အခန်း ၅၄
Vol. 4 Ch. 54
အပိုင်း (၅၄)
မြို့တံခါးဝတွင် လူတစ်ဦးကို သုံးရက် သုံးည ချိတ်ဆွဲထားသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ထိုအကြောင်းပြချက်မှာ ချူဟွားက ကျန်းရှီကို ငါးစာချလိုက်ခြင်းသာ ဖြစ်လေသည်။
ကျန်းရှီ ဝိတ်ချပြီး မအောင်မြင်လျှင်ပင် သူမသည် ချူဟွားနှင့် system တို့၏ ပြောစကားများကို ကြားသိခဲ့ကြောင်း ချူဟွားကို ပြောရဲပါမည်တဲ့လား။
သုံးရက် သုံးည ချိတ်ဆွဲခံရမည်ဟူသော ခြိမ်းခြောက်မှု ရှိနေသဖြင့် ယွီကျားယန်သည် ကျန်းရှီ၏ သိပ္ပံနည်းကျ ဝိတ်ချခြင်းကို အချိန်တိုင်း ကြီးကြပ်ပေးမည်မှာ သေချာသည်။
အခမဲ့ ကြီးကြပ်သူ တစ်ဦးကို ရရှိလိုက်သည်နှင့် အတူတူပင်။
Systemသည် ချူဟွားကို လှည့်စားတတ်လွန်းသည်ဟု မပြောဘဲ မနေနိုင်တော့ပေ။
systemက မည်သည့်အချိန်တွင် မည်သည့်စကားကို ပြောရမည်ဆိုသည်ကိုပင် ချူဟွားက သီးသန့်စကားပြောခန်းတွင် မှာကြားထားခြင်း ဖြစ်သည်။
systemကိုတောင် အသုံးချတတ်သော သည်တစ်ခေါက် သခင်သည် တကယ်ကို ဆိုးသွမ်းလှပေ၏။
Systemသည် မကျေမနပ် ညည်းညူနေသော်လည်း ပြန်စဉ်းစားကြည့်လိုက်သောအခါ ချူဟွားသည် သူမအတွက် လုပ်ဆောင်နေခြင်း မဟုတ်သဖြင့် စိတ်မဆိုးနိုင်တော့ပေ။
တခြား သခင်များသည် ဖရဲသီးစား systemနှင့် ချိတ်ဆက်ပြီးနောက်တွင် ဖရဲသီးစားရုံသက်သက်သာ လုပ်ဆောင်ကြပြီး မိမိကိုယ်ကို ပျော်ရွှင်အောင် ထားကြသည်ဟု ပင်မ system ပြောပြဖူးသည်။
သူ၏ သခင်သည်လည်း ဖရဲသီးစားရခြင်းကို နှစ်သက်သော်လည်း သူ့ကို အသုံးပြု၍ အကျင့်ပျက်ခြစားမှုကို စုံစမ်းခြင်း၊ အကျင့်ပျက် အရာရှိများကို သတ်ဖြတ်ခြင်းနှင့် ရိုးသားသော အရာရှိများကို ကယ်တင်ခြင်း စသည့် ကောင်းမှုများစွာကို လုပ်ဆောင်ခဲ့သည်။
ဒါက လူသားတွေ ပြောကြတဲ့ အောင်မြင်မှုနဲ့ ကျေနပ်မှု ဆိုတာမျိုးများလားဟု system တွေးမိသည်။
ချူဟွား၏ သက်တမ်း ကုန်ဆုံးသွားပြီး သူ ပြန်သွားသည့်အခါ တခြား ဖရဲသီးစား systemများကို ကြွားဝါနိုင်ပေလိမ့်မည်။ သူသည် သည်လို ထူးချွန်သော သခင်နှင့် ချိတ်ဆက်ခဲ့ဖူးသည်ဟု ပြောပြနိုင်ပေလိမ့်မည်။
ထိုငါးစာသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှ၏။
ကျန်းရှီသည် ဝိတ်ချရန် ချက်ချင်း စိတ်အားထက်သန်လာပြီး အလွန် တက်ကြွနေသဖြင့် ယွီကျားယန်ခမျာ ကြက်သီးမွေးညင်း ထသွားရလေသည်။
"လူကြီးမင်းချူ၊ သိပ္ပံနည်းကျ ဝိတ်ချနည်းဆိုတာ ဘာလဲဆိုတာ မေးလို့ ရမလား"
ချူဟွား: "အဓိက အချက် ၃ ချက် ရှိပါတယ်၊ ပုံမှန် အိပ်ချိန်၊ မျှတတဲ့ အစားအသောက်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းပါ"
ဘယ်လို လုပ်ရမလဲဆိုတာ အသေးစိတ် မပြောပြခင် သူမက အခြေခံ အချက်အလက်တွေကို အရင် သိချင်သေးသည်။ "အရင်တုန်းက ဘယ်လို ဝိတ်ချခဲ့တာလဲ"
ကျန်းရှီ: "မစားဘဲ နေတယ်၊ လျှော့စားတယ်"
ချူဟွား: "..." အစာအိမ်ရောဂါ မရအောင် နေနိုင်တာ တော်လိုက်တာ။
System အံ့အားသင့်သွားပြီး ဖရဲသီးခင်းထဲသို့ ခေါင်းစိုက်ကာ အချိန်အတော်ကြာ ရှာဖွေလိုက်သည်။
[ဘုရားရေ၊ သူက တစ်နေ့ နှစ်နပ်ပဲ စားပြီး ဟင်းသီးဟင်းရွက်နဲ့ မုန်လာဥကိုပဲ စားခဲ့တာ၊ မျက်နှာ စိမ်းလာတဲ့အထိ ဝက်ခြံတွေ ထွက်လာမှ လက်လျှော့လိုက်တာ]
[ဝိတ်ချဖို့အတွက် ဒီလောက်ထိ ကြိုးစားရလား]
ချူဟွား: [အရမ်း ကြိုးစားတာပဲ]
ကျန်းရှီ၏ မျက်လုံးများက မှေးမှိန်သွားသည်။ သူမ ဒီလောက် ကြိုးစားတာတောင် ဘာလို့ ဝိတ်မကျတာလဲ။
အရင်မင်းဆက်တုန်းက အသားအရေ ဖြူဝင်းပြီး ပိန်ပါးတာကို အလှတရားလို့ သတ်မှတ်ကြတယ်။ စကားပြောရင် နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတွေကို ကြိုက်ကြတယ်။ ဒါကြောင့် အရပ်ထဲမှာ အစာငတ်ပြီး မျက်နှာ ဝါဖျော့နေတဲ့ မိန်းကလေးတွေ၊ စကားပြောရင် အားမရှိသလို ဖြစ်နေတဲ့ မိန်းကလေးတွေ အများကြီး ရှိခဲ့တယ်။
အဲဒီလို အဆိပ်အတောက်တွေ များလွန်းလို့လား မသိဘူး၊ သာ့ရှန်းရဲ့ ပထမဆုံး အရှင်မင်းကြီးက ဝဖိုင့်ဖိုင့်နဲ့ ကျန်းမာပုံပေါက်တဲ့ မိန်းကလေးတွေကို ကြိုက်တယ်။ စကားပြောရင် အသံကျယ်ကျယ်နဲ့ ပြောတတ်တဲ့ မိန်းကလေးတွေကို ကြိုက်တယ်။
အစွန်းရောက်နေတဲ့ အလှတရား နှစ်ခု ပြီးသွားတဲ့အခါ သာ့ရှန်းရဲ့ ဒုတိယနဲ့ တတိယ အရှင်မင်းကြီးတွေရဲ့ အကြိုက်က အလယ်အလတ် ဖြစ်သွားတယ်။ အခုဆိုရင် လူတွေက ပြည့်ပြည့်ဖောင်းဖောင်းနဲ့ သိပ်မဝတဲ့ မိန်းကလေးတွေကို ကြိုက်လာကြပြီ။
မိဖုရားကြီးနဲ့ ဒုတိယမင်းသား ကြင်ရာတော်တို့က အဲဒီလို အမျိုးအစားတွေ ဖြစ်ကြတယ်။
ကျန်းရှီ၏ အရပ်မှာ ၅ ပေကျော်ရုံသာ ရှိပြီး ကိုယ်အလေးချိန်မှာ ပေါင် ၁၅၀ ခန့် ရှိသဖြင့် အတော် ဝသည်ဟု ပြောနိုင်သည်။
ကျန်းရှီ၏ ခန္ဓာကိုယ် အချိုးအစားသည် လူအများ၏ အလှတရား စံနှုန်းနှင့် မကိုက်ညီပေ။ သူမ ကိုယ်တိုင် လက်ခံနိုင်လျှင် ကိစ္စ မရှိသော်လည်း ကံမကောင်းစွာဖြင့် သူမသည် လက်မခံနိုင်သလို ဂရုလည်း စိုက်နေမိသည်။
ချူဟွားသည် ကျန်းရှီ၏ နေ့စဉ် အိပ်ချိန်၊ စားသောက်ပုံနှင့် လေ့ကျင့်ခန်း လုပ်ပုံတို့ကို အသေးစိတ် မေးမြန်းလေသည်။
မေးမြန်းနေစဉ်တွင် ကျန်းရှီ၏ ကိုယ်ရံတော် အစေခံမ နှစ်ဦးလည်း ရှိနေသည်။
တစ်ခါတစ်ရံတွင် ကာယကံရှင်က ပြဿနာကို သတိမထားမိသော်လည်း ဘေးလူများက ပိုပြီး ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး အသေးစိတ် အချက်အလက်များကို ဖြည့်စွက်ပေးနိုင်သည်။
ကျန်းရှီ: "အားရင် ဝတ္ထုဖတ်တယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေ တွေ့ရင် နောက်ကျတဲ့အထိ ဖတ်ဖြစ်တယ်၊ ဒါပေမဲ့ သိပ်တော့ နောက်မကျပါဘူး"
အစေခံမ: "နောက်အကျဆုံး အချိန်က မနက် ၂ နာရီပါ"
ချူဟွား: "..." နည်းနည်းလေး ထပ်နောက်ကျရင် ညီလာခံတက်ဖို့ ထရတော့မယ်။
ဒီညတော့ ရှင် တကယ် အိပ်ရေးပျက်ခံတာပဲ။
ကျန်းရှီ: "အသား ကြိုက်တယ်၊ ဝက်သားနီချက်၊ သကြားပေါင်း ဝက်လက်၊ ပြီးတော့ မုန့်တွေ ကြိုက်တယ်"
အစေခံမ: "အမြဲတမ်း စားရင် မကောင်းဘူးဆိုတာ သခင်မ သိလို့ ရက်နည်းနည်းခြားမှ တစ်ခါ စားပါတယ်၊ တစ်ခါစားရင် ၃ ပန်းကန် စားတယ်၊ နေ့တိုင်း မုန့် ၂ ပန်းကန်နဲ့ အချိုပွဲ တစ်ခွက် စားပါတယ်"
ချူဟွား: "..."
ကျန်းရှီ: "အရင်တုန်းက သူငယ်ချင်းတွေနဲ့ မြင်းစီးထွက်တယ်၊ ပိုလို ရိုက်တယ်၊ နောက်ပိုင်းကျတော့ အပြင် သိပ်မထွက်တော့ဘူး"
အစေခံမ: "သခင်မ ဝလာပြီးတဲ့နောက် နည်းနည်း လှုပ်လိုက်တာနဲ့ ချွေးထွက်လွန်းလို့ သိပ်မလှုပ်ချင်တော့ဘူး"
ချူဟွား: "..."
ချုပ်ပြောရလျှင် ကျန်းရှီ ယခုကဲ့သို့ ဝလာရသည့် အကြောင်းရင်း အနည်းငယ် ရှိသည်။ ညဘက် အိပ်ရာဝင် နောက်ကျခြင်း၊ အဆီအစိမ့်များ ကြိုက်နှစ်သက်ခြင်း၊ အချို ကြိုက်ခြင်းနှင့် လေ့ကျင့်ခန်း မလုပ်ခြင်းတို့ ဖြစ်သည်။
ဝစေသည့် အကြောင်းရင်းများ အားလုံး စုံလင်နေသည်။
သေချာ ကြည့်လိုက်သောအခါ ကျန်းရှီ၏ မျက်နှာတွင် မိတ်ကပ် လိမ်းထားသည့် အရာများ ရှိနေပြီး မေးစေ့တွင် မိတ်ကပ်ဖြင့် ဖုံးအုပ်မရသော ဝက်ခြံ အနီရောင် အဖုအပိမ့် တချို့ ရှိနေသည်။
ဖုန်းနှင့် အင်တာနက် မရှိသည်မှလွဲလျှင် ကျန်းရှီသည် ခေတ်သစ်မှ အိမ်တွင်းအောင်း မိန်းကလေးများနှင့် တစ်ထပ်တည်း တူညီနေသည်။
System ကပင် အံ့သြသွားတော့သည်။ [ဒီလောက်ထိ ဖြစ်နေတာတောင် မဝရင် သဘာဝမကျတော့ဘူး]
ချူဟွား: [... ငါလည်း မထင်ထားဘူး]
ကျန်းရှီ၏ မျက်နှာသည် တောင့်တင်းသွားသည်။ သူမ မျှော်လင့်ချက် မထားတော့သော်လည်း ဝိတ်ချ၍ မရနိုင်တော့ကြောင်း ထပ်မံ သိရှိလိုက်ရသောအခါ စိတ်ပျက်မိသွားသည်။
"လူကြီးမင်းချူ၊ တကယ်လို့ မရတော့ဘူး ဆိုရင်..."
ချူဟွားက သူမ၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ "သခင်မသာ ကျွန်မ စကားကို နားထောင်ရင် မဖြစ်နိုင်စရာ မရှိပါဘူး"
ကျန်းရှီက အံကို တင်းတင်း စေ့လိုက်ထားလိုက်ပြီး "ကောင်းပြီ" လောင်းကြေး ထပ်ပြီးပြီပဲ၊ လမ်းတစ်ဝက်ကနေ နောက်ဆုတ်လို့ မရတော့ဘူး။
နောက်ပိုင်း အချိန်များတွင် ချူဟွားသည် ကျန်းရှီ၏ ကြိုက်နှစ်သက်မှုများကို ထည့်သွင်း စဉ်းစားကာ သူမအတွက် အသေးစိတ် အစီအစဉ်တစ်ခု ရေးဆွဲပေးလေသည်။
ကျန်းရှီကို နေ့စဉ် ဟင်းသီးဟင်းရွက်နှင့် မုန်လာဥများသာ စားခိုင်းပြီး အသား လုံးဝ မကျွေးဘဲ ရက်စက်စွာ ထားရှိမည် မဟုတ်သော်လည်း စိတ်ကြိုက် စားသောက်ခွင့်တော့ ပြုမည် မဟုတ်ပေ။
ကျန်းရှီ အထူး ကြိုက်နှစ်သက်သော မုန့်များနှင့် အချိုပွဲများကိုတော့ စားခွင့်မပြုတော့ဘဲ အဆင့်လိုက် ဆုလက်ဆောင်များ အနေဖြင့်သာ ထားရှိရလိမ့်မည်။
တိကျသော ဝိတ်ချမည့် အစီအစဉ် ထွက်ပေါ်လာသောအခါ ကျန်းရှီမှာ တစ်ကိုယ်လုံး မီးခိုးရောင် သန်းသွားတော့သည်။
လောကကြီးမှာ ဘယ်အချိန် ထရမယ်၊ ဘယ်အချိန် စားရမယ်၊ တစ်နပ် ဘယ်လောက် စားရမယ်၊ ဘယ်လို လှုပ်ရှားရမယ်၊ ဘယ်လောက် လှုပ်ရှားရမယ် ဆိုတာ အသေ သတ်မှတ်ထားတဲ့ ဝိတ်ချနည်းမျိုး ရှိသေးတာလား။
သည်လောက် စနစ်ကျပြီး စံချိန်မီသော လုပ်ဆောင်ချက်များသည် စည်းကမ်းတင်းကျပ်သော စစ်တပ်တွင်သာ ရှိနိုင်ပေလိမ့်မည်။
ချူဟွား: "ဝိတ်ချဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနဲ့ စိတ်ဓာတ်ခိုင်မာမှု အများကြီး လိုအပ်တယ်၊ ပါးစပ်ကို ထိန်းပြီး ခြေထောက်ကို လှုပ်ရှားရင် မကျနိုင်တဲ့ အဆီ ဆိုတာ မရှိဘူး"
ကျန်းရှီသည် စာရင်းထဲတွင် တားမြစ်ထားသော အစားအစာများကို ကြည့်ပြီး မျက်ရည်များ ဝဲလာသည်။
ဟင်းသီးဟင်းရွက်နှင့် မုန်လာဥများကိုသာ နေ့တိုင်း စားရသော ဝိတ်ချနည်းကို စမ်းသပ်ပြီးနောက် သူမသည် ကြိုက်နှစ်သက်သော အစားအစာများကို ပိုပြီး စွဲလမ်းလာပြီး ကိုယ့်ကိုယ်ကိုယ် လွှတ်ထားလိုက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် ဝနေပြီပဲ၊ နည်းနည်း ထပ်ဝရင် ဘာဖြစ်လဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဝိတ်မကျနိုင်တော့ဘူး၊ နည်းနည်း ပိုစားရင် ဘာဖြစ်လဲ။
ကိုယ့်ကိုယ်ကိုယ် လွှတ်ထားခြင်း၏ ရလဒ်မှာ ယခုကဲ့သို့ ထောင်ကျနေသကဲ့သို့ ခံစားရသော အစားအသောက်နှင့် အိပ်ချိန်များ ဖြစ်လာရခြင်းပင်။
ကျန်းရှီတစ်ယောက် နောင်တရလွန်းသဖြင့် မျက်ရည်ကျလုနီးပါး ဖြစ်ရလေသည်။
ချူဟွားကတော့ ကျန်းရှီ၏ ယိမ်းယိုင်မှုနှင့် နောင်တရမှုကို မြင်သောအခါ လမ်းတစ်ဝက်တွင် နောက်ဆုတ်သွားမည်ကို စိုးရိမ်မိသည်။
[system ရေ၊ ဒီအစီအစဉ်က အရမ်း ရက်စက်လွန်းနေသလား]
Systemက အမှန်အတိုင်း ပြောလေသည်။ [နည်းနည်းတော့ ရက်စက်တယ်]
နည်းနည်းတင် မကဘူး၊ ကျန်းရှီ မျက်ရည်ကျတော့မယ်၊ အများကြီး ရက်စက်တာ။
ချူဟွား: [ဒါဆို ငါ ဆုလက်ဆောင် တစ်ခုခု စဉ်းစားပေးရမယ်]
Systemက ပူးပေါင်း ဆောင်ရွက်လေသည်။ [ဘာလဲ]
ချူဟွား: [ဆုလက်ဆောင်က သူ အကြိုက်ဆုံး ပစ္စည်း ဖြစ်ရမယ်]
သူမသည် အဆင့်လိုက် အစီအစဉ်တွင် နေရာလွတ် ချန်ထားသော နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"သခင်မ၊ အဆင့်လိုက် ရည်မှန်းချက် တစ်ခု ပြည့်မြောက်တိုင်း ကျွန်မဆီက မုန့် တစ်မျိုး ဒါမှမဟုတ် အချိုပွဲ တစ်မျိုး လဲလှယ်လို့ ရပါတယ်"
"သာ့ရှန်းမှာ ရှိပြီးသား မဟုတ်ဘဲ သခင်မ တစ်ခါမှ မစားဖူးတဲ့၊ တစ်ခါစားပြီးတာနဲ့ မေ့မရနိုင်တဲ့ မုန့်တွေနဲ့ အချိုပွဲတွေ ဖြစ်စေရမယ်"
ကျန်းရှီသည် နှစ်ပေါင်းများစွာအတွင်း သာ့ရှန်းရှိ နာမည်ကြီးသော၊ မကြီးသော မုန့်များနှင့် အချိုပွဲများကို စားဖူးပြီးဖြစ်ရာ ထိုစကား၏ မှန်ကန်မှုကို သံသယ ဝင်မိလေသည်။
ချူဟွား သူမကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။
Systemသည် သခင်၏ ယုတ်မာသော ရည်ရွယ်ချက်ကို သိမြင်နေသော်လည်း သူမ၏ လုပ်ဆောင်ချက်ကို အလွန် ပူးပေါင်းဆောင်ရွက်နေဆဲပင်။
[တကယ်လို့ အဲဒီမုန့်တွေနဲ့ အချိုပွဲတွေကို ဆုလက်ဆောင်အဖြစ် ပေးလိုက်ရင် နင် ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာလို့ မရတော့ဘူးပေါ့]
ချူဟွား: [ပိုက်ဆံရှာတာက သူ့လောက် အရေးမကြီးပါဘူး]
ကျန်းရှီ: !!!
သူမကို ငွေထက် ပိုအရေးကြီးတယ်ဆိုပြီး သဘောထားသောသူ ရှိသေးသည်တဲ့လား။
ကျန်းရှီ ရင်ထဲတွင် မည်သို့ ခံစားရသည်ကို မပြောပြတတ်တော့ပေ။ ရင်ထဲ ပြည့်ကျပ်နေပြီး မျက်ရည်များ ဝဲလာတော့သည်။
"လူကြီးမင်းချူ၊ ကျွန်မ လူကြီးမင်းရဲ့ အစီအစဉ်အတိုင်း သေချာပေါက် လုပ်ဆောင်ပါ့မယ်၊ ဘယ်အမှားမှ မရှိစေရပါဘူး"
ဤအခိုက်အတန့်တွင် ကျန်းရှီသည် ချူဟွား၏ ယုံကြည်မှုနှင့် အကူအညီကို အလဟဿ မဖြစ်စေရဟု ခံစားမိပြီး သေချာပေါက် ဝိတ်ချရမည်ဟု ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကတိတည်ကြေးနော်" ချူဟွားက ပြုံးပြီး ထရပ်လိုက်၏။ "ကျွန်တော် ကိစ္စ ရှိသေးလို့ ပြန်ခွင့်ပြုပါဦး"
ကျန်းရှီသည် အများကြီး ဆွဲမထားတော့ဘဲ ချူဟွားကို တံခါးဝအထိ ကိုယ်တိုင် လိုက်ပို့လိုက်သည်။
ချူဟွား မြင်းလှည်းပေါ် တက်ပြီး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူမသည် ဧည့်ခန်းသို့ ပြန်လာပြီး အစီအစဉ် စာရွက်ကို အစေခံမလေးအား ပေးလိုက်သည်။
"မီးဖိုချောင်ကို တစ်စောင် ကူးပြီး ပို့လိုက်၊ မနက်ဖြန်ကစပြီး လူကြီးမင်းချူ ရေးပေးတဲ့ အစားအသောက် စာရင်းအတိုင်း တိတိကျကျ လုပ်ခိုင်း"
အစေခံမ: "ဟုတ်ကဲ့ပါ"
ယွီကျားယန်သည် အေးစက်နေသော သစ်အယ်သီးလှော်အိတ်ကို ကမ်းပေးလိုက်သည်။ "ရှင်မ စားဦးမလား"
ကျန်းရှီသည် သူမ အကြိုက်ဆုံး သစ်အယ်သီးလှော်ကို ကြည့်ပြီး ချူဟွားက သူမကို ကူညီရန် ယနေ့ အထူးတလည် ရောက်လာသည်ကို တွေးမိကာ ခက်ခဲစွာဖြင့် ခေါင်းကို တဖက်သို့ လွှဲလိုက်တော့သည်။
"မစားတော့ဘူး"
ယွီကျားယန်၏ ရင်ထဲတွင် အတိုင်းအဆမဲ့သော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ရှင်မက အပြင်က မုန့်များနှင့် အချိုပွဲများကို မစားတော့လျှင် ရှင်မအတွက် အလုပ်အကျွေးပြုရသော အခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်ရာ နောက်ပိုင်းတွင် မည်သို့ မျက်နှာလုပ်ရမည်နည်း။
ထိုအချိန်တွင် ကျန်းရှီက တစ်စုံတစ်ခုကို တွေးမိပြီး ယွီကျားယန်ကို နူးညံ့စွာ ပြုံးပြလိုက်၏။
ယွီကျားယန်က သူ၏ မကြာသေးမီက မျက်နှာလုပ်မှုများ အောင်မြင်သွားပြီဟု ထင်မှတ်ကာ ရှင်မက သူ့ကို ခွင့်လွှတ်လိုက်ပြီ၊ လစဉ်သုံးငွေများ ဖြတ်တောက်တော့မည် မဟုတ်ဟု တွေးမိပြီး မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။
သို့သော် ကျန်းရှီ ပြောလိုက်သည်မှာ "တို့နှစ်ယောက်က လင်မယားတွေပဲ၊ အေးအတူ ပူအမျှ ရှိသင့်တာပေါ့"
"မနက်ဖြန်ကစပြီး တို့နှစ်ယောက် အစားအသောက် စာရင်း တစ်ခုတည်းကိုပဲ သုံးကြမယ်၊ ကျွန်မ ဘာစားစား ဖူကျွင်းလည်း အဲဒါပဲ စားရမယ်"
ယွီကျားယန်၏ အပြုံးသည် မျက်နှာပေါ်တွင် ချက်ချင်း အေးခဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် systemသည် ချူဟွားကို မေးနေလေသည်။ [မမကြီးဟွား၊ ငါ ထင်တာတော့ နင်က ကျန်းရှီကို ဘာလို့ ယွီကျားယန်နဲ့ မကွာရှင်းတာလဲလို့ မေးမယ် ထင်နေတာ]
ချူဟွား: [ဒါက မေးစရာ လိုလို့လား]
System: [နင် မသိချင်ဘူးလား]
ချူဟွား: [ကျန်းရှီက ရန်ငြိုးကို ကျေးဇူးနဲ့ ဆပ်မဲ့သူ မဟုတ်ဘူး၊ သူ မကွာရှင်းဘူး ဆိုကတည်းက ယွီမိသားစုမှာ နေရမဲ့ အကြောင်းပြချက် ရှိလို့ပေါ့]
[ငါတို့ ယွီကျားယန်ကို တံခါးဝမှာ တွေ့တုန်းက သူက အပြင်ကနေ ပြန်ရောက်လာတာ၊ ပူပူနွေးနွေး သစ်အယ်သီးလှော် တစ်အိတ်ကို ပိုက်ပြီး မြန်မြန် ပြန်လာနေတာ]
[နင် စဉ်းစားကြည့်လေ။ အဲဒါက ဘယ်သူ့အတွက် ဝယ်လာတာလဲ]
Systemက သဘောပေါက်သွား၏။ [ကျန်းရှီက အချို ကြိုက်တယ်၊ ယွီကျားယန်က သူ့အတွက် သစ်အယ်သီးလှော် ဝယ်လာတာပဲ]
ချူဟွား: [ယွီမိသားစုမှာ အစေခံတွေ ရှိရဲ့သားနဲ့ ယွီကျားယန်က ကိုယ်တိုင် သွားဝယ်ရတယ် ဆိုတာ ဘာကြောင့်လို့ ထင်လဲ]
Systemက အမြန် ဖြေလိုက်သည်။ [ကျန်းရှီ တမင် လုပ်တာ]
သူ့ ခန့်မှန်းချက် မှန်မမှန် သိရန်အတွက် ဖရဲသီး တစ်လုံး သွားစားပြီး ပျော်ရွှင်စွာ ပြန်လာခဲ့သည်။
[ဟုတ်တယ်၊ တရားရေးဝန်ကြီးက ယွီကျားယန် သူ့သမီးကို အကြာကြီး လိမ်ညာပြီး ဆောင်ကြာမြိုင် သွားခဲ့တာ သိသွားတော့ ဒီကိစ္စကို သခင်မကို ပြောပြလိုက်တယ်၊ သခင်မကို သမီးဖြစ်သူဆီ သွားမေးခိုင်းတယ်၊ ဘာလုပ်ချင်လဲ၊ ကွာရှင်းချင်လား ဆိုပြီးတော့လေ]
[အဲဒီတုန်းက ကျန်းရှီ ပြန်ဖြေလိုက်တာက ဘာလို့ ကွာရှင်းရမှာလဲ၊ သူ ငါ့ကို ဒီလောက်နှစ်တွေအကြာကြီး ဒုက္ခပေးခဲ့တာ၊ ငါ သူ့ကို ကောင်းကောင်း နှိပ်စက်ပြီး လက်စားမချေဘဲ နေရင် သူ့ရဲ့ "ဂရုစိုက်မှု" နဲ့ တန်ပါ့မလား တဲ့]
[ကျန်းရှီက မည်းမှောင်သွားပြီလေ။ သူက ယွီမိသားစုကို ဝင်လာပြီးကတည်းက သူ့ရဲ့ မင်္ဂလာလက်ဖွဲ့တွေနဲ့ ဆိုင်ခန်းတွေက ဝင်ငွေတွေနဲ့ ယွီမိသားစု တစ်ခုလုံးကို ကျွေးမွေးခဲ့တာ၊ တစ်ခါတည်း သတိဝင်လာပြီး လစဉ်သုံးငွေ မပေးတော့ဘူး၊ ထောက်ပံ့ကြေး မပေးတော့ဘူး၊ တစ်မိသားစုလုံး ဝင်ငွေ မရှိတော့ဘဲ သူ့မျက်နှာကြည့်ပြီး နေရတော့တာပေါ့]
[ယွီကျားယန်က ပိုက်ဆံအိတ် ချုပ်ကိုင်ခံထားရတော့ ဘာမှ မပြောရဲဘူး၊ နေ့ဘက်ဆို အပြင်ထွက် ဈေးဝယ်ပေးရတယ်၊ ယပ်ခတ်ပေးရတယ်၊ ဝတ္ထုဖတ်ပြရတယ်၊ ညဘက်ဆို ခြေထောက် ဆေးပေးရတယ်၊ ခြင်မောင်းပေးရတယ်၊ အိပ်ရင်လည်း ခြေရင်းမှာပဲ အိပ်ရတယ်]
ချူဟွားမှာ အာမေဍိတ် ပြုလိုက်လေသည်။ [အစ်မကြီးက နိုးထလာပြီပဲ]
ယခင်က ကွပ်ကဲရေးမှူး အဆင့် ၅ ဖြစ်သော၊ လူအများ လေးစားရသော အဆင့် ၅ အရာရှိ တစ်ဦးသည် ဈေးဝယ်၊ ခြေဆေး၊ ကိုယ်ရံတော် စသည့် တာဝန်များကို ထမ်းဆောင်ရသော အစေခံ တစ်ဦး ဖြစ်လာရခြင်းသည် ယွီကျားယန်ကို မြေကြီးထဲအထိ အရှက်ရစေခဲ့သည်။
Systemက စိုးရိမ်လာ၏။ [ဒီလောက် နှိပ်စက်တာ ပြဿနာ မရှိဘူးလား၊ တကယ်လို့ ယွီကျားယန်က အဆုံးထိ ဖိအားပေးခံရပြီး ကျန်းရှီ အိပ်ပျော်နေတုန်း ဓားနဲ့ ထိုးလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဒါမှမဟုတ် အစားအသောက်ထဲ အဆိပ်ခတ်ရင် ပြီးပြီ မဟုတ်လား]
ချူဟွားက ပြောလိုက်သည်။ [သူ မလုပ်ရဲပါဘူး]
System: [ဘယ်လို သိတာလဲ]
ချူဟွား: [သူသာ သတ္တိရှိရင် ကျန်းရှီ မွေးဖွားတုန်းက သားဖွားဆရာမကို လာဘ်ထိုးပြီး 'အမေကို သတ်ပြီး ကလေးကို ချန်ထား' ခိုင်းမှာပေါ့၊ အခုလိုမျိုး ကလေး အရမ်းကြီးပြီး မွေးဖွားရခက်ပြီး သေသွားပါစေ ဆိုပြီး ဖြည့်စွက်စာတွေ ဆက်တိုက် ပို့နေမှာ မဟုတ်ဘူး]
[ကျန်းရှီရဲ့ အဖေက တရားရေးဝန်ကြီးလေ၊ ယွီကျားယန်က သာမန် အရပ်သားပဲ၊ သူ ကိုယ်တိုင် လုပ်ရင် ဘာသက်သေမှ မကျန်ရစ်စေရဘူးလို့ အာမခံနိုင်မလား၊ သက်သေ မရှိရင်တောင် တရားရေးဝန်ကြီးက သူ့ကို ရန်ငြိုးမထားဘူးလို့ အာမခံနိုင်မလား]
[ကျန်းရှီကို ဒုက္ခပေးဖို့ မပြောနဲ့၊ ယွီကျားယန်က အခု ကျန်းရှီ အသက်ရာကျော် ရှည်ပါစေလို့ အမျှော်လင့်ဆုံးပဲ၊ ဘာလို့လဲဆိုတော့ ကျန်းရှီ မရှိရင် သူ အခု ပိုင်ဆိုင်ထားသမျှ အားလုံး ဆုံးရှုံးသွားပြီး အခုထက် ပိုဆိုးတဲ့ ဘဝကို ရောက်သွားမှာမို့လို့ပဲ]
Systemက အော်ဟစ်လိုက်တော့၏။ [ဗဟုသုတ ရသွားပြီ]
သူတို့နှစ်ဦး သီးသန့် စကားမပြောကြသဖြင့် မြင်းလှည်း မောင်းနေသော ကျားယီနှင့် ချိုက်ကန်းတို့ ကြားလိုက်ရပြီး မြင်းလှည်းနား ကပ်လိုက်လာသော လူတစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။
တခြားသူများက ချူဟွားနှင့် system ၏ စကားဝိုင်းကို ကြားလျှင်ပင် ကျားယီနှင့် ချိုက်ကန်း၏ လက်ထဲမှ ရှို့ချွန်းဓားကို မြင်ပြီး နန်းစောင့်တပ်သားများ ဖြစ်ကြောင်း သိရှိကာ ဝေးဝေး ရှောင်သွားကြသည်။
ဒီလူကတော့ အရှိန်မြှင့်ပြီး အတော်ဝေးဝေးအထိ လိုက်လာသည်မှာ အကြောင်းအရာ အတော်များများကို ကြားလိုက်ရသည်မှာ ထင်ရှားနေသည်။
ချိုက်ကန်းက မြင်းလှည်းကို ဖြည်းဖြည်း မောင်းနေပြီး ကျားယီက မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ လူ၏ ရှေ့ကို ပိတ်ရပ်လိုက်သည်။ "ဒီနေရာမှာ ရပ်လိုက်ပါ"
ထိုလူသည် ကျားယီ၏ လက်ထဲမှ ရှို့ချွန်းဓားကို မြင်သောအခါ ကြောက်ရွံ့သွားသော်လည်း တစ်စုံတစ်ခုကို တွေးမိပြီး ထွက်မသွားဘဲ နေခဲ့သည်။
သူသည် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ "လူကြီးမင်း၊ ကျွန်တော့်ကို မြင်းလှည်းထဲက လူကြီးမင်းနဲ့ စကားနည်းနည်း ပြောခွင့် ပြုပါလားခင်ဗျာ"
ကျားယီသည် ချူဟွားကို ကာကွယ်ရန် တာဝန်ကျနေသူ ဖြစ်ပြီး ထိုလူတွင် တခြား ရည်ရွယ်ချက် ရှိနေမည်ကို စိုးရိမ်သဖြင့် မောင်းမထုတ်ခဲ့ပေ။
"ဘာကိစ္စလဲ"
ထိုလူသည် အချိန်အနည်းငယ် စဉ်းစားလိုက်သော်လည်း မြင်းလှည်းမှာ ပိုဝေးသွားသည်ကို တွေ့လိုက်ရပြီး ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရပေ။
သူသည် အချိန်မဆွဲရဲတော့ဘဲ အလျင်အမြန် ပြောလိုက်သည်။ "စောစောက ကျွန်တော် မြင်းလှည်းနားက ဖြတ်သွားတုန်း လူကြီးက 'ကလေး အရမ်းကြီးပြီး မွေးဖွားရခက်ပြီး သေသွားတယ်' ဆိုတာ ပြောလိုက်တာ ကြားလိုက်ရလို့ မွေးဖွားရခက်ပြီး သေသွားတဲ့ ကျွန်တော့်ရဲ့ ဇနီးသည်ကို သတိရသွားလို့ပါ"
"လူကြီးမင်း၊ ကျွန်တော့်ကို အဲဒီလူကြီးမင်းနဲ့ စကားနည်းနည်း ပြောခွင့် ပြုပါလားခင်ဗျာ" ထိုလူသည် ထွက်ခွာသွားသော မြင်းလှည်းကို ကြည့်ရင်း မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်နေသည်။
တခြားကိစ္စဆိုလျှင် ကျားယီ ဆုံးဖြတ်ပေးနိုင်သော်လည်း ထိုလူသည် ချူဟွားနှင့် system ၏ စကားဝိုင်းကို ကြားပြီး လိုက်လာခြင်းဖြစ်ရာ အမှန်တကယ် ပြောလိုက်လျှင် လုံးဝ ပေါ်သွားပေလိမ့်မည်။
"ခင်ဗျား ငြိမ်ဝပ်ပိပြားရေးဌာနကို သွားပြီး လူကြီးမင်းချူကို ရှာစရာကိစ္စ ရှိတယ်လို့ ပြောလိုက်၊ ခင်ဗျား သိချင်တာကို ရှင်းပြပေးမဲ့သူ ရှိလိမ့်မယ်" ပြောပြီးသည်နှင့် မြင်းလှည်း နောက်သို့ လိုက်သွားတော့သည်။
ထိုလူသည် အကြိမ်ကြိမ် တွေးဆပြီးနောက် အမှန်တရားကို သိချင်စိတ် ပြင်းပြလွန်းသဖြင့် သတ္တိမွေးကာ လူတိုင်း ကြောက်ရွံ့သော ငြိမ်ဝပ်ပိပြားရေးဌာနသို့ သွားရောက်ခဲ့လေသည်။
သူသည် ကျားယီ ပြောသည့်အတိုင်း ငြိမ်ဝပ်ပိပြားရေးဌာန တံခါးစောင့် နန်းစောင့်တပ်သားကို ပြောပြလိုက်ပြီး ငြိမ်ဝပ်ပိပြားရေးဌာနထဲသို့ ဖိတ်ခေါ်ခြင်း ခံလိုက်လေရသည်။
ဤကိစ္စသည် ချူဟွားနှင့် ပတ်သက်နေသဖြင့် တပ်မှူး လင်ယိုသည် နန်းတော်ထဲတွင် အရှင်မင်းကြီး အပါးတော်၌ ရှိနေသောကြောင့် ဒုတိယတပ်မှူး ဖေ့မင်ချန် ရောက်ရှိလာခဲ့သည်။
သူ့ဘေးတွင် လွီကျန့်ယဲ့၏ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရသော အစေခံ၏ ညီဖြစ်သူလည်း ပါလာသည်။
ညီဖြစ်သူ၏ မျိုးရိုးအမည်မှာ စုန့် ဖြစ်ပြီး မိဘများက သူ့ကို ခွေးဥ ဟု ခေါ်ကြသည်။ သူသည် လွီကျန့်ယဲ့ပေးသော နာမည်ကို မလိုချင်သဖြင့် ဖေ့မင်ချန်က သူ့ကို နာမည်အသစ် ပေးလိုက်သည်။ စုန့်ကျိ ဟူ၍ ဖြစ်သည်။
ထိုလူ၏ ကိုယ်တိုင် ပြောပြချက်ကို နားထောင်ပြီးနောက် ဖေ့မင်ချန်က မေးလိုက်သည်။
"အမျိုးသမီးတွေ မွေးဖွားရခက်တာ ပုံမှန်ပါပဲ၊ ခင်ဗျားက ဘာလို့ လမ်းဘေးက လူတစ်ယောက် ပြောလိုက်တာကို ကြားရုံနဲ့ လိုက်သွားရတာလဲ"
သံသယဝင်ခြင်းသည် နန်းစောင့်တပ်သားများ၏ မရှိမဖြစ် အရည်အချင်း တစ်ခုဖြစ်ပြီး ဖေ့မင်ချန်သည် ဒါက ရိုးရှင်းသော တိုက်ဆိုင်မှု တစ်ခု မဟုတ်ဟု ထင်မြင်ကာ ဤနည်းဖြင့် ချူဟွားကို ဒုက္ခပေးချင်နေသည်ဟု ယူဆနေသည်။
စုန့်ကျိသည် နန်းစောင့်တပ်၏ လုပ်ငန်းများကို စတင် ထိတွေ့နေရပြီဖြစ်ပြီး လွီမိသားစုကို ဤမျှ မြန်မြန်ဆန်ဆန် ဖြိုချနိုင်ခဲ့ခြင်းမှာ မည်သူ့ကျေးဇူးကြောင့် ဆိုသည်ကို သိရှိထားရာ ကျေးဇူးရှင် ချူဟွား၏ ကိစ္စကို အလွန် အလေးထားသည်။
သူသည် အမှားလုပ်မိမည်ကို စိုးရိမ်သဖြင့် တဇွတ်ထိုး မပြောရဲဘဲ ဖေ့မင်ချန်၏ မျက်နှာအမူအရာ၊ လေသံနှင့် မေးခွန်းများကို တိတ်တဆိတ် မှတ်သားထားပြီး ထူးချွန်သော နန်းစောင့်တပ်သား တစ်ဦးတွင် ရှိသင့်သော အရည်အချင်းများကို လျင်မြန်စွာ လေ့လာသင်ယူနေသည်။
ထိုလူက ဝမ်းနည်းပက်လက် မျက်နှာဖြင့် ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ ဒါက မွေးဖွားရခက်ပြီး သေသွားတဲ့ ကျွန်တော့်ရဲ့ တတိယမြောက် ဇနီးသည် ဖြစ်နေလို့ပါပဲ"
ဖေ့မင်ချန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ "ခင်ဗျားက မိန်းမ ကံ မကောင်းဘူးလား" သုံးယောက်တောင် ဆက်တိုက် ဖြစ်တာလား။ ဒီလောက်တောင် ဆိုးတာလား။
စုန့်ကျိ တိတ်တဆိတ် မျက်လွှာချလိုက်လေသည်။ ဖေ့လူကြီးမင်းက ကြည့်ရသလောက် သိပ်မပါးနပ်ဘူး ထင်တယ်၊ သူ တခြားလူဆီ ပြောင်းပြီး သင်ယူရတော့မလား။
…