အခန်း ၆၃
Vol. 5 Ch. 63
အပိုင်း (၆၃)
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ချူဟွားနှင့် systemတို့ အမှန်တရားကို မသိရှိခင်နှင့် ညီလာခံအတွင်းမှ ခြကိုက်နေသူများကို မရှင်းလင်းမီတွင် သူမက နောက်ပိုင်း ပူးပေါင်းတော့မည် မဟုတ်သည့် အခြေအနေကို ထည့်တွက်ပြီး ဖရဲသီးများကို တတ်နိုင်သမျှ များများစားရန် ကြံစည်ထားကြခြင်းပင်။
ရလဒ်ကတော့... အမှန်တရား မပေါ်ပေါက်ခင်မှာပင် ချူဟွားက မမျှော်လင့်ဘဲ စောစီးစွာ သပိတ်မှောက်လိုက်လေသည်။
အရှင်မင်းကြီးသည် ယုံကြည်ရသော ဝန်ကြီးများကို အရေးပေါ် အစည်းအဝေး ဆင့်ခေါ်လိုက်ပြီး သတင်းကြားသောအခါ မှူးမတ်များသည် ထိတ်လန့်သွားကြ၏။
"ချူချင်းက ဘယ်လိုလုပ်ပြီး ဒီလို တာဝန်မဲ့တဲ့ စကားမျိုး ပြောရတာလဲ"
"သူ့ကို တာဝန်ယူခိုင်းရမယ်။ သူ တာဝန်ယူကို ယူရမယ်"
"လူငယ်က စိတ်မြန်လွန်းတယ်"
"ဒါ မရှိရင် ညီလာခံက နစ်နာဆုံးရှုံးမှုကြီး ဖြစ်သွားမယ်ဆိုတာ သူ မသိဘူးလား"
တစ်စုံတစ်ယောက်က ထိုကဲ့သို့ တရားသဖြင့် စွပ်စွဲနေသည်ကို ကြားလိုက်ရသောအခါ လူအများက ရယ်ချင်သွားကြလေသည်။ တစ်စုံတစ်ယောက်ကတော့ အမှန်တကယ်ပင် အသံထွက်ပြီး ရယ်မောလိုက်လေသည်။
မှူးမတ်များ: ???
ဘယ်သူလဲ။
ဒါက တော်ဝင်စာကြည့်ဆောင် ဆိုတာကို သူတို့ မသိကြဘူးလား။
ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ။
ရုတ်တရက် ရယ်မောသံသည် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားလိုက်ပြီး သည်လို လေးနက်ပြီး တင်းမာနေသော အခြေအနေမျိုးတွင် ရယ်မောခဲ့သူမှာ နန်းရင်းဝန် သုံးပါးထဲမှ တစ်ဦးဖြစ်သော မင်းဆရာကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူတို့မှာ အံ့အားသင့်သွားကြတော့သည်။
"ဘာလဲ။ ဒါ မရှိရင် ခင်ဗျားတို့ အလုပ်မလုပ်တတ်ကြတော့ဘူးလား"
မင်းဆရာကြီးသည် သိသိသာသာ ရယ်မောနေသော်လည်း သူ့မျက်လုံးများထဲတွင် အပြုံးအရိပ်အယောင် မရှိချေ။ ထိုအချက်က လူတိုင်းကို တကိုယ်လုံး အေးစိမ့်သွားစေသည်။ နေရာဒေသနှင့် အရေးကြီးမှုတို့ကို ဂရုမစိုက်ဘဲ ရယ်မောခြင်းအတွက် သူ့ကို စွပ်စွဲဖို့ နေနေသာသာ သူတို့သည် သူ့ကို မကြည့်ရဲကြပေ။
တစ်ကြိမ်တည်းသော အခိုက်အတန့်အဖြစ် မင်းဆရာအိုကြီးသည် မင်းဆရာကြီးနှင့် တစ်ဖက်တည်း ရပ်တည်လိုက်လေသည်။ "ဒါ မရှိခင်တုန်းက ညီလာခံက ဘယ်လို အလုပ်လုပ်ခဲ့ကြလဲ။ ဒါ ရှိပြီးသွားရင်လဲ အတူတူပဲ ဖြစ်မှာပါ"
အရှင်မင်းကြီးနှစ်ပါးကို ကြုံတွေ့ခဲ့ဖူးပြီး လေးစားခံရကာ သူတို့၏ ဖခင်များ သို့မဟုတ် အဘိုးများ ဖြစ်လောက်အောင် အသက်ကြီးရင့်နေပြီဖြစ်သော ဤလူကြီးနှစ်ဦး၏ ရှေ့မှောက်တွင် အရပ်ဘက်အရာရှိအများအပြားသည် ခေါင်းမမော့နိုင်ကြတော့ပေ။
အမှန်စင်စစ် system ရှိနေခြင်းက သူတို့၏အလုပ်ကို ပိုမိုလွယ်ကူချောမွေ့စေသည်မှာ မှန်သော်လည်း system မရှိခင်ကရော သူတို့က အလုပ်မလုပ်ခဲ့ကြလေသလား။
သူတို့သည် ကံတရားနှင့် အခွင့်အလမ်းကြောင့် မဟုတ်ဘဲ မရေမတွက်နိုင်သော ရွယ်တူများနှင့် ရှေ့လူများကို ကျော်ဖြတ်ကြိုးစားခဲ့ကြခြင်းကြောင့်သာ ယခုလက်ရှိ အဆင့်အတန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်တဲ့ အရည်အချင်း မရှိသူ ဘယ်သူရှိလို့လဲ။ မတော်တဆမှု သေးသေးလေးတစ်ခုအပေါ် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပျာယာခတ်နေကြရတာလဲ။
အရှင်မင်းကြီး၏ ယုံကြည်ရသော ဝန်ကြီးတစ်ဦး ဖြစ်လာရန်အတွက် အရည်အချင်း၊ အကျင့်စာရိတ္တနှင့် နည်းလမ်းများ ရှိရပေမည်။
မင်းဆရာကြီးနှင့် မင်းဆရာအိုကြီးတို့ ကိုယ်တိုင် သတိပေးလိုက်ပြီးနောက် လူအများက ဤကိစ္စ၏ အဆိုးဆုံးရလဒ်မှာ system မရှိခဲ့သော အချိန်ကအတိုင်း ပြန်ဖြစ်သွားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လာကြသည်။ ဘာလို့ ထိတ်လန့်နေကြမှာလဲ။
အရှင်မင်းကြီးသည် မှူးမတ်များ ဆူညံစွာ စွပ်စွဲနေကြရာမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လာသည်ကို ကြည့်ရှုပြီး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်လေသည်။
ကိစ္စမရှိပါဘူး။ သူ မျက်နှာမပျက်ခဲ့ရဘူး။
သို့သော် မှူးမတ်များ၏ စိတ်အာရုံသည် အခြားတစ်ဖက်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြလေသည်။
သူတို့သည် ချူဟွားနှင့် systemတို့၏ ဦးဆောင်မှုကို ၃ လကြာ ခံခဲ့ရပြီး ဘာမှမလုပ်ဘဲ အနိုင်ရသည့် ခံစားချက်ကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ထိုအရာကို ဒီလောက်မြန်မြန်ကြီး အဆုံးမသတ်စေချင်ကြပေ။
လစာတူတူရတာချင်း အတူတူ ဘာလို့ အလုပ်ကို ပိုသက်သာအောင် မလုပ်ရမှာလဲ။
တစ်စုံတစ်ယောက်က အရှင်မင်းကြီးကို တိတ်တိတ်လေး ခိုးကြည့်လိုက်၏။ အလုပ်ပိုသက်သာပြီး အားလပ်ချိန်ပိုရကာ ဘဏ္ဍာတိုက်ထဲ ငွေပိုများလာတာကို အရှင်မင်းကြီးက စိတ်ကွက်မှာလား။
အရှင်မင်းကြီးသည် တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်ပြီး သူတို့ကို မကြည့်တော့ချေ။
သူ ဘယ်လိုလုပ်ပြီး စိတ်ကွက်နိုင်မှာလဲ။ သူက မှူးမတ်တွေ သူ့ကို ခေါ်ဆောင်ပြီး ပျံသန်းသွားတဲ့ ခံစားချက်ကို အကြိုက်ဆုံးပဲလေ။ သူ့ကို ဘာမှမလုပ်ဘဲ အနိုင်ရစေမဲ့ မှူးမတ်တွေ ပိုများလာရင် ပိုတောင် ကောင်းသေးတယ်။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် နှစ်ဖက်စလုံးတွင် တူညီသော အကြံအစည်ရှိကြောင်း နားလည်သွားကြသဖြင့် ချူချင်းကို အလွတ်ပေးလိုက်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတော့သည်။ မတတ်နိုင်ဘူးလေ။ သူတို့သာ ဒီကောင်လေးကို အရေးယူလိုက်ရင် ချူဟွား သိသွားမှာပေါ့။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဘဏ္ဍာရေးဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးတို့ ရှေ့သို့ အတူတကွ ထွက်လာကြသည်။
ထိုနှစ်ယောက်သည် သည်အချိန်တွင် သည်လောက် နားလည်မှုရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ အလုပ်သမားဝန်ကြီးက 'အရင်ကြွပါ' ဟု လက်ဟန်ပြပြီး ကိုယ်တိုင် နောက်ဆုတ်ပေးလိုက်သည်။ ဘဏ္ဍာရေးဝန်ကြီးကလည်း ငြင်းမနေတော့ပေ။
ချူဟွားက ဘယ်သူ့အမည်ခံကို သုံးသည်ဖြစ်စေ၊ ဘယ်ဌာနကို သွားသည်ဖြစ်စေ ဘဏ္ဍာရေးဝန်ကြီးက ဂရုမစိုက်ပေ။ သူမ ညီလာခံတွင် အလုပ်လုပ်သရွေ့ သူမသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် နိုင်ငံရေးအကြောင်း ဆွေးနွေးနိုင်သလို အတင်းအဖျင်း ပြောနိုင်သည်။ ပြီးလျှင် ဖရဲသီးစားပြီး ဘဏ္ဍာတိုက်ဖြည့်ရန် ပစ္စည်းသိမ်းဆည်းနိုင်သည်။
သို့သော် ချူဟွားက တခြားသူ၏ အမည်ခံကို သုံးရသည်ကို ဂရုစိုက်နေသောကြောင့် သူက သူမကို ကူညီပေးလိုက်မည်။
"ချူဟွားကို သူ့အမှန်တကယ် ဖြစ်တည်မှုနဲ့ ညီလာခံမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုပေးသင့်တယ်လို့ ကျွန်တော်မျိုး အကြံပြုပါတယ်"
ဤအဆိုပြုချက်သည် ဆီပူအိုးထဲ ရေအေးလောင်းထည့်လိုက်သကဲ့သို့ ရှိသမျှလူအားလုံးကို ပေါက်ကွဲသွားစေတော့သည်။ အရပ်ဘက်အရာရှိများရော စစ်ဘက်အရာရှိများပါ မည်သူမျှ သဘောမတူကြပေ။
"မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး"
"မိန်းမတွေက ညီလာခံမှာ အရာရှိ လုပ်လို့မရဘူး"
"အရင်တုန်းကလဲ အစဉ်အလာ မရှိခဲ့ဘူး"
"လောကနီတိရဲ့ ကန့်ကွက်မှုကို ခံချင်နေတာလား"
ဘဏ္ဍာရေးဝန်ကြီးသည် သူတို့ကို ထိပ်တိုက် မရင်ဆိုင်ဘဲ မီးငြှိမ်းသတ်ရန် လှည့်ကွက်တစ်ခုကို တိုက်ရိုက် သုံးလိုက်တော့သည်။ "ကောင်းပြီလေ။ ဒါဆို သူ ညီလာခံ မဝင်တော့ဘူးပေါ့"
ခေါင်းချင်းဆိုင် ငြင်းခုံချင်နေကြသော မှူးမတ်များသည် လည်ပင်းညှစ်ခံလိုက်ရသော ကြက်များကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားကြသည်။
အဲဒါလည်း ဘယ်ဖြစ်မလဲ။ သူတို့က လိုက်ပြီး ပျံသန်းချင်ကြသေးတာလေ။
တချို့လူများက စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်ကြသည်။ ဘဏ္ဍာရေးဝန်ကြီးကတော့ မပူဘူးလေ။ ဘဏ္ဍာတိုက်ထဲမှာ ပိုက်ဆံရှိနေတာကိုး။
သူတို့ကို ကူညီပြောပေးမည့်သူ ဘယ်သူရှိသေးလဲ။
အလုပ်သမားဝန်ကြီးက ဤအချိန်တွင် ရှေ့ထွက်လာလေသည်။ "အရှင်မင်းကြီး၊ ချူဟွား ညီလာခံဝင်ရေးက အလျင်မလိုပါဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်"
အရှင်မင်းကြီး: ? ? ?
မှူးမတ်များ: ? ? ?
ဒါက အလျင်မလိုဘူးလား။ သူတို့ မသိတဲ့ အရေးတကြီးကိစ္စ ရှိနေလို့လား။
အလုပ်သမားဝန်ကြီး: "အရေးအကြီးဆုံးက အံ့ဖွယ်ခုံးခုံးက မနက်ဖြန် မြို့တော်ကို ရောက်လာပြီး ခိုးဖို့ ဘဏ္ဍာတိုက်ထဲ ဝင်လာမဲ့ကိစ္စပါ"
ဟုတ်တယ်။
ဒီကိစ္စက ပိုအရေးကြီးတယ်။
အရှင်မင်းကြီးသည် နဂါးပလ္လင်ကို လက်ချောင်းများဖြင့် နှစ်ချက် ခေါက်လိုက်၏။ "ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျန်း ချူဟွားကို အာဏာအပြည့် အပ်နှင်းထားပြီးပြီ"
ဒါက မှူးမတ်များကို စိုးရိမ်စေသည့် အချက်ပင်။
အံ့ဖွယ်ခုံးခုံး ရောက်လာသောအခါ အစိုးရိမ်ရဆုံးသူများမှာ ဘဏ္ဍာရေးဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးတို့ ဖြစ်သင့်သည်။
ထိုနှစ်ယောက်စလုံး ယခုလောက် တည်ငြိမ်နေသည်မှာ အနိုင်ရမည်ဟု သေချာနေခြင်းကြောင့် ဖြစ်သည်။ သို့သော် သူတို့ကတော့ သက်ဆိုင်ရာ ကိစ္စရပ်များကို ဘာမှ မသိရသဖြင့် သဘာဝကျစွာပင် စိုးရိမ်ပူပန်နေကြသည်။
"ချူဟွားက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိဘူး။ သူသာ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ"
"သူ့မှာ အထူးနည်းလမ်းတွေ ရှိလို့လား"
"သူ အံ့ဖွယ်ခုံးခုံးရဲ့ အားနည်းချက်ကို ရှာတွေ့ထားပြီလား"
"လတ်တလော အံ့ဖွယ်ခုံးခုံးရဲ့ ဖရဲသီးတွေကို မကြားမိပါလား"
မှူးမတ်များသည် စကားပြောနေကြစဉ် အရှင်မင်းကြီး၏ မျက်နှာထားကို တိတ်တဆိတ် အကဲခတ်နေကြသည်။
အစီရင်ခံစာကို နန်းစောင့်တပ်မှူးက ကူးယူထားခြင်း ဖြစ်သည်။ အကယ်၍ မှူးမတ်များကို ပြောပြရန် အဆင်မပြေသော အကြောင်းအရာများ ပါဝင်နေပါက စောစောက မိဖုရားကြီးနှင့် သူမ၏ အပြင်လူ အဖော်အကြောင်း ဖရဲသီးများကဲ့သို့ပင် အရှင်မင်းကြီးက သဘာဝကျစွာ ကြားဖြတ်ဟန့်တားထားပေလိမ့်မည်။
အံ့ဖွယ်ခုံးခုံး၏ ဖရဲသီးများကိုလည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အရှင်မင်းကြီးက ကြိုတင် ကြားဖြတ်ထားသည်ဟု သံသယဖြစ်ရန် သူတို့တွင် အကြောင်းပြချက် ရှိနေသည်။
အရှင်မင်းကြီး: "..." သူ မလုပ်ပါဘူး။ သူ တစ်ကြိမ်ပဲ ကြားဖြတ်ခဲ့တာပါ!
အရှင်သခင်နှင့် လက်အောက်ငယ်သားများကြား ယုံကြည်မှုသည် စက္ကူထက်ပင် ပါးလွှာလှလေသည်။
အရှင်မင်းကြီးသည် သူ၏ ယုံကြည်စိတ်ချရမှု မည်မျှ နည်းပါးနေသည်ကို တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ "မနက်ဖြန် ဘဏ္ဍာတိုက် ပတ်ဝန်းကျင်မှာ နန်းစောင့်တပ်သား အများအပြားကို စီစဉ်ထားမယ်။ ချူဟွား ကျရှုံးသွားတာနဲ့ အင်အားသုံးပြီး နှိမ်နင်းမယ်"
မှူးမတ်များ၏ မျက်နှာထားသည် အနည်းငယ် သက်သာရာရသွားသည်။
သူတို့သည် အလုပ်သမားဝန်ကြီးဌာနက ဖန်တီးထားသော ယန္တရားနှင့် ချူဟွားပြောသော နည်းလမ်းထက် နန်းစောင့်တပ်သားများ၏ အင်အားကို ပိုမို ယုံကြည်ကြသည်မှာ ပိုသိသာလေသည်။
အလုပ်သမားဝန်ကြီးဌာနကို မယုံကြည်ကြသဖြင့် အလုပ်သမားဝန်ကြီးမှာ မျက်နှာပျက်သွားပြီး စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်လေသည်။ ဒီအခက်အခဲ ကျော်သွားပြီးမှ မင်းတို့ကို ငါ ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ထားလိုက်။
နောက်ဆုံးတွင် ခေါင်းစဉ်သည် လှည့်ပတ်သွားပြီး ချူဟွား ညီလာခံသို့ မည်သို့ တက်ရောက်စေရမည်နည်း ဆိုသည့်အချက်သို့ ပြန်ရောက်လာသည်။
အရှင်မင်းကြီးသည် ဤကိစ္စကို သဘောတူသဖြင့် သူက ဦးဆောင်၍ သဘောထားကို ထုတ်ဖော်လိုက်၏။ "မင်းသား၅က နေကောင်းသွားပြီဆိုတော့ မနက်ဖြန် ချူမိသားစုဆီ သွားလိမ့်မယ်"
မှူးမတ်များ: "..."
မျက်လုံးဖွင့်ပြီး လိမ်ညာပြောဆိုရာတွင် ဘယ်သူကမှ အရှင်မင်းကြီးကို မယှဉ်နိုင်ကြချေ။
မင်းသား၅ကို ချူဟွားက ပြုစုပျိုးထောင်ဖို့အတွက် ချူမိသားစုဆီ ပို့ရမှာကို မလိုလားတဲ့ ရှူးဖေးက မင်းသား၅ အအေးမိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆွဲထားတာ သိသာနေတာပဲ။ သူက ဆေးမသောက်ဘဲ စာသင်ခန်းကို သွားတက်နေတာလေ။ ဘယ်လို အအေးမိခြင်းမျိုးလဲ။
အရှင်မင်းကြီးသည် ယခင်က အခြေအနေကို မျက်ကွယ်ပြုထားခဲ့သော်လည်း ယခုအခါ လူများကို လှည့်စားရန် ထိုအကြောင်းပြချက်ကို အသုံးပြုနေလေသည်။
သူတို့သည် အရှင်မင်းကြီး လိမ်ညာနေကြောင်း ပြောရလောက်အောင် မသိနားမလည်သူများ မဟုတ်ကြသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာလုပ်ရမလဲဟု မေးမြန်းနေရုံသာ တတ်နိုင်ကြတော့သည်။
တိတ်ဆိတ်နေချိန်တွင် မင်းဆရာအိုကြီးက ရှေ့သို့ ထွက်လာလေသည်။ "အရှင်မင်းကြီး၊ မင်းသား၅ကို သင်ကြားပေးဖို့ ချူမိသားစုဆီသွားဖို့ ကျွန်တော်မျိုး ဆန္ဒပြုပါတယ်"
မင်းဆရာကြီးသည် ချက်ချင်း လှည့်ကြည့်လိုက်၏။ အရှိန်ပြင်းလွန်းသဖြင့် သူ့လည်ပင်းပင် လည်သွားလုနီးပါး ဖြစ်သွားသည်။
သောက်ကျိုးနည်း အဘိုးကြီး၊ ခင်ဗျား ဦးနှောက်က တော်တော် မြန်တာပဲ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မင်းဆရာအိုကြီးက မင်းသား၅ကို လက်ခံလာအောင် ရှူးဖေးသည် ငိုယိုခြင်း၊ ပြဿနာရှာခြင်းနှင့် ကြိုးဆွဲချခြင်းတို့ ပြုလုပ်ရန် ခြေတစ်လှမ်းအလိုသာ လိုတော့သည်။ စိတ်ပင်ပန်းလာသော အရှင်မင်းကြီးက သဘောတူလိုက်သော်လည်း မင်းဆရာအိုကြီးက အသက်ကြီးပြီး အင်အားမရှိတော့ဟု အကြောင်းပြချက်ဖြင့် ငြင်းဆိုခဲ့သည်။
ဒီတစ်ကြိမ်တွင်တော့ ချူဟွား စာသင်ခန်းသို့ ရောက်လာစေရန်အတွက် သူက မင်းသား၅ကို လက်ခံရန် အစပျိုး လုပ်ဆောင်လိမ့်မည်ဟု ဘယ်သူက ထင်မိပါမည်နည်း။
ချူမိသားစုမှာ မင်းဆရာအိုကြီးက ဘယ်သူ့ကို သင်ပေးမလဲ ဆိုတာကိုတော့ သူတို့က နံရံပေါ်တက်ပြီး နားထောင်နေကြမှာ မို့လို့လား။
သို့သော် ဤကိစ္စတွင်တော့...
မင်းဆရာကြီး၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
"အရှင်မင်းကြီး၊ ချူဟွားကို သင်ကြားပေးဖို့ ချူမိသားစုဆီသွားဖို့ ကျွန်တော်မျိုး ဆန္ဒပြုပါတယ်"
ယခုတစ်ကြိမ်တွင် လည်ပင်းလည်လုနီးပါး ဖြစ်သွားသူမှာ မင်းဆရာအိုကြီး ဖြစ်သွားလေသည်။ သူသည် မျက်လုံးများ ပြူးကျယ်လုမတတ်ဖြင့် မင်းဆရာကြီးကို ကြည့်လိုက်၏။
သူက မင်းသား၅ကို သင်ပေးရင်းနဲ့ ချူဟွားကို သင်ပေးဖို့ပဲ ရဲတာ။ ဒီအဘိုးကြီးကတော့ တကယ်ကို လုံးဝ မဖုံးကွယ်တော့ပါလား။
ဘဏ္ဍာရေးဝန်ကြီးက ပြုံးပြီး ပြောလိုက်၏။ "အရှင်မင်းကြီး၊ ချူဟွားကို သင်ပေးဖို့ ကျွန်တော်မျိုး ဆန္ဒပြုပါတယ်"
တရားရေးဝန်ကြီးသည် မျှော်လင့်ချက် မရှိမှန်း သိသော်လည်း ကြားဝင် ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးလည်း ဆန္ဒပြုပါတယ်"
တရားစီရင်ရေး ပြန်လည်သုံးသပ်ရေးရုံးတော် ဝန်ကြီးချုပ်: "အရှင်မင်းကြီး၊ ကျွန်တော်မျိုးလည်း..."
ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် အရပ်ဘက် အရာရှိအားလုံးသည် ချူဟွားကို သင်ကြားပေးရန် ဆန္ဒပြုကြသဖြင့် လုံးဝ တိတ်ဆိတ်နေသော စစ်ဘက် စစ်သူကြီးများသည် အထူးတလည် နေရာမကျသလို ဖြစ်နေကြတော့သည်။
အဘိုးကြီးတစ်သိုက်၏ မျက်လုံးများမှာ ကြွက်တက်လုနီးပါး ဖြစ်နေပြီး ချူဟွားကို သင်ပေးရန် မည်သည့်အရာမှ စဉ်းစား၍ မရနိုင်ကြပေ။
သူမ၏ မြင်းစီးခြင်းနှင့် မြားပစ်ခြင်း ကျွမ်းကျင်မှု အဆင့်အတန်း၊ ပိန်ပါးပြီး ကျိုးပဲ့လွယ်သော ခန္ဓာကိုယ်တို့နှင့်သာဆိုလျှင် သူတို့က သူမကို ထိုးလိုက်ပါက သူမသည် ငိုပြီး အမေ့အိမ် ပြန်ပြေးသွားပေလိမ့်မည်။ သူတို့ ဘာသင်ပေးနိုင်မှာလဲ။
စစ်သူကြီးများ: ငါတို့ဘဝက ခါးသီးလိုက်တာ။
…