← Chapters

အခန်း ၂၉

Vol. 2 Ch. 29

အခန်း ၂၉

Vol. 2 Ch. 29

အပိုင်း (၂၉)

Systemသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း မိဖုရားကြီး စကားပြောသည်ကို မကြားရသဖြင့် မနေနိုင်တော့ဘဲ စပ်စုလိုက်တော့သည်။ [မမကြီးဟွား၊ မင်းတို့နှစ်ယောက် သစ်သားလူသားလုပ်တမ်း ဘယ်လောက်ကြာအောင် ကစားနေကြမှာလဲ]

ချူဟွားက မျက်နှာမဲ့သွားပြီး: [ငါ ဘာလုပ်နိုင်မှာလဲ။ ဒါက မိဖုရားကြီး၊ ခေါင်းပေါ်က အထက်လူကြီးလေ။ ကြားဖြတ်ပြီး ဝင်ပြောလိုက်ရင် သေသွားနိုင်တယ်]

မိဖုရားကြီး: "..."

လှပသော ရံရွှေတော်: "..."

အမှန်တော့ ထိုသို့ မဟုတ်ပေ။

မိဖုရားကြီးသည် တစ်စုံတစ်ယောက်က ကြားဖြတ်ပြောသည်ကို အကြောင်းပြုပြီး မည်သူ့ကိုမျှ သေသည်အထိ ရိုက်နှက်ခဲ့ခြင်း မရှိပေ။ ချူဟွားသည် သူမအပေါ် အဘယ်ကြောင့်များ သည်လို မှားယွင်းစွာ ရှုမြင်နေသည်ကို သူမ မသိတော့ချေ။

သို့သော် ချူဟွားက အမှောင်ထဲတွင် ရှိနေပြီး အမှန်တရား ပေါ်မသွားစေရန် သူမက တုံ့ပြန်ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။

"မှူးမတ်ချူ"

ချူဟွားသည် အလျင်အမြန် သတိပြန်ဝင်လာသည်။ "ရှိပါတယ်"

မိဖုရားကြီးသည် သူမ အဆင်ပြေမည်ဟု ထင်သော အကြောင်းအရာတစ်ခုကို ရှာဖွေလိုက်သည်။

"ဒီရက်ပိုင်းအတွင်း မင်းက ဘဏ္ဍာရေးဝန်ကြီးဌာနကို မမှန်ကန်တဲ့စာရင်းတွေ အများကြီး ရှာတွေ့အောင် ကူညီပေးခဲ့တယ်လို့ ပန်ကုံး ကြားတယ်"

ချူဟွား: "မယ်မယ်ရဲ့ ကျေးဇူးတော်ကြောင့်ပါ"

[System၊ မိဖုရားကြီးက ငါ့ကို ချွန်းဖုန်းဂေဟာကို သူနဲ့အတူ လိုက်စေချင်တာ သေချာလား။ ငါ့ကို စာရင်းရှင်းဖို့ မဟုတ်ဘူးမလား]

မိဖုရားကြီး: "..."

System: [အတည်ပြုပြီးပါပြီ။ မမကြီးဟွား၊ ဖရဲသီးစားတဲ့ system က ရှိပြီးသား အချက်အလက်တွေပေါ် အခြေခံပြီး သတင်းအချက်အလက် စုဆောင်းတာပါ၊ သူက ရုတ်တရက် စိတ်ပြောင်းသွားတာမျိုး မဟုတ်ရင် အမှားလုပ်မှာ မဟုတ်ဘူး]

မိဖုရားကြီး၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး အကြောင်းအရာကို ရုတ်တရက် ပြောင်းလိုက်ရတော့သည်။ "စာရင်းစစ်တာက ပင်ပန်းရမှာပဲ၊ အပန်းဖြေဖို့ ကောင်းတဲ့နေရာတစ်ခု သွားတာ မကောင်းဘူးလား"

ချူဟွားသည်လည်း မျက်ခုံးပင့်ကာ ဖြေလိုက်လေသည်။ "မယ်မယ်ရဲ့ သဘောအတိုင်းပါ"

မြင်းလှည်းသည် ဖြည်းညင်းစွာ ရှေ့သို့ ရွေ့လျားသွားပြီး မိဖုရားကြီး၏ ရံရွှေတော်များနှင့် နန်းစောင့်တပ်သား အနည်းငယ်တို့သည် မြင်းလှည်း၏ ဘေးနှစ်ဖက်မှ လိုက်ပါလာကြသည်။ သူတို့၏ လက်ထဲမှ ပန်းထိုးနွေဦးဓားရှည်များသည် လမ်းသွားလမ်းလာများကို အလိုအလျောက်ပင် ဝေးဝေး ရှောင်ရှားစေခဲ့၏။

မိဖုရားကြီးသည် အသံကို နှိမ့်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ "မင်းက မူလတုန်းက အပျိုဆောင်ထဲမှာ ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်၊ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ပေါက်ကရ စိတ်ကူးကြောင့် မင်းအစ်ကိုဖြစ်သူအစား ညီလာခံတက်ဖို့ နေ့တိုင်း မနက် ၃ နာရီ ထခဲ့ရတယ်လို့ အရှင်မင်းကြီးက ပန်ကုံးကို ပြောဖူးတယ်"

ချူဟွား:!

နောက်ဆုံးတော့ သူမကို နေ့တိုင်း မနက် ၃ နာရီထပြီး လေအေးတိုက်ခံရင်း ညီလာခံတက်ခိုင်းတဲ့ ဉာဏ်ကြီးရှင် ဘယ်သူလဲဆိုတာ သိလိုက်ရပြီ။

သူမက ဒီဆိုးရွားတဲ့ အကြံဉာဏ်ကို ဘယ်သူ ထုတ်သွားလဲလို့ တွေးနေခဲ့တာ။ တကယ်တမ်းတော့ အရှင်မင်းကြီး ဖြစ်နေပါလား။

"အခု မင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းပြီး ဒီလို ပျင်းစရာကောင်းပြီး ပင်ပန်းတဲ့ အလုပ်တွေ လုပ်ခိုင်းထားတယ်၊ သတိမထားမိရင် လူတွေကို စိတ်ထိခိုက်အောင် လုပ်မိနိုင်တယ်၊ ဒီအကြောင်း တွေးမိတိုင်း ငါ မင်းအတွက် စိတ်မကောင်း ဖြစ်မိတယ်"

Systemသည် စကားအနည်းငယ် နားထောင်ပြီးသည့်တိုင် သဘောမပေါက်ဘဲ အပြင်လူအကူအညီ တောင်းရန် ရွေးချယ်လိုက်သည်။ [မမကြီးဟွား၊ မိဖုရားကြီးက ဘာလုပ်နေတာလဲ]

ချူဟွား: [ဒါက သူဌေးတွေရဲ့ သုံးနေကျလှည့်ကွက်ပဲ။ သူတို့က နင် အလုပ်ရှုပ်နေမှန်း သိပြီး နင့်ကို အလုပ်တွေ ထပ်ခိုင်းချင်တဲ့အခါ၊ သူတို့က အရင်ဆုံး နင်နဲ့ စကားစမြည် ပြောပြီး ရင်းနှီးအောင် လုပ်လိမ့်မယ်၊ ဒါမှ နင်က သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ထင်ပြီး ဘာမဆို ပြောလို့ရတယ်လို့ ထင်သွားမှာ]

[နင် သတိလက်လွတ် ဖြစ်သွားတာနဲ့၊ နင်က သူ့ကို မတိုင်တန်းဘဲ မနေနိုင်တော့ဘူး။ နင် စကားတွေ အများကြီး ပြောမိသွားရင် သူက နင့်ရဲ့ အားနည်းချက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး "ဒီအကြောင်းတွေကို တခြားသူတွေ မသိစေချင်ဘူးမလား" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိမ့်မယ်]

[နင့်ရဲ့ လက်သေးသေးလေးက သူဌေးရဲ့ ပေါင်လုံးကြီးကို လိမ်နိုင်ပါ့မလား။ နင် အလုပ်ရှုပ်လွန်းလို့ ခြေထောက်က နောက်စေ့ကိုထိ ရောက်နေရင်တောင် နင်က သူဌေးပေးတဲ့ လက်မခံနိုင်စရာ အလုပ်ကို မျက်ရည်တွေနဲ့ လက်ခံရမှာပဲ။ တစ်နေ့ ၂၄ နာရီ အလုပ်လုပ်၊ အလုပ်မဆင်းသရွေ့ အလုပ်သွားစရာ မလိုတော့ဘူးလေ]

Systemသည် တုန်လှုပ်သွားပြီး ကလေးဆန်သော အသံဖြင့် အော်ဟစ်လိုက်လေသည်။ [ဆိုးလိုက်တာ။ မမကြီးဟွား၊ နင် တော်တော် သနားဖို့ကောင်းတာပဲ]

မိဖုရားကြီး: "..."

ရံရွှေတော်လေး: "..."

နန်းစောင့်တပ်သား: "..."

ခန့်မှန်းတာ တော်တယ်။ နောက်တစ်ခါ ထပ်မခန့်မှန်းနဲ့တော့။

ပြီးတော့ system။ မင်းက ကလေးပဲ ရှိသေးပြီး လောကကြီးကို မမြင်ဖူးသေးဘူး။ ချူဟွားရဲ့ လမ်းမှားကို မလိုက်မိစေနဲ့။

မိဖုရားကြီးသည် systemကို သတိပေးရန် စကားဖွင့်မပြောနိုင်သဖြင့် အဓိပ္ပာယ်မပေါ်လွင်အောင်သာ ပြောရတော့သည်။ "မင်းရဲ့ လက်ရှိအလုပ်က အရမ်း ပင်ပန်းတယ်လို့ ခံစားရရင် ငါက မင်းအတွက် အရှင်မင်းကြီးကို ပြောပေးလို့ရတယ်"

ချူဟွားက ပြုံးလိုက်လေသည်။ "မယ်မယ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ သာ့ရှန်းနဲ့ ပြည်သူတွေအတွက် အမှုထမ်းရတာ ဘယ်တော့မှ မပင်ပန်းပါဘူး"

[System၊ မြင်လိုက်လား။ ဒါက သူဌေးနဲ့ စကားပြောတဲ့ ကျွမ်းကျင်မှုပဲ။ သူဌေးက နင့်ကို ပင်ပန်းလားလို့ မေးတဲ့အခါ နင် ဘယ်တော့မှ ရိုးရိုးသားသား မဖြေရဘူး၊ လှလှပပ ဖြေရမယ်၊ မဟုတ်ရင် ရာထူးတိုးတာ ဒါမှမဟုတ် လစာတိုးတာ ဘယ်တော့မှ ရမှာ မဟုတ်ဘူး]

Systemသည် ခေါင်းကို ပြင်းထန်စွာ ညိတ်လိုက်လေသည်။ [ငါ သင်ယူလိုက်ပြီ]

မိဖုရားကြီး: "..."

ရံရွှေတော်: "..."

နန်းစောင့်တပ်သား: "..."

မိဖုရားကြီးသည် အရှင်မင်းကြီးက ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အလုပ်များစွာ ပေးခဲ့သည်ဟု အမှန်တကယ် ခံစားမိသည်။ ဒါက လွန်လွန်းနေသဖြင့် သူမသည် ချူဟွားကို ကူညီလိုခဲ့သည်။

သို့သော် သည်’ဘဲနဲ့ကြက် စကားဝိုင်း’အပြီးတွင် သူမသည် ချူဟွားက မိဖုရားကြီးတစ်ဦးအဖြစ် သူမ၏ အဆင့်အတန်းအပေါ် ပုံမှန်မဟုတ်ဘဲ သတိထားနေသည်ကိုလည်း သဘောပေါက်သွားတော့သည်။

(ကြက်နဲ့ဘဲ စကားဝိုင်း- ဘာသာစကားအခက်အခဲ၊ တန်ဖိုးထားတာချင်း မတူတဲ့အခါ အချင်းချင်း သေသေချာချာ မပြောဆိုနိုင်တဲ့လူတွေရဲ့ စကားဝိုင်း)

သူမထက် အဆင့်အတန်းနှင့် ရာထူးကြီးမြင့်သူများကို သည်လောက် သတိထားရအောင် သူမသည် ယခင်က ဘာတွေ တွေ့ကြုံခဲ့ရသည်ကို မသိနိုင်ပေ။

လိုရင်းကို ပြောရလျှင်ဖြင့် သူမသည် မိဖုရားကြီး ဖြစ်နေသရွေ့ ချူဟွားသည် သူမ၏ စကားများကို မတူညီသော နည်းလမ်းဖြင့် နားလည်နေပုံရလေသည်။

မိဖုရားကြီးသည် အနည်းငယ် စိတ်ဓာတ်ကျသွားတော့၏။ သူမသည် ချူဟွားနှင့် system တို့၏ ယခင် စကားဝိုင်းကို ရုတ်တရက် သတိရသွားပြီး စမ်းသပ်သည့်အနေဖြင့် ပြောလိုက်လေသည်။

"ချွန်းဖုန်းဂေဟာက လက်ဖက်ရည် ကောင်းတယ်လို့ ငါ ကြားတယ်။ မှူးမတ်ချူ၊ ငါနဲ့အတူ တစ်ခွက်လောက် လိုက်သောက်ပေးနိုင်မလား"

ချူဟွား၏ မျက်လုံးများ လင်းလက်သွားသည်။ "ကျွန်တော်မျိုး လိုက်နာပါ့မယ်"

သူမသည် အပေါ်ယံတွင် ရိုသေလေးစားဟန် ပြနေသော်လည်း စိတ်ထဲတွင်တော့ အရူးအမူး အော်ဟစ်လို့နေသည်။ [အား System၊ အဓိကဇာတ်လမ်းက နောက်ဆုံးတော့ ရောက်လာပြီ]

Systemသည် အချိန်အကြာကြီး စောင့်ခဲ့ရပြီး နောက်ဆုံးတွင် ရောက်လာခဲ့သည်။ သူက ချူဟွားနှင့်အတူ အော်ဟစ်လိုက်၏။ [အား မမကြီးဟွား၊ ဒီနေရာမှာပဲ ဖရဲသီး အတူတူ စားကြရအောင်]

မိဖုရားကြီး: "..."

ရံရွှေတော်: "..."

နန်းစောင့်တပ်သား: "..."

ပစ္စည်းများက ပိုင်ရှင်နှင့် တူသည်ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။

ဒါက သည်လူကို ရည်ရွယ်ပြီး သည့်ထက်ပိုပြီး ပီပြင်နိုင်စရာ မရှိတော့ပေ။

မနီးမဝေးမှ လမ်းသွားလမ်းလာများသည် အသံကို ကြားလိုက်ရသော်လည်း အသံ၏ ရင်းမြစ်ကို ရှာမတွေ့ခဲ့ပေ။

တစ်ဖန် ပြန်ကြည့်လိုက်သောအခါ... ဝိုး၊ နန်းစောင့်တပ်သား အများကြီးက မြင်းလှည်းတစ်စီးကို စောင့်ကြပ်နေကြတာပဲ။ သူတို့သည် ထိုသူတို့ကို ပြစ်မှားရန် မတတ်နိုင်သဖြင့် အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။

လက်ဖက်ရည်တစ်ခွက်သောက် အချိန်ခန့် ကြာပြီးနောက် သူတို့သည် ချွန်းဖုန်းဂေဟာသို့ ရောက်ရှိလာခဲ့ကြသည်။

ချူဟွားသည် မြင်းလှည်းပေါ်က အရင်ဆုံး ဆင်းလိုက်ပြီး မိဖုရားကြီးကို ကူညီရန် ပြင်လိုက်၏။ မြင်းလှည်းနောက်မှ လိုက်ပါလာသော လှပသည့် ရံရွှေတော်လေးက မိဖုရားကြီးကို ရထားပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

မိဖုရားကြီးသည် ယနေ့တွင် နှင်းဆီနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ဟုတ်ပါသည်။ သူမသည်လည်း ယောက်ျားလေးတစ်ယောက်လို ဝတ်စားထား၏။

သူမ၏ အလွန်အမင်း မိန်းမဆန်သော ရုပ်သွင်နှင့် ကျက်သရေရှိပြီး တည်ကြည်ခန့်ညားသော အမူအရာတို့က အဝတ်အစားများကို အသုံးမဝင်စေပေ။ လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော်လည်း ချွန်းဖုန်းဂေဟာ၏ ဆောင်ကြာမြိုင် သဘောသဘာဝကို လေးစားနေဆဲ။

ယခင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ မည်မျှပင် ပြုလုပ်ခဲ့စေကာမူ တံခါးဝသို့ ရောက်သောအခါ မိဖုရားကြီးသည် ကြောက်ရွံ့နေဆဲပင်။

သူမသည် တိုင်းပြည်တစ်ခု၏ မယ်တော်ဖြစ်ပြီး လောကတစ်ဝှမ်းလုံးရှိ အမျိုးသမီးများအတွက် စံပြတစ်ဦး ဖြစ်သင့်ပေသည်။ အရှင်မင်းကြီးကို စိတ်ဆိုးရုံနဲ့တော့ ချွန်းဖုန်းဂေဟာသို့ မလာသင့်ခဲ့ဘူး မဟုတ်လား။

အဆောက်အအုံထဲမှ အလှပြင်ပစ္စည်း အနံ့များသည် တံခါးဝမှပင် အနံ့ရနိုင်လောက်အောင် ပြင်းထန်လှသည်။ အတွင်းထဲတွင် ပိုလို့ပင် ဆိုးရွားနေလောက်မည်။ သူမသည် တကယ်ပင် ထိုကဲ့သို့သော နေရာသို့ ဝင်သွားချင်ပါရဲ့လား။

ချူဟွားသည် ခေါင်းငုံ့ကာ သူမ၏ အရာရှိဝတ်စုံပေါ်မှ ဖုန်များကို ခါချလိုက်၏။ သူမကတော့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သတ္တိရှိရှိဖြင့် ဝင်သွားခဲ့လေသည်။

အရှင်မင်းကြီး၏ အမိန့်တော်အရ 'ကျားယီ' နှင့် 'ချိုက်ကန်း' တို့သည် မျက်နှာအမူအရာ မပြောင်းဘဲ ပန်းထိုးနွေဦးဓားရှည်များနှင့်အတူ ချူဟွားနောက်သို့ လိုက်ပါသွားကြသည်။

မိဖုရားကြီး: "..."

မားမားမတ်မတ် ရပ်နေသော ချူဟွားကို ကြည့်လိုက်ပြီး ယောက်ျားလေးကဲ့သို့ ဝတ်စားထားသော်လည်း ကြောက်ရွံ့နေသော မိမိကိုယ်ကိုနှင့် ရံရွှေတော်ကို ကြည့်လိုက်သောအခါ သူမမှာ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။

"ပိယွီ၊ သွားကြစို့" မိဖုရားကြီးသည် ခေါင်းမော့ ရင်ကော့ကာ ဝင်သွားတော့သည်။

ပိယွီက အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဟုတ်ကဲ့၊ သခင်လေး"

ဓားကိုင်ထားသော နန်းစောင့်တပ်သား ၄ ဦးသည် သူတို့နှစ်ဦး၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြလေသည်။

သူတို့ ချွန်းဖုန်းဂေဟာ၏ တံခါးဝတွင် ဓားများနှင့်အတူ ပေါ်လာသည်နှင့် မဝင်မီမှာပင် တစ်စုံတစ်ယောက်က ဆောင်ကြာမြိုင် ပိုင်ရှင်ကို အလျင်အမြန် သွားရောက် အကြောင်းကြားခဲ့သည်။

ပိုင်ရှင်မှာ ခဏတာ ထိတ်လန့်သွားတော့သည်။ နန်းစောင့်တပ်သားများသည် ယခုရက်ပိုင်းအတွင်း နေ့ရောညပါ အိမ်များကို ဝင်ရောက်စီးနင်းနေကြသဖြင့် မြို့တော်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး ချွန်းဖုန်းဂေဟာ၏ လုပ်ငန်းကိုလည်း ထိခိုက်စေခဲ့သည်။

သို့သော် သူမသည် သာမန် စီးပွားရေးသမားတစ်ဦးသာ ဖြစ်ပြီး နန်းစောင့်တပ်သားများကို ရင်မဆိုင်နိုင်သဖြင့် အပြုံးဖြင့်သာ ကြိုဆိုနိုင်တော့သည်။

"ဧည့်သည်တော်တို့..."

ဆောင်ကြာမြိုင် ပိုင်ရှင်၏ မျက်လုံးများသည် လူအနည်းငယ်၏ နေရာများကို လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်ပြီးမှ: ဟမ်?

ဘာလို့ လူတစ်ယောက်က အရာရှိဝတ်စုံ ဝတ်ပြီး ဆောင်ကြာမြိုင်ကို လာရတာလဲ။ အပြစ်ပေးခံရတာ ဒါမှမဟုတ် ရာထူးချခံရမှာ မကြောက်ဘူးလား။ အိုး၊ ဒါက မိန်းမတစ်ယောက်ပဲ၊ ဟမ်? မိန်းမ?

နောက်က နှစ်ယောက်က... အင်း၊ သူတို့လည်း မိန်းမတွေပဲ။

ပိုင်ရှင်၏ မျက်လုံးများကလဲ လျင်လွန်းလှသည်။ ပိယွီ၏ ဟန်ပန်နှင့် အနေအထားသည် လူများကို ခစားရသူတစ်ယောက်၏ ဟန်ပန်ဖြစ်ပြီး ပိယွီ၏ ရှေ့က တစ်ဦးမှာ သခင်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

ဤလူအုပ်စု၏ အဝတ်အစားများအားလုံးသည် တောက်ပပြီး အရည်အသွေးကောင်းသော ပစ္စည်းများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ငွေကြေး မချို့တဲ့ကြပေ။

"ဧည့်သည်တော်နှစ်ဦး၊ အပေါ်ထပ်ကို လက်ဖက်ရည် သောက်ဖို့ တက်မလား"

ချူဟွား ဝင်လာသောအခါ သူမသည် ဧည့်ခန်းမဆောင်ကို ဝေ့ဝဲကြည့်ရှုပြီးသားပင်။ အမြင်မတော်စရာ မြင်ကွင်းမျိုး မရှိဘဲ ထိုနေရာတွင် ထိုင်ရင်း လက်ဖက်ရည်သောက်၊ မုန့်စား၊ စကားစမြည်ပြောကာ ဧည့်ခန်းမဆောင်၏ အလယ်စင်မြင့်ပေါ်မှ သီဆို၊ ကခုန်၊ တီးမှုတ် ဖျော်ဖြေမှုများကို ကြည့်ရှုနေကြခြင်းသာ ဖြစ်သည်။

"ထျယ်ကွမ်းယင်းတစ်အိုး၊ မုန့် နှစ်ပွဲ ယူလာခဲ့ပါ။ ပြီးတော့ မတူညီတဲ့ ပုံစံနဲ့ ၁၀ ယောက်လောက် ခေါ်ပေး။ သူတို့က တီးနိုင်၊ ဆိုနိုင်၊ ပြောနိုင်၊ ဟာသလုပ်နိုင်၊ နှိပ်နယ်နိုင်ရမယ်။ အေးစက်စက်၊ ဟန်ဆောင်ကောင်း၊ မြှောက်ပင့်တတ်၊ ဒါမှမဟုတ် မသန့်ရှင်းတဲ့သူတွေ မပါဘူး"

ပိုင်ရှင်: "..." သူမ၏ မျက်နှာပေါ်မှ အပြုံးသည် ခဲလုမတတ် ဖြစ်သွားသည်။

သည်မိန်းကလေး ချွန်းဖုန်းဂေဟာသို့ လာခဲ့သည်ကို တစ်ခါမှ မမြင်ဖူးကြောင်း သူမ၏ ဓာတ်ပုံရိုက်သကဲ့သို့ မှတ်မိနိုင်သော မှတ်ဉာဏ်ဖြင့် အတည်မပြုခဲ့လျှင် သူမသည် ပုံမှန်ဧည့်သည်တစ်ဦးဟု ထင်မှတ်မိပေလိမ့်မည်။

"ကောင်းပါပြီ၊ ဧည့်သည်တော်နှစ်ဦး၊ တတိယထပ်က 'ဖုန်းယွိချင်' အခန်းကို ကြွပါ"

ပါးလွှာသော အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာပြီး ညင်သာစွာ ပြောလိုက်လေသည်။ "ဧည့်သည်တော်နှစ်ဦး၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ"

ချူဟွားက အရင်ဆုံး ထွက်လာလိုက်သည်။ သူမက ဦးဆောင်သူ နေရာကို လုယူချင်သောကြောင့် မဟုတ်ဘဲ မိဖုရားကြီးကို ဆောင်ကြာမြိုင် ပိုင်ရှင်နှင့် စကားပြောခွင့် မပြုနိုင်သောကြောင့် မဟုတ်ပါလား။

သူမသည် အရာရှိဝတ်စုံဖြင့် ဆောင်ကြာမြိုင်သို့ လာခဲ့ပြီး ရှေ့မှ လျှောက်သွားကာ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သဖြင့် လူများသည် သူမ၏ နောက်မှ မိဖုရားကြီးကို သတိပြုမိရန် ခက်ခဲလေသည်။ တစ်နေ့နေ့တွင် အမှန်တရား ပေါ်လာခဲ့လျှင်ပင် သူမသည် မိဖုရားကြီးကို ဝေဖန်မှုများမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။

မိဖုရားကြီးသည် နားလည်သဘောပေါက်ပြီး အပေါ်ထပ်သို့ တက်သောအခါ သူမကို အပြုံးဖြင့် မေးလိုက်လေသည်။ "မှူးမတ်ချူ ဒီကို အရင်က ရောက်ဖူးလား"

"မရောက်ဖူးပါဘူး" ချူဟွားသည် ရိုးသားစွာ ဝန်ခံလိုက်လေသည်။ "ဝတ္ထုစာအုပ်ထဲမှာ ဖတ်ဖူးတာပါ"

မိဖုရားကြီး: "ဘယ်လို ဝတ္ထုစာအုပ်လဲ"

ချူဟွားသည် ချက်ချင်း အဖြေမပေးဘဲ သူမ၏ မျက်လုံးများဖြင့်သာ မေးလိုက်သည်။ တကယ် သိချင်လို့လား။

မိဖုရားကြီးက ခေါင်းညိတ်ပြသည်။ သိချင်တယ်။

ကောင်းပြီလေ။ ဒါက မယ်မယ်ကိုယ်တိုင် အတင်းအကျပ် လုပ်ခိုင်းတာနော်။

ချူဟွား: "’ဘုရင်ခံရဲ့အာဏာပြင်းတဲ့အချစ်’ မှာ ဘုရင်ခံရဲ့ ဇနီးငယ်လေး ဆောင်ကြာမြိုင် သွားလည်တဲ့ ဇာတ်လမ်းတစ်ကွက် ရှိတယ်။ ကျွန်တော်က ပိုပြီး လက်တွေ့ကျအောင် နည်းနည်း သုံးလိုက်တာပါ"

မိဖုရားကြီး: "..."

အခြားသူများ: "..."

ဘာ လက်တွေ့ကျတာလဲ။ မိဖုရားကြီးကို အစေခံဖို့ လူငယ် ၁၀ ယောက် ရှာတာက လက်တွေ့ကျလို့လား။

ကျားယီ နှင့် ချိုက်ကန်း နှစ်ဦးလုံးသည် ငြိမ်ဝပ်ပိပြားရေးဌာနတွင် အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်သော သူတို့၏ အရည်အချင်းများဖြင့် အပြင်ဘက်မှ တိတ်တဆိတ် တိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ အဆိပ်ခတ်ခြင်းနှင့် ဝိုင်းရံတိုက်ခိုက်ခြင်းများကို ကောင်းမွန်စွာ တားဆီးနိုင်သော်လည်း ချူဟွားက သေလမ်းရှာရန် လမ်းစထွင်ခြင်းကိုတော့ မတားဆီးနိုင်လောက်တော့ပေ။

သူမသည် သာ့ရှန်းတစ်ခုလုံးတွင် မိဖုရားကြီးကို ဆောင်ကြာမြိုင်သို့ ခေါ်ဆောင်ပြီး မိဖုရားကြီးအတွက် လူငယ် ၁၀ ယောက် မှာပေးရဲသူ တစ်ဦးတည်းသောသူပင်။

အနည်းငယ် ထူးဆန်းသော တိတ်ဆိတ်မှုထဲတွင် အဖွဲ့သည် တတိယထပ်ရှိ အခန်း: ဖုန်းယွိချင် သို့ ရောက်ရှိလာကြလေသည်။

ဂရုတစိုက် အလှဆင်ထားသော အခန်းတစ်ခန်းဖြစ်ပြီး နံရံတွင် ပန်းပွင့်နှင့် အပင် ပန်းချီကား အနည်းငယ် ချိတ်ဆွဲထားသည်။ ကာထားသော ကန့်လန်ကာကပင် ရှုခင်းပန်းချီကား ဖြစ်နေသည်။

အခန်းထဲတွင် ပေါ့ပေါ့ပါးပါးနှင့် တင့်တယ်လှသည့် အာဂါးသစ်တစ်မျိုး ထည့်သွင်းထားသည်။ အာဂါသစ်၏ဖွဲ့စည်းပုံမှာ ထူးခြားလှပြီး တာရှည်ခံကာ အရေအတွက်အားဖြင့်လည်း ရှားပါးလှသည်။ ပုံစံက ထိပ်တန်းအရည်အသွေးသစ်များထဲက တစ်မျိုးမဟုတ်သော်လည်း အလွန်ရှားပါးလေသည်။ ခြုံကြည့်မည်ဆိုလျှင်တော့ အနုစိတ်လက်ရာမြောက်လှပြီး အပေါစားဆန်မနေချေ။

ချူဟွားကတော့ လောင်းရဲလေသည်။ "ဒုတိယမင်းသားက ဒီအခန်းကို လာခဲ့တာ ဖြစ်နိုင်တယ်"

မိဖုရားကြီးသည် အခန်းကို ကြည့်ရှုပြီးစီးသွားပြီး သည်နေရာ၏ အခန်းဖွဲ့စည်းပုံကို အတော်လေး ကျေနပ်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်၏။

Systemက ပြောလိုက်သည်။ [မဟုတ်ဘူး၊ အဲဒါက တစ်ဖက်က 'ဖုရုန်မျန်' အခန်း]

ချူဟွား: "..."

မိဖုရားကြီး: "..."

နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တူညီသော စမ်းကြည့်လိုသည့်သတင်းကို ပေးပို့လိုက်ကြသည်။ သွားကြည့်မလား။

တွေးနေမဲ့အစား လှုပ်ရှားလိုက်တာက ပိုကောင်းတယ်။ ချူဟွားသည် ခြေဖျားထောက်ကာ အပြင်ထွက် လမ်းလျှောက်ရန် ပြင်ဆင်လိုက်လေသည်။

သူမ တံခါးဖွင့်လိုက်သည်နှင့် အစိမ်း၊ အပြာ၊ အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားသော လူငယ်တစ်တန်း လျှောက်လာကြ၏။ ဖုန်းယွိချင် အခန်းတံခါး ဖွင့်လာသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်းပင် ချူဟွားကို ညင်သာသော၊ အမူအကျင့်ကောင်းသလို မြှောက်ပင့်နေသည့်အပြုံးကို ပြသလိုက်ကြသည်။

ချူဟွားသည် ခြေထောက်ကို အသာလေး ပြန်ရုတ်လိုက်ပြီး မိဖုရားကြီးကို ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်လေသည်။

မိဖုရားကြီး: "..." တစ်ခဏအတွင်း သူမမှာ အကျပ်ရိုက်သွားတော့သည်။

မတူညီသော ပုံစံများနှင့် ခန္ဓာကိုယ်ပုံစံများရှိသော်လည်း အလွန် ချောမောကြသော လူငယ် ၁၀ ဦး။ တစ်ချက်ကြည့်ရုံဖြင့် မည်သူက အစေခံသင့်သူဖြစ်ကြောင်း သိနိုင်ပြီး မိဖုရားကြီးထံ ပြေးသွားကြလေသည်။

"ဒီ သခင်လေး နာမည်က ဘယ်လိုခေါ်ပါသလဲ"

"သခင်လေး၊ လက်ဖက်ရည် သောက်မလား"

"သခင်လေး၊ မုန့်စားပါဦး"

"သခင်လေး၊ တေးသံလေးများ နားထောင်ချင်ပါသလား"

မိဖုရားကြီးသည် မိန်းမတစ်ဦးဖြစ်ကြောင်း ထင်ရှားသော်လည်း ယောက်ျားလေးကဲ့သို့ ဝတ်စားထားသောကြောင့် သူတို့က သူမကို သခင်လေးဟု ဆက်ခေါ်ဆိုနေကြသည်။

သူတို့သည် အလွန်အကျွံ ဘာမှ မလုပ်ကြဘဲ အနည်းငယ် စိတ်အားထက်သန်ကြပြီး ခွင့်ပြုချက်မရဘဲ ကာယပိုင်း ထိတွေ့မှုပင် မရှိကြပေ။

လွန်ခဲ့သော နှစ် ၂၀ ကျော်က ထိုစဉ်က အိမ်ရှေ့စံမင်းသား ဖြစ်နေသေးသော အရှင်မင်းကြီးနှင့် စေ့စပ်ခဲ့စဉ်ကတည်းက မိဖုရားကြီးသည် သူမ၏ဖခင်နှင့် အစ်ကိုများကိုပင် ရှောင်ကြဉ်ခဲ့လေသည်။ လက်ထပ်ပြီးနောက် သူမသည် အများအားဖြင့် ရံရွှေတော်များနှင့် ကုန်းကုန်းများ ဝန်းရံနေခဲ့သည်။ နန်းစောင့်တပ်သားများက သူမကို ကာကွယ်ပေးသော်လည်း အတော်အတန် အကွာအဝေးကို ထားရှိကြသည်။

ဒါက နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူငယ်များစွာ ဝန်းရံခံရခြင်းဖြစ်ပြီး သူမ ငယ်စဉ်က လူငယ်များစွာ၏ လိုက်လံ ပိုးပန်းခြင်း ခံခဲ့ရသည့် အချိန်ကို သတိရသွားတော့သည်။

မိဖုရားကြီးသည် မိမိကိုယ်ကို သတိထားမိပြီး မတော်တဆ ထစ်ငေါ့သွားတော့သည်။ "မ- မလိုပါဘူး"

စကားဆုံးသည်နှင့် သူမသည် မျက်နှာ နီမြန်းသွားလေသည်။

ဒါက မြင်းလှည်းထဲမှ တည်ကြည်ခန့်ညားပြီး သီလရှိ၊ မြင့်မြတ်ပြီး ရက်ရောသော မိဖုရားကြီးနှင့် အလွန် ကွာခြားလှ၏။

သူမသည် လောကကြီးကို မသိနားမလည်သော မိန်းကလေးတစ်ဦးနှင့် ပိုတူနေတော့သည်။ ချူဟွားက systemကို ကပျာကယာ တွတ်ထိုးလိုက်၏။ [System၊ မင်းသမီးက လှတယ် မဟုတ်လား]

System: [လှတယ်]

လူရည်မွန်လေးများ: ? ? ?

မိဖုရားကြီး?

မင်းသားလေးများ၏ အာရုံစိုက်မှုအားလုံးသည် ချူဟွားအပေါ်တွင် မဟုတ်ဘဲ မိဖုရားကြီးအပေါ်တွင် ရှိနေသည်။ ဤသို့ ကြားသောအခါ သူတို့သည် အစေခံနေသော အလှလေးအပေါ်သို့ တိတ်တဆိတ် မျက်လုံးများ ရောက်ရှိသွားကြလေသည်။ ဒါက နန်းတော်ထဲက မင်းသမီး ဖြစ်နိုင်ပါ့မလား။

ဟုတ်ပါတယ်လေ။ မဟုတ်ရင် သူမက ပန်းထိုးနွေဦးဓားရှည် ကိုင်ဆောင်ထားတဲ့ နန်းစောင့်တပ်သား အများအပြားရဲ့ အကာအကွယ်ကို ခံရမှာ မဟုတ်ဘူး။

ဤသို့ တွေးမိသောအခါ သူတို့သည် ပိုလို့ပင် စိတ်လှုပ်ရှားလာကြလေသည်။

မင်းသမီးလေးက ကောင်းတယ်။ မင်းသမီးလေးက ချမ်းသာတယ်။ သူမ၏ လက်ချောင်းများ အနည်းငယ်လှုပ်လိုက်ရုံနှင့် သူတို့အတွက် အချိန်အကြာကြီး နေထိုင်နိုင်ရန် လုံလောက်သည်။

"သခင်လေး၊ ကျွန်တော် ကျန်းနန် သီချင်းလေးတစ်ပုဒ် ဆိုပြရမလား"

"သခင်လေး၊ စောင်းသံ ကြိုက်လား။ ကျွန်တော် ဘာမဆို တီးတတ်တယ်"

"သခင်လေး၊ လက်ဖက်ရည် အနုပညာ ကြိုက်လား။ ကျွန်တော်က ချွန်းဖုန်းဂေဟာမှာ အကောင်းဆုံး လက်ဖက်ရည် ဖျော်သူပဲ"

"သခင်လေး..."

"သခင်လေး..."

မိဖုရားကြီးသည် 'သခင်လေး' ဟူသော အသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ ဤလူများသည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း သိကြပြီး အမြဲတမ်း တော်သင့်ရုံသာ နေထိုင်ကြသည်။ သူတို့သည် စည်းကို မကျော်လွန်ကြဘဲ သူမကို ပျော်ရွှင်စေရန် အကောင်းဆုံး ကြိုးစားကြသည်။

သူမသည် သည်နေရာတွင် မိဖုရားကြီး ဟန်ပန် မလုပ်နိုင်သလို နန်းစောင့်တပ်သားများကို သူတို့ကို ဆွဲထုတ်ခိုင်းလို့လည်း မရပေ။

ခဏတာ စဉ်းစားပြီးနောက် မိဖုရားကြီးက ပြောလိုက်၏။ "တစ်ယောက်ချင်းစီ"

လူရည်မွန်လေးများက ပျော်ရွှင်စွာ တုံ့ပြန်ကြလေသည်။ "ဟုတ်ကဲ့"

ချူဟွားက ထျန်ကွမ်းယင်း တစ်ခွက် လောင်းထည့်လိုက်ပြီး မလှမ်းမကမ်းက ထောင့်တစ်နေရာကို ရွေးချယ်ကာ လက်ဖက်ရည် သောက်ရင်း ဖျော်ဖြေပွဲကို ကြည့်ရှုနေလိုက်လေသည်။

Systemသည်လည်း စိတ်ဝင်တစား ကြည့်ရှုနေ၏။ ပုံမှန်အားဖြင့် သူသည် ဖရဲသီးများ စားသောအခါ ဓာတ်ပုံများနှင့် စာသားများကိုသာ မြင်နိုင်ခဲ့သည်။ ဒါက ချောမောသော အမျိုးသားများကြား ပြိုင်ဆိုင်မှု၏ တိုက်ရိုက်ထုတ်လွှင့်မှု ဗားရှင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

System: [ဝိုး - ဒီစောင်း တီးတာ ကောင်းလိုက်တာ။ မမကြီးဟွား၊ သူ ဘာတီးနေတာလဲ]

ချူဟွား: “ရန်ချွင်းပိုင်ရွှယ်” ဆောင်းရာသီအပြီး ကမ္ဘာမြေကြီး ပြန်လည် ရှင်သန်လာပုံကို ပြသဖို့ ပေါ့ပါးပြီး သွက်လက်တဲ့ တေးဂီတကို အသုံးပြုထားတာ]

Systemက တုံ့ဆိုင်းစွာ မေးလိုက်လေသည်။ [ဒါကို ဆောင်ကြာမြိုင်မှာ တီးတာ သင့်တော်လို့လား။ တငွေ့ငွေ့နဲ့ ချစ်ခင်ကြင်နာတာမျိုး မဖြစ်သင့်ဘူးလား]

ချူဟွား: [ပထမဆုံးအကြိမ်အတွက် ချုပ်တည်းထားရမှာပေါ့။ တွေ့ကာစမှာပဲ ဒီလောက် စိတ်အားထက်သန်လို့ မရဘူးမလား]

မိဖုရားကြီး၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားလေသည်။ ဒီကောင်မလေးက တခြားသူတွေ မကြားနိုင်ဘူးလို့ ထင်ပြီး လုံးဝ ဂရုမစိုက်တာပဲ။

ဒီလူတွေရဲ့ အာရုံစိုက်မှုက သူမအပေါ်မှာ မရှိခဲ့ရင် သူမ ပါးစပ်မဖွင့်ဘဲ အသံထွက်နိုင်တယ်ဆိုတဲ့ အချက်က ပေါ်သွားမှာ မဟုတ်ဘူးလား။

သို့သော်... ကြားနိုင်သော အကွာအဝေးမှာ မီတာ ၅၀ ဖြစ်နေသည်။ သူမသည် ချွန်းဖုန်းဂေဟာရှိ နေရာတိုင်းတွင် သီချင်းဆို၊ သောက်စား၊ စကားပြောသံများက ထိုအသံကို ဖိနှိပ်နိုင်ပါစေဟု မျှော်လင့်မိလေသည်။

အကယ်၍ အရှင်မင်းကြီးက သူမကို system ၏ တည်ရှိမှုကို ပေါ်မသွားစေရန်အတွက် ချူဟွား ရှီးရုံ သူလျှိုထံ သွားခြင်းကို တားဆီးရန် နည်းလမ်းတစ်ခုသာ မစဉ်းစားခိုင်းခဲ့လျှင် သူမသည် ကျယ်လောင်ဆူညံပြီး လူပေါင်းစုံကို ထည့်သွင်း စဉ်းစားပြီး ချွန်းဖုန်းဂေဟာကို ရွေးချယ်ခဲ့မည် မဟုတ်ပေ။

တံခါး ခေါက်သံ ထွက်ပေါ်လာသည်။

မိဖုရားကြီးက လှမ်းကြည့်လိုက်၏။ တံခါးနားမှ လူငယ်တစ်ဦးက တံခါး ဖွင့်လိုက်လေသည်။ တံခါးဝတွင် တော်ဝင်အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်လို့နေသည်။

ယောက်ျားလေးတစ်ယောက်လို မအောင်မြင်စွာ ဝတ်ဆင်ထားသော နောက်ထပ် အမျိုးသမီးတစ်ဦး။

အမျိုးသမီးသည် အတွင်းသို့ ပထမဆုံး အကြိမ် ကြည့်လိုက်ပြီးနောက် ပြုံးလိုက်လေသည်။ "ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အရာကို ငါ ဘယ်လို လက်လွှတ်ခံနိုင်မှာလဲ"

မိဖုရားကြီး: "..."

ချူဟွား: [System၊ ဒါ ဘယ်သူလဲ]

System: [ဒါက နင် တွေ့ချင်နေတဲ့ ဒုတိယမင်းသား ကြင်ရာတော်ပဲ]

ချူဟွားသည် ချက်ချင်း မတ်တတ်ရပ်လိုက်လေသည်။ [အိုး။ ယောက္ခမနဲ့ ချွေးမက အတူတူ ဆောင်ကြာမြိုင် လာလည်တာ၊ ဒီတော့ ဘာလို့ ထပ်မမှာရမှာလဲ]

"ခင်ဗျားတို့နှစ်ယောက် အချိန်ကောင်းကောင်း ဖြတ်သန်းပါ၊ ကျွန်တော် နောက်ထပ် ဟင်းပွဲ အနည်းငယ် သွားမှာလိုက်ဦးမယ်"

သူမသည် အပြင်ထွက်ပြီး ချောမောသော လူငယ်များကို ရွေးချယ်လိုပေသည်။ အကယ်၍ လမ်းကြုံမည်ဆိုလျှင် သူမသည် ဒုတိယမင်းသား စုံတွဲ မကြာခဏ အသုံးပြုလေ့ရှိသော ကိုယ်ပိုင်အခန်းကို ကြည့်ရန် မျက်နှာချင်းဆိုင်ရှိ 'ဖူရုန်မျန်' သို့လည်း သွားရောက်နိုင်သေးသည်။

ရလဒ်အနေဖြင့် သူမ၏ တင်ပါးသည် ထိုင်ခုံမှ ထွက်သွားသည်နှင့် ဒုတိယမင်းသား ကြင်ရာတော်က လက်တစ်ဖက်ဖြင့် အောက်သို့ နှိမ့်ချသည့် အမူအရာ ပြုလုပ်လိုက်သည်။ "အလုပ်ရှုပ်ခံစရာ မလိုပါဘူး"

ချူဟွား:?

ဒုတိယမင်းသား ကြင်ရာတော်: "ငါ မလာခင်က ခင်ဗျားတို့အားလုံး ဒီမှာ ရှိနေတယ်လို့ ကြားတယ်၊ ဒါကြောင့် တစ်ယောက်မှ မကျန်အောင် တစ်ယောက်ကို ၁၀ ယောက်၊ နောက်ထပ် ၂၀ ခေါ်လိုက်တယ်"

သူမသည် ချူဟွားကို ကျီစယ်သလို မျက်တောင်ခတ်ပြလိုက်ပြီး: စိတ်မပူပါနဲ့၊ ငါ့မှာ အကျိုးအမြတ်တွေ ရှိနေတာ မင်းကို ချန်ထားခဲ့မှာ မဟုတ်ဘူး ဟု ပြောနေသကဲ့သို့ပင်။

မိဖုရားကြီး: "..." သူက သူ့ယောက္ခမအပေါ် တော်တော် သိတတ်တာပဲ။

ချူဟွား၏ မျက်နှာမှာ တောင့်တင်းသွားတော့သည်။ သူမ၏ ခြေချောင်းများသည် မြေကြီးထဲသို့ တူးဆွမိတော့၏။ သူမမှာ လှစ်ပြေးချင်သွားတော့သည်။

သူမသည် အတွေးထဲတွင် ဧရာမလူကြီးတစ်ဦးဖြစ်ပြီး စကားလုံးများထဲတွင် ဘုရင်တစ်ပါး ဖြစ်သော်လည်း အကယ်၍ သူမသည် အသက် ၁၃ နှစ်တွင် ချောမောသော လူငယ် ၁၀ ဦး၏ အစေခံခြင်းကို အမှန်တကယ် ခံရမည်ဆိုလျှင်... ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ချူဟွားတစ်ယောက် လိမ်လိမ်မာမာလေး လက်မြှောက်လိုက်လေသည်။ "သူတို့ကို လှပတဲ့ မိန်းကလေးတွေနဲ့ အစားထိုးဖို့ လျှောက်ထားလို့ ရမလား" သူတို့ လုပ်နိုင်ရင် ပိုတောင် ကောင်းသေးတယ်။

ထိုအခိုက်တွင် ဒုတိယမင်းသား ကြင်ရာတော်၏ မျက်လုံးများသည် မီးသီးတစ်လုံးလို လင်းလက်သွားလေသည်။ သူမ၏ မျက်လုံးထဲမှ အကြည့်ကို အတည်ပြုပြီးနောက် သူမက ညီမ လှလှလေးများနှင့် တွဲနေရသည်ကို ကြိုက်နှစ်သက်သော အမျိုးအစားချင်းတူသူ ဖြစ်နေသည်ပင်။

သို့သော် ချူဟွားကတော့ ထိုအကြည့်ကို အောင်အောင်မြင်မြင် လက်မခံခဲ့ချေ။ [System၊ သူ့မျက်လုံးထဲက အကြည့်က ဘာလို့ နည်းနည်း ပူလောင်နေတယ်လို့ ငါ ခံစားရတာလဲ]

System: [ဖြစ်နိုင်တာက နင်က ရုပ်ရည်လှလို့၊ သူက နင့်ကို ဒုတိယမင်းသားရဲ့ စံအိမ်တော်ထဲ ခေါ်သွားမလို့ ဖြစ်မယ်]

ချူဟွားသည် အသက်ရှူလိုက်သည်။ [အိုက်ယိုး——]

ဒုတိယမင်းသား ကြင်ရာတော်သည် သူမက စိတ်တူကိုယ်တူ တစ်ယောက်လို ထင်မိရုံသာ ဖြစ်ကြောင်း ရှင်းပြရန် ပြင်လိုက်စဉ် ချူဟွား၏ နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ရသည်။ [ဒီည သွားလို့ရမလား]

မိဖုရားကြီး: "..."

ဒုတိယမင်းသား ကြင်ရာတော်: "..."

ဒါဆို၊ ဒါက နည်းနည်း လောလွန်းနေတာ မဟုတ်ဘူးလား။

သမီးယောက္ခမနှစ်ယောက်သည် ချူဟွားက ညီမလှလှလေးနှင့် ရင်းနှီးရန် စိတ်စောနေသည်ဟု ထင်သွားကြလေသည်။ နောက်ဆုံးတွင် သူမသည် ယခင် ညီလာခံတွင်လည်း အလားတူ ရဲတင်းသော မှတ်ချက်များကို ပေးခဲ့ဖူးသော်လည်း သူတို့လည်း မျှော်လင့်မထားမိ...

ချူဟွား: [ဒုတိယမင်းသားရဲ့ အနောက်ဆောင်က စာရင်းရှင်းတတ်တဲ့ အလှလေးတွေနဲ့ ပြည့်နေတာ။ သူတို့ တစ်ယောက်ချင်းစီတိုင်းက နာမည်ကြီး မိသားစုက မွေးထုတ်လိုက်တဲ့ ထူးချွန်တဲ့ လုပ်သားအင်အားတွေပဲ။ ငါ တကယ်ပဲ သူတို့အားလုံးကို ထုပ်ပိုးပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို ပို့လိုက်ချင်တယ်။ ဒုတိယမင်းသား သဘောတူပါ့မလား မသိဘူး]

မိဖုရားကြီး: "..."

ဒုတိယမင်းသား ကြင်ရာတော်: "..."

...

All Chapters