အခန်း ၆၈
Vol. 5 Ch. 68
အခန်း (၆၈)
တစ်နာရီ ကြာပြီးနောက်တွင် ချူဟွားသည် မုန့်ဟန်ကို ဘဏ္ဍာတိုက်အပြင်သို့ လိုက်ပို့ပေးသည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် ဘဏ္ဍာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် အခြားသူများသည် အပြင်ဘက်တွင် ရှိနေကြပြီး လင်ယိုသည် နန်းစောင့်တပ်သားများနှင့်အတူ ဘဏ္ဍာတိုက်ကို ဝိုင်းရံထားလိုက်ကြသည်။ လူအုပ်ကြီးသည် ဖခင်အားသတ်သည့် ရန်သူကို ကြည့်သကဲ့သို့ မုန့်ဟန်ကို စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများထဲတွင် သာမန်မဟုတ်သည့် ရက်စက်ကြမ်းကြုတ်မှုများ ယိုဖိတ်နေလေသည်။
ကျားယီနှင့် ချိုက်ကန်းတို့က ဘဏ္ဍာတိုက်ထဲသို့ ဝင်ခွင့်မရရှိခဲ့ပေ။ သူတို့နှစ်ဦး ထွက်လာသည်ကို မြင်လိုက်သည်နှင့် ချူဟွား၏ဘေးသို့ အလျင်အမြန် သွားရောက်ကာ အကာအကွယ် ပေးလိုက်ကြသည်။ သူတို့သည် မုန့်ဟန်၏ ကိုယ်ခံပညာ အဆင့်အတန်းက ချူဟွားကို ထိခိုက်စေနိုင်ခြင်း ရှိမရှိ ချိန်ဆနေသကဲ့သို့ မုန့်ဟန်ကို အကဲခတ်ကြည့်ရှုနေကြ၏။
မုန့်ဟန်: "..."
ဒီလူအုပ်ကြီးက ယုန်ဖြူလေးကို တွေ့လိုက်ရတဲ့ ဆာလောင်နေတဲ့ ဝံပုလွေတွေနဲ့ တူလိုက်တာ၊ ငါ့ကို အရေခွံခွာ အရိုးထုတ်ပြီး စားတော့မလိုပဲ။
ဘဏ္ဍာတိုက်ကိုပင် ဖောက်ထွင်းရဲသည့် လူငယ်လေးသည် ယခုအချိန်တွင်တော့ စိတ်လှုပ်ရှား တုန်လှုပ်နေမိပြီး ချူဟွားကို တရစပ် ကြည့်နေမိတော့သည်။
ဘယ်လိုပဲကြည့်ကြည့် သူမက ဒီအရာရှိတွေနဲ့ တစ်ဖွဲ့တည်းပင်။ သူမက ငါလို သူခိုးကို ကာကွယ်ပေးမှာမလား။
ချူဟွားသည် အခုလေးတင်မှ ရှာတွေ့ထားသည့် လုပ်ဖော်ကိုင်ဖက်အသစ်ကို အလုပ်ပင် မစရသေးခင် သည်လူအုပ်ကြီး၏ ရက်စက်ကြမ်းကြုတ်သည့် ပုံစံကြောင့် လန့်ပြေးသွားမည်ကို အဖြစ်မခံနိုင်ပေ။
"သူ့နာမည်က မုန့်ဟန်၊ နောက်ဆိုရင် ရုံးတော်ရဲ့ ပြင်ပဝန်ထမ်း ဖြစ်လာတော့မှာ"
ဟုတ်သားပဲ၊ နောက်ဆို ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တော့မှာ။
မုန့်ဟန်သည် ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့လိုက်သည်။ သူခိုးက အရာရှိကို မကြောက်တဲ့နေ့ ရောက်လာပြီ။ ဆရာရေ၊ ဆရာ့တပည့် ကျွန်တော်က အောင်မြင်နေပြီဗျ။
တခြားလူများကတော့ သတိမလျှော့ကြချေ။ ဘယ်နာမည်ပဲ ခေါ်ခေါ် ဒီကောင်လေးက ဘဏ္ဍာတိုက်ကို ခိုးဖို့ကြိုးစားသည့် ရာဇဝတ်မှုကို ဖုံးကွယ်၍ မရနိုင်ပေ။
သူတို့ဘက်က အရမ်းတော်လွန်းလို့ မခိုးနိုင်လိုက်တာနဲ့ပဲ ဘဏ္ဍာတိုက်ကို ခိုးတယ်လို့ မသတ်မှတ်တော့ဘူးလား။ ဥပဒေအရ အပြစ်မရှိရင်တောင် သူတို့စိတ်ထဲမှာတော့ အပြစ်ရှိတယ်။
ဘဏ္ဍာရေးဝန်ကြီးသည် ဘဏ္ဍာတိုက်ကို ပြောင်အောင်လုပ်မည့် မည်သူ့ကိုမဆို မုန်းတီးသည်။ အံ့ဖွယ်ခုံးခုံးလိုမျိုး ယူသာယူပြီး ပြန်မပေးသည့်အပြင် တစ်လောကလုံးက သူတို့ကို လှောင်ပြောင်ရယ်မောစေမည့် သူမျိုးသည် သူ အဓိကထား စောင့်ကြည့်ကာကွယ်ရမည့် ပစ်မှတ်ပင်။
"သူ အထဲမှာ စာရွက်စာတမ်း ဘာညာ ထားခဲ့တာ မရှိဘူးဆိုတာ သေချာလား"
ချူဟွား: "သေချာပါတယ်"
မုန့်ဟန်က ခေါင်းတညိတ်ညိတ် လုပ်သည်။ သူက ချူဟွားကို ကူညီမယ်လို့ ကတိပေးထားပြီးပြီပဲ၊ ဘယ်လိုလုပ် ကတိဖျက်မလဲ။
သိုင်းလောကသားတွေက ဖြောင့်မတ်တယ်။ ယုံကြည်မှုနဲ့ သစ္စာတရားက ပထမပဲ။ ကောက်ကျစ်စဉ်းလဲတဲ့ ရုံးတော်က လူတွေထက်တော့ ပိုကောင်းပါတယ်ဗျာ။
အလုပ်သမားဝန်ကြီးသည် မုန့်ဟန်၏ ကိုယ်ပေါ်မှ စုတ်ပြတ်နေသော ညဝတ်ဝတ်စုံကို ကြည့်ပြီး နောက်ဆုံးတော့ မင်း အထိနာသွားပြီပေါ့ဟု တွေးကာ ဂုဏ်ယူသွားမိသည်။ သို့သော် ထိုဂုဏ်ယူမှုသည် လူငယ်လေး၏ အပေါ်ရုံအင်္ကျီသာ စုတ်ပြဲသွားပြီး သွေးထွက်သံယို မရှိသည်ကို တွေ့လိုက်ရသည့်အခါ ပျောက်ဆုံးသွားတော့သည်။
အလုပ်သမားဝန်ကြီးဌာနက သာ့ရှန်း၏ ထိပ်တန်း အရည်အချင်းရှိသူများကို စုစည်းထားသော်လည်း သူခိုးလေးတစ်ယောက်၏ နည်းပညာကို မယှဉ်နိုင်ဘူးတဲ့လား။ ဒါကို သည်းခံနိုင်ရိုးလား။
အလုပ်သမားဝန်ကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ကြိုးစားကြစမ်း၊ အားလုံး ငါ့ကို အသေအလဲ ကြိုးစားပြကြစမ်း၊ မသေမချင်း အလုပ်လုပ်ကြစမ်း။
အလုပ်သမားဝန်ကြီးဌာနမှ အရာရှိအများအပြားသည် မကောင်းဆိုးဝါး တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည့်အလား ကျောချမ်းသွားကြပြီး တချို့ဆိုလျှင် အိပ်ပျော်နေရင်းမှ လန့်နိုးလာကြလေသည်။
ဘဏ္ဍာရေးဝန်ကြီးကတော့ စိတ်မချသေးပေ။ ထိုစူးရှသော မျက်လုံးကျဉ်းကျဉ်းလေးများသည် စကင်ဖတ်စက်ကဲ့သို့ မုန့်ဟန်၏ခန္ဓာကိုယ်ကို အထက်အောက် စုန်ဆန်ကြည့်ရှုနေ၏။ သူ ပစ္စည်း ခိုးမခိုးဆိုတာ ဘယ်သူသိမှာလဲ ဆိုသည့်အကြည့်မျိုးပင်။
မုန့်ဟန်: ???
မုန့်ဟန်: !!!
ဟေး... ဒီအဘိုးကြီး ဘာကြည့်နေတာလဲ။
အခြားသော လူငယ်လေးသာဆိုလျှင် ဘဏ္ဍာရေးဝန်ကြီး၏ မယုံသင်္ကာဖြစ်မှုနှင့် သံသယအကြည့်များကြောင့် မိမိကိုယ်ကို လေးစားမှု ထိခိုက်ကာ မည်သို့ပင်ဖြစ်ပါစေ အသေအလဲ ပြန်လည် တုံ့ပြန်မိပေလိမ့်မည်။
စိတ်ကြီးသောသူသာဆိုလျှင် ထိုနေရာမှာတင် ထချမိလောက်သည်။
သို့သော် မုန့်ဟန်အတွက်တော့ သူက သူခိုးဖြစ်ပြီး ကမ္ဘာကျော်ချင်နေသည့် သူခိုးတစ်ယောက် ဖြစ်သည်။ ဘဏ္ဍာတိုက်ထဲ ဝင်မွှေပြီးမှတော့ သူ ပစ္စည်းခိုးမခိုး သံသယဝင်ခံရသည်မှာ ပုံမှန်ပင် မဟုတ်ပါလား။
"မိန်းကလေးချူ" မုန့်ဟန်က ပေါ့ပေါ့ပါးပါးပင် လက်ပိုက်ကာ တံခါးဘောင်ကို မှီလိုက်ပြီး ချူဟွားကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ "ကျွန်တော် လက်စွမ်းပြပြီး တစ်ခုခု ယူလာတယ်လို့ ထင်လား"
ချူဟွားသည် လူငယ်လေး၏ ဟိတ်ဟန်ထုတ်နေသည့်ပုံစံကို ကြည့်လိုက်သည်။ ကျောက်ပုဇွန်အကြီးကြီးကို မျှားမိထားပြီး သူငယ်ချင်းများကို ကြွားချင်နေသည့် ကလေးတစ်ယောက်လိုပင်။ သူမက ပေါ့ပေါ့ပါးပါးပင် ခန့်မှန်းလိုက်၏။ "ယူလာတယ်"
[System ရှိလား]
Systemက အသံကုန်ဟစ်ပြီး တိုင်တောလေတော့သည်။ [ငါ မြင်တယ်၊ သူက ဘဏ္ဍာရေးဝန်ကြီးက နင့်ကို စာဖတ်ဖို့ သေချာရွေးပေးထားတဲ့ ညလင်းပုလဲကြီး နှစ်လုံးကို ခိုးသွားတယ်]
[အလုပ်သမားဝန်ကြီးက နင့်ကို ကာကွယ်ဖို့ လက်မောင်းထဲမှာ ဝှက်ထားခိုင်းတဲ့ လက်မောင်းမြားကိုလည်း ခိုးသွားသေးတယ်]
[ပစ္စည်းတွေ အကုန်လုံး သူ့ကိုယ်ပေါ်မှာ၊ သက်သေအထောက်အထား ခိုင်လုံနေပြီ၊ လူရော ပစ္စည်းပါ မိပြီ၊ မြန်မြန် ဖမ်းလိုက်တော့]
မုန့်ဟန်၏ မျက်နှာပေါ်မှ ဟိတ်ဟန်ထုတ်နေသည့် အပြုံးတို့ ပျောက်ကွယ်သွားပြီး စကားပြောသူ၏ နေရာကို မသိမသာ ရှာဖွေလိုက်သည်။
အသံကို နားထောင်ရသည်မှာ ကလေးတစ်ယောက် ဖြစ်ပုံရပြီး အသက်မကြီးသေးပေ။ ချူဟွား ဒီအရွယ်နှင့် ဘဏ္ဍာတိုက်တွင် ရှိနေသည်ကပင် ထူးဆန်းနေပြီဖြစ်ရာ နောက်ထပ် ကလေးတစ်ယောက်ပါ ရှိနေသည်တဲ့လား။ ဒါက သေချာပေါက် အရှင်မင်းကြီး၏ သားတော် ဖြစ်ပေလိမ့်မည်။
ဒါပေမဲ့... အရှင်မင်းကြီး၏ သားတော်က ဘယ်မှာ ပုန်းနေပြီး သူ လှုပ်ရှားလိုက်တာကို မြင်သွားရတာလဲ။
ကောင်လေး မျက်လုံးကတော့ တော်တော်ကောင်းသား။ ငါ့ရဲ့ ခြေသွက်လက်သွက်ပညာရပ်ကို သင်ချင်နေတာများလား မသိဘူး။
ဘဏ္ဍာရေးဝန်ကြီး: "..."
အလုပ်သမားဝန်ကြီး: "..."
ဒီကောင်နဲ့ ချူဟွားနဲ့ ဘာရန်ငြိုးရန်စ ရှိလို့ ချူဟွားအတွက် ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကိုမှ ရွေးခိုးရတာလဲ။
ရုတ်တရက် ဝန်ကြီးနှစ်ပါး၏ မုန့်ဟန်ကို ကြည့်သည့်အကြည့်များမှာ ပြောင်းလဲသွားတော့သည်။
ချူဟွားက လက်မောင်းထဲ ဝှက်ထားတဲ့ ပစ္စည်းကို ခိုးချင်တယ်ဆိုတော့ သေချာပေါက် အနီးကပ် ချဉ်းကပ်ရမှာပေါ့။ သူ အခွင့်ကောင်းယူပြီး အမြတ်ထုတ်လိုက်တာများလား။
ထိုကဲ့သို့သော အကြည့်မျိုးကို မုန့်ဟန် သူ့ဆရာတူအစ်ကိုများဆီတွင် အကြိမ်ပေါင်းများစွာ မြင်ဖူးသည်။ သူတို့က သူ့ကို ဝံပုလွေ ကာကွယ်သလို ကာကွယ်ကြပြီး ဆရာတူညီမလေးအနား အကပ်မခံကြပေ။
အလွန် ရင်းနှီးလွန်းသည့်အတွက် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ သိလိုက်သည်။
"ကျွန်တော် မလုပ်ဘူး" မုန့်ဟန်၏ ဖြူဖွေးသော မျက်နှာလေးသည် ဒေါသကြောင့် နီရဲသွားတော့သည်။ ငါက ဆရာတူညီမလေးအပေါ်ပဲ သံယောဇဉ်ကြီးတာ၊ တွေ့ကရာလူကို စိတ်ကစားတတ်တဲ့လူ မဟုတ်ဘူး။
ချူဟွားက အသံကြား၍ လှည့်ကြည့်လိုက်သည်။ "နင် ဘာ မလုပ်တာလဲ"
"ငါ..." မုန့်ဟန် စကားမဆုံးခင်မှာပင် သူ ဘာပြောမည်ကို ကြိုသိနေကြသော ဘဏ္ဍာရေးဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးတို့က ပူးပေါင်းပြီး သူ့ပါးစပ်ကို ပိတ်လိုက်ကြသည်။
ဘဏ္ဍာရေးဝန်ကြီးက မျက်လုံးကျဉ်းကျဉ်းလေးများကို မှေးလိုက်ပြီး စာရင်းရှင်းတတ်သည့် မျက်နှာထားကို ဖော်ရွေသော အပြုံးအဖြစ် အတင်းပြောင်းလဲလိုက်သည်။ "သုံးရက်လုံးလုံး စောင့်နေရတာ ပင်ပန်းနေရောပေါ့၊ အိမ်ပြန်နားလိုက်တော့"
အလုပ်သမားဝန်ကြီးက သူတို့နှစ်ယောက်၏ အနည်းငယ် လွန်ကဲသော အပြုအမူအတွက် ဝင်ရှင်းပြသည်။ "မကြာခင် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြတော့မှာဆိုတော့ ခင်မင်မှု တည်ဆောက်နေတာပါ၊ မင်း ဂရုစိုက်စရာ မလိုပါဘူး"
မုန့်ဟန်: ???
မုန့်ဟန်: !!!
သောက်ရေးပဲ၊ ငါက သူခိုး၊ ခင်ဗျားတို့က အရာရှိ၊ ဘယ်သူက ခင်မင်မှု တည်ဆောက်ချင်လို့လဲ၊ မျက်နှာပြောင်တိုက်လိုက်တာ။
မုန့်ဟန် မျက်လုံးပြူးသွားပြီး ခြေရော လက်ပါ အသုံးပြုကာ အသေအလဲ ရုန်းကန်တော့သည်။ "အွန်း အွန်း အွန်း" ။ ခင်ဗျားတို့ ခုနက ဆရာတူညီမလေးအပေါ်ထားတဲ့ ငါ့ရဲ့ သစ္စာတရားကို စော်ကားလိုက်သေးတယ်၊ ငါ ခင်ဗျားတို့နဲ့ စကားမပြောဘူး။
ဒီအဘိုးကြီးနှစ်ယောက်က ဆရာ့ထက် အသက်ကြီးပြီး ကျန်းမာရေး သိပ်မကောင်းနိုင်။ သူ နည်းနည်းလေး တိုက်မိရုံနဲ့ လဲကျသွားနိုင်သည်ဟု တွေးမိသောကြောင့်သာ သူ၏ရုန်းကန်မှုက မပြင်းထန်ခြင်း ဖြစ်သည်။
ဝန်ကြီးနှစ်ပါးက ညီလာခံတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည့်အားလျော်စွာ ပါးစပ်ပိတ်သည့် သိုင်းကွက်က ကျွမ်းကျင်လှသည်။ ထို့ပြင် လင်ယိုနှင့် နန်းစောင့်တပ်သား အများအပြားကလည်း ဘေးတွင် ကျားရဲများသဖွယ် ကြည့်နေကြသဖြင့် မုန့်ဟန်က ထွက်ပြေးလွတ်မြောက်သွားမည်ကို လုံးဝ စိတ်မပူကြပေ။
ချူဟွားသည် သူတို့ ဘာကြောင့် ဒီလိုလုပ်နေလဲဆိုတာ ခန့်မှန်းမိသဖြင့် ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် လက်ပြလိုက်သည်။ "လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ ကောင်းကောင်း ပေါင်းသင်းကြနော်"
ဘဏ္ဍာရေးဝန်ကြီးက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ "အေးပါ"
အလုပ်သမားဝန်ကြီးကလည်း ယဉ်ကျေးသိမ်မွေ့စွာပင် "ဒါပေါ့"
ခေါင်းပြန်လှည့်လိုက်သည်နှင့်...
ဘဏ္ဍာရေးဝန်ကြီးက မုန့်ဟန်ကို မျက်လုံးဖြင့် ခြိမ်းခြောက်လိုက်၏။ မင်း ထပ်အော်ကြည့်စမ်း။
အလုပ်သမားဝန်ကြီးက တိုးတိုးလေး သတိပေးသည်။ "မင်း ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံးပဲ"
မုန့်ဟန်: "..." ဆရာရေ ဆရာ ပြောတာ မှန်ပါတယ်။ အရာရှိတွေက စိတ်ထား ယုတ်မာကြတယ်။
ကံဆိုးစွာဖြင့် သူက ချူဟွားနှင့် ပူးပေါင်းရန် ကတိပေးမိခဲ့ပြီး ရုံးတော်ဆိုသည့် ဆိုးဆေးကန်ကြီးထဲ ခုန်ဆင်းမိခဲ့ပြီ။ ဝူး ဝူး ဝူး... ဆရာရေ တပည့် ဆရာ့ရဲ့ ဆုံးမစကားတွေကို မျက်ကွယ်ပြုမိခဲ့ပြီ။
အံ့ဖွယ်ခုံးခုံးကို ထိန်းချုပ်ပြီးကြောင်း အတည်ပြုပြီးနောက် ကျားယီနှင့် ချိုက်ကန်းတို့က မြင်းလှည်းမောင်းကာ ချူဟွားကို အိမ်ပြန်ပို့ပေးကြသည်။ မဟုတ်လျှင် မကြာမီ ညီလာခံတက်ရောက်မည့် အရပ်ဘက် စစ်ဘက် အရာရှိများနှင့် ထိပ်တိုက် တိုးပေတော့မည်။
အခြားတစ်ဖက်တွင်တော့ မုန့်ဟန်ကို ဝန်ကြီးနှစ်ပါးက မည်းမှောင်နေသည့်လေးထဲသို့ ဆွဲခေါ်သွားကြသည်။
"ခင်ဗျားတို့ ဒါ ရုံးတော်အနိုင်ကျင့်မှု လုပ်နေတာပဲ" သူ မကန့်ကွက်နိုင်ခင်မှာပင် ပါးစပ်ပိတ်ထားသည့် လက်များ ဖယ်သွားပြီး သူ့လက်ထဲသို့ စာရွက်တစ်ထပ် ထည့်ပေးလာသည်။
ဖယောင်းတိုင် မီးမထွန်းရသေးသဖြင့် မျက်လုံးက မမြင်ရဘဲ လက်ဖြင့်သာ စမ်းကြည့်ရသည်။
ဒီအထိအတွေ့က... ငွေစက္ကူ မဟုတ်ဘူး၊ ရိုးရိုး စာရွက်တွေလား။
မဖြစ်နိုင်ပါဘူး။
ရိုးရိုး စီးပွားရေးသမားပါဟု ပြောခဲ့သည့် ချူဟွားတောင်မှ ဘဏ္ဍာရေးဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးကို ညအလင်းရောင်ပုလဲနှင့် လက်မောင်းမြားများ ပြင်ဆင်ခိုင်းနိုင်သည့် အထူးအခွင့်အရေး ရှိနေသေးတာ၊ ဒီတစ်ခုကလည်း သေချာပေါက် သာမန်တော့ မဟုတ်နိုင်ပါဘူး။
အမှောင်ထဲတွင် လူတစ်ယောက်က မီးခြစ်ဖြင့် ဖယောင်းတိုင်ကို မီးထွန်းလိုက်သည်။
အလင်းရောင် ရလာသည်နှင့် မုန့်ဟန် ငုံ့ကြည့်လိုက်ရာ တကယ်ပဲ သာမန် စာရွက်တစ်ထပ် ဖြစ်နေသည်။
စာရွက်ပေါ်တွင် လူနှစ်ဦး၏ စကားပြောခန်းများကို အပြည့်အသိပ် မှတ်တမ်းတင်ထားသည်။ တစ်ယောက်က ချူဟွား ဖြစ်ပြီး ကျန်တစ်ယောက်ကို 'အဲဒီအရာ' ဟု အစားထိုး သုံးနှုန်းထားသည်။
ချူဟွား: [ဒီမျိုးဆက် ခုံးခုံးက 'ခြေသွက်လက်သွက်' မှာ ဝါသနာ ဒါမှမဟုတ် အားနည်းချက် ရှိလား]
အဲဒီအရာ: [နင်က ဒီအချက်ကို ပစ်မှတ်ထားချင်တာလား၊ ငါ ကြည့်လိုက်ဦးမယ်]
[မုန့်ဟန်က အစားအသောက် ကြိုက်တယ်၊ စက်ယန္တရား ကြိုက်တယ်၊ စိန်ခေါ်မှုရှိတာ ကြိုက်တယ်၊ ဆရာတူညီမလေးကိုလည်း ကြိုက်တယ်၊ ဒါတွေကို အသုံးချလို့ ရတယ်]
မုန့်ဟန်: ???
ဘာကြီးလဲ။ ချူဟွားရဲ့ သတင်းရင်းမြစ်က ဒီအဆင့်ထိ ကျယ်ပြန့်နေတာလား။
ဒီ 'အဲဒီအရာ' ဆိုတာ သေချာပေါက် ယုန်ကလေး တစ်ကောင်ကောင် ဖြစ်ရမည်။
နေ့တိုင်း အတူရှိနေပြီး ဆရာတူညီအစ်ကိုတွေလိုလို အချစ်ပြိုင်ဘက်တွေလိုလို ဖြစ်နေသည့် သူတို့အချင်းချင်းကလွဲရင် ဘယ်သူကမှ သူ့အကြောင်း ဒီလောက် မသိနိုင်ဘူး။
သို့သော် အောက်ပါစကားများက ထိုခန့်မှန်းချက်ကို ငြင်းပယ်လိုက်ပြန်သည်။
ချူဟွား: [စက်ယန္တရားကို ငါ မကျွမ်းကျင်ဘူး၊ အလုပ်သမားဝန်ကြီးဌာနကိုပဲ အားကိုးရမှာ၊ အဲဒီအချိန်ကျရင် ငါတို့ သွားကြည့်ပြီး ဟာကွက်တွေ ရှိမရှိ ရှာကြည့်ကြတာပေါ့၊ ပြီးရင် အဆင့်မြှင့် ပြုပြင်တာတွေ လုပ်မယ်]
[အစားကောင်း သောက်ကောင်းတွေ ငါ့မှာ ရှိတယ်၊ အနောက်တိုင်းရော အရှေ့တိုင်းရော စုံလို့၊ သူ သေချာပေါက် ကျေနပ်စေရမယ်။ စိန်ခေါ်မှုရှိတဲ့ ပစ္စည်းတွေအတွက်ကတော့ ပိုတောင် လွယ်သေးတယ်၊ အရမ်း စိန်ခေါ်မှုများလွန်းလို့ သူ ကြောက်သွားမှာကိုပဲ စိုးရိမ်ရတာ]
[အွန်း... သူ့ ဆရာတူညီမလေးက ဘာကြိုက်တာလဲ]
အဲဒီအရာ: [သူက လက်လက်ထတာတွေ ကြိုက်တယ်၊ ဟေ... ဒီဝါသနာက နဂါးနဲ့ တူမနေဘူးလား]
ချူဟွား: [ဒါက ဘာခက်တာမှတ်လို့၊ ငါ့ရဲ့ ဖန်ထည်စက်ရုံကို လုပ်ခိုင်းလိုက်မယ်၊ ဘာလိုချင်ချင် လုပ်ပေးလို့ ရတယ်၊ သူ ကိုယ်တိုင် လုပ်ချင်ရင်လည်း ရတယ်]
အဲဒီအရာ: [ငါက နင် သူ့ကို ကျောက်မျက်ရတနာတွေ ပေးမယ် ထင်နေတာ]
ချူဟွား: [ခေတ်သစ်မှာ သဘာဝစိန်တွေ ကျောက်မျက်တွေ အမျိုးမျိုး ရှိတယ်၊ ပြီးတော့ ဖြတ်တောက်ပုံစံ အမျိုးမျိုးနဲ့လေ၊ ဇာကွန်ကျောက် တစ်လုံးတည်းနဲ့တင် လက်လက်ထနေအောင် လုပ်လို့ရတယ်]
[ရှေးခေတ်မှာ... ကျောက်မျက်ရတနာတွေတော့ ရနိုင်ပေမဲ့ အရမ်း ဈေးကြီးတယ်၊ ပြီးတော့ သက်ရောက်မှုကလည်း အဲဒီလောက်ပဲလေ]
[သူ့ကို ဖန်ထည်စက်ရုံမှာ ပေးဆော့လိုက်တာက ပိုကောင်းဦးမယ်၊ ကြည်လင်တဲ့မှန်၊ မှန်နှင်းခဲ၊ ရောင်စုံမှန်၊ ကြိုက်သလို လုပ်လို့ရတယ်၊ သူက မှန်ရဲတိုက်ကြီး ဆောက်ချင်ရင်တောင် ရတယ်]
[ပြီးရင် သူ့ကို အရုပ်တွေ၊ မော်ဒယ်တွေအကြောင်း မိတ်ဆက်ပေးလိုက်မယ်၊ မှန်ရုပ်တု နိုင်ငံတော်ကြီး တည်ဆောက်တဲ့ အရသာကို သူ့ကို ကိုယ်တိုင် ခံစားခိုင်းလိုက်ရင် မကောင်းဘူးလား]
အဲဒီအရာ: [မုန့်ဟန်က ဆရာတူညီမလေးကို တိတ်တခိုးကြိုက်နေတာ သုံးနှစ်ရှိပြီ၊ စာအုပ်ထဲမှာ လေ့ကျင့်တာ အခါ ၅၀ တောင် ရှိနေပြီ၊ ဒါတောင် ဖွင့်မပြောရဲဘူး၊ သတ္တိမရှိလိုက်တာ၊ ငါ ကြည့်တောင် မကြည့်ချင်တော့ဘူး]
[နင်သာ သူ့ကို ကူညီပြီး ဆရာတူညီမလေးကို ရအောင် လုပ်ပေးနိုင်ရင် သူက နင့်စကား သေချာပေါက် နားထောင်လိမ့်မယ်၊ အရှင်မင်းကြီးရဲ့ အတွင်းခံဘောင်းဘီကို ခိုးခိုင်းရင်တောင် သူ သွားခိုးလိမ့်မယ်]
မုန့်ဟန်: "..." အဲဒီလောက်ထိတော့ မဟုတ်ပါဘူး။
အရှင်မင်းကြီး၏ အတွင်းခံဘောင်းဘီကို ခိုးရသည်မှာ မခက်ခဲသော်လည်း အဓိကက ကိုယ့်ကျင့်တရားအရ ထိုမျှ နှာဘူးမကျချင်သောကြောင့် ဖြစ်သည်။
အဟမ်း... ချူဟွားသာ သူ့ကို တကယ် ကူညီပြီး ဆရာတူညီမလေးကို ရအောင် လုပ်ပေးနိုင်ရင် ရှီးရုံနိုင်ငံရဲ့ ဘဏ္ဍာတိုက်ကို သွားခိုးပေးတာမျိုးလောက်တော့ လုပ်ပေးလို့ ရပါတယ်။
လူငယ်လေး၏ ဖြူဖွေးသော မျက်နှာပေါ်တွင် ရှက်သွေးဖြာသော အနီရောင်သန်းသွားလေသည်။
ထိုအချိန်တွင် ဘယ်ညာ နှစ်ဖက်ဆီမှ ဆံပင်ပါးပါး ခေါင်းကြီးနှစ်လုံး ထိုးထွက်လာသည်။
ဘဏ္ဍာရေးဝန်ကြီး: "မြင်ပြီးပြီလား"
အလုပ်သမားဝန်ကြီး: "မင်းကို ဘာလို့ ဒီခေါ်လာလဲ သိပြီလား"
"အမလေး" မုန့်ဟန် စိတ်ကူးယဉ် အိပ်မက်ထဲ မျောနေတုန်း ကပ်လာသည့် အဘိုးကြီး မျက်နှာနှစ်ခုကြောင့် လန့်သေမတတ် ဖြစ်သွားသည်။
"ချူဟွားက ဒါတွေ ဘယ်က ရတာလဲ"
ဆရာတူညီအစ်ကိုများ သတင်းပေးတာ မဖြစ်နိုင်ကြောင်း အတည်ပြုနိုင်သည့်အချက်မှာ သူ ဆရာတူညီမလေးကို ဘယ်လောက်ကြာကြာ ကြိုက်နေခဲ့သလဲ ဆိုတာနှင့် နောက်ကွယ်မှာ ဘယ်နှကြိမ် လေ့ကျင့်ခဲ့သလဲ ဆိုတာကို သူတို့က သိနိုင်မည်မဟုတ်သောကြောင့်ပင်။
ဘဏ္ဍာရေးဝန်ကြီးက စာရွက်ပေါ်မှ 'အဲဒီအရာ' ဆိုသည့် စာလုံးကို လက်ညှိုးထိုးပြသည်။ "အဲဒီအကောင် ပြောတာ"
'အဲဒီအရာ' ဟုတ်လား။ မုန့်ဟန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီကိစ္စက ရိုးရှင်းပုံ မရဘူး။
"အဲဒီ ကလေးလား"
အလုပ်သမားဝန်ကြီးက မုန့်ဟန်၏ စိတ်နေသဘောထား မည်သို့ရှိသည်၊ စိတ်ချရသူ ဟုတ်မဟုတ် မသေချာသေးသဖြင့် များများစားစား မပြောပေ။ "တခြားဟာ မင်း သိစရာ မလိုဘူး၊ သူတို့နှစ်ယောက် စကားပြောတာကို မင်း ကြားနိုင်တဲ့ကိစ္စကို လျှို့ဝှက်ထားရမယ် ဆိုတာလောက် သိရင် ရပြီ၊ အထူးသဖြင့် သူတို့နှစ်ယောက်ကို အသိပေးလို့ မဖြစ်ဘူး"
မုန့်ဟန် အဓိကအချက်ကို ချက်ချင်း သဘောပေါက်သွားသည်။ ချူဟွားကို အထူးဆက်ဆံနေရသည့် အကြောင်းရင်းက ဒီမှာကိုး။
ဒီအရာရှိတွေက ကလေးလေးရဲ့ ထူးဆန်းတဲ့ စွမ်းရည်ကို အသုံးချပြီး မကောင်းတဲ့ ရည်ရွယ်ချက်တချို့ကို အကောင်အထည်ဖော်ချင်နေကြတာ၊ ပြီးတော့ ချူဟွားနဲ့ ကလေးလေးက သူတို့ ပြောတာတွေကို အရာရှိတွေ ကြားနေရမှန်း မသိကြဘူး။
နည်းနည်းတော့ အခြေအနေ မကောင်းဘူး။
ချူဟွား စိတ်မကြည်လို့ဖြစ်ဖြစ်၊ အနိုင်ကျင့်ခံရလို့ဖြစ်ဖြစ် ညည်းညူလိုက်ရင် သူတို့ ကြားသွားမှာပေါ့။
ဘဏ္ဍာတိုက်မှာ တွေ့ကတည်းက ချူဟွားက သူ့အပေါ် မဆိုးခဲ့ဘူး၊ ဆရာတူညီမလေးကို လိုက်ဖို့တောင် ကူညီပေးဦးမှာ၊ ဒီအရာရှိတွေရဲ့ လက်ထဲ အပါမခံနိုင်ဘူး။
မဖြစ်ဘူး၊ ငါ နည်းလမ်းရှာပြီး ချူဟွားကို မသိမသာ သတိပေးရမယ်။
ဝန်ကြီးနှစ်ပါးက မုန့်ဟန်၏ အမူအရာကို မြင်သည်နှင့် သူက ချူဟွားဘက် ပါသွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။
ဘဏ္ဍာရေးဝန်ကြီးက မုန့်ဟန်၏ ပခုံးကို ပုတ်လိုက်လေသည်။ "ချူဟွားက တရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချူဖျင်ရဲ့ သမီးအရင်း၊ မင်းသား၅ ရဲ့ စာသင်ဖော်၊ မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးတို့ရဲ့ တပည့်ပဲ"
ဒါကြောင့် မင်း စိတ်ပူနေတာတွေ မဖြစ်နိုင်ဘူး၊ နားလည်လား။
မုန့်ဟန်မှာ ပင့်သက်ရှိုက်မိသွားသည်။ ဘုရားရေ၊ နောက်ခံက တော်တော်ကြီးတာပဲ။
ဟေ... ဒါဆို ငါက ပေါင်လုံးကြီးကြီးကို ဖက်မိလိုက်တာပေါ့။ ဆရာရေ တပည့် အောင်မြင်ပြီဗျ။
အလုပ်သမားဝန်ကြီး: "တော်ဝင်သင်္ချိုင်း စူးစမ်းတာက အလောတကြီး မလိုပါဘူး၊ မင်း စက်ယန္တရား ကျွမ်းကျင်တယ်ဆိုတော့ အရင်ဆုံး အလုပ်သမားဝန်ကြီးဌာနကို လာပြီး ချူဟွားအတွက် မြင်းလှည်း ပြင်ဆင်ပေး"
မုန့်ဟန် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကြောင့် လန့်သွားသည်။ "သူ့ကို သတ်ချင်တဲ့လူ ရှိလို့လား"
အလုပ်သမားဝန်ကြီးက ခေါင်းညိတ်လိုက် ခေါင်းခါလိုက် လုပ်ပြလေသည်။ ချူဟွားကို သတ်ချင်တဲ့လူတွေက အများကြီးပဲ၊ မအောင်မြင်ကြတာပဲ ရှိတာ။
"ကြိုတင်ကာကွယ်မှုပေါ့"
မြင်းလှည်း ပြုပြင်မွမ်းမံမည့် အကြံဉာဏ်သည် ယဲ့ဇီဝမ်က မြင်းလှည်းနောက် လိုက်ပါသွားသည်ကို ကြားပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကျားယီနှင့် ချိုက်ကန်းတို့က တစ်ယောက်ကို ဆယ်ယောက်နှင့် ယှဉ်နိုင်သည့် လက်ရုံးရည်ရှိသူများ ဖြစ်သည်။ ချူဟွား၏ ပတ်ပတ်လည်တွင်လည်း လျှို့ဝှက်အစောင့်များ လိုက်ပါစောင့်ရှောက်လျက် ရှိလေသည်။ သို့သော် ကာကွယ်မှု အစီအမံများ ပိုများတာကို ဘယ်သူက ငြင်းပါမည်နည်း။
လောလောဆယ် ချူဟွားက မြို့တော်တွင် ရှိနေသဖြင့် သူတို့ ထိန်းချုပ်နိုင်သည့် နယ်ပယ်ထဲတွင် ရှိနေသည်။ တနေ့နေ့ မြို့တော်ပြင်ပသို့ ထွက်ခွာသွားပါက စက်ယန္တရားများ တပ်ဆင်ထားသည့် မြင်းလှည်းကောင်းတစ်စီးသည် ကိုယ်ရံတော် ဆယ်ဂဏန်းထက် ပိုအသုံးဝင်ပေလိမ့်မည်။
မုန့်ဟန်က သဘောတူလိုက်၏။ "ရပါတယ်"
ထို့နောက် မိမိ၏ လက်စွမ်းကို သက်သေပြရန်အတွက် ခိုးယူလာခဲ့သော ညလင်းပုလဲနှင့် လက်မောင်းမြားများကို ပြတ်ပြတ်သားသားပင် ပြန်လည် အပ်နှံလိုက်လေသည်။
နောက်တစ်နေ့တွင် မုန့်ဟန်ကို အလုပ်သမားဝန်ကြီး ကိုယ်တိုင် အလုပ်သမားဝန်ကြီးဌာနသို့ ခေါ်ဆောင်သွားတော့သည်။
အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများသည် သူ့ကို မြင်သောအခါ အတော်လေး စူးစမ်းချင်စိတ် ဖြစ်သွားကြပြီး တစ်ယောက်ချင်းစီက အလွန် ဖော်ရွေကြသည်။ အမည်နှင့် ကျွမ်းကျင်မှုများကို အပြန်အလှန် မိတ်ဆက်ကြကာ လေထုမှာ အတော်လေး နွေးထွေးနေသည်။
အလုပ်သမားဝန်ကြီးက "မနေ့ညက ဘဏ္ဍာတိုက်က ယန္တရားတွေကို မုန့်ဟန်က ဖျက်ဆီးလိုက်ပြီ၊ သွားပြင်ကြ" ဟု ပြောလိုက်သည်အထိပင်။
အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများက မုန့်ဟန်ကို ဖြုန်းတီးသူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြသည်။ ဟေ့ကောင်... မင်း အကုန် ဖျက်ဆီးပစ်လိုက်တာလား၊ တစ်ခုမှ မချန်ဘူးလား။
လူတိုင်းကို အလုပ်တာဝန်တွေ အလကားနေရင်း တိုးစေခဲ့သဖြင့် မုန့်ဟန် ကိုယ်တိုင်လည်း အားနာသွားပြီး နေရာအနှံ့ လိုက်လံတောင်းပန်ရတော့သည်။ "အဲဒီတုန်းက ကျွန်တော်က အားလုံးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမယ်မှန်း မသိခဲ့ဘူးလေ၊ ယန္တရားတွေက အရမ်း ကောင်းလွန်းတော့ အကုန် ဖျက်ဆီးမှ ဖြတ်ကျော်လို့ရမှာ မဟုတ်ဘူးလား၊ ကျွန်တော် တကယ် မရည်ရွယ်ပါဘူး၊ တောင်းပန်ပါတယ်ဗျာ"
မုန့်ဟန်၏ တောင်းပန်မှုက ရိုးသားပြီး လေသံကလည်း နှိမ့်ချလွန်းသဖြင့် အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများသည် သိပ်ပြီး ဒေါသမထွက်ကြတော့ပေ။
ဟုတ်တာပဲလေ။
သူတို့ ကိုယ်တိုင်လည်း တစ်နေ့ကျရင် အံ့ဖွယ်ခုံးခုံးနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်လာမယ်လို့ ဘယ်ထင်ထားပါ့မလဲ။
ပြီးတော့ သူတို့ လုပ်ထားတဲ့ ယန္တရားတွေကို သူခိုးနတ်ဘုရား 'အံ့ဖွယ်ခုံးခုံး' ကတောင် တော်တယ်လို့ ချီးကျူးသွားသေးတယ် ဟဲ ဟဲ။ သူတို့လည်း တော်သားပဲ။
ဘဝဆိုတာ နောက်တစ်စက္ကန့်မှာ ဘယ်လို ထူးခြားဆန်းပြားတာတွေ ကြုံလာရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ... လူအများစုက တိတ်တဆိတ် သဘောကျပြီး စိတ်ထဲတွင် နည်းနည်းတော့ မြောက်သွားကြတော့သည်။
မုန့်ဟန်ကတော့ တိတ်တိတ်လေး ချွေးသုတ်လိုက်ရ၏။ အလုပ်ဆင်းတဲ့ ပထမဆုံးနေ့မှာတင် လုပ်ဖော်ကိုင်ဖက် အားလုံးကို ပြစ်မှားမိလို့ မဖြစ်ဘူးလေ၊ မဟုတ်ရင် ရှေ့ဆက် ဘယ်လို အလုပ်လုပ်ရပါ့မလဲ။
သူက သက်ပြင်းချလိုက်ခါရှိသေး အလုပ်သမားဝန်ကြီးက ပြောလိုလာလေသည်။ "မင်းတို့အားလုံး ခေါင်းခြောက်ခံပြီး လုပ်ထားတဲ့ ယန္တရားတွေ ပေါင်းထားတာတောင်မှ မုန့်ဟန်အတွက် ၁၅ မိနစ်တောင် မခံဘူး၊ ကိုယ့်ဟာကို သေချာ ပြန်သုံးသပ်ကြ"
အလုပ်သမားဝန်ကြီးဌာန အရာရှိများ: "..."
မုန့်ဟန်: "..."
မုန့်ဟန်လည်း အခြေအနေ မဟန်မှန်း သိသည်နှင့် ခြေကုန်သုတ်ပြီး အမြန်ပြေးတော့သည်။ အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများကလည်း ဖိနပ်တွေ ထိုင်ခုံတွေ ကောက်ကိုင်ပြီး အနောက်မှ အသေအလဲ လိုက်ကြတော့သည်။ "မုန့်ဟန် ရပ်လိုက်၊ ငါတို့ မင်းကို အသေမသတ်ပါဘူးလို့ အာမခံတယ်"
'အသေမသတ်ဘူး' နဲ့ 'မသေမရှင် ရိုက်မယ်' ဆိုတာက အတူတူပဲမို့ မုန့်ဟန် ဘယ်ရပ်ရဲပါ့မလဲ။
ဒီလိုပြေးရင်းလွှားရင်းနှင့် ချူအိမ်တော်သို့ ရောက်လာခဲ့သည်။
သူသည် ချန်ဟွားကျွီသို့ ရောက်သွားသည့်အချိန်တွင် ချူဟွားက မနက်စာ စားပြီးခါစဖြစ်ပြီး သမ်းဝေရင်း စာဖတ်နေသည်။ သူ့ကို မြင်လိုက်ရတော့ အနည်းငယ် အံ့ဩသွား၏။ "ဟင်... နင် ဘယ်လို ရောက်လာတာလဲ"
မုန့်ဟန်တွင် ရင်ဖွင့်စရာ ဒုက္ခတွေ တစ်ပုံကြီး ရှိနေသဖြင့် ထိုင်လိုက်သည်နှင့် တရစပ် ပြောဆိုလေတော့သည်။
ချူဟွား: "အလုပ်သမားဝန်ကြီးဌာနက သာ့ရှန်းမင်းဆက်ရဲ့ ထိပ်တန်း လက်မှုပညာရှင်တွေကို စုစည်းထားတာ၊ နင်က သူတို့ သေချာ ပြင်ဆင်ထားတဲ့ ယန္တရားတွေကို ဖျက်ဆီးလိုက်တော့ သူတို့ ဒေါသမထွက်ဘဲ နေမလား"
"ဒါပေမဲ့ အဲဒီလောက်ကြီး အော်ဟစ်လိုက်ဖမ်းစရာ မလိုပါဘူး" မုန့်ဟန်က ပွစိပွစိ ပြောရင်း ချင်းကျူက ချူဟွားအတွက် ပြင်ဆင်ထားသော မုန့်များကို စိတ်မရှည်စွာ ကိုက်စားလိုက်သည်။
သူ့ပုံစံက နစ်နာနေပြီး ချော့မော့ခံချင်နေသည့်ပုံ ပေါက်နေသဖြင့် ချူဟွားက လှမ်းခေါ်လိုက်၏။
"ချင်းကျူ ငါ ပြင်ဆင်ထားတဲ့ လက်ဆောင် သွားယူလိုက်"
ချင်းကျူက ပြန်ထူးပြီး ထွက်သွားကာ သိပ်မကြီးလှသော သစ်သားသေတ္တာလေး တစ်လုံးကို ယူလာသည်။
လက်ဆောင်ရတာ ဘယ်သူ မကြိုက်ဘဲ နေမလဲ။ မုန့်ဟန်လည်း စိတ်ဝင်စားသွားတော့သည်။
"ဘာလက်ဆောင်လဲ"
ချူဟွား: "ဖွင့်ကြည့်လိုက်"
မုန့်ဟန်တစ်ယောက် မျှော်လင့်တကြီး ဖွင့်ကြည့်လိုက်ရာ ခရမ်းရောင်ဖျော့ဖျော့ ကြာပန်းပန်းကန်လုံးလေး တစ်လုံး ငြိမ်သက်စွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
လက်ဖဝါးအရွယ်အစားရှိ ပန်းကန်လုံးလေးသည် ကြည်လင်တောက်ပနေပြီး ပန်းကန်နံရံတွင် ကြာပန်းတစ်ပွင့် ပွင့်လန်းနေသည်။ ပန်းပွင့်ဖတ်များနှင့် ဝတ်ဆံတို့မှာ အသက်ဝင်လှပြီး တစ်ခုလုံးတွင် ဆက်ရာများနှင့် အနာအဆာ တစ်ခုမှ မရှိဘဲ သဘာဝအတိုင်း ဖြစ်တည်နေသကဲ့သို့ပင်။
ပန်းကန်လုံးဘေးတွင် အကြည်ရောင်၊ အစိမ်းရောင်၊ အနီရောင် မှန်ကြာပန်းလေးများ ရှိနေသည်။ အသေးဆုံးမှာ ကြေးပြားဝိုင်း အရွယ်အစားသာ ရှိပြီး အကြီးဆုံးမှာ ကြေးပြားဝိုင်း သုံးပြားစာလောက်သာ ရှိသည်။ သေးငယ်ပြီး သေသပ်လှပကာ လက်လက်ထနေသည်။
ဒါက ဆရာတူညီမလေးအတွက် ပြင်ဆင်ပေးထားတာပဲ။ မုန့်ဟန်မှာ အလွန် ဝမ်းသာသွားလေသည်။
ဆရာတူညီမလေးက လက်လက်ထသည့် အရာများကို ကြိုက်နှစ်သက်သဖြင့် ဆရာ၊ ဆရာကတော်နှင့် ဆရာတူညီအစ်ကိုများသည် နေရာအနှံ့ လိုက်ရှာခဲ့သော်လည်း ကျောက်မျက်ရတနာတချို့နှင့် ရိုးရှင်းသော ဖန်ထည်ပစ္စည်း တချို့သာ ရှာတွေ့ခဲ့သည်။
နောက်တစ်ခုက ဈေးသက်သာသော်လည်း အဓိကအားဖြင့် ဖန်ခွက်၊ ဖန်ပုလင်း စသည့် အသုံးအဆောင်များသာ ဖြစ်ကြသည်။
ဒီလောက် သေသပ်လှပတာမျိုး မရှိသေးပေ။
လက်ဆောင် မဖွင့်ခင်တုန်းက သူ တွေးထားသေးသည်။ တကယ်လို့ စိတ်တိုင်းမကျရင်တောင်မှ ဟန်ဆောင်ပြီး သရုပ်ဆောင်ရမယ်၊ ချူဟွား သေချာ ပြင်ဆင်ပေးထားတဲ့ စေတနာကို လျစ်လျူရှုလို့ မဖြစ်ဘူး။
လက်ဆောင် ဖွင့်ပြီးနောက်တွင်တော့ သူက တွေးလိုက်လေသည်။ ငါ ကြိုက်တဲ့ကောင်မလေးကို သူက တကယ် လိုက်ပေးနေတာပဲဟ၊ နောက်ခံကြီးပြီး အရမ်း ဂရုစိုက်တတ်တဲ့ ဒီခေါင်းဆောင်နောက်ကို ငါ လိုက်တော့မယ်။
မုန့်ဟန်က လက်ဆောင်ကို ပွေ့ဖက်ထားလိုက်၏။ သူက ဒီခေါင်းဆောင်ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ရာ စေတနာ အနည်းငယ် ပြသရပေမည်။
"နင် လိုချင်တာ ရှိလား၊ ငါ သွားခိုးပေးမယ်"
ချူဟွားလည်း ခဏလောက် တွေဝေသွားသည်။ "နည်းနည်းတော့ ဒုက္ခများလိမ့်မယ်"
စိန်ခေါ်မှု ရှိနေပြန်ပြီလား။ မုန့်ဟန်က စိတ်ဝင်စားသွားသည်။ "ဘာပစ္စည်းမို့လို့လဲ"
ချူဟွား: "နက္ခတ်ဗေဒဌာနမှူးအသစ် ရှန်လု"
မုန့်ဟန်သည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ "နင်က ငါ့ကို လူသွားခိုးခိုင်းနေတာလား"
…