← Chapters

အခန်း ၅၉

Vol. 4 Ch. 59

အခန်း ၅၉

Vol. 4 Ch. 59

အပိုင်း (၅၉)

တော်ဝင်စာကြည့်ဆောင်

ချူချင်းသည် နောက်ဆုံးတွင် ကျန်းနန်ခရီးစဉ်၏ ကိစ္စရပ်များအားလုံးကို တင်ပြလိုက်တော့သည်။

အမှန်တကယ်တော့ သူသည် သက်ဆိုင်ရာ ကိစ္စရပ်များကို အစီရင်ခံစာတွင် ရေးသားပြီး မြို့တော်သို့ ကြိုတင် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ ယခု သူသည် အရှင်မင်းကြီးတွင် မေးမြန်းစရာများ ရှိမရှိ သိနိုင်ရန် နောက်ဆုံး အစီရင်ခံစာ တင်ပြရုံသာ ဖြစ်သည်။

မရှိလျှင် သူ့တာဝန် ပြီးဆုံးပြီ ဖြစ်သည်။

ချူချင်းသည် အရှင်မင်းကြီးထံမှ မေးခွန်းအချို့အတွက် ကြိုတင် ပြင်ဆင်ထားသော်လည်း မည်မျှပင် ပြင်ဆင်ထားပါစေ၊ အရှင်မင်းကြီး၏ တုံ့ပြန်မှုသည် သည်လို ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အရှင်မင်းကြီးက ပြုံးပြီး ပြောလိုက်သည်။ "အမတ်မင်း၊ မင်း ပင်ပန်းသွားပြီ"

ချူချင်းက အလျင်အမြန် ပြန်ဖြေလေသည်။ "အရှင်မင်းကြီးနဲ့ နန်းတော်အတွက် အလုပ်လုပ်ရတာ မပင်ပန်းပါဘူး"

အရှင်မင်းကြီးက ကျေနပ်သွားပြီး ပြောလိုက်၏။ "ညီလာခံမှာ မင်းလိုလူတွေ ပိုများလာရင် ကျန်း စိတ်ချလက်ချ နေနိုင်မှာပဲ"

ချူချင်း: ?

ဒီချီးကျူးစကားက နည်းနည်းလေး လွန်ကဲမနေဘူးလား။

သူသည် အရာရှိလောကသို့ ဝင်ရောက်ကာစသာ ရှိသေးပြီး အတွေ့အကြုံလည်း မရှိပေ။ လအနည်းငယ်ကြာအောင် အပြင်ထွက် အလုပ်လုပ်သူတိုင်း အရှင်မင်းကြီးထံမှ ချီးကျူးစကား ရရှိကြသည်ဟု သူ ယူဆခဲ့ပြီး ဒါသည် ပုံမှန်ကိစ္စဟု ထင်မှတ်ခဲ့သည်။

ဒါက ထောင်ချောက်အသေးစားလေး တစ်ခုဖြစ်နေသည်ပင်။

အကယ်၍ သူက မှူးမတ်အားလုံးသည် အလွန် အရည်အချင်းရှိကြောင်း ပြောလိုက်လျှင် သူသည် အရှင်မင်းကြီးကို ဆန့်ကျင်ရာ ရောက်သွားလိမ့်မည်။ အကယ်၍ သူက အလိုက်သင့် ပြောလိုက်လျှင် အခြားသူများ အလုပ်မကြိုးစားကြောင်း သွယ်ဝိုက် ပြောဆိုရာ ရောက်သွားလိမ့်မည်။ ဒါကလည်း မမှန်ကန်ပေ။

ခဏလောက် စဉ်းစားပြီးနောက် သူသည် သစ္စာစောင့်သိမှုကို ပြသရန် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"

မိမိအကြောင်းသာ ပြောခြင်းဖြင့် သူသည် အခြား လုပ်ဖော်ကိုင်ဖက်များကို စိတ်အနှောင့်အယှက် မဖြစ်စေသလို အရှင်မင်းကြီးကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေ။

သူ့ညီမလေး သင်ပေးထားသော လုပ်ငန်းခွင်သုံး စကားလုံးများသည် အသုံးဝင်လာသည်။ ပြီးပြည့်စုံလိုက်တာ။

အရှင်မင်းကြီး: "..."

အကြောင်းတစ်ခုခုကြောင့် သူသည် ယခုအချိန်တွင် ချူချင်းကို ရင်ဆိုင်နေရသော်လည်း ချူဟွားကို မြင်လိုက်ရသကဲ့သို့ ပြင်းထန်သော deja vu ခံစားချက်မျိုး ခံစားလိုက်ရသည်။

(Deja vu- အရင်က ဖြစ်ခဲ့ဖူးသလိုလို ထင်ယောင်ထင်မှား ခံစားချက်)

ထားလိုက်ပါတော့။ ယဉ်ကျေးမှု ဖလှယ်တာတွေ မလုပ်တော့ဘူး။

"အမတ်မင်းက ကျန်းနန်မှာ ကိစ္စရပ်တွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျန်း အရမ်း ကျေနပ်တယ်၊ ဒီကိစ္စကို မင်းဆီ လွှဲအပ်လိုက်မယ်" အရှင်မင်းကြီးက ချန်ကျို့ကို အချက်ပြလိုက်ရာ ချန်ကျို့သည် ကြိုတင် ပြင်ဆင်ထားသော အမိန့်တော်စာလိပ်ကို ထုတ်ယူလိုက်သည်။

မကြာမီ ချူချင်းသည် အမိန့်တော်စာလိပ်ကို ကိုင်ဆောင်လျက် ကြောင်တောင်တောင်ဖြင့် တော်ဝင်စာကြည့်ဆောင်မှ ထွက်လာခဲ့သည်။

သူ့လို သုံးလကြာ အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး မြို့တော်ကို အခုလေးတင် ပြန်ရောက်လာတဲ့ မှူးမတ်တစ်ယောက်က ခဏလောက် ခွင့်ယူသင့်တာ မဟုတ်ဘူးလား။

အရှင်မင်းကြီးက ဘာလို့ သူ့ကို အစိုးရကိစ္စနဲ့ ခရီးထွက်ဖို့ နောက်ထပ် အလုပ်တစ်ခု ချက်ချင်း ပေးလိုက်ရတာလဲ။ အဲဒါအပြင် ဒီအလုပ်က အနည်းဆုံး နှစ်ဝက်လောက် ကြာလိမ့်မယ်လို့ ခန့်မှန်းရတယ်။

သူက ကျန်းနန် ရေဘေးကယ်ဆယ်ရေး အကျင့်ပျက်ခြစားမှု အမှုကို အမြန် ပြီးစီးအောင် စုံစမ်းစစ်ဆေးခဲ့လို့ အရှင်မင်းကြီးက သူ့ရဲ့ ထူးချွန်တဲ့ အမှုကိုင်တွယ်နိုင်စွမ်းကို မြင်ပြီး ပါရမီရှင်တွေအတွက် အလုပ်ပိုပေးတဲ့ သဘောလား။

ဖြစ်နိုင်လောက်ပါတယ်။

သူနဲ့အတူ နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့တဲ့ ထိပ်ဆုံးစာကြမ်းပိုး လျိုကျန်းတောင် ဟန်လင်း ကျောင်းတော်မှာ အမိန့်တော်တွေ မူကြမ်းရေးဆွဲပြီး သမိုင်းစာအုပ်တွေ ပြုစုနေရတုန်းပဲ၊ တတိယနေရာ ရခဲ့တဲ့ သူကတော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး အရှင်မင်းကြီးရဲ့ ပြန်လည် အသုံးပြုခြင်းကို ခံရတယ်။

အရှင်မင်းကြီးက သူ့ကို ယုံကြည်လို့ပဲ ဖြစ်ရမယ်။

ချူချင်းသည် သူ့ကိုယ်ပိုင် ထင်မြင်ယူဆချက်ကြောင့် စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်သို့ အပြေးပြန်ကာ မိခင်ဖြစ်သူထံ ဘေးကင်းကြောင်း သတင်းပို့ရန် ပင်မခြံဝင်းသို့ သွားခဲ့သည်။

သည်အချိန်တွင် ချူဖျင်သည် တရားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေရမည် ဖြစ်သော်လည်း သူသည် ခြံဝင်းထဲတွင် အရာရှိဝတ်စုံ ဝတ်ဆင်လျက် လက်ဖက်ရည် သောက်ရင်း တစ်စုံတစ်ယောက်ကို စောင့်နေသကဲ့သို့ ထိုင်နေလေသည်။

"အဖေ"

ချူဖျင်သည် သူ့ကို မြင်သောအခါ အလျင်အမြန် ခေါ်လိုက်သည်။ "အမြန် ဝင်လာခဲ့"

ချူချင်း: ?

ဘာဖြစ်တာလဲ။ အိမ်မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားလို့လား။

ချူချင်း၏ နှလုံးသားသည် ရုတ်တရက် ခုန်ပေါက်သွားပြီးနောက် သူ့ကို ထိတ်လန့်သွားစေမည့် အရာတစ်ခုကို ကြားလိုက်ရသည်။

သူ မြို့တော်မှ ရုပ်ဖျက်ပြီး ထွက်ခွာသွားပြီးနောက် သူ့ညီမလေးသည် သူ့ကိုယ်စား ညီလာခံတက်ခဲ့ပြီး ရှင်းပြ၍မရသော ဖရဲသီးစားသည့် system တစ်ခုနှင့် ချိတ်ဆက်မိသွားကြောင်း သိလိုက်ရ၏။

ပြီးခဲ့သော သုံးလအတွင်း သူ့ညီမလေး၏ လက်ချက်ဖြင့် ပြုတ်ကျသွားသူများမှာ ယခင် တတိယမင်းသား၊ ယခင် တရားရေးဝန်ကြီး၊ ယခင် တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဒုတိယဝန်ကြီးချုပ်၊ ယခင် ကွပ်ကဲရေးမှူး၊ မင်းဆက်သုံးဆက် သမိုင်းဝင် ချင်းဝမ်မိသားစု၊ နှစ်တစ်ရာသက်တမ်းရှိ လုမိသားစု၊ ပရဟိတသမားကြီး ယဲ့မိသားစု စသည်တို့ ပါဝင်သည်။

ညီမလေးသည် သူ့သရုပ်သကန်ဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ တရားရေးဝန်ကြီး၊ တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်နှင့် ရွှန်ထျန်းမြို့ဝန်တို့သည် သူမကို အသုံးပြုရန် လုနေကြပြီး မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့သည် သူမကို တပည့်အဖြစ် လက်ခံရန် လုနေကြသည်။

ဤကာလအတွင်း သူမသည် မိဖုရားကြီး၊ ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြား အမျိုးသမီး အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး သူမ၏ မိတ်ဆွေအသိုင်းအဝိုင်းကို များစွာ ချဲ့ထွင်နိုင်ခဲ့သည်။

သူ ယန်ဇီမြစ် တောင်ဘက်သို့ သွားရာလမ်းတွင် တွေ့ဆုံခဲ့သော လီချန်၏ ဖခင် မတရားစွပ်စွဲခံရသော အမှုကိုပင် သူ့ညီမလေးက ခြေလှမ်းအနည်းငယ်ဖြင့် ဖြေရှင်းပေးခဲ့သည်။ သားအဖနှစ်ယောက်စလုံး အဆင်ပြေနေကြသည်။ သူတို့သည် သာ့ရှန်းအတွက် မြစ်များကို စီမံခန့်ခွဲရန်နှင့် ဆည်များ တည်ဆောက်ရန် အတူတကွ လုပ်ဆောင်နေကြပြီး ကြည့်ရတာ မကြာမီ ရာထူးတိုးတော့မည့်ပုံ ပေါ်လေသည်။

သူကတော့ အဲဒီလို မလုပ်နိုင်ပါဘူး။ ညီမလေးက သူ့ထက် တကယ် ပိုတော်တာပဲ။

ချူချင်းက သက်ပြင်းချလိုက်၏။ "ညီမလေးက ထက်မြက်တယ် ဆိုတာ သိပေမဲ့ ဒီအထိ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက မိန်းကလေး ဖြစ်နေတာ နှမြောစရာပဲ။ သူသာ ယောက်ျားလေး ဖြစ်ရင် မြို့တော်ကို ပြောင်းပြန်လှန်ပစ်မှာ သေချာတယ်"

ဝမ်သခင်မက နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး စိတ်နှလုံးကို ထိခိုက်စေသော မေးခွန်းတစ်ခု မေးလိုက်လေသည်။ "ပြောင်းပြန်လှန်ပြီးပြီ မဟုတ်ဘူးလား"

ချူဖျင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "လှန်ပြီးပြီ" ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်သေးဘူး။

ချူချင်းက ထုံထိုင်းစွာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားတော့သည်။ "ဒါဆို အရှင်မင်းကြီးက ကျွန်တော့်ကို အပြင်ထွက်ခိုင်းတာက..."

ဝမ်သခင်မက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ "ဟွားအာကို ညီလာခံ ဆက်တက်စေချင်လို့လေ"

ချူဖျင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "မှန်တယ်၊ မင်းကို တန်ဖိုးထားလို့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးနဲ့"

ချူချင်းက ရှက်ရွံ့စွာဖြင့် မျက်နှာကို အုပ်ထားလိုက်ရတော့သည်။ ဒါက တကယ်ပဲ သူ့ရဲ့ အဖေအရင်းနဲ့ အမေအရင်းပါလား။

သူ့ကို မနှစ်သိမ့်ပေးရုံသာမက ကြီးမားသော ထိုးနှက်ချက်တစ်ခု ပေးလိုက်ပြီး သူ့ကို လုံးဝ နိုးထစေခဲ့သည်။

အမှန်တရားကို မသိဘဲ 'အရှင်မင်းကြီးက ငါ့ကို ယုံကြည်တယ်' ၊ 'ငါက အရမ်း ပါရမီပါတာပဲ' ဆိုပြီး ရှင်းပြမရတဲ့ ယုံကြည်မှုတွေ အမြဲ ရှိနေတာထက်စာရင် ဒါက ပိုကောင်းပါတယ်လေ။

အရမ်း မောက်မာနေပေမဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားမရှိရင် ကျဆုံးဖို့ အရမ်း လွယ်ကူသလို မိသားစုကို ဒုက္ခပေးဖို့လည်း လွယ်ကူပါတယ်။

"ဟွားအာရဲ့ အရိပ်အောက်မှာ ခိုလှုံနေရပေမဲ့ ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး အရှင်မင်းကြီး ကျွန်တော့်ကို အမြင်သစ်နဲ့ ကြည့်လာအောင် လုပ်ပါ့မယ်" ချူချင်းတစ်ယောက် ဆုံးဖြတ်ချက် ချလိုက်သည်။

ဝမ်သခင်မက သားဖြစ်သူကို အားပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "သား လုပ်နိုင်ပါတယ်"

ချူဖျင်ကတော့ ပြောလိုက်သည်။ "အလျင်လိုစရာ မရှိပါဘူး"

ချူချင်း: ? ? ?

ဝမ်သခင်မ: ? ? ?

ဒါက ဖခင်တစ်ယောက် ပြောနိုင်တဲ့ စကားလား။

သားအမိနှစ်ယောက်၏ သံသယများကို ရင်ဆိုင်ရသောအခါ ချူဖျင်က သက်ပြင်းချလိုက်လေသည်။

"မင်း ဒီနေ့ ပြန်ရောက်မယ် ဆိုတာ သိလို့ မှူးမတ်တချို့ ငါ့ဆီ လာပြောကြတယ်။ တရားရေးဝန်ကြီးက ငါ့ကို ရုံးလုပ်ငန်းတွေ ချထားပြီး အိမ်ပြန်၊ မင်းနဲ့ အရင် စကားပြော၊ ပြီးရင် ဒီနေ့ မင်း ထွက်သွားအောင် လုပ်ခိုင်းလိုက်တာ"

တံခါးဝမှ အခုလေးတင် ဝင်လာသော ချူချင်း: "..."

တရားရေးဝန်ကြီးက သူ့ကို အခြေအနေကို အမြန်ဆုံး နားလည်စေချင်ပြီး ပစ္စည်းတွေ သိမ်းဆည်းကာ ဒီနေ့ မြို့တံခါးတွေ မပိတ်ခင် ထွက်ခွာစေချင်သည်ဟု သံသယရှိစရာ အကြောင်းရင်း ရှိနေသည်။

သည်နည်းအားဖြင့် ချူဟွားက မနက်ဖြန် ညီလာခံ ပြန်တက်နိုင်မည်။ တစ်ရက် အနားယူခြင်းက ကိစ္စများကို နှောင့်နှေးစေမည် မဟုတ်ပေ။

ပြောရတော့မယ်... ရက်စက်လိုက်တာ။ အရမ်း ရက်စက်တာပဲ။ တရားရေးဝန်ကြီးဌာနရဲ့ တာဝန်ခံပီသပါပေတယ်။

"ကျွန်တော် အိမ်မှာ... တစ်ရက်လောက် အနားယူလို့ မရဘူးလား"

ချူချင်းသည် အပြင်တွင် အချိန်အကြာကြီး လှည့်လည်သွားလာနေခဲ့ပြီး အိမ်ကို အလွန် လွမ်းဆွတ်နေခဲ့သည်။ အကယ်၍ သူက ကိုယ်ပိုင် ဆန္ဒအလျောက် ထွက်ခွာသွားလျှင် သူသည် အလုပ်အတွက် ကြိုးစားနေသော လူကောင်းတစ်ယောက် ဖြစ်သောကြောင့်ပင်။။ သို့သော် တိတ်တဆိတ် ထွက်ခွာသွားရန် ဖိအားပေးခံရခြင်းကတော့ မမှန်သေးဘူးဟု ခံစားနေရသည်။

ဝမ်သခင်မသည်လည်း သုံးလကြာ မတွေ့ရသေးသော သားဖြစ်သူနှင့် စကားထပ်ပြောလိုပြီး အပြင်မှာ ဘယ်လို နေထိုင်ခဲ့ရလဲ၊ အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရလား ဆိုတာကို သိချင်နေသည်။

သားဖြစ်သူက သနားစဖွယ် ပြောနေသည်ကို မြင်သောအခါ ဝမ်သခင်မ၏ စိတ်နှလုံး ပျော့ပျောင်းသွားသည်။ "တစ်ရက် နားတာ အဆင်ပြေပါတယ်"

"မဖြစ်ဘူး" ချူဖျင်က အလျင်အမြန် ခေါင်းခါလိုက်သည်။ "အံ့ဖွယ်ခုံးခုံးက မနက်ဖြန် ရောက်လာလိမ့်မယ်။ သူ ဘယ်အချိန် လှုပ်ရှားမလဲ ဆိုတာ မသိရဘူး။ ဟွားအာက ဘဏ္ဍာတိုက်ကို သွားစောင့်ရမယ်"

ဝမ်သခင်မ ဒီအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ "ဟွားအာက သိုင်းမတတ်ဘူး၊ စက်ယန္တရားတွေကိုလည်း နားမလည်ဘူး။ ဘဏ္ဍာတိုက်ကို စောင့်ဖို့ သူ ဘာသွားလုပ်မှာလဲ"

ချူဖျင်: "သူ ဘာလုပ်မလဲ ဆိုတာ အတိအကျတော့ ငါ မသိဘူး၊ ဒါပေမဲ့ ဟွားအာက အရှင်မင်းကြီးကို တိတ်တဆိတ် ပြောထားတယ်။ ဘဏ္ဍာရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးတို့က အံ့ဖွယ်ခုံးခုံး ရောက်လာမဲ့နေ့မှာ ဘဏ္ဍာတိုက်ကို ဖွင့်ပေးပြီး ဟွားအာကို အထဲ ဝင်ခွင့်ပေးဖို့ပဲ သိကြတယ်"

မိသားစု သုံးယောက်လုံး အချိန်အကြာကြီး စဉ်းစားကြသော်လည်း ချူဟွားက အံ့ဖွယ်ခုံးခုံးကို မည်သို့ တားဆီးမည်ကို သဘောမပေါက်နိုင်ကြပေ။

လှည့်စားထောင်ချောက်လား။ ငယ်လွန်းတယ်။

အင်အားဖြင့် ဖိနှိပ်ခြင်းလား။ သူ လုံးဝ မလုပ်တတ်ဘူး။

ပါးစပ်လှုပ်ရုံလား။ အလုပ်ဖြစ်ပါ့မလား။

ချူချင်းက ချူဟွားကို ရှာပြီး မေးချင်နေမိသည်။ "ဟွားအာ အိမ်မှာ ရှိလား"

ဝမ်သခင်မ: "ဟွားအာ ဒီနေ့ ညီလာခံ သွားစရာ မလိုဘူး။ မနေ့က သူ ဒုတိယမင်းသား ကြင်ရာတော်ဆီ စာပို့ပြီး အိမ်မှာ မွန်းလွဲပိုင်း လက်ဖက်ရည်ပွဲ လုပ်ဖို့ ဖိတ်ထားတယ်။ သူ အခု အလုပ်ရှုပ်နေလောက်ပြီ"

ချူချင်း အခု အဲဒီကို သွားဖို့ အဆင်မပြေပေ။ "ဘာ မွန်းလွဲပိုင်း လက်ဖက်ရည်ပွဲလဲ"

ချူဟွားက တစ်ခါမှ မလုပ်ဖူးသဖြင့် ဝမ်သခင်မနှင့် ချူဖျင်တို့လည်း သေချာ မသိကြပေ။ သူတို့က ချန်ဟွားကျွီသို့ အစေခံမ တစ်ယောက် လွှတ်ပြီး စစ်ဆေးခိုင်းလိုက်ရာ အစေခံမက အစားအသောက်သေတ္တာ အကြီးကြီးတစ်ခုဖြင့် ပြန်ရောက်လာသည်။

အစားအသောက်သေတ္တာ အကြီးကြီး၏ အပေါ်ဆုံး အလွှာတွင် မုန့်များနှင့် တူသော ရွှေရောင် အရာများဖြင့် ပြည့်နှက်နေသည်။

ထိုအရာသည် လက်ဖဝါး တစ်ဝက်ခန့် အရွယ်အစားရှိပြီး လုံးဝန်းကာ အလယ်တွင် ဖောင်းပွနေပြီး အစွန်းနှစ်ဖက်တွင် ချွန်နေသည်။ နို့နှင့် ဂျုံနံ့ သင်းသင်းလေး မွှေးနေသည်။

"ဒါ ဘာလဲ" ချူဖျင်က တစ်ခု ကောက်ယူလိုက်သည်။ "ဟေ၊ နည်းနည်း ပူနေပါလား"

အစေခံမက ပြောလိုက်၏။ "ဒါက သခင်မလေး အခုလေးတင် လုပ်လိုက်တဲ့ ပေါင်မုန့်ပါ။ အရင် အသုတ်က မအောင်မြင်ဘူး၊ ဒါပေမဲ့ ဒီအသုတ်က တော်တော် ကောင်းတယ်"

ပေါင်မုန့်တဲ့လား။ တစ်ခါမှ မကြားဖူးဘူး။

ဝမ်သခင်မနှင့် ချူချင်းတို့ တစ်ယောက် တစ်ခုယူပြီး မြည်းစမ်းကြည့်လိုက်ကြသည်။

မာကျောသော အရာတစ်ခုနှင့် တူသော်လည်း ပထမ ကိုက်လိုက်သည်နှင့် နူးညံ့ပြီး ချိုမြနေသည်။ နှစ်ကိုက်လောက် စားလိုက်ရုံဖြင့် ပေါင်မုန့်လေး ကုန်သွားသည်။

အစေခံမက အောက်ဆုံးအလွှာမှ ပန်းကန်လုံးငယ် သုံးလုံး ထုတ်ယူလိုက်သည်။ "ဒါက လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ နို့လက်ဖက်ရည်ပါ။ ဟုန်မေက စမ်းသပ် လက်ရာမို့လို့ အားလုံး မြည်းစမ်းကြည့်ပြီး ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာ ပြောပေးပါတဲ့"

သူတို့ သုံးယောက်သား တစ်ယောက် တစ်ခွက်ယူပြီး မြည်းစမ်းကြည့်ကြသည်။

ဝမ်သခင်မ: "ငါ့ပန်းကန်လုံးထဲမှာ ပဲနီလေးတွေ ပါတယ်။ တော်တော် ချိုတာပဲ"

ချူဖျင်: "ဒီပန်းကန်လုံးထဲမှာ ပျားရည် ထည့်ထားတယ်"

ချူချင်း: "ဒီပန်းကန်လုံးထဲမှာ ပျော့ပျောင်းတဲ့ အရာတစ်ခု ပါတယ်"

စကားပြောရင်း ချူချင်းက ပန်းကန်လုံးငယ်ထဲမှ အဝါရောင် ပုံသဏ္ဍာန် မမှန်သော အရာတစ်ခုကို ဆယ်ယူလိုက်သည်။ ပျော့ပျောင်းနေသည်။ ဇွန်း ရွေ့လိုက်သောအခါ ၎င်းကလည်း လိုက်ရွေ့သည်။ ကြည့်ရတာ အလွန် ချစ်စရာကောင်းသည်။

အစေခံမက တစ်ချက် ကြည့်လိုက်သည်။ "အဲဒါ ပူတင်းပါ"

ဒီနေ့ ရုတ်တရက် ထူးဆန်းသော အရာအချို့ ရောက်လာသည်။ လူသုံးယောက်၏ စူးစမ်းလိုစိတ်များ နိုးကြားလာပြီး ငြိမ်သက်သွားရန် ခက်ခဲနေသည်။

ကံကောင်းစွာဖြင့် ချူဟွားသည် အချိုပွဲများ လေ့လာရင်း မိသားစုကို မမေ့ခဲ့ပေ။ သူမ အောင်မြင်သောအခါ တစ်ပွဲ ပို့ပေးလိုက်သည်။

အစပိုင်းတွင် သူတို့ အတော်လေး ပျော်ရွှင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အများကြီး စားမိပြီး နေ့လယ်စာ စားချင်စိတ် ပျောက်သွားကြသည်။ တကယ့်ကို ချိုမြိန်သော ဒုက္ခပင်။

နန်းတော်ထဲမှ အရှင်မင်းကြီးသည်လည်း ဒုက္ခရောက်နေသည်။

နန်းစောင့်တပ်သားများသည် ချူဟွားနှင့် system ပြောသမျှ လုပ်သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားချင်ကြသည်။ ယနေ့ တစ်ယောက်ချင်း ပြောဆိုမှုသည် အလွန် ပုံမှန်ဆန်ပြီး အစီရင်ခံရန် မလိုအပ်ဟု ခံစားရသော်လည်း တင်းကြပ်သော ကျင့်ဝတ်ကြောင့် အားလုံး တင်ပြလိုက်ကြသည်။

စမ်းသပ်မှုများ များပြားလွန်းသောကြောင့် ကျားယီနှင့် ချိုက်ကန်းတို့ နှစ်ယောက်စလုံးကို မြည်းစမ်းရန် ဆွဲခေါ်ခံရပြီး သက်ဆိုင်ရာ ခံစားချက်များကို ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ သူတို့သည် စားပြီးနောက် ခံစားချက်များကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ထို့ကြောင့် အရှင်မင်းကြီးသည် ထူထဲသော အစားအသောက် စုဆောင်းမှု မှတ်တမ်းကို တွေ့လိုက်ရသည်။

System: [မမကြီးဟွား၊ ရှေးခေတ်မှာ ပေါင်မုန့်ဖိုနဲ့ ပေါင်မုန့် လုပ်နိုင်တာ တကယ် အံ့သြစရာပဲ!]

ချူဟွား: [ငါ ကိတ်မုန့် လုပ်ပြီးတဲ့အထိ စောင့်ဦး၊ ပြီးရင် နင် ငါ့ကို ချီးကျူးလို့ ရပြီ]

System: [အင်း... မုန့်ဖိုက နည်းနည်း ခက်နေတုန်းပဲ] အဓိက အကြောင်းရင်းက ချူဟွား ကျွမ်းကျင်သော နယ်ပယ် မဟုတ်သဖြင့် ဘယ်လောက်ပဲ ကလိကလိ သူမ မလုပ်နိုင်ဖြစ်နေခြင်းပင်။

ချူဟွား: [လျှပ်စစ်မုန့်ဖို မဟုတ်ဘူး။ နိုင်ငံခြားသားတွေ ပီဇာ ဖုတ်ဖို့ သုံးတဲ့ မုန့်ဖိုမျိုး နင် မြင်ဖူးမှာပါ?]

System: [အိုး၊ ဒီဟာလား၊ ဒါဆို ငါတို့ စမ်းကြည့်လို့ ရတာပေါ့။ နှမြောစရာပဲ ငါ မစားနိုင်ဘူး]

ချူဟွား: [ကိစ္စမရှိပါဘူး၊ သူတို့ကို စားခိုင်းပြီး စားပြီးရင် ဘယ်လိုနေလဲ ဆိုတာ ပြောပြခိုင်းလိုက်ပေါ့]

ပေါင်မုန့် ဆိုတာ ဘာလဲ။

အရှင်မင်းကြီးသည် သာ့ရှန်းတွင် သူ တစ်ခါမှ မစားဖူးသော အရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ စပ်စုချင်စိတ်ဖြင့် သူ အောက်သို့ အမြန် ဖတ်လိုက်သည်။

ချင်းကျူက မှတ်ချက်ပေးထားသည်။ "နူးညံ့တယ်၊ နည်းနည်း ချိုတယ်၊ အဓိကက မွှေးတယ်။ စားရတာ လွယ်ကူပြီး တော်တော် ဗိုက်ပြည့်တယ်၊ သွားမကောင်းတဲ့ လူတွေနဲ့ သင့်တော်တယ်"

အရှင်မင်းကြီးတွင် ကောင်းမွန်သော သွားများ ရှိပြီး ပေါင်မုန့်ကို သိပ်စိတ်မဝင်စားသဖြင့် နောက်တစ်ခုကို အမြန် ကြည့်လိုက်သည်။

System: [နို့လက်ဖက်ရည်! တခြားဟာ မပါဘဲ နေလို့ရပေမဲ့ ဒါ မပါဘဲ နေလို့မရဘူး!]

ချူဟွား: [ဟုတ်တယ်။ ငါ ပဲနီလေးတွေ၊ ကောက်ညှင်းလုံးလေးတွေ၊ ကျောက်ကျော၊ ပူတင်းနဲ့ တခြား အမယ်လေးတွေလည်း လုပ်ထားတယ်။ ကံဆိုးချင်တော့ ပီလောပီနံ မရှိလို့ ငါ ပုလဲတွေ မလုပ်နိုင်ဘူး]

System: [ပီလောပီနံ ပုလဲတွေလား။ ငါ ကြည့်လိုက်ဦးမယ်။ အိုး၊ သာ့ရှန်းမှာ ပီလောပီနံ ရှိတယ်၊ ကမ်းရိုးတန်းဒေသတွေဆီ နိုင်ငံခြားသားတွေ ယူလာတာ၊ ဒါပေမဲ့ အဲဒီအရာက ထိလိုက်ရင် ယားယံစေတော့ ပစ္စည်းအကြောင်း သိတဲ့လူ သိပ်မရှိဘူး။ ဒါကြောင့် ဘယ်သူမှ မြို့တော်ကို မယူလာကြတာ]

နို့လက်ဖက်ရည်လား။ သူ မကြားဖူးတဲ့ နောက်ထပ် အရာတစ်ခုလား။

ဘာ ပီလောပီနံနဲ့ ပုလဲတွေလဲ။ ပုလဲတွေကို အမှုန့်ကြိတ်ပြီး စားကြတာ မဟုတ်ဘူးလား။

အရှင်မင်းကြီးတစ်ယောက် အလွန် စပ်စုချင်သွားတော့သည်။ ချူမိသားစု၊ ကျားယီနှင့် ချိုက်ကန်းတို့ နို့လက်ဖက်ရည် ပွဲ တော်တော်များများ စားသောက်ခဲ့ကြသည်ကို မြင်သောအခါ သူသည် စိတ်မသက်မသာ ဖြစ်သွားလေသည်။

ချူဟွား လုပ်ထားသော ကာရာမယ်လ် ပူတင်းအချို့လည်း ရှိသေးသည်။ သံဇွန်းကို နီရဲအောင် ဖုတ်ပြီးနောက် ပူတင်းပေါ် ဖြူးထားသော သကြားပေါ်တွင် ပျံ့နှံ့သွားစေသည်။ ကြွပ်ရွသော ကာရာမယ်လ် အလွှာနှင့် ပူတင်းပူပူလေးက ကျားယီကို ထပ်ခါတလဲလဲ ချီးကျူးစေခဲ့သည်။

အရှင်မင်းကြီး: "..."

ဒီ နန်းစောင့်တပ်သား အသုတ်က တကယ်ကို သူမြင်ဖူးသမျှ အဆိုးရွားဆုံးပဲ။

သူ လိုချင်တာက ချူဟွားနဲ့ system ကြားက စကားပြောဆိုမှုတွေ။ ဘာလို့ တခြားလူတွေရဲ့ မှတ်ချက်တွေကို မှတ်တမ်းတင်နေရတာလဲ!

"ဖတ်" အရှင်မင်းကြီးက မှတ်တမ်းစာအုပ်ကို ပိတ်လိုက်ပြီး ချန်ကျို့ကို စိတ်ဆိုးမာန်ဆိုး ညွှန်ကြားလိုက်သည်။ "အောက်ကို ပို့ပြီး သူတို့ကို ဖတ်ခိုင်းလိုက်"

အခက်အခဲတွေ ရှိလာရင် အတူတူ ရင်ဆိုင်ရမယ်!

ဘာပဲဖြစ်ဖြစ် မြင်ရပြီး မစားရတာ သူတစ်ယောက်တည်း ဖြစ်လို့ မရဘူးလေ။

မှတ်တမ်းကို လက်ခံရရှိသော မှူးမတ်များ: "..."

ချူဟွားသည် မွန်းလွဲပိုင်း လက်ဖက်ရည်ပွဲ ကျင်းပရန် ယနေ့ကို ရွေးချယ်ခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ သူမ နောက်ဆုံးတော့ အားလပ်သွားပြီ ဖြစ်ပြီး နောက်တစ်ခုမှာ သခင်မကျန်းအား ပေးထားသော ကတိကို တည်ချင်သောကြောင့်ပင်။။

သခင်မကျန်း၏ ဇာတ်တိုက်ထားသော တာဝန်သည် လွန်ခဲ့သော ရက်အနည်းငယ်က ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း သူမ မအားလပ်သောကြောင့် ဆုလာဘ် နှောင့်နှေးခဲ့ရသည်။

ထို့နောက် သူမက တွေးကြည့်လိုက်၏။ လူတစ်ယောက်ကို ဖိတ်တာက ဖိတ်တာပဲ၊ လူတစ်စုကို ဖိတ်တာကရော ဖိတ်တာပဲ မဟုတ်ဘူးလား။

ဒုတိယမင်းသား ကြင်ရာတော်က သူမကို ထျန်းရှန်းစားသောက်ဆိုင်တွင် ညစာစားရန် ဖိတ်ခေါ်ခဲ့ပြီး ထိုနေရာတွင် ခြံဝင်းငယ်တစ်ခု ငှားရမ်းခြင်းက အတော် ဈေးကြီးသည်။ သူမအနေဖြင့် ထျန်းရှန်းစားသောက်ဆိုင်တွင် ပြန်လည် ဧည့်ခံခြင်းက အဓိပ္ပာယ် မရှိပေ။ သူမ အတူတူ ပိုလုပ်လိုက်တာက ပိုကောင်းပါလိမ့်မည်။

ဒါပေါ့၊ ညီမလေးတွေ အကြိုက်ဆုံးအပိုင်းဖြစ်တဲ့ ဖရဲသီးစားတာကို သူမ လက်လွတ်ခံမှာ မဟုတ်ပါဘူး။

ဖိတ်ကြားထားသော ဧည့်သည်များသည် သတ်မှတ်ထားသော အချိန်မတိုင်မီ ရောက်ရှိလာကြသည်။

သခင်မကျန်းက အစောဆုံး ရောက်လာသည်။ သူမ ရောက်လာသည်နှင့် ချူဟွားကို ပျော်ရွှင်စွာ ဝိုင်းပတ်ကြည့်ရှုလေသည်။ "ညီမလေးဟွားအာ၊ နင် မိန်းကလေး အဝတ်အစား ဝတ်ထားတာ ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ နင်က တကယ့်ကို မိန်းမလှလေးပဲ"

ချူဟွားက ပြုံးပြီး ပြောလိုက်၏။ "ချီးကျူးတဲ့အတွက် ကျေးဇူးပါ မမကြီး၊ ကျေးဇူးပြုပြီး ထိုင်ပါ"

သခင်မကျန်းက သူမ အကြိုက်ဆုံး သကြားကင် သစ်အယ်သီးများကို ယူလာသည်။ "ညီမလေးဟွားအာ၊ ပူတုန်း စားလိုက်ပါဦး"

ချင်းကျူက သကြားကင် သစ်အယ်သီးများကို ယူပြီး ဘေးတွင် တိတ်တဆိတ် ထိုင်ခွာနေလိုက်သည်။

ချူဟွားက အနည်းငယ် စားပြီး ရပ်လိုက်သည်။ "ပုံမှန် နေ့တွေဆိုရင် ငါ ကြိုက်ပါတယ်၊ ဒါပေမဲ့ ဖြစ်ချင်တော့ ဒီမနက် ချက်ပြုတ်တုန်းက ငါ အများကြီး စားမိသွားတယ်"

"ကိုယ့်ကိုယ်ကိုယ် အတင်း မလုပ်ပါနဲ့" သခင်မကျန်းက အလျင်အမြန် ပြောလိုက်လေသည်။ "အများကြီး စားရင် မလှတော့ဘူး"

ချူဟွားက ပြုံးလိုက်ကာ "ငါ မမကြီးကို ဒီနေ့ မွန်းလွဲပိုင်း လက်ဖက်ရည် သောက်ဖို့ ဖိတ်တာက ကတိကို တည်ချင်လို့ပါ။ ဒုတိယမင်းသား ကြင်ရာတော် ရောက်လာရင် ဆုလာဘ်ကို ထုတ်ပေးပါ့မယ်"

သခင်မကျန်းက သိနားလည်စွာ ပြုံးလိုက်လေသည်။ သူတို့နှစ်ဦးသည် လတ်တလော မြို့တော်တွင် ခေတ်စားနေသော အထည်များ၊ ပုံစံများနှင့် လက်ဝတ်ရတနာများအကြောင်း ပြောဆိုကြသည်။ ဒါတွေအားလုံးက မြို့တော်ရှိ အမျိုးသမီးများ စုဝေးရာတွင် မရှိမဖြစ် ပြောဆိုရမည့် အကြောင်းအရာများ ဖြစ်ပြီး အလွယ်တကူ အမှား မလုပ်မိလောက်ပေ။

ခဏကြာတော့ ဒုတိယမင်းသား ကြင်ရာတော်က အမျိုးသမီး အများအပြားနှင့်အတူ ကိတ်မုန့်များ ယူဆောင်လာသည်။ အများစုမှာ နန်းတွင်းမီးဖိုချောင်ရှိ နန်းတွင်းစားဖိုမှူးများသာ ပြုလုပ်နိုင်သော မုန့်များ ဖြစ်သည်။

တကယ့်ကို ကောင်းမွန်တဲ့ ဧည့်ခံပွဲပဲ။

ချူဟွားသည် သည်လို အကျိုးရလာဒ်မျိုး ရရှိလိမ့်မည်ဟု မမျှော်လင့်ထားဘဲ ရယ်မောလိုက်လေသည်။

"ကြည့်ရတာ ဒီမွန်းလွဲပိုင်း လက်ဖက်ရည်ပွဲမှာ ကျွန်မ အများဆုံး အမြတ်ထွက်တဲ့ပုံပဲ"

"ဟုတ်တယ်" သခင်မကျန်းက စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ "ကျွန်မ အဆိုးဆုံးပဲ။ ကြည့်ပဲ ကြည့်ရတယ်၊ မစားရဘူး"

"ဘယ်သူက ရှင့်ကို ဝိတ်ချခိုင်းလို့လဲ၊ ဟားဟား..." အားလုံး ရယ်မောလိုက်ကြသည်။

လူတိုင်း ရောက်လာသည်နှင့် ချင်းကျူနှင့် ဟုန်မေတို့သည် ကြိုတင် ပြင်ဆင်ထားသော ပေါင်မုန့်၊ နို့လက်ဖက်ရည်၊ ပူတင်း စသည်တို့ကို အမြန် ယူလာကြသည်။

ဒါတွေက သာ့ရှန်းမှာ တစ်ခါမှ မပေါ်ပေါက်ဖူးတဲ့ အရာတွေ ဖြစ်သည်။ ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြားသူများသည် မူလက အဆန်းအပြား ဖြစ်သောကြောင့် စမ်းသပ်ကြည့်ကြသော်လည်း နို့လက်ဖက်ရည်နှင့် ပူတင်း၏ အရသာကြောင့် မမျှော်လင့်ဘဲ ဖမ်းစားခံလိုက်ရသည်။

"ကျွန်မ အချို ကြိုက်တယ်။ ဒီနို့လက်ဖက်ရည်က ကျွန်မ လျှာနဲ့ ကိုက်ညီတယ်!"

"ကျွန်မ ပူတင်း ကြိုက်တယ်၊ ပျော့ပျောင်းပြီး အိစက်နေတာပဲ"

"ဒီပူတင်းက ကာရာမယ်လ်နဲ့ စားမှ အရသာ ရှိတာ"

"ညီမလေးဟွားအာ၊ ဒီဆိုင် ဖွင့်ပေးလို့ ရမလား"

ဒီပစ္စည်းအသစ်များကို သုတေသန လုပ်ရန် အချိန်အများကြီး ပေးရမည်ကို ရှိနေသည့် လူတိုင်းက သိကြလေသည်။ ဘယ်သူမှ ချူဟွားဆီက ချက်ပြုတ်နည်းကို မတောင်းကြပေ။ သူတို့အားလုံး သူမ ဆိုင်ဖွင့်ပြီးလျှင် သွားရောက် အားပေးဖို့ စီစဉ်ထားကြသည်။

ချူဟွားက ခဏလောက် စဉ်းစားလိုက်၏။ "လောလောဆယ် ကျွန်မ ပိုက်ဆံ မလိုသေးဘူး၊ ဒါကြောင့် ထားလိုက်ပါတော့"

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ပိုက်ဆံလိုနေတဲ့သူတွေ မဟုတ်ပေမဲ့ ဒီလောက် ကောင်းတဲ့ အရာတွေကို လက်ထဲမှာ ကိုင်ထားပြီး ပိုက်ဆံ မရှာဘဲ နေမှာ မဟုတ်ဘူး။

သခင်မကျန်း: "ညီမလေးဟွားအာ၊ နင် ဒီရက်ပိုင်း အလုပ်ရှုပ်နေလား"

"ဟုတ်တယ်" ချူဟွားက နေ့တိုင်း မနက် ၃ နာရီ ညီလာခံတက်ရတာ ဘယ်လောက် ပင်ပန်းလဲ ဆိုတာ မညည်းညူခဲ့ပါဘူး။ သူမ အခု အမျိုးသမီး အဝတ်အစား ဝတ်ထားတော့ အဲဒီလို စကားတွေ ပြောဖို့ အဆင်မပြေဘူးလေ။

သခင်မကျန်းနှင့် ချူဟွားတို့တွင် ခင်မင်ရင်းနှီးမှု အနည်းငယ် ရှိသော်လည်း အများကြီး မဟုတ်သဖြင့် "ကျွန်မကို လွှဲထားလိုက်ပါ။ ကျွန်မ ကူညီပေးပါ့မယ်" ဟု ပြောရန် မသင့်လျော်ပေ။ ထို့ကြောင့် သူမ ဤအကြံကို ဖိနှိပ်ထားလိုက်သည်။

ချူဟွား: "မမကြီးတွေ ကြိုက်တယ်ဆိုရင် ချင်းကျူကို ချက်ပြုတ်နည်း နည်းနည်း ကူးခိုင်းလိုက်မယ်၊ မမကြီးတွေ ပြန်ယူသွားလို့ ရပါတယ်"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒါက အမြတ်များတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပဲ"

"ကျွန်မ အလကား မယူနိုင်ပါဘူး"

"ကျွန်မတို့ တကယ် စားချင်ရင် ရက်အနည်းငယ်ကြာမှ ထပ်မဆုံနိုင်ဘူးလား"

နောက်ဆုံး စကားများကို ဒုတိယမင်းသား ကြင်ရာတော်က ပြောလိုက်ခြင်း ဖြစ်သည်။ သူမ ပြောလိုက်သည်နှင့် အားလုံးက ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

နောက်နေတာလား၊ သူတို့က ပိုက်ဆံ မရှားပါဘူး။ ဘာလို့ ချူဟွားရဲ့ ပစ္စည်းတွေကို အလကား ယူရမှာလဲ။

ပိုအရေးကြီးတာက သူတို့ နို့လက်ဖက်ရည်နဲ့ ပူတင်းကို ကြိုက်ပေမဲ့ မစားရ မနေနိုင်လောက်အောင်တော့ မကြိုက်ပါဘူး။ သူတို့ ပိုကြိုက်တာက ချူဟွားနဲ့ ဆုံတိုင်း စားရတဲ့ ဖရဲသီးတွေပါ။

ဖရဲသီးတွေက မစားမဖြစ် စားရမဲ့ အရာတွေပဲလေ။

သူတို့၏ တောက်ပနေသော မျက်လုံးများကို မြင်သောအခါ ဤလူများ အနှစ်သက်ဆုံးက ဘာလဲဆိုတာ ချူဟွား သိလိုက်သည်။

ဖရဲသီးစားတဲ့ တူညီသော တောဝက်မျိုးစိတ်များ အနေဖြင့် ဘယ်သူက ဘယ်သူ့ကို မမှတ်မိဘဲ နေမှာလဲ။

ချူဟွားက စတင် ပြောလိုက်လေသည်။ "မမကြီးတွေက ဗဟုသုတ ကြွယ်ဝကြတယ်။ လတ်တလော ထူးဆန်းတာ တစ်ခုခု ကြားမိသေးလား"

[ထုံအာ၊ အလုပ်စဖို့ အချိန်တန်ပြီ]

System: [လာပါပြီ!]

လာပြီဟေ့။ ညီမလေးများသည် သူတို့၏ အရိုင်းဆန်ဆန် တက်ကြွနေသော နှုတ်ခမ်းထောင့်များကို ဖိနှိပ်ထားလိုက်ကြသည်။

ဖရဲသီးစားတဲ့ တောဝက်များကို အဆင့်ခွဲခြားမယ် ဆိုရင် ဝူချဲ့ဖေးက အမြင့်ဆုံး အဆင့် ဖြစ်ရမယ်။ သူမသည် အနောက်ဘက် ခြံဝင်းထဲတွင် ပျင်းရိနေပြီး ထူးဆန်းသော လူများနှင့် ကိစ္စရပ်များကို စုံစမ်းရန် အစေခံများနှင့် အစေခံမများကို မကြာခဏ လွှတ်လေ့ရှိသည်။ သူမတွင် ဤလူများကြားတွင် အကျယ်ပြန့်ဆုံး သတင်းအချက်အလက် ရင်းမြစ် ရှိနေသည်။

ဝူချဲ့ဖေး: "ညီမလေးဟွားအာ၊ ထာကျိုး အကြောင်း ကြားဖူးလား"

ချူဟွားက ခေါင်းခါလိုက်သည်။ "မကြားဖူးပါဘူး"

ဝူချဲ့ဖေး: "ထာကျိုးက မျှော်စင်တွေကြောင့် နာမည်ကြီးတယ်။ အထပ် ၁၈ ထပ်ပါတဲ့ မျှော်စင်တစ်ခု ရှိတယ်၊ ချန်ပီယံမျှော်စင် လို့လည်း ခေါ်တယ်။ ထိပ်ဆုံးကို တက်နိုင်တဲ့ ဘယ်သူမဆို စာမေးပွဲ အောင်ပြီး ထိပ်ဆုံး စာကြမ်းပိုး ဖြစ်လာနိုင်တယ်လို့ ဆိုကြတယ်"

ချူဟွားက ပြုံးလိုက်သည်။ "နန်းတွင်းစာမေးပွဲက သုံးနှစ်တစ်ကြိမ် ရှိပြီး ထိပ်ဆုံး စာကြမ်းပိုးက သုံးနှစ်တစ်ကြိမ် ပေါ်ထွက်တယ်။ ဒီချန်ပီယံမျှော်စင်က လှည့်ကွက်တစ်ခုပါပဲ"

System: [မှန်တယ်! ဘယ်မျှော်စင်က အပေါ်တက်ဖို့ ငွေ တစ်လျန် နှစ်လျန် မသုံးဘဲ နေရလို့လဲ။ အဆင့်တစ်ဆင့် တက်တိုင်း ကဗျာတစ်ပုဒ် ရေးပြီး တွဲဖက်စာသား တစ်ခု လုပ်ရတယ်။ ကောင်းကောင်း မလုပ်နိုင်ရင် မောင်းချခံရမယ်။ ပြန်တက်ချင်ရင် ပိုက်ဆံ ထပ်ပေးရမယ်။ ထိပ်ဆုံးကို သွားချင်ရင် နောက်ထပ် ငွေ နှစ်ဆယ် ထပ်ပေးရမယ်]

[ဒါက လိမ်လည်မှုဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား။ ဘယ်အရူးက အဲဒီကို သွားမှာလဲ။ ဟား... အဲဒီကို သွားတဲ့ အရူးတွေ တကယ် ရှိတာပဲ။ သူတို့က တကယ့်ကို မိုက်မဲပြီး ချမ်းသာကြတာပဲ။ အဲဒီပိုက်ဆံကို ဆင်းရဲသားတွေကို ကူညီဖို့ သုံးလိုက်တာ ပိုမကောင်းဘူးလား]

ထာကျိုးသည် မြို့တော်နှင့် အလွန် ဝေးကွာပြီး အမျိုးသမီး အဖွဲ့ဝင် အချို့က တစ်ခါမှ မကြားဖူးကြပေ။ ငွေညှစ်သော မျှော်စင် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့ ချက်ချင်း စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။

ဝူချဲ့ဖေးလည်း စိတ်မဝင်စားသော်လည်း ခေါင်းစဉ် ဖွင့်ပြီးသား ဖြစ်နေသဖြင့် ဒီမှာတင် ရပ်လိုက်တာ မကောင်းပေ။

ထိုအချိန်မှာပင် systemက ဟား ဟူသော အသံ ထွက်လာသည်။

ချူဟွား: [ဘာဖြစ်လို့လဲ]

System: [ဒီမျှော်စင်၊ ဒီမျှော်စင်မှာ ပြဿနာ ရှိတယ်]

ချူဟွား: [ပြိုကျမှာလား]

System: [အင်း... ဘယ်လို ပြောရမလဲ။ ချန်ပီယံမျှော်စင်ကို စဆောက်တုန်းက ပိုက်ဆံရှာဖို့ ရည်ရွယ်ခဲ့တာမို့ အထပ်တွေကို အရမ်း မြင့်အောင် ထားခဲ့တယ်။ အဲဒီအချိန်တုန်းက ဆောက်တိုင်း ပြိုကျခဲ့ပြီး ဒါတွေအားလုံးက ပိုက်ဆံတွေချည်းပဲ]

[ဒေသခံ ခရိုင်အုပ်ချုပ်ရေးမှူးက သူ့ရဲ့ နိုင်ငံရေး စွမ်းဆောင်ရည်ကို ပြသဖို့နဲ့ ပိုက်ဆံရှာဖို့ ချန်ပီယံမျှော်စင်ကို စောင့်နေခဲ့တာ။ စိတ်ပူလာပြီး သူက နေရာတိုင်းမှာ အရည်အချင်းရှိတဲ့ လူတွေကို ရှာဖွေခဲ့တယ်။ လိမ်လည်သူ အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအထဲက ကျူးမျိုးနွယ် အမည်ရှိတဲ့ လူတစ်ယောက်က ခရိုင်အုပ်ချုပ်ရေးမှူးကို အကြံတစ်ခု ပေးခဲ့တယ်]

[ဒေသတွင်း ချီစွမ်းအင် မလုံလောက်လို့ မျှော်စင် ဆောက်လို့ မရတာတဲ့။ ယောက်ျားလေးနဲ့ မိန်းကလေး ကိုးစုံ ယူ၊ တိုင်တွေအဖြစ် သုံး၊ သူတို့ရဲ့ အသက်တွေကို ယဇ်ပူဇော်၊ ပြီးရင် သက်ဆိုင်ရာ ဖွဲ့စည်းပုံနဲ့ တွဲဖက်လိုက်။ ဒါမှသာ မျှော်စင် ဆောက်လို့ ရမှာတဲ့]

ချူဟွား၏ မျက်နှာသည် ချက်ချင်း အေးစက်သွားတော့သည်။ [အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူး ငတုံးက မယုံခဲ့ဘူး မဟုတ်လား]

...

All Chapters