← Chapters

အခန်း ၄၆

Vol. 4 Ch. 46

အခန်း ၄၆

Vol. 4 Ch. 46

အပိုင်း (၄၆)

ချူဟွားသည် စုန့်ဖုန်း၏ ဖရဲသီးကို စားပြီးနောက် အချိန်မဆွဲတော့ဘဲ သူမ၏ တဲဆီသို့ ပြန်လာခဲ့၏။ လူအများသည် တခြား စားစရာ ဖရဲသီးများ ရှိသေးသည်ဟု ထင်မှတ်ကာ တကောက်ကောက် လိုက်ပါလာကြသော်လည်း ချူဟွားကတော့ နည်းနည်းလေးမျှ စပ်စုလိုစိတ် မရှိတော့သဖြင့် သူတို့မှာ အောင့်သက်သက် ဖြစ်ကျန်ရစ်ခဲ့ကြရသည်။

ကံကောင်းထောက်မစွာပင် မကြာမီ နန်းစောင့်တပ်သားများထံမှ သတင်းရောက်ရှိလာခဲ့သည်။ မင်ဝေ့စစ်သူကြီးသည် ဒေါသထွက်ကာ မြေးဖြစ်သူကို ရိုက်နှက်လိုက်ပြီး စုန့်ဖုန်း၏ ဥကွဲသွားသည်ဟု သံသယရှိရကြောင်းပင်။

ဥကွဲသွားသည်ဟု ကြားလိုက်ရသောအခါ အရှင်မင်းကြီးသည် စိတ်ကူးဖြင့်ပင် နာကျင်သွားပြီး နိုးကြားတက်ကြွလာတော့သည်။ "မြန်မြန်။ အသေးစိတ် ပြောပြစမ်း"

နန်းစောင့်တပ်သားများက အသေးစိတ် ရှင်းပြနေချိန်တွင် systemသည်လည်း သီးသန့်လိုင်းမှတစ်ဆင့် ချူဟွားကို သတင်းပို့လာ၏။ [ရယ်ရလွန်းလို့ system သေတော့မယ်]

[အဲဒီ ဗေဒင်ဆရာက အတုကြီးပါ၊ ဒါပေမဲ့ စုန့်ဖုန်းက ငယ်ကျွမ်းဆွေနဲ့ သူ့အစေခံမ ခြောက်လိုက်တာကို ခံရပြီး မတော်တဆ အောက်ပိုင်းကို ဝင်တိုက်မိသွားတာ၊ နက်နက်ရှိုင်းရှိုင်း နာကျင်သွားလိုက်တာ။ ခွီး၊ အဲဒီ ဗေဒင်ဆရာ ဟောတာ မှန်သွားရော]

ချူဟွား: [ကွဲသွားတာလား]

System: [မကွဲပါဘူး၊ နည်းနည်းလေး ထိခိုက်မိသွားရုံပါ၊ ယောက်ျားလေးတွေရဲ့ အဲဒီနေရာက နုနယ်တော့ သေလောက်အောင် နာသွားတာ၊ ဘာမှမဖြစ်ပါဘူး]

ချူဟွားက ထိုစကားကို ကြားသောအခါ အနည်းငယ် နှမြောတသ ဖြစ်သွား၏။ [လုံးဝ ပျက်စီးသွားရင်တော့ ကောင်းသား၊ မိန်းကလေးတွေကို ဒုက္ခမပေးနိုင်တော့ဘူးပေါ့]

[ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ] လတ်တလောတွင် ယုတ်မာသော ယောက်ျားများ၏ ဖရဲသီးများကို စားသုံးခဲ့ရလွန်းသဖြင့် systemသည် စုန့်ဖုန်းကို အနည်းငယ် အငြိုးထားနေမိလေသည်။

သည်လောကကြီးတွင် အမျိုးသမီးများ၏ ဘဝသည် ခက်ခဲကြမ်းတမ်းပြီး ဥာဏ်များသော ယောက်ျားများ၏ လှည့်ဖြားခြင်းကို ခံရတတ်သည်။ သူစိမ်းနှင့် ပြင်ပလူများကို ကာကွယ်နိုင်သော်လည်း ရင်းနှီးသူများကို သတိထား ကာကွယ်နိုင်သူ ရှားပါးလှသည်။

တကယ်တမ်း ကိစ္စတစ်ခုခု ဖြစ်လာလျှင် ယောက်ျားလေးများက အချစ်ဇာတ်လမ်း တစ်ပုဒ် တိုးလာရုံသာ ဖြစ်ပြီး ဇနီးမယား ယူရာတွင် မထိခိုက်နိုင်သော်လည်း မိန်းကလေးများမှာတော့ ဂုဏ်သိက္ခာ ကျဆင်းပြီး လူအများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရတတ်သည်။

ဂုဏ်သိက္ခာ ပျက်စီးသွားသော မိန်းကလေးများသည် မည်သူမျှ မသိရှိသော ဝေးလံခေါင်ဖျား ဒေသသို့ လက်ထပ်လိုက်ရခြင်း သို့မဟုတ် ဘုရားကျောင်းတွင် သီလရှင်ဝတ်ပြီး ဘဝကို အဆုံးသတ်လိုက်ရခြင်းမျိုး ကြုံရတတ်သည်။ မိဘများက မိုက်မဲပြီး ရက်စက်ပါက အသက်ရှင်လျက်နှင့်ပင် ဘဝဆုံးသွားတတ်သည်။

ထို့ကြောင့် ချူဟွားနှင့် systemသည် အမျိုးသမီးများကို ပိုမို စာနာမိကြခြင်း ဖြစ်သည်။

ချူဟွား: [ထားလိုက်ပါတော့၊ ဖရဲသီး ဆက်စားကြစို့]

[ကောင်းပါပြီ] Systemသည် မျှဝေခြင်းကို အလျင်အမြန် ဖွင့်လိုက်၏။ [မမကြီးဟွား၊ ငါတို့ ဖရဲသီး ဆက်စားကြမလား]

ချူဟွား: [စားမယ်]

ဘေးပတ်ဝန်းကျင်တွင် မပြန်သေးဘဲ ကျန်ရှိနေသူများသည် ပြန်လည် စုဝေးလာကြပြန်သည်။ သည်လူတစ်ယောက်နှင့် systemတစ်ခုသည် လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်မှန်း သိနေကြ၏။ ဘယ်လို စိတ်ဝင်စားစရာ ကောင်းတဲ့ ဖရဲသီးတွေ ရှိဦးမလဲ မသိနိုင်ပေ။

Systemက သွက်လက်စွာ ဆက်ပြောလိုက်လေသည်။ [လွယ်တာ ၃ ခု အရင် ပြောမယ်၊ တတိယရတဲ့သူက မွေးရာပါ ခွန်အားကြီးတယ်၊ ယောက်ျားလေးလို ဝတ်ထားတာ၊ ကျားမ သဘာဝအရကို ခင်ပွန်းသည် လုပ်လို့ မရဘူး]

ဟင်။ ချူဟွား ပြန်စဉ်းစားလိုက်သည်။ [တတိယရတဲ့သူက အရမ်း ခန့်ညားတဲ့ သခင်လေး တစ်ယောက်ပါ၊ အရပ်ရှည်ပြီး ရုပ်ဖြောင့်တယ်၊ လွတ်လပ်ပေါ့ပါးတယ်၊ ငါတော့ မိန်းကလေးလို့ မထင်မိပါဘူး]

လူအများ: ???

လူအများ: !!!

ချူဟွားမှ မဟုတ်၊ သူတို့လည်း မသိလိုက်ကြပေ။

အရှင်မင်းကြီးလည်း ကြောင်အမ်းသွားတော့သည်။ သူက တစ်နေ့နေ့တွင် ချူဟွားကို အမျိုးသမီးအရာရှိအဖြစ် ညီလာခံ တက်စေချင်သော်လည်း အမဲလိုက်ပွဲတွင် ယောက်ျားလေးလို ဝတ်ဆင်ထားသော အမျိုးသမီး စစ်ဘက်အရာရှိ တစ်ဦးကို အရင် ရွေးချယ်မိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် ကိစ္စက ပြီးဆုံးသွားပြီ ဖြစ်သည်။ မှူးမတ်များလည်း မသိလိုက်ကြသဖြင့် ကောင်းသည်ဟု ဆိုရပေမည်။

System: [အဲဒါက သူက မွေးရာပါ ရဲရင့်တဲ့ ရုပ်ရည် ရှိပြီး မွေးရာပါ ခွန်အားကြီးလို့လေ၊ ဒါက မွေးရာပါ အားသာချက်ပဲ၊ နောက်ပြီး ပြုစုပျိုးထောင်မှုလည်း ပါတာပေါ့]

[သူ့ အဘိုးအဘွား ၃ ဆက်က စစ်သူကြီးတွေလေ၊ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခံရတာ၊ တခြားသူတွေ ငယ်ငယ်က ကစားစရာ ပုလွေ၊ စွန်၊ ဉာဏ်စမ်းကွင်းတွေ ကစားတဲ့အချိန်မှာ သူက သစ်သားဓား၊ သစ်သားလှံတွေနဲ့ ကစားခဲ့တာ]

[သူတို့အိမ်မှာ ဒီမျိုးဆက်အတွက် မိန်းကလေး တစ်ယောက်ပဲ ရှိတယ်၊ မိန်းကလေး ဖြစ်နေလို့ ပင်ပန်းခံပြီး သိုင်းပညာ သင်ကြားပေးဖို့ နှမြောနေပေမဲ့ မိသားစုရဲ့ သိုင်းပညာနဲ့ စစ်ပညာ အမွေအနှစ်ကို ဒီနေရာမှာ အပြတ်မခံနိုင်ဘူးလေ၊ ဒါကြောင့် အကုန် သင်ပေးလိုက်တာ]

ချူဟွားက နှမြောတသ ဖြစ်သွားလေသည်။ [တကယ်တော့ ယောက်ျား မိန်းမ ဆိုတာ သိပ်အရေးမကြီးပါဘူး၊ မိန်းမတွေက ဘယ်နေရာမှာ ယောက်ျားတွေထက် ညံ့လို့လဲ]

[ငါနဲ့ အမေ စီးပွားရေး လုပ်တာ ယောက်ျားတွေလောက် မတော်လို့လား၊ ဒုတိယမင်းသားရဲ့ အိမ်က အစေခံမလေးတွေ စာရင်းတွက်တာ ယောက်ျားတွေလောက် မတော်လို့လား၊ ဒါမှမဟုတ် ဒီမိန်းကလေး မြင်းစီးမြားပစ်တာ ယောက်ျားတွေလောက် မတော်လို့လား၊ ပြီးခဲ့တဲ့တစ်ခေါက်က ဟူအမတ်ရဲ့ သမီးဆိုရင် သူ့ သား ၃ ယောက် ပေါင်းတာထက်တောင် စာတော်သေးတယ် မဟုတ်လား]

[အရည်အချင်းကို လစ်လျူရှုပြီး ကျားမ ကွဲပြားမှု တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ အနာဂတ်ကို ပိတ်ပင်တာက တကယ်ကို မိုက်မဲတာပဲ]

လူအများ: "..."

ကျားမ ကွဲပြားမှု တစ်ခုတည်းကြောင့် ဆုံးဖြတ်ချက်ချတာတော့ မဟုတ်ပါဘူး။

သူတို့က ကျမ်းဂန်တွေကို ကိုးကားပြီး ကျိုးကြောင်းဆီလျော်စွာ ပြန်လည် ချေပချင်သော်လည်း ချူဟွား ရှေ့တွင် ထုတ်ပြောရန် မသင့်တော်ပေ။

ကံကောင်းစွာပင် systemက တရားမျှတသော စကားတစ်ခွန်း ပြောလာခဲ့သည်။ [အကြောင်းရင်းတွေက အများကြီးပါ၊ ကျားမ ကွဲပြားမှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး]

ချူဟွားက အမျိုးသမီးများ၏ အားနည်းချက်ကို သိထားလေသည်။ [အမျိုးသမီးတွေရဲ့ ခွန်အားက အမျိုးသားတွေထက် မွေးရာပါ နည်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ စာပေမှာ ထူးချွန်တဲ့ ဘုရင်မတွေ ရှိသလို စစ်ရေးမှာ ဖခင် ကိုယ်စား စစ်မှုထမ်းတဲ့ မုလန် လည်း ရှိတာပဲ၊ ဘယ်သူက အမျိုးသမီးတွေက အမျိုးသားတွေလောက် မတော်ဘူးလို့ ပြောလဲ]

[သူတို့က အမျိုးသမီးတွေကို ဟိုဟာ မသင်ခိုင်း ဒီဟာ မသင်ခိုင်းဘဲ အမျိုးသမီး ကျင့်ဝတ်တွေကိုပဲ ဖတ်ခိုင်းတာက အမျိုးသမီးတွေကို ယဉ်ပါးအောင် လုပ်ပြီး သူတို့အတွက် ပေးဆပ်စေချင်လို့၊ ပြီးတော့ အမျိုးသားတွေအတွက် အကန့်အသတ် ရှိတဲ့ ရာထူးနေရာတွေကို လာလုမှာ ကြောက်လို့ပဲ]

Systemနှင့် လူအများသည် "အမျိုးသမီးတွေက အိမ်ထောင်ပြု ကလေးမွေး၊ သားသမီး ပြုစုပျိုးထောင်၊ လူကြီးမိဘ လုပ်ကျွေးရမှာပဲ" ဆိုသည့် အကြောင်းပြချက်များကို ထုတ်ပြောချင်ကြသော်လည်း ရှေးခေတ်ကတည်းက ကျော်ကြားသော ဘုရင်မနှင့် မုလန် အကြောင်း ကြားလိုက်ရသောအခါ ပါးစပ်ဟဖို့ ခက်ခဲသွားကြတော့သည်။

ဘုရင်မနဲ့ မုလန်က နှစ်ပေါင်းထောင်ချီအတွင်း ရှားပါးတဲ့ ဥပမာ နှစ်ခုပဲ ရှိတယ်လို့ ပြောမလို့လား။

ဒါဆို ချူဟွားက အတိတ်တုန်းက ဖခင် ကိုယ်စား မြို့စောင့်ခဲ့တဲ့ အမျိုးသမီး စစ်သူကြီးတွေ၊ ခင်ပွန်း ကိုယ်စား စစ်တိုက်ခဲ့တဲ့ အမျိုးသမီး စစ်သူကြီးတွေကို ထပ်ညွှန်ပြလာလိမ့်မည်။ သူမက အမျိုးသမီးတွေကို အလေးထား ကာကွယ်ပေးတတ်သူမို့လို့ အမျိုးသားတွေထက် မညံ့တဲ့ အမျိုးသမီး ထူးချွန်သူ ဥပမာ ဒါဇင်ပေါင်းများစွာကို ဆွဲထုတ်ပြပြီး အမျိုးသားတွေက သဘောထား သေးသိမ်တယ်ဆိုပြီး ဒေါသတကြီး ပြစ်တင်ဝေဖန်လာနိုင်တယ်။

ချူဟွားသည် မိမိ တစ်ယောက်တည်း အင်အားနည်းပါးကြောင်း သိသဖြင့် system၏ မျှဝေခြင်း စွမ်းရည်ကို အသုံးပြုကာ စကားအနည်းငယ် ပြောလိုက်ခြင်း ဖြစ်လေသည်။ အမျိုးသမီးများ၏ ရင်ထဲမှ မကျေနပ်ချက် မီးစလေးများ တောက်လောင်လာလျှင် လုံလောက်ပါပြီ။

သူမက အနေအထား ကြည့်ပြီး ရပ်တန့်လိုက်၏။ [ထားလိုက်ပါတော့၊ systemရေ၊ တခြားအကြောင်း ပြောပြပါဦး]

System: [အင်း အင်း၊ စတုတ္ထရတဲ့သူက ကလေးတောင် ရှိနေပြီ၊ အိမ်က ဇနီးမယားကြီး၊ မယားငယ်၊ ကိုယ်လုပ်တော်၊ အမြှောင်မယား အကုန်ပေါင်းရင် ၁၈ ယောက်တောင် ရှိတယ်၊ ရှုပ်ပွေတဲ့ မုန်လာဥဖြူကြီးပဲ၊ လုံးဝ လက်တွဲဖော်ကောင်း မဟုတ်ဘူး]

[ပဉ္စမရတဲ့သူက လမ်းထိပ်က မုဆိုးမဝမ် နဲ့ ငြိစွန်းနေတာ၊ ခုတင်ပေါ်မှာတော့ အသည်းနှလုံးလေး ဘာလေး ခေါ်ပြီး အပြင်ရောက်တော့ မုဆိုးမဝမ်က ရှုပ်ရှုပ်ယှက်ယှက် များတယ်ဆိုပြီး တခြားသူတွေနဲ့ ပေါင်းပြီး ကဲ့ရဲ့ရှုတ်ချသေးတာ၊ ကိုယ်ကျင့်တရား မကောင်းဘူး]

ချူဟွားက အေးစက်စက် ရယ်မောရန်ပင် ပျင်းရိနေတော့သည်။ [စုစုပေါင်းမှ ၅ ယောက် ရှိတာ၊ အကုန်လုံးနီးပါး ပျက်စီးနေပါရောလား]

[တကယ်ကို ဉာဏ်များတဲ့ ယောက်ျားလေးတွေပဲ၊ အဟက်]

အမျိုးသားများ၏ မျက်နှာများသည် ပျက်ယွင်းလုမတတ် ဖြစ်နေပြီး နောက်ဆုံး ကျန်ရစ်သော တစ်ဦးတည်းသော မျိုးစေ့လေးက အမျိုးသားများအတွက် မျက်နှာပန်းလှအောင် လုပ်ပေးနိုင်ရန် မျှော်လင့်နေကြသည်။

သို့သော် အချို့က system ပြောခဲ့သော [လွယ်တာ ၃ ခု အရင် ပြောမယ်] ဆိုသည့် စကားကို သတိရသွားကြပြီး နောက်ဆုံး ပိတ်ထားသော အရာသည် အကြီးစား ဖြစ်နိုင်ကြောင်း ခံစားမိလိုက်ကြလေသည်။ မျက်နှာပန်းလှဖို့ မပြောနဲ့၊ အမျိုးသားတွေမှာ ကျန်ရှိနေတဲ့ နည်းပါးလှတဲ့ ဂုဏ်သိက္ခာလေးတောင် သူ့ကြောင့် ရွှံ့ကန်ထဲ နင်းချခံရမလား မသိဘူး။

ထင်ထားသည့်အတိုင်းပင် systemသည် ယခင်က ပေါ့ပေါ့ပါးပါး လေသံကို ပြောင်းလဲလိုက်သည်။

[အခု ငါတို့ နောက်ဆုံးတစ်ယောက်အကြောင်း ပြောကြမယ်၊ ဒုတိယရတဲ့ မင်ယွမ်၊ ဒီနှစ် အသက် ၂၀၊ အိမ်ထောင်မရှိ၊ စေ့စပ်ထားတာ မရှိ၊ ငယ်ကျွမ်းဆွေ မရှိ၊ ကလေး မရှိ၊ အမြှောင်မယား မရှိဘူး]

နိဒါန်းတွေ ဒီလောက်များနေတာ ကြားလိုက်ရတော့ နောက်ကွယ်မှာ အံ့ဩစရာကောင်းတဲ့ အလှည့်အပြောင်း ရှိမယ်ဆိုတာ ချူဟွား သိလိုက်သည်။ [လုပ်စမ်းပါ၊ ငါ ပြင်ဆင်ထားပြီးပြီ]

System: [မင်ယွမ်က လူသတ်မှုပေါင်းများစွာ ကျူးလွန်ထားတဲ့ လူသတ်သမားပဲ]

ချူဟွား အံ့ဩလွန်းလို့ အာမေဍိတ်သံ ထွက်သွားသည်။ "ဟင်"

သူမက ယောက်ျားချင်း ကြိုက်တာတို့၊ ဆောင်ကြာမြိုင် သွားတာတို့လောက်ပဲ ထင်ထားတာ။ လူသတ်တယ် ဆိုတာကြီး အတွက်တော့ တကယ် စိတ်မပြင်ဆင်ထားမိဘူး။

လူအများလည်း လန့်သွားကြသည်။ လူသတ်တယ်၊ လူအများကြီး သတ်ထားတယ် ဟုတ်လား။ ဒီလောက် ကြီးလေးတဲ့ ခေါင်းဖြတ်ခံရမဲ့ အပြစ်နဲ့ မင်ယွမ်က အမဲလိုက်ပွဲ လာပြိုင်ရဲသေးတယ်၊ အရှင်မင်းကြီး ပေးတဲ့ ရာထူးကိုတောင် ယူပြီး နန်းတွင်း ဝင်ဦးမယ်ပေါ့။

သွားပြီ။

လူအများသည် အရှင်မင်းကြီး ပုန်းအောင်းနေသော နေရာဘက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်ကြရာ ညအမှောင်တောင် ဖုံးကွယ်မရနိုင်တဲ့ အရှင်မင်းကြီးရဲ့ မည်းမှောင်နေတဲ့ မျက်နှာတော်ကို တွေ့လိုက်ရတာ သေချာသွားပြီ။ ဘေးနားမှာ ခိုးနားထောင်နေကြတဲ့ မင်းဆရာအိုကြီးတွေရဲ့ မျက်နှာတွေလည်း မကောင်းကြတော့ဘူး။ မင်မိသားစုရဲ့ သားအရင်းက လူသတ်တယ်တဲ့လား။

သူတို့ထဲမှာ တရားရေးဝန်ကြီးနဲ့ တရားစီရင်ရေးဝန်ကြီးချုပ် တို့ကသာ ဆက်တိုက် လူသတ်သမားကို လွယ်လွယ်ကူကူ ဖမ်းမိလိုက်လို့ ဝမ်းသာနေကြသည်။ Systemရဲ့ တရားခံ ဖမ်းတဲ့ စွမ်းရည်နဲ့ဆိုရင် ပြန်ရောက်တာနဲ့ ချူဟွားကို တရားရေးဌာန ဒါမှမဟုတ် တရားစီရင်ရေးဌာနကို ပြောင်းရွှေ့ဖို့ နည်းလမ်းရှာရမယ်။

Systemက ဝီရိယရှိရှိနဲ့ ဖရဲသီး ခွဲလိုက်တော့သည်။ [မင်ယွမ် ပထမဆုံး သတ်လိုက်တဲ့ လူက သူ့ အမေအရင်းပဲ]

ချူဟွား: !!!

လူအများ: !!!

အစဖွင့်လိုက်သည်နှင့် ဗုံးခွဲလိုက်သလိုဖြစ်သွားပြီး လူတိုင်းမှာ ကြောင်အမ်းကုန်ကြတော့သည်။

ချူဟွားက ဘဝနှစ်ခုစလုံးမှာ အမေရင်းနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး သူငယ်ချင်းလို နေလာခဲ့တာဆိုတော့ အမေရင်းကို သတ်တယ်ဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်။

ချူဟွား: [မင်ယွမ်ရဲ့ အမေက သူ့ကို နှိပ်စက်လို့လား]

System: [မဟုတ်ပါဘူး၊ အမေရင်းက သူ့ကို ကောင်းကောင်း ဆက်ဆံပါတယ်၊ ကောင်းတာမှန်သမျှ သူ့ကို ပေးတာ]

[အမေရင်းက သူ့ကို မွေးတုန်းက အသက်ငယ်တော့ ခန္ဓာကိုယ် ထိခိုက်သွားပြီး ဒီတစ်သက် သူတစ်ယောက်တည်းပဲ မွေးနိုင်တော့တာ၊ လက်ပေါ်တင်ပြီး သည်းသည်းလှုပ် ချစ်နေရတာ၊ ဘယ်လိုလုပ် နှိပ်စက်မှာလဲ]

ဒါဆိုရင် ချူဟွား နားမလည်တော့ဘူး။ မွေးရာပါ လူမှုရေး ဖောက်ပြန်တဲ့ စိတ်ရောဂါများ ရှိနေတာလား။

System: [မင်မိသားစုက ဟိုးအရင် မင်းဆက် နှစ်ဆက်လောက် ကတည်းက ရှိခဲ့တဲ့ မိသားစုကြီးလေ၊ အရင် မင်းဆက်ကို တည်ထောင်တဲ့ အရှင်မင်းကြီး ပုန်ကန်တုန်းက မင်မိသားစုက နောက်ကွယ်ကနေ ငွေကြေး ထောက်ပံ့ခဲ့တယ်]

[ပထမ အရှင်မင်းကြီးက လက်အောက်ငယ်သားတွေနဲ့ မြို့တော်ကို ဝင်တိုက်တဲ့အခါ မင်မိသားစုက စစ်သည်တွေကို လာဘ်ထိုးပြီး မြို့တံခါး ခိုးဖွင့်ပေးခဲ့တယ်၊ ဒါကြောင့် မင်းဆက် ပြောင်းသွားပေမဲ့ မင်မိသားစုကတော့ ကောင်းကောင်း နေရတုန်းပဲ၊ အရင်ကထက်တောင် ပိုကောင်းလာသေးတယ်]

[ပြီးတော့ သာ့ရှန်းကို တည်ထောင်တဲ့ အရှင်မင်းကြီးက အရင် မင်းဆက်ကို ပုန်ကန်တော့လည်း မင်မိသားစုက အဲဒီအတိုင်း ထပ်လုပ်ပြန်ရော၊ တကယ်လည်း အောင်မြင်သွားတယ်၊ ဒီအချက်ကို ကြည့်ရင်တော့ ငါလည်း လေးစားမိပါတယ်]

ချူဟွား: "..."

လူအများ: "..."

ဒါဆို ပုန်ကန်တဲ့ ခေါင်းဆောင်တွေဆီ ရင်းနှီးမြှုပ်နှံတာကနေ အကျိုးအမြတ် ရပြီး လက်မရွံ့ ဖြစ်သွားတာလား။ မင်မိသားစုရဲ့ အမြင်ကျယ်မှုကို လေးစားရမလား၊ အသက်အန္တရာယ်နဲ့ ရင်းရတဲ့ အရေးကြီး ရင်းနှီးမြှုပ်နှံမှု နှစ်ကြိမ်စလုံးမှာ အမြတ်ကြီးစားခဲ့တာကို လေးစားရမလား မသိတော့ဘူး။

ကိုယ့် အရှင်မင်းကြီး ပုန်ကန်အောင်မြင်ခဲ့တာ ဖြစ်ပြီး မင်မိသားစုက ငွေအားလူအား စိုက်ထုတ်ခဲ့တဲ့ ကုသိုလ်ရှင်တွေ ဖြစ်နေလို့ ဘာမှ ပြောမရပေမဲ့ ရင်ထဲမှာတော့ ပြောမပြတတ်တဲ့ ခံစားချက်ကြီး ဖြစ်နေတယ်။

ချူဟွားက စဉ်းစားကြည့်သော်လည်း သင့်တော်သည့် စကားလုံး ရှာမတွေ့ချေ။ အခွင့်အရေးသမား လို့ ပြောရမလား။ ဆင်တူပေမဲ့ တိကျမှု မရှိဘူး။ ပေါင်းပင်လို လူစားမျိုး လို့ ပြောရမလား။ ဆင်တူပေမဲ့ တိကျမှု မရှိဘူး။

System: [ဒီမိသားစုရဲ့ သွေးထဲမှာက "ဝေဖန်ရခက်တဲ့" ခံစားချက်မျိုး ပေးတယ်၊ အာဏာရှိသူကို ကပ်ဖားပြီး အကျိုးစီးပွားကို ဦးထိပ်ထားတာ]

[ဘယ်မိသားစုက မင်းဆက် ၃ ဆက်လုံး တစ်ဆက်ထက် တစ်ဆက် ပိုပြီး စည်ပင်ဝပြောနိုင်မှာလဲ၊ မင်မိသားစုက ဒီကိစ္စကနေ အကျိုးအမြတ် အများကြီး ရသွားတော့ မူလက ပုံမှန်ဖြစ်နေတဲ့ မိသားစု စည်းကမ်းတွေက လွဲချော်ကုန်တာပဲ]

[ကိစ္စက မင်မိသားစုရဲ့ အဘိုးကနေ စတာ၊ တစ်နှစ်မှာ လင်မယားနှစ်ယောက် ဇနီးသည်ရဲ့ မိဘအိမ် ပြန်တုန်း လမ်းမှာ ဓားပြနဲ့ တွေ့ရော၊ ဓားပြခေါင်းဆောင်က အိမ်ထောင်ဦးစီးရဲ့ ဇနီးကို ကြိုက်သွားတယ်]

အစပိုင်းကို ကြားလိုက်တာနဲ့ ချူဟွားက မကောင်းတဲ့ နိမိတ်ကို ခံစားမိလိုက်ပြီ။

[သူက ဇနီးသည်ကို ပူဇော်လိုက်တာတော့ မဟုတ်ပါဘူးနော်၊ ဘိုးဘေးတွေက မြို့တော်ကို ပူဇော်သလိုမျိုးလေ]

[ဟုတ်တယ်] Systemက ပြောလိုက်၏။ [သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ငွေကြေးနဲ့ ဇနီးသည်ကို လိုလိုလားလား ပေးအပ်လိုက်တာ၊ ဓားပြက တကယ်ပဲ သူ့ကို လွှတ်ပေးလိုက်တယ်]

[နောက်ပိုင်းမှာ သူက နောက်ဇနီးသည် တစ်ယောက် ထပ်ယူတယ်၊ နောက်ဇနီးသည်၊ သားသမီးတွေနဲ့ လှေစီးပြီး ခရီးထွက်တော့ မုန်တိုင်းမိပြီး လှေတစ်စင်းလုံးမှာ သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်]

[အဲဒီအချိန်ကစပြီး ဇနီးနဲ့ မိသားစုဝင်တွေက သူ့အတွက် ကပ်ဘေးကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်သွားပြီး နောက်ဇနီးသည်၊ သားသမီးတွေ၊ ညီအစ်ကိုတွေက မတော်တဆမှုတွေနဲ့ ဆက်တိုက် သေဆုံးကုန်ကြတယ်]

[ဒီ ကပ်ဘေး ကာကွယ်တဲ့ နည်းလမ်းက အိမ်ထောင်ဦးစီးတွေဆီကနေ ပါးစပ်ရာဇဝင်နဲ့ လက်ဆင့်ကမ်းလာတာ၊ ဒီမျိုးဆက် ရောက်တော့ မင်ယွမ် ၇ နှစ်သားမှာ ရောဂါသည်းသည်းထန်ထန် ဖြစ်ရော]

[မင်ယွမ်က အရမ်း ငယ်သေးတော့ ဇနီးသည် မရှိသေးဘူး၊ အိမ်မှာ တခြား ညီအစ်ကို မောင်နှမလည်း မရှိဘူး၊ မင်ယွမ်ရဲ့ အဖေက မင်ယွမ်ကို သူ့ အမေအရင်းကို ကိုယ်တိုင် သတ်ခိုင်းလိုက်တာ]

ချူဟွား: "..."

လူအများ: "..."

စုန့်ဖုန်းက ဗေဒင်ဆရာရဲ့ မက်မွန်ပွင့် ကပ်ဘေးကို သန္ဓေသားနဲ့ ဆက်စပ်လိုက်တာက လုံလောက်အောင် ရူးသွပ်နေပြီ ထင်တာ၊ ဒီမှာ ပိုပြီး ရူးသွပ်တာ ရှိသေးပါလား။

ချူဟွား ဒေါသထွက်လွန်းလို့ ရယ်မောလိုက်မိသည်။ [ဆွေမျိုးသားချင်းတွေကို ကပ်ဘေး ကာကွယ်ဖို့ သုံးတာ ၃ ဆက်တောင် ရှိနေပြီ၊ မင်မိသားစုက မပျက်စီးသေးဘူးလား]

အရှင်မင်းကြီးနှင့် မှူးမတ်များက အေးစက်စက် ရယ်မောလိုက်ကြသည်။ စိတ်ချ၊ မကြာခင် ပျက်စီးတော့မယ်။

System: [တကယ်တော့ မင်မိသားစု နှစ်ပေါင်းများစွာ တည်တံ့နေတာက မင်မိသားစုဝင်တွေရဲ့ ရာစုနှစ်ချီ စီမံခန့်ခွဲမှု၊ အဆက်အသွယ်တွေကြောင့်ရယ်၊ နိုင်ငံတည်ထောင်တုန်းက မင်မိသားစု ကူညီခဲ့တာကို ထောက်ထားပြီး တော်ဝင်မိသားစုက တိတ်တဆိတ် ကူညီပေးခဲ့လို့ရယ်ပါ]

[ဒါပေမဲ့ မင်မိသားစုဝင်တွေရဲ့ ဦးနှောက်က ပြုစားခံထားရသလိုပဲ၊ ဖြေရှင်းရ ခက်တဲ့ ကိစ္စ ကြုံလာရင် ဆွေမျိုးသားချင်း တစ်ယောက်ကို သတ်ပြီး ကပ်ဘေး ကာကွယ်ခိုင်းတယ် ဆိုတာ တကယ်ကို သာမန်လူ နားမလည်နိုင်တဲ့ ဦးနှောက် လည်ပတ်ပုံမျိုးပဲ]

[မင်ယွမ်က ပို ရူးတယ်၊ သူ့ အဖေမှာ ဇနီးမယားတွေ ရှိပေမဲ့ တခြား ကလေး မရဘူး၊ မင်ယွမ်က ငယ်ငယ်တုန်းက ခဏခဏ နေမကောင်း ဖြစ်တယ်၊ အမေရင်း သေပြီ၊ အဖေရင်းကို သတ်လို့မရဘူး၊ ဦးလေးတွေ ဘကြီးတွေ သေကုန်ပြီ၊ ဒါနဲ့ ရင်းနှီးတဲ့ အစေခံကောင်လေးတွေ အစေခံမတွေကို သတ်တာ၊ တစ်ယောက် မလောက်ရင် နှစ်ယောက် သတ်တယ်]

Systemက နာမည်စာရင်းများကို တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်ရာ ယခုနှစ် အသက် ၂၀ ရှိပြီဖြစ်သော မင်ယွမ် ကိုယ်တိုင် သတ်ဖြတ်ခဲ့သူ ၁၂ ဦးတောင် ရှိနေပြီ ဖြစ်သည်။ ပြစ်မှုများက များပြားလှပြီး ခွင့်လွှတ်၍ မရနိုင်ပေ။

ချူဟွား သက်ပြင်းချလိုက်သည်။ [ဒီခေတ်ကြီးမှာ မတော်တဆမှုတွေက ခဏခဏ ဖြစ်နေတာ၊ ကျွန်အဖြစ် ရောင်းစားခံရတဲ့ အစေခံတွေရဲ့ အသက်ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး၊ ဒါကြောင့် မင်မိသားစုက အေးအေးဆေးဆေး နေနိုင်တာပေါ့]

System: [မမကြီးဟွား၊ ငါ စာရင်း ပြင်ဆင်ထားပြီးပြီ၊ နင့် အဖေကို ပေးပြီး တရားရေးဝန်ကြီးဆီ ပေးခိုင်းမလား]

ချူဟွား: [ငါ့ အဖေက အဲဒီလောက် အရည်အချင်း ရှိလို့လား]

ချူဖျင်: "..." သွေးအန်ချင်သွားသည်။

အရှင်မင်းကြီး၊ မှူးမတ်များ: "..." ချူဖျင် တိုးတက်လိုစိတ် မရှိတာကို ဒေါသထွက်ရပြန်တဲ့ နေ့တစ်နေ့ပါပဲလား။

ချူဟွား: [လူတစ်ယောက်လောက် ရှာပြီး နာမည်ဝှက်နဲ့ တိုင်ခိုင်း... နေပါစေတော့၊ ငါ့ ဘေးနားမှာ နန်းစောင့်တပ်သားတွေ အမြဲ ရှိနေတာ၊ လုပ်ရကိုင်ရ ခက်တယ်၊ သူတို့ကိုပဲ မင်ယွမ်ကို စစ်ဆေးခိုင်းလိုက်တာ ပိုကောင်းမယ်]

[ငါ လူကြည့် တော်တယ်လို့ ပြောလိုက်မယ်၊ မင်ယွမ်က တစ်ကိုယ်လုံး သွေးညှီနံ့ ရနေတယ်၊ ကြည့်လိုက်တာနဲ့ လူကောင်း မဟုတ်မှန်း သိတယ်၊ တစ်ချက် ကြည့်လိုက်တာနဲ့ အိပ်မက်ဆိုး မက်တယ်လို့ ပြောမယ်၊ မရရင်လည်း ချင်းကျူကို လွှတ်ပြီး စုန့်ဖုန်းရဲ့ ငယ်ကျွမ်းဆွေ ရှာခဲ့တဲ့ ဗေဒင်ဆရာကို သွားရှာခိုင်းမယ်]

လူအများ၏ မျက်နှာတွင် ထိတ်လန့်ရိပ်များ ပေါ်လာကြသည်။ မလုပ်ပါနဲ့၊ လုံးဝ မလုပ်ပါနဲ့။

အဲဒီ ဗေဒင်ဆရာရဲ့ ပါးစပ်က အထူး စီရင်ထားသလိုမျိုး မကောင်းတဲ့ နိမိတ်ဆိုရင် အရမ်း မှန်တာ။ ချောချောမွေ့မွေ့ ဖမ်းလို့ရမဲ့ ကိစ္စကို ဗေဒင်ဆရာ ပြောလိုက်မှ နက်နက်ရှိုင်းရှိုင်း နာကျင်တာ တစ်ခု ထပ်ဖြစ်ပြီး ဘာမှ မမေးမြန်းရသေးခင် ဥကွဲပြီး သေသွားမှာ စိုးရိမ်ရတယ်။

Systemကတော့ ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီးနဲ့ မှူးမတ်တွေ နားထောင်နေတာပဲ၊ ချူဟွားက ဘယ်လို အကြောင်းပြချက် ပေးပေး သူတို့က အဆင်ပြေအောင် လိုက်လုပ်ပေးမှာပဲ၊ စိတ်ပူစရာ မလိုဘူး။

Systemက အတင်းအဖျင်းများကို ပိုစိတ်ဝင်စားသည်။ [ကျွတ် ကျွတ်၊ အမဲလိုက်ပွဲမှာ စုစုပေါင်း အရာရှိ ၅ ယောက်ပဲ ခန့်တာ၊ ယောက်ျားလေးလို ဝတ်ထားတဲ့ မိန်းကလေးကို ခဏ ထားလိုက်၊ ယောက်ျားလေး ၄ ယောက်ထဲမှာ တစ်ယောက်မှ ခင်ပွန်းလောင်းအဖြစ် မသင့်တော်ဘူး၊ သာ့ရှန်းက ယောက်ျားကောင်းတွေ အကုန် သေကုန်ပြီလား]

ရှိနေသော အမျိုးသားများသည် ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။ ဘယ်ဘက်ပါး ရိုက်ပြီး ညာဘက်ပါး ထပ်ရိုက်ခံရသလို အဆုံးမရှိတော့ပေ။

ဟုတ်ပါရဲ့၊ သာ့ရှန်းမှာ ယောက်ျားကောင်းတွေ အများကြီး ရှိပါလျက်နဲ့ ဘာလို့ မကောင်းတဲ့ ၄ ယောက်နဲ့မှ လာတိုးနေရတာလဲ။

ရလဒ်အနေနဲ့ ချူဟွားက အမျိုးသားတွေကို ပိုပြီး စိတ်ပျက်သွားပြီး systemကိုလည်း "သာ့ရှန်းက ယောက်ျားကောင်းတွေ သေကုန်ပြီ" ဆိုတဲ့ အထင်အမြင်လွဲမှားမှု ပေးလိုက်သလို ဖြစ်ပြီး သူတို့ရဲ့ မျက်နှာနဲ့ ဂုဏ်သိက္ခာ လုံးဝ ပျက်စီးသွားပြီ။

အရှင်မင်းကြီး၏ မျက်နှာတော်သည် ပြာလိုက် ဖြူလိုက် ဖြစ်နေပြီး အံကြိတ်သံများ ထွက်ပေါ်လာတော့သည်။

ရှားရှားပါးပါး စည်းကမ်းဖောက်ပြီး အရာရှိ ၅ ယောက် ခန့်လိုက်တာ၊ ယောက်ျားလေး ၄ ယောက်စလုံး ကိုယ်ကျင့်တရား မကောင်းတဲ့အပြင် လူသတ်သမား တစ်ယောက်ပါ ပါလာတယ်။ အဟက်။ မင်းတို့ အကုန်လုံး ငါနဲ့ တွေ့မယ်။

Systemက လေသံပြောင်းလိုက်၏။ [မမကြီးဟွား၊ နင်က အခု ၁၃ နှစ်ပဲ ရှိသေးတော့ မလောသေးပါဘူး၊ နောက် ၂ နှစ်ကြာရင် ဘယ်လိုလုပ်မလဲ၊ ဒီလို သခွားသီးပုပ်၊ ဂေါ်ဖီထုပ်ပုပ်တွေကို တကယ် ယူရတော့မှာလား]

ဒါကလည်း လူအများ တွေးတော ပူပန်နေကြတဲ့ အချက်ပါပဲ။

ချူဟွားမှာ ဒီလို လျှို့ဝှက်ချက် ရှိနေတော့ သူ့ ဘေးနားမှာ ပြုစုတဲ့သူတွေက အမြဲတမ်း သတိရှိနေရမယ်၊ အရင်းနှီးဆုံး ခေါင်းအုံးတူ အိပ်မဲ့သူက သူမအပေါ် အငြိုးအတေး နည်းနည်းလေးမှ မရှိမှ ဖြစ်မယ်၊ မဟုတ်ရင် အချိန်မရွေး သူမကို သေစေနိုင်တဲ့ ဒဏ်ရာ ပေးနိုင်တယ်။

နန်းစောင့်တပ်သားတွေက ဘယ်လောက်ပဲ ထပ်ကြပ်မကွာ စောင့်ရှောက်ပါစေ၊ ခုတင်ဘေးအထိ လိုက်စောင့်လို့မှ မရတာ။

ဒါကို ခဏ ထားလိုက်ဦး။ ဘယ်သူ့မှာ လျှို့ဝှက်ချက် မရှိဘဲ နေမလဲ။ ချူဟွားကို လက်ထပ်လိုက်တာနဲ့ ခင်ပွန်းဆိုတဲ့ အဆင့်အတန်းကြောင့် ဖရဲသီး systemက ဖရဲသီးမှန်သမျှ စားနေတော့မှာ၊ အဲဒီ ခင်ပွန်းသည်က လုံးဝ လျှို့ဝှက်ချက် မရှိတဲ့သူ ဖြစ်သွားမှာကို တွေးကြည့်ရင်ပဲ ကြောက်စရာ ကောင်းလှပြီ။

ချူဟွား: [မရှိတာက မကောင်းတာထက် စာရင် ပိုကောင်းပါတယ်၊ ကောင်းတဲ့သူ မတွေ့ရင် မယူတော့ဘူး]

[အိမ်ထောင်မပြုရင် ငါ တစ်ယောက်တည်း မရပ်တည်နိုင်တော့ဘူးလို့ ထင်နေလား၊ ပိုက်ဆံရှိ အိမ်ရှိ မြင်းလှည်းရှိနဲ့ ဘယ်လို ပျော်စရာကောင်းတဲ့ ဘဝမျိုး မဖြတ်သန်းနိုင်ရမှာလဲ]

လူအများ မျက်လုံး အရောင်တောက်သွားကြသည်။ ဒါလည်း နည်းလမ်းကောင်းပဲ။

ချူဟွားကို အန္တရာယ် မပေးနိုင်တဲ့ ယောက်ျားတစ်ယောက် ရှာပေးတာထက် သူမကို တစ်ယောက်တည်း နေခိုင်းတာက ပိုပြီး စိတ်ချရတယ်။

System: [နင့် မိဘတွေက သဘောတူပါ့မလား၊ ဆွေမျိုးတွေက သဘောတူပါ့မလား]

ချူဟွားက ပြန်မေးလိုက်သည်။ [သူတို့ သဘောတူတာ မတူတာက အရေးကြီးလို့လား]

System တိတ်ဆိတ်သွားသလို လူအများလည်း တိတ်ဆိတ်သွားကြသည်။

သာမန် မိန်းကလေးဆိုရင် အရွယ်ရောက်လို့ အိမ်ထောင်မပြုရင် မိသားစုရဲ့ တိုက်တွန်းမှု၊ ပြင်ပလူတွေရဲ့ အကြည့်တွေကို ခံနိုင်ရည် ရှိမှာ မဟုတ်ပေမဲ့ ချူဟွားကတော့ သာမန် မဟုတ်ပါဘူး။

သူမက အဲဒါတွေကို ဂရုမစိုက်ဘူး၊ တကယ်လို့ အတင်း တိုက်တွန်းရင် ကိစ္စကြီးကြီးမားမားတွေ လုပ်ပစ်လိုက်နိုင်တယ်။

အရင်ဘဝတုန်းက ချူဟွားက ယောက်ျားနဲ့ ကလေးကို စိတ်မဝင်စားခဲ့ဘူး၊ ဒီဘဝမှာလည်း ကိုယ့်ကိုယ်ကိုယ် အနစ်နာခံမှာ မဟုတ်ဘူး။

ရှေးခေတ်မှာ တစ်ကိုယ်ရေ လူပျိုကြီး အပျိုကြီး လုပ်ဖို့ ခက်ခဲပေမဲ့ system ဆိုတဲ့ အကူအညီ ရှိနေတယ်။ အရှင်မင်းကြီးနဲ့ မှူးမတ်တွေက နောက်ကွယ်က ထောက်ပံ့ပေးနေတယ်။ သူက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး ရွေးချယ်ရမှာလဲ။

ချူဟွား: [ငါက မိန်းကလေးလေ၊ ချူမိသားစု မျိုးဆက် ဆက်ဖို့က အစ်ကို ရှိတယ်၊ ငါက တစ်ဦးတည်းသော သမီး မဟုတ်ဘူး၊ မိသားစုချင်း လက်ထပ်ဖို့အတွက် ချူရှူး ရှိတယ်၊ အစားထိုးလို့ရတဲ့အတွက် သိပ်အရေးမကြီးပါဘူး]

[ယောက်ျားကို အိမ်မှာ လာနေခိုင်းလို့ရတယ်၊ ကလေးကို မွေးစားလို့ရတယ်၊ အခက်အခဲထက် နည်းလမ်းက ပိုများပါတယ်၊ ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် မလုပ်ပါနဲ့]

System လက်ခံသွားသည်။ [နင် ပြောတာ ဟုတ်တယ်]

ချူဟွား: [မဖြစ်ရင်လည်း ငါက ပြုစုပျိုးထောင်တဲ့ ကစားနည်း ကစားလို့ရတာပဲ၊ ကြိုက်တဲ့ပုံစံမျိုးကို အဲဒီ ဦးတည်ချက်အတိုင်း ပျိုးထောင်ယူမယ်]

ပြုစုပျိုးထောင်ခြင်းက မသေချာမှုတွေ အများကြီး ရှိပြီး အောင်မြင်မယ်လို့ မဆိုနိုင်ပေမဲ့ စမ်းကြည့်မှ ရလဒ်ကို သိနိုင်မှာလေ၊ ပြီးတော့... တကယ် မရရင်လည်း တစ်ယောက်တည်း နေလို့ရတာပဲ။

System အနည်းငယ် စဉ်းစားလိုက်သည်။ [အဲဒါ ကောင်းတယ်]

[မမကြီးဟွားမှာ ပိုက်ဆံရှိတာပဲ၊ များများ မွေးစားထားလိုက်၊ တစ်ယောက် မရရင် နောက်တစ်ယောက် ပြောင်းမယ်၊ ခင်ပွန်းလောင်း မဖြစ်နိုင်ရင်တောင် လက်ထောက်အဖြစ် ပျိုးထောင်လို့ ရတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မရှုံးပါဘူး]

[ငါ နင့်ကို အလှလေးတွေ ရွေးပေးမယ်၊ မိဘတွေ ရုပ်ရည်ချောမောပြီး မျိုးရိုးဗီဇနဲ့ အရိုးဖွဲ့စည်းပုံ ကောင်းတဲ့ ကလေးတွေကို ရွေးပေးမယ်၊ ကြီးလာရင် ရုပ်ဆိုးမသွားဘူးလို့ အာမခံတယ်]

ချူဟွား၏ မျက်လုံးများ အရောင်တောက်လာတော့သည်။ [systemရေ၊ နင်က တကယ် ပေါင်းသင်းလို့ ကောင်းတာပဲ၊ ကြယ်ငါးပွင့် ပေးလိုက်မယ်]

Systemက ဂုဏ်ယူစွာ မော့ကြည့်လိုက်လေသည်။ [ဒါပေါ့၊ ဖြစ်ရမယ်လေ]

လူအများ: ???

ဖရဲသီးစားsystemကို ဒီလို သုံးလို့ရတာလား။

…

All Chapters