← Chapters

အခန်း ၃၅

Vol. 3 Ch. 35

အခန်း ၃၅

Vol. 3 Ch. 35

အပိုင်း (၃၅)

ထိုနေ့၏ နံနက်ခင်းညီလာခံ အငွေ့အသက်သည် အလွန် ညှိုးငယ်နေခဲ့သည်။

မှူးမတ်များ လျှောက်တင်သည့်အခါ သူတို့၏ လေသံများသည် အလွန် နိမ့်ကျနေကြပြီး၊ လူတိုင်း၏ ရင်ထဲတွင် သူတို့ကို အသက်ရှူမဝ ဖြစ်စေသည့် အဓိက ကိစ္စကြီးများစွာ ဖိစီးထားသကဲ့သို့ ဖြစ်နေ၏။

မကြာသေးမီ ရက်များအတွင်း မြို့တော်တွင် ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။ တတိယအဆင့် မှူးမတ်တစ်ဦး ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ မင်းသားတစ်ပါးကို သာမန်ပြည်သူအဖြစ် အဆင့်နှိမ့်ချခဲ့သည်။ ထို့အပြင် အကျင့်ပျက်ခြစားသော မှူးမတ်များစွာ၏ အိမ်များကို တစ်ညတည်း ဝင်ရောက်စီးနင်းခဲ့ကြသည်။ တစ်ခုချင်းစီသည် ကြည့်ရှုသူများ၏ မျက်လုံးများကို တခြားတစ်ခုထက် ပို တုန်လှုပ်စေခဲ့ပြီး လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များမှ ပုံပြင်ပြောသူများသည် သူတို့၏ ဇာတ်လမ်းများကို ပြုစုရန် အချိန်ပင် မရခဲ့ကြပေ။

တရားရေးဝန်ကြီးဌာန ဝန်ကြီးသည် မကြာသေးမီက အကျင့်ပျက်ခြစားသော မှူးမတ်များကို ကိုင်တွယ်ဖြေရှင်းမှုအား လျှောက်တင်ခဲ့သည်။ "...ငွေသား ၁၀,၀၀၀ လျန် ထက် ပိုပြီး အလွဲသုံးစားလုပ်ခဲ့တဲ့ အထက်က မှူးမတ်တွေရဲ့ နေအိမ်များကို ရှာဖွေစစ်ဆေးခဲ့ပြီးပါပြီ။ ငွေ ၃၀၀ လျန် ထက် လျော့နည်းစွာ အလွဲသုံးစားလုပ်သူများကိုတော့ မကြာမီ ငွေပြန်လည် ပေးဆပ်ရန် အမိန့်ပေးခဲ့ပါတယ်..."

သမိုင်းတစ်လျှောက်တွင် မှူးမတ်များ လုံးဝ လောဘမကြီးသော မင်းဆက်ဟူ၍ မရှိခဲ့ပေ။ ရိုးသားဖြောင့်မတ်သော မှူးမတ် တစ်ဦး သို့မဟုတ် နှစ်ဦး ရှိခဲ့လျှင်ပင် ညီလာခံတွင် ရှိသော ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာသော မှူးမတ်အားလုံး ထိုသို့ ဖြစ်နေမည် မဟုတ်ပေ။

ထို့ကြောင့် ချူဟွားက တခြားမှူးမတ်များအားလုံးကို မစုံစမ်းခင်မှာပင် လူအများအပြားသည် ငွေများကို စုဆောင်းပြီး လိုငွေများကို ဖြည့်တင်းခဲ့ကြကာ သည်စာမျက်နှာကို လျင်မြန်စွာ လှန်လှောကျော်ဖြတ်နိုင်ရန် မျှော်လင့်နေကြသည်။

သူတို့သည် အလွန်အမင်း လောဘမကြီးသရွေ့နှင့် ထိုအရာအတွက် တခြားသူများကို မထိခိုက်စေသရွေ့ အရှင်မင်းကြီးသည် မျက်စိမှိတ်ပေးရန် လိုလိုလားလား ရှိနေခဲ့သည်။

သူတို့အားလုံးကို ရှာဖွေစစ်ဆေးလို့မှ မရတာ။ ဟုတ်တယ်မလား။ ဘဏ္ဍာတိုက်ထဲမှာ ငွေ ပိုများလာပေမဲ့ အဲဒီအခါကျရင် ဘယ်သူက အလုပ်လုပ်တော့မှာလဲ။

ပြင်းထန်လွန်းသော ပြစ်ဒဏ်သည် လူများကို ကြောက်ရွံ့စေရုံသာ ဖြစ်ပြီး သူတို့သည် ပိုကြောက်မက်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် နေရာလပ် အနည်းငယ် သေချာပေါက် ချန်ထားပေးရမည်။

ဥပမာအားဖြင့် လူသတ်ခြင်းက သေခြင်းသို့ ဦးတည်သည်ကို လူတိုင်း သိကြသော်လည်း ငွေတစ်လျန် လုယက်ခြင်းသည် သေခြင်းသို့ ဦးတည်စေမည်ဆိုလျှင်တော့ ထိုရာဇဝတ်သားသည် လုယက်နေစဉ်အတွင်း မျက်မြင်သက်သေများကို သေချာပေါက် သတ်ပစ်ပေလိမ့်မည်။

တရားရေးဝန်ကြီးဌာန ဝန်ကြီး စကားပြောပြီးသည်နှင့် မှူးမတ်တစ်ဦးသည် သူတို့၏ အသိမိတ်ဆွေဟောင်း ဖြစ်ခြင်းနှင့် ဂိုဏ်းတူခြင်းတို့ကြောင့် သနားညှာတာမှုပေးရန် စတင် အသနားခံလေသည်။

"အရှင်မင်းကြီး၊ တရားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး အရာရှိယင်ရဲ့ မိသားစုက တကယ် ဆင်းရဲပါတယ်..."

"အရှင်မင်းကြီး၊ နန်းတွင်းရေးရာဌာနရဲ့ စာရေးချုပ်က သူ ညီလာခံကို မျက်နှာမပြဝံ့လောက်အောင် ရှက်ရွံ့နေမှန်း သိပါတယ်..."

သို့မဟုတ်လည်း သူတို့သည် သနားစဖွယ်ကစားပွဲကို ကစားကြပြီး တစ်စုံတစ်ယောက်၏ မိသားစုက မည်၍မည်မျှ ဆင်းရဲနွမ်းပါးကြောင်း ပြောဆိုကြသည်။ မဟုတ်လည်း စိတ်ခံစားမှု ကတ်ကို ကစားကာ သူ အမှားကျူးလွန်မိမှန်း သိရှိပြီး နေ့တိုင်း မျက်ရည်များဖြင့် မျက်နှာသစ်နေရကြောင်း အစရှိသဖြင့်... ဖော်ပြကြမည်။ သူတို့ တစ်ဦးချင်းစီတိုင်းသည် ရိုးသားပြီး စိတ်ရင်းအမှန်ဖြင့် ပြောဆိုနေကြရာ ချူဟွားနှင့် system၏ မျက်လုံးများကို အမှန်တကယ်ပင် အမြင်ကျယ်ရစေတော့သည်။

ဒါက ချူဟွားကို သူမ၏ ယခင်ဘဝတွင် ကြည့်ရှုခဲ့ဖူးသော ထို variety show အရည်အချင်းပြပွဲများကို ပြင်းထန်စွာ ပြန်လည် အမှတ်ရသွားစေသည်။ ထိုပွဲများတွင် သူတို့သည် အရည်အချင်းကို ယှဉ်ပြိုင်သင့်သော်လည်း နားမလည်နိုင်အောင် ဆင်းရဲဒုက္ခကို ယှဉ်ပြိုင်နေခဲ့ကြသည်။

ဒါက အလွန် ပျင်းစရာကောင်းနေတော့သည်။ ချူဟွားသည် system နှင့် စကားပြောရန် ရွေးချယ်လိုက်တော့၏။ [ထုံအာ၊ အရှင်မင်းကြီး စိတ်အခြေအနေ မကောင်းဘူးလား]

System က တစ်ချက် ကြည့်လိုက်၏။ [ဟုတ်တယ်]

ထိုလောဂျစ်အတိုင်း လိုက်သွားရင်း ချူဟွားက အကြောင်းအရာကို စတင်လိုက်သည်။ [ငါ ခန့်မှန်းရသလောက်တော့ အရှင်မင်းကြီးမှာ အခု သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ကိစ္စ ၃ ခု ရှိနေတယ်]

System: [ငါ ခန့်မှန်းရသလောက်တော့ ပထမတစ်ခုက ပုန်ကန်တဲ့ အန်းဝမ်ရယ်ကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဖြစ်ရမယ်။ ဒုတိယတစ်ခုက မနေ့ညကမှ ပေါ်လာတဲ့ လီဟယ် မတရားခံရတဲ့ အမှုပဲ။ ဒီကိစ္စ နှစ်ခုလုံးကို ညီလာခံနဲ့ အရှင်မင်းကြီးက လျစ်လျူရှုထားခဲ့ကြတာ။ သူ တော်တော်လေး ဒေါသထွက်နေမှာ သေချာတယ်]

[တတိယ တစ်ခုက ဘာလဲ]

ချူဟွား: [တတိယတစ်ခုကတော့ ဟိုးအရင် မင်းဆက်ရဲ့ ရတနာသိုက်တွေပေါ့]

System က နားမလည်တော့ချေ။ [အကျင့်ပျက်ခြစားတဲ့ မှူးမတ်တွေ ဒီလောက်အများကြီးဆီက သိမ်းဆည်းပြီးတဲ့နောက် နိုင်ငံ့ဘဏ္ဍာတိုက်ထဲက ငွေသားက သန်း ဆယ်ဂဏန်းလောက် ရှိနေပြီ၊ သူက အဲ့ဒီ ရတနာတွေအကြောင်း စဉ်းစားနေတုန်းပဲလား]

ချူဟွားသည် အသစ်စက်စက် ထုတ်လုပ်ထားသော သည်system ငယ်လေးကို ပညာပေးရန် ဆုံးဖြတ်လိုက်တော့သည်။ [အရင်တုန်းက သူက အရင်မင်းဆက်ရဲ့ ရတနာသိုက်တွေအကြောင်း စဉ်းစားနေခဲ့တာက နိုင်ငံ့ဘဏ္ဍာတိုက်ရော ကိုယ်ပိုင်ဘဏ္ဍာတိုက် နှစ်ခုလုံးမှာ ငွေမရှိလို့လေ။ အခု နိုင်ငံ့ဘဏ္ဍာတိုက်မှာ ငွေရှိသွားပြီ၊ ဒါဆို သူ့ကိုယ်ပိုင်ဘဏ္ဍာတိုက်ကရော ဘယ်လိုလုပ်မလဲ]

Systemသည်လည်း ချက်ချင်း သဘောပေါက်သွား၏။ [ဟုတ်သားပဲ၊ အရှင်မင်းကြီးက ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက ငွေကိုပဲ သုံးနိုင်တာ၊ သူက အရမ်း ဆင်းရဲတဲ့ ဧကရာဇ်တစ်ပါး ဖြစ်နေတုန်းပဲ]

ချူဟွား: [ဒီ့အပြင် အရင်မင်းဆက်ရဲ့ ရတနာသိုက်ကို အဲ့ဒီမှာ ဒီအတိုင်း ထားခဲ့ရင် အရင်မင်းဆက်ကို ပြန်လည်ထူထောင်ဖို့ အသင့်ဖြစ်နေတဲ့ အရင်မင်းဆက်ရဲ့ ဝန်ကြီးချုပ် နောက်တစ်ယောက် ပေါ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒီလောက် ကြီးမားတဲ့ ရတနာသိုက်ပမာဏက သူ့အိတ်ကပ်ထဲမှာ အမှန်တကယ် ရှိမနေသရွေ့တော့ သူ စိတ်အေးလက်အေး ရှိနေမှာ မဟုတ်ဘူး]

System: [ဘုရင်တစ်ပါး ဖြစ်ရတာ တော်တော် ပင်ပန်းတာပဲ]

ချူဟွားကတော့ ပြုံးလိုက်ပြီး မှတ်ချက်မပေးခဲ့ပေ။ တချို့လူများသည် တောင်တန်းများနှင့် မြစ်ချောင်းများ၊ ကဗျာ၊ အရက်နှင့် လက်မှုပညာ တို့ကို စိတ်ဝင်စားကြသော်လည်း ရှင်ဘုရင်များ ဖြစ်လာရန် တွန်းအားပေးခံခဲ့ရသည်။ တချို့လူများကတော့ လူသန်းပေါင်းများစွာ၏ အထက်မှ မြင့်မြတ်ပြီး အေးစက်သော နဂါးပလ္လင်ကဲ့သို့ ရှင်ဘုရင်များ ဖြစ်ရခြင်းကို နှစ်သက်ကြသည်။

ရည်မှန်းချက်များက ကွဲပြားကြသဖြင့် နောက်ပိုင်းလူများ ပင်ပန်းသည် မပင်ပန်းသည်ကို ပြောဆိုရန် မလိုအပ်ဘဲ သူတို့သည် ထိုသို့လုပ်ဆောင်ရသည်ကို ပျော်ရွှင်နေကြသည်။

ချူဟွား: [ထုံအာ၊ အလုပ် စလိုက်တော့]

Systemသည် မျှဝေခြင်း လုပ်ဆောင်ချက်ကို ချက်ချင်း ဖွင့်လိုက်ရာ လူတစ်ယောက်နှင့် system တစ်ခု၏ စကားပြောဆိုမှုကို မီတာ ၅၀ အချင်းဝက်အတွင်းရှိ လူတိုင်း ကြားနိုင်လေသည်။

[မမကြီးဟွား၊ နင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အကျင့်ပျက်ခြစားတဲ့ မှူးမတ်တွေကို နောက်ပိုင်း ဆက်ပြီး စုံစမ်းဦးမှာလား။ ကြည့်ရတာ နင် လီဟယ်ကို အဲဒီမှာ ရှာတွေ့နိုင်မှာ မဟုတ်ဘူး ထင်တယ်]

အရှင်မင်းကြီး: ?

မှူးမတ်များ: ?

ဒီကောင်မလေးက သူ့အဖေကို အကူအညီတောင်းချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။

အရှင်မင်းကြီးနှင့် ဝန်ကြီးများသည် သူတို့၏ အကြည့်များကို တန်းစီနေသော ချူဖျင်ထံသို့ ဝေ့ကြည့်လိုက်ကြသည်။ ဘာဖြစ်တာလဲ။ မင်း ကူညီမပေးချင်ဘူးလား။

ချူဖျင်သည် ဝမ်းနည်းလွန်းသဖြင့် ငိုချင်စိတ် ပေါက်လာသော်လည်း မျက်ရည်များက ထွက်မလာခဲ့ပေ။ ဒါက သူ ကူညီပေးဖို့ ဆန္ဒရှိမရှိ ဆိုတဲ့ မေးခွန်းမလို့လား။ သူ့မှာ အာဏာမှ မရှိတာ။

တရားရေးဝန်ကြီးဌာနတွင် ဌာန ၄ ခု ရှိသည်။ တရားရေးဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနခွဲ၊ အတည်ပြုရေးဌာနခွဲနှင့် ပြည်တွင်းရေးရာဌာနခွဲ တို့ ဖြစ်ကြသည်။ ဌာနခွဲတစ်ခုစီကို တရားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးတစ်ဦးက စီမံခန့်ခွဲရသည်။ တရားရေးဝန်ကြီးဌာန တစ်ခုလုံးတွင် ညွှန်ကြားရေးမှူး ၅ ဦး ရှိပြီး တရားရေးဌာနခွဲတွင် နှစ်ဦး ရှိလေသည်။

ချူဖျင်သည် ပြည်တွင်းရေးရာဌာနခွဲတွင် တာဝန်ထမ်းဆောင်နေပြီး ထိုနေရာက လူများ ဝင်ထွက်သွားလာခြင်း၊ ဆိုလိုသည်မှာ နန်းတော်တံခါးများ၊ မြို့တံခါးများနှင့် တခြား ဖြတ်သန်းသွားလာရာ နေရာများကို ဖြတ်သန်းရန် ပြည်သူများ အသုံးပြုရန် လိုအပ်သော အိမ်ထောင်စု မှတ်ပုံတင်၊ လမ်းသွားခွင့် ပါမစ်များနှင့် တခြား စာရွက်စာတမ်းများကို တာဝန်ယူရသည်။ သူတို့သည် ဝင်ထွက်စဉ် ပျောက်ဆုံးသွားသော အရာများအတွက်လည်း တာဝန်ယူရသည်။

သူဆိုသည့် တရားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးတစ်ဦးသည် ထင်ရှားသူလည်း မဟုတ်သလို တန်ဖိုးရှိသူလည်း မဟုတ်ပေ။

အကယ်၍ လီဟယ်၏ အမှုသည် တရားရေးဝန်ကြီးဌာနသို့ အမှန်တကယ် ရောက်ရှိသွားပါက ထိုကိစ္စက ဥပဒေများနှင့် အမှု သုံးသပ်ချက်များကို တာဝန်ယူရသည့် ဌာနဖြစ်သော တရားရေးဌာနခွဲသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုမတိုင်မီတွင် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်က ပဏာမ သုံးသပ်ချက်တစ်ခု ပြုလုပ်ဖွယ် ရှိနေသည်။

ချူဟွားက ထုတ်ဖော်ပြောလိုက်၏။ [ညီလာခံ မတက်ခင်မှာ ငါ့အဖေက တရားရေးဝန်ကြီးဌာနရဲ့ ဌာန ၄ ခုအကြောင်း ငါ့ကို အသေးစိတ် မိတ်ဆက်ပေးခဲ့တယ်။ တကယ်လို့ သူသာ ဝင်စွက်ဖက်မယ်ဆိုရင် ဒါက အာဏာကို ကျော်လွန်ရာ ရောက်သွားလိမ့်မယ်]

အရှင်မင်းကြီးသည် ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်သည်။

ချူဖျင်သည် မှူးမတ်ငယ်တစ်ဦး ဖြစ်သည်ကို သူ မမေ့လျော့ခဲ့ပေ။ သို့သော် သူသည် ချူဟွား၏ ကိစ္စတွင် ခြွင်းချက်များစွာ ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် သည်အာဏာကျော်လွန်မှုကို ဂရုမစိုက်ဟု ခံစားမိသည်။

အဟမ်း။ ဒါက မကောင်းဘူး။ ပြောင်းလဲပစ်ရမယ်။

မှူးမတ်များသည် ချူဖျင်က တစ်စုံတစ်ခု အမှန်တကယ် လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြသော်လည်း သည်လူငယ်လေးသည် တော်တော်လေး စည်းကမ်းရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူ၏ တာဝန်များ မဟုတ်သဖြင့် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပေ။

သူသည် ပျော့ပြောင်းခြင်း မရှိသလို စိတ်အားထက်သန်မှုလည်း မရှိလှပေ။ သို့သော် ကံကောင်းစွာဖြင့် သူသည် စည်းကမ်းရှိပြီး ပြဿနာ ဖြစ်ပွားစေဖွယ် မရှိသလို ချူဟွားအတွက် ပြဿနာ ဖြစ်ပွားစေရန်လည်း မလွယ်ကူပေ။

System: [ဒါဆို နင် ဘယ်လို စုံစမ်းစစ်ဆေးမှာလဲ]

ချူဟွား: [အဖြစ်အပျက်ရဲ့ အစအဆုံးနဲ့ အသေးစိတ် အချက်အလက် အမျိုးမျိုးက အသင့်ရှိနေပြီ၊ ဒါပေမဲ့ သူတို့ကို တင်ပြဖို့ ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်းတစ်ခု လိုအပ်နေတယ်]

System: [လီချန်ကို ရွှင့်ထျန်းစီရင်စုပြည်နယ်မှာ တိုင်ကြားလွှာတင်ခိုင်းရင်ရော ဘယ်လိုလဲ]

ရွှင့်ထျန်းစီရင်စုပြည်နယ်ဝန်သည် ချက်ချင်း ခေါင်းမော့လိုက်တော့၏။ ဒါ အလုပ်ဖြစ်တယ်။

ဒါသည် စည်းမျဉ်းများနှင့် မကိုက်ညီသော်လည်း အခြေအနေကို အလင်းရောင်ထဲသို့ ဆောင်ကြဉ်းရန် နည်းလမ်းကောင်းတစ်ခုပင်။

မနေ့ညက အရှင်မင်းကြီးနှင့် ဝန်ကြီးများသည် သည်ကိစ္စကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးပြီး ဖြစ်ကြလေသည်။ နန်းစောင့်တပ်၏ ဒုတိယတပ်မှူးသည် သက်သေအထောက်အထားများ စုဆောင်းရန်နှင့် လူများကို ဖမ်းဆီးရန် ယိနင်ခရိုင်သို့ တစ်ညတည်း အမြန်သွားရောက်ခဲ့ပြီး သာ့ရှန်း၏ အကျိုးအတွက် မှားယွင်းစွာ သတ်ဖြတ်ခံရတော့မည့် ရိုးသားသော ခရိုင်ဝန် လီဟယ်ကို ကာကွယ်ရန် ကြိုးစားနေခဲ့သည်။ တစ်ခုတည်းသော လိုအပ်နေသည့်အရာမှာ ချူဟွား၏ သံသယကို ရှောင်ရှားရန် ရှင်းလင်းသော နည်းလမ်းတစ်ခုသာ။

ချူဟွား: [သာ့ရှန်းရဲ့ ဥပဒေတွေအရ အမှုတွေကို ခရိုင်၊ စီရင်စု၊ ပြည်နယ်၊ စီရင်စုပြည်နယ်၊ နဲ့ ဗဟိုအစိုးရ အဆင့်ဆင့်ကို အဆင့်ဆင့် အသနားခံရမယ်။ ဒါကို အဆင့်ဆင့် အသနားခံခြင်း လို့ ခေါ်တယ်။ လီချန်ရဲ့ အသနားခံလွှာက ခရိုင်ကနေ ရွှင့်ထျန်းစီရင်စုပြည်နယ်ကို ခုန်တက်သွားတာ၊ ဒါက အဆင့်မြင့်တဲ့ အသနားခံမှုပဲ။ သူ စကားတစ်ခွန်း မပြောနိုင်ခင်မှာ ကြိမ်ဒဏ် ၄၀ နဲ့ အပြစ်ပေးခံရမှာ]

[လီချန်က ယိနင်ခရိုင်ကနေ တစ်လမ်းလုံး အမြန်လာခဲ့ရတာ၊ အပြင်မှာ အိပ်ရတယ်၊ လူတွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံရတယ်၊ မြစ်ထဲ ပြုတ်ကျခဲ့တယ်၊ ပြီးတော့ အချိန်တိုအတွင်းမှာ ဓားဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေနဲ့ အအေးမိတာတွေကို တွေ့ကြုံခဲ့ရတယ်။ သူက ဒေါသကို အားကိုးပြီး တောင့်ခံထားခဲ့တာ။ ဒီ ကြိမ်ဒဏ် ၄၀ ကို သူ ခံနိုင်ရည် ရှိမယ်လို့ နင် ထင်လား]

System: [အိုက်ယိုး——]

အရှင်မင်းကြီး၊ မှူးမတ်များအိုက်ယိုး——

မနေ့ညက သူတို့သည် လီဟယ်၏ မိသားစု မည်မျှ မတရားမှု ခံစားခဲ့ရသည်ကို အာရုံစိုက်နေရသဖြင့် အလုပ်များနေခဲ့ကြသည်။ လီချန်သည် အသက်ရှင်လျက် လှုပ်ရှားနေဆဲ ဖြစ်သည်ကို မြင်တွေ့ရသဖြင့် သူသည် ငယ်ရွယ်ပြီး ကျန်းမာရေး ကောင်းမွန်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ချူဟွား၏ လေသံ မကောင်းလှသည်ကို သူတို့ အဘယ်ကြောင့် သိရှိခဲ့ကြသနည်း။

သူ ညသန်းခေါင်မှာ ဖျားသွားတာများ ဖြစ်နိုင်မလား။ သူတို့ သတင်း မရသေးဘူးလား။

တရားရေးဝန်ကြီးဌာန ဝန်ကြီးသည် ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်လိုက်ပြီး အဓိက တတိယအဆင့် မှူးမတ်တစ်ဦးလည်း ဖြစ်သော ရွှင့်ထျန်းစီရင်စုပြည်နယ်ဝန်ကို တိုးတိုးလေး ပြောလိုက်လေသည်။

"ဖော့ပေးလိုက်”

ပြစ်ဒဏ် စီရင်ခြင်းတွင် ၎င်း၏ ကိုယ်ပိုင် ကျွမ်းကျင်မှုများ ရှိလေသည်။ တချို့မှာ အပြင်ပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သော်လည်း အမှန်တကယ်တွင် အတွင်းပိုင်း၌ လုံးဝ ထိခိုက်ဒဏ်ရာ မရရှိပေ။ တချို့မှာ အပြင်ပိုင်းတွင် မြင်တွေ့ရန် ခက်ခဲသော်လည်း အမှန်တကယ်တွင် အတွင်းပိုင်း၌ ကျိုးကြေနေပြီး ဖြစ်သည်။ ကျွမ်းကျင်စွာ ရိုက်နှက်ရန် အတွေ့အကြုံရှိသော ရုံးတော်အမှုထမ်းနှစ်ဦးကို ရှာလိုက်ရုံပင်။

ရွှင့်ထျန်းစီရင်စုပြည်နယ်ဝန်သည် သဘာဝအတိုင်း နားလည်သော်လည်း... "သူ သိလို့လား”

တရားရေးဝန်ကြီးဌာန ဝန်ကြီး: "..."

ဒါကလည်း အတွင်းဝန်ထမ်းများသာ သိနိုင်သော မပြောဘဲ နားလည်ရသည့် စည်းမျဉ်းများ ဖြစ်ကြသည်။ ချူဟွားက ထိုအကြောင်း သိရှိရန် မဖြစ်နိုင်ပေ။

"သူ့အဖေကနေတစ်ဆင့် သူ့ကို သွားပြောခိုင်းလိုက်”

တရားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးသည် နာကျင်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"ချူဖျင်က သိချင်မှ သိမှာ” ဘာပဲဖြစ်ဖြစ် သူတို့က ဌာန မတူကြဘူးလေ။

တရားရေးဝန်ကြီးဌာန ဝန်ကြီး: "..."

ရွှင့်ထျန်းစီရင်စုပြည်နယ်ဝန်: "..."

တစ်ဖန် သူတို့သည် ချူဖျင်သည် ရာထူးနိမ့်သော မှူးမတ်တစ်ဦး ဖြစ်ပြီး တိုးတက်မှု မရှိသည်ကို မုန်းမိကြတော့သည်။ အကယ်၍သာ ချူဟွားသည် တရားရေးဝန်ကြီးဌာန ဝန်ကြီး၊ တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သို့မဟုတ် ရွှင့်ထျန်းစီရင်စုပြည်နယ်ဝန် ၏ သမီး ဖြစ်ခဲ့ပါက သူမ ထိုမျှလောက် စိုးရိမ်နေစရာ အကြောင်းရှိမှာတဲ့လား။

ထိုအချိန်တွင် အရှင်မင်းကြီးသည်လည်း တိတ်တဆိတ် သက်ပြင်းချနေမိသည်။ အကယ်၍သာ ချူဟွားက သူ့သမီး ဖြစ်ခဲ့မယ်ဆိုရင် သူ ဘာလို့ ဒီလောက် အနှစ်မရှိတဲ့ စကားတွေ အများကြီး လိုအပ်နေမှာလဲ။ မျက်နှာချင်းဆိုင် စကားပြောပြီး တိုက်ရိုက် အကောင်အထည် ဖော်လိုက်ရုံပဲ!

System: [လီဟယ်က အန္တရာယ် ရှိနေတယ်၊ ဒီကိစ္စကို အချိန်ဆွဲထားလို့ မဖြစ်ဘူး။ မမကြီးဟွား၊ နင် သူ့ကို စွပ်စွဲဖို့ လျှောက်တင်လွှာတစ်စောင် ရေးလိုက်ရင်ရော ဘယ်လိုလဲ]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

ဒီ လူတစ်ယောက်နဲ့ system တစ်ခုက တစ်ယောက်ထက်တစ်ယောက် ပိုပြီး လက်ဆပြင်းတာပဲ။

ချူဟွား: [ကွပ်ကဲရေးမှူးကပဲ သတင်းတွေအပေါ် တိုင်ကြားပိုင်ခွင့် ရှိတာ။ ယွီကျားယန်ရဲ့ ပြည့်တန်ဆာကိစ္စကို မြို့တော်ထဲမှာလို့ ပြောလို့ရတယ်။ အပြင်ထွက်ရင်း မတော်တဆ သတင်းတချို့ ကြားခဲ့တယ်ဆိုတာက နန်းစောင့်တပ်မှူးက သက်သေ အထောက်အထား ရှာတွေ့ခဲ့တဲ့အတွက် ငြင်းလို့မရဘူးလေ]

[ယိနင်ခရိုင်က မိုင်ပေါင်း ထောင်နဲ့ချီ ဝေးတယ်။ ငါ့အတွက် သတင်းအချက်အလက်ရဲ့ ရင်းမြစ်ကို ရှင်းပြဖို့ ခက်ခဲပြီး လီချန်ရဲ့ လက်ထဲမှာ ရှိတဲ့ သက်သေအထောက်အထား တစ်ခုတည်းက အဲ့ဒီလူတွေကို လုံးလုံးလျားလျား ဖြုတ်ချဖို့ လုံလောက်တာထက် အများကြီး လိုသေးတယ်။ နင် ပေးတဲ့ အချက်အလက်တွေက ရှင်းလင်းပေမဲ့ ရင်းမြစ်မရှိဘဲနဲ့တော့ ဒါက မယုံကြည်နိုင်စရာပဲ]

Systemက ချက်ချင်း ပြန်ဖြေလိုက်၏။ [နင် ဒါကို တိုင်ကြားဖို့ ကွပ်ကဲရေးမှူးတစ်ယောက် ရှာလိုက်၊ ဒါမှမဟုတ် ယိနင်ခရိုင်မှာ စီးပွားရေးလုပ်ရင်း ကြားခဲ့တယ်လို့ ပြောလို့ရတယ်]

[ဖြစ်ချင်တော့ ငရုတ်သီးတွေက ယိနင်ခရိုင်မှာ ရှိနေတာ။ တောင်ပိုင်းက ငရုတ်သီးတွေကို အလှဆင် အပင်တွေအဖြစ် သတ်မှတ်ထားပေမဲ့ ယိနင်ခရိုင်က သူတို့ကို စားသုံးနေနှင့်ပြီ။ နင်က စီးပွားရေးလုပ်ဖို့ လူတွေ လွှတ်ထားတုန်း ကြားခဲ့တယ်လို့ ပြောလို့ရတယ်]

ချူဟွား: [နှစ်ခုလုံး လုပ်ကြတာပေါ့။ ငါ နောက်ကျရင် ကွပ်ကဲရေးမှူးတစ်ယောက်ဆီ သွားပြီး မတော်တဆ ဝင်တိုက်လိုက်မယ်]

ကွပ်ကဲရေးမှူးများ: ???

ကွပ်ကဲရေးမှူးများ: !!!

ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ဒီလောက် ကောင်းတဲ့ အရာမျိုး ရှိလို့လား။ ချူသခင်မလေးက သူတို့ စောင့်မျှော်နေတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် အမှန်ပဲ!

ချူဟွားတွင် system တစ်ခု ရှိပြီး ထိုအရာက သာ့ရှန်း၏ နည်းလမ်း မဟုတ်သည်မှာ သေချာလေသည်။ အရှင်မင်းကြီးနှင့် မှူးမတ်များသည် ထိုအရာကို သိရှိကြသော်လည်း မှတ်တမ်းတင်နိုင်ခြင်း မရှိပေ။

မဟုတ်လျှင် အနာဂတ် မျိုးဆက်များသည် ၎င်းကို ကြည့်ရှုပြီး သည်လိုသာ ထင်ကြပေတော့မည်။ System? ဘာ system လဲ။ သာ့ရှန်း အရှင်မင်းကြီးနဲ့ မှူးမတ်တွေက နောက်နေတာလား။ ဒီညီလာခံက အပေါ်ကနေ အောက်အထိ နည်းနည်းထူးဆန်းနေတဲ့ပုံပဲ။

…

All Chapters