အခန်း ၁၂
Vol. 1 Ch. 12
အပိုင်း (၁၂)
ယွီကျားယန်သည် ပြည့်တန်ဆာများထံ သွားရောက်လည်ပတ်ခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေ၏။ ဥပဒေအရ သူ့ကို ရွှေသား ၁၀၀၀ ဒဏ်ရိုက်ပြီး ရာထူးအဆင့် နှစ်ဆင့် လျှော့ချသင့်ပေသည်။ သို့သော်လည်း သူ၏ဇနီးသည်ထံမှ ငွေညှစ်လိမ်လည်ခြင်း၊ ဆင်ခြေအမျိုးမျိုးဖြင့် ဆယ့်နှစ်နှစ်ဆက်တိုက် ပြည့်တန်ဆာများထံ သွားရောက်ခဲ့ခြင်း စသည့် အပြုအမူများက ဧကရာဇ်နှင့် မှူးမတ်အားလုံးကို စက်ဆုပ်ရွံရှာစေခဲ့သည်။
နန်းတွင်းစစ်ဆေးရေး မှူးမတ်တစ်ဦးက ရှေ့ထွက်၍ သူ၏သဘောတူညီမှုကို ထုတ်ဖော်ပြောကြားတော့သည်။ "အရာရှိချူ ပြောတာ မှန်ပါတယ်။ ဒီကိစ္စကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုအပ်တယ်"
"ကျွန်တော်လည်း ထောက်ခံပါတယ်”
"ကျွန်တော်လည်း ထောက်ခံပါတယ်”
အရပ်ဘက်မှူးမတ်များနှင့် စစ်ဘက်စစ်သူကြီးများသည် တစ်ဦးပြီးတစ်ဦး ရှေ့ထွက်၍ သူတို့၏ ထင်မြင်ချက်များကို ဖော်ပြခဲ့ကြရာ ယွီကျားယန်၏ မိန်းမဖြစ်သူ၏ငွေကို ငွေလိမ်လည်ကာ ပြည့်တန်ဆာသွားသည့် အပြုအမူသည် မည်မျှ စက်ဆုပ်ဖွယ်ကောင်းကြောင်း ညွှန်ပြနေပေသည်။
ဧကရာဇ်သည် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးမည့်ဘက်သို့ ယိမ်းယိုင်နေနှင့်ပြီဖြစ်သော်လည်း သူ့ကို မည်သို့အပြစ်ပေးရမည်ကိုမူ မဆုံးဖြတ်ရသေးပေ။
"အမတ်ကြီးတို့မှာ ဘာအကြံဉာဏ်တွေ ရှိကြပါသလဲ”
နိုင်ငံတော်ကို တည်ထောင်ခဲ့သည့်အချိန်မှစ၍ ဆောင်ကြာမြိုင်သို့ သွားသည့်မှူးမတ်များ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ဆောင်ကြာမြိုင်သို့ သည်လောက်အချိန်ကြာမြင့်စွာ သွားရောက်ခဲ့သော မှူးမတ်မှာမူ ဤတစ်ကြိမ်သည် ပထမဆုံးပင်။ အခြေအနေများက အလွန်ဆိုးရွားနေသောကြောင့် မှူးမတ်အားလုံးသည် ဥပဒေအတိုင်း အရေးယူရန် တုံ့ဆိုင်းနေကြ၏။
တရားရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေးသုံးသပ်မှုခုံရုံးမှ မှူးမတ်များသည် ဤကိစ္စကို မည်သို့စီရင်ရမည်ကို စတင်ငြင်းခုံကြတော့သည်။
မှူးမတ်တချို့က ပြင်းထန်စွာ အပြစ်ပေးရန် ထောက်ခံ ပြောဆိုကြသည်။
"ယွီကျားယန်က မောက်မာပြီး စာရိတ္တမကောင်းဘူး။ မှူးမတ်တစ်ယောက်ဖြစ်ဖို့ လုံးဝမသင့်တော်ဘူး”
"ယွီကျားယန်က အရှင်မင်းကြီးနဲ့ ဥပဒေကို အလေးမထားဘူး။ သူ့ကို သာမန်အရပ်သားအဖြစ် အဆင့်ချပစ်သင့်တယ်”
အခြားမှူးမတ်တစ်စုကတော့ ဥပဒေအတိုင်း လိုက်နာရန် ထောက်ခံကြသည်။
"ရွှေသား ၁၀၀၀ ဒဏ်ငွေရိုက်ပြီး ရာထူးအဆင့်နှစ်ဆင့် ချတာက အရမ်းပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ဖြစ်နေပြီ။ ရာထူးကနေ ဖယ်ရှားတာက အရမ်းမပြင်းထန်လွန်းဘူးလား”
"မင်းဆက်တွေ အားလုံးမှာ ဆောင်ကြာမြိုင်ကို သွားလို့ ရာထူးဆုံးရှုံးခဲ့ဖူးတဲ့ မှူးမတ်ဆိုတာ မရှိခဲ့ပါဘူး”
ယွီကျားယန်၏ ယောက္ခမသည် တရားရေးဝန်ကြီးဖြစ်သောကြောင့် အခြားမှူးမတ်တစ်စုက ကြားလူအဖြစ် စေ့စပ်ဖျန်ဖြေပေးကြ၏။ သူတို့က သူ့ကို အပြစ်ပေးသင့်သော်လည်း အလွန်အမင်း မပြင်းထန်စေရန် ထောက်ခံကြသည်။ သူ့ကို ဒဏ်ငွေပိုရိုက်ခြင်း သို့မဟုတ် ရာထူးသုံးဆင့်လျှော့ချ၍ တာဝန် ဆက်လက် ထမ်းဆောင်ခွင့်ပေးနိုင်သည်ဟု ဆိုကြသည်။
ဤအချက်နှင့် ပတ်သက်ပြီး အခြားမှူးမတ်တစ်ဦးက အချေအတင် စတင်ပြောဆိုတော့သည်။
"ယွီကျားယန်က နန်းတွင်းအခမ်းအနားဆိုင်ရာ တရားရုံးမှာ ဆယ်နှစ်ကြာ အမှုထမ်းခဲ့ပေမဲ့ ဘာအောင်မြင်မှုမှ မရှိခဲ့ဘူး။ သူ့ရဲ့ လက်ရှိရာထူးကို သက်တမ်းအလိုက် ရခဲ့တာ”
"ခင်ဗျားတို့က သူ့ကို နန်းတွင်းအခမ်းအနားဆိုင်ရာ တရားရုံးမှာပဲ ဆက်နေခိုင်းမှာလား။ ဒါမှမဟုတ် တခြားတစ်နေရာကို ပစ်ထားမှာလား။ တစ်နေ့နေ့မှာ စားပွဲပေါ်ကို ဆောင်ကြာမြိုင်ကို သွားတဲ့ နောက်ထပ် စာရင်းစာအုပ်တစ်အုပ် ရောက်လာမှာကို မကြောက်ဘူးလား”
မှူးမတ်များသည် ရှေးကျမ်းဂန်များကို ကိုးကားကာ အပြန်အလှန် ဆွေးနွေးငြင်းခုံနေကြပြီး ရံဖန်ရံခါဆိုသလို လူတစ်ချို့က ထွက်လာပြီး မီးလောင်ရာလေပင့် လုပ်ကြလေသည်။ ညီလာခံသည် ရုတ်တရက် နံနက်စောစော လူစည်ကားသော တောင်သူလယ်သမားဈေးကဲ့သို့ သက်ဝင်လှုပ်ရှားလာတော့၏။
ဤအချိန်တွင် ချူဟွားအား မလိုအပ်တော့ချေ။ သူမသည် ခန်းမဆောင်ထဲက တိတ်တဆိတ် ပြန်ထွက်လာပြီး သူမ၏နေရာသို့ ပြန်သွားခဲ့သည်။
[System, ပိုနက်နက်တူးလိုက်။ ဒီလူမှာ ဆောင်ကြာမြိုင်သွားတဲ့ ဖရဲသီး တစ်လုံးတည်းပဲ ရှိတယ်ဆိုတာ ငါမယုံဘူး]
System: [ကောင်းပါပြီ]
ဆွေးနွေးမှုသည် ရပ်တန့်သွားပြီးနောက် သူတို့အားလုံးသည် ခဏအကြာတွင် system ၏အသံကို မလွတ်သွားစေရန် အသံကို တိုးလိုက်ကြ၏။
ယွီကျားယန်၏မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ ဒီအခြေအနေတောင် ရောက်သွားပြီလေ။ ချူဟွားက သူ့ကို အလွတ်မပေး ချင်သေးဘူးလား။
အခွန်ဝန်ကြီးနှင့် တတိယမင်းသားတို့၏ ယခင်အတွေ့အကြုံများက နမူနာပင်။ systemကသာ ဆက်လက်ပြီး နက်နက်နဲနဲ တူးဖော်ပါက အကျိုးဆက်များ မည်မျှဆိုးရွားမည်ကို သူ ကောင်းကောင်းသိနေသည်။
မဟုတ်ဘူး။ ဒီအတိုင်း ဆက်ဖြစ်ခွင့်မပေးနိုင်ပေ။
အကယ်၍ အမှန်တရားများ ပေါ်ပေါက်သွားပါက သူ့ကို ဧကရာဇ်က အပြစ်ပေးချင်မှ ပေးပေလိမ့်မည်။ သူ၏ယောက္ခမသည် သူ၏ဇနီးမျက်နှာကြောင့် သူ့ကို ဆက်လက် ကာကွယ်ပေးဦးမည်ဖြစ်ပြီး အကျိုးဆက်များက သိပ်ဆိုးရွားမည်မဟုတ်ပေ။
သို့သော် systemကသာ ပိုမိုနက်ရှိုင်းစွာ တူးဖော်ပြီး ထိုမယုံနိုင်စရာအရာများကို ရှာဖွေတွေ့ရှိသွားပါက သူ၏ယောက္ခမသည် သူ့ကို လုံးဝစွန့်ပစ်သွားဖွယ်ရှိ၏။ ထိုအချိန်ကျလျှင် သူ၏မှူးမတ်ရာထူးကို မဆိုထားနှင့် သူ၏အသက်ကိုပင် ကယ်တင်နိုင်မည် မဟုတ်ပေ။
ယွီကျားယန်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ လက်ခနဲ ဖြတ်ပြေးသွားတော့သည်။ သူသာ ဤအခြေအနေမှ လွတ်မြောက်သွားပါက ချူဟွားကို ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ပေ။
"ချူဟွား..." သူက အသံကုန်ဟစ်အော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဧကရာဇ်နှင့် မှူးမတ်များ၏မျက်လုံးများသည် ဒေါသတရားများဖြင့် တောက်လောင်သွားကြသည်။ ရိုင်းစိုင်းလိုက်တာ။
ကံကောင်းစွာပင် ယွီကျားယန်အနီးရှိ မှူးမတ်အနည်းငယ်သည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ချက်ချင်း ထကာ သူ့ပါးစပ်ကိုပိတ်၍ ဖိထားလိုက်ကြ၏။
ပိန်လှီလှသည့် အရပ်ဘက်မှူးမတ်များကပင် ကူညီနေကြပြီဖြစ်သဖြင့် စစ်ဘက်အရာရှိများက မည်သို့ ကြည့်နေနိုင်မည်နည်း။
စစ်ဘက်အရာရှိတချို့သည် လျင်မြန်စွာ ရှေ့သို့တက်လာကြပြီး တစ်ဦးက ယွီကျားယန်၏လက်များနှင့် ကျောကိုဖိထားကာ နောက်တစ်ဦးက ယွီကျားယန်၏ခြေအိတ်ကို ချွတ်၍ သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်တွင် သူသည် လိပ်တစ်ကောင်ကဲ့သို့ မြေပေါ်တွင် မှောက်လျက်သား ဖြစ်သွားလေသည်။ သူသည် မပီမသ "ဝူး ဝူး ဝူး" ဟူသော အသံများကိုသာ ပြုနိုင်တော့၏။
ထိုအချင်းအရာကို မြင်သောအခါ အရပ်ဘက်မှူးမတ်များသည် သူတို့၏ဆွေးနွေးမှုကို အသံကျယ်ကျယ်ဖြင့် ပြုလုပ်ကြပြီး ဟန်လင်းကျောင်းတော်မှ မှူးမတ်များကမူ မတ်တတ်ရပ်နေရသဖြင့် ညောင်းညာဟန်ဆောင်ကာ အနည်းငယ် ရွှေ့ပြောင်းလိုက်ကြသည်။ သူတို့သည် ခန်းမဆောင်အတွင်း၌ ဖြစ်ပျက်နေသည်များကို ချူဟွား မမြင်နိုင်စေရန် သူမ၏မြင်ကွင်းကို တိတ်တဆိတ် ပိတ်ဆို့ထားလိုက်ကြလေ၏။
ချူဟွားသည် ဂရုတစိုက် နားထောင်သော်လည်း အခြားမည်သည့် လှုပ်ရှားမှုကိုမှ မကြားမိချေ။ သူမသည် မရောမရာဖြင့် မေးလိုက်သည်။ "အစ်ကိုလျို။ အသံတစ်ခုခု ကြားလိုက်လား”
လျိုကျန်းက တည်ငြိမ်စွာ ဖြေသည်။ "ရလဒ်ကို ခုထိ ဆွေးနွေးလို့ မပြီးသေးဘူး”
ချူဟွားက "ဪ" ဟု ပြန်ဖြေလိုက်ပြီး သူမ စိတ်ထင်နေခြင်းဖြစ်မည်ဟု တွေးလိုက်တော့၏။ ထိုအချိန်တွင် systemက "ဝိုး" ဟူသောအသံနှင့်အတူ ပြန်ရောက်လာသောကြောင့် သူမသည် အာရုံမစိုက်တော့ပေ။
လျိုကျန်းကတော့ ကြိတ်ပြီး သက်ပြင်းချလိုက်တော့သည်။ ဧကရာဇ်နှင့် မှူးမတ်များလည်း သက်ပြင်းချလိုက်ကြ၏။ သူတို့အားလုံးနီးပါးကို ဖော်ကောင် လုပ်လုနီးပါး ဖြစ်ခဲ့သည့် ယွီကျားယန်ကို ပိုပိုပြီး စက်ဆုပ်လာကြပြီးကာ ဆုံးဖြတ်ချက်တစ်ခုကို တိုးတိုးတိတ်တိတ် ချလိုက်ကြတော့သည်။ ဤမှူးမတ်ကို ရာထူးမှ ထုတ်ပယ်ရမည်။
တရားရေးဝန်ကြီးသည် လျို့ဝှက်စွာဖြင့် ခေါင်းခါလိုက်သည်။ သူ၏သမက်သည် ဤမျှလောက် ကိုယ့်သေတွင်းကိုယ်တူးနေမှတော့ သူ ဘာမှလုပ်ပေးနိုင်မည် မဟုတ်တော့ပေ။
Systemက အံ့အားသင့်သွားသည့် လေသံဖြင့် ပြောလိုက်သည်။ [မမကြီးဟွား။ ဒီခွေးလိုလူက ဘယ်လောက်တောင် ဆိုးသွမ်းနိုင်လဲဆိုတာ မမကြီး ဘယ်တော့မှ စိတ်ကူးမိမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်]
ချူဟွား: [ပြောပြစမ်းပါ]
ဧကရာဇ်နှင့် မှူးမတ်များသည် နားစွင့်ကာ နားထောင်ကြပြီး ညည်းတွားလိုက်ကြသည်။ ချူဟွားသည် ခန်းမဆောင်မှ ထွက်သွားသည်နှင့် သူတို့သည် ဖရဲသီးစားရန် အကောင်းဆုံးနေရာကို ဆုံးရှုံးသွားခဲ့သည်။ သူတို့သည် ယခင်ကဲ့သို့ ရှင်းလင်းစွာ မကြားရတော့ဘဲ ဖရဲသီးစားရသည့် အတွေ့အကြုံသည်လည်း အပြည့်အ ဝမရတော့ပေ။
အထူးသဖြင့် ဧကရာဇ်သည် ချူဟွားနှင့် အဝေးဆုံးတွင် ထိုင်နေသောကြောင့် မှူးမတ်များ၏အသံများ ကျယ်လောင်လာသည်နှင့် သူသည် လွတ်သွားနိုင်ပေသည်။
ဖရဲသီးစားရသည်မှာ တကယ်ကို မလွယ်ကူလှပေ။
System: [သူ ပိုက်ဆံတစ်ပြားမှမရှိဘဲ ချိန်းတွေ့နေတုန်းက ဒီခွေးလိုလူက သခင်မလေးက လှတယ်။ ချမ်းသာတယ်။ ပြီးတော့ ရာထူးကြီးတဲ့အဖေလည်း ရှိတယ်လို့ တွေးခဲ့တယ်။ အရာအားလုံး အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ သူနဲ့ လက်ထပ်ပြီး မကြာခင်မှာပဲ သူက ထောက်ထားစာနာတာတွေ သိပ်မရှိတော့ဘူး။ ယောက္ခမတွေကို ရိုသေလေးစားမှု မရှိဘူး။ ဘာတစ်ခုမှ မကောင်းဘူးလို့ ညည်းညူခဲ့တယ်။ သူက မိန်းမတွေကို ချိုချိုသာသာစကားတွေနဲ့ ဖျားယောင်းပြီး ရပြီးတဲ့နောက်မှာ တန်ဖိုးမထားတတ်တဲ့ ပုံမှန်အောက်တန်းစား တစ်ယောက်ပဲ။ အဆိုးဆုံးကတော့ ခဏလောက် သေသေချာချာလေး စဉ်းစားပြီးမှ သူ့မိန်းမကို ပန်းနုသွေး လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ]
ဧကရာဇ်: ???
မှူးမတ်များ: ???
ပန်းနု ဘာတဲ့။ ဘာတွေပြောနေတာလဲ။
ခေါင်းငယ်လေးများနှင့် question markကြီးများ အပြည့်ဖြစ်သွားတော့သည်။
ဤအခိုက်အတန့်တွင် သူတို့သည် ချူဟွား သို့မဟုတ် systemက အသေးစိတ်ရှင်းပြချက်ပေးရန် အထူးတလည် တောင့်တနေကြတော့သည်။
System: [ဒီခွေးလိုလူက ဘာသင်တန်းမှမတက်ဘဲ ပန်းနုသွေး လုပ်တတ်လာတယ်။ သူက သူ့မိန်းမ နှစ်ပေါင်းများစွာ ကလေးမမွေးနိုင်တာကို အသုံးချပြီး ဇနီးတစ်ယောက်ရဲ့ တာဝန်မကျေပွန်ဘူးလို့ နှိမ့်ချပြောဆိုတယ်။ သူ့မျိုးရိုးကို မဆက်ခံနိုင်ဘူးလို့ ပြစ်တင်ကြိမ်းမောင်းတယ်။ ပြီးတော့ ယွီမိသားစုရဲ့ အမွေအနှစ်ကို ရက်ရက်စက်စက် ဖြတ်တောက်ချင်တယ်လို့ စွပ်စွဲခဲ့တယ်။ သူက ဒါကို အသုံးချပြီး သူ့မိန်းမကို မယားငယ်ယူဖို့ ပိုက်ဆံပေးခိုင်းချင်ခဲ့တာ။ ဒါပေမဲ့ သုံးနှစ်ကြာ ကလေးမရခဲ့တဲ့ သူ့မိန်းမက ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ဘူးလေ]
ချူဟွားသည် စက်ဆုပ်ရွံရှာစွာဖြင့် ပြောသည်။ [ဒီလို မိန်းမဖာစီး။ လူလိမ်။ ပြည့်တန်ဆာအိမ် သွားတဲ့ကောင်။ အောက်တန်းစားနဲ့တော့ ကိုယ်ဝန်မရတာက ပိုကောင်းတယ်]
[ဟုတ်တယ် ဟုတ်တယ်] Systemကလည်း သဘောတူသည်ထက်ကို ဟိုဖက်ကမ်းလွန်သွားသည်။
[သူ့မိန်းမ ကိုယ်ဝန်ရသွားတာနဲ့ မယားငယ်ယူဖို့ စိတ်ကူးက ပျောက်သွားရော။ ဒီအကောင်က ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးအတွက် ကောင်းတဲ့အရာတွေကို နေရာတကာမှာ ရှာဖွေခဲ့တယ်။ သူက အားဖြည့်ဆေးတွေကို ရေလိုပဲ အိမ်တော်ထဲကို ပို့ပေးခဲ့တယ်။ သူက သူ့မိန်းမကို နေ့တိုင်း ကောင်းတဲ့အရာတွေရှာဖို့ ဘယ်လောက် ကြိုးစားအားထုတ်ရတယ်။ ဘယ်လောက် ပိုက်ဆံကုန်တယ်ဆိုတာ ပြောပြပြီး သူ့မိန်းမနဲ့ စာရင်းကိုင်ဆီကနေ ငွေအမြောက်အမြားကို ယူခဲ့တယ်။ အခွင့်အရေးကို အသုံးချပြီး ပိုက်ဆံအများကြီး စုဆောင်းခဲ့တယ်။ သူက သူ့မိန်းမအတွက် ပစ္စည်းတွေ ဝယ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆောင်ကြာမြိုင်ကိုတောင် သွားလည်ခဲ့သေးတယ်]
ချူဟွား: [... တော်တော် ယုတ်ညံ့တာပဲ]
ဧကရာဇ်နှင့် မှူးမတ်အားလုံးသည် စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်နေသည်။ ယုတ်ညံ့လွန်းတယ်။
Systemက အသံကိုမြှင့်လိုက်သည်။ [ဒီထက်ပိုယုတ်ညံ့တာတောင် ရှိသေးတယ်]
[ဒီခွေးလိုလူက အားဆေးတွေ အများကြီး ဝယ်တာက ပိုက်ဆံလုပ်ပြီး ဆောင်ကြာမြိုင်ကို သွားဖို့သက်သက်ပဲလို့ ထင်နေလား။ မဟုတ်ဘူး။ သူက သူ့အမေဆီကနေ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေ အားဆေးတွေ အများကြီး မသောက်သင့်ဘူးလို့ ကြားခဲ့တယ်။ အများကြီးသောက်ရင် ကလေးက အရမ်းကြီးပြီး မွေးရခက်လိမ့်မယ်တဲ့။ သူက အမေကို ဖယ်ပြီး ကလေးကိုပဲ ယူထားချင်ခဲ့တာ။ ပြီးတော့ သူ့မိန်းမရဲ့ တင်တောင်းပစ္စည်းတွေကို ယူမလို့။ ပြီးရင် သူ့ယောက္ခမရှေ့မှာ ငိုပြပြီး နောက်ထပ် မိန်းမတစ်ယောက်ပေးဖို့ တောင်းဆိုမှာ။ သူက နောက်မိန်းမတစ်ယောက်ကို လက်ထပ်နိုင်ရုံတင် မကဘူး။ နောက်ထပ် ငွေတစ်ပုံတစ်ပင်လည်း ရဦးမှာ။ သူ့ယောက္ခမက သူ့ကို ထပ်ကူညီပေးချင် ကူညီပေးဦးမှာလေ]
ချူဟွား: [... အယုတ်တကာ့ထဲမှာ အယုတ်ညံ့ဆုံးပဲ]
ဧကရာဇ်နှင့် မှူးမတ်များ: အင်မတန် ယုတ်ညံ့တာပဲ။
ယွီကျားယန်ကို ဆဲရေးပြီးနောက် သူတို့သည် ယွီကျားယန်၏ ယောက္ခမကို အလျင်အမြန် လှမ်းကြည့်လိုက်ကြ၏။ မျှော်လင့်ထားသည့်အတိုင်းပင် တရားရေးဝန်ကြီး၏မျက်နှာသည် ပြာနှမ်းနေသည်ကို တွေ့လိုက်ရ၏။ ကလေးတစ်ယောက်ကို ငိုအောင် ခြောက်လှန့်နိုင်သော မျက်နှာသည် ပို၍ပင် ကြမ်းကြုတ်ရက်စက်လာသည်။ သူသည် ယွီကျားယန်ကို ထိုနေရာတွင်ပင် သတ်ပစ်လိုသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
ယွီကျားယန်သည် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်ကို ကျုံ့ထားလိုက်သည်။
Systemက ဆက်ပြောလိုက်သည်။ [ဒီသခင်မလေးကို ကံကောင်းတယ်လို့ ပြောရမလား။ ကံဆိုးတယ်လို့ ပြောရမလား မသိဘူး။ သူက အားဆေးတွေ အများကြီးသောက်ပြီး ၈.၆ ကျင်းရှိတဲ့ သားတစ်ယောက်ကို မွေးဖွားခဲ့တယ်။ ကလေးက ဖောင်းဖောင်းပြည့်ပြည့်နဲ့ ကျန်းမာတယ်။ မွေးဖွားချိန်မှာ အများကြီး ခံစားခဲ့ရပေမဲ့ သူက ဘေးကင်းခဲ့တယ်။ ဒါပေမဲ့ မွေးပြီးနောက်မှာ သူ ခန္ဓာကိုယ်က ပြန်မကောင်းလာတော့ဘူး။ သူမက ကိုယ်ဝန်မဆောင်ခင်ကထက် နှစ်ဆလောက် ပိုဝလာတယ်။ ဒီခွေးလိုလူက ချက်ချင်းပဲ ဒီအကြောင်းပြချက်ကို သုံးပြီး သူကို ပန်းနုသွေး လုပ်တယ်။ သူက ဝက်တစ်ကောင်လို ဝတယ်။ အဆီတွေနဲ့ ဖုံးနေတယ်။ သူ့ကိုတွေ့ရင် စက်ဆုပ်ဖို့ကောင်းတယ်လို့ ပြောပြီး မယားငယ် တောင်းခဲ့တယ်]
ချူဟွား၏လက်သီးသည် တင်းကျပ်လာ၏။
[ပြီးတော့လေ။ cool ဖြစ်တဲ့ ဇာတ်လမ်းပိုင်း ရောက်လာပြီ] Systemက စိတ်လှုပ်ရှားစွာ အော်ပြောလေသည်။ [သူက ကိုယ်ဝန်ဆောင်ချိန်မှာ အားဆေးတွေ အများကြီးသောက်ရင် မွေးဖွားဖို့ အန္တရာယ် ရှိတယ်ဆိုတာကို မတော်တဆ သိသွားပြီး ချက်ချင်း နိုးထလာခဲ့တယ်။ ယောက္ခမတွေကိုလည်း လုပ်ကျွေး မပြုစုတော့ဘူး။ လင်ယောကျ်ားကိုလည်း ဂရုမစိုက်တော့ဘူး။ စကားကို ကိုးကားရရင် 'နင်တို့တစ်မိသားစုလုံး ငါ့ပိုက်ဆံကို သုံးနေရတာ။ ဒါကြောင့် ငါ့ကို ချော့မော့ပြီး ဂရုတစိုက် လုပ်ကျွေးပြုစုရမယ်။ တစ်ယောက်ယောက်က ငါ့ကို စိတ်မချမ်းသာအောင် လုပ်ရင် ငါ ပိုက်ဆံမပေးတော့ဘူး။ နင်တို့တစ်မိသားစုလုံးကို စိတ်မချမ်းသာအောင် လုပ်ပစ်မယ်။' တဲ့။ ပြီးတော့ ဒီခွေးလိုလူက အဝတ်လျှော်ပျဉ်ပြားပေါ်မှာ မကြာခဏ ဒူးထောက်ရတဲ့ ဇာတ်လမ်းတွေ ရှိလာတာပေါ့။ ဟားဟားဟား]
ချူဟွားသည် သည်မိန်းကလေးကို အလွန် သဘောကျသွားတော့သည်။ [ဒီသခင်မလေးနဲ့တော့ ပြောဆိုလို့ ရလောက်တယ်။ နောက်နေ့ကျရင် အတူတူ လက်ဖက်ရည်သောက်ရမယ်]
ဧကရာဇ်နှင့် မှူးမတ်များသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက် နိုးထလာခြင်းသည် အမှန်တကယ် လန်းဆန်းစေကြောင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
နောက်ထပ် cool ဖြစ်တဲ့ ဇာတ်လမ်းတွေ လာဦးမှာလား။
ချူဟွား: [သူသာ သူ့ယောကျ်ားကို ကွာရှင်းနိုင်ရင် ပိုပြီး cool ဖြစ်သွားမှာပဲ]
ဧကရာဇ်နှင့် မှူးမတ်များ: ???
ရုတ်တရက် မော့ကြည့်လိုက်ကြရာ အားလုံးသည် ရှုပ်ထွေးသွားကြသည်။ ဘယ်လို။ သူ ဘာပြောလိုက်တာ။
…