← Chapters

အခန်း ၂၃

Vol. 2 Ch. 23

အခန်း ၂၃

Vol. 2 Ch. 23

အခန်း (၂၃)

ချူဟွားက အံ့ဩစရာကောင်းသည်ဟု နောက်ဆုံးပြောခဲ့သောသူမှာ လျိုယွဲ့ဖြစ်ပြီး သူမသည် သူမ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ညီလာခံတစ်လျှောက်လုံး ကာလသားရောဂါ ဖြန့်ဝေခဲ့သော အမျိုးကျွန်တော်တစ်ဦး ဖြစ်လေသည်။

ယခု ချူဟွားပြောသော အံ့ဩစရာကောင်းသည့်သူမှာ ကွပ်ကဲရေးမှူးဖြစ်ပြီး သူသည် သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် မြို့တော်တစ်ခွင်လုံးတွင် သူ၏ မျိုးဆက်ပွားများကို ဖြန့်ကျက်ထားသူ အမျိုးသားတစ်ဦး ဖြစ်နေသည်။

ငါ့ရဲ့ညီလာခံက ဘာလို့ ထူးဆန်းတဲ့အကျင့်တွေရှိတဲ့ မှူးမတ်တွေနဲ့ ပြည့်နေရတာလဲ။ အရှင်မင်းကြီးတစ်ယောက် နားမလည်နိုင် ဖြစ်သွားတော့သည်။

မှူးမတ်များကလည်း ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘာလို့ ဖော်ပြဖို့ ခက်ခဲတဲ့လူတွေချည်း ဖြစ်နေရတာလဲ ဟု နားမလည်နိုင် ဖြစ်နေကြသည်။

System: [ဒီလူက သူနဲ့ ဆက်ဆံရေးကောင်းတဲ့ ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေရဲ့ မိန်းမတွေကိုပဲ သီးသန့်ရွေးတာ။ ဆက်ဆံရေးမကောင်းရင် သူတို့အိမ်ကို အချိန်မရွေး နေရာမရွေး သွားလည်ဖို့ အဆင်မပြေဘူးလေ၊ ဟုတ်တယ်မလား]

ကွပ်ကဲရေးမှူးရုံးမှ ကွပ်ကဲရေးမှူးများသည် သိရှိထားသော သဲလွန်စများအတိုင်း သူတို့၏ လုပ်ဖော်ကိုင်ဖက်များကြားတွင် သံသယရှိသူများကို ရှာဖွေနေကြသလို၊ အခြားဌာနများမှ မှူးမတ်များကလည်း သူတို့ထံတွင် သူတို့နှင့် အထူးသဖြင့် ဆက်ဆံရေးကောင်းမွန်ပြီး သူတို့အိမ်သို့ မကြာခဏ လာလည်တတ်သော ကွပ်ကဲရေးမှူး သူငယ်ချင်း ရှိ၊ မရှိ ပြန်လည် စဉ်းစားနေကြလေသည်။

အချို့လူများ၏ မျက်လုံးများက တောက်ပလာကြပြီး တွေးတောနေကြသည်။ သူတို့သည် သဲလွန်စများအတိုင်း သက်ဆိုင်ရာလူကို ရှာတွေ့သွားသည်မှာ ထင်ရှားလှသည်။

အချို့လူများ၏ မျက်နှာများက ညိုမှောင်သွားကြပြီး သူတို့ ဦးချိုပေါက်သွားကာ သူများကလေးကို မွေးမြူပေးနေရမည်ကို စိုးရိမ်နေကြသည်။ သူတို့တွင် ကာလသားရောဂါ ရှိနေမည်ကိုလည်း စိုးရိမ်နေကြတော့သည်။

System: [ငါ့အထင်တော့ ဝူရူမှာ ဝက်တွေကို စွဲလန်းတဲ့စိတ် နည်းနည်းရှိတယ်လို့ ထင်တာပဲ။ မဟုတ်ရင် သာမန်လူတွေက ဒီလိုမလုပ်ဘူး။ သူက ကလေးမွေးပြီးသား မိန်းမတွေကိုပဲ သီးသန့် သွေးဆောင်ဖြားယောင်းတာ။ ဘာလို့လဲဆိုတော့ သူတို့က ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကလေး ထပ်ရနိုင်သေးလို့ပဲ။ သူ့မိန်းမနဲ့ ကိုယ်လုပ်တော်တွေကလည်း ဒီလိုပုံစံမျိုးတွေချည်းပဲ။ အဟေး။ ဒီလူရဲ့ အကြိုက်ပုံစံက တော်တော်လေး တသမတ်တည်း ဖြစ်နေတာပဲနော်]

[သားကောင်တွေထဲမှာ ကွပ်ကဲရေးမှူးရုံးက မှူးမတ်တွေဖြစ်တဲ့ ကယ်ယဲ့နဲ့ ကောင်းချင်းဝမ်တို့လည်း ပါတယ်... ဒီလောက်များတဲ့လူတွေ အတူတူပေါင်းလိုက်ရင် ခင်ပွန်း-ရန်သူ မဟာမိတ်အဖွဲ့တောင် ဖွဲ့လို့ရလောက်တယ်။ ဟင်။ မမကြီးဟွား၊ နင် ဘာဖြစ်သွားတာလဲ]

အရှင်မင်းကြီး: ???

မှူးမတ်များ: ???

ဘာဖြစ်သွားတာလဲ။ ချူဟွား ဘာဖြစ်သွားတာလဲ။

သည်အချိန်တွင် သူတို့သည် ချူချင်း၏ ရာထူး နိမ့်ကျနေသည်ကို အထူးသဖြင့် စိတ်တိုမိကြသည်။ သူတို့အတွက် ဖရဲသီး စားရန် အဆင်မပြေသလို ခန်းမအပြင်ဘက်ရှိ ချူဟွားကိုလည်း မမြင်နိုင်ပေ။

ချူဟွား: [ဘာမှမဖြစ်ပါဘူး]

သူမသည် လင်းလက်စပြုလာသော ကောင်းကင်ကို ကြည့်လိုက်ပြီး အနီးအနားရှိ လျိုကျန်းကို မေးလိုက်လေသည်။ "ဒီနေ့ လုပ်စရာဘာမှမရှိတော့ဘူး၊ ညီလာခံကလည်း ဆင်းတော့မယ်နော်၊ ဟုတ်တယ်မလား”

လျိုကျန်း: "ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”

ချူဟွားက များများစားစား မပြောပေ။ "ကျွန်တော့်မှာ လုပ်စရာရှိလို့ ဒီနေ့ ဟန်လင်းကျောင်းတော်ကို မသွားတော့ဘူး”

လျိုကျန်းက အများကြီး မမေးဘဲ ပြောလိုက်လေသည်။ "ကောင်းပြီ"

ချူဟွားသည် ညီလာခံ ပြီးဆုံးရန်ကိုသာ အာရုံစိုက် စောင့်ဆိုင်းနေသော်လည်း အရှင်မင်းကြီးနှင့် မှူးမတ်များမှာ စားစရာ ဖရဲသီး မရှိတော့သဖြင့် ကျန်ရှိသော ကိစ္စရပ်များကို လျင်မြန်စွာ ဖြေရှင်းလိုက်ကြသည်။

"ညီလာခံ ရုပ်သိမ်းပြီ__"

ရှေ့ဘက်မှ အသံထွက်ပေါ်လာသည်နှင့် ချူဟွားသည် သူမ၏ အရာရှိဝတ်ရုံကို မကာ အလျင်အမြန် ပြေးထွက်သွားတော့သည်။

မှူးမတ်များသည် သူမ ထွက်ပြေးသွားသည်ကို အလျင်စလို မြင်လိုက်ရပြီး ချူဖျင်ထံသို့ လှည့်ကြည့်လိုက်ကြသည်။

တရားရေးဝန်ကြီးဌာနမှ မှူးမတ်သည် ချူဖျင်နှင့် ပို၍ နီးကပ်သဖြင့် မေးလိုက်၏။ "သူ ဘာလုပ်ဖို့ ထွက်သွားတာလဲ”

ချူဖျင်: "ကျွန်တော်က အရင်က နွားကျောက် ကာကွယ်ဆေးအကြောင်း လေ့လာဖို့ တစ်ယောက်ယောက်ကို ခိုင်းထားပုံရတယ်။ သူတို့ ပြန်လာတော့မယ်လို့ တစ်နေ့က သတင်းပို့တယ်။ တစ်ရက်စောင့်ပြီးတဲ့အထိ သူတို့ ရောက်မလာသေးဘူး”

မှူးမတ်များ: ? ? ?

ချူဟွားက သခင်မကြီးချူကို ဒေါသထွက်စေရန်သက်သက် အိမ်တွင် ခွင့်ယူနေခြင်း မဟုတ်ကြောင်း ထွက်ပေါ်လာလေသည်။

ပြီးတော့... တိရစ္ဆာန်ကျောက်ဆေးလား။

တော်ဝင်ဆေးကုသရေးဌာနမှ အုပ်ချုပ်ရေးမှူးသည် အသက်ကြီးသော်လည်း နားအလွန်ပါး၏။ သူက နွားကျောက်ဆေး ဟု ကြားသည်နှင့် အပြေးရောက်လာတော့သည်။ "မှူးမတ်ချူ၊ နွားကျောက်ဆေးဆိုတာ ဘာလဲ”

"ကျွန်တော်လည်း သိပ်မသိဘူး” ချူဖျင်က တကယ် မသိပေ။ သူသည် သူ၏ဇနီးနှင့်သမီး ဦးဆောင်ခေါ်သွားရာနောက် လိုက်နေရသည့် အသုံးမကျသူတစ်ယောက်သာပင်။ သူက ထိုအရာများကို ဘယ်လိုလုပ် နားလည်နိုင်မည်နည်း။

တော်ဝင်ဆေးကုသရေးဌာနမှ အုပ်ချုပ်ရေးမှူးကလည်း ချေးများမနေချေ။ "ဒါဆို ခင်ဗျား သိသလောက် ပြောပြပါ"

မှူးမတ်များသည် ချူဟွားနှင့် systemတို့ ထုတ်ဖော်ခဲ့သော နွားကျောက်ဆေးနှင့် အခြားအချက်အလက်များကို နားမလည်နိုင်သဖြင့် တစ်ညလုံး အချိန်ကုန်ခဲ့ကြရတော့၏။ ယခုအခါ အချက်အလက်များကို ပြန်လည်ရှင်းပြတော့မည်ကို သိလိုက်ရသောအခါ သူတို့သည် ထွက်သွားရန် အလျင်မလိုကြတော့ပေ။ လူများ ပိုမို စုရုံးလာကြပြီး ချူဖျင်ကို လုံးဝ ဝန်းရံထားလိုက်ကြသည်။

ချူဖျင်သည် တစ်လက်မမှ မလှုပ်ရှားနိုင်တော့သဖြင့် အားထုတ်ကြိုးစားပြီး ပြန်လည်စဉ်းစားရတော့သည်။ "ဒါက ကျောက်ရောဂါ ကုသဖို့အတွက် ဖြစ်ပုံရတယ်"

"ကျောက်ရောဂါ"

"တကယ်ပဲ ကျောက်ရောဂါလား"

"ခင်ဗျား ကြားတာ မမှားပါဘူးနော်"

မှူးမတ်များသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားကြသည်။ ဒါက ကျောက်ရောဂါ ဖြစ်ပြီး ကူးစက်ခံရပြီးနောက် ကံကြမ္မာကိုသာ အပ်ထားရမည့် ရောဂါ ဖြစ်လေသည်။

သာ့ရှန်း၏ ပထမဆုံး အိမ်ရှေ့စံမင်းသားသည် သူ၏ အကောင်းဆုံး အရွယ်တွင် ကျောက်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ တည်ထောင်သူ အရှင်မင်းကြီးက သမားတော် မည်မျှ စေလွှတ်ခဲ့စေကာမူ သူတို့သည် သူ့ကို မကယ်တင်နိုင်ခဲ့ပေ။ သွားရောက်ခဲ့သော သမားတော် အများစုပင် သေဆုံးခဲ့ရသည်။

တည်ထောင်သူ အရှင်မင်းကြီးသည် နှစ်ပေါင်း ၂၀ ကျော် ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သော အိမ်ရှေ့စံမင်းသား ကွယ်လွန်သည့် သတင်းကို ကြားသောအခါ ဝမ်းနည်းပူဆွေးမှုဖြင့် သွေးတစ်ပွက် အန်ချခဲ့သည်။

စစ်သူကြီးတစ်ဦးအဖြစ် မွေးဖွားလာပြီး ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့သော တည်ထောင်သူ အရှင်မင်းကြီးသည် အထူးသဖြင့် သန်မာသော ခန္ဓာကိုယ် ရှိခဲ့လေသည်။ သူသည် တစ်ညတည်းဖြင့် ဆယ်နှစ်ကျော် အိုမင်းသွားပြီး သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြိုလဲသွားခဲ့၏။ သူသည် သူ၏ မြေးတော်ကို ပြုစုပျိုးထောင်ရန် သူ၏ နာမကျန်းဖြစ်နေသော ခန္ဓာကိုယ်ကို ဆွဲခေါ်သွားခဲ့သော်လည်း သူ့ကို အောင်မြင်အောင် မပြုစုပျိုးထောင်နိုင်မီမှာပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။

ထိုအချိန်မှစပြီး သာ့ရှန်းသည် အိမ်ရှေ့စံမင်းသားတစ်ပါးကို အလွယ်တကူ ခန့်အပ်ရန် မဝံ့ရဲတော့ပေ။

မင်းသားများကို စိတ်နှလုံးအကြွင်းမဲ့ ပြုစုပျိုးထောင်နိုင်သည်။ သို့မဟုတ် သူတို့ အချင်းချင်း တိုက်ခိုက်စေနိုင်သည်။ သို့မဟုတ် နင်-ကြိတ်-ငါ-ကြိတ်-အားလုံး-ကြိတ် လုပ်နိုင်သော်လည်း အိမ်ရှေ့စံမင်းသား ခန့်အပ်ရန် အလျင်မလိုခဲ့ပေ။

လက်ရှိ အရှင်မင်းကြီးသည်လည်း ယခင် ဧကရာဇ်မင်းကြီး အသည်းအသန် နာမကျန်းဖြစ်ချိန်တွင်မှ အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အနည်းဆုံး နောင် ဆယ်နှစ်အတွင်း သည်မျိုးဆက်၏ အိမ်ရှေ့စံမင်းသား ရှိလာရန် မဖြစ်နိုင်ပေ။

ညီလာခံမှ ထွက်ခွာပြီးနောက် အရှင်မင်းကြီးသည် ခရီးအတော် ရောက်သွားပြီ ဖြစ်သည်။ သူ့နောက်သို့ လိုက်လာသော လင်ယိုက သူ့ကို ကျောက်ရောဂါအကြောင်း ပြောပြသောအခါ သူသည် ရုတ်တရက် လှည့်ပြန်လာခဲ့လေသည်။ "ညီလာခံ ပြန်တက်မယ်"

သူက လင်ယိုကို တိုက်တွန်းလိုက်သည်။ "မြန်မြန်သွား။ ချူဟွားကို မြင်းအမြန်နဲ့ ပြန်ခေါ်ခဲ့”

နန်းတော်ထဲတွင် မြင်းစီးခြင်းကို တားမြစ်ထား၏။ အရှင်မင်းကြီးသည် သေစေနိုင်သော ကျောက်ရောဂါအတွက် တားမြစ်ချက်ကို ချိုးဖောက်ခဲ့လေသည်။

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်" လင်ယိုသည်လည်း ကိစ္စက ကြီးမားကြောင်း သိသဖြင့် တစ်လမ်းလုံး အပြေးသွားလေတော့သည်။

မြင်းစီးခြင်းသည် ခုံမြင့်ဖိနပ် စီးထားသော ချူဟွား၏ ခြေထောက်များထက် ပိုမြန်လေသည်။ ထို့ကြောင့် သူသည် ချူဟွား နန်းတော်မှ မထွက်ခွာမီ သူမကို တားဆီးလိုက်နိုင်၏။

လင်ယိုက မောဟိုက်စွာဖြင့် ပြောလိုက်သည်။ "မှူးမတ်ချူ၊ အရှင်မင်းကြီးက ခင်ဗျားကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

ချူဟွား: ?

[System၊ ဘာဖြစ်နေတာလဲ]

System: [ငါ ကြည့်လိုက်ဦးမယ်၊ အိုး၊ နင် လုပ်ထားတဲ့ နွားကျောက် ကာကွယ်ဆေးကြောင့်ပဲ။ နင့်အဖေက အဲ့ဒါက ကျောက်ရောဂါကို ကုနိုင်တယ်လို့ ပြောလိုက်တာ၊ အရှင်မင်းကြီးနဲ့ မှူးမတ်တွေအားလုံး သိသွားကြပြီ၊ ပြီးတော့ သူတို့က နင့်ကို ပြန်လာတွေ့ချင်နေကြတယ်]

နန်းတော်တံခါးဝရှိ အစောင့်များ: ? ? ?

နန်းတော်တံခါးဝ အပြင်ဘက်ရှိ ဖြတ်သွားဖြတ်လာများ: ? ? ?

ကျောက်ရောဂါကို ကုသနိုင်တယ် ဟုတ်လား။ တကယ်လား။

အစောင့်များနှင့် ဖြတ်သွားဖြတ်လာများသည် သူတို့၏ အသက်နှင့် သက်ဆိုင်သောကြောင့် စကားပြောနေသူ၏ လားရာကို နေရာအနှံ့ ရှာဖွေနေကြသည်။

လင်ယို၏ နှလုံးသား တင်းကြပ်သွားတော့၏။ အစောင့်များနှင့် ဖြတ်သွားဖြတ်လာများက ချူဟွားကို ရှာဖွေတွေ့ရှိတော့မည်ကို မြင်သောအခါ သူသည် ချူဟွား၏ ပုံသဏ္ဌာန်ကို ကာကွယ်ရန် မြင်းပေါ်မှ အလျင်အမြန် ဆင်းလိုက်လေသည်။

"မှူးမတ်ချူ၊ ကျေးဇူးပြုပြီး မြင်းပေါ်တက်ပါ"

ချူဟွား: "နန်းတော်ထဲမှာ တားမြစ်ထား..."

လင်ယို: "အထူးအခြေအနေတွေအရ အရှင်မင်းကြီးက ခွင့်ပြုထားပါတယ်”

ဒါက အမိန့်အရ မြင်းစီးရတာပဲ၊ ကောင်းပြီလေ။

ချူဟွားသည် ခြေနင်းခုံကို နင်းကာ မြင်းပေါ်သို့ သေသေသပ်သပ် တက်လိုက်၏။

လင်ယိုသည် မြင်းဇက်ကြိုးကို ချူဟွားထံ ပေးလိုက်ပြီး မြင်း၏ တင်ပါးကို ရိုက်လိုက်လေသည်။ မြင်းသည် နာကျင်မှုကြောင့် ပြေးထွက်သွားပြီး သူကလည်း သူ၏ ခြေထောက်နှစ်ချောင်းဖြင့် မြင်းနောက်သို့ လိုက်ပြေးလေသည်။

ဤနေရာမှ လှုပ်ရှားမှုကို ကြားရသော အစောင့်များနှင့် ဖြတ်သွားဖြတ်လာများသည် အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

မိုင် ၈၀၀ အမြန်ချောပို့ အရေးပေါ် အခြေအနေ မဟုတ်လျှင် နန်းတော်သည် မြင်းစီးခြင်းကို တားမြစ်ထားသည်။ ဒီလူရဲ့ သရုပ်မှန်က ဘာတဲ့လဲ။ ဘာတွေ ဖြစ်နေတာလဲ။ ကျောက်ရောဂါနဲ့ ပတ်သက်တာတော့ မဟုတ်ဘူးမလား။

ချူဟွား မြင်းစီး ပြန်လာသောအခါ အရှင်မင်းကြီးနှင့် မှူးမတ်များသည် ညီလာခံသို့ ပြန်ရောက်နေကြပြီ ဖြစ်၏။ ချူဖျင်သည် တန်းစီဇယား နှစ်ဖက်ကြားရှိ ကွက်လပ်တွင် ရပ်လျက် သူ့သမီး ပြောခဲ့သည်များကို ဦးနှောက်ခြောက်အောင် ပြန်လည် စဉ်းစားနေခဲ့သည်။

"သူက တကယ်ပဲ အများကြီး မပြောခဲ့ဘူး”

"ကျွန်တော့်သမီးက အမြဲတမ်း သူ လုပ်ပြီးသွားမှပဲ ကျွန်တော့်ကို ပြောပြတာ”

"ဒါက အခုထိ အတည်မပြုရသေးဘူး၊ သူက ကျွန်တော့်ကို ပြောပြနိုင်တာကိုက တော်တော် ကောင်းနေပြီ”

"ကန်စွန်းဥ အကြောင်းကတော့ အထွက်နှုန်း များတယ်လို့ပဲ ပြောတယ်၊ အဲ့ဒါကို ရှာဖို့ ကုန်သည်ယာဉ်တစ်ဖွဲ့ ဖွဲ့စည်းဖို့ စောင့်နေတုန်းပဲ”

"ဘာ ကန်စွန်းဥလဲ” စုတ်ပြဲနေသော အတွင်းခံဘောင်းဘီ ဝတ်ဆင်ခြင်းကြောင့် ကျော်ကြားခဲ့ပြီး ယခုအခါ ဘဏ္ဍာရေးဝန်ကြီးအသစ် ဖြစ်လာသူ၏ မျက်လုံးများက တောက်ပနေလေသည်။ "အထွက်နှုန်း ဘယ်လောက်များလဲ”

ချူဖျင်က အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ကျွန်တော် မမေးလိုက်ဘူး”

သူသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှူးမတ်တစ်ဦး မဟုတ်သလို မြေယာထုတ်လုပ်မှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း အာရုံမစိုက်ပေ။ သူသည် အိမ်ထောင်စုကိုလည်း မစီမံခန့်ခွဲသလို အစားအသောက်လည်း မရှားပါးသောကြောင့် ဝါကျတစ်ကြောင်းကို မှတ်မိနေခြင်းကပင် တော်လောက်ပြီ ဖြစ်လေသည်။

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

အမှန်အတိုင်း ပြောရရင် သူ ဒီလောက် နှစ်အကြာကြီး အဆင့် ၅ မှူးမတ် ဖြစ်နေတာက တကယ်ပဲ အကြောင်းရင်း ရှိနေတာပဲ။

ကံကောင်းစွာဖြင့် နန်းစောင့်တပ်မှူးက လင်ယိုသည် ချူဟွားကို နန်းတော်တံခါး ရှေ့တွင် အမီလိုက်နိုင်ခဲ့ပြီး နှစ်ဦးသား လမ်းခရီးတွင် ရှိနေပြီ ဖြစ်ကြောင်း သတင်းပို့ရန် ရောက်လာခဲ့သည်။

လူတိုင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီးနောက် လူများ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။ အရှင်မင်းကြီးသည် ပုံသဏ္ဌာန်တစ်ခုကို မြင်လိုက်သည်နှင့် "ချူဟွား၊ ရှေ့ကို ထွက်ခဲ့" ဟု အော်ဟစ်လိုက်၏။

ချူဟွား: ?

နေပါဦး၊ သူက ဟန်တောင် မဆောင်တော့ဘူးလား။

System က စကားမပြောနိုင် ဖြစ်သွား‌တော့သည်။ [ဒီလိုတောင် ဖြစ်နေမှတော့ မမကြီးဟွား၊ နင်က နင့်အစ်ကိုအတွက် ညီလာခံ တက်နေရတုန်းပဲလား။ နင် ပေါ်သွားပြီ ထင်တယ်နော်]

ချူဟွား: [...ယောက်ျားလေးလို ဝတ်တာက အလုပ်မဖြစ်ဘူးဆိုတာ ငါ အစကတည်းက သိသားပဲ။ ဘယ် ဉာဏ်ကြီးရှင်က ဒီအကြံကို စတွေးခဲ့မှန်း မသိဘူး]

ဉာဏ်ကြီးရှင် အရှင်မင်းကြီး: "..."

လူတစ်ယောက်နှင့် system တစ်ခု၏ တိုင်တန်းမှုများကို မကြားဟန်ဆောင်ရင်း "ချူဖျင်ဆီက ကြားရတာ မင်းက ကျောက်ရောဂါကို ကုသနိုင်တဲ့ နွားကျောက် ကာကွယ်ဆေးတစ်ခု လုပ်ထားတယ်ဆို။ ကျန်းကို အဲ့ဒီအကြောင်း ထပ်ပြောပြစမ်း”

"ဒါက တကယ်ပဲ ကျောက်ရောဂါကို ကုသနိုင်ပြီး လူတွေကို ကျောက်ရောဂါရဲ့ ကြောက်ရွံ့မှုကနေ ကယ်တင်နိုင်မယ်၊ အနာဂတ် မျိုးဆက်တွေကို အကျိုးပြုနိုင်မယ်ဆိုရင် ကျန်းက မင်းကို ဆုလာဘ် အကြီးကြီး ချီးမြှင့်မှာ သေချာတယ်"

ဤသည်မှာလည်း အရှင်မင်းကြီးက ချူချင်းအစား ချူဟွားကို ခေါ်ရခြင်း၏ အကြောင်းရင်း ဖြစ်လေသည်။ ဒီလောက်ကြီးမားတဲ့ အကျိုးဆောင်မှုကို ချင်ချူးကိုပဲ ပေးလိုက်လို့ မဖြစ်ဘူးလေ။ ဟုတ်တယ်မလား။

ဆက်ဆံရေး မည်မျှပင် ရင်းနှီးသည် ဖြစ်စေ၊ အကျိုးဆောင်မှုကို ဤကဲ့သို့ ပေးအပ်၍ မရနိုင်ပေ။

ပြီးတော့...

System ကို plug-in အဖြစ် ထားရှိခြင်းဖြင့် အရှင်မင်းကြီးသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် ချူဟွားကို ညီလာခံသို့ လာစေချင်နေဆဲ ဖြစ်သည်။

အမျိုးသမီးတစ်ဦး ညီလာခံ တက်ရောက်ရန် အလွန် ခက်ခဲလှသည်။ သူ တစ်ယောက်တည်း လုပ်၍မရနိုင်။ သူသည် ကောင်းမှုကုသိုလ် အမျိုးမျိုးကိုသာ စုပုံထားနိုင်မည်။ အကယ်၍ လုံလောက်အောင် စုပုံမိပါက သူသည် ထိုမှူးမတ်များ၏ ပါးစပ်ကို ပိတ်ထားနိုင်ပေမည်။

ချူဟွားကတော့ ဆုလာဘ် ရခြင်း၊ မရခြင်းကို ဂရုမစိုက်ပေ။ သူမသည် သူမ၏ ဘဝတွင် အစားအသောက်၊ အဝတ်အထည်၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေးတို့ မည်သည့်အခါကမျှ မပြတ်ဖူးသလို ပစ္စည်းဥစ္စာအပေါ် ပြင်းပြသော ဆန္ဒလည်း မရှိပေ။

သူမသည် နွားကျောက် ကာကွယ်ဆေးကို အမှန်တကယ် မြှင့်တင်လိုခဲ့ခြင်းသာ။

ပထမဆုံးအနေဖြင့် သူမသည် အချက်တစ်ချက်ကို ပြင်ဆင်ပေးရမည်။ "အရှင်မင်းကြီး၊ နွားကျောက် ကာကွယ်ဆေးက ကျောက်ရောဂါကို ကုသနိုင်တာ မဟုတ်ဘဲ ကျောက်ရောဂါကို ကာကွယ်ပေးနိုင်တာပါ။ ကျောက်ရောဂါ ကူးစက်ခံထားရတဲ့ လူတွေအတွက်တော့ အသုံးမဝင်ပါဘူး”

အရှင်မင်းကြီးသည် ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လိုက်သည်။ "ပိုပြီး တိတိကျကျ ပြောစမ်း”

ချူဟွား: "သာ့ရှန်းမှာ လူကျောက်ရောဂါပိုး ထိုးနှံတဲ့လူတွေ ရှိပါတယ်။ လူကျောက်ရောဂါရဲ့ အန္တရာယ်က အရမ်းများပြီး လူကျောက်ရောဂါပိုး ထိုးနှံခံရတဲ့ လူအများစုက အသက်မရှင်နိုင်ကြဘူး။ ဒါက လူအများစုက လူကျောက်ရောဂါပိုး ထိုးနှံဖို့ ဆန္ဒမရှိကြတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်”

သည်ကိစ္စတွင် တော်ဝင်ဆေးကုသရေးဌာနမှ အုပ်ချုပ်ရေးမှူးက အများကြီး ပြောစရာ ရှိနေသည်။ ချူဟွားကို ကြည့်သော အကြည့်မှာ မမျှော်လင့်ဘဲ ရင်းနှီးသော မိတ်ဆွေတစ်ဦးကို တွေ့ရသလို ဖြစ်နေတော့သည်။

"မှူးမတ်ချူ ပြောတာ မှန်ပါတယ်။ တော်ဝင်ဆေးကုသရေးဌာနက ကျောက်ရောဂါ ထိုးနှံရေးဌာနကို တည်ထောင်ခဲ့တာ ဆယ်နှစ်ကျော်ပြီ။ လုပ်ဖော်ကိုင်ဖက် အများကြီးက ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ကြတယ်၊ ထိုးနှံဖို့အတွက် ကျောက်ရောဂါ အလွှာအမျိုးမျိုး၊ ကျောက်ရောဂါ အနှစ်အမျိုးမျိုးကို သုတေသန လုပ်ခဲ့ကြတယ်၊ ဒါပေမဲ့ လူကျောက်ရောဂါပို့ ထိုးနှံဖို့ ဆန္ဒရှိတဲ့လူ အရမ်း နည်းပါးလွန်းပါတယ်”

မည်သို့ပင် ဆိုစေကာမူ တစ်ကြိမ် ထိုးနှံလိုက်သည်နှင့် လူတစ်ယောက် သေဆုံးသွားနိုင်သည်။ သို့သော် သူတို့ ထိုးနှံပါက သေချင်မှ သေမည် ဖြစ်ပြီး ဒါက ကံတရားကိုသာ အားကိုးနေရခြင်းပင်။

ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်ပြီး ရှေးခေတ်နှင့် ခေတ်သစ်လူများအကြား ကွာခြားမှု မရှိပေ။ ချူဟွားက ဆက်ပြောလိုက်သည်။ "နွားကျောက်ရဲ့ အန္တရာယ်က ပိုနည်းပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ ကျောက်အနည်းငယ် ထွက်လာပါလိမ့်မယ်။ ဒါက ကျောက်ရောဂါလောက် မပြင်းထန်ဘဲ ကုသရ လွယ်ကူပါတယ်။ နွားကျောက်နဲ့ ကျောက်ရောဂါက တူညီတဲ့ ရောဂါ မဟုတ်ပေမဲ့ နွားကျောက် ဖြစ်ပြီး ကုသပျောက်ကင်းသွားရင် ကျောက်ရောဂါ ထပ်မဖြစ်တော့ပါဘူး”

ဗိုင်းရပ်စ်များနှင့် ပဋိပစ္စည်းများ ကဲ့သို့သော နည်းပညာဆိုင်ရာ အသုံးအနှုန်းများကိုတော့ သူမကိုယ်တိုင် နက်နက်ရှိုင်းရှိုင်း နားမလည်ပေ။ ထို့ကြောင့် မပြောဘဲ နေခြင်းက ပိုကောင်းသည်။

တော်ဝင်ဆေးကုသရေးဌာနမှ အုပ်ချုပ်ရေးမှူးသည် နွားကျောက်က လူကျောက်ရောဂါနေရာတွင် အစားထိုးနိုင်ပြီး အန္တရာယ်လည်း မများကြောင်း ပထမဆုံးအကြိမ် ကြားသိရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "နွားကျောက် ထိုးနှံဖူးတဲ့လူ ရှိပြီလား”

ချူဟွားက ခေါင်းခါလိုက်၏။ "လွန်ခဲ့တဲ့ နှစ်လက ကျွန်တော်က နေရာအနှံ့ကို လူတချို့လွှတ်ပြီး ကျောက်ပေါက်ဖူးတဲ့ နွားတွေနဲ့ လူတွေကို ရှာခိုင်းခဲ့တယ်။ နွားမွေးမြူသူတွေက နွားမွေးမြူတဲ့ လုပ်ငန်းစဉ်မှာ မတော်တဆ ကူးစက်ခံရတာမျိုးတွေ ရှိတတ်တယ်၊ ဒါကြောင့် တိတိကျကျ ပြောရရင် နွားကျောက်ကို တကယ် ထိုးနှံဖူးတဲ့လူတော့ မရှိသေးပါဘူး”

"အရင်တုန်းက သူတို့က ကျောက်ပေါက်ဖူးတဲ့ နွား ၅ ကောင်ကို ပြန်ခေါ်လာပြီလို့ သတင်းရတယ်။ နွားကျောက် ထိုးနှံဖို့က စမ်းသပ်မှုတွေ လိုအပ်တယ်၊ ဒါကြောင့် ကျွန်တော်က သူတို့ကို မြို့တော်အပြင်ဘက်က အိမ်တော်ဝင်းမှာ စောင့်ခိုင်းထားတယ်”

သူမက သည်လောက် အသေးစိတ် ပြောပြကတည်းက အခြားသူများ မေးစရာ အခြားအရာများ မရှိတော့ပေ။ တော်ဝင်ဆေးကုသရေးဌာန အုပ်ချုပ်ရေးမှူး၏ မျက်လုံးများသာ တောက်ပလာသည်။

"မှူးမတ်ချူ၊ ခင်ဗျားက လူကျောက်ရောဂါအစား နွားကျောက်ကို သုံးဖို့ ဘယ်လို စဉ်းစားမိတာလဲ”

ချူဟွားသည် ခဏလောက် တိတ်ဆိတ်သွားပြီး "ဘာလို့လဲဆိုတော့ ကျွန်တော် မသေချင်လို့များလား"

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

မျက်နှာအမူအရာက ဖော်ပြဖို့ တော်တော် ခက်ခဲတာပဲ။ တကယ်လို့ လိမ်ချင်တယ်ဆိုရင်တောင် သူတို့တွေ ပူးပေါင်း ပါဝင်နိုင်အောင် ပိုပြီး ယုံကြည်ရလောက်တဲ့ လိမ်ညာမှုတစ်ခုကို ရှာဖွေသင့်တယ်လေ။

"လွန်ခဲ့တဲ့ နှစ်လက ရွာတစ်ရွာမှာ ကျောက်ရောဂါ ဖြစ်ပွားခဲ့တယ်လို့ ကြားခဲ့တယ်။ ကျောက်ရောဂါက တခြားနေရာတွေကို မပြန့်ပွားအောင် ကာကွယ်ဖို့အတွက် ရွာကို မီးရှို့ပစ်လိုက်တယ်”

ထိုအချိန်မှာပင် ချူဟွားသည် သာ့ရှန်းမင်းဆက်တွင် ကျောက်ရောဂါဒဏ် ခံစားနေရကြောင်း သိရှိခဲ့ပြီး သူမသည် သတ်ဖြတ်ခြင်းနှင့် ရွာများကို မီးရှို့ခြင်းကို စိုးရိမ်ခဲ့လေသည်။

နွားကျောက်က ကျောက်ရောဂါကို ကာကွယ်နိုင်ကြောင်း သူမ သိရှိထားမှတော့ သူမ ဘယ်လိုလုပ်ပြီး အမလျင်လိုဘဲ နေနိုင်မည်နည်း။

ထိုအကြောင်းကို ကြားသောအခါ အရှင်မင်းကြီးနှင့် မှူးမတ်များအားလုံး တိတ်ဆိတ်သွားကြသည်။

အရှင်မင်းကြီးက သက်ပြင်းချလိုက်၏။ "ကျောက်ရောဂါက ပြန့်တာ အရမ်းမြန်တယ်။ ကျောက်ရောဂါကို ရှာဖွေတွေ့ရှိချိန်မှာ ရွာထဲက လူတစ်ဝက်က ကူးစက်ခံထားရပြီ။ သတင်းက မြို့တော်ကို ရောက်လာချိန်မှာ ဒေသဆိုင်ရာ မြို့ဝန်က ရွာကို ဝန်းရံဖို့ လူတွေ လွှတ်ပြီး ကုသဖို့ သမားတော်တွေ စေလွှတ်ခဲ့ပြီးပြီ”

"ဒါပေမဲ့... ကျောက်ရောဂါက နာမည်ဆိုး ရှိခဲ့တယ်။ သွားချင်ကြတဲ့ သမားတော် နည်းနည်းပဲ ရှိပြီး သူတို့ကလည်း မကုသနိုင်ခဲ့ဘူး။ သွားခဲ့တဲ့ သမားတော်တွေ သေဆုံးပြီးတဲ့နောက်မှာ ဘယ်သူမှ မသွားကြတော့ဘူး”

လူနာများကို ကုသရန် သမားတော်များ မရှိဘဲ သူတို့ ဘယ်လို ဆေးကုသနိုင်မည်နည်း။ တာဝန်ခံ သမားတော် မရှိဘဲ လူနာများက မကြောက်ရွံ့ဘဲ အဘယ်မှာ နေမည်နည်း။

လူအများက ကြောက်ရွံ့ပြီး မျှော်လင့်ချက်မဲ့နေချိန်မှာ ဘာလုပ်ကြည်ကို မသိနိုင်ပေ။

သူတို့ ခိုးကြောင်ခိုးဝှက် ထွက်သွားနိုင်သည်။ သို့မဟုတ် အခြားသူများကို သူတို့နှင့်အတူ သေစေရန် ဆွဲခေါ်သွားနိုင်သည်။ အတိုချုပ်ပြောရလျှင် ဒါက မျှော်လင့်ချက်မဲ့သော ငရဲမီးနီတစ်ခု ဖြစ်ရမည်။

ချူဟွား ကြားသိရချိန်တွင် ကိစ္စက ပြီးပြတ်သွားခဲ့ပြီ ဖြစ်သည်။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ နွားကျောက် ကာကွယ်ဆေးကို တတ်နိုင်သမျှ အမြန်ဆုံး တီထွင်ရန် ဖြစ်ပြီး သို့မှသာ သာ့ရှန်းပြည်သူများ ကျောက်ရောဂါကို ကြောက်ရွံ့နေစရာ မလိုတော့မှာ ဖြစ်သည်။

မင်းဆရာကြီးဟောင်းက ရှေ့သို့ တက်လာပြီး "မှူးမတ်ချူက တော်ဝင်ဆေးကုသရေးဌာန အုပ်ချုပ်ရေးမှူးနဲ့အတူ နွားကျောက် ထိုးနှံခြင်းကို ဦးစီးဖို့ ဆန္ဒရှိမလား မသိဘူး”

"ကျွန်တော်လား" ချူဟွား အနည်းငယ် ကြောင်သွား၏။

သူမ ဘာမှ မပြောရသေးမီ ဘဏ္ဍာရေးဝန်ကြီးက စိုးရိမ်တကြီး ခုန်ထွက်လာလေသည်။ "သူက ဆေးပညာလည်း မတတ်ဘူး၊ နွားတွေနဲ့ လူတွေရဲ့ သုတေသနကို တော်ဝင်ဆေးကုသရေးဌာန အုပ်ချုပ်ရေးမှူးကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ။ သူ့ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ပြီးသား။ ခင်ဗျား ကျွန်တော်နဲ့ လာမလုနဲ့”

ချူဟွား: ? ? ?

ငါ့ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့လိုက်တယ် ဟုတ်လား။ ဘယ်တုန်းကလဲ။

ဘဏ္ဍာရေးဝန်ကြီးက ဒါကို မပြောခဲ့ရင် ပိုကောင်းဦးမည်။ သူ ပြောလိုက်သည်နှင့် မင်းဆရာကြီးဟောင်းက ဒေါသထွက်သွားသည်။

ထိုနေ့က သူသည် ဒါက အမတ်ကြီး မသေခင် တစ်ခုတည်းသော ဆန္ဒပါ ဟုပင် ထုတ်ပြောခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ လူများကို အနိုင်မရခဲ့ပေ။ ဘယ်သူက သူတို့ကို သာ့ရှန်း၏ ပိုက်ဆံအိတ်ကို ကိုင်ထားခိုင်းခဲ့ပါသနည်း။

မင်းဆရာကြီးဟောင်းသည် ရက်အနည်းငယ်ကြာအောင် မကျေမနပ် ဖြစ်နေခဲ့သည်။ သူ ဒေါသထွက်စရာ နေရာ ရှာမတွေ့မည်ကို စိုးရိမ်နေချိန်မှာပင် ဘဏ္ဍာရေးဝန်ကြီးက သေနတ်ပြောင်းဝသို့ ပြေးဝင်လာခဲ့သည်။

"ဘဏ္ဍာရေးဝန်ကြီးဌာနက ဘာဖြစ်လဲ။ ဘဏ္ဍာရေးဝန်ကြီးဌာနက တော်ဝင်ဆေးကုသရေးဌာန အုပ်ချုပ်ရေးမှူးနဲ့ လူလုလို့ ရလို့လား။ သာ့ရှန်း ပြည်သူတွေနဲ့ လုလို့ ရလို့လား။ အနာဂတ်မှာ မရေမတွက်နိုင်တဲ့ လူတွေနဲ့ လုလို့ ရလို့လား”

ကွပ်ကဲရေးမှူးများသည် ဆူပူကြိမ်းမောင်းလိုသော စိတ်ဆန္ဒကို ကြိတ်ပြီး ရုပ်သိမ်းလိုက်ကြတော့သည်။

မင်းဆရာကြီးဟောင်းက သန်မာပြီး လန်းဆန်းနေတုန်းပဲ၊ ကွပ်ကဲရေးမှူးရုံးက ထွက်လာတဲ့ ဝါရင့် ပညာရှင်တစ်ယောက်နဲ့ ထိုက်တန်ပါပေတယ်။ သူက ဒီလောက် နှစ်အကြာကြီးတိုင်အောင် သူ့ရဲ့ တာဝန်တွေကို မမေ့သေးဘူး။

ဘဏ္ဍာရေးဝန်ကြီးသည် ဆူပူကြိမ်းမောင်းခံရသဖြင့် ကြောင်အသွားခဲ့၏။

ဆူပူကြိမ်းမောင်းတာက ကွပ်ကဲရေးမှူးရဲ့ အလုပ် မဟုတ်ဘူးလား။ မင်းဆရာကြီးဟောင်းက ငါ့အပေါ် ပစ်ချလိုက်တဲ့ ဦးထုပ်က ဘာလို့ ဒီလောက် ကြီးသထက် ကြီးလာရတာလဲ။

"ဒါပေမဲ့ သူက ဘဏ္ဍာရေးဝန်ကြီးဌာနကို မလာရင် တော်ဝင်ဆေးကုသရေးဌာန အုပ်ချုပ်ရေးမှူးမှာ သုတေသန လုပ်ဖို့ ပိုက်ဆံ မရှိဘူးလေ” ဘဏ္ဍာရေးဝန်ကြီးက တိုက်ရိုက် ငွေကြေး ထိုးနှက်ချက်ကို စတင်လိုက်သည်။

"နွား ၅ ကောင်နဲ့ ဘယ်လို လုံလောက်မှာလဲ။ ကျွန်တော်တို့က ကျောက်ပေါက်ဖူးတဲ့ နွားတွေကို ဝယ်ရမယ် မဟုတ်ဘူးလား။ နွားတွေ စားဖို့ မြက် ဝယ်ရမယ် မဟုတ်ဘူးလား။ ထိုးနှံဖို့ ဆန္ဒရှိတဲ့ လူတွေကို ရှာရမယ် မဟုတ်ဘူးလား။ ကျောက်ရောဂါကို သုတေသန လုပ်တာက ညီလာခံရဲ့ ကိစ္စပဲ။ ခင်ဗျားက ချူမိသားစုကို လယ်ယာမြေ၊ နွားတွေ၊ မြက်တွေနဲ့ လူတွေ ပံ့ပိုးပေးဖို့ တောင်းဆိုလို့ မရဘူး မဟုတ်လား”

ဖြောင့်မတ်ပြီး ရိုးသားသော ထိုလူ၏ မျက်နှာသည် "မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့ တကယ်ကြီး ဒီလို လုပ်မှာတော့ မဟုတ်ဘူးမလား" ဟူသော အမူအရာဖြင့် ပြည့်နှက်နေသဖြင့် လူအများအပြားကို စကားမပြောနိုင် ဖြစ်သွားစေတော့သည်။

မင်းဆရာကြီးဟောင်းခမျာ နင်သွားတော့သည်။ "... သူက ပိုက်ဆံရှာတာ ဘယ်လောက်ပဲ တော်နေပါစေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ရက်အနည်းငယ်အတွင်း သန်းနဲ့ချီပြီး မရှာနိုင်ပါဘူး"

ဘဏ္ဍာရေးဝန်ကြီး: "သူ့မှာ ငွေဝင်ငွေထွက် စာရင်းကိုင်နည်းစနစ် ရှိတယ်လို့ ကျွန်တော် ကြားတယ်။ ဒါက စာရင်းစစ်ဖို့ အရမ်း အဆင်ပြေတယ်။ သူ့ကို ဒီကို ပြောင်းရွှေ့လိုက်တာက စာရင်းတွေ စစ်ဆေးဖို့ပဲ။ သူသာ အကျင့်ပျက်ခြစားတဲ့ မှူးမတ် ၈ယောက်၊၁၀ ယောက်လောက် ရှာတွေ့နိုင်ရင် ငွေသန်းပေါင်းများစွာ ရလာမှာပဲ မဟုတ်လား”

သူက အလုပ်သမားဝန်ကြီးဘက်သို့ လှည့်လိုက်လေသည်။ "အဲ့ဒီအခါ နက္ခတ်တာရာမျှော်စင် ဆောက်ဖို့ ပိုက်ဆံ ရလာမှာဖြစ်ပြီး စီမံကိန်းကိုလည်း အချိန်မီ ပြီးစီးနိုင်မှာပါ”

အလုပ်သမားဝန်ကြီးက ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်လေသည်။ ငါက ပိုက်ဆံ ရှာနေတာ မဟုတ်ဘူး၊ တကယ် မဟုတ်ရဘူး။

ဘဏ္ဍာရေးဝန်ကြီး၏ အကြည့်က လှည့်ပတ်ကြည့်ရှုလာသောအခါ တရားရေးဝန်ကြီးကို တွေ့ချိန်တွင်တော့ ခဏလေးပင် ရပ်တန့်ခြင်း မရှိဘဲ ဖြတ်ကျော်သွားလေသည်။

ချူဖျင်က တရားရေးဝန်ကြီးဌာနမှာ ရှိနေတာ။ သာ့ရှန်းက သားအဖကို ဌာနတစ်ခုတည်းမှာ အတူတူ ရှိခွင့် မပြုဘူး။ တရားရေးဝန်ကြီးဌာနက ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ လုံးဝ ယှဉ်ပြိုင်လို့ မရဘူး။ ဒါကြောင့် သူလည်း အသက်ရှူသံ ဖြုန်းတီးနေစရာ မလိုဘူးလေ။

နောက်ဆုံးအကြိမ်က သူနှင့် ပြိုင်ပွဲတွင် အမနိုင်ရခဲ့သော တရားရေးဝန်ကြီး: "..." ဟေး၊ သူက ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ။

အကြည့်တစ်ချက်မျှပင် မရရှိလိုက်သော တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးတရားရုံး၏ ဝန်ကြီးချုပ်: "..."

သူ ဒေါသထွက်ချင်လိုက်တာ။ ဒါပေမဲ့ ဘဏ္ဍာရေးဝန်ကြီး ပြောတာ နောက်ဆုံးစကားက မှန်သေးတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ချူဟွားကို ပြောင်းရွှေ့ဖို့ စာရင်းစစ်ဆေးခြင်း ဆိုတဲ့ အကြောင်းပြချက်ကို သုံးလို့ရသေးတယ်၊ ဒါပေမဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးတရားရုံးက ဘာကို သုံးနိုင်မှာလဲ။

သူက ချူဟွား ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အောင်မြင်မှု ရအောင် စောင့်ဆိုင်းပြီးမှ သူမက မျက်စိရှင်တယ်၊ သဲလွန်စ တချို့ ရှာတွေ့နိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ပြောင်းရွှေ့ဖို့ပဲ လုပ်နိုင်တော့မယ်။ ဒီအကြောင်းပြချက်ကြောင့် သူလည်း သည်းခံရုံပဲ တတ်နိုင်တော့တာပဲ။

ဤကိစ္စသည် အမှန်တကယ်တွင် နောက်ဆုံးအကြိမ်က တော်ဝင်စာကြည့်ဆောင်တွင် ဖြစ်ပွားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးက ကြီးမားသော အောင်ပွဲဖြင့် အဆုံးသတ်ခဲ့သည်။ ထို့ကြောင့် သည်တစ်ကြိမ်တွင် ရန်ဖြစ်ခြင်း မရှိတော့ပေ။

"ဒီလိုပဲ လုပ်လိုက်တော့” အရှင်မင်းကြီးတွင် ပြောစရာ အခြားအရာ မရှိတော့သဖြင့် ညီလာခံကို ပိတ်လိုက်သည်။

တော်ဝင်ဆေးကုသရေးဌာနမှ အုပ်ချုပ်ရေးမှူးသည် လုယူရန် အလျင်စလို ပြေးလာလေသည်။

"မှူးမတ်ချူ၊ ကျွန်တော် တော်ဝင်ဆေးကုသရေးဌာနကို ပြန်ပြီး ပစ္စည်းတွေ ထုပ်ပိုး၊ လူတချို့ ခေါ်လိုက်ဦးမယ်။ ပြီးရင် ခင်ဗျားနဲ့အတူ အိမ်တော်ဝင်းကို လိုက်ခဲ့မယ်”

ချူဟွားသည်လည်း ကိစ္စများကို တတ်နိုင်သမျှ အမြန်ဆုံး စီစဉ်လိုသဖြင့် သဘောတူလိုက်သည်။

အဖြစ်က အချိန်အကြာကြီး လုယူနေသော်လည်း အနိုင်ပိုင်းခံလိုက်ရသော ဘဏ္ဍာရေးဝန်ကြီးကို ဒေါသထွက်စေသည်။ သည်ကိစ္စက အချိန်အကြာကြီး နှောင့်နှေးမည် မဟုတ်ကြောင်း သူ သိသည်။

"ထားလိုက်ပါတော့၊ အဲ့ဒီမှာ အစီအစဉ်တွေ ပြီးသွားရင် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြန်လာခဲ့”

ရုတ်တရက် လူကြိုက်များသွားသော ချူဟွား: "...ဟုတ်ကဲ့ပါ”

သူတို့အဖွဲ့သည် ပစ္စည်းများ ထုပ်ပိုးပြီး စံအိမ်တော်သို့ ထွက်ခွာသောအခါ သူတို့၏ ပတ်ပတ်လည်တွင် ဓားကိုင် နန်းစောင့်တပ်သားများစွာ ရှိနေပြီး အားနည်းသော တော်ဝင်သမားတော်များကို တစ်လမ်းလုံး အကာအကွယ် ပေးသွားကြလေသည်။

တော်ဝင်ဆေးကုသရေးဌာန အုပ်ချုပ်ရေးမှူးနှင့် ချူဟွားတို့သည် မြင်းလှည်းတစ်စီးတည်း စီးကြပြီး ကာကွယ်ဆေးထိုးဌာနမှ တော်ဝင်သမားတော်များလည်း ရှိနေကြသည်။

"မှူးမတ်ချူ၊ ခင်ဗျားက နွားကျောက် အကြံဉာဏ်ကို ဘယ်လို ရခဲ့တာလဲ”

"နွားကျောက် ထိုးနှံတာက လူကျောက်ရောဂါ ထိုးနှံတာနဲ့ ဆင်တူလား”

"နွားကျောက်က တကယ်ပဲ အဲ့ဒီလောက် အန္တရာယ် မရှိဘူးလား”

ချူဟွားက သူမ သိသော အဖြေများကို ရွေးချယ် ပြောပြလိုက်တော့သည်။

"အိမ်မှာ နွားမွေးတုန်းက မတော်တဆ နွားကျောက် ဖြစ်ခဲ့ဖူးတဲ့ ရံရွှေတော်လေးတစ်ယောက် ရှိခဲ့တယ်”

"ဘယ်လို ထိုးနှံရမလဲဆိုတာတော့ ကျွန်တော် အတိအကျ မသိဘူး။ ခင်ဗျားတို့ မှူးမတ်တွေကိုပဲ လေ့လာဖို့ အားကိုးရဦးမှာပါ”

"ဒါက လူကျောက်ရောဂါလောက် အန္တရာယ် မရှိတာတော့ သေချာပါတယ်”

ချူဟွားတွင် ဆေးပညာ ကျွမ်းကျင်မှု မရှိသော်လည်း သူမတွင် ပိုးသတ်နည်းနှင့် ကာကွယ်နည်း ကဲ့သို့သော ခေတ်သစ်နှင့် အတော်လေး ပြည့်စုံသော ကပ်ရောဂါ ကာကွယ်ရေး အသိပညာ အချို့ ရှိနေသည်။

သူမသည် သူတို့ လမ်းမှား လျော့နည်းစေလိုသည့် တစ်ခုတည်းသော ဆန္ဒဖြင့် သူမ သိသမျှ အရာအားလုံးကို တစ်လုံးတစ်ပါဒမျှ မချန်ဘဲ ပြောပြလိုက်၏။ ဤနည်းဖြင့် သူတို့သည် စမ်းသပ်မှုများ ပြုလုပ်ရာတွင် ပိုမို ဘေးကင်းလုံခြုံနိုင်ပြီး သာ့ရှန်း ပြည်သူများကို တတ်နိုင်သမျှ အမြန်ဆုံး အကျိုးပြုနိုင်လိမ့်မည်။

"အိမ်တော်ဝင်းမှာ ပြင်းအားမြင့် ပေါင်းခံအရက် တချို့ ရှိတယ်၊ အဲ့ဒါကို ပိုးသတ်ဖို့ သုံးနိုင်ပါတယ်။ သုတေသန လုပ်ငန်းစဉ်မှာ လိုအပ်တယ်ဆိုရင် ခင်ဗျားတို့ မှူးမတ်တွေ အားနာနေစရာ မလိုပါဘူး”

တော်ဝင်သမားတော်များက ဝမ်းသာသွားကြတော့သည်။ "မှူးမတ်ချူက အရမ်း ကြင်နာတတ်တာပဲ”

တစ်နာရီကျော် ကြာသောအခါ သူတို့သည် အိမ်တော်ဝင်းသို့ ရောက်ရှိလာကြလေသည်။ ချူဟွားသည် သမားတော်များနှင့် နန်းစောင့်တပ်သားများ အများအပြားကို ခေါ်ဆောင်လာခဲ့သည်။ ထို့အပြင် သူမသည် သူမ၏ အရာရှိဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ရာ အိမ်တော်ဝင်းရှိ လူများကို တုန်လှုပ်သွားစေသည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြပြီး သူမထံသို့ ပေါ့ပေါ့ဆဆ လာရောက် စကားပြောရန် မဝံ့ရဲကြပေ။

ကံကောင်းစွာဖြင့် ဤနွားကျောက် ကိစ္စ၏ ခေါင်းဆောင်မှာ ချူဟွား၏ ယခင် ကိုယ်ပိုင်ရံရွှေတော်လေး ပိုင်ထောင် ဖြစ်နေသည်။

ပိုင်ထောင်သည် မိတ်ကပ်များ လိမ်းခြယ်ထားသော်လည်း ချူဟွားကို မှတ်မိနေပြီး ချူဟွား အဘယ်ကြောင့် ဤသို့ ဝတ်စားထားကာ သူမ၏ ပတ်ပတ်လည်တွင် မှူးမတ်များ အများအပြား အဘယ်ကြောင့် ရှိနေသည်ကို မမေးခဲ့ပေ။

"သခင်လေး" ပိုင်ထောင်သည် သူမ၏ အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ပြီး တည်ငြိမ်စွာ သတင်းပို့လေသည်။ "မနေ့က မြို့ထဲမှာ နန်းစောင့်တပ်သားတွေ အများကြီး ဝင်ထွက်သွားလာနေတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက အလျင်စလို ဖြစ်နေပြီး လူတွေကို ထိတ်လန့်စေတယ်။ မြို့တော်မှာ ဘာဖြစ်ခဲ့မှန်း မသိတာကြောင့် ကျွန်မ မြို့ထဲကို ဘာသတင်းမှ မပို့ခဲ့ပါဘူး”

နန်းစောင့်တပ်မှူး: "..." နည်းနည်းတော့ အပြစ်ရှိသလို ခံစားရတာပဲ။

ချူဟွား: "ကိစ္စမရှိပါဘူး”

ပိုင်ထောင်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် နောက်တစ်ဆင့်မှာ ပိုင်ထောင်နှင့် တော်ဝင်သမားတော်များက ညှိနှိုင်းဆောင်ရွက်ရမည့် အရာ ဖြစ်လေသည်။ သူမကလည်း ရံဖန်ရံခါ ကူညီပေးခဲ့၏။

သူမ ဤနေရာတွင် အလုပ် ပြီးစီး၍ မြို့ထဲသို့ ပြန်ရောက်သောအခါ အလုပ်ဆင်းချိန် ဖြစ်နေပြီ။

ချူဟွားသည် တစ်နေ့တာ၏ အများစုကို မြင်းလှည်းထဲတွင် ထိုင်နေခဲ့ရပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ခါယိုင်နဲ့နေတော့သည်။ သူမသည် မောပန်းပြီး ဆာလောင်နေ၏။ အိမ်ပြန်ပြီး အစာစားပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ထပ်မသွားတော့ပေ။

နောက်တစ်နေ့တွင် သူမ ညီလာခံ တက်သောအခါ ဟန်လင်းကျောင်းတော်၏ ဘေးတွင် ရပ်နေဆဲပင်။ ညီလာခံမှ ထွက်ခွာပြီးနောက် သူမသည် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ အလွန် တက်ကြွစွာ ဝန်းရံခြင်းကို ခံလိုက်ရလေသည်။

"မှူးမတ်ချူ၊ ခင်ဗျားက အခု ကျွန်တော်တို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဖွဲ့ဝင် ဖြစ်နေပြီ။ နောင်ဆို ခင်ဗျားက ကျွန်တော်တို့နဲ့အတူ ရပ်တည်သင့်တယ်”

"မှူးမတ်ချူ၊ ခင်ဗျားက အခု ဗျူရိုရဲ့ အဆင့် ၆ အတွင်းဝန် ဖြစ်နေပြီ၊ ဒါကြောင့် ခင်ဗျားက ရှေ့မှာ ရပ်သင့်တာပေါ့”

"မှူးမတ်ချူ၊ ကျွန်တော်တို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို အတူတူ ပြန်ကြရအောင်”

ချူဟွား: ? ? ?

ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြန်ရောက်သောအခါ သူမသည် ယနေ့မှ ရာထူးတက်လာသော်လည်း သူမ၏ စားပွဲသည် ပွတ်တိုက်ထားသဖြင့် တောက်ပြောင်နေပြီး စာရေးစုတ်တံများ၊ မှတ်ကျောက်တုံးများ၊ စက္ကူများနှင့် မှတ်ကျောက်တုံးများ အားလုံး အသစ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ပေသီးပင်လျှင် သူမ အကြိုက်ဆုံး သစ်သား ပေသီး ဖြစ်နေသည်။

ချူဟွားက သူမ၏ လုပ်ဖော်ကိုင်ဖက်များကို ပြုံးပြနှုတ်ဆက်နေသော်လည်း အမှန်တကယ်တွင် သူမ၏ စိတ်ထဲ၌ system ကို ဆက်သွယ်နေခဲ့သည်။ [System၊ အခြေအနေတွေက ပုံမှန်မဟုတ်ဘူး၊ သေချာပေါက် တစ်ခုခုပဲ။ သူတို့က ငါ့ကို တမင်တကာ မြှောက်ပင့်ချီးကျူးပြီးတော့ ငါ့ကို သူတို့နဲ့ ပူးပေါင်းလာအောင် အတုပြင်ဆင်ထားတဲ့ စာရင်းအတုတွေနဲ့ ထောင်ချောက်ဆင်နေတာလားဆိုတာ ကြည့်ပေးစမ်း]

System: [ကောင်းပြီလေ]

ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှူးမတ်: ? ? ?

ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှူးမတ်: ! ! !

နောက်ထပ် မဟုတ်မမှန် စွပ်စွဲမှုတွေ မရှိနိုင်တော့ဘူး။

အကယ်၍များ ဖော်ထုတ်မခံရနိုင်မည့် ကိစ္စမျိုး ရှိနေပါက သူတို့သည် ချူဟွား၏ ရှေ့မှောက်တွင် နေရာတွင်ပင် ငိုကြွေးကြပြီး သူမ၏ သံသယက သူတို့ကို မည်မျှ ထိခိုက်စေခဲ့ကြောင်း တိုင်တန်းကြမည်မှာ သေချာသည်။

System သည် ခဏလောက် ပျောက်ကွယ်သွားပြီး ပြန်လာသောအခါ အံ့ဩမှုများဖြင့် ပြည့်နှက်နေတော့သည်။ [မဟုတ်ဘူး၊ သူတို့က နင့်ကို အကျင့်ပျက်ခြစားတဲ့ မှူးမတ် တချို့ ထပ်ရှာစေချင်ရုံသက်သက်ပဲ၊ ဘာလို့လဲဆိုတော့ ဘဏ္ဍာတိုက်က တကယ်ပဲ ပိုက်ဆံ ပြတ်နေပြီး နန်းစောင့်တပ်မှူးက သူတို့အိမ်တွေကို သိမ်းဆည်းပြီး ဘဏ္ဍာတိုက်ကို ဖြည့်နိုင်လို့ပဲ]

ချူဟွား: "..." သူတို့က ငါ့ကို တကယ်ပဲ အထင်ကြီးနေကြတာပဲ။

အရှင်မင်းကြီး၏ စကားသည် ရွှေ ဖြစ်သဖြင့် ညှိနှိုင်းရန် နေရာ မရှိတော့ပေ။

သူမသည် ဤနေရာသို့ ပြောင်းရွှေ့ခံခဲ့ရပြီး ဖြစ်သည်။ အကယ်၍ သူမ အလုပ် ကောင်းကောင်း မလုပ်နိုင်ခဲ့ပါက သူမသည် အရှင်မင်းကြီးကို အမျက်တော် ရှစေလိမ့်မည်။ အကယ်၍ သူမ အလုပ် ကောင်းကောင်း လုပ်ခဲ့ပါက သူမသည် သူမ၏ လုပ်ဖော်ကိုင်ဖက်များကို စိတ်ဆိုးစေလိမ့်ဦးမည်။ ဒါက တကယ်ပဲ ကျေးဇူးမတင်ထိုက်တဲ့ အလုပ်တစ်ခုပဲ။

ချူဟွား၏ စရိုက်နှင့် မူဝါဒများက သူမကို ကိစ္စရပ်များကို ဖြစ်ကတတ်ဆန်း လုပ်ဆောင်ရန် ခွင့်မပြုသောကြောင့် သူမသည် အလုပ်ကို ကြီးကြီးကျယ်ကျယ် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။

စားပွဲပေါ်တွင် စာရင်းစာအုပ်များစွာ စုပုံနေသည်။ အကြမ်းဖျင်း ကြည့်လိုက်လျှင် ဘယ်မှ ညာသို့ လွန်ခဲ့သော လေးနှစ်မှ ယနေ့အထိ စာရင်းစာအုပ်များ ဖြစ်ကြောင်း ပြသနေသည်။

ဒါက ငါ့ကို ရွေးချယ်ခိုင်းနေတာလား။

ချူဟွား: [System၊ ဘယ်နှစ်က ဖရဲသီး အများဆုံး ရှိခဲ့လဲ]

System: [ဒါပေါ့၊ လွန်ခဲ့တဲ့ လေးနှစ်ကပေါ့]

ချူဟွား: [ငါလည်း ဒီလိုပဲ ထင်ခဲ့တာ။ အဲ့ဒီနှစ်က နေရာတိုင်းမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီး နေရာတိုင်းမှာ ပိုက်ဆံ ရှားပါးခဲ့တယ်။ လူတိုင်းက ရှုပ်ယှက်ခတ်နေခဲ့တာ။ သူတို့က ပေါလ်က ပိုက်ဆံ ယူပြီး ပီတာကို ပေးခဲ့ကြတယ်။ သူတို့ တစ်ခုခု မှားလုပ်ခဲ့ရင် အလွယ်တကူ ရှာဖွေတွေ့ရှိဖို့ မလွယ်ဘူး။ ကောင်းပြီ၊ ဒါဆို ငါတို့ ဒီကနေ စလိုက်ကြတာပေါ့]

"လွန်ခဲ့တဲ့ လေးနှစ်က စလိုက်ကြရအောင်”

ဘဏ္ဍာရေးဝန်ကြီးဌာန တစ်ခုလုံး အလုပ်များနေကြလေသည်။ အချို့လူများက လွန်ခဲ့သော လေးနှစ်မှ စာရင်းစာအုပ်များကို ရွှေ့ပြောင်းကြပြီး အချို့လူများက ချူဟွားနောက်သို့ လိုက်ကာ ငွေဝင်ငွေထွက် စာရင်းကိုင်နည်းစနစ်၊ အာရဗီ ဂဏန်းများနှင့် အမြန် တွက်ချက်နည်းများကို သင်ယူကြလေသည်။ သူတို့ အလုပ်များလို့နေကြ၏။

ချူဟွားသည် စာရင်းများ တွက်ချက်နေရသဖြင့် အလုပ်များနေသလို system သည်လည်း ဖရဲသီးများကို အရူးအမူး စားသုံးနေပြီး ရံဖန်ရံခါ သူမကို သတိပေးရန် ပေါ်လာတတ်သည်။

[ဒီနေရာက ကယ်ဆယ်ရေး ဆန်တွေကို ဒေသဆိုင်ရာ မြို့ဝန်က အလွဲသုံးစား လုပ်ခဲ့တာ။ ကျန်တာတွေက ရေအများကြီးနဲ့ ချက်ထားတဲ့ ဆန်ပြုတ် အရမ်းကျဲတွေ၊ အထဲမှာက ဆန်ဟောင်းတွေချည်းပဲ]

[ဒီနေရာက ဝါဂွမ်းနဲ့ ဝါဂွမ်းထည် အဝတ်အစားတွေရဲ့ ဈေးနှုန်းက တစ်ဝက် ပိုများနေတယ်။ ပြောတာကတော့ တောင်ဘက်ကနေ မြောက်ဘက်ကို သယ်ယူရတာ၊ အချိန်နဲ့ သယ်ယူပို့ဆောင်ခတွေ အများကြီး ကုန်ကျတယ်တဲ့။ တကယ်တော့ ဒါက ဒေသခံ သူဌေးတွေဆီက ဈေးကွက်ပေါက်ဈေးရဲ့ တစ်ဝက်ဈေးနဲ့ အတင်းအဓမ္မ စုဆောင်းခဲ့တာ။ သူတို့က နှစ်ဖက်စလုံးကနေ ပိုက်ဆံ ရှာခဲ့ကြတာ၊ အရမ်း မည်းနက်တာပဲ]

[ဒီနေရာက ပဲပိစပ် ဈေးနှုန်းတွေက တက်လာတယ်၊ ဒါပေမဲ့ သတင်းပို့ထားသလောက် မများဘူး။ အဓိက အချက်ကတော့ သတင်းအချက်အလက်တွေက မတူညီတာပဲ...]

System ၏ OP အကူအညီဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန တစ်ခုလုံးသည် အလုပ်များသော နံနက်ခင်းတစ်ခုကို စာရင်းများ စစ်ဆေးရင်း ဖရဲသီးများကို ပျော်ရွှင်စွာ စားသုံးရင်း ကုန်ဆုံးခဲ့ကြလေသည်။ နန်းစောင့်တပ်မှူး၏ လက်များသာ မှတ်တမ်းတင်ရသဖြင့် ကျိုးမတတ် ဖြစ်နေခဲ့ရသည်။

နေ့လယ်စာ စားပြီးနောက် ချူဟွားသည် နေသာသော နေရာတစ်ခုကို ရှာဖွေ ထိုင်လိုက်ပြီး ကယ်လ်စီယမ် စုပ်ယူမှုကို မြှင့်တင်ရန် နေပူဆာလှုံနေလိုက်၏။

သူမ၏ မျက်လုံးများက ပိတ်ထားပုံရသော်လည်း သူမသည် အမှန်တကယ်တွင် system နှင့် စကားပြောနေခြင်းပင်။ [ဒီနေ့ ဖရဲသီးတွေ အများကြီး ပြန်ဖြည့်တင်းလိုက်ရလား]

System ၏ လေသံက တော်တော် ပျော်ရွှင်လို့နေသည်။ [အများကြီးပဲ၊ ၃၀၀၀ ကျော်တယ်]

ချူဟွားသည် အလုပ်များနေသော်လည်း စိတ်ခံစားမှု ကောင်းမွန်နေသည်။ မည်သို့ပင် ဆိုစေကာမူ အလုပ်များခြင်းသည် လူတစ်ဦး၏ တန်ဖိုးကို ထင်ဟပ်စေနိုင်သည် မဟုတ်လား - ဒါက လူမှုဘဝ တိရစ္ဆာန်များ၏ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သည့် နည်းလမ်းပင်။

[System၊ ငါ မမေးဖြစ်တဲ့ ကိစ္စတစ်ခု ရှိတယ်၊ နင်က ငါနဲ့ ဘယ်လောက်ကြာကြာ ချိတ်ဆက်ထားမှာလဲ]

System: [နင် သေတဲ့အချိန်အထိပဲ]

ချူဟွား: [ငါ သေသွားရင် နင် ဘာဖြစ်သွားမှာလဲ]

System: [ပြန်သွားမှာပေါ့]

ချူဟွား: [နင်က သခင်တစ်ယောက်နဲ့ မချိတ်ဆက်ဘဲ ဖရဲသီးတွေ ဆက်စားနေမှာလား]

System: [မဟုတ်ဘူး၊ အဲ့ဒါက ဖရဲသီးတွေကို ထပ်ခါတလဲလဲ စားမိစေလိမ့်မယ်။ လောကတစ်ခုမှာ ဖရဲသီးစားတဲ့ system တစ်ခုပဲ ရှိနိုင်တယ်]

ညစာစားပြီးနောက် လမ်းလျှောက်ထွက်လာသော ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှူးမတ်: ? ? ?

လာလည်ရင်း ဖရဲသီး လာစားသော မှူးမတ်: ? ? ?

တိတ်တဆိတ် ပုန်းအောင်းနေသော နန်းစောင့်တပ်မှူး: ? ? ?

ချူဟွား သေသွားသည်နှင့် system က ပျောက်သွားမည် ဟုတ်လား။

အာ... ဒါက...

တချို့လူများ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ချူဟွား၏ အကာအကွယ်ကို အားဖြည့်ပေးရပေမည်။

တချို့လူများကတော့ ဝမ်းသာအားရ ဖြစ်သွားကြ၏။ ချူဟွားကို သတ်ပစ်လိုက်သရွေ့ သူတို့ မဖော်ထုတ်စေချင်သော လျှို့ဝှက်ချက်များသည် ထာဝရ မြှုပ်နှံထားပြီး ဖြစ်ပေလိမ့်မည်။

…

All Chapters