← Chapters

အခန်း ၅၂

Vol. 4 Ch. 52

အခန်း ၅၂

Vol. 4 Ch. 52

အပိုင်း (၅၂)

ထိုနေ့တွင် နန်းစောင့်တပ်မှူးနှင့် ဒုတိယတပ်မှူးတို့သည် လူစုခွဲကာ လောင်းကစားရုံနှင့် လွီမိသားစုအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြလေသည်။

လင်ယိုသည် လောင်းကစားရုံမှ ရှီးရုံ သူလျှိုတစ်သိုက်ကို ဖမ်းဆီးရမိခဲ့၏။ ဖမ်းဆီးစဉ်အတွင်း ခုခံထွက်ပြေးသူ အချို့ အသတ်ခံလိုက်ရပြီး ကျန်ရှိသူများကိုတော့ စစ်ဆေးမေးမြန်းရန် ထောင်သွင်းအကျဉ်းချလိုက်သည်။

လောင်းကစားရုံသည် ရှီးရုံပိုင် ဖြစ်သော်လည်း နောက်ပိုင်းတွင် အခြားသူလက်သို့ လွှဲပြောင်းပေးမည်၊ မပေးမည်ကို အသာထား၊ လောလောဆယ်တွင်တော့ အတွင်းရှိ ငွေသားအားလုံးသည် သာ့ရှန်းပိုင် ဖြစ်လေပြီ။

ဂိုဒေါင်ထဲမှ ငွေတုံးများနှင့် ကြေးပြားများကို သယ်ထုတ်ရသည်နှင့် ယှဉ်လျှင် လောင်းကစားရုံ၏ စာရင်းအင်းစာအုပ်များ၊ လူသတ်ခြင်းနှင့် လူဖမ်းခြင်းတို့က ပိုပြီး လွယ်ကူသော အလုပ်ပင်။

လင်ယိုသည် သက်ပြင်းချလိုက်မိ၏။ လောင်းကစားရုံက သည်လောက် ဒုက္ခများမည်မှန်း သိခဲ့လျှင် ဖေ့မင်ချန်နှင့် နေရာချင်း လဲလိုက်မည် ဖြစ်၏။

လွီမိသားစုဘက်တွင်တော့ ပိုပြီး ရိုးရှင်းလွယ်ကူလှသည်။

နန်းစောင့်တပ်သားများသည် လွီမိသားစုအိမ်ကို ဝိုင်းရံလိုက်ပြီး အိမ်ထောင်ဦးစီးကို ဖမ်းဆီးလိုက်ကြ၏။ လွီကျန့်ယဲ့၏ ခြံဝင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် ယခင်က နှိပ်စက်ကလူပြုခံခဲ့ရသည့် အစေခံ၏ ညီဖြစ်သူသည် ချက်ချင်းပင် အညံ့ခံလိုက်ပြီး နန်းစောင့်တပ်သားများကို လျှို့ဝှက်အခန်း တည်ရှိရာဆီသို့ ဦးဆောင်ခေါ်သွားပေးလေသည်။

လျှို့ဝှက်အခန်းထဲတွင် ငွေသားများနှင့် ကျူးရှား(ဟင်္သာပြဒါး) အများအပြားကို သိမ်းဆည်းထားပြီး စာရင်းအင်းစာအုပ် အချို့လည်း ရှိနေလေသည်။

အားလုံး မဟုတ်ရခြင်းမှာ လွီကျန့်ယဲ့က ကျူးရှားသတ္တုတွင်းကို တိတ်တဆိတ် တူးဖော်နေခြင်းအား တွေ့ရှိသွားပါက အကျိုးဆက် ပြင်းထန်မည်ကို စိုးရိမ်သဖြင့် စာရင်းအင်းစာအုပ်များကို ဖတ်ပြီးသည်နှင့် မီးရှို့ပစ်လေ့ရှိကာ လစဉ်၊ သုံးလပတ်နှင့် နှစ်ချုပ် စာရင်းများကိုသာ ချန်ထားခဲ့သောကြောင့် ဖြစ်၏။

နန်းစောင့်တပ်သားများသည် လွီမိသားစုအိမ်တစ်လုံးလုံးကို ရှာဖွေခဲ့သော်လည်း အခြား ကျူးရှားသတ္တုတွင်း စာရင်းစာအုပ်များကို ရှာမတွေ့ခဲ့ပေ။ ကျူးရှားတူးဖော်သည့် နေရာသို့ သွားရောက်မှသာ အသေးစိတ် စာရင်းစာအုပ်များကို ရနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အစေခံ၏ညီဖြစ်သူထံတွင် ကိုယ်တိုင်ပြုလုပ်ထားသည့် အကြမ်းဖျင်း စာရင်းစာအုပ်တစ်အုပ် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

"ဒါတွေအားလုံးက ကျွန်တော် ခိုးပြီး မှတ်တမ်းတင်ထားတာတွေပါ၊ မပြည့်စုံပေမဲ့ တိကျမှန်ကန်ကြောင်း အာမခံပါတယ်"

"လွီမိသားစုက ကျွန်တော့်အစ်ကိုကို ရက်ရက်စက်စက် သတ်ခဲ့ကြတယ်၊ နောင်တရတဲ့စိတ် နည်းနည်းလေးတောင် မရှိကြဘူး၊ ကျွန်တော်က အစ်ကို့အတွက် လက်စားချေဖို့ လာခဲ့တာ၊ ခင်ဗျားတို့ မေးချင်တာရှိရင် မေးပါ၊ လွီမိသားစု ထိုက်တန်တဲ့ အပြစ်ဒဏ်ရဖို့ဆိုရင် ကျွန်တော် အကုန် ဖြေပါ့မယ်"

လွီမိသားစုဝင်များက ထိုစကားကို ကြားလိုက်ရသည်တွင် ချက်ချင်းပင် ဝိုင်းဝန်း ရိုက်နှက်ကြတော့သည်။

အစေခံ၏ ညီဖြစ်သူသည် လက်စားချေခြင်း အပိုင်းကဏ္ဍ အတော်များများကို ပြီးမြောက်အောင်မြင်ထားပြီဖြစ်သဖြင့် အရိုက်ခံနေရသော်လည်း ပြန်လည်ခုခံခြင်း မပြုဘဲ ပြုံးသာ ပြုံးနေလေ၏။ ရေနစ်နေသော ခွေးတစ်သိုက် သေခါနီး ဆဲဆဲ ရုန်းကန်နေသည်ကို ကြည့်နေရသကဲ့သို့ပင်။

လွီမိသားစုဝင်များသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ပိုပြီး ဒေါသထွက်သွားကြပြီး ပိုပြီး ပြင်းထန်စွာ ရိုက်နှက်ကြတော့သည်။ ရိုက်နှက်နေစဉ်အတွင်း အစေခံညီလေး၏ အင်္ကျီလက်စ လျှောကျသွားပြီး အမာရွတ်များနှင့် ပွန်းပဲ့ရာများ ပြည့်နှက်နေသည့် လက်ကောက်ဝတ် ပေါ်လာလေသည်။

"လွှတ်လိုက်စမ်း" နန်းစောင့်တပ်သားများက ဒေါသထွက်နေသော လွီမိသားစုဝင်များကို ဆွဲထုတ်လိုက်ကြသည်။

ဖေ့မင်ချန်သည် အစေခံညီလေး၏ အင်္ကျီလက်ကို ဆွဲတင်လိုက်ရာ ကောင်းမွန်သော အသားဟူ၍ တစ်နေရာမှ မရှိဘဲ ကြာပွတ်ရာ၊ တုတ်ချက်နှင့် ဓားဒဏ်ရာ အမာရွတ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ သည်နှစ်များတစ်လျှောက် လွီကျန့်ယဲ့၏ အနားတွင် သူ မည်မျှ နှိပ်စက်ခံခဲ့ရသည်ကို မှန်းဆကြည့်နိုင်ပေသည်။

နှစ်ပေါင်းများစွာ ပုန်းအောင်းနေထိုင်ပြီး လက်စားချေရန်အတွက် အရှက်တကွဲ အကျိုးနည်း ခံခဲ့ရရှာသည်။

သည်လို အရည်အချင်းကောင်းမျိုးကို နန်းစောင့်တပ်ထဲ မခေါ်သွင်းလျှင် နှမြောစရာပင်။

ဖေ့မင်ချန်သည် ပြန်ရောက်လျှင် လင်ယိုကို ပြောပြပြီး သည်လူကို ဆွဲထုတ်လို့ ရမရ မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လွီမိသားစုသည် နှစ်တစ်ရာ သက်တမ်းရှိသော မိသားစုကြီးဖြစ်ပြီး မိသားစုပိုင်ဆိုင်မှုမှာ အမှန်တကယ်ပင် များပြားလှပေသည်။ မြို့တော်၏ နေရာအနှံ့အပြားတွင် အိမ်များနှင့် ဆိုင်ခန်းများ ရှိသည့်အပြင် မြို့ပြင်တွင်လည်း ခြံဝင်းအချို့ ရှိသေးသည်။ အိမ်ရာသိမ်းဆည်းခြင်းကို ကျင့်သားရနေပြီး စွမ်းဆောင်ရည်မြင့်မားသော နန်းစောင့်တပ်သားများပင်လျှင် ခြေကုန်လက်ပန်း ကျနေကြရသည်။

ပစ္စည်းများကို သိမ်းဆည်းပြီးသော်လည်း အလွန် များပြားရှုပ်ထွေးနေသဖြင့် အမျိုးအစားခွဲခြားခြင်း သက်သက်ပင် နေ့တစ်ဝက်ကျော် ကြာမြင့်ပေလိမ့်မည်။

ဖေ့မင်ချန်သည် သည်အတိုင်းတော့ အဆင်မပြေနိုင်ဟု ယူဆကာ လက်အောက်ငယ်သားများကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စေလွှတ်လိုက်လေသည်။

ဘဏ္ဍာရေးဝန်ကြီးသည် ထိုပစ္စည်းများအားလုံး နိုင်ငံတော်ဘဏ္ဍာတိုက်ထဲသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ချက်ချင်းပင် တက်ကြွလာပြီး ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများကို ခေါ်ဆောင်ကာ ထွက်လာခဲ့တော့သည်။

လမ်းအတော်ရောက်မှ သူသည် အမျိုးသမီးများကို လှည့်ကြည့်လိုက်မိ၏။ ယောကျ်ားသားကြီးများက ပွဲကြည့်ရန် သွားကြပြီး သူတို့ကို အလုပ်လုပ်ရန် ထားခဲ့ခြင်းမှာ သိပ်မကောင်းလှဟု တွေးမိလိုက်၏။

"ဒီက လူတွေ..." ဘဏ္ဍာရေးဝန်ကြီးသည် မည်သို့ ခေါ်ဝေါ်ရမည်မသိသဖြင့် မခေါ်တော့ဘဲ "အတူတူ လိုက်မလား"

"လိုက်ရမှာပေါ့" ဝူချဲ့ဖေးသည် အိမ်ရာသိမ်းဆည်းခြင်းကို တစ်ခါမှ မကြုံဖူးပေ။ စောစောကတည်းက အလွန် သွားချင်နေသော်လည်း ဖွင့်ပြောရန် အားနာနေခဲ့ခြင်း ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးက မေးလာသည်နှင့် သူမသည် စကပ်ကို မကာ ပြေးထွက်လာတော့သည်။

"သွားမယ် သွားမယ်၊ ပွဲသွားကြည့်ရအောင်"

"ကောင်းပြီလေ" မိန်းကလေးများသည် စာရွက်၊ စုတ်တံနှင့် ပေသီးများကို ယူဆောင်ကာ ပြေးလိုက်လာကြ၏။ တစ်ယောက်ထက် တစ်ယောက် ပိုပြီး မြန်ဆန်နေကြသည်။

ဘဏ္ဍာရေးဝန်ကြီး: "..."

ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများ: "..."

မိန်းကလေးများသည် ပွဲကြည့်သည်ဆိုသော်လည်း အလုပ်လုပ်ရာတွင် အလွန် သွက်လက်ကြသည်။

အထူးသဖြင့် ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများနှင့် ရွှေငွေ လက်ဝတ်ရတနာများကဲ့သို့သော ဘဏ္ဍာရေးအရာရှိများနှင့် နန်းစောင့်တပ်သားများ မသိရှိသည့် ပစ္စည်းများကို သူတို့က ကောင်းစွာ သိရှိနားလည်ကြပြီး အမည်စာရင်း မှတ်တမ်းတင်ရာတွင် တန်ဖိုးကိုပါ တစ်ပါတည်း တွက်ချက်ပေးနိုင်ကြလေသည်။

သူတို့၏ အကူအညီဖြင့် အလုပ်လုပ်နှုန်းသည် နှစ်ဆမက ပိုမို မြန်ဆန်လာခဲ့လေသည်။

နန်းစောင့်တပ်သား အများအပြားသည် ဖေ့မင်ချန်ကို တိတ်တဆိတ် လက်မထောင်ပြကြ၏။ ဒုတိယတပ်မှူးက တကယ်ကို တော်ပါပေတယ်။ အပြင်လူတွေဆီက အကူအညီတောင်းဖို့ သူတို့ ဘာလို့ တစ်ခါမှ မစဉ်းစားမိခဲ့ပါလိမ့်။

ဖေ့မင်ချန်က မျက်လုံးလှန်ကြည့်လိုက်မိ၏။

အရှင်မင်းကြီး၏ ချူဟွားအပေါ် အကာအကွယ်ပေးမှုအရ သူသည် မူလရုပ်သွင်ကို ပြန်လည်ရရှိပြီး အမျိုးသမီးဝတ်စုံဖြင့် ညီလာခံတက်ရောက်ရန်မှာ အချိန်မရွေး ဖြစ်လာနိုင်ပေသည်။ သူသည် အရှင်မင်းကြီး၏ ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်သည့်အားလျော်စွာ ကြိုတင်လမ်းခင်းထားရပေမည်။

အမှန်စင်စစ် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။ အရှင်မင်းကြီး အလွန် ဒေါသထွက်နေသဖြင့် ရလဒ်များကို နေ့တွင်းချင်း တင်ပြရပေမည်။

မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ တရားဥပဒေနှင့်ညီညွတ်ပြီး အကြောင်းပြချက် ခိုင်လုံကာ ကိစ္စပြီးမြောက်သွားပါက အရှင်မင်းကြီးသည် ဤကဲ့သို့သော အသေးစိတ် အချက်အလက်များကို အပြစ်တင်လိမ့်မည် မဟုတ်ပေ။

အိမ်ရာသိမ်းဆည်းပြီး ရရှိလာသော ပစ္စည်းများသည် အဆုံးတွင် နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ရောက်ရှိပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်ထဲသို့ ရောက်ရှိရမည် မဟုတ်ပါလား။ သူတို့ကို စောစီးစွာ စာရင်းစစ်ခိုင်းခြင်းက လုပ်ငန်းဆောင်ရွက်မှုကို မြန်ဆန်စေသည်ဖြစ်သဖြင့် မည်သည့်အရာက မှားယွင်းနေမည်နည်း။

လင်ယို ကြားသိရသောအခါ: "..."

ဒီကောင်လေးက ငါ့ထက်တောင် အရှင်မင်းကြီးရဲ့ သဘောထားကို ခန့်မှန်းတတ်နေပါရောလား။

အမှန်အတိုင်း ပြောရလျှင် လောင်းကစားရုံဘက်သည် လွီမိသားစုဘက်လောက် ကိုင်တွယ်ရန် မလွယ်ကူပေ။ သူသည်လည်း ဘဏ္ဍာရေးဝန်ကြီးကို ရှာဖွေရန် လက်အောက်ငယ်သားများကို စေလွှတ်လိုက်သည်။

ဘဏ္ဍာရေးဝန်ကြီး: "..."

ယခင်က နန်းစောင့်တပ်သားများသည် သူတို့နှင့် ပတ်သက်ဆက်နွှယ်ရန် သေလုမတတ် ငြင်းဆန်ခဲ့ကြသော်လည်း ယခု ပြဿနာကြုံလာသောအခါ သူတို့ကို အကူအညီ လာတောင်းကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အတူတူ လာတောင်းကြခြင်း ဖြစ်၏။

သို့သော်လည်း နန်းစောင့်တပ်က သည်လို လုပ်ဆောင်ခြင်းမှာ system ရှိနေသောကြောင့် ဖြစ်ပေသည်။

systemသည် ဖရဲသီးစားလိုက်သည်နှင့် နန်းစောင့်တပ်က သူတို့ကို အဆင်ပြေစေရန်အတွက်သာ အကူအညီတောင်းခြင်းဖြစ်ကြောင်း၊ သီးသန့် ဆက်ဆံရေး မရှိကြောင်း သိရှိသွားမည်ဖြစ်ကာ မိမိတို့၏ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ပေလိမ့်မည်။

ဘဏ္ဍာရေးဝန်ကြီးသည် လောင်းကစားရုံသို့ လူအချို့ ခွဲပို့လိုက်ပြီး တစ်ချိန်တည်းမှာပင် လူငှားရန် ဒုတိယမင်းသား၏ အိမ်တော်သို့ လူလွှတ်လိုက်လေသည်။

ချူဟွားသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထွက်ခွာသွားပြီဖြစ်သဖြင့် စားစရာ ဖရဲသီး မရှိတော့သဖြင့် ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ ဖရဲသီးသာ စားချင်ကြသော မိန်းကလေး အချို့သည် ဒုတိယမင်းသား၏ အိမ်တော်သို့ ပြန်သွားကြလေသည်။ သူ၏လုပ်ရပ်မှာ "ပွဲကြည့်ခြင်း" ဟူသော အကြောင်းပြချက်ဖြင့် သူတို့ကို ပြန်လည် ဖိတ်ခေါ်ကာ ကူညီခိုင်းခြင်းပင်။

မိန်းကလေးများသည် အိမ်ရာသိမ်းဆည်းခြင်းကို မျက်မြင်ကိုယ်တွေ့ မကြုံဖူးသလို လောင်းကစားရုံသို့လည်း မရောက်ဖူးကြသဖြင့် အမှန်တကယ်ပင် သဘောတူလိုက်ကြသည်။

နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် နေဝင်ရီတရောအချိန်၌ လောင်းကစားရုံနှင့် လွီမိသားစု၏ ကိစ္စရပ်များအားလုံး ပြီးစီးသွားခဲ့လေသည်။

စာရင်းအင်း အသေးစိတ်ကို တော်ဝင်စားပွဲထက်သို့ အရင်ဆုံး တင်ပြလိုက်ပြီးနောက် လွီမိသားစုဝင်များထံမှ စစ်ဆေးမေးမြန်းထားသော ထွက်ဆိုချက်များကို တင်ပြလိုက်သည်။

ရှီးရုံ သူလျှိုများမှာ နှုတ်လုံသဖြင့် လောလောဆယ်တွင် စကားတစ်ခွန်းမျှ မဟကြသေးပေ။ လွီမိသားစုဝင်များကတော့ လွီကျန့်ယဲ့သည် ရှီးရုံသို့ ငွေသား တစ်သန်း ပေးပို့ခဲ့ကြောင်း သိရှိလိုက်ရသောအခါ တိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူနှင့် ပူးပေါင်းမှုဖြင့် တစ်မိသားစုလုံး အသတ်ခံရတော့မည်ဟု ထင်မှတ်ကာ မည်သည့်အရာကိုမျှ မပူးပေါင်းဘဲ မနေရဲကြတော့ပေ။

တော်ဝင်စာကြည့်ဆောင်ထဲတွင် အရှင်မင်းကြီးနှင့် မှူးမတ်များသည် စာရင်းအင်းများနှင့် ထွက်ဆိုချက်များကို ဖတ်ရှုပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်မိကြလေသည်။

လွီကျန့်ယဲ့က ငွေသား တစ်သန်း ရှုံးနိမ့်ခဲ့သည်ကို ကြားလိုက်ရသောအခါ အရှင်မင်းကြီးနှင့် မှူးမတ်များသည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မခံစားမိခဲ့ကြပေ။

လွီမိသားစု၏ ဘိုးဘေးများသည် သာ့ရှန်း၏ ပထမဆုံး အရှင်မင်းကြီးနှင့်အတူ တိုင်းပြည်ကို တည်ထောင်ခဲ့ကြသူများဖြစ်ပြီး နိုင်ငံတည်ထောင်သူ အရာရှိများအနေဖြင့် အထူးခံစားခွင့်များစွာ ရရှိခဲ့ကြသည်။ လွီမိသားစုသည် သစ်လုပ်ငန်းကို နှစ်ပေါင်း တစ်ရာကျော် လုပ်ကိုင်လာခဲ့ပြီး လွီကျန့်ယဲ့သည်လည်း နိုင်ငံတော်ဘဏ္ဍာတိုက်နှင့် အရှင်မင်းကြီး၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်မှ ပစ္စည်းအများအပြား ခိုးယူခဲ့သဖြင့် ငွေသား တစ်သန်း ရှိနေခြင်းမှာ ပုံမှန်ပင် မဟုတ်ပါလား။

ထို့အပြင် မကြာသေးမီက အိမ်ရာသိမ်းဆည်းခြင်းများ များပြားလာပြီး ဟိုအိမ်မှ ငွေသန်းချီ၊ သည်အိမ်မှ ငွေသန်းချီ ရရှိနေသဖြင့် သူတို့သည် ကြားရတာ ယဉ်ပါးနေကြပြီ ဖြစ်လေသည်။ ဘဏ္ဍာရေးဝန်ကြီးကပင် နည်းနေသေးသည်ဟု ထင်မြင်မိလေသည်။

ချူဟွားသာ အကြမ်းဖျင်း တွက်ချက်မပေးခဲ့ပါက သူတို့သည် လွီကျန့်ယဲ့၏ လျှို့ဝှက်အခန်းကို ရှာဖွေတွေ့ရှိသည့် အချိန်ကျမှသာ သိရှိကြပေလိမ့်မည်။

မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ရမည်။

ငွေသန်းချီ မြင်တွေ့ရတာ များနေရုံနှင့် မျှော်မှန်းချက်များ မြင့်မားမသွားသင့်ပေ။ ငွေသောင်းဂဏန်း၊ သိန်းဂဏန်းလောက် ရှိသော ပိုက်ဆံအသေးအဖွဲများကို မျက်ကွယ်မပြုသင့်ပေ။

တရားစီရင်ရေးဝန်ကြီးသည် မျှတသော ရှုထောင့်မှ ရပ်တည်လိုက်သည်။ "လွီကျန့်ယဲ့က ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာကြောင့် ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်၊ လွီမိသားစုက တခြားလူတွေကတော့ မပါဝင် မပတ်သက်တဲ့အတွက် ဥပဒေအရ သက်ညှာပေးသင့်ပါတယ်"

တရားရေးဝန်ကြီးကတော့ မတူညီသော အမြင်ရှိလေသည်။ "လွီကျန့်ယဲ့က နိုင်ငံတော်ဘဏ္ဍာတိုက်နဲ့ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို ခိုးယူခဲ့တယ်၊ နှစ်ပေါင်းများစွာ လူအများအပြားကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်၊ ကျူးရှားသတ္တုတွင်းကို တိတ်တဆိတ် တူးဖော်ခဲ့ပြီး ရှီးရုံကို ငွေသား တစ်သန်း ပို့ဆောင်ပေးခဲ့တယ်၊ ဒါက ရန်သူကို ထောက်ပံ့တာပဲ"

"အဲဒီအမှုတွေထဲက ဘယ်တစ်ခုက ကြီးလေးတဲ့ ရာဇဝတ်မှု မဟုတ်လို့လဲ၊ လွီမိသားစုက တခြားလူတွေက အပြစ်တူ မဟုတ်ရင်တောင် စောင့်ကြည့်ဖို့ ပျက်ကွက်မှု၊ ဖုံးကွယ်ပေးမှုနဲ့ လျစ်လျူရှုမှုတွေ ရှိနေပါတယ်"

တစ်ယောက်က သက်ညှာရန်၊ တစ်ယောက်က ပြင်းထန်ရန် အဆိုပြုကြပြီး ရပ်တည်ချက်များက ထင်ရှားကာ အကြောင်းပြချက်များက ပိုပြီး ထင်ရှားလေသည်။

သူတို့နှစ်ဦး ရှေ့မှ ဦးဆောင်ပြီးနောက် အခြား မှူးမတ်များကလည်း အသီးသီး သဘောထား မှတ်ချက်များ ပေးကြရာ ဆွေးနွေးပွဲမှာ အလွန် ပြင်းထန်လာတော့သည်။

သူတို့ထဲမှ အချို့သည် လွီမိသားစုနှင့် ခေါင်းချင်းဆိုင် ဆွေမျိုးတော်စပ်ကြသဖြင့် တစ်ပါးသူ၏ တောင်းဆိုမှုကြောင့် ကောင်းသော စကားများကို ကူညီပြောဆိုပေးကြသည်။

"သားသမီး မကောင်း မိဘခေါင်း ဆိုသလို လွီမိသားစုမှာ စောင့်ကြည့်ဖို့ ပျက်ကွက်တဲ့ အပြစ် ရှိပါတယ်၊ ဒါပေမဲ့ ကြီးလေးတဲ့ အကျိုးဆက်တွေ မဖြစ်ပေါ်လာသေးတဲ့အတွက် သက်ညှာပေးသင့်ပါတယ်"

အချို့က လွီမိသားစု၏ စောင့်ရှောက်မှုကို ခံခဲ့ရဖူးသဖြင့် ကျေးဇူးကြွေး ပြန်ဆပ်ကြသည်။

"လွီကျန့်ယဲ့သတ်ဖြတ်ခဲ့တာတွေက ကျွန်ခံစာချုပ် ချုပ်ထားတဲ့ အစေခံတွေပါ၊ သူ့မှာ အသက်ရှင်ခွင့်နဲ့ သေဆုံးခွင့် ပေးနိုင်တဲ့ အာဏာ ရှိပြီးသားပါ၊ လွီမိသားစုကလည်း နောက်ပိုင်းမှာ သူတို့ရဲ့ မိသားစုဝင်တွေကို ကောင်းမွန်စွာ နေရာချပေးခဲ့ပါတယ်၊ ဒီလောက်ထိတော့ အပြစ်မရှိလောက်ပါဘူး"

အချို့ကတော့ လွီမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှု မရှိဘဲ သူတို့၏ လုပ်ရပ်များကို ကြည့်မရသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် လက်ဝဲဘက် ကွပ်ကဲရေးမှူး ဝမ်ယိုပင်။ "ကျွန်ခံစာချုပ် ချုပ်ထားတဲ့ အစေခံတွေက လူတွေပါ၊ တိရစ္ဆာန်တွေ မဟုတ်ပါဘူး၊ အကြောင်းပြချက်မရှိဘဲ စိတ်ထင်သလို သတ်ဖြတ်လို့ မရပါဘူး"

"အမှားကြီး ကျူးလွန်ရင် အပြစ်ပေးလို့ရတယ်၊ ရိုက်နှက်လို့ရတယ်၊ ဒါပေမဲ့ သတ်လို့မရဘူး၊ အသက်ရှင်ခွင့်နဲ့ သေဆုံးခွင့် ပေးနိုင်တဲ့ အာဏာဆိုတာက အစေခံက သခင်ကို သစ္စာဖောက်တဲ့အချိန်မှာ အမှုဖွင့်ဖို့ ရုံးတော်ကို ပို့ဆောင်ရမှာပါ၊ ကိုယ်ပိုင် သဘောနဲ့ စိတ်ထင်သလို စီရင်ရမှာ မဟုတ်ပါဘူး"

"တကယ်လို့ လူတိုင်းက အိမ်မှာ အစေခံတွေကို ကိုယ်ပိုင်သဘောနဲ့ စီရင်ကြမယ်၊ ဥပဒေကို မလေးစား၊ ဥပဒေကို မကြောက်ရွံ့၊ ဥပဒေကို မလိုက်နာကြဘူးဆိုရင် အုပ်ချုပ်ရေးရုံးတော်က ဘာလုပ်ဖို့လဲ၊ သာ့ရှန်းရဲ့ ဥပဒေက ဘာလုပ်ဖို့လဲ"

ကွပ်ကဲရေးမှူးပီသပါပေသည်။

စကားပြော တတ်လိုက်တာ။

တရားရေးဝန်ကြီးသည် ချက်ချင်းပင် ထိုအဘိုးကြီးအပေါ် အမြင်ပြောင်းသွားတော့သည်။

လက်ယာ ကွပ်ကဲရေးမှူးက ဒုတိယမြောက် ပြင်းထန်သော ထိုးနှက်ချက်ကို ပစ်လွှတ်လိုက်သည်။

"လွီကျန့်ယဲ့က ဒီလောက် ကြီးလေးတဲ့ အမှားကို ကျူးလွန်ခဲ့တာ၊ တကယ်လို့ အရှင်မင်းကြီးကသာ ပြင်းပြင်းထန်ထန် အပြစ်မပေးဘူးဆိုရင် လောကကြီးကို ဆွေတော်မျိုးတော်တွေက ဥပဒေရဲ့ အထက်မှာ ရှိနေတယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ"

"ဒီနေ့ လွီကျန့်ယဲ့က ရန်သူကို ထောက်ပံ့တာတောင် လွတ်မြောက်သွားနိုင်ရင် မနက်ဖြန်ကျရင် ချန်ကျန့်ယဲ့ ပုန်ကန်ရင် ဘာလို့ မရရမှာလဲ၊ သန်ဘက်ခါကျရင် စုန့်ကျန့်ယဲ့က တိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူနဲ့ ပူးပေါင်းရင် ဘာလို့ မရရမှာလဲ၊ သူတို့တွေက ဆွေတော်မျိုးတော်တွေလေ"

"အရှင်မင်းကြီးက ဒီနေ့ လွီကျန့်ယဲ့တစ်ယောက်ကို လွှတ်ပေးလိုက်ရင် မနက်ဖြန်ကျရင် သာ့ရှန်းကို ကျောခိုင်းပြီး ရှီးရုံဘက် ထွက်ပြေးကြမဲ့ ပြည်သူတွေ မရေမတွက်နိုင်အောင် ရှိလာပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ရှီးရုံမှာ ဒီလောက် စိတ်သဘောထား ပျော့ပျောင်းတဲ့ ဘုရင်မျိုး မရှိလို့ပါပဲ"

အရှင်မင်းကြီး: ???

မှူးမတ်များ: !!!

ထိုစကားက လက်ဝဲကွပ်ကဲရေးမှူးကို အံ့အားသင့်သွားစေပြီး "သောက်ကျိုးနည်း၊ ခင်ဗျား တကယ် အသက်မရှင်ချင်တော့ဘူးလား" ဟူသော အကြည့်ဖြင့် လက်ယာ ကွပ်ကဲရေးမှူးကို လှမ်းကြည့်လိုက်မိသည်။

လက်ယာ ကွပ်ကဲရေးမှူးက သူ့ကို ဂရုမစိုက်ဘဲ တော်ဝင်စာကြည့်ဆောင်မှ တိုင်လုံးကို အကဲခတ်နေလေပြီ။ အရှင်မင်းကြီးကသာ ငြင်းဆန်လျှင် သို့မဟုတ် သူ့ကို ဆဲဆိုလျှင် တိုင်လုံး၏ မာကျောမှုကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်မည့် ပုံစံပင်။

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

လာပြန်ပြီ လာပြန်ပြီ။ ခင်ဗျား သနားစရာကောင်းတဲ့ တိုင်လုံးကို လွှတ်ပေးလိုက်လို့ မရဘူးလား။

လက်ယာ ကွပ်ကဲရေးမှူးက ထိုမျှလောက် စိတ်အားထက်သန်နေခြင်းက တရားရေးဝန်ကြီးကို ကြောင်အမ်းအမ်း ဖြစ်သွားရစေလေသည်။

သူက လွီမိသားစုကို ဥပဒေအတိုင်း စီရင်စေချင်ရုံသာ၊ ပြစ်ဒဏ်ကို တိုးမြှင့်နိုင်လျှင် ပိုကောင်းသည်ဟု တွေးထားသော်လည်း ထိုအချက်ကြောင့် လက်ယာ ကွပ်ကဲရေးမှူး၏ အသက်ကို ပေးဆပ်လိုက်ရမည်ဆိုလျှင် မတန်လှပေ။

တရားရေးဝန်ကြီးသည် အရှင်မင်းကြီးကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ အရှင်မင်းကြီး စိတ်မဆိုးဘူးမလား၊ ခေါင်းဖြတ်ချင်စိတ် ပေါက်မနေဘူးမလား၊ လက်ယာ ကွပ်ကဲရေးမှူးနဲ့ စာရင်းမရှင်းလောက်ပါဘူးနော်။

အခြားသူများလည်း တိတ်တဆိတ် အကဲခတ်နေကြပြီး လက်ယာ ကွပ်ကဲရေးမှူးအတွက် ဝင်ပြောပေးရန် အချိန်တိုင်း ပြင်ဆင်နေကြသည်။

လက်ယာ ကွပ်ကဲရေးမှူး၏ စကားများက နားဝင်ဆိုးပြီး အနည်းငယ် ခြိမ်းခြောက်သည့်သဘော ပါနေသော်လည်း သစ္စာရှိသော စကားတို့သည် နားဝင်ဆိုးသည် မဟုတ်ပါလား။ အခွန်းတိုင်းက အမှန်တရားတွေချည်းပင်။ သာမန်လူဆိုလျှင် ပြောရဲမည် မဟုတ်ပေ။

အရှင်မင်းကြီး မဒေါသထွက်ခဲ့ပေ။ "လက်ယာ ကွပ်ကဲရေးမှူးက ကုသရခက်တဲ့ ရောဂါတစ်ခုခု ရနေပြီး အရှင်မင်းကြီးကို အသေခံ အကြံပေးရင်း သမိုင်းတွင်ကျန်ရစ်ချင်နေတာများလား" ဟုသာ ခံစားလိုက်ရသည်။

အရေးကြီးသော အချိန်များတွင် ထွက်ပေါ်လာပြီး အရှင်မင်းကြီးကို ရေအေးဖြင့် ပက်မည့် မှူးမတ်များ ရှိနေခြင်းသည် သာ့ရှန်း၏ ကံကောင်းခြင်းပင်။

နားထောင်ရမကောင်းသည့် နှလုံးနာစရာ အမှန်တရား အချို့ကို ကြားလိုက်ရရုံဖြင့် အရှင်မင်းကြီးသည် လက်ယာ ကွပ်ကဲရေးမှူးကို တကယ် အရေးယူလောက်သည်အထိ မအပေ။ ထိုသို့လုပ်လျှင် ယုံကြည်စိတ်ချရသော မှူးမတ်များ၏ စိတ်နှလုံးကို ထိခိုက်စေလိမ့်မည်။

"တော်ကြတော့" အရှင်မင်းကြီးသည် လက်ယာ ကွပ်ကဲရေးမှူးကို တော်ဝင်သမားတော်နှင့် ပြသပေးရန် မည်သည့်အချိန်တွင် စီစဉ်ရမည်ကို တွေးတောရင်း ပြောလိုက်သည်။ "ကျန်း သူ့ကို ခွင့်လွှတ်မယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"

မှူးမတ်များ တိတ်ဆိတ်သွားကြပြီး လက်ယာ ကွပ်ကဲရေးမှူးလည်း တိတ်ဆိတ်သွားလေသည်။

ပြန်စဉ်းစားကြည့်လိုက်တော့ အရှင်မင်းကြီး တကယ် မပြောခဲ့ဖူးပေ။ သူတို့ကသာ အရှင်မင်းကြီး ဖုံးကွယ်ပေးလိမ့်မည်ဟု အလိုလို တွေးထင်နေခဲ့ကြခြင်း ဖြစ်သည်။

ကြည့်ရတာ ရှီးရုံကို ငွေနှင့် ကျူးရှားသတ္တုတွင်း ပို့ဆောင်သည့်ကိစ္စက အရှင်မင်းကြီး၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီး သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်စေခဲ့ပုံရသည်။

ထိုမတိုင်ခင်ကတော့ အရှင်မင်းကြီးသည် လွီကျန့်ယဲ့အတွက် အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ပေးချင်ခဲ့သေးသည်။

လွီကျန့်ယဲ့က စိတ်ပျက်စရာကိစ္စများစွာ လုပ်ဆောင်ခဲ့သဖြင့် ကာကွယ်ပေး၍ မရတော့ပေ။

လွီမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှုရှိသော မှူးမတ်များသည် သူ့အတွက် အသနားခံခြင်း မပြုကြတော့ဘဲ လွီမိသားစု၏ အခြားသူများအတွက်သာ အသနားခံကြတော့သည်။

နှုတ်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ဆုံးတွင် လွီမိသားစုဝင်များကို စောင့်ကြည့်ရန် ပျက်ကွက်မှု၊ ဖုံးကွယ်ပေးမှု၊ လျစ်လျူရှုမှု အစရှိသော ပြစ်မှုများပေါင်းကာ မိသားစုပိုင်ဆိုင်မှု အများစုကို သိမ်းဆည်းလိုက်ပြီး ရာထူးများကို ဖယ်ရှားကာ သာမန်အရပ်သားအဖြစ် သတ်မှတ်လိုက်တော့သည်။

...

All Chapters