အခန်း ၆
Vol. 1 Ch. 6
အပိုင်း (၆)
နေ့သစ်တစ်နေ့ကို လတ်လတ်ဆတ်ဆတ် ဖရဲသီးစားခြင်းဖြင့် စတင်လိုက်တော့သည်။
ချူဟွားသည် ရယ်မောပြီးနောက်မှာပင် သတိပေးရန်လည်း မမေ့ချေ။ [လက်ထောက်ဘဏ္ဍာရေးမှူးရဲ့ ဖရဲသီးတွေကို ဆက်ပြီးစောင့်ကြည့်နေ။ နောက်ဆက်တွဲတွေ ကျိန်းသေရှိဦးမှာ]
System: [ငါလည်း အဲလို ထင်တယ်]
လက်ထောက်ဘဏ္ဍာရေးမှူးမှာမူ: တကယ်ပါပဲ။ တခြားသိုးတစ်ကောင်ကို ပြောင်းပြီး အမွှေးနုတ်ကြပါတော့လား။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ယနေ့တိုင်းပြည့်အရေးများကို ပျော်ရွှင်မှုအငွေ့အသက်များဖြင့် စတင်ဆွေးနွေးကြလေသည်။
ဘဏ္ဍာရေးဝန်ကြီး၏ မမျှော်လင့်ထားသော ကျဆုံးမှုကြောင့် သူတို့သည် ချူဟွားနှင့် system၏ အသုံးဝင်ပုံအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြသည်။ ထိုအရာမှာ အကျင့်ပျက်ခြစားသော မှူးမတ်များကို ရှာဖွေခြင်းပင်။
Systemက တူးဆွခဲ့သော ဖရဲသီးများသည် ဤမျှတိကျ ထိရောက်မှန်း သိရှိပြီးနောက်တွင် ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန် အခြားနည်းလမ်းများကို အချိန်နှင့် အားကုန်ခံပြီး အဘယ်ကြောင့် ရှာဖွေနေဦးမည်နည်း။ အကျင့်ပျက်ခြစား မှူးမတ်အနည်းငယ်ကို ထပ်မံဖမ်းဆီးလိုက်လျှင် လုံလောက်သည် မဟုတ်ပါလား။ ဤအချင်းအရာက ယခင်မင်းဆက်များ၏ ရတနာများကို တူးဖော်ခြင်းထက် များစွာပိုမိုမြန်ဆန်ပြီး အဆင်ပြေလှသည်။
နန်းစောင့်တပ်မှူး လင်ယိုသည် ဘဏ္ဍာရေးဝန်ကြီး၏ အကျင့်ပျက်ခြစားမှု သက်သေအထောက်အထားများကို ရုံးတော်တွင် တင်ပြခဲ့သည်။ "ဘဏ္ဍာရေးဝန်ကြီးဟောင်း ယွမ်ဝေ့က ရာထူးသက်တမ်း ငါးနှစ်အတွင်း ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ဒေသဆိုင်ရာ မှူးမတ်များကို ငွေညှစ်ခဲ့ပြီး သုံးနှစ်အတွင်း ငွေသားငါးသန်းအထိ အလွဲသုံးစားလုပ်ခဲ့ပါတယ်။ အခုတော့ သူ့အိမ်ကနေ ခိုးယူထားတဲ့ငွေ နှစ်သန်းအောက်သာ သိမ်းဆည်းရမိပြီး ကျန်သုံးသန်းကတော့ ပျောက်ဆုံးနေပါတယ်"
Systemမှာ တုန်လှုပ်သွားတော့သည်။ [ငါးသန်းတောင်လား။ ဒါက လောဘကြီးလွန်းလိုက်တာ]
အရှင်မင်းကြီးနှင့် မှူးမတ်များ: လာပြီ။ system ရှိနေရင် ငွေသုံးသန်း ဘယ်ရောက်သွားလဲဆိုတာကို သေချာပေါက် ရှာဖွေနိုင်မှာပဲ။
ချူဟွား၏ လေသံကတော့ တည်ငြိမ်လှသည်။ [ရန်ချင်း အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ငွေတစ်သိန်း။ အရေးကြီး အဆင့်၄ အုပ်ချုပ်ရေးမှူးတစ်ယောက်က စီရင်စုတစ်ခု အုပ်ချုပ်ရေးကို တာဝန်ယူရပြီး သုံးနှစ်အတွင်း ဒီလောက်အထိ အလွဲသုံးစားလုပ်နိုင်တယ်။ ဘဏ္ဍာရေးဝန်ကြီးက တတိယအဆင့် မှူးမတ်ဖြစ်ပြီး သာ့ရှန်းတစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာရေးကို တာဝန်ယူရတယ်။ အိမ်ထောင်စုမှတ်ပုံတင်၊ အခွန်ကောက်ခံမှုနဲ့ စစ်ရေးစရိတ်တွေ အားလုံး သူ့လက်ထဲကနေ ဖြတ်သွားတာ။ ငါးသန်း မပြောနဲ့။ သန်းငါးဆယ် အလွဲသုံးစား လုပ်ခဲ့တယ်ဆိုရင်တောင် အံ့ဩစရာမရှိဘူး]
အရှင်မင်းကြီးနှင့် မှူးမတ်များမှာ ငြိမ်ကျသွားကြလေသည်။ ရာဇဝတ်မှုအားလုံးကို စာရင်းပြုစုနေသော နန်းစောင့်တပ်မှူးသည် ခဏရပ်တန့်ပြီးနောက် ဆက်ပြောလာခဲ့သည်။ "ယွမ်ဝေ့က ငွေညှစ်မှုနှင့် အကျင့်ပျက်ခြစားမှုတွေကို ဝန်ခံခဲ့ပါတယ်..."
Systemမှာ နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။ [ဒါက နိုင်ငံရဲ့ဘဏ္ဍာရေးကို စီမံခန့်ခွဲနေတာလေ။ ဘုရင့် ယုံကြည်မှုကို မတရားရထားတဲ့သူမှသာ ဒီလိုအရေးကြီးတဲ့ရာထူးကို ရနိုင်မှာ။ ငွေညှစ် ခြစားမှုတွေ မလုပ်ခင်က ဒီကိစ္စတွေ ပေါ်သွားရင် သူ့ဆီမှာ ဘာတွေဖြစ်လာမလဲဆိုတာ သူ မစဉ်းစားမိခဲ့ဘူးလား]
သည်အချက်ကလဲ အရှင်မင်းကြီးနှင့် မှူးမတ်များလည်း နားမလည်နိုင်သော အချက်ပင်။
သူတို့သည် ယွမ်ဝေ့၏ စာရိတ္တကို သိကြသည်။ သူသည် ဤမျှလောက် စွန့်စားမှုများသော အလုပ်ကို လုပ်ရလောက်အောင် အဘယ်အတွက် ငွေအများကြီး လိုအပ်နေသနည်း။
ချူဟွားသည် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ [System၊ သွားကြည့်လိုက်စမ်း။ ဒီနေရာမှာ ဖရဲသီးအကြီးကြီးတစ်လုံး ရှိနိုင်တယ်]
အရှင်မင်းကြီးသည် မျက်လုံးများကို အနည်းငယ် မှေးစင်းထားလိုက်လေသည်။ ချန်ကျို့က အလျင်အမြန် ပြောလိုက်တော့သည်။ "ယွမ်ဝေ့ကို ခေါ်သွင်းခဲ့”
အမိန့်တော်တစ်ခွန်းဖြင့် ဘေးဘက်ခန်းမဆောင်တွင် စောင့်ဆိုင်းနေသော ယွမ်ဝေ့ကို နန်းတော်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် အဖြူရောင် အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများမှာ နီရဲကာ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေလေသည်။
လွန်ခဲ့သောတစ်ရက်က သူသည် သာ့ရှန်းမင်းဆက်၏ တတိယအဆင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး အရှင်မင်းကြီး၏ အထူးယုံကြည်မှုကို ရရှိကာ ပထမအဆင့်နှင့် ဒုတိယအဆင့်မှူးမတ်များနှင့် ရယ်ရယ်မောမော ပြောဆိုရင်း လုပ်ဖော်ကိုင်ဖက်များ၏ မြှောက်ပင့်ခြင်းကို ခံခဲ့ရသေးသည်။ တစ်ရက်အကြာတွင် သူသည် လုပ်ဖော်ကိုင်ဖက်များ အားလုံး၏ရှေ့တွင် ဒူးထောက်နေရသော အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ကုန်းကုန်းတစ်ဦးပင် သူ့အထက်တွင်ရပ်ကာ သူ့ကို မထီမဲ့မြင်ပြုနိုင်သည်။ အဆင့်အတန်း ကွာခြားချက်မှာ ကြီးမားလှ၏။
ယွမ်ဝေ့သည် တော်ဝင်အစောင့်တပ်တွင် မည်သို့သော အတွေ့အကြုံများ ကြုံတွေ့ခဲ့ရသည်ကို မသိရသော်လည်း သူ၏ပုံစံမှာ အလွန်ညှိုးငယ်နေလေသည်။
အရှင်မင်းကြီးသည် ပလ္လင်ထက်တွင် ထိုင်ရင်း အေးစက်စွာ မေးမြန်းလာသည်။ "ယွမ်ဝေ့၊ ငါကိုယ်တော် မင်းကို မျှော်လင့်ချက်ကြီးကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးရာထူး ပေးအပ်ခဲ့တာ။ ဘာဖြစ်လို့ မင်းက ငါကိုယ်တော်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးရတာလဲ”
ယွမ်ဝေ့သည် လက်များကို မြင့်မြင့်မြှောက်ကာ မြေပေါ်တွင် ဒူးထောက်လျက် "ကျွန်တော်မျိုး အပြစ်သားက ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့ပါတယ်။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ချိုးဖောက်မိတဲ့အတွက် သေဒဏ်နဲ့ ထိုက်တန်ပါတယ်။ ဒီကိစ္စက ဒီအပြစ်သား တစ်ယောက်တည်းကြောင့် ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် အပြစ်မရှိတဲ့ ကျွန်တော်မျိုးရဲ့ မိသားစုကို သနားတော်မူပြီး လွှတ်ပေးတော်မူပါ”
မည်သို့ပင်ဖြစ်စေ ယွမ်ဝေ့သည် နန်းတော်တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော သူတို့၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။ ယခုအခါ သူသည် မိမိမိသားစုအတွက် အသေခံ၍ တောင်းပန်နေသည်ကို မြင်ရသောအခါ မှူးမတ်များစွာမှာ စိတ်မကောင်းဖြစ်ကြလေသည်။
အရှင်မင်းကြီးသည် ယွမ်ဝေ့၏ နှစ်ပေါင်းများစွာ စွမ်းဆောင်ခဲ့မှုများကို ပြန်လည်စဉ်းစားမိပြီး သူ၏စိတ်မှာ ပျော့ပြောင်းသွားတော့သည်။ ဤကိစ္စသည် အမှန်တကယ်ပင် သူ၏မိသားစုကို ထိခိုက်စေခြင်းမရှိပေ။
"ငါကိုယ်တော် ခွင့်ပြု..."
'ခွင့်ပြု' ဟူသော စကားလုံးထွက်လာသည်နှင့် ယွမ်ဝေ့သည် သက်ပြင်းအသာချလိုက်စဉ် systemက ရုတ်တရက် ပေါ်လာကာ [မမကြီးဟွား၊ ဖရဲသီးအကြီးကြီးနဲ့ ပြန်လာပြီ]
အရှင်မင်းကြီး၏ အာရုံသည် ချက်ချင်းလွှဲပြောင်းသွားသည်။ ဘယ်လို ဖရဲသီးအကြီးကြီးလဲ။
မှူးမတ်များမှာ နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရသည်။ သူတို့၏ ယွမ်ဝေ့ကို ကြည့်လိုက်ကြသော အကြည့်များမှာ တဖြည်းဖြည်း မူမမှန် ဖြစ်လာတော့သည်။ systemက ယွမ်ဝေ့၏ ဖရဲသီးကို တူးဖော်နေပုံရသည်။
ယွမ်ဝေ့၏ မျက်လုံးများမှာ ပြူးကျယ်ထွက်လာလေသည်။ သူ့မှာ ဒီအခြေအနေတောင် ရောက်နေပြီလေ systemက သူ့ကို လက်မလွှတ်သေးဘူးလား။
ချူဟွား: [ငါ ခန့်မှန်းကြည့်မယ်လေ]
System: [ကောင်းပြီလေ]
ချူဟွား: [သာ့ရှန်းမင်းဆက်မှာ လာဘ်ပေးလာဘ်ယူနဲ့ အလွဲသုံးစားလုပ်ခြင်းတို့ကနေ ရရှိတဲ့ငွေက ငွေနှစ်ရာကျော်လွန်ရင် သေဒဏ်ပေးရမယ်လို့ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတယ်။ ဥပဒေက ပြင်းထန်ပုံရပေမဲ့ သာ့ရှန်းမင်းဆက်ရဲ့ ဧကရာဇ်တွေက မှူးမတ်တွေကို ယခင်မင်းဆက်ထက် ၅၀ ရာခိုင်နှုန်း လစာပိုရတယ်။ ငွေရေးကြေးရေး အခက်အခဲရှိတဲ့ အရာရှိတချို့ကို ဘဏ္ဍာတိုက်ကနေ ငွေချေးခွင့်လည်း ပေးထားတယ်။ လက်ထောက်ဘဏ္ဍာရေးမှူးလိုမျိုး အတွင်းခံဘောင်းဘီ အပေါက် ဖြစ်နေတာတောင် မလဲနိုင်လောက်အောင် ခြိုးခြံတဲ့ ဖြစ်ရပ်မျိုးက ရှားပါတယ်]
အသက်ငါးဆယ်ကျော်အရွယ် လက်ထောက်ဘဏ္ဍာရေးမှူးသည် ညီလာခံထဲတွင် ငိုလုမတတ် ဖြစ်သွားသည်။
ကျေးဇူးပြုပြီး ကျုပ်ကို မေ့ထားပေးကြပါတော့။ နောက်ဆို ကျုပ် အတွင်းခံဘောင်းဘီ ကောင်းကောင်း ဝတ်ပါ့မယ်။ ဟုတ်ပြီလား။ နောက်ဆို ကျုပ် ခြိုးခြံတာကို လျှော့ပါ့မယ်။ ရပြီလား။
ချူဟွား: [ယွမ်ဝေ့က ငွေငါးသန်းကိုတောင် လာဘ်စားငွေညှစ်ရဲမှတော့ အခု အဖမ်းခံရတဲ့အခါ ဒီလောက်တောင် ပူးပေါင်းဆောင်ရွက်ပြီး သေဖို့ပဲ တောင်းနေတာက အဓိပ္ပာယ်မရှိဘူး။ ခြစားမှုထက် ပိုပြင်းထန်တဲ့ ရာဇဝတ်မှုတစ်ခုခု ရှိမနေရင်ပေါ့လေ]
ယွမ်ဝေ့၏ မျက်လုံးအိမ်များမှာ ချက်ချင်းကျယ်သွားပြီး ဒူးထောက်နေသည့် သူ၏ခန္ဓာကိုယ်မှာ တုန်ရီလာတော့သည်။
အရှင်မင်းကြီးနှင့် မှူးမတ်များမှာ သဘောပေါက်သွားကြသည်။ သူတို့သည် ယွမ်ဝေ့က အပြစ်မရှိသော မိသားစုဝင်များကို ကာကွယ်ရန် ဤမျှပူးပေါင်းဆောင်ရွက်သည်ဟု ထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် သူသည် အခြားရာဇဝတ်မှုများကို ဖုံးကွယ်ရန် အမှုကို အမြန်ဆုံးပိတ်သိမ်းလိုခြင်း ဖြစ်နေသည်။
ဒါပေမဲ့ သေဒဏ်ထက် ပိုဆိုးတဲ့ ပြစ်မှုက ဘာများလဲ။
မဖြစ်နိုင်ဘူး။ မဟုတ်လောက်ပါဘူး။
ယွမ်ဝေ့က အဲလောက်တော့ သတ္တိမရှိလောက်ပါဘူးနော်။
အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက အနီးရှိ တရားရေးဝန်ကြီးဌာန ဒုဝန်ကြီးကို "ဘာဖြစ်နိုင်မလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။
တရားရေးဝန်ကြီးဌာန ဒုဝန်ကြီးသည် ဆိတ်ငြိမ်နေပြီး သူ၏လည်ပင်းကို အကြိမ်အနည်းငယ် လှီးပြလိုက်သည်။
အားလုံး ကောင်းစွာသိကြသည်မှာ သေဒဏ်အတွက် တစ်ချက်လှီးလျှင် လုံလောက်သည်။ အကြိမ်အနည်းငယ် လှီးခြင်းမှာ တစ်ယောက်ထက်ပို၍ သေမည်ကို ဆိုလိုသည်။
သေဒဏ်ထက် ပိုမိုကြောက်စရာကောင်းသည်မှာ မိသားစုတစ်စုလုံးကို ကွပ်မျက်ခြင်းနှင့် မျိုးနွယ်ကိုးဆက်လုံးကို သုတ်သင်ခြင်းပင်။ ထို့ကြောင့် ယွမ်ဝေ့ ဖုံးကွယ်လိုသော ရာဇဝတ်မှုသည် ထိုအဆင့်အထိ ဖြစ်နိုင်သည်။
ချူဟွားကတော့ ခန့်မှန်းကြည့်လိုက်၏။ [သူ ပုန်ကန်ဖို့ ကြံစည်နေတာတော့ မဟုတ်လောက်ပါဘူးနော်]
Systemသည် ပြန်ဖြေမည်အပြုတွင် ယွမ်ဝေ့၏ တုန်လှုပ်ဖွယ်အသံကို ကြားလိုက်ရတော့သည်။
"ဤအပြစ်သား မဝံ့ရဲပါ”
ချူဟွားက ချက်ချင်း ခေါင်းမော့လိုက်၏။ Systemသည်လည်း အာရုံစိုက်လိုက်သည်။ ဘာကို မဝံ့ရဲတာလဲ။
အရှင်မင်းကြီးသည် ယွမ်ဝေ့ကို စားတော့မည့်အလား စိုက်ကြည့်နေတော့သည်။
ယွမ်ဝေ့သည်လည်း အရှင်မင်းကြီးက လျှို့ဝှက်ချက်များကို ပိုမိုသိရှိလိုပြီး လူတစ်ယောက်နှင့် system တစ်ခုကြား စကားဝိုင်းကို ကြားနိုင်သည့် အမှန်တရားအား မည်သူ့ကိုမျှ ပေါ့ပေါ့ဆဆ ဖော်ထုတ်ခွင့် ပြုမည်မဟုတ်ကြောင်း သိနေသည်။
သူသည် ဦးခိုက်၍ အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားတော့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ မိသားစုကို လွှတ်ပေးတော်မူပါ”
အရှင်မင်းကြီးသည် သူ့ကို အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် စိုက်ကြည့်ရင်း "အဲ့ဒါကတော့ မင်း ငါကိုယ်တော်ကို လိမ်ညာနေသေးသလားဆိုတာပေါ် မူတည်တယ်”
"လင်ယို”
နန်းစောင့်တပ်မှူး: "ကျွန်တော်မျိုး ရှိပါတယ်”
အရှင်မင်းကြီး: "မင်း တခြားဘာတွေ ရှာတွေ့ထားသေးလဲ”
နန်းစောင့်တပ်မှူး၏ လက်ထဲတွင် သဲလွန်စအချို့ရှိသော်လည်း အချိန်မှာ အလွန်တိုတောင်းပြီး စွဲချက်များ မသေချာမီ သံသယရှိသူကို နှိပ်စက်၍ မရပေ။ ထို့ကြောင့် တွေ့ရှိချက်မှာ အလွန်နည်းပါးနေသည်။
သို့သော် ဤအခြေအနေတွင် သူသည် ဘာမှမတွေ့ဟု ပြော၍မဖြစ်ပေ။
ချူဟွား၏ ခန့်မှန်းချက်ကို ပြန်စဉ်းစားရင်း လင်ယိုက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး၊ လွန်ခဲ့တဲ့သုံးနှစ်က ယွမ်ဝေ့ရဲ့ တရားဝင်သမီးက အရွယ်ရောက်ပြီး တစ်လမပြည့်ခင်မှာပဲ တတိယမင်းသား စံအိမ်တော်သို့ ဝင်ရောက်ခဲ့ပါတယ်။ သူက လမစေ့ဘဲ သမီးတစ်ယောက်ကို မွေးဖွားခဲ့ပြီး ယခုအခါ ကိုယ်ဝန်ငါးလရှိနေပါပြီ။ ယွမ်ဝေ့ ငွေညှစ်ခြစားမှုက လွန်ခဲ့တဲ့သုံးနှစ်၊ သူ့တရားဝင်သမီး တတိယမင်းသား စံအိမ်တော်ကို လက်ထပ်ပြီး မဝင်ခင်ကတည်းက ဖြစ်ပါတယ်”
လင်ယိုသည် တော်ဝင်အစောင့်တပ်မှ တွေ့ရှိသော သဲလွန်စများကိုသာ ပြောကြားပြီး ၎င်းတို့ကြားရှိ ဆက်စပ်မှုကိုမူ မပြောခဲ့ပေ။ သို့သော် ရှိနေသောလူများထဲတွင် အမြင်မစူးရှသူ မည်သူရှိပါမည်နည်း။ ကြားလိုက်သည်နှင့် သူတို့သည် သဘောပေါက်သွားကြတော့သည်။ "ဪ၊ ဒီလိုကိုး"
အရှင်မင်းကြီးက သရော်ကာ ပြောလိုက်လေသည်။ "တော်ဝင်ဆေးဌာနမှူး၊ သူ့ကိုယ်ဝန်က ယောက်ျားလေးလား မိန်းကလေးလား သွားကြည့်ချေ”
"ကျွန်တော်မျိုး အမိန့်တော်နာခံပါတယ်” တော်ဝင်ဆေးဌာနမှူးသည် အလျင်အမြန် ထွက်ခွာသွားတော့သည်။
ယခုအချိန်တွင် တတိယမင်းသားအပေါ် ယခင်မင်းဆက်၏ လက်ကျန်အင်အားစုများဟူသော သံသယသည် ရှင်းလင်းသွားခြင်း မရှိသေးပေ။ အကယ်၍ ယွမ်ဝေ့သည် အမှန်တကယ်ပင် ထိုသို့သော အကြံအစည်ရှိခဲ့ပါက သူသည် ယခင်မင်းဆက်၏ လက်ကျန်အင်အားစုများနှင့် ပူးပေါင်းပြီး ပုန်ကန်ကာ ယခင်မင်းဆက်ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည့်သဘောပင်။ ဟင်း... သူတကယ်ပဲ အသက် မရှင်ချင်တော့ဘူးပဲ။
ညီလာခံတွင်းရှိ လေထုသည် အုံ့မှိုင်းလို့နေတော့သည်။ ဤအခိုက်တန့်တွင် အရှင်မင်းကြီးကို အမျက်ထွက်စေမည်စိုးသဖြင့် မည်သူမျှ စကားမပြောဝံ့ကြပေ။
ဤအချိန်တွင် ကလေးငယ်တစ်ဦး၏ [ဝိုး___] ဟူသော အသံကို ကြားလိုက်ရ၏။
System: [မမကြီးဟွား၊ သွေးခုန်နှုန်းကို စမ်းရုံနဲ့ ယောက်ျားလေးလား မိန်းကလေးလား ပြောနိုင်တယ်လား။ ဒါက လူပုံစံ B-ultrasound စက်လိုပဲ မဟုတ်ဘူးလား]
ချူဟွား: [အတွေ့အကြုံရှိတဲ့ ဆရာဝန်ကြီးတွေက သွေးခုန်နှုန်းကနေ ကျား၊မ ခွဲခြားနိုင်တယ်လို့ ဆိုကြပေမဲ့ အမှားအယွင်း ဖြစ်နိုင်ခြေလည်း ရှိတယ်၊ B-ultrasound စက်လောက်တော့ မစွမ်းဘူးပေါ့။ နင်ရော ယောက်ျားလေးလား မိန်းကလေးလား သိလား]
System: [ယောက်ျားလေး]
အရှင်မင်းကြီးနှင့် မှူးမတ်များ: အဲလိုပဲ ဖြစ်ရမှာပေါ့။
ထိုအခိုက်အတန့်တွင် သူတို့သည် ယွမ်ဝေ့ကို လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။
ယွမ်ဝေ့၏ မျက်နှာသည် ပြာနှမ်းနေပြီး သူ၏တစ်ကိုယ်လုံးမှာ ကိုင်းညွှတ်နေတော့သည်။
Systemကတော့ သူစားခဲ့သော ဖရဲသီးကြီးကို ချူဟွားအား မျှဝေတော့သည်။ [လွန်ခဲ့တဲ့သုံးနှစ်က ယွမ်ဝေ့က တတိယမင်းသားနဲ့ ပူးပေါင်းပြီး သူ့ကို ပလ္လင်ပေါ်တင်ပေးဖို့ အသင့်ဖြစ်နေပြီ။ အဲ့ဒီအခါကျရင် သူက နဂါးနောက် လိုက်ခဲ့လို့ ဂုဏ်ကျေးဇူးကို ရရုံတင်မကဘဲ တိုင်းပြည်ရဲ့ ယောက္ခမလည်း ဖြစ်လာမှာ။ တတိယမင်းသားက သူ့သမီးကို မိဖုရားခေါင်ကြီး မြှောက်ပြီး သူ့သမီးရဲ့သားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်မယ်လို့ ကတိပေးခဲ့တယ်။ အဲ့ဒီတော့မှ ယွမ်ဝေ့က စွန့်စားပြီး သူ့အတွက် ငွေရှာပေးခဲ့တာ]
ချူဟွားမှာ မယုံနိုင်အောင် ဖြစ်သွားတော့သည်။ [အရှင်မင်းကြီးက ဒီနှစ်မှာ အသက်လေးဆယ်ကျော်၊ အင်အားအကောင်းဆုံးအချိန်ပဲ ရှိသေးပြီး ဧကရာဇ်ဖြစ်ရတဲ့ အရသာကို အလုံအလောက် မခံစားရသေးဘူး။ အရွယ်ရောက်တဲ့ မင်းသားတွေ နည်းပေမဲ့ အိမ်ရှေ့စံကို မခန့်အပ်ဘူး။ ဒါက အရမ်းသိသာနေတာပဲ။ တတိယမင်းသားက ဒီလောက်တောင် သတ္တိရှိလို့လား။ မိဖုရားခေါင်နဲ့ အိမ်ရှေ့စံ ခန့်အပ်ဖို့အကြောင်း ပြောရဲတယ်လား]
မှူးမတ်များ:မှန်လိုက်တာ။
အကယ်၍ အခြေအနေကသာ ခွင့်ပြုမည်ဆိုလျှင် သူတို့သည် ချူဟွားကို လက်ခုပ်တီးကာ အားပေးကြလိမ့်ဦးမည်။ သူ ပြောလိုက်တဲ့ စကားက အရမ်းမှန်တာပဲ။ ချက်ကောင်းကို တည့်တည့်ထိသွားတာပဲ။
အရှင်မင်းကြီးကတော့ နားမလည်နိုင်တော့ချေ။ "ယွမ်ဝေ့၊ ငါ့ရဲ့အကြီးဆုံးသားတော်က နယ်စပ်ကို စောင့်ရှောက်ပြီး မြောက်ပိုင်း အရိုင်းအစိုင်းတွေကို သတ်ဖြတ်လို့ သူတို့ မကျူးကျော်ရဲကြဘူး။ ဒုတိယသားတော်က တောင်ပိုင်းလူရိုင်းတွေဆီ သံတမန်အဖြစ်သွားပြီး သူတို့ကို သာ့ရှန်းရဲ့ လက်အောက်ခံနိုင်ငံဖြစ်အောင် လုပ်ခဲ့တယ်။ တတိယသားတော်က တကယ့်အလုပ်အကိုင်မရှိ၊ စစ်အင်အားမရှိ၊ အောင်မြင်မှုမရှိ၊ မိခင်မျိုးနွယ်မရှိ၊ လုံးဝကို ကလေကချေပဲ။ မင်း သူ့ကို သဘောကျတာလဲ”
ချူဟွားသည် မနေနိုင်ဘဲ စနောက်ကာ ပြောလိုက်တော့သည်။ [သူ့ တင်ပါးက ကြီးတော့ သားမွေးပေးနိုင်တာကို ကြိုက်တာနေမှာပေါ့]
ချက်ချင်းပင် ညီလာခံတစ်ခုလုံး ဆိတ်ငြိမ်သွားသည်။
"ခွိ..." မှူးမတ်တစ်ယောက်သည် ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားပြီး ညီလာခံ၏ နေရာအနှံ့အပြားမှ တိုးညှင်းသော ရယ်သံများ ထွက်ပေါ်လာသည်။
အရှင်မင်းကြီးသည် ဒုတိယမင်းသားကို စိုက်ကြည့်လိုက်၏။ ဤနေရာမှဆိုလျှင် သူသည် အရှေ့ဘက်ကိုသာ မြင်နိုင်ပြီး သူ့သားတော်၏ တင်ပါးကြီးသလား မကြီးသလားကို မမြင်နိုင်ပေ။
ကျစ်။ တကယ်ကို နှမြောစရာပဲ။
ဒုတိယမင်းသားသည် ရှေ့ဆုံးတန်းတွင် သစ်သားရုပ်ကဲ့သို့ ရပ်နေလေသည်။ ခမည်းတော်၏ အကြည့်သည် အလွန်စူးရှနေပြီး သူ၏နောက်မှ မှူးမတ်များမှာ သူ၏တင်ပါးကို ခိုးပြီး ကြည့်နေကြသည်။ သူတို့အားလုံးသည် သူ၏တင်ပါးသည် တတိယမင်းသားလောက် မကြီးလေသလား။ သို့မဟုတ်လျှင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အဘယ်ကြောင့် သမီးများသာ ရရှိခဲ့သနည်းဟု သိလိုနေကြပုံပင်။
သူသည် သူ၏အစ်ကိုတော်ကို အနည်းငယ် လွမ်းဆွတ်မိတော့သည်။ အကယ်၍ သူ၏အစ်ကိုတော်သာ ဤနေရာတွင် ရှိလျှင် ယနေ့ သူတို့နှစ်ဦးသား အတူတကွ တင်ပါးကို ကြည့်ခံရပေမည်။
တစ်ယောက်တည်း အရှက်ရခြင်းထက် နှစ်ယောက်အရှက်ရခြင်းက ပိုကောင်းသည်ပင်။ အနည်းဆုံးတော့ အဖော်တစ်ယောက် ရှိသေးသည်။
ယွမ်ဝေ့၏ မျက်နှာသည် ခါးသီးမှုများဖြင့် ပြည့်နှက်နေပြီး စကားပြောရန် ခက်ခဲနေတော့၏။
Systemက သက်ပြင်းချကာ သူ့ကိုယ်စား ဖြေပေးလိုက်တော့၏။ [တကယ်တော့ ယွမ်ဝေ့က မီးတွင်းထဲ ကျသွားသလိုမျိုး ခံစားခဲ့ရတာ။ သူက တတိယမင်းသားနဲ့ တရားဝင်သမီးကို ခုတင်ပေါ်မှာ ပက်ပင်းတိုးမိခဲ့တာ။ နှစ်ယောက်မှာ ကလေးရှိနေပြီဆိုတာ မြင်တော့ သူ ဘာလုပ်နိုင်ဦးမှာလဲ။ သူ့သမီးကို ပေးစားလိုက်ရတော့တာပေါ့]
ချူဟွား: [ဒါလည်း ဟုတ်တာပဲ။ သာ့ရှန်းမင်းဆက်က အပျိုစင်ဘဝကို သိပ်တန်ဖိုးမထားဘဲ မုဆိုးမတွေကို နောက်အိမ်ထောင်ပြုဖို့ အားပေးပေမဲ့ လက်မထပ်ခင် အပျိုစင်ဘဝကို ဆုံးရှုံးလို့ရတယ်လို့တော့ မဆိုလိုဘူး။ ဒီကိစ္စသာ ပေါ်သွားရင် တတိယမင်းသားအတွက်တော့ အချစ်ဇာတ်လမ်းတစ်ခု ဖြစ်သွားမှာပေမဲ့ ယွမ်ဝေ့ရဲ့သမီးအတွက်တော့ ဂုဏ်သတင်း ပျက်စီးသွားမှာပဲ။ ပြီးတော့ ယွမ်မိသားစုက တခြားမိန်းကလေးတွေရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေမှာ။ သူ့သမီးကို အမြန်ဆုံး ပေးစားပြီး ကလေးကို လမစေ့ဘဲမွေးတယ်လို့ ဟန်ဆောင်တာကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးလေ]
System: [သူတို့ ကလေးကို ဖျက်ချလို့မရဘူးလား]
ချူဟွား: [နင်က တတိယမင်းသားရဲ့အထောက်အထားကို အခု သိနေတာ၊ ဒါပေမဲ့ ယွမ်ဝေ့က အဲ့ဒီတုန်းက မသိခဲ့ဘူးလေ။ သူ့သမီးက အရှင်မင်းကြီးရဲ့ မြေးတော်ကို ကိုယ်ဝန် လွယ်ထားရတာ။ သူ ဘယ်လိုလုပ်ရဲမှာလဲ။ ပြီးတော့ တတိယမင်းသားရဲ့ ယောက္ခမနဲ့ အနာဂတ် ယောက္ခမတော်ဖြစ်ရမဲ့ သွေးဆောင်မှုကို သူ စွန့်လွှတ်ဖို့ ခက်ခဲခဲ့ပုံပဲ။ ခဏတာ လောဘစိတ်ကြောင့် သူ ထောင်ချောက်ထဲ ကျသွားခဲ့တာ]
System: [မမကြီးဟွား၊ အစ်မက တော်လိုက်တာ။ ဒါက တတိယမင်းသားက ယွမ်ဝေ့အတွက် ထောင်ချောက်ဆင်ခဲ့တာဆိုတာကို ငါ မပြောခင်ကတည်းက သိနေတယ်]
ယွမ်ဝေ့သည် ပို၍ပင် ခါးသီးသွားတော့သည်။ သူသည် နောက်ပိုင်းမှသာ သဘောပေါက်ခဲ့ခြင်းပင်။
ယခုအခါတွင် သူသည် အပျိုဆောင်ထဲက မိန်းကလေးတစ်ဦးလောက်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဟု ထင်ရသည်။ ဖြစ်နိုင်သည်မှာ ကိစ္စတွင် ပါဝင်ပတ်သက်နေသူများသည် မျက်စိကန်းပြီး မပါဝင်သူများမှာ ရှင်းလင်းစွာ မြင်နိုင်ခြင်း ဖြစ်ပေမည်။
ချူဟွား: [အရှင်မင်းကြီး ခုနကပဲ ပြောသွားတာ မဟုတ်လား။ တတိယမင်းသားက တကယ့် ရာထူးအာဏာ၊ စစ်အင်အား၊ အောင်မြင်မှုနဲ့ မိခင်မျိုးနွယ် ဘာတစ်ခုမှ မရှိဘူး။ သူ ရှေ့က မင်းသားနှစ်ပါးကို ကျော်ပြီး ထီးနန်းကို ဘယ်လိုရနိုင်မှာလဲ။ အရှင်မင်းကြီးက အားအင် အကောင်းဆုံးအရွယ်မှာပဲ ရှိသေးပြီး အကြီးဆုံးနဲ့ ဒုတိယမင်းသားတွေကို သတ်လိုက်ရင်တောင် နောက်ပိုင်းမှာ တခြားမင်းသားတွေ မွေးဖွားလာဦးမှာပဲ။ ဒါကြောင့် သူက ကိုယ်ပိုင်အင်အားကို စုဆောင်းရမှာပေါ့]
[ထီးနန်းလုတာပဲဖြစ်ဖြစ်၊ ပုန်ကန်တာပဲဖြစ်ဖြစ်၊ ငွေနဲ့လူက အခြေခံအကျဆုံး လိုအပ်ချက်တွေပဲ။ ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံရဲ့ဘဏ္ဍာရေးကို တာဝန်ယူရပြီး သူ့မှာ သမီးတစ်ယောက် ရှိနေတယ်။ ဒီအရွယ်မိန်းကလေးတွေက အချစ်ကို စတင်တွေ့ကြုံ ခံစားရတဲ့အရွယ်ဖြစ်ပြီး အချစ်အကြောင်းကို အရမ်းသိချင်နေကြတယ်။ ရုပ်ရည်ချောမောတဲ့ ယောက်ျားတစ်ယောက်၊ အဲ့ဒါအပြင် မင်းသားတစ်ပါးက သူ့ကို နူးနူးညံ့ညံ့ ပြောဆိုဂရုစိုက်ပြီး ချိုသာတဲ့စကားတွေပြော၊ လက်ကိုင်၊ နမ်းရှုံ့လိုက်တဲ့အခါ အငွေ့အသက်တွေက နှစ်ဦးနှစ်ဖက် သာယာကြည်နူးစရာဖြစ်လာပြီး သူတို့ လှည့်စားမခံရဘဲ နေပါ့မလား]
နေရာတွင် ရှိနေသည့် ယောက်ျားများ: “....”
သူတို့တွင် အလွန်တရာမှ သိချင်လှသည့် အဖြေတစ်ခု ရှိနေတော့သည်။ ချူဖျင်သည် သူ၏သမီးကို မည်သို့များ သင်ကြားခဲ့ပါသနည်း။ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး တားမြစ်ချက် မရှိသော ဤသို့သောသမီးကို သူ မည်သို့ မွေးမြူနိုင်ခဲ့သနည်း။
ဟုတ်သားပဲ။ ချူဟွားက သူ systemနဲ့ လျှို့ဝှက်စကားပြောနေတာလို့ပဲ ထင်ခဲ့တာလေ။ အားလုံး ကြားသိသွားတာကို သိမှမသိပဲ။
ချူဖျင်သည် သက်ပြင်းချကာ မျက်နှာကို အုပ်ထားလိုက်တော့သည်။ သူ့သမီး အိမ်ထောင်ကျပါဦးတော့မလား။
System: [မမကြီးဟွား၊ အစ်မက တော်လိုက်တာ။ အမှန်တရားက အစ်မ ခန့်မှန်းထားတာနဲ့ ဆင်တူတယ်၊ ဒါပေမဲ့ တတိယမင်းသားက လူရှုပ်တစ်ယောက်ပဲ။ သူ့ငါးကန်ထဲမှာ ဘဏ္ဍာရေးဝန်ကြီးရဲ့ သမီးတင်မကဘဲ အရပ်ဘက်မှူးမတ်တွေနဲ့ စစ်သူကြီးတွေရဲ့ သမီးတွေလည်း ရှိသေးတယ်။ သူတို့ထဲက တချို့ကို မျှားပြီးပြီ၊ တချို့နဲ့ဆို အတူတောင် အိပ်ပြီးပြီ။ သူက မိန်းကလေး ကိုယ်ဝန်ရလာတာကို စောင့်ပြီး အခွင့်အရေးကောင်းရှာရင်း ဖခင်ဖြစ်သူက တွေ့သွားအောင်လုပ်၊ မိန်းကလေးကို အိမ်ခေါ်ပြီးမှ အခြေအနေတွေကို ဖြည်းဖြည်းချင်း ညှိနှိုင်းဖို့ပဲ စောင့်နေတာ]
ချူဟွားမှာ ငြိမ်ကျသွားတော့သည်။
ရှိနေကြသည့် အရပ်ဘက်မှူးမတ်များနှင့် စစ်သူကြီးများစွာမှာ ငြိမ်ငြိမ်လေး မထိုင်နိုင်ကြတော့ချေ။ သူတို့၏သမီးများလည်း လိမ်လည်လှည့်ဖြားခြင်း ခံလိုက်ရသည်များလား။
ကွပ်ကဲရေးမှူးများအားလုံးမှာ မျက်နှာများ ညှိုးငယ်နေကြလေသည်။ အကယ်၍ စကားပြောရန် အခါခွင့်သင့်သည် အချိန်သာဆိုလျှင် သူတို့သည် တတိယမင်းသားကို ဆဲဆိုကြပြီးလောက်ပြီ။
တိရစ္ဆာန်။ ယုတ်မာတဲ့ သတ္တဝါ။
ချူဟွား: [System၊ ငါတို့အိမ်က မောင်းမတော်ကနေမွေးတဲ့ အစ်မ ချူရှူးတော့ လှည့်စားမခံရဘူးမလား]
ချူဖျင်၏ ရင်ထဲတွင် အသက်ရှူကျပ်သွားသည်။ မဖြစ်နိုင်လောက်ဘူးမလား။
သူသည် တရားရေးဝန်ကြီးဌာန၏ ပဉ္စမအဆင့် ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သည်။ သူသည်လည်း တတိယမင်းသား၏ ငါးကန်ထဲတွင် ရှိနေနိုင်သည်များလား။
System: [ငါးကန်စာရင်းထဲမှာတော့ မပါဘူး။ ငါ စစ်ကြည့်လိုက်ဦးမယ်]
ချူဟွား၏ အစ်မနှင့် ပတ်သက်နေသောကြောင့် systemသည် ဖရဲသီးစွမ်းအင်အချို့ကို သုံးစွဲ၍ စစ်ဆေးကြည့်လိုက်၏။ [ဪ။ တတိယမင်းသားက နင့်အဖေက နှစ်ပေါင်းများစွာ အမှုထမ်းပြီးတာတောင် ပဉ္စမအဆင့်အရာရှိပဲ ဖြစ်နေလို့ အနာဂတ် မရှိဘူးလို့ ခံစားရတယ်။ ဒါကြောင့် သူက နင့်အဖေကို အထင်မကြီးဘူး]
ချူဟွားသည် သက်ပြင်းချလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ [ရာထူးနိမ့်တာက ကောင်းပါတယ်]
ရာထူးနိမ့်သောကြောင့် မျက်နှာသာမပေးခံရသော ချူဖျင်: "..."
ရာထူးမြင့်သောကြောင့် မျက်နှာသာပေးခံရသော ယွမ်ဝေ့: "..."
အခြားရာထူးမြင့်မားသော ဝန်ကြီးများ: "..."
သည်အတိုင်းကို ခံစားချက်များ ရောထွေးသွားကြတော့သည်။
...