← Chapters

အခန်း ၅၅

Vol. 4 Ch. 55

အခန်း ၅၅

Vol. 4 Ch. 55

အပိုင်း (၅၅)

ယဲ့ဇီဝမ်သည် "မိန်းမကံမကောင်း" ဟူသော ကိစ္စကြောင့် စိတ်သောကရောက်နေသည်မှာ ကြာပြီဖြစ်ရာ ယခု နန်းစောင့်တပ်၏ အကူအညီရမည့် အခွင့်အရေးကို မြင်လိုက်ရသည်နှင့် အားလုံး ပြောပြလိုက်တော့သည်။

"ကျွန်တော်က တကယ် ဇနီးသည်ကို ကံဆိုးစေတယ်ဆိုရင် ကျွန်တော် ဝန်ခံပါ့မယ်၊ ဒါပေမဲ့ ကျွန်တော် ဗေဒင်ဆရာ အတော်များများကို မေးကြည့်တော့ ကျွန်တော်က ဇနီးသည်ကို ကံဆိုးစေတဲ့ မျက်နှာသွင်ပြင် မရှိဘူး၊ သားသမီး ရတနာ ထွန်းကားပြီး ကံကောင်းမဲ့လူလို့ ပြောကြတယ်"

"ပိုင်ယွင်ဘုရားကျောင်းနဲ့ ချုံကွမ်းဘုရားကျောင်းက မျက်နှာသွင်ပြင် ကြည့်ရာမှာ နာမည်ကြီးတဲ့ ဆရာတော်ကြီး နှစ်ပါးကိုလည်း ကျွန်တော် သွားမေးဖူးတယ်၊ ဇနီးသည် ၃ ဦးလုံး မွေးဖွားရခက်ပြီး ဆုံးပါးသွားတာကို ပြောပြပေမဲ့ သူတို့က မျက်နှာသွင်ပြင်အရ ကျွန်တော်က ဇနီးသည်ကို ကံဆိုးစေတဲ့လူ မဟုတ်ဘူးလို့ ပြောကြတယ်"

ဗေဒင်ဆရာ အများစုက လိမ်ညာတတ်ကြသော်လည်း ပိုင်ယွင်ဘုရားကျောင်းနှင့် ချုံကွမ်းဘုရားကျောင်းမှ ဆရာတော်ကြီးများသည် မျက်နှာသွင်ပြင် ကြည့်ရာတွင် အလွန် တိကျမှန်ကန်ကြောင်း နာမည်ကြီးသဖြင့် လူအများအပြား လာရောက် မေးမြန်းလေ့ရှိသည်။

ဆရာတော်ကြီး နှစ်ပါးသည် လက်ရှိ အရှင်မင်းကြီးနှင့် မိဖုရားကြီးကိုပင် ကြည့်ရှုပေးဖူးရာ သူတို့၏ ပြောဆိုချက် ရှိနေသဖြင့် ဖေ့မင်ချန်အနေဖြင့် မျက်နှာသွင်ပြင် ကြည့်ခြင်းက မမှန်ကန်ကြောင်း ငြင်းဆိုရန် ခက်ခဲနေလေသည်။

ယဲ့ဇီဝမ်က အတိတ်ကို ပြန်ပြောပြလာသည်။ "ကျွန်တော့်ရဲ့ ပထမ ဇနီးသည်က ခန္ဓာကိုယ် အားနည်းတယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေ အများကြီး သုံးပြီးမှ ကလေးကို ထိန်းသိမ်းနိုင်ခဲ့တာ၊ နောက်ပိုင်း ကလေး မွေးလာပေမဲ့ ဇနီးသည်က မွေးဖွားရခက်ပြီး ဆုံးပါးသွားတယ်"

"ကလေးမှာ ပြုစုစောင့်ရှောက်မဲ့ မိခင် မရှိလို့မဖြစ်ဘူးဆိုပြီး နောက်ထပ် ဇနီးသည် တစ်ယောက် ထပ်ယူလိုက်တယ်၊ ဇနီးသည် အသစ်က မကြာခင် ကိုယ်ဝန်ရလာတယ်၊ ဒါပေမဲ့ ကလေးတစ်ယောက် ချန်ထားပြီး မွေးဖွားရခက်ပြီး ဆုံးပါးသွားပြန်တယ်"

"ကလေးမွေးတာ အရမ်း အန္တရာယ်များတယ် ထင်လို့ ဒီတစ်ခါတော့ ကလေးမွေးဖူးတဲ့ မုဆိုးမ တစ်ယောက်ကို တမင် ရွေးယူခဲ့တာ၊ သူလည်း ထပ်ပြီး..."

သည်နေရာအရောက်တွင် ထိုလူ၏ မျက်နှာတွင် ဝမ်းနည်းပက်လက် ဖြစ်နေပြီး ဆက်မပြောနိုင်တော့ပေ။

ဖေ့မင်ချန်တစ်ယောက် ခေါင်းရှုပ်သွားတော့သည်။ မွေးဖွားရခက်စေတဲ့ ကံဆိုးမှုလား။

ဘယ်သူ့ ကံဆိုးမှုက ဒီလိုမျိုး ဖြစ်နေရတာလဲ။ သိပ်ပြီး ချဲ့မကားနေပါနဲ့လေ။

ယဲ့ဇီဝမ်သည် စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်ပြောလာသည်။ "ကျွန်တော် အဲဒီ လူကြီးမင်း ပြောတာ ကြားလိုက်တယ်၊ အားဆေးတွေ အများကြီး စားရင် ဗိုက်ထဲက ကလေး အရမ်းကြီးလာပြီး ကိုယ်ဝန်ဆောင်မိခင်က မွေးဖွားရခက်ပြီး သေဆုံးနိုင်တယ်တဲ့"

"ကျွန်တော် အဲဒီ လူကြီးမင်းကို မေးချင်တာက ဘယ်လောက် စားရင် အဲဒီလို ဖြစ်တတ်သလဲ၊ သူတို့ သေဆုံးတာက ကျွန်တော်နဲ့ တကယ် မသက်ဆိုင်ဘူးလား ဆိုတာပါ"

ကံဆိုးသည် မဆိုးသည်ကို ခဏထား၊ ဇနီးသည်တိုင်းက သူ့အတွက် ကလေးတစ်ယောက်စီ ချန်ထားပေးခဲ့သဖြင့် သားသမီး ရတနာ ထွန်းကားသည်မှာ မှန်သည်။

ကံကောင်းခြင်း ဆိုတာကတော့... မိန်းမ ကံကောင်းခြင်းတော့ မဟုတ်လောက်ပါဘူး။

ဖေ့မင်ချန်က သည်ကိစ္စက ထင်သလောက် မရိုးရှင်းဟု ထင်မြင်မိသည်။

ပုံမှန်ဆိုလျှင် မြို့တော်အုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းပေးသင့်သော်လည်း လက်ရှိတွင် သံသယရှိသူ တစ်ဦး၏ ကိုယ်တိုင် ပြောပြချက်သာ ရှိပြီး ပိုင်ဆိုင်မှု ဆုံးရှုံးခြင်း၊ သက်သေအထောက်အထားများ မရှိပေ။

မြို့တော်အုပ်ချုပ်ရေးမှူးရုံးသည် မြို့တော်၏ အချက်အခြာကျသော နေရာတွင် ရှိပြီး နေ့စဉ် ကိုင်တွယ်ရသော အမှုအခင်းများ များပြားလှသည်။ သက်သေအထောက်အထား မရှိသော သံသယ တစ်ခုကို အမှုဖွင့်ပေးလိုက်လျှင် မည်သည့်အချိန်ကျမှ စစ်ဆေးနိုင်မည် မသိပေ။

သည်ကိစ္စ ချူဟွားဆီ ရောက်သွားလျှင် system က သေချာပေါက် ဖရဲသီး စားလိမ့်မည်။ သို့သော် ထိုလူ မြင်းလှည်း နောက်သို့ လိုက်ခဲ့သော အကြောင်းအရာများ ပါလာမည် မပါလာမည်ကိုတော့ မသေချာပေ။

တကယ် ပါလာခဲ့လျှင် သာ့ရှန်း ပျက်စီးမည် မပျက်စီးမည် မသိသော်လည်း သူကတော့ သေချာပေါက် ပျက်စီးသွားလိမ့်မည်။

ဖေ့မင်ချန်: "စုန့်ကျိ၊ မင်း သွားစစ်ဆေးလိုက်"

စုန့်ကျိ: "ဟုတ်ကဲ့"

ဒါက စုန့်ကျိ ငြိမ်ဝပ်ပိပြားရေးဌာနသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး ကိုင်တွယ်ရသော အမှုဖြစ်သဖြင့် ဖေ့မင်ချန်က သူ တစ်ယောက်တည်း မနိုင်နင်းမည်ကို စိုးရိမ်ပြီး လူဟောင်းတစ်ဦးကို ထည့်ပေးလိုက်သည်။

ခဏလောက် စုံစမ်းရုံဖြင့် အဖြေရမည်ဟု ထင်မှတ်ထားသော်လည်း နှစ်ရက်လောက် လျှောက်သွားပြီးမှ ထူးဆန်းသော အရာ အချို့ကို တွေ့ရှိခဲ့ကြသည်။

စုန့်ကျိက တွေ့ရှိချက်များကို အကျဉ်းချုံး တင်ပြသည်။ "ယဲ့မိသားစုမှာ ပိုင်ဆိုင်မှု အချို့ ရှိတယ်၊ ကုသိုလ်ကောင်းမှု မကြာခဏ လုပ်တတ်တယ်၊ နာမည်ကောင်း ရှိတယ်၊ လူတွေက သဘောကောင်းကြတယ်"

"ယဲ့မိသားစုရဲ့ အစေခံတွေနဲ့ အိမ်နီးနားချင်းတွေ ပြောပြချက်အရ ယဲ့ဇီဝမ်ရဲ့ ပထမ ဇနီးသည်က ဝမ်းကွဲညီမတဲ့၊ ငယ်စဉ်ကတည်းက ရောဂါထူပြောပြီး ဆေးဝါး မပြတ် သောက်ရတယ်"

"ပထမ ဇနီးသည်က ကိုယ်ဝန်ရဖို့ ခက်ခဲတယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ မငြိမ်မသက် ဖြစ်တယ်၊ စားသမျှ အန်တယ်၊ မျောက်လို ပိန်သွားတယ်၊ မွေးလာတဲ့ ကလေးလည်း ကျန်းမာရေး မကောင်းဘူး၊ ဒါကြောင့် ဒုတိယ ဇနီးသည်ကို အလျင်အမြန် ရှာခဲ့တာ"

"ဒုတိယ ဇနီးသည်က ကျန်းမာရေး ကောင်းတယ်၊ အစားအသောက် ကောင်းတယ်၊ အိမ်ရောက်ပြီး နှစ်လမပြည့်ခင်မှာ သတင်းကောင်း ကြားရတယ်၊ ယဲ့မိသားစုက ဒီတစ်ခါတော့ ပြဿနာ မရှိဘူးလို့ ထင်ထားပေမဲ့ မွေးဖွားရခက်သွားတယ်၊ မွေးလာတဲ့ ကလေးကတော့ တော်တော် သန်မာတယ်"

"တတိယ ဇနီးသည်က ကလေးမွေးဖူးတယ်၊ ပထမ ကလေးကို မြန်မြန်ဆန်ဆန်နဲ့ ငြိမ်ငြိမ်သက်သက် မွေးခဲ့တယ်လို့ ကြားတယ်၊ ဒါပေမဲ့ ပြဿနာ ဖြစ်သွားတယ်၊ ကလေးကတော့ ပြဿနာ မရှိဘူး"

ဖေ့မင်ချန်မှာ ယဲ့ဇီဝမ်ကို သနားမိသွားသည်။ ဘာလို့ ဒီလောက် တိုက်ဆိုင်နေရတာလဲ။

ငယ်စဉ်ကတည်းက ရောဂါထူပြောသော ဇနီးသည် မွေးဖွားရခက်ခြင်းမှာ ခန့်မှန်းလို့ ရသော်လည်း ကျန်းမာရေး ကောင်းသော၊ ကလေးမွေးဖူးသော ဇနီးသည်များပါ ပြဿနာ ဖြစ်ပွားခြင်းမှာ ထူးဆန်းနေသည်။

ဇနီးသည် ၃ ဦး ဆက်တိုက် သေဆုံးသွားသော ယဲ့ဇီဝမ်သည် အိမ်နီးနားချင်းများနှင့် ဆွေမျိုးမိတ်သင်္ဂဟများအကြား ဘယ်လို နာမည်ဆိုး ရနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။

လူက သဘောကောင်းပေမဲ့ ဇနီးသည်ကို ကံဆိုးစေတယ်၊ နှမြောစရာပဲ၊ အရမ်း ကံဆိုးတာပဲ၊ သူ့ကို ဝေးဝေး ရှောင်နေ၊ မတော်တဆ ကိုယ့်ပါ ကံဆိုးသွားမယ် ဆိုတာမျိုးတွေ ဖြစ်နိုင်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဆွေမျိုးမိတ်သင်္ဂဟများက ယဲ့ဇီဝမ်နှင့် ခပ်ခွာခွာ နေကြသဖြင့် သူသည် ကံဆိုးသောသူ ဖြစ်ကြောင်း အချိန်တိုင်း သတိရနေရပြီး လမ်းဘေးတွင် သတင်းအစအန ကြားရုံနှင့် လိုက်သွားမိခြင်း ဖြစ်နိုင်သည်။

လူတိုင်း ကြောက်ရွံ့သော ငြိမ်ဝပ်ပိပြားရေးဌာနသို့ပင် ကြောက်ရွံ့မှုကို သည်းခံပြီး အကူအညီ လာတောင်းခဲ့သည်။

စုန့်ကျိက ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ ယဲ့မိသားစုရဲ့ အိမ်နီးနားချင်းတွေ၊ ဇနီးသည် ၃ ဦးကို ကုသပေးခဲ့တဲ့ သမားတော်တွေ၊ သားဖွားလက်သည်တွေကို မေးမြန်းခဲ့ပေမဲ့ ဘာမှ ထူးခြားတာ မတွေ့ရပါဘူး"

စုန့်ကျိနှင့် ပါသွားသော လူဟောင်းကလည်း ပြောလာသည်။ "သမားတော်တွေက ဆေးကုသတိုင်း မှတ်တမ်း တင်ထားပါတယ်၊ သမားတော်တွေနဲ့ သားဖွားလက်သည်တွေက မရိုးသားတဲ့ ငွေကြေး ရယူထားတာ မတွေ့ရပါဘူး"

လူသတ်မှု ဆိုလျှင် အလွယ်ကူဆုံး လက်ကစားနိုင်သူများမှာ သမားတော်များနှင့် သားဖွားလက်သည်များ ဖြစ်သည်။

ဤသဲလွန်စ ပြတ်တောက်သွားလျှင် စုံစမ်းရန် မလွယ်ကူတော့ပေ။

"ဒါ ထူးဆန်းနေတယ်" ဖေ့မင်ချန်က စဉ်းစားလိုက်၏။ "သမားတော်တွေနဲ့ သားဖွားလက်သည်တွေကို လာဘ်ထိုးထားတာ မရှိဘူးဆိုရင် ဇနီးသည် ၃ ဦးလုံး ပုံမှန် သေဆုံးတာလား"

အခြားသူများ ပြန်မဖြေခင် သူက ကိုယ့်ဘာသာ ဖြေလိုက်သည်။ "မဖြစ်နိုင်ဘူး"

စုန့်ကျိနှင့် လူဟောင်းတို့က တပြိုင်နက် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး"

ဖေ့မင်ချန်က မော့ကြည့်လိုက်သည်။ "ဘာလဲ၊ သဲလွန်စ တွေ့ထားတာ ရှိလို့လား"

စုန့်ကျိ: "ယဲ့ဇီဝမ် တစ်ယောက်တည်း ဆိုရင်တော့ သူ ကံဆိုးတာလို့ ကျွန်တော် ယုံမိမှာပါ"

လူဟောင်း: "စုံစမ်းစစ်ဆေးနေတုန်း ယဲ့ဇီဝမ်ရဲ့ သူငယ်ချင်း တစ်ယောက်မှာလည်း ဇနီးသည် ၂ ဦး မွေးဖွားရခက်ပြီး သေဆုံးသွားတာ တွေ့ခဲ့ရပါတယ်"

တစ်ယောက်ဆိုလျှင် တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း နှစ်ယောက်ဆိုလျှင် မဖြစ်နိုင်တော့ပေ။

ဖေ့မင်ချန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သေချာသော်လည်း လက်ရှိ စုံစမ်းရရှိသော အချက်အလက်များအရ မည်သည့်နေရာတွင် မှားယွင်းနေမှန်း မသိနိုင်ပေ။

"ဆက်စုံစမ်း"

နန်းစောင့်တပ်သည် အရှင်မင်းကြီး၏ လက်နက်ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေးဌာနတွင် နယ်ပယ်အသီးသီးမှ လူတော်များ ရှိရာ အမှုစစ်ဆေးရာတွင် ထူးချွန်သူများလည်း ရှိပေသည်။

စုန့်ကျိနှင့်အတူ ပါသွားသော လူဟောင်းသည် ငြိမ်ဝပ်ပိပြားရေးဌာနတွင် အမှုစစ်ဆေးရာတွင် အတော်ဆုံး သူများထဲမှ တစ်ဦး ဖြစ်လေသည်။

သူတို့သည် ယဲ့ဇီဝမ်နှင့် သူ၏ သူငယ်ချင်း၊ သူတို့၏ ပတ်ဝန်းကျင် ဆက်ဆံရေးများကို သာမန် အမှုစစ်ဆေးနည်းအတိုင်း စုံစမ်းစစ်ဆေးခဲ့ကြသည်။

အချိန်၊ လူအင်အားနှင့် ငွေကြေး အတော်အတန် ကုန်ကျခဲ့ပြီး အသုံးဝင်သော၊ မဝင်သော သဲလွန်စများစွာ ရရှိခဲ့သော်လည်း ၎င်းတို့အားလုံးကို ချိတ်ဆက်ပေးမည့် ကြိုးတစ်ချောင်း လိုအပ်နေသည်။

လင်ယိုသည် သူတို့ အမှုစစ်ဆေးရာတွင် အခက်အခဲ တွေ့နေကြောင်း ကြားသိရသောအခါ ကူညီနိုင်မလားဟု လာကြည့်ရာ အမှုတွဲကို မြင်လိုက်ရသည်တွင်... ဟင်။ ဘာကြီးလဲ။

"ငါ ပြန်ကြည့်လိုက်ဦးမယ်"

ဖေ့မင်ချန်သည် ရှိပြီးသား အကြောင်းအရာများကို အကြိမ်ကြိမ် အခါခါ ဖတ်ရှုခဲ့သော်လည်း အဖြေရှာမတွေ့ခဲ့ပေ။

"သူ့ကို သွားရှာရင် ကောင်းမလား..."

"သူ့ကို ရှာလို့ မဖြစ်ဘူး" လင်ယိုက ချူဟွားကို ရှာခြင်းသည် အမြန်ဆုံးနှင့် အလွယ်ကူဆုံး ဖြစ်ကြောင်း သိသော်လည်း လုပ်ဆောင်၍ မရကြောင်း သိသည်။

ဖေ့မင်ချန်: "ကျွန်တော် ဆိုလိုတာက ဒီအမှုက မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ကိုင်တွယ်ရမှာလေ၊ မဟုတ်ရင်လည်း တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်ကို လွှဲပေးလို့ ရတာပဲ"

လင်ယို: "..." သောက်ကျိုးနည်း၊ ပြဿနာ လွှဲချတာပဲ။

နည်းနည်း ယုတ်မာပေမဲ့ ငါ ကြိုက်တယ်၊ လုပ်လိုက်။

မကြာမီ ဤအမှုနှင့် နန်းစောင့်တပ်မှ စုံစမ်းရရှိသော သဲလွန်စ အားလုံးကို မြို့တော်အုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းပေးလိုက်ပြီး အထူး မှတ်ချက် ရေးထားသည်မှာ 'ချူဟွားနှင့် သက်ဆိုင်သည်' ဟူ၍ ဖြစ်လေသည်။

ယဲ့ဇီဝမ်၏ ကိစ္စကို အလေးမထားဘဲ နေနိုင်သော်လည်း ချူဟွားနှင့် သက်ဆိုင်သော ကိစ္စကို မြို့တော်အုပ်ချုပ်ရေးမှူးရုံးက အလျင်အမြန် မဆောင်ရွက်ဘဲ နေရဲပါမည်တဲ့လား။

မြို့တော်ဝန်သည် လက်ရှိ လုပ်လက်စ အလုပ်များကို ချထားပြီး အမှုတွဲကို ယူကြည့်လိုက်ရာ... ဒါပဲလား။

ယဲ့ဇီဝမ်က အသံကြားလို့ ချူဟွားကို မေးချင်ရုံ သက်သက်ပဲ၊ ထားလိုက်ပါတော့၊ သူ့ကို ချူဟွား ရှေ့ ရောက်မလာစေဖို့ တိတ်တဆိတ် ဖြေရှင်းပေးရမှာပေါ့။

အချိန်နှင့် လူအင်အား သုံးပြီး မြန်မြန် ဖြေရှင်းမည်ဟု တွေးထားသော်လည်း ကြည့်လေ ရှုပ်ထွေးလေ ဖြစ်လာသဖြင့် နန်းစောင့်တပ်က အမှုလွှဲပြောင်းပေးလိုက်သည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ သူတို့ကို ခေါင်းကိုက်အောင် လုပ်တာပဲ။

ယုတ်မာလိုက်တာ။

နှစ်ရက် အတွင်းမှာပင် မြို့တော်ဝန်သည် အမှုကို တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်သို့ လွှဲပြောင်းပေးလိုက်လေသည်။

တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်: "..."

တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်က တရားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းရန် နည်းလမ်း ရှာမတွေ့ခင်မှာပင် တရားရေးဝန်ကြီး သတင်းရရှိသွားပြီး အရှင်မင်းကြီးလည်း သိရှိသွားလေသည်။

အရှင်မင်းကြီးနှင့် မှူးမတ်များ တိုင်ပင်ပြီးနောက် system ကို ဒုတိယအကြိမ် စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြ၏။

ချူဟွားသည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနသို့ ရောက်ဖူးပြီးဖြစ်ရာ နောက်တစ်ဆင့်မှာ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော်နှင့် တရားရေးဝန်ကြီးဌာန ဖြစ်သည်။ အမှုစစ်ဆေးစဉ်အတွင်း လူအမျိုးမျိုးနှင့် ထိတွေ့ရမည်ဖြစ်ပြီး နောက်ထပ် ကိုယ်တိုင် လာရောက်သော ဒုက္ခသည်များနှင့် တွေ့ဆုံရလျှင် မည်သို့ လုပ်ရပါမည်နည်း။

System ဘက်က အရင်းအမြစ်ကို စစ်ဆေးနိုင်ခြင်း ရှိမရှိ၊ အသေးစိတ် အချက်အလက်များကို ဂရုစိုက်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရမည်။ ထိုအချက်က သူတို့၏ နောက်ဆက်တွဲ လုပ်ဆောင်ချက်များကို ဆုံးဖြတ်ပေးလိမ့်မည်။

System ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်သဖြင့် စကားအများကြီး မပြောဘဲ မျက်လုံးချင်းသာ ဆက်သွယ်ကြသည်။ ပြောရခက်သော အရာများကို ဝေ့လည်ကြောင်ပတ် ပြောဆိုကြသည်။

နှစ်နာရီခန့် အကြာတွင် အလုပ်သမားဝန်ကြီးဌာန၌ အလုပ်ကြိုးစားနေသော ချူဟွားတစ်ယောက် သတင်းရရှိလိုက်လေသည်။ ကျန်းရှီက အလုပ်ဆင်းချိန်တွင် ထျန်းရှန်းစားသောက်ဆိုင်၌ ထမင်းစားရန် ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။

အချိန် တွက်ကြည့်လိုက်တော့ ယွီအိမ်တော်သို့ သွားခဲ့သည်မှာ တစ်ပတ် ရှိပြီဖြစ်ရာ သိပ္ပံနည်းကျ ဝိတ်ချနည်း အလုပ်ဖြစ်နေပြီ ထင်သည်။

သွားလိုက်တာပေါ့။

သို့သော် ရောက်သွားသောအခါမှ လူအတော်များများ ရောက်နေကြောင်း တွေ့လိုက်ရ၏။

စားပွဲစီစဉ်သူ ကျန်းရှီနှင့် သူမ၏ သူငယ်ချင်းများ၊ ချူဟွားနှင့် ရင်းနှီးသော ဒုတိယမင်းသား ကြင်ရာတော်၊ ဝူချဲ့ဖေးနှင့် အခြားသူများ ဖြစ်ကြသည်။

မြို့တော်၏ အသိုင်းအဝိုင်းက ကျဉ်းကျဉ်းလေး ဖြစ်သဖြင့် အချို့နှင့် ရင်းနှီးမှု မရှိသော်လည်း နာမည်ကိုတော့ ကြားဖူးကြသည်။ ဖခင်များ၊ ခင်ပွန်းများ၊ ညီအစ်ကိုများ၏ ဂုဏ်သတင်းကြောင့် အားလုံးက မိတ်ဆွေများ ဖြစ်နေကြသည်။

လူအုပ်စုသည် မိတ်ဆက်ပေးကြပြီး လေထုအငွေ့အသက်မှာ သဟဇာတ ဖြစ်နေသည်။

ထိုင်ပြီးနောက် ကျန်းရှီက ချူဟွားကို အလေးပြုသည်။ "လူကြီးမင်း၊ ဒီတစ်ခွက် လူကြီးမင်းကို ဂုဏ်ပြုပါရစေ"

ခွက်ထဲမှ အရက်ကို မော့သောက်လိုက်ပြီးမှ ပြောလိုက်၏။ "လူကြီးမင်းရဲ့ အစီအစဉ်အတိုင်း ၇ ရက် လုပ်ဆောင်ပြီးနောက် ကျွန်မ ခန္ဓာကိုယ် ပိုသန်မာလာတယ်၊ အရင်ကထက် ပိုလန်းဆန်းလာတယ်"

"ဝက်သားနီချက်နဲ့ မုန့်တွေ မစားရတာပဲ ရှိတာ၊ မစားရလေလေ ပိုစားချင်လေလေ ဖြစ်ပြီး နည်းနည်းတော့ ခံစားရတယ်"

ဒါပေမဲ့ အဆင့်လိုက် အစီအစဉ် ပြီးမြောက်ရင် သာ့ရှန်းမှာ မရှိတဲ့ မုန့်တွေနဲ့ အချိုပွဲတွေ ရမယ်ဆိုတာ တွေးမိလိုက်တော့ အားအင်တွေ ပြည့်လာပြန်တယ်။

ရောက်ရှိနေသူများထဲတွင် ချူဟွားသည် အငယ်ဆုံးဖြစ်ပြီး အရက်သောက်ရန် မသင့်တော်သဖြင့် သူမ၏ ခွက်ထဲတွင် အရက် မပါဘဲ အသီးဖျော်ရည်သာ ထည့်ထားလိုက်သည်။

ကျန်းရှီ၏ သဘောထားကြီးမှုကို တုံ့ပြန်ရန် ချူဟွားလည်း အသီးဖျော်ရည်ကို မော့သောက်လိုက်ပြီး ချီးကျူးလိုက်လေသည်။ "သခင်မရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ဆိုရင် မကြာခင် ရလဒ်ကောင်းတွေ တွေ့ရမှာပါ"

တစ်ပတ်အတွင်း ကိုယ်အလေးချိန် အများကြီး မကျသွားသော်လည်း ကျန်းရှီ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို မျက်စိဖြင့် မြင်တွေ့နိုင်သည်။

အထင်ရှားဆုံး ရလဒ်တစ်ခုမှာ လွန်ခဲ့သော တစ်ပတ်က ကျန်းရှီ၏ မေးစေ့တွင် ဝက်ခြံအနီရောင်များ တွေ့ခဲ့ရသော်လည်း ယနေ့တွင် အရာ မကျန်တော့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းရှီ၏ သူငယ်ချင်းက ဝင်ပြောလိုက်သည်။ "ဟုတ်တယ်၊ လူကြီးမင်းချူ ရေးပေးတဲ့ သိပ္ပံနည်းကျ ဝိတ်ချနည်းကို ကျွန်မလည်း ဖတ်ကြည့်ပြီးပြီ"

"လိုက်လုပ်ကြည့်မလို့ စဉ်းစားပေမဲ့ မစားရမဲ့ အစားအစာတွေ အများကြီး ပါနေတာ တွေ့တော့ ကျွန်မ မုန့်တွေကို မစွန့်လွှတ်နိုင်လို့ လက်လျှော့လိုက်ရတယ်"

နောက်ထပ်သူငယ်ချင်း တစ်ဦးက ပြောလေသည်။ "သူက သူ အကြိုက်ဆုံး ဝက်သားနီချက်နဲ့ မုန့်တွေကို စွန့်လွှတ်နိုင်တယ်၊ နေ့တိုင်း ပြေးတယ်ဆိုတော့ သေချာပေါက် ပိန်လာမှာပါ"

ဝူချဲ့ဖေးသည် ကျန်းရှီက အကြိမ်ကြိမ် ဝိတ်ချပြီး မအောင်မြင်သည့် အကြောင်းကို ကြားဖူးသဖြင့် ဝင်ပြောလေသည်။ "သိပ္ပံနည်းကျ ဝိတ်ချနည်း ဆိုတာ ဘာလဲ"

ကျန်းရှီက ချူဟွား မကန့်ကွက်သည်ကို မြင်သောအခါ ထိုနေ့က ချူဟွား အထူးတလည် ရောက်လာပြီး သူမအတွက် ဝိတ်ချနည်း ရေးဆွဲပေးခဲ့ပုံကို ပြောပြလိုက်သည်။

အားလုံးက အမျိုးသမီးများ ဖြစ်ကြရာ ယောကျ်ား၏ စိတ်ကို ဖမ်းစားရန် ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေရန် ဖြစ်စေ၊ ခေတ်စားနေသော ပြည့်ပြည့်ဖောင်းဖောင်းနှင့် မဝသော ခန္ဓာကိုယ်ကို ထိန်းသိမ်းချင်ကြသည်။

ချူဟွား၏ ဝိတ်ချနည်းက မဆိုးကြောင်း ကြားသိရသောအခါ အားလုံး စိတ်ဝင်စားသွားကြပြီး ထမင်းစားရန်ပင် မေ့နေကြတော့သည်။

ဟင်းပွဲကောင်းများကို ချူဟွား တစ်ယောက်တည်း ဖြည်းဖြည်းချင်း စားသုံးနေပြီး systemနှင့်လည်း စကားပြောနေလိုက်သည်။

ချူဟွား၏ ခွင့်ပြုချက်ဖြင့် သိပ္ပံနည်းကျ ဝိတ်ချနည်းကို စာရွက်ပေါ် ကူးယူပြီး သိမ်းဆည်းလိုက်ကြ၏။ ပြန်ရောက်လျှင် စမ်းသပ်ကြည့်ရမည်။

ခဏလောက် စားသောက်ပြီးနောက် ဝူချဲ့ဖေးက ပြောလာလေသည်။ "တကယ်တော့ ညီမလေး အလုပ်သမားဝန်ကြီးဌာနကို ရောက်သွားတာ ကြာပြီဆိုတော့ အခြေအနေ ဘယ်လိုလဲ သိချင်လို့ ထမင်းစားဖို့ ချိန်းမလို့၊ သူက ထမင်းဖိတ်ကျွေးတာနဲ့ တိုက်ဆိုင်နေတော့ အတူတူ စားလိုက်တာ"

ချူဟွားတစ်ယောက် ဤထမင်းဝိုင်း၏ ရည်ရွယ်ချက် အမှန်ကို သိလိုက်ပြီ။

System လည်း နားလည်သွားသည်။ [ဟေး၊ ဒီလူတွေက တကယ် ဖရဲသီး စားချင်ကြတာပဲ၊ ဖရဲသီး စားဖို့အတွက် စားပွဲဝိုင်းတောင် တည်ခင်းပေးကြတယ်၊ အရင်းအနှီး များလိုက်တာ]

သူ့လို ဖရဲသီးစား system ထက်တောင် ပိုကြိုးစားကြသေးတယ်။

ချူဟွားကတော့ ဂရုမစိုက်ပေ။ ဘယ်လိုနည်းလမ်းပဲ ဖြစ်ဖြစ် နှစ်ဖက် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရင် ပြီးတာပဲ။

[စလိုက်ကြစို့]

System: [ကောင်းပြီ]

"အစ်မကြီးတွေက စိတ်ဝင်စားစရာ ကိစ္စတွေ ကြားထားပုံရတယ်" ချူဟွား ပြုံးပြီး ပူးပေါင်းလိုက်သည်။

[system]

System: [လာပါပြီ]

အားလုံး မျက်နှာ ဝင်းပသွားကြသည်။ ဟီး ဟီး ဟီး စားမယ်။

ဝူချဲ့ဖေး: "မြို့တော်မှာ ယဲ့ဇီဝမ် ဆိုတဲ့ လူတစ်ယောက် ရှိတယ်၊ ဇနီးသည် ၃ ဦး ဆက်တိုက် မွေးဖွားရခက်ပြီး သေဆုံးသွားလို့ ဇနီးသည်ကို ကံဆိုးစေတယ် ဆိုပြီး မြို့တော် တစ်ခုလုံး နာမည်ကြီးနေတယ်တဲ့"

ချူဟွားသည် ပထမဆုံးအကြိမ် ကြားဖူးသဖြင့် အံ့သြသွားတော့သည်။ "အဲဒီလို ကိစ္စမျိုး ရှိသေးတာလား"

System: [ငါ သွားကြည့်လိုက်ဦးမယ်၊ ဒါက အရမ်း ထူးဆန်းနေတယ်]

"ဟုတ်တယ်" ကျန်းရှီက ဝင်ပြောသည်။ "ပိုထူးဆန်းတာက သူ့ သူငယ်ချင်းမှာလည်း ဇနီးသည် ၂ ဦး မွေးဖွားရခက်ပြီး သေဆုံးသွားတယ်၊ အခု လူတွေက ပြောနေကြတာက ဇနီးသည်ကို ကံဆိုးစေတာက ကူးစက်တတ်တယ် တဲ့"

ချူဟွား: ".... ဒါကတော့ လွန်သွားပြီ"

လင်ယောက်ျားကို ကံဆိုးစေတာပဲ ဖြစ်ဖြစ်၊ ဇနီးသည်ကို ကံဆိုးစေတာပဲ ဖြစ်ဖြစ် လောကကြီးက ကျန်ရစ်သူအပေါ် ပုံချလိုက်တာပဲလေ။

ကူးစက်ရောဂါမှ မဟုတ်တာ၊ မရှိတဲ့အရာကို ဘယ်လိုလုပ်ပြီး ကူးစက်မှာလဲ။

"ဟုတ်တယ်၊ တို့တွေလည်း မယုံပါဘူး"

"တကယ် ကူးစက်တယ်ဆိုရင် အိမ်နီးနားချင်းတွေ ဘာလို့ ဘာမှ မဖြစ်တာလဲ"

"ယဲ့မိသားစုမှာ ယဲ့ဇီဝမ် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ"

အားလုံး တယောက်တစ်ပေါက် ပြောဆိုနေကြပြီး system ပြန်ရောက်လာမှသာ ဟင်းစားကြတော့သည်။ ဆက်ပြောနေရင် ဖရဲသီး ကောင်းကောင်း စားရတော့မှာ မဟုတ်ဘူးလေ။

System: [ယဲ့ဇီဝမ်ရဲ့ ပထမ ဇနီးသည်က သူ့ရဲ့ ဝမ်းကွဲညီမ၊ မွေးရာပါ အားနည်းတယ်၊ ရောဂါထူပြောတယ်၊ မိဘတွေ ဆုံးပါးသွားပြီးနောက် ယဲ့မိသားစုက မွေးစားထားတာ၊ လစဉ် အားဆေးတွေ အများကြီး သောက်ရတယ်]

[သူ့ ကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာတယ်၊ သမားတော်က ဂရုတစိုက် ပြုစုရင်တောင် နှစ်အနည်းငယ်ပဲ ခံမယ်လို့ ပြောတယ်၊ သူက ယဲ့မိသားစုရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်လို့ ယဲ့မိသားစုအတွက် မျိုးဆက် ဆက်ခံဖို့ ကြိုးစားခဲ့တာ]

[ဒါပေမဲ့ သူ့လို အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်ဝန်ဆောင်တာက အရမ်း အန္တရာယ်များတယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ တုံ့ပြန်မှု ပြင်းထန်တယ်၊ ခက်ခက်ခဲခဲ မွေးဖွားပြီး ကလေးကို တစ်ချက်ကြည့်ပြီး ထွက်သွားရှာတယ်၊ တကယ်ကို ခန္ဓာကိုယ် အားနည်းပြီး မွေးဖွားရခက်ပြီး သေဆုံးသွားတာပါ]

ဟင်။

ချူဟွားက စကား၏ အဓိပ္ပါယ်ကို သဘောပေါက်လိုက်သည်။ [နင် ဆိုလိုတာက ကျန်တဲ့ ဇနီးသည် ၂ ဦးက မဟုတ်ဘူး ဆိုတာလား]

[ဒါပေါ့ မဟုတ်ဘူး] System၏ အသံက ကျယ်သွားလေသည်။ [ရှေးခေတ်မှာ ကိုယ်ဝန်ဆောင် မိခင်တွေ မွေးဖွားရခက်တဲ့ နှုန်းက မြင့်မားပေမဲ့ ယဲ့ဇီဝမ် တစ်ယောက်တည်းဆီမှာ စုပြုံနေစရာ အကြောင်း မရှိဘူးလေ]

ရှိနေသော အမျိုးသမီးများနှင့် အပြင်မှ နန်းစောင့်တပ်သားများ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ်၊ အဲဒီ သဘောတရားပဲ။

ဒါဆို ကျန်တဲ့ ဇနီးသည် ၂ ဦးက ဘယ်လို အခြေအနေလဲ။ ဪ ဟုတ်သား၊ ယဲ့ဇီဝမ် သူငယ်ချင်းရဲ့ ဇနီးသည်တွေလည်း ရှိသေးတယ်။

System: [ဝမ်းကွဲညီမက မွေးရာပါ အားနည်းတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသမျှ အန်တယ်၊ ကလေးက အာဟာရ မရတော့ ဘယ်လောက် ပြည့်စုံမှာလဲ]

[ဒီကလေးက မွေးလာကတည်းက ကြောင်လေးလိုပဲ၊ သမားတော်က အသက်ရှင်ဖို့ ခက်တယ်လို့ ပြောတယ်၊ ယဲ့မိသားစုက နို့ထိန်းရှာ၊ သမားတော်ရှာနဲ့ အလုပ်ရှုပ်နေတုန်း ဗေဒင်ဆရာ တစ်ယောက်နဲ့ တွေ့တယ်၊ သူက ဇာတာ ကိုက်ညီတဲ့ မိခင်တစ်ဦး ရှာပြီး ပြုစုခိုင်းရင် ကောင်းသွားလိမ့်မယ်လို့ ပြောတယ်]

နောက်ထပ် ဗေဒင်ဆရာ တစ်ယောက်လား။ အားလုံး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြသည်။

ချူဟွားလည်း မျက်ခုံး လှုပ်သွားလေသည်။ [လိမ်ညာသူလား]

System: [လိမ်ညာသူပဲ]

[ယဲ့မိသားစုက ရောဂါဖြစ်မှ ဆေးဆရာ စမ်းသလို ဝမ်းကွဲညီမ ဆုံးပြီး ၃ လ အကြာမှာ ဇနီးသည် အသစ် ယူလိုက်တယ်၊ ကလေးရဲ့ ကျန်းမာရေးက တကယ်ပဲ တိုးတက်လာခဲ့တယ်]

[အဲဒီအချက်ကြောင့် ယဲ့မိသားစုက ဗေဒင်ဆရာရဲ့ စကားကို အရမ်း ယုံကြည်သွားတယ်၊ ငွေတွေ အများကြီး ပေးပြီး ကျေးဇူးဆပ်တယ်၊ နေရပ်လိပ်စာ မေးထားပြီး ကိစ္စရှိတိုင်း သွားရှာကြတယ်]

ချူဟွားမှာ စိတ်ပျက်သွားတော့သည်။ [အတင်း သွားပြီး အလိမ်ခံတာပဲ]

System: [ဇနီးသည် အသစ်က ဇာတာ တမင် ရွေးထားတာ၊ ရောဂါထူပြောတဲ့ ပထမ ဇနီးသည်နဲ့ လုံးဝ မတူဘဲ ကျန်းမာရေး ကောင်းတယ်၊ ယဲ့မိသားစု စိတ်ချသွားတယ်]

[ဇနီးသည် အသစ်က အိမ်ရောက်ပြီး ၂ လ မကြာခင် ကိုယ်ဝန်ရတယ်၊ ပထမ ဇနီးသည်က ၃ နှစ်မှ တစ်ခါ ကိုယ်ဝန်ရတာနဲ့ ယှဉ်ရင် ဘယ်လောက် ကွာခြားလိုက်သလဲ၊ ယဲ့မိသားစု ပိုပြီး စိတ်ချသွားတယ်]

[ဒါကြောင့် ဗေဒင်ဆရာက ဘာစားခိုင်းခိုင်း သူတို့ ကျွေးကြတယ်]

သည်အထိ ကြားရသောအခါ အားလုံး စိတ်မကောင်း ဖြစ်သွားကြသည်။

ဗေဒင်ဆရာက လိမ်ညာသူ ဆိုရင် သူ့စကား ယုံလို့ရမလား။ သေချာပေါက် ပြဿနာ ရှိမှာပေါ့။

System: [ဗေဒင်ဆရာက ကလေးကို ဘယ်နေ့ ဘယ်အချိန်မှာ မွေးရင် ကောင်းမယ်လို့ ပြောတယ်၊ သူတို့ ယုံလိုက်တယ်၊ ဒါပေမဲ့ အဲဒီအချိန်က ၁၀ လ ပြည့်ပြီး ၁၀ ရက်တောင် ကျော်နေပြီ၊ များလွန်းတယ်]

[ကလေးမွေးမဲ့အချိန်ကို လူက ဘယ်လိုလုပ်ပြီး စိတ်ကြိုက် ထိန်းချုပ်လို့ ရမှာလဲ၊ မွေးဖွားတာကို ဆွဲဆန့်ဖို့အတွက် ဇနီးသည် အသစ်က နောက်ဆုံး တစ်လမှာ ခုတင်ပေါ်က မဆင်းသလောက်ပဲ၊ အိပ်နိုင်သမျှ အိပ်ပြီး လှုပ်ရှားမှု လျှော့ချတယ်]

[စားတာက များပြီး မလှုပ်ရှားတော့ ခန္ဓာကိုယ်က မပျက်စီးဘဲ နေမလား၊ ခေတ်သစ်မှာတောင် မေ့ဆေးပေးပြီး ခွဲမွေးလို့ ရပေမဲ့ ရှေးခေတ်မှာ ဘယ်က နည်းပညာ ရှိမှာလဲ၊ ကိုယ်ဝန်ဆောင်မိခင်က မွေးဖို့ အားမရှိတော့ မွေးဖွားရခက်တော့တာပေါ့]

[ဗိုက်ထဲက ကလေးကို မွေးနိုင်ခဲ့တာက ဇနီးသည် အသစ်ရဲ့ မိခင်မေတ္တာ ကြီးမားလို့ပဲ၊ ကလေးအတွက် အသက်နဲ့ရင်းပြီး ကြိုးစားခဲ့တာ၊ မွေးပြီးတာနဲ့ သွေးလွန်ပြီး ကလေး အဆင်ပြေတယ် ဆိုတာ သိရတော့ ပြုံးပြီး ထွက်သွားရှာတယ်]

ချူဟွားသည် လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ [ငါ့ကို အဲဒီ ဗေဒင်ဆရာ ဘယ်မှာလဲ ဆိုတာ ပြောပြစမ်း၊ သူ့ကို အသေ မရိုက်ရရင် ငါ့ဒေါသ ပြေမှာ မဟုတ်ဘူး]

System: [ကောင်းပြီ၊ ချိုက်ကန်းကို ရိုက်ခိုင်းလိုက်၊ သူ အားသန်တယ်]

ချူဟွား: [ကျားယီက ဆေးပညာ တတ်တယ်၊ လူခန္ဓာကိုယ်ရဲ့ အားနည်းချက် ဘယ်မှာလဲ ဆိုတာ သိတယ်၊ ရိုက်ရင် ပိုနာလိမ့်မယ်]

System: [ဒါဆို ကျားယီပဲ]

ချိုက်ကန်းက ကျားယီကို မျက်ရိပ်ပြလိုက်သည်။ ငါ့အတွက်ပါ ပေါင်းရိုက်ပေး။

ကျားယီက ခေါင်းညိတ်လိုက်သည်။ မပူနဲ့။

Systemက ဆက်ပြောသည်။ [ဇနီးသည် အသစ် သေဆုံးပြီးနောက် ယဲ့မိသားစုက ဗေဒင် မြန်မြန် သွားမေးတော့ ဗေဒင်ဆရာက ပြောတယ်၊ ကလေးက ကံဇာတာ မြင့်တယ်၊ ကောင်းကင်ဘုံက စာပေနတ်ဘုရား ဆင်းသက်လာတာ၊ ဇနီးသည် အသစ်က မထိန်းနိုင်လို့ သေဆုံးသွားတာတဲ့]

[သောက်ကျိုးနည်း] ချူဟွားလဲ သည်းမခံနိုင်တော့ပေ။ [ဒီကောင်က တကယ် ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတာပဲ]

Systemက ဖရဲသီး အစအဆုံး ကြည့်ပြီးပြီဖြစ်ရာ ချူဟွားထက် ပိုဒေါသထွက်နေလေသည်။ [ပိုပြီး ဒေါသထွက်စရာ ကောင်းတာ ရှိသေးတယ်]

[သူက ပြောသေးတယ်၊ ဒီတစ်ခါ စာပေနတ်ဘုရားက စစ်နတ်ဘုရားနဲ့ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာတာ၊ ကောင်းကင်ဘုံမှာ တစ်ရက်က လူ့ပြည်မှာ တစ်နှစ်ပဲ၊ တကယ်လို့ ယဲ့မိသားစုက စစ်နတ်ဘုရားကို လိုချင်ရင် ဇာတာ ကိုက်ညီတဲ့ အမျိုးသမီး တစ်ယောက်ကို အမြန်ဆုံး လက်ထပ်ရမယ်တဲ့၊ ယဲ့မိသားစုက ထပ်ပြီး ယုံသွားပြန်ရော]

ချူဟွား: "..."

အခြားသူများ: "..."

System: [ဒီတစ်ခါတော့ ကလေးမွေးဖူးတဲ့ မုဆိုးမ တစ်ယောက်ပေါ့၊ ယဲ့မိသားစုက ယဲ့ဇီဝမ်ရဲ့ ဇနီးသည် ကံဆိုးစေတဲ့ နာမည်ကို ဂရုစိုက်မိပုံပဲ၊ လင်ယောက်ျား ကံဆိုးစေတဲ့ မုဆိုးမကို ရှာလိုက်ရင် ပြဿနာ မရှိလောက်တော့ဘူးလို့ တွေးလိုက်တာ]

[အရင်အတိုင်းပဲ၊ စစ်နတ်ဘုရား မွေးဖို့ အချိန် သတ်မှတ်ထားတယ်၊ ဒါပေမဲ့ မုဆိုးမက တစ်ခါ မွေးဖူးတော့ ဘယ်လိုလုပ်ရင် ကိုယ့်အတွက်၊ ကလေးအတွက် ကောင်းလဲ ဆိုတာ သိနေတော့ သူတို့ စကား သိပ်နားမထောင်ချင်ဘူး]

[ယဲ့မိသားစုနဲ့ ဗေဒင်ဆရာက ဇနီးသည် အသစ်ကို အလှည့်ကျ ဦးနှောက်ဆေးကြတယ်၊ အဲဒီအချိန်ကျမှ စစ်နတ်ဘုရား အစစ်ကို မွေးနိုင်မှာ၊ အဲဒီနေ့အထိ မစောင့်ဘဲ မွေးလိုက်ရင် အသုံးမကျတဲ့အကောင်ပဲ မွေးလာလိမ့်မယ်၊ ကလေးကလည်း နင့်ကို မုန်းလိမ့်မယ် ဆိုပြီးတော့လေ]

[ဇနီးသည် အသစ်က အရင်မွေးထားတဲ့ ကလေးက နည်းနည်း အတယ်၊ နောက်ထပ် မွေးလာမဲ့ ကလေးပါ ပြဿနာ ရှိနေရင် သူ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးလို့ စိုးရိမ်ပြီး သူလည်း မွေးဖွားရခက်သွားတယ်]

နားထောင်ပြီးနောက် ရောက်ရှိနေသူ အားလုံး၏ ရင်ထဲတွင် လေးလံသွားပြီး အလွန် စိတ်မကောင်း ဖြစ်သွားကြသည်။

ဇနီးသည် ၃ ဦးမှာ အပြစ် ရှိသလား။

ပထမ တစ်ယောက်က ကျေးဇူးဆပ်ချင်လို့၊ ဒုတိယ တစ်ယောက်က ယောက္ခမအိမ်ကို နာခံလို့၊ တတိယ တစ်ယောက်က ကလေးနဲ့ ကိုယ့်အတွက် ကောင်းဖို့။

ခေတ်ကာလက အမျိုးသမီးတွေကို အဲဒီလိုပဲ သင်ကြားပေးခဲ့တာ၊ သူတို့ လိုက်လုပ်ခဲ့ကြတာ၊ ဘယ်နေရာမှာ မှားလို့လဲ။

မှားတာက သူတစ်ပါး ပြောစကားကို အလေးအနက် ထားလွန်းပြီး ဒီကိစ္စထဲက မဖြစ်နိုင်တဲ့ အရာတွေကို သတိမထားမိတာ၊ ကိုယ့်အသက်ကို တန်ဖိုးမထားမိတာပဲ ဖြစ်တယ်။

ချူဟွားက သက်ပြင်းချလိုက်သည်။ [အဲဒီ ဇနီးသည် ၃ ဦးသာ တစ်ကိုယ်ကောင်း ဆန်ခဲ့ရင်၊ ကိုယ်ဝန်ဆောင် ဗဟုသုတ ရှိခဲ့ရင်၊ ဗေဒင်ဆရာ အများစုက လိမ်ညာသူတွေ ဆိုတာ သိခဲ့ရင်၊ နည်းနည်းလောက် ပြန်လည် တော်လှန်ခဲ့ရင် ဒီလို ဇာတ်သိမ်းမျိုး ရောက်လာမှာ မဟုတ်ဘူး]

ရောက်ရှိနေသော အမျိုးသမီး တချို့က ချူဟွား ပြောစကားကို သဘောတူသော်လည်း တချို့က သဘောမတူကြပေ။

လူတိုင်းက ခင်ပွန်းသည်နှင့် ယောက္ခမများကို ပြန်လည် တော်လှန်ရဲသော သတ္တိ မရှိကြပေ။ ပိုများသော အမျိုးသမီးများသည် နာခံကြသည်။

System လည်း သဘောမတူပေ။ [တော်လှန်လို့ မရဘူး၊ ယဲ့မိသားစုက လိမ်ညာသူ အသိုက်အမြုံပဲ]

ချူဟွားတစ်ယောက် မျက်လုံး ပြူးသွားလေတော့သည်။ [နင် ဘာပြောလိုက်တယ်]

...

All Chapters