← Chapters

အခန်း ၄၄

Vol. 3 Ch. 44

အခန်း ၄၄

Vol. 3 Ch. 44

အပိုင်း (၄၄)

ချူဟွားသည် ကောင်းမွန်စွာ အိပ်စက်ခဲ့ရသဖြင့် ဒုတိယနေ့တွင် စောစောထကာ မနက်စာ စားပြီးနောက် လမ်းလျှောက်ထွက်ခဲ့လေသည်။

မနေ့က သင်္ချိုင်းဂူ ရှာဖွေခြင်းနှင့် ရတနာသိုက် တူးဖော်ခြင်းတို့ဖြင့် အလုပ်များခဲ့ရာ ယနေ့မှ ဆောင်းဦးရာသီ အမဲလိုက်ပွဲ၏ အခြေအနေကို ကြည့်ရှုရန် အချိန်ရတော့သည်။

စစ်ဘက်စာမေးပွဲမှတစ်ဆင့် အရာရှိဖြစ်လိုသော ကျောင်းသားများသည် အမဲလိုက်ကွင်းပြင်တွင် မြင်းစီးကာ အမဲလိုက်နေကြပြီး ရဲရင့်တက်ကြွနေကြသည်။ သူတို့သည် အရှင်ဖြစ်စေ၊ အသေဖြစ်စေ ကြီးကြီးငယ်ငယ် သားကောင်များကို ပြန်လည် သယ်ဆောင်လာကြပြီး စစ်သူကြီးများ၏ ပင်ကိုစရိုက်ကို အပြည့်အဝ ပြသနေကြသည်။

ဖရဲသီးစား system၁၈၈ သည် စက်ရုံမှ ထွက်လာပြီးနောက် system ထဲမှ စာများနှင့် ပုံများကိုသာ မြင်တွေ့ဖူးရာ လက်တွေ့ဘဝမှ သည်လို များပြားသော တိရစ္ဆာန်များကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ တိရစ္ဆာန်ရုံသို့ ပထမဆုံးအကြိမ် ရောက်ဖူးသော ကလေးတစ်ယောက်ကဲ့သို့ပင် ဘာကိုကြည့်ကြည့် ဆန်းသစ်နေတော့သည်။

[ဝိုး—— ယုန်လေးတွေ။ မွေးပွပွလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာ။ ပွတ်သပ်ချင်လိုက်တာ]

System ဆိုသည်မှာ ကိုယ်ထည်ပင် မဖန်တီးနိုင်သော နည်းပညာ၏ ထုတ်ကုန်တစ်ခုသာ ဖြစ်ရာ ယုန်ကို မည်သို့ ပွတ်သပ်နိုင်ပါမည်နည်း။

ချူဟွားသည် system ဝမ်းနည်းသွားလေမလား မသေချာသဖြင့် အသံကို တမင် ချစ်စရာကောင်းအောင် ပြုလုပ်ကာ ပြောလိုက်၏။ [ယုန်လေးတွေက အရမ်းချစ်စရာကောင်းတာ။ သေချာပေါက် နှပ်ပြီး ချက်စားရမယ်]

Systemကလည်း တခမ်းတနားကြီး ပြောလာသည်။ [နှပ်ချက် တစ်မျိုးတည်းနဲ့ ဘယ်လောက်မှာလဲ။ မာလာ၊ အိုးကပ်၊ အခြောက်ကြော်၊ ငရုတ်သီးချဉ်၊ အအေးသုပ်၊ ရေလုံပြုတ်၊ ချဉ်ဖတ် အကုန်လုံး စားချင်တယ်]

ချူဟွားမှာ ရယ်မောလိုက်မိသည်။ ဒီsystem ငတုံးလေးတွင် ဝမ်းနည်းတတ်သော ကုဒ်များ ထည့်သွင်းမထားသည်မှာ သေချာသဖြင့် အသံပြုပြင် ပြောဆိုခြင်းကို မလုပ်တော့ပေ။

[နင်က သိပ် လောဘကြီးတာပဲ ကလေးလေးရယ်]

System: !!!

မထင်မှတ်ဘဲ 'ကလေး' ဟု အခေါ်ခံလိုက်ရသဖြင့် CPU တစ်ခုလုံး လောင်ကျွမ်းလုနီးပါး ဖြစ်သွားပြီး အသိစိတ်ရော ကလေးသံပါ ကမောက်ကမ ဖြစ်သွားတော့သည်။ [နင် နင် နင် ဘယ်လိုဖြစ်ပြီး...]

ချူဟွားသည် တမင်တကာ ချိုသာစွာ ခေါ်လိုက်၏။ [ကလေးလေး]

System သည် တိတ်ဆိတ်သွား၏။

သူသည် သခင်၏ စနောက်ခြင်းကို ခံလိုက်ရသည်ဟု သံသယ ဝင်သွားပြီး သက်သေလည်း ရှိနေသည်။

ချူဟွား: [မစတော့ပါဘူး။ တိရစ္ဆာန်ရုံကို ဆက်ပတ်ကြတာပေါ့]

System သည် ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားတော့သည်။ [ဒီမှာ ထောင်နန်းစံရမဲ့ သားကောင်တွေ အများကြီးပဲ။ တောကြက်တွေ၊ သမင်တွေ၊ ဝက်ဝံတွေတောင် ရှိတယ်။ တောကြက်ချည်းပဲ ၃၉ ကောင် ရှိတယ်။ တစ်ကောင်ချင်းစီက ကြည့်ရတာ အသားကျစ်နေတာပဲ]

[ဒီလူရဲ့ မြားပစ်စွမ်းရည်က ကောင်းတယ်။ မြားတစ်စင်းတည်းနဲ့ တောကြက်ရဲ့ မျက်လုံးနဲ့ ဦးနှောက်ကို ထိသွားတယ်။ တိတိကျကျကို ဖောက်ထွက်သွားပြီး မြန်မြန်ဆန်ဆန် သေစေတယ်။ အရေခွံကို မပျက်စီးစေဘူး]

[ဒီလူရဲ့ မြားပစ်စွမ်းရည်ကတော့ နည်းနည်း ညံ့တယ်။ ယုန်တစ်ကောင် ပစ်တာတောင် မြားနှစ်စင်း ကုန်တယ်။ တစ်စင်းက လည်ပင်း၊ နောက်တစ်စင်းက ဗိုက်။ တစ်ကိုယ်လုံး သွေးတွေ ပေကုန်ပြီး အရေခွံလည်း တစ်ဝက်လောက် ပျက်စီးသွားပြီ။ နှမြောစရာကြီး]

ချူဟွားသည် မြားပစ်ခြင်းတွင် အသုံးမကျသူ ဖြစ်ပြီး မြင်းပေါ်ထိုင်ကာ မြေပြင်ပေါ်တွင် ဝပ်ပြီး ဥဥနေသော ကြက်ကိုပင် မထိအောင် ပစ်တတ်သူ ဖြစ်သည်။ သို့သော် သူမသည် စာရွက်ပေါ်တွင် စစ်တိုက်တတ်သူ (သီအိုရီသမား) ဖြစ်လေသည်။

လူတစ်ယောက်နှင့် system တစ်ခုတို့သည် ကျောင်းသားများ၏ သားကောင်များအကြောင်း ဆွေးနွေးကြပြီး မြားပစ်အကောင်းဆုံး လူ ၅ ယောက်ကို ရွေးချယ်လိုက်ကြသည်။

ဆောင်းဦးရာသီ အမဲလိုက်ပွဲသည် စုစုပေါင်း ၃ ရက် ကြာမြင့်မည်ဖြစ်ပြီး နောက်ဆုံးအချိန် မရောက်မချင်း မည်သူက အနိုင်ရရှိသူ ဖြစ်မည်ကို မည်သူမျှ မသိနိုင်ကြပေ။ သူတို့နှစ်ဦးသည် အချိန်ကုန်စေရန် စကားစမြည် ပြောဆိုနေကြခြင်းသာ။

ခဏလောက် စကားပြောပြီးနောက် ပျင်းရိလာသဖြင့် ပျော်ရွှင်စေရန် ဖရဲသီး စားဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။

အမှန်တကယ်တော့ အခြားသူများသည် မနေ့ကတည်းက ဆောင်းဦးရာသီ အမဲလိုက်ပွဲကို စပ်စုချင်စိတ်ဖြင့် တစ်နေကုန်နီးပါး ကြည့်ရှုခဲ့ကြပြီး ယနေ့တွင် မကြည့်ရသေးခင်မှာပင် ပျင်းရိလာကြသည်။ သူတို့သည် ချူဟွားကို တစ်ချက်ပြီး တစ်ချက် ကြည့်နေကြတော့သည်။

Systemကလဲ မျှဝေခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်၏။ [မမကြီးဟွား ဖရဲသီး စားမလား]

ချူဟွား: [စားမယ်]

လူတိုင်းသည် ချက်ချင်းပင် တက်ကြွလာကြတော့၏။ ဖရဲသီး လာပြီဟေ့။ ဟား ဟား။

မနေ့ညက နိုင်ငံ့ဘဏ္ဍာတိုက်နှင့် ဓားပြတိုက်ခံရခြင်းတို့ကို စိုးရိမ်ပူပန်ပြီး တစ်ညလုံး အိပ်မပျော်ခဲ့ကြရှာသော အရှင်မင်းကြီးနှင့် မှူးမတ်များပင်လျှင် တက်ကြွလာကြသည်။

System: [ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှီးရုံအရှင်မင်းကြီးရဲ့ ဦးထုပ်စိမ်း ၁၀ လုံးအကြောင်း ပြောခဲ့ကြတယ်လေ။ ၃ လုံးက သာ့ရှန်းဧကရာဇ်နဲ့ တူတဲ့ အမျိုးသမီးက ကလဲ့စားချေတဲ့အနေနဲ့ ဆောင်းပေးခဲ့တာ။ ၆ လုံးကတော့ အလှအပကြိုက်ပြီး တစ်နေ့ တစ်ယောက် ပြောင်းတဲ့ မိဖုရားခေါင်ကြီးက ဆောင်းပေးခဲ့တာ]

[နောက်ဆုံး ဦးထုပ်စိမ်းကတော့ ဘယ်လိုပြောရမလဲ။ တော်တော်လေး ပေါက်ကွဲသွားစေမဲ့အရာပဲ]

ချူဟွားသည် ဦးထုပ်စိမ်း ဖရဲသီးများကို စားရသည်မှာ ငြီးငွေ့နေပြီ။ ဇာတ်လမ်း အသွားအလာ သည်အကြောင်းများသာ ဖြစ်နေသောကြောင့်ပင်။ သို့သော် "ပေါက်ကွဲသွားစေမဲ့" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ချက်ချင်း စိတ်ဝင်စားသွားတော့သည်။ [အကျယ်ချဲ့ ပြောပြပါဦး]

အရှင်မင်းကြီးသည် စိတ်အလှုပ်ရှားဆုံး လူတစ်ယောက် ဖြစ်နေသည်။ ဒါက ရှီးရုံအရှင်မင်းကြီးရဲ့ ဦးထုပ်စိမ်းလေ။

သူသည် နောက်ဆုံး ဦးထုပ်စိမ်းကို သိချင်နေသည်မှာ ကြာနေပြီ။ သို့သော် ချူဟွားသည် ဖရဲသီး မစားဖြစ်ခဲ့သဖြင့် သူ့ခမျာ မျှော်လင့်တကြီး စောင့်စားနေခဲ့ရသည်။

မှူးမတ်များနှင့် အမျိုးသမီးများသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ချူဟွား ရှိနေသော နေရာသို့ တဖြည်းဖြည်း ရွေ့လျားလာကြ၏။ ဖရဲခင်းထဲတွင် တိတ်တဆိတ် သွားလာနေသော တောကောင်များကဲ့သို့ပင်။ သူတို့၏ မျက်လုံးများတွင် စိမ်းဖန့်ဖန့် အရောင်များ တောက်လောင်နေကြသည်။

အဲဒါက အရှင်သခင်တစ်ပါးရဲ့ ဦးထုပ်စိမ်းလေ။

မစားရင် အလကားပဲ။ စားထားရင် တစ်သက်လုံး ပြန်တွေးလို့ရသလို အသက်ကြီးလာရင် မျိုးဆက်သစ်တွေကို ကြွားလို့ရသေးတယ်။ "ငါတို့က အရှင်မင်းကြီးရဲ့ ဦးထုပ်စိမ်း ဖရဲသီးကို စားပြီး အရေးယူမခံရတဲ့ ဆရာကြီးတွေကွ" ဆိုပြီးတော့ပေါ့။

Systemသည် ဖရဲသီးကို ချက်ချင်း မခွဲသေးဘဲ ယုတ္တိတန်သော ကွင်းဆက် ဖြစ်စေရန် နောက်ကြောင်းပြန် ဇာတ်လမ်းကို အရင် ပြောပြလေသည်။ [ဝမ်ယန်ဟုန်က မင်းသားဘဝတုန်းက ရှီကျန့်ကျောင်းနဲ့ ချိတ်ဆက်မိပြီး စစ်သူကြီးရဲ့ ထောက်ခံမှုနဲ့ အကူအညီကို ရရှိခဲ့တယ်]

[သူ့အမေက ခြေဆေးတဲ့ အစေခံမလေ။ သူ့ရဲ့ မျိုးရိုးနောက်ခံနဲ့ အဆင့်အတန်းအရ အာဏာနဲ့ ငွေကြေးရှိတဲ့ အမျိုးသမီးတွေကို ချိတ်ဆက်တာက အရင်းအနှီး အနည်းဆုံးနဲ့ ထိရောက်မှု အရှိဆုံး နည်းလမ်းပဲ။ ယေဘုယျအားဖြင့် ဒီလိုကိစ္စမျိုးက အချိုဓာတ်ကို တစ်ခါလောက် မြည်းစမ်းဖူးသွားရင် လက်လွှတ်ဖို့ ခက်ခဲသွားပြီ]

လူတိုင်းသည် နားထောင်ရင်း နားထောင်ရင်းဖြင့် တွေးမိလိုက်ကြသည်။ ဒီအစပျိုးပုံက မင်းသား ၃ နဲ့ တော်တော် တူနေပါလား။

ချူဟွားလည်း ထပ်တူ ခံစားမိလိုက်သည်။ [ဒုတိယမြောက် မင်းသား ၃ ပဲ]

System: [အဆင့်မြှင့်ထားတဲ့ ဗားရှင်းလို့ မှတ်လို့ရတယ်]

တစ်ယောက်က ပုန်ကန်တဲ့ လုပ်ငန်းစဉ်မှာ အဖမ်းခံလိုက်ရပြီး ကျဆုံးသွားခဲ့တယ်။ နောက်တစ်ယောက်ကတော့ ထီးနန်းရယူနိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ မရင့်ကျက်သေးတဲ့ ဗားရှင်းနဲ့ ရင့်ကျက်အောင်မြင်သွားတဲ့ ဗားရှင်း ကွာခြားချက်ပေါ့။

System: [သူက အရင်ဆုံး အသက်ကြီးပြီး ငွေကြေးအာဏာရှိတဲ့ အမျိုးသမီးကြီးတွေကို ချိတ်ဆက်ခဲ့တယ်]

[ဒီနေရာမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူးနော်။ အဓိကက ငွေကြေးအာဏာ ရှိလာဖို့အတွက် အကူအညီနဲ့ ရွှေလက်ချောင်း မပါဘဲဆိုရင် ၁၀ နှစ်၊ နှစ်၂၀ လောက်တော့ ကြိုးစားတည်ဆောက်ရမှာပဲလေ]

[သူတို့မှာ အမြော်အမြင်နဲ့ စွမ်းဆောင်ရည်တွေ ရှိလာပြီး ဒီအရာအားလုံးကို စတင် တည်ဆောက်တဲ့အချိန်အထိ ၁၀ နှစ်၊ အနှစ်၂၀ လောက် သင်ယူရဦးမယ်။ အဲဒီအချိန်ကျရင် အနည်းဆုံး အသက် ၄၀၊ ၅၀ လောက် ရှိနေပြီ။ ပျမ်းမျှ သက်တမ်း နည်းပါးတဲ့ ရှေးခေတ်မှာဆို ဒါက ပုံမှန် ဖော်ပြချက် တစ်ခုပါပဲ]

ချူဟွားသည် ပြုံးလိုက်မိ၏။ [system နင့်ရဲ့ အသက်ရှင်ရပ်တည်လိုစိတ်က ပြင်းထန်သားပဲ]

Systemသည် ချက်ချင်း သတိဝင်လာ၏။ [ဒါကြောင့် နင်က ဒီအချက်ကြောင့် ငါ့ကို အမှတ်မကောင်း မပေးရဘူးနော်]

ချူဟွား: [မပေးပါဘူး။ စိတ်ချပါ။ ဆက်ပြော]

သူက အမှတ်မကောင်း ပေးလို့ရသေးတာလား။

မှတ်ထားလိုက်ပြီ။ နောက်တစ်ခါကျရင် ဒီ system အတုံးလေးကို ခြိမ်းခြောက်ရမယ်။

System စိတ်ချသွားတော့သည်။ [သိပ္ပံနည်းကျ အချက်အလက်တွေအရ အသက်ကြီးတဲ့ အမျိုးသမီးတွေက လူငယ်လေးတွေကို ကြိုက်ကြတယ်တဲ့]

[ကွဲပြားခြားနားတဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ သူက အေးစက်သလိုလို ချိုသာသလိုလို၊ ကလေးဆန်သလိုလို ရင့်ကျက်သလိုလို၊ နူးညံ့သလိုလို ကြမ်းတမ်းသလိုလို ပုံစံမျိုးစုံ နေတတ်တယ်။ တကယ်လည်း သူနဲ့ ချိတ်ဆက်မိတဲ့ အမျိုးသမီးတွေ မနည်းမနောပဲ။ သူ့မှာ ကိုယ်ပိုင် အင်အားစုတွေ ရှိလာခဲ့တယ်]

[ရှင်ဘုရင် ဖြစ်ဖို့အတွက် အရပ်ဘက်နဲ့ စစ်ဘက် ထောက်ခံမှု မရှိမဖြစ် လိုအပ်တယ်လေ။ စစ်ဘက်မှာက စစ်သူကြီးနဲ့ စစ်သူကြီးဘက်က လူတွေ ရှိနေပြီဆိုတော့ သူက ဝန်ကြီးချုပ်ရဲ့ မြေးအရင်းလည်းဖြစ် အချစ်ဆုံးလည်းဖြစ်တဲ့ ထူတန်းလန်ကို မျက်စိကျခဲ့တယ်]

ချူဟွား: "..."

[ပုပ်သိုးနေတဲ့ သခွားသီးက မျက်စိကျတာ ခံလိုက်ရတော့ ဝန်ကြီးချုပ်ရဲ့ မြေးမလေးက ၁၈ ဆက်လောက် ကံဆိုးသွားတာပေါ့]

လူတိုင်း: ???

ပုပ်သိုးနေတဲ့ သခွားသီး ဟုတ်လား။ ပုပ်သိုးနေတဲ့ ဂေါ်ဖီထုပ်နဲ့ အဓိပ္ပာယ် အတူတူပဲလား။

[မဟုတ်ဘူးလို့ ဘယ်သူ ပြောမလဲ။ ဟူး] System သည် သက်ပြင်းချလိုက်၏။ [ထူတန်းလန်မှာ ငယ်ငယ်ကတည်းက စေ့စပ်ထားတဲ့ ငယ်ချစ်ဦး ရှိတယ်။ နှစ်ယောက်သား သံယောဇဉ် ကြီးမားကြပြီး ရက်လည်း သတ်မှတ်ပြီးသား။ မင်္ဂလာဆောင်ဖို့ပဲ စောင့်နေကြတာ]

အလံတွေ အများကြီး စိုက်ထားသလို ဖြစ်နေတဲ့ အစပျိုးမှုကို ကြားလိုက်ရပြီးနောက် နောက်ဆုံး ဦးထုပ်စိမ်းအကြောင်း ဆက်စပ် စဉ်းစားလိုက်သည်နှင့် သည်ငယ်ချစ်ဦး စုံတွဲသည် ဝမ်းနည်းဖွယ် ဇာတ်သိမ်းဖြင့် အဆုံးသတ်ရမည်ကို ချူဟွား သိလိုက်တော့သည်။

[ငယ်ချစ်ဦး သေသွားတာလား။ ဝမ်ယန်ဟုန် သတ်လိုက်တာ ဖြစ်ဖို့ များတယ်မလား]

System: [မှန်တယ်။ ဒါပေမဲ့ အကုန်လုံးတော့ မမှန်ဘူး]

ချူဟွား: ?

လူတိုင်း: ??

System: [ဝမ်ယန်ဟုန်က ထီးနန်းရဖို့အတွက် သူ့ကိုယ်သူ ဆောင်ကြာမြိုင်သား တစ်ယောက်လို နေထိုင်ခဲ့ရတာ။ အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ထားရတော့ ရှုံးနိမ့်ဖို့ ဘယ်လိုလုပ် လိုလားမှာလဲ]

[နှစ်ပေါင်းများစွာ အမျိုးသမီးတွေကို လှည့်စားခဲ့တဲ့ အတွေ့အကြုံတွေက သူ့ကို ယုံကြည်မှု လွန်ကဲစေခဲ့တယ်။ မတော်တဆ တွေ့ဆုံမှုတွေ အများကြီး ဖန်တီးခဲ့ပြီး သူရဲကောင်းက အလှမယ်ကို ကယ်တင်တဲ့ ဇာတ်ကွက်တွေပါ ခင်းကျင်းခဲ့ပေမဲ့ ထူတန်းလန်ရဲ့ မျက်လုံးထဲမှာ သူ့ငယ်ချစ်ဦးပဲ ရှိတော့ သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး]

[ဝမ်ယန်ဟုန်က ဒေါသထွက်သွားပြီး "နင့်ကို မျက်နှာသာပေးတာတောင် မလိုချင်မှတော့ ငါ့ကို အပြစ်မတင်နဲ့တော့" ဆိုပြီး အော်ဟစ်ပြီး စစ်သူကြီးကတော်ရဲ့ ခုတင်ပေါ် တက်သွားခဲ့တယ်။ ဟုတ်တယ်။ ရှီကျန့်ကျောင်းရဲ့ အဘွားပဲ]

ချူဟွား: "..."

လူတိုင်း: "..."

ချူဟွား နားမလည်တော့ပေ။ အလွန်တရာ တုန်လှုပ်သွားရသည်။ [system ငါ ရှီကျန့်ကျောင်းရဲ့ ဓာတ်ပုံကို မြင်ဖူးတယ်။ သူက အရမ်း လှပပြီး ဆွဲဆောင်မှု ရှိတယ်။ သူ့အဘွားကလည်း ကျက်သရေရှိတဲ့ အလှပဂေး ဖြစ်နိုင်ပေမဲ့...]

[ဘယ်လိုပဲပြောပြော အဘွားက အသက် ၅၀ ကျော်နေပြီမလား။ ဝမ်ယန်ဟုန်က အဲဒီတုန်းက ဆယ်ကျော်သက်ပဲ ရှိသေးတာလေ။ ဒီ အဘွားနဲ့ မြေး အချစ်ဇာတ်လမ်းက အရမ်း ကွာခြားလွန်းမနေဘူးလား]

ပြီးတော့!!

ဒီကောင်က သူများ မြေးမလေးကို ချိတ်ဆက်ရင်းနဲ့ မြေးမလေးရဲ့ အဘွားကိုပါ ထပ်ချိတ်တယ်။ မြေးမလေးနဲ့ အိပ်ပြီး အဘွားနဲ့ပါ ထပ်အိပ်တာလား။ သူက ဘာဖြစ်ချင်နေတာလဲ။

နင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အောက်တန်းကျနိုင်ရတာလဲ။

နင့်စိတ်ထဲမှာ နည်းနည်းလေးမှ နေလို့မခက်ဘူးလား။

အရှင်မင်းကြီးမှာ ထုံကျင်နေလေပြီ။

ဒီလို ဦးထုပ်စိမ်းမျိုး ဖြစ်မယ်မှန်း သိရင် ငါ လုံးဝ စပ်စုမှာ မဟုတ်ဘူး။

သည်ဦးထုပ်စိမ်း ဖရဲသီးထဲမှ မမျှော်လင့်ထားသော အရာသည် ကြားနေရသော ယောက်ျား မိန်းမ အားလုံးကို လည်ချောင်းထဲ ဆူးတစ်ချောင်း စိုက်နေသကဲ့သို့ ခံစားလိုက်ရစေသည်။

System ၏ ပြန်ကြားချက်က နောက်ကျမှ ရောက်လာလေ၏။ [အဲဒီအချိန်တုန်းက ဝမ်ယန်ဟုန်က ၁၇ နှစ်။ တက်ကြွလန်းဆန်းနေတဲ့ လူငယ်လေး။ ရှီကျန့်ကျောင်းရဲ့ အဘွားက ၅၅ နှစ်။ ၃ ဆထက် နည်းနည်း ပိုတယ်]

ချူဟွား၏ ယခင်ဘဝ အသက် ၃၀ အရွယ်တွင် အမေဖြစ်သူမှာ ၅၅ နှစ် တိတိ ရှိနေပြီ ဖြစ်သည်။ ဆံပင်ဖြူနှင့် အရေးအကြောင်း သိပ်မရှိဘဲ စာပေဆန်သော တောင်ပိုင်းသူ အလှပဂေး တစ်ဦး ဖြစ်သည်။

သို့သော် ရှေးခေတ်က ၅၅ နှစ် ဆိုသည်မှာ... သူမ၏ ဘက်လိုက်တတ်သော အဘွားသည် ယခုနှစ် ၅၇ နှစ် ရှိပြီဖြစ်ကာ မျက်နှာတစ်ခုလုံး အရေးအကြောင်းများနှင့် အသက်ကြီးမှ ပေါက်သော အမဲစက်များ ပြည့်နှက်နေပြီး ဆံပင်ဖြူများလည်း ဖွေးနေလေပြီ။ ဆက်ဆံရ အလွန်ခက်ခဲသော အဘွားအိုကြီး တစ်ဦးပင်။

အိုက်ယိုး—— ဝမ်ယန်ဟုန်က ကိုယ့်ကိုယ်ကိုယ် သိပ် ရက်စက်တာပဲ။

ဒီလိုလူမျိုးက လမ်းတစ်ဝက်မှာတင် ဇာတ်သိမ်းသွားတာမျိုး ဖြစ်နိုင်သလို နယ်မြေတစ်ခုရဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်လာနိုင်တယ်။ သူ အောင်မြင်သွားခဲ့တာတော့ သိသာပါတယ်။

ချူဟွားသည် မျက်နှာသေဖြင့် ပြောလိုက်လေသည်။ [ဝမ်ယန်ဟုန်က ရှီကျန့်ကျောင်းရဲ့ အမေ ခုတင်ပေါ် တက်ခဲ့တယ်လို့ နင် ပြောရင်တောင် ငါ အံ့ဩတော့မှာ မဟုတ်ဘူး]

လူတိုင်း: "..." အဲဒါတော့ အံ့ဩရဦးမှာပေါ့။

ဒါက ၁၇ နှစ် အရွယ် ကောင်လေးက တစ်ယောက်တည်းနဲ့ အဘွား၊ အမေ၊ မြေး မျိုးဆက် ၃ ဆက်လုံးကို ပြုစုပေးတာလေ။ ပြောလိုက်ရင် တစ်လောကလုံး လန့်ဖျပ်သွားမှာ မဟုတ်ဘူးလား။

အနည်းဆုံးတော့ ငါတို့ သာ့ရှန်းမှာ ဒီလောက် မျက်နှာပြောင်တိုက်တဲ့လူ မရှိဘူး။

အရှင်မင်းကြီးကတော့ စိတ်ရှုပ်ထွေးနေလေ၏။ ဝမ်ယန်ဟုန်က ဒီလောက် အသုံးမကျမှန်း သိလိုက်ရတော့ သူ သိပ် မပျော်ရွှင်မိတော့ပေ။

အမှန်တကယ်တော့ အရှင်မင်းကြီးချင်း အတူတူ ဝမ်ယန်ဟုန်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ သိက္ခာကို အရမ်း ကျဆင်းစေလို့ပါပဲ။ သူ့မှာ ဒီလို လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရှိတယ် ဆိုတာကိုတောင် ဝန်မခံချင်တော့ဘူး။

System: [အဲဒါတော့ မရှိပါဘူး]

ချူဟွားနှင့် အခြားသူများသည် သက်ပြင်းချနိုင်သွားကြသည်။ တော်သေးတာပေါ့။ ဒီကောင်က အဲဒီအဆင့်ထိတော့ အောက်တန်း မကျသေးဘူးပဲ။

သက်ပြင်းချလို့ မပြီးသေးခင်မှာပင် system က ကွေ့ဝိုက်ပြီး ပြောလာပြန်သည်။ [ရှီကျန့်ကျောင်းရဲ့ အမေက မီးဖွားရင်း ဆုံးသွားလို့ အခွင့်အရေး မရလိုက်ဘူး]

ချူဟွား: "..."

လူတိုင်း: "..."

ဒါဆိုရင် ရှီကျန့်ကျောင်းရဲ့ အမေသာ မသေသေးရင် ဝမ်ယန်ဟုန်က တကယ်ပဲ တစ်ယောက်တည်းနဲ့ မျိုးဆက် ၃ ဆက်လုံးကို ပြုစုချင်တာပေါ့လေ။ အော့——

ချူဟွား၏ မျက်နှာထားသည် အတော်ပင် ဆိုးရွားနေပြီး သည်နေရာတွင် ရပ်တန့်ခိုင်းတော့မည့် အခြေအနေ ရှိနေသည်။

Systemက ဖရဲသီးတစ်လုံးကို အကြိမ်ကြိမ် ခွဲပြီး မစားချင်သဖြင့် အမြန် ဆက်ပြောလိုက်သည်။

[ဝမ်ယန်ဟုန်က ခေါင်းအုံးနားမှာ ကပ်ပြီး လေပြေသွေးတယ်။ ရှီကျန့်ကျောင်းရဲ့ အဘွားကလည်း ခေါင်းအုံးနားမှာ ကပ်ပြီး လေပြေသွေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ထူတန်းလန်ရဲ့ ငယ်ချစ်ဦးက စစ်သူကြီးရဲ့ ရန်ဘက်ဖြစ်တဲ့ တခြားစစ်သူကြီးတစ်ယောက်ရဲ့ မြေး ဖြစ်နေတော့ ငယ်ချစ်ဦးကို စစ်တိုက်ဖို့ လွှတ်လိုက်ကြတာပေါ့]

[ဝမ်ယန်ဟုန်က ရှေ့ကနေ လူကို နယ်စပ်လွှတ်လိုက်ပြီး နောက်ကနေ စစ်သူကြီးနဲ့ ပူးပေါင်းကာ နယ်စပ် ကာကွယ်ရေး မြေပုံကို ဖွင့်ချလိုက်တယ်။ ကယ်ဆယ်ရေး အရှိန်ကိုလည်း နှောင့်နှေးအောင် လုပ်လိုက်တော့ ငယ်ချစ်ဦးရဲ့ မိသားစု တစ်ခုလုံး အဲဒီမှာ သေဆုံးသွားခဲ့ရတယ်]

ချူဟွားသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိ၏။ [အတိုက်အခံတွေကို ဖယ်ရှားဖို့အတွက် တိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူနဲ့ ပေါင်းတယ်။ မရေမတွက်နိုင်တဲ့ နယ်ခြားစောင့် တပ်သားတွေနဲ့ ပြည်သူတွေကို သေစေခဲ့တယ်။ ဘယ်လို အမှိုက်ကောင်မျိုးလဲ]

[အရှင်မင်းကြီး ဖြစ်လာဖို့ဆိုရင် လူ့အသက်တွေ၊ ကိုယ်ကျင့်တရားတွေ၊ လူ့ကျင့်ဝတ်တွေကို သူ စိတ်ကြိုက် နင်းချေလို့ ရတယ်ပေါ့လေ]

အသက်ပြင်းပြင်း ရှူလိုက်ပြီး [ဂုဏ်သိက္ခာ ကြီးမားလွန်းတဲ့ စစ်သူကြီးတွေကို သတ်ဖို့အတွက် ဘုရင်တွေက ယုတ်မာတဲ့ နည်းလမ်းတွေ အများကြီး သုံးတတ်တယ် ဆိုတာ ငါ သိပါတယ်။ သူက ဒီလိုမျိုး... တောက်]

ဒီအမှိုက်ကောင်က ငြိမ်းချမ်းတဲ့ ခေတ်ကာလမှာ ကြီးပြင်းလာတဲ့ သူမကိုတောင် သတ်ချင်စိတ် ပေါက်လာအောင် လုပ်နေပါလား။

ထိုနေရာရှိ စစ်သူကြီး အများစုသည် ယုန်သေတော့ မြေခွေး ဝမ်းနည်းသလိုမျိုး ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။

ထောင်ချောက်ဆင် အသတ်ခံလိုက်ရသော စစ်သူကြီးမှာ ရှီးရုံမှ ဖြစ်သော်လည်း ဂုဏ်သိက္ခာ ကြီးမားလွန်းခြင်းကို မကြောက်ရွံ့သော ဘုရင်က မရှိသလောက်ပင်။ အရင်မင်းဆက်တုန်းကလည်း နာမည်ကြီး စစ်သူကြီး ၁၀ ယောက်ကျော် သေဆုံးခဲ့ရသည်။ တကယ် စစ်တိုက်ရင်း သေဆုံးတာလား ဒါမှမဟုတ် ဘုရင်ရဲ့ ယုတ်မာတဲ့ နည်းလမ်းတွေကြောင့် သေဆုံးရတာလား ဆိုတာ ဘယ်သူ သိမှာလဲ။

အရှင်မင်းကြီးမှာ ခုန်ဆွခုန်ဆွ ဖြစ်နေလေပြီ။

အဲဒါက တခြား ဘုရင်တွေပါကွာ။ ငါကိုယ်တော် မလုပ်ပါဘူး။ အမတ်မင်းတို့ ဝမ်းမနည်းကြပါနဲ့။

သူက သာ့ရှန်းမှာ တော်တဲ့ စစ်သူကြီးတွေ ပိုများလာဖို့ ဆုတောင်းနေတာ။

မဟုတ်ရင် နိုင်ငံ့ဘဏ္ဍာတိုက်က အဲဒီလောက် မွဲတေနေတာတောင် ခမည်းတော်နဲ့ သူက ၃ နှစ် တစ်ကြိမ် ဆောင်းဦးရာသီ အမဲလိုက် ကျင်းပဖို့ ဘာလို့ ဇွတ်အတင်း လုပ်နေမှာလဲ။ မှူးမတ်မျိုးဆက်သစ်တွေနဲ့ ပြည်သူတွေကို စစ်မှုထမ်းဖို့ စိတ်ဓာတ်ခွန်အား ပေးချင်လို့ပဲ မဟုတ်ဘူးလား။

System သည် ချူဟွား သည်လောက် ဒေါသထွက်နေသည်ကို ရှားရှားပါးပါး မြင်လိုက်ရသဖြင့် ကြောက်လန့်ပြီး ဘောလုံးလေးလို ကျုံ့ဝင်နေရှာသည်။ အသံနည်းနည်းလေးမှ မထွက်ရဲတော့ပေ။ သူမကို ပိုပြီး ဒေါသထွက်အောင် လုပ်မိမှာ စိုးရိမ်လို့လေ။

ချူဟွားက အသက်ပြင်းပြင်း ရှူလိုက်ပြီး "အမှိုက်နဲ့ ဖက်ဖြစ်နေရင် မတန်ဘူး"၊ "အမှိုက်အတွက် ဒေါသထွက်ပြီး ရင်သားကင်ဆာ ဖြစ်ရရင် မတန်ဘူး"၊ "အဲဒီအမှိုက်ကောင်ကို အနှေးနဲ့အမြန် သတ်ပစ်မယ်" ဟု အကြိမ်ကြိမ် ရွတ်ဆိုလိုက်ပြီးမှ ကိုယ့်ကိုယ်ကိုယ် အောင်မြင်စွာ နှစ်သိမ့်နိုင်လိုက်သည်။

[system ငါ စိတ်မဆိုးတော့ဘူး။ နင် ဆက်ပြော]

System: [ငယ်ချစ်ဦး သေသွားပြီလို့ သိလိုက်ရတော့ ထူတန်းလန်က ညှိုးနွမ်းသွားတဲ့ သစ်ခွပန်းတစ်ပွင့်လို ချက်ချင်း ခြောက်သွေ့သွားတယ်။ ဝမ်ယန်ဟုန်က အခွင့်ကောင်းယူပြီး ဝင်ရောက်လာတယ်။ ဂရုစိုက်ပြတယ်။ အခက်ခဲဆုံး အချိန်တွေကို သူနဲ့အတူ ဖြတ်သန်းပေးခဲ့တယ်]

[ထူတန်းလန်က ဝမ်ယန်ဟုန်နဲ့ လက်ထပ်လိုက်တယ်။ ၃ နှစ် ကြာပြီးတဲ့နောက် ငယ်ချစ်ဦးက ပျက်စီးသွားတဲ့ မျက်နှာတစ်ခြမ်းရယ် မသန်စွမ်းတော့တဲ့ ခြေထောက်တစ်ဖက်ရယ်နဲ့ ပြန်ရောက်လာခဲ့တယ်။ ငယ်ချစ်ဦးက လက်စားချေဖို့ စိတ်ဆန္ဒ ပြင်းပြနေပေမဲ့ အင်အားမရှိ သက်သေမရှိ ဖြစ်နေတော့ ထူတန်းလန်ကို ကူညီဖို့ တောင်းဆိုခဲ့တယ်]

[ထူတန်းလန်က ငယ်ချစ်ဦးအပေါ်မှာ အချစ်ရော နောင်တပါ ရှိနေပြီး ငယ်ချစ်ဦးက ထူတန်းလန်အပေါ် အချစ်ရော အမုန်းပါ ရှိနေတယ်။ ဝမ်ယန်ဟုန်ကိုတော့ အမုန်းရော မနာလိုတာရော ရှိနေတော့ နှစ်ယောက်သား အတူတူ ဖြစ်သွားကြတာပေါ့]

ဒီအထိ ကြားလိုက်ရတော့ ဦးထုပ်စိမ်း ဖရဲသီးက ပြီးလောက်ပြီ။

ချူဟွား: [သူများ မိန်းမကို လုယူမှတော့ ဦးထုပ်စိမ်း ဆောင်းရဖို့ ပြင်ဆင်ထားသင့်တာပေါ့]

System က ထောက်ခံလိုက်သည်။ [ဟုတ်တယ် ဟုတ်တယ်။ ဒီအပြင် ဒီကိစ္စမှာ နောက်ဆက်တွဲ ရှိသေးတယ်]

[ထူတန်းလန်က သား ၃ ယောက် မွေးဖွားခဲ့တယ်။ မင်းသား ၂ ပါးနဲ့ မင်းသမီး ၁ ပါး။ အဲဒီတုန်းက တော်တော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့တယ်။ ရှီးရုံနန်းတော်ရဲ့ ကံကောင်းခြင်းဆိုပြီး နှစ်ပေါင်းများစွာ ပြောစမှတ် ပြုခဲ့ကြတယ်]

[ရှေးခေတ် နန်းတော်တွေမှာ အမြွှာမွေးတာကို သိပ် သဘောမကျကြဘူး။ အထူးသဖြင့် ရုပ်ချင်း တစ်ပုံစံတည်း တူပြီး ထီးနန်းဆက်ခံနိုင်တဲ့ မင်းသားတွေဆို ပိုဆိုးတယ်။ ဒါပေမဲ့ ဒီ မင်းသား ၂ ပါးက ရုပ်ချင်း သိပ်မတူကြဘူး]

ချူဟွား: [ဟင်။ ဒါဆိုရင်...]

လူတိုင်းက စိတ်ထဲတွင် ဆက်တွေးလိုက်ကြသည်။ ဒါဆိုရင် အဲဒီ ကလေး ၃ ယောက်လုံးက ငယ်ချစ်ဦးရဲ့ ကလေးတွေ ဖြစ်နေတာလား။

System က တဟီးဟီး ရယ်မောလိုက်သည်။ [ကလေး ၃ ယောက်ထဲမှာ ၁ ယောက်ကပဲ ဝမ်ယန်ဟုန်ရဲ့ သွေးသား။ ကျန်တဲ့ ၂ ယောက်က ငယ်ချစ်ဦးရဲ့ ကလေးတွေ]

ချူဟွား: ???

လူတိုင်း: ???

အားလုံး တုန်လှုပ်ပြီး နောက်ပြန်လန်ကျသွားကြတော့သည်။ ဒါက ဘယ်လို လုပ်လိုက်တာလဲ။

System: [ဘာလို့လဲဆိုတော့ အဲဒီ မင်းသားက ဝမ်ယန်ဟုန်နဲ့ တူပြီး မင်းသမီးက ထူတန်းလန်နဲ့ တူလို့လေ။ တခြားမင်းသားတစ်ပါးက သူနဲ့ မတူရင်တောင် ထူတန်းလန်နဲ့လည်း မတူတော့ သူ သံသယ မဝင်ခဲ့ဘူး]

[ဘယ်လိုပဲပြောပြော တစ်ဗိုက်တည်းက ထွက်လာတဲ့ ကလေး ၃ ယောက်ပဲလေ]

လှိုင်းထနေသော လေသံကို နားထောင်ခြင်းအားဖြင့် system ဘယ်လောက်တောင် ဝမ်းသာအားရ ဖြစ်နေလဲ ဆိုတာ သိသာလှသည်။ ဝမ်ယန်ဟုန် လူပါးဝတာကို သူလည်း ကြည့်မနေနိုင်တော့ဘူး ထင်ပါရဲ့။

ချူဟွား: [အချိန်ကို တွက်ကြည့်လိုက်ရင် ဝမ်ယန်ဟုန်နဲ့ အတူဆုံး မင်းသားက လူပျိုပေါက် အရွယ်တောင် ရောက်နေလောက်ပြီ။ ဒါပေမဲ့ ဝမ်ယန်ဟုန်က ငယ်ချစ်ဦး သေပြီလို့ပဲ ထင်ထားတာလေ။ မင်းသားက ငယ်ချစ်ဦးနဲ့ တူတယ် ဆိုရင်တောင် တစ်ပုံစံတည်း တူတာမှ မဟုတ်တာ]

[ငယ်ချစ်ဦးက အသက်ရှင်နေပြီး ထူတန်းလန်နဲ့ ဖောက်ပြန်တာကို မိသွားရင်တောင် ငယ်ချစ်ဦးရဲ့ မျက်နှာက ပျက်စီးနေပြီလေ။ ဝမ်ယန်ဟုန်က သူ့ကိုယ်သူနဲ့ သိပ်တူတဲ့ မင်းသားကို ကြည့်ပြီး သံသယ ဝင်ရင်တောင် သက်သေပြဖို့ နည်းလမ်း မရှိဘူး]

[ဘာလို့လဲဆိုတော့ ရှေးခေတ်က သုံးနေကျ သွေးစက်ချတာတို့ အရိုးစစ်ဆေးတာတို့က မသေချာဘူးလေ။ သူက ခေတ်သစ်က ဇီဝဗေဒနဲ့ ဆေးပညာ ဗဟုသုတတွေကိုလည်း မသိတော့ တစ်လောကလုံး ကျော်ကြားတဲ့ အမြွှာ ၃ ယောက်ထဲက ၂ ယောက်က သူ့သားသမီး မဟုတ်ဘူး ဆိုတာကို ဒီတစ်သက် သိတော့မှာ မဟုတ်ဘူး။ ဒီ့အပြင် အဲဒီအတွက် ဂုဏ်ယူနေဦးမှာ]

လူတိုင်း: ???

လူတိုင်း: !!!

နေပါဦး။ သွေးစက်ချတာနဲ့ အရိုးစစ်ဆေးတာက မသေချာဘူး ဟုတ်လား။

တရားရေး ဝန်ကြီးနှင့် တရားသူကြီးချုပ်တို့ ထုံကျဉ်သွားကြတော့သည်။

မင်းသား ၃ က အရင်မင်းဆက်ရဲ့ အကြွင်းအကျန်ဆိုတာ အတည်ပြုလိုက်တုန်းက မင်းသား ၃ တော်ဝင်ကျောက်စိမ်း စာအုပ်ထဲ ဝင်ဖို့ သွေးစက်ချ စစ်ဆေးတဲ့နေရာမှာ တစ်ယောက်ယောက်က လက်ကမြင်းထားတယ်လို့ သူတို့ ခံစားခဲ့ရဖူးတယ်။ သက်ဆိုင်သူတွေကိုလည်း နောက်ကွယ်မှာ စစ်ဆေးခဲ့ဖူးပေမဲ့ ဘာသဲလွန်စမှ မတွေ့ခဲ့ရဘူး။

ဒါပေမဲ့ သူတို့ လုံးဝ မထင်မှတ်ထားခဲ့တာက လက်ကမြင်းထားတာ ဟုတ်မဟုတ် ဆိုတဲ့ ပြဿနာ မဟုတ်သလို ရန်သူရဲ့ နည်းလမ်းက မြင့်မားလွန်းလို့ စစ်ဆေးဖို့ ခက်ခဲတာလည်း မဟုတ်ဘူး။ သွေးစက်ချ ဆွေမျိုးစစ်ဆေးတဲ့ နည်းလမ်း ကိုယ်တိုင်က အသုံးမကျတာ ဖြစ်နေတာပဲ။

ဒီလိုဆိုရင် သွေးစက်ချ ဆွေမျိုးစစ်ဆေးတဲ့ နည်းလမ်းကို အားကိုးနေရတဲ့ ပြည်သူတွေ ဘယ်လို လုပ်ကြမလဲ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း သွေးစက်ချ အရိုးစစ်ဆေးပြီး ဆွေမျိုးတော်စပ်ကြောင်း ဆုံးဖြတ်ပေးခဲ့တာတွေကရော ဘယ်လို လုပ်ကြမလဲ။

Systemက ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ [ဟုတ်တယ်။ အခုလက်ရှိ စိတ်အချရဆုံးကတော့ မိဘနဲ့သားသမီး DNA စစ်ဆေးတဲ့ နည်းပညာပဲ]

လူတိုင်းမှာ စိတ်ပူသွားကြတော့သည်။ အကျယ်ချဲ့ပြီး ပြောပြပါဦး။ သာ့ရှန်းမှာလည်း အမြန်ဆုံး ယူသုံးရမယ်။

ချူဟွား: [နှမြောစရာပဲ။ ငါ မလုပ်တတ်ဘူး]

လူတိုင်း၏ လည်ချောင်းထဲတွင် အသက်ရှူ ရပ်တန့်လုနီးပါး ဖြစ်သွားကြသည်။ မလုပ်တတ်ဘူး ဟုတ်လား။ နင်က ဘယ်လိုလုပ်ပြီး မလုပ်တတ်ရတာလဲ။

နင်က ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ ကျောက်ဆေး၊ ကာလသားရောဂါ ကုသနိုင်တဲ့ ပင်နီဆီလင်၊ ငှက်ဖျားရောဂါ ကုသနိုင်တဲ့ ငှက်ဖျားဆေးတွေကိုတောင် လုပ်တတ်ပြီးတော့ DNA စစ်ဆေးတာကျမှ ဘာလို့ မလုပ်တတ်ရတာလဲ။

အရှင်မင်းကြီး တစ်ပါးတည်းသာ အဆင်ပြေနေသည်။ ချူဟွားက သူ့ဦးထုပ်စိမ်းအပေါ် စိတ်ဝင်စားပုံကို ကြည့်ခြင်းအားဖြင့် တကယ်လို့ တခြား မင်းသား မင်းသမီးတွေသာ သူ့သွေးသား မဟုတ်ရင် ဖရဲသီး စားဖို့ ပျော်ရွှင်နေမှာ ကြာပြီ။

ဒါကို ပြောင်းပြန် တွက်ချက်ကြည့်လိုက်ရင် သားတော် ၅ ပါးနဲ့ သမီးတော် ၃ ပါးစလုံးက သူ့သွေးသားအရင်းတွေ ဖြစ်တယ် ဆိုတာ သက်သေပြနိုင်တယ်။

တခြားလူတွေ၊ အဓိကအားဖြင့် ယောက်ျားများမှာတော့ စိတ်မလုံမခြုံ ဖြစ်နေကြသည်။

ကလေးက ကိုယ့်ကလေး ဟုတ်မဟုတ် သက်သေပြဖို့ တခြားနည်းလမ်း မရှိရင် လင်မယား သင့်မြတ်ရေးနဲ့ မိသားစု သာယာရေးအတွက် ဘယ်လောက်တောင် အဆင်မပြေလိုက်မလဲ။

အမျိုးသမီး အများစုမှာလည်း မျက်လုံးများ တုန်လှုပ်နေကြပြီး စိတ်ထဲတွင် ထိတ်လန့်နေကြသည်။

တကယ်လို့ တစ်ဗိုက်တည်းနဲ့ ယောက်ျားမတူတဲ့ ကလေးတွေ မွေးဖွားနိုင်တယ်ဆိုရင် သူတို့က ကလေးက ဘယ်သူ့ကလေးလဲ ဆိုတာ ဘယ်လို ခွဲခြားကြမလဲ။

သူတို့ စိတ်မလုံမခြုံ ဖြစ်နေကြစဉ်မှာပင် ချူဟွားက ရုတ်တရက် ပြောလာသည်။ [လုံးဝ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး]

Systemက စဉ်းစားမရပေ။ [မျက်နှာကို ကြည့်တာလား။ အသုံးပြုရတာ အကန့်အသတ် ရှိတယ်လေ]

လူတိုင်း၏ ရင်ထဲက အလုံးကြီး ပြန်တက်လာပြန်သည်။

ချူဟွား ရယ်မောလိုက်၏။ [ဒါက နင် ရှိနေသေးတာပဲ မဟုတ်ဘူးလား]

System သဘောပေါက်သွားတော့သည်။ [ဟုတ်သားပဲ။ ငါက ဦးထုပ်စိမ်း ဖရဲသီး စားပြီး သွေးသားရင်း ဟုတ်မဟုတ် ဆုံးဖြတ်ပေးလို့ ရတာပဲ]

လူတိုင်း: "..."

တကယ်လို့ ဒီလူတစ်ယောက်နဲ့ system တစ်ခုက သူတို့ ကြားနေရတယ် ဆိုတာကို မသိတာ သေချာမနေရင် သူတို့နှစ်ယောက် ပေါင်းပြီး တမင်တကာ နောက်ပြောင်နေကြတယ်လို့ ထင်မိမှာပဲ။

ဒီ့အပြင်...

ဖရဲသီးစား systemက သွေးသားရင်း ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပေမဲ့ ချူဟွားက ဦးထုပ်စိမ်း ဇာတ်လမ်းတွေကို အမြဲတမ်း စားနေမှာမှ မဟုတ်တာ။ သူတို့မှာ ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိဘူး။ စမ်းသပ်တာ များသွားရင် ပေါ်သွားလိမ့်မယ်။

ပြီးတော့ system ဆိုတာက ချူဟွား အသက်ရှင်နေစဉ် အတွင်းမှာသာ သာ့ရှန်းမှာ တည်ရှိနေနိုင်မှာ။ အများဆုံး ဆယ်စုနှစ် အနည်းငယ်လောက်ပဲ။

ချူဟွား သေသွားရင် ဘယ်လို လုပ်ကြမလဲ။

ထားလိုက်ပါတော့လေ။ ဖြည်းဖြည်းချင်း စဉ်းစားဖို့ ဆယ်စုနှစ် အနည်းငယ် အချိန် ရပါသေးတယ်။

အဲဒီမတိုင်ခင် ချူဟွားကို ကာကွယ်ဖို့ လူများများ လွှတ်ထားရမယ်။ တစ်ယောက်ယောက်က ဒေါသထွက်ပြီး လုပ်ကြံသတ်ဖြတ်လိုက်မှာ စိုးရိမ်ရတယ်။

မဟုတ်ရင် သူ့(ချူဟွား)အတွက် မသေဆေးတို့၊ အဆိပ်ဖြေဆေးတို့၊ အဆိပ်ပြီးဆေးတို့ ရှာပေးဖို့ နည်းလမ်း ရှာကြမလား။

ဒီကောင်မလေးက ပြဿနာ သိပ်ရှာနိုင်လွန်းတယ်။ သာ့ရှန်းကနေ ရှီးရုံအထိ၊ မှူးမတ်တွေကနေ အရှင်မင်းကြီးအထိ ပြဿနာ ရှာနေတာဆိုတော့ သူတို့ တကယ် စိတ်မချနိုင်ဘူး။

...

All Chapters