အခန်း ၅၃
Vol. 4 Ch. 53
အပိုင်း (၅၃)
ချန်ဟွားကျွီ။
Systemသည် လွီမိသားစုဝင်များ၏ ပြစ်ဒဏ်ကို ချူဟွားအား ပြောပြလိုက်သည်။
[မျိုးဆက် ၃ ဆက်အထိ အရာရှိအဖြစ် ဝင်ရောက်ခွင့် မပြုရ ဆိုတဲ့ တစ်ချက် ထပ်တိုးလာမယ်လို့ ငါ ထင်ခဲ့တာ]
[ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အရှင်မင်းကြီးက လွီမိသားစုအပေါ် လက်ငါးချောင်း မပြည့်အောင် ဆုပ်ကိုင်ထားသေးတာပဲ]
ချူဟွား နားလည်နိုင်ပေသည်။ [တကယ့်တကယ် တိုင်းပြည်ကို သစ္စာဖောက်ပြီး ပုန်ကန်တာမှ မဟုတ်တာ၊ ဒီလောက်ထိ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ မဖြစ်နိုင်ဘူးလေ]
[ဒီအဆင့်ထိ အပြစ်ပေးခံရတာက အရှင်မင်းကြီးနဲ့ မှူးမတ်တွေက ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်ပြချင်လို့ပဲ နေမှာ၊ ဆွေတော်မျိုးတော်တွေကို သူတို့ရဲ့ အရှိန်အဝါကို အသုံးပြုပြီး စိတ်ထင်သလို မလုပ်ကြဖို့ သတိပေးလိုက်တာပေါ့]
[အရှင်မင်းကြီးက တယ်ဖေးညန်ညန်နဲ့ သားသမီးနှစ်ယောက်ကိုလည်း ထည့်စဉ်းစားရဦးမယ်၊ တကယ်လို့ လွီမိသားစုကို မျိုးဆက် ၃ ဆက်အထိ အရာရှိ လုပ်ခွင့်မပေးဘူးဆိုရင် မင်းသား ၄ က မိခင်ဘက်က အထောက်အပံ့ ရနိုင်တော့မှာ မဟုတ်ဘူး]
System: [အရှင်မင်းကြီးက မင်းသား ၄ ကို ထီးနန်း ဆက်ခံစေချင်လို့လား]
ချူဟွား: [အရှင်မင်းကြီးက နောက်ထပ် နှစ်၂၀ လောက် အသက်ရှင်ဦးမှာလေ၊ နောက်နှစ် ၂၀ ကြာတဲ့အခါ မတော်တဆမှုတစ်ခုခုကြောင့် မင်းသားကြီးနဲ့ ဒုတိယမင်းသား ကွယ်လွန်သွားခဲ့ရင်ရော၊
အခုအချိန်မှာ မင်းသား ၄ ကို ကြီးပြင်းလာမဲ့ အခွင့်အရေး မပေးဘဲ ဖြတ်တောက်လိုက်ရင် မတော်တဆမှု ဖြစ်လာတဲ့အခါ အရည်အချင်းမရှိတဲ့ သူတစ်ယောက်ပဲ ကျန်နေခဲ့မှာ၊ အဲဒီကျရင် ဒီထီးနန်းကို ဆက်ခံခိုင်းရမှာလား မခိုင်းရဘူးလား]
System: [ ... ]
သူသည် လူသားများကဲ့သို့ပင် ရွေးချယ်ရခက်သည့် ဝေဒနာ ခံစားနေရကြောင်း တွေ့ရှိလိုက်ရ၏။
[အရှင်မင်းကြီး လုပ်ရတာလဲ မလွယ်ပါလား]
ချူဟွားကတော့ ပြုံးရုံသာ ပြုံးနေလိုက်သည်။
အရှင်မင်းကြီးဆိုသည်မှာ တိုင်းပြည်တစ်ခု၏ ကံကြမ္မာကို ပိုင်ဆိုင်ပြီး တိုင်းပြည်တစ်ခုလုံး၏ ပြည်သူများက ထောက်ပံ့ထားရသူဖြစ်သဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်လျှင် ကမောက်ကမ ဖြစ်ကုန်ပေလိမ့်မည်။
[လွီကျန့်ယဲ့ကို ဖော်ထုတ်ခဲ့တဲ့ အစေခံညီလေး ဘယ်လိုနေလဲ]
System: [အင်း... ငါ ကြည့်လိုက်ဦးမယ်၊ ဖေ့မင်ချန်က သူ့ကို ဆွဲထုတ်လာခဲ့တယ်]
[အဲဒီလူက လက်စားချေပြီးသွားတော့ ဘဝရည်မှန်းချက် ပျောက်ဆုံးသွားပြီး လွီမိသားစုဝင်တွေရဲ့ ဇာတ်သိမ်းကို သိရရင် ရလဒ်ကို ယူပြီး မြေအောက်က သူ့အစ်ကိုဆီ သွားတွေ့ဖို့ စောင့်နေတာ၊ ဖေ့မင်ချန်က အဲဒါကို မြင်တော့ သူ့ကို နန်းစောင့်တပ်ထဲ ခေါ်သွင်းလိုက်တယ်၊ အောက်ခြေကနေ စလုပ်ရမှာပေါ့]
ချူဟွား: [နန်းစောင့်တပ်ထဲ ဝင်ဖို့ဆိုတာ အဆင့်ဆင့် စစ်ဆေးမှုတွေကို ဖြတ်ကျော်ရတာ၊ ဒီတစ်ခါတော့ ခြွင်းချက် ဖြစ်သွားပြီပေါ့]
ခြွင်းချက် ဖြစ်ခွင့်ရသည်မှာလည်း ကောင်းသည်။ အနည်းဆုံးတော့ အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့သည်လေ။
ထိုလူ၏ ကြံ့ခိုင်မှု၊ သည်းခံနိုင်စွမ်းနှင့် ရည်မှန်းချက် မပြီးမချင်း မလျှော့သော စိတ်ဓာတ်တို့ဖြင့် သူသည် နန်းစောင့်တပ်တွင် သေချာပေါက် ထူးချွန်လာမည်ဖြစ်ပြီး မကြာမီ သူ၏နေ့ရက်ကောင်းများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ရှားပါးသော သတင်းကောင်းတစ်ခုပင်။
ဆင်းရဲဒုက္ခများ ပြီးဆုံးပြီး ချမ်းသာသုခ ရောက်ရှိလာပါစေ၊ အနာဂတ် နေ့ရက်တိုင်းတွင် လောကကြီး၏ ကြင်နာယုယမှုကို ခံစားရပါစေဟု ဆုတောင်းပေးလိုက်သည်။
ချူဟွား စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ရုတ်တရက် ကိစ္စတစ်ခုကို တွေးမိလိုက်သည်။
[System ရေ၊ မနက်ဖြန်ကျရင် ငါတို့ တရားရေးဝန်ကြီးရဲ့ သမီးကို သွားရှာကြမယ်]
System: [ဘာလုပ်မလို့လဲ]
ချူဟွား: [သူနဲ့ စကားသွားပြောမလို့၊ သူ ဝိတ်ချချင်လားလို့ မေးမလို့လေ]
လူတစ်ယောက်နှင့် system တစ်ခု၏ စကားဝိုင်းသည် အထက်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ချူဟွားက ဤကိစ္စ၏ နောက်ဆက်တွဲကို အာရုံစိုက်နေခြင်းမှာ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သော်လည်း တရားရေးဝန်ကြီး၏ သမီးနှင့် မတော်တဆ တွေ့ဆုံခြင်းမှာ...
ဒုတိယမင်းသားသည် တရားရေးဝန်ကြီးကို တစ်စက္ကန့်လောက် သနားသွားမိသည်။
သူ၏ဇနီးသည်က ချူဟွားနှင့် သိကျွမ်းပြီးနောက် အနောက်ဘက် ခြံဝင်းတစ်ခုလုံး ယခုအချိန်အထိ ငြိမ်သက်ခြင်း မရှိသေးပေ။ တရားရေးဝန်ကြီး၏ သမီးက ချူဟွားနှင့် သိကျွမ်းပြီးနောက် မည်သို့သော အံ့ဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို မသိနိုင်ပေ။
ပြောရရင်တော့ တော်တော်လေး မျှော်လင့်မိသား။
တရားရေးဝန်ကြီးသည် သမီးဖြစ်သူထံ စာပို့ချင်သော်လည်း သမီးဖြစ်သူက ချူဟွားရှေ့တွင် သိုဝှက်ထားသည်များ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ထိုစိုးရိမ်ပူပန်မှုများနှင့်အတူ လူးလိမ့်ကာ အိပ်မပျော်နိုင် ဖြစ်နေရရှာသည်။
သူနှင့်မတူသည်မှာ အရှင်မင်းကြီးနှင့် မှူးမတ်များကတော့ မနက်ဖြန်တွင် မည်သည့် ဖရဲသီးအသစ်များ ရှိလာမည်ကို မျှော်လင့်နေကြပြီး မျှော်လင့်ချက်များဖြင့် အိပ်စက်ခဲ့ကြသည်တွင် အိပ်ပျော်မှု အရည်အသွေးများ ကောင်းမွန်နေကြလေသည်။
နောက်တစ်နေ့တွင် ချူဟွားသည် အလုပ်သမားဝန်ကြီးဌာနသို့ အရင် သတင်းပို့ပြီးနောက် နိုင်ငံတော်ဘဏ္ဍာတိုက်သို့ တစ်ပတ် လျှောက်သွားလိုက်သည်။
'အံ့ဖွယ်ခုံးခုံး' နှင့် ပတ်သက်ပြီး သူမတွင် တိကျသော စည်းမျဉ်းများ ရှိပြီးဖြစ်သည်။ အရှင်မင်းကြီးက အလုပ်သမားဝန်ကြီးကို အနည်းငယ် ပြောပြထားသဖြင့် အလုပ်သမားဝန်ကြီးသည် systemကို စက်ကိရိယာများ ပြုပြင်မွမ်းမံခိုင်းရန် ဇွတ်အတင်း မတောင်းဆိုတော့ပေ။ ထိုအရာက system မကျွမ်းကျင်သော အရာပင် မဟုတ်ပါလား။
ချူဟွားသည် တစ်ပတ် လျှောက်သွားပြီးနောက် ပေါ်တင်ကြီး အလုပ်ခိုကာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ယွီကျားယန်၏ အိမ်သို့ သွားရောက်ခဲ့လေသည်။
ထိုနေရာသို့ ရောက်သောအခါ တိုက်ဆိုင်သည်ဟု ပြောရမလား၊ မတိုက်ဆိုင်ဘူး ပြောရမလား၊ ယွီကျားယန်သည် သစ်အယ်သီးလှော် တစ်အိတ်ကို ပိုက်လျက် မြင်းရထားပေါ်မှ ဆင်းလာပြီး အိမ်သို့ အလျင်အမြန် ပြန်လာနေသည်ကို တွေ့လိုက်ရ၏။
နှစ်ဦးသား ယွီအိမ်တော် တံခါးဝတွင် တွေ့ဆုံသွားကြလေသည်။
ရန်သူချင်း တွေ့ဆုံရာ မျက်လုံးများ နီရဲလာကြ၏။
ယွီကျားယန်က ချူဟွားကို ကြည့်သော အကြည့်သည် ဓားဖြင့် ထိုးသတ်ချင်နေသကဲ့သို့ ရှိသော်လည်း သူမဘေးတွင် ပါလာသော နန်းစောင့်တပ်သား နှစ်ဦးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဖားလိုသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ရတော့သည်။
"ကျွန်တော်မျိုး ချူဟွားကို နှုတ်ဆက်ပါတယ်၊ လူကြီးမင်းချူ ဒီလို ဆင်းရဲတဲ့အိမ်ကို ဘာကိစ္စများ ကြွရောက်လာပါသလဲခင်ဗျာ"
System အမြင်ကျယ်သွားတော့သည်။ [ဝိုး—— ဒါက ဒဏ္ဍာရီလာ ဖားကောင် ဆိုတာလား၊ ဗဟုသုတ တိုးသွားပြီ]
ယွီကျားယန်၏ မျက်ခွံများ လှုပ်ရှားသွားသော်လည်း အနည်းငယ်မျှ မလှုပ်ရှားရဲပေ။ ပြီးခဲ့သည့် တစ်ကြိမ်က အမှန်တရားကို ဖော်ထုတ်ရန် ကြိုးစားစဉ်က မည်သို့ ဆက်ဆံခံခဲ့ရသည်ကို သူ မမေ့သေးပေ။
ကျားယီနှင့် ချိုက်ကန်းတို့က ရယ်ချင်စိတ်ကို အောင့်ထားပြီး ပတ်ဝန်းကျင်နှင့် ယွီကျားယန်၏ လှုပ်ရှားမှုတိုင်းကို အချိန်ပြည့် စောင့်ကြည့်နေကြသည်။
ချူဟွားက မျက်နှာထား မပျက်ဘဲ ပြောလိုက်၏။ "ဟိုတုန်းက ညီလာခံမှာ ကျွန်တော် ပြောခဲ့တယ်လေ၊ နောက်တစ်နေ့ကျရင် ယွီသခင်မဆီ လာပြီး အကြံဉာဏ်တောင်းမယ်လို့၊ အခု ရောက်လာပြီလေ"
ယွီကျားယန်သည် ကြောင်အမ်းနေသော ငါးတစ်ကောင်ကဲ့သို့ ပါးစပ်ဟထားပြီး စကားတစ်ခွန်းမှ မပြောနိုင် ဖြစ်နေသည်။
ခင်ဗျားကြောင့် ကျွန်တော့်မှာ ရာထူးလည်း မရှိ၊ ဂုဏ်သိက္ခာလည်း မရှိတော့ဘဲ သူများတွေရဲ့ လက်ညှိုးထိုးတာကို ကြောက်လို့ သူများတွေနဲ့လည်း မတွေ့ရဲတော့ဘဲ အိမ်မှာပဲ ဇနီးသည်ရဲ့ မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး နေနေရတာတောင် ခင်ဗျားက ကျွန်တော့်ကို မလွှတ်ပေးသေးဘူးလားဗျာ။
ချူဟွားက ပြုံးလိုက်၏။ "အစ်ကိုယွီ၊ ကြွပါ"
သည်အခိုက်အတန့်တွင် ချူဟွားသည် ယွီကျားယန်၏ မျက်လုံးထဲတွင် မကောင်းဆိုးဝါးတစ်ကောင်၊ သူ့ကို သတ်မည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေလေသည်။
သူက ငြင်းဆန်ချင်သော်လည်း ကျားယီနှင့် ချိုက်ကန်း၏ လက်များက ရှို့ချွန်းဓားပေါ်သို့ ရောက်နေပြီး သူ့ကို ခြိမ်းခြောက်နေသယောင် ရှိသည်ကို တွေ့လိုက်ရ၏။ ခင်ဗျား လုပ်စရာရှိတာ လုပ်ရင် ကောင်းမယ်နော်။
ယွီကျားယန်က ငိုမဲ့မဲ့ မျက်နှာဖြင့် "လူကြီးမင်းချူ ကြွပါ" ဟု ပြောလိုက်ရတော့သည်။ သွားပြီ။ သူ သွားပြီ။
လူတစ်သိုက် အိမ်ထဲသို့ ဝင်ရောက်လာကြသည်။ တံခါးစောင့် အစေခံလေးက အသံကြားသည်နှင့် သခင်မကို သွားခေါ်နေလေပြီ။
ကျန်းရှီသည် သူမ၏ ခင်ပွန်းသည် ပြည့်တန်ဆာအိမ် သွားကြောင်း စွပ်စွဲခဲ့သည့် လူကြီးမင်းချူ ရောက်လာကြောင်း ကြားသိရသောအခါ ကြိုဆိုရန် အလျင်အမြန် ထွက်လာခဲ့လေသည်။
ဒဏ္ဍာရီလာ လူကြီးမင်းချူသည် မျက်နှာနုနုနှင့် လူကို မြင်လျှင် သုံးပုံတစ်ပုံလောက် ပြုံးပြတတ်ကာ ကြည့်ရတာ သဘောထား ကောင်းမွန်မည့်ပုံ ပေါက်နေသည်။
ထိုသို့ကြည့်လိုက်လျှင် ဘေးနားရှိ ယွီကျားယန်က ပိုပြီး နှိမ့်ချလွန်းနေသလို ဖြစ်နေပြီး မိမိကိုယ်တိုင် ထိုစဉ်က ဤကဲ့သို့သော ဝက်၊ ခွေးလောက်ပင် အသုံးမကျသည့်အကောင်ကို သဘောကျခဲ့မိသည်မှာ ဘယ်လောက်များ မျက်ကန်းခဲ့သလဲ ဆိုသည်ကို ပေါ်လွင်စေသည်။
ကျန်းရှီသည် စိတ်ထဲမှ ခံစားချက်များကို ဖိနှိပ်လိုက်ပြီး အလျင်အမြန် ဂါရဝပြုလိုက်သည်။
"လူကြီးမင်းချူကို နှုတ်ဆက်ပါတယ်"
"သခင်မ ထပါ ခင်ဗျာ" ချူဟွား ပါးစပ်ဖွင့်လိုက်သည်နှင့် အမျိုးသမီးအသံက သူမ၏ အမျိုးသားကဲ့သို့ ဝတ်ဆင်ထားမှုကို အကုန် ပေါ်သွားစေတော့သည်။
ယွီကျားယန်နှင့် နန်းစောင့်တပ်သားများတွင် မည်သည့် ထူးခြားမှုမှ မရှိကြပေ။ ကျန်းရှီသည်လည်း ဖခင်ထံမှ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို သိရှိထားပြီးဖြစ်သဖြင့် မည်သည့်အရာကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ "လူကြီးမင်းချူ ဒီနေ့ ဘာကိစ္စများ ရှိလို့ ကြွရောက်လာပါသလဲရှင်"
မေးခွန်း ထွက်လာသည်နှင့် ယွီကျားယန် တစ်ကိုယ်လုံး ငြိမ်သက်သွားတော့သည်။
ချူဟွားကို တားဆီးရန် နန်းစောင့်တပ်သားများ ရှိနေသည်။ ချူဟွားကို ပစ်မှတ်ထားလျှင် လက်စားချေခံရမည်။ ဒါကြောင့်... ဒီနေ့က သူ့ရဲ့ သေနေ့လား။
ချူဟွားသည် ယွီကျားယန်ကို တစ်ကြိမ် ပစ်မှတ်ထားပြီးပြီဖြစ်သဖြင့် သူ့ကို အချိန်ပြည့် စိုက်ကြည့်နေရန် အားမနေပေ။
သူမ လာရောက်ရသည့် ရည်ရွယ်ချက်အမှန်ကို မနေ့ညက system ကို ပြောပြထားပြီး ဖြစ်သည်။
"သခင်မက လက်ရှိ အခြေအနေကို ကျေနပ်ရဲ့လားလို့ မေးချင်လို့ပါ"
ယွီကျားယန်လဲ ရုတ်တရက် သတိပြန်ဝင်လာသည်။ ဟင်။ ချူဟွားက တိုင်တန်းဖို့ လာတာ မဟုတ်ဘူးလား။
ကျန်းရှီလည်း ချူဟွား၏ ရည်ရွယ်ချက်ကို သိပ်နားမလည်ပေ။ "လူကြီးမင်း ဆိုလိုတာက..."
ချူဟွား: "တကယ်လို့ သခင်မက ကိုယ့်ရဲ့ လက်ရှိ အခြေအနေကို သိပ်မကျေနပ်ဘူးဆိုရင် ကျွန်တော် အကူအညီတချို့ ပေးချင်လို့ပါ"
ယွီကျားယန်၏ စိတ်က ပြန်လည် မြင့်တက်လာပြန်သည်။ သိပ်မကျေနပ်ဘူး ဟုတ်လား။ သူ့ကို ရည်ညွှန်းတာလား။
ကျန်းရှီလည်း ထိုအတိုင်း တွေးလိုက်ပြီး ယွီကျားယန်ကို တစ်ချက် ကြည့်လိုက်သည်။ "လင်သေ မုဆိုးမ ဖြစ်တာမျိုးလား"
ယွီကျားယန်၏ မျက်နှာသည် ချက်ချင်းပင် မြေကြီးရောင် ဖြစ်သွားပြီး စိတ်ထဲတွင် အသည်းအသန် အော်ဟစ်လိုက်မိတော့သည်။ အား... ဒီနေ့က သူ့ရဲ့ သေနေ့ပဲ။
ဒီလိုနေ့မျိုး ရောက်လာမယ်မှန်း သိခဲ့ရင် သူ့ရဲ့ ခါးအောက်ပိုင်းကို သေချာ ထိန်းသိမ်းပြီး ဇနီးသည်ရဲ့ ပိုက်ဆံကို လိမ်ယူပြီး နေရာတကာ လျှောက်မရှုပ်ခဲ့ပါဘူး။ ဝူး...ဝူး...။
ချူဟွားလည်း ယွီကျားယန်ကို တစ်ချက် ကြည့်လိုက်ပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ "ဒါက သခင်မရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါ၊ ကျွန်တော်က သခင်မ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ အကူအညီ ပေးဖို့ လာခဲ့တာပါ၊ ဥပမာ..."
ယွီကျားယန်: ?
ကျန်းရှီ: ?
"သိပ္ပံနည်းကျ ဝိတ်ချနည်းကို စမ်းကြည့်မလား" ချူဟွား ပြုံးလိုက်သည်။
ကျန်းရှီ နားလည်သွားပြီး ခါးသီးစွာ ပြုံးလိုက်သည်။ "လူကြီးမင်းကို အမှန်အတိုင်း ပြောရရင် ဒီနှစ်တွေထဲမှာ ကျွန်မ နည်းလမ်းပေါင်းစုံ စမ်းသပ်ခဲ့ပေမဲ့ သိပ်မထူးခြားခဲ့ပါဘူး"
ချူဟွား: "ဒါဆို ကျွန်တော်နဲ့ သခင်မ လောင်းမလား"
ကျန်းရှီ အနည်းငယ် စိတ်ဝင်စားသွားသည်။ "ဘာကြေး လောင်းမှာလဲ"
ချူဟွား: "ကျွန်တော် သခင်မကို သိပ္ပံနည်းကျ ဝိတ်ချနည်း တစ်ခု ပေးမယ်၊ တကယ်လို့ တစ်လနေလို့ သခင်မက ကျွန်တော့်ရဲ့ နည်းလမ်းအတိုင်း ပိန်သွားရင် သခင်မက ကျွန်တော့်အတွက် ကိစ္စတစ်ခု လုပ်ပေးရမယ်"
"ပြောင်းပြန်အနေနဲ့ သခင်မက ဝသွားတာပဲဖြစ်ဖြစ် မပိန်တာပဲဖြစ်ဖြစ် သခင်မ နိုင်တယ်လို့ သတ်မှတ်မယ်၊ ကျွန်တော်က သခင်မအတွက် ကိစ္စတစ်ခု လုပ်ပေးမယ်၊ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်တို့နှစ်ယောက် လုပ်နိုင်တဲ့ စွမ်းရည်အတွင်းက ဖြစ်ရမယ်၊ ကိုယ်ကျင့်တရားနဲ့ မညီတာ၊ သူတစ်ပါးကို ထိခိုက်စေတာမျိုး မဖြစ်ရဘူး"
ကျန်းရှီသည် အကြိမ်ကြိမ် ဝိတ်ချပြီး မအောင်မြင်သဖြင့် စောစောကတည်းက လက်လျှော့ထားပြီး ဖြစ်လေသည်။ လောင်းကြေးကို ကြားလိုက်ရမှ စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် သူမသည် ဝိတ်ကျရန် မမျှော်လင့်တော့ဘဲ ချူဟွားက သည်လောက် ကြိုးစားနေရသည့်အကြောင်းကိုသာ သိချင်နေမိသည်။ "လူကြီးမင်းချူ ဘာလို့ ဒီလောက် ပင်ပန်းခံနေရတာလဲ"
ချူဟွားက ပြုံးလိုက်၏။ "ဒီခေတ်ကြီးမှာ အမျိုးသမီးတွေ နေထိုင်ရတာ ခက်ခဲတယ်လေ၊ တစ်ယောက်လောက် ကူညီနိုင်ရင် တစ်ယောက်ပေါ့"
ကျန်းရှီမှာ စိတ်လှုပ်ရှားသွားတော့သည်။ ချူဟွားက ဒုတိယမင်းသား၏ အိမ်တော်မှ အမျိုးသမီးများကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ခေါ်ဆောင်ပြီး စာရင်းတွက်ခိုင်းသည်ကို သူမ ကြားဖူးသည်။
"ဒါဆို... တကယ်လို့ သူတို့က မြှောက်ပေးလို့ မရတဲ့ ငဒူတွေ ဆိုရင်ရော" သူမ ဘာကို စမ်းသပ်နေမှန်း၊ ဘာကို မျှော်လင့်နေမှန်း သူမကိုယ်တိုင်လည်း မသိပေ။
ကျန်းရှီက သည်လို မေးလာသည်တွင် သူမ၏ စိတ်ထဲတွင် ယိမ်းယိုင်မှုများ ရှိနေပြီဖြစ်ကြောင်း ချူဟွားက သိလိုက်၏။
"လူတိုင်းက ကိုယ့်ဘဝအတွက် ကိုယ် တာဝန်ယူရမှာပါ၊ ကျွန်တော်က ကူညီမဲ့ လက်ကို ကမ်းပေးလိုက်ပြီ၊ ဆုပ်ကိုင်ထားတာက သူတို့ရဲ့ အရည်အချင်းပဲ၊ စွန့်လွှတ်လိုက်တာကလည်း သူတို့ရဲ့ ရွေးချယ်မှုပဲလေ"
"အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်" ချူဟွားသည် လက်ဖဝါးကို ဖြန့်ပြီး ကျန်းရှီ၏ ရှေ့တွင် ချထားလိုက်သည်။
ချူဟွားသည် သူမ၏ ရွေးချယ်မှုကို စောင့်ဆိုင်းနေကြောင်း ကျန်းရှီ သိလိုက်သည်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတာ၊ ထပ်စမ်းကြည့်မလား။
ငယ်သူချင်း စိုးရိမ်ပူပန်သော အကြည့်များ၊ ဘေးလူများ၏ အတင်းအဖျင်းများ၊ ယွီကျားယန်၏ အေးစက်သော စကားများ၊ ယောက္ခမများ၏ နောက်ကွယ်မှ သံသယများ၊ မိဘများ၏ ချိုသာသော တိုက်တွန်းမှုများ၊ သမီးလေး၏ ကလေးဆန်သော စကားများ...
ထိုအသံများနှင့် ပုံရိပ်များသည် ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်လာပြီး စကားလုံးတိုင်း၊ ဝါကျတိုင်းက ဓားတစ်လက်အသွင်ပြောင်းကာ ကျန်းရှီ၏ နှလုံးသားကို ထိုးနှက်နေကြသည်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။ အသုံးမဝင်မှန်း သိလျက်နဲ့ ဘာလို့ ထပ်စမ်းနေဦးမှာလဲ၊ ဘာလို့ လူတွေရဲ့ လှောင်ပြောင်မှုကို ထပ်ခံဦးမှာလဲ။
သို့သော် ရင်ထဲ အနက်ရှိုင်းဆုံး တစ်နေရာမှ အသံတစ်ခုက သူမကို ပြောနေသည်။ ချူဟွားက စေတနာနဲ့ လာတာ၊ သေချာပေါက် ယုံကြည်ချက် ရှိလို့ပဲ ဖြစ်ရမယ်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်၏။ ချူဟွားက စေတနာနဲ့ ဆိုတာ နင် ဘယ်လိုသိလဲ၊ တကယ်လို့ သူက နင့်ကို ဒုက္ခပေးဖို့ လာတာဆိုရင်ရော။
ထိုအချိန်မှာပင် နားထဲတွင် မရင်းနှီးသော ကလေးသံတစ်ခုကို ကြားလိုက်ရသည်။
[မမကြီးဟွား၊ နင်သာ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ]
ချူဟွား၏ တုံ့ပြန်မှုက အလွန် ယုံကြည်မှု ရှိနေသည်။ [ရှုံးမယ် ဟုတ်လား၊ ငါ့ဘဝမှာ တစ်ခါမှ မရှုံးဖူးသေးဘူး]
[ဒါပေမဲ့...] သူက တွန့်ဆုတ်စွာ ပြောလိုက်သည်။ [တကယ်လို့ ရှုံးသွားရင် ယွီကျားယန်ကို အဝတ်အစားတွေ ချွတ်ပြီး နန်းစောင့်တပ်သားတွေကို မြို့တံခါးဝမှာ ၃ ရက် ၃ ညလောက် ကြိုးဆွဲချခိုင်းလိုက်မယ်]
ယွီကျားယန်: !!!
ဒါက ငါနဲ့ ဘာဆိုင်လို့လဲကွ။
ကျန်းရှီ: ???
ဒီလို ကောင်းတဲ့ကိစ္စမျိုး ရှိသေးတာလား။
"ကျွန်မ လောင်းမယ်" ကျန်းရှီသည် ချူဟွား၏ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ "လူကြီးမင်းချူ၊ ကျွန်မ လူကြီးမင်းနဲ့ လောင်းမယ်"
ဝိတ်ကျတာ မကျတာ အရေးမကြီးဘူး၊ အဓိကက ယွီကျားယန်ကို မြို့တံခါးဝမှာ အသားခြောက်လို ၃ ရက် ၃ ညလောက် တွဲလောင်းဆွဲထားတာကို မြင်ချင်လို့ပဲ။
...