အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း (၁၈)
ညလုံးပေါက် နေခဲ့ရပြီးနောက်တွင် အရှင်မင်းကြီးနှင့် သူ၏ မှူးမတ်များသည် မျက်နှာသစ်သန့်စင်ကာ ညီလာခံသို့ အပြေးအလွှား သွားကြရပြန်သည်။
မနေ့က တော်ဝင်စာကြည့်ဆောင်အတွင်းရှိ တရင်းတနှီး ဆွေးနွေးမှုကို အသုံးချပြီး ချူဟွားနှင့် system ကို လှည့်ဖြားကာ ရတနာတူးဖော်ရန် ခေါ်ဆောင်သွားမည့် အကြံအစည် ရှိနေသဖြင့် ပညာရှင်များနှင့် အချေအတင် ဆွေးနွေးရာတွင် တံတွေးများ အလဟဿ မဖြစ်ခဲ့ကြပေ။
မထင်မှတ်ဘဲ ချူဟွားသည် ခွင့်တိုင်ပြန်လေသည်။
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
သူတို့အားလုံးသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး မျက်ကွင်းညိုမည်းနေခြင်းမှာ ဖရဲသီးစားရင်း ညလုံးပေါက် မအိပ်ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း အတည်ပြုလိုက်ကြ၏။
ညလုံးပေါက် မအိပ်ရခြင်းသည် မည်မျှပင် ပင်ပန်းသည်ဖြစ်စေ နံနက်ခင်း ညီလာခံကိုတော့ ကျင်းပရမြဲ ဖြစ်သည်။
အရှင်မင်းကြီးသည် သမ်းဝေလိုစိတ်ကို ချုပ်တည်းထားပြီး အောက်ဘက်ရှိ မှူးမတ်များ၏ ပုံမှန်အတိုင်း အစီရင်ခံနေမှုများကို နားထောင်တော်မူ၏။
ယခင်က သဘောထား မတိုက်ဆိုင်မှုများ ရှိသည့်အခါ သူ၏ မှူးမတ်များ အော်ဟစ်ဆူပူ ကြိမ်းမောင်းသည်ကို သူသည် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ တစ်ခါတစ်ရံ ဒေါသများ အရှိန်မြင့်လာသောအခါ ကိုယ်ထိလက်ရောက် ရန်ပွဲများပင် ဖြစ်ပွားတတ်၏။ လူတိုင်း အေးချမ်းစွာ စကားပြောနိုင်မည့် နေ့တစ်နေ့ကို သူသည် အမြဲတမ်း တောင့်တခဲ့ရသည်။
ယနေ့တွင်တော့ မှူးမတ်များအားလုံးသည် ညလုံးပေါက် မအိပ်စက်ထားရသဖြင့် လုံလောက်သော ခွန်အားများ မရှိကြဘဲ သူတို့၏ အသံများနှင့် လေသံများမှာ များစွာ အားနည်းလို့နေကြသည်။ သူသည် မှူးမတ်များ ဆူညံနေခြင်းက ပိုကောင်းသည်ဟု ခံစားမိလေသည်။ အနည်းဆုံးတော့ သူ့ကို အိပ်ငိုက်လုနီးပါး ဖြစ်စေသည့် သားချော့တေးလို ဖြစ်နေလိမ့်မည် မဟုတ်ပေ။
မကြာခင်တွင်တော့ အရှင်မင်းကြီးသည် အိပ်ငိုက်ခြင်း မရှိတော့ပေ။
နန်းစောင့်တပ်မှူးက ချန်ကျို့ကို သတင်းစကားတစ်ခု ပါးခိုင်းလိုက်သည်။ "အရှင်မင်းကြီး သခင်မကြီးချူက ချူရှူးနဲ့အတူ ပြန်လာနေလို့ သခင်မလေးချူက သူတို့ကို တံခါးဝမှာ သွားကြိုရမှာပါ။ ဒါကြောင့် ခွင့်တိုင်ပြီး ညီလာခံ မတက်ရောက်တာပါ”
အရှင်မင်းကြီး: ?
သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ: သခင်မကြီးချူဆိုတာ ဘယ်သူလဲ။ သူက ညီလာခံနဲ့ ဘဏ္ဍာတိုက်ထက်တောင် ပိုအရေးကြီးနေလို့လား။
ထို့နောက်မှ ထိုသူသည် မိုးပေါ်တက်မတတ် ဘက်လိုက်လွန်းသော နှလုံးသားနှင့် ကျိုးကြောင်းမဲ့လှသည့် ချူဟွား၏ အဘွားဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ ချူရှူး... ချင်၊ ချီ၊ ရှူး၊ ဟွား ဟူသော အဆင့်အတန်း သတ်မှတ်ချက်အရ သူမသည် ကိုယ်လုပ်တော်မှ မွေးသော ချူဟွား၏အစ်မ ဖြစ်လောက်သည်။
(မှတ်ချက်: ညီအစ်မ နာမည်များမှာ : ချင်၊ ချီ၊ ရှူး ၊ဟွား ဖြစ်ပြီး ၎င်းတို့မှာ ဂီတ၊ ကျားထိုး၊ လက်ရေးလှ၊ ပန်းချီ)
အရှင်မင်းကြီးသည် ချူဟွားအပေါ် နှစ်သက်မှု မြင့်မားနေသောကြောင့် ချူဟွားကို ရက်စက်စွာ ဆက်ဆံခဲ့သော သခင်မကြီးချူအပေါ်တွင် ကောင်းမွန်သော အမြင် လုံးဝ မရှိခဲ့ပေ။ ထို့ပြင် ချူရှူးအပေါ်တွင်လည်း ပထမဆုံး အမြင်မှာပင် ဆိုးရွားနေခဲ့သည်။ တရားဝင်သမီးကို တံခါးဝတွင် ကိုယ်လုပ်တော်မွေး သမီးအား အထူးတလည် ကြိုဆိုခိုင်းသည့် ချူမိသားစု၏ မိသားစု အငွေ့အသက်သည် အမှန်တကယ် ‘အပြုသဘော’ဆောင် လှပေသည်။
မကြာမီ အရှင်မင်းကြီးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်သွားသည်။ "ချူဟွားရဲ့ အလျှော့မပေးတတ်တဲ့စိတ်နဲ့ သူက ဘယ်လိုလုပ် တံခါးဝထိ ပြေးပြီး သူတို့ကို သွားကြိုမှာလဲ”
ချန်ကျို့သည် ကြက်သေသေသွားတော့၏။ အမှန်ပင် သခင်မလေးချူသည် အရှင်မင်းကြီးကဲ့သို့ပင် အသေးအဖွဲကိစ္စများကို အငြိုးအတေးထားတတ်သူ ဖြစ်ရာ သူမသည် နာခံလိမ့်မည် မဟုတ်ပေ။
အရှင်မင်းကြီးသည် ဖရဲသီးများ ရှိရမည်ကို သဘောပေါက်သွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
"သွားမေးစမ်း”
ချန်ကျို့သည် နန်းစောင့်တပ်သားကို ပြောရန် ပြေးထွက်သွားလေတော့သည်။ ဖရဲသီးတွေက ကောင်းတယ်လေ။ သူလဲ ဖရဲသီးစားရတာ သဘောကျတယ်။
အောက်ဘက်ရှိ မှူးမတ်များသည် အရှင်မင်းကြီးနှင့် ချန်ကျို့တို့၏ လှုပ်ရှားမှုငယ်များကို ကြည့်နေကြပြီး တစ်ခုခုတော့ ရှိနေသည်ကို သူတို့၏ ပင်ကိုယ်အသိစိတ်ဖြင့် ခံစားမိလိုက်ကြ၏။ သို့သော်ငြား မည်သည့်ကိစ္စ ဖြစ်သည်ကို ဆုံးဖြတ်ရန် ခက်ခဲနေပြီး ခန့်မှန်းနေကြရဆဲ။
နန်းစောင့်တပ်မှူးက မှူးမတ်တစ်ယောက်ယောက် အကျင့်ပျက်ခြစားတာကို ထပ်တွေ့သွားပြီး ဘဏ္ဍာတိုက် ဖြည့်တင်းဖို့ သူ့ရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းတော့မလို့လား။
ငွေကြေး ပြတ်လပ်နေသော ဘဏ္ဍာရေး ဒုတိယမှူးမတ်သည် စိတ်လှုပ်ရှားသွားတော့သည်။
နန်းစောင့်တပ်မှူးက မှူးမတ်တစ်ယောက်ယောက် ဆောင်ကြာမြိုင် သွားတာ တွေ့သွားပြီး ထပ်ဖြစ်တော့မလို့လား။
ဆောင်ကြာမြိုင်သို့ သွားတတ်သော သမက် ပိုင်ဆိုင်ထားသည့် တရားရေးမှူးမတ်သည်လည်း အတွေးများ လွဲချော်နေတော့သည်။
ဒါမှမဟုတ် ချူဟွားနဲ့ ပတ်သက်တဲ့ ဖရဲသီးအသစ်များလား။
မှူးမတ်အများစုကတော့ သည်အချက်ကို ပိုပြီး ထင်မြင်နေကြသည်။
မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီးသည် ညီလာခံသို့ ပထမဆုံး ကြွချီလာစဉ်က သူတို့နှင့် အခြေအနေ တူညီခဲ့ပြီး ညီလာခံ အမြန်ပြီးဆုံးကာ အနားယူရန် ပြန်သွားလိုခဲ့သည်။ ယခုတော့ သူသည် ဖရဲသီး စားသုံးတော့မည့် ဖရဲသီးစားတောဝက်ဝံ ကဲ့သို့ စိတ်လှုပ်ရှားနေလေသည်။
ချူမိသားစု၊ ချန်ဟွားကျွီ။
ချူဟွားသည် အနားယူကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေပြီး ချင်းကျူ၏ ခါးနှင့် ခြေထောက် နှိပ်နယ်ပေးသည့် ဝန်ဆောင်မှုကို ခံစားရင်း ဝမ်သခင်မထံမှ ငှားရမ်းလာသော ပုံပြင်စာအုပ်အသစ်ကို ဖတ်ရှုလို့နေလေသည်။
သခင်မကြီးချူက လူတစ်ယောက်ကို ကြိုတင် အကြောင်းကြားခိုင်းထားသည့် အချိန် နီးကပ်လာသည်ကို မြင်သောအခါ ဟုန်မေတစ်ယောက် အနည်းငယ် စိုးရိမ်လာ၏။ "သခင်မလေး ကျွန်မတို့ နောက်ကျတော့မယ်”
"ဘာကို နောက်ကျတော့မယ် ပြောတာလဲ” ချူဟွားသည် စာမျက်နှာတစ်ရွက် လှန်လိုက်ပြီး အရသာခံကာ ဆက်ဖတ်နေဆဲ။
ဟုန်မေ: "သခင်မကြီးက သခင်မလေးကို တံခါးဝမှာ ကြိုဆိုဖို့ တောင်းဆိုထားတာ မဟုတ်ဘူးလား”
ချူဟွားက ခေါင်းပင် မမော့ဘဲ တုံ့ပြန်လိုက်၏။ "ချင်းကျူ”
ချင်းကျူကလည်း သူမ၏ ခါးကို နှိပ်နယ်နေခြင်းကို မရပ်တန့်ဘဲ အရှင်းလင်းဆုံးသော ဘာသာစကားဖြင့် ရှင်းပြလိုက်သည်။ "ဟုန်မေ သခင်မလေးနဲ့ သခင်မကြီးက အရှေ့လေက အနောက်လေကို လွှမ်းမိုးတဲ့ ဆက်ဆံရေးမျိုးမှာ ရှိနေတာ။ သခင်မကြီးနဲ့ သူ အလိုလိုက်ထားတဲ့ ယိညန်၊ ပြီးတော့ ယိညန်ရဲ့ တရားမဝင် ကလေးတွေက နေ့စဉ် စားရေးသောက်ရေး ဝတ်ရေးအတွက် သခင်မနဲ့ သခင်မလေးကို မှီခိုနေရတာ။ သူက ဒီလို အသေးအဖွဲ ကိစ္စတွေမှာပဲ သခင်မလေးကို အရှက်ခွဲနိုင်တာ”
ဟုန်မေ: ? ? ?
ခေါင်းငယ်လေးထဲတွင် မေးခွန်းအကြီးကြီးများ ပြည့်နှက်သွားလေ၏။
သူမသည် အိမ်တော်တွင် ရောက်နေသည်မှာ ၂ လပင် မပြည့်သေးဘဲ အတိတ်တွင် သခင်မလေးနှင့် သခင်မကြီးကြား ဖြစ်ပျက်ခဲ့သည်များကို များစွာ မသိရှိသော်လည်း ကိုယ်ကျင့်တရားနှင့် မိဘဘိုးဘွားကို ရိုသေခြင်းတရားအရ ဆိုလျှင် မည်သည့် သခင်မလေးက အဘွားကို ဂရုတစိုက် မပြုစု မရိုသေဘဲ နေပါမည်နည်း။ ယခုတော့ အဘွား၏ အနောက်လေကို လွှမ်းမိုးနေသည်တဲ့လား။
ဒါက... ပုံမှန် မဟုတ်ဘူး မဟုတ်လား။
သူမ ဘာကို အံ့ဩနေသည်ကို သိနေသဖြင့် ချင်းကျူသည် သူမ၏ နောက်ဆုံးအကွက်ကို အသုံးပြုလိုက်တော့သည်။ "သခင်မကြီးက သခင်မလေး တခြားလူရဲ့ ပစ္စည်း ခိုးတယ်လို့ ဘာအကြောင်းပြချက်မှ မရှိဘဲ ဆုံးဖြတ်တယ်။ ပြီးတော့ ယိညန်နဲ့ သူ့ကလေး ၂ ယောက်ကို ဘက်လိုက်တယ်။ သူက သခင်မလေးကို ချမ်းစိမ့်နေတဲ့ ဆောင်းတွင်းကြီးမှာ ဘိုးဘေးဆောင်မှာ ဒူးထောက်ခိုင်းတယ်။ သခင်မကို လျော်ကြေးပေးဖို့ ပိုက်ဆံအတင်းပေးခိုင်းတယ်။ သခင်မကို ယိညန်ရဲ့ အခန်းကို ထောက်ပံ့ဖို့ တင်တောင်းပစ္စည်းတွေ အသုံးပြုခိုင်းဖို့ နည်းလမ်းပေါင်းစုံ သုံးတယ်။ ပြီးတော့ သာ့ကုန်းဇီအတွက် ပြင်ဆင်ထားတဲ့ ဆိုင်တစ်ဝက်ကို အာ့ကုန်းဇီကို ပေးဖို့ သခင်မလေးကို ပြောတယ်..."
ဟုန်မေ:? ? ?
ဟုန်မေ:! ! !
မိန်းမငယ်လေး၏ မျက်နှာပေါ်မှ တွေဝေမှုနှင့် ရှုပ်ထွေးမှုတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ ဒေါသတကြီးဖြင့် သူမ၏ မျက်နှာသည် နီရဲလာ၏။ သူမသည် လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး "တကယ့်ကို အရှက်မရှိတဲ့ သခင်မကြီးပဲ။ သခင်မလေး သူ့ကို မျက်နှာသာ ပေးမနေနဲ့”
ချူဟွားက တအံ့တဩ မော့ကြည့်လိုက်ကာ "ဒီဆဲဆိုတဲ့ စကားတွေ နင် ဘယ်က သင်လာတာလဲ”
"လမ်းပေါ်မှာ ကြားခဲ့တာပါ” ဟုန်မေသည် သူမ စကားလုံးများ ညစ်ညမ်းလွန်းသဖြင့် ချူဟွား မကြိုက်ဟု ထင်သွားပြီး အလျင်အမြန် ဆိုလိုက်သည်။ "နောက်ဆို ကျွန်မ မဆဲတော့ပါဘူး”
ချူဟွား: "ငါနဲ့ သူ့ရဲ့ ဆက်ဆံရေးက ဒီလိုပဲ။ ပြန်လည် သင့်မြတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ သူက ငါ့ကို ဘာမှ လုပ်လို့မရဘူး။ ဒါပေမဲ့ ငါတို့က အပေါ်ယံ ငြိမ်းချမ်းရေးကိုတော့ ဆက်ထိန်းထားရဦးမယ်။ ဘာလို့လဲဆိုတော့ ငါ့အဖေနဲ့ အစ်ကိုကြီးက မှူးမတ်တွေ ဖြစ်နေပြီး ချူမိသားစု နာမည်ဆိုး ထွက်ခွင့် မပြုနိုင်လို့ပဲ။ ဒါက မိသားစု အရှက်ကို အပြင်မှာ မဖော်ပြသင့်ဘူး ဆိုတဲ့ အကြောင်းပြချက်ပဲ”
"ဟုန်မေ နင်က ငါ့ဘေးနားက လူပဲ။ နင့်စိတ်ထဲမှာ ဘာပဲ ဆဲချင်ဆဲချင် ဆဲလို့ရတယ်။ ဒါပေမဲ့ နင့်ပါးစပ်ကို ပိတ်ထားရမယ်။ ပြီးတော့ နင့်အပြုအမူတွေမှာ မပေါ်လွင်စေနဲ့။ မဟုတ်ရင် တစ်နေ့နေ့မှာ နင့်ပါးစပ်ကနေ ပြဿနာ ရှာမိပြီး ငါ မတတ်နိုင်တဲ့ လူတစ်ယောက်ယောက်ကို စော်ကားမိရင် ငါ နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး နားလည်လား”
ဟုန်မေသည် လေးပင်စွာ ခေါင်းညိတ်လိုက်လေသည်။ "သခင်မလေး ကျွန်မ မှတ်ထားပါ့မယ်၊ ကျွန်မ ပြောင်းလဲပါ့မယ်”
ချူဟွားသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပုံပြင်စာအုပ်ကို ဆက်လက် ဖတ်ရှုလိုက်တော့သည်။ အပေါ်ယံတွင် အချို့လူများသည် အေးဆေးတည်ငြိမ်ပြီး ဂရုမစိုက်ဟန် ပေါက်နေသော်လည်း အမှန်တကယ်တွင် သူတို့၏ စိတ်ထဲတွင်တော့ system ကို တိတ်တဆိတ် နှောင့်ယှက်နေလေသည်။ [System ငါ့အတွက် သခင်မကြီးကို စောင့်ကြည့်ပေးထားစမ်းပါ။ သူသာ နေမကောင်းဖြစ်ရင် ငါ သမားတော်ခေါ်ဖို့ လူတစ်ယောက်ယောက်ကို အမြန်ဆုံး လွှတ်လိုက်လို့ရတယ်]
System: [အရှေ့လေက အနောက်လေကို လွှမ်းမိုးတယ်ဆို။ နင်က ဘာလို့ သူ့ကို ဒီလောက် စိတ်ပူနေရတာလဲ]
ချူဟွား: [လျှောက်တွေးမနေနဲ့။ သူ တကယ် နေမကောင်းဖြစ်ရင် ငါ့အမေကို နှိပ်စက်ဖို့ အကြောင်းပြချက် ရသွားလိမ့်မယ်။ သူက နေမကောင်းဟန်ဆောင်ပြီး ငါ့အမေကို သူ့ကို ပြုစုစောင့်ရှောက်ခိုင်းလို့ရတယ်။ ငါ့အမေကို ဖြည့်စွက်စာတွေ ဝယ်ဖို့ ပိုက်ဆံသုံးခိုင်းပြီး နောက်တော့ အဲ့ဒီ ဖြည့်စွက်စာတွေကို ပြန်ရောင်းမှာ။ ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို အဲ့ဒီအခန်း (ယိညန်) ကို ထောက်ပံ့ဖို့ သုံးမှာ]
Systemမှာ တုန်လှုပ်သွားတော့သည်။ [သူက ဘာလို့ ဒီလောက် ဘက်လိုက်ရတာလဲ။ အားလုံးက ချွေးမတွေချည်းပဲ မဟုတ်ဘူးလား]
ချူမိသားစုမှ လူများ: "..."
နန်းစောင့်တပ်မှူး: "..."
သူတို့သည် ဘက်လိုက်တတ်သော သခင်မကြီးများကို မမြင်ဖူးသည် မဟုတ်သော်လည်း သည်လောက်အထိ ဘက်လိုက်သောသူကိုတော့ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်၏။
ချူဟွား: [သခင်မကြီးက ငါ့အမေရဲ့ ကုန်သည်မျိုးရိုး နောက်ခံကို အထင်သေးတယ်။ ပြီးတော့ သူ့ကို ထိန်းချုပ်ဖို့အတွက် တမင်တကာ ရွံရှာအောင်လုပ်ပြီး ဖိနှိပ်တာ။ မဟုတ်ရင် ပုံမှန် ယောက္ခမတစ်ယောက်က သူ့သား ဇနီးမယား လက်ထပ်ပြီး ၂ လအကြာမှာပဲ မယားငယ် ထားဖို့ ကိစ္စကို ထုတ်ပြောပါ့မလား]
ချူမိသားစု၏ အစေခံများနှင့် အိမ်စေများသည် နှစ်များတစ်လျှောက် အဆက်မပြတ် ပြောင်းလဲနေရာ လွန်ခဲ့သော နှစ် ၂၀ ကျော်က ဖြစ်ပျက်ခဲ့သည်များကို လူအများက သိပ်မသိကြပေ။
ချူဟွား ပြောသည်ကို ကြားပြီးနောက် လူတိုင်းက အမှန်တရားကို သဘောပေါက်သွားကြတော့သည်။ သခင်မကြီးချူသည် ဤကဲ့သို့ ရွံရှာဖွယ်ကောင်းသော အမှုများကို လုပ်ဆောင်ခဲ့သည်တဲ့။
System: [ဟမ်။ ငါ စစ်ကြည့်လိုက်တယ်။ နင့်အဖေက မင်္ဂလာဆောင်ပြီး ၆ လအကြာမှာ ကိုယ်လုပ်တော် ယူခဲ့တာ]
ချူဟွား: [သခင်မကြီးက မင်္ဂလာဆောင်ပြီး ၂ လမှာ ငါ့အဖေကို ပြောခဲ့တာ။ ဒါပေမဲ့ ငါ့အဖေက ငြင်းခဲ့တယ်။ ၆ လအကြာမှာ သခင်မကြီးက ငါ့အမေ ကိုယ်ဝန် မရှိသေးတဲ့ အကြောင်းပြချက်နဲ့ ကိုယ်လုပ်တော် ထားဖို့ ပြောပြီး ငါ့အဖေက သဘောတူလိုက်တယ်]
[အရယ်ရဆုံးက ဘာလဲသိလား။ ကိုယ်လုပ်တော်က အိမ်ထဲ ရောက်လာပြီးနောက် သူ့ဗိုက်က အကြာကြီး လှုပ်ရှားမှု မရှိဘဲ ငါ့အမေက အရင် ကိုယ်ဝန်ရသွားတယ်။ ပိုဆိုးတာက တစ်ကြိမ်တည်းနဲ့ ယောက်ျားလေး ရလိုက်တာ သခင်မကြီးရဲ့ မျက်နှာ ရောင်ကိုင်းသွားတယ်လေ]
System: [ဟားဟားဟား။ ကျေနပ်စရာကြီး]
လူအုပ်ကြီးသည် တိတ်တိတ်လေး လက်ခုပ်တီးလိုက်ကြသည်။ တကယ် ကျေနပ်စရာပဲ။
ချူဟွားက ဆက်ပြောလိုက်၏။ [သခင်မကြီးက ဒီအသက်အရွယ်နဲ့ အရမ်း ခေါင်းမာတာ။ ကလေးရတာ ကံတရားအပေါ် မူတည်တယ်ဆိုတာကို မယုံဘဲ လူက ကြားဝင် စွက်ဖက်ရမယ်လို့ အတင်း လုပ်တယ်။ သူက ယိညန်ကို ဆယ်ရက်လောက်နေတိုင်း သမားတော်တွေဆီ ခေါ်သွားတယ်။ ဘုရားကျောင်းတွေ သွားတယ်။ ဘုရားရှိခိုးတယ်။ အိမ်ထဲမှာ ကွမ်ရင်ရုပ်တု မျိုးစုံ ထားတယ်။ ပြီးတော့ ထူးဆန်းတဲ့ အဆောင်လက်ဖွဲ့တွေ ဆေးရည်တွေ အများကြီးပဲ။ ဒီလို လူးလွန့် လှုပ်ရှားနေတာ ၃ နှစ်တောင် ကြာသွားတယ်လေ]
[ငါက ယိညန်ကို အရမ်း လေးစားတယ်။ သူက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခံရပေမဲ့ ဇွဲမလျှော့ခဲ့ဘူး။ ၃ နှစ်ကြာတော့ ယိညန် နောက်ဆုံးတော့ ကိုယ်ဝန်ရသွားတယ်။ သခင်မကြီးက အရမ်း ပျော်သွားပြီး ဂုဏ်ပြုပွဲ ကြီးကြီးမားမား လုပ်ချင်နေတာ။ မယားကြီး ကိုယ်ဝန်ရှိတုန်းကတောင် ဒီလောက် မောက်မာမနေခဲ့ဘူး။ အဖေ၊ အမေနဲ့ အဘိုးက သဘောမတူဘူး။ စိတ်တိုပြီး သခင်မကြီးက သူ့ဘာသာ ပိုက်ဆံ သုံးဖို့ ကြံစည်တယ်။ ဘာဆက်ဖြစ်လဲ ခန့်မှန်းကြည့်]
System: [ဘာဖြစ်လဲ]
အားလုံး: ဘာဖြစ်သွားလဲ။
ချူဟွား: [သခင်မကြီးက သူ့ရဲ့ ကိုယ်ပိုင်ငွေကို ထုတ်လိုက်တယ်။ ၂ ချက်လောက် ကြည့်ပြီး ပြန်ထိုးထည့်လိုက်တယ်။ သူက သုံးဖို့ နှမြောနေတာ သိသာတယ်လေ။ သူက ကလေး တစ်လပြည့်မှ ပွဲကြီးကြီး လုပ်ဖို့ ပိုက်ဆံ စုထားမယ်လို့ အတင်း ပြောတယ်။ နောက်တော့ ချူချီ မွေးလာတယ်။ တစ်လပြည့်သွားတယ်။ တစ်နှစ်ပြည့်သွားတယ်။ ဒီအသက်အရွယ်အထိတောင် သူက ကောင်းကောင်းမွန်မွန် ဂုဏ်ပြုပွဲ လုပ်မပေးရသေးဘူး။ နောက်ဆုံးရ သတင်းကတော့ သခင်မကြီးက ချူချီ ကျင့်ရှီ စာမေးပွဲ အောင်တဲ့အထိ စောင့်ပြီးမှ ဂုဏ်ပြုပွဲ လုပ်မယ်လို့ စီစဉ်ထားလိုက်ကြတယ်]
System သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် မေးလိုက်တော့သည်။ [နင်က အစ်ကိုကြီးထက် ၇ နှစ်ငယ်ပြီး ချူချီထက် ၄ နှစ် ငယ်တာ။ အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေကို နင် ဘယ်လိုလုပ် ဒီလောက် သိနေရတာလဲ]
ဝမ်သခင်မပင်လျှင် ဤအတိတ်က အဖြစ်အပျက်များကို မသိရှိခဲ့ပေ။ သူမသည် ပိုက်ဆံအိတ်ကို ပန်းထိုးနေသည်ကို ရပ်တန့်လိုက်ပြီး အာရုံစိုက် နားထောင်နေခဲ့သည်။
ချူဟွားသည် ဂရုမစိုက်ပေ။: [ဒါက ဘာ ခက်ခဲနေလို့လဲ]
[သခင်မကြီးက ကျပ်တည်းတဲ့ ဘဝမှာ နေထိုင်တော့ သူ့ဘေးနားက လူတွေကလည်း သိပ် ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ဘူးလေ။ တစ်နှစ်မှာ သူ့ရဲ့ အိမ်တော်ပါ အထိန်းတော်က အိမ်ကနေ ခဏခဏ ထွက်သွားပြီး ဆေးနံ့တွေနဲ့ ဝမ်းနည်းတဲ့ မျက်နှာနဲ့ ပြန်ပြန်လာတယ်။ ငါ စုံစမ်းကြည့်တော့ သူ့မြေးက ဆိုးဆိုးရွားရွား နေမကောင်းဖြစ်နေတာ။ ဒါနဲ့ ငါ သူ့ကို ပိုက်ဆံနည်းနည်း ပေးလိုက်တယ်။ ငါက သခင်မကြီး ၇ နှစ်သားအရွယ်မှာ အိပ်ရာထဲသေးပေါက်ချတာကိုတောင် သိသေးတယ်]
ဝမ်သခင်မ: "..."
အခြားသူများ: "..."
နန်းစောင့်တပ်မှူးသည် မှတ်တမ်းတင်နေရင်း ခေတ္တ ရပ်တန့်သွားလေသည်။ ၇ နှစ်အရွယ်နဲ့ အိပ်ရာထဲ သေးပေါက်ချတုန်းလား။ ကျွတ် ကျွတ် ကျွတ်။
လက်ဖက်ရည် တစ်ခွက်စာအချိန် မတိုင်မီက ချူမိသားစု၏ ဂိတ်တံခါးဝတွင် အစိမ်းရောင် ရထားတစ်စီး ရပ်တန့်လာခဲ့သည်။
သွယ်လျပြီး နူးညံ့သော လက်လေးတစ်ဖက်က ခန်းဆီးစကို မတင်လိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။
"အဘွား ကျွန်မတို့ ရောက်ပါပြီ”
"ချူဟွား ဘယ်မှာလဲ”
"ညီမလေးက အရေးကြီးကိစ္စ ရှိနေလို့ နေမှာပါ။ အဘွား စိတ်မပူပါနဲ့။ အဘွားနဲ့အတူ ရှူးအာ ရှိနေပါတယ်”
ငွေရောင်ဆံပင်နှင့် သခင်မကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပိုပိုပြီး မကျေမနပ် ဖြစ်လာသည်။ သူမသည် ချူရှူး၏ အကူအညီဖြင့် ရထားပေါ်မှ ဆင်းလာလိုက်၏။ ချူမိသားစု၏ ဂိတ်တံခါးဝသို့ ဝင်ရောက်သည်နှင့် သူမသည် ချန်ဟွားကျွီသို့ ဒေါသတကြီး ဦးတည်သွားလေသည်။
အဲ့ဒီ သေနာမလေးက တံခါးဝမှာ လိမ္မာယဉ်ကျေးစွာ စောင့်နေမှာ မဟုတ်မှန်း ငါ သိသားပဲ။
သို့သော် အိမ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ဟန်တူသည်။ ဂိတ်တံခါးဝတွင် လူအနည်းငယ်သာ ရှိပြီး ချူဟွား၏ ချန်ဟွားကျွီနှင့် နီးကပ်လာလေလေ လူများ ပိုများလာလေလေပင်။
တစ်ယောက်က ကြွေကျနေသော သစ်ရွက်များကို တံမြက်စည်း လှဲကျင်းနေပြီး တစ်ယောက်က သစ်ကိုင်းများကို ညှပ်နေသည်။ တစ်ယောက်က ပန်းထိုးစင်ဖြင့် သည်နေရာတွင် ပန်းထိုးနေလေသည်။
ဘာတွေ ဖြစ်နေတာလဲ။
သခင်မကြီးချူသည် နားမလည်ဘဲ ရှေ့သို့ ဆက်လက် လျှောက်လာခဲ့၏။
ထိုအချိန်မှာပင် သူမသည် ချူဟွား၏ အသံကို ကြားလိုက်ရသည်။ [... ငါက သခင်မကြီး ၇ နှစ်သားအရွယ်မှာ အိပ်ရာထဲ သေးပေါက်ချတာကိုတောင် သိသေးတယ်]
သခင်မကြီးချူ: ? ? ?
သခင်မကြီးချူ: !!!
...