အခန်း ၆၂
Vol. 5 Ch. 62
အပိုင်း (၆၂)
System၏ ရုတ်တရက် ပေါ်လာသော ဉာဏ်ကွန့်မြူးမှုက ချူဟွားကို အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားစေပြီးနောက် သူ ခံစားလိုက်ရသည်မှာ... ဒီအကွက်က မဆိုးဘူးပဲ။
ချူဟွားသည် ဆံပင်ကို နားရွက်နောက်သို့ သပ်တင်လိုက်လေသည်။ Systemက နားလည်သဖြင့် မျှဝေခြင်း လုပ်ဆောင်ချက်ကို ယာယီ ပိတ်ထားလိုက်လေသည်။ - ဒါက သူတို့ ကြိုတင် သဘောတူထားတဲ့ သီးသန့်စကားပြောဖို့ အချက်ပြလေ။
System: [မမကြီးဟွား၊ ငါတို့ သီးသန့် ပြောလို့ရပြီ]
ချူဟွား: [ဖေ့မင်ချန်ရဲ့ ဦးလေး သေဆုံးမှု အကြောင်းရင်းကို စုံစမ်းဖို့ နင် ဘယ်လို လုပ်ပြီး စဉ်းစားမိတာလဲ]
System၏ ကလေးဆန်သော အသံသည် အလွန် တည်ငြိမ်နေသော်လည်း ချီးကျူးခံချင်နေသော မောက်မာမှုလေး အနည်းငယ် ပါဝင်နေ၏။ [အဲဒါက နင် ပေါင်ချီကျစ်ကို ရှင်းထုတ်ချင်နေလို့လေ]
[သူ သတ်ခဲ့တဲ့ လူတွေထဲမှာ ဖေ့မျိုးနွယ်ပါနေတာ ငါ မတော်တဆ တွေ့လိုက်လို့လေ။ ချက်ချင်းပဲ ဉာဏ်ပွင့်သွားပြီး ဝင်ကြည့်လိုက်တော့ ဖေ့မင်ချန်နဲ့ ဆွေမျိုးတော်နေတာကိုး။ ဒီကောင်က သေသင့်နေတာ]
ချူဟွားသည် မောင်လေး၏ အလိုလိုက်ခြင်းကို ခံနေရသည်ဟု အကြောင်းပြချက်မရှိ ခံစားလိုက်ရသည်။ မဆိုးပါဘူး။ ပိုပေးလို့ ရတာပေါ့။
[ထုံအာက မိုက်လိုက်တာ]
[ဒါပေါ့]
Systemတွင်သာ အမြီးပါခဲ့လျှင် သူ့အမြီးသည် ပန်ကာကဲ့သို့ မိုးပေါ် ထောင်တက်နေလောက်ပြီ။ ဖေ့မင်ချန် ဦးလေး၏ သေဆုံးချိန်နှင့် နေရာကို စစ်ဆေးလို့ ရနိုင်သည်။ မေးခွန်းများ အများကြီး မေးနေလျှင် သံသယ ဖြစ်စရာ ကောင်းနေလိမ့်မည်။
ချူဟွားက systemကို မျှဝေခြင်း ဖွင့်ခိုင်းလိုက်ပြီး လက်ဖက်ရည် တစ်ငုံ သောက်ကာ ယခင် ခေါင်းစဉ်ကို ဆက်ပြောလိုက်သည်။ [စိုက်ပျိုးရေး အထွက်နှုန်းကို မမှန်မကန် တင်ပြတာအပြင် တခြား ဘာရှိသေးလဲ]
System: [အများကြီး ရှိပါသေးတယ်]
ဖေ့မင်ချန်: "..."
ဦးလေး အသတ်ခံရတဲ့အကြောင်း ဘာလို့ ဆက်မပြောတာလဲ။
ချူဟွားက သူ့ဦးလေး အသတ်ခံရမှုကို ဂရုမစိုက်တာလား၊ ဒါမှမဟုတ် အခု ပေါင်ချီကျစ်အပေါ် ပိုပြီး အာရုံရောက်နေတာလား ဆိုတာ သူ မသေချာပေ။ သို့သော် သူ့မှာ အကြံတစ်ခုတော့ ရှိသည်။ ချူဟွား ရှေ့တွင် မျက်နှာပိုများများပြနိုင်မည့် နည်းလမ်းကို ရှာရမည်။
တရားမျှတစွာ ပြောရလျှင် လူတိုင်းက သူစိမ်းများထက် အသိမိတ်ဆွေများ၏ အတင်းအဖျင်းကို ပိုပြီး စိတ်ဝင်စားကြမည်မှာ အမှန်ပင်။
ဥပမာ ဒီနေ့ အသတ်ခံရတာက ကျားယီ သို့တည်းမဟုတ် ချိုက်ကန်း၏ ဦးလေးသာဆိုလျှင် ချူဟွားက ပိုပြီး စိတ်ဝင်စားပေလိမ့်မည်။
System: [စိုက်ပျိုးရေး အထွက်နှုန်းကို မမှန်မကန် တင်ပြတဲ့ လှည့်ကွက်ကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက စွန့်လွှတ်လိုက်ပြီ။ အဲ့ဒီအချိန်က သာ့ရှန်းရဲ့ နေရာအနှံ့အပြားမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့တယ်လေ။ တကယ်လို့ သူက ဆက်ပြီး မမှန်မကန် တင်ပြနေမယ်ဆိုရင် သူ့ရဲ့ နိုင်ငံရေး စွမ်းဆောင်ရည်က အရမ်း ထင်ရှားလာပြီး ပိုပြီးတော့လည်း အာရုံစိုက်ခံရလိမ့်မယ်]
[တကယ်လို့ ဗဟိုကသာ ကယ်ဆယ်ရေးအတွက် တခြားနေရာကို စပါးပို့ဖို့ သူ့ကို အမိန့်ပေးလာရင် သူ ဘယ်ကနေ စပါးရမှာလဲ။ သူက ရာထူးတိုးဖို့နဲ့ ပိုက်ဆံရှာဖို့ လုပ်တာ၊ သူများအတွက် စပါးဝယ်ပေးဖို့မှ မဟုတ်တာ၊ ဒါကြောင့် မြန်မြန်ပဲ အဆုံးသတ်လိုက်တာပေါ့]
[ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ပြောရခက်တယ်လေ။ အချိန်ကြာလာတာနဲ့အမျှ လူတွေ ပိုပိုပြီး ပါလာကြရော၊ ပင်လယ်ဓားပြလှေပေါ်မှာ လူတွေ အရမ်းများနေပြီ။ သူက ဦးစီးသူအနေနဲ့ ထွက်ချင်ပေမဲ့ တခြားလူတွေက မလုပ်ချင်ကြဘူး]
[ဒီအခြေအနေကနေ ချောချောမွေ့မွေ့ ထွက်ခွာနိုင်ဖို့ သူတို့က ကိုယ်စားတရားခံတချို့ ရှာပြီး သက်သေအတုတွေ လုပ်ခဲ့ကြတယ်။ သူက လူသတ်ပြီး နှုတ်ပိတ်တာကို အကြိမ်ကြိမ် ကျူးလွန်ဖူးပြီး ဒီအလုပ်မှာ တော်တော် ကျွမ်းကျင်နေပြီလေ။ အဲ့ဒီတုန်းက ဗဟိုအုပ်ချုပ်ရေးက အလုပ်ရှုပ်နေတော့ ဘာမှ မှားယွင်းတာ မတွေ့ခဲ့ဘူး]
ပေါင်ချီကျစ်က သည်ကိစ္စအတွက် အချိန်ကိုက် ရွေးချယ်ခဲ့သည်ဟုသာ ပြောရပေမည်။
အနည်းငယ် စောနေခြင်း သို့မဟုတ် နောက်ကျနေခြင်းမျိုး ဖြစ်ခဲ့လျှင် ညီလာခံက ထိတ်လန့်တကြားနှင့် အလုပ်မရှုပ်နေသည့် အချိန်မျိုးဆိုလျှင် ညီလာခံက သတိထားမိသွားနိုင်ပြီး သဲလွန်စရှာဖွေရန် အထူးသံတမန် စေလွှတ်ခံရနိုင်သည်။
ဤကဲ့သို့သော ရာဇဝတ်ကောင်မျိုးက ဖမ်းဆီးရန် မလွယ်ကူလှပေ။ အကြောင်းအရင်းမှာ သူက ရဲရင့်ပြီး၊ သတိကြီးကာ၊ ရက်စက်ပြီး အချိန်အခါကောင်းကို မည်သို့ ရွေးချယ်ရမလဲဆိုတာ သိသောကြောင့်ပင်။
ချူဟွားက စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။ [တကယ်လို့ သူသာ လီဟယ်ရဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့ရင် လီချန်က ယီနင်စီရင်စုကနေ ထွက်ခွာနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်]
ဒါက လူတိုင်း တွေးမိသည့်အရာပင်။ ကံကောင်းစွာဖြင့် ပေါင်ချီကျစ် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။ မဟုတ်လျှင် လီဟယ်နှင့် လီချန်တို့၏ သင်္ချိုင်းပေါ်မှ မြက်ပင်များသည် အရမ်း ရှည်နေလောက်ပေပြီ။
သို့သော် systemသည် သူတို့၏ ပျော်ရွှင်မှုကို ချက်ချင်းပင် ဖျက်ဆီးလိုက်လေသည်။ [မဟုတ်ဘူး။ သူ ပါဝင်ပတ်သက်ခဲ့လို့သာ လီချန်က ကျွမ်းကျိုးကနေ လွတ်မြောက်နိုင်ခဲ့ပြီး အကြိမ်ကြိမ် အသက်ရှင်နိုင်ခဲ့တာ]
ချူဟွား: ? ? ?
လူတိုင်း: ? ? ?
ဘာကို ဆိုလိုတာလဲ။
ဒီအကြောင်း ပြောရလျှင် systemသည် သူ့ ပေါ့ဆမှုအတွက် နောင်တရစွာ သက်ပြင်းချလိုက်လေသည်။
[ငါက အရင်တုန်းက လီဟယ်ကို ဓားစာခံလုပ်တဲ့အထဲ ဘယ်သူတွေ ပါလဲဆိုတာပဲ စစ်ဆေးခဲ့တာ၊ ဒီမှာ သူ့ကို ကူညီပေးနေတဲ့လူ ရှိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး]
ချူဟွား: "..."
သူက လီချန်သည် အခက်အခဲများကို ဖြတ်ကျော်ပြီး ဘဝနှင့် သေခြင်းကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရကာ ကံကောင်းခြင်းကြောင့် မြို့တော်သို့ လွတ်မြောက်လာနိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ လမ်းခုလတ်တွင် လမ်းပြပေးခဲ့သော ချူချင်းနှင့် တွေ့ဆုံခဲ့ခြင်းမှာ ဘုရားသခင်က သူတို့ မတရားသဖြင့် သေဆုံးရမည်ကို မကြည့်ရက်နိုင်သောကြောင့်ဟု ထင်ခဲ့သည်။
အခြား ပါဝင်ပတ်သက်သူများ ရှိနေပြီး ကြားဝင် ဆောင်ရွက်ပေးသူမှာ ပေါင်ချီကျစ်ကဲ့သို့ လူတစ်ယောက် ဖြစ်နေမည်ဟု ဘယ်သူက သိပါမည်နည်း။
ချူဟွားတွင် ခန့်မှန်းချက်တစ်ခု ရှိလာသည်။ လွန်ကဲသည်ဟု ထင်ရသော်လည်း ပေါင်ချီကျစ်၏ ပုံမှန် ကျင့်သုံးနေကျ ပုံစံနှင့် အလွန် ကိုက်ညီနေသည်။
[ဒီလူတွေကို ရေထဲ ဆွဲချပြီးရင် သူက အောင်မြင်စွာနဲ့ မြို့ဝန် ဖြစ်လာနိုင်မယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်]
Systemသည် မိနစ်ပိုင်းအတွင်း ချီးကျူးသော systemအဖြစ် ပြောင်းလဲသွားတော့သည်။ [ဟုတ်တယ်၊ မမကြီးဟွား၊ နင် အရမ်း ဉာဏ်ကောင်းတာပဲ]
သူသည် သခင်က မည်မျှ ထူးချွန်ကြောင်း သိရှိစေရန်နှင့် ဘုရင်မ ဖြစ်လာရန် ယုံကြည်မှုများ စဉ်ဆက်မပြတ် စုဆောင်းနိုင်စေရန် သခင့်ကို မကြာခဏ ချီးကျူးပေးသင့်သည်။
လူတိုင်း: "..."
ဒါက ဉာဏ်ကောင်းခြင်း မကောင်းခြင်း ပြဿနာ မဟုတ်ပေ။ ပေါင်ချီကျစ် အောင်မြင်စွာ မြို့ဝန် ဖြစ်လာခြင်း အချက်ကို ကြည့်လျှင် သူသည် ဤကိစ္စ၏ အကြီးမားဆုံး အကျိုးခံစားခွင့် ရရှိသူ ဖြစ်ကြောင်း တွေ့မြင်နိုင်လေသည်။
လီဟယ်နှင့် လီချန် သားအဖသည် မြစ်ကမ်းဘေးတွင် ဆည်ဆောက်ရန် ကြိုးစားနေကြဆဲပင်။ ရာထူးတိုးရန် ဆည်ဆောက်ပြီးသည်အထိ စောင့်ရမည် ဖြစ်ပြီး အနည်းဆုံး တစ်နှစ်ခွဲခန့် ကြာမြင့်လိမ့်မည်။ လီချန်သည် ကျွီရန် တစ်ယောက်သာ ဖြစ်သေးသောကြောင့် အရှင်မင်းကြီးက သူ့အတွက် ခြွင်းချက်အဖြစ် အမိန့်မထုတ်လျှင် သူ့အလုပ်သည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
သားအဖနှစ်ယောက်သည် စစ်မှန်သော စွမ်းဆောင်ရည်များကို မှီခိုနေရချိန်တွင် ပေါင်ချီကျစ်သည် သူတပါးကို ကြံစည်ခြင်းဖြင့် အောင်မြင်မှုကို ရရှိခဲ့သည်။ ရွံရှာဖွယ် ကောင်းလိုက်တာ။
တစ်စုံတစ်ယောက်က သူတစ်ပါးကို ဆွဲချခြင်းဖြင့် ရာထူးတိုးနိုင်သည့် ဖြစ်ရပ်မျိုးကို ချူဟွား လက်တွေ့ဘဝတွင် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
[နှမြောစရာပဲ။ တကယ်လို့ လီဟယ်သာ မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ရင် ပေါင်ချီကျစ်ကို ဖယ်ရှားဖို့ နည်းလမ်းရှာပြီး ရာထူးတိုးခံရမှာ]
[တကယ်လို့ ဒီလိုသာဆိုရင် ပေါင်ချီကျစ်က ဒေါသထွက်လွန်းလို့ သေသွားမှာပဲ။ သူက လီဟယ်ကို ကိရိယာတစ်ခုလို သဘောထားပြီး အရာရာကို ကြိုးကြိုးစားစား စီစဉ်ခဲ့ပေမဲ့ နောက်ဆုံး အောင်ပွဲရဲ့ အသီးအပွင့်တွေကို သူ ဂရုမစိုက်တဲ့ ကိရိယာက စားသုံးသွားတာလေ]
System: !!!
လူတိုင်း: !!!
ဒီလှိုင်းက သေချာပေါက် နိုင်မဲ့ပွဲလို အသံထွက်နေတယ်ဟေ့။ မိုက်လိုက်တာ။
တစ်ခုတည်းသော ဝမ်းနည်းစရာမှာ လီဟယ်၏ စမှတ်က နိမ့်လွန်းနေခြင်းပင်။ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ဝန်ကြားတွင် အဆင့်များစွာ ကွာခြားနေသဖြင့် ၎င်းကို ပြီးမြောက်အောင် မလုပ်နိုင်ပေ။
Systemသည် လီဟယ်ကို ချူဟွား၏ အနာဂတ် နောက်လိုက်အဖြစ် သတ်မှတ်ထားပြီး ဖြစ်လေသည်။ နောက်လိုက်က ဤကဲ့သို့ ကောင်းမွန်သော ရာထူးတိုးခွင့်ကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်ကို သိရသောအခါ သူ အသည်းကွဲသွားရလေသည်။
[တကယ် မဖြစ်နိုင်ဘူးလား။ အရှင်မင်းကြီးက အမိန့်တော် ထုတ်ပြီး ခြွင်းချက်အနေနဲ့ အရာရှိခန့်တာမျိုး မကြာခဏ ရှိတတ်တယ် မဟုတ်လား]
Systemပြောသော အခြေအနေမျိုး တကယ် ရှိခဲ့သည်။ ယခင် အရှင်မင်းကြီးက လုပ်ခဲ့ဖူးသည်။ လက်ရှိ အရှင်မင်းကြီးကတော့ ခြွင်းချက် လုပ်ခဲ့ဖူးခြင်း မရှိပေ။
ချူဟွားသည် လုံးဝ အာမ မခံနိုင်ဘဲ ရှေးရိုးစွဲ ဆန်သော ပြောဆိုမှုတစ်ခုသာ ပြုလုပ်ခဲ့လေသည်။
[အရှင်မင်းကြီးက ဆန္ဒရှိပြီး မှူးမတ်တွေက ကန့်ကွက်တာမျိုး မရှိရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်]
မသေချာသော ဝါကျသုံးခုကို ဆက်တိုက် သုံးထားခြင်းကို ကြည့်လျှင် ဖြစ်နိုင်ခြေ မမြင့်မားကြောင်း တွေ့မြင်နိုင်လေသည်။
System၏ နှလုံးသားမှာ ကွဲကြေသွားတော့သည်။
ဘုရင်မ ဖြစ်လာမည့် လမ်းခရီးတွင် သခင်၏ ပထမဆုံး နောက်လိုက်သည် ရာထူးတိုးမည့် အခွင့်အရေးကို သည်အတိုင်းလေး ဆုံးရှုံးလိုက်ရပြီလား။
[အရင်မင်းဆက်က အရှင်မင်းကြီးကတော့ ဖြစ်သလို ပေးခဲ့တာပဲ]
ချူဟွား: [ဒါကြောင့် သူ သေသွားပြီလေ]
[အရင်မင်းဆက်လည်း သေသွားပြီ]
System: [……] ကောင်းပြီလေ။
[နင် ဖရဲသီး စားချင်သေးလား]
လူတိုင်း လန်းဆန်းတက်ကြွသွားပြီး ကျောများကို တိတ်တဆိတ် မတ်လိုက်ကြသည်။ စားမယ်။ ဒါပေါ့။
ချူဟွားက ဆန္ဒ မရှိပေ။ [မစားတော့ဘူး၊ ငါ ပင်ပန်းနေပြီ]
လူတိုင်း: “……”
ဖရဲသီးစားတာက လူကို ပင်ပန်းစေလို့လား။ ဒါက မေးခွန်းကောင်း တစ်ခုပဲ။
ကျန်ရှိသော အချိန်များတွင် ချူဟွားနှင့် ဖိတ်ကြားခံထားရသော အမျိုးသမီး အဖွဲ့ဝင်များသည် မွန်းလွဲပိုင်း လက်ဖက်ရည်ကို စိတ်တိုင်းကျ သောက်သုံးခဲ့ကြလေသည်။
ယနေ့ အစီရင်ခံစာကိုတော့ ဖေ့မင်ချန် ကိုယ်တိုင် နန်းတော်သို့ ပို့ဆောင်ခဲ့သည်။ သူသည် ပေါင်ချီကျစ်ကို စုံစမ်းစစ်ဆေးရန် ကျွမ်းကျိုးသို့ သွားရောက်လိုကြောင်းလည်း မိမိဆန္ဒအလျောက် တင်ပြခဲ့သည်။
အစီရင်ခံစာကို ဖတ်ပြီးနောက် ဖေ့မင်ချန်သည် သူ့ဦးလေး အသတ်ခံရမှုအကြောင်းကို စုံစမ်းချင်ဆုံး ဖြစ်နေကြောင်း အရှင်မင်းကြီးလည်း သိလိုက်လေသည်။
သို့သော် လူတိုင်းတွင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ ရှိကြသည်။
ဖေ့မင်ချန်သည် သူ့အပေါ် သစ္စာရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ။ သူက လူသိရှင်ကြား အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာသည်မှာ ရှားပါးလှသည်။ အရှင်မင်းကြီးက သူ့ကို ခွင့်လွှတ်ပေးနိုင်သည်။
မည်သို့ဆိုစေ ပေါင်ချီကျစ်သည် ရာထူးယူပြီးကတည်းက နှစ်ပေါင်းများစွာ ဆက်တိုက် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ ပေါင်ချီကျစ်သည် လူသေတစ်ယောက် ဖြစ်နေပြီ။
ဖေ့မင်ချန် စည်းကျော်သည့်အလုပ် မလုပ်သမျှ ကာလပတ်လုံး အရှင်မင်းကြီးက မေးမြန်းနေမည် မဟုတ်ပေ။
စိတ်ထင်တိုင်း လူသတ်ခြင်း၊ စိုက်ပျိုးရေး အထွက်နှုန်းကို မမှန်မကန် တင်ပြခြင်း၊ နိုင်ငံရေး စွမ်းဆောင်ရည် အတုအယောင် ပြုလုပ်ခြင်း၊ အထက်လူကြီးနှင့် လက်အောက်ငယ်သားများကို လှည့်စားခြင်း၊ ဓားပြများနှင့် ပူးပေါင်းကြံစည်ခြင်း၊ အရာရှိများကို သတ်ဖြတ်ခြင်း... ဤအမှု အများစုမှာ အမှုဟောင်းများ ဖြစ်ကြပြီး သက်သေအထောက်အထား အားလုံး စုဆောင်းရန် အချိန်မည်မျှ ကြာမြင့်မည်ကို မသိနိုင်ပေ။
အရှင်မင်းကြီးသည် ဖေ့မင်ချန်ကို ကျွမ်းကျိုးသို့ သွားရောက်ရန် သဘောတူလိုက်ပြီး ချူမိသားစုဘက်မှ လစ်လပ်သွားသော နေရာကို ဒုတိယကွပ်ကဲရေးမှူးများထဲမှ ရွေးချယ်လိမ့်မည်။
ငြိမ်ဝပ်ပိပြားရေးဌာနတွင် ဒုတိယကွပ်ကဲရေးမှူးနှစ်ဦး ရှိပြီး တစ်ဦးမှာ စစ်သည်များကို လေ့ကျင့်သင်ကြားပေးရန် တာဝန်ယူရကာ အခြားတစ်ဦးမှာ စစ်ဘက်ဆိုင်ရာ စိုက်ပျိုးရေးကို တာဝန်ယူရသည်။
အရှင်မင်းကြီးသည် ဤလူနှစ်ဦး၏ စရိုက်နှင့် အလုပ်လုပ်ပုံကို မသိရှိပေ။ "လင်ယို၊ ဘယ်သူက ပိုသင့်တော်မယ်လို့ မောင်မင်း ထင်လဲ"
ဒါက ရာထူးတိုးခြင်း မဟုတ်ဘဲ ဖေ့မင်ချန် ကျွမ်းကျိုးမှ ပြန်လာပြီး တာဝန်ပြန်ယူမည့် အချိန်အထိ ချူမိသားစုကို စောင့်ရှောက်ရန်နှင့် အချိန်မရွေး နေရာမရွေး အလုပ်လုပ်ရန် အဆင်သင့် ဖြစ်နေမည့်သူ တစ်ဦးကို ရွေးချယ်ခြင်းသာ ဖြစ်သည်။
လင်ယိုကတော့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိချေ။ "ထူဝမ်ကွမ်းက တခြားလူတွေရှေ့မှာ သူ့ညီမအကြောင်း ရံဖန်ရံခါ ပြောတတ်ပါတယ်"
အရှင်မင်းကြီး: "..."
လင်ယိုက သူ့နောက်သို့ မကြာခဏ လိုက်ပါလေ့ရှိပြီး ရံဖန်ရံခါဟု ကြားဖူးသည် ဆိုတော့ မကြာခဏ ပြောတတ်ပုံရသည်။
ထူဝမ်ကွမ်းသည် သူ့ညီမနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ချူဟွားသည် အမျိုးသမီးများအပေါ် ကောင်းမွန်ကာ အမျိုးသမီးများကို ကူညီလိုစိတ် ရှိသည်။ သူတို့နှစ်ဦးကြားတွင် ပဋိပက္ခ မရှိသင့်ပေ။
"သူ့ကိုပဲ ရွေးလိုက်မယ်" အရှင်မင်းကြီးက တွေးလိုက်၏။ အဆင်မပြေရင် လူလဲလိုက်မယ်။
နန်းစောင့်တပ်မှူးများသည် အလွန် လျင်မြန်စွာ လှုပ်ရှားကြသည်။ ဖေ့မင်ချန်က တာဝန်ကို ထူဝမ်ကွမ်းထံ လွှဲပြောင်းပေးပြီး သတိထားရမည့် အချက်များစွာကို ထူဝမ်ကွမ်းအား သတိပေးနေချိန်တွင် ချူချင်းသည် ချန်ဟွားကျွီသို့ ရောက်ရှိလာခဲ့သည်။
ချူချင်းသည် အမျိုးသမီးများ ထွက်ခွာသွားပြီး မိသားစု ညစာစားပြီးသည်အထိ စောင့်ဆိုင်းကာ အခွင့်အရေးရမှ လာရောက်ခဲ့ခြင်းပင်။
သူသည် မှူးမတ်အများအပြား မျှော်လင့်ထားသကဲ့သို့ မြို့တော်သို့ ပြန်ရောက်ပြီး အလုပ်တာဝန် တင်ပြသည့်နေ့တွင်ပင် ပြန်လည် ထွက်ခွာခြင်း မပြုဘဲ အိမ်တွင် တစ်ညတာ နေထိုင်ရန် စီစဉ်ထားခဲ့သည်။
ထို့အပြင် သူ့တွင် အရှင်မင်းကြီး ပေးအပ်ထားသော နောက်ထပ် တာဝန်တစ်ခု ရှိသေးသည် - ချူဟွား၏ သံသယများကို ဖြေဖျောက်ပေးရန်ပင်။
သုံးလကြာ မတွေ့ခဲ့ရသည့်နောက် မောင်နှမနှစ်ယောက်တည်း တွေ့ဆုံပြီး စကားပြောခွင့် ရခဲ့ကြသည်။ ချူဟွား၏ ပထမဆုံး စကားမှာ "အစ်ကို၊ အစ်ကို့မှာ လှည့်ကွက်တွေ ဒီလောက်များတယ် ဆိုတာက ဘာသဘောလဲ"
ကောင်မလေး၏ အနည်းငယ် နုနယ်သော မျက်နှာလေးသည် ပန်းပွင့်လေးကဲ့သို့ ပြုံးနေသော်လည်း ၎င်းတွင် သိသာထင်ရှားသော အနုနည်းဖြင့် ခြိမ်းခြောက်မှု ပါဝင်နေလေသည်။
ချူချင်း: "..."
ချူဟွားနှင့် အနည်းငယ် တူညီသော်လည်း အသားအရောင် ပိုညိုပြီး ပိုခန့်ညားသော မျက်နှာသည် ချက်ချင်းပင် အေးခဲသွားတော့သည်။
လီချန်ရဲ့ ပါးစပ်က လုံးဝ မလုံဘူးပဲ။
သူ့နားထဲ ဝင်လာတဲ့ စကားတွေကို ကာယကံရှင်ဆီ အတိအကျ ပြန်ပြောပြရသလား။
တကယ် ဒုက္ခပေးတာပဲ။
ချူချင်းသည် ငယ်စဉ်ကတည်းက ညီမလေး၏ လှည့်စားခြင်းကို ခံခဲ့ရပြီး သူ့ညီမအကြောင်းကို သူ အသိဆုံးပင်။
ချူဟွားက အခု ပြုံးနေပြီး လုံးဝ ဒေါသထွက်ပုံ မရသော်လည်း သူသာ ပေါက်ကရ လျှောက်ပြောရဲလျှင် နောက်ထပ် ဘာတွေ စောင့်ကြိုနေမလဲ ဆိုတာ မသိနိုင်ပေ။
ညီမလေးကို နောက်ဆုံးအကြိမ် လိမ်ညာခဲ့တုန်းက သူ့ရလဒ်က ဘာလဲ။
ဟုတ်ပါသည်။ ‘နန်းတွင်းစာမေးပွဲ သုံးနှစ်၊ အစမ်းစာမေးပွဲ ငါးနှစ်’၊ ‘နန်းတွင်းစာမေးပွဲအတွက် မဖြစ်မနေ လုပ်ရမည့် မေးခွန်းများ’၊ ‘နန်းတွင်းစာမေးပွဲ ၃၈ စုံ’ နှင့် ‘နိုင်ငံရေး ဆောင်းပါးများကို တကယ် ကျွမ်းကျင်ပြီလား’ စသည်တို့ အားလုံးသည် ထိုအချိန်က ထွက်ပေါ်လာခဲ့ခြင်းပင်။
ပစ္စည်းများက ကောင်းမွန်သော ပစ္စည်းများ ဖြစ်ပြီး ချူဟွားသည် စွမ်းအင်နှင့် ငွေကြေးများစွာ သုံးစွဲခဲ့ရာ အကျိုးသက်ရောက်မှုက မဆိုးလှပေ။ အစုံလိုက် လုပ်ပြီးသောအခါ ဆရာက သူ တိုးတက်မှု အများကြီး ရှိလာသည်ဟု ပြောခဲ့သည်။
မေးခွန်းများ ဖြေဆိုရလွန်းသဖြင့် သူ မူးဝေနေရုံသာ ရှိသည်။ သူ့အိပ်မက်ထဲတွင် ညီမလေးက မေးခွန်းများ လေ့ကျင့်ရန် တုတ်တစ်ချောင်း ကိုင်ပြီး တိုက်တွန်းနေတတ်သည်။ သူ ကြောက်လွန်းသဖြင့် နေ့ဘက်တွင် မေးခွန်းများ ဖြေဆိုပြီး အိပ်မက်ထဲတွင် ရွတ်ဖတ်နေရသည်။ သူ့မှာ လုံးဝ ပျင်းရိရဲခြင်း မရှိခဲ့ပေ။
ချူချင်းတစ်ယောက် မျက်ရည်ကျနေရလေပြီ။ ငါ့ရဲ့ တတိယနေရာက တကယ်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတာပါလား။
တုံ့ဆိုင်းနေသော ကလေးသံလေးတစ်ခု ထွက်ပေါ်လာသည်။ [မမကြီးဟွား၊ နင့်အစ်ကိုက နင့်ကို နည်းနည်း ကြောက်နေသလိုပဲလို့ ငါ ဘာလို့ ခံစားနေရတာလဲ]
ချူဟွား: [ငါ သူ့ကို လှည့်စားခဲ့တဲ့ အကြိမ်ပေါင်းများစွာကြောင့် စိတ်ဒဏ်ရာ ရသွားတာ ဖြစ်မယ်]
ချူချင်းမှာ ထုတ်ပြောလုနီးပါး ဖြစ်သွားသည်။ နင် ကိုယ့်အစ်ကိုအရင်းကို ဘယ်နှစ်ခါ လှည့်စားခဲ့လဲဆိုတာ နင် သိရဲ့လား။
Systemက ရယ်မောလိုက်၏။ [ငါ ‘ထိုနှစ်များဆီက ချူချင်း လှည့်စားခံရခြင်း သွေးနှင့်မျက်ရည် သမိုင်း’ ကို အစအဆုံး ဖတ်ပြီးပြီ၊ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ]
ဘာ သွေးနှင့်မျက်ရည် သမိုင်းလဲ။ ချူချင်း သူ့နားများ တစ်ခုခု မှားယွင်းနေပြီဟု သံသယ ဝင်မိလိုက်၏။
မိဘများ ပြောပြသမျှက အကုန်လုံးဟု သူ ထင်ခဲ့သော်လည်း သူ မသိတာ တစ်ခုခု ရှိနေသေးသလို ဘာလို့ ခံစားနေရတာလဲ။
အကြာကြီး တိတ်ဆိတ်နေလျှင် ညီမလေးက သူ့ကို ပုံမှန်မဟုတ်ဟု ထင်သွားမည်ကို စိုးရိမ်သဖြင့် ချူချင်းသည် အလျင်အမြန် ခေါင်းငုံ့ကာ အမှားကို ဝန်ခံလိုက်သည်။ "အစ်ကို စကားမှားသွားပါတယ်။ ဟွားအာက ဉာဏ်ကောင်းတယ်၊ ဘယ်သူမှ ညီမလေးကို မယှဉ်နိုင်ပါဘူး"
ချူဟွားတွင် သူ့ကို ဆူပူရန် ဆန္ဒ မရှိသဖြင့် သူ့ကို လွှတ်ပေးလိုက်သည်။ "နောက်ဆုံး တစ်ခွန်းကို မပြောပါနဲ့။ ကိုယ့်အကြောင်း ကိုယ် သိပါတယ်"
ချူချင်း၏ မျက်နှာထားက သူ သဘောမတူကြောင်း ပြသနေသည်။ သုံးလအတွင်း ညီမလေး၏ အောင်မြင်မှုများနှင့် ယှဉ်လျှင် ညီလာခံထဲက ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။ သေချာပေါက် ဘယ်သူမှ မယှဉ်နိုင်ပေ။
သို့သော် ညီမလေးက မလိုဘူးဟု ပြောလာသဖြင့် သူက သဘာဝကျကျပင် သူမကို စိတ်မချမ်းသာအောင် လုပ်မည် မဟုတ်ပေ။
"အစ်ကို မရှိတဲ့ ဒီရက်ပိုင်းတွေမှာ နေကောင်းရဲ့လား"
ချူဟွားက အမှန်အတိုင်း ဖြေလိုက်သည်။ "မနက် ၃ နာရီထရတာနဲ့ ညီလာခံတက်တုန်းက အရမ်းအေးတာကလွဲရင် ကျန်တာ အကုန်ကောင်းပါတယ်"
ညီမလေးသည် သဘာဝအတိုင်း နိုးလာသည်အထိ အိပ်စက်ရခြင်းကို ကြိုက်နှစ်သက်ပြီး လေးနာရီ ကြိုတင်ထရန် အမှန်တကယ် ခက်ခဲကြောင်း ချူချင်း ကောင်းကောင်း သိထားသည်။ သူက စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။ "ဒီလောက် စောစောထရတာ ညီမလေးအတွက် တကယ် ခက်ခဲမှာပဲ"
"ဟုတ်တယ် မဟုတ်လား" ချူဟွားသည် ယခင်ဘဝက နှိမ့်ချခံရသော ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ပြီး နေ့တိုင်း မနက် ၃ နာရီ ထစရာ မလိုခဲ့ပေ။ ထို့ကြောင့် ဘယ်အချိန် အိပ်ရာဝင်ရမလဲ ဆိုသည့် နှလုံးကွဲအက်စရာ ကောင်းသော ကိစ္စမျိုးကို ထည့်ပြောစရာပင် မလိုတော့ချေ။
"အစ်ကို၊ ညီမလေး မေးစရာ ရှိတယ်"
လာပြီဟေ့။
ချူချင်း ရင်ထဲ ထိတ်သွားသော်လည်း မျက်နှာပေါ်တွင် မပေါ်စေရန် သတိထားလိုက်သည် "ဘာလဲ"
ချူဟွား: "မင်းကြီးက ညီမလေးကို ယောက်ျားလေးလို ဝတ်ပြီး အစ်ကို့အစား ညီလာခံတက်ခိုင်းတာ ဘာကြောင့်လဲဆိုတာ အစ်ကို သိလား"
System အသက်ဝင်လာသည်။ [ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း သိချင်တယ်]
ချူချင်းနှင့် တံခါးစောင့်နေသော ကျားယီ၊ ချိုက်ကန်းတို့ ရင်ထိတ်သွားကြသည်။
ယခု သူတို့ အကြောက်ဆုံးအရာမှာ systemက စပ်စုပြီး ချူဟွားနှင့် သူတို့ ပြောဆိုသည်များကို အခြားသူများ ကြားသွားကြောင်း တွေ့ရှိသွားမည်ကိုပင်။ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ သူတို့ မသိကြပေ။
"သိတယ်" system စိတ်မရှည်ဘဲ ကိုယ်တိုင် စစ်ဆေးသွားမည်ကို ကြောက်သဖြင့် ချူချင်းသည် စက္ကန့်ပိုင်းအတွင်း ဖြေလိုက်တော့သည်။ "အစ်ကိုက ရွှေရောင် တတိယဆုရှင် ဖြစ်ပြီး ဟန်လင်းကျောင်းတော်ကို ဝင်တာ မကြာသေးပေမဲ့၊ ကုသဖို့ မလွယ်ကူတဲ့ ရောဂါတစ်ခုခုကို အကြောင်းပြပြီး တစ်လလောက် ဆေးခွင့်ယူလိုက်လို့ ရတာပဲ"
"အစ်ကို ခရီးမြန်မြန်သွားပြီး ကျန်းနန်ကို စောစော ရောက်နေသမျှ ကာလပတ်လုံး၊ မြို့တော်မှာ အကျင့်ပျက် မှူးမတ်တွေ ရှိရင်တောင် သူတို့ လက်လှမ်းမမီနိုင်လို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
ဒါက ပုံမှန် တွေးခေါ်နည်းပင်။
ချူဟွားက ယောက်ျားလေးလို ဝတ်ဆင်ပြီး အစ်ကို့အစား ညီလာခံတက်ခြင်းက အာရုံစိုက်မှု အများကြီး ရရှိစေသည်။ ချူချင်းအယောင်ဆောင်က သည်နေရာတွင် ပြဿနာရှာနေသည်ကို မြင်လိုက်ရသဖြင့် လူအများအပြားက ချူချင်းအစစ် ဘယ်ရောက်သွားလဲ ဆိုတာကို အာရုံစိုက်လာကြသည်။
ချူချင်း: "တကယ်တော့ အစ်ကို့မတိုင်ခင်က မင်းကြီးက ကျွမ်းကျိုးကို လူလွှတ်ပြီး တိတ်တဆိတ် စုံစမ်းခိုင်းခဲ့ပေမဲ့ ခရီးမတွင်ခဲ့ဘူး"
"မင်းကြီးက ငါးစာချဖို့ နည်းလမ်းတစ်ခု စဉ်းစားခဲ့ပြီး အဲဒီလူတွေကို မင်းကြီး စုံစမ်းတော့မယ်ဆိုတာ သိစေချင်ခဲ့တာ။ ပြီးတော့ အစ်ကိုက ကျန်းနန်ကို သွားနေတုန်းပဲ ရှိသေးတယ်။ သူတို့က သက်သေတွေကို ဖုံးကွယ်ဖျက်ဆီးလေလေ၊ သူတို့ရဲ့ ခြေရာတွေ ပေါ်လာလေလေပဲ"
"သက်သေအမျိုးမျိုး ရှိနေပြီး သူတို့ ငြင်းလို့ မရတော့ဘူး။ အစ်ကိုက အဲဒီကိစ္စတွေကို ကိုင်တွယ်ခဲ့ပြီး နောက်ဆက်တွဲ အလုပ်တချို့အတွက် တာဝန်ယူခဲ့ရတယ်။ ဒါကြောင့် အသွားအပြန် ခရီးစဉ်အတွက် သုံးလလောက် ကြာသွားတာ"
မဟုတ်လျှင် မြို့တော်နှင့် ကျန်းနန်ကြား အကွာအဝေးအရ တူးမြောင်းတစ်လျှောက် သင်္ဘောစီးသွားလျှင်ပင် တစ်လမပြည့်ခင် အရာအားလုံးကို စုံစမ်းစစ်ဆေးရန် ဒီလောက် မြန်ဆန်မည် မဟုတ်ပေ။
သူ့အဖေက တရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဖြစ်သော်လည်း အမှုစုံစမ်းစစ်ဆေးရန် တာဝန်မရှိပေ။ သူက သူ့အဖေဆီကနေ မသင်ယူခဲ့သလို အနှစ်သာရကိုလည်း မလေ့လာခဲ့ပေ။
Systemက နားထောင်ပြီး တောက်ခေါက်လိုက်လေသည်။ [ကျောက်ခဲပစ်ပြီး လမ်းစမ်းတာ ဖြစ်နေတာကိုး]
မဲပေးခံလိုက်ရသော ချူချင်း: "..." အမှန်တရားက တကယ်ကို အသည်းကွဲစရာပဲ။
ညီမလေး၏ တည်ငြိမ်သော မျက်နှာက အံ့ဩပုံမရသည်ကို မြင်လိုက်ရသဖြင့် ချူချင်းလဲ နားလည်လိုက်လေသည်။ "ညီမလေး ခန့်မှန်းမိနေတာလား"
ချူဟွားက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ညီမလေးတို့က မောင်နှမတွေလေ၊ အမြွှာတွေမှ မဟုတ်တာ။ ဘယ်လောက်ပဲ ဟန်ဆောင် ဟန်ဆောင်၊ တူညီနိုင်မှာ မဟုတ်ဘူး"
"ညီမလေးကို ယောက်ျားလေးလို ဝတ်ပြီး အစ်ကို့အစား ညီလာခံတက်ခိုင်းတာနဲ့ ယှဉ်ရင် ဆေးခွင့်ယူတာက သိသိသာသာ ပိုပြီး လျှို့ဝှက်လို့ ကောင်းတယ်။ သမားတော်က သတင်းမပေါက်ကြားသမျှ တစ်ယောက်ယောက်က တကယ် လာကြည့်ရင်တောင် အဲဒီကျမှ ညီမလေးက ဟန်ဆောင်လိုက်လို့ ရတယ်။ ဒီအကျိုးသက်ရောက်မှုက ညီမလေး ညီလာခံသွားတာထက် ပိုကောင်းဦးမယ်"
"မင်းကြီးက ဒီလောက် လွန်ကဲတဲ့ နည်းလမ်းကို သုံးတာက အစ်ကို့ရဲ့ တည်နေရာကို တမင်တကာ ဖော်ထုတ်လိုက်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ"
[ဟမ်။ မမကြီးဟွား၊ နင် တကယ်ပဲ စောစောကတည်းက သိနေတာလား။ နင် ငါ့ကိုတောင် မပြောပြဘူး] System ဝမ်းနည်းသွားသည်။ သူတို့က အတင်းတူတူပြောမည့် မိတ်ဖက်ကောင်း ဖြစ်နေသည်မှာ သိသာသော်လည်း သခင်က ဖရဲသီး ရှိတာကိုတောင် သူ့ကို မပြောပြခဲ့ပေ။
ချူဟွားသည် systemကို စကားမပြောခဲ့သဖြင့် နန်းစောင့်တပ်သားများကို လုံးဝ အမှောင်ချထားသလို ဖြစ်ခဲ့သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။ ဒါက သူတို့ရဲ့ အရည်အချင်းလိုအပ်ချက်လို့ မသတ်မှတ်သင့်ဘူး မဟုတ်လား။
ချူဟွားက systemကို အရင် နှစ်သိမ့်လိုက်သည်။ [ခန့်မှန်းချက် သက်သက်ပါ၊ သက်သေမရှိပါဘူး]
ထို့နောက် သူက ချူချင်းကို မေးလိုက်သည်။ "အစ်ကိုက မြို့တော်က ထွက်လာတာ တစ်လကျော်လောက် ရှိနေပြီ၊ မင်းကြီးက ဘာလို့ ညီမလေးကို အစ်ကို့အဖြစ် ဆက်ပြီး ဟန်ဆောင်ခိုင်းနေရတာလဲ"
လူတိုင်းက သူတို့ စိတ်ထဲတွင် အော်ဟစ်လိုက်ကြသည်။ ဒါပေါ့၊ အတင်းပြော systemက နင်နဲ့ ချိတ်ဆက်ထားလို့လေ။
အမှန်တရားကို ပြောလို့ မရပေ။ ချူချင်းသည် ကြိုတင် ပြင်ဆင်ထားသော အကြောင်းပြချက်ကို ပေးရတော့သည်။ "မင်းကြီးက ညီမလေး ကျောက်ရောဂါကာကွယ်ဆေးနဲ့ ပင်နီစလင်ကို ရှာဖွေတွေ့ရှိတာ မြင်ပြီး ညီမလေးရဲ့ အရည်အချင်းကို တန်ဖိုးထားလို့ပါ"
ချူဟွား: "..."
System: [...]
အခြားသူများ: "..."
ဒီအကြောင်းပြချက်က သိပ်ပြီး ပေါ့ပျက်ပျက် နိုင်လွန်းတယ် မဟုတ်ဘူးလား။
ချူဟွားသည် လုပ်ငန်းစဉ် ပြီးဆုံးအောင် သူတို့နှင့် ပူးပေါင်းလိုသော်လည်း ဤအကြောင်းပြချက်ကို ကြားလိုက်ရသောအခါ ကိုယ့်ဟာကို ပြန်ဆန်းစစ် မေးခွန်းတစ်ခု မမေးဘဲ မနေနိုင်တော့ပေ။ "ဒါဆို ညီမလေးက ချူဟွားအနေနဲ့လည်း လုပ်လို့ရတာပဲ။ ဘာလို့ အစ်ကို့အဖြစ် သုံးရမှာလဲ"
ဒီတစ်ကြိမ်တွင်တော့ ချူချင်း စကားထစ်သွားသည်။
"ဖြစ်နိုင်တာက... ဖြစ်နိုင်တာက မိန်းကလေးတွေ ညီလာခံတက်ဖို့ မလွယ်ကူလို့ ဖြစ်မယ်"
အသံဆုံးသည်နှင့် သူနှင့် တံခါးစောင့်နေသော ကျားယီ၊ ချိုက်ကန်းနှင့် အခြားသူများသည် ချူဟွား မွန်းလွဲပိုင်းက ပြောခဲ့သည်များကို သတိရလိုက်ကြသည်။
[နန်းတွင်းစာမေးပွဲက အမျိုးသမီးတွေကို ဖြေဆိုခွင့် မပေးဘူး၊ ဒါက အကြီးမားဆုံး မတရားမှုပဲ]
ညီလာခံသည် ကျောက်ရောဂါကို ကာကွယ်နိုင်သော ကျောက်ရောဂါကာကွယ်ဆေး၊ ကူးစက်မှုကို တိုက်ဖျက်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ပါးစေသော ပင်နီစလင်နှင့် ယခင်မင်းဆက်မှ အန်းလဲ့မင်းသမီး၏ ရတနာသိုက် စသည့် လက်တွေ့ကျသော အကျိုးကျေးဇူးများစွာ ရရှိခဲ့သော်လည်း ချူဟွား ကိုယ်တိုင်ကတော့ ယင်းမှ အကျိုးခံစားခွင့် မရရှိခဲ့ပေ။
လူရှေ့တွင် နန်းစောင့်တပ်သားများနှင့် ကွယ်ရာတွင် လျှို့ဝှက်အစောင့်များသည် ချူဟွားကို ကာကွယ်နေသည်ဟု ပြောကြသော်လည်း အမှန်တကယ်တော့ သူတို့သည် စောင့်ကြည့်ပြီး ချုပ်နှောင်ထားခြင်းသာ ဖြစ်သည်။
ချူချင်းသည် ညီမလေးအတွက် တကယ် မတရားဘူးဟု ခံစားလိုက်ရသည်။
သူ နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့ခြင်း၏ အကြောင်းရင်း အစိတ်အပိုင်း အတော်များများမှာ ညီမလေးကြောင့် ဖြစ်သည်။ ညီမလေး၏ ကိုယ်ပိုင် အရည်အချင်းဖြင့် ရရှိခဲ့သော ဂုဏ်ပြုမှုကို သူ မလိုချင်ပေ။
သူသည် သာ့ရှန်း၏ မှူးမတ်တစ်ဦး ဖြစ်ပြီး ညီလာခံနှင့် ပြည်သူများအတွက် အလုပ်လုပ်သင့်သည်။ သူသည် စွန့်စားပြီး ငါးစာအဖြစ် ခံယူလိုသော်လည်း သူ့ညီမလေးမှာ ၁၃ နှစ်အရွယ် မိန်းကလေးသာ ရှိသေးသည်။ သူ အိမ်ထောင်မပြုခင် ပျော်ရွှင်မှုကို ခံစားသင့်ပေသည်။ သူ့မှာ ရာထူးမရှိသလို တာဝန်လည်း မရှိပေ။
"ညီမလေး မကြိုက်ရင် မလုပ်နဲ့" ချူချင်းသည် ထိတ်လန့်ဖွယ် စကားများကို ပြောလိုက်လေသည်။
တံခါးစောင့်နေသော ကျားယီနှင့် ချိုက်ကန်းတို့သည် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။ ခင်ဗျား ဒီစကားကို ပြောရဲတယ်လား။ ခင်ဗျားမှာ လှည့်ကွက် ရှိတယ်မလား။ ခင်ဗျားမှာ လှည့်ကွက် ရှိကို ရှိရမယ်။
"ကောင်းပြီ" ချူဟွားက ပြုံးလျက် သဘောတူလိုက်သည်။
သူသည် ယောက်ျားလေးလို ဝတ်ဆင်ရခြင်းနှင့် အခြားသူတစ်ဦး၏ အထောက်အထားကို အစားထိုးရခြင်းအပေါ် မကျေနပ်မှုကို သင့်လျော်သော အချိန်တွင် ထုတ်ဖော်ပြသရမည် ဖြစ်ပြီး သို့မှသာ နှစ်ဖက်စလုံး၏ နားလည်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို အကျပ်အတည်း ဖြစ်စေနိုင်လိမ့်မည်။ ယခုက အခွင့်အရေးကောင်းပင်။
မဟုတ်ရင် အရှင်မင်းကြီးနဲ့ အဲဒီမှူးမတ်တွေက သူမနဲ့ system ကို အလကား အခွင့်ကောင်းယူဖို့သာ သိကြတာလေ။ သူက အမျိုးသမီးထုကြီးအတွက် ကောင်းကျိုးချမ်းသာကို ဘယ်အချိန်ကျမှ ရှာပေးနိုင်မှာလဲ။
ကျားယီ၊ ချိုက်ကန်း: ? ? ?
ကျားယီ၊ ချိုက်ကန်း: ! ! !
အား၊ သွားပြီ။
ချူဟွားက အလုပ်ထွက်တော့မယ်တဲ့။
...