အခန်း ၃၈
Vol. 3 Ch. 38
အပိုင်း (၃၈)
တော်ဝင်ဆေးပညာ အုပ်ချုပ်ရေးမှူး၏ 'တူတာက တူတာကို အားဖြစ်စေတယ်' ဟူသော ယုံကြည်ချက်သည် ညီလာခံတစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
အရှင်မင်းကြီးက ရယ်မောတော်မူတော့သည်။ "သူ တကယ်ပဲ ဘာတွေ တွေးနေပါလိမ့်”
ဦးနှောက်ကို အားဖြည့်ရန် ဦးနှောက်စားခြင်းက ကိစ္စမရှိပေ။ သို့သော် ၎င်းသည် အမှန်တကယ် ထိရောက်မှု ရှိမရှိကို သာမန်မျက်စိဖြင့် ပြောရန် ခက်ခဲလှသည်။ သို့သော် ခေါက်ဆွဲစားခြင်းက လူကို အရပ်ရှည်စေသည်တဲ့။ ဒါက လုံးဝကို ဟာသတစ်ခု မဟုတ်ပါလား။
နေဦး။ မြောက်ပိုင်းသားများသည် ခေါက်ဆွဲစားကြပြီး တောင်ပိုင်းသားများသည် ထမင်းစားကြသည်။ မြောက်ပိုင်းသားများသည် ယေဘုယျအားဖြင့် အရပ်ရှည်ကြပြီး တောင်ပိုင်းသားများကတော့ အတော်လေး အရပ်ပုကြသည်။
ခေါက်ဆွဲများများ စားခြင်းက တကယ်ပဲ လူကို အရပ်ရှည်စေနိုင်တာလား။
အရှင်မင်းကြီးသည် အတွေးနစ်သွားတော့၏။
ရုံတော်ကိစ္စများ ကိုင်တွယ်ပြီးနောက် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ထိုသို့သော အဓိပ္ပာယ်မဲ့လှသည့်အရာကို ယုံကြည်သည့်အတွက် တော်ဝင်ဆေးပညာ အုပ်ချုပ်ရေးမှူးကို ရယ်မောခဲ့ကြသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းကြားမှ အရပ်အမြင့် ကွာခြားချက်အကြောင်း ပြောမိကြသည်နှင့် သူတို့သည်လည်း အတွေးနစ်သွားကြပြန်သည်။
ချူဟွား ထိုအကြောင်းကို ကြားသောအခါ မယုံနိုင်အောင် ဖြစ်သွားတော့၏။
[အရပ်ရှည်ချင်တယ်ဆိုရင် ကယ်လ်စီယမ် ဖြည့်စွက်ရမယ်၊ နေရောင်ခြည် နည်းနည်း ခံရမယ်လေ။ ဘာလို့ ခေါက်ဆွဲ စားရမှာလဲ]
System သည်လည်းထိုကိစ္စကို ရယ်စရာကောင်းသည်ဟု ထင်မိခဲ့သည်။ မဟုတ်လျှင် သူသည် ချူဟွားကို ဖျော်ဖြေရန် သည်ဖရဲသီးကို ယူဆောင်လာမည် မဟုတ်ပေ။
[ကောင်းကောင်းစားတာက လူကို အရပ်ရှည်စေနိုင်တယ်ဆိုရင် ဒါက ကိစ္စမရှိဘူးလေ။ ပုံသဏ္ဌာန်ကို ဖြည့်စွက်ဖို့ ပုံသဏ္ဌာန်ကို အသုံးပြုရတဲ့ အကြောင်းပြချက်ကတော့ တကယ်ကို နည်းနည်း ရယ်စရာကောင်းနေပြီ]
ဤသို့ ပြောလိုက်သော်လည်း သူသည် ချူဟွားကို တခြားရှုထောင့်တစ်ခုမှ စဉ်းစားမိစေသည်။
[မြောက်ပိုင်းသားတွေရဲ့ အဓိက အစားအစာက ခေါက်ဆွဲပဲ။ ဆင်းရဲတဲ့ မိသားစုက ကလေးတွေက အခြေခံအားဖြင့် အလုပ်လုပ်ရတယ်။ ကောင်းကောင်းစားတာ၊ အလုပ်လုပ်တာ၊ နေရောင်ခြည် နည်းနည်း ခံတာတွေကလဲ ကယ်လ်စီယမ် စုပ်ယူမှုကို အားပေးနိုင်တာပဲ]
System: [...မမျှော်လင့်ဘဲ ချက်ကောင်းကို ထိသွားတာလား]
ချူဟွား: [နွားနို့နဲ့ ဆိတ်နို့လိုမျိုး ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာတွေကိုလဲ စားသုံးရဦးမှာ]
System: [အိုး၊ တော်ဝင်ဆေးပညာ အုပ်ချုပ်ရေးမှူး ကလေးဘဝတုန်းက သူ့အိမ်နီးချင်းက သိုးတွေ မွေးခဲ့တယ်။ ဆိတ်နို့က အနံ့ပြင်းပြီး လူတော်တော်များများ မကြိုက်ကြဘူး။ သူက ဒါကို လွှင့်ပစ်ရမှာ နှမြောစရာလို့ တွေးပြီး အများကြီး သောက်ခဲ့တယ်လေ]
[သူ့မှာ သားတွေ မြေးတွေ ရလာတဲ့အခါ သူက တော်ဝင်သမားတော်တွေ ဖြစ်လာတော့မဲ့သူပဲ။ ပိုကောင်းတဲ့ အခြေအနေတွေ၊ ပိုကောင်းတဲ့ အစားအစာတွေနဲ့ဆိုတော့ သူတို့အတွက် အရပ်ပုဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်နေပြီလေ]
ထိုနေ့မှစပြီး မြို့တော်တွင် ဆိတ်နို့နှင့် နွားနို့ လိုအပ်ချက်သည် အလွန် မြင့်တက်လာခဲ့သည်။ ဒိန်ခဲကဲ့သို့သော နို့ထွက်ပစ္စည်းများသည်ပင် ကောင်းစွာ ရောင်းချခဲ့ရသည်။
ရာသီဥတု ကောင်းမွန်သောအခါ အရာရှိများစွာ နေပူစာ လာလှုံကြသည်ကို မကြာခဏ တွေ့မြင်နိုင်သည်။ သူတို့၏ မိသားစုများမှ အမျိုးသမီးများသည်လည်း အရင်ကလို နေလောင်မည်ကို ကြောက်ရွံ့ခြင်း မရှိတော့ဘဲ နေပူစာ လာလှုံကြလေသည်။
တုံ့ပြန်မှုအနေဖြင့် ထိုဖရဲသီးကို စားသုံးခဲ့သော systemသည် လဲကျလုမတတ် ရယ်မောမိတော့သည်။
[ဒီလူတွေမှာ အရပ်မရှည်ရတဲ့အပေါ် ဒီလောက် နက်နဲတဲ့ မကျေနပ်ချက်တွေ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး!]
[အရှင်မင်းကြီးက အသက် ၄၂ နှစ်တောင် ရှိနေပြီ၊ သူ့အရိုးတွေကလဲ အစောကြီးကတည်းက ပုံသေ ဖြစ်နေပြီ။ သူ့အတွက် ထပ်ပြီး ရှည်လာဖို့ မဖြစ်နိုင်တော့ဘူး။ သူက မနက်တိုင်း ညတိုင်း နွားနို့ တစ်ခွက် သောက်နေခဲ့ပြီး နေထွက်လာတာနဲ့ နေပူစာ လာလှုံတော့တာပဲ။ ကြည့်ရတာ သူက နှစ်ရက် သုံးရက်အတွင်း တစ်စင်တီမီတာလောက် အရပ်ရှည်ချင်နေပုံပဲ]
[လူတွေက သူ အရပ်ရှည်ဖို့ နေ့တိုင်း နွားနို့ သောက်တယ်ဆိုတာ သိသွားမှာ၊ ပြီးတော့ သူ့အရပ်အမြင့်ကို အရမ်း စိုးရိမ်နေတယ်ဆိုတာ သိသွားမှာ ကြောက်လို့ သူက ချန်ကျို့ကို တခြားသူတွေကို ရှောင်ပြီး တိတ်တဆိတ် သွားယူခိုင်းခဲ့တယ်]
ချူဟွားသည်လည်း ရယ်မောရလွန်းသဖြင့် လူးလှိမ့်နေတော့သည်။ [ချန်ကျို့က အရှင်မင်းကြီးရဲ့ အနီးကပ်ကုန်းကုန်းလေ။ သူ ဘယ်နေရာကို သွားသွား အရှင်မင်းကြီးကို ကိုယ်စားပြုတာပဲ။ ဒါနဲ့ လူတိုင်းကို "ငါ အရပ်ရှည်ဖို့ နွားနို့ သောက်ချင်တယ်" လို့ တိုက်ရိုက် ပြောလိုက်တာနဲ့ ဘာများ ကွာခြားလို့လဲ]
Systemသည် ထူးဆန်းသော ဟားဟားဟား ရယ်သံကြီး ပြုလုပ်လိုက်သည်။ [တစ်ခေါက် သွားပြီးတဲ့နောက် အရှင်မင်းကြီးက ဒါ မသင့်တော်ဘူးလို့ ခံစားမိပြီး ချန်ကျို့ကို သွားတာ ရပ်ခိုင်းလိုက်တယ်။ အဲဒီအစား သူက နန်းစောင့်တပ်မှူးကို တိတ်တဆိတ် ထွက်ယူခိုင်းခဲ့တယ်လေ]
ချူဟွားသည် အသံထွက် ရယ်မောမိလုနီးပါး ဖြစ်သွားသည်။ [နန်းစောင့်တပ်မှူးရဲ့ စီးပွားရေး နယ်ပယ်က အရမ်း ကျယ်ပြန့်လွန်းတယ်! ရေမြွေတွေ မျှားတာ၊ နွားနို့ ခိုးတာ၊ ဒါတွေက ဘယ်လို ထူးဆန်းတဲ့ အလုပ်တာဝန်တွေလဲ ဟားဟားဟား!]
[ဟေး၊ နန်းစောင့်တပ်မှူးက ထောက်လှမ်းရေး အကြီးအကဲ၊ အနီးကပ် သက်တော်စောင့်၊ ပြီးတော့ အတွင်းရေးမှူး သီးသန့် မဟုတ်ဘူးလား။ သူက လစာ တစ်ခုတည်း ရပြီး အလုပ် သုံးခု လုပ်နေတာ။ အရင်းရှင်တွေက သူ့ကို မြင်ရင် ငိုကြတော့မှာပဲ]
System: [Grandet တောင်မှ သူ့လောက် ကပ်စေးမနှဲဘူး!]
(Grandet- Honore de Balzacရေးတဲ့ Eugenie Grandet ဝတ္ထုထဲက ဇာတ်လိုက် Eugeine Grandetရဲ့ အဖေ Felix Grandetကို ပြောတာပါ။ သူက အရမ်းချမ်းသာပေမဲ့ အရမ်းကပ်စေးနည်းပြီး သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို အမြတ်ထုတ်ချင်ခဲ့တဲ့သူ)
တော်ဝင်ဆေးပညာ အုပ်ချုပ်ရေးမှူးအကြောင်း အတင်းအဖျင်း ထွက်ပေါ်လာသည်နှင့် ထို တော်ဝင်သမားတော်များသည် ချူဟွားနောက်သို့ လိုက်ခြင်းကို ရပ်တန့်လိုက်ကြတော့သည်။
ဟုတ်ပါသည်။ အဓိက အကြောင်းရင်းမှာ တော်ဝင်ဆေးရုံသည် ချန်ဟွားကျွီ ဓာတ်ခွဲခန်းကို ပုံစံတူ နမူနာယူ၍ အလားတူ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ခဲ့ပြီး ထိုဓာတ်ခွဲခန်းကို လုပ်ငန်းလည်ပတ်နိုင်ပြီ ဖြစ်သောကြောင့်ပင်။
သူတို့၏ စမှတ်သည် ဂုဏ်သိက္ခာ ရယူရန်နှင့် သမိုင်းတွင် နာမည်တစ်ခု ချန်ထားခဲ့ရန် ဖြစ်စေ၊ သို့မဟုတ် ကြင်နာတတ်သော သမားတော်တစ်ဦး ဖြစ်ရန်နှင့် အသက်များကို ကယ်တင်ရန် ဖြစ်စေ၊ ပင်နီဆီလင် ပမာဏ အများအပြား ထုတ်လုပ်နိုင်သမျှ ကာလပတ်လုံး လူများ ပိုမို ကယ်တင်နိုင်လိမ့်မည်။ ဒါသည် ပြည်သူလူထုနှင့် သာ့ရှန်းအတွက် ကြီးမြတ်သော အရာတစ်ခုပင်။
ချူဟွား အဆိုပြုခဲ့သော စင်ကိုးနား ခရင်မ် အတွက်တော့ အရှင်မင်းကြီးသည် စုံစမ်းမေးမြန်းရန် တောင်ပိုင်းရှိ ကုန်သွယ်ရေး ဆိပ်ကမ်း အများအပြားသို့ လူများကို စေလွှတ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခြားသားများစွာ ထိုနေရာတွင် စုရုံးနေကြသည်။ သတင်း ဖြန့်ဝေထားသမျှ ကာလပတ်လုံး သည်တစ်ကြိမ်တွင် ထိုဆေးကို မရရှိနိုင်ခဲ့လျှင်ပင် နိုင်ငံခြားသားများ နောက်တစ်ကြိမ် သာ့ရှန်းသို့ ကုန်သွယ်မှု လာရောက်သောအခါ သူတို့ လိုအပ်သော စင်ကိုးနား ခရင်မ်ကို ယူဆောင်လာကောင်း ယူဆောင်လာပေမည်။
အမှန်တကယ်တွင် ချူဟွားသည် ငှက်ဖျားရောဂါကို ကုသနိုင်သော တခြားဆေးတစ်မျိုးကို သိရှိထားသည်။ အာတီမစ်စင်နင် ပင်။
အချောသတ် ပင်နီဆီလင်ကို အများအပြား ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။ ၎င်းကို အချိန်အကြာကြီး သိုလှောင်ရမည့်နည်းလမ်းနှင့် ဘေးကင်းစွာ သယ်ယူပို့ဆောင်ရမည်နည်းလမ်းကို မသိရှိရသေးပေ။ လက်ထဲတွင် အများကြီး ရှိနေချိန်တွင် အာတီမစ်စင်နင်ကို ရရှိလိုခြင်းသည် ရည်မှန်းချက် ကြီးလွန်းနေသည်။
ထို့အပြင် သူမ၏ မိခင်နိုင်ငံမှ အမျိုးသမီး ဆေးဝါးပညာရှင် တုယိုယို နိုဘယ်လ်ဆု ရရှိခဲ့သည်ကို ကြားသိရသောအခါ သူမသည် ထို ထိပ်သီးပုဂ္ဂိုလ်အကြောင်းနှင့် အာတီမစ်စင်နင်ကို အထူးတလည် မည်သို့ ထုတ်ယူရမည်ကို သွားရောက် ရှာဖွေခဲ့ဖူးသည်...။ သူမသည် သတင်းအချက်အလက် တချို့ ဖတ်ရှုခဲ့ဖူးသော်လည်း အချိန်များစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ သူမ၏ မှတ်ဉာဏ်သည် ဝေဝါးနေခဲ့သည်။ သူမသည် တော်ဝင်သမားတော်များကို သည်အတိုင်း သွားပြောလို့တော့ မဖြစ်နိုင်ပေ။
"အာတီမစ်စင်နင်ကလဲ ငှက်ဖျားရောဂါကို ကုသနိုင်တယ်၊ ဒါပေမဲ့ ကျွန်တော် ဒါကို ဘယ်လို ထုတ်ယူရမလဲ မသိဘူး။ ခင်ဗျားတို့ ကိုယ်တိုင် ကြိုးစားကြည့်လို့ ရမလား” ဟူ၍။
ချူဟွားသည် သူမတွင် စိတ်ကူးတချို့ ရလာသောအခါ တော်ဝင်သမားတော်များထံ မလွှဲပြောင်းမီ သူမကိုယ်တိုင် အရင်ဆုံး ကြိုးစားကြည့်ရန် စီစဉ်ထားခဲ့သည်။
ဤအကြောင်းကြောင့် လိမ္မော်ခွံများ ကာလ ပြီးနောက် ချန်ဟွားကျွီ၏ ဓာတ်ခွဲခန်းထဲတွင် အာတီမစ်စီယာ အန်နူအာ ပမာဏ အများအပြား စုပုံနေခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် system က သတင်းကောင်း ပေးပို့လာသည်။ [မမကြီးဟွား၊ လီဟယ်ရဲ့ ဘက်က ဖြေရှင်းပြီးသွားပြီ]
ချူဟွား၏ မျက်ခုံးများ ကွေးညွတ်သွားတော့သည်။ [ကောင်းလိုက်တာ]
ယိနင်ခရိုင်။
ထူးချွန်သော မြစ်ကြောင်းစီမံခန့်ခွဲမှု ပညာရှင်များ သတ်ဖြတ်ခံရမည်ကို စိုးရိမ်သဖြင့် အရှင်မင်းကြီးသည် ခရီးဝေး စီးနင်းတိုက်ခိုက်မှုများတွင် ကောင်းမွန်သော သွေးနှော ပေတိမြင်း တစ်သုတ်ကို နန်းစောင့်တပ်မှူးအား အထူးတလည် သုံးစွဲခွင့် ပေးခဲ့လေသည်။
နန်းစောင့်တပ်မှူး၏ ဒုတိယတပ်မှူး ဖေ့မင်ချန်သည် နန်းစောင့်တပ် တစ်စုကို ခေါ်ဆောင်ကာ နေ့ရောညပါ ပန်းတိုင်သို့ အမြန် သွားရောက်ခဲ့သည်။
တာတမံ တစ်ခုလုံးကို အရည်အသွေးနိမ့် သစ်သားနှင့် ကျောက်တုံးများဖြင့် ပြုလုပ်ထားခဲ့ပြီး လုဝေနှင့် လီဟယ်၏ မိသားစုအပေါ် ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် အရာကို လုပ်ဆောင်ခဲ့ကြသည်။ လီချန်သည် တရားမျှတမှု ရှာဖွေရန် မြို့တော်သို့ မသွားမီ၊ မည်သည့် သတင်းမျှ မြို့တော်သို့ မရောက်ရှိခဲ့ပေ။ ယိနင်ခရိုင် တည်ရှိရာ မြို့၊ ခရိုင်နှင့် ပြည်နယ်တို့မှ လူများစွာ ပါဝင်ပတ်သက်နေသည်ကို တွေ့မြင်နိုင်ပေသည်။
နန်းစောင့်တပ်မှူးသည် ဒေသခံ တပ်စခန်းကို စုစည်းရန် တော်ဝင်အမိန့်ပြန်တမ်းကို ယူဆောင်လာခဲ့ပြီး အမှုတွင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ လူများ၏ အိမ်ကြီးများကို ဝန်းရံလိုက်ကာ သက်သေအထောက်အထားများ ရှိရာ နေရာသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။ သက်သေ အထောက်အထားများ စုဆောင်းခြင်း၊ လူများ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် အိမ်ကို စီးနင်းရှာဖွေခြင်းတို့ ပြုလုပ်ခဲ့သည်။
အရှိန်သည် အလွန် မြန်ဆန်လွန်းသဖြင့် တပ်စခန်းမှူးသည် မှင်တက်သွားပြီး ကြောက်ရွံ့ရိုသေစွာ ရပ်နေမိသည်။ ကောလာဟလထဲမှာ လူတိုင်း ကြောက်ရွံ့နေရတဲ့ နန်းစောင့်တပ်မှူးက အရမ်း စွမ်းဆောင်နိုင်တာပဲ! နန်းစောင့်တပ်မှူးက အရမ်း ကြောက်စရာကောင်းတာပဲ!
စွမ်းဆောင်နိုင်သော နန်းစောင့်တပ်မှူး: "..." အပြစ်ရှိသလို ခံစားနေရသည်။
အမှန်တကယ်တွင် သူတို့သည် ထိုသို့သော ဂုဏ်သတင်းကောင်းကို ခံယူမည့်အစား ချဲ့ကားပြီး ရက်စက်ကြမ်းကြုတ်သော နာမည်ဆိုး တချို့ကို ခံယူလိုက်ချင်ကြသည်။ ဤကိစ္စများ၏ နောက်ကွယ်တွင် ချူဟွားနှင့် system ၏ ဂုဏ်သိက္ခာများ ရှိနေခဲ့သည်။ သတင်း၏ ရင်းမြစ်ကို ရှင်းပြရန် ခက်ခဲသောကြောင့်သာ ထိုကိစ္စက သူတို့အပေါ်သို့ ကျရောက်လာခဲ့ခြင်းပင်။
ထားလိုက်ပါတော့၊ လုပ်လို့ရရင် လုပ်လိုက်ရုံပဲ။ အလွန်ဆုံး သူတို့ ပို ကြိုးစားပြီး ဒီလို ဂုဏ်သတင်းကောင်းနဲ့ အမြန်ဆုံး ထိုက်တန်အောင် ကြိုးပမ်းနိုင်တာပေါ့။
သံသယရှိသူများကို ဖမ်းဆီးပြီး အခြေအနေကို ထိန်းချုပ်နိုင်ပြီးနောက် ဖေ့မင်ချန်သည် လီဟယ်ကို တွေ့ရန် ခရိုင်အကျဉ်းထောင်သို့ သွားရောက်ခဲ့သည်။
သူသည် လီဟယ်တစ်ယောက်တော့ ညှဉ်းပန်းနှိပ်စက် ခံထားရလွန်းသဖြင့် မှတ်မိနိုင်မည် မဟုတ်တော့ဘဲ သူ ရောက်လာသည်အထိ တောင့်ခံထားနိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ မမျှော်လင့်ဘဲ လီဟယ်၏ အခြေအနေသည် မျှော်လင့်ထားသည်ထက် ပိုကောင်းနေခဲ့လေသည်။ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ဖြူဖျော့နေသော်လည်း လမ်းလျှောက်နိုင်ဆဲပင်။
သူ ရောက်ရှိလာသည်နှင့် လီဟယ်သည် ခုခံကာကွယ်သည့်အနေဖြင့် နောက်ဆုတ်လိုက်သည်။ ဖေ့မင်ချန်သည် သူ့တံဆိပ်ကို လျင်မြန်စွာ ပြသလိုက်သည်။ "ကျွန်တော်က နန်းစောင့်တပ်ရဲ့ ဒုတိယတပ်မှူး ဖေ့မင်ချန်ပါ”
လီဟယ်သည် ခရိုင်ဝန်ငယ်လေး တစ်ဦးသာပင်။ သူသည် နန်းစောင့်တပ်မှူး၊ နန်းစောင့်တပ်မှူး တံဆိပ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သာ့ရှန်းတွင် ကြောက်ရွံ့ရသော နန်းစောင့်တပ်မှူးအဖြစ် ဟန်ဆောင်ရန် ဘယ်သူမှ လုပ်ရဲမည်မဟုတ်ဟု သူ ခံစားမိသော်လည်း သူသည် အမှန်တကယ်ပင် ကြောက်ရွံ့နေရန် တွန်းအားပေးခံနေရသည်။ ဤသည်မှာ ထိုလူများ ဖန်တီးလိုက်သော လှည့်ကွက်အသစ်တစ်ခု ဖြစ်မည်ကို စိုးရိမ်နေမိသဖြင့် သူသည် အခိုက်တန့် ပြန်ဖြေရန် မဝံ့ရဲခဲ့ပေ။
ဖေ့မင်ချန်: "ခင်ဗျားရဲ့သား လီချန်က သူ့အဖေအတွက် တရားမျှတမှု ရှာဖွေဖို့ မြို့တော်ကို အမြန် သွားခဲ့ပါတယ်။ အရှင်မင်းကြီးက ဒေါသတကြီး ဖြစ်သွားပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ သက်သေ အထောက်အထားတွေ ရရှိထားပြီးဖြစ်ပြီး အမှုမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ လူတွေကိုလဲ ဖမ်းဆီးထားပြီးပါပြီ။ တာဝန်လွှဲပြောင်းယူဖို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနနဲ့ ဝန်ထမ်းရေးရာဝန်ကြီးဌာနတို့က စေလွှတ်လိုက်တဲ့ ဝန်ထမ်းတွေက နောက်က လိုက်လာနေပါတယ်။ လူကြီးမင်းလီ ဘေးကင်းပါပြီ”
လီဟယ်သည် အနည်းငယ် ယုံကြည်သွားပြီး အရိုအသေ ပြုလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းဖေ့”
ဖေ့မင်ချန်သည် ထောင်မှူးကို သူ့အား လွှတ်ပေးရန် တောင်းဆိုလိုက်၏။ လီဟယ်သည် အချုပ်ခန်းထဲမှ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာကို မတော်တဆ ဆွဲမိသွားသည်။ ယိမ်းယိုင်ပြီး လဲကျတော့မည့်ဆဲဆဲတွင် တံခါးဖွင့်ပေးသော ထောင်မှူးက သူ့ကို တွဲပေးလိုက်ရသည်။
ဖေ့မင်ချန် နားလည်လိုက်လေသည်။ လီဟယ်သည် ရိုးသားသော အရာရှိတစ်ဦး ဖြစ်ပြီး သူ အကျဉ်းကျနေစဉ်အတွင်း ထောင်မှူး၏ ဂရုစိုက်မှုကို ခံခဲ့ရဖွယ် ရှိသည်။
လီဟယ်က ထောင်မှူးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ဖေ့မင်ချန်ကို မေးလိုက်၏။ "လူကြီးမင်းဖေ့၊ ကျွန်တော့်သားက တရားမျှတမှု ရှာဖွေဖို့ ဘယ်နေရာကို သွားခဲ့လဲ မသိဘူး။ သူ ဘေးကင်းရဲ့လား”
ဒါက သူ့သားသည် အာဏာအဆင့်ကို ကျော်လွန်၍ အသနားခံခဲ့သည့်အတွက် ကြိမ်ဒဏ် အချက်၄၀ ဖြင့် အရိုက်ခံရမည်ကို စိုးရိမ်နေသောကြောင့်ပင်။
ဖေ့မင်ချန်၏ အမူအရာသည် အနည်းငယ် ရှုပ်ထွေးလို့နေသည်။ "သူက မကျေနပ်မှုတွေကို ဖြေရှင်းပေးဖို့ မြို့တော်တစ်ခုလုံးမှာ အသင့်တော်ဆုံး လူကို ရှာတွေ့ခဲ့တယ်။ သူ အရိုက်မခံခဲ့ရပါဘူး။ ကုသမှု ပေးဖို့ လိုက်ပါလာတဲ့ တော်ဝင်သမားတော်တစ်ပါး ရှိပါတယ်”
အရှင်မင်းကြီးသည် သူ နောက်ဆုံးတွင် ရရှိခဲ့သော မြစ်ကြောင်းစီမံခန့်ခွဲမှု ပညာရှင်သည် လမ်းတစ်ဝက်တွင် သေဆုံးသွားမည်ကို ကြောက်ရွံ့သဖြင့် တော်ဝင်သမားတော်ကို လိုက်ပါရန်နှင့် နောက်ပိုင်းတွင် လီဟယ်ကို ကုသရန် အမိန့်ပေးခဲ့ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်စေခဲ့သည်။
လီဟယ်သည်လည်း နားမလည်နိုင်အောင် ဖြစ်သွားတော့၏။ သိထားသလောက် အသိပညာနှင့် အတွေ့အကြုံအရ သူသည် အဆင့်မြင့်သူထံ အသနားခံသည့်အတွက် အရိုက်ခံရခြင်းကို ရှောင်ရှားနိုင်ခဲ့သည့် အကြောင်းပြချက်ကို အမှန်တကယ် မစဉ်းစားနိုင်ခဲ့ပေ။ မကျေနပ်မှုတွေကို ဖြေရှင်းပေးဖို့ မြို့တော်တစ်ခုလုံးတွင် အသင့်တော်ဆုံး လူက ဘယ်သူလဲ။ အဲ့ဒီကလေးက မကျေနပ်မှုတွေကို ဖြေရှင်းဖို့ အရှင်မင်းကြီးဆီ တိုက်ရိုက် သွားရလောက်အောင် မဆင်မခြင် လုပ်မှာ မဟုတ်ဘူး မဟုတ်လား။
တော်ဝင်ရထားလုံးကို တားဆီးပြီး မကျေနပ်မှုတွေကို ဖြေရှင်းခိုင်းတာက အရှင်မင်းကြီးကို နှောင့်ယှက်ရာ ရောက်ပြီး ပိုပြီး ပြင်းပြင်းထန်ထန်ပဲ အရိုက်ခံရမှာ မဟုတ်ဘူးလား။ လက်ရှိ အရှင်မင်းကြီးက တော်ဝင်ရထားလုံးကို တားဆီးခဲ့တဲ့ တစ်ယောက်ယောက်ရဲ့ မကျေနပ်မှု ဖြေရှင်းချက်တွေကို နားထောင်လောက်အောင် စိတ်သဘောထား ပွင့်လင်းလို့လား။ တကယ်လို့ ဒါက လုပ်ကြံသတ်ဖြတ်ဖို့ ဒီနာမည်ခံကို အသုံးပြုခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဆိုရင် ဘယ်လိုလုပ်မလဲ။
ဖေ့မင်ချန်: "ကံကြမ္မာကို တွက်ချက်နိုင်တဲ့ နတ်ဘုရားလို လူတစ်ယောက်ပေါ့။ ခင်ဗျားရဲ့သား ပြန်လာတဲ့အခါ သူ့ကို အသေးစိတ် မေးလို့ရပါတယ်”
ဘာပဲဖြစ်ဖြစ်၊ သူ ဆက်ပြီး လုပ်ကြံဖန်တီးလို့ မရတော့ဘူးလေ။
လီဟယ်သည် ပိုလို့ပင် ရှုပ်ထွေးသွားလေသည်။ ကံကြမ္မာကို တွက်ချက်နိုင်တဲ့ ဘုရားလို လူတွေက လိမ်လည်လှည့်ဖြားသူတွေပဲ မဟုတ်ဘူးလား။ မြို့တော်က လူတွေက လိမ်လည်လှည့်ဖြားသူတွေကို ယုံကြည်ကြလို့လား။ နန်းစောင့်တပ်မှူးက သူတို့ကို မဖော်ထုတ်ခဲ့ဘူးလား။
ဒါက သူ ယိနင်ခရိုင်မှာ ခြောက်နှစ်ကြာ နေထိုင်ခဲ့ပြီး အချိန်အကြာကြီး ရာထူးမတိုးနိုင်ခဲ့တဲ့ အကြောင်းရင်း ဖြစ်နိုင်မလား။
လီဟယ်သည် တွေးလေလေ၊ ပိုပြီး လမ်းလွဲလာလေလေပင်။
စစ်တပ်ကြီး ယိနင်ခရိုင်သို့ ရောက်ရှိလာချိန်တွင် နန်းစောင့်တပ်မှူးသည် ဖမ်းဆီးသင့်သူများ၊ သတ်ဖြတ်သင့်သူများကို ဖမ်းဆီး သတ်ဖြတ်ပြီး ဖြစ်နေခဲ့သည်။ သူတို့သည် သူတို့၏ အလုပ်ကို ပြီးမြောက်လုနီးပါး ဖြစ်နေခဲ့သည်။
တရားရေးဝန်ကြီးဌာနသည် အမှုများကို စစ်ဆေး စီရင်ခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် စာရင်းများကို စစ်ဆေး ဖြေရှင်းခဲ့သည်။ အလုပ်သမားဝန်ကြီးဌာနသည် တာတမံအသစ်များ တည်ဆောက်ရေးကို စစ်ဆေးကြီးကြပ်ခဲ့ပြီး၊ မြို့တော်မှ ယာယီ ပြောင်းရွှေ့လာသော အရာရှိတစ်စုသည် အလွန် အရေးတကြီးဖြင့် သူတို့၏ ရာထူးများကို တာဝန်ယူခဲ့ကြလေသည်။
သူတို့၏ ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ယိနင်ခရိုင်သည် တည်ငြိမ်နေခဲ့ပြီး အကျင့်ပျက်ခြစားသော အရာရှိများစွာ ဖမ်းဆီးခံရခြင်းကြောင့် ထိခိုက်မှု မရှိခဲ့ပေ။
တစ်ခုတည်းသော သက်ရောက်မှုမှာ အပြုသဘောဆောင်နေ၏။ ပြည်သူလူထုသည် အကျင့်ပျက်ခြစားသော အရာရှိများကို ဖမ်းဆီးခြင်းအတွက် လက်ခုပ်တီး အားပေးခဲ့ကြသည်။ နေရာတိုင်းတွင် သူတို့ကို ချီးကျူးထောမနာ ပြုသံများအပြင် ကြက်ဥများနှင့် အရံဟင်းလျာများ ပေးပို့ခြင်းများလည်း ရှိခဲ့သည်။ ဒါက သည်လူများကို ခေါင်းမော့၊ လေနှင့်အတူ လမ်းလျှောက်စေပြီး အလွန် ကြိုးစား အလုပ်လုပ်စေခဲ့သည်။
တော်ဝင်သမားတော်သည် ခရိုင်အစိုးရရုံးသို့ ရောက်ရှိပြီးနောက် နေမကောင်းဖြစ်နေပြီး ရုံတော်ကိစ္စများ ကိုင်တွယ်နေသော လီဟယ်၏ သွေးခုန်နှုန်းကို အရင်ဆုံး စမ်းသပ်ခဲ့သည်။ ထို့နောက် သူသည် ဆေး သွားယူခဲ့ပြီး အချိန်အကြာကြီး ခွဲခွာပြီးနောက် ပြန်လည်ဆုံဆည်းခဲ့ကြသော သားအဖနှစ်ဦးကို သီးသန့်နေရာ ပေးထားလိုက်သည်။
လီချန်သည် ဒူးထောက်လိုက်ပြီး သူ၏အဖေကို သုံးကြိမ်တိုင်တိုင် ဦးချကာ ရှိုက်ငိုလျက် ပြောလိုက်၏။
"အဖေ၊ သားက သားမိုက်တစ်ယောက်ပါ။ သား အဖေ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး”
လီဟယ်သည် သူ၏သားကို ထူပေးလိုက်ပြီး "ဒီကိစ္စဖြစ်သွားပြီးတဲ့နောက်မှာ မင်း ကြီးပြင်းလာခဲ့ပြီပဲ”
"ဟုတ်ကဲ့” လီချန်၏ မျက်လုံးများ နီရဲလို့နေသည်။ နောင်တရပြီး ကြောက်ရွံ့လျက် "ခရိုင်၊ စီရင်စု နဲ့ ပြည်နယ်တွေမှာ သူတို့ဘက်က လူတွေ ရှိနေလိမ့်မယ်လို့ သား မမျှော်လင့်ထားခဲ့ဘူး။ ဒါက အဖေ့ဘဝကို ဖျက်ဆီးလုနီးပါး ဖြစ်သွားစေခဲ့တဲ့ သားရဲ့ မဆင်မခြင်နိုင်မှုပဲ”
"ဒါတွေအားလုံး ပြီးသွားပါပြီ” လီဟယ်သည် သူ၏သား သူ့ကိုယ်သူ အလွန်အကျွံ အပြစ်တင်မည်ကို မလိုလားသဖြင့် သူ အချိန်အကြာကြီး စိုးရိမ်နေခဲ့သော အကြောင်းအရာတစ်ခုကို ရှာဖွေလိုက်သည်။
"လူကြီးမင်းဖေ့က မင်း မကျေနပ်မှုတွေကို ဖြေရှင်းပေးဖို့ အသင့်တော်ဆုံး လူတစ်ယောက်ကို ရှာဖို့ မြို့တော်ကို သွားခဲ့တယ်လို့ ပြောတယ်။ ကံကြမ္မာကို တွက်ချက်နိုင်တဲ့ နတ်ဘုရားလို လူတစ်ယောက်တဲ့။ အဲ့ဒါ ဘယ်သူလဲ”
လီချန်သည် သူ၏ မျက်ရည်များကို ထိန်းထားလိုက်သည်။
မကျေနပ်မှုများကို ဖြေရှင်းပေးရန် အသင့်တော်ဆုံး လူ ဆိုသည်မှာ မှန်ကန်သည်။ ချူဟွား မဟုတ်ဘဲ တခြားသူ တစ်ယောက်ယောက်ကို သွားရောက်ရှာဖွေခဲ့လျှင် သူသည် အရိုက်ခံရမည် ဖြစ်သော်လည်း ကံကြမ္မာများကို တွက်ချက်နိုင်ခြင်း...။ အင်း။ ဒါသည် system ၏ တည်ရှိမှုကို ဖုံးကွယ်ရန် သခင်လေးဖေ့ အသုံးပြုခဲ့သော ဆင်ခြေ ဖြစ်လိမ့်မည်။
မထွက်ခွာမီ နန်းစောင့်တပ်မှူးတစ်ဦး သူထံ လာရောက်ခဲ့ပြီး ချူဟွားနှင့် ပတ်သက်သည့် ကိစ္စကို လျှို့ဝှက်ထားရန် သူ့အား ပြောကြားခဲ့သည်။
သူ ထိုအကြောင်း စဉ်းစားလိုက်ပြီး သူ၏အဖေကို ပြောပြလို့ ရနိုင်မလားဟု မေးမြန်းခဲ့သည်။ နန်းစောင့်တပ်မှူးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ရသည်ဟု ပြောလိုက်ရာ သူသည် ညွှန်ကြားချက် ရရှိထားသည်မှာ ထင်ရှားလေသည်။
လီချန်လည်း လမ်းတစ်လျှောက်မှ သူ၏ အတွေ့အကြုံများကို ရွေးထုတ်လိုက်ပြီး သူ့အဖေ စိတ်ပူပန်မည်ကို ရှောင်ရှားရန် အသက်အန္တရာယ်ရှိသော အပိုင်းများကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်သွားခဲ့သည်။ သူသည် ချူချင်းနှင့် ချူဟွားတို့နှင့် တွေ့ဆုံခဲ့ခြင်းအပြင် ချူဟွား၏ မှော်ဆန်သော စွမ်းရည်ကို အလေးပေး ပြောပြခဲ့လေသည်။
နားထောင်ပြီးနောက် လီဟယ်တစ်ယောက်ကတော့ 'ငါ ဘယ်သူလဲ။ ငါ ဘယ်မှာလဲ။ ငါ အိပ်မက် မက်နေတာလား။' ဟူသော မိန်းမောတွေဝေနေသည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။
သူ၏သားနှင့် ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ထိုအခြေအနေက အမှန်တကယ် ဖြစ်ကြောင်း လက်ခံခဲ့ရသည်။ "နန်းစောင့်တပ်မှူးက ကောင်းကောင်း ပြင်ဆင်ထားပုံရပြီး လူတိုင်းကို တစ်ညတည်း ဖမ်းဆီးသွားခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး”
သူသည် အရှင်မင်းကြီးက နေရာတိုင်းတွင် နန်းစောင့်တပ်မှူးများ ထားရှိသည်ဟု ထင်မှတ်ခဲ့သည်။ အဖြစ်အပျက် ဖြစ်ပွားခါစက အရှင်မင်းကြီး အဘယ်ကြောင့်များ ထိုလူများကို မဖြေရှင်းခဲ့သနည်းဟု ရှုပ်ထွေးမိသော်လည်း သူသည် ဖေ့မင်ချန်ကို တိုက်ရိုက် မမေးမြန်းခဲ့ပေ။ အမှန်တရားက သည်လို ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သည်လိုနှင့် ကျိုးကြောင်းမဆီလျော်သော အပိုင်းကို ရှင်းပြနိုင်ခဲ့လေသည်။ ကိစ္စက အရှင်မင်းကြီးသည် အချိန်မီ မဖြေရှင်းခဲ့ခြင်း မဟုတ်ဘဲ ထိုအကြောင်းကို ယခုမှသာ သိရှိခဲ့ခြင်း ဖြစ်သည်။
လီချန်က ဆက်ပြောလိုက်၏။ "အရှင်မင်းကြီးက အဖေ့ကို ကျန်းမာရေး ဂရုစိုက်ပြီး တာတမံကို ဆက်လက် ပြုပြင်ဖို့ ပြောလိုက်ပါတယ်။ ဒီတစ်ခါ ဘဏ္ဍာတိုက်မှာ ငွေ ရှိပါတယ်”
သည်အကြောင်းကို ပြောမိသောအခါ လီဟယ်သည် ပိုလို့ပင် ရှုပ်ထွေးသွားတော့သည်။ သူ့အမူအရာသည် မိန်းမောတွေဝေနေပြီး သူ့အသံက လွှင့်မျောလို့နေသည်။ "သာ့ရှန်း တည်ထောင်လာခဲ့တာ နှစ် ၁၂၇ နှစ် ရှိပြီ၊ ဘဏ္ဍာတိုက်မှာ နောက်ဆုံးတော့ ငွေ ရှိသွားပြီလား”
သူ တကယ်ပဲ ထောင်ထဲမှာ နှစ်လပဲ နေခဲ့ရတာလား၊ နှစ်နှစ် ဒါမှမဟုတ် အနှစ် နှစ်ဆယ် မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် အများကြီး ပြောင်းလဲသွားရတာလဲ။
လီချန်: "အင်း၊ သခင်မလေးချူက သူ့အစ်ကိုကိုယ်စား အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို သွားခဲ့တယ်လေ”
လီဟယ်: "..."
အကယ်၍သာ သူမက သူမအစ်ကိုအတွက် ညီလာခံ မတက်ခဲ့ဘူးဆိုရင် ချူဟွားက အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးနိုင်ပြီး ဘဏ္ဍာတိုက်ကို ဖြည့်တင်းနိုင်တာကို မြင်လို့ အရှင်မင်းကြီးက သူမကို ယောက်ျားတစ်ယောက်လို ဝတ်စားဆင်ယင်ခိုင်းခဲ့တယ်လို့ သံသယဝင်မိမှာပဲ။
ထားလိုက်ပါတော့၊ ငွေက ဘယ်က လာလာ၊ တာတမံကို ပြုပြင်ဖို့ ငွေ ရှိနေတာနဲ့တင် လုံလောက်ပါပြီ။
အရှင်မင်းကြီးအတွက်တော့... အတွင်းသတင်းကို ဒီလောက် ကောင်းကောင်း သိခွင့်ပေးတာ၊ သူက သူတို့ကိုလဲ ချူဟွားကို ထောက်ပံ့စေချင်နေတာများလား။
system ရဲ့ မှော်ဆန်မှုနဲ့ စွမ်းအားတွေနဲ့ဆိုရင်၊ ချူဟွားက ညီလာခံမှာ အရာရှိတစ်ဦး ဖြစ်လာမှသာ သာ့ရှန်းနဲ့ ပြည်သူတွေက အကြီးမားဆုံး အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ။
အကယ်၍ အမျိုးသမီးတစ်ယောက်က အရာရှိ ဖြစ်လာရင် စိုးရိမ်ပူပန်ကြမဲ့ လူတွေ အများကြီး ရှိလာမှာ၊ ပြီးတော့ ခုခံမှုတွေလဲ အများကြီး ရှိလာမှာကို စိုးရိမ်မိတယ်။
လီဟယ်သည် သူ့သား လက်ကို ပုတ်လိုက်ပြီး "ချူမောင်နှမက ငါတို့အသက်ကို ကယ်တင်ခဲ့တယ်။ မင်းနဲ့ငါ သူတို့ရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ တာတမံတစ်ခု တည်ဆောက်ရမယ်”
လီချန်တွင် အတွေးသစ်တစ်ခု ဝင်လာခဲ့၏။ "ခန္ဓာကိုယ်နဲ့လဲ ပြန်ဆပ်လို့ ရတာပဲ”
လီဟယ်သည် ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် သူ၏ မေးရိုး ပြုတ်ကျလုနီးပါး ဖြစ်သွားတော့သည်။
သူ့အဖေကို ခေါင်းကိုက်စေခဲ့တဲ့ သူ့ရဲ့ ခေါင်းမာတဲ့သားက မြို့တော်ကို ရက်အနည်းငယ် သွားရုံလေး... ဘယ်လိုလုပ်ပြီး အဲ့ဒီ ဆိုးဆေးပုံးကြီးထဲမှာ ဒီလို အစွန်းအထင်းတွေ စွန်းထင်းလာနိုင်ရတာလဲ။
မြို့တော်က အရမ်း ကြောက်စရာကောင်းတာပဲ။
...