အခန်း ၇
Vol. 1 Ch. 7
အပိုင်း (၇)
အရှင်မင်းကြီးသည် ယွမ်ဝေ့ကို ရှေ့တော်သွင်းခိုင်းလိုက်ကာ ပျောက်ဆုံးနေသည့် ငွေသုံးသန်း၏ တည်နေရာကို system ထံမှ သိရှိရန် မျှော်လင့်ထားလေသည်။
ယခုမူ တည်နေရာကို သိရှိခဲ့ရပြီး များစွာသော အကြောင်းအရာများကိုလဲ ဆွဲထုတ်နိုင်ခဲ့သည်။ ရွံရှာဖွယ်အကောင်းဆုံးအရာမှာ တတိယမင်းသားသည် ဝန်ကြီးသမီး၏ စိတ်နှင့်ခန္ဓာကိုယ်ကို လှည့်စားခဲ့ပြီး ထိုမိန်းကလေးအား လက်မထပ်မီ ကိုယ်ဝန်ရှိစေကာ ဝန်ကြီးကို သူ၏အသုံးချခံ ဖြစ်စေရန် ထောင်ချောက်ထဲသို့ ကျရောက်အောင် ကြံစည်ခဲ့ခြင်းပင်။
မိသားစုနှစ်စု အချင်းချင်း ကူညီခြင်းမှာ ပုံမှန်အလေ့အထပင်။
အရှင်မင်းကြီးသည် ဝန်ကြီးများ၏ ညီအစ်မများနှင့် သမီးအများအပြားကို နန်းတော်အတွင်းသို့ ခေါ်ဆောင်ခဲ့သည်။ သူ၏သားတော်သည်လည်း မှူးမတ်မိသားစု၏ သမီးများနှင့် လက်ထပ်ခဲ့သော်လည်း ၎င်းမှာ ပုံမှန်ထိမ်းမြားခြင်းမျှသာ။
မည်သူကမှ ဤသို့ ယုတ်ညံ့သော နည်းလမ်းကို အသုံးမပြုခဲ့ချေ။
အရှင်မင်းကြီးသည် သက်ကြီး ကွပ်ကဲရေးမှူးများ၏ မျက်နှာများမှာ ဒေါသထွက်လွန်းသဖြင့် နီရဲလာပြီး တကိုယ်လုံး တုန်ယင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ လေလည်ချင်စိတ်ကို အောင့်အီးထားသည့် အမူအရာတစ်ခုသာ လိုတော့၏။ သူသည် တော်ဝင်ဆေးဌာနမှ ဆေးမှူးနှင့် တရားသူကြီးအား ညီလာခံသို့ အတူတကွ တက်ရောက်ခိုင်းရန် ဉာဏ်ရှိရှိ ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည့်အတွက် အလွန်ပင် ဝမ်းမြောက်မိသည်။ မမျှော်လင့်သည်များ ဖြစ်လာခဲ့လျှင် သူတို့သည် ထိုသူတို့အား အပ်စိုက်ကုထုံးဖြင့် ကယ်တင်နိုင်ပြီး ညီလာခံ၌ သေဆုံးခြင်းမှ ကာကွယ်နိုင်ပေလိမ့်မည်။
"လင်ယို တတိယမင်းသားကို မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ ညီလာခံကို ခေါ်လာခဲ့”
လင်ယို: "ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်”
လုံလောက်သော သက်သေအထောက်အထား မရှိခြင်းနှင့် တတိယမင်းသားသည် အရှင်မင်းကြီး၏ အဖေအရင်းမှ မွေးသော သားတော်မဟုတ်ဘဲ သူ၏ ယခင်မင်းဆက်နှင့် ဆက်နွယ်မှုမှာ အတည်ပြုရန် လိုအပ်နေသေးသောကြောင့် တော်ဝင်အစောင့်သည် တတိယမင်းသားအား အကျဉ်းချနိုင်ခြင်း မရှိပေ။ ယခုအချိန်တွင်တော့ သူတို့သည် တတိယမင်းသား၏ စံအိမ်တော်သို့ အလျင်အမြန်သွားရောက်ကာ ညီလာခံသို့ ဖိတ်ခေါ်ရုံသာ တတ်နိုင်၏။
အသွားအပြန် အနည်းဆုံး နာရီဝက်ခန့် ကြာမြင့်ပေလိမ့်မည်။
ယွမ်ဝေ့ အကြောက်ဆုံးအရာမှာ သိရှိသွားခဲ့ပြီဖြစ်ပြီး ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သူသည် ဆက်လက်ခေါင်းမာနေပြီး အရှင်မင်းကြီး၏ မနှစ်မြို့မှုကို နှိုးဆွပါက မြန်မြန်သေရတော့မည် မဟုတ်ပေ။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ ပြုလုပ်ခဲ့သမျှကို ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောပြလိုက်တော့၏။
ထိုအကြောင်းအရာများတွင် တတိယမင်းသား၏ သူ့အပေါ်ထားရှိသော ကတိကဝတ်များ၊ သူ့ထံမှ ငွေတောင်းခံခြင်း၊ ငွေရှာရန် သူ၏ရာထူးကို အသုံးချရန် ဖိအားပေးခြင်းနှင့် အခြားများစွာသော ကိစ္စရပ်များ ပါဝင်၏။
အဆုံးတွင် ယွမ်ဝေ့သည် အရှင်မင်းကြီးအား ကြည့်ရှုပြီး တွန့်ဆုတ်နေခဲ့သည်။
သူသည် တတိယမင်းသား၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ပြီး မိုက်မဲသော အရာအချို့ကို ပြုလုပ်ခဲ့သော်လည်း ထိုကိစ္စမတိုင်မီက သူသည် တတိယမင်းသားမှာ ယခင်မင်းဆက်၏ အကြွင်းအကျန်တစ်ဦးဖြစ်ကြောင်း မသိရှိခဲ့ပေ။ ဤကိစ္စကိုသာ သူ သိရှိခဲ့ပါက သတ္တိပေါင်း အဆတစ်ရာရှိခဲ့လျှင်ပင် တတိယမင်းသားနှင့် ပူးပေါင်းကြံစည်ဝံ့မည် မဟုတ်ပေ။
အရှင်မင်းကြီးသည် သူ၏မျက်လုံးများဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။ "မင်းပို့လိုက်တဲ့ ငွေသုံးသန်းကို တတိယမင်းသားက ဘာလုပ်ခဲ့လဲ”
ယွမ်ဝေ့: "ဒီအပြစ်သား မသိကြောင်းပါ”
System သည် ယွမ်ဝေ့အတွက် စိုးရိမ်တကြီး ဖြစ်သွားတော့သည်။ [သူက တခြားသူတွေကို လာဘ်ထိုးဖို့ လက်နက်တွေဝယ်ဖို့ ပြီးတော့ ပုန်ကန်ဖို့ ပြင်ဆင်နေတာပေါ့။ မင်းက ငတုံးလား။ တခြားသူတွေ ဘာလုပ်တော့မယ်ဆိုတာတောင် မသိဘဲနဲ့ ပိုက်ဆံတွေ တုံးတုံးအအနဲ့ ပေးခဲ့သေးတာလား]
ယွမ်ဝေ့က အမှန်တကယ် မသိခဲ့ခြင်းများလား။
မဖြစ်နိုင်ပါဟု မဆိုသာသော်လည်း ခိုင်လုံသော သက်သေအထောက်အထား မရှိနေခြင်းပင်။
သူသည် အရှင်မင်းကြီး၏ စစ်ဆေးမေးမြန်းခြင်းကို တမင်တကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သူသည် systemကို သိချင်စိတ်ဝင်စားလာအောင် သို့မဟုတ် မခံမရပ်နိုင်ဖြစ်လာအောင် ပြုလုပ်နိုင်ပြီး တက်ကြွစွာ မေးမြန်းပြီး အသိပေးလာပါက အလွန်ကောင်းမွန်ပေလိမ့်မည်။ ယခုတော့... အရှင်မင်းကြီးသည် သူ အလိုရှိသောအရာကို ရရှိပေတော့မည်။
System: [မမကြီးဟွား သိချင်လား]
တတိယမင်းသား လုပ်ဆောင်လိုသော အရာများမှာ အနည်းငယ်မျှသာ ဖြစ်၏။ ချူဟွားကတော့ ခန့်မှန်းနိုင်ပြီး သိပ်စိတ်ဝင်စားခြင်းမရှိပေ။
[တတိယမင်းသားက ယခင်မင်းဆက်ရဲ့ စစ်သူကြီးနဲ့ ဆက်သွယ်ပြီးသားပဲ။ ယခင်မင်းဆက်က ချန်ထားခဲ့တဲ့ရတနာနဲ့ဆိုရင် သူ ဘာလို့ ယွမ်ဝေ့ကို ထောင်ချောက်ဆင်ပြီး ဒီနည်းလမ်းနဲ့ ငွေရှာခိုင်းနေသေးတာလဲ]
ဤအချက်ကတော့ အရှင်မင်းကြီးနှင့် မှူးမတ်များ၏ သတိမထားခဲ့သည့်အချက်ပင်။
ယခင်မင်းဆက်၏ ရတနာအကြောင်း မသိခင်ကတည်းက ယွမ်ဝေ့အတွက် ထောင်ချောက် ဆင်ထားခြင်းဖြစ်သည်ဟု မသိစိတ်မှ ထင်မှတ်ခဲ့ကြသည်။ သို့သော် အခြေအနေက တစ်မျိုးတစ်မည် ဖြစ်နေပါလျှင်ရော။
System: [ကောင်းပြီ။ ငါ သွားပြီ]
သိပ်မကြာလိုက်ချေ။ [ငါ ပြန်လာပြီ မမကြီးဟွား။ ဒီတတိယမင်းသားက တကယ့်ကို အမှိုက်ကောင်ပဲ။ သူ့ကို လွန်ခဲ့တဲ့လေးနှစ်က အရင်မင်းဆက်ရဲ့ စစ်သူကြီးရဲ့ မျိုးဆက်ဖြစ်တဲ့ ယန်ဟွိုင်က ရှာတွေ့ခဲ့တာ။ အဲ့ဒီတုန်းက သာ့ရှန်းမင်းဆက်က နေရာတိုင်းမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အချိန်ပေါ့]
[သာ့ရှန်းမင်းဆက်မှာ သဘာဝဘေးအန္တရာယ်တွေနဲ့ လူလုပ်ဘေးအန္တရာယ်တွေ အများကြီးရှိရတဲ့ အကြောင်းရင်းက ကျင်းမင်းဆက်က ယုတ်ညံ့တဲ့နည်းလမ်းတွေ သုံးပြီး တိုင်းပြည်ကို သိမ်းပိုက်ခဲ့လို့ ကောင်းကင်ဘုံက အပြစ်ပေးတာလို့ ယန်ဟွိုင်က ပြောတယ်။ ဖွီး။ ကျင်းမင်းဆက်သေသွားတာ နှစ်တွေ ဘယ်လောက်တောင် ကြာပြီလဲ။ ကောင်းကင်ဘုံမှာ တကယ်ပဲ မျက်စိရှိခဲ့ရင် ကျင်းမင်းဆက်ရဲ့ နောက်ဆုံးအရှင်မင်းကြီးက အဲ့လောက် အသက်ရှည်နေမှာလား။ အစောကြီးကတည်းက မိုးကြိုးတစ်ချက်နဲ့ သူ့ကို ပစ်သတ်သွားလောက်ပြီ]
ထိုစကားကြောင့် အရှင်မင်းကြီးမှာ ပြုံးမိတော့သည်။ သူသည် ဤသို့ စကားပြောကောင်းသော systemကို အမှန်ပင် ဆုချီးမြှင့်လိုလှ၏။
သာ့ရှန်းမင်းဆက် တည်ထောင်ခဲ့သည်မှာ နှစ်တစ်ရာကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မင်းဧကရာဇ်သည်လည်း လေးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပြီဖြစ်ရာ ဤသည်မှာ ကောင်းကင်ဘုံမှ အပြစ်ပေးခြင်း မည်သို့ဖြစ်နိုင်မည်နည်း။
ချူဟွား: [ပုန်ကန်ဖို့အတွက် အကြောင်းပြချက်တစ်ခုတော့ အမြဲတမ်း ရှိနေမှာပဲလေ။ ဒါက ဆင်ခြေတစ်ခုပဲ။ မဟုတ်ရင် သူ ဘာပဲပြောပြော တတိယမင်းသားက ဘယ်လိုယုံကြည်မှာလဲ]
System: [တတိယမင်းသားက သူ့ရဲ့အဖေအရင်းနဲ့တူပြီး သူတို့သာ မျက်နှာချင်းဆိုင်ရပ်နေရင် သွေးသားတော်စပ်တယ်ဆိုတာကို ပြောနိုင်တယ်။ ယန်ဟွိုင်လက်ထဲမှာလည်း စစ်သူကြီးဟောင်း ယန်မင်ရဲ့ ကျားတံဆိပ် ရှိနေသေးတယ်။ ဝမ်ကျဲယွီက မင်းသမီးကို ထားခဲ့ပြီး မင်းသားနဲ့ လဲလှယ်ခဲ့တဲ့ကိစ္စကိုလည်း တတိယမင်းသားရဲ့အဖေနဲ့ ယန်ဟွိုင်က ကြံစည်ခဲ့တာပဲ။ ဒါ့အပြင် ယခင်မင်းဆက်ရဲ့ရတနာဆိုတဲ့ မုန်လာဥနီက သူ့ရှေ့မှာ လှုပ်ပြနေတော့ သူ ငြင်းဆန်မှာ မဟုတ်ဘူးပေါ့]
[သူက ငယ်ငယ်ကတည်းက ပြည့်တန်ဆာမတစ်ယောက်က မွေးတာကို ရွံရှာခဲ့ပြီး တခြားသူတွေ ဒီအကြောင်း ပြောကြတာကို အမုန်းဆုံးပဲ။ သူ့ရဲ့ဘဝဇာတ်ကြောင်းကို သိပြီးနောက်မှာ သူ မယုံကြည်ဘဲ မနေနိုင်တော့ဘူး။ တစ်ဖက်မှာက သူ့ကို ဘာအကူအညီမှ မပေးနိုင်ဘဲ အဆုံးမရှိ အရှက်ခွဲနေတဲ့ ပြည့်တန်ဆာမိခင်။ တစ်ဖက်မှာက ယခင်မင်းဆက်ရဲ့ တော်ဝင်သွေးဖြစ်ပြီး ပလ္လင်လုယူဖို့ ကူညီပေးမဲ့ငွေ ရှိတဲ့လူတွေ ရှိနေတယ်။ လူမိုက်တစ်ယောက်တောင် ဘယ်လို ရွေးချယ်ရမလဲဆိုတာကို သိတယ်]
[ယန်ဟွိုင်က ယခင်မင်းဆက်ရဲ့ ရတနာကိုတူးပြီး တပ်သားတွေ စုဆောင်း။ ယခင်မင်းဆက်ကို အမြန်ဆုံး ပြန်လည်ထူထောင်ချင်နေတယ်။ တတိယမင်းသားကတော့ သူက အခု မင်းသားတစ်ပါးဖြစ်နေပြီး မွေးရာပါ အားသာချက်တွေရှိတယ်လို့ ခံစားနေရတယ်။ သူသာ နန်းတွင်းမှူးမတ်တွေကို သိမ်းသွင်းပြီး အိမ်ရှေ့စံရာထူးကို တက်လှမ်းနိုင်ခဲ့ရင် ပလ္လင်ပေါ်ကို ပိုပြီးလွယ်လွယ်ကူကူ တက်လှမ်းနိုင်မှာပဲ။ အရမ်းကို လုပ်စရာများလွန်းတဲ့ ပုန်ကန်မှုတစ်ခုကို စလုပ်စရာ မလိုဘူး။ ရတနာတွေ တူးဖော်လို့ အသံထွက်လာရင် ရှာဖွေတွေ့ရှိမှာစိုးလို့ သူတို့ ယွမ်ဝေ့ကို ပစ်မှတ်ထားခဲ့ကြတာ]
ချူဟွားသည် သည်လှုပ်ဆောင်ချက် လှိုင်းကြီးကြောင့် တုန်လှုပ်သွားပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်သွားတော့၏။
အရှင်မင်းကြီးသည် သူ့နဖူးကို ကိုင်ထားပြီး သူ၏လက်ထဲတွင် ကြီးပြင်းလာသော တတိယမင်းသားသည် သည်လိုလူမျိုး ဖြစ်နေသည်ကို မယုံကြည်နိုင်ခဲ့ပေ။
မှူးမတ်အားလုံးသည် ဤကိစ္စ စောစီးစွာ ဖော်ထုတ်ခံခဲ့ရသည့်အတွက် ဝမ်းသာရုံသာ တတ်နိုင်တော့သည်။ သို့မဟုတ်ပါက သူတို့ထဲမှ အများအပြားသည် ဒုတိယ ယွမ်ဝေ့ ဖြစ်သွားကြပေလိမ့်မည်။
တိတ်ဆိတ်မှုထဲတွင် တော်ဝင်အစောင့်သည် တော်ဝင်ဆေးဌာနမှ ဌာနမှူးနှင့် တတိယမင်းသားတို့ကို အတူတကွ ခေါ်ဆောင်လာခဲ့လေသည်။
တော်ဝင်ဆေးဌာနမှ ဌာနမှူး: "အရှင်မင်းကြီး တတိယမင်းသား ကြင်ရာတော်က သားယောက်ျားလေးတစ်ယောက်ကို ကိုယ်ဝန်လွယ်ထားပါတယ်”
အရှင်မင်းကြီးသည် မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး တော်ဝင်ဆေးဌာနမှ ဌာနမှူးသည် သူ၏နေရာသို့ ပြန်သွားခဲ့သည်။ စူးစမ်းနေသည့် အကြည့်တစ်ခု ဖြတ်သန်းသွားပြီး သူ၏လုပ်ဖော်ကိုင်ဖက်များက အလျင်အမြန် ခေါင်းညိတ်ပြကြသည်။ ငါတို့ သိပြီးသား။
တော်ဝင်ဆေးဌာနမှ ဌာနမှူးသည် နှမြောသတစိတ် မဖြစ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူသည် ခရီးကို အရှိန်မြှင့်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အတင်းအဖျင်းများစွာကို လွတ်သွားခဲ့သေးသည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ဒူးထောက်နေသော ယွမ်ဝေ့နှင့် တော်ဝင်အစောင့်မှ ခေါ်ဆောင်လာသော တတိယမင်းသားတို့ကို မြင်တွေ့ခဲ့ရသည်။ ချက်ချင်းပင် သူသည် ချက်ချင်း တက်ကြွလာတော့သည်။ ရပါတယ်လေ။ အခုလဲ စားစရာ ဖရဲသီးကြီးတစ်လုံး ရှိသေးတာပဲ။
ဤနေရာသို့ လာရာလမ်းတွင် တတိယမင်းသားသည် တော်ဝင်အစောင့်အား ညီလာခံသို့ ဆင့်ခေါ်ခံရသည့် အကြောင်းအရင်းကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တော်ဝင်အစောင့်သည် အလိုက်ကန်းဆိုးမသိ စကားတစ်ခွန်းလေးကိုပင် ထုတ်ဖော်ရန် ငြင်းဆန်ခဲ့သည်။
အနာဂတ်တွင် နန်းတက်လာလျှင်တော့ သူ့ကို သေချာပေါက် အပြစ်ပေးရမည်။
"သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်” တတိယမင်းသားသည် ထုံးစံအတိုင်း အရိုအသေပြုလိုက်သည်။
ပုံမှန်အားဖြင့် အရှင်မင်းကြီးသည် သူ အရိုအသေပြုပြီး မကြာမီတွင် သူ့အား ထရန် ခေါ်လေ့ရှိသောကြောင့် သူသည် အရိုအသေပြုသည်နှင့် ထရန် အသင့်ဖြစ်နေခဲ့သည်။ မမျှော်လင့်ဘဲ ယနေ့တွင်တော့ အရှင်မင်းကြီးသည် သူ့အား မခေါ်ခဲ့သောကြောင့် သူသည် တစ်ဝက်တစ်ပျက် ရပ်နေသည့်အနေအထား ဖြစ်နေတော့၏။
ဤသည်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှ၏။ တတိယမင်းသားသည် သတိလေးနှင့် စူးစမ်းကြည့်တော့သည်။ "သားတော် အရှင်မင်းကြီးကို စိတ်မကျေမနပ်ဖြစ်အောင် တစ်ခုခု လုပ်မိလို့လား”
အရှင်မင်းကြီးသည် သူ၏မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ "သူ့ကို ကြည့်လိုက်။ မင်း သူ့ကို သိလား”
တတိယမင်းသားသည် ညီလာခံ၌ ဒူးထောက်နေသော လူကို မြင်ပြီးဖြစ်ပြီး ထိုသူက မည်သူဖြစ်သည်ကို သိထားလေသည်။ သူသည် အမှတ်တမဲ့ တစ်ချက်ကြည့်လိုက်ပြီး "ဘဏ္ဍာရေးဝန်ကြီး ယွမ်ဝေ့ပါ”
အရှင်မင်းကြီး: "ယွမ်ဝေ့က သူ့ရဲ့အကျင့်ပျက်ခြစားမှုက မင်းရဲ့ညွှန်ကြားချက်ဖြစ်ပြီး သူ ရတဲ့ငွေအားလုံးကို မင်းကို ပေးခဲ့တယ်လို့ ဝန်ခံတယ်။ မင်း ဘာပြောချင်လဲ”
တည်ငြိမ်စွာဖြင့် တတိယမင်းသားက ထုတ်ပြောလာသည်။ "ခမည်းတော် နားလည်ပေးပါ။ ဒါတွေအားလုံးက ယွမ်ဝေ့ရဲ့ တစ်ဖက်သတ်စကားတွေပါပဲ။ သားတော်က တော်ဝင်သွေးတစ်ပါးဖြစ်ပြီး အပြစ်သားတစ်ယောက်က ဒီမှာ အမှတ်တမဲ့ အသရေဖျက်တာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး သာတော်တို့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြသတော်မူပါ”
ဘဏ္ဍာရေးဝန်ကြီး၏အိမ်ကို ညတွင်းချင်း စီးနင်းရှာဖွေခဲ့ပြီး ယွမ်ဝေ့၏ ပြစ်မှုများ ဖော်ထုတ်ခံခဲ့ရကြောင်း သိရှိပြီးဖြစ်သောကြောင့် သူသည် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့သည်။
ထိုအခိုက်အတန့်တွင် အရှင်မင်းကြီးသည် ယင်ကောင်တစ်ကောင်ကို စားလိုက်ရသကဲ့သို့ မအီမသာ ခံစားလိုက်ရ၏။
ဟုတ်ပါတယ်။ သူက တော်ဝင်သွေးဆိုပေမဲ့ ဘယ်သူ့တော်ဝင်သွေး ဆိုတာကိုတော့ ပြောရခက်သွားပြီလေ။
သူကများ ကြီးကြီးကျယ်ကျယ် စကား ပြောရဲသေးသတဲ့။ ဝန်ကြီးကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး ယခင်တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြသပေးပါတဲ့လေ။
အရှင်မင်းကြီးသည် ရွံရှာလွန်း၍ စကားမပြောလိုတော့ပေ။ သူသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။ "လင်ယို"
လင်ယိုသည် ရှေ့သို့ ထွက်လာပြီး လျှောက်တင်လိုက်၏။ "တတိယမင်းသား။ ယွမ်ဝေ့က လာဘ်စားမှုနဲ့ အကျင့်ပျက်ခြစားမှုကနေ ရရှိတဲ့ငွေနဲ့ မင်းသားကို ပေးတဲ့ငွေအားလုံးကို မှတ်တမ်းတင်ထားပါတယ်။ သက်ဆိုင်ရာ စာရင်းစာအုပ်တွေကို ရှာတွေ့ပြီးပါပြီ။ မင်းသားနဲ့ တစ်ခုချင်းစီ နှိုင်းယှဉ်ပြဖို့ လိုအပ်ပါသလား”
တတိယမင်းသားသည် အခြေအနေကို ပြောင်းပြန်လှန်ကာ ပြောလေသည်။ "ဪ။ သူ ပြောသမျှက အမှန်ပဲပေါ့။ ခင်ဗျားတို့ တော်ဝင်အစောင့်တွေက အခုလိုမျိုး အမှုတွေကို ကိုင်တွယ်နေတယ်ဆိုတာကို ငါ ဘယ်လိုလုပ်ပြီး မသိခဲ့ရတာလဲ”
တော်ဝင်အစောင့်သည် ပုံမှန်အားဖြင့် ဤသို့သော အမှုများကို မကိုင်တွယ်ပေ။ သူတို့သည် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိပြီးနောက်မှသာ လူများကို ဖမ်းဆီးခြင်း သို့မဟုတ် လူများကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်ကာ သက်သေအထောက်အထားများ ရှာဖွေခြင်းသာ ပြုလုပ်သည်။
ဤတစ်ကြိမ်တွင် အရှင်မင်းကြီးသည် ညီလာခံ၌ ထိပ်တိုက်ရင်ဆိုင်ရန် အလျင်စလိုဖြစ်နေပြီး သက်သေအထောက်အထားများစွာ စုဆောင်းရန် အချိန်မရှိသကဲ့သို့ တတိယမင်းသားအား ညှဉ်းပန်းနှိပ်စက်နိုင်ခြင်းလည်း မရှိပေ။
လင်ယို: "တော်ဝင်အစောင့်က တတိယမင်းသားစံအိမ်တော်ရဲ့ အမှုထမ်းတစ်ယောက်ဖြစ်တဲ့ ယန်ဟွိုင်ကို ဖမ်းဆီးထားပါတယ်။ သူက စစ်သူကြီးဟောင်း ယန်မင်ရဲ့ မျိုးဆက်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။ ယခင် ကျားတံဆိပ်ကိုလည်း သူ့ရဲ့စံအိမ်တော်မှာ ရှာတွေ့ထားပါတယ်။ ဒါက တတိယမင်းသားက ယခင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေကို လက်ခံထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား ဟုတ်မဟုတ် မေးခွင့်ပြုပါ"
ဟုတ်ပါသည်။ ထိုစကားကလဲ ဟန်ပြသက်သက်ပင်။ တော်ဝင်အစောင့်သည် ထိုမျှလောက် လျင်မြန်ခြင်းမရှိပေ။ သူတို့သည် systemမှ ပေးအပ်သော သတင်းအချက်အလက်များကို အသုံးချကာ တတိယမင်းသားကို လှည့်စားခြင်းပင်။
System ၏ ပထမဆုံး ပေါ်ထွက်လာသည့်နေ့တွင် တတိယမင်းသားသည် ယခင်မင်းဆက်၏ အကြွင်းအကျန်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရသည်။ တော်ဝင်အစောင့်၏ သူလျှိုများသည် တတိယမင်းသား၏ စံအိမ်တော်ကို စောင့်ကြည့်ထားခဲ့သည်။ မည်သူမျှ သူ့အား သတင်းပေးဝံ့ခြင်းမရှိသောကြောင့် တတိယမင်းသားသည် ချူဟွားနှင့် system အကြောင်းကို မသိရှိသေးပေ။
ဘာကိုမှ မသိသေးသည့် တတိယမင်းသားသည် အမှန်ပင် ထောင်ချောက်ထဲသို့ ကျရောက်သွားတော့သည်။ လင်ယိုသည် အကြောင်းအရာ အများကြီး သိရှိနေသည်ကို မြင်တွေ့ရပြီး တော်ဝင်အစောင့်သည် နာမည်ဆိုးရှိသောကြောင့် ယန်ဟွိုင်တစ်ယောက်တော့ တော်ဝင်အစောင့်၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ အရာအားလုံးကို ဝန်ခံခဲ့သည်ဟု ထင်သွားလေသည်။
တတိယမင်းသား၏ အမူအရာသည် ပြောင်းလဲသွားပြီး ချက်ချင်းပင် ဒူးထောက်ကာ အသနားခံ တောင်းပန်တော့သည်။ "ခမည်းတော် ထိုးထွင်းသိမြင်တော်မူပါ။ သားတော် မသိခဲ့ပါဘူး။ အစ်ကိုကြီးက စစ်အာဏာကို ကိုင်စွဲထားပြီး ဒုတိယအစ်ကိုက နန်မန် သံတမန် ဖြစ်ပါတယ်။ သူတို့အားလုံးမှာ အောင်မြင်မှုတွေနဲ့ ဂုဏ်သိက္ခာတွေရှိပြီး ကောင်းမွန်တဲ့ဝန်ထမ်းတွေ စုဆောင်းနိုင်ကြတယ်။ သားတော်မှာ ဘာမှမရှိပါဘူး။ ယန်ဟွိုင်က အဆင်ပြေပုံရလို့ သားတော် လက်ခံခဲ့တာပါ။ သူက ယခင်မင်းဆက်ရဲ့ အကြွင်းအကျန်တစ်ဦးဖြစ်မှန်း သားတော် မသိခဲ့ပါဘူး”
သူသည် မကျေမနပ်ဖြင့် ဆိုလေသည်။ "သားတော်သာ သူက ယခင်မင်းဆက်ရဲ့ အကြွင်းအကျန်တစ်ဦး ဖြစ်မှန်း သိခဲ့ရင် သူ့ကို ချက်ချင်း သတ်ပစ်ခဲ့မှာပါ။ ဘာလို့ သူ့ကို စံအိမ်တော်မှာ ထားပြီး ယခင်မင်းဆက်ရဲ့ ကျားတံဆိပ်လို သေစေနိုင်တဲ့ သက်သေအထောက်အထားကိုတောင် ထားရှိနေမှာလဲ။ ခမည်းတော် တစ်စုံတစ်ယောက်က သားတော်ကို မကောင်းကြံစည်ပြီး အကွက်ဆင်တာ ဖြစ်ရမယ်”
ဤအခြေအနေသို့ ရောက်လာသည်တွင် တတိယမင်းသားသည် ဒုတိယမင်းသား ရှိရာဖက်သို့ သတိလေးနှင့် တစ်ချက်ကြည့်ပြီး သူ၏အကြည့်ကို လျင်မြန်စွာ ရုပ်သိမ်းထားလိုက်သည်။ သူ၏စိတ်ထဲ၌ မကောင်းကြံစည်ရန် အကွက်ဆင်မည့်သူတစ်ဦး ရှိထားပြီးသားပင်။
ဒုတိယမင်းသား: "..."
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
ဒီနည်းလမ်းက အရမ်းရင်းနှီးပြီး ရွံစရာကောင်းနေရတာလဲ။
System: [ဒါက အလုပ်ဖြစ်လို့လား]
တတိယမင်းသားသည် ခဏမျှ ကြောင်တက်သွားလေသည်။ ညီလာခံထဲမှာ ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက် ရှိနေတာလဲ။
ချူဟွား: [အလုပ်ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ဘာမှမဆိုင်ဘူး။ နန်းတွင်းရေးက သက်သေအထောက်အထား လုံလောက်ခြင်း မလုံလောက်ခြင်းအပေါ်မှာ ဘယ်တော့မှ မမူတည်ဘူး။ အရှင်မင်းကြီး ဘယ်သူ့ကို အယုံကြည်ဆုံးလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်]
တတိယမင်းသားသည် ပိုလို့ပင် ကြောင်သွားခဲ့သည်။ ညီလာခံထဲမှာ ဘယ်လိုဖြစ်ပြီး အမျိုးသမီးတစ်ဦးက စကားပြောနေတာလဲ။
သူသည် ဘယ်ညာကြည့်ရှုလိုက်သော်လည်း မည်သည့်အမျိုးသမီးမျှ မမြင်တွေ့ခဲ့ပေ။ သူသည် အခြားလူများကို စစ်ဆေးကြည့်ရှုပြီး မည်သည့်တုံ့ပြန်မှုမျှ မမြင်တွေ့ခဲ့ပေ။ ဤအသံကို သူတစ်ဦးတည်းသာ ကြားနိုင်သည်များလား။
System: [အမှားအယွင်းတွေရှိလာရင် အမြဲတမ်း တခြားသူတွေရဲ့အမှားပဲ။ မင်းက အလှဆုံးနဲ့ အယဉ်ကျေးဆုံးပဲ။ အပြစ်အားလုံးက တခြားသူတွေရဲ့အပြစ်ပဲ။ မင်းက အပြစ်အကင်းစင်ဆုံးပဲ။ ငါ့—— ဒီလောက် အရှက်မရှိတဲ့လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး]
ချူဟွား: [နင် မြင်ထားတာ မလုံလောက်သေးလို့ပါ]
System: [သွားစမ်းပါ။ ငါ့ရဲ့ ဒဏ်ရာရနေတဲ့ နှလုံးသားလေးကို နှစ်သိမ့်ဖို့ ဖရဲသီးတချို့ တူးရမယ်]
အရှင်မင်းကြီးနှင့် မှူးမတ်များ: ဖရဲသီး စားမယ်တဲ့လား။ ဖရဲသီးတွေက အကောင်းဆုံးပဲလေ။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ဖရဲသီးများ စားသုံးလိုကြသော်လည်း တတိယမင်းသားသည် ဤထူးဆန်းသော အသံကြောင့် နားမလည်နိုင်အောင် အံ့ဩနေပြီး နာခံစွာ စောင့်ဆိုင်းနေရသည်။
ထို့နောက်တွင် သူတို့သည် system၏ အလွန်ပင် သောင်းကျန်းပြီး စိတ်သက်သာရာရသော ရယ်မောသံကို ကြားလိုက်ရသည်။ [ဟားဟားဟား ဘုရားရေ တတိယမင်းသားက ယွမ်ဝေ့ရဲ့သမီးကို သုံးနှစ်လုံးလုံး သမီးတစ်ယောက်ပဲ မွေးပေးတာကို မကြိုက်လို့ ဥမဥတဲ့ကြက်မလို့ ဆဲဆိုခဲ့တယ်။ ယွမ်ဝေ့ရဲ့သမီးကလဲ ကျောခိုင်းပြီး ချောမောတဲ့ အစောင့်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး သူ့ကို ဦးထုပ်စိမ်း ဆောင်းပေးနေတာပဲ
[တတိယမင်းသားက တခြားမိန်းကလေးတွေနဲ့ သွားဖောက်ပြန်တိုင်း သူက အစောင့်တချို့နဲ့ အိပ်ရာဝင်တယ်။ လင်မယားနှစ်ယောက်က ကိုယ့်ဇာတ်ကို ကကြပြီး တော်တော်လေး အရိုင်းဆန်ဆန် ကစားကြတာပဲ~]
တတိယမင်းသား၏ မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။ တကယ်တော့ သူ့ခေါင်းပေါ်မှာ ဦးထုပ်စိမ်းတစ်ခုထက် ပိုနေပါလား။
အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် ကျယ်လောင်စွာ ရယ်မောချင်စိတ်ကို မနည်းကြိုးစား ထိန်းချုပ်ထားရလေသည်။ တတိယမင်းသား ယူဆောင်လာသော ရွံရှာဖွယ်ကောင်းသည့် ခံစားချက်သည် တတိယမင်းသား၏ ဦးထုပ်စိမ်းကြောင့် ချက်ချင်းပင် ကုသပျောက်ကင်းသွားခဲ့သည်။
ဟုတ်ပါသည်။ နှလုံးရောဂါသည် နှလုံးဆေး လိုအပ်ပေ၏။
Systemက ဆက်ပြီး ထုတ်ဖော်လေသည်။ [သူက ဆရာဝန်ကို သူ့သွေးခုန်နှုန်းကို စစ်ဆေးခိုင်းပြီး သားယောက်ျားလေးတစ်ယောက် ကိုယ်ဝန်ရှိနေမှန်း သိနေခဲ့တယ်။ သူက တတိယမင်းသားကို မကြာခဏ ဆဲဆိုပြီး ဥမဥတဲ့ကြက်ဖမလို့ မကြိုက်ဘူးတဲ့။ သူက သားတစ်ယောက် မွေးပြီးရင် နောက်ပိုင်းကျရင်လဲ သူ့ကို သတ်ပြီး သူ့ပိုက်ဆံနဲ့ တခြားယောက်ျားတွေနဲ့ တခြားလူတွေရဲ့သားကို ထောက်ပံ့ချင်နေသေးတယ်။ ဒီမိန်းကလေးက အရမ်းတော်တာပဲ။ ဟားဟားဟား]
ယွမ်ဝေ့၏ နှုတ်ခမ်းထောင့်များသည် သိသိသာသာ မြင့်တက်သွားသည်။ တော်လိုက်တဲ့ သမီးရယ်။
သူသည် တတိယမင်းသား၏ ဒုက္ခပေးခြင်းကို ခံခဲ့ရပြီး ယွမ်မိသားစုမှာ အသက်ရှင်ကျန်ရစ်သူ လက်ချိုးရေလို့ ရလောက်သည်ကို ခန့်မှန်းထားပြီးသားပင်။ တတိယမင်းသား အခြေအနေ မကောင်းသည်ကို မြင်ရသည့်အတွက် သူ ပျော်ရွှင်မိတော့၏။
တတိယမင်းသား၏ မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ သူ၏ ကိုယ်တစ်ခုလုံးသည် တုန်ယင်နေပြီး သူ၏လည်ချောင်းမှ ဟောဟဲလိုက်နေသည့် ထူးထူးဆန်းဆန်းအသံတစ်ခု ထွက်ပေါ်လာကာ သူ၏မျက်လုံးများထဲမှ ပြင်းပြသည့် သတ်ဖြတ်လိုစိတ်တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ယွမ်ဝေ့ကို ဤသို့မြင်လိုက်ရသည်တွင် တတိယမင်းသားသည် ယွမ်ဝေ့က အစောကြီးကတည်းက သူ ချိုပေါက်နေသည်ကို သိနေခြင်း ဖြစ်ရမည်ဟု ထင်မှတ်သွားတော့သည်။ ဒေါသတို့ လွှမ်းမိုးသွားပြီး သူသည် ယွမ်ဝေ့ကို လက်သီးဖြင့်ထိုးကာ ခြေထောက်နှင် ကန်ကျောက်တော့သည်။ "ယွမ်ဝေ့။ မင်း ငါ့ကို အကွက်ဆင်ရဲတယ်ပေါ့”
လင်ယိုသည် တတိယမင်းသား မပြောသင့်သော စကားတစ်ခုခု ပြောမည်စိုးသောကြောင့် တတိယမင်းသားကို နေရာတွင်ပင် ဓားဖြင့်ထိုးလိုက်တော့သည်။
ချူဟွားသည် ခန်းမဆောင်အပြင်ဘက်တွင် ရှိနေပြီး အတွင်း၌ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို မမြင်တွေ့ခဲ့သကဲ့သို့ ဂရုလည်း မစိုက်ခဲ့ပေ။ သူမကတော့ ထပ်သိချင်နေသေးသည်။ [တတိယမင်းသား တကယ်ပဲ မစွမ်းဆောင်နိုင်ဘူးလား]
System: [အင်း… တကယ်တော့ မဟုတ်ဘူး။ အရမ်း မစွမ်းဆောင်နိုင်တာပဲရှိတာ]
အရှင်မင်းကြီး: "? ? ?"
မှူးမတ်များ: "? ? ?"
ဒါက စွမ်းဆောင်နိုင်တာလား။ မစွမ်းဆောင်နိုင်တာလား။
ညီလာခံမှ ထွက်လာပြီးနောက်တွင် လင်ယိုသည် အရှင်မင်းကြီးထံမှ လျှို့ဝှက်တာဝန်တစ်ခုကို လက်ခံရရှိခဲ့လေသည်။ -တတိယမင်းသား အမှန်တကယ် မစွမ်းဆောင်နိုင်ခြင်း ရှိ မရှိ စစ်ဆေးရန်။
လင်ယို: “…”
...