← Chapters

အခန်း ၂၁

Vol. 2 Ch. 21

အခန်း ၂၁

Vol. 2 Ch. 21

အပိုင်း (၂၁)

ပါဝင်ပတ်သက်နေသူ မာရွှီသည် အဆင့် ၅ မှူးမတ်တစ်ဦး ဖြစ်၏။ သူသည် ယမန်နေ့ညက နန်းတော်သို့ ဝင်ရောက်ခဲ့ခြင်း မရှိသဖြင့် ချူမိသားစု၏ အစီရင်ခံစာကို မမြင်တွေ့ခဲ့ရဘဲ အခြေအနေကို လုံးဝ မသိထားခဲ့ချေ။

သည်အခိုက်အတန့်တွင် သူသည် အရှင်မင်းကြီးနှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံး၏ ရှေ့မှောက်၌ system ၏ ဖောက်ပြန်မှု ဖော်ထုတ်ခြင်းကို အမှတ်မထင် ခံလိုက်ရလေသည်။ ထို့ထက် ပိုဆိုးသည်မှာ စိတ်လှုပ်ရှားမှုအတွက် နောက်ပေါက်ကို အသုံးပြုခဲ့ခြင်းအကြောင်း ဖြစ်နေသည်။ သူသည် ပါကင်ဆန် ရောဂါ ရှိသည့်နှယ် တုန်ယင်လို့နေလေသည်။

(နောက်ပေါက်ဆို သိတယ်ဟုတ်။ ယူတို့ သိထားတဲ့ဟာပါပဲ)

မာရွှီသည် တုန်လှုပ်နေပြီး သူ့ပတ်ဝန်းကျင်မှ လုပ်ဖော်ကိုင်ဖက်များသည်လည်း တိတ်တဆိတ် ဘေးသို့ ရှောင်တိမ်းသွားကြသည်။

မာရွှီသည် နောက်တစ်ကြိမ် ထပ်မံ တုန်ယင်သွားပြန်ရာ သူ့လုပ်ဖော်ကိုင်ဖက်များသည်လည်း နောက်သို့ ထပ်မံ ဆုတ်ခွာသွားကြပြီး သူသည် အိမ်သာထဲမှ ညစ်ညမ်းသော အရာတစ်ခုကဲ့သို့ ရွံရှာဖွယ် စက်ဆုပ်စွာဖြင့် တန်းစီနေရာမှပင် ထွက်ခွာလုနီးပါး ဖြစ်သွား၏။

မာရွှီ: “...”

သူ့မျက်နှာကြီးသည် နီလိုက် ပြာလိုက် ဖြစ်သွားတော့သည်။ သူသည် အသံကျယ်ကြီး ပြောဆိုရန် မဝံ့ရဲဘဲ သူ့လုပ်ဖော်ကိုင်ဖက်များကိုသာ လေသံတိုးတိုးဖြင့် ရှင်းပြလိုက်ရသည်။ “ငါက ဝါသနာ ထူးခြားနေရုံလေးပါကွာ”

တန်းစီနေရာ၏ ရှေ့ဆုံးမှ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးနှင့် လက်ဝဲလက်ယာ ဒုတိယဝန်ကြီးတို့သည် system ၏ ဖော်ထုတ်မှုများကို နားစွင့်ကာ နားထောင်နေခဲ့ကြသည်။ သည်စကားကို ရုတ်တရက် ကြားလိုက်ရသောအခါ သူတို့သည် လုံးဝကို ဆွံ့အသွားတော့၏။

ဟုတ်ပါတယ်။ သူ့မှာ ထူးခြားတဲ့ဝါသနာလေး တစ်ခု ရှိပါတယ်။ ဒါနဲ့များ သူက ဘာလို့ လူအများကြီး ဆွဲထည့်ခဲ့တာလဲ။

အကယ်၍သာ သူသည် လျိုယွဲ့နှင့် အတူ အပြင်ဘက်၌ ပျော်ပါးခြင်း မရှိခဲ့ဘဲ ကာလသားရောဂါကို နေရာအနှံ့ မဖြန့်ဝေခဲ့ပါလျှင် သူတို့သည် စစ်ဆေးမှုအတွက် ကိုယ်တုံးလုံး ချွတ်ရန် လိုအပ်မည် မဟုတ်သလို တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးနှင့် အခြား တော်ဝင်သမားတော်များ၏ အချိန်ကြာမြင့်စွာ အကြည့်ခံရမည်လည်း မဟုတ်ပေ။

ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးသည် မြောက်ပိုင်းသား ဖြစ်လေသည်။ ဆောင်းရာသီတွင် သူသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရေချိုးခန်းကြီးများသို့ သွားရောက် ရေချိုးလေ့ရှိပြီး အချင်းချင်း ကျောတိုက်ပေးလေ့ ရှိကြသည်။ ထိုအရာက အဓိကအားဖြင့် ဆေးကုသမှု အတွက်ဟု တွေးလိုက်သောအခါ ယောက်ျားတစ်ဦး သို့မဟုတ် တော်ဝင်သမားတော်တစ်ဦး၏ အကြည့်ခံရခြင်းကို သူ ဂရုမစိုက်တော့ပေ။

ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး နှစ်ဦးကတော့ တောင်ပိုင်းသားများ ဖြစ်ကြသည်။ တောင်ပိုင်းတွင် အများသုံး ရေချိုးခန်းများနှင့် အချင်းချင်း ကျောတိုက်ပေးခြင်းများ ရှိပါသတဲ့လား။ ရေချိုးခြင်းကို ဇလုံ သို့မဟုတ် ပုံးထဲသို့ ရေဖြည့်ခြင်းဖြင့် ပြုလုပ်ကြပြီး လူတစ်ဦးသည် အခန်းတစ်ခန်းထဲတွင် ဖြည်းညင်းစွာ ဆေးကြောရခြင်း ဖြစ်သည်။

ယခုအချိန်အထိ ထိုနှစ်ဦးသည် တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူး၏ စိုက်ကြည့်ခြင်းကို ခံရစဉ်က ကြက်သီးမွေးညင်းများ ထလာသည့် ထိတ်လန့်ဖွယ် ခံစားချက်ကို ပြန်လည် သတိရနေနိုင်သေးသည်။

ဆိုးရွားလိုက်လေ။

အခြေအနေက စဉ်းတီတုံးပေါ်မှ ဗိုက်ခွဲခံရတော့မည့် ငါးတစ်ကောင်လို ခံစားခဲ့ရလေ၏။ သူတို့၏ ဘဝတွင် ဤအရာကို နောက်တစ်ကြိမ် ထပ်မံ တွေ့ကြုံခံစားလိုခြင်း မရှိတော့ပေ။

ပြီးတော့ သူတို့ကို သည်လို စိတ်ဒဏ်ရာရစေခဲ့သော သူက အထူးဝါသနာ ဟုပင် ပြောရဲသေးသည်တဲ့လား။

ဟုတ်ပါတယ်။ သူက မြင့်မြတ်ပါတယ်။ အံ့ဩစရာကောင်းပါတယ်။ အမလေး။ ရှေ့ပေါက်ကနေမဝင်ဘဲ နောက်ပေါက်ကနေ ဝင်သတဲ့လေ။

ဒေါသတန်ဖိုးသည် ထိုးတက်သွားတော့၏။

သာမန် အမျိုးသမီးများနှင့် ရိုင်းစိုင်းစွာ ပျော်ပါးခြင်းသည် ပြစ်မှု မဟုတ်သော်လည်း အခြားသူများ၏ မယားငယ်များနှင့် ဖြစ်လျှင်တော့ တရားမဝင် ကာမဖောက်ပြားခြင်းပင်။

ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး နှစ်ဦးသည် စွဲချက်များ မသတ်မှတ်မီ တရားရေးဝန်ကြီးဌာနသို့ မကြာခဏ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ အခြား အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ သူတို့သည် အဓိကအားဖြင့် သာ့ရှန်းမင်းဆက်၏ ရာဇဝတ်မှု ဥပဒေနှင့် အကျွမ်းတဝင် ဖြစ်လိုကြသောကြောင့်ပင်။

Systemက ဆက်လက် ဖော်ထုတ်ပြန်သည်။ [ဒါက ဟောင်ယွိချိုင်၊ စက်မှုဝန်ကြီးဌာနရဲ့ ယွီ ဌာန လက်အောက်ကပဲ။ သူ့ကို ဒီနာမည် ပေးခဲ့တဲ့ သူ့မိဘတွေက တော်တော် အရည်အချင်းရှိတာပဲ၊ ဟားဟားဟား]

[ယွီဌာနက တောင်တွေတောတွေက ရတဲ့ အထွေထွေ ပစ္စည်းတွေကို တာဝန်ယူရတယ်၊ မှူးမတ်အားလုံးအတွက် ဟင်းသီးဟင်းရွက်နဲ့ မီးသွေးတွေ ထောက်ပံ့ရတယ်၊ အမဲလိုက်တာနဲ့ ငါးဖမ်းတာကို တားမြစ်တဲ့ ဥပဒေကိုလည်း တာဝန်ယူရတယ်။ ကြည့်လိုက်ရင်တော့ မထင်မရှားဘူး။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူက လက်ကလေး နည်းနည်း လှုပ်လိုက်တာနဲ့ ပိုက်ဆံ အများကြီး ရှာနိုင်တယ်။ ဒီတော့ သူက သူ့ကိုယ်သူ ဝါသနာတစ်ခု ပေးထားတယ်။ ဟီးဟီး၊ ဘာလဲဆိုတာ ခန့်မှန်းကြည့်မလား]

လောကကြီးတွင် ဝါသနာပေါင်းများစွာ ရှိရာ ချူဟွားသည် မျက်စိမှိတ်ပြီး မည်သို့ ခန့်မှန်းနိုင်မည်နည်း။

သူမသည် ညီလာခံတွင် ပျင်းရိနေရုံလေးပင်။ ဖရဲသီး စားသုံးခြင်းသည် အချိန်ကုန်ဆုံးရန်နှင့် ပျော်ရွှင်ရန် ဖြစ်ပြီး ယခု အလျင်လိုစရာ မရှိသဖြင့် တစ်ခုချင်းစီ ခန့်မှန်းကြည့်လိုက်လေသည်။

ချူဟွား: [အိုးနဲ့ ပန်းပင်တွေ စိုက်တာလား]

System: [မဟုတ်ဘူး]

ချူဟွား: [အလွဲသုံးစားလုပ်တာနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တာလား]

System: [သူ တကယ် လုပ်ပါတယ်၊ ဒါပေမဲ့ မဟုတ်သေးဘူး]

ချူဟွားသည် ဆက်လက် ခန့်မှန်းနေပြီး system သည်လည်း ဆက်လက် ငြင်းဆိုနေလေသည်။ ထို အေးဆေးသက်သာစွာ ခန့်မှန်းနေကြသည့် ကစားပွဲသည် အရှင်မင်းကြီးနှင့် မှူးမတ်များကိုတော့ စိုးရိမ်ပူပန်စေလေတော့သည်။

ဒီကောင် ဘယ်လို အကျင့်ပျက်ခြစားခဲ့တယ်။ ဘယ်လောက်တောင် အကျင့်ပျက်ခြစားခဲ့တယ် ဆိုတာကို ပြောပြသင့်တယ်။ ဒါမှ သူတို့က သူ့ပစ္စည်းတွေကို သိမ်းဆည်းမလား ဘယ်လောက် သိမ်းဆည်းမလဲ ဆိုတာကို ဆုံးဖြတ်နိုင်မှာ။

ဟောင်ယွိချိုင်သည် ကြောက်လွန်းသဖြင့် ချွေးများ ထွက်လာသော်လည်း သုတ်ပစ်ရန် မဝံ့ရဲခဲ့ပေ။

မာရွှီ၏ဥပမာက ရှေ့တွင် ရှိနေသဖြင့် သူ လွတ်မြောက်နိုင်မည်ဟု မထင်။ သို့သော် systemက သူ့ကို အကျင့်ပျက်ခြစားမှုဖြင့် မဖမ်းသမျှ ကာလပတ်လုံး သူ့ကို ကယ်လို့ရနိုင်သေးသည်။

အရှင်မင်းကြီးကတော့ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။ သူကတော့ ချူဟွားနှင့် system တို့က သူတို့ကို ရတနာတူးဖော်ရန် ခေါ်ဆောင်သွားမည် မဟုတ်ဘဲ ဘဏ္ဍာတိုက်တွင် ငွေ မရှိမည်ကို စိုးရိမ်နေရသည်။

ပါးစပ်ထဲ ရောက်လာတဲ့ အဆီတဝင်းဝင်း သိုးတစ်ကောင်ကိုတောင် မစားဘူးဆိုရင် မိုးကြိုးပစ်ခံရမှာပဲ။

ဘဏ္ဍာရေး ဒုတိယဝန်ကြီးက အရှင်မင်းကြီးထက်ပင် ပိုပြီး စိတ်စောနေသေးသည်။ သူ့မျက်လုံးများသည် ကြွက်တက်လုနီးပါး ဖြစ်နေသော်လည်း လင်ယိုကတော့ မမြင်ဟန် ဆောင်နေဆဲ။

လင်ယိုသည် အရှင်မင်းကြီး၏ အားကိုးရသူ ဖြစ်၏။ အကယ်၍ သူ့ကို တခြား မှူးမတ်များက အမိန့်ပေးနိုင်ပါက သူသည် အနက်ရောင် ဦးထုပ် (မှူးမတ်ဦးထုပ်) ရရှိရန် မျှော်လင့်ချက် မရှိတော့ပေ။

အရှင်မင်းကြီးက ချန်ကျို့ကို သတင်းစကား ပါးခိုင်းရန် လွှတ်လိုက်သည့်အခါမှသာ လင်ယိုသည် နန်းစောင့်တပ်မှူးကို စစ်ဆေးရန် အမိန့်ပေးလိုက်သည်။

ဘဏ္ဍာရေး ဒုတိယဝန်ကြီးသည် ဒေါသတကြီးဖြင့် သူ့မုတ်ဆိတ်မွှေးများကို မှုတ်ထုတ်လိုက်ပြီး စူးစိုက်ကြည့်ကာ ပြောလေတော့သည်။ “ခင်ဗျားက အလိုက်တသိ ပြုမူရမှန်း မသိဘူးပဲ”

သူသည် နောက်ထပ် စကားအနည်းငယ် ပြောလိုသေးသော်လည်း သူ့လုပ်ဖော်ကိုင်ဖက်က သူ့ပါးစပ်ကို ပိတ်ထားလိုက်၏။ “နားမထောင်နိုင်တော့ဘူး”

အကြောင်းမှာ ချူဟွားသည် ၁၀ ကြိမ်တိုင်တိုင် ခန့်မှန်းခဲ့သော်လည်း မှန်ကန်အောင် မခန့်မှန်းနိုင်ခဲ့ဘဲ ပျင်းရိလာသဖြင့် ကစားပွဲကို လက်လျှော့လိုက်သောကြောင့်ပင်။

System: [တကယ်တော့ ငါ နင့်ကို အရိပ်အမြွက် ပေးခဲ့သားပဲ၊ သူ့မိဘတွေက သူ့ကို နာမည်ကောင်း ပေးခဲ့တယ်လို့]

အမှန်တကယ်ပင် ပြောခဲ့သည်ပင်။ ချူဟွားသည် မေးစေ့ကို ပွတ်သပ်လိုက်လေသည်။ ဒီ "ဟောင် ယွိ ချိုင်" (ကောင်းသော ကျောက်စိမ်း အရည်အချင်း) ဆိုတဲ့ စကားလုံး ၃ လုံးက ဘယ်လို ဝါသနာတွေနဲ့ ပတ်သက်နေလို့လဲ။

Systemသည် သူမကို ဆက်လက်ပြီး စိတ်လှုပ်ရှားအောင် မထားတော့ပေ။ [ဟောင်ယွိချိုင်က ရွှေငွေကို မမက်မောဘူး။ သူက ကျောက်စိမ်းကိုပဲ သဘောကျတယ်။ သူ့ဥယျာဉ်ထဲက ကျောက်ဆောင်တုမှာ စုပုံထားတဲ့ ကျောက်တုံးကျောက်ခဲတွေက တကယ်တော့ ကျောက်စိမ်းတွေပဲ။ ပြီးတော့ အားလုံးက မသွေးရသေးတဲ့ ကျောက်စိမ်းကောင်းတွေချည်းပဲ။ တကယ်လို့ ကျောက်စိမ်းပညာရှင်ကောင်း တစ်ယောက် ရှာပြီး ပိုက်ဆံ မရှားတဲ့ သူဌေးတစ်ယောက်၊ အထူးသဖြင့် ကျန်းနန်က သူဌေးတွေကို ရောင်းလိုက်ရင် တစ်တုံးတည်းနဲ့ အနည်းဆုံး သန်းပေါင်းများစွာ ရနိုင်တယ်]

ဟ။ သန်းပေါင်းအများကြီးတဲ့။

ချက်ချင်းပင် အရှင်မင်းကြီးနှင့် မှူးမတ်အားလုံး၏ မျက်လုံးများသည် ညဉ့်နက် အမှောင်ထဲမှ မီးသီးများကဲ့သို့ လင်းလက် တောက်ပသွားကြတော့သည်။

ပဉ္စမအဆင့်ရှိသော ယွီဌာနမှ ညွှန်ကြားရေးမှူးလေး တစ်ဦးသည် အဓိက တတိယအဆင့်ရှိ ဘဏ္ဍာရေးဝန်ကြီး ထက်ပင် ပိုပြီး လောဘကြီးနေသည်တဲ့လား။ မဖြစ်မနေ သိမ်းဆည်းရပေမည်။

ဒီသန်းပေါင်းများစွာက ၅သန်းထက် ကျော်နိုင်မလားဆိုတာကတော့...

သာ့ရှန်းမှ ထိပ်တန်း ကျောက်စိမ်းပညာရှင် အနည်းငယ်ကို ရှာဖွေ၊ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီး အရှိန်မြှင့်လိုက်၊ ပြီးနောက် ကျန်းနန်က နာမည်ကြီး သူဌေးကြီးကို ရောင်းချလိုက်ရင်မရနိုင်ဘဲ ရှိပါ့မလား။

ဟောင်ယွိချိုင်ခမျာ ဖြူဖတ်ဖြူရော် မျက်နှာဖြင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ကျသွား၏။

အကယ်၍ systemက သည်ကိစ္စကို ဖွင့်ဟ မပြောခဲ့ပါလျှင် နန်းစောင့်တပ်မှူး မည်မျှပင် ကြိုးစား တူးဆွပါစေ သူ့အိမ်မှ ငွေသား ငွေစ ရှေးဟောင်းပစ္စည်းများ လက်ရေးလှများနှင့် ပန်းချီကားများကို များစွာ တူးဖော်နိုင်မည် မဟုတ်ပေ။ ကျောက်ဆောင်တု။ ဥယျာဉ်ထဲမှ ထို မထင်မရှား ကျောက်တုံးများကို မည်သူက ဂရုစိုက်မည်နည်း။ ယခုတော့ ဤသို့ ဖြစ်ပျက်သွားခဲ့ပြီ။ သူ နှစ်ပေါင်းများစွာ ဂရုတစိုက် အလွဲသုံးစား လုပ်ခဲ့သမျှ ကျောက်စိမ်းများ အားလုံး ကုန်ဆုံးသွားခဲ့ပြီ။ တစ်စကလေးပင် ကျန်ရစ်တော့မည် မဟုတ်ပေ။

ပြီးဆုံးသွားလေပြီ။ လုံးဝ ပြီးဆုံးသွားခဲ့ပြီ။

ဆန့်ကျင်ဘက်အားဖြင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီးတစ်ယောက်ကတော့ ငါးခိုးလာသော ကြောင်တစ်ကောင်လို ပြုံးလို့နေ၏။

ချူဟွားက တကယ်ပဲ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူ့ကို ဒီကို ပြောင်းရွှေ့ခိုင်းရမယ်။ ပိုတူး ပိုတူး၊ အကျင့်ပျက်ခြစားတဲ့ မှူးမတ်တွေကို ပိုပြီး စစ်ဆေး။ ဘဏ္ဍာတိုက်က ဘယ်လိုလုပ် မချမ်းသာဘဲ နေမလဲ။ ပိုက်ဆံ မရှိလို့ ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်နိုင် ဖြစ်နေဦးမှာလား။ စိုးရိမ်ရလွန်းလို့ ဆံပင်တွေတောင် ကျွတ်ကုန်တော့မယ်၊ သိရဲ့လား။

System: [သူက ကျောက်စိမ်းကို သဘောကျတယ်။ ဒါပေမဲ့ အလွဲသုံးစားလုပ်ထားတဲ့ သဲလွန်စတွေ လူတွေ တွေ့သွားမှာကို ကြောက်တယ်။ ဒါကြောင့် သူက တခြားလူတွေဆီကနေ အရောင်တင်တာနဲ့ ထွင်းထုတာကို သင်ယူခဲ့တယ်။ နောက်ပိုင်းကျတော့ မာရွှီက သူ့ကို အပြင်ဘက်က ပျော်ပွဲပါးပွဲတွေမှာ ပါဝင်ဖို့ ဆွဲခေါ်သွားပြီး သူက တိတ်တိတ်လေး တီး—— တစ်ခုကို ထွင်းထုခဲ့တယ်၊ ပြီးတော့ တီး——]

[ဒီပစ္စည်းကို သုံးပြီးတဲ့နောက်မှာ သူက လျိုယွဲ့ကို ပေးလိုက်တယ်။ လျိုယွဲ့က သုံးကြည့်ပြီးတော့ တခြားလူတွေကို ညွှန်းပေးခဲ့တယ်။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ တချို့လူတွေက တကယ် ညစ်ပတ်တဲ့အလုပ် လုပ်တဲ့အခါ တကယ် ကျန်းမာရေးအသိမရှိဘူးလို့ပဲ ပြောရတော့မယ်။ အနည်းဆုံးတော့ သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်သင့်တယ်မလား]

ချူဟွားက ဆက်ပြောလိုက်သည်။ [အရွယ်မရောက်သေးသူတွေကို အကာအကွယ်ပေးတဲ့အတွက် system ကို ကျေးဇူးတင်ပါတယ်]

System: [ရပါတယ်~]

အရှင်မင်းကြီး: “...”

မှူးမတ်များ: “...”

အော့——

တစ်ချို့လူတွေရဲ့ဝါသနာတွေက အဲလောက် ထူးဆန်းပြီး ဖုံးကွယ်မထားကြတဲ့အကြောင်းကို တကယ် နားမလည်နိုင်တော့ဘူး။ သူတို့တွေ မရွံတတ်ကြဘူးလား။

ချူဟွားက သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ [ငါက ယောက်ျားတွေ ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူး၊ ညစ်ပတ်တယ် ဆိုတာလောက်ပဲ သိတာ၊ ဒါပေမဲ့ သူတို့က ဒီလောက်အထိ ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူး ဆိုတာတော့ မသိခဲ့ဘူး။ ဒါက ဘယ်လိုမျိုး အံ့ဩစရာ မျိုးစိတ်ကြီးလဲ။ လူသားတွေ ဆင့်ကဲပြောင်းလဲတုန်းက သန့်ရှင်းသပ်ရပ်မှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက သူတို့ရဲ့ မျိုးရိုးဗီဇ ထဲမှာ မထည့်သွင်းခဲ့တာလား]

အရှင်မင်းကြီး: !!!

မှူးမတ်များ: !!!

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ပါဘူး——။ ဒါက တကယ့်ကို လက်ချိုးရေလို့ရတဲ့ ယောက်ျားတွေရဲ့ ထူးဆန်းတဲ့အမူအကျင့်ရယ်ပါ။ ယောက်ျားတွေအားလုံးလို့တော့ သိမ်းကျုံးပြီး မပြောပါနဲ့။

ဂုဏ်သိက္ခာသည် ဤအခြေအနေအထိ ပျက်စီးသွားခဲ့ရာ ရှိနေကြသော ယောက်ျားသားများ အားလုံး ဒေါသထွက်သွားကြတော့သည်။

အရှင်မင်းကြီးကလည်း အကင်းပါးလှသည်။ “ချူဖျင်”

ချူဖျင်သည် မနေ့ညက မိမိကိုယ်တိုင်၏ ဦးထုပ်စိမ်း ဖရဲသီးကို စားသုံးခဲ့ရပြီး တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ ယနေ့ နံနက်တွင်လည်း ဦးထုပ်စိမ်း ဖရဲသီးကို ထပ်မံ စားသုံးလိုက်ရပြန်သည်။ တစ်ကိုယ်လုံး ထုံကျင်နေသဖြင့် အရှင်မင်းကြီးက သူ့နာမည်ကို ခေါ်သည်ကို ကြားလိုက်ရသော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။

“အရာရှိချူ၊ အရှင်မင်းကြီး ခင်ဗျားကို ခေါ်နေတယ်” တရားရေးဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့ကို လက်တို့လိုက်၏။

ချူဖျင်သည် အလျင်အမြန် ခြေလှမ်း ထွက်လိုက်သည်။ “မှန်လှပါ”

ထိုအချိန်တည်းမှာပင် လျိုကျန်းက ချူဟွားကို တွန်းလိုက်လေသည်။ “မင်းအဖေ”

မင်းအဖေကို များများ ကြည့်ထား၊ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး မထိခိုက်စေနဲ့တော့။

ချူဟွား: ?

သည်မတော်တဆမှုကြောင့် သူမ၏ ညည်းညူသံ လေသံသည် ရုတ်တရက် စူးရှသွားလေတော့သည်။

[ဘာတွေ ဖြစ်ကုန်တာလဲ။ ငါ့အဖေ ဆောင်ကြာမြိုင်သွားတယ်လို့ စွပ်စွဲခံရပြန်ပြီလား]

Systemလည်း အခိုက်တန့် ကြောင်အသွားတော့သည်။ [အာ။ မဟုတ်လောက်ပါဘူး]

အရှင်မင်းကြီး: “...”

ချူဖျင်: “...”

မှူးမတ်များ: “...”

အရှင်မင်းကြီးသည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ သူ ပြောမည့်စကားကို သတိရသွားတော့သည်။

“ချူဖျင်၊ ကျန်း ကြားတာတော့ မင်းတို့ မိသားစုက အေးခဲတဲ့ ဆောင်းရာသီမှာတောင် နေ့တိုင်း ရေချိုးရတယ်တဲ့။ ပူပြင်းတဲ့ နွေရာသီမှာဆို တစ်နေ့ နှစ်ခါတောင် ချိုးရတယ်ဆို”

ချူဖျင်သည် ရှုပ်ထွေးသွားပြီး ချူဟွားသည်လည်း ရှုပ်ထွေးသွားတော့သည်။ [အရှင်မင်းကြီးက သူ့မှူးမတ်တွေ တစ်နေ့ ဘယ်နှခါ ရေချိုးလဲ ဆိုတာကိုတောင် ဂရုစိုက်နေသေးတာလား။ သူ့မိသားစုက ပင်လယ်နားမှာ နေတာမှ မဟုတ်တာ၊ ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ]

ကျလိ။ အရှင်မင်းကြီးသည် အံကြိတ်ထားလိုက်ပြီး အကြောင်းအရာကို ပြောင်းကာ ဆူပူလိုက်လေသည်။ “ပြောစမ်း။ မင်း အလွဲသုံးစား လုပ်ခဲ့လား”

ချူဖျင်: ???

ချူဟွား: ???

“ကျွန်တော်မျိုး စွပ်စွဲခံရတာပါ” ချူဖျင်သည် အသံမြင့်ကြီးဖြင့် တရားမျှတမှုအတွက် အော်ဟစ်လိုက်ရာ သူ့အသံသည် ညီလာခံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ သူ ဘယ်လောက်တောင် နစ်နာခံစားနေရတယ် ဆိုတာကို လူတိုင်း သိနိုင်ပါတယ်လေ။ “ကျွန်တော့် ဇနီးနဲ့ သမီးက ပိုက်ဆံ ရှာ အရမ်းတော်တာ၊ သုံးလို့တောင် မကုန်နိုင်ဘူး။ ဘာကို အလွဲသုံးစား လုပ်စရာ ရှိသေးလို့လဲ”

ဘာကို အလွဲသုံးစား လုပ်စရာ ရှိသေးလို့လဲ။

ဘာကို အလွဲသုံးစား လုပ်စရာ ရှိသေးလို့လဲတဲ့။

သည်စကားသည် ပဲ့တင်ထပ်နေသော အသံတစ်ခုလို လူတိုင်း၏ နားထဲတွင် ၃၆၀ ဒီဂရီ ဟိုဟိုဒီဒီ လှည့်ပတ်နေပြီး သူတို့၏ နားထဲသို့ မဆုတ်မနစ် တိုးဝင်နေလေသည်။

ဟုတ်ပါတယ်။ သူက လူချမ်းသာအမျိုးသမီးနဲ့ လက်ထပ်ခဲ့တာ သူတို့ သိပါတယ်။ သူ့သမီးကလဲ အသက်၇နှစ်အရွယ်ကတည်းက စီးပွားရှာတော်တာ သိကြပါတယ်။

ဒါပေမဲ့ သူက ဒီလို ထုတ်ကြွားစရာလိုလို့လား။ လိုလို့လား။

ငွေကြေး မလုံလောက်သော အရှင်မင်းကြီးသည် အံကြိတ်မိလေတော့သည်။ ငါ့မှာ ဘာလို့ ဒီလောက် ပိုက်ဆံရှာတော်တဲ့ ဇနီးနဲ့ သမီး မရှိရတာလဲ။

ငွေကြေး မလုံလောက်သော ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှူးမတ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ ဒါဆို သူလည်း သူ့ဇနီးနဲ့ သမီးဆီကနေ ပိုက်ဆံရှာတာ နည်းနည်းပါးပါး သင်ယူသင့်တယ်။ ဒါမှ ငါတို့က သူ့ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ခိုင်းလို့ ရမှာ။

ငွေကြေး မရှားပါးသော မှူးမတ်များသည် ချူဖျင်ကို မကြင်နာသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့ မသိခဲ့ပါလား ဟေ။ မျက်ခုံးမွှေးထူထူ မျက်လုံးကြီးကြီးနဲ့ ချူဖျင်က ကြွားဝါတာ ဒီလောက် တော်မှန်း။

ချူဟွား: “...”

သူမသည် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ [ငါက ငါ့အဖေ ဦးနှောက် သိပ်မကောင်းဘူး ဆိုတာလောက်ပဲ သိတာ။ မဟုတ်ရင် သူက ဒီလောက် နှစ်တွေကြာတာတောင် ပဉ္စမအဆင့် မှူးမတ် ဖြစ်နေမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူ့ဦးနှောက်က ဒီလောက်တောင် ဆိုးရွားမှန်းတော့ မသိခဲ့ဘူး]

ချူဖျင်: “...”အဖေ့အပေါ် သိပ်ကို သိတတ်လိုက်တဲ့ သမီးပဲ။

ချူဟွား: [လူတွေက အဖေ့ကို အလွဲသုံးစား လုပ်ခဲ့လားလို့ မေးတဲ့အခါ ဘာလို့ မလုပ်ခဲ့ဘူးလို့ပဲ မပြောရတာလဲ။ ဘာလို့ အဖေ့ရဲ့ ချမ်းသာကြွယ်ဝမှုကို သွားကြွားနေရတာလဲ။ အဖေက သေတာ မမြန်သေးဘူးလို့ ထင်နေတာလား]

အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် အသည်းအသန် ခေါင်းညိတ်လိုက်ကြလေသည်။ အမှန်ပဲ။

ချူဟွား: [အဖေ တကယ် အလွဲသုံးစား လုပ်ခဲ့တယ် ဆိုရင်တောင်မှ ခိုင်မာတဲ့ သက်သေအထောက်အထား မထုတ်ပြနိုင်သရွေ့ သူက အဖေ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ အဖေက သူ့အပေါ်မှာ "အာဏာရှင် ဧကရာဇ်" ဒါမှမဟုတ် "သစ္စာရှိ မှူးမတ်တွေကို အကွက်ဆင်တိုက်ခိုက်တယ်" ဆိုတဲ့ ဦးထုပ်ကိုတောင် ဆောင်းပေးလိုက်လို့ ရသေးတယ်။ သူ့ကို နာမည်ဆိုး ထွက်အောင်လုပ်ပြီး အဖေ့ကို ဘာမှ မလုပ်ရဲအောင် လုပ်လို့ရတယ်]

အရှင်မင်းကြီးနှင့် မှူးမတ်အားလုံး၏ တဆတ်ဆတ်ညိတ်နေသည့် ခေါင်းများမှာ တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားလေသည်။ ဘာ.. ဘာ.. ဘာ..။ နောက်တစ်ခေါက် ထပ်ပြောစမ်း။

...

All Chapters