← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အပိုင်း (၄)

ချူဟွားသည် လမ်းလျှောက်နေရင်း မေးလိုက်သည်။ [System ရေ၊ ခုနက လက်ထောက်ဘဏ္ဍာရေးမှူးရဲ့ ဖရဲသီးက ဘယ်လိုဖြစ်ပြီး အဲ့လောက်မြန်မြန်ထွက်လာတာလဲ]

လက်ထောက်ဘဏ္ဍာရေးမှူး၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ အဘယ့်ကြောင့် သူ့ကို ဆွဲထည့်နေရပြန်သနည်း။

သို့သော်... သူနှင့် အခြားမှူးမတ်များ စဉ်းစားကြည့်မိသောအခါ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

System ၏ ပုံမှန်ဟန်အတိုင်းဆိုလျှင် အဖြစ်အပျက်ကို ရှာဖွေဖတ်ရှုပြီးမှ ပြောပြရန် အချိန်အနည်းငယ် စောင့်ဆိုင်းရမည်။ သို့သော် အစောပိုင်းက စက္ကန့်ပိုင်းအတွင်း ပြန်ဖြေသည့်အရှိန်ကို ကြည့်လျှင် ရှိပြီးသား ဖရဲသီးကို ပြန်ပြောနေသကဲ့သို့ပင် ဖြစ်နေသည်။

မဖြစ်နိုင်တာ။ မှူးမတ်အားလုံး၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေကြ၏။

System: [မနေ့က နန်းတွင်းမှာ လက်ထောက်ဘဏ္ဍာရေးမှူးရဲ့ လုပ်ပုံက တခြားလူတွေရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး အရူးတွေလို့ ဆဲဆိုနေတာပဲ။ အဲ့လောက်မာကျောတဲ့ သဘောထားနဲ့ဆိုတော့ သူ ပြန်သွားရင် ချောက်ချခံရမလား၊ အဆိပ်ခတ်ခံရမလား၊ ဒါမှမဟုတ် လုပ်ကြံခံရမလားလို့ ထင်မိလို့ ဖရဲသီးကို ကြိုမှာထားလိုက်တာ]

မှူးမတ်အားလုံးမှာ ရှုပ်ထွေးသွားကြပြီး သူတို့၏ဉာဏ်ရည်ကို အထင်သေးခံလိုက်ရသလို ခံစားလိုက်ရသည်။

Systemသည် သူတို့အပေါ် ဘယ်လိုနားလည်မှုလွဲနေပါသနည်း။ ချောက်ချခံရမည်တဲ့လား။ အဆိပ်ခတ်ခံရမည်တဲ့လား။ လုပ်ကြံခံရမည်တဲ့လား။ လက်ထောက်ဘဏ္ဍာရေးမှူးက စကားအနည်းငယ် ပြောရုံဖြင့် ထိုနေ့မှာပင် သူ့ကို သတ်လိုက်ခြင်းသည် သေခြင်းတရားကို မြန်မြန်သွားရှာနေခြင်း မဟုတ်ပါလား။ မှူးမတ်အားလုံးကို စောင့်ကြည့်နေသည့် နန်းစောင့်တပ်ကို လေဟုများ ထင်နေသည်လား။

နန်းစောင့်တပ်သားများ: "..." ပြောစရာရှိတာကို ပြောခွင့်မရတော့ တကယ် စိတ်ရှုပ်ရတာပဲ။

ချူဟွားကမူ ဤအရာကို အသစ်အဆန်းအဖြစ်သာ တွေ့လိုက်ရသည်။ [နင်က ဖရဲသီးတွေကို ကြိုမှာလို့ရတယ်လား]

System: [ဟဲဟဲ၊ ဒါက ကျွန်တော်တို့ ဖရဲသီး system ရဲ့ အဆင့်မြင့်လုပ်ဆောင်ချက်လေ။ တော်တော်လေး ထူးခြားတယ်၊ တခြား system တွေမှာ မရှိဘူး]

ကိုယ့်ကိုယ်ကိုယ် ချီးကျူးပြီးနောက် သူက အရပ်သုံးစကားဖြင့် ပြောလိုက်သည်။ [ဝတ္ထုဖတ်တာနဲ့ တူတူပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုတစ်ပုဒ်တွေ့ရင် update ကို အမြန်ဆုံး တွေ့နိုင်အောင် subscribe လုပ်ထားလို့ရတယ်လေ။ ဒါပေမဲ့ ဒါကလည်း ဖရဲသီးစွမ်းအင်လိုတယ်၊ ဒါကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းတာမျိုး ဒါမှမဟုတ် ဖရဲသီးရှိတယ်လို့ သေချာမှပဲ သုံးတယ်]

ချူဟွား: [နင့်ရဲ့ system က function တိုင်းက ဖရဲသီးစွမ်းအင်သုံးရတာပဲ။ နည်းနည်းတော့ ဈေးကြီးသား]

System သည် ရှိုက်ကြီးတငင် ငိုတော့မည့်အသံဖြင့် [ဟုတ်တယ် ဟုတ်။ ငါ့မှာ နေ့တိုင်း startup လုပ်တာနဲ့ standby နေတာတောင် ဖရဲသီးစွမ်းအင်လိုတယ်လေ။ ခေတ်သစ်မှာဆိုရင်တော့ wireless networkကို သုံးလို့ရတယ်။ ရှေးခေတ်မှာတော့ ငါကိုယ်တိုင် network တည်ဆောက်ဖို့ ဖရဲသီးစွမ်းအင်ကို သုံးရတယ်၊ မဟုတ်ရင် ဖရဲသီးစုံစမ်းရတာ အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ ဖရဲသီးစွမ်းအင် ဘယ်လောက်သုံးရလဲဆိုတာ နင် မသိပါဘူး]

[အဲ့လောက် စွမ်းအင်တွေ အများကြီးသုံးရတာ နှမြောလို့ နင် ငါ့ကို မရှာတဲ့အချိန်ဆိုရင် low-energy mode ထဲကို အလိုလိုဝင်ပြီး စွမ်းအင်နည်းနိုင်သမျှနည်းအောင် ကြိုးစားသုံးစွဲပြီး စွမ်းအင်တိုင်းကို အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိအောင် သုံးနေရတာ]

မှူးမတ်တစ်ရာ: ဒီsystemက ကန့်သတ်ချက်အများကြီး ရှိနေပါလား

systemသည် ကလေးငယ်အသံကို တမင်တကာ ရွေးချယ်ထားခြင်း ဟုတ်မဟုတ်ကို ချူဟွား မသိသော်လည်း သူမအတွက်မူ နို့သံဝဲဝဲဖြင့် သနားစဖွယ်ငိုညည်းသံကို ကြားရသောအခါ စိတ်ထဲတွင် အနည်းငယ် ပျော့ပြောင်းသွားလေသည်။

[ဒါဆို နင် စွမ်းအင်ကုန်တော့မယ်ဆိုရင် ငါ့ဆီလာခဲ့လေ။ ငါ့မှာ အသင့်စားဖရဲသီးတွေ အများကြီးရှိတယ်။ အဲ့လိုဖရဲသီးတွေက စွမ်းအင်ပြန်ဖြည့်ပေးနိုင်လား]

System သည် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ [ရတယ်၊ ရတယ်။ မမကြီးဟွားက ငါ့အပေါ် အရမ်းကောင်းတာပဲ။ ငါ တစ်သက်လုံး နင့်နောက်ပဲ လိုက်ချင်တော့တယ်]

မှူးမတ်တစ်ရာ၏ နားများ အနည်းငယ် လှုပ်ရှားသွားလေသည်။ အသင့်စားဖရဲသီးတွေ ဟုတ်လား။ အရှင်မင်းကြီးတောင် မရောက်သေးဘူးလေ။ သူက သူတို့ကို ပြောပြတော့မှာလား။

အလျင်အမြန်ရောက်လာသော အရှင်မင်းကြီး: "..."

သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို လွတ်သွားပြီး ကုန်းကုန်းများ မှတ်တမ်းတင်ထားသော စာရွက်ကိုသာ ဖတ်ရှုနိုင်တော့မည်ဖြစ်ရာ အနည်းငယ် နှမြောတသ ဖြစ်နေမိလေသည်။

အကျင့်ပျက်မှူးမတ်တစ်ယောက်ကို ဖမ်းဆီးခြင်းမှ ဘဏ္ဍာတိုက်တွင် ငွေသားနှစ်သန်းပိုလျှံလာခြင်းနှင့် ချူဟွားနှင့် system အတွက် အသုံးဝင်ပုံအသစ်တစ်ခုကို ရရှိခဲ့သောကြောင့် သူသည် ညက စိတ်ကြည်လင်နေပြီး ကိုယ်လုပ်တော်များနှင့် ပျော်ပါးခဲ့ပြီး မမျှော်လင့်ဘဲ မနက်တွင် အချိန်မီ မထနိုင်ဘဲ လွတ်သွားခဲ့ရခြင်းပင်။

သူက အခုမှ ၄၂နှစ်ပဲ ရှိသေးတယ်လေ။ အိုနေပြီလို့ ဝန်ခံရတော့မှာလား။ ဒါတော့ လက်မခံချင်သေးပါဘူး။

[တကယ်တော့...] systemက သူ၏လက်များကို ပွတ်သပ်လိုက်ပြီး [ငါ အခု ဖရဲသီးစွမ်းအင် မလိုအပ်ပါဘူး၊ ဒါပေမဲ့ မမကြီးဟွားက ငါ့ကို တစ်ခုလောက် ပြောပြပေးလို့ရမလား]

အကယ်၍သာ လူသိသွားမည်ကို မကြောက်လျှင် အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် system အတွက် လက်ခုပ်တီးပေးမိကြလိမ့်မည်။

ချူဟွားက ခဏစဉ်းစားလိုက်၏။ [ငါ့အစ်ကိုကြီးအကြောင်း ဖရဲသီးတစ်ခု ပြောပြမယ်]

ချူဖျင်မှာ ချက်ချင်း ခေါင်းမော့လာတော့၏။ သူ၏မျက်နှာမှာ သနားစဖွယ်ပင်။ သူတစ်ယောက်ဟာလဲ ဘာလို့များ ကိုယ့်အစ်ကိုကို တွင်းတူးပေးချင်နေရတာလဲ။

System: [နင်နဲ့ ချူချင်းအကြောင်း ဖရဲသီးတွေကို စားဖူးသလောက်ဆိုရင် "ချူချင်း အလိမ်ခံခဲ့ရတဲ့ သွေးမျက်ရည်များနဲ့ ရေးထိုးတဲ့ သမိုင်း" ဆိုပြီး စာအုပ်တစ်အုပ်တောင် ပြုစုလို့ရနေပြီ]

သွေးမျက်ရည်တွေနဲ့ ရေးထိုးတဲ့ သမိုင်းအဆင့်အထိ ရောက်နေပြီတဲ့လား။ အရှင်မင်းကြီးနှင့် မှူးမတ်အားလုံး အေးစက်လှသည့်လေကို ရှူသွင်းလိုက်မိကြလေသည်။

သူတို့သည် ချူချင်းက သူ၏ကိုယ်ပိုင်ငွေများကို အလိမ်ခံခဲ့ရသော်လည်း ညီမဖြစ်သူပေးသော ဆိုင်တစ်ဆိုင်ကို ရရှိခဲ့သည်ကို မကြာမီမှာပင် သတိရလိုက်ကြသည်။ သူသည် ဘာကိုမျှ စိတ်ပူစရာမလိုဘဲ ထိုင်စောင့်ပြီး ငွေကောက်ခံရုံသာဖြစ်သည်။ သူ၏ညီမသည် စုန့်ရှန်းကျောင်းတော်တွင် သူ့အတွက် ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ပေးခဲ့သည်ပင်...

အကယ်၍ ဤသည်တို့သာ သွေးမျက်ရည်များ ဖြစ်ပါက သူတို့လည်း လိုချင်ကြသည်ပင်။

ချူဟွားက ဘာမှ ဂရုမစိုက်သလို ပြောလာသည်။ [ငါ့မှာ အစ်ကိုတွေ ထပ်ရှိသေးတယ်]

System: [အိုကေလေ။ ဖရဲသီးကြီးတစ်ခု ရောက်လာတော့မယ်လို့ ငါ ခန့်မှန်းမိနေပြီ။ ရှလွှတ်။ ရှေ့ဆုံးတန်းမှာ ထိုင်ပြီး ဖရဲသီးကို စောင့်နေပြီလေ]

အရှင်မင်းကြီးနှင့် မှူးမတ်များသည် နေရာမှာပင် သင်ယူကျင့်သုံးလိုက်ကြ၏။ -ရှေ့ဆုံးတန်းမှာထိုင်ပြီး ဖရဲသီးကို စောင့်ရမယ်။

ချူဟွား၏ အသံမှာ ပို၍ပင် ပေါ့ပါးသွားပြီး သူစိမ်းတစ်ယောက်၏ အကြောင်းကို ပြောနေသကဲ့သို့ပင်။

[ငါ့ရဲ့ဒုတိယအစ်ကို ချူချီက ယိညန်တစ်ယောက်ကနေ မွေးတာ။ ဒီယိညန်က အဖေ့ဖက်က အဘွားက အဆင့်တိုးပေးထားတာ။ အဘွားရဲ့ညီမရဲ့ တူမပေါ့။ ငါ့အမေက စိတ်ကောင်းရှိတယ်။ တင်တောင်းပစ္စည်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ စီးပွားရေးလည်း ကောင်းကောင်းလုပ်တတ်တယ်။ သူ အဲ့ဒါတွေကို ဂရုမစိုက်ဘူး။ နေ့တိုင်းဆိုသလိုပဲ ယောက္ခမတွေကို ရိုသေလေးစားပြီး ချူအိမ်တော်ကို စီမံခန့်ခွဲတယ်။ သူက မောင်းမတော်တွေနဲ့ မောင်းမကနေမွေးတဲ့ သားသမီးတွေကို ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဘူး။ သူ့စကားအတိုင်းဆိုရင်... ငွေနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စတွေက ခေါင်းကိုက်စရာ မဟုတ်ဘူးတဲ့]

ချူဖျင်မှာ မေးခွန်းများအပြည့် ဖြစ်သွားတော့၏။ ဒီဖရဲသီးက မင်းရဲ့ဒုတိယအစ်ကိုအကြောင်း သေချာရဲ့လား။ မင်းအဖေ ငါ့အကြောင်း မဟုတ်ဘူးလား။

ချူဟွားက ဆက်ပြောလေသည်။ [နောက်ခံအကြောင်းပြီးပြီဆိုတော့ လူအကြောင်း ပြောကြရအောင်။ ငါ ၇နှစ်သမီးတုန်းက ငါ့အစ်ကိုဆီက ကိုယ်ပိုင်ငွေတွေအကုန် လိမ်ယူခဲ့တာ မှတ်မိသေးလား။ တကယ်တော့ အဲ့ဒီတုန်းက ချူချီဆီကလည်း လိမ်ယူခဲ့သေးတယ်။ ဘာဖြစ်ခဲ့လဲ ခန့်မှန်းကြည့်]

System: [ဘာဖြစ်ခဲ့လဲ]

အရှင်မင်းကြီးနှင့် မှူးမတ်အားလုံး အသံတိတ် ပါးစပ်အဟောင်းသာ ဖြစ်သွားကြတော့သည်။ ဘာဖြစ်ခဲ့လဲ။

ချူဟွားက လှောင်ရယ်လိုက်၏။ [ချူချီက ငါ့ကို ကျောက်စိမ်း ယုန်ရုပ်လေးတစ်ရုပ် ပေးမယ်ဆိုပြီး ကိုယ်တိုင် သဘောတူခဲ့တာ။ နောက်နေ့မှာ ငွေတွေစုပြီး ငါ့ကို လာပေးမယ်လို့လည်း ပြောတယ်။ ပြီးတော့ အဲ့ဒီညမှာပဲ သူက ယိညန်နဲ့အတူ အဘွားဆီသွားပြီး ငါက သူ့ရဲ့အကြိုက်ဆုံး ကျောက်ယုန်ရုပ်ကို ခိုးသွားတယ်လို့ တိုင်တယ်။ အဘွားက မေးတောင်မမေးဘဲ ငါ့ကို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ဘိုးဘေးဗိမာန်မှာ ဒူးထောက်ခိုင်းတယ်လေ]

[ငါ့အမေက နည်းမျိုးစုံနဲ့ တားဆီးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ချူချီပေးတဲ့ ကျောက်ယုန်ရုပ်ကို သူ့ဆီ ပြန်ပေးပြီး သူ့ကို ပိုကောင်းတဲ့ ကျောက်ယုန်ရုပ်တစ်ရုပ်နဲ့ လျော်ပေးရတယ်။ ပြီးတော့ ယိညန်ကို ကျောက်စိမ်းဖြူ လက်ကောက်တစ်ကွင်းနဲ့ လျော်ပေးပြီး အဘွားကို အခန်းထဲက ကျောက်စိမ်းကွမ်ရင်ရုပ်နဲ့ လျော်ပေးခဲ့ရတယ်လေ]

ထိုစကားကို ကြားသည်တွင် အရှင်မင်းကြီးနှင့် မှူးမတ်အားလုံး၏ လက်သီးများမှာ တင်းကျပ်သွားကြတော့သည်။

သူတို့ထဲမှ လူအများစုသည် ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်သည့် ကစားကွက်ကို ကစားဖူးကြသည်။ မှူးမတ်များအကြား အချင်းချင်း လိမ်လည်လှည့်ဖြားခြင်း၊ အပြန်အလှန် ကျင်းတူးခြင်းမှာ သာမန်ပင်ဖြစ်သော်လည်း ဘာက သူတို့၏အသက်အရွယ်၊ အတွေ့အကြုံနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ချူချီ၏ ရည်ရွယ်ချက်ကရော ဘာဖြစ်နိုင်မည်နည်း။

လူတို့တွင် အကြံအစည်နှင့် တွက်ချက်မှုများရှိခြင်းမှာ ပုံမှန်ပင်။ ချူဟွားသည် သူမ၏ အစ်ကိုနှစ်ယောက်ကို စမ်းသပ်ရန်အတွက် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူမတွင် အမှန်တကယ်ပင် ဖရဲသီးကြီးတစ်ခု ရခဲ့လေသည်။

ချူချီမှာတော့...

သူ မလိုချင်လျှင် ငြင်းလိုက်ရုံသာ မဟုတ်လား။ ချူဟွားသည် သူ၏ငွေများကို ခိုးယူမည် မဟုတ်ပေ။

အရင်ဆုံး သဘောတူလိုက်ပြီး စပေါ်ငွေဖြင့် ချူဟွားကို နှစ်သိမ့်လိုက်သည်။ ထို့နောက် အခြေအနေကို ပြောင်းပြန်လှန်ကာ စပေါ်ငွေကို သက်သေအဖြစ်အသုံးပြုပြီး သားသမီးဝတ္တရားဖြင့် ချူဟွားကို ဖိအားပေးကာ ဘိုးဘေးဗိမာန်တွင် ဒူးထောက်ခိုင်းခဲ့သည်။ အကယ်၍ ချူဟွား၏ မိခင်က ငွေဖြင့် ဖြေရှင်းရန် ချက်ချင်းဆုံးဖြတ်ချက်မချခဲ့ပါက ခုနစ်နှစ်အရွယ် ချူဟွား မည်သို့ဖြစ်သွားမည်ကို မည်သူသိနိုင်မည်နည်း။

ချူဖျင် ပါးစပ်ဟလိုက်သည်။ သူ ဤအကြောင်းကို မသိခဲ့ပေ။ ဝမ်သခင်မသည်လည်း သူ့ကို တစ်ခါမျှ မပြောပြခဲ့ပေ။

ပထမဆုံးအကြိမ်အဖြစ် သူသည် သူ၏ဇနီး၊ သားနှင့် သမီးကို သေချာမသိပါလားဟု နားလည်လိုက်လေသည်။ သူ၏မိခင်နှင့် မောင်းမတော်သည်ပင်လျှင် သူ၏ရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး ပြောဆိုပြုမူကြပြီး သူ့ကို ဖုံးကွယ်ထားခဲ့ကြသည်။

Systemသည် ဒေါသူပုန် ထသွားတော့သည်။ ဖရဲသီးစွမ်းအင်ကို အလွန်နှမြောသော ထိုsystemသည် ခရမ်းချဉ်သီးပုပ်များနှင့် ဟင်းသီးဟင်းရွက်ပုပ်ရွက်များဖြင့် ပစ်ပေါက်သည့် အထူးပြုလုပ်ချက်ကို ဖန်တီးရန်အတွက် ဖရဲသီးစွမ်းအင်ကို သုံးလေတော့သည်။

[မမကြီးဟွား၊ နင် ဒါကို ဒီအတိုင်း အလွတ် မပေးလိုက်ဘူးမလား]

[ဒါပေါ့] ချူဟွားက ပြုံးလိုက်ကာ [နှစ်နှစ်ကြာတော့ ငါ့အစ်ကိုကြီးကို ဆိုင်တစ်ဆိုင် ပေးလိုက်တယ်။ အဘွားက ချူချီအတွက် ဘာလို့မရှိရတာလဲလို့ မေးတယ်။ ငါ ဘာပြန်ပြောခဲ့လဲ ခန့်မှန်းကြည့်]

Systemက ခန့်မှန်းလိုက်သည်။ [လွန်ခဲ့တဲ့နှစ်နှစ်ကအကြောင်းကို သူ့ကို ပြန်ပြောပြလိုက်တာလား]

အရှင်မင်းကြီးသည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်ကာ ... ဒီကလေးမရဲ့ အကျင့်နဲ့ဆိုရင် အဲလောက် ရိုးရှင်းမှာ မဟုတ်လောက်ဘူး။

ချူဟွားက ခေါင်းခါလိုက်၏။ [ငါ ပြောလိုက်တယ်လေ: ဘာပေါက်တက်ကရတွေ စဉ်းစားနေတာလဲလို့]

System: [ဪ]

အရှင်မင်းကြီးနှင့် မှူးမတ်များ: အိုးဟဲ့။

သိပ်ပြီး မလိမ္မာရာကျပေမဲ့ ပြောတော့ရမှာပဲ။ ကျေနပ်တယ်။

ထပ်ပြောပါဦး။

Systemက မေးလိုက်၏။ [ပြီးတော့ရော။ ပြီးတော့ရော]

ချူဟွား: [ဒေါသတကြီးနဲ့ သူက ငါ့ကို ရိုက်မလို့လုပ်ပြီး ဘိုးဘေးဗိမာန်မှာ ဒူးထောက်ခိုင်းတယ်။ အဲ့ဒီနေ့မှာ ငါက ယိညန်၊ ချူချီနဲ့ မောင်းမတော်ရဲ့သမီးတို့ရဲ့ လစဉ်ထောက်ပံ့ကြေးတွေကို ရပ်ဆိုင်းလိုက်တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ငါ့အမေက သူတို့ကို ပစ္စည်းတွေ အများကြီးပေးခဲ့လို့ သူတို့ထဲက ဘယ်သူကမှ ဘာက ဦးစားပေးရမယ်ဆိုတာ မသိတော့ဘူးလေ။ ဒါနဲ့ ငါလည်း သူတို့ကို သင်ခန်းစာပေးလိုက်တယ်။ မောင်းမတော်တွေနဲ့ မောင်းမကနေ မွေးတဲ့သူတွေက သူတို့ရသင့်တာကို ထားလို့ရတယ်။ ပေးစရာမလိုတာတွေကိုလဲ ပြန်ယူရမယ်။ ပြန်ယူလို့မရရင် သူတို့တွေ ပြန်မပေးမချင်း လစဉ်ထောက်ပံ့ကြေးကို ရပ်ထားလိုက်မယ်]

System: [ဝိုး။ နောက်ရော]

အရှင်မင်းကြီးနှင့် မှူးမတ်တစ်ရာ: ဝိုး။ ဆက်ပြောပါ။ မြန်မြန်လေး။

ချူဟွားသည် သူမ၏လည်ချောင်းကို ထိလိုက်သည်။ သူမသည် စိတ်ထဲတွင်သာ စကားပြောနေသော်လည်း စကားများများပြောလျှင် လည်ချောင်းခြောက်နေသလို အမြဲခံစားနေရသည်။

[နောက်ပိုင်းမှာ ငါ့အမေနဲ့ ငါ့အစ်ကိုကို ပိုက်ဆံသုံးပြီး စီးပွားရေး လုပ်ခိုင်းတယ်။ ရလာတဲ့အမြတ် တစ်ပြားတစ်ချပ်တိုင်းက ငါတို့သုံးယောက် ပိုင်တယ်။ တခြားသူတွေ ဆိုင်ကနေယူသွားတဲ့ ပစ္စည်းတိုင်းကို လစဉ်ထောက်ပံ့ကြေးထဲကနေ နှုတ်တယ်။ အများကြီး ယူပြီး ပြန်မပေးဘူးဆိုရင် ရွှမ်းထျန်းစီရင်စုကို တိုင်ဖို့ လူတစ်ယောက် လွှတ်လိုက်တယ်။ သူတို့ အိမ်ကနေတောင် မထွက်ရသေးဘူး။ အဖမ်းခံလိုက်ရရော။ ဘယ်သူက ချူချီကို နန်းတွင်းစာမေးပွဲဖြေပြီး သူ့ဂုဏ်သတင်းအတွက် စိတ်ပူခိုင်းလို့လဲ။ အဟား။ ငါ့ဆီက အခွင့်အရေး ယူချင်တယ်လား။ အိပ်မက်တောင် မမက်နဲ့]

အရှင်မင်းကြီးသည် အလွန်ကျေနပ်သွားသဖြင့် သူ၏ပေါင်ကိုပင် ပုတ်လိုက်မိတော့သည်။

ဒီလိုကပ်စေးနှဲ အငြိုးကြီးပြီး လက်စားချေတတ်တဲ့ အမူအရာက သူနဲ့ သိပ်တူတာပဲ။ သဘောကျသွားပြီ။

သူက မိန်းကလေးတစ်ယောက် ဖြစ်နေတာတော့ နှမြောစရာပဲ။ မဟုတ်ရင် သူ့ကို ရာထူးတစ်ခုတော့ သေချာပေါက် ပေးလိုက်ဦးမှာ။ နေဦး။ အခုလဲ သူ့အစ်ကို ရာထူးကို ယူထားတာပဲ မဟုတ်ဘူးလား။ အရှုံးမခံတတ်တဲ့ အကျင့်စရိုက်နဲ့ ငွေရှာနိုင်တဲ့ အရည်အချင်း ပိုင်ဆိုင်ထားတဲ့ဟာ ဒါက ဘဏ္ဍာရေးဌာနကို မပို့လိုက်ရင် နှမြောစရာ ကောင်းသွားပြီမလား။

အရှင်မင်းကြီး၏ အတွေးငယ်လေးများသည် ပေါ်လာသည်နှင့် သူကိုယ်တိုင်ပင် ပြန်ပြီး ဖိနှိပ်ထားလိုက်တော့သည်။

သူမသည် ဟိုတစ်နေ့ကမှ ဆဋ္ဌမအဆင့်ရာထူးသို့ တိုးမြှင့်ခံထားရပြီး အချိန်တိုအတွင်း ထပ်မံတိုးမြှင့်မပေးနိုင်ပေ။ နန်းတွင်းသည် သူတစ်ယောက်တည်း၏ ပိုင်နက်မဟုတ်ဘဲ အခြေအနေ ဆိုးသွားပါက ကွပ်ကဲရေးမှူးများက တိုင်လုံးကို ခေါင်းဖြင့်ဝင်တိုက်သွားနိုင်သည်။

သို့သော် နန်းတွင်းရှိ ကွပ်ကဲရေးမှူးများသည် တံခါးနောက်ကွယ်တွင် ပုန်းကာ အားတက်သရော ဖရဲသီး စားနေကြသည်ကိုတော့ အရှင်မင်းကြီးခင်မျာ သတိမထားမိရှာပေ။ နားမကောင်းသော ကွပ်ကဲရေးမှူးအိုကြီးနှစ်ဦးသည် ပိုမိုရှင်းလင်းစွာ ကြားနိုင်ရန်အတွက် အနောက်ဘက် အနည်းငယ် ရောက်သည့် အခြားသူများနှင့် နေရာချင်း လဲလှယ်ခဲ့ကြလေသည်။

Systemသည် ထိုဖရဲသီးကို အတော်လေး ကျေနပ်နေ၏။ [မမကြီးဟွား၊ နင့်ရဲ့ဖရဲသီးက တိုလွန်းတယ်။ ငါ အသေးစိတ်ကို စစ်ဆေးဖို့လိုတယ်။ ဘာလိုလို ငါ့ကို ခေါ်လိုက်ပါ]

ချူဟွား: [သွားနှင့်။ ငါလည်း ပင်ပန်းနေပြီ။ ခဏအိပ်လိုက်ဦးမယ်]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

တမြန်နေ့ကမှ တစ်ရေးအိပ်ခဲ့သေးတယ်လေ။ ဒီနေ့လည်း အိပ်နေပြီလား။ တစ်နေ့ကျရင်တော့ လဲချပြီး အိပ်တော့မှာ မဟုတ်ဘူးလား။

လွန်လွန်းတယ်။ လွန်လွန်းတယ်။

ချူဟွားကလည်း တမင်လုပ်နေခြင်း မဟုတ်ပေ။ သူမသည် သုံးရက်ဆက်တိုက် မနက်သုံးနာရီတွင် တစ်ခါမျှ မထဖူးခဲ့ပေ။

ကံမကောင်းစွာဖြင့် ဤရက်များသည် စာရင်းစစ်ဆေးရသည့် ရက်များ ဖြစ်နေသည်။ လစဉ်နှင့် သုံးလပတ်စာရင်းများကို တိုက်ဆိုင်စစ်ဆေးရမည်။ သူမသည် နန်းတော်မှ ထွက်သွားပြီးနောက် အလုပ်ဆက်လုပ်ရမည်။ သူမသည် စာရင်းစာအုပ်ကို ဟန်လင်းတော်ဝင်ကျောင်းတော်သို့ သယ်သွားလို့လဲ မရနိုင်ပေ။

နိုးလာပြီးနောက် သူမသည် လျိုကျန်း နောက်သို့လိုက်ကာ ဟန်လင်းတော်ဝင်ကျောင်းတော်သို့ ပြန်သွားပြီး ချက်ချင်းပင် တရားမဝင် သမိုင်းမှတ်တမ်းများကို စိတ်အားထက်သန်စွာ ဖတ်ရှုလေတော့သည်။

ဟန်လင်းတော်ဝင်ကျောင်းတော်မှ အရာရှိများ: "..."

ချောင်းကြည့်နေသော နန်းစောင့်တပ်သား: "..."

ချူဟွား: [System၊ မြန်မြန်လာခဲ့]

System: [လာပါပြီ]

ချူဟွား: [ဒီမှာပြောထားတာက ယခင်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ်က ညဘက်မှာ အမျိုးသမီးနှစ်ယောက်နဲ့ ပျော်ပါးရတာကို အထူးသဖြင့် ကြိုက်တယ်တဲ့။ အဲ့ဒါ အမှန်ပဲလား]

Systemသည် ရှာဖွေပြီးနောက် ဝိုးခနဲအသံဖြင့် ပြန်လာလေသည်။ [ဝိုး။ ရှေးလူကြီးတွေက တကယ်ပဲ ဒီလောက်တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကစားခဲ့ကြတာလား။ တကယ်ပဲ မျက်စိပွင့်နားပွင့်ရတာပဲ]

ဟန်လင်းတော်ဝင်ကျောင်းတော်မှ အရာရှိများနှင့် နန်းစောင့်တပ်သားများကလည်း တိတ်တဆိတ် နားထောင်နေကြသည်။ ဘယ်လို တီထွင်ဖန်တီးတာလဲ။ ဘယ်လို မျက်စိပွင့်စရာလဲ။ သူတို့ကို ထပ်ပြောပြပါဦး။

ချူဟွားက ချောင်းဟန့်လိုက်ပြီး လေးလေးနက်နက်အသံဖြင့် ပြောလိုက်သည်။ [System ရေ၊ နင့်မှာ ကောင်းတာတွေရှိရင် သူငယ်ချင်းကောင်းတွေနဲ့ မျှဝေသင့်တယ်နော်။ နင်တစ်ယောက်တည်း အကုန် စားလို့မဖြစ်ဘူး။ ဒါက မကောင်းဘူး။ ကြည့်လေ။ ငါ့မှာ ဖရဲသီးကြီးတစ်ခုရှိတာတောင် နင့်ကို ပြောပြတယ် မဟုတ်လား]

ဟန်လင်းတော်ဝင်ကျောင်းတော်မှ အရာရှိများနှင့် နန်းစောင့်တပ်သားများ: ဟုတ်တယ်လေ။

Systemသည် အကျပ်ရိုက်သွားကာ [ငါ မပြောချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ ဖရဲသီးsystem မှာ အသေးစားကာကွယ်မှု setting တစ်ခု ရှိတယ်။ ဒီလို ညစ်ညမ်းတဲ့အကြောင်းအရာတွေက ပိတ်ဆို့ခံရလိမ့်မယ်]

ချူဟွား: "..."

ဟန်လင်းတော်ဝင်ကျောင်းတော်မှ အရာရှိများနှင့် နန်းစောင့်တပ်သားများ: "..."

နေဦးလေ။ ချူဟွားက အရွယ်မရောက်သေးပေမဲ့ သူတို့ကတော့ အရွယ်ရောက်ကြပြီးသားလေ။

အားလုံး၏ မျက်လုံးများမှာ တောက်ပသွားကြပြီး system ကို ဆက်ပြောရန် မည်သို့ သတိပေးရမည်ကို မသိဖြစ်နေကြတော့သည်။ ချူဟွားက နားမထောင်နိုင်သော်လည်း နားထောင်နိုင်သည့် အရွယ်ရောက်ပြီးသူများစွာ ရှိနေသေးသည်။

ချူဟွားကတော့ အရွယ်မရောက်သေးသည့် စံနှုန်းမှာ အဘယ်အရာဖြစ်သည်ကို သေချာမသိပေ။ အရင်ဘဝကို ထည့်တွက်ထားသည်လားလဲ မသိရပေ။

[နည်းနည်းလောက် ပြောကြည့်]

System: [ယခင်မင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ်က လူတွေကို အမိုးဖွင့် ကျောက်စိမ်းဖြူ ရေကန်တစ်ခု ဆောက်ခိုင်းတယ်။ အဖိုးတန် အရက်အိုး ၂၀၀ ကျော်ကို ရေကန်ထဲ လောင်းထည့်တယ်။ အဲ့ဒီတုန်းက အနောက်နန်းဆောင်ထဲက အလှဆုံး ကိုယ်လုပ်တော် ၃၀ကို ခေါ်ယူပြီး နေရာမှာပဲ သမင်သားနဲ့ အမဲသား ကင်တယ်။ တကယ့် အရက်ကန်နဲ့ အသားတောကို ဖန်တီးခဲ့တယ်။ ပြီးတော့ သူတို့က တီး—၊ ပြီးတော့ တီး—၊ ပြီးတော့ နောက်ဆက်တွဲ တီး—]

ချူဟွားသည် တတီးတီး အသံများကြောင့် စိတ်ပျက်သွားတော့သည်။ [ငါမကြားရဘူး၊ မပြောနဲ့တော့]

System: [ဟုတ်ကဲ့]

အရသာခံနားထောင်နေကြသော အရွယ်ရောက်ပြီးသူများ: ??!

သေလိုက်ပါတော့။ အဝါစာတွေက တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားပါရောလား။

…

All Chapters