အခန်း ၄၈
Vol. 4 Ch. 48
အပိုင်း (၄၈)
နိုင်ငံတော် ဘဏ္ဍာတိုက်နဲ့ သူ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်အပေါ် ချူဟွားရဲ့ ပံ့ပိုးမှုတွေကို ထောက်ထားပြီး တတိယအဆင့် ဝန်ကြီးတွေက ကာကွယ်ပေးနေတာ ထားလိုက်ဦး၊ သူကိုယ်တိုင်လည်း နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ပေးရဦးမှာ။
အရှင်မင်းကြီးက သီးသန့် လျှို့ဝှက် ကိုယ်ရံတော်တွေကိုတောင် ပေးထားပြီး အခုထိ ပြန်မသိမ်းရသေးဘူး မဟုတ်လား။
ဒီကောင်မလေးသာ သူ့ သမီး ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ကံဆိုးစွာနဲ့ တိုးတက်လိုစိတ် မရှိတဲ့ ချူဖျင် ဆီ ရောက်သွားရတယ်။
မစဉ်းစားနဲ့။ စဉ်းစားလိုက်ရင် ဒေါသထွက်တယ်။ အရှင်မင်းကြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။
မင်းဆရာအိုကြီးက ရှိနေသော မှူးမတ်များ ဆက်လက် မကန့်ကွက်ကြတော့သည်ကို မြင်သောအခါ ပြောလိုက်သည်။
"ပင်နီစလင်နဲ့ အရက်ပြန် နှစ်ခုစလုံးက မရှိမဖြစ် လိုအပ်ပြီး အစားထိုးလို့ မရပါဘူး၊ တကယ်လို့ လူကြီးမင်းတို့က ဖန်ပုလင်းတွေ သုံးလိုက်ရင် ချူဟွားက တစ်ဖက်ကမ်းခပ် ချမ်းသာသွားမှာကို စိုးရိမ်နေတယ် ဆိုရင်..."
မှူးမတ်များက မျှော်လင့်တကြီးဖြင့် မင်းဆရာအိုကြီးကို ကြည့်လိုက်ကြသည်။
ဒီမင်းဆရာကြီးက ချူဟွားကို ကျောင်းသား အဖြစ် လက်ခံချင်လို့ ဘက်လိုက်မှာ မဟုတ်ဘူး၊ သေချာပေါက် အရေးကြီးတဲ့ အကြံဉာဏ် ပေးနိုင်မှာပဲ။
"ဒါဆို သူ့ကို ကိုယ့်လူ ဖြစ်အောင် လုပ်လိုက်ကြတာပေါ့" မင်းဆရာအိုကြီးက "ငါ ဘယ်လောက် ဉာဏ်ကောင်းလဲ" ဆိုသည့် မျက်နှာထားဖြင့် ပြောလိုက်ရာ ဒီအကြံပြုချက်က ဘာပြဿနာ ရှိလဲ ဆိုတာ လုံးဝ မတွေးမိပုံရသည်။
မနိုင်ရင် ပူးပေါင်းလိုက်လေ၊ မချမ်းသာနိုင်ရင်လည်း ပူးပေါင်းလိုက်လေ၊ ဘာပြဿနာ ရှိလို့လဲ။ ဘာမှ မရှိဘူး။
မှူးမတ်များ: "..."
သူတို့က ဒီတစ်ယောက်နဲ့ မင်းဆရာကြီးတို့ နောက်ကွယ်မှာ တိုင်ပင်ထားပြီး သူတို့ကို ဝိုင်းပြီး ပြဇာတ် ကပြနေတယ်လို့ သံသယ ရှိလာကြသည်။
ကိုယ့်လူ ဟုတ်လား။ တော်ဝင်မျိုးနွယ်စု ထိန်းသိမ်းရေးအရာရှိ ဖူရှို့ချင်းဝမ်က အရှင်မင်းကြီးကို မကြည့်ဘဲ မနေနိုင်တော့ပေ။
"အရှင်မင်းကြီးက..." ချူဟွားကို နောက်ဆောင်ထဲ ထည့်ချင်နေတာလား။
အရှင်မင်းကြီး မျက်နှာ အရောင် ပြောင်းသွားကာ "ငါ့မှာ မရှိဘူး၊ ငါ မစဉ်းစားဘူး၊ မင်း လျှောက်မပြောနဲ့"
သူက ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် လုံးဝ မရှိတဲ့သူ အဖြစ် မခံယူနိုင်ပါဘူး။
အသက်ရှူဖို့တောင် မေ့နေလောက်အောင် ငြင်းနေတာ ကြည့်ရင် တကယ် မလိုချင်တာ သေချာတယ်။
ဖူရှို့ချင်ဝမ်က အတည်ပြုလိုက်သည်။ "ဒါဆို ဘယ်မင်းသားနဲ့ လက်ထပ်ပေးချင်တာလဲ"
သူ့ အနောက်ဆောင်ထဲ မဝင်သရွေ့တော့ အရှင်မင်းကြီးက ကိစ္စ မရှိပါဘူး။
သားတွေ ဆိုတာ မွေးလာပြီး ဘာလုပ်ဖို့လဲ။ ရောင်းစားဖို့ပဲပေါ့။
"အကြီးကောင်..."
ပထမမင်းသား၏ ယောက္ခမလောင်းများ ရင်တမမ ဖြစ်သွားကြပြီး မျက်လုံးများတွင် ပြင်းထန်သော တောင်းပန်မှုများ ပေါ်လာသည်။ အရှင်မင်းကြီး၊ သနားတော်မူပါ။ သူတို့က ပထမမင်းသားရဲ့ အိပ်ခန်းကိစ္စတွေနဲ့ ဦးထုပ်စိမ်း အကြောင်းတွေကို နေ့တိုင်း မကြားချင်ကြပါဘူး။
"နယ်စပ်မှာ နှစ်ရှည် စောင့်နေရတာ၊ တစ်ကိုယ်လုံး သွေးညှီနံ့တွေနဲ့၊ သူ့ကို လန့်သေစေလိမ့်မယ်"
အရှင်မင်းကြီး ခေါင်းခါလိုက်သည်။ "ဒုတိယကောင်..."
ပထမမင်းသား၏ ယောက္ခမလောင်းများ စိတ်အေးသွားရုံ ရှိသေး၊ ဒုတိယမင်းသား၏ ယောက္ခမလောင်းများ အလှည့် ရောက်လာပြန်သည်။
သူတို့ သမီးတွေနဲ့ ဒုတိယမင်းသားက လင်မယား သဘောဆောင်တဲ့ ဆက်ဆံရေး မရှိတော့ အဲဒီဘက်အပိုင်း လျှို့ဝှက်ချက်အတွက် စိတ်ပူစရာ မလိုပေမဲ့ ချူဟွားကြောင့် ပျက်စီးသွားမှာကို စိုးရိမ်ရတယ်။
အဲဒီ ကောင်မလေးရဲ့ လွှမ်းမိုးမှုကြောင့် သမီးတွေက ဘဏ္ဍာရေးဝန်ကြီးဌာနကို စာရင်းသွားတွက်ကြတယ်၊ တစ်နေ့ကျရင် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ရာထူးတစ်ခုလောက် လိုချင်တယ်လို့ ပြောလာရင် သူတို့က ပေးရမှာလား၊ မပေးရဘူးလား။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြီးသွားရင် တရားရေးဝန်ကြီးဌာနကို လိုက်သွားပြီး အမှုတွေ လိုက်စစ်ရင် သူတို့ ဘယ်လို လုပ်မလဲ။ အုပ်စုဖွဲ့ပြီး ကိုယ်ကျိုးရှာတယ် ဆိုတဲ့ ခေါင်းစဉ် တပ်ခံရတော့မှာပဲ။
ဒုတိယမင်းသား ကိုယ်တိုင်ကတော့ ဘာတုံ့ပြန်မှုမှ မရှိပါဘူး။
ချူဟွားက အခု သူ့ အိမ်ကို ကိုယ့်အိမ်လို ဝင်ထွက်နေတာ၊ ဒုတိယမင်းသား ကြင်ရာတော်ကနေ အောက်ခြေ တံမြက်လှည်းတဲ့ အစေခံမ အထိ သူ ငှက်သိုက် ကြိုက်တာ၊ နံနံပင် မုန်းတာက အစ မှတ်မိနေကြတယ်၊ တစ်ခါတလေ ဟင်းပွဲအသစ်တွေ တီထွင်ပြီး သူ့ကို ထမင်းစား ဖိတ်၊ စကားစမြည်ပြော၊ ဖရဲသီး စားကြတာ။
ဒီအခြေအနေ ရောက်နေမှတော့ သူ့ နောက်ဆောင်ထဲ ဝင်တာနဲ့ မဝင်တာ ဘာကွာခြားမှု ရှိတော့မှာလဲ။
ဒုတိယမင်းသားက ရှင်းရှင်းလင်းလင်း မြင်နေသည်။ ဒီမင်းသားက လုံးဝ အသုံးချခံ သက်သက်ပါပဲ။
အရှင်မင်းကြီးက ခေါင်းကို ပိုမြန်မြန် ခါလိုက်သည်။ "သူသာ အဲဒီကို လက်ထပ်လိုက်ရင် ဒုတိယကောင်ရဲ့ နောက်ဆောင်က သူ့ နောက်ဆောင် ဖြစ်သွားမှာ၊ ဘယ်လို လုပ် ဖြစ်မှာလဲ။ မဖြစ်ဘူး"
ဒုတိယမင်းသား: "..."
ဒုတိယမင်းသား၏ ယောက္ခမများ: "..."
ရင်နာစရာကြီး။
အရှင်မင်းကြီးက တတိယမင်းသားကို ကျော်လိုက်သည်။ "စတုတ္ထကောင်..."
စတုတ္ထမင်းသားက ဒီနှစ် ၁၅ နှစ်၊ မင်းသား ကြင်ရာတော်က ကြိုတင် သတ်မှတ်ထားပြီးပြီ၊ မြင်းတပ်စစ်သူကြီးရဲ့ သမီးငယ်လေး ဖြစ်သည်။
မြင်းတပ်စစ်သူကြီး မျက်နှာတွင် ထိတ်လန့်ရိပ်များ ပေါ်လာသည်။ အရှင်မင်းကြီး၊ အသက်ချမ်းသာပေးပါ။
နောက်ပိုင်းကျရင် သူ့သမီးက ချူဟွား နောက်လိုက်ပြီး ဆောင်ကြာမြိုင် သွားတာ၊ ဘဏ္ဍာရေးဝန်ကြီးဌာန သွားတာ၊ တရားရေးဝန်ကြီးဌာန သွားတာ၊ ဘယ် အငြိမ့်မင်းသားနဲ့ တွေ့တာ၊ အကျင့်ပျက် မှူးမတ်တွေနဲ့ တရားခံ ဘယ်နှယောက် စစ်ဆေးတာ ဆိုတာတွေကို နေ့တိုင်း မကြားချင်ပါဘူး။ သူ အသက်ကြီးနေပါပြီ၊ နှလုံး မကောင်းတော့ပါဘူး။
အရှင်မင်းကြီးသည် အစက တစ်ယောက်က ၁၅ နှစ်၊ တစ်ယောက်က ၁၃ နှစ် ဆိုတော့ဖြင့် အသက် ကွာဟချက် သိပ်မများဘဲ တော်တော်လေး လိုက်ဖက်လှသည်ဟု တွေးမိသော်ငြား မြင်းတပ်စစ်သူကြီးရဲ့ ထိတ်လန့်နေတဲ့ မျက်နှာကို မြင်တော့ ထားလိုက်ပါတော့လေ ဟု တွေးလိုက်တော့သည်။
ချူဟွားက သူနဲ့ သာ့ရှန်းအပေါ် ပေးဆပ်ထားတာတွေနဲ့ဆိုရင် ပဏမဇနီးသည် နေရာက သေချာပေါက် ပေးရမှာ။
လက်ထပ်ခွင့် အမိန့်တော်က ချမှတ်ပြီးသား၊ ပြန်ရုပ်သိမ်းလို့ မဖြစ်ဘူး၊ ဒုတိယကြင်ရာတော် နေရာကျတော့ ချူဟွားအတွက် အရမ်း နစ်နာလွန်းတယ်။
"နံပါတ် ၅ ပဲ ထားလိုက်ပါတော့၊ နံပါတ် ၅ က ၉ နှစ်ပဲ ရှိသေးတယ်၊ စေ့စပ်ထားတာ မရှိဘူး၊ အကျင့်စရိုက် သေသေချာချာ မပြင်ရသေးဘူး၊ သူက ပြုစုပျိုးထောင်ချင်တယ် ဆို၊ သူပဲ ကိုယ်တိုင် ပြုစုပျိုးထောင်ပါစေတော့" အရှင်မင်းကြီး ပြောရင်းနှင့် ဒီအကြံဉာဏ် ကောင်းတယ်ဟု ထင်လာလေသည်။
မှူးမတ်များမှာ မျက်လုံး ပြူးထွက်ကုန်ကြ၏။
အရှင်မင်းကြီး၊ ပဉ္စမမင်းသား လမ်းလွဲသွားမှာကို နည်းနည်းလေးမှ စိတ်မပူဘူးလား။
ဖန်ပုလင်း ကိစ္စက "ပဉ္စမမင်းသားကို ချူဟွားဆီ 'ငယ်လင်' အဖြစ် ပစ်ပေးလိုက်မယ်" ဆိုပြီး အဆုံးသတ်သွားတာကို ဘယ်သူမှ ထင်မထားခဲ့ကြဘူး။
သူတို့ စိတ်လှုပ်ရှားမှု မပြေလျော့သေးခင်မှာပင် အရှင်မင်းကြီးက နောက်ထပ် ခေါင်းစဉ်တစ်ခု ဆွဲထုတ်လိုက်သည်။ "ချူချင်း ပြန်ရောက်လာပြီ"
"ဒီလောက် မြန်တာလား" တရားရေးဝန်ကြီး ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။
ချူဟွားက လက်ရှိ ညီလာခံအတွက် ပေးဆပ်နေတာတွေ အားလုံးက သူမ "ချူချင်း" ဖြစ်နေတာကို အခြေခံထားတာ၊ ချူချင်း အစစ် ပြန်ရောက်လာရင် သူမက အိမ်ပြန်ပြီး ချူသခင်မလေး ပြန်လုပ်ရတော့မှာ။
ဘဏ္ဍာရေးဝန်ကြီးက အနာဂတ် နိုင်ငံတော် ဘဏ္ဍာတိုက်က ငွေတွေ ထွက်ဖို့ပဲ ရှိပြီး ဝင်ဖို့ မရှိတော့မဲ့ ပုံရိပ်ကို မြင်ယောင်လိုက်သလို မျက်နှာ ဖြူဖျော့သွားသည်။
လတ်တလော ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အပြိုင်အဆိုင် လုနေပြီး မအောင်မြင်ကြသေးသည့် တရားရေးဝန်ကြီးနှင့် တရားစီရင်ရေးဝန်ကြီးချုပ်တို့မှာ မျက်စိပြာသွားကြတော့သည်။
သူတို့က ချူဟွားနဲ့ system တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေးဌာနကို ရောက်လာပြီးမှ ရာဇဝတ်သားတွေ ပိုဖမ်းမိဖို့ မျှော်လင့်နေတာလေ။
ချူချင်း က ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ။
ရက် တွက်ကြည့်ရင် ၃ လ နီးပါး ရှိပြီ။
မြို့တော်ကနေ ကျန်းနန် ကို ရေလမ်းကနေ သွားရင် မြန်ပေမဲ့ လမ်းခရီးက တစ်လကျော် ကြာတယ်၊ ချူချင်းက ကျန်းနန် ရောက်တာ တစ်လလောက်ပဲ ရှိသေးတာ စစ်ဆေးလို့ ပြီးသွားပြီလား။ မြန်လိုက်တာ။
ဒါက အရှင်မင်းကြီး ကြိုတင် ပြင်ဆင်ထားတဲ့ ဝှက်ဖဲပဲ။ မှူးမတ်တွေက ချူဟွားကို အမျိုးသမီး အရာရှိအဖြစ် ညီလာခံ တက်ခိုင်းတာကို လက်မခံနိုင်သေးရင်တောင် ချူဟွား ညီလာခံ မတက်တော့တာကို ပိုပြီး လက်မခံနိုင်ကြဘူး။
ထင်မထားတာက ကန့်ကွက်မဲ့သူတွေက ဝန်ကြီးတချို့ရဲ့ ဖိနှိပ်မှုကို ခံလိုက်ရလို့ သူ ထုတ်သုံးစရာ အခွင့်အရေးတောင် မရလိုက်ဘူး။
အရှင်မင်းကြီးမှာ ကြိတ်ပြီး နှမြောနေသော်ငြား မျက်နှာပေါ်တွင်တော့ ထုတ်မပြချေ။
"ချူချင်းက ပြန်လာနေတဲ့ လမ်းပေါ် ရောက်နေပြီ၊ သူ ညီလာခံမှာ ရှိနေတုန်း ခင်ဗျားတို့ သူ့ကို ကူညီခိုင်းစရာ ရှိရင် မြန်မြန် ပြောကြ"
မှူးမတ်များ: ???
မှူးမတ်များ: !!!
လူအများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင်ကြချေ။ "အရှင်မင်းကြီးရဲ့ သဘောက သူတို့ မောင်နှမ နှစ်ယောက် နေရာပြန်လဲကြတော့မယ် ဆိုတဲ့ သဘောလား"
အရှင်မင်းကြီးက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။ "ချူဟွားက အစ်ကို ကိုယ်စား ညီလာခံ တက်တယ် ဆိုတာက ယာယီ အစီအစဉ်ပဲလေ၊ အခု ချူချင်း ပြန်ရောက်လာပြီဆိုတော့ သူက သဘာဝကျကျ ပြန်သွားရမှာပေါ့"
ဘဏ္ဍာရေးဝန်ကြီးတစ်ယောက် စိတ်ပူသွားလေသည်။ "အရှင်မင်းကြီး၊ စာရင်းတွေ စစ်လို့ မပြီးသေးဘူးလေ" အကျင့်ပျက် မှူးမတ်တွေကိုလည်း သိမ်းပိုက်လို့ မပြီးသေးဘူး။ နိုင်ငံတော် ဘဏ္ဍာတိုက်ကလည်း လုံလောက်အောင် မပြည့်စုံသေးဘူး။
အရှင်မင်းကြီး: "သူ လူတွေ အများကြီး မွေးထုတ်ပေးထားတာပဲ၊ ဖြည်းဖြည်းချင်း စစ်ကြပေါ့"
ဘဏ္ဍာရေးဝန်ကြီး စကားပိတ်သွားသည်။ သူ လိုအပ်နေတာက လူနဲ့ အချိန် မဟုတ်ဘူးလေ။ သူ လိုအပ်နေတာက ချူဟွားနဲ့ system လေ။
တရားရေးဝန်ကြီးက အစတုန်းက မထိတ်လန့်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချူဟွား ညီလာခံ တက်နေတာက သာ့ရှန်းအတွက် အကျိုးအရှိဆုံး ဆိုတာ သူ သိနေလို့ပဲ။ အရှင်မင်းကြီးက ပိုတောင် သိဦးမယ်။
ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အမူအရာကို ကြည့်ရတာ နည်းနည်းလေးမှ စိတ်မပူတဲ့အပြင် ကြိုတင် ပြင်ဆင်ထားပုံတောင် ရနေသလိုပဲ။
ဟုတ်သားပဲ၊ အရှင်မင်းကြီးက ပဉ္စမမင်းသားကိုတောင် ပေးလိုက်ပြီလေ။
တရားရေးဝန်ကြီး လန့်သွားပြီး တရားစီရင်ရေးဝန်ကြီးချုပ်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ရာ တစ်ဖက်လူလည်း သဘောပေါက်သွားသည်ကို တွေ့လိုက်ရသည်။
တော်ဝင်မိသားစုက systemရဲ့ အကျိုးကျေးဇူးကို ခံစားရပြီးပြီ ဆိုတော့ ခင်ဗျားတို့က တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေးဌာနကို ဂရုမစိုက်တော့ဘူးပေါ့လေ။
ကျုပ်တို့ ထကြွ ပုန်ကန်လိုက်ရမလား။
တရားရေးဝန်ကြီးက ရှေ့တစ်လှမ်း တိုးလိုက်ကာ "အရှင်မင်းကြီး၊ တရားရေးဝန်ကြီးဌာနမှာ လူလိုနေပါတယ်၊ ကျွန်တော်မျိုး ချူချင်းကို ခေါ်ဖို့ ၆ ကြိမ်တောင် လျှောက်ထားပြီးပါပြီ"
တရားစီရင်ရေးဝန်ကြီးချုပ်က ကပ်ပါလာသည်။ "အရှင်မင်းကြီး၊ တရားစီရင်ရေးဌာနက ပို လိုအပ်ပါတယ်၊ ကျွန်တော်မျိုး လျှောက်လွှာ ၇ ကြိမ် တင်ပြီးပါပြီ၊ ချူချင်းကို တရားစီရင်ရေးဌာနကို အရင် လာခွင့်ပြုပါ"
တရားရေးဝန်ကြီးက အင်္ကျီလက်ထဲ ဝှက်ထားသော လျှောက်လွှာကို အလျင်အမြန် ထုတ်လိုက်သည်။
"ကျွန်တော်မျိုးလည်း ၇ ကြိမ် ရှိပြီ"
တရားစီရင်ရေးဝန်ကြီးချုပ်က အင်္ကျီလက်ထဲက လျှောက်လွှာ ၂ စောင် ထုတ်လိုက်သည်။ "ကျွန်တော်မျိုး ၉ ကြိမ် ရှိပြီ"
တရားရေးဝန်ကြီး မူးလဲချင်သွားသည်။ "ခင်ဗျား မျက်နှာမပြောင်နဲ့၊ ဘယ်သူကများ တစ်ခါတည်းနဲ့ တူညီတဲ့ လျှောက်လွှာ ၂ စောင် တင်တာ ရှိလို့လဲ"
တရားစီရင်ရေးဝန်ကြီးချုပ်က အေးစက်စက် ရယ်မောလိုက်သည်။ "ကျုပ်ကိစ္စက ပို အရေးကြီးတယ်ဆိုတာ ပြတာလေ"
"လေထွား” တရားရေးဝန်ကြီး ဒေါသထွက်သွားသည်။
တရားစီရင်ရေးဝန်ကြီးချုပ်က ပြန်တိုက်ခိုက်လေသည်။ "ခင်ဗျား တစ်သက်လုံး အီးမပေါက်ဘဲ နေကြည့်လိုက်ပါလား"
တရားရေးဝန်ကြီး မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။ ရိုင်းစိုင်းလိုက်တာ။ သည်းမခံနိုင်လောက်အောင် ရိုင်းစိုင်းလိုက်တာ။
အရှင်မင်းကြီးနှင့် မှူးမတ်များက ပွဲကြည့်နေရင်း အနည်းငယ် ပျော်ရွှင်လာကြသည်။ ခင်ဗျားတို့ နှစ်ယောက် ရန်ဖြစ်လိုက်ပါလား၊ နိုင်တဲ့သူဆီ ချူဟွား ပါသွားမယ်။
တရားရေးဝန်ကြီးနှင့် တရားစီရင်ရေးဝန်ကြီးချုပ်တို့ တော်ဝင်စာကြည့်ဆောင်တွင် ရန်ဖြစ်လုနီးပါး ဖြစ်နေချိန်တွင် အလုပ်သမားဝန်ကြီးက ရုတ်တရက် ထွက်လာသည်။ "မဟုတ်ဘူး၊ ကျုပ်ကိစ္စက အရေးအကြီးဆုံး"
သူက အဖေ သေသွားသလို ဆွေးမြေ့သော လေသံဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီး၊ အံ့ဖွယ်ခုံးခုံးက နိုင်ငံတော် ဘဏ္ဍာတိုက်ကို လာတော့မှာ"
"ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေ ဘယ်လောက်ပဲ ရှိရှိ၊ တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေးဌာနက တရားခံ ဘယ်လောက်ပဲ စစ်စစ်၊ အံ့ဖွယ်ခုံးခုံး လာတာနဲ့ ခင်ဗျားတို့ရဲ့ မျက်နှာတွေ ဂုဏ်တွေ အကုန် ကုန်ပြီ"
"အရှင်မင်းကြီး"
တရားရေးဝန်ကြီးနှင့် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်၏ ဝန်ကြီးချုပ်တို့သည်လည်း အလျှော့မပေးလိုကြချေ။ "အရှင်မင်းကြီး"
အရှင်မင်းကြီး: "..." အော်မနေကြနဲ့၊ နားတွေ နာတယ်။
တစ်ချိန်တည်းမှာပင် systemသည် တော်ဝင်စာကြည့်ဆောင်ထဲ၌ ဖြစ်ပျက်နေသည်များကို ချူဟွားအား ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထုတ်လွှင့်ပြသနေ၏။
လေသံနှင့် ဝေါဟာရကြွယ်ဝမှုတို့မှာ များစွာ ပိုမို ကောင်းမွန်လာပြီး မိဖုရားကြီးနှင့် အစားထိုးကြင်ရာတော်တို့အကြောင်း ချူဟွားအား ထုတ်လွှင့်ပြသစဉ်ကကဲ့သို့ ခြောက်ကပ်ကပ် မနိုင်တော့ပေ။ အတော်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။
ထိုအရာကြောင့် သဘောကျသွားပြီး ချူဟွားက ရယ်မောလိုက်လေသည်။ [နောက်ဆုံးကျရင် ငါ ဘယ်ရောက်သွားမလဲဆိုတာ ခန့်မှန်းကြည့်]
Systemက တွေဝေခြင်း မရှိပေ။ [အလုပ်သမားဝန်ကြီးဌာန]
ချူဟွား: [ဘာလို့လဲ]
System: [တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်က နင့်ကို ခက်ခဲတဲ့ အမှုဟောင်းတချို့ စစ်ဆေးခိုင်းမှာ သေချာတယ်။ ဘဏ္ဍာတိုက်ဆီ ရောက်လာတဲ့ အံ့ဖွယ်ခုံးခုံးထက် ဘယ်လိုလုပ်ပြီး ပိုအရေးကြီးနိုင်မှာလဲ]
ချူဟွားသည် အတော်ပင် အံ့ဩသွား၏။ [ထုန်အာ၊ နင် တိုးတက်လာပါလား]
[ဟီး ဟီး...] systemက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ [ဒါနဲ့ စကားမစပ်၊ အရှင်မင်းကြီးက ပဉ္စမမင်းသားကို နင့်ဆီ ကလေးခင်ပွန်းအဖြစ် ပို့ပေးချင်နေတယ်။ နင် ဘယ်လိုလုပ်မလဲ]
ချူဟွား: [သူက ချောလား]
System: [သူ့မယ်တော်က အနောက်ဆောင်မှာ အလှဆုံးပဲ၊ သူကလည်း မင်းသားတွေထဲမှာ အချောဆုံးပဲလေ။ အလှမျိုးစေ့လေး]
ချူဟွားက ပြတ်ပြတ်သားသား ပြောလိုက်သည်။ [မွေးစားမယ်။ သေချာပေါက် မွေးစားရမယ်]
System: [နည်းနည်းလေး ဝမ်းတွင်းမည်းတာပဲ ရှိတာ]
ချူဟွား၏ နှုတ်ခမ်းပေါ်မှ အပြုံးသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။ အရှင်မင်းကြီးက ပစ္စည်းပြန်အမ်းတာကို လက်ခံပါ့မလားဆိုတာ သူမ မသိတော့ပေ။
…