အခန်း ၄၂
Vol. 3 Ch. 42
အပိုင်း (၄၂)
အတွေးဆုံးသွားသည်နှင့် ကျားယီနှင့် တခြားသူများသည် အတန်းလိုက် ပုံစံမှ စက်ဝိုင်းပုံစံသို့ ပြောင်းလဲလိုက်ပြီး အိပ်မက်ဆိုး မက်စေနိုင်သည့် မြင်ကွင်းများကို မမြင်စေရန် ချူဟွားကို အလယ်တွင် ဝိုင်းရံထားလိုက်ကြသည်။
သူမက နောက်ထပ် ကြည့်မိပြီး သူတို့ကို မခေါ်ဘဲ နောက်လှည့်ကာ ထွက်ပြေးသွားမှာ စိုးရိမ်ခြင်းကြောင့်ပင်။ ဖြောင့်ဖြူးသော လမ်းအတိုင်း ဆက်သွားရာ လူအုပ်ကြီးသည် သင်္ချိုင်းဖောက်ထွင်းသူများ၏ အလောင်းများ၊ ပြန့်ကျဲနေသော လက်နက်များနှင့် ခိုးယူထားသော်လည်း အပြင်မရောက်လိုက်သည့် ရွှေငွေ လက်ဝတ်ရတနာ အချို့ကို တွေ့မြင်လိုက်ရသည်။
System: [အဝင်ဝမှာ ကျောက် ပီရှူး အရုပ်နှစ်ရုပ် ရှိတယ်။ ဘယ်ဘက် ပီရှူးရဲ့ ပါးစပ်ထဲ လက်ထည့်ပြီး တံခါးဖွင့်ဖို့ ဖိချလိုက်]
[ညာဘက်က ဟာနဲ့ မဖွင့်နဲ့နော်။ မဟုတ်ရင် ဝင်ပြီးပြီးချင်း မကြာခင်မှာ နဂါးဖြတ်ကျောက်တုံး ကျလာလိမ့်မယ်။ သင်္ချိုင်းဖောက်ထွင်းသူ အများကြီး ဒီနေရာမှာ သေခဲ့ကြတယ်]
ချူဟွားက မှတ်သားထားလိုက်သည်။ "ယန္တရား ရှာကြရအောင်"
"ဟုတ်ကဲ့"
တခြားသူများက ဓားများဖြင့် လိုက်လံ ခေါက်နေစဉ် ချူဟွားသည် ပီရှူးကို ထိလိုက်ပြီး ယန္တရားကို ဖိချလိုက်သည်။
နောက်ပိုင်း ကြုံတွေ့ရသော ယန္တရားများစွာကိုလည်း သည်နည်းအတိုင်း လုပ်ဆောင်ခဲ့လေသည်။
System: [ဒီအပိုင်းမှာ နံရံကပ်ပြီး လျှောက်ရမယ်၊ မဟုတ်ရင် မြားနဲ့ ပစ်ခံရလိမ့်မယ်။ ဒီအပိုင်းမှာ အကွက်ကျော်ရမယ်။ အကွက်မှား နင်းမိရင် ထောင်ချောက် ရှိတယ်။ ဒီအပိုင်းမှာ ခါးကို ကုန်းထားရမယ်။ အပေါ်မှာ အပြင်ထွက်လာပြီး ပစ်မဲ့ လှံရှည်တွေ ရှိတယ်...]
ထူးဆန်းသော အဆင့် ၁၈ ဆင့်ကို ဖြတ်ကျော်ပြီးနောက် ချူဟွားသည် နောက်ဆုံးတွင် အဓိက သင်္ချိုင်းခန်းမသို့ ရောက်ရှိသွားပြီး ဆက်မလျှောက်နိုင်တော့ပေ။
"ငါ မရတော့ဘူး၊ ခဏလောက် ပေးအနားယူဦး"
အဓိက သင်္ချိုင်းခန်းမကို အလွန် ကျယ်ဝန်းပြီး ခမ်းနားစွာ တည်ဆောက်ထားသည်။ အလယ်တွင် ကျောက်စိမ်း ခေါင်းတလား နှစ်လုံး ရှိနေသည်။ ကျောက်စိမ်းက ကြည်လင်နေပြီး အတွင်းမှ အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော အလောင်းနှစ်လောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
ကျောက်စိမ်း ခေါင်းတလားရှေ့တွင် အမျိုးသားဝတ် လီနင်အင်္ကျီ ဝတ်ဆင်ထားသော ဒူးထောက်နေသည့် အရိုးစုတစ်ခု ရှိနေသည်။ သင်္ချိုင်းပိတ်ချိန်တွင် အဖော်အဖြစ် မြှုပ်နှံရန် ထည့်သွင်းထားသည်ဟု သံသယ ရှိရသည်။
အရိုးစုက ပေါ့ပါးလွန်းပြီး မြို့တော်တွင် တစ်ခါတစ်ရံ လှုပ်ခတ်တတ်သော ငလျင်ကြောင့် လဲကျသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကောင်းဖြစ်မည်။ ၎င်းကို သစ်သားဘောင်ဖြင့် ထောက်ထားသည်။
သည်အရိုးစုသည် သေချာပေါက် သင်္ချိုင်းဖောက်ထွင်းသူ မဟုတ်ပေ။ ဖောက်ထွင်းဝင်ရောက်လာသော သင်္ချိုင်းဖောက်ထွင်းသူ အများစုသည် ယခင် အဆင့် ၁၈ ဆင့်တွင် သေဆုံးခဲ့ကြသည်။ နောက်ပိုင်း ရောက်လေလေ နည်းလေလေ ဖြစ်ပြီး ဘယ်သူကမှ အဓိက သင်္ချိုင်းခန်းမသို့ မဝင်ရောက်နိုင်ခဲ့ကြပေ။
ချူဟွားသည် လှေကားထစ်များပေါ်တွင် ထိုင်လိုက်သည်။ "ငါ ဒီမှာပဲ နားလိုက်မယ်"
"ဟုတ်ကဲ့" ကျားယီနှင့် တခြားသူများ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ကျားယီက ချူဟွားကို ကာကွယ်ရန် ကျန်ရစ်ခဲ့ပြီး တခြားသူများက အခြေအနေကို စစ်ဆေးရန် တခြား သင်္ချိုင်းဂူများသို့ သွားရောက်လိုက်ကြသည်။
System: [မမကြီးဟွား၊ ဒီအရိုးစုကို နင် စိတ်မဝင်စားဘူးလား]
ချူဟွား ပြန်ဖြေလိုက်သောအခါ သူမ၏ အသံက မောဟိုက်လို့နေ၏။ [ပြောပါ၊ ဘာဖရဲသီးလဲ]
သင်္ချိုင်းဂူကို စစ်ဆေးနေသူများ: ???
တိတ်တဆိတ် နောက်က လိုက်နေကြသူများ: !!!
သူတို့ အခုထိ ဖရဲသီးစားလို့ ရနေတုန်းလား။ ဒါက အရမ်း မိုက်လွန်းတယ်!
စိတ်လှုပ်ရှားနေကြပြီး ဘယ်လို ဖရဲသီးမျိုးပါလိမ့်။ အရသာ ရှိမရှိ တွေးနေကြသည်။
Systemက ရယ်မောလိုက်သည်။ [အရင်မင်းဆက်က ပျက်သုဉ်းသွားပေမဲ့ သူ့ရွှေခေတ် ရှိခဲ့ဖူးတယ်။ ဒီသင်္ချိုင်းပိုင်ရှင်က အရင်မင်းဆက်ရဲ့ အစည်ကားဆုံး ကာလက မင်းကြီးဖြစ်တဲ့ ကျင်းဝမ်မင်းကြီးနဲ့ သူ့ရဲ့ အချစ်ဆုံး သမီးငယ် အန်းလဲ့မင်းသမီးပဲ]
ချူဟွား: [ငွေရှာတာ ဝါသနာပါတယ်ဆိုတဲ့ အန်းလဲ့မင်းသမီးလား]
System: [ဟုတ်တယ်၊ သူက ငွေရှာတာ အရမ်းတော်တယ်။ သူ သေပြီးရင် သူ့သင်္ချိုင်းဂူ ဖောက်ထွင်းခံရမှာ စိုးရိမ်လို့ နေရာအနှံ့မှာ သင်္ချိုင်းဂူအတုတွေ အများကြီး ဆောက်ခဲ့တာ။ ဒါပေမဲ့ ငါ နင်နဲ့အတူ ရှာတွေ့ခဲ့တာကတော့ အစစ်ပဲ၊ မဟုတ်ရင် ဘယ်လိုလုပ် အရင်မင်းဆက်ရဲ့ ရတနာလို့ ခေါ်လို့ရမှာလဲ]
ချူဟွား: [ဘယ်လောက် များလဲ]
System: [ကျင်းဝမ် အင်ပါယာ ဘဏ္ဍာတိုက်ရဲ့ နှစ်ဆ ရှိပြီး လက်ရှိ ဘဏ္ဍာတိုက်ရဲ့ လေးဆထက် နည်းနည်း ပိုတယ်]
ချူဟွား သက်ပြင်း မချဘဲ မနေနိုင်တော့ပေ။ [ကျွတ် ကျွတ်၊ နှိုင်းယှဉ်ချက်က တကယ် သနားစရာပဲ]
လူတိုင်း: "..."
စကားဝိုင်းကို မှတ်တမ်းတင်နေသော နန်းစောင့်တပ်သားသည် ရှုံ့မဲ့သွားသည့်ရုပ် ဖြစ်သွားတော့သည်။ ဒါကို ချရေးလို့ ဖြစ်ပါ့မလား။ အရှင်မင်းကြီး မြင်ပြီးရင် သေချာပေါက် ဒေါသထွက်တော့မှာ။
System က ရယ်မောလိုက်သည်။ [ဟားဟား၊ ဒီသနားစရာကောင်အကြောင်း မပြောတော့ဘူး]
ချူဟွား: [ဒါက အန်းလဲ့မင်းသမီးနဲ့ သူ့ခင်ပွန်းရဲ့ သင်္ချိုင်းဂူလား]
System က တွန့်ဆုတ်သွားသည်။ [အင်း... အဲဒီသဘောမျိုးပါပဲ]
[အန်းလဲ့မင်းသမီးက ငွေရှာတာ ဝါသနာပါတဲ့ ထက်မြက်တဲ့ အမျိုးသမီးလေ။ သူ့မှာ ခိုင်မာတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး သူ့ထက် သာတဲ့ ယောက်ျားတွေကို မကြိုက်ဘူး။ ဒါကြောင့် သူက တစ်နှစ်တုန်းက ဆင်းရဲတဲ့ မိသားစုက လာတဲ့ တတိယအဆင့် ပညာရှင်တစ်ယောက်ကို ရွေးချယ်ခဲ့တယ်။ သူက ရုပ်ရည်ချောမောတယ်၊ အားနည်းတယ်၊ မိသားစု နောက်ခံ မရှိဘူး၊ ထိန်းချုပ်ရ လွယ်ကူတယ်၊ ပြီးတော့ သူ့ကို ဘာလုပ်ပါ ညာလုပ်ပါလို့ ပြောမှာ မဟုတ်ဘူးလေ]
[မင်းသမီးက မေးလိုက်တယ် "ရှင် အိမ်ထောင်ရှိလား" တတိယအဆင့် ပညာရှင်က ပြန်ဖြေတယ် "မရှိပါဘူး" မင်းသမီးက တတိယအဆင့် ပညာရှင်ရဲ့ ဇာတိကို လူလွှတ်ပြီး မေးခိုင်းလိုက်တော့ သူ အိမ်ထောင်မပြုရသေးတာ သိလိုက်ရတယ်။ ဒါကြောင့် သူက စိတ်ချလက်ချနဲ့ တတိယအဆင့် ပညာရှင်ကို သူ့ခင်ပွန်းအဖြစ် ရွေးချယ်ခဲ့တာ]
ချူဟွားတစ်ယောက် အနည်းငယ် နားမလည် ဖြစ်သွားသည်။
အစပိုင်းမှာတော့ ချန်ရှစ်မေ့လိုလို။ ဒါပေမဲ့ သူက တတိယအဆင့် ပညာရှင် ဖြစ်ပြီး ဇနီးမရှိ၊ ကလေးမရှိဆိုတော့ ဒီလို ဖြစ်ဟန် မတူဘူး။
ချန်ရှစ်မေ့ - တရုတ်ပြဇာတ် ဇာတ်ကောင်တစ်ခု။ နှလုံးသားမဲ့ သစ္စာမဲ့တဲ့ ယောက်ျားလို့ ဥပမာပေးကြတဲ့သူ။
System: [လက်ထပ်ပြီး ခုနစ်နှစ် ကြာပြီးနောက် တစ်နေ့မှာ အန်းလဲ့မင်းသမီးက ခင်ပွန်းသည် လျှို့ဝှက်ပြီး မရိုးမသား ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ သူက လူလွှတ်ပြီး နောက်ယောင်ခံ လိုက်ခိုင်းပြီး စုံစမ်းခိုင်းလိုက်တယ်။ ခင်ပွန်းသည်က အမျိုးသမီးတစ်ယောက်ကို မကြာခဏ သွားတွေ့တတ်တာကို တွေ့ရှိခဲ့ရတယ်]
[မင်းသမီးက သူ့ခင်ပွန်းရဲ့ မယားငယ်လို့ ထင်ပြီး အဲဒီအမျိုးသမီးကို စားသောက်ဆိုင်ဆီ ဖိတ်ခေါ်လိုက်တယ်။ ခင်ပွန်းသည်ကို စွဲလမ်းသွားအောင် အမျိုးသမီးက ဘယ်လောက် လှပလဲဆိုတာ သူ သိချင်ခဲ့ပေမဲ့ သာမန် ရိုးအတဲ့အမျိုးသမီးလေး ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး]
[မင်းသမီးက မေးလိုက်တယ် "နင်က ဖူးကျွင်းရဲ့ မယားငယ်လား"၊ အမျိုးသမီးက ပြုံးပြီး ပြောတယ် "မဟုတ်ပါဘူး"။ မင်းသမီးက ထပ်မေးတယ်။ "သူက နင့်ကို နှောင့်ယှက်နေတာလား"၊ အမျိုးသမီးက တွန့်ဆုတ်နေပြီး ပြန်ဖြေလိုက်တယ် "ဟုတ်ပါတယ်"]
ချူဟွား: [ခုနစ်နှစ်တာ ယားယံခြင်းပဲဟဲ့၊ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုလား]
ခုနှစ်နှစ်တာ ယားယံခြင်း - မတည်ငြိမ် ကျေနပ်မှုမရှိတဲ့ ဆက်ဆံရေးအပေါ် ခံစားချက်
ဖရဲသီး စားနေသူတိုင်း: ???
ခုနစ်နှစ်တာ ယားယံခြင်းက ဘာကို ဆိုလိုတာလဲ။ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုက ဘာကို ဆိုလိုတာလဲ။ ဒီလူတစ်ယောက်နဲ့ system တစ်ခုရဲ့ စကားလုံးတွေကို နားလည်ရ တော်တော် ခက်တာပဲ။
[မဟုတ်ဘူး] system က ပြောလိုက်သည်။ [မင်းသမီးရဲ့ ထပ်ခါတလဲလဲ မေးမြန်းမှုအောက်မှာ အမျိုးသမီးက အတိတ်က အကြောင်းအရာ အားလုံးကို ပြောပြလိုက်ရတယ်။ တကယ်တော့ သူက ခင်ပွန်းသည်ရဲ့ မိဘတွေက ဝယ်ပေးထားတဲ့ ကလေးသတို့သမီးလောင်း ဖြစ်နေတာ]
[အမျိုးသမီးက ရိုးသားတဲ့ မိသားစုက သမီးပျိုလေးပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ရေကြီးမှုတွေ၊ ကပ်ရောဂါတွေ ကြုံတွေ့ခဲ့ရတယ်။ သူ့မိသားစု ဒုက္ခရောက်ခဲ့တယ်၊ ဆွေမျိုးတွေ သေဆုံးကုန်တယ်၊ သူလည်း သေခါနီး ဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခဲ့ရတာ]
[မိသားစုက ခင်ပွန်းသည်ရဲ့ နန်းတွင်းစာမေးပွဲ ဖြေဖို့အတွက် ထောက်ပံ့ရတာ အရမ်း ဆင်းရဲတယ်။ ငယ်ရွယ်ပေမဲ့ အမျိုးသမီးက မိသားစုကို နေရာတိုင်းမှာ ကူညီပေးခဲ့တယ်။ မိုးမလင်းခင် အစာသွားရောင်းတယ်၊ အိမ်ကို အတွင်းရော အပြင်ပါ သန့်ရှင်းရေး လုပ်တယ်။ သူ ရှာလို့ရတဲ့ ငွေအားလုံးက ခင်ပွန်းသည်ရဲ့ ပညာရေးနဲ့ ခင်ပွန်းသည်ရဲ့ မိဘတွေအတွက်ပဲ။ သူက နှစ်အတော်ကြာအောင် ကိုယ့်အတွက် အဝတ်အစားအသစ် တစ်စုံတောင် မဝယ်ခဲ့ဖူးဘူး]
ချူဟွားက နောက်ဆက်တွဲကို ခန့်မှန်းမိလုနီးပါး ဖြစ်သွားလေသည်။ စိတ်အားထက်သန်တဲ့ အမျိုးသမီးနဲ့ အသည်းနှလုံး မရှိတဲ့ အမျိုးသား ဇာတ်လမ်းက တွေ့ရများတဲ့ပုံစံပါပဲ။
[အသည်းနှလုံး မရှိတဲ့ကောင်! ထွီ!]
လူတိုင်း ဒေါသထွက်သွားကြသည်။ ထွီ!
သူတို့ထဲက အများစုက အိမ်ထောင်တောင် မပြုရသေးတဲ့ လူပျိုကြီးတွေလေ။ ဒီသမက်တော်က ဗိုက်ဝနေတဲ့အချိန်မှာ ဆာလောင်မှု ဆိုတာ ဘာလဲ မသိဘူး။ ဒီလောက်ကောင်းတဲ့ အမျိုးသမီး နှစ်ယောက်ကို သူ့အဖော်အဖြစ် ရထားတာကို တန်ဖိုးထားရကောင်းမှန်း မသိဘူး!
ဘယ်လောက် ယုတ်မာလိုက်သလဲ!
System: [သမက်တော်က နန်းတွင်းစာမေးပွဲမှာ တတိယ ရခဲ့တယ်။ မင်းသမီးက သမက်တော်ရဲ့ ဇာတိကို လူလွှတ်ပြီး မေးမြန်းခဲ့ပေမဲ့ အဲဒီကို သွားတဲ့လူက သူက မင်းသမီးရဲ့ မျက်နှာသာပေးမှုကို ခံရပြီး သမက်တော် ဖြစ်လာတော့မယ်ဆိုတာ ကြိုပြောလိုက်တယ်။ သမက်တော်ရဲ့ မိဘတွေက ကလေးသတို့သမီးလောင်း အကြောင်း ဘယ်လိုလုပ် ပြောရဲမှာလဲ]
[ရွာထဲက လူတွေကလည်း သမက်တော်ဆိုတာ ဆွေတော်မျိုးတော်ပဲလို့ ထင်ကြတာ။ အရှင်မင်းကြီးနဲ့ မင်းသမီးက သူ့ကို ကာကွယ်ပေးထားရင် သူက သာမန် တတိယအဆင့် ပညာရှင် ဖြစ်တာထက် ပိုကောင်းတဲ့ အနာဂတ် ရှိမှာပေါ့။ လူတိုင်းက သတင်းကို ဖုံးကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်]
[အမျိုးသမီးရဲ့ ဆွေမျိုးတွေ သေကုန်ပြီ၊ သူ့ဘက်က ရပ်တည်ပေးမဲ့သူ ဘယ်သူမှ မရှိဘူး။ သူ တစ်ယောက်တည်း ဘာလုပ်နိုင်မှာလဲ။ သမက်တော်ရဲ့ မိဘတွေက သူ့ကို သနားပြီး ငွေအများကြီး ပေးပြီး သူ့ကို ပြန်လွှတ်ပေးလိုက်တယ်]
ချူဟွား: "..." ဒါက ဒုက္ခကို မျှဝေခံစားပေမဲ့ စည်းစိမ်ကိုတော့ မျှဝေမခံစားတဲ့ စံပြ ဥပမာပဲ။
System: [အဲဒီငွေပမာဏက တော်တော် များတယ်။ အမျိုးသမီးက အိမ်တစ်လုံး ငှားပြီး သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့ သမားတော်တစ်ယောက် ငှားလိုက်တယ်။ ဖြည်းဖြည်းချင်း သူ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်က သက်သာလာတယ်၊ ကြမ်းတမ်းတဲ့ လက်တွေက ချောမွေ့လာတယ်၊ သူ ပန်းထိုးတာကို စလုပ်ခဲ့တယ်]
[အမျိုးသမီးရဲ့ အမေက ပန်းထိုးပညာရှင်တစ်ယောက် ဖြစ်ပြီး သူကိုယ်တိုင်လည်း ဒီဘက်မှာ ပါရမီ ရှိတယ်။ အရင်တုန်းက သူ့မှာ အချိန်မရှိခဲ့လို့ပါ။ သူ့ရဲ့ ပန်းထိုးလက်ရာက ဖြည်းဖြည်းချင်း နာမည်ကြီးလာတယ်။ ခုနစ်နှစ်အတွင်းမှာ သူက မြို့တော်မှာ ကိုယ်ပိုင်လုပ်ငန်း ရှိလာခဲ့တယ်။ နောက်ပိုင်းမှာ သမက်တော်က သူ့ကို တွေ့သွားတယ်]
ချူဟွား: [...တကယ်လို့ သမက်တော်က သူ့ကို မနှောင့်ယှက်ဘူးဆိုရင် ကိုယ့်လမ်းကိုယ် လျှောက်ကြတာပဲ ဖြစ်မှာပေါ့]
System က မဲ့ပြုံးပြုံးလိုက်သည်။ [ဘယ်လိုလုပ်ပြီး ကိုယ့်လမ်းကိုယ် လျှောက်လို့ ရမှာလဲ။ သမက်တော် မထွက်သွားခင်တုန်းက အမျိုးသမီးက အနာဂတ်မှာ သူ့ဇနီး ဖြစ်လာမယ်လို့ ထင်ပြီး သူတို့ လက်မထပ်ခင်မှာ အတူ အိပ်ခဲ့ကြတယ်လေ]
[အမျိုးသမီးက တခြားယောက်ျား ရှာတွေ့သွားမှာကို သူ စိုးရိမ်တာကြောင့် နည်းလမ်းပေါင်းစုံနဲ့ နှောင့်ယှက်ခဲ့တယ်။ အမျိုးသမီးက မြို့တော်မှာ တစ်ယောက်တည်း လုပ်ငန်းပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သူ ထင်ပြီး ပန်းထိုးလုပ်ငန်း လုပ်တဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်လို့ ထင်ခဲ့တာ]
[အမျိုးသမီးက ငြင်းခဲ့တယ်။ သမက်တော်ကတော့ သူ ကွာရှင်းထားတာ ဒါမှမဟုတ် မုဆိုးမပဲ ဖြစ်မယ်၊ အမျိုးသမီးရဲ့ အရည်အချင်း သက်သက် မဖြစ်နိုင်ဘူးလို့ပဲ မှတ်နေတာ။ မင်းသမီးလောက် စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတာကိုက များနေပြီလို့ သူ ခံစားရတယ်လေ။ ဒုတိယတစ်ယောက် မရှိနိုင်ဘူးတဲ့။ ဒါ့အပြင် သူတို့အားလုံးက သူ့မိန်းမတွေပဲလေ]
ချူဟွားမှာ ပျို့အန်ချင်သွားတော့သည်။ [delulu လူယုတ်မာရဲ့ အနံ့ဆိုးကြီးက ငါ့ဆီ လှိုင်ထွက်လာတာပဲ]
လူတိုင်း: "..." သူတို့ နားမလည်နိုင်တဲ့ နောက်ထပ် စကားလုံးတစ်လုံး၊ သူတို့အတွက် ဖရဲသီးစားရတာ တော်တော် ခက်ခဲတာပဲ!
System ၏ လေသံသည် စိတ်လှုပ်ရှားလာသည်။ [အဲဒါထက်တောင် ပိုသေးတယ်]
[သူက အရမ်း နှောင့်ယှက်လွန်းလို့ အမျိုးသမီးက တကယ့်ကို ဒုက္ခရောက်နေခဲ့တာ။ သူက အမှန်တရားကို ပြောပြပြီး စီးပွားရေးလုပ်ဖို့ မြို့တော်ကို ရောက်လာတာပါလို့ ကျိန်ဆိုခဲ့တယ်။ တကယ်လို့ မင်းသမီးက စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ ခံစားရရင် သူ ချက်ချင်း ထွက်သွားပါ့မယ်၊ ဘဝတစ်လျှောက်လုံး မြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ပါဘူးတဲ့]
[မင်းသမီးက ယုံကြည်ခဲ့တယ်။ တကယ်လို့ အမျိုးသမီးက သူ့အိမ်ထောင်ရေးကို ဖျက်ဆီးချင်ရင် လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက ပေါ်လာမှာပေါ့။ သူ လူလွှတ်ပြီး မေးမြန်းတုန်းကတည်းက အမှန်တရားကို ပြောလို့ ရနေတာပဲ။ ခုနစ်နှစ်ကြာတဲ့အထိ စောင့်နေစရာ မလိုဘူးလေ]
ချူဟွားက ဖျံတစ်ကောင်လို လက်ခုပ်တီးချင်သွားသည်။ [အဲဒီလို ဖြစ်သင့်တာပေါ့]
[လောကကြီးမှာ ယောက်ျားတွေ အများကြီး ရှိတာပဲ။ ဒီတစ်ယောက် မကောင်းရင် နှုတ်ဆက်လိုက်ပေါ့။ နောက်တစ်ယောက်က ပိုကောင်းလာမှာ၊ ဘာလို့ ပုပ်သိုးနေတဲ့ ဂေါ်ဖီထုပ်ကို ဖက်တွယ်ထားမှာလဲ]
လူတိုင်း: "..." တချို့က ချူဟွား၏ မှတ်ချက်ကြောင့် တုန်လှုပ်သွားကြသည်။
ထားလိုက်ပါတော့၊ ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ။ ဖရဲသီးစားဖို့ပဲ အာရုံစိုက်ကြစို့။
System: [မင်းသမီးက အမျိုးသမီးကို မောင်းမထုတ်ခဲ့ဘူး၊ အမျိုးသမီးရဲ့ အတွေ့အကြုံကြောင့် သူ့ကို ရင်းနှီးတဲ့ မိတ်ဆွေအဖြစ် သတ်မှတ်ခဲ့တယ်။ နှစ်ယောက်လုံးက အမျိုးသမီးတွေ ဖြစ်ပြီး စီးပွားရေး လုပ်တာကို ဝါသနာပါကြတော့ သူတို့မှာ တူညီတဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်]
[ကလေးအတွက်လို့ ဆိုပြီး မင်းသမီးက သမက်တော်ကို အပန်းဖြေအိမ်တော်ဆီ မောင်းထုတ်လိုက်တယ်၊ မင်းသမီးရဲ့ အိမ်တော်မှာ ပေးမနေတော့ဘူး။ အဲဒီအစား အမျိုးသမီးကို မင်းသမီးရဲ့ အိမ်တော်ထဲ ဖိတ်ခေါ်ပြီး ပစ္စည်းကောင်းတွေ အားလုံးကို အမျိုးသမီးရဲ့ ခြံဝင်းထဲ ပို့ပေးခဲ့တယ်။ တစ်ခါတလေ ညဉ့်နက်တဲ့အထိ စကားပြောပြီးရင် သူတို့နှစ်ယောက် အတူတူ အိပ်လေ့ရှိတယ်]
[သမက်တော်က တစ်ခုခု မှားနေတယ်လို့ ခံစားရပြီး တစ်နေ့ မင်းသမီး မရှိတဲ့အချိန်မှာ မင်းသမီးရဲ့ အိမ်တော်ဆီ အပြေးအလွှား ရောက်လာခဲ့တာပေါ့။ သူက အမျိုးသမီးကို ဆေးခတ်တယ်၊ အဝတ်အစားတွေကို ချွတ်ပြီး လိင်ဆက်ဆံထားတဲ့ လက္ခဏာ ရှိမရှိ စစ်ဆေးခဲ့တယ်]
ချူဟွား: ???
ခေါင်းသေးသေးလေးမှာ မေးခွန်းထုတ်စရာ အကြီးကြီး ဖြစ်သွားသည်။ [မင်းသမီးနဲ့ အမျိုးသမီးက လိင်တူ ဆက်ဆံရေး ရှိနေတယ်လို့ သူက ထင်တာလား]
System: [ဟုတ်တယ်]
ချူဟွား၏ ဒေါသသည် ကျိန်ဆဲမှုပေါင်းများစွာဖြင့် ပေါက်ကွဲထွက်လာတော့သည်။
[ယောက်ျားနှစ်ယောက်က ညဘက် ဖယောင်းတိုင်မီးနဲ့ စကားပြောလို့ရတယ်၊ ခြေထောက်ချင်း ထိပြီး အိပ်လို့ရတယ်၊ ဖြူစင်တဲ့ သူငယ်ချင်း သံယောဇဉ် ရှိလို့ရတယ်။ ဘာလို့ အမျိုးသမီးနှစ်ယောက်ကျတော့ မရရမှာလဲ]
[ညစ်ပတ်တဲ့လူတွေက အရာအားလုံးကို ညစ်ပတ်တယ်လို့ မြင်ကြတာ။ တောက်၊ ငါ ဒေါသထွက်လွန်းလို့ အခိုးတွေ ထွက်နေပြီ။ သောက် လူယုတ်မာကောင်!]
[စိတ်မဆိုးပါနဲ့၊ စိတ်မဆိုးပါနဲ့။ သမက်တော်ရဲ့ ဝဋ်ကြွေးက မကြာခင် လာတော့မှာ] System က ချူဟွားကို နှစ်သိမ့်လိုက်လေသည်။ ချူဟွား ဒေါသထွက်နေသေးမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် အဆုံးသတ်လိုက်သည်။ [အရေးကြီးတဲ့ အချိန်မှာ မင်းသမီးက အပြေးအလွှား ပြန်ရောက်လာခဲ့တယ်]
[မင်းသမီးက လူလွှတ်ပြီး သမက်တော်ကို ရိုက်နှက်ပြီး ထင်းတဲထဲ ပစ်ထည့်ထားလိုက်တယ်။ ပြီးတော့ အမျိုးသမီးကို ကုသဖို့ တော်ဝင်သမားတော်ကို ဖိတ်ခေါ်ခဲ့တယ်။ ရလဒ်အနေနဲ့ တော်ဝင်သမားတော်က ဆေးက ကိစ္စမရှိပေမဲ့ အမျိုးသမီးရဲ့ ကျန်းမာရေးက ထိခိုက်ထားပြီး ဒီဘဝမှာ မိခင် မဖြစ်နိုင်တော့ဘူးလို့ ပြောလိုက်တယ်]
[မင်းသမီးက တုန်လှုပ်ပြီး ဒေါသထွက်သွားတယ်၊ အမျိုးသမီးက ကြေကွဲစရာ တစ်ခုခု ကြုံတွေ့ခဲ့ရတယ်လို့ ထင်လိုက်တယ်။ ဒါနဲ့ သူ ဒေါသထွက်တိုင်း သမက်တော်ကို ရိုက်နှက်တော့တာပဲ။ သမက်တော် သေလုနီးပါး အရိုက်ခံနေရတာကို မြင်တော့ အမျိုးသမီးက ရွေးချယ်စရာ မရှိဘဲ အမှန်တရားကို ပြောပြလိုက်ရတယ်]
[တကယ်တော့ သမက်တော် နန်းတွင်းစာမေးပွဲဖြေဖို့ မြို့တော်ကို မထွက်ခင်ညမှာ အမျိုးသမီးက ကိုယ်ဝန် ရခဲ့တာ။ နောက်ပိုင်း မင်းသမီးက လူလွှတ်ပြီး မေးမြန်းတဲ့အခါ သမက်တော်ရဲ့ မိဘတွေက သူ့ကို မောင်းထုတ်လိုက်လို့ အိမ်ခြေရာမဲ့ ဖြစ်သွားခဲ့တယ်။ တစ်ကိုယ်ရေ အမျိုးသမီးအနေနဲ့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ခက်ခဲတာကြောင့် ဆေးဆိုင်သွားပြီး ကိုယ်ဝန်ဖျက်ဆေး သွားယူခဲ့တယ်။ အဲဒီမှာ မတော်တဆမှု ဖြစ်ခဲ့တာ]
[မင်းသမီးက ဒေါသအကြီးအကျယ် ထွက်သွားတာပေါ့။ အဲဒီနောက်ပိုင်း သမက်တော်က ရာထူးက မဖယ်ရှားခံရပေမဲ့ သူ့ရဲ့ အရာရှိ ရာထူးနဲ့ ငွေကြေးတွေ ဆုံးရှုံးသွားခဲ့တယ်။ သူက မင်းသမီးရဲ့ အိမ်တော်မှာ ခြေဆေးပေးရတဲ့ အစေခံ ဖြစ်သွားခဲ့တယ်။ သူ သေပြီးတဲ့နောက် မင်းသမီးရဲ့ သင်္ချိုင်းဂူမှာ မြှုပ်နှံခံခဲ့ရပေမဲ့ ဒူးထောက်နေတဲ့ အရိုးစု ဖြစ်နေတာလေ]
ဟင်။ ချူဟွား အနည်းငယ် ကြောင်သွားပြီး ခေါင်းကို လှည့်ကာ ကျောက်စိမ်း ခေါင်းတလား နှစ်လုံးကို ကြည့်လိုက်သည်။ ဒီမှာ ရှင်းရှင်းလင်းလင်း နှစ်လုံး ရှိနေတာပဲ။
ရုတ်တရက် ဉာဏ်ပွင့်သွားသည်။ [ခေါင်းတလားထဲမှာ မင်းသမီးနဲ့ အမျိုးသမီး ပါတာလား]
System: [ဟုတ်တယ်၊ သူတို့နှစ်ယောက်က ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီအစ်မတွေ ဖြစ်သွားကြတယ်။ သူတို့က အတူတူ မမွေးဖွားနိုင်ပေမဲ့ အတူတူ သေဆုံးနိုင်ကြတယ်လေ။ ညီအစ်မကောင်းတွေအဖြစ် ဆက်ရှိနေဖို့ မြေအောက်ကမ္ဘာကို အတူတူ သွားကြတာ]
[အမျိုးသမီးက အရင်ဆုံး သေဆုံးခဲ့တယ်။ မင်းသမီးက သမက်တော်ကို ဒူးထောက်ပြီး သေဖို့ အမိန့်ပေးခဲ့တယ်၊ သေပြီးနောက် သူတို့အတွက် ခေါင်းတလားကို စောင့်ရှောက်ဖို့ သမက်တော်ကို အဲဒီမှာ ဒူးထောက်ခိုင်းထားတာ။ သူက မြေအောက်ကမ္ဘာမှာ အဆင့်နိမ့် ခြေဆေးပေးတဲ့ အစေခံပဲ ဖြစ်နိုင်တော့မယ်]
ချူဟွား သက်ပြင်းချလိုက်သည်။ [ခံစားရတာ ကောင်းလိုက်တာ] သူမက ထပြီး လမ်းလျှောက်သယောင် ဟန်ဆောင်ကာ အရိုးစုဆီ လျှောက်သွားပြီး တိတ်တဆိတ် ကန်လိုက်သည်။
[အင်း၊ ခံစားရတာ ပိုတောင် ကောင်းသေးတယ်]
လူတိုင်း: "..." သေသူကို မလေးစားရာ ရောက်ပြီး မမှန်ကန်သော်လည်း သမက်တော်၏ လုပ်ရပ်များက အမှန်ပင် ရှက်စရာကောင်းလှသည်။
သူက ကလေးသတို့သမီးလောင်း ဖြစ်နေပြီးသားပဲ၊ လက်ထပ်ပြီးမှ အိပ်လို့ မရဘူးလား။
သူ့ အနာဂတ် ဇနီးသည် ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အိပ်ခဲ့ပြီးမှ ဘယ်လိုလုပ် အိမ်ထောင်မရှိဘူးလို့ ပြောနိုင်ရတာလဲ။ အဲဒီနှစ်တွေမှာ ပင်ပန်းခဲ့သမျှက အလကား ဖြစ်ကုန်တာလား။
ခုနစ်နှစ် ကုန်ဆုံးသွားပြီ။ သူမက သူ့ဘဝသူ ပျော်ရွှင်စွာ နေထိုင်ပြီး သူ့ကို မနှောင့်ယှက်ခဲ့ဘူး။ ဘာလို့ သူက လိုက်နှောင့်ယှက်နေရတာလဲ။ ပြီးတော့ အဲဒီလို ယုတ်မာတဲ့ သံသယမျိုး ဖြစ်ရတာလဲ။
ဖြတ်သွားတဲ့ လူတိုင်းက သင်္ချိုင်းပိုင်ရှင်နှစ်ဦးရဲ့ ဒေါသကို ဖြေဖျောက်ဖို့ သမက်တော်ရဲ့ အရိုးစုကို ဝင်ကန်ရတော့မယ်။
ချူဟွားသည် သင်္ချိုင်းဂူထဲက မထွက်ခွာမီ နောက်လှည့်ကြည့်လိုက်သည်တွင် သမက်တော်က ပြားပြားဝပ် လဲကျနေပြီးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
အင်း၊ ပြားပြားဝပ် လဲကျနေတာ ကောင်းတယ်။ ပြန်ထမလာနဲ့တော့။
….