အခန်း ၂၅
Vol. 2 Ch. 25
အပိုင်း (၂၅)
System အတွက် ဖရဲသီးစွမ်းအင် ပြတ်လပ်မှုကို ရှောင်ရှားရန် ချူဟွားသည် နေ့လယ်ပိုင်းတွင် စာရင်းများကို အာရုံစိုက်ကာ စစ်ဆေးခဲ့၏။
ညောင်းညာကိုက်ခဲနေသော ခါးကိုဖိနှိပ်ရင်း သူမသည် အိမ်ပြန်ရန် ပြင်ဆင်နေချိန်တွင် တောက်ပြောင်သော ဝတ်စုံပြည့်နှင့် အမျိုးသားနှစ်ဦးသည် အခွန်ဝန်ကြီးဌာန၏ တံခါးဝမှ သူမနောက်သို့ လိုက်ပါလာခဲ့လေသည်။
ထိုအမျိုးသားနှစ်ဦးသည် လက်သီးကိုဆုပ်ကာ အရိုအသေပြုကြ၏။ သူတို့၏ ဘယ်ဘက်လက်ထဲမှ ချယ်လှယ်ထားသော နွေဦးဓားရှည်နှစ်လက်သည် နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် အေးစက်ထက်ရှသော အလင်းရောင်ဖြင့် တောက်ပနေသည်။
"ကျွန်တော့်နာမည် ကျားရိပါ။ လူကြီးမင်းကို ကာကွယ်ဖို့ အမိန့်တော်အတိုင်း ရောက်လာတာပါ"
"ကျွန်တော့်နာမည် ချိုက်ကန်းပါ။ အရှင်မင်းကြီးက လူကြီးမင်း စာရင်းတွေ မစစ်ဆေးခင် လုပ်ကြံခံရမှာ စိုးရိမ်တော်မူလို့ပါ"
ချူဟွား: "..."
သူမရဲ့အသက်က ဒီလောက်မြန်မြန် အန္တရာယ်ကျရောက်လိမ့်မယ်လို့ မထင်ထားမိဘူး။ တစ်ဖက်လူက ဘယ်လောက်တုံးအပါစေ သူမက စာရင်းစစ်ရုံပဲ ရှိသေးပြီး ဘာတွေ့နိုင်မလဲဆိုတာ မသိသေးတဲ့အချိန်မှာ လာလုပ်ကြံမှာ မဟုတ်ဘူးလေ။ ဒါက ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားရာ ရောက်မနေဘူးလား။
သို့သော် သည်လူနှစ်ဦး၏ ရောက်ရှိလာခြင်းက သူမအတွက် အခွင့်အရေးကောင်းတစ်ခုကို ယူဆောင်လာခဲ့လေသည်။
"နန်းစောင့်တပ်သားတွေလား"
"ဟုတ်ပါတယ်"
ချူဟွားက ပြုံးလိုက်၏။ "ကျေးဇူးပြုပြီး မြို့တော်အပြင်ဘက်က ကျွန်တော့် မိသားစုရဲ့ အိမ်ရာဝင်းကို သွားပြီး လျိုယွဲ့ကို စုံစမ်းပေးပါလား"
အဲဒီမှာ အသင့်လုပ်ထားပြီးသား သက်ရှည်ဆေးအနှစ် စွဲနေတဲ့သူတစ်ယောက် ရှိတယ်။ အားနည်းပြီး လက်ဖက်စိမ်းဆန်ဆန် မယားငယ်တစ်ယောက်က ဒီလောက်တောင် ပျက်စီးသွားတာက အယုံကြည်ရဆုံး ဥပမာပဲ။
သက်ရှည်ဆေးအနှစ်ကိစ္စကို အရှင်မင်းကြီးထံ ချက်ချင်း သတင်းပို့နိုင်သည်။
နန်းစောင့်တပ်သားကသာ ပိုပြီးစွမ်းဆောင်နိုင်ရင် ဝူရူရဲ့ လျှို့ဝှက်အခန်းထဲက သက်ရှည်ဆေးအနှစ် ပမာဏအများကြီးကို ရှာတွေ့နိုင်ပြီး သဲလွန်စအတိုင်းလိုက်ပြီး ရှီးရုံရဲ့ ကြံစည်မှုအားလုံးကို ချေမှုန်းနိုင်လောက်တယ်။
"ဟုတ်ကဲ့!" ချိုက်ကန်းသည် လှည့်ထွက်သွား၏။
ချူဟွားက ဤကိစ္စကို နန်းစောင့်တပ်သားကို အပ်နှင်းလိုက်ခြင်းသည် အရှင်မင်းကြီးထံ အကူအညီ တောင်းခံခြင်းနှင့် အတူတူပင်။
အရှင်မင်းကြီးသည် နန်းစောင့်တပ်မှူးကို ချက်ချင်းစေလွှတ်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်လေသည်။
လင်ယိုနှင့် သူ့လူများသည် အိမ်ရာဝင်းသို့ လျှပ်စီးလိုအရှိန်ဖြင့် သွားရောက်ခဲ့ပြီး သတိလစ်နေသော လျိုယွဲ့ကို ထိုညတွင်းချင်း နန်းတော်သို့ ခေါ်ဆောင်လာကာ လူမရှိသော ဘေးနန်းဆောင်တစ်ခုတွင် ချုပ်နှောင်ထားလိုက်သည်။
အရှင်မင်းကြီးနှင့် တတိယအဆင့်အထက် မှူးမတ်များသည် ပြတင်းပေါက်မှတစ်ဆင့် ကြည့်ရှုနေကြ၏။
သူတို့သည် ချူဟွား ပြောခဲ့သည့်အရာများအပေါ် သံသယတချို့ ရှိနေဆဲဖြစ်ပြီး မျက်မြင်ကိုယ်တွေ့ ကြည့်ရှုပြီးမှသာ ယုံကြည်နိုင်လိမ့်မည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လျိုယွဲ့သည် ဒူးများကိုပိုက်ကာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေ၏။ သူမ၏ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေကာ သာမန်အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရသည့် ပုံမှန်တုံ့ပြန်မှုအတိုင်း လုံးဝ ဖြစ်နေသည်။
မှူးမတ်တစ်ဦးက မစောင့်နိုင်တော့ဘဲ ပြောလိုက်၏။ "ဒါက ထူးခြားမှု မရှိဘူးထင်တယ်"
အရှင်မင်းကြီးက လင်ယိုကို လှမ်းကြည့်လိုက်ရာ လင်ယိုက ချက်ချင်း လျှောက်တင်လေသည်။
"အရှင်မင်းကြီး ကျွန်တော် အိမ်တော်ကို ရောက်သွားတုန်းက ချူရှူးနဲ့ လျိုယွဲ့တို့ ရန်ဖြစ်နေကြပြီး ရန်ဖြစ်နေတုန်း အိုးသေးသေးတစ်လုံး မှောက်သွားပါတယ်။ လျိုယွဲ့ရဲ့ မျက်နှာက သိသိသာသာ ပြောင်းသွားပြီး အဲဒါကို အတင်းလုယူကာ နည်းနည်းလောက် စားလိုက်ပါတယ်။ ကျွန်တော့်အထင် နောက်တစ်ခါ ဆေးစွဲလက္ခဏာပြဖို့ အချိန်တော်တော်ကြာ လိုဦးမယ်ထင်တယ်"
"အဲဒီအိုးသေးသေးကို ကျွန်တော် ယူလာခဲ့ပါတယ်" လင်ယိုသည် သူ၏လက်မောင်းကြားမှ လက်ကိုင်ပဝါဖြင့် ပတ်ထားသော အပြာဖြူ ကြွေအိုးငယ် သုံးလုံးကို ထုတ်ယူလိုက်သည်။ ညစ်ပတ်နေသော အိုးသည် မှောက်ကျသွားသော အိုးဖြစ်သင့်ပြီး ကျန်နှစ်လုံးကတော့ အတော်လေး သန့်ရှင်းနေသည်။
"ကျွန်တော် အိုးကို ယူနေတာ မြင်တော့ ချူရှူးက လျိုယွဲ့ရဲ့ အလှပြင်သေတ္တာထဲကနေ ဒီနှစ်လုံးကို ထုတ်ယူလာတာပါ"
အရှင်မင်းကြီး: "..."
မှူးမတ်များ: "..."
သူတို့ ဘာပြောနိုင်မည်နည်း။ ချူရှူးနှင့် ချူဟွားတို့သည် အမှန်တကယ်ပင် အလွန်ကွာခြားလှသည်။
ဒီနေ့သာ ချူဟွားဆိုရင် သူမအမေကို ဒီလောက် ပြတ်ပြတ်သားသား သစ္စာဖောက်မှာ မဟုတ်ဘူး။
အို... ထားလိုက်ပါတော့။ သူမက ပထမတစ်ကြိမ် ကြည့်လိုက်ကတည်းက မှတ်မိမှာဖြစ်ပြီး သူမအမေကို ဒီအခြေအနေအထိ အထိခိုက်ခံမှာ မဟုတ်လောက်ဘူး။
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် ကျောက်ရောဂါကာကွယ်ဆေးကို တာဝန်ယူနေရသဖြင့် ယခု မြင်ကွင်းတွင် ရှိနေသူမှာ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူး လက်ထောက် ဖြစ်သည်။
ကြွေအိုးငယ်လေးသည် ဆီးသီးတစ်လုံးစာမျှသာ ကြီးလေသည်။ မှောက်ကျသွားသော ကြွေအိုးထဲတွင် အညိုရင့်ရောင် အနှစ်များ သုံးပုံတစ်ပုံခန့် ပါဝင်ပြီး မသုံးရသေးသော ကြွေအိုးထဲတွင်တော့ တစ်ဝက်သာ ပြည့်သည်။ နှစ်ခုလုံးတွင် အနည်းငယ် ညှီစို့စို့ အနံ့တစ်ခု ပါဝင်နေသည်။
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူး လက်ထောက်သည် သူနှင့်အတူပါလာသော ငွေအပ်ဖြင့် အဆိပ်ရှိမရှိ စမ်းသပ်လိုက်သည်။ ထို့နောက် ဝါးတံတစ်ချောင်းဖြင့် အနည်းငယ် ခြစ်ယူကာ သူ၏လျှာဖျားပေါ် တင်ကာ မြည်းစမ်းကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူသည် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးပြီး ဝန်ခံလိုက်၏။
"အရှင်မင်းကြီး ကျွန်တော်မျိုး အရည်အချင်းမရှိပါဘူး။ ဒါက ဘာနဲ့လုပ်ထားလဲဆိုတာ မခွဲခြားနိုင်ပါဘူး။ နည်းနည်းလောက် စားရုံနဲ့ အဆိပ်မဖြစ်တာမျိုး ဖြစ်နိုင်ပြီး ဒါကြောင့်မို့လို့ သမားရိုးကျ နည်းလမ်းတွေနဲ့ ရှာဖွေရခက်တာ ဖြစ်နိုင်ပါတယ်"
အရှင်မင်းကြီးသည် ယခင်က အလားတူ ခန့်မှန်းချက်များ ရှိခဲ့သဖြင့် စိတ်မပျက်သွားပေ။ "ဒါဆို မစောင့်နဲ့တော့။ ကြက်တစ်ကောင် ရှာပြီး စမ်းကြည့်"
နန်းတော်၏ တော်ဝင်မီးဖိုဆောင်တွင် သက်ရှိသတ္တဝါတချို့ အမြဲရှိတတ်၏။ မကြာမီပင် တောင်ပံများ ချည်နှောင်ထားသော ကြက်ရှင်တစ်ကောင်ကို ပို့ဆောင်လာခဲ့လေသည်။
ကြက်၊ ဘဲ၊ ကြောင်၊ ခွေးနှင့် အခြားတိရစ္ဆာန်များသည် လူသားများထက် များစွာ အားနည်းပြီး ထိန်းချုပ်ရန် ပိုမိုလွယ်ကူကြသည်။ အနည်းငယ်ကို သတ်ဖြတ်ခြင်းသည် ပြစ်မှုမမြောက်သဖြင့် အဆိပ်စမ်းသပ်ရန် မကြာခဏ အသုံးပြုလေ့ရှိသည်။
ကုန်းကုန်းတစ်ဦးသည် ကြက်၏လည်ပင်းကို ညှစ်ထားပြီး သက်ရှည်ဆေးအနှစ်ကို ကြက်၏ပါးစပ်ထဲသို့ တွန်းထည့်လိုက်သည်။ သုံးပုံတစ်ပုံခန့် တွန်းထည့်ပြီးသည့်တိုင် ကြက်သည် အသက်ရှင်နေသေးသဖြင့် သူသည် နောက်တစ်အိုးကို ထပ်ထည့်လိုက်သည်။
ဒုတိယအိုးမှ အများကြီး မထည့်ရသေးခင်မှာပင် ကြက်သည် ကြောင်တောင်တောင် ဖြစ်သွားပြီး အနည်းငယ် ရုန်းကန်ကာ ဒုတိယအိုး ကုန်သွားချိန်တွင် သေဆုံးသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ စွဲလမ်းစေခြင်း ရှိ၊ မရှိ မရှင်းလင်းသော်လည်း အဆိပ်ပြင်းသည်ကတော့ သေချာနေသည်။
အရှင်မင်းကြီးက အေးစက်သော လေသံဖြင့် မိန့်ကြားလိုက်သည်။ "လင်ယို၊ ဝူရူကို စစ်ဆေးမေးမြန်းစေ"
လင်ယို: "ကျွန်တော်မျိုး အမိန့် နာခံပါတယ်"
ထိုညတွင် နန်းစောင့်တပ်သား ဒါဇင်ပေါင်းများစွာသည် မီးတုတ်များ ကိုင်ဆောင်ကာ ဝူရူ၏ အိမ်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားကြသဖြင့် ဝူမိသားစုသည် ထိတ်လန့်တုန်လှုပ်ကာ ပရမ်းပတာ ဖြစ်သွားကြသည်။
အဝတ်အစားပင် မဝတ်ရသေးသော ဝူရူသည် သူတို့ကို တားဆီးရန် အလျင်အမြန် ထွက်လာခဲ့သည်။ " နန်းစောင့်တပ်မှူး၊ ခင်ဗျား ဘာလုပ်တာလဲ "
လင်ယိုက လက်ဝှေ့ယမ်းလိုက်၏။ "ရှာဖွေကြ"
ဝူမိသားစုထဲမှ မည်သူမျှ ရန်သူကို သတင်းမပေးနိုင်စေရန် အပြင်ဘက်တွင် နန်းစောင့်တပ်သားများ ရှိနေသည်။ အတွင်းဘက်မှ နန်းစောင့်တပ်သားများသည်လည်း ဝူမိသားစုဝင်တိုင်းကို စောင့်ကြပ်နေပြီး ဝူမိသားစုတစ်ခုလုံးကို သံစည်ပိုင်းတစ်ခုကဲ့သို့ ဝန်းရံထားလိုက်ကြသည်။
ဝူမိသားစုတွင် လျှို့ဝှက်အခန်းတစ်ခု ရှိကြောင်း system ထံမှ ကြိုတင် သိရှိထားသောကြောင့် နန်းစောင့်တပ်သားများသည် ရည်ရွယ်ချက်ရှိရှိ ရှာဖွေကြရာ အရှိန်အဟုန်က ပိုမိုမြန်ဆန်လာသည်။ ဝူမိသားစုရှိ သေတ္တာများနှင့် ဗီရိုများကို ရှာဖွေပြီး လျှို့ဝှက်စက်ယန္တရားများကို လိုက်ရှာပြီးနောက် ဝူရူ၏ စာကြည့်ခန်းထဲတွင် လျှို့ဝှက်အခန်းတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားခဲ့သည်။
လင်ယိုသည် လျှို့ဝှက်အခန်းထဲသို့ ခြေချလိုက်သည့်အခိုက်တွင် အသက်ရှူမှားသွားတော့သည်။
လျိုယွဲ့၏ သက်ရှည်ဆေးအနှစ်သည် အိုးငယ် သုံးလုံးသာဖြစ်ပြီး အားလုံးပေါင်းမှ ပန်းကန်တစ်ချပ်စာသာ ရှိသည်။ သို့သော် လျှို့ဝှက်အခန်းထဲမှ သက်ရှည်ဆေးအနှစ်ကတော့ ပုံးလိုက် ရှိနေသည်။
ဘေးရှိ စာအုပ်စင်ပေါ်တွင်လည်း အရွယ်အစားအမျိုးမျိုးရှိသော ကြွေအိုးများ ရှိနေပြီး အနည်းဆုံး အလုံး ၂၀၀ ခန့်ရှိကာ အားလုံးပေါင်းလျှင် အနည်းဆုံး ပုံးတစ်ဝက်စာ ရှိနေသည်။
ဤပုံးတစ်ပုံးခွဲစာသည် ဝူရူမှတစ်ဆင့် ညီလာခံမှ မှူးမတ်များထံ ရောက်ရှိသွားပါက... တစ်စုံတစ်ယောက်က စွဲလမ်းသွားပြီး ထိန်းချုပ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ပမာဏလွန်ကဲပြီး အဆိပ်သင့် သေဆုံးသွားသည်ဖြစ်စေ အကျိုးဆက်များမှာ ဆိုးရွားလှပေလိမ့်မည်။
လင်ယိုက မျက်နှာဖြူဖျော့သွားသော ဝူရူကို မပွင့်တပွင့် ပြုံးကာ ကြည့်လိုက်၏။ "မှူးမတ်ဝူ၊ ခင်ဗျား တကယ် စွမ်းဆောင်နိုင်တာပဲ"
ဝူရူသည် လင်ယိုက သည်ပစ္စည်းကို မှတ်မိနိုင်မည်မဟုတ်ဟု သေချာနေလေ၏။ "နန်းစောင့်တပ်မှူး ဘာကို ပြောနေမှန်း ကျွန်တော် မသိဘူး။ ဒါက တခြားသူတွေ မသိတဲ့ ကျွန်တော့်ရဲ့ ဝါသနာလေးတစ်ခုပါပဲ။ ဒါကြောင့် လျှို့ဝှက်အခန်းထဲမှာ ထားထားတာ"
လင်ယိုကတော့ သူနှင့် အငြင်းအခုံလုပ်ကာ အချိန်ဖြုန်းမည် မဟုတ်ပေ။ "ဝါသနာ ဟုတ်လား။ ကောင်းပြီ။ လာကြ။ မှူးမတ်ဝူကို လူတိုင်းရှေ့မှာ အိုးအနည်းငယ်လောက် စားခိုင်းလိုက်။ ဒါမှ ငါတို့ မျက်စိပွင့်သွားမှာ"
"ဟုတ်ကဲ့!" နန်းစောင့်တပ်သား အနည်းငယ်သည် စင်ပေါ်မှ အိုးတချို့ကို ဆွဲယူကာ ဝူရူထံသို့ လျှောက်သွားကြသည်။
ဝူရူ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားတော့၏။ သူတို့က ဒါ ဘာလဲဆိုတာ တကယ် မသိကြဘူး မဟုတ်လား။
သူ တစ်စုံတစ်ရာ ပြောသည်ကို မစောင့်ဘဲ နန်းစောင့်တပ်သားက သူ၏လက်မောင်းကို ဖိနှိပ်ကာ ပါးစပ်ကို ညှစ်ကာ လောင်းထည့်လိုက်တော့သည်။
"နန်းစောင့်တပ်မှူး၊ ကျွန်တော့်ကို ချမ်းသာပေးပါ!" ဝူရူသည် ကြောက်မက်ဖွယ်ရာ အမူအရာဖြင့် အရူးအမူး ရုန်းကန်နေတော့သည်။
လင်ယိုက မျက်လုံးမှိတ်ထားပြီး သူ့ကို လျစ်လျူရှုထားလိုက်၏။
"ကျွန်တော် ပြောပါ့မယ်!" အသက်ရှင်လိုစိတ်၏ တွန်းအားပေးမှုကြောင့် ဝူရူသည် ငိုယိုကာ အသနားခံ တောင်းပန်လိုက်သည်။
လင်ယို လက်မြှောက်လိုက်သည်နှင့် နန်းစောင့်တပ်သားသည် ဝူရူကို ယာယီ လွှတ်ပေးလိုက်၏။ သို့သော် အိုးကို ကိုင်ထားဆဲဖြစ်ပြီး သူ့ကို လောဘတကြီး စိုက်ကြည့်နေဆဲပင်။ တကယ်၍ သူသာ လိမ္မာစွာ မနေပါက ချက်ချင်း ခုန်အုပ်ပြီး သူ့လည်ပင်းကို ထိုးနှက်တော့မည့်အလားပင်။
ဝူရူသည် မသေချင်သေးပေ။ ထို့ကြောင့် ရိုးသားစွာ ဝန်ခံရတော့သည်။ သူ စကားပြောလေလေ သူ၏မျက်နှာသည် ပိုပြီး ဖြူဖျော့လာလေလေပင်။
သူတော့ ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း သိလိုက်သည်။
နောက်တစ်နေ့တွင် အရှင်မင်းကြီးသည် အဆင့်၉နှင့်အထက် လူအားလုံးကို ညီလာခံ တက်ရောက်ရန် ဆင့်ခေါ်လိုက်၏။
အစပိုင်းတွင် နံနက်ခင်း ညီလာခံ၏ အစောပိုင်းအဆင့်သည် အဆင်ပြေပြေ ချောချောမွေ့မွေ့ပင်။ တစ်ဝက်အရောက်တွင် ကုန်းကုန်းတစ်ဦးသည် ချန်ကျို့ထံ သတင်းစကားတစ်ခု လာရောက် ပေးပို့လိုက်သည်။ ယနေ့၏ အဓိက ခေါင်းစဉ် စတင်တော့သည်။
နန်းစောင့်တပ်သားသည် အကျဉ်းသားဝတ်စုံ ဝတ်ဆင်ထားသော ဝူရူနှင့် အနည်းငယ် ရူးသွပ်နေသော လျိုယွဲ့ကို ခေါ်ဆောင်လာခဲ့သည်။
လင်ယို: " တစ်ယောက်နဲ့ တစ်ယောက် မသိကြလောက်ဘူး။ ဒါပေမဲ့ ဘယ်ဘက်ကလူက ကွပ်ကဲရေးမှူး ဝူရူ ဖြစ်ပြီး ညာဘက်က တစ်ယောက်ကတော့ မှူးမတ် ချူဖျင်ရဲ့ ကိုယ်လုပ်တော် လျိုယွဲ့ပါ"
မှူးမတ်များ: "..." သူတို့ သိကြပါတယ်။ ကောင်းကောင်းကြီး သိနေတယ်။ ဒီရက်ပိုင်း အတင်းအဖျင်းတွေရဲ့ အဓိက ဇာတ်ကောင်လေ။
"လွန်ခဲ့တဲ့ လေးနှစ်က ဝူရူ ရှီးကျန်းကို စစ်ဆေးရေးသွားတုန်းက ရှီးရုံလူတွေနဲ့ ကနဦး အဆက်အသွယ်ရခဲ့ပြီး ရန်သူထံ ခိုလှုံကာ တိုင်းပြည်ကို သစ္စာဖောက်ခဲ့ပါတယ်။ ရှီးရုံလူတွေရဲ့ ညွှန်ကြားချက်အရ သူက သက်ရှည်ဆေးအနှစ်ကို သုံးပြီး ကျွန်တော်တို့ သာ့ရှန်းညီလာခံက မှူးမတ်တွေကို ဖြည်းဖြည်းချင်းနဲ့ ရေရှည် တိုက်စားဖို့ ရည်ရွယ်ခဲ့တယ်။ သက်ရှည်ဆေးအနှစ်ဆိုတာ မှူးမတ်အများစု မသိကြတဲ့ အရာတစ်ခုပါ"
လင်ယိုသည် ကြက်ရှင်တစ်ကောင်ကို ယူလာရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်ပြီး အရပ်ဘက်နှင့် စစ်ဘက် မှူးမတ်များ၏ ရှေ့မှောက်တွင် မနေ့က စမ်းသပ်မှုကို ထပ်မံ ပြုလုပ်ပြခဲ့သည်။
ကြက် သေသွားသည်နှင့် နန်းစောင့်တပ်သားသည် သေဆုံးသွားသော ကြက်ကို သယ်ဆောင်ကာက ရှေ့မှနောက်သို့ ဖြည်းဖြည်းချင်း ဖြတ်သန်းသွားသည်။ လူတိုင်း ကြက်၏ ကြေကွဲဖွယ် သေဆုံးမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေရန်၊ ထိုမှတစ်ဆင့် ကိုယ်ပိုင် ကြေကွဲဖွယ် သေဆုံးမှုနှင့် ဆက်စပ်တွေးတောနိုင်ပြီး သည်သင်ခန်းစာကို နက်နက်ရှိုင်းရှိုင်း မှတ်မိနေစေရန် သေချာလေး လုပ်ပြလိုက်သည်။
ညီလာခံအတွင်းတွင် ရုတ်တရက် အံ့ဩတကြီး ကလေးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ [ဟေး ကြက်ပေါ်မှာ ဘာလို့ ဖရဲသီးတစ်လုံး ရှိနေတာလဲ။ ဒါက ကြက်နတ်လား]
အရှင်မင်းကြီး:?
မှူးမတ်များ:?
System: [အိုး ဒီလိုကိုး။ ဒီစမ်းသပ်မှုကို မနေ့က လုပ်ပြီးသွားပြီ။ ဒီနေ့ မှူးမတ်တွေ နက်နက်ရှိုင်းရှိုင်း နားလည်သွားအောင်လို့ လူတိုင်းရှေ့မှာ ထပ်လုပ်ပြတာကိုး။ ဒါက ဘာလဲ။ ဒါက ကြက်မသေခင်က နာကျည်းချက်ပဲ]
System က ဟန်ဆောင်ပန်ဆောင် အသံဖြင့် အော်ဟစ်လိုက်၏။ [အဲဒါတွေက အသားတိုးကြက်တွေဆိုတာ သိသာတယ်။ ဓားတစ်ချက်တည်းနဲ့ သတ်၊ အမွှေးနှုတ်၊ သန့်စင်၊ ကြော်လှော်ပြီး လူသားတွေ စားသုံးသင့်တာကို မသမာတဲ့လူတွေက အဆိပ်ခတ် သတ်ဖြတ်ခဲ့တယ်။ မသေခင်မှာ နှလုံးနဲ့ အဆုတ် ထိခိုက်တာ၊ အသက်ရှူမဝတာ၊ ကြွက်သားတွေ လေဖြတ်တာနဲ့ တခြား နာကျင်မှုတွေကို ခံစားခဲ့ရတယ်။ အရမ်း သနားစရာကောင်းတာပဲ ကြက်ရယ်]
ချူဟွား: "..." တကယ့် ဒရမ်မာဘုရင်မပဲ။
[ဘာလို့ ကြော်လှော်ရမှာလဲ။ ကြက်ကင်က အရမ်း အရသာရှိတာကို]
System: [ဘာလို့လဲဆိုတော့ သာ့ရှန်းမှာ ငရုတ်သီး မရှိလို့လေ။ ငရုတ်သီးမပါတဲ့ ကြက်ကင်က ဝိညာဉ်မရှိသလိုပဲ]
ချူဟွား: [ငရုတ်သီးက အရာအားလုံးထက် သာလွန်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ မူလကြက်ကင်ကလည်း အရသာရှိတာပဲ။ ဒီ့အပြင် ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ။ မကြာခင် ငရုတ်သီးကို ရှာတွေ့မှာပါ]
အရှင်မင်းကြီး:? ? !
မှူးမတ်များ:? ? !
ငရုတ်သီးက တကယ် အရာအားလုံးထက် သာလွန်တာလား။ ဒီလောက် မြင့်မားတဲ့ သုံးသပ်ချက်နဲ့ဆိုတော့ သူတို့ မြည်းစမ်းကြည့်ရမှာပဲ။
ငရုတ်သီးလား။ Systemက စမ်းကြည့်လိုက်သည်။ [ဟေး မမကြီးဟွား။ ကျွန်တော် ရှာဖွေရေးဘားမှာ ငရုတ်သီးလို့ ရိုက်ထည့်လိုက်တာ တုံ့ပြန်မှု ရလာတယ်။ ဒီဖရဲသီးက ဖရဲသီးစွမ်းအင် ၂၀၀ လိုတယ်။ ကျွန်တော် ဝယ်လိုက်ရင် စွမ်းအင် လုံလောက်တော့မှာ မဟုတ်ဘူး]
ချူဟွားသည် စိတ်ထဲမှ အရူးအမူး အော်ဟစ်လိုက်သည်။ အားးးးး။ Systemရေ နင်က တကယ့် ရတနာသိုက်ကြီးပဲ။
အစပ်ကြိုက်သူများအတွက် သူတို့၏ဘဝ ပထမ ၁၃ နှစ်တာလုံး ငရုတ်သီး မစားနိုင်ဘဲ ဟွားကျောင်းသီးတစ်မျိုးကိုသာ အစားထိုး အသုံးပြုခဲ့ရခြင်းက ရက်စက်လွန်းလှသည်။
ချူဟွားသည် အသက်ပြင်းပြင်း နှစ်ခါရှူကာ သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်လေသည်။
[စိတ်မပူပါနဲ့။ ဒီဖရဲသီးကို စားပြီးရင် နင် ရလိမ့်မယ်လို့ ငါ ထင်တယ်]
အရှင်မင်းကြီးနှင့် မှူးမတ်များသည်လည်း ငရုတ်သီးကို မြည်းစမ်းကြည့်ချင်ကြသဖြင့် နောက်လာမည့် လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြတော့သည်။
လင်ယိုက ဝူရူ မည်သို့ ပြစ်မှုကျူးလွန်ခဲ့ပုံကို အသေးစိတ် ရှင်းပြခဲ့၏။ ထိုအထဲတွင် သူသည် ကွပ်ကဲရေးဌာနမှ အခြားသူများနှင့် မည်သို့ မိတ်ဖွဲ့ခဲ့ပုံ၊ သူ၏ ညီအစ်ကို မိတ်ဆွေများ၏ အိမ်များသို့ မည်သို့ ဝင်ရောက်ခဲ့ပုံ၊ နှင့် သူတို့၏ အစားအစာထဲသို့ သက်ရှည်ဆေးအနှစ်ကို မည်သို့ ထည့်သွင်းခဲ့ပုံတို့ ပါဝင်သည်။
"သက်ရှည်ဆေးအနှစ်က စူးရှတဲ့အရသာ ရှိပါတယ်။ ဝူရူက သူ့မိန်းမကို အားတိုးဆေးနဲ့ အကိုက်အခဲပျောက်ဆေးဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားသူတွေကို ပေးခိုင်းခဲ့တယ်။ ပြီးတော့ သူတို့တွေ စွဲလမ်းသွားတဲ့အခါ သက်ရှည်ဆေးအနှစ် ထောက်ပံ့ပေးတာကို အကြောင်းပြပြီး သူတို့ကို ထိန်းချုပ်ခဲ့ပါတယ်"
"သူက အလွန်အကျွံ မလုပ်ရဲဘူး။ ဒါမှ မပေါ်သွားမှာလေ။ ဒါကြောင့် လေးနှစ်တာလုံး မှူးမတ်တွေရဲ့ ဇနီးတွေနဲ့ ကိုယ်လုပ်တော်တွေကိုပဲ ထိန်းချုပ်ခဲ့တာ။ ဝူရူရဲ့ ထွက်ဆိုချက်အရ တချို့ဇနီးတွေက မှူးမတ်တချို့ရဲ့ အစားအစာထဲမှာ သက်ရှည်ဆေးအနှစ်ကို ထည့်ပြီးနေပါပြီ"
မှူးမတ်များ: !!!
ဒီဖရဲသီးက ရုတ်တရက်ကြီး သူတို့အကြောင်း ဖြစ်သွားပါရောလား။
တချို့လူများသည် ဝူရူနှင့် ခင်မင်ရင်းနှီးမှု မရှိသည်ကို သတိရပြီး ချက်ချင်း သက်ပြင်းချလိုက်ကြသည်။ တချို့ကတော့ အနည်းငယ် ခန့်မှန်းမိကာ မျက်နှာများ ဖြူဖျော့သွားကြ၏။
လင်ယိုက ဆက်ပြောလေသည်။ "ဝူရူရဲ့ အစီအစဉ်က နည်းနည်း နှေးတယ်။ သူက သက်ရှည်ဆေးအနှစ်၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ ပြီးတော့ ကလေးတွေကို သုံးပြီး မှူးမတ်တချို့ရဲ့ ဇနီးတွေနဲ့ ကိုယ်လုပ်တော်တွေကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားတယ်။ သူတို့ရဲ့ အကူအညီနဲ့ ဖုံးကွယ်ထားတော့ သတိပြုမိစရာ မရှိဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ ရှီးရုံကတော့ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ကြီးကြီးမားမား တိုးတက်မှု မရှိလို့ စိတ်မရှည်တော့ဘူး။ ဒါကြောင့် သူတို့က လျိုယွဲ့ကို သက်ရှည်ဆေးအနှစ် သုံးစွဲလာအောင် သွေးဆောင်ဖို့ လူတွေ လွှတ်လိုက်တယ်။ သူ စွဲလမ်းသွားတဲ့အခါ ကာလသားရောဂါရှိတဲ့ လူတွေကို ခေါ်လာပြီး ညီလာခံ မှူးမတ်တွေနဲ့ မိတ်ဆက်ပေးကာ ညီလာခံကို သွယ်ဝိုက်တဲ့နည်းနဲ့ ကာလသားရောဂါ ပျံ့နှံ့စေခဲ့တယ်"
မှူးမတ်များသည် ဒေါသထွက်လွန်းသဖြင့် သွားများပင် ယားယံလာကြသည်။
သက်ရှည်ဆေးအနှစ် ပြီးတော့ ကာလသားရောဂါ။ ရှီးရုံက သူတို့ မြန်မြန်မသေမှာကို တကယ် စိုးရိမ်နေတာပဲ။
ချူဟွားနဲ့ systemသာ မရှိခဲ့ရင် သူတို့ တကယ် လှည့်စားခံလိုက်ရလောက်ပြီ။
မဟုတ်ဘူး။ တချို့လူတွေက လှည့်စားခံထားရပြီးပြီ။
ချူဟွားသည် အမှန်ပင် သိချင်စိတ်ဖြစ်သွားတော့သည်။ [System၊ ရှီးရုံလူတွေက ဘာလို့ လျိုယွဲ့ကို ပစ်မှတ်ထားလဲဆိုတာ နင် သိလား]
လင်ယိုက ဒီလောက် အကြာကြီး စကားပြောပြီးတာတောင် သူမ စိတ်ဝင်စားတဲ့အချက်ကို မရောက်သေးဘူးဆိုရင် ငရုတ်သီး ရှာဖို့ သုံးနိုင်တဲ့ စွမ်းအင်တွေကို system ကို အလဟဿ ဖြုန်းတီးခွင့် ပေးချင်မှာ မဟုတ်ဘူး။
Systemသည်လည်း အနည်းငယ် သိချင်သွား၏။ [ငါ စစ်ဆေးကြည့်လိုက်မယ်]
သူက ဘာအဖြေမှ မရှာဖွေရသေးခင်မှာပင် လင်ယိုက ထပ်လောင်း ပြောလိုက်လေသည်။ "လျိုယွဲ့ရဲ့ ဝန်ခံချက်အရ သူက တခြားသူတွေရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာပါ။ အမိန့်နာခံခဲ့ပြီး ဘာမှ မသိခဲ့ပါဘူး"
အနည်းငယ် ရူးသွပ်နေသော လျိုယွဲ့ကို သက်ရှည်ဆေးအနှစ် စွဲလမ်းခြင်း၏ အကျိုးဆက်များကို မှူးမတ်များ ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေရန်နှင့် သတိထားနိုင်စေရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။
System: [တွေ့ပြီ။ ဒါက နင့်အဖေရဲ့ ရာထူးက နိမ့်လို့ပဲ။ သူက မှူးမတ်တစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ အရည်အချင်းမရှိဘူး။ ဒါကြောင့် ထိန်းချုပ်ရ ပိုလွယ်တယ်]
အရည်အချင်းမရှိသော ချူဖျင်: ???
နင့်ရဲ့ ယဉ်ကျေးမှုက ဘယ်မှာလဲ။
System: [လျိုယွဲ့က အိမ်ရာဝင်းမှာ အချိန်အကြာကြီး နေခဲ့တာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဒါကြောင့် အဆက်အသွယ်လုပ်ရ လွယ်တယ်။ လျိုယွဲ့တင်မဟုတ်ဘူး။ သူတို့က တခြားမှူးမတ်တွေရဲ့ ဇနီးတွေနဲ့ ကိုယ်လုပ်တော်တွေကိုလည်း ပစ်မှတ်ထားခဲ့တယ်။ သူတို့က ဒီနှစ် ဆောင်းဦးအမဲလိုက်ပွဲအတွင်း ရေထဲမှာ သက်ရှည်ဆေးအနှစ်ကို ရောနှောချင်ခဲ့တာ။ လျိုယွဲ့က စမ်းသပ်ခံရသူပဲ]
ချူဖျင်မှာ သက်ပြင်းချလိုက်မိ၏။ အရှင်မင်းကြီးနှင့် မှူးမတ်များကတော့ ကံကောင်းသည်ဟု ခံစားရသလို တားဆီးမရနိုင်သော အေးစက်မှုနှင့် ကြောက်ရွံ့မှုတို့ကိုလည်း ခံစားလိုက်ရလေသည်။ ကံကောင်းထောက်မစွာပင် သူတို့သည် system ထံမှ သတင်းကို ကြိုတင်ရရှိခဲ့ပြီး ရှီးရုံ ထောင်ထားသော ထောင်ချောက်ထဲသို့ မကျရောက်ခဲ့ကြပေ။ သို့မဟုတ်ဘဲ သူတို့သာ သည်လို ဘာမှ မသိရဘဲ ဖြစ်နေခဲ့လျှင်တော့ သာ့ရှန်းသည် ဆောင်းဦးအမဲလိုက်ပွဲအပြီး မကြာမီမှာပင် ရှီးရုံ၏ သံခွာများအောက်သို့ ရောက်ရှိသွားဖွယ် ရှိလေသည်။
ထိုစဉ်မှာပင် system က အော်ဟစ်လိုက်တော့၏။ [ဘုရားရေ။ ဒီလို ဖြစ်နေတာကိုး]
ချူဟွား: [ဘာဖြစ်တာလဲ]
အရှင်မင်းကြီးနှင့် မှူးမတ်များ: ဘာသတင်းလဲ။
ဒီလောက် အများကြီး ဖြတ်သန်းပြီးတဲ့နောက် ဘာကမှ သူတို့ကို အံ့ဩတုန်လှုပ်စေနိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။
System: [သိပ်မကြာခင်တုန်းက မိဖုရားခေါင်းက ချွန်းဖုန်းဂေဟာကို သွားတဲ့လမ်းမှာ အရှင်မင်းကြီး ငယ်ငယ်တုန်းက ပုံစံနဲ့ အရမ်းတူတဲ့ လူငယ်တစ်ယောက်ကို တွေ့ပြီး သူ့အဖေကို မြှုပ်နှံဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းခဲ့တာ မှတ်မိလား။ တကယ်တော့ ဒါက ကြိုတင် ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းတစ်ခု ဖြစ်နေတာပဲ]
[ရှီးရုံ ဧကရာဇ်က သာ့ရှန်း အရှင်မင်းကြီးကို ဦးထုပ်စိမ်း ဆောင်းပေးဖို့ ရည်ရွယ်နေတာပဲ]
ချူဟွား: ကျွတ် ကျွတ်——]
အရှင်မင်းကြီး: !!!
မှူးမတ်များ: ? !!!
မျက်လုံးအိမ်တို့မှာ တုန်လှုပ်သွားကြလေတော့၏။
...