အခန်း ၁၀
Vol. 1 Ch. 10
အပိုင်း (၁၀)
System: [ဒုတိယမင်းသားက လွန်ခဲ့တဲ့သုံးနှစ်က သူတို့ လက်ထပ်တုန်းက ဒုတိယမင်းသား ကြင်ရာတော်မင်းသမီးနဲ့ သူ့ရဲ့ ပထမဆုံးညကို ကုန်ဆုံးခဲ့တယ်။ သူတို့က ငယ်ကျွမ်းဆွေတွေဆိုတော့ ဆက်ဆံရေး ကောင်းမွန်ကြတယ်။ သူက သူ့ရဲ့ပထမဆုံးအကြိမ်ကို သူ အချစ်ဆုံးမိန်းမအတွက် သိမ်းထားချင်ခဲ့လို့ တစ်ဆယ့်ရှစ်နှစ်လုံးလုံး လူပျိုအဖြစ်နေခဲ့တယ်။ ညဉ့်နက်သန်းခေါင်မှာ ပြတင်းပေါက်ကနေ တွယ်တက်လာတဲ့ မိန်းမလှလေးတစ်ယောက်ကိုတောင် သည်းခံနိုင်တယ်ဆိုတော့ သူက တကယ်ပဲ သာ့ရှန်းရဲ့ အသန့်စင်ဆုံး လူပျိုလေးပဲ]
ဒုတိယမင်းသား၏ နဖူးပေါ်မှ သွေးကြောများသည် ထောင်ထွက်လာပြီး သူ၏စိတ်ထဲ၌ အော်ဟစ်လိုက်တော့သည်။ ပျက်စီးနေတဲ့ systemကောင် ငါနဲ့ လူပျိုဆိုတာကြီးကို အလွတ်ပေးလိုက်လို့ မရဘူးလား။
ဤအခိုက်အတန့်တွင် သူသည် လက်ထောက်ဘဏ္ဍာရေးမှူး၏ အတွင်းခံဘောင်းဘီ အပေါက်များအကြောင်း အကြိမ်ကြိမ် ဖော်ပြခံရသည့် နာကျင်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားမိပြီး စိတ်ရင်းမှန်ဖြင့် ဆုတောင်းလိုက်လေတော့သည်။ သိုးတစ်ကောင် ပြောင်းပြီး သိုးမွေးနှုတ်ပါတော့။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ရယ်မောရလွန်းသဖြင့် တောင့်တင်းလုနီးပါးပင်။ သူတို့သည် ဒုတိယမင်းသားတွင် အမှန်တကယ်ပင် စိတ်ကူးယဉ်ဆန်ဆန် စရိုက်ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ဒုတိယမင်းသား ကြင်ရာတော်၏ ဖခင်ဖြစ်သူ ယဉ်ကျေးမှုဝန်ကြီးသည် နှုတ်ခမ်းကို မဲ့ထားလိုက်၏။ သမက်သည် သူ၏သမီးအပေါ်၌ ခံစားချက်များရှိခြင်းမှာ ကောင်းမွန်သော်လည်း အိပ်ခန်းထဲ၌ ဖြစ်ပျက်ခဲ့သည်များကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားသိသွားကြသည်။ ဤသည်မှာ... စော်ကားခြင်းပင်။ အမှန်ပင် စော်ကားခြင်း ဖြစ်၏။
Systemကတော့ အတင်းအဖျင်းများကို စေ့စေ့စပ်စပ် ဖတ်ရှုလို့နေသည်။ [အဲ့ဒီညက ပထမဆုံးအကြိမ်အတွက်…]
Systemက ကိုယ်ရေးကိုယ်တာ ပိုပြီး အသေးစိတ်ကျကျ ဖော်ထုတ်တော့မည်အပြုတွင် သည်းမခံနိုင်တော့သည့် ဒုတိယမင်းသားက ရုတ်တရက် ရှေ့သို့ထွက်လာကာ "သားတော် တင်ပြစရာရှိပါတယ်”
သားတော်၏ ဖရဲသီးကြီးကို စားသုံးရန် စောင့်ဆိုင်းနေသော အရှင်မင်းကြီး၏ အာရုံက system အပေါ်တွင်သာ ရှိနေသေးပြီး သူ၏လေသံမှာ အတော်ပင် အမှုအမဲ့ အမှတ်မဲ့ ဖြစ်လို့နေသည်။ "ခွင့်ပြုတယ်”
အမြဲတမ်း နူးညံ့သိမ်မွေ့သော ဒုတိယမင်းသားသည် နားကွဲလုမတတ် ကျယ်လောင်သော အသံဖြင့် လျှောက်တင်လာ၏။ "သားတော်က တရားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ချူဖျင်ကို ဆောင်ကြာမြိုင်ကို သွားတဲ့အတွက် တိုင်ကြားပါတယ်”
"ဘာ" ချူဟွားသည် တုန်လှုပ်သွားခဲ့၏။ သူ့အဖေက ဆောင်ကြာမြိုင်ကို သွားတယ် ဟုတ်လား။
[ဘာ] Systemမှာ တုန်လှုပ်သွားခဲ့သည်။ မမကြီးဟွားရဲ့အဖေက ဆောင်ကြာမြိုင် သွားတယ်တဲ့လား။ ဘယ်လိုတောင် အလကားရတဲ့ ဖရဲသီးကြီးလဲ။
အရှင်မင်းကြီးသည် ချက်ချင်းပင် မော့ကြည့်လိုက်သည်။ ဟုတ်လိုက်လေ။ သူ့သားတော်လက်ထဲမှာလည်း ဖရဲသီးကြီးတစ်လုံး ရှိနေပါလား။
မှူးမတ်အားလုံးသည် မျက်မှောင်ကြုတ်လိုက်ကြလေသည်။ တစ်ဖက်တွင် ဒုတိယမင်းသား၏ မဖွယ်မရာ အကြောင်းအရာများရှိပြီး တစ်ဖက်တွင် ချူဖျင်၏ ဆောင်ကြာမြိုင်သွားခြင်းအကြောင်း ရှိနေသည်။ နှစ်ခုစလုံးမှာ တကယ့်အကြောင်းအရာများ ဖြစ်ကြသည်။ သူတို့ ဘယ်တစ်ခုကို နားထောင်သင့်သနည်း။ ရွေးချယ်ရန် အမှန်ပင် ခက်ခဲလှတော့သည်။
ကာယကံရှင် ချူဖျင်ကိုယ်တိုင်မှာတော့ ပိုလို့ပင် ရှုပ်ထွေးသွားတော့သည်။ ဆောင်ကြာမြိုင်ကို သွားတယ်။ သူကလား။
ဒုတိယမင်းသားသည် system၏ ဖော်ထုတ်မှုကို မကြားခဲ့ဘဲ တွေးလိုက်၏။ သေချာတာပေါ့။ ပိုကြီးပြီး ပိုပေါက်ကွဲအားပြင်းတဲ့ ဖရဲသီးတစ်ခု ရှိနေသရွေ့တော့ လူတိုင်းရဲ့အာရုံစိုက်မှုက သဘာဝအတိုင်း လမ်းလွှဲသွားမှာပဲ။
"လွန်ခဲ့တဲ့တစ်လက ကျွန်တော် တရားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ချူဖျင်က ချွန်းဖုန်းဂေဟာထဲ ဝင်သွားပြီး ချွန်းဖုန်းဂေဟာရဲ့ ထိပ်တန်းအမျိုးသမီး ဟုန်ရှို့အတွက် ပိုက်ဆံအများကြီး သုံးခဲ့တာကို တွေ့ခဲ့တယ်။ ချွန်းဖုန်းဂေဟာရဲ့ ပုံမှန်ဧည့်သည်တချို့ကိုရှာပြီး အသေးစိတ်အချက်အလက်တွေ ထပ်ရယူနိုင်ပါသေးတယ်”
တစ်နည်းအားဖြင့်ဆိုသော် သူ၏ပြောဆိုချက်ကို မယုံကြည်လျှင်ပင် ချွန်းဖုန်းဂေဟာ၏ ထိပ်တန်းအမျိုးသမီး ဟုန်ရှို့၊ ဆောင်ကြာမြိုင်မှ တာဝန်ခံနှင့် ထိုညက မျက်မြင်သက်သေ ဒါဇင်ပေါင်းများစွာ သက်သေခံရန် ရှိနေသေးသည်။ သက်သေအထောက်အထားများသည် ခိုင်လုံပြီး ငြင်းဆို၍မရပေ။
ဒုတိယမင်းသားသည် သည်လောက် သေချာနေသည်ကို မြင်သောအခါ အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးက နည်းနည်းလောက်တော့ မယုံဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။
System၏ ဒုတိယမင်းသား နွေဦး ပန်းချီကားများအကြောင်း ဖော်ထုတ်မှုကတော့ လုံးဝကို တိုက်ဆိုင်သွားခြင်းပင်။ ဒုတိယမင်းသားနှင့် ချူဖျင်တွင် ရန်ငြိုးမရှိသောကြောင့် သူတို့သည် သက်သေများကို ရှာဖွေပြီး သက်ဆိုင်ရာ သက်သေထွက်ဆိုချက်များကို ကြိုတင်ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖြေရှင်းချက်က တစ်ခုတည်းပင်။ ချူဖျင်သည် အမှန်တကယ်ပင် ဆောင်ကြာမြိုင်သို့ သွားခဲ့ခြင်းပင်။
သာ့ရှန်းမင်းဆက်သည် မှူးမတ်များအား ဆောင်ကြာမြိုင်သွားခြင်းကို တင်းကြပ်စွာ တားမြစ်ထား၏။ ဥပဒေကို သိလျက်နှင့် ချိုးဖောက်သူများသည် ရွှေသားတစ်ထောင် ဒဏ်ရိုက်ခံရပြီး အဆင့်နှစ်ဆင့် ရာထူးလျှော့ချခံရမည် ဖြစ်သည်။
အရှင်မင်းကြီး၏ လေသံသည် အေးစက်လို့နေသည်။။ "ချူဖျင်၊ မောင်မင်း ပြောစရာတစ်ခုခုရှိလား”
သူသည် ဖရဲသီးများ စားသုံးလိုသော်လည်း ရိုးသားသည်ဟု ထင်မှတ်ထားသူများက သာ့ရှန်း၏ ဥပဒေများကို တမင်တကာ ချိုးဖောက်ခြင်းအကြောင်း ဖရဲသီးများကိုမူ မစားသုံးလိုပေ။ ၎င်းသည် အရှင်မင်းကြီး၏ ဂုဏ်သိက္ခာနှင့် ဥပဒေ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းဖြစ်ပေလိမ့်မည်။
ဇဝေဇဝါဖြင့် ချူဖျင်သည် သူ့မှတ်ဉာဏ်ကို ပြန်လည်စဉ်းစားရန် ကြိုးစားနေရ၏။ တရားရေးဝန်ကြီးဌာနမှ အခြားညွှန်ကြားရေးမှူးတစ်ဦးမှ တွန်းထုတ်လိုက်သောအခါ ချူဖျင်သည် ယိုင်နဲ့သွားပြီး အလျင်အမြန် သတိပြန်ဝင်လာတော့သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ချွန်းဖုန်းဂေဟာကို တစ်ခါမှ မရောက်ဖူးပါဘူး။ ဘယ်လိုလုပ်ပြီး အပျော်ရှာနိုင်မှာလဲ”
သူ၏မျက်နှာနှင့် လေသံထဲမှ ရှုပ်ထွေးမှုနှင့် တွေဝေမှုကို လူတိုင်း မြင်နိုင်ကြားနိုင်လေသည်။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ယုံကြည်ချက်ရှိနေသည့် ဒုတိယမင်းသားကို ကြည့်လိုက်ပြီးနောက် ရှုပ်ထွေးနေသည့် ချူဖျင်ကို ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး လိမ်ညာခြင်းမရှိဟု ထင်ရသော်လည်း ဤကိစ္စတွင်တော့ သူတို့ထဲမှ တစ်ယောက်ကတော့ လိမ်ညာနေခြင်း ဖြစ်ရမည်။
ကျွမ်းကျင် စုံစမ်းရေးသူများ ပေါ်ထွက်လာရတော့မည့် အချိန်ပင်။
အရှင်မင်းကြီးသည် တရားရေးဝန်ကြီး၏ နေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို အခြားတစ်ဖက်သို့ လွှဲလိုက်ကာ "ယွီဟောက် စုံစမ်းစစ်ဆေးပါ”
တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်၏ ဝန်ကြီးချုပ်ဖြစ်သူ ယွီဟောက်က ရှေ့ထွက်လာ၏။
"ယွီဟောက် လိုက်နာဆောင်ရွက်ပါ့မယ်”
အဆင့်၅ မှူးမတ်တစ်ယောက် ဆောင်ကြာမြိုင်သို့ သွားခြင်းကို ညီလာခံ၌ စစ်ဆေးမည်တဲ့လား။ လုံးဝမဟုတ်ပေ။ အရှင်မင်းကြီးနှင့် မှူးမတ်များသည် ပွဲကြည့်ရန် ရည်ရွယ်ချက်မရှိမှသာ ဖြစ်လိမ့်မည်။
ယွီဟောက်က ဒုတိယမင်းသားကို အရင်ဆုံး မေးမြန်းလိုက်သည်။ "ဒုတိယမင်းသား၊ နေ့စွဲ အတိအကျ မှတ်မိပါသလား။ အဲ့ဒီနေ့က လူကြီးမင်းချူက ဘာတွေဝတ်ဆင်ထားပြီး ဘာတွေ ပြောဆိုလုပ်ဆောင်ခဲ့ပါသလဲ။ ပိုပြီးအသေးစိတ်လေ ပိုကောင်းလေပါပဲ”
ဒုတိယမင်းသားကလည်း တစ်ခုပြီးတစ်ခု ဖြေကြားလေသည်။ "လွန်ခဲ့တဲ့လက မြို့တော်မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပါတယ်။ ရှားရှားပါးပါး အချိန်တစ်ခု လရဲ့သုံးရက်မြောက်နေ့မှာ ရပ်တန့်သွားခဲ့လို့ ကျွန်တော် အရမ်းရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။ အဲ့ဒီနေ့က ချူဖျင် ဘာဝတ်ခဲ့လဲဆိုတာတော့ ကျွန်တော် မမှတ်မိဘူး၊ ဒါပေမဲ့ သူက အစိမ်းရောင်ဝတ်ရုံတစ်ထည် ဝတ်ဆင်ထားတယ်ဆိုတာပဲ မှတ်မိတယ်”
"သူက ချွန်းဖုန်းဂေဟာကို တရင်းတနှီး ဝင်သွားခဲ့တယ်။ ပုံမှန်ဧည့်သည် တစ်ယောက်လိုပဲ။ သူက ငွေအိတ်တစ်အိတ်ကို ဆောင်ကြာမြိုင်က တာဝန်ခံဆီ ပစ်ပေးပြီး ဟုန်ရှို့ကို တောင်းခဲ့တယ်။ အဲ့ဒီအချိန်မှာ ဟုန်ရှို့က တခြားဧည့်သည်တွေကို ဧည့်ခံနေတာ။ ဆောင်ကြာမြိုင်က တာဝန်ခံက သူ့ကို ပြောင်းဖို့ပြောခဲ့ပေမဲ့ သူက ဟုန်ရှို့ကိုပဲ တောင်းဆိုခဲ့ပြီး အဲ့ဒီအတွက် ရွှေသားတစ်ရာ လိုလိုလားလား သုံးစွဲခဲ့ပါတယ်”
ဤယုံကြည်ချက်ရှိလှသည့် အမူအရာနှင့် ဤပြည့်စုံသော အသေးစိတ် အချက်အလက်များက အခြေအနေကို ကြုံသလို လုပ်ကြံဖန်တီးခြင်းမဟုတ်ဘဲ မျက်မြင်သက်သေများထဲမှ တစ်ဦးဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြလို့နေသည်။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် အနည်းငယ် ပို၍ ယုံကြည်သွားကြပြီးနောက် ချူဖျင်ကို စိုက်ကြည့်လိုက်ကြသည်။ တရားခံဘက်က ဘာပြောဦးမလဲ။
ယွီဟောက်သည် ချူဖျင်ကို မေးမြန်းရန် ရောက်လာခဲ့သည်။ "လူကြီးမင်းချူ ပြောစရာ တစ်ခုခု ရှိပါသလား”
ချူဖျင်သည် ခေါင်းခါပြပြီး အခိုင်အမာ ငြင်းဆိုလိုက်၏။ "ကျွန်တော်မျိုး ချွန်းဖုန်းဂေဟာကို တစ်ခါမှ မရောက်ဖူးပါဘူး”
ဒုတိယမင်းသား၏ အသေးစိတ်ဖော်ပြချက်ကို နားထောင်ပြီး ချူဖျင်၏ ခြောက်ကပ်ကပ် ကိုယ်တိုင်ဖော်ပြချက်ကို ကြည့်ရှုပြီးသွားသောအခါ အခြေအနေကို စောင့်ကြည့်နေသူတိုင်းက ရလဒ်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။
ယွီဟောက်သည်လည်း ချူမိသားစုနှင့် ချွန်းဖုန်းဂေဟာမှ လူများကို မေးမြန်းလိုပြီး မျက်မြင်သက်သေများ ပိုမိုရှာဖွေကာ သက်သေအထောက်အထားများနှင့် သက်သေထွက်ဆိုချက်များ ပိုမိုရှာဖွေလိုခဲ့သည်။
"အရှင်မင်းကြီး၊ ဒီအမှုမှာ သက်သေအထောက်အထား မလုံလောက်သေးဘဲ တခြားသက်သေတွေ လိုအပ်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို နောက်တစ်နေ့မှာ ပြန်လည်စစ်ဆေးခွင့်ပြုပါ”
အရှင်မင်းကြီး: ?
ဖရဲသီးစားနေရင်းတန်းလန်း ဘယ်လို လုပ်ပြီး ရပ်ပစ်လို့ရမှာလဲ။ မဖြစ်သေးပါဘူး။
ကိစ္စက ချူဖျင်နှင့် သက်ဆိုင်နေသည်။ ပေါက်ပေါက်ဖောက်သလို ပြောဆိုနေသင့်သော ချူဟွားသည် စကားတစ်ခွန်းမျှ မဆိုဘဲ system သည်လည်း ဖရဲသီးများ မရှာဖွေခဲ့ပေ။ အရှင်မင်းကြီးသည် သည်အခြေအနေကို လုံးဝ အသားမကျနိုင်တော့ပေ။
"ချူချင်း”
လျိုကျန်းက တီးတိုးလေး ပြောလိုက်၏။ "ညီလေးချူ၊ ရှေ့ထွက်ပြီး ဖြေလေ”
ချူဟွားသည် အလန့်တကြား ခေါင်းလှည့်လိုက်၏။ သူမသည် ပါးစပ်ဖွင့်လိုက်သည်နှင့် ဖော်ထုတ်ခံရတော့မည်။
လျိုကျန်းမှာ ဆွံ့အသွားတော့သည်။ သူမ စကားမပြောလျှင်ပင် system နှင့် ရက်ပေါင်းများစွာ ပေါက်ပေါက်ဖောက် ပြောဆိုနေခဲ့ပြီး ဖော်ထုတ်သင့်သည့်အရာရော မဖော်ထုတ်သင့်သည့်အရာများပါ အရာအားလုံး ဖော်ထုတ်ပြီးဖြစ်နေပြီ။
ချူဟွားသည် တွေဝေပြီး ညှိုနှိုင်းဖို့ရ အခြေအနေ မပေးသည်ကို သိလိုက်သည်တွင် ရှေ့သို့ထွက်၍ ဖြေရတော့သည်။ "ရှိပါတယ်”
သူမ စကားပြောလိုက်သည့်အခိုက်တွင် သူမသည် တိတ်တဆိတ် "အိုး" ဟု အာမေဍိတ်ပြုလိုက်သေးသည်။
သူမသည် ယောက်ျားပီသစွာ ပြုမူရန် ကြိုးစားလျက် သူ၏အသံကို တတ်နိုင်သမျှ အနိမ့်သံဖြစ်အောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ချူချင်းသည် အယောင်ဆောင် ယောက်ျားတစ်ယောက်ဖြစ်ကြောင်း ယခုတော့ အားလုံးက သိကုန်ကြတော့မည်။ အစ်ကိုကြီး ပြန်လာသောအခါ ထူးဆန်းသော ကောလာဟလများ မကြားရရန်သာ မျှော်လင့်မိတော့သည်။
အရှင်မင်းကြီးနှင့် မှူးမတ်များကလည်း သူမနှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ကို သတိမထားမိသည့်နှယ် မျက်စိကန်း နားကန်းနေကြသလိုပင်။
"မောင်မင်း ပြောစရာတစ်ခုခုရှိလား” အရှင်မင်းကြီးက မေးလိုက်၏။
လူတိုင်းသည် ဆွံ့အနားမကြားချင် ဟန်ဆောင်နေသည်ကို မြင်သောအခါ ချူဟွားသည် မိမိကိုယ်ကို လုံးဝ လွှတ်ချလိုက်ပြီး သူ၏ကိုယ်ပိုင်အသံဖြင့် ဖြေကြားလိုက်တော့သည်။
"အရှင်မင်းကြီး၊ လွန်ခဲ့တဲ့လက မိုးအကြီးအကျယ်ရွာသွန်းပြီး အရာအားလုံး စိုစွတ်နေခဲ့ပါတယ်။ လရဲ့သုံးရက်မြောက်နေ့မှာ တစ်ကြိမ်တစ်ခါပဲ မိုးမရွာခဲ့ပါဘူး။ ချူမိသားစုတစ်ခုလုံး သန့်ရှင်းရေး လုပ်နေခဲ့ကြပါတယ်။ ကျွန်တော်မျိုးရဲ့အဖေက စာကြည့်ခန်းကို သန့်ရှင်းရေးလုပ်ပြီး ကျွန်တောမျိုးရဲ့အမေနဲ့အတူ လက်ဝတ်ရတနာတွေကို သန့်ရှင်းရေးလုပ်ဖို့ အဖော်ပြုပေးခဲ့ပါတယ်။ သူ ဘယ်ကိုမှ အပြင်မထွက်ခဲ့ပါဘူး”
"ချူမိသားစုရဲ့ပိုက်ဆံက ကျွန်တော်မျိုးရဲ့အမေနဲ့ ညီမလေးရဲ့လက်ထဲမှာ ရှိပါတယ်။ အဖေရဲ့လစဉ်လစာက ငွေ ၁၂၀ လျန်ပါ။ တစ်ဝက်က အပ်နှံရပြီး ကျန်တစ်ဝက်က သူကိုယ်တိုင် သုံးစွဲပါတယ်။ အပိုအသုံးစရိတ် တစ်ခုခုရှိရင် သူက အမေနဲ့ ညီမလေးဆီကနေ ခွင့်ပြုချက်ရဖို့လိုပြီး စာရင်းရုံးကနေ ငွေ လျန်၅၀ ထက် ပိုထုတ်ဖို့လိုပါတယ်၊ မဟုတ်ရင် စာရင်းရုံးက သူ့ကိုပေးမှာ မဟုတ်ပါဘူး”
"ထိပ်တန်းအမျိုးသမီးတစ်ယောက်က ငွေ လျန်၁,၀၀၀ ကုန်ကျပါတယ်။ အဲ့ဒီလူက တကယ်ပဲ ကျွန်တော်မျိုးရဲ့အဖေသာဆိုရင် နေ့စဉ်အသုံးစရိတ်နဲ့ လူမှုရေးအသုံးစရိတ်တွေကို မတွက်ဘဲ သူက ခါးပတ်ကို တင်းတင်းစည်းပြီး တစ်နှစ်ခွဲလောက် စုဆောင်းရမှာပါ။ ချွန်းဖုန်းဂေဟာရဲ့ ဟုန်ရှို့က ရွှေနဲ့ လုပ်ထားလို့ တစ်နှစ်ခွဲလောက် စုဆောင်းထားတဲ့ ကိုယ်ပိုင်ငွေကို တစ်ညတည်းနဲ့ သုံးမှာတဲ့လား။ သူက မမိုက်မဲပါဘူး”
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
ထိုအခိုက်တွင် သူတို့သည် ချူဖျင်၏ သနားစဖွယ် ငွေသုံးစွဲမှုကို သနားကြင်နာရမည်လား။ သို့မဟုတ် ချူဟွား၏ စာရင်းအင်း တွက်ချက်မှု မည်မျှ ကောင်းမွန်သည်ကို တအံ့တဩ ဖြစ်ရမည်လားပင် မသိတော့ပေ။
ဤအခိုက်အတန့်တွင် ချူဖျင်သည်လည်း သူ၏လုပ်ဖော်ကိုင်ဖက်များက သူသည် ငွေသုံးစွဲရန် သိပ်မလွတ်လပ်ကြောင်းနှင့် သူ၏မိန်းမနှင့်သမီးသည် သူ၏ပိုက်ဆံအိတ်ကို ထိန်းချုပ်ထားကြောင်း သိရှိသွားမည်ကို ဂရုမစိုက်တော့ပေ။ သူသည် ဆောင်ကြာမြိုင်သို့ မသွားခဲ့ကြောင်း ရှင်းလင်းနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မှူးမတ်တစ်ဦးသည် သက်ပြင်းချလေသည်။ "လူကြီးမင်းချူက ငွေလျန်၅၀သုံးဖို့ သူ့မိန်းမနဲ့သမီးရဲ့သဘောတူညီချက် ရဖို့လိုတယ်။ သူ့ရာထူးက အရမ်းနိမ့်လွန်းတယ်လေ”
အခြားမှူးမတ်တစ်ဦးကလည်း သဘောတူသည်မှာ တဖက်ကမ်းရောက်တော့မည်။ သူ၏အသံမှာ အနည်းငယ် ပိုပြီး ကျယ်လောင်နေတော့သည်။ "မှန်တယ်။ အိမ်ထောင်ဦးစီးက သူ့မိန်းမနဲ့သမီးက ဒီအတိုင်းအတာအထိ ထိန်းချုပ်ခံနေရတာက တကယ်ကို ကြောက်တတ်လွန်းတာပဲ”
ချူဖျင်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားတော့သည်။
"ကြောက်တတ်တယ် ဟုတ်လား" ချူဟွားက သည်လူများ၏ သဘောအတိုင်း မလိုက်လျောချေ။" မေးပါရစေ။ ဒီက လူကြီးမင်း …"
အိုးဟဲ့။ သူမ သူ့ကို မသိဘူးလေ။
ဒုတိယမင်းသားကလည်း သူမကို ကူညီကာ သတိပေးလိုက်လေသည်။ "အဆင့်၅ နိုင်ငံတော်အခမ်းအနားများ ပြင်ဆင်ရေးဌာနက ဒုဝန်ကြီး ယွီကျားယန်ပါ”
ချူဟွားသည် သူ၏စိတ်ထဲ၌ အော်ဟစ်လိုက်လေသည်။ [System သူ့ကို ပစ်မှတ်ထားလိုက်]
System: [မှတ်ထားပြီးကြောင်းပါ]
အရှင်မင်းကြီးနှင့် မှူးမတ်များ၏ စိတ်ဓာတ်များသည် ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ ဟီး ဟီး။ သူတို့တွေ ဖရဲသီး ထပ်စားနိုင်တော့မယ်။ ဒါကလဲ အနီးနားက ဖရဲကြီးတစ်လုံး ဖြစ်နေတုန်းပဲ။ လူတစ်ယောက်နဲ့ system တစ်ခုရဲ့ အသံက ပိုရှင်းလင်းနေတာဆိုတော့ ဖရဲသီးများ စားဖို့ အကောင်းဆုံးပဲ။
ယွီကျားယန်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့လေသည်။ သူ ဘာလို့ ဒီလောက် မဆင်မခြင် ပြောမိရတာလဲ။
လျင်မြန်စွာပင် သူက ပြောလိုက်၏။ "လူကြီးမင်းချူ၊ ကျုပ် စကားမှားသွားပါတယ်၊ ကျေးဇူးပြုပြီး…"
သူသည် ‘သဘောထား ကြီးပေးပါ’ ဟူသည့် စကားလုံးကို ဆုံးအောင် မပြောရသေးခင်မှာပင် systemက ပြန်ရောက်လာခဲ့ပြီး ကလေးဆန်ဆန် အသံသည် နားထဲ၌ သာယာစွာ ပဲ့တင်ထပ်လာတော့သည်။
System: [အိုး။ ယွီကျားယန်က ခုနက ဘာလို့ ဒီလောက် ဒေါသထွက်နေလဲပါလိမ့်လို့ စဉ်းစားနေတာ။ သူက အနာပေါ် တုတ်ကျသွားတာပဲ ဖြစ်ရမယ်။ ဟုတ်နေပါပြီ]
[သူ့မိသားစုက ဆင်းရဲသွားပြီး မွဲပြာကျတော့မဲ့အချိန်မှာ သူက ရုပ်ရည်ကောင်းပြီး စကားပြောချိုသာလို့ သခင်မလေးကို ပျော်ရွှင်စွာ လက်ထပ်ဖို့ ချော့မော့ခဲ့တယ်။ သခင်မလေးရဲ့အဖေက သူ့သမက်ကို ထုတ်ကြွားလို့ မရနိုင်တာမြင်တော့ သူ့ကို ကူညီဖို့ နည်းလမ်းတွေ စဉ်းစားရုံပဲရှိတော့တာပေါ့။ သူက စကားပြောတတ်ပြီး ကျင့်ကောင်းတွေလဲ ရှိတာကို တွေ့တော့ သူ့ကို နိုင်ငံတော်အခမ်းအနား ပြင်ဆင်ရေးရုံးတော်ထဲ ဝင်ခွင့်ရဖို့ နည်းလမ်းတစ်ခု ရှာပေးခဲ့တယ်လေ]
[သူက ပိုက်ဆံအတွက် သူ့မိန်းမအပေါ်မှာမှီခိုပြီး ရာထူးအတွက် သူ့ယောက္ခမအပေါ်မှာ မှီခိုနေရတာ။ သူက အရာအားလုံးအတွက် သူ့မိန်းမနဲ့ ယောက္ခမရဲ့သဘောထားကို သတိထားရတယ်။ သူ့မိန်းမရှေ့မှာ သူ ခေါင်းမဖော်နိုင်ဘူး။ ကိုယ်လုပ်တော်တစ်ယောက် ယူချင်လို့ အဝတ်လျှော် ပျဉ်ပြားပေါ်မှာ သုံးရက် ဒူးထောက်ခဲ့ရတယ်။ သူက သူ့မိန်းမရဲ့အစေခံမနဲ့ အိပ်ပြီး အဖမ်းခံရတော့ အဝတ်လျှော်ပျဉ်ပြားပေါ်မှာ ငါးရက် ဒူးထောက်ခဲ့ရတယ်။ သူက အပြင်မှာ တိတ်တိတ်ပုန်း မယားငယ်တစ်ယောက် ယူထားလို့ အဝတ်လျှော်ပျဉ်ပြားပေါ်မှာ ဆယ်ရက် ဒူးထောက်ခဲ့ရပြီး သူ သုံးဖို့ ငွေလေးတောင် မပေးတော့ဘူးလေ။ ဘယ်လိုလုပ်ပြီး မကျေမနပ် မဖြစ်ဘဲနေနိုင်မှာလဲ]
ချူဟွား: [သူ့မှာ ဆန္ဒရှိပေမဲ့ သတ္တိမရှိဘူး။ သတ္တိနည်းတဲ့သူရဲကောင်း ယွီကျားယန်ပဲ]
ယွီကျားယန်၏ မျက်နှာသည် နှင်းကဲ့သို့ ဖြူဖွေးသွားတော့သည်။ သူသည် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် သူ၏ယောက္ခမဖြစ်သူ တရားရေးဝန်ကြီးကို လှမ်းကြည့်လိုက်၏။
တရားရေးဝန်ကြီးကတော့ သူ၏သမက်ကို သေစေနိုင်သော အကြည့်ဖြင့် ကြည့်လိုက်တော့သည်။ ပြန်ရောက်ရင် ငါ မင်းနဲ့ စာရင်းရှင်းရလိမ့်မယ်။
ချူဟွားသည် မည်မျှ အကာအကွယ်ပေးတတ်ပါသနည်း။ ယွီကျားယန်က သူမ၏ဖခင်ကို ညီလာခံအတွင်းတွင် ကြောက်တတ်သူဟု ဆဲဆိုသည်ကို ကြားသောအခါ သူမက မည်သို့များ အလွတ်ပေးနိုင်မည်နည်း။
[System ဆက်တူး။ မရပ်နဲ့]
သူမသည် တစ်ပြိုင်နက်တည်း အလုပ်နှစ်ခုကို လုပ်ဆောင်နေလေသည်။ စိတ်ထဲတွင် system နှင့် စကားပြောနေရင်း အပြင်တွင်လဲ ပြောလာသည်။ "လူကြီးမင်းယွီက ဒီလိုစကားတွေ ပြောနိုင်တယ်ဆိုတော့ အိမ်မှာ အရမ်းခန့်ညားနေမှာပဲ။ ကျွန်တော် ပြန်ရောက်ရင် အမေနဲ့ ညီမလေးကို သခင်မယွီဆီကနေ သေချာပေါက် အကြံဉာဏ်တောင်းခိုင်းလိုက်ပါ့မယ်”
"မဟုတ်ဘူး၊ မဟုတ်ဘူး…" ယွီကျားယန်သည် ကပျာကယာ ငြင်းလေတော့သည်။
ချူဟွား: "ဟုတ်တယ်။ ဟုတ်တယ်”
ယွီကျားယန်က လေးနက်စွာ ဦးညွှတ်လိုက်ကာ "ကျုပ် စကားမှားသွားပါတယ်။ ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့ ညီလေးချူ”
သူက သည်အတိုင်းအတာအထိ နောက်ဆုတ်ပေးလိုက်ပြီးဖြစ်သဖြင့်ချူဟွားက ဆက်ပြီး ခေါင်းမာနေလျှင် ရန်လိုသူအဖြစ် အမြင်ခံရလိမ့်မည်ဟု စဉ်းစားလိုက်ပြီး ဤနေရာတွင် ရပ်တန့်သင့်သည်ဟု သူက ထင်ထားခဲ့သည်။
ချူဟွားကလည်း စံနှုန်းမီ ယဉ်ကျေးမှုဖြင့် တုံ့ပြန်လေသည်။။ "လူကြီးမင်းယွီ၊ ခင်ဗျားက အရမ်းကို တလေးတနက် ပြောနေပါပြီ”
ဒီကိစ္စ ဒီမှာပဲ ပြီးသွားပါပြီနော် ဟုတ်တယ်မလား။ ယွီကျားယန်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။
ထိုအခိုက်အတန့်မှာပင် systemက ဝိုးဟူသော တအံ့တဩသံများဖြင့် ပြန်လာတော့သည်။ [မမကြီးဟွား၊ ဒီလူမှာ တခြားဘာဖရဲသီး ရှိလဲဆိုတာကို နင် ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး]
ချူဟွား: [ဘယ်လိုဖရဲသီးမျိုးလဲ]
System: [ယွီကျားယန်က ဆောင်ကြာမြိုင်ကို သွားခဲ့တာဗျ]
ချူဟွား: [ဝိုး——]
ခန်းမဆောင်တစ်ခုလုံးသည် တုန်လှုပ်သွားလေ၏။
အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် သူတို့၏ပါးစပ်များကို တိတ်တဆိတ် ဖွင့်ဟလိုက်ကြတော့သည်။ ဝိုး——။
...