အခန်း ၁၇
Vol. 2 Ch. 17
အပိုင်း (၁၇)
မိဖုရားခေါင်ကြီးသည် ချွန်းဖုန်းဂေဟာသို့ သွားနိုင်ကြောင်း သတင်းကို အရှင်မင်းကြီးက ချူဟွားထံမှ ကြိုတင်ရရှိထားပြီးဖြစ်ရာ မည်သို့များ ကြိုတင်ပြင်ဆင်မှု မရှိဘဲ နေနိုင်ပါမည်နည်း။
မိဖုရားခေါင်ကြီးသည် ထိုကဲ့သို့သော နေရာမျိုးသို့ တစ်ခါမှ မသွားရောက်ဖူးခဲ့ပေ။ သူသည် သူမကို တားမြစ်လိုသော်လည်း ထိုသို့ပြုပါက နှစ်ဦးသား ရန်ဖြစ်ကြပြီး မပျော်မရွှင် ကွဲကွာသွားမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် မိဖုရားခေါင်ကြီးကို တစ်ကြိမ်တစ်ခါ သွားခွင့်ပြုလိုက်ရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဆိုစေ ချွန်းဖုန်းဂေဟာကဲ့သို့ ရှုပ်ထွေးသော နေရာမျိုးတွင် ရုပ်ချောပြီး ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦးအပေါ် မည်သို့သော လူငယ်လေးက လာရောက်ကပ်ငြိမည်ကို မည်သူ သိနိုင်ပါမည်နည်း။ သူသည် ချန်ကျို့နှင့် နန်းစောင့်တပ်မှူးတို့ကို မလှမ်းမကမ်းမှ လိုက်ပါစောင့်ကြည့်ရန် စေလွှတ်ထားခဲ့သည်။
တစ်စုံတစ်ရာ ဖြစ်လုဆဲဆဲ သို့မဟုတ် အမှန်တကယ် ဖြစ်ပျက်သွားသည်နှင့် တစ်ပြိုင်နက် ချန်ကျို့နှင့် နန်းစောင့်တပ်မှူးတို့သည် ရှေ့ထွက်ကာ တားဆီးကြလိမ့်မည်။
သူတို့... တားကြမှာပါနော်။ အစီရင်ခံစာကို ကိုင်ထားသော အရှင်မင်းကြီး၏ လက်တော်သည် အနည်းငယ် တုန်ယင်လို့နေလေသည်။
မည်သို့ပင်ဖြစ်စေ သူမသည် မိဖုရားခေါင်ကြီး ဖြစ်သည်။ အကယ်၍ မိဖုရားခေါင်ကြီး၏ သဘောထားက အနည်းငယ် ပိုမိုတင်းမာပြီး သူတို့ကို ထွက်သွားရန် အမိန့်ပေးခဲ့ပါက ချန်ကျို့နှင့် နန်းစောင့်တပ်မှူးတို့သည် ထိုအမိန့်ကို ကြံ့ကြံ့ခံနိုင်ပါမည်တဲ့လား။
ဒါမှမဟုတ် သူကိုယ်တိုင် လိုက်သွားပြီး ကြည့်လိုက်သင့်လား။
သွားတုန်းသွားခိုက် သူ့ရဲ့ အစားထိုး ဖြစ်လာတော့မဲ့ အကောင်လေးကို တစ်ချက်လောက် သွားကြည့်လိုက်ရမယ်။ မိဖုရားခေါင်ကြီးကို စိတ်ဝင်စားသွားစေလောက်အောင် သူ့ငယ်ဘဝပုံစံနဲ့ ဘယ်လောက်တောင် တူနေလို့လဲ။
ထိုအတွေး ပေါ်လာသည့် အခိုက်အတန့်မှာပင် ကုန်းကုန်းတစ်ယောက်က အစီရင်ခံလာလေသည်။
"နန်းစောင့်တပ်မှူးလေး လင်ယိုက တွေ့ဆုံခွင့် တောင်းခံနေပါတယ်”
လင်ယို : "အရှင်မင်းကြီး ရှောင်လော့ ဝန်ခံထွက်ဆိုခဲ့ပါပြီ”
ရှောင်သည် သာ့ရှန်း၏ မျိုးရိုးအမည် ဖြစ်သည်။ ရှောင်လော့သည် လွန်ခဲ့သော မကြာမီက လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှုတို့ကြောင့် နန်းကျခဲ့ရသော တတိယမင်းသား ဖြစ်လေ၏။ နန်းကျပြီးနောက် သူသည် ငြိမ်ဝပ်ပိပြားရေးဌာန၏ အကျဉ်းထောင်တွင် အချုပ်နှောင် ခံထားခဲ့ရသည်။ မင်းသားတစ်ပါး၏ အဆင့်အတန်းနှင့် အထူးအခွင့်အရေးများ မရှိတော့ဘဲ ယခင်မင်းဆက်၏ လက်ကျန်စစ်တပ်များနှင့် ပူးပေါင်းကြံစည်မှု ကျူးလွန်ထားသောကြောင့် ရှောင်လော့သည် နန်းစောင့်တပ်မှူးများ၏ ညှဉ်းပန်းနှိပ်စက်မှုများကို လုံးဝ ခံနိုင်ရည် မရှိခဲ့ပေ။
အရှင်မင်းကြီးသည် အတော်လေး အံ့အားသင့်သွားသည်။ "သူ့အရိုးတွေက အဲ့ဒီလောက်တောင် မာနေတာလား”
ရှောင်လော့ အဲ့ဒီ အသုံးမကျတဲ့ကောင်က ဝန်မခံခင် နှစ်ရက်တောင် ခုခံနေခဲ့တာ။ သူ့ကို အထင်တောင် နည်းနည်း ကြီးသွားပြီ။ ငါက သူ မနေ့ကတည်းက ဝန်ခံလိမ့်မယ်လို့ ထင်နေတာ။
လင်ယို : "ယန်ဟွိုင်ကို စစ်ဆေးမေးမြန်းပြီး နှစ်ဖက်စလုံးရဲ့ ထွက်ဆိုချက်တွေကို တိုက်ဆိုင်စစ်ဆေးနေရလို့ အချိန်နည်းနည်း ယူလိုက်ရပါတယ်”
ယန်ဟွိုင်ကတော့ ယခင်မင်းဆက်မှ စစ်သူကြီးတစ်ဦး၏ မျိုးဆက် ဖြစ်လေသည်။ ယခင်မင်းဆက်ကို ပြန်လည်ထူထောင်နိုင်ရန်အတွက် သူသည် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး စစ်ရေး အရပ်ဘက် နှစ်ခုလုံးတွင် ထူးချွန်ခဲ့၏။ သူ့တွင် စစ်ဘက် စစ်သူကြီးတစ်ဦး၏ သန်မာသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အရပ်ဘက် မှူးမတ်တစ်ဦး၏ မယိမ်းမယိုင်သော သမာဓိတရားတို့ ရှိသည်။ တော်တော်လေး ခေါင်းမာသော လူတစ်ယောက်ပင်။
နန်းစောင့်တပ်များသည် သူ့ကို ဖမ်းဆီးရန် အချိန်များစွာ အသုံးပြုခဲ့ရသည်။ စစ်ဆေးမေးမြန်းခြင်းနှင့် အတည်ပြုခြင်းတို့ အပါအဝင် နောက်ထပ် တစ်ရက် ပိုမို အချိန်ကုန်ဆုံးသွားခြင်းသည် ပုံမှန်ပင်။
အရှင်မင်းကြီးက ခေါင်းညိတ်ပြလိုက်ကာ "ရလဒ်ကရော ဘယ်လိုလဲ”
လင်ယိုက အသေးစိတ် အစီရင်ခံစာတစ်စောင်ကို ဆက်သလိုက်လေသည်။ "ယန်ဟွိုင်က ယခင်မင်းဆက်ရဲ့ ဘဏ္ဍာတိုက် တည်နေရာကို သိထားပြီး အဲ့ဒါကို ဖွင့်ပြောလိုက်ရင် သေရမယ်ဆိုတာကိုလည်း သူ သိထားတယ်။ ဒါကြောင့် သူက ဖွင့်မပြောဘဲ ဆက်တိုက် ငြင်းဆန်နေခဲ့ပါတယ်”
"ရှောင်လော့ရဲ့ ယုံကြည်မှုကို ရဖို့အတွက် ယန်ဟွိုင်က ယခင်မင်းဆက်ရဲ့ ဘဏ္ဍာတိုက်အကြောင်း နည်းနည်းလေး ဖွင့်ဟခဲ့တယ် ဒါပေမဲ့ သူက အရန်အစီအစဉ်တစ်ခု အနေနဲ့ သိမ်းထားခဲ့ပြီး တည်နေရာကိုတော့ ဘယ်တုန်းကမှ ဖွင့်မပြောခဲ့ပါဘူး”
သည်လိုဆိုလျှင် အကယ်၍ သူတို့သည် တိကျသော တည်နေရာကို သိရှိလိုပါက ယန်ဟွိုင်နှင့် ညှိနှိုင်းဆွေးနွေးပြီး ယန်ဟွိုင်အား သူတို့ကို လိုက်လံတူးဖော်စေခိုင်းခြင်း သို့မဟုတ် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ယခင်မင်းဆက်၏ ဘဏ္ဍာတိုက်အပေါ် ချူဟွား၏ စိတ်ဝင်စားမှုကို နှိုးဆွပေးပြီး system ကို သူတို့အတွက် တူးဖော်ခိုင်းစေခြင်း ထိုနှစ်ခုထဲမှ တစ်ခုကို ပြုလုပ်ရပေမည်။
လင်ယိုသည် ဒုတိယနည်းလမ်းကို ပိုသဘောကျခဲ့ပြီး အရှင်မင်းကြီးသည်လည်း ထိုနည်းတူပင်။
အရှင်မင်းကြီးသည် အစီရင်ခံစာကို လှန်လှောဖတ်ရှုလိုက်ရာ ထိုအထဲတွင် ယန်ဟွိုင်က ရှောင်လော့ထံ မည်သို့ ချဉ်းကပ်ခဲ့ပုံ နောက်ပိုင်းတွင် ရှောင်လော့အား မည်သို့ အကြံဉာဏ်များ ပေးအပ်ခဲ့ပုံ နှင့် ထိုနှစ်ဦး မည်သို့ ပူးပေါင်းကြံစည်ခဲ့ကြပုံတို့ကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
သူသည် ထိုအစီရင်ခံစာကို အကြိမ်အနည်းငယ် ဖတ်ရှုပြီးနောက် ခေါင်းကိုက်လာခဲ့ပြီး system ရောက်ရှိလာသည့် ပထမဆုံးနေ့တွင်ပင် ရှောင်လော့သည် သူ့သားအရင်း မဟုတ်ကြောင်း ဖွင့်ချပေးခဲ့သည့်အတွက် ပိုလို့ပင် ကျေးဇူးတင်မိသွားသည်။
မဟုတ်လို့ရှိရင် ဒီ ဦးနှောက်မရှိဘဲ ရည်မှန်းချက်ကြီးနေတဲ့ကောင်က ပြဿနာပေါင်းစုံ ရှာလိမ့်မယ်။ ပြီးတော့ သူက ငါ့သားဖြစ်နေလို့ သူ့ရဲ့ ရှုပ်ပွနေတဲ့ အရှုပ်အထုပ်တွေကို ငါ လိုက်ရှင်းပေးရဦးမယ်။ ပြီးရင် စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ တံတွေးခွက် ပက်တာကို ခံရဦးမှာ။
ဒီအချက်နဲ့ ပတ်သက်ရင်တော့ အရှင်မင်းကြီးက ချူဟွားနဲ့ system ကို ကျေးဇူးတင်သင့်တယ်။
တိုင်းပြည့်အရေးကိစ္စရပ်များကို စိတ်ထဲတွင် ထားရှိလျက် မိဖုရားခေါင်ကြီး၏ အပြင်ဆောင် လင်ငယ်လေးအပေါ် စိုးရိမ်ပူပန်မှုများကို ချိုးနှိမ်ထားခဲ့ရပြီး အမိန့်ပေးလိုက်ရလေသည်။ "တတိယအဆင့်အထက် မှူးမတ်အားလုံးကို တော်ဝင်စာကြည့်ဆောင်မှာ ဆွေးနွေးတိုင်ပင်ဖို့ ဆင့်ခေါ်လိုက်ပါ”
မကြာမီပင် အရှင်မင်းကြီးနှင့် သူ၏ မှူးမတ်များသည် "ချူဟွားကို ဘဏ္ဍာတိုက် တူးဖော်ရန် ဆန္ဒရှိရှိဖြင့် ဦးဆောင်စေနိုင်မည့် နည်းလမ်း" အပေါ် အခြေအတင် ဆွေးနွေးကြတောသည်။
သည်ကိစ္စရပ်တွင် အကြီးမားဆုံး ပြဿနာမှာ : အကယ်၍ ချူဟွားကို ဦးဆောင်ခွင့် ပြုလိုက်ပါက သူတို့သည် သူမနှင့် system ၏ စကားပြောဆိုမှုများကို သိရှိနေကြောင်း အမှန်တရားအား ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားမည်။
"ဒါတော့ မဖြစ်နိုင်ဘူး” မင်းဆရာအိုကြီးက ဦးဆောင် ကန့်ကွက်လိုက်လေသည်။ "တခြားသူတွေ မသိဘူးဆိုတဲ့အချက်ကို အားကိုးပြီးတော့သာ အဲ့ဒီ ကောင်မလေးက ဘာကိုမှ ထိန်းချုပ်မထားဘဲ ဖရဲသီး စားရဲနေတာ”
ကြိုတင်လိုအပ်ချက်သာ ပျောက်ဆုံးသွားခဲ့ပါလျှင် ဖြစ်နိုင်ခြေ နှစ်ခု ရှိလာနိုင်လေသည်။ : ၁။ system သည် ထိုစွမ်းရည်ကို ပြန်လည် ရုပ်သိမ်းသွားပြီး ချူဟွား တစ်ယောက်တည်းသာ ကြားနိုင်တော့မည်။ သို့မဟုတ် ချူဟွားထံမှ ရိုးရှင်းစွာ ချိတ်ဆက်မှု ဖြတ်တောက်သွားပြီး သူတို့သည် မည်သည့်အရာကိုမျှ ထပ်မံ သိရှိနိုင်တော့မည် မဟုတ်ပေ။
၂။ သူတို့သည် ဆက်လက် ကြားနေနိုင်သေးသော်လည်း ချူဟွားသည် အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်လာပြီး ထိုအချိန်မှစ၍ ဖရဲသီး စားခြင်းကို ကန့်သတ်ကာ စကားပြောဆိုမှုများကို လျှော့ချပစ်လိမ့်မည်။ ထိုအခါ သူတို့သည် အခြေအနေ၏ တစ်စိတ်တစ်ပိုင်းကိုသာ သိရှိနိုင်တော့မည်။
ထိုအကြောင်းကို သိရှိသွားပြီးနောက် ချူဟွားသည် ယခုကဲ့သို့ပင် ဖရဲသီးများကို တက်ကြွစွာ ဆက်လက် စားနေဦးမည်လား ဆိုသည့် အချက်အတွက်တော့...
သူတို့သည် အာမမခံဝံ့ကြချေ။ သောင်းပေါင်းများစွာသော ဖြစ်နိုင်ခြေထဲမှ တစ်ခုတည်းသော ဖြစ်နိုင်ခြေအပေါ် စွန့်စားပြီး လောင်းကြေးထပ်ရန် မပြောနှင့်။ အာဏာနှင့် သေခြင်းရှင်ခြင်းကို မကြောက်မရွံ့ ဖြစ်နေနိုင်သူ မည်သူ ရှိနိုင်မည်နည်း။
မင်းဆရာအိုကြီးသည် ရှိနေသူအားလုံးကို ဝေ့ဝဲကြည့်လိုက်လေသည်။ "လက်ရှိအချိန်မှာ သူ့ရဲ့ အတင်းအဖျင်းတွေထဲမှာ အရှင်မင်းကြီး ဒုတိယမင်းသား၊ ဒုတိယမင်းသားကြင်ရာတော်၊ ဘဏ္ဍာရေးဝန်ကြီး၊ ဘဏ္ဍာရေး ဒုတိယဝန်ကြီး၊ နန်းတွင်း ဓလေ့ထုံးတမ်း တရားရုံးရဲ့ ညွှန်းကြားရေးမှူးဟောင်း၊ တရားရေးဝန်ကြီးရဲ့ သမီး ပြီးတော့ မင်းဆရာကြီးရဲ့ သမီးတို့ ပါဝင်နေတယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက သူ့အဖေ စိတ်အနှောင့်အယှက် မပေးနိုင်တဲ့သူတွေချည်းပဲ”
မှူးမတ်များ : "..." ဒီကောင်မလေးက ဘာဖြစ်လို့ ရာထူးကြီးတဲ့ မှူးမတ်တွေကိုပဲ သီးသန့် စိတ်အနှောင့်အယှက် ပေးနေရတာလဲ။
မင်းဆရာအိုကြီးက ဆက်ပြောလိုက်သည်။ "အသက် ခုနစ်နှစ်အရွယ်မှာ သူက တခြားသူတွေရဲ့ စိတ်ရင်းမှန်ကို စမ်းသပ်ဖို့ ကိုယ်ပိုင်ငွေကို သုံးခဲ့ပြီး အဆပေါင်းများစွာ ပြန်ရခဲ့တယ်။ သူက ပိုက်ဆံကို စွဲလမ်းနေတာ မဟုတ်ဘူး။ အသက် ကိုးနှစ်အရွယ်မှာ သဘာဝဘေးအန္တရာယ်တွေကနေ အနာဂတ်ကို ကြိုတင်ခန့်မှန်းခဲ့ပြီး သူ့အစ်ကိုကို သိုင်းပညာ လေ့ကျင့်ဖို့ ချောချောမွေ့မွေ့ လမ်းညွှန်ပေးခဲ့တယ်။ အသက် တစ်ဆယ့်သုံးနှစ်အရွယ်မှာ သူ့အစ်ကိုက ရာထူးတက် မြန်လွန်းတာကို တွေ့တော့ သူ့ကို ရာထူးပြန်ချဖို့ လှည့်ကွက်တွေ သုံးချင်ခဲ့တယ်။ သူက သတိကြီးပြီး စေ့စပ်သေချာတယ်။ အာဏာကြောင့် မျက်စိမကွယ်သွားဘူး”
"သူသာ ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် သူ့ကို တပည့်အဖြစ် သေချာပေါက် လက်ခံခဲ့မှာ” သည်အချက်သို့ ရောက်လာချိန်တွင်တော့ မင်းဆရာအိုကြီးသည် သက်ပြင်းချလိုက်လေသည်။ "သူက ဘာလို့ မိန်းကလေး ဖြစ်နေရတာလဲ”
မှူးမတ်များ : "..." ဒါတော့ ခင်ဗျားက ချူဖျင်နဲ့ သူ့ဇနီးကို သွားမေးရမှာပေါ့။
မင်းဆရာအိုကြီးသည် အရှင်မင်းကြီး၏ ဆရာဖြစ်ပြီး အကြီးဆုံးနှင့် ဒုတိယမင်းသားတို့ကို သင်ကြားပြသပေးခဲ့သူ ဖြစ်သည်။ သူ့ကို ဧကရာဇ်၏ ဆရာဟု ခေါ်ဆိုလျှင်ပင် လွန်ကဲရာ မရောက်ပေ။
မင်းဆရာအိုကြီး၏ ချူဟွားအပေါ် မြင့်မားသော သုံးသပ်ချက်သည် ရှိနေသူအားလုံးကို အံ့အားသင့်စေခဲ့သော်လည်း သူတို့ ပြန်လည် စဉ်းစားကြည့်မိသောအခါ ၎င်းသည် အမှန်တရားပင် ဖြစ်နေသည်ကို တွေ့ရှိရသည်။
အပျိုဆောင်ထဲမှ တစ်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ငွေကြေးကို မမက်မော အာဏာကို မစွဲလမ်းဘဲ မိမိ၏ ဆွေမျိုးများကို ကာကွယ်ပေးကာ ရှေ့တိုးရမည့်အချိန်နှင့် နောက်ဆုတ်ရမည့်အချိန်ကို သိရှိပြီး အကောင်းအဆိုး အကျိုးအပြစ်တို့ကို ချိန်ဆနိုင်စွမ်း ရှိသည်။ ပိုရှားပါးသည်မှာ သူမသည် နိုင်ငံရေးတွင် ပင်ကိုဗီဇအရ ထက်မြက်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ မိမိအတွက် အကျိုးအမြတ်များ ရရှိအောင် ဖန်တီးနိုင်ခြင်းပင်။
နာမည်ကျော် ဆရာတစ်ဦး၏ လမ်းညွှန်မှု မရှိဘဲ သူမသည် သည်အဆင့်အထိ ကြီးပြင်းလာနိုင်ခဲ့သည်။ အကယ်၍ သူမကို သင်ကြားပြသပြီး လမ်းညွှန်ပေးမည့် ဆရာတစ်ဦးသာ ရှိခဲ့ပါလျှင် သူမသည် အနာဂတ်တွင် ညီလာခံ၏ ကျားကန်ရပ်တည်ရာ မဏ္ဍိုင်တစ်ခု ဖြစ်လာမည်မှာ သေချာလှသည်။
သူမသည် မိန်းကလေးတစ်ဦး ဖြစ်နေခဲ့သည်မှာ နှမြောစရာ ကောင်းလှသည်။ အရှင်မင်းကြီး အပါအဝင် တတိယအဆင့်အထက် မှူးမတ်အားလုံးသည် စိတ်ထဲတွင် ညည်းတွားလိုက်ကြမိ၏။
"ဟမ်” ပွင့်ပွင့်လင်းလင်း ပြောတတ်သော ဘဏ္ဍာရေး ဒုတိယဝန်ကြီးက နားမလည်သလို မေးလိုက်သည်။ "ဒါပေမဲ့ သူက အခု ညီလာခံတက်ဖို့ ယောက်ျားလေးတစ်ယောက်လို ဝတ်စားထားတာလေ။ သူက ယောက်ျားလေးပဲ”
မှူးမတ်များ : ဟမ် ? ? ?
မှူးမတ်များ : ဟေး ! ! !
မင်းဆရာအိုကြီးသည် ပထမဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေး ဒုတိယဝန်ကြီး၏ ပွင့်လင်းဖြောင့်မတ်မှုကို သဘောကျသွားသည်။ "မင်း ပြောတာ မှန်တယ်”
သူသည် မိမိ၏ မုတ်ဆိတ်ကို ဂုဏ်ယူစွာ ပွတ်သပ်လိုက်ပြီး အလွန် ပျော်ရွှင်သွားဟန်ဖြင့် "ငါက ချူဟွားကို လက်မခံနိုင်ဘူးဆိုရင် ချူချင်းကို လက်ခံလိုက်မယ်” ဘာပဲဖြစ်ဖြစ် သူတို့က လူတစ်ယောက်တည်းပဲလေ။
အရှင်မင်းကြီးသည် ခေါင်းကိုက်သွားသဖြင့် နဖူးကို ဖိထားလိုက်တော့သည်။ " ပထမအဆင့် မင်းဆရာအိုကြီးက ဆဋ္ဌမအဆင့် ဟန်လင်းတစ်ယောက်ကို ရုတ်တရက် တပည့်အဖြစ် လက်ခံလိုက်တယ်။ ဒီကိစ္စမှာ တစ်ခုခု မသင်္ကာစရာ ရှိနေတယ်ဆိုတာ တခြားသူတွေအတွက် သိသာထင်ရှားလွန်းမနေဘူးလား”
ငါက ချူချင်းကို မြို့တော်ကနေ တိတ်တဆိတ် ထွက်သွားပြီး ကိစ္စတစ်ခုခုကို ကိုင်တွယ်ခိုင်းထားတာ။ ချူချင်းနေရာကို အစားထိုးဝင်လာတဲ့ ချူဟွားက မြို့တော်မှာ အရမ်းကို ထင်ပေါ်နေတော့ ပေါက်ကြားသွားဖို့ လွယ်တယ်။
ဒါပေမဲ့ အခု ဖရဲသီးစား system ရှိနေပြီဆိုတော့ ဒါက ပေါက်ကြားပြီးသား ဖြစ်နေလောက်ပြီ။
မင်းဆရာအိုကြီးက အလေးအနက် ပြောကြားလေသည်။ "သူ့ကို တပည့်အဖြစ် လက်ခံလိုက်ခြင်းအားဖြင့် ဘဏ္ဍာတိုက်က ဘယ်လောက်တောင် လစ်လပ်နေပြီဆိုတာရယ်၊ ယခင်မင်းဆက်ရဲ့ ဘဏ္ဍာတိုက်က သာ့ရှန်းအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာရယ်ကို ကျွန်တော် သူ့ကို ပြောပြနိုင်တယ်။ ပြီးတော့ အဲ့ဒါကို မပေါက်ကြားစေဘဲ ဘဏ္ဍာတိုက် တူးဖော်ဖို့ သူ့ကို လမ်းညွှန်ပေးနိုင်ပါတယ်”
မလွှဲမရှောင်သာသည့်အခါ system ကို ရည်ညွှန်းရန်အတွက် သူသည် "အဲ့ဒါ" ဟူသော စကားလုံးကို အသုံးပြုလိုက်သည်။
မှူးမတ်များသည် ခေါင်းညိတ်လိုက်ကြသည်။ ခင်ဗျားက မင်းဆရာအိုကြီးပဲ။ ခင်ဗျား ပြောတာ မှန်တာပေါ့။
ဘဏ္ဍာရေးဝန်ကြီး ရှိမနေသောကြောင့် ဒုတိယဝန်ကြီးကသာ ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စား ပြောဆိုလေသည်။ "တကယ်လို့ ဒီလိုဆိုရင် ချူချင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနဆီပဲ ပြောင်းရွှေ့လိုက်ပါလား”
"ဟင်” အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် သူ့ထံသို့ ခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။
ဘဏ္ဍာရေး ဒုတိယဝန်ကြီး၏ အသံသည် အနည်းငယ် အားပျော့သွားသည်။ "... အဆင့်တူ ပြောင်းရွှေ့တာမျိုး လုပ်လို့ ရနိုင်တယ်မလား”
မင်းဆရာအိုကြီးသည် ပွင့်လင်းသော ဒုတိယဝန်ကြီးကို မျက်စိထဲတွင် စူးရှသွားပြန်ပြီး ဗြောင်ကျကျပင် ပြောချလိုက်သည်။ "မင်းက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရှုပ်ထွေးနေတဲ့ စာရင်းတွေထဲမှာ ဖရဲသီး တစ်ချို့ ရှိမရှိ။ ပြီးတော့ ဘဏ္ဍာတိုက်ကို ဖြည့်တင်းဖို့ စီးနင်းရှာဖွေမှု အနည်းငယ်လောက် လုပ်နိုင်မလားဆိုတာ သိချင်လို့ အဲ့ဒါကို လိုချင်နေတာ မဟုတ်လား”
တကယ့်ရည်ရွယ်ချက် အမှန်ကို ထိုးဖောက် ခံလိုက်ရသောအခါ ဘဏ္ဍာရေး ဒုတိယဝန်ကြီးသည် လက်လျှော့လိုက်ပြီး ဟန်ဆောင်ခြင်းကို ရပ်တန့်လိုက်သည်။ "ကျွန်တော် တစ်ယောက်တည်း လိုချင်နေတာလား။ ခင်ဗျားတို့ကရော မလိုချင်ဘူးလား”
သူသည် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး လူများကို ဝေဖန်ရန် နှစ်သက်သူမျှသာ ဖြစ်သည်။ ဦးနှောက်မရှိ မျက်စိကန်းကာ system ၏ တန်ဖိုးကို မမြင်နိုင်သူ မဟုတ်ပေ။
တရားစီရင်ရေး သုံးသပ်မှု တရားရုံး၏ ဝန်ကြီးချုပ်သည် ပြန်လည် တုံ့ပြန်ရဲပါမည်လား။ အကယ်၍ သူက အမှန်တကယ် မလိုချင်ဟု ပြောလိုက်ပါက အနာဂတ်တွင် စကားပြောဆိုရန် ခက်ခဲသွားလိမ့်မည်။
"တရားစီရင်ရေး သုံးသပ်မှု တရားရုံးမှာ မဖြေရှင်းနိုင်သေးတဲ့ ခက်ခဲတဲ့ အမှုပေါင်းများစွာ ရှိနေတယ်” ဒီအမှုတွေကို ဖြေရှင်းရာမှာ ကူညီဖို့ ဖရဲသီးစား system ကို အရေးပေါ် လိုအပ်နေတယ်။
တရားရေးဝန်ကြီးက ချောင်းဟန့်လိုက်ပြီး ဝင်ပြောသည်။ "တရားရေးဝန်ကြီးဌာနမှာ ရှိနေတဲ့ အမှုအရေအတွက်က တရားစီရင်ရေး သုံးသပ်မှု တရားရုံးမှာ ရှိနေတာထက် မနည်းပါဘူး” ဘယ်သူက ဖရဲသီးစား system ကို ပိုပြီး လိုအပ်နေလဲဆိုတာ ပြောဖို့ ခက်တယ်။
ဓလေ့ထုံးတမ်း ဝန်ကြီးဌာန၊ ဝန်ထမ်းရေးရာ ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စစ်ရေးဝန်ကြီးဌာနတို့သည် လောလောဆယ်တွင် system ထံမှ အကူအညီ တောင်းရန် မည်သည့်အရာမျှ မရှိကြပေ။ ထို့ကြောင့် ဝန်ကြီး လေးဦးသည် ဘေးတွင် ရပ်ကာ သူတို့ အချင်းချင်း လုယက် တိုက်ခိုက်နေကြသည်ကို ကြည့်ရှုနေခဲ့ကြလေသည်။
မင်းဆရာအိုကြီး၏ စိတ်ထဲတွင် ရှုပ်ထွေးသွားတော့၏။ ဘာဖြစ်လို့ သူတို့အားလုံးက ငါနဲ့ တပည့်တစ်ယောက်ကို လာလုနေကြရတာလဲ။
ငါ့တပည့်တွေရဲ့ ဩဇာအရှိန်အဝါက ဘဏ္ဍာရေးဝန်ကြီးဌာန၊ တရားစီရင်ရေး သုံးသပ်မှု တရားရုံး ပြီးတော့ တရားရေးဝန်ကြီးဌာနတို့ရဲ့ ဩဇာအရှိန်အဝါနဲ့ ယှဉ်နိုင်ပါ့မလား။ အရှင်မင်းကြီးက သူ့လို "တော်ဝင်မင်းဆရာကြီး" ကို မိန်းကလေးတစ်ယောက် ဖြစ်နေရင်တောင်မှ နောက်ထပ် တပည့်တစ်ယောက် လက်ခံခွင့် ပေးချင်ပုံ မရဘူး။
စိတ်ပျက်လက်ပျက်ဖြင့် မင်းဆရာအိုကြီးသည် နောက်ဆုံးနည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး ဒီနှစ်ဆို ခြောက်ဆယ့်ကိုးနှစ် ရှိပါပြီ။ နောက်ထပ် ဘယ်နှစ်နှစ်လောက် အသက်ရှင်နိုင်ဦးမလဲဆိုတာ မသိတော့ဘဲ ဒီဆန္ဒလေး တစ်ခုတည်းသာ ရှိပါတော့တယ်။ အရှင်မင်းကြီး ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
မှူးမတ်များ : "..." တော်ဝင်မင်းဆရာကြီး။ ခင်ဗျားမှာ ကိုယ်ကျင့်တရား လုံးဝ မရှိဘူးပဲ။
ဘဏ္ဍာရေး ဒုတိယဝန်ကြီးသည် စိုးရိမ်ပူပန်သွားတော့သည်။ "အရှင်မင်းကြီး တော်ဝင်မင်းဆရာကြီးက ကျန်းမာရေး ကောင်းမွန်ပြီး နောက်ထပ် အနှစ် နှစ်ဆယ်လောက် အသက်ရှင်နိုင်ပါသေးတယ်။ နိုင်ငံတော် ဘဏ္ဍာတိုက်ကိုသာ ဦးစားပေးသင့်ပါတယ်”
တရားစီရင်ရေး သုံးသပ်မှု တရားရုံး၏ ဝန်ကြီးချုပ် : "အရှင်မင်းကြီး ချူဖျင်က တရားရေးဝန်ကြီးဌာနမှာ ရှိနေပါတယ်။ သားအဖေ နှစ်ယောက်က ဌာနတစ်ခုတည်းမှာ အတူတူ ရှိနေလို့ မဖြစ်ပါဘူး။ တရားစီရင်ရေး သုံးသပ်မှု တရားရုံးမှာ စုပုံနေတဲ့ အမှုတွေက ပိုပြီး အရေးကြီးပါတယ်”
တရားရေးဝန်ကြီး : "အရှင်မင်းကြီး တရားရေးဝန်ကြီးဌာနမှာ မကြာသေးမီနှစ်တွေအတွင်း မဖြေရှင်းနိုင်သေးတဲ့ အမှုပေါင်းများစွာ စုပုံနေခဲ့ပါပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပြည်သူလူထုရဲ့ နှလုံးသားနဲ့ နိုင်ငံတော်ကို တည်ငြိမ်အောင် ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်မှာ မဟုတ်ပါဘူး”
လူလေးဦးသည် ဤကိစ္စနှင့် ပတ်သက်ပြီး အငြင်းအခုံ ပြုကြလေသည်။ သူတို့ ပိုပြီး အငြင်းအခုံ ပြုလေ၊ အသံများ ပိုပြီး ကျယ်လောင်လာလေ ဖြစ်တော့သည်။ အရှင်မင်းကြီး၏ လက်ဖက်ရည်ခွက်ထဲသို့ပင် တံတွေးများ လွင့်စင်ကျရောက်သည်အထိ ဖြစ်တော့၏။
အရှင်မင်းကြီးသည် ကောက်ကိုင်လိုက်သော လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ကြောင်ငေးနေခဲ့သည်။
ဒါဆို ငါက ဘာလို့ ဒီနေ့ မှူးမတ်တွေကို ကိစ္စတွေ ဆွေးနွေးဖို့ ဆင့်ခေါ်လိုက်တာလဲ။
ချူမိသားစု။ ချူဟွားကျွီ။
ချူဟွားသည် ဖရဲသီး စားခြင်းကို တစ်ခါမှ မရပ်တန့်ခဲ့ပေ။ system ၏ တိုက်ရိုက် ထုတ်လွှင့်မှုအပေါ် မှီခိုလျက် သူမသည် မိဖုရားခေါင်ကြီးနှင့် လူငယ်လေးတို့ အချင်းချင်း သိကျွမ်းသွားကြသည့် ဖြစ်စဉ်ကို နားထောင်ပြီး ဖြစ်နေလေပြီ။
ရိုးရှင်းစွာ ဆိုရလျှင် : မိဖုရားခေါင်ကြီးသည် ထိုလူငယ်လေး၏ ဖခင်ကို မြှုပ်နှံရန်အတွက် ငွေကြေးနှင့် လူအင်အားကို ကြင်နာစွာ ထောက်ပံ့ပေးခဲ့ပြီး သူ နန်းတွင်းစာမေးပွဲအတွက် ပြင်ဆင်နိုင်ရန် တိတ်ဆိတ်ငြိမ်သက်သည့် အဆောင်တစ်ဆောင်ကို ငှားရမ်းပေးခဲ့သည်။ ထိုလူငယ်လေးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ ထို သူဌေးမကြီးသည် အလွန် လှပတင့်တယ်သည်ကို မြင်သောအခါ သူသည် အခြွေအရံ လင်ငယ်တစ်ယောက်အဖြစ် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုလူငယ်လေးသည် နှစ်ပေါင်းများစွာ စာပေ လေ့လာခဲ့ပြီးဖြစ်၍ မိမိကိုယ်ကို ကိုယ်ရည်သွေးရန် မည်သည့် ဘာသာစကားမျိုးကို အသုံးပြုရမည်ကို သိရှိထားလေသည်။ အနည်းဆုံးတော့ သူသည် အခြွေအရံ လင်ငယ်တစ်ယောက် ဖြစ်လိုသော ရည်ရွယ်ချက်ကို အပေါ်ယံတွင် ဖော်ပြလို့ မဖြစ်ပေ။ အကြောင်းမှာ လူများကို သူ့အပေါ် အထင်သေးစေမည် ဖြစ်သောကြောင့်ပင်။
သူသည် ထိုသူဌေးမကြီးအား သူ့ကို မရပ်မနား လိုချင်တပ်မက်လာစေရန် မည်သို့ ပြုလုပ်ရမည်ကိုလည်း သိရှိထားလေသည်။ - သူမကို မပွင့်မလင်း ဆွဲဆောင်ထားပြီး သူမကို အလွယ်တကူ မရရှိနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
ချူဟွားသည် ထိုနှစ်ဦးကြားမှ အပြင်းအထန် လွန်ဆွဲပွဲ ကစားနေကြသည်ကို နားထောင်ရင်း သူမ၏ နှလုံးသားသည် လှုပ်ရှားလာခဲ့သည်။ သူမ သက်ပြင်းချလိုက်၏။ [ငါသာ နေရာမှာတင် ဖရဲသီး စားလို့ရရင် ဘယ်လောက်တောင် မိုက်လိုက်မလဲ]
Systemမှာ စိတ်ရှုပ်ထွေးသွားတော့သည်။ [ငါက နင့်ကို ဒီလိုမျိုး ထုတ်လွှင့်ပေးနေတာ မကောင်းလို့လား]
ချူဟွား : [စာသားနဲ့ ထုတ်လွှင့်တာက အသံနဲ့ ဗီဒီယို တိုက်ရိုက် ထုတ်လွှင့်တာနဲ့ ဘယ်လို သွားယှဉ်လို့ ရမှာလဲ။ ငါက နင့်ရဲ့ ဖော်ပြချက်တွေကနေတစ်ဆင့် အကောင်းဆုံး ကြိုးစားပြီး စိတ်ကူးကြည့်နေရုံပဲ။ ဒါက ဘယ်လိုမှ အလိုလို သိမြင်နိုင်တာမျိုး မဟုတ်ဘူး]
[မိဖုရားခေါင်ကြီးက ဘယ်လောက်တောင် ကျက်သရေ ရှိနေမလဲ။ အဲ့ဒီကောင်လေးက ဘယ်လောက်တောင် ငယ်ရွယ်ပြီး သန်မာနေမလဲဆိုတာ ငါ မသိနိုင်ဘူး။ သူတို့ရဲ့ မျက်လုံးတွေက ဘယ်လို ဆွဲဆောင်နေကြလဲဆိုတာ ငါ မမြင်ရဘူး။ သူတို့ မျက်လုံးတွေနဲ့ ကိုယ်ခန္ဓာ ဘာသာစကားကြားက သွေးဆောင်ဖြားယောင်းမှုတွေကို မပြောနဲ့ဦး။ နှမြောစရာကြီး]
ချူမိသားစုဝင်များ : "..."
နန်းစောင့်တပ်သား : "..."
ပြောရမယ်ဆိုတော့ ဒါလဲ အမှန်ပဲ။
နောက်ဆုံး systemဆိုတာပလဲ စာအများကြီး လေ့လာထားခဲ့တာမှမဟုတ်။ စာသားတိုက်ရိုက်ထုတ်လွှင့်မှုက ဒီလိုကြီးပဲ နေမှာပေါ့။
[အဲ့ဒီကောင်လေးက မိဖုရားခေါင်ကြီးကို ပြောတယ် : ‘ကျွန်တော် ခင်ဗျားရဲ့ ငွေကို လက်ခံလိုက်ပြီ။ ဒါကြောင့် ကျွန်တော်က ခင်ဗျားရဲ့ လူ ဖြစ်သွားပြီ။ ကျွန်တော် ကတိစကားကို ပြန်မရုပ်သိမ်းနိုင်တော့ဘူး’]
[မိဖုရားခေါင်ကြီးက သူ့ကို ဖျောင်းဖျတယ် : ‘မင်းက ဆယ်နှစ်တောင် စာကြိုးစားခဲ့တာ။ ဒီငွေ အနည်းငယ်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အလျင်စလို ရောင်းစားလို့ ဘယ်ဖြစ်ပါ့မလဲ’]
[အဲ့ဒီကောင်လေးက အခိုင်အမာ ပြောတယ် : ‘လူကြီးလူကောင်းတစ်ယောက်က သူ့ရဲ့ ကတိစကားကို တန်ဖိုးထားတယ်။ ကတိတစ်လုံးက ရွှေတစ်ထောင် တန်တယ်’]
[မိဖုရားခေါင်ကြီးက သက်ပြင်းချတယ် : ‘လူကြီးလူကောင်းတစ်ယောက်က အလိုက်သင့် ပြုမူတတ်ဖို့လည်း သင်ယူသင့်တယ်’]
နောက်ခံ အငွေ့အသက် ဖန်တီးမှု မရှိ။ မျက်နှာအမူအရာ ဖော်ပြချက် မရှိ။ မျက်လုံးချင်း ဆုံစည်းမှုဖြင့် ဆွဲဆောင်ခြင်း မရှိ။ ဘာတစ်ခုမှ လုံးဝ မပါဘဲ လူများ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကိုသာ အားကိုးနေရသည်။
ဒါက ယုတ္တိ ရှိရဲ့လား။
ချူဟွားတစ်ယောက် သက်ပြင်းချလေတော့သည်။ [System နင် စာတွေ ပိုဖတ်သင့်တယ်]
Systemကတော့ သိပ်နားမလည်ချေ။ [ငါက နင်နဲ့အတူ ကျင်းသမိုင်း နဲ့ ရင်ခုန်ဖွယ် မုဆိုးမနဲ့ ချောမောသော ပညာတတ်လေး တို့ကို ဖတ်ပြီးသားလေ။ နင့်ရဲ့ စာအုပ်သေတ္တာထဲက ယောက်ဖလေးနဲ့ မရီးကြီးတို့ရဲ့ တားမြစ်နယ်မြေ၊ စစ်သူကြီးနဲ့ ဒုတိယ စစ်သူကြီးကြားက နှစ်ခု၊ သုံးခုသော ကိစ္စရပ်များ။ မင်းသားငယ်ရဲ့ ပြင်းပြအချစ်၊ ပြီးတော့ ဘုရင်ငယ်လေးနဲ့ မယ်တော် မိဖုရား ဆိုတာတွေလိုမျိုး ပုံပြင် ဒါဇင်ပေါင်းများစွာကိုလည်း ဖတ်ပြီးပြီ။ ငါ ဘာတွေ ထပ်ဖတ်ဖို့ လိုသေးလို့လဲ]
ချူမိသားစုဝင်များ : "..."
နန်းစောင့်တပ်မှူး : "..."
အာ ဒါ- ဒါ- ဒါ...
ချူဟွားသည် ချောင်း နှစ်ချက် ဟန့်လိုက်၏။ ["သုံးနှစ်တာ နန်းတွင်းစာမေးပွဲ၊ ငါးနှစ်တာ ဟန်ဆောင်ဖြေဆိုမှု" "နန်းတွင်းစာမေးပွဲအတွက် မဖြစ်မနေ လုပ်ရမဲ့ မေးခွန်းများ"၊ "နန်းတွင်းစာမေးပွဲ မေးခွန်း ၃၈ စုံ" ပြီးတော့ "မဟာဗျူဟာ စာတမ်းတွေကို မင်း တကယ် ကျွမ်းကျင်ပိုင်နိုင်ပြီလား" ဆိုတာတွေ ကြားဖူးလား]
Systemက အတွေ့အကြုံမရှိသော အာမေဍိတ်သံလေး ဖြစ်သွားတော့သည်။ [ငါ မကြားဖူးတဲ့ စာအုပ်တွေ တကယ် ရှိနေပါလား]
ချူဟွား ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။[ငါ့အစ်ကိုရဲ့ စာကြည့်ခန်းထဲမှာ တောင်ဘက် စာအုပ်စင်က တတိယတန်းရဲ့ ဘယ်ဘက်ကနေ ဒုတိယမြောက် ဇယားကွက်ထဲမှာ။ သွားပြီး စာအုပ်တချို့ကို လုပ်လိုက်။ သူတို့က ဖရဲသီး စွမ်းအင်ကို ပြန်ဖြည့်တင်းပေးနိုင်တယ်။ သေသေချာချာ လုပ်ခဲ့]
Systemသည် ဖရဲသီး စွမ်းအင်ကို ပြန်လည် ဖြည့်တင်းနိုင်သည်ဟု ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားတော့သည်။ [ဒီလို ကောင်းတဲ့ အရာမျိုး ရှိနေတာလား။ ကောင်းပြီ။ ငါ သွားလိုက်မယ်]
ချူမိသားစုမှ လူများ : "..."
နန်းစောင့်တပ်မှူး : "..."
ထိုအရာသည် ချူဟွားက ငွေများစွာ အကုန်အကျခံ ရှာဖွေခဲ့ပြီး ချူချင်းအတွက် သီးသန့် ပြုလုပ်ပေးထားသော နန်းတွင်းစာမေးပွဲ စာအုပ် ဖြစ်သည်မှာ ထင်ရှားလှသည်။
ကလေးတစ်ယောက်ကို လှည့်စားပြီး ဒါတွေ လုပ်ခိုင်းရတာ သူ့ရဲ့ အသိစိတ်က နည်းနည်းလေးတောင် မနာကျင်ဘူးလားဟင်။
ချူဟွား၏ အသိတရားသည် လုံးဝ နာကျင်မှု မရှိဘဲ သူမသည် ငှက်သိုက်ရည် တစ်ခွက်ကို ဖြည်းညှင်းစွာ သောက်သုံးလိုက်သေးသည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန် ကြာပြီးနောက် system သည် ငိုယိုလျက် ပြန်ရောက်လာလေ၏။ [မမကြီးဟွား ဒီ ဖရဲသီး စွမ်းအင်က ပြန်ဖြည့်ဖို့ ခက်လွန်းလိုက်တာ]
သို့သော် system သည် အတွင်းမှ ကြွယ်ဝလှသော ဖရဲသီး စွမ်းအင်ကို လက်လွှတ်ရန် ငြင်းဆန်နေလေသည်။ သူသည် မေးခွန်းများကို ဖြေဆိုရင်း ငိုကြွေးနေခဲ့ရာ ချူမိသားစု တစ်ခုလုံးသည် သူ၏ ငိုသံများဖြင့် ၃၆၀ ဒီဂရီ ဝန်းရံခံထားရတော့သည်။
[ဗုဒ္ဓဘာသာနဲ့ ကွန်ဖြူးရှပ်ဝါဒတို့ရဲ့ တူညီမှုတွေ ကွဲပြားမှုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် သူတို့ရဲ့ သက်ရောက်မှုတွေကို ကျေးဇူးပြုပြီး သုံးသပ်ပေးပါ။ ဟင့် ဟင့် ဟင့်။ ငါလို system တစ်ခုက ဒီလောက် အများကြီး ဘယ်လို သိနိုင်မှာလဲ။ ဘယ် host က ပြောခဲ့လဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်]
[နိုင်ငံတော်နဲ့ စစ်တပ်ကို ဘေးကင်းအောင် ထားရှိနိုင်မဲ့ နည်းလမ်း။ ဒါက ငါလို ဖရဲသီးစား system တစ်ခုနဲ့ ဘာဆိုင်လို့လဲ။ ဟင့် ဟင့် ဟင့်... မင်းဆက်အသီးသီးက ထိပ်တန်းပညာရှင်တွေ ဘယ်လို ဖြေဆိုခဲ့လဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်။ အိုး ဒီလက်ရေးက အရမ်း ဆိုးတာပဲ။ ဒါကို ထိပ်တန်းပညာရှင် ဖြစ်နိုင်သေးတယ် ဟုတ်လား။ ပူးပေါင်းကြံစည်မှုပဲ။ သေချာပေါက် သောက်ကျိုးနဲ လာဘ်ပေးလာဘ်ယူ တစ်ခုခု ရှိရမယ်]
[အရှင်မင်းကြီးရဲ့ နိုင်ငံရေးနဲ့ အရှင်မင်းကြီးရဲ့ စိတ်နှလုံးသားအကြောင်း မေးတာ ဟုတ်လား။ ငါလို ဖရဲသီးစား system တစ်ခုက ဘာလို့ အရှင်မင်းကြီးရဲ့ ကိစ္စတွေကို စိတ်ပူနေရမှာလဲ။ ငါ ကျွမ်းကျင်တာက အရှင်မင်းကြီးမှာ မိန်းမ ဘယ်နှယောက် ရှိပြီလဲ။ ပြီးတော့ သူ့မှာ ဦးထုပ်စိမ်း ဘယ်နှလုံး ရှိပြီလဲဆိုတာ ကြည့်ဖို့ပဲ။ ဒီ ဖရဲသီး စွမ်းအင်က ဖြည့်ဖို့ ခက်တယ်... ဟေး ဒီလူက အရှင်မင်းကြီးကို မျက်နှာချိုသွေး အရမ်း တော်တာပဲ]
ထိုညတွင် စာသားကူးယူရေးသားခဲ့သော နန်းစောင့်တပ်မှူးသည် အကြိမ် ၂၀ ကျော် ပြောင်းလဲခဲ့ရလေသည်။ အစီရင်ခံစာကို လက်ခံရရှိခဲ့သော အရှင်မင်းကြီးနှင့် မှူးမတ်များသည် မိုးလင်းသည်အထိ ထပ်မံ ငြင်းခုံခဲ့ကြရပြန်သည်။ သူတို့၏ မျက်လုံးများသည် နီရဲနေပြီး မျက်နှာအမူအရာများသည် ကြောင်ငေးသွားလေတော့၏။
သူတို့က ဒီနန်းတွင်းစာမေးပွဲ ဖရဲသီးကို မဖြစ်မနေ စားမှဖြစ်မှာတဲ့လား။
...