← Chapters

အခန်း ၄၃

Vol. 3 Ch. 43

အခန်း ၄၃

Vol. 3 Ch. 43

အပိုင်း (၄၃)

ဂူသင်္ချိုင်းထဲတွင် ကြာမြင့်စွာ နေထိုင်ခဲ့ရသောကြောင့် ဖြစ်မည်။ ဂူပေါက်ဝမှ ထွက်လာပြီး အပြင်ဘက်မှ စူးရှသော နေရောင်ခြည်ကို မြင်လိုက်ရသောအခါ ချူဟွားသည် အမှောင်ထုလွှမ်းမိုးသော မြေအောက်ကမ္ဘာမှ အလင်းရောင်ရှိသော လူ့လောကသို့ ပြန်လည်ရောက်ရှိလာသလို ခံစားလိုက်ရပြီး နေရာမှ မရွေ့ဘဲ အချိန်အတော်ကြာ ရပ်နေမိလေသည်။

ကျားယီသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အလိုလို သိလိုက်ပြီး ရှေ့သို့ အလျင်အမြန် တိုးလာကာ "လူကြီးမင်းချူ နေထိုင်မကောင်း ဖြစ်နေတာလား"

ချူဟွားက အမှန်အတိုင်း ပြောပြလိုက်၏။ "နည်းနည်း မူးနေတာ၊ ကိစ္စမရှိပါဘူး၊ ခဏလောက် နားလိုက်ရင် သက်သာသွားမှာပါ"

"ကျွန်တော်မျိုး ရိုင်းပျမိပါပြီ" ဟုဆိုကာ ကျားယီသည် ဂရုတစိုက်ဖြင့် ရှေ့တိုးလာပြီး ချူဟွား၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်လေသည်။ အချိန်အတော်ကြာမှ ပြောလာ၏။ "ဂူသင်္ချိုင်းထဲမှာ ယင်ဓာတ်က အရမ်းများနေလို့ပါ၊ လူကြီးမင်းချူ နေရောင်အောက်မှာ များများ နေပေးပါ"

ချူဟွားတွင် တခြားအားသာချက် မရှိသော်လည်း ဆရာဝန်စကားကို နားထောင်တတ်သူ ဖြစ်ရာ သင့်တော်သော နေရာတစ်ခုကို ရှာဖွေပြီး နေစာလှုံလိုက်တော့သည်။

System: [မမကြီးဟွား၊ နင် ဒီလမ်းတစ်လျှောက် ဘာမှ သိပ်မစားခဲ့ရဘူး၊ သွေးတွင်းသကြားဓာတ် နည်းနေလို့ ခေါင်းမူးပြီး အားနည်းနေတာ၊ လိုရင်း ပြောရရင် ဗိုက်ဆာနေတာ]

စကားသံ ဆုံးသည်နှင့် ကျားယီသည် ယူဆောင်လာသော အထုပ်ထဲမှ မုန့်များ၊ သကြားလုံးများ၊ အသားခြောက်များနှင့် စောစောကတည်းက ဖျော်ထားသော ပျားရည်တို့ကို ထုတ်ယူလိုက်၏။ ပြင်ဆင်မှုမှာ အလွန် ပြည့်စုံလှပေသည်။

"လူကြီးမင်းချူ ဗိုက်နည်းနည်း ဖြည့်လိုက်ပါဦး"

"ကျေးဇူးပါပဲ" ချူဟွားသည် အလုပ်ရှုပ်နေချိန်တွင် ဗိုက်ဆာသည်ကို မကြာခဏ သတိမထားမိတတ်ပေ။ အနားယူလိုက်မှသာ ဗိုက်ဆာလွန်း၍ အားအင်ကုန်ခမ်းနေမှန်း သိလိုက်ရလေသည်။ ဒါက ယခင်ဘဝ သုတေသန လုပ်ငန်းများ လုပ်ကိုင်စဉ်ကတည်းက ပါလာသော အကျင့်ဖြစ်ပြီး ဒီဘက်ခေတ်ထိ ပါလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ချူဟွားသည် ထိုနေရာတွင် ထိုင်ကာ ဖြည်းဖြည်းချင်း စားသောက်နေပြီး ကျားယီ၊ ချိုက်ကန်းနှင့် "လုပ်ဖော်ကိုင်ဖက်များ အကြောင်းကြားချက်" ဟူသော ခေါင်းစဉ်ဖြင့် ရောက်ရှိလာသူများက ပုရွက်ဆိတ်များသဖွယ် ရတနာများကို အပေါ်အောက် တက်လိုက်ဆင်းလိုက် သယ်ယူပို့ဆောင်နေကြသည်ကို ကြည့်ရှုနေလိုက်သည်။

"ဘဏ္ဍာရေးဝန်ကြီးသာ ဒါတွေကို မြင်သွားရင် စိတ်လှုပ်ရှားလွန်းလို့ မူးလဲသွားမလားမသိဘူး"

[ဒါက နိုင်ငံတော်ဘဏ္ဍာတိုက် ၄ ခုထက်တောင် ပိုများနေတာ၊ ဘဏ္ဍာရေးဝန်ကြီးက အရှင်မင်းကြီးနဲ့ လုမှာ သေချာတယ်]

လူတိုင်းက အသံတိတ် ခေါင်းညိတ်လိုက်ကြသည်။ ဒါက ဖြစ်ကို ဖြစ်ရမဲ့ကိစ္စလေ။

ချူဟွား၏ စကားသည် နိမိတ်ဖတ်သလို မှန်ကန်သွားခဲ့လေသည်။ ထိုနေ့တွင်ပင် ဘဏ္ဍာရေးဝန်ကြီးသည် အရှင်မင်းကြီး၏ တဲသို့ ရောက်ရှိလာပြီး နည်းလမ်းပေါင်းစုံဖြင့် ဆင်းရဲကြောင်း ညည်းတွားလေတော့သည်။ ဝန်ကြီးတချို့နှင့် စစ်သူကြီးများကိုလည်း အဖော်အဖြစ် ခေါ်ဆောင်လာခဲ့သေးသည်။

"အရှင်မင်းကြီး၊ နိုင်ငံတော်ဘဏ္ဍာတိုက်က ဆင်းရဲပါတယ်"

အရှင်မင်းကြီးသည် မျက်နှာသေဖြင့် "မကြာသေးခင်ကမှ မောင်မင်းက နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေရှိတယ်လို့ ပြောခဲ့တာလေ"

ဘဏ္ဍာရေးဝန်ကြီးက တုန်လှုပ်သွားခြင်း မရှိဘဲ မျက်နှာထားမပျက် ပြောလိုက်သည်။ "ငွေ နည်းနည်းရှိတုန်းမှာပဲ ကြယ်တာရာကြည့်တဲ့ မျှော်စင်ဆောက်ဖို့ ထုတ်ပေးလိုက်ရပါတယ်"

အသက် ၅၀ ကျော်နေပြီဖြစ်သော အလုပ်သမားဝန်ကြီးမှာ သွေးအန်လုမတတ် ဖြစ်သွားရသည်။ ကြယ်တာရာကြည့်တဲ့ မျှော်စင်က ခင်ဗျားကို ဘာလုပ်မိလို့လဲ။ ဒါကိုပဲ ထပ်ခါထပ်ခါ ဆွဲထုတ်ပြီး ရိုက်နှက်နေတော့တာပဲ။

ဆောက်မယ်လို့ ပြောတုန်းက ခင်ဗျားတို့အားလုံး သဘောတူခဲ့ကြပြီးတော့ အခု ငွေမရှိတော့ဘူး ဆိုတော့မှ အလုပ်သမားဝန်ကြီးဌာနရဲ့ အပြစ် ဖြစ်ရောလား။

မြစ်ကိုတောင် ကူးလို့မပြီးသေးဘူး တံတားကို ဖျက်တော့မလို့လား။ လွန်လွန်းတယ်၊ အရမ်း လွန်လွန်းတယ်။ အလုပ်သမားဝန်ကြီးမှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် လေပေါ်သို့ လွင့်ပျံတက်မတတ် ဖြစ်နေလေပြီ။

ဘဏ္ဍာရေးဝန်ကြီးသည် အာရုံစိုက်ကာ ဆင်းရဲကြောင်း ဆက်ပြီး ညည်းတွားနေတော့သည်။

"ယိနင်စီရင်စုက အကျင့်ပျက်ခြစားမှု အကြီးစားကြီးက သာ့ရှန်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ နောက်နှစ်တွေမှာ နှစ်တိုင်းပြိုကျပြီး နှစ်တိုင်း ပြန်ဆောက်နေရတာမျိုးကို ရှောင်ရှားဖို့အတွက် နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေလေး နည်းနည်းရှိတုန်း အရည်အသွေးကောင်းတဲ့ ရေကာတာတစ်ခု တည်ဆောက်ဖို့ ငွေအမြောက်အမြား ထုတ်ပေးလိုက်ရပါတယ်"

လေပေါ်သို့ လွင့်ပျံတက်နေသော အလုပ်သမားဝန်ကြီး၏ မုတ်ဆိတ်မွေးများ တိတ်တဆိတ် ပြန်ကျသွားပြီး ဒေါသလည်း မထွက်ရဲတော့ပေ။

ရေကာတာ နှစ်တိုင်းပြိုကျပြီး နှစ်တိုင်းပြန်ဆောက်နေရသည့် ကိစ္စမှာ မကြာသေးမီ နှစ်များအတွင်း ရေကြီးရေလျှံမှု များပြားခြင်းနှင့် အကျင့်ပျက်ခြစားမှုများကြောင့် ဖြစ်သော်လည်း လက်သမားဆရာများ၏ အပိုင်းကဏ္ဍတချို့လည်း ပါဝင်နေသည်မှာ အမှန်ပင်ဖြစ်ရာ သူ ငြင်းဆန်လို့ မရနိုင်ပေ။

ဘဏ္ဍာရေးဝန်ကြီးက ဆင်းရဲကြောင်း ဆက်ပြီး ညည်းတွားနေပြန်သည်။ "လွန်ခဲ့တဲ့ တစ်လလောက်က နန်းစောင့်တပ်မှူးက အကျင့်ပျက်ခြစားတဲ့ မှူးမတ်တွေကို ဖမ်းဆီးပြီး နိုင်ငံတော်ဘဏ္ဍာတိုက်ကို ဖြည့်တင်းပေးခဲ့ပေမဲ့ လစ်လပ်သွားတဲ့ နေရာတွေအတွက် လူစားထိုး ခန့်အပ်ရပြန်ပါတယ်။ ဒီလူတွေရဲ့ လစာ စုစုပေါင်းကလည်း ပမာဏ ကြီးမားပါတယ်"

ဝန်ထမ်းရွေးချယ်ရေးဝန်ကြီးမှာ ဆွံ့အသွားတော့သည်။ ဒါက ဝန်ထမ်းရွေးချယ်ရေးဌာနရဲ့ အပြစ်မှ မဟုတ်တာ။

ခင်ဗျား တကယ်အစွမ်းအစရှိရင် သူတို့ကို အကြွေးစာရင်းနဲ့ပဲ ပေးလိုက်လေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် အဆဲခံရမှာက ခင်ဗျားဆိုတဲ့ အဘိုးကြီးပဲ၊ ကျုပ်နဲ့ တစ်ပြားမှ မဆိုင်ဘူး။

ဘဏ္ဍာရေးဝန်ကြီးသည် မျက်ရည်များကို သုတ်လိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ ပိုပြီး ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။ "ရှီးရုံက သာ့ရှန်းအပေါ် ဒီလောက် ယုတ်မာတဲ့ အကြံအစည်တွေ သုံးလာတာ၊ စစ်တိုက်ရတော့မဲ့ အခြေအနေကို မြင်နေရပေမဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေမရှိတော့ ကျွန်တော်မျိုး ရင်တွေတုန်လှပါတယ်"

စစ်သူကြီးများ: "..."

ရှီးရုံနဲ့ စစ်တိုက်တဲ့အခါ ပိုလျှံနေစေဖို့အတွက်သာ မဟုတ်ရင် သူတို့က ဒီကောင်ကြီး ဒီမှာ ဟန်ဆောင်ငိုနေတာကို ကြည့်နေမှာ မဟုတ်ဘူး၊ ငိုတာကလည်း ရုပ်ဆိုးလိုက်တာ။

ကျွတ်၊ မျက်စိနောက်စရာကြီး။

ကြယ်တာရာကြည့်တဲ့ မျှော်စင် တည်ဆောက်တာ၊ မှူးမတ်တွေကို လစာပေးတာတွေက ငွေ သိပ်မကုန်မှန်း အရှင်မင်းကြီးက ကောင်းကောင်း သိသည်။ ရှေ့က အကြောင်းပြချက်တွေက ခိုင်လုံမှု မရှိသော်ငြား အကယ်၍ ရှီးရုံနှင့် စစ်တိုက်ရမည်ဆိုလျှင်တော့ နိုင်ငံတော်ဘဏ္ဍာတိုက်က တကယ်ပဲ မလုံလောက်ပေ။

"မောင်မင်းကို တစ်ခု ခွဲပေးမယ်"

အရှင်မင်းကြီးက ရက်ရောဟန် ပြနေသော်လည်း အတွင်းစိတ်ထဲတွင်တော့ အလွန် နာကျင်နေရသည်။

ဒါတွေက ငွေတွေ၊ သူ့အိတ်ကပ်ထဲ ရောက်ပြီးသား ငွေတွေလေ။ ဒါက သူ့ကို ငွေထုတ်ပြီး နိုင်ငံတော်ဘဏ္ဍာတိုက်ထဲ ထည့်ခိုင်းတာနဲ့ ဘာကွာခြားလို့လဲ။

ဘဏ္ဍာရေးဝန်ကြီးက တည်ငြိမ်စွာပင် ပြောလိုက်သည်။ "၃ ခု"

အရှင်မင်းကြီး၏ မျက်နှာတော် ချက်ချင်း ညိုမဲသွားတော့သည်။ အန်းလဲ့မင်းသမီး၏ ဂူသင်္ချိုင်းထဲမှ စုစုပေါင်း နိုင်ငံတော်ဘဏ္ဍာတိုက် ၄ ခုစာထက် ပိုရုံလေးပဲ ရရှိခဲ့တာကို ဒီကောင်ကြီးက ပါးစပ်ဟတာနဲ့ ၃ ခု တောင်းပြီး သူ့အတွက် ၁ ခုပဲ ချန်ပေးထားတာ၊ လောဘကြီးလိုက်တာ။

"မောင်မင်းကို ၁ ခု ခွဲပေးနိုင်တာကပဲ မဆိုးလှဘူး"

ဘဏ္ဍာရေးဝန်ကြီးက လုံးဝ အလျှော့မပေးချေ။ "၃ ခု၊ အဲ့ဒါတွေက ဘဏ္ဍာရေးဝန်ကြီးဌာနက ရှာတွေ့ခဲ့တာတွေပါ"

ဒါက ချူဟွား ရှာတွေ့ခဲ့တာလေ၊ သူက ဘဏ္ဍာရေးဝန်ကြီးဌာနက လူမှ မဟုတ်တာ။

အရှင်မင်းကြီး ပြောချင်သော်လည်း ချူဟွားကို ဆက်လက် အသုံးပြုရဦးမည်ဖြစ်သဖြင့် မပြောနိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် လျှော့ပေးလိုက်ရသည်။ "၁ ခုခွဲ"

ဘဏ္ဍာရေးဝန်ကြီးကလဲ သေတောင် နောက်မဆုတ်ပေ။ "၃ ခု"

မင်းကြီးနှင့် မှူးမတ်တို့သည် ဈေးသည်များကဲ့သို့ အပြန်အလှန် ဈေးဆစ်နေကြပြီး နောက်ဆုံးတွင် အရှင်မင်းကြီး ဒေါသထွက်လာတော့သည်။ "၂ ခု၊ မောင်မင်း ယူရင်ယူ မယူရင်နေတော့"

"... ၂ ခုဆိုလည်း ၂ ခုပါ" ဘဏ္ဍာရေးဝန်ကြီးသည် အရှင်မင်းကြီးကို ကြောက်လန့်သွားသလို တစ်ချက် တုန်လှုပ်သွားသည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ အရှင်မင်းကြီးသည် မိမိကိုယ်ကို ပြန်လည် သုံးသပ်မိလိုက်လေသည်။ သူ့ရဲ့ ဧကရာဇ် ဂုဏ်ပုဒ်က ပျက်စီးသွားပြန်ပြီ။ ဒီလိုပုံစံက မကောင်းတော့ပါဘူး။

ဒါဆို ပိုနေတဲ့အရာတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာတိုက်ကို ပေးလိုက်ရမလား။

နန်းစောင့်တပ်သားများ တင်ပြလာသော ရတနာစာရင်းကို ဖွင့်ကြည့်လိုက်ရာ အရှင်မင်းကြီးသည် ဟိုဟာကြည့်လည်း ကြိုက်၊ ဒီဟာကြည့်လည်း ကြိုက်နှင့် ဘယ်ဟာကိုကြည့်ကြည့် ခွဲဝေပေးရန် နှမြောနေမိသည်။

နိုင်ငံတော်ဘဏ္ဍာတိုက် ၂ ခုစာ ပေးလိုက်ရတာက သူ့ကို အသက်ရှူရပ်မတတ် နာကျင်စေခဲ့ပြီ။ သာ့ရှန်း၏ တိုင်းပြည်နှင့် လူထုအကျိုးအတွက် သူ သည်းခံလိုက်ရသည်။ ဒါပေမဲ့ နည်းနည်းလေး ထပ်ခွဲပေးရမယ်ဆိုရင်၊ နည်းနည်းလေး ဆိုရင်တောင်မှ...

မဖြစ်ဘူး၊ တွေးလိုက်တာနဲ့တင် အသက်ရှူကျပ်လာပြီ။

"ထားလိုက်ပါတော့၊ ငါကိုယ်တော်က စေးနှဲတဲ့ ဧကရာဇ်တစ်ပါး ဖြစ်နေတာပဲ" အရှင်မင်းကြီးသည် ထိုရင့်ကျက်မှုမရှိသော အတွေးကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပြီး ထူထဲသော စာရင်းစာအုပ်ကို ပိတ်ကာ ခေါင်းအုံးဘေးတွင် ထားလိုက်လေတော့သည်။

မကြာခင် ဒီရတနာတွေက သူ့ဆီကနေ ထွက်ခွာသွားတော့မှာမို့ ဒီညတော့ သူ့ကို အဖော်ပြုပြီး အိပ်စက်ပါစေတော့။

မည်သည့် အမွှေးနံ့သာထက်မဆို ပိုပြီး ထိရောက်မှာ သေချာသည်။

ညဘက် ချူဟွား မအိပ်ခင်တွင် system က သူမကို လှမ်းတို့လိုက်သည်။ [မမကြီးဟွား၊ ဘဏ္ဍာရေးဝန်ကြီး မှာထားတဲ့ ဖရဲသီးကို မှတ်မိသေးလား]

ချူဟွားက ပြုံးလိုက်သည်။ [အဲ့ဒါကို ဘာစောင့်နေဦးမှာလဲ။ လာလေ]

Systemက မျှဝေမှု လုပ်ဆောင်ချက်ကို ချက်ချင်း ဖွင့်လိုက်ပြီး အလွန် ပျော်ရွှင်သော လေံသံဖြင့် ပြောင်းလဲ ပြောဆိုလိုက်၏။ [မမကြီးဟွားရေ၊ ဘဏ္ဍာရေးဝန်ကြီး မှာထားတဲ့ ဖရဲသီးရဲ့ နောက်ဆက်တွဲ လာပြီနော်၊ စားမယ်မလား]

ချူဟွား: [စားမယ်]

မီတာ ၅၀ ပတ်လည်အတွင်းရှိ လူတိုင်း အိပ်ရာမှ လူးလဲထလာကြ၏။ ထလာရင်းနှင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြ၏။ နင်တို့နှစ်ယောက်က အနောက်တောင်ပိုင်း ဒေသိယစကားကို ဘယ်ကနေ သင်လာကြတာလဲ။ အသံထွက်က တော်တော် မှန်နေတာပဲ။

Systemက ဟီးဟီး ဟု ရယ်လိုက်သည်။ [ဒီနေ့ ငါတို့ အန်းလဲ့မင်းသမီးရဲ့ ဂူသင်္ချိုင်းထဲမှာ အရင်မင်းဆက်က ရတနာတွေကို သွားရှာခဲ့ကြတယ်မလား။ ဘဏ္ဍာရေးဝန်ကြီးက ဘယ်လောက်တောင် စေးနှဲတဲ့ အဘိုးကြီးလဲဆိုတာ၊ အဲ့ဒီက ပစ္စည်းတွေက နိုင်ငံတော်ဘဏ္ဍာတိုက် ၄ ခုစာထက် ပိုများတယ်ဆိုတာ ကြားလိုက်တာနဲ့ ပါးစပ်ဟတာနဲ့ ၃ ခု ခွဲပေးဖို့ တောင်းတော့တာပဲ]

ချူဟွားသည် ချက်ချင်းပင် အိပ်ထမတင် လုပ်လိုက်တော့သည်။ [ဘဏ္ဍာရေးဝန်ကြီးက ဝက်သည်းကိုစားပြီး ကျားသတ္တိ မွေးထားတာလား။ အရှင်မင်းကြီး ငွေလိုလွန်းလို့ မျက်လုံးတွေ နီနေတာကို သူ မသိဘူးလား။ အရှင်မင်းကြီးရဲ့ ပန်းကန်ထဲက ငွေကိုတောင် လုရဲတယ်ပေါ့]

မီတာ ၅၀ အတွင်းမှ လူများ: "..."

ဖရဲသီးစားရန် အပြေးအလွှား ရောက်လာသူများ: "..."

System: [သူ ဘာမှ မစားပါဘူး၊ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေမရှိလို့ သူ ရင်တုန်နေရုံပါ။ အကျင့်ပျက်ခြစားမှုကို စစ်ဆေးပြီး မှူးမတ်တွေကို အိမ်ရာသိမ်းရာကနေ ငွေအများကြီး စုဆောင်းနိုင်ခဲ့ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြန်သုံးလိုက်ရပြန်ရော၊ ပြီးတော့ နိုင်ငံတော်ဘဏ္ဍာတိုက်က ငွေကို မျက်စိကျနေတဲ့ ဌာနတွေကလည်း အများကြီးဆိုတော့ သူက ဆင်းရဲရမှာ ကြောက်နေတာ]

ချူဟွား: [သနားစရာပါပဲ၊ သူ တစ်သက်လုံး ဒီလောက်များတဲ့ ငွေကို မြင်ဖူးမယ် မထင်ဘူး]

System: [သူက စစ်တိုက်ရမှာကို စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရှင်မင်းကြီးကို အသေကိုက်ပြီး ၃ ခု မရရအောင် တောင်းနေတာ၊ အရှင်မင်းကြီးက သူ့ကို စိတ်ရှုပ်လာပြီး ၂ ခုပဲ ပေးမယ်လို့ ကတိပေးလိုက်တယ်။ သူက ကိုယ့်စကားနဲ့ကိုယ် လန့်သွားတဲ့ပုံ ပေါက်နေတော့ အရှင်မင်းကြီးက နည်းနည်း အားနာသွားပြီး စာရင်းကို အကြာကြီး ကြည့်ပြီးမှ မနည်း လှီးထုတ်ပေးလိုက်ရတာ]

[ရလဒ်က ဘာဖြစ်သွားလဲ နင် ခန့်မှန်းကြည့်]

ချူဟွားက မခန့်မှန်းချင်ပေ။ [ဘာဖြစ်သွားလို့လဲ]

System၏ ရယ်မောသံသည် ကောင်းကင်ဘုံသို့ ထိုးဖောက်သွားတော့သည်။ [ဘဏ္ဍာရေးဝန်ကြီးက ဟန်ဆောင်နေတာ ဟားဟား။ ပြောထားတဲ့ ရိုးသားတဲ့ပုံစံကြီး ပျက်စီးသွားပြီ]

[အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်မှာ ငွေမရှိမှန်း သူ သိလို့ ၃ ခု ပေးဖို့ ဝန်လေးနေမှာကို သိနေတာ၊ သူ လိုချင်တာက ၂ ခုတည်းပါ၊ တခြား ဝန်ကြီးတွေနဲ့ စစ်သူကြီးတွေကို သူ့အတွက် အားဖြည့်ပေးဖို့ ခေါ်သွားပြီး အဲဒီမှာ အကြာကြီး ဆင်းရဲကြောင်း ငိုပြနေခဲ့တာ]

လူတိုင်းက တိတ်တိတ်လေး စုပ်သပ်လိုက်ကြတော့သည်။ ဘုရားရေ၊ ရိုးသားတဲ့သူတွေတောင် ဉာဏ်များတတ်နေပြီပဲ။

ချူဟွားက system ဖွင့်ချလိုက်သော သတင်းများကို နားထောင်ပြီးနောက် အပေါ်ယံ အချက်အလက်များကို ဖယ်ရှားကာ အနည်းငယ် သုံးသပ်လိုက်လေသည်။ [သာ့ရှန်းရဲ့ လေးဖက်လေးတန်မှာ လူရိုင်းမျိုးနွယ် ၄ ခု ရှိတယ်။ တုန်းယီ၊ နန်မန်၊ ရှီးရုံနဲ့ ပေတိ၊ အရင်မင်းဆက် မတိုင်ခင်ကတည်းက ဒါက ရှင်ဘုရင်နဲ့ မှူးမတ်တွေရဲ့ ရင်ဘတ်ထဲက ရောဂါဆိုးကြီးပဲ]

[တုံးယီတွေနဲ့ သာ့ရှန်းက ပင်လယ်ခြားနေတယ်၊ ကမ်းရိုးတန်းတစ်လျှောက်မှာ ပင်လယ်ဓားပြတွေ မကြာခဏ မီးရှို့ သတ်ဖြတ် လုယက်လေ့ရှိတယ်။ ကျွန်းပေါ်ကို ထွက်ပြေးသွားတဲ့ သာ့ရှန်း ပြည်သူတွေက ဓားပြ ဖြစ်သွားတာလား၊ ဒါမှမဟုတ် တုံးယီတွေက ဟန်ဆောင်ထားတာလားဆိုတာ ခွဲခြားမရဘူး။ နန်မန်တွေကတော့ ဝေးလံခေါင်ဖျားပြီး အဆိပ်ငွေ့တွေ များပြားသလို ပိုးမွှားအန္တရာယ်တွေလည်း ရှိတယ်]

[ရှီးရုံ ဧကရာဇ်က ယုတ်မာပြီး ဘာမဆို လုပ်ရဲတယ်။ ပေတိ စစ်မြေပြင်မှာတော့ လောလောဆယ် မင်းသားကြီး စောင့်ကြပ်နေလို့ သူတို့ မကျူးကျော်ရဲကြဘူး]

[ပထဝီဝင် အနေအထားအရ ဒီလူမျိုးစု ၄ ခုကို တကယ် တိုက်ခိုက်ချင်ရင် စစ်တိုက်တာက ငွေတစ်ရပ်၊ လူလွှတ်ပြီး စောင့်ကြပ်တာကလည်း ငွေ အမြောက်အမြား ကုန်ကျမဲ့ကိစ္စ၊ အဓိကအချက်က အကျိုးအမြတ် ပြန်မရနိုင်တာပဲ]

System: [ဘာသာပြန်လိုက်မယ် - ငွေမရှိဘူး၊ မတိုက်ဘူး]

လူတိုင်း: "..."

ဘာသာပြန်တာကတော့ မှန်ပါတယ်၊ နောက်တစ်ခါ ထပ်မပြန်ပါနဲ့တော့။

ချူဟွား: [ဒီသဘောပဲ၊ ယေဘုယျအားဖြင့်တော့ မတိုက်ဘူး၊ ငွေ အရမ်း ကုန်တယ်၊ နိုင်ငံတော်ဘဏ္ဍာတိုက်က မတတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့က မဖြစ်မနေ တိုက်ခိုက်လာမယ်ဆိုရင်တော့ သာ့ရှန်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး]

System: [ဘာသာပြန်လိုက်မယ် - ငါက နင့်ကို စပြီး တိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ နင်က အရမ်း ခုန်ပေါက်နေရင်တော့ နင့်ကို ရိုက်ရလိမ့်မယ်]

လူတိုင်း: ဖူး ဟားဟားဟား— ဒီဘာသာပြန်ချက်က အရမ်းထိပေမဲ့ ပေါ်လွင်လွန်းတယ်။

လူရိုင်း ၄ မျိုးကို ခွေးလှေးတွေအဖြစ် တင်စားလိုက်တာက မမြင်ရတဲ့ပုံစံနဲ့ သာ့ရှန်းရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးလိုက်သလိုပဲ၊ နိုင်ငံကြီးရဲ့ ဂုဏ်ကို ဖော်ပြနေတာမို့ အရှင်မင်းကြီး သေချာပေါက် ကြိုက်မှာပဲ။

ချူဟွား: [စစ်က တိုက်ချင်မှ တိုက်ရမှာ၊ ဒါပေမဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေ ရှိကို ရှိရမယ်၊ မဟုတ်ရင် တကယ် အဲ့ဒီအချိန်ရောက်လာရင် အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို သုံးပြီး စစ်တိုက်ရမှာလား]

Systemက သဘောမတူပေ။ [အဲ့ဒါက အရှင်မင်းကြီးမှာ ငွေရှိတယ်ဆိုတာ ပြနေတာပဲ၊ တိုင်းပြည်နဲ့ ယှဉ်နိုင်လောက်အောင် ကြွယ်ဝတာပေါ့]

လူတိုင်း: "..." နင် ဒီလို ချီးကျူးရင်တောင် အရှင်မင်းကြီးက ပျော်မှာ မဟုတ်ဘူး။

ချူဟွားက ခပ်ယဲ့ယဲ့ ပြောလိုက်လေသည်။ [နောက်ဆုံး တိုင်းပြည်နဲ့ ယှဉ်နိုင်လောက်အောင် ကြွယ်ဝခဲ့တဲ့သူက အဘွားမုန့်ရဲ့ ဟင်းရည်ကို ဘယ်နှခွက်တောင် သောက်သွားရပြီလဲ မသိဘူး]

Systemမှာ တိတ်ဆိတ်သွားလေသည်။ ဟုတ်သားပဲ။

ငွေက လူတွေရဲ့ စိတ်ကို လှုပ်ရှားစေတယ်။

နဂါးပလ္လင်ကတင် လူတွေရဲ့ အာရုံကျတာကို ခံနေရတာ၊ တိုင်းပြည်နဲ့ ယှဉ်နိုင်လောက်အောင် ကြွယ်ဝတယ်ဆိုတာ ထပ်ပေါင်းလိုက်ရင် ဧကရာဇ် ဖြစ်ရင်တောင် ကောင်းမွန်တဲ့ ဇာတ်သိမ်း ရှိမှာ မဟုတ်ဘူး။

Systemက လူတွေကိုရော system ကိုပါ မပျော်ရွှင်စေတဲ့ အကြောင်းအရာတွေကို မပြောချင်တော့ပေ။

[မမကြီးဟွား၊ ပျော်စရာကောင်းတဲ့ ဖရဲသီးလေး တစ်လုံးလောက် စားပြီး စိတ်ဖြေလျော့ကြရအောင်]

ချူဟွား: [ဘာလဲ]

System: [အရင်တုန်းက နိုင်ငံတော်ဘဏ္ဍာတိုက် ဘာလို့ အမြဲတမ်း ငွေမရှိရတာလဲ ဆိုတာကို ငါ စူးစမ်းရင်းနဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်ထဲကို 'အံ့ဖွယ်ခုံးခုံး' သူခိုး ဝင်သွားပြီး အရှင်မင်းကြီးကို မုန့်ဝယ်စားဖို့ စာတစ်စောင်နဲ့ ငွေစက္ကူ ထားခဲ့တယ်ဆိုတဲ့ ဖရဲသီးကို စားမိလိုက်တယ်]

လူတိုင်း ထိတ်လန့်လွန်းသဖြင့် လျှာကို ကိုက်မိပြီး သွေးထွက်လုနီးပါး ဖြစ်သွားကြလေသည်။

ဟိုက်— သေပါပြီ။ နင်တို့နှစ်ယောက်က ဘာလို့ ဒီဖရဲသီးကိုပါ စားလိုက်ရတာလဲ။

ဒီဖရဲသီးက ချူဟွား သီးသန့်စကားပြောခန်း ဖွင့်ပြီး system ကို ပြောပြထားတာလေ။ [ပြီးတော့ရော]

System: [ပြီးတော့ ငါ စိတ်ဝင်စားသွားလို့ 'အံ့ဖွယ်ခုံးခုံး' အကြောင်း ထပ်ရှာကြည့်လိုက်တယ်]

[ရလဒ်က ဒီမျိုးဆက် 'အံ့ဖွယ်ခုံးခုံး' က ပညာပြည့်စုံသွားလို့ မကြာခင် တောင်ပေါ်က ဆင်းလာတော့မယ်၊ ပြီးတော့ သူက အရင်မျိုးဆက် 'အံ့ဖွယ်ခုံးခုံး' ရဲ့ စွမ်းဆောင်ချက်တွေကို သတိရသွားတယ်၊ အဲဒါက သူ ငယ်ငယ်လေးကတည်းက အရမ်း အားကျခဲ့ရတဲ့ Idol လေ]

[သူ့ဆီမှာ အရင်မျိုးဆက် 'အံ့ဖွယ်ခုံးခုံး' က နိုင်ငံတော်ဘဏ္ဍာတိုက်ကို ဝင်ရောက်တုန်းက ချန်ထားခဲ့တဲ့ ပုံကြမ်းတွေနဲ့ အတွေ့အကြုံတွေ ရှိနေတယ်၊ သူက ရှေးလူကြီးတွေရဲ့ ခြေရာကို နင်းပြီး တောင်ပေါ်က ဆင်းပြီးတာနဲ့ သာ့ရှန်းရဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်ကို တစ်ခေါက်လောက် သွားဖို့ ဆုံးဖြတ်လိုက်တယ်]

လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာပြီး စိတ်ထဲတွင် အော်ဟစ်လိုက်ကြတော့သည်။ အား.... သွားပါပြီ။

လွန်ခဲ့တဲ့ ၁၂၇ နှစ်တုန်းကလို သာ့ရှန်း နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေမရှိတဲ့အချိန်ဆိုရင် 'အံ့ဖွယ်ခုံးခုံး' တွေ ဝင်လာရင်တောင် ဖုန်မှုန့်လောက်ပဲ ခိုးလို့ရမှာ။

ဘာလို့ ဒီမျိုးဆက် 'အံ့ဖွယ်ခုံးခုံး' ကမှ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ အရင်မင်းဆက် ရတနာတွေ တူးဖော်ပြီး နိုင်ငံတော်ဘဏ္ဍာတိုက် ၃ ခုစာလောက် ပေါများနေတဲ့အချိန်မှာ လာခိုးရမှာလဲ။

ဒါက ပင်ပင်ပန်းပန်း တူးဖော်ထားရသမျှ အလကား ဖြစ်ကုန်မှာပေါ့။

ဘာလို့ အလကား ဖြစ်ရတာလဲလို့ မေးချင်တာလား။

နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေမရှိတာ ကြာပြီမို့လို့ သာ့ရှန်းရဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်က တိုင်းပြည် စထောင်ကတည်းက မပြုပြင်ရသေးဘူးလေ၊ အဲ့ဒီက ၁၈ ဆင့်သော အတားအဆီးတွေကလည်း အရင်မျိုးဆက် 'အံ့ဖွယ်ခုံးခုံး' ဖြတ်ကျော်သွားဖူးတဲ့ ဟာတွေလေ။

ဒီလောက် နှစ်ပေါင်းများစွာ ကြာသွားတော့ စက်ယန္တရား အများစုက သေချာ ပြုပြင်ထိန်းသိမ်းမထားလို့ ပျက်စီးလုနီးပါး ဖြစ်နေလောက်ပြီ။

'အံ့ဖွယ်ခုံးခုံး' ရှေ့မှာ နိုင်ငံတော်ဘဏ္ဍာတိုက်ဆိုတာ တံခါးဖွင့်ပြီး ကြိုက်တာဝင်ယူလို့ ဖိတ်ခေါ်ထားသလို ဖြစ်နေမှာပေါ့။

တကယ်လို့များ သူ အားကျရတဲ့ အရင်မျိုးဆက် 'အံ့ဖွယ်ခုံးခုံး' လိုမျိုး "နိုင်ငံတော်ဘဏ္ဍာတိုက်ထဲ ဝင်ရတာ အိတ်ထဲက ပစ္စည်း နှိုက်ယူရသလိုပဲ" "မင်းတို့ကို ကူညီပြီးတော့ စက်ယန္တရားတွေ ပြင်ပေးထားတယ် ကျေးဇူးတင်စရာ မလိုဘူး" စသဖြင့် စာရွက်တစ်ရွက်လောက် ချန်ထားခဲ့မယ်ဆိုရင်။

သွားပြီ။ တွေးလိုက်တာနဲ့တင် မူးလဲချင်လာပြီ။

လူတော်တော်များများ မျက်လုံးဖြူလန်လုနီးပါး ဖြစ်သွားကြပြီး ကိုယ့်နှာခေါင်းအောက် အလယ်နေရာကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်ထားလိုက်ရလေသည်။ သို့မှသာ ကံကောင်းထောက်မစွာ မမူးလဲရုံတမည် ထိန်းထားနိုင်တော့သည်။

သူတို့မှာ စိုးရိမ်လွန်းလို့ ဒေါသတွေ ငယ်ထိပ်ထိ ဆောင့်တက်ပြီး ပါးစပ်မှာ အဖုအပိမ့်တွေ ပေါက်တော့မည်။ ချူဟွားနှင့် system ကတော့ ဟားဟား ပက်ပက် ရယ်မောနေကြလေသည်။

ချူဟွား: [တကယ်လို့ စာရွက်တစ်ရွက်လောက် ထပ်ချန်ထားခဲ့ရင် အရှင်မင်းကြီး ဒေါသထွက်လွန်းလို့ သေသွားလိမ့်မယ် ဟားဟား]

သူမ ဒီလောက်တောင် ပေါ်တင်ကြီး "သတိပေး" နေတာတောင်မှ အရှင်မင်းကြီးက ဖြေရှင်းမဲ့နည်းလမ်း မရှာနိုင်ရင်တော့ သူမလည်း မတတ်နိုင်တော့ဘူး။

System: [သာ့ရှန်းက မှူးမတ်တွေ နိုင်ငံတော်ဘဏ္ဍာတိုက်ရှေ့မှာ ခေါက်ဆွဲကြိုးနဲ့ စုပြီး ဆွဲကြိုးချသေရလိမ့်မယ် ဟားဟား]

လူတိုင်း: "..." လူသားတွေရဲ့ ဝမ်းနည်းခြင်းနဲ့ ပျော်ရွှင်ခြင်းက ဒီလောက်တောင် ဆက်စပ်မှု မရှိရဘူးလား။ ဟင့် ဟင့် ဟင့်။

အမွှေးတိုင် တစ်တိုင်စာအချိန် ကုန်ဆုံးသွားပြီးနောက် သတင်းကြားလိုက်ရသော အရှင်မင်းကြီးနှင့် မှူးမတ်များသည် ခေါင်းကိုက်လာကြတော့သည်။

'အံ့ဖွယ်ခုံးခုံး'က နိုင်ငံတော်ဘဏ္ဍာတိုက်ကို လာရောက်လည်ပတ်တော့မည့် ကိစ္စနှင့် ယှဉ်လိုက်လျှင် ဘဏ္ဍာရေးဝန်ကြီးက သူ့ကို ဟန်ဆောင်ခဲ့သည့် ကိစ္စက ဘာမှ မဟုတ်တော့ပေ။

ဘဏ္ဍာရေးဝန်ကြီးက ဘယ်လောက်ပဲ စေးနှဲပါစေ သူ့ကိုယ်ကျိုးအတွက် စေးနှဲတာ မဟုတ်ဘူး၊ သာ့ရှန်းအတွက် စေးနှဲတာ၊ အဲ့ဒီ အရင်မင်းဆက် ရတနာတွေက နောက်ဆုံးတော့ သာ့ရှန်း ပြည်သူတွေအပေါ်မှာပဲ သုံးစွဲရမှာ။

'အံ့ဖွယ်ခုံးခုံး' ကိစ္စကတော့ တစ်ခုခု လွဲချော်သွားရင် သူရော၊ မှူးမတ်တွေရော၊ သာ့ရှန်းပါ တစ်လောကလုံးက ပြည်သူတွေရဲ့ ရယ်စရာ ဖြစ်သွားလိမ့်မယ်။

စက်ယန္တရားတွေ မကောင်းရင် လှောင်ပြောင်ခံရမယ်၊ နိုင်ငံတော်ဘဏ္ဍာတိုက်က ပစ္စည်းတွေ များနေရင် အခိုးခံရမယ်၊ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေနည်းရင် လှောင်ပြောင်ခံရမယ်၊ နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ငွေများရင် လူရိုင်း ၄ မျိုးရဲ့ မျက်စိကျတာ ခံရမယ်။

ခြုံပြောရရင် ကောင်းတဲ့ရလဒ် တစ်ခုမှ မရှိဘူး။

အရှင်မင်းကြီးနှင့် မှူးမတ်များကတော့ ခေါင်းကိုက်နေကြပြီး အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်လာဦးမည်ပင်။

...

All Chapters