← Chapters

အခန်း ၆၄

Vol. 5 Ch. 64

အခန်း ၆၄

Vol. 5 Ch. 64

အပိုင်း (၆၄)

နောက်တစ်နေ့တွင် ချူချင်းသည် မနက်ခင်း ညီလာခံသို့ သွားပြီး ချူဟွားကတော့ သဘာဝအတိုင်း နိုးလာသည်အထိ အိပ်စက်လေသည်။

ဒီနေ့ ညီလာခံ သွားစရာမလိုတာက ရှားပါးလှသည်၊ ပါတီပွဲများနှင့် လူမှုရေးပွဲများ တက်ရောက်ရန်လည်း မလိုပေ။ နိုးလာပြီးနောက် သူမသည် အိပ်ရာထဲတွင် ခဏလောက် ဆက်နေလိုက်သည်။

System၏ သီးသန့်စကားပြောခန်း အစီရင်ခံစာထဲတွင်: [မမကြီးဟွား၊ မနေ့က သူတို့ ဆွေးနွေးထားတဲ့ ရလဒ်ထွက်လာပြီ]

ချူဟွားသည် ပျင်းရိစွာ တစ်ဖက်သို့ လှည့်လိုက်၏။ [ဘာလဲ]

System: [နင့်အစ်ကိုအဖြစ် ဟန်ဆောင်ပြီး ညီလာခံ ဆက်တက်ဖို့ အလဲအလှယ်အနေနဲ့ မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးက နင့်ကို အလှည့်ကျ လာသင်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်]

ချူဟွား: ? ? ?

[အရင်တုန်းကတည်းက အလှည့်ကျ သင်မယ်လို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား]

သူမ မသိနားမလည်တာကို အခွင့်ကောင်းယူပြီး အစောကြီးကတည်းက ဆွေးနွေးထားတဲ့ အကျိုးခံစားခွင့်တစ်ခုကို သုံးပြီး သူမကို လာလှည့်စားနေတာလား။

System: [ဟုတ်တယ်၊ ဒါပေမဲ့ မနေ့က နင်နဲ့ နင့်အစ်ကို လုပ်ခဲ့တာတွေသာ မရှိရင် မင်းသား၅က ဒီနေ့ လာမှာ မဟုတ်သလို မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးကလဲ နင့်ကို ဒီလောက်စောစော လာသင်ပေးမှာ မဟုတ်ဘူးလေ]

[မင်းသား၅က ဒီနေ့ လာမှာလား] ချူဟွားသည် ထိတ်လန့်တကြား ထထိုင်လိုက်သည်။

System: [ဟုတ်တယ်]

ချူဟွား လိုချင်သည်မှာ အရှင်မင်းကြီးနှင့် မှူးမတ်များ၏ ဆုံးဖြတ်ချက်ကို လှုပ်ခါပြီး သူတို့၏ သည်းခံနိုင်စွမ်းကို တဖြည်းဖြည်း လျှော့ချကာ နောက်ဆုံးတွင် သူမကိုယ်တိုင်အဖြစ် စင်ပေါ်တက်ရန် ဖြစ်သည်။

သို့သော် ထိုအထဲတွင် မင်းသား၅ကို ပြုစုပျိုးထောင်ခြင်း မပါဝင်ပေ။

အရင်တုန်းက သူမ systemဆီကနေ ဒီသတင်းကို သိခဲ့ရတာမို့ ကြိုပြီး မငြင်းနိုင်ခဲ့ဘူး။ အခု မင်းသား၅က ချူမိသားစုဆီ လာနေပြီဆိုတော့ သူမ သဘာဝကျကျ နည်းလမ်းရှာပြီး... မဖြစ်ဘူး။

ပဒေသရာဇ်ခေတ်တွင် ဘုရင်စနစ်သည် အမြင့်မြတ်ဆုံးပဲ။ တရားရေးဝန်ကြီးဌာနက အဆင့် ၅ ညွှန်ကြားရေးမှူးလေး တစ်ယောက်ရဲ့သမီးက ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ။

ထိုအချက်ကို သဘောပေါက်လိုက်ပြီးနောက် ချူဟွားသည် ပြန်လှဲချလိုက်တော့သည်။

လာချင်ရင် လာပါစေ၊ သူ့ကို ခြံဝင်းတစ်ခု ပေးလိုက်ရုံပဲ။ ပြုစုပျိုးထောင်မလား၊ မပျိုးထောင်ဘူးလား ဆိုတာက သူမအပေါ်မှာပဲ မူတည်တယ်။ မင်းသား၅က သည်းမခံနိုင်တော့ရင် သူ ပြန်သွားလို့ ရတာပဲ။

Systemသည် အချိန်ကို ကြည့်လိုက်ပြီး မျှဝေခြင်း လုပ်ဆောင်ချက်ကို ဖွင့်ကာ အသံကုန် အော်ဟစ်လိုက်တော့သည်။ [မမကြီးဟွား၊ မအိပ်နဲ့တော့။ ငါတို့ ဒီနေ့ အံ့ဖွယ်ခုံးခုံးကို ဒုက္ခပေးကြရအောင်လေ]

ရုတ်ခြည်းပင် အချင်း မီတာ ၅၀ အတွင်းရှိ လူတိုင်းသည် ချူဟွား အိပ်ရာထဲ နေနေကြောင်း သိရှိသွားကြလေသည်။

တံခါးဝတွင် တစ်စုံတစ်ယောက် ရယ်မောလိုက်သံကိုပင် ချူဟွား ကြားလိုက်ရသေးသည်။

လူမှုရေးအရ သေဆုံးခြင်းပင်။

သူမ ဆက်အိပ်နိုင်သေးလျှင် ထူးဆန်းနေပေလိမ့်မည်။

ချူဟွားသည် မျက်နှာသေဖြင့် ထလာပြီး လေထဲတွင် လက်သီး ဝှေ့ယမ်းပြလိုက်သည်။ ကောင်းတယ်၊ နင် စောင့်နေလိုက်။

Systemသည် လုံးဝ မကြောက်ဘဲ သီးသန့်စကားပြော လိုင်းသို့ ပြောင်းလိုက်၏။ [ဘလာ ဘလာ ဘလာ~]

ဆော့ကစားပြီးနောက် သူသည် မျှဝေခြင်း မုဒ်သို့ ပြောင်းလိုက်တော့သည်။

မျှဝေခြင်း မုဒ်တွင် ချူဟွားသည် လွတ်လပ်စွာ ခြိမ်းခြောက်လို့ မရသဖြင့် မျက်လုံးများကိုသာ တိတ်တဆိတ် လှန်ကြည့်နိုင်တော့သည်။

မနက်စာ စားပြီးနောက် ချူဟွားသည် အစာကြေစေရန် ခြံဝင်းထဲတွင် လမ်းလျှောက်နေလေသည်။ ဝမ်သခင်မက အလျင်အမြန် ရောက်လာ၏။ "ဟွားအာ၊ နန်းတော်က မနက်စောစော လူလွှတ်လိုက်ပြီး ခြံဝင်းကို ရှင်းလင်းခိုင်းနေတယ်။ မင်းသား၅က ငါတို့အိမ်မှာ ယာယီ လာနေမယ်တဲ့"

'ယာယီ လာနေမယ်' ဆိုသည်မှာ ယဉ်ကျေးစွာ ပြောဆိုခြင်းသာ ဖြစ်လေသည်။ အမှန်တရားမှာ အရှင်မင်းကြီးက ချူဟွားထံသို့ ကလေးသတို့သားတစ်ယောက် ပို့လိုက်ခြင်းပင်။

ချူဟွားသည် ထိုအကြောင်းကို မသိသင့်သဖြင့် အလွန် အံ့ဩဟန်ဆောင်လိုက်လေသည်။

"သမီးတို့မိသားစုက ရှူးဖေးနဲ့ ပတ်သက်မှု ရှိလို့လား"

သာ့ရှန်းမှ မင်းသားများသည် အရွယ်ရောက်ပြီးမှသာ နန်းတော်မှ ထွက်ခွာပြီး ကိုယ်ပိုင် နေအိမ် တည်ထောင်နိုင်သည်။ အရွယ်မရောက်မီတွင် သူတို့သည် နန်းတော်ထဲတွင် နေထိုင်ကြရသည်။ သို့မဟုတ် ရံဖန်ရံခါ မိခင်ဘက်မှ အဘိုးအဘွားများအိမ်တွင် ရက်အနည်းငယ် သွားရောက် နေထိုင်ကြသည်။

ချူမိသားစုသည် မင်းသား၅၏ မိခင်ဖြစ်သူ ရှူးဖေးနှင့် အဆက်အသွယ် မရှိသဖြင့် ဤယာယီ လာနေခြင်းမှာ အလွန် ထူးဆန်းနေသည်။

ဝမ်သခင်မ၏ မျက်နှာတွင် ခဏတာ ဇဝေဇဝါ ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်မှ အစေခံမများနှင့် အစေခံများကို ထွက်သွားရန် လက်ပြလိုက်သည်။ ကျားယီနှင့် ချိုက်ကန်းတို့ကတော့ အမိန့်ကို နားမထောင်ဘဲ ချူဟွားကို ကာကွယ်ရန် နေရာတွင်သာ ဆက်နေကြသည်။ ဝမ်သခင်မက သူတို့ကို ဂရုမစိုက်ဘဲ ပြတ်ပြတ်သားသား ပြောလိုက်၏။ "အရှင်မင်းကြီး လွှတ်လိုက်တဲ့ လူတွေက နင့်ကို မင်းသား၅ကို သင်ကြားပေးဖို့ ပြောတယ်"

"ရှူးဖေး လွှတ်လိုက်တဲ့ လူတွေကတော့ အချိန်တစ်ခုကြာ ယာယီ လာနေတာပါတဲ့၊ ကုန်ကျစရိတ် အားလုံးကို နန်းတော်က ကျခံမယ်တဲ့"

"သမီးက ဘာသင်ပေးနိုင်မှာလဲ" ချူဟွားက မသိချင်ယောင်ဆောင်လိုက်သည်။ "သီးသန့် ပေသီး သုံးနည်းလား"

"နင်နော်" စိတ်မရှည်တော့ဘဲ ဝမ်သခင်မက ချူဟွား၏ နဖူးကို လှမ်းတို့လိုက်လေသည်။ သူမ၏ သမီးဖြစ်သူ၏ မောက်မာသော စကားများကို သူမထက် ဘယ်သူက ပိုသိနိုင်ပါမည်နည်း။ ထိုစကားများက သူမကို ထိတ်လန့်စေခဲ့ပြီး အသားမကျမချင်း ညပေါင်းများစွာ အိပ်မပျော်နိုင်ခဲ့ပေ။

"အရှင်မင်းကြီး ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူး။ နင်က အရမ်း စွမ်းနေတာဆိုတော့ ကိုယ့်ဟာကို သွားမေးချေ"

"နင်က လျိုယိညန်၊ ချူချီ နဲ့ ချူရှူး တို့ကို မကြိုက်လို့ သူတို့နဲ့ ဝေးဝေးနေချင်တာနဲ့ ဝေးလံခေါင်ဖျားတဲ့ ထောင့်တစ်နေရာကို ရောက်သွားတာ။ အိမ်က မကျယ်ဘူး။ နင့်ဘေးက ခြံဝင်းကိုပဲ မင်းသား၅ သုံးလို့ရမယ်"

ချူဟွား: "အမေ စီစဉ်တဲ့အတိုင်းပါပဲ"

ကိစ္စက ရုတ်တရက် ပေါ်လာသဖြင့် ဝမ်သခင်မ စီစဉ်စရာတွေ အများကြီး ရှိနေသေးသည်။ သူမသည် ချူဟွားနှင့် ခဏလောက် စကားပြောပြီးနောက် အလျင်အမြန် ထွက်ခွာသွားလေသည်။

ချူဟွားသည် လမ်းလျှောက်လို့ ဝသွားသဖြင့် ဓာတ်ခွဲခန်းထဲသို့ ဝင်ရန် ပြင်လိုက်သည်။

ငှက်ဖျားဆေး သုတေသနက ယခုအချိန်ထိ တိုးတက်မှု သိပ်မရှိသေးပေ။ ဘယ်နေရာတွင် ပြဿနာရှိနေမှန်းလဲ သူမ မသိ။ ကျရှုံးရသည့် အကြောင်းရင်းများကို စာရင်းပြုစုပြီး ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးရုံသာ တတ်နိုင်တော့သည်။

မကြာခင်မှာပင် လူတစ်စုသည် ဘေးက ခြံဝင်းလွတ်ထဲသို့ ပြောင်းရွှေ့လာကြသည်။ မရေမတွက်နိုင်သော နန်းတော် အစေခံများနှင့် အစောင့်များ ဝင်လိုက်ထွက်လိုက်နှင့် တစ်နာရီကျော်ကြာအောင် အလုပ်ရှုပ်နေပြီးမှ ရပ်တန့်သွားကြသည်။

ဆူညံသံ ရပ်တန့်သွားသည်နှင့် လနတ်သမီးရောင် ဖဲသားဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်သည် ဆောင်းဦးနှောင်းပိုင်း ပန်းရနံ့များနှင့်အတူ ချန်ဟွားကျွီ၏ တံခါးဝတွင် ပေါ်လာလေသည်။

"အစ်မချူ"

ချူဟွား: "..."

ခေတ်သစ်က ကြာဖြူမလေးနဲ့ လက်ဖက်စိမ်း စာပေတွေကြောင့် စိတ်ဒဏ်ရာ ရနေတာများလား၊ 'အစ်မချူ' ဆိုတဲ့ အသံကြားတော့ သူမရင်ထဲမှာ တုန်သွားတာပဲ။ သူမလက်များ တုန်ရီသွားပြီး ပန်းကန်ပြားထဲမှ အရည်များ ဖိတ်ကျကုန်သည်။

Systemက ရယ်မောလိုက်လေသည်။ [ဟားဟား မမကြီးဟွား၊ နင့်မှာ ကြောက်တတ်တဲ့အရာတွေ ရှိသေးတာပဲ]

မင်းသား၅က ရပ်တန့်သွားသည်။ ခမည်းတော် ပြောခဲ့သလိုပါပဲလား။

ချူဟွားက ရှင်းပြဖို့ လိုအပ်သည်ဟု ခံစားလိုက်ရသည်။ [ငါ မကြောက်ပါဘူး၊ သူများတွေက ငါ့ကို ထူးထူးဆန်းဆန်းနည်းနဲ့ အစ်မ လို့ ခေါ်တာကို မကြိုက်ရုံပါ]

သူမကို အစ်မ လို့ ခေါ်တာ မကြိုက်ဘူးလား။ မင်းသား၅က ဒါကို မှတ်သားထားလိုက်သည်။

ချင်းကျူသည် သူ့ထံသို့ လျှောက်သွားပြီး ကောင်လေး၏ ခါးတွင် ချိတ်ဆွဲထားသော နဂါးပုံ ကျောက်စိမ်းဆွဲပြားကို မြင်လိုက်ရသည်။

"မင်းသား၅၊ သခင်မလေးက ဓာတ်ခွဲခန်းထဲ ဝင်သွားတာ ကြာပြီ။ ဘယ်အချိန် ထွက်လာမလဲ ဆိုတာ မသိရပါဘူး။ ဘယ်လို သဘောရပါသလဲ"

မင်းသား၅: "ရပါတယ်။ ကျွန်တော် သူ့ကို စောင့်နေလိုက်မယ်"

ချူဟွား၏ စမ်းသပ်မှုက မပြီးသေးသော်လည်း မင်းသားကတော့ ရောက်နေပြီ ဖြစ်သည်။ သူမ မထွက်ဘဲ နေလို့ မရဘူး မလား။

အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် သူမသည် ဓာတ်ခွဲခန်း တံခါးကို တွန်းဖွင့်လိုက်ရာ ခြံဝင်းထဲရှိ ကျောက်ခုံတန်းပေါ်တွင် ထိုင်နေသော ကောင်လေးကို တွေ့လိုက်ရလေသည်။

ကောင်လေးသည် အသံကြားသောအခါ လှမ်းကြည့်လာ၏။ သူ့တွင် သွယ်လျသော ဖီးနစ်မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားသည်။ ချူဟွားကို မြင်လိုက်သည့်အခိုက်တွင် သူသည် ချစ်စရာအကောင်းဆုံးနှင့် အလိမ္မာဆုံး အိမ်နီးချင်းလေးတစ်ယောက်ကဲ့သို့ နူးညံ့စွာ ပြုံးပြလိုက်သည်။

"မင်းသား၅ကို နှုတ်ဆက်ပါတယ်" ချူဟွားသည် ထုံးစံအတိုင်း ဂါရဝပြုလိုက်သည်။

"အစ်မ ထပါ" မင်းသား၅သည် ကိုယ်တိုင်ကိုယ်ကျ ချူဟွားကို တွဲထူပေးပြီး ရှက်သွေးဖြာသလို ပြုံးကာ ပြောလိုက်သည်။ "အစ်မ လုပ်ထားတဲ့ ပင်နီစလင်က လူတွေအများကြီးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကြားရတယ်။ ကျွန်တော် ခမည်းတော်နဲ့ မယ်တော်ဆီမှာ အကြိမ်ကြိမ် တောင်းဆိုခဲ့ရတာ။ သူတို့ သဘောတူတာနဲ့ ကျွန်တော် အပြေးလေး ရောက်လာတာပါ"

ချူဟွားသည် မင်းသား၅က မလိုလားဘဲ ဖြစ်နေလိမ့်မည်ဟု ထင်ထားသဖြင့် ဒီစကားကြားရတော့ အတော်လေး အံ့အားသင့်သွားသည်။ [ထုံအာ၊ ဒါ အမှန်ပဲလား]

System: [ဟုတ်တယ်]

မင်းသား၅က မကြားလိုက်သလိုပင် ပြုမူလိုက်လေသည်။ "အစ်မ ထိုင်ပါဦး။ ကျွန်တော် အစ်မကို ပြောစရာတွေ အများကြီး ရှိတယ်"

ချူဟွားသည် မင်းသား၅နှင့်အတူ ခြံဝင်းထဲတွင် ထိုင်လိုက်ပြီး သူ့စကားများကို နားထောင်လိုက်လေသည်။

"အစ်မ လုပ်ခဲ့တာကို ကျောက်ရောဂါတုန်းက စကြားဖူးတာ။ ဆရာက စာသင်ခန်းထဲမှာ သာ့ရှန်းက ကျောက်ရောဂါကို ကာလကြာရှည် ကြောက်ရွံ့ခဲ့ရတယ်လို့ ပြောဖူးတယ်။ ဒါပေမဲ့ တစ်နေ့ကျတော့ သူက သာ့ရှန်းအနေနဲ့ ကျောက်ရောဂါကို ကြောက်စရာ မလိုတော့ဘူးဆိုပြီး ပျော်ရွှင်စွာ ပြောပြလာတယ်..."

"ကျွန်တော့်ဘေးက ကုန်းကုန်းလေးတစ်ယောက် ရေကန်ထဲ မတော်တဆ ပြုတ်ကျသွားတယ်။ ကယ်ဆယ်ပြီးတော့ သူက ၃ ရက်လောက် ဖျားပြီး မူးဝေနေခဲ့တာ။ သမားတော်က ဒီအတိုင်း ဆက်ဖြစ်နေရင် သေလိမ့်မယ်လို့ ပြောတယ်။ သူ့ကို ပင်နီစလင် တိုက်လိုက်တော့ သူ သက်သာသွားတယ်..."

မင်းသား၅သည် ပျော်ရွှင်စွာ ပြုံးရွှင်နေပြီး ခံစားချက်ပါပါ ပြောပြနေသည်။ ချူဟွားက ပြုံးလိုက်ပြီး ရံဖန်ရံခါ ခေါင်းညိတ်ပြကာ အရည်အချင်းပြည့်မီသော နားထောင်သူ တစ်ယောက်အဖြစ် ဆောင်ရွက်နေလိုက်သည်။

Systemကတော့ အလွန် အလေးအနက်ထား နားထောင်နေပြီး ရံဖန်ရံခါ လက်ခုပ်တီးကာ ချီးကျူးလိုက်လေသည်။ [ပြောတာ ကောင်းလိုက်တာ။ ငါ့ရဲ့ မမကြီးဟွားက အရမ်း မိုက်တာပဲ]

မင်းသား၅: "..." သူ့မှာ ပုံပြောသူတစ်ယောက်လို ခံစားလိုက်ရတယ်။

ခဏလောက် စကားပြောပြီးနောက် မင်းသား၅သည် သူ့ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်လိုက်လေသည်။

"မထွက်လာခင် ခမည်းတော်က ကျွန်တော့်ကို ပြောလိုက်တယ်။ ဒီနေ့ကစပြီး မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးက ကျွန်တော့်ကို လာသင်ပေးကြလိမ့်မယ်တဲ့။ အဲဒီကျရင် အစ်မလည်း ကျွန်တော်နဲ့အတူတူ တက်ရမယ်"

ချူဟွားက မသိချင်ယောင်ဆောင်လိုက်သည်။ "ကျွန်မက စာသင်ဖော်လား"

မင်းသား၅၏ နုနယ်သော မျက်နှာလေးက ချက်ချင်း ပျက်သွားတော့သည်။ သူ့ပါးစပ်လေး စူသွားပြီး သနားစဖွယ် ပြောလိုက်၏။ "ကျွန်တော်က စာသင်ဖော်ပါ"

ကောင်လေးသည် ခေါင်းငုံ့သွားပြီး ရေရွတ်ကာ အမှန်တရားကို ရှင်းရှင်းလင်းလင်း ပြောပြလေသည်။

"အရင်တုန်းက မယ်တော်က မင်းဆရာအိုကြီးကို ကျွန်တော့်ကို လက်ခံပေးဖို့ လိုလားခဲ့ပေမဲ့ မင်းဆရာအိုကြီးက သူ အသက်ကြီးပြီဆိုပြီး ပြောခဲ့တယ်။ အခု မင်းဆရာအိုကြီးက အစ်မကို တပည့်အဖြစ် လက်ခံချင်နေတော့ ကျွန်တော့်ကို အဖော်အဖြစ် ဒီကို ဆွဲခေါ်လာတာ"

ချူဟွား: "မင်း သဘောမတူဘူးဆိုရင်..."

"မဟုတ်ပါဘူး" မင်းသား၅သည် ချူဟွား အထင်လွဲသွားမည်ကို စိုးရိမ်နေသလို ချက်ချင်း မော့ကြည့်လိုက်ပြီး တစ်ရှိန်ထိုး ပြောလိုက်သည်။ "ဗဟုသုတ ကြွယ်ဝတဲ့ မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးတို့ရဲ့ သင်ကြားမှုကို ခံယူရဖို့ ကျွန်တော် အရမ်း လိုလားပါတယ်"

ချူဟွားက ပြုံးလိုက်ပြီး ဘာမှ မပြောပေ။

"ကျွန်တော်က နောက်လိုက်တစ်ယောက် ဖြစ်နေသလို ခံစားရပြီး သိပ်အရေးမပါသလို ခံစားရတာကို မကြိုက်ရုံပါ" မင်းသား၅၏ ဖီးနစ်မျက်လုံးများ အနည်းငယ် ကျဆင်းသွားပြီး စိုစွတ်နေသော ခွေးပေါက်လေး မျက်လုံးများကဲ့သို့ ဖြစ်နေကာ လူများကို ရင်ထဲ အရည်ပျော်သွားစေသည်။

ချူဟွားသည် သူ့ခေါင်းကို ပွတ်သပ်ချင်စိတ်ကို ထိန်းချုပ်လိုက်ရသည်။ [ထုံအာ၊ ဒီကောင်လေးက ဝမ်းတွင်းမည်းလို့ နင် ပြောထားတယ် မဟုတ်လား]

သူက ဘာလို့ ကိုယ့်ဟာကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာ ပြနေတာလဲ။ သူမ ဘယ်လို ကိုင်တွယ်ရမလဲ မသိတော့ဘူး။

System: [ငါ ပြောခဲ့သားပဲ]

ချူဟွား: [သူ ဘာလုပ်နေတာလဲ]

System: [ဒီနေ့အတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ လိမ္မာပြီး ရိုးသားတဲ့ ကောင်လေးပုံစံလေ]

[ဟုတ်တယ်။ ဒီကောင်လေးက Drama Queen ပဲ။ သူ့ရဲ့ အကြီးမားဆုံး ဝါသနာက တခြားသူတွေ သူ့သရုပ်ဆောင်စွမ်းရည်ကြောင့် မှင်တက်သွားတာကို ကြည့်ရတာလေ]

ချူဟွား: "..."

ဖြူစင်ရိုးသားသည့် ဒုတိယမင်းသား၊ ထီးနန်းလုသည့် တတိယမင်းသားနှင့် လိမ္မာပြီး Drama Queen ဖြစ်သည့် မင်းသား၅၊ ဒါက ဘယ်လို တော်ဝင်မိသားစုမျိုးပါလိမ့်။

မင်းသား၅၏ ဖီးနစ်မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ အိုး... ဒုက္ခပဲ။ လှည်းမှောက်သွားပြီ!

System: [ဒါပေမဲ့ ဒီကောင်လေးရဲ့ သရုပ်ဆောင်စွမ်းရည်က အစပိုင်းမှာ သိပ်မကောင်းလှဘဲ အကြိမ်ကြိမ် လှည်းမှောက်ခဲ့ဖူးတယ်လေ]

ဥပမာအားဖြင့် သူက ကျောင်းမတက်ချင်လို့ နေမကောင်းဟန်ဆောင်ခဲ့တယ်။ ရှူးဖေးက စိုးရိမ်ပြီး သမားတော် ရှာလိုက်တယ်။ လာတဲ့သူက တိုက်တိုက်ဆိုင်ဆိုင် တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူး ဖြစ်နေတယ်။ တခြား သမားတော်တွေဆို နည်းနည်း နားလည်ပြီး ပါးပါးနပ်နပ် ပြောပေးကြမှာ။ ဒါပေမဲ့ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးက ရိုးသားတဲ့ အဘိုးကြီးလေ ဟုတ်တယ်မလား။ သူက ပေါ်တင်ကြီး ပြောချလိုက်တာ။ အရှင်မင်းသား နေမကောင်း မဖြစ်ပါဘူးတဲ့]

[ရှူးဖေးက ရှက်ရှက်နဲ့ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်လိုက်ပြီး နောက်လှည့်တာနဲ့ ကြက်မွေးတံမြက်စည်းကို ယူပြီး သူ့တင်ပါးကို ရိုက်တော့တာပဲ။ ပြီးသွားတော့ ရှူးဖေးက လက်ခုပ်တီးပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ မင်း တကယ် နေမကောင်းဘူးပဲ၊ ကျောင်းသွားစရာ မလိုတော့ဘူးတဲ့]

မင်းသား၅: !!!

သူ့ ရင်ထဲတွင် အော်ဟစ်နေသော ကြက်တစ်ကောင် ဖြစ်သွားတော့သည်။ အားးးးးး။ သွားပြီ။ သူ ကျောင်းပြေးလို့ မယ်တော်ရဲ့ ရိုက်နှက်တာ ခံလိုက်ရတဲ့ သတင်းက ညီလာခံတစ်ခုလုံး ပျံ့နှံ့သွားတော့မယ်။ သူ့မှာ မျက်နှာနဲ့ ဂုဏ်သိက္ခာ မရှိတော့ဘူး! !

အတွေ့အကြုံရှိသူ တစ်ဦးအနေဖြင့် ချူဟွားသည် ကျောင်းသားများ၏ စာသင်ရန် မလိုလားမှုကို နားလည်လေသည်။ သူတို့သည် နေ့တိုင်း အတန်းမသွားချင်သော်လည်း အတန်းသွားရသည်။ အကယ်၍ တစ်နေ့တွင် သူတို့ မျက်လုံးဖွင့်လိုက်ပြီး ဖျားနေကြောင်း တွေ့ရှိပါက သူတို့သည် ခါးထောက်ပြီး နှစ်ခါလောက် မောက်မာစွာ ရယ်မောမိကြလိမ့်မည်။

စာကြမ်းပိုး ဘုရင်များ၏ နင်းချေမှုကို ခံရစဉ်က သူမသည် နေမကောင်းဟန်ဆောင်ပြီး အတန်းလစ်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် အတန်းလစ်ရသည်မှာ အပြစ်ရှိသလို ခံစားရလွန်းသဖြင့် အတန်းပြန်တက်ခဲ့သည်။

ထပ်ပြောရင် မျက်ရည်တွေချည်းပါပဲ။

သူမ စာကြမ်းပိုး ဘုရင်တွေကို မုန်းတယ်!

ချူဟွားသည် အတိတ်ကို တစ်စက္ကန့်လောက် ပြန်တွေးလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

[နောက်တော့ ဘာဆက်ဖြစ်လဲ]

မင်းသားက ကျောင်းပြေးလို့ အရိုက်ခံရပြီး သူ့တင်ပါးက စိမ်းဖန့်သွားတဲ့အထိ ဖြစ်သွားလို့ ကျောင်းမတက်နိုင်တော့ဘူးတဲ့။ ဘယ်လောက် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလဲ။

System: [အဲဒီအချိန်ကစပြီး မင်းသား၅က ဆေးပညာကို တိတ်တဆိတ် လေ့လာပြီး နေမကောင်းဟန်ဆောင်ပြီး လုံးဝ ပြီးပြည့်စုံတဲ့ ကျောင်းပြေးခြင်းကို လုပ်ဆောင်ဖို့ ကျိန်ဆိုခဲ့တယ်လေ]

ချူဟွားက အထူးတလည် စပ်စုချင်နေသည်။ [သူ အောင်မြင်ခဲ့လား]

System: [မအောင်မြင်ဘူး]

ချူဟွား: [ဟား——]

အားလုံး: ဟားဟားဟား!

မင်းသား၅သည် ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားပြီး ဆက်မထိုင်နိုင်တော့ပေ။

သူ ဘာဖြစ်လို့ ချူဟွားရှေ့မှာ သူ့သရုပ်ဆောင်စွမ်းရည်ကို ထုတ်ကြွားမိပါလိမ့်။ လှည်းက လုံးဝ မှောက်သွားပြီ။

"အစ်မ၊ ကျွန်တော် လုပ်စရာရှိတာ ရုတ်တရက် သတိရသွားလို့" မင်းသား၅သည် နီရဲနေသော မျက်နှာဖြင့် မတ်တတ်ထရပ်လိုက်သည်။ "ကျွန်တော် အရင် သွားနှင့်တော့မယ်"

ချူဟွား၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ "မင်းမျက်နှာ ဘာလို့ ဒီလောက် နီနေတာလဲ။ နေမကောင်း ဖြစ်နေတာလား"

"မဟုတ်ပါဘူး။ ရာသီဥတုက ပူလွန်းလို့ နေမှာပါ" မင်းသား၅က အောင့်သက်သက် ပြုံးလိုက်ပြီး တစ်လှမ်းချင်း နောက်ဆုတ်ကာ အလွန် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။ "ဘေးအိမ်လေးပဲလေ။ အစ်မ ကျွန်တော့်ကို လိုက်ပို့စရာ မလိုပါဘူး"

ချူဟွားသည် ထွက်ပြေးသွားသော ကောင်လေး၏ ကျောပြင်ကို ကြည့်ပြီး စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။ [ဘယ်လောက် ချောမောတဲ့ လူငယ်လေးလဲ။ သူက ဘာလို့ သေချာ မစဉ်းစားဘဲ ကျောင်းပြေးဖို့ပဲ ဇွတ်ကြံနေရတာလဲ]

တစ်စက္ကန့်လောက် သက်ပြင်းချပြီးနောက် သူမ အလျင်အမြန် ပြောလိုက်သည်။ [မြန်မြန်လုပ်၊ အရှင်မင်းကြီးရော ဖင်မှာ ရိုက်ခံရလားဆိုတာ ငါ သိချင်နေပြီ] System ကလည်း စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။ [ငါ့ကို စောင့်ဦး]

မင်းသား၅ ရပ်တန့်သွားပြီး ရုတ်တရက် လှည့်ကာ အတင်းအဖျင်း နားထောင်ချင်နေသော မျက်နှာဖြင့် နံရံတွင် တိတ်တဆိတ် ကပ်နေလိုက်သည်။

သူ ကျောင်းပြေးလို့ မယ်တော်ရဲ့ ရိုက်တာ ခံရတော့ရော ဘာဖြစ်လဲ။ ခမည်းတော်လည်း အရိုက်ခံရမယ်ဆိုရင် သားက အဖေ့ခြေရာ နင်းတာ သဘာဝကျပါတယ်လေ။

…

All Chapters