← Chapters

အခန်း ၅၁

Vol. 4 Ch. 51

အခန်း ၅၁

Vol. 4 Ch. 51

အပိုင်း (၅၁)

အရှင်မင်းကြီးသည် ကွပ်ကဲရေးမှူးချုပ်၏ ဖရဲသီးကို စားသုံးစဉ်က ပျော်ရွှင်ခဲ့ရသလောက် ယခုအချိန်တွင်တော့ မျက်နှာတော်သည် အလွန် မည်းမှောင်နေလေသည်။

ညီလာခံ မစတင်မီ အရှင်မင်းကြီးက လင်ယိုကို အမိန့်ပေးလိုက်၏။ “လွီကျန့်ယဲ့က တယ်ဖေးညန်ညန်နဲ့ ကျန်းရဲ့ နာမည်ကို သုံးပြီး ကောက်ခံထားတဲ့ ဂါရဝပြုငွေတွေကို လွီမိသားစုကို အကုန်ပြန်အန်ထုတ်ခိုင်းလိုက်”

“နိုင်ငံတော်ဘဏ္ဍာတိုက်နဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကနေ ခိုးယူသွားတဲ့ ပစ္စည်းတွေကို အရင်းရော အတိုးပါ တစ်ပြားတစ်ချပ်မှ မလျော့စေဘဲ ပြန်ပေးခိုင်းရမယ်”

လင်ယို: “ကျွန်တော်မျိုး အမိန့်တော်အတိုင်းပါ”

အရှင်မင်းကြီး၏ စိတ်သဘောထားအရ မူလကတော့ လွီမိသားစုကို ခိုးယူသွားသော ပမာဏလောက်သာ ပြန်ပေးစေချင်ခဲ့သော်လည်း လွီကျန့်ယဲ့၏ လုပ်ရပ်များက အရှင်မင်းကြီးကို မျက်နှာပျက်စေခဲ့သည် မဟုတ်ပါလား။

မေးပါရစေဦး။ ဒီလောကထဲက ဘယ်ယောက်ျားသားကများ ဂုဏ်သိက္ခာကို မမက်မောဘဲ နေမည်နည်း။

အရှင်မင်းကြီးသည် ညီလာခံမှ အရပ်ဘက် စစ်ဘက် မှူးမတ်များ၊ နန်းစောင့်တပ်သားများနှင့် ကုန်းကုန်းများ အားလုံး သိရှိသွားသည်အထိ မျက်နှာပျက်ခဲ့ရသည်တွင် ဒေါသထွက် ထွက်ပေါက်မရှာဘဲ နေနိုင်မည်လား။

လင်ယိုသည် သူ့စိတ်ထဲတွင် လွီကျန့်ယဲ့အတွက် ပြစ်ဒဏ်များစွာကို ချမှတ်ထားလိုက်သည်။

အားလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်တွင် မိမိ၏ ထင်ရာစိုင်း လုပ်ရပ်များအတွက် တန်ဖိုးတစ်ခုတော့ ပေးဆပ်သင့်သည် မဟုတ်ပါလား။

မဟုတ်လျှင် လွီကျန့်ယဲ့ဟူသည့်သကောင့်သားသည် သင်ခန်းစာ ရလိမ့်မည် မဟုတ်ဘဲ အကျဉ်းထောင်မှ ထွက်လာပြီးနောက် ပြဿနာများ ဆက်လက် ရှာဖွေနေဦးမည်။

အရှင်မင်းကြီးက လွီကျန့်ယဲ့အတွက် အကြိမ်ကြိမ် ဖင်လိုက်ဆေးပေးချင်သော်လည်း သူကတော့ မလုပ်ချင်ပေ။ နန်းစောင့်တပ်ဖွဲ့သည် အလုပ်များလွန်းလှသည်တွင် ငတုံးတစ်ကောင်နှင့် အချိန်ကုန်ခံပြီး တိုက်ခိုက်နေရန် အချိန်မရှိပေ။

အချိန် ကျရောက်သည်နှင့် အရှင်မင်းကြီးသည် အဝတ်အစားများကို ပြင်ဆင်ဝတ်ဆင်ကာ ညီလာခံသို့ ထွက်ခွာလာခဲ့လေသည်။

မှူးမတ်များသည် ထုံးစံအတိုင်း တိုင်းပြည်အရေးကိစ္စများကို ဆွေးနွေးကြပြီး စကားအနည်းငယ် မပြောရသေးခင်မှာပင် သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေး ရပ်တည်ချက် မတူညီမှုတို့ကြောင့် စတင် ရန်ဖြစ်ကြတော့သည်။

ချူဟွားကတော့ အနှစ်သာရမရှိသော ထိုရန်ဖြစ်သံများကို နားထောင်ရသည်မှာ စိတ်မရှည်တော့ပေ။

[System၊ လွီမိသားစုက သစ်လုပ်ငန်း လုပ်တာလေ၊ ပိုက်ဆံမှ မလိုတာ၊ လွီကျန့်ယဲ့က ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ အလုပ်ကို စွန့်စား လုပ်ရတာလဲ]

အရှင်မင်းကြီးနှင့် မှူးမတ်များသည် အာရုံစိုက်မှုကို တိတ်တဆိတ် ခွဲဝေပေးလိုက်ကြသည်။ သူတို့လည်း သိချင်ကြလေသည်။

လွီကျန့်ယဲ့ကို ဒီလမ်းပေါ် ရောက်သွားစေတာက ဘာများလဲ။ အင်း... တယ်ဖေးညန်ညန်က မင်းသား ၄ ကို မွေးဖွားပေးလိုက်လို့ လွီမိသားစုက စိတ်ကြီးဝင်သွားတာများလား။

အရှင်မင်းကြီး၏ မျက်လုံးတော်များသည် သရဖူမှ ပုလဲကုံးများနောက်တွင် တဖြည်းဖြည်း နက်ရှိုင်းသွားတော့သည်။ ထီးနန်းကို မျှော်မှန်းနေသူများက အမှန်တကယ် များပြားလှပါလား။

မကြာမီတွင်ပင် ထိုပူးပေါင်းကြံစည်မှု အယူအဆများနှင့် စုဆောင်းမိခါစ စိတ်ခံစားမှုများကို systemက ဖြတ်တောက်လိုက်လေသည်။

System: [သူက လောင်းကစား ဝါသနာပါလို့]

လောင်းကစားသမား ဖြစ်နေတာလား။ ဒါဆိုရင်တော့ ဘာလုပ်လုပ် မထူးဆန်းတော့ပေ။

ချူဟွားက ပြတ်ပြတ်သားသား ပြောလိုက်သည်။ [ကယ်လို့ မရတော့ဘူး]

အရှင်မင်းကြီး: ???

မှူးမတ်များ: ???

မဟုတ်သေးဘူးလေ။ နင်က စကားလုံး သုံးလုံးလောက် နားထောင်ရုံနဲ့ ဆုံးဖြတ်ချက် ချလိုက်တာလား။ စောလွန်းမနေဘူးလား။ အနည်းဆုံးတော့ နည်းနည်းလောက် ပို နားထောင်သင့်တယ် မဟုတ်ဘူးလား။

Systemက အလွန် သဘောတူလေသည်။ [ဟုတ်တယ်။ လောင်းကစား ဆယ်ကြိမ်မှာ ကိုးကြိမ် ရှုံးတာပဲ၊ သူက ဘာမဆို လုပ်လို့ရလျက်နဲ့ ဘာလို့ လောင်းကစားကိုမှ စွဲလမ်းရတာလဲ]

[မြို့တော်မှာ လောင်းကစားရုံတွေ အများကြီး ရှိပါလျက်နဲ့ ရှီးရုံ သူလျှိုတွေ ဖွင့်ထားတဲ့ဆိုင်ကိုမှ ဘာလို့ ရွေးသွားရတာလဲ]

[မြို့တော်မှာ လောင်းကစား ဝါသနာပါသူတွေ အများကြီး ရှိပါလျက်နဲ့ သူက ဘယ်သူနဲ့မှ အစ်ကို ညီအစ်ကို မဖွဲ့ဘဲ ရှီးရုံ သူလျှိုတွေနဲ့မှ ဘာလို့ ညီအစ်ကို ဖွဲ့ရတာလဲ]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

အင်း။ တကယ် ကယ်မရတော့ဘူးပဲ။ ဆွဲထုတ်ပြီး မြှုပ်လိုက်ကြတော့။

ကမ္ဘာလောကမှာ လောင်းကစား ကြိုက်တဲ့သူတွေ အများကြီး ရှိပါလျက်နဲ့ မင်းလိုကောင်က ဘယ်လိုလုပ်ပြီး ရှီးရုံ သူလျှိုတွေနဲ့ ပတ်သက်မိရတာလဲ။

သေချာပေါက် မင်းမှာ ပြဿနာ ရှိနေလို့ပေါ့။

ချူဟွားက အခြား အဓိပ္ပာယ်တစ်ခုကို ကြားလိုက်ရသည်။ [လွီကျန့်ယဲ့က ရှီးရုံ သူလျှိုတွေနဲ့ ဘယ်လို ပတ်သက်သွားတာလဲ]

System: [ရှီးရုံက သာ့ရှန်းက မှူးမတ်တွေကို အစကတည်းက စောင့်ကြည့်နေတာ၊ ပြီးတော့ အရှင်မင်းကြီးရဲ့ အနောက်ဆောင်ထဲကို လူသွင်းဖို့လည်း ကြိုးစားနေတာလေ၊ လွီကျန့်ယဲ့က သူ့အလိုလို ရောက်လာတော့ သူတို့ ပါးစပ်တောင် စေ့လို့မရအောင် ပျော်သွားကြတာပေါ့]

ချူဟွား: [အသေးစိတ် ပြောပြပါဦး]

အရှင်မင်းကြီးနှင့် မှူးမတ်များက နားစွင့်လိုက်ကြသည်။ ရန်ဖြစ်နေသော လူအုပ်စု နှစ်စုသည်လည်း အသံများကို လျှော့ချလိုက်ပြီး လေထုမှာ လျော့ပါးသွားတော့သည်။

နောက်နေတာလား။ ဒါက ရှီးရုံ သူလျှိုတွေရဲ့ အခမဲ့ သတင်းအချက်အလက်လေ။ အတွင်းမှာ ရန်ဖြစ်နေတာက အပြင်လူကို တိုက်ထုတ်တာလောက် ဘယ်အရေးကြီးပါ့မလဲ။

System: [လွီကျန့်ယဲ့က ငယ်ငယ်ကတည်းက အလိုလိုက် ခံခဲ့ရတာ၊ လိုချင်တာ မှန်သမျှ ရခဲ့တော့ ကြာလာတဲ့အခါ သခင်လေး စိတ်ဓာတ် ဝင်လာတာပေါ့]

[သခင်လေးက လိုချင်တာ ရှိရင် မရရအောင် ယူတယ်၊ နည်းနည်းလောက် နှေးသွားရင်၊ သူ့ကို မပျော်အောင် လုပ်မိရင် အောက်လက်ငယ်သားတွေက ကံကောင်းရင် အရိုက်ခံရမယ်၊ ကံဆိုးရင် အသက်ပါ ပျောက်သွားနိုင်တယ်]

[ဒီလို စရိုက်နဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ မပြုပြင်ခဲ့ဘူး၊ ပြဿနာ တစ်ခုခု ဖြစ်လာရင် လွီမိသားစုက အာဏာနဲ့ ငွေကို သုံးပြီး ပါးစပ်ပိတ်ခိုင်းတယ်၊ ဘယ်သူမှ ပြဿနာ မရှာရဲကြဘူး]

ချူဟွားက အေးစက်စွာ ရယ်မောလိုက်သည်။ [အလိုလိုက်လွန်းတာက ဒုက္ခရောက်စေတာနဲ့ အတူတူပဲ]

[လွီမိသားစုလို အိမ်မျိုးက လွီကျန့်ယဲ့လို လူမျိုးကို မွေးထုတ်ပေးလိုက်တာ ငါတော့ နည်းနည်းမှ မအံ့ဩဘူး]

Systemကလည်း ချူဟွားနှင့် တူညီသော အေးစက်စက် ရယ်သံ ပြုလုပ်လိုက်သည်။ [ဒါပေါ့၊ အထက်က မဖြောင့်ရင် အောက်က ကောက်တာပဲ၊ လွီမိသားစုမှာ လူကောင်း သိပ်မရှိဘူး]

လွီမိသားစုမှ မိန်းကလေးကို လက်ထပ်ထားသော အရှင်မင်းကြီး: "..."

လွီမိသားစုနှင့် လက်ထပ်ထားသော မှူးမတ်အများအပြား: "..."

ဘယ်သူ့အိမ် ပြိုသွားတာလဲ။

ဪ... ငါတို့အိမ် ကိုး။ ဒါဆို ကိစ္စ မရှိ... ဘူးလို့ ဘယ်သူပြောလဲ။

လွန်ခဲ့သော ရက်အနည်းငယ်က မင်းဆက် သုံးဆက်တိုင် တည်ရှိခဲ့သော မင်မိသားစု အိမ်ပြိုခဲ့ပြီး ယနေ့တွင် နှစ်တစ်ရာ သက်တမ်းရှိ လွီမိသားစု အိမ်ပြိုပြန်လေပြီ။ ရှေးဟောင်း မိသားစုကြီးတွေမှာ လူကောင်း တစ်ယောက်မှ မရှိကြတော့ဘူးလား။

Systemသည် သူတို့ကို စိတ်ခံစားမှု ဖြေလျှော့ရန် အခွင့်အရေး မပေးဘဲ ဆက်တိုက် ဖော်ထုတ်လိုက်တော့သည်။ [လွီကျန့်ယဲ့က ခြံဝင်းထဲက အစေခံတစ်ယောက်ကို ရိုက်သတ်ခဲ့တယ်၊ အကြောင်းကတော့ အဲဒီအစေခံက သူ့ကိုယ်လုပ်တော်ကို ပိုကြည့်မိလို့တဲ့]

[အစေခံက ငိုယိုတောင်းပန်ပြီး နောက်တစ်ခါ မလုပ်ရဲတော့ပါဘူးလို့ အော်ဟစ်နေပေမဲ့ လွီကျန့်ယဲ့က ရက်ရက်စက်စက် ရယ်မောပြီး လက်မလျှော့ခဲ့ဘူး၊ လူကို အရေပြား ကွဲအက်ပြီး သွေးသံရဲရဲ ဖြစ်သွားတဲ့အထိ ရိုက်နှက်ခဲ့တာ၊ ကိုယ်လုပ်တော်က ကြောက်လွန်းလို့ နေရာမှာတင် သတိလစ်သွားခဲ့တယ်]

ချူဟွားသည် ယောက်ျားများက အမျိုးသမီးများကို ဓားစာခံ လုပ်ခြင်း၊ မကောင်းမှု လုပ်ပြီးလျှင် အမျိုးသမီးများကြောင့်ဟု ပြောခြင်း၊ ပြဿနာ တက်လျှင် အမျိုးသမီးများကို အပြစ်ပုံချခြင်းနှင့် 'မိန်းမလှလေးတွေက ဘေးဒုက္ခပဲ' ဟု ပြောဆိုခြင်းတို့ကို အမုန်းဆုံးပင်။

[သူက အစေခံကို ရိုက်ဖို့ အကြောင်းပြချက် ရှာလိုက်တာပါ၊ တကယ်သာ ကိုယ်လုပ်တော်ကို သဘောကျရင် ကိုယ်လုပ်တော်ရဲ့ ရှေ့မှာ ဒီလိုကိစ္စမျိုး လုပ်ပါ့မလား]

[ဒါပေါ့] Systemက လွီကျန့်ယဲ့ကို ဖုံးကွယ်ပေးမည် မဟုတ်ပေ။ ထိုကောင်၏ မျက်နှာဖုံးကို ရှင်းရှင်းလင်းလင်း ဆွဲခွာပြလိုက်တော့သည်။

[သူက အဲ့ဒီတုန်းက တရားရေးဝန်ကြီးအိမ်က သခင်မလေးကို သဘောကျခဲ့တာ၊ နောက်ပိုင်း ယွီကျားယန်နဲ့ လက်ထပ်ခဲ့တဲ့ သခင်မလေးကျန်းလေ]

တရားရေးဝန်ကြီးသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ ဒီကိစ္စထဲမှာ ငါ့သမီးရဲ့ အကြောင်းက ဘယ်လို ပါလာရတာလဲ။

System: [သခင်မလေးကျန်းက သူ့ကို ငြင်းပယ်လိုက်တော့ သူက ရုပ်ချင်း နည်းနည်းဆင်တဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို ယူလိုက်တယ်၊ ခုနက ပြောတဲ့ ကိုယ်လုပ်တော်လေ၊ အဲဒီ ကိုယ်လုပ်တော်ကို နေ့တိုင်း ဒူးထောက်ခိုင်းပြီး သူ့ကို ပြုစုခိုင်းတယ်၊ ဘယ်လောက်တောင် နှိမ့်ချခံရလဲ]

တရားရေးဝန်ကြီးသည် ချက်ချင်းပင် ရွံရှာသွားတော့သည်။

မင်း တကယ်ပဲ မိန်းကလေးတစ်ယောက်ကို သဘောကျရင် သေချာပေါက် ရင်းရင်းနှီးနှီး လိုက်ပိုးသင့်တယ် မဟုတ်လား။ တစ်ကြိမ် ငြင်းပယ်ခံရတာနဲ့ လူစားထိုး အသုံးပြုပြီး တမင်တကာ နှိပ်စက်တာက ရွံစရာ မကောင်းလွန်းဘူးလား။

System: [သခင်မလေးကျန်းနဲ့ ယွီကျားယန် လက်ထပ်တဲ့နေ့မှာ သူက တမင်သက်သက် လူသတ်ပြီး သွေးထွက်သံယို ဖြစ်အောင် လုပ်ခဲ့တာ၊ ပြီးတော့ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တာ]

တရားရေးဝန်ကြီး၏ မျက်နှာသည် ရှုံ့မဲ့သွားတော့သည်။

ဖြစ်နိုင်ခြေ မများသော်လည်း သူသည် မနေနိုင်ဘဲ တွေးမိလိုက်သည်။ အကယ်၍ ဒီကိစ္စသာ မရှိခဲ့ရင် သမီးနဲ့ သမက်က အခုလို အဆုံးသတ်မျိုး ကြုံတွေ့ရပါ့မလား။

အရှင်မင်းကြီးနှင့် မှူးမတ်များသည် မင်္ဂလာ နေ့ရက်မြတ်တွင် ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရသည်ကို စဉ်းစားမိရုံနှင့် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားကြသည်။

ချူဟွား: [ဒါဆို ယွီကျားယန် ပြည့်တန်ဆာနဲ့ ပျော်ပါးလို့ ရာထူး ဖြုတ်ချခံရတာကို သိသွားရင် သူ ရယ်မောပြီး သေတော့မှာပေါ့]

System: [မဖြစ်ပါဘူး၊ သူက အသစ်အဆန်းကို ကြိုက်ပြီး အဟောင်းကို ငြီးငွေ့တာ အရမ်းမြန်တယ်]

[ကိုယ်လုပ်တော်က သွေးထွက်သံယို မြင်ကွင်းကို မြင်ပြီးနောက်ပိုင်း နည်းနည်း ရူးသွပ်သွားတော့ သူက ကြည့်ရတာ စိတ်ပျက်ပြီး မောင်းထုတ်လိုက်တယ်]

[ကလေးမွေးပြီး ပေါင်ချိန် ဆယ်ချီ တက်လာတဲ့ သခင်မလေးကျန်းကို မြင်တော့ လွီကျန့်ယဲ့က လန့်သွားပြီး သူ့မိတ်ဆွေတွေကို "အဲဒီတုန်းက ငါ့ကို လက်မထပ်ခဲ့လို့ ကျေးဇူးကို တင်ပါတယ်" လို့ ပြောခဲ့တယ်]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

ဘုရားရေ။ တကယ့်ကို ဘုရားရေပါပဲ။

သူတို့သည် တရားရေးဝန်ကြီးကို မသိမသာ အကဲခတ် ကြည့်ရှုလိုက်သည်တွင် တရားရေးဝန်ကြီး၏ လူသတ်ချင်နေသော ကြောက်မက်ဖွယ် မျက်နှာထားကို အမှန်တကယ်ပင် တွေ့မြင်လိုက်ရသည်။

လူစားထိုး လုပ်တာလည်း မင်းပဲ၊ ရွံရှာတာလည်း မင်းပဲ၊ ပြီးတော့ ငါ့သမီးရဲ့ ဂုဏ်သိက္ခာကို နောက်ကွယ်မှာ ဖျက်ဆီးနေသေးတယ်။

ငါ မင်းကို မသတ်ရရင် လူဖြစ်ရှုံးပြီ။

တရားရေးဝန်ကြီး၏ လူသတ်လိုသော ဆန္ဒကို တွေ့လိုက်ရသဖြင့် အရှင်မင်းကြီးသည် ခေါင်းကိုက်စွာဖြင့် နဖူးကို ကိုင်လိုက်မိသည်။ ဒီတစ်ခါတော့ လွီကျန့်ယဲ့ရဲ့ ခွေးအသက်ကို ကယ်တင်ဖို့ ခက်ခဲသွားပြီ။

ချူဟွား: [သခင်မလေးကျန်းက လူယုတ်မာ တစ်ယောက်ကို ရှောင်ရှားနိုင်ခဲ့ပေမဲ့ နောက်ထပ် လူယုတ်မာ တစ်ယောက်ရဲ့ ကျင်းထဲကို ခုန်ဆင်းမိသွားတာပဲ]

[နောက်တစ်ခါ သူ့ကို တွေ့ရင် ငါ သေချာ စကားပြောကြည့်ရမယ်]

တရားရေးဝန်ကြီး၏ ဒေါသထွက်နေသော အမူအရာတွင် ရပ်တန့်သွားသည်။ ဘာအကြောင်း ပြောမှာလဲ။ ခင်ပွန်းသည် ဆုံးရှုံးသွားတာကို ဘယ်လို ဖြေသိမ့်မလဲ ဆိုတာလား။

System: [ဘာပြောမှာလဲ]

ချူဟွား: [အဲ့ဒီအချိန်ကျမှ ပြောမယ်၊ ဆက်ပြောပါဦး]

Systemက "အိုကေ အိုကေ" ဟု ပြောပြီး ဆက်မမေးတော့သည်တွင် တရားရေးဝန်ကြီးနှင့် အခြားသူများကို သိချင်စိတ် ပြင်းပြသွားစေသည်။

[ခေါင်းစဉ် ပြန်သွားရအောင်။ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အစေခံမှာ ညီတစ်ယောက် ရှိတယ်]

[အဲဒီတုန်းက ညီလေးက ငယ်သေးတယ်။ သူ့အစ်ကို ရက်ရက်စက်စက် အသတ်ခံထားရတဲ့ အလောင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတယ်။ ဒါက စိတ်ဒဏ်ရာ အကြီးကြီး ရသွားစေတာပေါ့]

[ညီအစ်ကို နှစ်ယောက်က မိဘတွေ မရှိတော့ဘဲ တစ်ယောက်ကို တစ်ယောက် မှီခိုနေခဲ့ရတာ။ သံယောဇဉ် ကြီးကြတယ်။ ညီလေးက အစ်ကို့အတွက် လက်စားချေဖို့ ကျိန်ဆိုခဲ့တယ်။ ကြီးလာတော့ သူက တဖြည်းဖြည်းနဲ့ လွီကျန့်ယဲ့ရဲ့ အစေခံ ဖြစ်လာအောင် ကြိုးစားခဲ့တယ်]

[အစက ညီလေးက လွီကျန့်ယဲ့ကို ဆောင်ကြာမြိုင်တွေဆီ လမ်းကြောင်းပေးပြီး ကာလသားရောဂါ ကူးစက်ပြီး သေသွားစေချင်တာ။ ဒီရောဂါက ကုဖို့ခက်ပြီး အပြင်ပန်းမှာ လက္ခဏာတွေ ပေါ်လာတတ်တယ်လေ။ တကယ်လို့ သူ သေသွားရင် နာမည်ပျက်နဲ့ သေရမှာ။ ဒါဆို အရမ်း ကျေနပ်စရာ ကောင်းမှာပေါ့]

[ဒါပေမဲ့ လွီကျန့်ယဲ့က ဆောင်ကြာမြိုင်က မိန်းမတွေကို မျက်လုံးထဲ မထည့်ဘူးလေ။ ရွေးချယ်စရာ မရှိတော့ ညီလေးက လွီကျန့်ယဲ့ကို လောင်းကစားဘက် လမ်းကြောင်းပေးဖို့ ကြိုးစားခဲ့တာ]

ချူဟွားသည် ယခင်ဘဝက အင်တာနက် ဖွံ့ဖြိုးသော ခေတ်သစ်တွင် နေထိုင်ခဲ့သူ ဖြစ်၏။ သူမသည် လောင်းကစားကြောင့် စည်းစိမ်ဥစ္စာများ ဆုံးရှုံးခြင်း၊ သားမယားများနှင့် ကွဲကွာခြင်း၊ တိုက်ပေါ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းများကို များစွာ မြင်တွေ့ခဲ့ရသဖြင့် 'လောင်းကစား' ဟူသော စကားလုံးနှင့် ဝေးဝေးနေခဲ့လေသည်။

နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ စတော့ရှယ်ယာ ကစားခြင်းနှင့် ငွေကြေး ကစားခြင်းများလည်း ရှိသေးသည်။ ထိုအရာများသည် လောင်းကစားနှင့် မခြားနားပေ။

ချူဟွား: [တကယ်လို့ ကာလသားရောဂါ ရသွားရင် လွီကျန့်ယဲ့နဲ့ သူ့မိန်းမတွေလောက်ပဲ သေမှာ။ လောင်းကစားသာ မထိန်းချုပ်နိုင်ရင် အကျိုးဆက်က အရမ်း ပြင်းထန်တယ်။ သူ့ရဲ့ အမုန်းတရားက လွီမိသားစု တစ်ခုလုံးဆီ ပျံ့နှံ့သွားတာပဲ]

လွီမိသားစုသည် လွီကျန့်ယဲ့ကို အလွန်အကျွံ အလိုလိုက်ခဲ့ကြပြီး ဆုံးမသွန်သင်ခြင်း၊ ပြုပြင်ပေးခြင်း မရှိဘဲ လွှတ်ထားပေးကာ ပြဿနာတက်မှ နောက်က လိုက်ရှင်းပေးခဲ့ကြသည်။ ထိုအချက်သည် သူ မုန်းတီးသော အရာပင် မဟုတ်ပါလား။

System: [ဟုတ်တယ်၊ တကယ်ပဲ ဒီလူ ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာခဲ့တာ]

[လွီကျန့်ယဲ့က ငယ်ငယ်ကတည်းက ပိုက်ဆံ မပြတ်ဖူးဘူး။ ရှုံးရင် ပိုလိုချင်တယ်၊ ပိုက်ဆံ မရှိရင် ပေါင်နှံတယ်၊ အိမ်က ခိုးတယ်၊ ပြီးတော့ တယ်ဖေးညန်ညန် ကူညီပြီး အလုပ်သမားဝန်ကြီးဌာနမှာ အလုပ်ရှာပေးတာကို စောင့်နေတာ။ သူက သတ္တိကောင်းကောင်းနဲ့ နိုင်ငံတော်ဘဏ္ဍာတိုက်နဲ့ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်က ပစ္စည်းတွေကိုတောင် ခိုးရဲတယ်]

[ဒါက သူ ထိလို့ရတဲ့ အရာလား။ ဆွေတော်မျိုးတော်တွေလည်း ဒါအတွက် ပေးဆပ်ရမှာပဲ၊ အကြီးနဲ့ အသေးပဲ ကွာမှာ]

ချူဟွားက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ [ဆွေတော်မျိုးတော်တွေက လုပ်ချင်ရာ လုပ်လို့ ရနေတာပဲ]

မှူးမတ်အများအပြားလည်း ထိုအချက်ကို သဘောတူကြသည်။ Systemကလည်း သဘောတူလေသည်။

[ဆွေတော်မျိုးတော်တွေတောင် ဒီလို ဖြစ်နေရင် မင်းသားတွေ၊ မင်းသမီးတွေ ဆိုရင် ပြောစရာတောင် မလိုတော့ဘူး]

ဒုတိယမင်းသား: "..." ဒီအိုးမည်းကြီးကို ကြည့်စမ်း၊ ကြီးပြီး ဝိုင်းနေလိုက်တာ။

System: [သူတို့က မှူးမတ်တွေကို သတ်ရင်တောင် အရှင်မင်းကြီးက တိတ်တဆိတ် ဖုံးဖိထားမှာကို စိုးရိမ်ရတယ်]

[အရင်မင်းဆက်က အရှင်မင်းကြီးက တန်းသတ်ပစ်တာ။ အခု သာ့ရှန်း အရှင်မင်းကြီးကျတော့ သတ်ပြီးရင် ဖုံးကွယ်ဖို့ နည်းလမ်း ရှာသေးတယ်။ ဒါက အရင်မင်းဆက်ထက် ပိုမုန်းစရာ ကောင်းတယ်]

အရှင်မင်းကြီး: !!!

မှူးမတ်များ: !!!

ဒီစကားကို ပေါ့ပေါ့ဆဆ ပြောလို့ မရဘူးလေ။

အရှင်မင်းကြီးသည် မတရားဘူးဟု အော်ဟစ်ချင်သော်လည်း ပြန်စဉ်းစားကြည့်လိုက်သောအခါ...

အကယ်၍ မင်းသားကြီးနှင့် ဒုတိယမင်းသားတို့က မှူးမတ်တစ်ဦးကို သတ်ဖြတ်လိုက်လျှင် သူက ဥပဒေအတိုင်း စီရင်မည်လား၊ သို့မဟုတ် ဖုံးကွယ်ရန် ကြိုးစားမည်လား။

နောက်တစ်ခု ဖြစ်သွားမှာကို စိုးရိမ်မိသည်။

ဘာပဲဖြစ်ဖြစ် ထူးချွန်တဲ့ မှူးမတ်တွေ အများကြီး ရှိပေမဲ့ ထူးချွန်တဲ့ သားတော်က နှစ်ပါးပဲ ရှိတာလေ။ သူတို့ကို သတ်လိုက်ရင် နောင်ကျ ဘယ်သူက ထီးနန်းဆက်ခံမှာလဲ။ သာ့ရှန်းကရော ဘယ်လို လုပ်မလဲ။

မှူးမတ်များလည်း တွေးမိလိုက်ကြသည်။

မင်းသား ၃ ၏ အမှုကို လျင်မြန်စွာ ကိုင်တွယ်ခဲ့ရသည့် အကြောင်းရင်းမှာ ပုန်ကန်မှုကြောင့်နှင့် အရှင်မင်းကြီး၏ သွေးသားရင်း မဟုတ်သောကြောင့်ပင်။

အကယ်၍ မင်းသားကြီးနှင့် ဒုတိယမင်းသားသာ ဆိုလျှင် ရလဒ်က သေချာပေါက် တူညီမည် မဟုတ်ပေ။ အကြောင်းရင်း တစ်ခုမှာ သူတို့သည် ထီးနန်းဆက်ခံသူများအဖြစ် လုံလောက်အောင် ထူးချွန်ကြသောကြောင့် ဖြစ်ပြီး အခြား အကြောင်းရင်း တစ်ခုမှာ... ဘယ်အရှင်မင်းကြီးရဲ့ လက်မှာ သွေးမစွန်းဖူးလို့လဲ။

တွေဝေလွန်းသော အရှင်မင်းကြီးနှင့် ယှဉ်လျှင် ပြတ်သားသော အရှင်မင်းကြီးကို သူတို့ ပိုသဘောကျကြသည်။

ထိုအချိန်တွင် ချူဟွားက အရှင်မင်းကြီးအတွက် ကောင်းသော စကား ပြောလိုက်သည်။

[အခြေအနေပေါ် မူတည်ပါတယ်]

System: [ဟင်]

ချူဟွား: [ပြည်သူတွေရဲ့ ရှုထောင့်က ကြည့်ရင် ရိုးသားပြီး ကောင်းမွန်တဲ့ မှူးမတ်တွေ များလေ ကောင်းလေပဲ၊ ဒါပေမဲ့ အကျင့်ပျက်ပြီး ယုတ်မာတဲ့ မှူးမတ်တွေကိုတော့ သတ်ရမှာပဲ။ အရေးပေါ် အခြေအနေမှာ အရင်သတ်ပြီးမှ တင်ပြတာမျိုး လုပ်လို့ ရပါတယ်။ အာဏာကုန် လွှဲအပ်ထားတဲ့ ဓား ဆိုတာ ဒီလိုမျိုး မဟုတ်ဘူးလား]

[ထီးနန်း တည်ငြိမ်မှု ရှုထောင့်က ကြည့်ရင် ထီးနန်းလုပွဲမှာ ရှုံးနိမ့်တဲ့ မှူးမတ်တွေက အသတ်ခံရလေ့ ရှိတယ်။ မအောင်မြင်ခင်မှာ တစ်ဖက်က မှူးမတ်တွေက ရန်သူတွေပဲလေ။ ရန်သူကို သနားတာက အသက်မရှင်ချင်တော့တဲ့ လက္ခဏာ မဟုတ်ဘူးလား]

[သာ့ရှန်း အုပ်ချုပ်ရေး ရှုထောင့်က ကြည့်ရင် ဟိုလူ့ မသတ်၊ ဒီလူ့ မသတ်ဘဲ ပုန်ကန်တာကိုတောင် လွှတ်ပေးတဲ့ အရှင်မင်းကြီးက ပြည်တွင်းမှာ ပျော့ညံ့ပြီး ပြည်ပမှာ မာကျောနိုင်မှာ မဟုတ်ဘူး။ ပျော့ညံ့ပြီး ခေတ်နောက်ကျရင် အနိုင်ကျင့်ခံရမှာပဲ]

ဤအချက် ၃ ချက်သည် အရှင်မင်းကြီးနှင့် မှူးမတ်များ၏ နှလုံးသားကို ထိမှန်သွားလေသည်။ ဟုတ်တာပေါ့။ စကားပြောတတ်ရင် များများ ပြောစမ်းပါ။

ချူဟွား: [System ရေ၊ အရှင်မင်းကြီးလည်း လူသားပဲလေ၊ လူသားတွေမှာ အတ္တ ရှိတာပဲ။ သူ့သားအရင်းနဲ့ အပြင်လူ ကြားမှာ အပြင်လူကို တွေဝေမှု မရှိဘဲ ရွေးချယ်ခိုင်းလို့ ဘယ်ရမလဲ]

[သားသမီးက အမှားတွေ ထပ်ခါထပ်ခါ လုပ်ပြီးတဲ့နောက်မှာ အရှင်မင်းကြီးက စိတ်ပျက်ပြီး တရားမျှတမှုအတွက် သူ့သားအရင်းကို သတ်ကောင်း သတ်လိမ့်မယ်။ ဒါပေမဲ့ ကလေးက ပထမဆုံးအကြိမ် အမှားလုပ်တုန်းကတော့ 'သူက ကလေးဆိုး မဟုတ်ပါဘူး၊ ငါ သေချာ သင်ကြားပေးလိုက်ရင် ပြောင်းလဲသွားမှာပါ' လို့ သေချာပေါက် တွေးမိမှာပဲ]

[တကယ်လို့ နင်သာ ဆိုရင်လည်း နင့်ကလေးကို ကာကွယ်ပေးချင်ပြီး ပြုပြင်ဖို့ အခွင့်အရေး ပေးချင်မှာပဲ မဟုတ်လား]

System: [ငါက ဖရဲသီးစား system လေ၊ ကုဒ် အစီအစဉ် တစ်ခုပဲ၊ ကလေး မရှိဘူး]

[ဒါပေမဲ့ နင် ဆိုလိုတာကို ငါ သဘောပေါက်ပါတယ်။ တကယ်လို့ နင် လူသတ်ရင် ငါ နင့်ကို သေချာပေါက် ဖော်ထုတ်မှာ မဟုတ်ဘူး၊ ဖုံးကွယ်ဖို့ ကူညီပေးမှာ။ ဒါက ကြင်နာတတ်တဲ့ ဖခင်မေတ္တာမျိုးလား]

ချူဟွားတစ်ယောက် နင်သွားတော့သည်။ [... မဟုတ်ဘူး၊ မလိုပါဘူး]

ကလေးသံ ပါသော systemကို ဖခင်အဖြစ် လက်ခံရန် သူမအတွက် ခက်ခဲလှသည်။

အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် ခေါင်းငုံ့ကာ ရယ်ချင်စိတ်ကို ထိန်းထားကြလေသည်။ ဟီး ဟီး၊ နင့်မှာ ဒီလိုနေ့မျိုး ရှိသေးတာကိုး။

System၏ ဖခင်စိတ်ဓာတ်များ တက်လာပြီး ကလေးသံလေးက ပို၍ ကြင်နာလာသည်။ [ဟွားအာ]

ချူဟွား၏ လေသံမှာ အေးစက်ပြီး ခြိမ်းခြောက်နေသည်။ [System]

ငါ့အကြည့်ကို ကိုယ်တိုင် ခံစားကြည့်လိုက်။

Systemက ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားသည်။ [အဟမ်း၊ ခေါင်းစဉ် ပြန်သွားရအောင်]

[အဲဒီ လောင်းကစားရုံကို ရှီးရုံ လူတွေ ဖွင့်ထားတာ။ သတင်းအချက်အလက်တွေ စုဆောင်းပြီး အနှစ်ချုပ်တဲ့ စခန်းပဲ၊ ပြီးတော့ သူလျှိုတွေရဲ့ အခြေစိုက်စခန်းလည်း ဖြစ်တယ်]

[ရှီးရုံ သူလျှိုတွေက လွီကျန့်ယဲ့အဲဒီကို သွားတာ သိသွားကြတယ်။ ဒါက သူတို့ သတ်ချင်နေတဲ့လူက လည်စင်းပေးဖို့ ရောက်လာတာနဲ့ မတူဘူးလား။ သူတို့က လွီကျန့်ယဲ့ကို အရင်ဆုံး အမြည်းလေး ကျွေးပြီး မြှူထားလိုက်တာ]

[သူတို့ရဲ့ မူလ အစီအစဉ်က လွီကျန့်ယဲ့ပိုက်ဆံ အလုံအလောက် ရှုံးပြီး လောင်းကစားရုံဆီက ပိုက်ဆံ ချေးတဲ့အထိ စောင့်မလို့။ အဲဒီကျမှ လောင်းကစားရုံက သူ့ကို ထိန်းချုပ်လို့ ရမှာလေ။ လွီကျန့်ယဲ့က ငွေ တစ်သန်း ရှုံးပြီးတာတောင် ပိုက်ဆံ ကျန်နေသေးတယ် ဆိုတာ ဘယ်သူ ထင်ထားမှာလဲ]

အရှင်မင်းကြီး: !!!

မှူးမတ်များ: !!!

ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက် ချမ်းသာနေရတာလဲ။ !!!

ဒါက ငွေ တစ်သန်းတောင်။ သောင်းဂဏန်း မဟုတ်ဘူး၊ သိန်းဂဏန်း မဟုတ်ဘူးနော်။

ကြယ်တာရာကြည့်တဲ့ မျှော်စင် ၁၀၀ နဲ့ အုတ်ပြာ အုတ်ကြွပ်အိမ် ၂၀,၀၀၀ ဆောက်လို့ ရတယ်။ ဒါက မဟာ ငွေပမာဏကြီးပဲ။

အရှင်မင်းကြီးသည် အကြံတစ်ခု မတွေးဘဲ မနေနိုင်တော့ပေ: တစ်ခုလောက် သိမ်းဆည်းလိုက်ရင် ကောင်းမလား။

မှူးမတ်များသည် အရှင်မင်းကြီးကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ ဒီတစ်ယောက်က သူလျှို စခန်းကို ရောက်သွားပြီးပြီ၊ ငွေသန်းချီပြီးတော့လည်း ရှီးရုံဆီ ပို့ပြီးပြီ ဆိုတော့ သိမ်းဆည်းရမှာပဲ မဟုတ်လား။

အခွန်ဝန်ကြီးသည် ပျော်လွန်းသဖြင့် တုန်ရီနေတော့သည်။ ချူဟွားက အလုပ်သမား ဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားတာတောင်မှ နိုင်ငံတော် ဘဏ္ဍာတိုက်အတွက် ဝင်ငွေ ရှာပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သံသယ ဝင်စရာ မလိုပါဘူး။ ချူဟွားက အရိုးထဲကနေကို ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လူပါပဲ။ သူ့အစ်ကို ချူချင်း ပြန်လာရင်တောင်မှ ချူဟွားကို ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ ဆက်ထားနိုင်ဖို့ နည်းလမ်း ရှာရမယ်။

တရားရေးဝန်ကြီးနှင့် တရားရုံးချုပ် တရားသူကြီးတို့သည် အားကျလွန်းသဖြင့် မျက်လုံးများ နီရဲလာကြသည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နန်းစောင့်တပ်ဖွဲ့၊ တော်ဝင်ဆေးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့သည် ချူဟွားနှင့် system၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရပြီးပြီ။ တရားရေး ဝန်ကြီးဌာနနှင့် တရားရုံးချုပ်တို့က ဘယ်တော့မှ အလှည့်ရောက်မှာလဲ။

မှူးမတ်များက ငွေ တစ်သန်းအတွက် စိတ်လှုပ်ရှားနေကြစဉ် ချူဟွားက ကန့်ကွက်လိုက်၏။ [ပမာဏက သိပ်မမှန်ဘူး]

အရှင်မင်းကြီး: ?

မှူးမတ်များ: ?

ချူဟွား: [ငွေ တစ်သန်းဆိုတာ မနည်းဘူး၊ ငါ အခုပဲ တွက်ကြည့်လိုက်တာ]

[နိုင်ငံတော် ဘဏ္ဍာတိုက်နဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကနေ ပစ္စည်းခိုးတာက ပြုပြင်ထိန်းသိမ်းရေး လုပ်တဲ့အချိန်မှ အခွင့်အရေး ရတာ၊ အကြိမ်ရေ သိပ်မများဘူး၊ အများဆုံး ခိုးတဲ့တစ်ကြိမ်မှာတောင် အဖမ်းခံခဲ့ရသေးတယ်၊ ခိုးယူတာနဲ့ ပစ္စည်းရောင်းတာကို တာဝန်ယူတဲ့ လူတွေ ရှိသေးတယ်၊ အမြတ်ငွေကို အားစိုက်ထုတ်တဲ့ တခြားလူတွေကို ခွဲပေးရဦးမှာဆိုတော့ သူ ၁ သိန်းလောက် ရရင်တောင် မဆိုးဘူးလို့ ပြောရမယ်]

[သစ်လုပ်ငန်းက လွီမိသားစုပိုင်လေ၊ သူ့မှာ မုန့်ဖိုး ရှိပေမဲ့ အရမ်းကြီး များမှာ မဟုတ်ဘူး၊ အိမ်က ပစ္စည်းတွေကို ခိုးရောင်းတာကလည်း အကြိမ်ရေ အရမ်း မများနိုင်ဘူး၊ ဂါရဝပြုငွေ ကောက်ခံတာ သက်သက်နဲ့ ငွေ သိန်းဂဏန်းလောက် ရတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါ့အပြင် တယ်ဖေးညန်ညန်က အဲဒီလောက် တန်ဖိုးရှိလို့လား]

[ငွေ တစ်သန်းဆိုတာ သူ ရှုံးသွားတဲ့ ပိုက်ဆံပဲ ရှိသေးတယ်၊ သူ့ရဲ့ ဖြုန်းတီးလွန်းတဲ့ သခင်လေး ဘဝနေထိုင်မှုနဲ့ နေ့စဉ် အသုံးစရိတ် ကြီးမားတာတွေကို ထည့်တွက်ရင် ဝင်ငွေက တစ်သန်းထက် ပိုရမှာ၊ တခြား ဝင်ငွေလမ်းကြောင်းတွေ ရှိရမယ်]

Systemက အာမေဍိတ်သံ ပြုလိုက်သည်။ [ငါ ကြည့်လိုက်ဦးမယ်]

[အိုး... ဟုတ်သားပဲ။ သူ့ရဲ့ အကြီးမားဆုံး ဝင်ငွေလမ်းကြောင်းက ဟင်္သာပြဒါး သတ္တုတွင်းပဲ]

[လွီမိသားစုက သစ်လုပ်ငန်း လုပ်တော့ တောင်ပေါ်မှာ သစ်ပင်စိုက်ဖို့၊ သစ်ပင်ဝယ်ဖို့ လူတွေ လွှတ်တယ်၊ လွီကျန့်ယဲ့ကို အလုပ်သွားလုပ်ဖို့ လွှတ်လိုက်တော့ သူက မတော်တဆ ဟင်္သာပြဒါး သတ္တုတွင်း တစ်ခု တွေ့သွားတယ်၊ စည်းမျဉ်းအရဆိုရင် ဒေသရုံးကို တင်ပြရမှာ၊ ဒါပေမဲ့ သူက ဖုံးကွယ်ထားပြီး တိတ်တဆိတ် တူးဖော် ရောင်းချခဲ့တာ]

ချူဟွား: [အိုး ဟိုး]

ဒါကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။

အရှင်မင်းကြီးနှင့် မှူးမတ်များ၏ မျက်နှာများ မည်းမှောင်သွားကြတော့သည်။

ဟင်္သာပြဒါးသည် စိတ်ကို ငြိမ်သက်စေပြီး ဆေးဖော်သည်တွင်တွင် အသုံးပြုနိုင်သလို အရောင်လည်း အလွန် တောက်ပသဖြင့် မင်ရည် ပြုလုပ်သည်တွင်တွင်လည်း အသုံးပြုကြသည်။ မကောင်းဆိုးဝါး မောင်းထုတ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်းနှင့် ဈာပန အခမ်းအနားများတွင်လည်း အသုံးပြုကြသည်တွင် အသုံးဝင်ပုံ များပြားလှသည်။ သို့သော် သာ့ရှန်း နယ်နိမိတ်အတွင်းတွင် ဟင်္သာပြဒါး သတ္တုတွင်း အရေအတွက် မများလှပေ။ အထူးသဖြင့် အရည်အသွေးကောင်းသော ဟင်္သာပြဒါး သတ္တုတွင်းများ ရှားပါးလှသည်။

ယခင် မင်းဆက်၏ နောက်ဆုံး ဘုရင်သည် အနီရောင်ကို အလွန် နှစ်သက်ပြီး အလှလေးများ၏ ခန္ဓာကိုယ်ပေါ်တွင် ဟင်္သာပြဒါးဖြင့် ပန်းချီဆွဲခြင်းကို နှစ်သက်ခဲ့သည်။ သူသည် ဟင်္သာပြဒါး သတ္တုတွင်းများကို အကြီးအကျယ် တူးဖော်ရန် အမိန့်ပေးခဲ့သဖြင့် သတ္တုတွင်း အများအပြားသည် ယခင် မင်းဆက် လက်ထက်ကတည်းက လျင်မြန်စွာ ကုန်ခမ်းသွားခဲ့ပြီး လက်ရှိ ကျန်ရှိနေသော ဟင်္သာပြဒါး သတ္တုတွင်း အရေအတွက်မှာ ပိုနည်းပါးသွားတော့သည်။

ဟင်္သာပြဒါး သတ္တုတွင်းသည် ရွှေ၊ ငွေ၊ ကြေး၊ သံ သတ္တုတွင်းများကဲ့သို့ပင် ညီလာခံ၏ ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။ ရောင်းဝယ်ဖောက်ကားခြင်းကို မတားမြစ်သလို အရပ်ဘက် အသုံးပြုခြင်းကိုလည်း မတားမြစ်သော်လည်း ပုဂ္ဂလိက တူးဖော်ခြင်းကိုတော့ တင်းကြပ်စွာ တားမြစ်ထားသည်။ လွီကျန့်ယဲ့၏ သတ္တိက ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အခွန်ဝန်ကြီး: "သိမ်းလိုက်"

ညီလာခံမှ အရပ်ဘက် စစ်ဘက် မှူးမတ်များက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

"သေချာပေါက် သိမ်းရမယ်"

အရှင်မင်းကြီး၏ လက်ချောင်းများသည် နဂါးပလ္လင်ပေါ်တွင် ညင်သာစွာ ခေါက်လိုက်ပြီး မျက်နှာထားမှာ အေးစက်နေလေသည်။

မင်းက ကျန်းရဲ့ ခေါင်းပေါ်မှာ တက်ပြီး အညစ်အကြေး စွန့်ဖို့ပဲ ကျန်တော့တာကိုး။ မင်းကို အရေးမယူရင် ကျန်းက တစ်လောကလုံးရဲ့ ဟာသ ဖြစ်သွားတော့မှာပေါ့။

...

All Chapters