← Chapters

အခန်း ၆၉

Vol. 5 Ch. 69

အခန်း ၆၉

Vol. 5 Ch. 69

အပိုင်း (၆၉)

ချူဟွား စကားမပြောနိုင်ခင်မှာပင် systemက ဒေါသထွက်သွားလေသည်။ [ဟေး - စကားကို ဆင်ခြင်ပြောလို့ မရဘူးလား။ ဘာကို လူခိုးမှာလဲ]

[မမကြီးဟွားက ဒီနှစ် ၁၃ နှစ်ပဲ ရှိသေးတယ်။ အရွယ်မရောက်သေးဘူး။ ဘာကို လူခိုးမှာလဲ။ ဒါက ဥပဒေနဲ့ မညီဘူးဆိုတာ မသိဘူးလား။ မင်းက ဥပဒေ နားမလည်တဲ့သူပဲ။ ဘယ်သူက မင်းကို စာမသင်နဲ့ ပြောထားလို့လဲ]

မုန့်ဟန်: "..."

ဒီဆူပူသံက သူ့ကို စိတ်ချောက်ချားစေပြီး သူ့ဆရာကို မြင်ယောင်လာစေသည်။ ဒါပေမဲ့ ကလေးသံလေးက နုနယ်လွန်းလို့ သူ့ဆရာရဲ့ အသံဩဩကြီးနဲ့ လုံးဝ မတူတာကြောင့် သူ မှားတယ်ဆိုတာ သိသာနေတယ်။

စောစောက ဘဏ္ဍာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးတို့နှင့် သဘောတူညီချက် ရထားသဖြင့် မုန့်ဟန်သည် အမှန်တရား ပေါ်သွားမည်ကို စိုးရိမ်ပြီး ထူးထူးခြားခြား မပြုမူရဲပေ။ သူက မေးခွန်းကိုသာ ထပ်မေးလိုက်သည်။ "မင်း ငါ့ကို လူခိုးပေးစေချင်တာ သေချာလား”

ချူဟွားသည် မူလကတော့ ဒီစိတ်ကူး မရှိခဲ့သော်လည်း မုန့်ဟန်၏ မယုံကြည်နိုင်သော မျက်နှာထားကို မြင်လိုက်ရသည်တွင် သူ့ကို စချင်သွားတော့သည်။

"ရှင် ခိုးနိုင်လို့လား”

မုန့်ဟန်: "..."

ပစ္စည်းခိုးတာက မခက်ဘူး။ နန်းတော်ထဲက ပစ္စည်းဆိုရင်တောင် သူ ခိုးနိုင်တယ်။ ဒါပေမဲ့ လူခိုးတာက မတူဘူးလေ။

လူတွေက သာမန် ပစ္စည်းတွေလို တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး နေမှာ မဟုတ်ဘူး။ သူတို့က ခုခံမယ်၊ ထွက်ပြေးမယ်၊ မတော်တဆမှုတွေ ကြုံရရင် အော်ဟစ်ကြလိမ့်မယ်။ သူက ယန္တရား ကျွမ်းကျင်ပေမဲ့ သိုင်းပညာ သိပ်မကျွမ်းဘူး။

ဒါပေမဲ့ သူ ဒီသူဌေးကို အသိအမှတ်ပြုထားပြီးပြီဆိုတော့ သူဌေးကို သူ့စေတနာ ပြရမယ်လေ။ ပြီးတော့ လူခိုးတာက တကယ်ပဲ စိန်ခေါ်မှုတစ်ရပ်ပဲ။ သူ တစ်ခါမှ မလုပ်ဖူးလို့ လမ်းခုလတ်မှာ ကျရှုံးမလား ဆိုတာ သူ မသိဘူး။

"ငါ ကြိုးစားကြည့်မယ်” စောစောက ရှက်ရွံ့နေသည့် ကောင်လေးက ရုတ်တရက် လက်များကို ပွတ်သပ်ပြီး မိုးချုပ်သည်နှင့် စတင်တော့မလို စိတ်အားထက်သန်နေလို့သည်။

သူ့ကို စိတ်ငြိမ်အောင် ဖျောင်းဖျရမဲ့အလှည့်က ချူဟွားဆီ ရောက်လာသည်။ "အရမ်း စိတ်မလှုပ်ရှားနဲ့ဦး။ ရှန်လုက ဘယ်သူလဲ ဆိုတာ သိလား”

မုန့်ဟန်ကလည်း မှတ်ဉာဏ်ကောင်းသည်။ "မင်း ပြောတယ်လေ၊ အသစ် ခန့်ထားတဲ့ တော်ဝင်နက္ခတ်ဗေဒပညာရှင် လို့”

ချူဟွားက ပြင်ပြောလိုက်သည်။ "သူက ညီလာခံကနေ တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာနကို အထူး ဖိတ်ကြားထားတာ။ သူ့မှာ တိကျတဲ့ ရာထူး မရှိပေမဲ့ အဆင့်၅ အရာရှိထက် ပိုအလေးထားခံရတယ်။ ဘဏ္ဍာတိုက်မှာ ပိုက်ဆံမရှိတဲ့အချိန်မှာတောင် သူ့အတွက် ကြယ်တာရာ ကြည့်တဲ့ မျှော်စင် ဆောက်ဖို့ ငွေလျန် ၁၀,၀၀၀ သုံးခဲ့တယ်”

"အိုက်ယိုး——" ဒါက သာ့ရှန်း ညီလာခံရဲ့ ရတနာပဲ။ အရှင်မင်းကြီးရဲ့ သားတော်ထက် ပိုအရေးကြီးတယ်။

မုန့်ဟန်က ရှန်လု မည်မျှ အရေးပါသည်ကို ချက်ချင်း သဘောပေါက်သွားပြီး ဒီအကြံက နည်းနည်း ခက်ခဲမှာပဲဟု တွေးလိုက်လေသည်။

"မင်း သူ့ကို မြင်ဖူးလား”

ချူဟွား: "မမြင်ဖူးဘူး”

မုန့်ဟန်: "ဒါဆို မင်း ဘာလို့ သူ့ကို လိုချင်တာလဲ”

ချူဟွား: "ဘာလို့လဲဆိုတော့ သူက..."

ချစ်စရာ systemလေးက ရုတ်တရက် ပေါ်လာပြီး ပြီးပြည့်စုံစွာ ဖြေလိုက်သည်။ [အရမ်း ချောလို့လေ]

ချူဟွားနှင့် မုန့်ဟန်တို့ နှုတ်ဆိတ်သွားကြသည်။

ခဏကြာတော့ ချူဟွားက ဘာမှ မဖြစ်သလို ဟန်ဆောင်လိုက်သည်။ "ကျွန်မ သူ့ရဲ့ ရာသီဥတု ခန့်မှန်းတဲ့ စွမ်းရည်ကို သင်ချင်လို့”

အဓိက အကြောင်းရင်းက systemရဲ့ ရာသီဥတု ခန့်မှန်းချက် လုပ်ဆောင်ချက်အတွက် ဆင်ခြေရှာဖို့ပါပဲ။

သူမ ရှန်လုဆီကနေ ဒီပညာကို မသင်ယူရင် သူမနဲ့ systemကို ညီလာခံလက်ထဲ လုံးဝ အပ်နှင်းဖို့ ဆန္ဒမရှိသရွေ့ systemရဲ့ သဘာဝဘေး သတိပေးချက် လုပ်ဆောင်ချက်ကို သုံးဖို့ အဆင်မပြေနိုင်ဘူး။

မုန့်ဟန်က ဒီကိစ္စကို မသိသဖြင့် သူမ ကိုယ်ပိုင် စိတ်ဝင်စားမှုကြောင့် သင်ချင်တာ ဖြစ်မယ်၊ ရှန်လုက မသင်ပေးမှာ စိုးရိမ်လို့ အိမ်ခိုးပြေးမဲ့ အကြံ ထွက်လာတာ ဖြစ်မယ်လို့ပဲ ထင်လိုက်သည်။

"အကြမ်းမဖက်ခင် ယဉ်ကျေးမှုကို အရင် သုံးကြည့်ရအောင်လေ။ အရင်ဆုံး သူ့ဆီသွားပြီး အကြံဉာဏ် တောင်းကြည့်မယ်။ သူ တကယ် မသင်ပေးချင်ဘူး ဆိုမှ ငါ မင်းအတွက် သူ့ကို ခိုးပေးမဲ့ နည်းလမ်း ရှာပေးမယ်”

မုန့်ဟန်က နားလည်မှု လွဲသွားသည်ကို ချူဟွားလည်း သိလိုက်ပြီး သဘောတူလိုက်တော့သည်။

"ကောင်းပြီလေ၊ ကျွန်မ အရင်ဆုံး ဖိတ်စာ ပို့လိုက်မယ်”

ဒီရက်ပိုင်း မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးက သူမကို ကြိုးကြိုးစားစား သင်ပေးနေပေမဲ့ အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိမှု၊ မျိုးချစ်စိတ်နဲ့ ပြည်သူတွေအတွက် အပ်နှံမှု အကြောင်းတွေကို မဟောပြောသလို systemရဲ့ ရာသီဥတု ခန့်မှန်းချက် လုပ်ဆောင်ချက်ကို သုံးဖို့လည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကြံမပေးခဲ့ပါဘူး။

ငလျင် ဒါမှမဟုတ် သဘာဝဘေး အန္တရာယ်ကြီးတစ်ခု ဖြစ်လာမှာကို စိုးရိမ်နေတာက သူမ ကိုယ်တိုင်ပဲ။ သူမ ရာသီဥတု ခန့်မှန်းတဲ့ ပညာ မတတ်ရင် သူမရဲ့ လိမ်ညာမှုကို ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး။

ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညီလာခံကို ဖိအားပေးရတာထက် စောစောစီးစီး ပြင်ဆင်ထားတာက ပိုကောင်းတယ်။

မုန့်ဟန်က လက်ဆောင်ကို ကျေနပ်စွာ ယူပြီး ပြန်သွားတော့သည်။

ချူဟွားက အတန်းချိန် စောသေးတာ မြင်တော့ systemကို မေးလိုက်သည်။ [ရှန်လုက ဘယ်လောက် လှလို့လဲ]

System: [နင် မျက်ရည်ခံမှဲ့ပါတဲ့ အလှလေးတွေကို ကြိုက်လား]

ချူဟွားက အသက်ပြင်းပြင်း ရှူလိုက်ကာ [ထုံအာ၊ နင် တိတ်တိတ်လေး ဖရဲသီး စားထားတယ်လို့ ငါ သံသယဝင်တယ်]

[ဟီးဟီး...] Systemက ပျော်ရွှင်စွာ ရယ်မောလိုက်၏။ [နင့်ရဲ့ စိတ်ကူးယဉ်ပုံစံနဲ့ အတိအကျ မတူပေမဲ့ မျက်ရည်ခံမှဲ့ပါတဲ့ အလှလေးတွေက နင့်ကို အရမ်း ဆွဲဆောင်နိုင်မယ်လို့ ငါ ထင်တယ်]

ချူဟွားက ဝန်မခံပေ။ [အေးစက်ပြီး ပြည်နှင်ဒဏ်သင့်နေတဲ့ နတ်သားလို အလှလေးတွေက XP (ရုပ်ရည်သွင်ပြင် စွဲလမ်းတဲ့သူ)ကို ပိုဆွဲဆောင်နိုင်မယ်လို့ ငါ ထင်တုန်းပဲ]

အားလုံး: ? ? ?

XPတဲ့လား။ ဘာကြီးလဲ။

Systemက ပိုကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဖရဲသီးစား systemရဲ့ ထောက်လှမ်းရေး စွမ်းရည်ကို အမြဲ ယုံကြည်လို့ ရမှန်း သူ သိသားပဲ!

[ရှန်လုက လက်လှမ်းမမီနိုင်တဲ့ အေးစက်ပြီး ပြည်နှင်ဒဏ်သင့်နေတဲ့ နတ်သား အလှလေးလေ။ သူက နင် ကြိုက်တဲ့ ဆံပင်ဖြူ မဟုတ်ပေမဲ့ သူ့မှာ စွဲမက်ဖွယ်ကောင်းတဲ့ မက်မွန်ပွင့် မျက်လုံးတွေနဲ့ မျက်လုံးအောက်မှာ မျက်ရည်ခံမှဲ့ ရှိတယ်။ ဘယ်လိုလဲ။ နင့် XP နဲ့ ကွက်တိပဲ မဟုတ်လား]

ချူဟွား: "..."

Systemက သူမရဲ့ screen saver၊ favorites၊ browsing history တွေကို မြင်ထားတယ်လို့ သူမ သံသယဝင်မိတော့တယ်။ သက်သေ ရှိနေတယ်လေ! မဟုတ်ရင် 188 က သူမ ဆံပင်ဖြူ၊ အေးစက်ပြီး ပြည်နှင်ဒဏ်သင့်နေတဲ့ နတ်သားတွေ၊ မျက်ရည်ခံမှဲ့ပါတဲ့ အလှလေးတွေကို ကြိုက်မှန်း ဘယ်လို သိမှာလဲ။

ဖရဲသီးစား system ရှေ့မှာ သူမ သီးသန့်လွတ်လပ်ခွင့် နည်းနည်းလောက်တောင် မရနိုင်တော့ဘူးလား။ သောက်ကျိုးနည်း!

[အဲလောက်လဲ မဟုတ်ပါဘူး] သူမက နောက်ဆုံး မျက်နှာဆယ်ရန် ကြိုးစားရတော့သည်။ သူမ သူ့ကို မမြင်ဖူးသေးဘူးလေ၊ ဟုတ်တယ်မလား။

Systemက မယုံပေ။ [ဟားဟား]

ရိုးရှင်းတဲ့ ဟားဟား နှစ်လုံးက အကုန် ပြောပြနေသည်။ ငါ ယုံမယ်လို့များ ထင်နေလား။

ချူဟွားလည်း ပါးစပ်ပိတ်ပြီး အတန်းသွားတက်လိုက်တော့သည်။

ဒီသတင်းက နန်းတော်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်သွားလေသည်။

ပြီးခဲ့သော အကြိမ်က စစ်သူကြီး ရွှမ်ဝေနှင့် ပတ်သက်သော သတင်းမှာ နန်းတော်ဆီသို့ အချိန်မီ မရောက်ရှိဘဲ စစ်သူကြီး ရွှမ်ဝေ စောစီးစွာ ထွက်ပြေးတိမ်းရှောင်သွားကာ အချိန်မီ မဖြေရှင်းနိုင်ခဲ့သောကြောင့် အရှင်မင်းကြီးက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သတင်းကို ဦးစွာပို့ရန်နှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို မိမိလက်ထဲ၌သာ ထားရှိရန် နန်းစောင့်တပ်သားများအား အမိန့်ပေးထားလိုက်သည်။

ယခုတစ်ကြိမ် အကြောင်းအရာကို ဖတ်ရှုပြီးနောက်တွင်မူ အရှင်မင်းကြီးသည် အချိန်ကြာမြင့်စွာ စဉ်းစားနေမိသည်။

Cross sever ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူ ရေရေရာရာ မသိရှိသော်လည်း ရှေ့နောက် စကားရပ်များနှင့် တွဲဖက်ကြည့်ပါက အကြိုက်ဆုံးဟု အဓိပ္ပာယ်ရလောက်သည်။

သို့ဆိုလျှင် ချူဟွားသည် ရှန်လုကဲ့သို့သော အမျိုးသားမျိုးကို နှစ်သက်သဘောကျနေသည်များလား။

အရှင်မင်းကြီး၏ ပထမဆုံး တုံ့ပြန်မှုမှာ စကားမဆိုနိုင်အောင် ဆွံ့အသွားရခြင်းပင် ဖြစ်သည်။

သူမက တစ်စုံတစ်ယောက်ကို ပြုစုပျိုးထောင်ချင်သည်ဟု ဆိုထားသည် မဟုတ်ပါလား။

သူသည် ပဉ္စမမင်းသားကို သူမထံသို့ ကလေးခင်ပွန်းအဖြစ် ပို့ဆောင်ပေးထားခြင်း ဖြစ်သည်။ ယခု သူမက ရှန်လုကဲ့သို့ လူကြီးတစ်ဦးကို နှစ်သက်သည်ဟု ဆိုလိုနေခြင်းလား။ သူမ နောက်ပြောင်နေခြင်းလား။

ထို့နောက် သူ ပြန်လည်စဉ်းစားကြည့်မိသည်။ ပဉ္စမမင်းသားသည် ဤအခွင့်အရေးကို ရယူပြီး မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့၏ ကျောင်းသား ဖြစ်လာခဲ့သည်။ ထို့ပြင် လတ်တလော ချူဟွားနှင့် ဆက်ဆံရေး ကောင်းမွန်နေလေသည်။ ဤသည်မှာလည်း တိုးတက်မှုကြီး တစ်ရပ်ပင်။

ချူဟွား၏ လုံခြုံရေးအတွက် အရှင်မင်းကြီးသည် သူမအား သားဖွားခြင်းဘေးအန္တရာယ်နှင့် မကြုံတွေ့စေလိုပေ။

အနာဂတ်တွင် သူမ ပဉ္စမမင်းသားနှင့် လက်ထပ်ပါက ပဉ္စမမင်းသား၌ တရားဝင် သားသမီး ရှိလာတော့မည် မဟုတ်ချေ။ ဤသည်မှာ နှမြောဖွယ်ကောင်းလှသည်။

ထားလိုက်ပါတော့၊ မေ့လိုက်ပါတော့။

တစ်ခဏအတွင်း ချူဟွားက ပြုစုပျိုးထောင်လိုသည်ဟု ဆိုလိုက်၊ နောက်တစ်ခဏ၌ အေးစက်သော အလှလေးများကို နှစ်သက်သည်ဟု ဆိုလိုက်နှင့် ရှိနေသည်။ မကြာမီ သူမ၏ အကြိုက် ပြောင်းလဲသွားဦးမည်သာ။

ရှန်လု၏ ကိစ္စနှင့် ပတ်သက်၍မူ... အရှင်မင်းကြီးသည် သူ၏ ယုံကြည်စိတ်ချရသော ဝန်ကြီးများကို ဆင့်ခေါ်၍ အတူတကွ ဆွေးနွေးတိုင်ပင်ကြသည်။

"သူ ပူးပေါင်းပါ့မလား” ဘဏ္ဍာရေးဝန်ကြီးက အကောင်းမမြင်ပေ။ ရှန်လုကို သူ ဖိတ်ကြားခဲ့ခြင်း မဟုတ်သော်လည်း ဖိတ်ကြားရန် မည်မျှခက်ခဲကြောင်း သူ ကြားသိထားဖူးသည်။

ဓလေ့ထုံးတမ်းဝန်ကြီးမှာမူ ရှန်လုအား တောင်ပေါ်မှ ဆင်းလာစေရန် ဖိတ်ကြားစဉ်က အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရသည်ကို ပြန်လည်အောက်မေ့မိကာ မျက်နှာ ဖြူဖျော့သွားရသည်။

"အစားအသောက် မမက်မောဘူး၊ အလှအပ မလိုချင်ဘူး၊ လေပြေနဲ့ လမင်းကိုပဲ အဖော်ပြုတယ်၊ နေထွက်ရင် အလုပ်လုပ်ပြီး နေဝင်ရင် နားတယ်..." အံကြိတ်ကာ ချီးကျူးစကား အနည်းငယ် ဆိုပြီးနောက် ဓလေ့ထုံးတမ်းဝန်ကြီး၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထွက်လာကာ ဒေါသတကြီး ပြောဆိုလိုက်တော့သည်။

"ကျွန်တော် ဒီလောက် ခက်ခဲတဲ့လူ တစ်ခါမှ မတွေ့ဖူးဘူး!"

"အလုပ်မဖြစ်သေးဘူးလား” ဘဏ္ဍာရေးဝန်ကြီးက သူ့ကို မျက်လုံးများဖြင့် နှစ်သိမ့်လိုက်သည်။ လုပ်ငန်းစဉ်မှာ အရေးမကြီးဘဲ ရလဒ် အောင်မြင်ရန်သာ လိုအပ်သည်။

ဓလေ့ထုံးတမ်းဝန်ကြီးက နှာခေါင်းရှုံ့လိုက်ချင်စိတ် ဖြစ်ပေါ်သွားသည်။ "အဲဒါ သူ့ဆရာရဲ့ အမိန့်ကြောင့် သူ တောင်ပေါ်က ဆင်းလာရတာ”

သူသည် ကာယကံရှင်ကို မကိုင်တွယ်နိုင်သောကြောင့် ဆရာဖြစ်သူကို ကိုင်တွယ်မည့် သွယ်ဝိုက်သော နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

ဒါက ကောင်းမွန်တဲ့ နည်းလမ်းပဲဟု မှူးမတ်များ အားလုံး တိတ်တဆိတ် မှတ်သားထားလိုက်ကြသည်။

ဤသည်မှာ အရှင်မင်းကြီး လောလောဆယ် ဆုံးဖြတ်ချက် မချရသေးသည့် အကြောင်းရင်းပင်။ သူသည် ရှန်လုအကြောင်း နားမလည်သောကြောင့် မလိုလားအပ်သည်များ မဖြစ်ပေါ်စေရန် သတိထားရပေမည်။

ချူဟွားက ရာသီဥတု ခန့်မှန်းနည်းကို စတင် သင်ယူရန် လုပ်ဆောင်သည်ကို မင်းဆရာအိုကြီး အလွန် ကျေနပ်အားရနေသည်။

"အကုန် ဖွင့်ပြောလိုက်ရင်ရော။ ရှန်လုက ပူးပေါင်းချင် ပူးပေါင်းလာနိုင်တယ်လေ”

အရှင်မင်းကြီးနှင့် မှူးမတ်များ အားလုံး သူ့ကို တိတ်တဆိတ် လှည့်ကြည့်လိုက်ကြသည်။ တကယ်ကြီးလား။

မင်းဆရာအိုကြီး သိပ်မသေချာလှသော်လည်း ရှန်လု၌ အမြတ်ထုတ်စရာ အားနည်းချက် မရှိပါက မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။

"သူတို့နှစ်ယောက်လုံး ရာသီဥတု ခန့်မှန်းတတ်ကြတာပဲ၊ ရှန်လု စိတ်ဝင်စားမလား မသိဘူး”

မင်းဆရာကြီးက ဤအချက်ကို သဘောတူလေသည်။ "ရသေ့အများစုက မာနကြီးကြတယ်။ ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ အာဏာတွေက သူတို့အတွက် ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေလိုပဲ။ ဒါပေမဲ့ အဲဒါက... အရမ်း မှော်ဆန်တယ်လေ၊ ရှန်လုရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်မလား မသိဘူး”

အရှင်မင်းကြီးက နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။ "ဒါဆို ဒီအတိုင်းပဲ လုပ်ကြမယ်”

မကြာမီ စုစည်းထားသော ထောက်လှမ်းရေး သတင်းအချက်အလက် တစ်စောင်ကို နန်းစောင့်တပ်သားများက ရှန်မိသားစုထံသို့ ပို့ဆောင်ပေးလိုက်ကြသည်။

နန်းစောင့်တပ်သားများ ပို့လိုက်ခြင်း ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ရှန်လုသည် အချိန်အကြာကြီး ဖတ်ရှုနေသော စာအုပ်ကို ချထားလိုက်သည်။ သူ ကောက်ယူလိုက်သည်နှင့် ပြန်မချတော့ချေ။

သံသယ၊ အံ့ဩမှု၊ ထိတ်လန့်မှုနှင့် အခြားသော ခံစားချက်များက ခံစားချက် ကင်းမဲ့နေသော မက်မွန်ပွင့် မျက်လုံးများထဲ၌ ဖြတ်သန်းသွားသည်။ ယခင်ကလို ဂရုမစိုက်မှုများ မရှိတော့ချေ။

လောကကြီးက ကျယ်ပြောလွန်း၍ အံ့ဖွယ်အရာများစွာ ရှိသည်ဟု ဆရာ အမြဲ ပြောဖူးသော်လည်း လောကကြီးထဲတွင် အရာများမှာ သည်လောက်သာဖြစ်သည်ဟု သူ ခံစားခဲ့ရသည်။ သည်လောက် ဆန်းကြယ်သော အရာမျိုး ရှိလိမ့်မည်ဟု သူ မည်သည့်အခါကမျှ မတွေးတောခဲ့ဖူးပေ။

အချင်း မီတာ ၅၀ အတွင်းရှိ လူများကို အသံကြားစေနိုင်သည်။

အခြားသူများ ဖုံးကွယ်ရန် ကြိုးစားနေသည်များကို အလွယ်တကူ ရှာဖွေနိုင်သည်။

သူ့ရှေ့တွင် လူတိုင်းမှာ ဖန်သားကဲ့သို့ ကြည်လင်နေပြီး လျှို့ဝှက်ချက် မရှိချေ။

အရှင်မင်းကြီးသည် အလွယ်တကူ ပေါ်သွားနိုင်သည့် လိမ်ညာမှုမျိုး ဖန်တီးမည် မဟုတ်သောကြောင့် ဤအရာမှာ အမှန်တကယ် ဖြစ်နိုင်ခြေ များပေသည်။

ရှန်လု၏ မျက်လုံးများတွင် အလင်းရောင်များ ပြည့်နှက်နေသည်။ အိမ်မှ မထွက်ဘဲ လောကကြီးကို သိနိုင်သည် ဆို၏။ ဤသို့ လုပ်ဆောင်နိုင်သူ ကမ္ဘာပေါ်တွင် တကယ်ပင် ရှိလေသည်။

တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာနသည် ဓလေ့ထုံးတမ်းဝန်ကြီးဌာန လက်အောက်တွင် ရှိသည်။ အဓိကအားဖြင့် နက္ခတ်တာရာ အဖြစ်အပျက်များကို လေ့လာခြင်း၊ ရာသီဥတု တွက်ချက်ခြင်းနှင့် ပြက္ခဒိန်များ ရေးဆွဲခြင်းတို့ကို တာဝန်ယူရသည်။ ထိုဌာနလက်အောက်ရှိ အရာရှိများမှာ အဆင့် ၅ မှ ၉ အထိ ရှိသည်။ ရာထူး မမြင့်မားသော်လည်း တာဝန်ဝတ္တရားများကြောင့် ဤဌာန၏ အရေးပါမှုမှာ သိသာထင်ရှားလှသည်။

ပုံမှန်မဟုတ်သော ရာသီဥတုနှင့် နက္ခတ်တာရာ အဖြစ်အပျက်များကို အသုံးပြုပြီး ပြည်သူများ၏ စိတ်ကို နှောင့်ယှက်ခြင်းမှ တားဆီးရန် ညီလာခံက ပြည်သူများကို ဗေဒင်နှင့် နက္ခတ်ပညာ သင်ယူခြင်းမှ တားမြစ်ထားသည်။ ထို့ကြောင့် တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာနမှ အရာရှိများသည် အခြေခံအားဖြင့် မျိုးရိုးစဉ်ဆက် ဆက်ခံခြင်း သို့မဟုတ် အရာရှိများ၏ ထောက်ခံချက်ဖြင့် ဝင်ရောက်လာသူများသာ ဖြစ်ကြသည်။

ရှန်လုသည် ဗေဒင်၊ နက္ခတ်ပညာ တတ်မြောက်ပြီး နက္ခတ်တာရာ အဖြစ်အပျက်များကို ခန့်မှန်းနိုင်လေသည်။ သူ တောင်ပေါ်တွင် ရှိစဉ်က ပြိုင်ဘက် မရှိခဲ့ပေ။ မထင်မှတ်ဘဲ သူသည် တောင်ပေါ်မှ ဆင်းလာသောအခါ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကို တိကျစွာ ခန့်မှန်းနိုင်ဖွယ် ရှိသည့် system နှင့် တွေ့ဆုံခဲ့လေသည်။

သူ့စိတ်ကို လှုပ်ရှားစေသည်မှာ ဒီ system ၏ အဓိက အလုပ်က ဖရဲသီးစားခြင်း ဖြစ်ပြီး ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ခန့်မှန်းခြင်းမှာ ဘေးထွက်ပစ္စည်း သက်သက်သာ ဖြစ်နေခြင်းပင်။

မိမိ၌ ဆယ်နှစ်ကျော် ကြိုးကြိုးစားစား သင်ယူခဲ့ရသော အရာတစ်ခုမှာ အခြားသူများအတွက်တော့ နှုတ်ဖျားမှ ပေါ့ပါးစွာ ထွက်ပေါ်လာသော အရာတစ်ခု ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

စိတ်သဘောထား ကောင်းမွန်သည့် ရှန်လုပင်လျှင် system နှင့် ပြိုင်ဆိုင်လိုစိတ် ဖြစ်ပေါ်မိလေသည်။

နန်းစောင့်တပ်သား ပို့လာသည့် အစီရင်ခံစာတွင် အကြောင်းအရာများစွာ ပါဝင်သည်။ system ပထမဆုံး ပေါ်လာသည့် အချိန်မှစ၍ နောက်ဆုံး အကြောင်းအရာအထိ ရှန်လု တစ်ခုချင်းစီ ဖတ်ရှုကြည့်သည်။ သူသည် ညဉ့်နက်သန်းခေါင် system နန်းတွင်းစာမေးပွဲ မေးခွန်းများ ဖြေဆိုသည့် ရှုပ်ထွေးသော အကြောင်းအရာများကိုပင် မျက်နှာပျက်ယွင်းခြင်း မရှိဘဲ ဖတ်ရှုခဲ့သည်။

ယနေ့ အကြောင်းအရာတွင် ချူဟွားက သူကဲ့သို့သော အမျိုးသားမျိုးကို နှစ်သက်သည် ဆိုသည့်အချက် ပါလာသည့် အချိန်အထိပင် ဖြစ်သည်။

ရှန်လု: ? ? ?

သူသည် သာမန်လူများထက် ပိုမိုကြည့်ကောင်းမှန်း အစောကြီးကတည်းက သိထားပြီးသားပင်။ သို့သော် သူသည် မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့ပေ။

System က ပြောပြီးသား သို့မဟုတ် လုပ်ပြီးသား ကိစ္စများကိုသာ အတည်ပြုပေးပုံရပြီး အခြားသူများ ဘာတွေးနေသည် ဆိုသည်ကို မသိရှိပေ။ ထို့ကြောင့်...

လူရွယ်လေး၏ မက်မွန်ပွင့် မျက်လုံးများ အနည်းငယ် ကွေးတက်သွားပြီး အပြုံးအရိပ်အယောင် အနည်းငယ် ပေါ်လာကာ မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့ကို တောက်ပသွားစေသည်။

မွန်းလွဲပိုင်းတွင် ရှန်လုသည် ချူဟွား ပို့လိုက်သော ဖိတ်စာကို လက်ခံရရှိသည်။ သန်ဘက်ခါ အားမအား မေးမြန်းထားပြီး လာရောက် လည်ပတ်ချင်ကြောင်း ပြောကြားထားသည်။

ရှန်လုက သဘောတူလိုက်သည်။

ထိုညတွင် ချူဟွား အိပ်ရာမဝင်မီ နောက်ဆုံး အလုပ်တစ်ခု လုပ်ဆောင်နေလေသည်။ ခြေထောက် စိမ်ခြင်းပင်။

ဆောင်းဦးနှောင်းပိုင်း ဖြစ်ပြီး ဆောင်းရာသီ ရောက်ရှိတော့မည်။ ဂျင်းပြုတ်ရည်ဖြင့် ခြေထောက် စိမ်ခြင်းက ဆောင်းရာသီ တစ်လျှောက်လုံး နေလို့ကောင်းစေသည်၊ အထူးသဖြင့် ရာသီလာသော ရက်များတွင် ဖြစ်သည်။

ထိုအချိန်၌ system က သူမ စာသင်ခြင်း ရပ်နားပြီး အားလပ်ချိန် ရရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်သည်။ သီးသန့် စကားပြော လိုင်းတွင် သတင်းတစ်ခု ဖော်ထုတ်လိုက်လေသည်။ [အရှင်မင်းကြီးက ငါတို့အကြောင်း အကုန်လုံး ရှန်လုကို ပြောပြလိုက်ပြီ]

ချူဟွားကတော့ ဂရုမစိုက်ပေ။ [ပြောပါစေပေါ့]

ညီလာခံမှ အရပ်ဘက် စစ်ဘက် အရာရှိများ အားလုံး သိရှိနေကြပြီ။ အမျိုးသမီး အဖွဲ့ဝင် အများအပြားလည်း သိရှိကြသည်။ ဤသည်မှာ မည်သို့သော ဆန်းကြယ်မှု ရှိပါသနည်း။

System က တိုးတိုးလေး ပြောလိုက်၏။ [နင် သူ့ကို ကြိုက်တာလည်း သူ သိသွားပြီ]

ချူဟွား၏ မျက်နှာမှာ အေးခဲသွားတော့သည်။

ဤကဲ့သို့သော နေ့မျိုး ရောက်လာမည်မှန်း သိခဲ့ပါက system ကို လျှောက်လဲပြောဆိုခွင့် ပေးမည် မဟုတ်ပေ။

သွားပါပြီ။ သူမ ကူးပြောင်းလာပြီး ဖရဲသီးစား system နှင့် ချိတ်ဆက်မိမည်မှန်း သိရှိပါက ဆံပင်ဖြူ၊ အေးစက်ပြီး ပြည်နှင်ဒဏ်သင့်နေသည့် နတ်သားများ၊ အပျော်အပါး ရှောင်ကြဉ်သည့် လူကြီးလူကောင်းများ၊ မျက်ရည်ခံမှဲ့ပါသည့် အလှလေးများ၏ ပုံများကို သည်လောက်အများအပြား သိမ်းဆည်းထားမည် မဟုတ်ပေ...!

ထားလိုက်ပါတော့။ လူမှုရေးအရ သေဆုံးခြင်းပင် မဟုတ်ပါလား။

ဆယ်စုနှစ် အနည်းငယ်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည်ပင်။

ချူဟွား၏ လှုပ်ရှားနေသော စိတ်က အမြန် ငြိမ်သက်သွားသည်။ [ဘာဖြစ်လို့လဲ။ ငါ ပါးစပ်သရမ်းလိုက်တာပဲ မဟုတ်လား]

[ငါ ပြုစုပျိုးထောင်ချင်တယ်လို့လည်း ပြောခဲ့တာပဲ။ အရှင်မင်းကြီးက မင်းသား၅ကို ဒီ ပို့လိုက်ပြီ။ ငါ ဘာလုပ်လို့လဲ]

[အနှေးနဲ့အမြန် သူတို့ ငါ့ရဲ့ ပါးစပ်သရမ်းတတ်တဲ့ သဘာဝကို သဘောပေါက်သွားပြီး ငါက လျှောက်ပြောတတ်ရုံပဲ၊ တကယ် ဘာမှ မလုပ်ဘူးဆိုတာ သိသွားကြမှာပါ]

System က အကုန်လုံးကို မြင်တွေ့နေသည်။ [ဒါဆို နင့်မှာ စွမ်းရည်ရှိရင် အဲဒီလောက် မပြောနဲ့လေ]

[နင် ပြောလေလေ၊ နင် ဒီကိစ္စကို ဂရုစိုက်ကြောင်း သက်သေပြလေလေပဲ။ တကယ် ဂရုမစိုက်တဲ့သူတွေက ပေါက်ကွဲမှုကို ဘယ်တော့မှ လှည့်မကြည့်ကြဘူး]

ချူဟွားက နဖူးကို ထိကိုင်လိုက်တော့သည်။ System အတုံးလေးက ဉာဏ်ကောင်းလာပြီး လှည့်စားဖို့ ခက်ခဲလာလေပြီ။

သူမ အနည်းငယ်တော့ ဂရုစိုက်မိပါသည်။ သို့သော် အဓိကအားဖြင့် လူကြီးများကို လူမှုရေးအရ သေဆုံးခြင်း မဖြစ်စေလိုသောကြောင့်ပင်။ အခြားအရာများမှာ အရေးမကြီးပေ။

ချူဟွား: [နင့်မှာ ဒီအကြောင်းတွေ တွေးဖို့ အချိန်ရနေမှတော့ ရှန်လုကို ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာ တွေးတာ ပိုကောင်းမယ်]

System ပါးစပ် အာသာပြေသွားပြီး ရိုးရိုးသားသား အလုပ်လုပ်တော့သည်။ [ရှန်လုက တောင်ပေါ်မှာ နေတာ ကြာပြီ။ ကျော်ကြားမှုနဲ့ ချမ်းသာမှုကို ဂရုမစိုက်ဘဲ ဘုန်းကြီးတစ်ပါးလို နေထိုင်တယ်။ သူက ဝိုင်၊ လိင်၊ ငွေနဲ့ ကျော်ကြားမှုတွေကို စိတ်မဝင်စားဘူး]

[သူက ငါးကြီး အသားကြီးတွေ စားနိုင်သလို ဟင်းသီးဟင်းရွက်နဲ့ မုန်လာဥတွေလည်း စားနိုင်တယ်။ နှင်းတွေကျလို့ တောင်ပိတ်မိနေတုန်းက သူ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ မှိုတွေကို နှစ်လလောက် စားနိုင်ခဲ့တယ်။ တစ်နေ့ သုံးနပ် ထမင်းဖြူချည်းပဲ စားပြီးတော့လည်း နေနိုင်တယ်]

[အကြိုက်၊ ဒါမှမဟုတ် အားနည်းချက် မရှိတဲ့သူကို ဘယ်လို တိုက်ခိုက်မလဲ။ ငါက မဟာဗျူဟာ system မဟုတ်လို့ နင့်ကို အသေးစိတ် မဟာဗျူဟာ လက်စွဲစာအုပ် ပေးလို့ မရဘူး]

ချူဟွားက system ၏ အာရုံကို လွှဲရန် ဤအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် ရှန်လုမှာ သည်လောက် ကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ညီလာခံက ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ခန့်မှန်းနိုင်စွမ်းကို မည်သို့ လိုလားနေသည်ကို သူမ စဉ်းစားနေမိသည်။ ထို့ကြောင့် သူမက ရှန်လုနှင့် ပူးပေါင်းဆောင်ရွက်ရန် သေချာပေါက် ဆွေးနွေးရပေမည်။ လတ်တလော သူမ အလုပ်ရှုပ်နေသောကြောင့် မုန့်ဟန်ကဲ့သို့ အကြိုက်များနှင့် အားနည်းချက်များကို အသုံးမချခဲ့ပေ။

ရှန်လုက သည်လောက် ခက်ခဲသောသူ ဖြစ်နေမည်ဟု မည်သူက ထင်မှတ်မည်နည်း။

ချူဟွား: [ဒါဆို သူ တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာနကို ဘယ်လို ဝင်လာတာလဲ]

System က ချူဟွား အလုပ်ရှုပ်နေစဉ် ဖရဲသီးစားထားပြီးပြီ ဖြစ်၍ အတော်လေး သွက်သွက်လက်လက် ပြန်ဖြေသည်။ [သာ့ရှန်းမှာ သဘာဝဘေးအန္တရာယ်တွေ များလွန်းလို့၊ ပြီးတော့ တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာနရဲ့ အလုပ်တွေ ကောင်းကောင်း မလုပ်နိုင်ဘူးလို့ အရှင်မင်းကြီး ခံစားရလို့ ဗေဒင်နဲ့ နက္ခတ်ပညာ တတ်တဲ့သူတွေကို နေရာအနှံ့ လိုက်ရှာခိုင်းတာလေ]

[ဒါပေမဲ့ ညီလာခံက ပြည်သူတွေကို ဗေဒင်နဲ့ နက္ခတ်ပညာ သင်ယူခွင့် ပိတ်ပင်ထားတယ်။ တကယ် တတ်တဲ့သူ ရှိရင်တောင် သူတို့က လွယ်လွယ်နဲ့ ထုတ်မပြရဲကြဘူး]

[ရှန်လုရဲ့ ဆရာက ယခင်အရှင်မင်းကြီး လက်ထက်က တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာနရဲ့ စီနီယာ အစ်ကိုကြီး။ ဓလေ့ထုံးတမ်းဝန်ကြီးက ယခင် တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာန အကြီးအကဲ သေဆုံးပြီးနောက် ချန်ထားခဲ့တဲ့ လက်ရေးမှတ်စုတွေကို လိုက်ပြီး သူ့တံခါးကို သွားခေါက်ခဲ့တာ]

[ရှန်လုရဲ့ ဆရာက အသက် ၈၀ ကျော်နေပြီ။ သူက ဒီအလုပ်ကို ဘယ်လို လက်ခံနိုင်မှာလဲ။ ဓလေ့ထုံးတမ်းဝန်ကြီးက ရှန်လုကို တောင်အောက်ဆင်းခိုင်းတယ်။ အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးနောက် ရှန်လုရဲ့ ဆရာကို စည်းရုံးလိုက်တယ်]

[နောက်တော့ ရှန်လုရဲ့ ဆရာက ဓလေ့ထုံးတမ်းဝန်ကြီးရဲ့ "ရှန်လုကို ဒီမှာပဲ သေစေချင်တာလား" ဆိုတဲ့ စကားကြောင့် စိတ်ပြောင်းသွားပြီး သူ့တပည့်ကို တောင်အောက်ဆင်းခိုင်းလိုက်တာ]

ချူဟွား: "..."

[ရှန်လုက အိမ်တွင်းအောင်းတဲ့သူ မဟုတ်ဘူးလား]

[ဟင်?] System က မစဉ်းစားဖူးသော ရှုထောင့်တစ်ခု ထပ်တိုးလာလိမ့်မည်ဟု မထင်ထားပေ။ သူက ဖရဲသီးကို လှန်ကြည့်လိုက်ပြီး ပြောဆိုသည်။ [နင် ပြောတာ မှန်တယ်]

[မလိုအပ်ရင် ဒီကောင်က အိမ်မှာပဲ နေတယ်။ သူက အိမ်မှာ ဟင်းသီးဟင်းရွက်ခြောက်၊ မုန်လာဥခြောက်၊ မှိုခြောက်တွေနဲ့ ဆော့စ်အမျိုးစုံ လုပ်ရတာ ကြိုက်တယ်။ သူက မြေအောက်ခန်းအပြည့် သိုလှောင်ထားပြီး လပေါင်းများစွာ စားနိုင်တယ်]

အေးစက်ပြီး ပြည်နှင်ဒဏ်သင့်နေသော အလှလေးဆိုသည့် စစ်ထုတ်ခြင်းမှာ ကွဲကြေသွားတော့သည်။

ချူဟွားက မျက်နှာကို ပွတ်သပ်လိုက်ကာ [ထုံအာ၊ သူ့မှာ တခြား ထူးဆန်းတဲ့ ဝါသနာတွေ ရှိသေးလား]

တစ်ခါတည်း အကုန် ထုတ်ဖော်ပြောဆိုလိုက်ပါတော့။ ဒါမှပဲ သူမလဲ လက်လျှော့နိုင်တော့မှာ။

System က ဖရဲသီးခင်းထဲ ငုပ်သွားလေသည်။ ချူဟွား၏ ထူးဆန်းသော စံနှုန်းက ဘာလဲ ဆိုသည်ကို သူ မသေချာသောကြောင့် တွေ့သမျှ အကုန် ရွေးထုတ်လိုက်သည်။

[သူ့မှာ ပစ္စည်းသိုလှောင်တတ်တဲ့ အကျင့်ရှိတယ်၊ အိမ်မှာ အစားအစာ နည်းသွားရင် သူ စိတ်မလုံခြုံသလို ခံစားရတယ်]

[သူ့မှာ စိတ်စွဲလမ်းရောဂါ (OCD) ရှိတယ်၊ စာအုပ်တွေ၊ စုတ်တံတွေနဲ့ အိုးတွေကို သပ်သပ်ရပ်ရပ် ထားရတယ်၊ ခွဲထားတဲ့ ထင်းတွေကို သပ်သပ်ရပ်ရပ် ပုံထားရတယ်]

[သူ့မှာ အသန့်ကြိုက်လွန်းတဲ့ရောဂါ ရှိတယ်၊ နေ့တိုင်း ရေချိုး အဝတ်အစားလဲရသလို အိမ်ကိုလည်း သန့်ရှင်းရေး လုပ်ရတယ်]

ချူဟွားမှာ နားထောင်ရင်း ထုံသွားလေသည်။

သူမကို လက်လျှော့စေချင်သည်ထက် သူမ၏ သဘောကျမှုကို တိုးမြှင့်ပေးနေခြင်း မဟုတ်ပါလား။

[ဟာ၊ ထူးဆန်းတာ တစ်ခု တွေ့ပြီ] System က ဖရဲသီးခင်းထဲမှ အမြန် ထွက်လာသည်။

[ကြယ်ကြည့်ရတာ ကြိုက်တာ ထည့်တွက်လား]

ချူဟွား: [ဒါက သာမန် ဝါသနာ မဟုတ်ဘူးလား]

ယခင်ဘဝက သူမတွင် နက္ခတ်ဗေဒ ဝါသနာပါသော သူငယ်ချင်းကောင်း တစ်ဦး ရှိခဲ့သည်။ ကောင်းကင်ယံမှ ကြယ်များအကြောင်း သူမကို မကြာခဏ သင်ကြားပေးကာ ကြယ်ကြည့်ရန် အကောင်းဆုံး နေရာသို့ ခေါ်ဆောင်သွားလေ့ရှိပြီး ရှားပါးသော ကြယ်ကြွေခြင်းများကို ကြည့်ရှုဖူးလေသည်။

System: [ရှေးခေတ်မှာ ကြယ်ကြည့်တာက သာမန် ဝါသနာ ဖြစ်လို့လား။ ဒီမှာ နက္ခတ်တာရာကြည့် မှန်ပြောင်းတွေ မရှိဘူး၊ အလင်းရောင် နည်းနည်းပဲ မြင်ရတာ]

ဟင်? ချူဟွားတစ်ယောက် ရုတ်တရက် သဘောပေါက်သွားတော့သည်။ ရှန်လုအား မည်သို့ တိုက်ခိုက်ရမည်ကို သူမ သိရှိသွားသကဲ့သို့ပင်။

မှန်ပြောင်းများက မျက်မှန်မှ စတင်သည်။ မျက်မှန်က ဖန်မှ စတင်သည်။ ထို့နောက် သူမဆီတွင် ဖန်ထည်စက်ရုံ ရှိနေသည် မဟုတ်ပါလား။

...

All Chapters