အခန်း ၄၇
Vol. 4 Ch. 47
အပိုင်း (၄၇)
မြို့တော်သို့ ပြန်သည့်ခရီးစဉ်သည် ခန့်မှန်းထားသည်ထက် နှစ်ရက်စောပြီး ရောက်ရှိလာခဲ့သဖြင့် လမ်းခရီးသည် အတော်လေး မြန်ဆန်သည်ဟု ဆိုရမည်။
ချူဟွားသည် လမ်းတစ်လျှောက်လုံး မြင်းလှည်းဒဏ်ကြောင့် မောပန်းနွမ်းနယ်နေသဖြင့် အိမ်ပြန်ရောက်သည်နှင့် အမောပြေစေရန် ရေနွေးပူပူဖြင့် ရေချိုးလိုက်လေသည်။
ထို့နောက်တွင်တော့ အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသော တော်ဝင်သမားတော်များက သူမကို တော်ဝင်ဆေးကုသဆောင်သို့ ပင့်ဖိတ်သွားကြလေသည်။
အစက သူတို့ မြို့တော်မှ ထွက်ခွာသွားသည့် တစ်လအတွင်းတွင် တော်ဝင်ဆေးကုသဆောင်သည် လိမ္မော်သီး ရာသီမကုန်မီ နေရာအနှံ့အပြားမှ လတ်ဆတ်သော လိမ္မော်ခွံ အများအပြားကို စုဆောင်းကာ လူအင်အား စုစည်းပြီး ပင်နီစလင်ကို အမြောက်အမြား ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်သည်။
နေရာအနှံ့မှ စုဆောင်းထားသော လိမ္မော်ခွံများတွင် ပြဿနာ ရှိနေပုံရပြီး ထုတ်လုပ်လိုက်သော ပင်နီစလင်များသည် ယခင်ကနှင့် မတူညီကြပေ။
သူတို့ စိတ်မသေချာသဖြင့် မသုံးရဲသလို လွှင့်ပစ်ရန်လည်း မရဲကြဘဲ ချူဟွား ပြန်လာပြီး ကြည့်ရှုပေးရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုမတူညီသော ပင်နီစလင်များနှင့် ပတ်သက်ပြီး ချူဟွားလည်း အကြောင်းအရင်းကို မသိပေ။
သတိထားသည့်အနေဖြင့် ထိုပစ္စည်းများကို လွှင့်ပစ်ရန်နှင့် ရင်းနှီးပြီးသား ပင်နီစလင်များကိုသာ အသုံးပြုရန် သူမက တော်ဝင်သမားတော်များကို အကြံပြုလိုက်သည်။
ဤကာလအတွင်း တော်ဝင်သမားတော်များသည် စမ်းသပ်မှု အများအပြား ပြုလုပ်ခဲ့ကြသည်။
ဒဏ်ရာ ပိုးဝင်ပြီး ရောင်ရမ်း ပြည်တည်ကာ အဖျားမကျသော လူနာများအတွက် အသုံးပြုရာတွင် အထူး ထိရောက်မှု ရှိသော်လည်း လူတိုင်းက ပင်နီစလင် သုံးပြီး သက်သာပျောက်ကင်းသည်တော့ မဟုတ်ပေ။ ဓာတ်မတည့်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်တတ်သော လူနာများလည်း ရှိလေသည်။
အချို့သောအရာများကို ချူဟွားက စောစောကတည်းက ရှင်းပြခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် ထပ်မံ အလေးထား ပြောကြားလိုက်သည်။ "ပင်နီစလင် ကိုယ်တိုင်က အဖျားကျစေတဲ့ အာနိသင် မရှိပါဘူး၊ သူက ပိုးသတ်ဆေးပါ၊ အဓိကက ဘက်တီးရီးယားတွေကို ခုခံပြီး ကူးစက်မှုကို ကာကွယ်ပေးတာပါ"
"အစက အဖျားမကျဘဲ ပင်နီစလင် သုံးလိုက်မှ အဖျားကျသွားတဲ့ လူနာတွေက သူတို့ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ရှိနေလို့ပါ၊ ရောင်ရမ်းတာ သက်သာသွားရင် အဖျားကျသွားရော၊ အဖျားကြီးတဲ့ လူနာတိုင်းနဲ့ မကိုက်ညီပါဘူး၊ လူကြီးမင်းတို့ အနေနဲ့ ဆေးသုံးတဲ့အခါ သတိထားဖို့ လိုပါတယ်"
သာ့ရှန်းတွင် ဘက်တီးရီးယား ဟူသော အယူအဆ မရှိသလို ချူဟွားတွင်လည်း လုံလောက်သော ဆေးပညာ အသိပညာ မရှိသဖြင့် ဤအကြောင်းအရာကို အပြည့်အစုံ ရှင်းပြရန် ခက်ခဲလှသည်။ သို့သော် အနည်းငယ် ပြောပြပြီး တော်ဝင်သမားတော်များကို နားလည်စေရုံလောက်သာ တတ်နိုင်လေသည်။
ဘက်တီးရီးယား ဆိုတာ ဘာလဲဆိုတာ အတိအကျ မသိရင် ဒဏ်ရာ ပိုးဝင်ပြီး ဖျားနာတာကျတော့ရော။
ကြီးမားသော ဒဏ်ရာ ဖြစ်စေ၊ သေးငယ်သော်လည်း နက်သော ဒဏ်ရာ ဖြစ်စေ သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်း ကောင်းမွန်စွာ မလုပ်ဆောင်ပါက ပိုးဝင်ရန် လွယ်ကူသည်။
ဤအခွင့်အရေးကို အသုံးချပြီး ချူဟွားသည် ဆေးဖက်ဝင် အရက်ပြန်ကို ထပ်မံ မိတ်ဆက်ပေးလိုက်သည်။
သူမအိမ်တွင် အရက်ဆိုင် ရှိပြီး အရက်ချက်ရန် ကျွမ်းကျင်သူများ ရှိသဖြင့် သင့်တော်သော ပြင်းအားရှိသည့် ဆေးဖက်ဝင် အရက်ပြန်ကို ဖော်စပ်ရန် မခက်ခဲပေ။
ပမာဏ အနည်းငယ် ဖော်စပ်ခြင်းက ကိစ္စ မရှိသော်လည်း အမြောက်အမြား အသုံးပြုရန်၊ အထူးသဖြင့် ရောဂါကုသခြင်းနှင့် စစ်မြေပြင်တွင် လူကယ်တင်ခြင်းတို့၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန်မှာမူ အလွန် ခက်ခဲလှသည်။
အရက်ကို စပါးဖြင့် ချက်လုပ်ရခြင်း ဖြစ်သည်။ သာ့ရှန်းရှိ စပါးများသည် ပြည်သူများ စားသုံးရန်ပင် မလုံလောက်သဖြင့် စစ်ပွဲ သို့မဟုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် သိုလှောင်ထားရသည်။ မည်သူကများ ဂိုဒေါင်လိုက် အရက်ချက်၊ သန့်စင်ပြီး ပိုးသတ်ဆေး လုပ်ရဲပါမည်နည်း။
အရက်ပြန် ထုတ်လုပ်နိုင်လျှင် လူအနည်းငယ်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်မည် ဖြစ်သော်လည်း စားနပ်ရိက္ခာ မလုံလောက်ပါက လူပေါင်း မရေမတွက်နိုင်အောင် သေဆုံးရလိမ့်မည်။
အရာများစွာသည် အခြေခံ အစားအစာနှင့် အဝတ်အထည် ပြဿနာကို ဖြေရှင်းပြီးမှသာ ထည့်သွင်း စဉ်းစားနိုင်မည့် အရာများ ဖြစ်သည်။
ချူဟွားသည် ဤကိစ္စမှာ တာဝန်ကြီးမားပြီး ခရီးဝေးကြောင်း သိနေသဖြင့် တော်ဝင်သမားတော်များကို ဆေးဖက်ဝင် အရက်ပြန် အသုံးပြုနိုင်ကြောင်းနှင့် မည်သို့ အသုံးပြုရမည်ကိုသာ ပြောပြခဲ့ပြီး အခြား စကားတစ်လုံးမှ ပိုမပြောခဲ့ပေ။
သူမသည် ယောက်ျားများကို အသုံးမကျသူများဟု ဆဲဆိုနိုင်ပြီး အကျင့်ပျက် မှူးမတ်များ များပြားကြောင်း ပြောဆိုနိုင်သလို မိန်းကလေးများကို ထကြွ ပုန်ကန်ရန် မြှောက်ပေးနိုင်သော်လည်း အချို့သော ကိစ္စရပ်များတွင်တော့ သူမတွင် လုပ်ပိုင်ခွင့်နှင့် ဂုဏ်သိက္ခာ ကြီးကြီးမားမား မရှိသေးချိန်တွင် ဝင်မပါခြင်းက ပိုကောင်းလေသည်။
တော်ဝင်သမားတော်များသည်လည်း "ဆေးဖက်ဝင် အရက်ပြန်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း" ကိစ္စနှင့် ပတ်သက်၍ အလိုက်တသိပင် မမေးမြန်းခဲ့ကြပေ။
သူတို့ မပြောသော်လည်း ချူဟွား ဘေးနားတွင် အချိန်ပြည့် လိုက်ပါနေသော ကျားယီနှင့် ချိုက်ကန်းတို့က ထိုကိစ္စကို အထက်သို့ တင်ပြလိုက်ကြသည်။
အရှင်မင်းကြီးသည် ဖတ်ရှုပြီးနောက် နဂါးပလ္လင်ပေါ်တွင် လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ထိုင်ကာ သည်ကိစ္စ၏ အကျိုးနှင့် အပြစ်ကို ထပ်ခါတလဲလဲ စဉ်းစားနေပြီးမှ သတင်းကို ဖိနှိပ်ထားလိုက်သည်။ ချန်ကျို့ကိုသာ တော်ဝင်ဆေးကုသဆောင် အကြီးအကဲထံ အမိန့်ပေးစေလွှတ်လိုက်၏။ "လူအင်အား တိုးချဲ့ပြီး အရှိန်မြှင့်ပါ"
တော်ဝင်အမိန့် ရှိနေသဖြင့် တော်ဝင်ဆေးကုသဆောင်သည် တာဝန် မကျေပွန်မည်ကို မစိုးရိမ်ရပေ။
ဆောင်းဦးရာသီ အေးမြချိန်တွင် ငြိမ်ဝပ်ပိပြားရေးဌာန အကျဉ်းထောင်ရှိ သေဒဏ်ကျ အကျဉ်းသားများနှင့် မြို့တော် လမ်းမများပေါ်ရှိ သူတောင်းစားများသည် နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ အအေးဒဏ် ခံရခြင်း၊ အစားအစာနှင့် အဝတ်အထည် ရှားပါးခြင်းတို့ကြောင့် ဒဏ်ရာ ပိုးဝင်သူ အများအပြား ရှိလာခဲ့သည်။
ပထမအုပ်စုသည် ကြီးလေးသော ပြစ်မှု ကျူးလွန်ထားပြီး သေဒဏ် စောင့်ဆိုင်းနေသူများ ဖြစ်သဖြင့် တိုက်ရိုက် ခေါ်ယူ ကုသနိုင်သည်။
ဒုတိယအုပ်စုသည် သမားတော်ပြရန် အခြေအနေ မပေးသဖြင့် ကိုယ့်ဘာသာ ကြံ့ကြံ့ခံနေရသူများ ဖြစ်ရာ တော်ဝင်ဆေးကုသဆောင်မှ လူများက အခမဲ့ ဆေးကုပေးခြင်း၊ ဆေးပေးခြင်းနှင့် အစားအစာ ပေးခြင်းတို့ ပြုလုပ်ပေးသည်ကို ဝမ်းသာအားရ လက်ခံပြီး အလွန် ပူးပေါင်းဆောင်ရွက်ကြသည်။
လဝက်ခန့် ကြာပြီးနောက် ထူထဲသော ဆေးမှတ်တမ်းများနှင့် စမ်းသပ်မှု အစီရင်ခံစာများကို နဂါးစားပွဲတော်ပေါ်သို့ တင်သွင်းလာကြသည်။
အရှင်မင်းကြီးက ဖတ်ရှုပြီးနောက် ယုံကြည်ရသော မှူးမတ်များကို အစည်းအဝေး လုပ်ရန် အလျင်အမြန် ဆင့်ခေါ်လိုက်၏။
ယခု အစည်းအဝေး ခေါင်းစဉ်မှာ ပင်နီစလင်နှင့် ဆေးဖက်ဝင် အရက်ပြန် ဖြစ်သည်။
ပထမကိစ္စသည် ပင်နီစလင် မွေးမြူရန် လတ်ဆတ်သော လိမ္မော်ခွံ အများအပြား လိုအပ်ပြီး ဒုတိယကိစ္စက အရက်ချက်ရန် စပါး အများအပြား လိုအပ်သည်။ ထို့အပြင် ထိန်းသိမ်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအတွက် ကုန်ကျစရိတ် မြင့်မားမှုလည်း ရှိသေးသည်။
သုတေသနနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် ကုန်ကျသော ငွေကြေးကို မကြည့်ဘဲ နောက်ဆုံး ရလဒ်ကိုသာ ကြည့်လျှင် အတော်လေး အားရစရာ ကောင်းလှသည်။
ပင်နီစလင်က လူဘယ်နှယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ လက်ဖဝါး ဖောက်ဝင်သွားသူများ၊ သစ်တုံး ပိမိ၍ ခြေထောက်ကျိုးကာ အဖျားကြီးပြီး သတိလစ်နေသဖြင့် အသက်ဆက်ရန် ခြေဖြတ်ပစ်ရမည့် သူများလည်း ပါဝင်ကြောင်း ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။
ယခင်က ကုသ၍ မရနိုင်သော သို့မဟုတ် ကံတရားကိုသာ ပုံအပ်ထားရသော ရောဂါအများအပြားသည် ပင်နီစလင်ဖြင့် ကုသ၍ အောင်မြင်နိုင်ကြောင်း တွေ့ရှိရသည်။
ဆေးဖက်ဝင် အရက်ပြန်ကို အသုံးပြုပြီး သမားတော်များ၏ လက်၊ အဝတ်စ၊ ကိရိယာများကို ပိုးသတ်ခြင်းနှင့် လူနာ၏ ဒဏ်ရာကို ပိုးသတ်ပြီးမှ ကုသခြင်းသည် ပိုမို ထိရောက်မှု ရှိသည်။
တော်ဝင်ဆေးကုသဆောင်မှ တင်ပြသော အစီရင်ခံစာတွင် အခြေခံအားဖြင့် သတင်းကောင်းများသာ ပါဝင်သည်။ ဤလုပ်ငန်းစဉ်အတွင်း သေဆုံးသွားသူ အများစုမှာ ဆေးနှင့် ရောဂါ မကိုက်ညီခြင်းကြောင့် ဖြစ်သဖြင့် ၎င်းသည်လည်း သတင်းကောင်းဟု ဆိုရမည်။ အနည်းဆုံးတော့ နောက်တစ်ကြိမ်တွင် သည်ရောဂါမျိုးကို ပင်နီစလင် မသုံးရဘဲ အခြားဆေးဝါးများဖြင့် ကုသရမည်ကို သိရှိသွားပြီး ကုသချိန်ကို သက်သာစေနိုင်သည်။
"ပင်နီစလင်နဲ့ အရက်ပြန် အကုန်လုံးက ချူဟွားရဲ့ ဖန်ထည်စက်ရုံက ထုတ်တဲ့ ပုလင်းတွေနဲ့ ထည့်ရမှာလား" မင်းဆရာကြီးက မျက်မှောင်ကြုတ်လိုက်၏။
"မမှားဘူးဆိုရင် သူ့အိမ်က ဖန်ပုလင်းတွေက အရောင်းအဝယ် ပါးပေမဲ့ ဈေးမပေါဘူးနော်"
တော်ဝင်ဆေးကုသဆောင် အကြီးအကဲက နားလည်လွယ်သည့်အရာကို အရင် ပြောလိုက်သည်။
"ဆေးဖက်ဝင် အရက်ပြန်က အရက်ဖြူလိုပဲ အငွေ့ပျံတတ်တဲ့ သတ္တိ ရှိပါတယ်၊ ပုလင်းနဲ့ လုံအောင် မပိတ်ထားရင် ထားရင်းနဲ့ ဖြည်းဖြည်းချင်း လျော့နည်းသွားပြီး နောက်ဆုံးကျရင် ရေပဲ ကျန်တော့မှာပါ"
ရှိနေသော မှူးမတ်အများစုသည် အရက်ကို နှစ်သက်ကြပြီး နှစ်ရှည် သိုလှောင်ထားသော အရက်ကောင်းများကိုလည်း နှစ်သက်ကြသဖြင့် အကြောင်းရင်းကို သိရှိကြသည်။
အရက်ကို အိုးများဖြင့် ထည့်ပြီး ရွှံ့စေးဖြင့် လုံအောင် ပိတ်ရသည်။ ကောင်းစွာ မပိတ်ပါက နှစ်ရှည် သိုလှောင်ပြီးနောက် ပြန်ဖွင့်ကြည့်လျှင် ဘယ်လောက် ကျန်ဦးမည်ကို မပြောနိုင်ပေ။
"ပုံမှန် အရက်ထည့်တဲ့ အိုးတွေကို သုံးလို့မရတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဖန်ပုလင်းလောက် ပေါ့ပါးမှု မရှိတာပါ" တော်ဝင်ဆေးကုသဆောင် အကြီးအကဲသည် အစီရင်ခံစာ တင်သွင်းကတည်းက သူ ဘာရင်ဆိုင်ရမည်ကို သိရှိထားသဖြင့် သူ့ ဆေးသေတ္တာကို ဖွင့်ကာ အတွင်းမှ ဆေးဖက်ဝင် အရက်ပြန် တစ်ပုလင်းကို ထုတ်ပြလိုက်သည်။ "လူကြီးမင်းတို့ ကြည့်ပါ"
လူအများသည် ရှေ့တိုးကာ ကိုင်ကြည့်၊ မကြည့်၊ လောင်းကြည့်ကြပြီးနောက် ဤပုလင်း၏ အရွယ်အစားနှင့် အလေးချိန်သည် အနေတော် ဖြစ်ပြီး အရက်အိုးထက် ကိုင်တွယ် သယ်ယူရ လွယ်ကူကြောင်း တွေ့ရှိသွားကြသည်။
ဖန်ပုလင်းသည် ကြည်လင်နေသဖြင့် အတွင်းတွင် ပမာဏ ဘယ်လောက် ကျန်ရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အရက်အိုးကတော့ မမြင်နိုင်ပေ။
တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် ပုလင်းအဖုံးကို ဖွင့်ပြီး နမ်းကြည့်ရာ ချက်ချင်းပင် ချောင်းဆိုးသွားတော့သည်။ "အဟွတ် အဟွတ်"
တော်ဝင်ဆေးကုသဆောင် အကြီးအကဲက တားမြစ်လိုက်သည်။ "ဆေးဖက်ဝင် အရက်ပြန်က အရမ်း ပြင်းပါတယ်၊ နမ်းလိုက်ရင် နှာခေါင်း စပ်မယ်၊ သောက်လိုက်ရင် ပြဿနာ တက်မယ်၊ လူကြီးမင်းတို့ လုံးဝ မသောက်ကြပါနဲ့နော်"
ဟေ။ သူ မပြောရင် ကိစ္စမရှိပေမဲ့ ပြောလိုက်တော့မှ အရက်သမားကြီးတွေက သောက်ချင်သွားကြသည်။
တစ်စုံတစ်ယောက်က လက်ဖက်ရည်ခွက်ကို တိတ်တဆိတ် စမ်းကိုင်ကြည့်ပြီး ဒီအရက်ပြန်က ဘာအရသာ ရှိလဲဆိုတာ မြည်းစမ်းကြည့်ချင်နေသည်။
တော်ဝင်ဆေးကုသဆောင် အကြီးအကဲ စိတ်ပူသွားတော့သည်။ "လူကြီးမင်းတို့ ကျွန်တော်မျိုးရဲ့ စကားကို နားထောင်ကြပါ၊ လူကြီးမင်းချူက သောက်လို့မရဘူးလို့ အကြိမ်ကြိမ် မှာထားပါတယ်၊ သောက်လိုက်ရင် လည်ချောင်းတွေ ရောင်ရမ်း နာကျင်မယ်၊ အသံတွေ ဝင်သွားမယ်၊ အစာအိမ်တွေ ပူလောင်မယ်၊ ပျို့အန်မယ်၊ အရက်ဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်"
သောက်လိုက်ရင် ဘယ်လောက် ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်တော့မှ အရက်သမားကြီးတွေ ဘယ်လောက်ပဲ သောက်ချင်သောက်ချင် တစ်ခဏတာ ပျော်ရွှင်မှုအတွက် အသက်ကိုတော့ မရင်းရဲကြတော့ပေ။
ဒါပေမဲ့... တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။ "တစ်ငုံလောက် သောက်ရင် ဘာမှ မဖြစ်ပါဘူးနော်"
တော်ဝင်ဆေးကုသဆောင် အကြီးအကဲ: "..."
ဒီအဆင့်ထိ ပြောနေတာတောင် စမ်းသောက်ချင်တဲ့လူ ရှိသေးတာကို သူ ထင်မထားခဲ့မိဘူး။ သူ့စေတနာစကားများက ခွေးပါးစပ်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။
"ရပါတယ်၊ စမ်းသောက်ကြည့်ပြီး သေလိုက်ကြပေါ့" သူ ဆက်မတားတော့ဘဲ "ခင်ဗျားတို့ သဘောပဲ၊ ကြိုက်သလိုသာ လုပ်ကြ" ဆိုသည့် ပုံစံ ဖမ်းလိုက်သည်။
ဒီတော့မှ လူအများ မစမ်းရဲကြတော့ပေ။
တော်ဝင်ဆေးကုသဆောင် အကြီးအကဲက အေးစက်စက် ရယ်မောလိုက်သည်။ ဟက်၊ ခင်ဗျားတို့ရဲ့ ခေါင်းမာမှုကို ကျုပ် မကုနိုင်ဘူးများ မှတ်နေလား။
သူတို့ ငြိမ်သွားသည်ကို မြင်တော့မှ သူက နားလည်ရန် နည်းနည်း ခက်ခဲသော ကျန်တစ်ချက်ကို ဆက်ပြောလိုက်သည်။ "ပင်နီစလင်ကို အပူချိန် နိမ့်တဲ့နေရာမှာ သိမ်းဆည်းထားဖို့ လိုပါတယ်၊ ဖန်ပုလင်းထဲ ထည့်ထားတာက ကြည့်ရှုစစ်ဆေးဖို့နဲ့ အသုံးပြုဖို့ ပိုကောင်းပါတယ်"
အတိုချုပ်ပြောရလျှင် ဖန်ပုလင်း မသုံးမဖြစ် သုံးရမည် မဟုတ်သော်လည်း သုံးလျှင် ပို အဆင်ပြေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် တစ်စုံတစ်ယောက်က ထောက်ပြလာသည်။ "ဒါဆိုရင် ညီလာခံက ချူဟွားနဲ့ စီးပွားရေး လုပ်ရတော့မှာပေါ့"
ဘဏ္ဍာရေးဝန်ကြီးက ချူဟွားကို ကိုယ့်လူအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ပထမဆုံး ထွက်ကာ ကာကွယ် ပြောဆိုလိုက်သည်။ "အဲဒါ ဘာဖြစ်လဲ"
"နွားကျောက်၊ ပင်နီစလင်၊ စင်ကိုးနား၊ ဘယ်အရာက သူ အလကား ပေးတာ မဟုတ်လို့လဲ။ ဘယ်အရာကို သူက ညီလာခံနဲ့ ပူးပေါင်းပြီး သုတေသန မလုပ်ပေးခဲ့လို့လဲ။ ဘယ်အရာအတွက် သူက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ထူးဆောင်မှု ယူခဲ့လို့လဲ"
"အန်းလဲ့မင်းသမီးရဲ့ သင်္ချိုင်းထဲက အဲဒီလောက်များတဲ့ ရတနာတွေ၊ အဲဒါတွေက ပိုင်ရှင်မရှိတဲ့ ပစ္စည်းတွေ၊ ချူဟွားသာ တိတ်တဆိတ် သွားယူရင် အကုန်လုံး သူ့ဟာ ဖြစ်မှာပဲ။ ဒါပေမဲ့ သူက တစ်ပြားမှ မယူဘဲ ကိုယ်ကျိုးမကြည့်ဘဲ အကုန်လုံးကို သာ့ရှန်းရဲ့ ဘဏ္ဍာတိုက်နဲ့ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲ ထည့်ပေးခဲ့တာလေ"
"သူ ပေးခဲ့တဲ့ ငွေကြေးနဲ့ လူအင်အား အများအပြား စိုက်ထုတ်မှ ရနိုင်မဲ့ သတင်းအချက်အလက်တွေဆိုရင်လည်း ညီလာခံက တစ်ပြားမှ မကုန်ဘဲ လွယ်လွယ်ကူကူ ရရှိခဲ့တာ၊ သူ့ဆီက အမြတ်ထုတ်တာ လုံလောက်နေပါပြီ"
ဘဏ္ဍာရေးဝန်ကြီး ဆိုသော ကပ်စေးနှဲ အဘိုးကြီးသည် ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများက တုန်ရီနေပြီး မျက်လုံးနှင့် မျက်နှာအမူအရာတွင် "သူ ဒီလောက် ပေးဆပ်ထားပြီးပြီ၊ ခင်ဗျားတို့က ဘာလိုချင်နေကြသေးတာလဲ" ဟု ရေးထိုးထားသကဲ့သို့ ဖြစ်နေသည်။
"..." တော်ဝင်စာကြည့်ဆောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မှူးမတ်အများအပြား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြသည်။ သူ့နေရာမှာသာ ဆိုရင် ငါ လုပ်နိုင်ပါ့မလား။
အများစုကတော့ မလုပ်နိုင်ကြဘူး။ ဘယ်သူမဆို ကိုယ်ကျိုးကြည့်တတ်ကြတာပဲ။ ငွေကြေးနဲ့ အာဏာကို ဒီလောက် ဂရုမစိုက်ဘဲ မနေနိုင်ကြပါဘူး။
ထိုအချိန်တွင် အလုပ်သမားဝန်ကြီးက လုပ်ဖော်ကိုင်ဖက်များကို သတိပေးလိုက်သည်။ "လူကြီးမင်းတို့ မမေ့ကြပါနဲ့၊ အံ့ဖွယ်ခုံးခုံးက မကြာခင် နိုင်ငံတော် ဘဏ္ဍာတိုက်ကို လာရောက် လည်ပတ်တော့မှာပါ"
ချူဟွားနဲ့ systemရဲ့ ခနဲ့တဲ့တဲ့ သတိပေးမှုသာ မရှိခဲ့ရင် ဘဏ္ဍာရေးဝန်ကြီးက ငွေထုတ်ပေးရတာ ဒီလောက် ရက်ရောမှာ မဟုတ်သလို အလုပ်သမားဝန်ကြီးဌာနကလည်း မကျေနပ်ချက်တွေကို မျိုသိပ်ပြီး မီးစကျသလို နေ့ရောညပါ နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ ယန္တရားတွေကို ပြုပြင်နေမှာ မဟုတ်ဘူး။ အားလုံးက အံ့ဖွယ်ခုံးခုံးကို ပညာပေးချင်နေကြတာ။
တရားရေးဝန်ကြီးက ထပ်ဆင့် ပြောလိုက်သည်။ "အကျင့်ပျက် မှူးမတ်တွေကို သူ စစ်ဆေးပေးခဲ့တာ၊ လူသတ်သမားတွေကို သူ ရှာပေးခဲ့တာ"
တရားစီရင်ရေးဝန်ကြီးချုပ်ကလည်း အားကျမခံ ဝင်ပြောသည်။ "မင်မိသားစုက အရင် မင်းဆက် နှစ်ဆက်လောက် ကတည်းက အခြေကျနေတဲ့ မိသားစုကြီးလေ၊ သူကသာ မင်မိသားစုရဲ့ အရှုပ်တော်ပုံတွေကို မဖော်ထုတ်ပေးရင် ကျွန်တော်တို့လည်း သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
မင်မိသားစုကို ဘာမှ မလုပ်နိုင်ရင် ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ မျက်စိပါတဲ့သူတိုင်း မြင်ကြမှာပါ။
မင်းဆက် ၃ ဆက် တိုင်အောင် တစ်ဆက်ထက် တစ်ဆက် ပိုမို အင်အားကြီးမားလာတဲ့ မိသားစုကြီးရဲ့ အခြေခံအုတ်မြစ်နဲ့ အဆက်အသွယ်တွေက အရမ်း နက်ရှိုင်းလွန်းတော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိရင် ညီလာခံက ဘယ်လို လုပ်မလဲ။
System ပေးတဲ့ သဲလွန်စတွေ၊ အောက်ခြေမှာ လူ ၁၂ ယောက်ကို သတ်ခဲ့တဲ့ မင်ယွမ် ကနေ အထက်မှာ အရင် အိမ်ထောင်ဦးစီးတွေ သတ်ဖြတ်ခဲ့တဲ့ လူစာရင်းတွေ၊ သေဆုံးရတဲ့ အကြောင်းရင်း၊ နေရာ၊ အချိန်တွေ အကုန် ပါတယ်။
ပြီးတော့ နန်းစောင့်တပ်သားတွေရဲ့ စုံစမ်းစစ်ဆေးမှု၊ မင်ယွမ်နဲ့ သူ့ အဖေဆီက ရတဲ့ ဖြောင့်ချက်တွေ၊ သက်သေ လူသက်သေ ပစ္စည်း အကုန် စုံလင်နေတော့ ငြင်းလို့ မရတော့ဘူး။
မင်မိသားစု တစ်ခုလုံး ဂုဏ်သိက္ခာ ကျဆင်းပြီး နာမည်ပျက်စီးသွားတယ်။ နောက်ဆုံး ကျန်ရှိတဲ့ မျက်နှာလေးကို ထိန်းသိမ်းဖို့အတွက် သူရဲကောင်း ပီသစွာ လက်ကို ဖြတ်တောက်လိုက်ရသလိုမျိုး မိသားစု ပိုင်ဆိုင်မှု အများစုကို ပေးအပ်လိုက်ရတာ။
ဒီလိုနဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲကို ငွေတွေ အများကြီး ထပ်ဝင်လာပြန်ရော။
နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ငွေရှိတော့ အရပ်ဘက် ဝန်ကြီးတွေ အလုပ်လုပ်ရတာ ငွေမရှိလို့ လက်တွန့်နေစရာ မလိုတော့ဘူး။ စစ်ဘက် စစ်သူကြီးတွေလည်း ရှီးရုံ နဲ့ ရေရှည် စစ်တိုက်ဖို့ လုံလောက်တဲ့ ယုံကြည်မှု ရှိလာတယ်။ ဘယ်သူက ချူဟွားရဲ့ ကျေးဇူးကို စိတ်ထဲ မမှတ်မိဘဲ နေမလဲ။
အခြေအနေကို မြင်လိုက်ရသောအခါ အမြင့်ဆုံး နေရာတွင် ထိုင်နေသော အရှင်မင်းကြီးက အနည်းငယ် ကျေနပ်သွားလေသည်။
...