← Chapters

အခန်း ၁၃

Vol. 1 Ch. 13

အခန်း ၁၃

Vol. 1 Ch. 13

အပိုင်း (၁၃)

'ခင်ပွန်းသည်ကို ကွာရှင်းခြင်း' ဟူသော စကားထွက်လာသည်နှင့် အရှင်မင်းကြီးနှင့် မှူးမတ်တို့၏ မျက်လုံးများသည် ပြုတ်ထွက်မတတ်ပင် ဖြစ်သွားကြ၏။

ရှေးအစဉ်အဆက်ကတည်းက ယောက်ျားကသာ မိန်းမကို ကွာရှင်းလေ့ရှိသည်။ မိန်းမက ယောက်ျားကို ကွာရှင်းခြင်းမျိုးကိုမူ မကြားဖူးချေ။

Systemက ဇဝေဇဝါ ဖြစ်သွားပြီး [သာ့ရှန်းမှာ ခင်ပွန်းသည်ကို ကွာရှင်းခွင့် ပေးထားလို့လား]

ချူဟွားသည် တည်ငြိမ်စွာပင် ပြောလိုက်၏။ [သာ့ရှန်းရဲ့ ဥပဒေတွေမှာ ခင်ပွန်းသည်ကို ကွာရှင်းခွင့် မရှိဘူးလို့ မပြဋ္ဌာန်းထားဘူးလေ။ ဘာမဆို အစဆိုတာ ရှိတာပဲ။ အရင်က ခင်ပွန်းသည်ကို ကွာရှင်းတာ မရှိခဲ့ဘူးဆိုတိုင်း နောင်လည်း ရှိလာမှာမဟုတ်ဘူးလို့မှ မဆိုနိုင်တာ။ သူမက ပထမဆုံး ခင်ပွန်းသည်ကို ကွာရှင်းတဲ့မိန်းမ ဖြစ်လာပြီး သာ့ရှန်းမှာ လင်ကွာရှင်းတဲ့ခေတ်ကို ဦးဆောင်သွားနိုင်တာပေါ့]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

လင်ကွာရှင်းတဲ့ခေတ်တဲ့လားဟဲ့။ ဒီကလေးမ အတော်ဆိုးတာပဲ။

တစ်ယောက်ကွာရှင်းလျှင်ပင် ကြီးမားသောကိစ္စဖြစ်၏။ သာ့ရှန်းရှိ အမျိုးသမီးများသာ ချူဟွားပြောသကဲ့သို့ အမှန်တကယ် ကွာရှင်းကြမည်ဆိုလျှင် မည်သို့သော ပြဿနာများ ဖြစ်ပွားလာမည်ကို မည်သူမှ မသိနိုင်ပေ။

ထို့ထက်ပို၍ ပြောစရာစကားမရှိလောက်အောင် ဖြစ်ရသည်မှာ အထက်ပါ အကြောင်းအရာများ အားလုံးသည် ချူဟွားနှင့် system တို့၏ စိတ်တွင်း ပြောဆိုမှုများသာ ဖြစ်နေခြင်းပင်။ သူတို့ ကြားနိုင်သည်ဟူသောအချက်ကို မဖော်ထုတ်လိုကြသောကြောင့် ဆွံ့အနားမကြားချင် ဟန်ဆောင်နေရ၏။ အလွန်ဆုံးလုပ်နိုင်သည်မှာ ချူဟွား တကယ်မလုပ်ဖြစ်စေရန် ချူဖျင်ကို သီးသန့် အကြံဉာဏ်အနည်းငယ် ပေးခိုင်းခြင်းပင်။

နောက်တစ်ချက်မှာ တရားရေးဝန်ကြီး၏သမီးနှင့် ချူဟွားကြားတွင် အကွာအဝေးတစ်ခု သေချာပေါက် ထားရမည်။ သို့မှသာ သူမသည် လမ်းမှားသို့ရောက်ကာ ခင်ပွန်းသည်ကို မကွာရှင်းတော့မှာ ဖြစ်သည်။

Systemသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အရိုးခံအတိုင်း မေးလိုက်လေသည်။

[ဒီကွာရှင်းမှုက ဖြစ်နိုင်ပါ့မလား။ အစပိုင်းမှာ အရာအားလုံးက ခက်ခဲပြီး ပထမဆုံးအကြိမ်မှာ အောင်မြင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါ့အပြင် ဒါက ခင်ပွန်းသည်ကို အားကိုးရာအဖြစ် သတ်မှတ်တဲ့ ရှေးခေတ်ကြီးနော်။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် နားလည်နိုးကြားလာတဲ့ ခေတ်သစ်မှာတောင် သားသမီးတွေအတွက်ကြောင့် မကွာရှင်းချင်တဲ့ အမျိုးသမီးတွေ အများကြီးပဲ။ အိမ်တွင်းအကြမ်းဖက်မှု၊ ဖောက်ပြန်မှု၊ ဒါမှမဟုတ် ပန်းနုသွေးတာ ခံစားနေရရင်တောင် သူတို့က မကွာရှင်းချင်ကြဘူး။ ရှေးခေတ်မှာ ခင်ပွန်းသည်ကို ကွာရှင်းဖို့ဆိုတာက အင်မတန် ခက်ခဲလိမ့်မယ်]

အရှင်မင်းကြီးနှင့် မှူးမတ်တို့သည် တိတ်ဆိတ်စွာ တွေးတောနေကြ၏။ ရှေးခေတ်နှင့် ခေတ်သစ်။ ဤအသုံးအနှုန်းနှစ်ခုကို systemက ပထမဆုံးအကြိမ် ပြောဆိုခြင်း မဟုတ်တော့ပေ။

ရှေးခေတ်က အတိတ်ကို ရည်ညွှန်းလျှင် ခေတ်သစ်က ပစ္စုပ္ပန်ကို ရည်ညွှန်းခြင်းများလား။

အတိတ်ကာလတွင် လင်သည် မယား၏ အားကိုးရာဖြစ်ခဲ့သည်။ ယခုလည်း ထိုအတိုင်းပင် မဟုတ်ပါလား။ သို့တည်းမဟုတ် သူတို့က ခေတ်သစ်ကို နားလည်မှု လွဲမှားနေခြင်းများလား။

ပြီးခဲ့သည့်ညက သူတို့ တစ်စုတစ်ဝေးလုံးကို အိပ်မပျော်စေခဲ့သည့် ဆေးရုံ၊ ကာလာဒေါ့ပ်၊ system နှင့် ဆေးဝါးပျိုးပင်များကဲ့သို့သော သူတို့မသိသည့် စကားလုံးများကို အမှန်တကယ် နားလည်ချင်ကြသည်။ ထိုအရာများမှ သာ့ရှန်းမင်းဆက်အတွက် အကျိုးရှိစေမည့် သတင်းအချက်အလက်များစွာကို တူးဖော်ရနိုင်မည်ဟု ခံစားနေရ၏။

ထိုအရာများနှင့် နှိုင်းယှဉ်လျှင် ကွာရှင်းခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု၊ ဖောက်ပြန်မှုနှင့် ပန်းနုသွေးခြင်း တို့သည် သူတို့အတွက် သိပ်မဆွဲဆောင်နိုင်ပေ။ အကြောင်းမှာ ထိုအရာများသည် အမျိုးသမီးများနှင့် ခင်ပွန်းသည် ကွာရှင်းခြင်းတို့နှင့် ပို၍သက်ဆိုင်ကြောင်း သိသောကြောင့်ပင်။

မကြာမီပင် သူတို့၏ အတွေးများသည် ရပ်တန့်သွားခဲ့၏။ အကြောင်းမှာ ချူဟွားက သူတို့ကို ဤကိစ္စကို ရင်ဆိုင်ရန် တွန်းအားပေးသည့် စကားတစ်ခွန်းကို ပြောလိုက်သောကြောင့်ပင်။

သူမက ပြောလိုက်၏။ [ရပါတယ်။ တကယ်လို့ ခင်ပွန်းသည်ကို ကွာရှင်းလို့ မရဘူးဆိုရင်တောင် မုဆိုးမ ဖြစ်သွားလို့ ရသေးတာပဲ]

အရှင်မင်းကြီး: !!!

မှူးမတ်များ: !!!

သူတို့အားလုံးသည် တုန်လှုပ်စွာဖြင့် နောက်ပြန် လန်ကျသွားတော့သည်။ ဒါ ဘာစကားလဲ။ သူက ယွီကတော်ကို သူ့ယောက်ျားကို သတ်ပစ်ဖို့ လှုံ့ဆော်နေတာလား။

ကျောထဲမှ စိမ့်ခနဲဖြစ်သွားပြီး လည်ပင်းပေါ်မှ ဦးခေါင်းသည် အေးစက်စက်ဖြစ်လာကာ တစ်စုံတစ်ယောက်က အမှောင်ထဲတွင် ပုန်းကွယ်ပြီး ချောင်းမြောင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ယွီကျားယန်သည် ကြောက်လန့်လွန်းသဖြင့် အသံပင် မထွက်ရဲတော့ပေ။

သူက ချူဖျင်ကို သူရဲဘောကြောင်သည်ဟု ဆဲဆိုမိရုံမျှဖြင့် ချူဟွားက သူ့ကို သတ်ချင်နေသည်။ တကယ့်ကို ရက်စက်လွန်းလေစွ။

Systemသည်လည်း သူတို့ကဲ့သို့ပင် တွေးကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ [မဖြစ်ဘူး၊ လူသတ်တာက ဥပဒေနဲ့ မညီဘူး]

ချူဟွားက နှစ်သိမ့်လိုက်ကာ [စိတ်မပူပါနဲ့။ ဆွေးနေတဲ့အမှိုက်တစ်ခု အတွက်နဲ့တော့ ငါ့လက်ကို မညစ်ပတ်စေချင်ဘူး]

အရှင်မင်းကြီး၊ မှူးမတ်များနှင့် ယွီကျားယန်တို့အားလုံးပင် သက်ပြင်းတစ်ချက် ချလိုက်ကြ၏။ သို့သော် ထိုသက်ပြင်းသည် အဆုံးမသတ်မီမှာပင် ပြန်လည်ရပ်တန့်သွားရသည်။ အကြောင်းမှာ ချူဟွားသည် အကြောင်းပြချက်မရှိဘဲ ရယ်မောလိုက်ပြီး အကြံကောင်းတစ်ခု ရသွားသော်လည်း ထုတ်မပြောတော့သည့်ပုံ ဖြစ်နေခြင်းကြောင်းပင်။

သူမက ယွီကတော်ကို မုဆိုးမဖြစ်အောင် မည်သို့မည်ပုံ ပြုလုပ်မည်ကို မသိကြသဖြင့် အလွန်စိတ်လှုပ်ရှားနေသည့်အပြင် အနည်းငယ်လည်း စပ်စုချင်စိတ် ဖြစ်နေကြလေသည်။

တရားရေးဝန်ကြီးဌာနနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ခြင်းခုံရုံးမှ မှူးမတ်များသည် 'တရားဝင်မုဆိုးမဖြစ်နိုင်မည့်' နည်းလမ်းအချို့ကို ဆွေးနွေးနေကြပြီ ဖြစ်သည်။

"သူ့လက်ကို မညစ်ပတ်စေချင်ဘူးဆိုတာက သူ ကိုယ်တိုင် မလုပ်ဘူးလို့ ဆိုလိုတာပဲ”

"တခြားသူကို လူသတ်ခိုင်းတာက လက်ညစ်ပတ်တယ်လို့ မသတ်မှတ်ဘူး။ အများဆုံး ပါးစပ်ညစ်ပတ်တာပဲ ရှိမှာပေါ့”

"လူငှားပြီးသတ်တာကရော သူ့လက်ကို ညစ်ပတ်စေတယ်လို့ သတ်မှတ်သလား”

"မတော်တဆမှုတစ်ခု ဖန်တီးလိုက်ရင်ကော”

ယွီကျားယန်: "..."

သူ အသတ်ခံရနိုင်သည့် နည်းလမ်းပေါင်းများစွာကို အမှန်တကယ် မကြားချင်သော်လည်း မကြားဘဲလည်း မနေနိုင်ပေ။ တကယ်လို့ သူ အသတ်ခံလိုက်ရလျှင် မည်သို့ လုပ်ရပါမည်နည်း။

ဤသို့ဖြစ်မည်မှန်းသာ သိခဲ့လျှင် သူသည် ချူဖျင်ကို သူရဲဘောကြောင်သည်ဟု ဆဲဆိုခဲ့မည် မဟုတ်ပေ။ ယခုတွင်တော့ သူသည် ဒဏ်ငွေဆောင်ရမည်။ ရာထူးလျှော့ချခံရမည်။ နောက်ဆုံးတွင် သူ့အသက်ပင် ဆုံးရှုံးရတော့မည်။ ဆိုးရွားလွန်းလေခြင်း။

ချူဟွားသည် ရုတ်တရက်ပင် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ [သေရမဲ့ ဆွေးမြေ့နေတဲ့အမှိုက်အကြောင်း ဆက်မပြောကြနဲ့တော့။ ကံဆိုးတာပဲ။ ငါ့အဖေ ဆောင်ကြာမြိုင်ကို သွားပျော်ပါးတဲ့ကိစ္စကကော ဘယ်လိုဖြစ်သွားပြီလဲ]

System: [ငါ အခုလေးတင် စစ်ဆေးပြီးသွားပြီ၊ နှစ်ခါတောင် စစ်ပြီးသွားပြီ။ ဒီလို ကောလာဟလ လုံးဝမရှိဘူး။ နင့်အဖေ ဆောင်ကြာမြိုင်ကို မသွားခဲ့ဘူး]

ချူဖျင်သည် တဆတ်ဆတ် ခေါင်းညိတ်လိုက်လေသည်။ သူသည် ထိုစကားကို အကြိမ်အနည်းငယ် ပြန်လည်ရွတ်ဆိုနေမိသည်။ သူ တကယ်ပဲ ဆောင်ကြာမြိုင်ကို မသွားခဲ့ပါဘူး။

သမီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ရှင်းလင်းပေးတဲ့အတွက် Systemကိုလည်း ကျေးဇူးတင်ပါတယ်။ ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ့်ဟာကိုယ်လည်း ကျေးဇူးတင်ပါတယ်။

အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် ဒုတိယမင်းသားကို မကြည့်ဘဲမနေနိုင်အောင် ဖြစ်သွားကြလေသည်။ ဒုတိယမင်းသားသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကာ ရှုပ်ထွေးသွားတော့သည်။ ချူဖျင်က ပြည့်တန်ဆာဆီ မသွားခဲ့လျှင် ချွန်းဖုန်းဂေဟာတွင် သူမြင်ခဲ့သော ချူဖျင်က မည်သူနည်း။

ချူဟွားသည် နာမည်ကြီးစုံထောက်ပုံစံသို့ ပြောင်းကာ သံသယဖြစ်ဖွယ် သဲလွန်စများကို လိုက်လံစုံစမ်းလေသည်။ [ဒုတိယမင်းသားက ငါ့အဖေကို အသရေဖျက်စရာ အကြောင်းမရှိဘူး၊ ဒါကြောင့် သူ လူမှားမြင်တာ ဖြစ်နိုင်တယ်။ ငါ့အစ်ကိုနဲ့ ငါက အမေ့ကိုတူတာ။ ချူချီက အဖေ့ကို နည်းနည်း တူပေမဲ့ လူမှားလောက်တဲ့အထိတော့ မဟုတ်ဘူး။ အာ... ငါ့အဖေရဲ့ လူရှုပ်ညီလေးများ ဖြစ်နေမလား]

System: [သူတို့နှစ်ယောက်က ရုပ်ဆင်ကြလို့လား]

ချူဟွား: [ဆွေမျိုးတွေထဲမှာ သူက ငါ့အဖေနဲ့ ရုပ်အဆင်ဆုံးပဲ။ သူ့နာမည်က ချူအန်း။ သူ့အကြောင်းကို စုံစမ်းကြည့်လိုက်]

Systemက စုံစမ်းစစ်ဆေးနေစဉ်တွင် ချူဖျင်သည်လည်း ပြန်လည်စဉ်းစားနေ၏။

သူ၏ ညီ ချူအန်းသည် အမှန်ပင် သူနှင့် အနည်းငယ် ရုပ်ဆင်သည်။ ငယ်စဉ်ကတည်းက စာပေရော၊ စစ်ရေးပါ မနှစ်သက်ဘဲ တစ်နေကုန် ကစားနေတတ်သည်။

အဖေနှင့်အမေတို့က ညီငယ်ကို အသက်ကြီးမှ မွေးသောကြောင့် အလွန် အလိုလိုက်ကြသည်။ စာမကြိုက်လျှင် မသင်နှင့်။ မြင်းစီးတာက ပင်ပန်းလျှင် မသင်နှင့်။ ကစားချင်လျှင် ကစား။ သူ့အစ်ကို အစ်မများက သူ့ကို ထောက်ပံ့လိမ့်မည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ကြသည်။ နောက်ဆုံးတွင် ချူအန်းသည် လူရှုပ်တစ်ယောက် ဖြစ်လာခဲ့သည်။

အမေက စီးပွားရေးတွင် မကျွမ်းကျင်ပေ။ အစ်မများ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ကျသွားပြီးနောက် ညီငယ်သည် ငွေကို ရေလိုသုံးခဲ့သည်။ သူ အိမ်ထောင်ပြုရမည့် အလှည့်ရောက်သောအခါ မိသားစုတွင် ငွေမရှိတော့ပေ။ အဖေသည် သူ့အား ကုန်သည်သမီး ဝမ်သခင်မနှင့် လက်ထပ်ပေးခဲ့သည်။ သူကလည်း ညီငယ်ကို ကုန်သည်သမီး တိုးသခင်မနှင့် လက်ထပ်ပေးခဲ့သည်။

တိုးသခင်မသည် နူးညံ့သိမ်မွေ့ပြီး ငွေရှာကောင်းသော်လည်း ချူအန်းကို မထိန်းချုပ်နိုင်သလို ချူအန်း၏ စိတ်နေစိတ်ထားကိုလည်း မပြောင်းလဲနိုင်ခဲ့ပေ။

အကယ်၍သာ ချူအန်းဖြစ်ခဲ့လျှင် ဆောင်ကြာမြိုင်က ထိပ်တန်းဆောင်ကြာမြိုင်မယ် တစ်ယောက်အတွက် ငွေအမြောက်အမြား သုံးစွဲနိုင်ခြေ ရှိသည်။

ချူဖျင်သည် နဖူးကို လက်ဖြင့် အုပ်ထားလိုက်၏၊ ဒါက သူ့ညီတူးခဲ့တဲ့ ဒုက္ခတွင်းပဲ။

System ထံမှ အဖြေထွက်လာသည်။ [တကယ်ပဲ နင့်အဖေရဲ့ ညီဖြစ်နေတာပဲ]

Systemသည် သတင်းများကို ထပ်မံဖွင့်ချတော့မည်ကို မြင်သောအခါ အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် ရှုပ်ထွေးနေသော ကြိုးထုံးကို ဓားဖြင့် အပြတ် ဖြတ်ချလိုက်ကြတော့သည်။

အရှင်မင်းကြီး: "ယွီကျားယန်၊ မင်းဟာ မှူးမတ်တစ်ယောက် ဖြစ်ပေမဲ့ ၁၂ နှစ်တိုင်တိုင် ဆောင်ကြာမြိုင် သွားပျော်ပါးခဲ့တယ်။ ဥပဒေကို သိလျက်နဲ့ ချိုးဖောက်ပြီး ဥပဒေကို မထီမဲ့မြင်ပြုတယ်။ ဒီနေ့ကစပြီး မင်းကို နိုင်ငံတော်အခမ်းအနားများဆိုင်ရာ ခုံရုံးရဲ့ ဒုတိယဝန်ကြီးရာထူးကနေ ဖယ်ရှားပြီး သာမန်ပြည်သူအဖြစ် အဆင့်နှိမ့်ချလိုက်တယ်။ ချစ်လှစွာသော မှူးမတ်တို့ ဒီအဖြစ်ကို သတိပေးချက်အဖြစ် မှတ်ယူကြလိမ့်မယ်လို့ မျှော်လင့်တယ်”

မှူးမတ်များ: "အရှင်မင်းကြီး ဉာဏ်ပညာကြီးမားလှပါတယ်”

တော်ဝင်အစောင့်သည် ယွီကျားယန်ကို ဖမ်းဆီးရန် လျင်မြန်စွာ ရှေ့သို့တက်လာပြီး အဓိပ္ပာယ်မရှိသော စကားများ မပြောနိုင်စေရန် ပါးစပ်ထဲမှ အဝတ်စကို ပိုပြီးကျပ်နေအောင် ထိုးထည့်လိုက်လေသည်။

အရှင်မင်းကြီးက ထပ်မံခေါ်လိုက်သည်။ "ချူချင်း”

ချူဟွားသည် ရှေ့သို့တစ်ဖန် တက်လာသည်။ "ရှိပါတယ်”

အရှင်မင်းကြီးသည် သူနှင့် ချူဟွားကြားမှ အကွာအဝေးကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ၏နေရာကို အတည်ပြုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ယွီကျားယန် ဆောင်ကြာမြိုင်ကို သွားပျော်ပါးတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေရှိတယ်။ ချူဖျင် ဆောင်ကြာမြိုင်ကို သွားပျော်ပါးတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မင်း ဘာပြောစရာရှိသေးလဲ”

Systemသည် အဖတ်နားလည်နိုင်စွမ်းကို စမ်းသပ်လိုက်သည်။ [မမကြီးဟွား၊ မင်းကြီးက နင့်ကို ခြိမ်းခြောက်နေတာလား]

ချူဟွား: [ဟုတ်တယ်။ သူ ဆိုလိုတာက ဆောင်ကြာမြိုင်ကို သွားပျော်ပါးတဲ့ ယွီကျားယန်ကိုတော့ ငါ လုံးဝဖယ်ရှားလိုက်ပြီ။ မင်းသာ ခိုင်လုံတဲ့ သက်သေမပြနိုင်ရင် မင်းအဖေရဲ့ မှူးမတ်ရာထူးလည်း မရှိတော့ဘူး။ မင်းရဲ့ မှူးမတ်ရာထူးပါ အန္တရာယ်ရှိသွားနိုင်တယ်လို့ ဆိုလိုတာပဲ]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

သူက အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းတာ တော်လိုက်တာ။ နောက်တစ်ခါ ထပ်မလုပ်ပါနဲ့တော့နော်။ :)

ဖရဲသီးစား systemက သာ့ရှန်းမင်းဆက်အတွက် ယူဆောင်လာနိုင်မည့် အကျိုးကျေးဇူးများကို ထောက်ရှုလျှင် မည်သူ့ကိုမဆို ရာထူးမှ ဖယ်ရှားနိုင်သော်လည်း သူမကိုတော့ ဖယ်ရှားလို့ မဖြစ်ပေ။

သူ့ကို စိတ်အေးအေး ရှိပါစေလေ။ သူက အဆင့် ၆ အရာရှိသစ်လေးပဲကို။

ချူဟွားသည် သူမ၏စိတ်ထဲတွင် systemကို ပြန်ဖြေလိုက်ပြီး အရှင်မင်းကြီးကိုလည်း ပြန်လည်ဖြေကြားရန် မမေ့ပေ။ "အရှင်မင်းကြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်မျိုး ယုံကြည်တာကတော့ ကျွန်တော်မျိုးရဲ့အဖေက ဆောင်ကြာမြိုင်ကို ဘယ်သောအခါမှ မသွားခဲ့ပါဘူး။ ဒုတိယမင်းသားလည်း လိမ်ညာခဲ့ခြင်း မဟုတ်ပါဘူး။ အကြောင်းက ဒုတိယမင်းသား ချွန်းဖုန်းဂေဟာမှာ မြင်ခဲ့တဲ့သူဟာ ကျွန်တော်မျိုးရဲ့အဖေမဟုတ်ဘဲ ကျွန်တော်မျိုးအဖေရဲ့ ညီ ချူအန်း ဖြစ်နိုင်ခြေ ရှိလို့ပါပဲ”

တစ်ချိန်ထဲတွင် သူမသည် systemကို ကြွားဝါရန်လည်း မမေ့ပေ။ [တွေ့လား။ ဒီတစ်ချက်က အရှင်မင်းကြီးကို ငါ့အဖေရဲ့ စာရိတ္တကို အလေးပေးပြရုံတင်မကဘူး ငါက ဒုတိယမင်းသားကို ယုံကြည်ကြောင်းလည်း ပြလိုက်တာပဲ။ သူ စိတ်ဆိုးမှာ မဟုတ်သလို ကြားနေရပ်တည်ချက်ကိုလည်း ကောင်းကောင်းပြနိုင်ခဲ့တယ်။ လက်ရှိမှာတော့ ဒုတိယမင်းသားက စိတ်ထားသေးသိမ်တဲ့ပုံ မပေါ်ပေမဲ့ သူ့အဖေကတော့ စိတ်ထားသေးသိမ်ပြီး အငြိုးအတေးကြီးတယ်။ သူ နောက်မှ လက်စားမချေဘူးလို့ အာမမခံနိုင်ဘူး။ ငါက အစောကတည်းက ကြိုတင်ကာကွယ်ထားရမယ်]

System: [နားလည်ပြီ၊ နားလည်ပြီ]

စိတ်ထားသေးသိမ်ပြီး အငြိုးအတေးကြီးသော အရှင်မင်းကြီး: "..."

နောက်မှ လက်စားချေတတ်သော ဒုတိယမင်းသား: "..."

အဖြစ်အပျက်အားလုံးကို သိနေကြသော မှူးမတ်များ: "..."

သူမတစ်ယောက်တည်းသာ လက်ရှိအရှင်မင်းကြီးနှင့် အနာဂတ်အရှင်မင်းကြီးကို စကားလေးတစ်လုံး နှစ်လုံးဖြင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သူပင်။ သည်အကြောင်းကို ဆက်မတွေးတော့လျှင် ပိုကောင်းလိမ့်မည်။

ချူဟွားကတော့ တစ်ခုခု လွဲနေသည်ကို သတိမထားမိဘဲ ဆက်ပြောလိုက်သည်။ "ချူအန်းက ကျွန်တော်မျိုးရဲ့အဖေနဲ့ ၅၀% ရုပ်ဆင်ပါတယ်။ ဒုတိယမင်းသားက ကျွန်တော်မျိုးရဲ့အဖေနဲ့ မရင်းနှီးပါဘူး။ ဒါ့အပြင် သူက ဆောင်ကြာမြိုင်တန်းကို တိတ်တဆိတ် သွားခဲ့တာကြောင့် မတော်တဆ လူ မှားသွားတာ ဖြစ်နိုင်ခြေ များပါတယ်”

သူမသည် 'မရင်းနှီး' နှင့် 'မတော်တဆ' ဟူသော စကားလုံးများကို အလေးပေးပြောဆိုကာ ဒုတိယမင်းသား၏ အမှားသည် တမင်ရည်ရွယ်ခြင်း မဟုတ်ကြောင်းကို အလေးပေးပြသခဲ့သည်။ သို့သော် လူတိုင်း၏ အာရုံစိုက်မှုမှာ 'ဆောင်ကြာမြိုင်တန်းကို တိတ်တဆိတ် သွားခဲ့တယ်' ဆိုသည့်အပေါ်တွင်သာ ရှိနေသည်။

အရှင်မင်းကြီးနှင့် မှူးမတ်တို့သည် ကြိတ်ပြီး သက်ပြင်းချလိုက်ကြ၏။ ချူဟွားကဲ့သို့သောသူသည် တကယ့်မှူးမတ်တစ်ယောက် မဟုတ်သည်မှာ ကံကောင်းလှ၏။ သို့မဟုတ်လျှင် သူမသည် ဘယ်နှစ်ရက် အသက်ရှင်နိုင်မည်ကို ပြောရန်ခက်ပေတော့မည်။

အရှင်မင်းကြီး: "ရှောင်လင်း၊ မင်းလည်း ဆောင်ကြာမြိုင်တန်းကို သွားပျော်ပါးသလား”

သူ့မှူးမတ်တွေနဲ့ သားတော်တွေ အားလုံးက ဆောင်ကြာမြိုင်ကို ဘာလို့ သွားပျော်ပါးကြတာလဲ။ အဲဒီနေရာက အဲလောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းနေတာလား။

ဒုတိယမင်းသားသည် အလျင်အမြန် ပြန်ဖြေလိုက်သည်။ "သားတော် မသွားခဲ့ပါဘူး”

အရှင်မင်းကြီး: "ဒါဖြင့် မင်း ချွန်းဖုန်းဂေဟာကို ဘာသွားလုပ်တာလဲ”

ဒုတိယမင်းသားသည် စကားထစ်သွားပြီး အရှက်ရစွာဖြင့် အချိန်အတော်ကြာ ခေါင်းငုံ့ထားလိုက်သည်။

"လက်ဖက်ရည်သောက်ဖို့ပါ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။

အရှင်မင်းကြီးနှင့် မှူးမတ်တို့သည် တူညီသော အမူအရာဖြင့် ရှိနေကြလေသည်။ ဒီထက်ပိုကောင်းတဲ့ဆင်ခြေနဲ့ လိမ်ပါတော့လား။

ယောက်ျားတစ်ယောက်က ဆောင်ကြာမြိုင်တန်းကို ဆောင်ကြာမြိုင်မယ်နဲ့ သွားပျော်ပါးဖို့မဟုတ်ဘဲ လက်ဖက်ရည်သောက်ဖို့ သွားတာဆိုတော့ 'ငါက ပွတ်ရုံပဲ ပွတ်ချင်တာ၊ အထဲမဝင်ဘူး' လို့ပြောနေတဲ့ ယောက်ျားတစ်ယောက်နဲ့ ဘာကွာဦးမှာလဲ။

ချူဟွား၏ စပ်စုချင်စိတ်သည် တောက်လောင်လာတော့သည်။ [System၊ အခြေအနေ ဘယ်လို ရှိလဲ]

Systemက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ [ငါသိပြီ။ ငါသိပြီ!]

[ဒုတိယမင်းသားက တစ်ယောက်တည်း သွားတာမဟုတ်ဘူး။ သူ့မိန်းမကိုပါ ခေါ်သွားတာ]

အရှင်မင်းကြီး:? ? !

မှူးမတ်များ:? ? !

သူတို့နှစ်ယောက်က အဲ့ဒီလောက်တောင် အရိုင်းဆန်ကြတာလား။

...

All Chapters