← Chapters

အခန်း ၃၀

Vol. 2 Ch. 30

အခန်း ၃၀

Vol. 2 Ch. 30

အပိုင်း (၃၀)

တခြားအချိန်များတွင်သာဆိုလျှင် ချူဟွားသည် အလှလေးများကို ကြည့်ရှုပြီး သူတို့နှင့် ရင်းနှီးခင်မင်ရန် စိတ်ခံစားချက် ရှိကောင်းရှိနေနိုင်သေးသည်။

သို့သော် ယခုအခါတွင် သူမသည် လူများကို ကယ်တင်ရန် ပင်နီစလင်ရရှိရေးအတွက် စိတ်စောနေသဖြင့် သူမ၏ စွမ်းအင်အချို့ကို သက်သာစေရန် အလုပ်များကို တတ်နိုင်သမျှ ခွဲဝေပေးရန် ကြိုးစားနေရလေသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှူးမတ် ၁၀၀ ကျော်ကို အစွမ်းကုန် အသုံးချထားပြီးဖြစ်ကာ နောက်ထပ် ရေတစ်စက်မှ ညှစ်ထုတ်၍ မရနိုင်တော့ဘဲ လွန်ခဲ့သည့် လေးနှစ်က စာရင်းများလည်း ရှင်းလင်းပြီးစီးခြင်း မရှိသေးပါက သူမသည် အပြင်မှလူများကို ဆွဲခေါ်ရန် စဉ်းစားမိလိမ့်မည် မဟုတ်ပေ။

ဘဏ္ဍာရေးဝန်ကြီးဌာနရှိ စာရင်းများနှင့် ရန်ပုံငွေများ ပေါက်ကြားသွားမည်လား ဆိုသည်ကိုတော့...။

ထိုအရာသည် ဒုတိယမင်းသားနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ စဉ်းစားရမည့် အရာဖြစ်သည်။

ထို့အပြင် သူမကိုယ်တိုင်ပင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် အလုပ်လုပ်နိုင်သေးလျှင် ဒုတိယမင်းသား၏ မိသားစုဝင်များက အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။

သူတို့ကို စိတ်လှုပ်ရှားစေမည့် ဆုလာဘ်တစ်ခု ပေးနိုင်သမျှ ကာလပတ်လုံးပေါ့။

ချူဟွား: [ဘယ်မိန်းမမှ အနောက်ဆောင်ထဲမှာ ပုန်းအောင်းပြီး ယောက်ျားတစ်ယောက် ပြန်လာတာကို နေ့တိုင်း ထိုင်စောင့်နေချင်မှာ မဟုတ်ဘူး၊ သူက အချစ်ရူးတစ်ယောက် မဟုတ်ရင်ပေါ့]

မိဖုရားကြီး: "..."

ဒုတိယမင်းသား ကြင်ရာတော်: "..."

အချစ်ရူး ဆိုသည်မှာ သူတို့ ထင်မှတ်ထားသည့် အဓိပ္ပာယ် ဟုတ်မဟုတ် မသေချာသော်လည်း သူတို့သည် လှောင်ပြောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

Systemကတော့ အဆိုးမြင်သူပင်။ [ရှေးခေတ်က မိန်းမတွေအပေါ် အရမ်း တင်းကျပ်တယ်။ သူတို့ သဘောတူမှာ မဟုတ်ဘူးမလား]

ချူဟွားက ပြုံးလိုက်ပြီး ပြောလိုက်သည်။ [ငါက ယောက်ျားတစ်ယောက်လို ဝတ်ပြီး ညီလာခံတက်ခဲ့ပြီးပြီ။ ဒီလို ကောင်းမွန်တဲ့ အခြေအနေတွေနဲ့အတူ၊ ငါ့ရဲ့ တနယ်ထဲသား အမျိုးသမီး‌တွေအတွက် ကောင်းကျိုးတချို့ ရှာဖွေပေးရမှာပေါ့]

Systemမှာ ရုတ်တရက် သဘောပေါက်သွားတော့သည်။ [ဒါဆို နင်က ဒုတိယမင်းသားရဲ့ အနောက်ဆောင်ထဲက အလှလေးတွေ အကုန်လုံးကို ခြံဝင်းထဲက ထွက်စေချင်တာလား]

ချူဟွား: [သူတို့ ယောက်ျားတွေကို ဝတ်ပြုစရာ မလိုဘူး၊ ကလေးတွေ မွေးမြူစရာ မလိုဘူး၊ ပြီးတော့ နေ့အများစုမှာ လုပ်စရာ ဘာမှ မရှိဘူး။ ဘယ်လောက် ပျင်းစရာကောင်းလိုက်လဲ။ သူတို့ထဲက တစ်ယောက်ယောက်က အနောက်ဆောင်ထဲကနေ ခုန်ထွက်ချင်သမျှ ကာလပတ်လုံး၊ ငါ သူတို့ကို ကူညီပေးမှာ]

Systemသည် ပန်းများ ကြဲချလိုက်ပြီး အားရပါးရ လက်ခုပ်တီးလိုက်လေသည်။ [မမကြီးဟွား၊ နင် တော်လိုက်တာ]

မိဖုရားကြီး: "..."

ဒုတိယမင်းသား ကြင်ရာတော်: "..."

ညီလာခံတက်ခြင်း သည် လူများကို မည်မျှ ပြောင်းလဲစေသည်ကို သူတို့ မသိသလို မသေချာကြသော်လည်း ချူဟွား၏ အတွေးအခေါ်နှင့် လုပ်ရပ်များသည် သူတို့နှင့် ထင်ထင်ရှားရှား ကွဲပြားနေလေသည်။

မိဖုရားကြီးသည် အရှင်မင်းကြီး ကတိပေးခဲ့သော တစ်သက်တာ အချစ်ကို မရရှိခဲ့ပေ။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် အကူအညီမဲ့ခြင်းတို့ ရှိနေသော်လည်း သူမသည် အရှင်မင်းကြီးနှင့် စစ်အေးတိုက်ပွဲသာ ဆင်နွှဲနိုင်ခဲ့သည်။ သူမသည် တိုင်းပြည်တစ်ပြည်၏ မိခင်ဖြစ်သည်။ ဥပဒေနှင့် အရှင်မင်းကြီးက ပေးအပ်ထားသော ဂုဏ်သိက္ခာနှင့် အာဏာတို့ဖြင့် သူမသည် သာ့ရှန်း၏ ဥပဒေများနှင့် တော်ဝင်မိသားစု၏ ဂုဏ်သတင်းကို မထိခိုက်သရွေ့ မည်သည့်အရာမဆို လုပ်ဆောင်နိုင်ခဲ့သည်။ သို့တိုင်အောင် သူမသည် အခြားအမျိုးသမီးများ၏ ကောင်းကျိုးချမ်းသာအတွက် ဘယ်တုန်းကမှ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ချူဟွားသည် အသက် ၁၃ နှစ်တွင် အခြားအမျိုးသမီးများကို မည်သို့ ကူညီရမည်ကို သိရှိခဲ့သည်။ သူမကတော့ ၃၆ နှစ်အရွယ်၊ အဘွားကြီးတစ်ဦး ဖြစ်နေသော်လည်း သူမ၏ အမြင်အာရုံထဲတွင် သူမကိုယ်သူမနှင့် အရှင်မင်းကြီးသာ ရှိခဲ့လေသည်။ ဆက်ဆံရေးသည်လည်း မစင်ကြယ်တော့ဘဲ သူမသည် အရှင်မင်းကြီးနှင့် မကြာခဏ ရန်ဖြစ်ခဲ့သည်။

မိဖုရားကြီးသည် ရုတ်တရက် စိတ်ဓာတ်ကျသွားတော့သည်။

ဒုတိယမင်းသား ကြင်ရာတော်သည်လည်း မိမိကိုယ်ကို ပြန်လည် ဆင်ခြင်နေမိသည်။ သူမသည် ဒုတိယမင်းသား၏ အနောက်ဆောင်ထဲမှ ထိုလှပသော ညီမလေးများနှင့် တွယ်ကပ်နေရန်သာ သိခဲ့သော်လည်း အမျိုးသမီးတစ်ဦး၏ ဘဝသည် အလွန် တိုတောင်းလှသည်ကို သူမ မတွေးမိခဲ့ပေ။ ဤညီမလေးများသည် ဒုတိယမင်းသား၏ မျက်နှာသာပေးမှုကို မရရှိဘဲ ယောက်ျားမရှိ၊ ကလေးမရှိ ဖြစ်နေကြရာ သူတို့တွင် အခြား တောင်းဆိုမှုများ ရှိနေကြလေသလား။

ညီမလေးများသည် ဒုတိယမင်းသား ကြင်ရာတော်တစ်ဦးအဖြစ် သူမ၏ ဖြစ်တည်မှုကြောင့် အမှန်တရားကို မပြောပြဝံ့ခဲ့ကြခြင်းလား။ ထို့ကြောင့် သူတို့သည် သူမနှင့်အတူ လျှောက်သွား လျှောက်ကစားကာ သူမ၏ သမီးများနှင့်အတူ ကစားပေးနေခဲ့ကြခြင်းလား။

မိမိကိုယ်ကို ပြန်မေးကြည့်သောအခါ အကယ်၍ သူမသည် အခြားအမျိုးသမီးများ၏ ကလေးများကို မိမိ၏ ကလေးများကဲ့သို့ မဆက်ဆံနိုင်လျှင် အဘယ်ကြောင့် သူမ၏ ညီမလေးများက လုပ်နိုင်ရမည်နည်း။

သူမသည် မသိစိတ်က ထင်နေပုံရသည်။ အမျိုးသမီးများသည် သူတို့၏ တစ်ဘဝလုံး အနောက်ဆောင်ထဲတွင် ချုပ်နှောင်ခံထားရပြီး သူမသည် မင်းသားတစ်ပါး၏ ကြင်ရာတော်ဟူသည့် သူမ၏ဖြစ်တည်မှုကြောင့် ထူးခြားနေလေသည်။ သို့သော် တခြားသူများကတော့ မဟုတ်ပေ။

ဒုတိယမင်းသား ကြင်ရာတော်သည် တုန်လှုပ်သွားလေသည်။ သူမ ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်ရက်ရမှာလဲ။

မိဖုရားကြီး ဘေးမှ ရံရွှေတော် ပိယွီ၊ နန်းစောင့်တပ်သား ၆ ဦးနှင့် ချွန်းဖုန်းဂေဟာမှ လူရည်မွန်လေးများပင်လျှင် အတွေးနက်နေသော အမူအရာများ ပြသလာကြသည်။

သို့ဆိုလျှင် ဒါက အမျိုးသမီးများ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ပြီး ညီလာခံတက်ရန် မှန်ကန်သော နည်းလမ်း ဖြစ်နေခြင်းများလား။

ညီလာခံအတွက် အကျင့်ပျက်ခြစားသော မှူးမတ်များကို ရှင်းလင်းထုတ်ပယ်ရန်၊ ရိုးသားသော မှူးမတ်များကို ပြည်သူများထံ ပြန်လည် ပေးအပ်ရန်နှင့် တစ်မျိုးသားတည်းသူများအတွက် ကောင်းကျိုးချမ်းသာကို ရှာဖွေပေးရန်။

ချူဟွားသည် systemကို စကားအနည်းငယ် ပြောလိုက်ပြီး သူမ၏ စိတ်နှလုံးထဲတွင် အချိန်အတော်ကြာ တငွေ့ငွေ့ ဖြစ်နေခဲ့သော အတွေးအမြင်များကို များများစားစား မစဉ်းစားဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်လေသည်။

ထို့ကြောင့်ပင် သူမသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို တွေ့ရှိခဲ့သည်။

သူမသည် systemနှင့် စကားပြောရန် အချိန်များစွာ သုံးခဲ့သော်လည်း ဒုတိယမင်းသား ကြင်ရာတော်က တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ထင်ရှားသည်မှာ မည်သူမျှ စကားမပြောခဲ့ဘဲ အဘယ်ကြောင့် ရှိနေသူတိုင်းက တစ်စုံတစ်ခု ကြားလိုက်ရသကဲ့သို့ အတွေးနက်နေသော မျက်နှာများဖြင့် ကြည့်နေကြပါသနည်း။

ချူဟွားသည်လည်း အတွေးနက်သွားသည်။ ရုတ်တရက် ချူဟွားက ပြောလိုက်သည်။ [System၊ ဒုတိယမင်းသား ကြင်ရာတော်အကြောင်း အတင်းပြောကြရအောင်]

Systemသည် စက္ကန့်ပိုင်းအတွင်း ပြန်ဖြေလေသည်။ [ကောင်းပြီ၊ ငါ့ဆီမှာ တစ်ခု ရှိတယ်။ သူက...]

သူမ စတင် ပြောလိုက်သည်နှင့် ဒုတိယမင်းသား ကြင်ရာတော်သည် သတိပြန်ဝင်လာခဲ့ပြီ။ ဒါက ငေးမောနေရမည့် အချိန် မဟုတ်ပေ။

"မှူးမတ်ချူ"

ချူဟွား၏ နှုတ်ခမ်းပေါ်မှ အပြုံးသည် တဖြည်းဖြည်း နက်ရှိုင်းလာသည်။ "ရှိပါတယ်"

ဒုတိယမင်းသား ကြင်ရာတော်သည် ချူဟွား၏ အပြုံးကို ကြည့်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသော်လည်း ထိုအချက်ကို ထောက်မပြနိုင်ချေ။

"မိန်းမလှလေး တစ်ယောက်လောက် သွားရွေးချင်လား"

ချူဟွား: "ကောင်းပြီလေ"

အသံဆုံးသည်နှင့် အခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်သည်။ ဒါက ဒုတိယမင်းသား ကြင်ရာတော်က ကြိုတင် ခေါ်ထားသော လူငယ် ၂၀ ဖြစ်သည်။ အစုံအလင် ရှိပြီး လူတိုင်း၏ လိုအင်ဆန္ဒများကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။ ဖုန်းယွိချင် သီးသန့်အခန်းသည် ကြီးမားသော်လည်း လူ ၄၀ နီးပါးကိုတော့ မထိန်းသိမ်းနိုင်ပေ။

ချူဟွားက အရင် မေးလိုက်သည်။ "မျက်နှာချင်းဆိုင်က ဖူရုန်မျန် အခန်းက လွတ်သေးလား"

"လွတ်ပါတယ်"

"ကျွန်တော် အဲ့ဒီကို သွားလိုက်မယ်" ချူဟွားသည် နန်းစောင့်တပ်သား နှစ်ဦးကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

မိဖုရားကြီးနှင့် ဒုတိယမင်းသား ကြင်ရာတော်တို့သည် သူမ ဖူရုန်မျန် သီးသန့်အခန်းထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေကြသည်။ သူမသည် လှမ်း လက်ပြနှုတ်ဆက်လိုက်ပြီး ဤဘက်ကို အပြုံးဖြင့် နှုတ်ဆက်ကာ အဝေးမှ စိတ်တိုင်းကျသာနေပါ ဟု ပါးစပ်လှုပ်ပြလိုက်ပြီးနောက် တံခါးကို ဆောင့်ပိတ်လိုက်လေသည်။

သမီးယောက္ခမနှစ်ယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သီးသန့်အခန်းထဲတွင် လူများလွန်းသဖြင့် ဒုတိယမင်းသား ကြင်ရာတော်က လူ ၁၀ ဦးကို ပြန်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး မိဖုရားကြီးကလည်း ကျန် လူ ၂၀ ကို ပြန်လွှတ်လိုက်သည်။ ပိယွီသည် သူမ၏ ပိုက်ဆံအိတ်ထဲမှ ရွှေတုံး အနည်းငယ်ကို ထုတ်ယူလိုက်ရာ အနည်းငယ် မကျေမနပ် ဖြစ်နေသော လူရည်မွန်လေးများသည် စကားတစ်ခွန်းမှ မဆိုဘဲ ထွက်ခွာသွားကြသည်။ ချက်ချင်းပင် သီးသန့်အခန်းသည် တိတ်ဆိတ်သွားတော့သည်။

မိဖုရားကြီး: "မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

ဒုတိယမင်းသား ကြင်ရာတော်: "မင်းသားက မယ်တော် မထိန်းနိုင်မှာ စိုးရိမ်လို့ပါ"

မိဖုရားကြီးသည် ဤကဲ့သို့သော နေရာသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ထိုအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် အမှန်တကယ်ပင် အနည်းငယ် ခက်ခဲလှသည်။ သည်လိုကြားလိုက်တော့လည်း သူမက များများစားစား မပြောတော့ပေ။

"အပြင်ဘက်က ဆူညံသံကို ကြားလား"

ဒါက အသေးစိတ် ပြောကြားခြင်း မဟုတ်သော်လည်း ဒုတိယမင်းသား ကြင်ရာတော်က နားလည်နိုင်လေသည်။ "သိပ်မရှင်းဘူး"

ဒါ ကောင်းတာပေါ့။ မိဖုရားကြီးသည် စိတ်သက်သာရာ ရသွားသည်။ သူမနှင့် အရှင်မင်းကြီးသည် စိတ်ခံစားမှုအရ မည်မျှပင် ကွဲလွဲနေစေကာမူ သူမသည် သာ့ရှန်းနှင့် ညီလာခံကို ခြိမ်းခြောက်နေသော ဤကဲ့သို့ အဓိက အဖြစ်အပျက်ကြီးတွင် အရှင်မင်းကြီး၏ ဘက်မှ အကြွင်းမဲ့ ရပ်တည်ပေလိမ့်မည်။

လူငယ်များ ထွက်ခွာသွားပြီး ချူဟွားသည်လည်း ထွက်သွားခဲ့သည်။ မိဖုရားကြီးနှင့် ဒုတိယမင်းသား ကြင်ရာတော်တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး သူတို့ ဤနေရာတွင် ဘာလုပ်နေကြမှန်းကို မသိနိုင်အောင် ဖြစ်သွားကြသည်။ ထိုအချိန်မှာပင် မျက်နှာချင်းဆိုင်မှ လာသော အသံတိုးတိုးကို ကြားလိုက်ရ၏။

ချူဟွား: [System၊ ဒီအခန်းက ဖူရုန်မျန်(ခေါင်ရမ်းပန်း မျက်နှာလေး)ဆိုတဲ့ သူ့နာမည်နဲ့ တကယ် လိုက်ဖက်တာပဲ၊ နေရာတိုင်းမှာ ခေါင်ရမ်းပန်းတွေနဲ့ နေရာတိုင်းမှာ အလှလေးတွေချည်းပဲ။ စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရအောင် လှတယ်]

[ပြောစမ်းပါဦး၊ ဒုတိယမင်းသားနဲ့ ဒုတိယမင်းသား ကြင်ရာတော်က အချိန်အခါ၊ နေရာဒေသ၊ လူတွေနဲ့ ကိုက်ညီနေတဲ့ ဒီလိုနေရာမျိုးမှာ အိပ်ခန်းထဲက ကျွမ်းကျင်မှုတွေကို ဘယ်လို သင်ယူပြီး နေရာမှာတင် မကျင့်သုံးဘဲ နေနိုင်ရတာလဲ]

သူမ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့် ထိုအခိုက်တွင် ဒုတိယမင်းသား ကြင်ရာတော်၏ မျက်နှာသည် ခရမ်းချဉ်သီးကြီးတစ်လုံးကဲ့သို့ ရုတ်တရက် နီရဲသွားတော့သည်။

သူမသည် ဒုတိယမင်းသားထံမှ ချူဟွားက systemနှင့်အတူ မဟုတ်မဟတ်တာများ ပြောဆိုလေ့ရှိကြောင်း အစောကြီးကတည်းက သိရှိထားပြီးဖြစ်ကာ ဒုတိယမင်းသားသည် အရပ်ဘက်နှင့် စစ်ဘက် မှူးမတ်များ၏ ရှေ့မှောက်တွင် သေလောက်အောင် ရှက်ရွံ့ခဲ့ရသည်ကိုလည်း သိရှိထားခဲ့သည်။ သူမသည် ဒုတိယမင်းသားကို အကြိမ်အနည်းငယ်ပင် တိတ်တဆိတ် ရယ်မောခဲ့ဖူးသေးသည်။ သို့သော် အလားတူ အဖြစ်အပျက်က သူမအပေါ် ကျရောက်လာသောအခါ အမှန်တကယ်ပင်... သူမ ချက်ချင်း ပျံသန်းသွားပြီး ချူဟွား၏ ပါးစပ်ကို ပိတ်ထားလိုက်ချင်စိတ် ပေါက်သွားတော့သည်။

မိဖုရားကြီးသည် ချူဟွားကဲ့သို့ပင် စပ်စုနေပြီး မသိစိတ်က ခန့်မှန်းလိုက်လေသည်။ ဖြစ်နိုင်တာက ဒီနေရာက ညစ်ပတ်လို့လား။

ထိုအရာကို မည်သို့ အသုံးပြုခဲ့သည်ကို မဆိုထားနှင့် အနည်းဆုံးတော့ သူမသည် လူအရေအတွက် ဘယ်လောက် အိပ်စက်ခဲ့သည်ကို မသိနိုင်သော ခုတင်ကို အသုံးပြုရန် မဝံ့ရဲပေ။

Systemသည် ဖရဲသီးများ သွားစားနေသဖြင့် အချိန်အတော်ကြာမှ ပြန်ဖြေလေသည်။

[အသန့်ကြိုက်လွန်းတာ၊ သူတို့ ဒီလိုနေရာမျိုးကို သွားမရှုပ်ရဲကြဘူး]

ချူဟွား: [ငါလည်း အဲ့လို ထင်ပါတယ်]

မိဖုရားကြီးသည် အနည်းငယ် အံ့အားသင့်သွားသည်။ ဟမ်။ မင်း တကယ်ပဲ မှန်အောင် ခန့်မှန်းနိုင်တာပဲ။

ဒုတိယမင်းသား ကြင်ရာတော်သည် ယနေ့ ဒုတိယမင်းသား၏ တောင်းဆိုမှုကို နားထောင်ခဲ့မိသည့်အတွက် နောင်တရသွားတော့သည်။ မဟုတ်လျှင် ရှက်ရွံ့နေရသူမှာ သူမ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သူမသည် ဤ ညှဉ်းပန်းနှိပ်စက်သည့် အချိန်သည် အချိန်အကြာကြီး ကြာမြင့်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ချူဟွားသည် ဖရဲသီးများ ဆက်မစားဘဲ ချွန်းဖုန်းဂေဟာ၏ မုန့်များက မည်သည့် အားသာချက်များ ရှိသည်ကို systemနှင့် မျှဝေနေလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် အဖွဲ့သည် ချွန်းဖုန်းဂေဟာမှ လက်တွေ့ကျကျ နည်းလမ်းဖြင့် ထွက်ခွာခဲ့ကြလေသည်။ မိဖုရားကြီး၊ ဒုတိယမင်းသား ကြင်ရာတော်နှင့် ချူဟွားတို့သည် မိမိတို့၏ ကိုယ်ပိုင် မြင်းလှည်းများဖြင့် ပြန်သွားခဲ့ကြသည်။ မိဖုရားကြီးနောက်သို့ လိုက်ပါသွားသော နန်းစောင့်တပ်သား ၄ ဦးထဲမှ တစ်ဦးသည် ဖြည်းညှင်းစွာ နောက်ဆုတ်ကာ ဖူရုန်မျန်သို့ ပြန်လာခဲ့လေသည်။

သူသည် အခန်းတစ်ခုလုံးကို အချိန်အတော်ကြာ ဂရုတစိုက် စစ်ဆေးခဲ့သည်။ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိသောအခါမှ ပြန်ထွက်လာခဲ့သည်။

တစ်ဖက်တွင် ချူဟွားသည် ချန်ဟွားကျွီသို့ အောင်မြင်စွာ ပြန်လရောက်ရှိလာပြီး အဝတ်အစား လဲလှယ်ကာ ချင်းကျူ၏ ပြုစုမှုအောက်တွင် ဆေးကြော သန့်စင်လိုက်လေသည်။

ချင်းကျူသည် သူမ လဲလှယ်လိုက်သော အရာရှိဝတ်စုံထဲမှ လက်ဖဝါးအရွယ် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ မှတ်စုစာအုပ်၏ ဘေးတွင် မီးသွေးခဲတံငယ်တစ်ချောင်းကို ချည်နှောင်ထားသည်။ မီးသွေးခဲတံသည် စကားလုံးများစွာ ရေးသားထားပုံရပြီး အနည်းငယ် တိုနေလေသည်။

"သခင်မလေး၊ မီးသွေးခဲတံ အသစ် လဲချင်လား"

ချူဟွား: "မလိုပါဘူး"

ချင်းကျူက ထိုခဲတံကို ချထားလိုက်သည်။ "ဟုတ်ကဲ့ပါ"

ဒါက ချူဟွား ဝတ္ထုစာအုပ်အတွက် စိတ်ကူးစိတ်သန်းများကို မှတ်တမ်းတင်ရန် အသုံးပြုသော မှတ်စုစာအုပ်ငယ် ဖြစ်လေသည်။ သူမသည် ရံဖန်ရံခါ စဉ်းစားမိသည့်အရာကို ချရေးတတ်လေ့ရှိသည်။ ခွင့်ပြုချက်မရှိဘဲ ချင်းကျူနှင့် အခြားသူများက တိတ်တဆိတ် ချောင်းကြည့်မည် မဟုတ်ပေ။

ဟုန်မေသည် ငှက်သိုက်တစ်ပန်းကန်လုံးဖြင့် ဝင်လာသည်။ “သခင်မလေး၊ ငှက်သိုက် သောက်မလား"

"ကောင်းပြီ" ချူဟွားသည် ငှက်သိုက်ကို ဖြည်းညှင်းစွာ သောက်လိုက်သည်။

Systemက သူမ၏ နားထဲတွင် တရကြမ်း အော်ဟစ်လိုက်၏။ [ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ ဘယ်လိုလုပ်ပြီး ဒီလို အမှားမျိုး လုပ်နိုင်ရမှာလဲ]

[အံ့ဩစရာ မရှိတော့ဘူး။ ဖရဲသီးစွမ်းအင် ဘာလို့ ဒီလောက် မြန်မြန် ကုန်သွားလဲလို့ ငါ တွေးနေတာ။ တကယ်တော့ ငါက မတော်တဆ မျှဝေတဲ့ လုပ်ဆောင်ချက်ကို ဖွင့်မိသွားတာကိုး။ နင်နဲ့ စကားပြောတိုင်း ငါ ဖရဲသီးစွမ်းအင် မလိုဘူး၊ ဒါပေမဲ့ သူတို့နဲ့ မျှဝေတဲ့အခါကျတော့ လိုအပ်တယ်]

[နင့်ကို ရှာဖွေရေးစာမျက်နှာနဲ့ ရှီကျန့်ကျောင်းရဲ့ ဓာတ်ပုံတွေကို ကြည့်ခိုင်းတုန်းက တစ်စက္ကန့် နှစ်စက္ကန့်လောက်ပဲ ကြာတာတောင် ဘာလို့ ဖရဲသီးစွမ်းအင်တွေ အများကြီး ကုန်သွားလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။ တကယ်တော့ ဒါက မီတာ ၅၀ အကွာအဝေးအတွင်းက လူတိုင်းကို တစ်ချိန်တည်း မျှဝေလိုက်တာကိုး။ ဒါက ဘယ်လိုလုပ်ပြီး ဈေးမကြီးဘဲ နေနိုင်မှာလဲ]

Systemသည် ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်လုမတတ် ဖြစ်သွားတော့သည်။ ချင်းကျူနှင့် ဟုန်မေတို့သည် ဘာမှ မကြားရသကဲ့သို့ လုံးဝ တုံ့ပြန်မှု မရှိကြပေ။

အမှန်တကယ်တော့ သူတို့ တကယ် မကြားနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် systemသည် ၎င်း၏ ကိုယ်ပိုင် အမှားကို ရှာဖွေတွေ့ရှိပြီးနောက် မျှဝေသည့် လုပ်ဆောင်ချက်ကို ပိတ်လိုက်သောကြောင့် ဖြစ်သည်။ ယခုအခါ ချူဟွား တစ်ဦးတည်းသာ ကြားနိုင်တော့သည်။

လွန်ခဲ့သော နာရီဝက်ကျော်ခန့်က ဖူရုန်မျန်၏ သီးသန့်အခန်းထဲတွင် ချူဟွားသည် ချိုက်ကန်းကို တံခါးစောင့်ရန် ခိုင်းပြီး ကျားယီကို လက်ဖက်ရည်တစ်အိုးနှင့် မုန့်အချို့ မှာကြားခိုင်းခဲ့သည်။

သူမ သီးသန့်အခန်းထဲတွင် တစ်ယောက်တည်း ရှိနေသောအခါ သူမ သယ်ဆောင်လာသော မှတ်စုစာအုပ်ငယ်နှင့် မီးသွေးခဲတံကို အသုံးပြုကာ systemနှင့် ရိုးရှင်းသော စာဖြင့် ဆက်သွယ်မှု ပြုလုပ်ခဲ့သည်။

System၊ ဒါကို ကြည့်၊ အသံမထွက်နဲ့။

ပုံမှန်အတိုင်းပဲ ဖရဲသီး စားပါ၊ မပေါ်သွားအောင် သတိထား။

ငါတို့ စကားပြောတာကို တခြားသူတွေ ကြားသွားနိုင်လား။

မိဖုရားကြီးနဲ့ တခြားသူတွေ ကြားသွားပုံပဲ။

သူမ၏ systemနှင့် စကားပြောဆိုမှုသည် ဆက်လက် ဖြစ်ပွားနေသောကြောင့် ချိုက်ကန်းသည် မည်သည့်အရာကိုမျှ သံသယ မဝင်ခဲ့ဘဲ အခန်းထဲတွင် ရှိနေရန် အတင်းအကျပ် တောင်းဆိုခြင်း မရှိခဲ့ပေ။

ထိုအချိန်တွင် ချူဟွား၏ စကားလုံးများသည် systemကို သေလုမတတ် ထိတ်လန့်သွားစေခဲ့သည်။ သူသည် ထိုအချိန်က အခြေအနေကို ရောထွေးသွားစေရန် ချူဟွားနှင့် ပူးပေါင်းခဲ့ပြီး နောက်ပိုင်းတွင် မိမိကိုယ်ကို ဆက်လက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သူသည် ဖရဲသီးစားသည့် system၏ စည်းမျဉ်းစည်းကမ်းများကို အစအဆုံး ဖတ်ရှုခဲ့ပြီး သူ ဖွင့်ထားသော လုပ်ဆောင်ချက်အားလုံးကို စစ်ဆေးခဲ့သည်။ ထိုအခါမှသာ ပြဿနာ ဘယ်မှာ ရှိနေသည်ကို သိသွားတော့သည်။

ချူဟွားသည် ငှက်သိုက် သောက်ရင်း ပြောလိုက်၏။ [တစ်နည်းအားဖြင့် ပြောရရင်၊ ငါ နင်နဲ့ ချိတ်ဆက်လိုက်တဲ့ အချိန်ကစပြီး ငါတို့ စားခဲ့တဲ့ ဖရဲသီးတွေ အကုန်လုံးကို တခြားသူတွေ ကြားသွားတာပေါ့]

Systemသည် အမှားတစ်ခုခု လုပ်ထားသဖြင့် သူ့အဖြေသည် အလွန် အားနည်းနေသည်။ [ဟုတ်တယ်၊ မမကြီးဟွား၊ တောင်းပန်ပါတယ်၊ ငါ တမင်လုပ်တာ မဟုတ်ပါဘူး]

ချူဟွားသည် ဤကောင်လေးမှာ အခုလေးတင် ထုတ်လုပ်ထားသော systemငယ်လေး တစ်ခုသာ ဖြစ်ကြောင်း သေချာပေါက် သိလေသည်။ သူ့တွင် အတွေ့အကြုံ မရှိသဖြင့် အမှားလုပ်မိခြင်းမှာ ပုံမှန်ပင်။

ထို့အပြင်...

ချူဟွား: [အခု ကြည့်လိုက်စမ်း။ ခြံဝင်းထဲက နန်းစောင့်တပ်သား နှစ်ယောက်အပြင်၊ ငါတို့အိမ်မှာ တခြား နန်းစောင့်တပ်သားတွေ ရှိသေးလား]

Systemသည် သွားရောက် စစ်ဆေးသည်။ [ဟေး၊ တကယ် ရှိနေတာပဲ။ အယောက် ၂၀ လောက် ရှိတယ်]

[အိုး၊ သူတို့က ငါ နင်နဲ့ ချိတ်ဆက်လိုက်တဲ့ ပထမဆုံးနေ့မှာ ပေါ်လာပြီး ငါတို့ စကားပြောတာတွေ အကုန်လုံးကို ကူးယူပြီး အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အားလုံးဆီ ပို့ပေးခဲ့တာ]

[ဖရဲသီး စားတာက ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ သူတို့က ငါ့ရဲ့ စာမေးပွဲမေးခွန်းတွေနဲ့ မကျေမနပ် ပြောတာတွေကိုပါ ကူးယူရသေးလား။ သူတို့ လက်တွေ ကျိုးကုန်တော့မှာပဲ မဟုတ်လား။ ဟားဟားဟား၊ သူတို့က ငါ ရယ်တာကိုတောင် မှတ်တမ်းတင်ထားသေးတယ်၊ အရမ်း ရယ်ရတာပဲ]

[အစတုန်းက သူတို့က နန်းစောင့်တပ်သားတွေ၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ မလိုက်နိုင်တော့လို့ လူတွေကို မကြာခဏ ပြောင်းခဲ့ရတယ်။ နင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အလုပ်လုပ်တုန်းက ကုန်းကုန်းတွေကို သုံးခဲ့တယ်။ ဒီမှာတော့ နန်းစောင့်တပ်သားတွေပဲ။ ငါတို့ စကားပြောတာတွေကို မှတ်တမ်းတင်တာက ရည်ရွယ်ချက် တစ်ခု၊ ဒါပေမဲ့ ပိုအရေးကြီးတာက နင့်ကို ကာကွယ်ဖို့ပဲ]

ချူဟွား: "ဟက်"

အများအမြင်တွင် နှစ်ယောက် ရှိပြီး နောက်ကွယ်တွင် ဆယ်ဆ ရှိနေသည်။ အရှင်မင်းကြီးသည် သူမ တိတ်တဆိတ် သေဆုံးသွားမည်ကို ကြောက်ရွံ့နေခဲ့ခြင်းပင်။

အရှင်မင်းကြီးနှင့် မှူးမတ်များသည် သူမ သေဆုံးပြီးနောက် system ထွက်ခွာသွားမည်ကို သိရှိပြီး သည်ဆုံးဖြတ်ချက်ကို ချခဲ့ပုံရသည်။

ထိုအချိန်က ကျားယီနှင့် ချိုက်ကန်းတို့ ရောက်ရှိလာခဲ့ခြင်းမှာ သည်အကြောင်းကြောင့် ဖြစ်နေသည်။

ချင်းကျူနှင့် ဟုန်မေတို့သည် ငှက်သိုက် သောက်ရင်း ရယ်မောနိုင်သေးသော ချူဟွားကို ကြည့်ကာ စိတ်ရှုပ်သွားကြသည်။ ဒီနေ့ ငှက်သိုက်က ထူးထူးခြားခြား အရသာ ရှိနေလို့လား။

Systemကတော့ နားမလည်ခဲ့ပေ။ [မမကြီးဟွား]

ချူဟွားက အပြုံးဖြင့် ပြောလိုက်သည်။ [အရှင်မင်းကြီး ဘာလို့ ရုတ်တရက် ငါ့ကို ရာထူးတိုးပေးပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့လိုက်လဲလို့ ငါ တွေးနေတာ]

Systemက သည်တစ်ကြိမ်တွင် လျင်မြန်စွာ တုံ့ပြန်လိုက်၏။ [ရာထူးတိုးတာက နင့်ကို နေ့တိုင်း ညီလာခံတက်စေချင်လို့၊ ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းတာက ငါ့ရဲ့ အလွဲသုံးစားလုပ်မှု ဖရဲသီးကြောင့်လား]

ထို့နောက် သူသည် သိပ်နားမလည်တော့ချေ။ [ဒါပေမဲ့ နင် ညီလာခံ မတက်ရင်တောင် ငါတို့ အိမ်မှာ ဖရဲသီးတွေ စားလို့ရတာပဲ။ ဖရဲသီးတွေကို တင်ပြဖို့ ငါတို့မှာ နန်းစောင့်တပ်သားတွေ မရှိဘူးလား။ ငါတို့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူးမလား]

ချူဟွား: [ဖြစ်နိုင်ခြေ အနည်းငယ် ရှိတယ်။ တစ်ခုက နေရာမှာတင် ဖရဲသီး စားရတာက ပို ပျော်စရာကောင်းလို့၊ ဒုတိယတစ်ခုက သူတို့က ငါ့ကို တခြားနေရာကို မသွားစေချင်လို့]

[ဒီနေ့လိုပဲ၊ မိဖုရားကြီးက ငါ့ကို ချွန်းဖုန်းဂေဟာကို သွားဖို့ လာရှာတယ်၊ ဒုတိယမင်းသား ကြင်ရာတော်လည်း လိုက်လာတယ်။ သူတို့က အာမခံချက် နှစ်ထပ် လုပ်ထားတာ။ သူတို့က ငါတို့ရဲ့ လျှို့ဝှက်ချက်တွေကို လူပိုသိသွားမှာ ကြောက်နေတာ]

[တတိယတစ်ခုက ငါ ရုတ်တရက် စိတ်ကူးပေါက်ပြီး လူအရမ်းများတဲ့ နေရာတွေကို သွားမဲ့ အခြေအနေအတွက် ကြိုတင် လေ့ကျင့်မှုတွေ လုပ်ထားတာ။ အဲ့ဒီအချိန်ကျရင် နန်းစောင့်တပ်သားတွေ အငိုက်မိသွားပြီး စီစဉ်ရ ခက်ခဲလိမ့်မယ်]

[ဒါ့အပြင်... မိဖုရားကြီးနဲ့ ဒုတိယမင်းသား ကြင်ရာတော်ကို သိသွားပြီးတဲ့နောက် နန်းတွင်းနဲ့ ရှီးရုံ သူလျှိုတွေဆီက ဖရဲသီးတွေ စားရတာက ဖရဲသီးစွမ်းအင် ပို သက်သာစေလိမ့်မယ်]

System: [ဒါဆို ငါ မျှဝေတာကို ပိတ်လိုက်မယ်၊ ဒါမှ သူတို့ ဖရဲသီး မရတော့မှာ]

ချူဟွား: [ဒါက ငါ သိပြီးသားလို့ သူတို့ကို ပြောလိုက်တာနဲ့ တူတူပဲ မဟုတ်ဘူးလား]

Systemသည် ခဏ‌လောက် စဉ်းစားလိုက်လေသည်။ [ဒါဆို လျှို့ဝှက်သင်္ကေတတစ်ခု သဘောတူလိုက်ကြရအောင်။ နင် သူတို့ကို သိစေချင်တဲ့အခါ၊ ငါ မျှဝေတာကို ဖွင့်လိုက်မယ်၊ နင် မသိစေချင်တဲ့အခါကျရင်၊ သီးသန့်စကားပြောတာကို သုံးမယ်]

[ဥပမာ၊ နင် မျှဝေတာ ဖွင့်ချင်တဲ့အခါ၊ ငါ့ကို Systemလေးလို့ ခေါ်၊ မဖွင့်ချင်တဲ့အခါကျရင် System လို့ ခေါ်]

ချူဟွားသည် သောက်ပြီးသား ငှက်သိုက်ကို ချထားလိုက်ပြီး ပါးစပ် သုတ်လိုက်လေသည်။

[သိသာလွန်းတယ်။ ဒီလို လုပ်ကြစို့၊ ငါတို့ အမြဲတမ်း သီးသန့်စကားပြောမုဒ်မှာပဲ နေမယ်၊ ငါ သူတို့ကို သိစေချင်တဲ့အခါမှ ဖွင့်လိုက်မယ်၊ ပြီးတော့ ငါတို့ အတူတူ သရုပ်ဆောင်ကြမယ်]

ဒါက ဒရမ်မာကွင်း တစ်ယောက် ဖြစ်ရုံသက်သက် မဟုတ်ဘူးလား။ သူသည် ဤအရာနှင့် ရင်းနှီးပြီးသားပင်။

Systemသည် မျှော်လင့်တကြီးဖြင့် လက်များကို ပွတ်သပ်လိုက်သည်။ [ကောင်းလိုက်တာ]

ချူဟွား: [ငါတို့ဆီက ဒီလောက် ရက်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့၊ ဒီနေ့ ငါတို့ သူတို့ကို အပေါ်အောက် လှန်ပစ်ကြမယ်]

Systemသည် ပြဿနာရှာသူတစ်ဦး၏ လေသံကို ကြားသောအခါ စိတ်လှုပ်ရှားသွားလေသည်။ [ဟုတ်ပြီ၊ ဟုတ်ပြီ၊ မမကြီးဟွား၊ နင် ငါ့ကို ဘာလုပ်ရမလဲ ပြော၊ ငါ သေချာပေါက် ပူးပေါင်းပါ့မယ်]

ပြဿနာရှာရန်နှင့် ဖရဲသီးများ ဖန်တီးရန် အစပျိုးခြင်း၊ လူများများ ထိခိုက်လေလေ၊ သက်ရောက်မှု နယ်ပယ် ကျယ်ပြန့်လေလေ၊ သက်ရောက်မှု ကြီးမားလေလေ၊ ဖရဲသီးစွမ်းအင် ပိုမို ရရှိလေလေပင်။

ဒါက ညနက်သန်းခေါင်တွင် နန်းတွင်းစာမေးပွဲ မေးခွန်းများကို ဖြေဆိုခြင်းဖြင့် ရရှိနိုင်သော ဖရဲသီးစွမ်းအင်ထက် များစွာ ပိုများသည်။

ချူဟွားက ဟိုဟိုသည်သည် ရှင်းပြလိုက်ပြီး systemကလည်း စကားတစ်လုံးမှ မမေ့ဝံ့ဘဲ သေသေချာချာ မှတ်သားထားလိုက်သည်။

ညစာ စားပြီးနောက် ချူဟွားသည် ချန်ဟွားကျွီက သုံးရက် အချိန်ယူ၍ စီစဉ်ခဲ့သော ဓာတ်ခွဲခန်းထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုနေရာတွင် သူမက ဖန်ထည်စက်ရုံကို အရေးပေါ် ပြုလုပ်ခိုင်းခဲ့သော ဖန်ပုလင်းများ၊ ဘီကာများ၊ ပန်းကန်များနှင့် အခြား ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ပါဝင်သည်။ အကြမ်းထည် သာမိုမီတာကတော့ သိပ် မတိကျလှပေ။ ဓာတ်ခွဲခန်း၏ အခြေအနေများသည် အလွန် ရိုးရှင်းလှသည်။

ဆောင်းဦးရာသီသည် လိမ္မော်သီး စားသုံးသည့်ရာသီ ဖြစ်သည်။ ချူမိသားစု တစ်ခုလုံး လိမ္မော်သီး စားသုံးကြပြီး လိမ္မော်ခွံ တစ်ပုံကြီး စုပုံနေခဲ့သည်။

ဓာတ်ခွဲခန်းတွင် အပူချိန်ကို ၂၅ ဒီဂရီခန့်တွင် ထိန်းသိမ်းထားရန် မြေအောက် အပူပေးစနစ်ကို နေ့ရောညပါ မီးရှို့ထားပြီး စိုထိုင်းဆကို ထိန်းသိမ်းရန် ရေဇလုံတစ်လုံးကို ချထားသည်။

အကယ်၍ လတ်ဆတ်သော လိမ္မော်ခွံများကို ဤနေရာတွင် ရက်အနည်းငယ် ထပ်ထားခဲ့လျှင် လိမ္မော်ခွံများ ရှိသော ဘက်တွင် အမွေးအမျှင်ငယ်များစွာ ပေါက်လာလိမ့်မည်။ ၎င်းက အစိမ်းရောင်သို့ ပြောင်းသွားသောအခါ ဒါက ပင်နီစလင် ဖြစ်သည်။

ချူဟွားသည် မိုက်ခရိုဇီဝဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ခြင်း မဟုတ်ပေ။ သူမသည် ယခင်ဘဝက ဓာတုဗေဒပညာရှင်တစ်ဦး ဖြစ်လေသည်။ သူမသည် ပင်နီစလင်အကြောင်း သိရှိခဲ့ခြင်းမှာ ပုပ်နေသော လိမ္မော်သီး မျက်နှာပြင်ပေါ်မှ မှိုသည် ပင်နီစလင် ဖြစ်ကြောင်း သိရှိသောကြောင့် စူးစမ်းလိုစိတ်ဖြင့် သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

အပူချိန်နှင့် စိုထိုင်းဆ မှန်ကန်မှု ရှိ၊ မရှိကို မသိသလို ဤနည်းလမ်းဖြင့် ပင်နီစလင် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိနှင့် ထုတ်လုပ်နိုင်ပါက အသုံးပြုနိုင်ခြင်း ရှိမရှိကိုလည်း မသိခဲ့ပေ။ သူမသည် မမောမပန်းနိုင်ဘဲ စမ်းသပ် ကြိုးစားကြည့်ရုံသာ တတ်နိုင်လေသည်။

လိမ္မော်သီးများ ရာသီ မကုန်မီ ထိုကိစ္စကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။ မဟုတ်လျှင် သူမသည် ထောင့်တွင် နှစ်ပေါင်းများစွာ ထားရှိခဲ့ပြီး မလွှင့်ပစ်ရသေးဘဲ လုံးဝ ရေဖြစ်သွားသော မုန်ညင်းချဉ် အဟောင်းများကို လှည့်လည် ရှာဖွေရုံသာ တတ်နိုင်တော့မည်။

ဒါက အစောဆုံး စားသုံးနိုင်သော ပင်နီစလင်ပင်။

သို့သော် ရှာဖွေတွေ့ရှိနိုင်ခြေမှာ မမြင့်မားသဖြင့် ချူဟွားသည် တစ်စုံတစ်ယောက်ကို ရှာဖွေခိုင်းရင်း မိမိကိုယ်တိုင် စမ်းသပ်နေရလေသည်။

စမ်းသပ်မှုအတွက် ပထမအသုတ် လိမ္မော်ခွံများကို အပူချိန်ဇုန်အလိုက် အစုအဖွဲ့များ ခွဲခြား ချထားပြီး ရှုထောင့်တိုင်းတွင် ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် ချူဟွားသည် အခန်းသို့ ပြန်လာခဲ့သည်။

[System၊ ပင်နီစလင် လုပ်ရတာက အရမ်း ဈေးကြီးတယ်၊ ငါ နည်းနည်း ဝမ်းနည်းသွားပြီ]

System: [ဒါဆို... ကိုယ့်ကိုယ်ကိုယ် အားပေးဖို့ ဖရဲသီး နည်းနည်းလောက် စားကြမလား]

ချူဟွား: [ဦးထုပ်စိမ်း ဖရဲသီးတွေ စားရတာ နည်းနည်း ငြီးငွေ့နေပြီ]

System: [ငါ နေ့ဘက်က ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အကျင့်ပျက် မှူးမတ်တွေရဲ့ ဖရဲသီးတွေ အများကြီး စားခဲ့တယ်]

ချူဟွား: [အကျင့်ပျက် မှူးမတ်တွေ၊ လူသတ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ အရာရှိကြီးတွေနဲ့ တခြား အကြောင်းအရာတွေ ပေါင်းစပ်ထားတဲ့ ဖရဲသီးကြီးကြီးတွေ ရှိသေးလား]

Systemသည် အချိန်အတော်ကြာ စောင့်ဆိုင်းလိုက်ပြီး စောစောကတည်းက ပြင်ဆင်ထားသော ဖရဲသီးကြီးကို ထုတ်ယူလိုက်လေသည်။ [ရှိတာပေါ့။ တင်း တင်း တင်း တင်၊ ဒီနေ့ အမိုက်စား ဖရဲသီးကြီးတစ်လုံး စားကြရအောင်]

[အရှင်မင်းကြီးရဲ့ ညီတော်၊ အန်းဝမ်ရယ်က ကွယ်လွန်သူ အရှင်မင်းကြီးရဲ့ အငယ်ဆုံး သားတော်ဖြစ်ပြီး ကွယ်လွန်သူ အရှင်မင်းကြီးရဲ့ လရောင်ဖြူက အခက်အခဲတွေ အများကြီးနဲ့ မွေးဖွားခဲ့တဲ့ သားတော်ပဲ။ သူက ငယ်စဉ်ကတည်းက အလိုလိုက် အချစ်ခံခဲ့ရတယ်။ ကွယ်လွန်သူ အရှင်မင်းကြီးက သူ့ကို ချမ်းသာတဲ့ မြို့စားနယ်မြေတစ်ခု ရွေးချယ်ခွင့် ပေးခဲ့ပြီး သူက ကျန်းနန်မှာ အချမ်းသာဆုံး နေရာဖြစ်တဲ့ ကျိုးပြည်နယ်ကို ရွေးချယ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျိုးပြည်နယ်ရဲ့ နှစ်စဉ် အခွန်အခ ထက်ဝက်ကျော်က အန်းဝမ်ရယ်ရဲ့ အိတ်ကပ်ထဲ ကျရောက်သွားတယ်]

ချူဟွား: [ဟင်း—— အရှင်မင်းကြီးက ဂရုမစိုက်ဘူးလား]

ချူမိသားစုမှ လူများနှင့် နန်းစောင့်တပ်သားများ: အိုက်ယိုး—— အန်းဝမ်ရယ်က အရမ်း ဆိုးသွမ်းတာပဲ။

System: [အရှင်မင်းကြီးက ဂရုစိုက်ချင်တယ်၊ ဒါပေမဲ့ လရောင်ဖြူက ကွယ်လွန်သူ အရှင်မင်းကြီး မကွယ်လွန်ခင်က တော်ဝင်အမိန့်တစ်ခု တောင်းခံခဲ့တယ်။ အခု ဒါက ကွယ်လွန်သူ အရှင်မင်းကြီးရဲ့ ဆန္ဒ ဖြစ်နေတယ်၊ အန်းဝမ်ရယ်က ပုန်ကန်တာမျိုး မဟုတ်ရင် အရှင်မင်းကြီးက သူ့ကို ဘာမှ လုပ်လို့မရဘူး]

[သူက ကျိုးပြည်နယ်ရဲ့ ရှင်ဘုရင်ပဲ။ အစားအသောက်၊ အဝတ်အစား၊ အိမ်ရာနဲ့ သယ်ယူပို့ဆောင်ရေး အားလုံးက အရှင်မင်းကြီးရဲ့ စံနှုန်းတွေအတိုင်းပဲ။ အရှင်မင်းကြီးက နန်းစောင့်တပ်သားတွေ လွှတ်ပြီး စစ်ဆေးခဲ့ပေမဲ့ သူ့မှာ အရင် အရှင်မင်းကြီး ပေးခဲ့တဲ့ လျှို့ဝှက် အစောင့်တွေ ရှိတယ်။ သွားတဲ့ အသုတ်တိုင်း သေကုန်တယ်]

[အရှင်မင်းကြီးက ကြားဝင် မစွက်ဖက်နိုင်တော့ သူက ပိုပြီး မောက်မာလာတယ်။ သူက သုံးနှစ်တစ်ကြိမ် အလှမယ် ပြိုင်ပွဲ ကျင်းပပြီး လှပတဲ့ မိန်းကလေးတွေကို တွေ့ရင် အိမ်ခေါ်သွားတယ်။ သူက အိမ်ထောင်သည် မိန်းကလေးတွေကိုတောင် ခေါ်သွားသေးတယ်။ သူက ကျွီရန် တစ်ယောက်ရဲ့ ခင်ပွန်းကို ရိုက်သတ်ပြီး သေလုဆဲဆဲ ခင်ပွန်းရဲ့ ရှေ့မှာ မိန်းကလေးကို မုဒိမ်းကျင့်ခဲ့တယ်။ ခင်ပွန်းက ဒေါသထွက်လွန်းလို့ သေသွားပြီး မျက်လုံးဖွင့်လျက်နဲ့ သေဆုံးသွားခဲ့တယ်]

[မိန်းကလေးက အဲ့ဒီအချိန်မှာ ကိုယ်ဝန် သုံးလတောင် မပြည့်သေးဘူး။ သူ့ခင်ပွန်း သေဆုံးသွားပြီး သူ့ရဲ့ မမွေးသေးတဲ့ ကလေးလည်း ပျက်ကျသွားတယ်။ သူ့ ယောက္ခမတွေက အစိုးရရုံးကို သွား တိုင်ကြားတော့ ရုံးတော် အစေခံတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြတယ်။ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး မိန်းကလေးက သူ့ခင်ပွန်းနဲ့အတူ ပန်းထိုးခဲ့တဲ့ မင်္ဂလာဝတ်စုံကို ဝတ်ပြီး ကြိုးဆွဲချ သေဆုံးသွားခဲ့တယ်]

[နောက်ပိုင်းမှာ အန်းဝမ်ရယ်က အနီရောင် ဝတ်ပြီး ကြိုးဆွဲချ သေဆုံးတဲ့ မိန်းမတွေက မကောင်းဆိုးဝါး နာနာဘာဝတွေ ဖြစ်လာပြီး လက်စားပြန်ချေဖို့ ပြန်လာတတ်တယ်လို့ ကြားတော့ သူက လူတွေကို အလောင်းတွေကို အပိုင်းပိုင်း ဖြတ်တောက်ပြီး ဖိနှိပ်ဖို့ အမိန့်ပေးခဲ့တယ်။ နည်းလမ်းတွေက အရမ်း ရက်စက်လွန်းတယ်]

ချူဟွား၏ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်မိသွားလေသည်။ [ဒီ အန်းဝမ်ရယ် ဆိုတဲ့ ငတုံးကောင်သာ ငါ့လက်ထဲ ကျရောက်လာရင် ငါ သူ့ကို မျိုးဆက်ပြတ်သွားစေမဲ့ကန်ချက် တစ်ခုလောက် သေချာပေါက် ပေးမိမှာပဲ]

Systemက အသည်းအသန် ခေါင်းညိတ်လိုက်လေသည်။ [ဟုတ်တယ် ဟုတ်တယ်]

ချူမိသားစုမှ လူများ: "..."

နန်းစောင့်တပ်သားများ: "..."

ယောက်ျားသား အများအပြားသည် သူတို့၏ ပေါင်ကြားထဲတွင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရပြီး: အန်းဝမ်ရယ်ကဲ့သို့ တိရစ္ဆာန်တစ်ကောင်အတွက် ကန်ချက် အနည်းငယ်မျှ မလုံလောက်သေးကြောင်း ထုတ်ဖော် ပြောဆိုကြလေသည်။

System: [ဒါ့အပြင် ဒီမိန်းကလေးက... ဝမ်ကျယ်ယွီက ဆောင်ကြာမြိုင်မှာ စွန့်ပစ်ခဲ့ပြီး နောက်ပိုင်းမှာ ဆောင်ကြာမြိုင် ပိုင်ရှင်က ပေးလိုက်လို့ ကလေးမရှိတဲ့ တိုဟူးသည် အဘိုးအဘွားလင်မယားက မွေးစားခဲ့တဲ့ တကယ့် မင်းသမီး အစစ်ပဲ]

ချူမိသားစုမှ လူများ: !!!

နန်းစောင့်တပ်သားများ: !!!

...

All Chapters