← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အပိုင်း (၈)

တော်ဝင်အစောင့်တစ်ဦး မဖြစ်မီတွင် လင်ယိုသည် သူ၏ တာဝန်မှာ အဆိပ်ခတ်ခြင်း လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။

တော်ဝင်အစောင့်တစ်ဦး ဖြစ်လာပြီးနောက်တွင်မူ လင်ယို၏ နေ့စဉ် တာဝန်များမှာ ချူဟွားနှင့် system အကြားမှ စကားပြောဆိုမှုကို ချောင်းမြောင်းနားထောင်ခြင်း၊ ညီလာခံမှ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ မဖွယ်မရာ အကြောင်းအရာများကို ခံစားနေသည်ကို ချောင်းမြောင်းကြည့်ရှုခြင်းနှင့် တတိယမင်းသားသည် အမှန်တကယ် စွမ်းဆောင်နိုင်ခြင်း ရှိ မရှိကို ချောင်းမြောင်းကြည့်ရှုခြင်းတို့ ဖြစ်နေသည်။

မည်သို့ပင် ရှုမြင်သည်ဖြစ်စေ တာဝန်များက မည်သို့မျှ တင့်တယ်လျောက်ပတ်ခြင်း မရှိခဲ့ပေ။

တာဝန်သည် မည်မျှပင် တရားလွန်နေသည်ဖြစ်စေ ပြီးမြောက်အောင်တော့ ဆောင်ရွက်ရဆဲပင်။ ပြီးစီးအောင် ဆောင်ရွက်ပြီးနောက်တွင်လည်း အတိကျဆုံးသော ရလဒ်များကို အရှင်မင်းကြီးထံသို့ ဆက်သရပေမည်။

တစ်ခုတည်းသော ကျေးဇူးတင်စရာမှာ သူသည် တော်ဝင်အစောင့်တပ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး သူ၏ လက်အောက်တွင် လက်အောက်ငယ်သားများစွာ ရှိနေသေးသောကြောင့် ဤသို့သော ရိုးရှင်းသည့် တာဝန်မျိုးကို သူကိုယ်တိုင် ဆောင်ရွက်ရန် မလိုအပ်ခြင်းပင်။

သို့သော် ရိုးသားစွာ ဝန်ခံရလျှင်တော့ သူသည် အနည်းငယ် သိချင်စိတ်ဖြစ်မိပြီး ထိုသူအား နည်းနည်းတော့ ဆေးထည့်မိသေးသည်။

နောက်ဆုံးရလဒ်ကို သတင်းပို့ပြီးနောက်တွင် အရှင်မင်းကြီးသည် တုန်လှုပ်သွားတော့၏။ "ဒါ အမှန်ပဲလား”

လင်ယို: "ဟုတ်ပါတယ်။ ကျွန်တော်မျိုး မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာပါ”

အရှင်မင်းကြီးသည် နှုတ်ဆိတ်သွားလေသည်။ အရှင်မင်းကြီး၏ အတွေးများသည် ထိန်းချုပ်မရနိုင်ဘဲ လွင့်ပါးသွားလေသည်။ "ယခင်မင်းဆက်ရဲ့ တော်ဝင်မိသားစုတွေအားလုံးက ဒီလိုမျိုး ဖြစ်နေတာတော့ မဟုတ်နိုင်ဘူးမလား”

"အဲ့ဒီလောက်ထိတော့ မဆိုးလောက်ပါဘူး။ ဟုတ်တယ်မလား” လင်ယိုသည် တတိယမင်းသား၏ ကိစ္စမှာ ထူးခြားသော ကိစ္စတစ်ခုဖြစ်သင့်သည်ဟု အမှတ်တမဲ့ ခံစားမိခဲ့သည်။ "တကယ်လို့ အဲ့ဒီလိုသာဆိုရင် ယခင်မင်းဆက်ရဲ့ တော်ဝင်မိသားစုရဲ့ အရှုပ်တော်ပုံက နေရာတိုင်းကို ပျံ့နှံ့သွားလောက်ပြီ”

နောက်ဆုံး သည်ကိစ္စက ယခင်မင်းဆက်၏ ကိစ္စဖြစ်သောကြောင့် ဆွေးနွေးရန် အဆင်မပြေလှပေ။ အရှင်မင်းကြီးသည် မတ်မတ်ထိုင်လိုက်ကာ "တတိယအဆင့်နဲ့ အထက် အရာရှိတွေကို တော်ဝင်စာကြည့်ဆောင်ကို ကိစ္စတွေဆွေးနွေးဖို့ ဆင့်ခေါ်လိုက်ပါ”

တတိယအဆင့်နှင့် အထက် အရာရှိများသည် အလျင်အမြန် ရောက်ရှိလာကြပြီး အရှင်မင်းကြီးနှင့် သူ၏ဝန်ကြီးများသည် တော်ဝင်စာကြည့်ဆောင်တွင် တစ်နာရီကြာမျှ ဆွေးနွေးတိုင်ပင်ပြီးမှ ထွက်ခွာသွားကြလေသည်။

အဆင့်၆ အရာရှိဖြစ်သည့် ချူဟွားသည် ဟန်လင်းကျောင်းတော်၏ ထောင့်ငယ်တစ်ခုတွင် စာဖတ်နေပြီး ဟန်လင်းကျောင်းတော်၏ အကြီးအကဲဖြစ်သူ အဆင့်၅ ဟန်လင်းလက်ထောက်ပညာရှင်က အားလုံးကို ထိုအကြောင်း ‌ပြောပြလာသည်အထိ မသိသေးချေ။ "အရှင်မင်းကြီးက တတိယမင်းသားကို လာဘ်ပေး လာဘ်ယူ အကျင့်ပျက်ခြစားမှုနဲ့ ရာထူးကနေ ဖယ်ရှားဖို့ အမိန့်ပေးလိုက်ပြီ”

ထို့နောက်တွင် လျိုကျန်းသည် အမိန့်ပြန်တမ်းကို ရေးဆွဲရန် ဟန်လင်းလက်ထောက်ပညာရှင် ဆင့်ခေါ်တာ ခံခဲ့ရသည်။

ဤသည်မှာ အရှင်မင်းကြီး နန်းတက်ပြီးနောက် မင်းသားတစ်ပါးအား ရာထူးမှ ဖယ်ရှားသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သာ့ရှန်းမင်းဆက်တွင် အလွဲသုံးစားမှုဖြင့် ရာထူးမှ ဖယ်ရှားခံရသော ပထမဆုံးမင်းသားလည်း ဖြစ်လေသည်။

အားလုံးသည် ဤအကြောင်း၏ စစ်မှန်သော အကြောင်းရင်းကို သိရှိကြသော်လည်း ယခင်မင်းဆက်၏ သွေးသည် နန်းတော်အတွင်းသို့ နှစ်ပေါင်း ၂၀ နီးပါး စိမ့်ဝင်နေခဲ့ပြီး မည်သူမျှ သတိမပြုမိဘဲ အခြားမင်းသားများနှင့် အိမ်ရှေ့စံရာထူးအတွက် လျှို့ဝှက်စွာ ယှဉ်ပြိုင်နေခဲ့ခြင်းမှာ ဖော်ထုတ်ခံရပါက ကြီးမားသော အရှုပ်တော်ပုံတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုသို့ အဖြစ်ခံမည့်အစား တတိယမင်းသားကို လာဘ်ပေးလာဘ်ယူ အလွဲသုံးစားမှု စွဲချက်များဖြင့် အပြစ်ပေးခြင်းသည် ပိုကောင်းပေမည်။ ဒါက အရှင်မင်းကြီး၏ မျှတမှုနှင့် ကိုယ်ကျိုးမဖက်မှုကို သက်သေပြရန် ဥပမာကောင်းတစ်ခုလည်း ဖြစ်သည်။ - မင်းသားသည် ဥပဒေကို ချိုးဖောက်ပါက သာမန်ပြည်သူများနှင့် တူညီသော အပြစ်ကို ခံရမည်ဟူ၍။

ချူဟွားသည် တော်ဝင်အမိန့်ပြန်တမ်းကို ရေးဆွဲရန် အခွင့်အရေး မည်သည့်အခါမျှ ရမည်မဟုတ်သဖြင့် သင်ယူရန်လည်း မလိုအပ်ပေ။ ထို့ကြောင့် သူမသည် ထိုကိစ္စအပေါ်တွင် မည်သည့်စိတ်စွမ်းအင်ကိုမျှ မဖြုန်းတီးခဲ့ပေ။

ဖရဲသီးစားသည့်systemကတော့ ဤကိစ္စတွင် နည်းနည်းလေး စိတ်ဝင်စားသည်။ [အရှင်မင်းကြီးက တကယ်ပဲ တစ်စုံတစ်ယောက်ကို ရာထူးကနေ ဖယ်ရှားလိုက်တာပဲ။ ငါက သူက သူ့သား ဘယ်လောက်ကြီးတဲ့ အမှားလုပ်လုပ် ခွင့်လွှတ်ပေးနိုင်တဲ့လူမျိုးလို့ ထင်နေတာ]

ချူဟွား: [ဘယ်လိုဖြစ်နိုင်မှာလဲ။ အရှင်မင်းကြီးရဲ့ အကြီးမားဆုံး တားမြစ်ချက်က တခြားသူတွေက သူ့ရဲ့ နဂါးပလ္လင်နဲ့ တော်ဝင်အာဏာကို တပ်မက်တာပဲ။ တတိယမင်းသားက ညီလာခံမှာ ဝန်ကြီးတွေကို ယုတ်ညံ့တဲ့နည်းလမ်းတွေနဲ့ ဖိအားပေးပြီး သိမ်းသွင်းခဲ့တယ်။ ပြီးတော့ ယခင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေနဲ့လည်း ပတ်သက်နေခဲ့တယ်။ သက်သေ အထောက်အထားတွေက ခိုင်လုံနေပေမဲ့ သူက ဝန်ခံဖို့ ငြင်းဆန်ခဲ့တယ်။ သူက လုပ်ရဲတဲ့သတ္တိတော့ ရှိတယ်။ ဒါပေမဲ့ ဝန်ခံရဲတဲ့သတ္တိတော့ မရှိဘူး။ ကျစ်။ ဒီလိုသားမျိုးကို ခွေးတောင်မလိုချင်ဘူး]

[ညီလာခံမှာ ဒုတိယမင်းသားက သူ့ကို ဒုက္ခပေးတဲ့အပြုအမူကို အရိပ်အမြွက် ပြောနေတာကိုမြင်တော့ နည်းနည်း ရင်းနှီးသလို ခံစားရပြီး သူ့ကို ရိုက်ချင်စိတ် မပေါက်ဘူးလား]

ဟန်လင်းကျောင်းတော်မှ အရာရှိများသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ရင်းနှီးပြီး ရိုက်ချင်စိတ် ပေါက်ရုံသာမက ရွံရှာမိကြသေးသည်။

Systemက မထီမဲ့မြင်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ [သူ့ဆီကနေ လက်ဖက်စိမ်းနဲ့ ကြာပန်းဖြူနံ့တွေက ငါ့မျက်နှာကို ဝင်တိုးမိတော့မလို့]

ချူဟွား: [ငါ့ရဲ့ ကိုယ်လုပ်တော်မွေး အစ်မဆီကနေ ဒီလိုနည်းလမ်းမျိုးကို အကြိမ်ကြိမ် မြင်ဖူးတယ်။ သူ့ကို ငယ်ငယ်ကတည်းက ယိညန်က ပျိုးထောင်ပေးခဲ့တာ။ အတွင်းဆောင်မှာ မွေးပြီး အတွင်းဆောင်မှာ ကြီးပြင်းခဲ့တာ။ အဘွားနဲ့ ယိညန်က အမြင်ကျဉ်းတယ်။ သူတို့က ပျိုးထောင်ခဲ့တာဆိုတော့ ကိုယ်လုပ်တော်မွေးအစ်မရဲ့ မျက်လုံးထဲမှာ အဲ့ဒီ မြေတစ်ဧက သုံးစိတ်ပဲ ရှိတော့တာပေါ့။ တတိယမင်းသားက မင်းသားတစ်ပါး။ နန်းတော်မှာ ကြီးပြင်းခဲ့ပြီး သာ့ရှန်းတစ်ပြည်လုံးမှာ အကောင်းဆုံးဆရာတွေနဲ့ အရင်းအမြစ်တွေ ရခဲ့တာ။ ဒီလိုနည်းလမ်းမျိုးကို သုံးတာက တကယ်ကို ထူးဆန်းလွန်းတယ်]

သူမသည် ထိုသို့ ပြောလိုက်ပြီးနောက် ဟန်လင်းကျောင်းတော်မှ အရာရှိများနှင့် တော်ဝင်အစောင့်များသည် ရင်းနှီးသော အငွေ့အသက်ကို အဘယ့်ကြောင့် ခံစားခဲ့ရသည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ သာမန်နေ့များတွင် အတွင်းဆောင်အမျိုးသမီးများ အသုံးပြုလေ့ရှိသော လှည့်ကွက်များပင်။

Systemက စောင့်နေဦးဟု ပြောသွားပြီး ခဏလောက် ပြန်ပျောက်သွားလေသည်။ ပြန်လည်ရောက်ရှိလာသောအခါ ချက်ချင်းပင် ဖရဲသီးကို လှီးဖြတ်တော့သည်။ [တတိယမင်းသားရဲ့ မိခင်က ပြည့်တန်ဆာအိမ်မှာ မွေးဖွားခဲ့တာ။ အရှင်မင်းကြီးက သူ့သားအတွက် လက်ထပ်ခဲ့ပြီး အစပိုင်းမှာတော့ သူ့ကို ကွေ့ရန်ရာထူးပဲ ပေးခဲ့တယ်]

[အဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်တွေက အနောက်နန်းဆောင်မှာ ဘဝ မကောင်းဘူး။ ဝမ်ကွေ့ရန်က မျက်နှာသာရဖို့ နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ပေမဲ့ ရုပ်ရည်၊ ငွေကြေးနဲ့ ပရိယာယ်မှာ မလုံလောက်ခဲ့ဘူး။ မင်းမျိုးမင်းနွယ် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ တစ်ခုတည်းသောအရာက သူက အိပ်ရာထဲမှာ လွတ်လပ်တာပဲ။ ဒါကြောင့် အရှင်မင်းကြီးက သူ့ကို ကျဲယွီအဖြစ် ကျေကျေနပ်နပ် ရာထူးတိုးပေးခဲ့တယ်]

[တတိယမင်းသားက ဝမ်ကျဲယွီနဲ့ ကြီးပြင်းခဲ့တာဆိုတော့ အသုံးအများဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို မှတ်မိနေခဲ့တယ်။ သူက ဝမ်ကျဲယွီရဲ့ နောက်ခံကို မုန်းတီးပေမဲ့ တချို့အရာတွေက အမြစ်တွယ်နေအောင် စွဲထင်နေပြီး မသိစိတ်ကနေ အသုံးပြုမိခဲ့တယ်။ သူက အဲဒီနည်းလမ်းတွေကို ရှုတ်ချရင်းက အသုံးပြုခဲ့တာ။ သူ လိုချင်တာအားလုံးကို ရဖို့အတွက် ပရိယာယ်ကို အားကိုးရတာနဲ့ သူ့ရဲ့အလှအပနဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ပန်းတိုင်တွေအောင်မြင်ဖို့ အသုံးပြုရတာ အပါအဝင်ပေါ့]

ဒီလိုဖြစ်နေတာကိုး။

ဟန်လင်းကျောင်းတော်မှ အရာရှိများနှင့် တော်ဝင်အစောင့်သည် တတိယမင်းသားသည် အဘယ့်ကြောင့် ဤမျှ နိမ့်ကျသော နည်းလမ်းများကို အသုံးပြုကာ အခြားသူများကို ပရိယာယ်ကြံစည်ခဲ့သည်ကို နောက်ဆုံးတော့ နားလည်သွားကြသည်။ ပြဿနာသည် ဤနေရာတွင် ရှိနေပါတကား။

ချူဟွားကတော့ ပြောလက်စစကားကို အဆုံးသတ်လိုက်တော့သည်။ [ကလေးတစ်ယောက်ရဲ့ ကြီးပြင်းမှုမှာ စရိုက်ကောင်းတဲ့ မိခင်တစ်ယောက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို မြင်နိုင်တယ်]

ဟန်လင်းကျောင်းတော်မှ အရာရှိများသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြပြီး အတိုင်းအထက်အလွန် သဘောတူကြလေသည်။ ဟုတ်တယ်။ သီလရှိတဲ့ဇနီးသည်ကို လက်ထပ်ရမှာ အမှန်ပဲ။

ချူဟွားက ထပ်ပြောလိုက်သည်။ [အိမ်ထောင်ရေးမှာ ယောက္ခမကောင်းတစ်ယောက် ရှာဖွေရတာကလဲ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို မြင်နိုင်တယ်]

System: [မှန်တယ်!]"

ဟန်လင်းကျောင်းတော်မှ အရာရှိများ: ???

လျှို့ဝှက်တော်ဝင်အစောင့်: ???

ရုတ်တရက်ကြီး ဘာလို့ ယောက္ခမကောင်း တစ်ယောက်အကြောင်း ပါလာရတာလဲ။ သခင်မ‌လေးချူက လက်ထပ်ချင်နေတာလား။

သူတို့သည် နောက်ဆက်တွဲကို နားထောင်ရန် နားစွင့်ထားကြသော်လည်း လူတစ်ဦးနှင့် system တစ်ခုသည် ဤအချက်အပေါ်တွင် အလွန်ပင် တူညီသော ထင်မြင်ချက်များ ရှိကြပြီး ဆက်လက်မပြောဆိုတော့ပေ။

နှစ်နာရီအကြာတွင် ဤအကြောင်းအရာများသည် တစ်ယောက်မှ တစ်ယောက် လက်ဆင့်ကမ်းလာခဲ့ပြီး အရာရှိများထံသို့ ရောက်ရှိသွားတော့သည်။

သူတို့သည် တတိယမင်းသား မည်သို့ လမ်းမှားသို့ ရောက်ရှိသွားသည့် အကြောင်းအရင်းအပြင် ချူဟွားက မိခင်ကောင်းတစ်ယောက်နှင့် ယောက္ခမကောင်းတစ်ယောက်ကို အလွန်အမင်း ချီးကျူးခဲ့သည့် အကြောင်းကိုလဲ သိရှိသွားကြလေသည်။ တတိယမင်းသားက အမှန်တကယ်ပင် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်းကိုလည်း သိရှိသွားကြသည်။

"အင်း” အရှင်မင်းကြီးသည် တော်ဝင်အစောင့်၏ သတင်းပို့ချက်ကို နားထောင်နေလေသည်။ သူသည် ဝန်ကြီးများ၏ အကြောင်းအရာကို မြင်ပြီးနောက် တုံ့ပြန်မှုကို သိရှိလိုသော်လည်း မမျှော်လင့်ထားသော ဖရဲသီးတစ်ခုကို စားသုံးရမည်ဟု မထင်ထားခဲ့ပေ။ "သူတို့က ဘယ်လိုသိသွားတာလဲ”

လင်ယို: "ဒုတိယမင်းသားက သွားကြည့်တာပါ”

ဒုတိယမင်းသားက ဘာကြောင်းများ သွားကြည့်ရပါသနည်းဟု မေးရန် လိုအပ်ပါသေးရဲ့လား။

‘တင်ပါးကြီးတယ် သားတွေမွေးနိုင်တယ်’ ဟူသော ရန်ငြိုးနှင့် ညီလာခံမှ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သူသည် အမှန်တကယ်ပင် သမီးများသာ မွေးဖွားနိုင်သော တင်ပါးငယ်တစ်လုံး ဟုတ်မဟုတ် ချောင်းမြောင်းကြည့်ရှုခြင်းနှင့် ‘ယခင်မင်းဆက်၏ အကြွင်းအကျန်များနှင့် အဆက်အသွယ် ရှိသည်’ ဟူသော စွပ်စွဲချက်ဖြင့် ပစ်ချခံရလုနီးပါးဖြစ်ခဲ့သည့် မုန်းတီးမှုတို့ ရှိနေသည်တွင် သူသည် လက်စားချေရန် နည်းလမ်းတစ်ခု မရှာဖွေဘဲ နေနိုင်ပါမည်တဲ့လား။

အရှင်မင်းကြီးမှာ ရယ်မောလေတော့သည်။ "ဒုတိယမင်းသားက အပေါ်ယံမှာ နူးညံ့ပြီး ယဉ်ကျေးပုံရပေမဲ့ အကြီးဆုံးထက် ပိုပြီး ကပ်စေးနဲပြီး အငြိုးအတေးကြီးတယ်။ လက်စားချေဖို့ အခွင့်အရေးကောင်းတစ်ခု ရှိနေတာကို သူက အလွတ်ပေးလိုက်မယ်ဆို ထူးဆန်းသွားမှာပေါ့။ ထားလိုက်ပါ။ သူ့ဒေါသတွေ ဖွင့်ချပါစေ။ ဒါမှ ရောဂါမထမှာ”

အရှင်မင်းကြီးသည် ဂရုမစိုက်သကဲ့သို့ လင်ယိုသည်လည်း ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း ကိစ္စ၏ တိုးတက်မှုမှာ အားလုံး၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

အစပိုင်းတွင် အားလုံးသည် တတိယမင်းသားသည် သိပ်မစွမ်းဆောင်နိုင်ဟုသာ ဆိုခဲ့ကြသည်။ ထို့နောက်တွင်တော့ တနည်းနည်းဖြင့် အကြောင်းတစ်ခုထက် ပိုရှိလာတော့သည်။ တတိယမင်းသားသည် စွမ်းဆောင်နိုင်ခြင်း မရှိပါဟု ဖြစ်လာပြီးနောက် တတိယမင်းသားသည် ကလေးမရနိုင်ဘဲ တတိယမင်းသားကြင်ရာတော်၏ လင်ငယ်နေခြင်းကို ခံရသည်ဟု ဖြစ်လာခဲ့သည်။ အမျိုးမျိုးသော ရှုပ်ထွေးသည့် ကောလာဟလများသည် ရောနှောသွားခဲ့သည်။

တော်ဝင်အစောင့်သည် သတင်းကို လက်ခံရရှိသောအခါ အရှင်မင်းကြီး၏ နားသို့ ရောက်ရှိသွားချိန်တွင်တော့ အကြောင်းအရာက ဤသို့ ဖြစ်သွားခဲ့သည်။ တတိယမင်းသားသည် မွေးရာပါ ကုန်းကုန်းတစ်ယောက် ဟူ၍။

အရှင်မင်းကြီး: "..."

ဒါက လူသုံးဦးကနေ ကျားတစ်ကောင်ကို ဖန်တီးခြင်းရဲ့ မျက်မြင်ကိုယ်တွေ့ပုံစံ စစ်စစ်ပဲ။ သူလဲ သင်ခန်းစာ ရပါရဲ့။

တတိယမင်းသားသည် ယခင်မင်းဆက်၏ အကြွင်းအကျန်တစ်ဦး ဖြစ်ကြောင်း အားလုံးကိုလဲ အသိပေးလို့မကောင်းတတ်ဘဲ ဤသို့ ဆက်လက်ဖြစ်ပွားနေပါက တော်ဝင်မိသားစုမှ မည်သို့သော ထူးဆန်းသည့် ကောလာဟလများ ထွက်ပေါ်လာမည်ကို မသိရှိနိုင်သောကြောင့် အရှင်မင်းကြီးသည် အားလုံးကို ထိုအကြောင်းနှင့်ပတ်သက်ပြီး မပြောဆိုကြရန် အမိန့်ပေးရတော့သည်။

အားလုံးကလဲ နှုတ်ဆိတ်နေခဲ့ကြ၏။

မိမိတို့ စကားဝိုင်းကို တခြားသူများ ကြားနေရသည်ကို မသိကြသည့် ချူဟွားနှင့် systemကလွဲလျှင် အရှင်မင်းကြီး၏အမိန့်ကို မနာခံဝံ့သူ မရှိကြပေ။

ချူဟွား: [ဟားဟားဟား ဒီကောလာဟလက အရမ်းလွန်လွန်းတယ်။ တတိယမင်းသားသာ ကုန်းကုန်းတစ်ယောက်ဆိုရင် ယွမ်ဝေ့ရဲ့သမီးက ဘယ်လို ကိုယ်ဝန်ရလာတာလဲ။ တခြားဝန်ကြီးတွေရဲ့သမီးတွေက ဘယ်လို လှည့်စားခံခဲ့ရတာလဲ။ ဒီလူတွေက ကောလာဟလ ဖြန့်တဲ့အခါမှာ ကျိုးကြောင်းဆီလျော်မှု နည်းနည်းလောက် မထည့်နိုင်ဘူးလား။ ဒါက အတုအယောင်ဆိုတာ သိသာနေတာပဲကို]

Systemက နှိမ့်ချစွာ အကြံဉာဏ်တောင်းလေသည်။ [ဒါဆို ဘာက ပိုပြီး တကယ့်ပုံ‌ပေါက်တာလဲ]

ချူဟွား: [အမှန်နဲ့ အမှားကို ရောနှောလိုက်။ ပြီးတော့ လက်တွေ့နဲ့ ကျိုးကြောင်းဆီလျော်မှုနဲ့ ကိုက်ညီသွားရင် ခွဲခြားရလွယ်တော့မှာ မဟုတ်ဘူး]

Systemက ပို၍ နှိမ့်ချလိုက်ကာ [ဥပမာလေးနဲ့]

ချူဟွား: [ဥပမာ တတိယမင်းသားက မွေးရာပါ ကုန်းကုန်းတစ်ယောက်ပဲ။ သူက မစွမ်းဆောင်နိုင်ဘူးဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့အတွက် သူနဲ့ နည်းနည်းဆင်တူတဲ့ အစားထိုးလျှို့ဝှက်အစောင့်တစ်ယောက်ကို ရှာတယ်။ မိန်းကလေးတစ်ယောက်နဲ့ ချစ်တင်းနှောတိုင်း သူက တစ်ဝက်တစ်ပျက်မှာ ဖယောင်းတိုင်ကို မှုတ်ငြိမ်းပြီး သူနဲ့ နေရာလဲလိုက်တယ်။ မိန်းကလေးက ကိုယ်ဝန်ရပြီး သူ မွေးတဲ့ကလေးက သူ့နဲ့နည်းနည်း တူသရွေ့တော့ ဘယ်သူမှ အမှန်တရားကို ခန့်မှန်းမိမှာ မဟုတ်ဘူး]

သူမသည် စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး နေရာတွင်ပင် နောက်တစ်ခုကို ထပ်မံဖန်တီးလိုက်သည်။ [ဥပမာအနေနဲ့ တတိယမင်းသားက တကယ်တော့ မိန်းမတစ်ယောက်ပဲ။ အမြဲတမ်း ယောက်ျားတစ်ယောက်လို ဝတ်ဆင်ထားခဲ့တာ။ မိန်းမတစ်ယောက်အဖြစ် သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် သူက သူ့ရင်ဘတ်ပေါ်က အသားနှစ်တုံးကို ရက်ရက်စက်စက် ဖြတ်တောက်ပစ်ခဲ့တယ်။ နောက်ဆက်တွဲကတော့ အပေါ်ကအတိုင်းပဲ]

[ဟိုက်——]" system သည် အေးစက်သော လေကို ရှူသွင်းလိုက်ကာ [ဒါက အရမ်းရက်စက်လွန်းတယ်]

ချောင်းမြောင်းနားထောင်နေသော အစေခံများနှင့် တော်ဝင်အစောင့်များသည် အသည်းအသန် ခေါင်းညိတ်လိုက်ကြသည်။ ရက်စက်လွန်းပါတယ်။

ချူဟွား: [ဒါက ကောလာဟလတစ်ခုပဲ။ ဘယ်သူမှ တတိယမင်းသားရဲ့ ရင်ဘတ်ပေါ်မှာ အသားနှစ်တုံး ရှိ၊ မရှိကြည့်ဖို့ သူ့အဝတ်အစားတွေကို ချွတ်ကြည့်ရဲမှာ မဟုတ်ဘူး။ ပြီးတော့ သူက မွေးရာပါ ကုန်းကုန်းတစ်ယောက် မဟုတ်ကြောင်း သက်သေပြဖို့ သူတို့ရှေ့မှာ ကလေးမွေးတဲ့အပိုင်းမှာ လုပ်ခိုင်းရဲမှာ မဟုတ်ဘူး။ နောက်တစ်ခုကလည်း သက်သေပြဖို့ ခက်တယ်]

System: [တကယ်ပဲ မျိုးပွားနိုင်စွမ်းက သက်သေပြဖို့ မလွယ်ဘူးနော်]

တော်ဝင်အစောင့်၏ လက်များသည် မှတ်တမ်းတင်နေစဉ်တွင် တုန်ယင်လို့နေတော့သည်။ သူသည် ဖရဲသီးစားသုံးခြင်း၏ အကျိုးကျေးဇူးများအတွက် လာခဲ့သော်လည်း ယခုတော့ သူ သိရှိသွားသည်မှာ... ဘယ်သူမှ မသိပါဘူဆိုတဲ့ အချက်ကို အားကိုးပြီး ချူးဟွားက စကားပြော လုံးဝ မဆင်ခြင်တာပဲ။ ဖရဲသီးစားနေရတာက အန္တရာယ်များတာပဲ။ ဒီတော့ ခိုးနားထောင်တဲ့အခါ သတိထားတာ ပိုကောင်းမယ်။

ချူဟွား: [ခေတ်သစ်မှာသာဆိုရင် ဆေးရုံသွားပြီး မျိုးမပွားနိုင်ခြင်းဌာနမှာ စစ်ဆေးမှုတစ်ခု လုပ်လို့ရတယ်။ သုက်ပိုးစစ်ဆေးတာ။ color Doppler အာထရာဆောင်း (ကာလာဒေါ့ပလာ အာထရာဆောင်း) စတာတွေလုပ်ပြီး မွေးရာပါ သုက်ပိုးအားနည်းတာ၊ သုက်ပိုးမရှိတာ၊ သုက်ပိုးအရည်အသွေးနဲ့ အရေအတွက်မကောင်းတာ စတဲ့ အကြောင်းရင်းပေါင်းများစွာကို ဖယ်ထုတ်လို့ရတယ်။ ပြီးတော့ မျိုးပွားနိုင်စွမ်းရှိကြောင်း သက်သေပြနိုင်တယ်]

System: [ဒါက ရှေးခေတ်ရဲ့ အဆင်မပြေမှုပဲ။ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ ဆေးဘက်ဆိုင်ရာစနစ်က ကောင်းကောင်းတည်ဆောက်မထားဘူး။ ပြီးတော့ ကာကွယ်ဆေး ရဖို့ခက်တယ်]

လူတစ်ဦးနှင့် system တစ်ခုသည် ‘တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနှင့် ကာကွယ်ဆေးများ’ အပေါ်တွင် အကြိတ်အနယ် ဆွေးနွေးမှုတစ်ခု ပြုလုပ်နေလေသည်။ တစ်ခဏတွင် သူတို့သည် တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းရန် လက်ကို အမြဲဆေးကြောပြီး ရေချိုးသင့်ကြောင်း ပြောဆိုကြပြီး နောက်တစ်ခဏတွင်တော့ ရေဆိုးသန့်စင်ရေးစနစ်ကို မည်သို့ တည်ဆောက်သင့်ကြောင်း ဆက်လက်ပြောဆိုကြကာ နောက်တစ်ခဏတွင် ရှေးခေတ်တွင် ကာကွယ်ဆေးများနှင့် ပဋိဇီဝဆေးများ ရရှိရန် ခက်ခဲကြောင်း မှတ်ချက်ပြုကြလေသည်။

တော်ဝင်အစောင့်သည် သူကြားရသည်ကို နားမလည်ဘဲ သူ၏လက်သည် မှတ်တမ်းတင်နေစဉ်တွင် နောက်ဆက်တွဲ အရိပ်များ ကျန်လုမတတ်ပင်။ သူ၏မှတ်တမ်းသည် တိကျမှုရှိမရှိကိုတော့ မသိရှာတော့ပေ။

ချူဟွားသည် စကားစမြည်ပြောဆိုပြီးနောက် အိပ်ပျော်သွားသောအခါ တော်ဝင်အစောင့်သည် ယနေ့၏ မှတ်တမ်းများကို စီစဉ်ပြီး ညတွင်းချင်း ပေးပို့ခဲ့လေသည်။ အရှင်မင်းကြီးနှင့် အရာရှိများသည် ညသန်းခေါင်ယံတွင် ဖရဲသီးများ စားသုံးရန် အိပ်ရာမှ ထလာခဲ့ကြသော်လည်း...

တတိယမင်းသားအကြောင်း ကောလာဟလ ဖန်တီးခြင်းကို ဘေးဖယ်ထားလျှင် သူတို့သည် ကောလာဟလ၏ အခြေခံအကြောင်းရင်းကို မြင်တွေ့ခဲ့ကြသည်။ အလွန်ဆုံး သူတို့သည် မိန်းမတစ်ဦးမှ ယောက်ျားတစ်ဦးအဖြစ် ဟန်ဆောင်ရန် အသားဖြတ်ခြင်း၏ ပြင်းထန်မှုကို အံ့ဩခဲ့ကြသည်။

နောက်ဆက်တွဲမှာမူ အလွန်ထူးဆန်းနေခဲ့သည်။ ဆေးရုံတဲ့လား။ ကာလာဒေါ့ ဘာတဲ့။ ဆေးဘက်ဆိုင်ရာစနစ်လည်း ရှိသေးသတဲ့လား။ ရေဆိုးသန့်စင်ရေးစနစ်။ စနစ်တွေက အဲလောက်တောင် များရသလား။ ဘယ်သူ့ကို ချိတ်ဆက်ရမှာတဲ့။ ဗတ်ဆိ (vat seed)ဆိုတာကရော ဘာတဲ့လဲ။ သူတို့တွေ ဘာလို့ နားမလည်နိုင်ရတာလဲ။

သူတို့ ရှုပ်ထွေးလေလေ ပိုပြီး နားလည်ချင်လာလေလေ ဖြစ်နေတော့သည်။ သူတို့သည် တစ်ညလုံး ဖတ်ရှုခဲ့ကြပြီး အချိန်သည် နံနက် ၃ နာရီသို့ ရောက်ရှိသွားခဲ့ပြီး ညီလာခံသို့ သွားရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

အရှင်မင်းကြီးနှင့် အရာရှိများသည် တစ်ညလုံး မအိပ်ခဲ့ကြရပေ။ သူတို့၏ ကိုယ်များသည် ကုန်းကုန်းကွကွ ဖြစ်နေပြီး မျက်နှာများသည် ပိန်လှီကာ မျက်လုံးများသည် အရောင်မှိန်နေခဲ့သည်။

ပလ္လင်အတွက် ဆယ်စုနှစ်များစွာ ပြင်းထန်သော အငြင်းပွားခဲ့ကြပြီး အလွန်ခက်ခဲသော တော်ဝင်စာမေးပွဲကို ငြင်းခုံခဲ့ကာ ပညာရှိမင်းများနှင့် သီလရှိသော ဝန်ကြီးများအကြား အငြင်းပွားမှုများအပြီးတွင် သူတို့သည် စာမတတ်သူများ ဖြစ်နေကြဦးမည်ဟု လုံးဝ မထင်ထားခဲ့မိကြချေ။

ချူဟွားတစ်ယောက်ကတော့ စိတ်ဓာတ်တက်ကြွစွာဖြင့် ညီလာခံသို့ ရောက်လာခဲ့သည်။ သူမသည် သူ၏အလုပ်နှင့် အနားယူချိန်ကို ချိန်ညှိရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ ရက်အနည်းငယ်အကြာတွင် သူမသည် နံနက်သုံးနာရီတွင် ထရခြင်းကို ကျင့်သားရသွားတော့၏။

မမျှော်လင့်ဘဲ ဖြတ်လျှောက်လာချိန်တွင် အရာရှိတစ်ယောက်က သမ်းဝေနေပြီး မျက်ကွင်းများလဲ ညိုလို့နေသည်။ စစ်ဖက် တပ်မှူးများကပင် စိတ်အားတက်ကြွမှု မရှိကြချေ။

Systemက သက်ပြင်းချလိုက်ကာ [အရာရှိတစ်ယောက်ဖြစ်ရတာ အရမ်းခက်တာပဲ]

အရှင်မင်းကြီး: "..."

အရာရှိများ: "..."

ဒါကို ဘယ်သူ့ အပြစ်လို့ ထင်နေလို့လဲ။ ဘယ်သူ့အပြစ်တုန်းဟ။

...

All Chapters