင်ကော။

ချူဟွားသည် နားထောင်ရင်း သမ်းဝေလိုက်သည်။ [System၊ ငါ့ကို စွမ်းအင်ပြန်ဖြည့်ပေးဦး]

System: [အိုကေ]

လူတစ်ဦးနှင့် system တစ်ခုတို့သည် အဖြစ်အပျက်များကို စုံစမ်းရင်း အာရုံစိုက်နေကြသဖြင့် ဆွေးနွေးနေကြသော ဝန်ကြီးများ၏ အသံများ တိုးသွားပြီး ပလ္လင်ထက်မှ အရှင်မင်းကြီးသည် မသက်မသာဖြင့် ဖင်လှုပ်ရှားနေသည်ကိုလည်း သတိမပြုမိကြချေ။

Systemက UC သတင်းကြေညာသံကို တမင်တကာ အသုံးပြုလိုက်သည်။ [လန့်စရာကောင်းတာ။ လက်ရှိအရှင်မင်းကြီးက ဘဏ္ဍာရေးဝန်ကြီးထက်တောင် ပိုဆင်းရဲနေပါရောလား။ ဒါဟာ လူ့သဘာဝရဲ့ ဖောက်ပြန်မှုလား ဒါမှမဟုတ် ကိုယ်ကျင့်တရား ပျက်ယွင်းမှုလား]

အရှင်မင်းကြီး: ???

ဘာလဲ။ သူက သူ့ထက်ပိုချမ်းသာတယ် ဟုတ်လား။

အစပိုင်းတွင် ဘဏ္ဍာရေးဝန်ကြီးသည် အရှင်မင်းကြီး၏ အကြောင်းကို စုံစမ်းရသဖြင့် ဝမ်းသာနေခဲ့သော်လည်း ရုတ်တရက် သူ၏အကြောင်းကို ပြန်စုံစမ်းခံရသဖြင့် မီးနှင့်ရေခဲကြား ရောက်သွားသလို ဖြစ်သွားတော့သည်။

ကိစ္စမရှိပါဘူး။ သူက မိမိကိုယ်ကို အားပေးလိုက်လေသည်။ systemက ခဏလေးပဲ ပျောက်သွားတာပဲ။ သူ အပြင်ဘက်မှ ကွယ်ဝှက်ထားတာတွေကို အားလုံး ရှာတွေ့မှာ မဟုတ်ပါဘူး။

ချူဟွားသည်လည်း ချက်ချင်း သတိဝင်လာသည်။ [နင် အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို သွားတာ မဟုတ်ဘူးလား။ ဘာလို့ ဘဏ္ဍာရေးဝန်ကြီးဆီ ရောက်သွားရတာလဲ]

System: [ငါ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်က အကြောင်းကို သွားစုံစမ်းခဲ့တာ၊ အဲ့ဒီမှာ တိကျတဲ့လမ်းညွှန် ရှိတယ်လေ။ ပစ္စည်းဘယ်လောက်ရှိလဲ မြင်နိုင်တယ်။ ဒါပေမဲ့ သာ့ရှန်းမင်းဆက်မှာ သူက ဆင်းရဲလား ချမ်းသာလားဆိုတာ တိကျတဲ့သဘောတရား မရှိဘူး။ အဲ့ဒီနောက် ပြန်လာပြီး ဘယ်သူနဲ့နှိုင်းယှဉ်ရမလဲလို့ နင့်ကို မေးမလို့ပဲ]

[ပြန်ရောက်လာတော့ လက်ထောက်ဘဏ္ဍာရေးမှူးက အရမ်းစိတ်လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ သူ့အကြောင်းကို သွားစစ်ဆေးကြည့်လိုက်တာ။ ဘုရားရေ၊ သူက အရမ်းဆင်းရဲတာပဲ၊ သူ့အတွင်းခံကို ရှေ့နောက် လှည့်ဝတ်ထားတာ။ အပေါက်နည်းနည်းရှိနေတာတောင် မလွှင့်ပစ်ဘူး။ စပ်စုပြီး သူ့အထက်အရာရှိကို သွားစစ်ဆေးကြည့်တော့မှ သူ့ရဲ့လောဘကြီးမှုကို တွေ့လိုက်ရတာပဲ]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

တကယ် မလိုအပ်ပါဘူး။ တကယ် မလိုအပ်ပါဘူး။ နန်းတော်က ထွက်သွားပြီးနောက် လက်ထောက်ဘဏ္ဍာရေးမှူးကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် အတွင်းခံဘောင်းဘီနှစ်ထည်လောက် ပေးလိုက်ရင်ကော။

လက်ထောက်ဘဏ္ဍာရေးမှူး၏ မျက်နှာအိုကြီးမှာ ရှက်သွေးဖြင့် နီမြန်းနေတော့သည်။ သူ၏လုပ်ဖော်ကိုင်ဖက် အားလုံးသည် သူ၏အရာရှိဝတ်စုံကို ဖောက်ထွင်းမြင်နေပြီး သူ၏အတွင်းခံဘောင်းဘီကို အတွင်းအပြင် လှန်ဝတ်ထားသလား။ အပေါက်မည်မျှရှိနေသလဲကို ကြည့်နေကြသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ အေးစက်သွားတော့၏။

ချူဟွား: [အရမ်းလောဘကြီးတာလား]

System: [လောဘကြီးလွန်းတာပေါ့။ မြို့တော်အပြင်ဘက်မှာ ရေပူစမ်းအပန်းဖြေစံအိမ် တစ်လုံးရှိတယ်။ စာကြည့်ခန်းထဲက နံရံတစ်ခုလုံးက ရွှေတွေချည်းပဲ။ ဒါ့အပြင် ကျန်းနန်တောင်ပိုင်းမှာ ဥယျာဉ်တစ်ခု ရှိသေးတယ်။ လူတွေက ရွှေ၊ ကျောက်စိမ်း၊ ရှေးဟောင်းပစ္စည်း၊ လက်ရေးလှပန်းချီကားတွေ ပို့ပေးကြတယ်။ ငွေသားနှစ်သန်းတောင် ဒီပစ္စည်းတွေ အားလုံးဖိုးကို မမီဘူး]

တစ်ခဏအတွင်းမှာပင် အရှင်မင်းကြီးနှင့် လက်ထောက်ဘဏ္ဍာရေးမှူးတို့၏ မျက်လုံးများ အရောင်တောက်သွားကြသည်။ ဘုရင်နှင့် သူ၏ဝန်ကြီးတို့သည် ထုတ်မပြောဘဲ အပြန်အလှန် နားလည်မှု ရသွားကြ၏။ သိမ်းပိုက်ရမယ်။ ဒီငွေသားနှစ်သန်းနဲ့ဆိုရင် ဘဏ္ဍာတိုက်က လက်ဖက်ခြောက် ခွင့်ပြုမိန့်တွေကိုအများကြီး လျှော့ချနိုင်ပြီ။

Systemက မတရား သိနေသည်ကို ကြားလိုက်ရသည်တွင် ဘဏ္ဍာရေးဝန်ကြီး၏ မျက်နှာမှာ နံရံထက်ပင် ဖြူဖျော့သွားတော့သည်။ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး အသနားခံရန် ဒူးထောက်တော့မည်အပြုတွင် ဘေးနှစ်ဖက်မှ သူ၏လုပ်ဖော်ကိုင်ဖက်များက အတင်းဆွဲထူထားကြလေသည်။

ထို့နောက် အရှင်မင်းကြီး၏ ခြိမ်းခြောက်သောအကြည့်များ ရောက်ရှိလာ၏။

အကယ်၍ သူသည် နန်းတွင်း၌ ခြေချော်လက်ချော်ဖြစ်ပြီး ချူဟွားနှင့် system တို့က သိရှိသွားပါက သူ၏သေခြင်းတရားမှာ သေချာနေလေပြီ။

နန်းတော်အပြင်ဘက်တွင် ချူဟွားနှင့် မီတာ ၅၀ အကွာတွင် နန်းစောင့်တပ်သားတစ်ဦး ရှိနေပြီး လူတစ်ဦးနှင့် system တစ်ခုတို့၏ စကားပြောဆိုမှုကို နားထောင်မှတ်တမ်းတင်နေသည်။

ဤသည်ကို ကြားသောအခါ နန်းစောင့်တပ်မှူးသည် လူများကို လျင်မြန်စွာ တာဝန်ပေးအပ်လိုက်၏။

နန်းစောင့်တပ်သား ဒါဇင်ပေါင်းများစွာသည် မြင်းများစီးထွက်သွားပြီး မြို့တော်အပြင်ဘက်ရှိ ရေပူစမ်းစံအိမ်သို့ အပြေးအလွှားသွားကြသည်။

တတိယမင်းသားသည် ယခင်မင်းဆက်၏ အကြွင်းအကျန်ဟုတ်မဟုတ်နှင့် ယခင်မင်းဆက်၏ စစ်သူကြီးနှင့် မည်သည့်နေရာတွင် ပူးပေါင်းကြံစည်ခဲ့သည်ကိုမူ သက်သေမပြနိုင်သေးပေ။ သို့သော် ဤနံရံတစ်ခုလုံး ပြည့်နေသော ရွှေများက system ပြောသမျှအားလုံး မှန်ကန်ခြင်းရှိမရှိကို ချက်ချင်း အတည်ပြုပေးနိုင်မည်ဖြစ်သည်။

တစ်နာရီအကြာတွင် နန်းစောင့်တပ်သည် ရေပူစမ်းစံအိမ်မှ သိမ်းဆည်းရမိသော ပစ္စည်းများစာရင်းကို တော်ဝင်စာကြည့်ဆောင်သို့ တင်ပြလာခဲ့သည်။

အရှင်မင်းကြီး၏ လက်ထဲတွင်လည်း အသေးစိတ်စာရင်းတစ်ခု ရှိနေသည်။

သူသည် ဤစာရင်းကိုယူကာ နန်းစောင့်တပ်မှ သိမ်းဆည်းရမိသော ပစ္စည်းများစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ အများစုမှာ ကိုက်ညီနေသည်။

စာရင်းပြည့်စုံရသည့် အကြောင်းမှာ ချူဟွားသည် နန်းတွင်းအစည်းအဝေးကို ပျင်းရိလာပြီး ဘဏ္ဍာရေးဝန်ကြီးတွင် ကောင်းမွန်သောအရာများ မည်မျှရှိသည်ကို သိလိုသဖြင့် system ကို တစ်ခုချင်းစီ အစီရင်ခံထားခိုင်းသောကြောင့်ပင်။ ထို့အပြင် system တွင် လက်ရေးလှပန်းချီကားများ အစစ်အမှန် ဟုတ်မဟုတ် ခွဲခြားနိုင်သည့် လုပ်ဆောင်ချက်လည်းရှိရာ အတော်လေး အသုံးဝင်လှသည်။

အရှင်မင်းကြီး: "လင်ယို”

နန်းစောင့်တပ်မှူး လင်ယို: "ကျွန်တော်မျိုး ရှိပါတယ်”

အရှင်မင်းကြီး: "အားလုံး သိမ်းဆည်းလိုက်”

နောက်တစ်နေ့တွင် ချူဟွားသည် သူမ၏ဖခင်နောက်သို့ လိုက်ကာ နန်းတော်သို့ တက်ရောက်ရာ ဖြတ်သွားဖြတ်လာ မှူးမတ်အများစုမှာ စိတ်အားတက်ကြွနေကြသည်ကို တွေ့လိုက်ရ၏။

စိတ်မတက်ကြွဘဲ အဘယ်သို့နေမည်နည်း။

ဘဏ္ဍာရေးဝန်ကြီး၏ ပိုင်ဆိုင်မှုများကို တစ်ညတည်းဖြင့် သိမ်းဆည်းခဲ့သည်။ ထိုသည်မှာ ငွေသားနှစ်သန်းဖြစ်ပြီး တိုင်းပြည်ဘဏ္ဍာတိုက်မှာ ချက်ချင်းပင် ပြည့်လျှံသွားသည်။ သူတို့သည် နောက်ဆုံးတွင် ကောင်းကောင်း အိပ်စက်အနားယူနိုင်သွားတော့သည်။

လက်ထောက်ဘဏ္ဍာရေးမှူးတစ်ဦးတည်းသာ ချူဟွားကို အနည်းငယ် မကျေမနပ်ဖြစ်သောအကြည့်နှင့် ရယ်ရခက်ငိုရခက် ဖြစ်နေသောအကြည့်ဖြင့် ကြည့်လို့နေသည်။

သူ၏သမာဓိရှိမှုသည် ဘဏ္ဍာရေးဝန်ကြီး၏ ကြီးမားသော အကျင့်ပျက်ခြစားမှုနှင့်အတူ သက်သေပြနိုင်ခဲ့သည်။ သူ၏ဂုဏ်သတင်းမှာ ကောင်းမွန်သော်လည်း... သူသည် သူ၏အတွင်းခံဘောင်းဘီ အပေါက်ပေါက်၍ ပြောင်းပြန်လှန်ဝတ်ရသည်အထိ ရိုးသားဖြောင့်မတ်ကြောင်းကို လူတိုင်းသိသွားကြပြီ မဟုတ်ပါလား။

ချူဟွား: ?

[System၊ လက်ထောက်ဘဏ္ဍာရေးမှူးက ဘာလို့ ငါ့ကို ဒီလိုကြည့်နေရတာလဲ]

လက်ထောက်ဘဏ္ဍာရေးမှူး: !!!

အခြားမှူးမတ်များ: !!!

သေချာပြီ။ အခုတော့ ပေါ်သွားပြီ။

လက်ထောက်ဘဏ္ဍာရေးမှူးသည် အလွန်အမင်း စိုးရိမ်ပူပန်သွားတော့သည်။ အကယ်၍ ဤကိစ္စသည် သူကြောင့် ပေါ်သွားပါက သာ့ရှန်းမင်းဆက်အတွက် မည်မျှအထိ ပျက်စီးဆုံးရှုံးမှု ဖြစ်စေမည်ကို မသိနိုင်ပေ။

Systemက ရယ်လိုက်သည်။ [သူက နင့်ကို ကြည့်နေတာ မဟုတ်လောက်ဘူး။ နင့် နောက်ကလူကို ကြည့်နေတာဖြစ်မှာ။ မနေ့က လက်ထောက်ဘဏ္ဍာရေးမှူးက အိမ်သာသွားဖို့ အလျင်လိုနေပြီး အိမ်သာတံခါးလေးကို သေချာမပိတ်မိခဲ့ဘူး။ ဒီလူက တွန်းဖွင့်လိုက်တော့ လက်ထောက်ဘဏ္ဍာရေးမှူးရဲ့ အတွင်းခံဘောင်းဘီကို ပြောင်းပြန်လှန် ဝတ်ထားပြီး အပေါက်နည်းနည်း ရှိနေတာကို မြင်သွားတာ။ အဲ့ဒီနောက် ဘဏ္ဍာရေးဝန်ကြီးဌာနက လူတိုင်း သိသွားတော့တာပဲ]

ချူဟွား: [ဟားဟားဟား...]

System: [ဟားဟားဟား...]

လူတစ်ဦးနှင့် system တစ်ခုတို့သည် အားရပါးရရယ်မောနေကြစဉ် မှူးမတ်အားလုံးမှာမူ ရယ်မောရင်း စိတ်သက်သာရာ ရသွားကြတော့သည်။

သိပ်တော့ ကြားမကောင်းလှပေမဲ့ လက်ထောက်ဘဏ္ဍာရေးမှူးရဲ့ အတွင်းခံဘောင်းဘီက တကယ်တော့... အဟမ်း။ ရဲဘော်ရဲဘက်၊ ရဲဘော်ရဲဘက်များလားလို့ သူတို့လဲ တကယ် သိချင်မိပါရဲ့။

ဒီလိုဆိုရင်တောင် တကယ် ရယ်စရာကောင်းနေသေးတာပဲ။ ဟားဟားဟား။

လက်ထောက်ဘဏ္ဍာရေးမှူး: "..." ဒါဆို ငါတစ်ယောက်တည်းပဲ ထိခိုက်နစ်နာသွားတာပေါ့ ဟုတ်လား။

...

All Chapters