← Chapters

အခန်း ၇၀

Vol. 5 Ch. 70

အခန်း ၇၀

Vol. 5 Ch. 70

အပိုင်း (၇၀)

System နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ချူဟွားသည် မျှဝေခြင်း လုပ်ဆောင်ချက်ကို ဖွင့်လှစ်ကာ အဖွဲ့လိုက် စကားပြောခန်း မုဒ်မှတစ်ဆင့် ရှန်လု၏ ပင်ကိုယ်စရိုက်နှင့် ထူးခြားချက်များအကြောင်း နောက်ဆက်တွဲ အကြောင်းအရာများကို ပြောကြားလိုက်တော့သည်။

မကြာမီ ဤအပိုင်းသည် နန်းတော်သို့ ရောက်ရှိသွားပြီး ထိုမှတစ်ဆင့် ရှန်လုထံသို့ ဆက်လက် ရောက်ရှိသွားလေသည်။

အရှင်မင်းကြီးနှင့် မှူးမတ်များသည် ရှန်လုအကြောင်း ပိုမို နားလည်သဘောပေါက်လာကြပြီး ရှန်လုမှာမူ ချူဟွား၏ [ဒါ သာမန် ဝါသနာ မဟုတ်ဘူးလား] ဟူသော စာကြောင်းကို စိုက်ကြည့်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။

နက္ခတ်ဗေဒ ဝါသနာရှင်တစ်ဦးအနေဖြင့် ကြယ်တာရာ ကြည့်ရှုခြင်းသည် ပြောစမှတ်ပြုဖွယ်ရာ ကိစ္စရပ် မဟုတ်ပေ။

သို့သော် ရှန်လုသည် တပည့်မဖြစ်မီ ယခင်ကတည်းက ကြယ်တာရာ ကြည့်ရှုခြင်းကို နှစ်သက်မြတ်နိုးခဲ့သည်။

သူ ငယ်စဉ်ကတည်းက လူအများက "အဲဒါ ထူးဆန်းတဲ့ ကလေးပဲ" နှင့် "သူ့နား အရမ်း မကပ်နဲ့" ဟု ပြောဆိုလေ့ရှိကြသည်။ မိသားစုဝင်များကပင် သူ ထူးဆန်းသည်ဟု ထင်မြင်ယူဆကြပြီး ခြံဝင်းအတွင်း၌သာ ထားရှိကာ တခြားသူများကို အနီးကပ်ခွင့် မပြုခဲ့ကြပေ။

"သာမန်" ဟူသည့် စကားလုံးသည် သူ ငယ်စဉ်က ကြားလိုခဲ့သည့် စကားလုံး ဖြစ်ပြီး နှစ်ပေါင်းများစွာ လက်လျှော့ထားခဲ့ရခြင်း ဖြစ်သည်။

သူစိမ်းတစ်ဦးထံမှ ဤစကားကို ကြားသိရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ရှန်လုသည် "သာမန်" ဟူသည့် စကားလုံးကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီး သူ၏ အမြင်အာရုံထဲရှိ စာလုံးများ ပုံပျက်ယွင်းစ ပြုလာမှသာ စာရွက်ကို ချထားလိုက်သည်။

သူ၏ သွယ်လျသော လက်ချောင်းများသည် ချူဟွားဟူသည့် နာမည်ပေါ်သို့ မတော်တဆ ပွတ်တိုက်မိသွားသကဲ့သို့ ဖြစ်ပြီးနောက် မီးလောင်ကျွမ်းသွားသကဲ့သို့ အလျင်အမြန် ဖယ်ရှားလိုက်သည်။

"ချူဟွား..."

သူသည် သူ့ကို သာမန်လူဟု သတ်မှတ်ပေးသည့် သူ၏ နာမည်ကို ညင်သာစွာ ရေရွတ်လိုက်သည်။

ထို့နောက်တွင် ရှန်လုသည် နန်းစောင့်တပ်သားများထံမှ သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။

ချူဟွား ပုံဆွဲနေကြောင်း၊ ဖန်ထည်စက်ရုံသို့ ပစ္စည်းအသစ် ပြုလုပ်ရန် လူလွှတ်လိုက်ကြောင်းနှင့် မုန့်ဟန်ထံ အကူအညီတောင်းခံရန် အလုပ်သမားဝန်ကြီးဌာနသို့ လူလွှတ်လိုက်ကြောင်းတို့ ပါဝင်သည်။

နန်းစောင့်တပ်သားများမှာ မည်သည့်အရာ ပြုလုပ်နေသည်ကို သဲကွဲစွာ မသိရှိကြဘဲ ဖန်လုံးဝိုင်းဝိုင်းလေးများ ဖြစ်သည်ဟု အကြမ်းဖျင်းသာ ဖော်ပြနိုင်ကြသည်။

ဖန်ထည်စက်ရုံက ဖန်များကို သုံးကြိမ်ဆက်တိုက် ပို့ဆောင်ပေးခဲ့ပြီး မုန့်ဟန်က ချူမိသားစု နေအိမ်တွင် နေထိုင်ကာ အလုပ်လုပ်ပေးနေသဖြင့် အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက် စစ်ဆေးခြင်း မရှိပေ။

ထိုပစ္စည်းကို ပြုလုပ်ရသည်မှာ အနည်းငယ် ခက်ခဲပုံရသည်။

ရှန်လုက ထိုပစ္စည်းသည် သူ့အတွက် ဖြစ်လောက်ကြောင်း ဝိုးတဝါး ခံစားမိလေသည်။

ဖြစ်နိုင်သည်မှာ ကြယ်တာရာ ကြည့်ရှုခြင်းနှင့် သက်ဆိုင်နိုင်သည်။ အကယ်၍ ချူဟွားက သူ့အား ရာသီဥတု ခန့်မှန်းနည်း သင်ကြားပေးရန် စည်းရုံးလိုပါက သူ၏ တစ်ခုတည်းသော ဝါသနာမှ စတင်ခြင်းသည် အထိရောက်ဆုံး ဖြစ်ပေလိမ့်မည်။

ရှန်လုသည် ရွှေ၊ ငွေ သို့မဟုတ် အစားအသောက်များကို စိတ်ဝင်စားခြင်း မရှိသော်လည်း ကြယ်တာရာများနှင့် ပတ်သက်လာလျှင် အမှန်တကယ် မျှော်လင့်မိလေသည်။

လက်ဆောင်က သူ၏ စိတ်တိုင်းကျ ဖြစ်ပါက သင်ကြားပေးရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သူမ၏ အကျင့်စာရိတ္တနှင့် စိတ်နေသဘောထား ကောင်းမွန်ပါက ဆရာ့ကိုယ်စား သူမကို တပည့်အဖြစ် လက်ခံ၍လည်း ရနိုင်ပေသည်။

ချိန်းဆိုထားသည့်နေ့တွင် ကျားယီနှင့် ချိုက်ကန်းတို့က ချူဟွားကို ရှန်မိသားစု နေအိမ်သို့ စောစီးစွာ ပို့ဆောင်ပေးကြသည်။

ရှန်လုသည် ဆရာ့အမိန့်ကြောင့် တောင်အောက်သို့ ဆင်းသက်လာသော်လည်း တော်ဝင်နက္ခတ်ဗေဒ လေ့လာရေးဌာန၏ ရာထူးကို လက်မခံဘဲ မြို့တော် အနောက်ဘက်ရှိ အိမ်ငယ်လေး တစ်လုံးကိုသာ ငှားရမ်းနေထိုင်လေသည်။

တံခါးလာရောက် ဖွင့်ပေးသူမှာ ဆယ်ကျော်သက် အစေခံလေး တစ်ဦး ဖြစ်၏။ "စာလာပေးတဲ့ သခင်မလေးချူလား။ အထဲ ဝင်ပါခင်ဗျာ”

ငှားရမ်းထားသော အိမ်သည် မကြီးမားလှပေ။ အထဲသို့ ဝင်ရောက်လိုက်သည်နှင့် မကြာမီ ခြံဝင်းအတွင်း၌ မုန်လာဥ လှန်းနေသူကို ချူဟွား တွေ့ရှိလိုက်သည်။

ထိုသူသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးပတ်က ကျစ်လျစ်၍ လှပသော ခါးလိုင်းကို ပေါ်လွင်စေသည်။ ခါးထိရှည်သော ဆံပင်များကို သစ်သားဆံထိုးဖြင့် တစ်ဝက်သာ စည်းနှောင်ထားသည်။ သူသည် မုန်လာဥခြောက်များကို လှန်နေရင်း ဘေးတစောင်း လှည့်ကြည့်လိုက်ရာ သူ၏ နုပျိုသော မျက်နှာ တစ်ဝက်ကို မြင်တွေ့လိုက်ရသည်။

မျက်နှာ၊ လူနှင့် ခန္ဓာကိုယ် အားလုံး လှပနေသော်လည်း နောက်ခံမြင်ကွင်းမှာ မုန်လာဥခြောက် ဖြစ်နေသည်မှာ အနည်းငယ် ကြည့်ရဆိုးနေသည်။

ချူဟွားမှာ ကြိတ်ပြီး သက်ပြင်းချလိုက်၏။ [ပန်းတွေနဲ့ ပြည့်နေတဲ့ ဥယျာဉ်ထဲမှာသာဆိုရင် ပိုလှမှာ]

System က အေးစက်စွာ ရယ်မောလိုက်ပြီး မည်သို့မျှ မပြောဆိုပေ။

ရှန်လုသည် ချူဟွားနှင့် system ၏ အသံများကို ကြားလိုက်ရပြီး အမှန်တရားကို အတည်ပြုရန် လှည့်ကြည့်လိုက်သည်။

ထိုသူ၏ အဝတ်အစားများသည် လည်ပင်းထိ ဖုံးအုပ်ထားပြီး လည်ပင်းသား အနည်းငယ်သာ ပေါ်လွင်နေသည်။ သူ၏ အသားအရေမှာ အလွန် ဖြူဝင်းနေပြီး နေရောင်ခြည်က နောက်ကျောဘက်မှ ထိုးကျနေသဖြင့် သူ၏ အေးစက်သော မျက်နှာလေးမှာ တောက်ပနေသကဲ့သို့ပင်။

လှပသော မက်မွန်ပွင့် မျက်လုံးများက လောကီအာရုံ ကာမဂုဏ်များကို စိတ်ဝင်စားခြင်း မရှိသကဲ့သို့ အေးစက်နေသော်လည်း မျက်လုံးအောက်ရှိ လှုပ်ရှားနေသော မျက်ရည်ခံမှဲ့က သူ့ကို ကမ္ဘာလောကထဲသို့ ပြန်လည်ဆွဲခေါ်လာသကဲ့သို့ပင်။

အေးစက်မှုက ဗုဒ္ဓသဘာဝကို ဖော်ပြနေသော်လည်း ဂရုမစိုက်မှုက ဆွဲဆောင်မှု ရှိနေသည်။

လူတစ်ဦးတည်း၌ ဤကဲ့သို့ ဆန့်ကျင်ဘက် စိတ်နေသဘောထားများ ရှိနေသူ အမှန်တကယ် ရှိနေပေသည်!

ချူဟွား နှစ်စက္ကန့်ခန့် မှင်တက်သွားပြီးမှ system ကို ဒေါသတကြီး လှမ်းတို့လိုက်သည်။ [ထုံအာ၊ ဒါ တကယ်ပဲ သာ့ရှန်း အလှအပရဲ့ အထွတ်အထိပ်ပဲ၊ ကြော်ငြာမင်းသား အစစ်ပဲ!]

System က ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်သည်။ [ငါ နင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ သူ အရမ်း ချောတယ် မဟုတ်လား]

ချူဟွား: [အရမ်း ချောတယ်!]

ရှန်လု: "..."

သူသည် အလှအပ ထောင်ချောက်ကို အသုံးပြုပြီး စကားအချို့ ဆွဲထုတ်ရန် စဉ်းစားထားသော်လည်း သူ၏ ပြိုင်ဘက်က လျင်မြန်စွာ ကျရောက်သွားသဖြင့် သူ့၌ အောင်မြင်မှု ခံစားချက် မရှိတော့ချေ။

"သခင်မလေးချူ၊ ထိုင်ပါဦး”

ချူဟွား: !!!

အသံကပင် သူမ အနှစ်သက်ဆုံး ကြည်လင်ပြီး ဝိညာဉ်ဆန်သည့် ပုံစံမျိုး ဖြစ်နေသည်။

သောက်ကျိုးနည်း။ ဤတစ်ကြိမ် System အနိုင်ရရှိသွားခဲ့ပြီ။

ချူဟွားက ပြုံးကာ ထိုင်လိုက်၏။

System က သူမ၏ အပြုံးထဲတွင် ရှက်ရွံ့မှု အနည်းငယ် ပါဝင်နေသည်ကို သတိထားမိပြီး ကြမ်းပြင်ပေါ် လှိမ့်ကာ ရယ်မောလိုက်သည်။

ချူဟွား နှစ်သက်မှန်း သူ သိနေသည်လေ။ ဟားဟားဟား။

ဖရဲသီး အများအပြားထဲမှ အသေးစိတ် အချက်အလက်များကို တူးဖော်ပြီး နေရာအနှံ့ ချောမောသော အမျိုးသားများကို ရှာဖွေရန် ဖရဲသီးစွမ်းအင် အများအပြား အသုံးပြုရသည်မှာ တန်ပါသည်။ နောက်ဆုံးတွင် သခင်၏ နှလုံးသားနှင့် အကိုက်ညီဆုံး တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

နောင်တွင် ဤစုံတွဲ ပေါင်းဖက်သွားပါက သူ့အား 'အကောင်းဆုံး အောင်သွယ်တော် ဆု' ပေးအပ်ရပေမည်။

System က ဂုဏ်ယူစွာ ရင်ကော့လိုက်သည်။

အစေခံလေးက လက်ဖက်ရည်တစ်အိုး ယူဆောင်လာပြီး သတိရှိရှိ ဘေးဖယ်ပေးလိုက်သည်။ ကျားယီနှင့် ချိုက်ကန်းတို့ကလည်း ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်ပေးပြီး သူတို့နှစ်ဦး စကားပြောဆိုရန် နေရာပေးလိုက်ကြသည်။

ရှန်လုက လက်ဖက်ရည် နှစ်ခွက် ငှဲ့လိုက်ပြီး တစ်ခွက်ကို ချူဟွားအား ပေးလိုက်သည်။ "ကျွန်တော့်မှာ လက်ဖက်ခြောက်အကြမ်းပဲ ရှိလို့ ခွင့်လွှတ်ပါ”

"ကိစ္စမရှိပါဘူး”

သူမ အမှန်တကယ် ဂရုမစိုက်ကြောင်း ပြသရန် ချူဟွားက လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံ သောက်လိုက်သည်။

ယခင်ဘဝက သူမ လက်ဖက်ရည်အကြောင်း အမှန်တကယ် နားမလည်ခဲ့ပေ။ ဤဘဝတွင်တော့ သူမသည် တရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး၏ တရားဝင် သမီး ဖြစ်လာခဲ့သည်။ ဂီတ၊ စစ်တုရင်၊ စာပေ၊ ပန်းချီ၊ ပန်းထိုး၊ လက်ဖက်ရည် မြည်းစမ်းခြင်းနှင့် ပန်းအလှပြင်ခြင်းတို့သည် သူမ၏ မသင်မနေရ ဘာသာရပ်များ ဖြစ်လာခဲ့သည်။

လက်ဖက်ရည် မြည်းစမ်းရန်အတွက် ချူဟွားသည် ဈေးကွက်ထဲရှိ အလယ်အလတ်တန်းစားအထက် လက်ဖက်ရည် အားလုံးကို မြည်းစမ်းခဲ့ရသည်။ သူမ မြည်းစမ်းခွင့် မရှိသည့် ပဏ္ဏာဆက် လက်ဖက်ရည်ကိုပင် ဝမ်သခင်မက အဆက်အသွယ်များ အသုံးပြုပြီး တစ်ကြိမ် သောက်သုံးစေခဲ့ဖူးသည်။

လက်ဖက်ရည် ပါးစပ်ထဲ ဝင်ရောက်သည်နှင့် ရှန်လု ယဉ်ကျေးနေခြင်း မဟုတ်မှန်း ချူဟွားလည်း သိရှိလိုက်သည်။

ဤလက်ဖက်ရည်အိုးမှာ အမှန်တကယ်ပင် လက်ဖက်ခြောက်ကြမ်း ဖြစ်နေသည်။ လှော်ထားသော လက်ဖက်ရည်မှာ အညွန့်နု မဟုတ်သကဲ့သို့ အပူချိန်မှာလည်း အနည်းငယ် များလွန်းနေသည်။ ၎င်း၏ တစ်ခုတည်းသော အားသာချက်မှာ လက်ဖက်ရည်အသစ် ဖြစ်ခြင်းပင်။

ချူဟွား လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး ဒုတိယတစ်ငုံ ထပ်မံမသောက်တော့ချေ။

ရှန်လုက သူမ မနှစ်သက်မှန်း သိရှိသဖြင့် ဖြည်းညင်းစွာ မြည်းစမ်းလိုက်သည်။ "ဒါက တောင်ပေါ်မှာ တွေ့တဲ့ တောလက်ဖက်ပင်ပါ။ နာမည်မကြီးသလို ဂရုတစိုက်လည်း မပြုစုထားပါဘူး”

ချူဟွားလည်း ချက်ချင်း နားလည်သဘောပေါက်သွား‌တော့သည်။ "ရှင် ကိုယ်တိုင် လှော်ထားတာပဲ”

လေသံမှာ အလွန် သေချာနေပြီး ရှန်လုက ဖြေကြားရန်ပင် မလိုအပ်တော့ပေ။

ရှန်လုက မော့ကြည့်လိုက်ရာ ချူဟွား၏ မျက်နှာပေါ်တွင် "တော်တော် ကောင်းအောင် လှော်ထားတာပဲ၊ နောက်တစ်ခါ ထပ်မလှော်ပါနဲ့တော့" ဆိုသည့် အမူအရာကို တွေ့လိုက်ရလေသည်။

System က သူမ ကြိုက်နှစ်သက်သော အလှလေးကို လုံးဝ မျက်နှာသာ မပေးသည်ကို မြင်တွေ့ရသောအခါ မနေနိုင်ဘဲ တွေးတောမိလိုက်သည်။ [သောက်ရတာ အဲဒီလောက် ခက်လို့လား]

ချူဟွား: [လက်ဖက်ရည်က အစကတည်းက ခါးပြီးသား၊ ပြီးတော့ သူက နည်းနည်း တူးတဲ့အထိ လှော်ထားတော့ ခါးသက်သက် အရသာ ရှိနေတယ်။ လက်ဖက်ခြောက် ဘယ်လောက် ကောင်းကောင်း ဒါကို ခံနိုင်မှာ မဟုတ်ဘူး၊ ဘယ်သူမှ ဂရုမစိုက်ဘဲ ပေါက်နေတဲ့ တောလက်ဖက်ပင်ဆို ပိုဆိုးမှာပေါ့]

[ဒါက နည်းနည်း တူးအောင် လှော်ပြီး တချို့လူတွေ ပြင်းပြင်း ကြိုက်တတ်တဲ့ ဘာလီtea (မုယောစပါး လက်ဖက်ရည်) မဟုတ်ဘူးလေ]

System: [သူ အရမ်း ချောတယ်လေ!]

ချူဟွား: [...ငါ အကောင်းဆုံး ကြိုးစားနေပါတယ်]

သာ့ရှန်း၏ ကြော်ငြာမင်းသားကဲ့သို့ လှပသော မျက်နှာလေးကို ကြည့်ရှုပြီး ချူဟွားက ဒုတိယတစ်ငုံ သောက်လိုက်သည်။ အနည်းငယ် ရပ်တန့်ပြီး တတိယတစ်ငုံ သောက်လိုက်သည်။

Systemမှာ ထိတ်လန့်သွားလေသည်။ [သူက အစာစားချင်စိတ် ဖြစ်စေလောက်အောင် လှတာလား]

အစာစားချင်စိတ် ဖြစ်စေလောက်အောင် လှပသော ရှန်လု: "..."

ချူဟွား: [အဲဒီအကြောင်းပြချက် နည်းနည်း ပါနိုင်ပေမဲ့ ပိုပြီး... ဘယ်လို ပြောရမလဲ]

[ပုံမှန် လက်ဖက်ရည်ကောင်းတွေ သောက်လွန်းလို့ အစပိုင်းမှာ ဒီကြမ်းတမ်းတဲ့ အရသာကို မရင်းနှီးတာ ဖြစ်မယ်။ နောက်ထပ် နည်းနည်း သောက်လိုက်တော့ အဆင်ပြေသွားတယ်]

ရှန်လု၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ အရှင်မင်းကြီး ပို့ပေးထားသော လက်ဖက်ရည်ကောင်းများ မရှိခြင်း မဟုတ်ဘဲ သူက ချူဟွားကို စမ်းသပ်လိုခြင်းသာ ဖြစ်သည်။

အဆင်ပြေသားပဲ။ ဟန်ဆောင်ကောင်းတဲ့လူတော့ မဟုတ်ဘူး။

ချူဟွားနှင့် ရှန်လုကြား ရင်းနှီးမှု သိပ်မရှိသဖြင့် သူမ ယဉ်ကျေးသော စကားများ မပြောဆိုတော့ဘဲ ခေါင်းအနည်းငယ် လှည့်လိုက်သည်။ ကျားယီက လက်ထဲမှ သစ်သားသေတ္တာကို စားပွဲပေါ် တင်လိုက်သည်။ "ရုတ်တရက် လာလည်တဲ့အတွက် ဒါလေး လက်ခံပေးပါ သခင်ကြီးရှန်”

ရှန်လု: "အကျိုးဆောင်မှုမရှိဘဲ ဆုလာဘ် မယူပါဘူး၊ သခင်မလေးချူ၊ ကျေးဇူးပြုပြီး လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါဦး”

ချူဟွားက ပြုံးပြီး ပြောဆိုလိုက်သည်။ "သခင်ကြီးက ပွင့်လင်းတဲ့သူဆိုတော့ ကျွန်မလည်း ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ ကောင်းကင် နက္ခတ်တာရာ ကြည့်ရှုနည်း ပညာကို သင်ပေးဖို့ တောင်းဆိုချင်ပါတယ်”

သူမက စားပွဲပေါ်ရှိ သစ်သားသေတ္တာကို ညွှန်ပြလိုက်သည်။ "ဒါက စရန်ငွေပါ”

စရန်ငွေ။ ဤသည်မှာ ထူးဆန်းသော စကားလုံးပင်။

ပညာသင်ကြားပေးရန် တောင်းဆိုသည်ကို စရန်ငွေ ပေးရသည်ဟု ရှန်လု တစ်ကြိမ်မျှ မကြားဖူးပေ။ စီးပွားရေး လုပ်ဆောင်မှသာ အသုံးပြုသည် မဟုတ်ပါလား။

"ဒါ ဘာလဲ”

ချူဟွား: "မှန်ပြောင်း ပါ၊ နာမည်အတိုင်းပါပဲ၊ အဝေးက အရာတွေကို မြင်နိုင်တယ်”

ရှန်လု ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး အမှန်တကယ် စပ်စုလိုစိတ် ဖြစ်ပေါ်သွားသည်။

သူက သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ အထဲတွင် ဆလင်ဒါ နှစ်ခုဖြင့် ပြုလုပ်ထားသော ထူးဆန်းသော အရာဝတ္ထုတစ်ခု ရှိနေပြီး ကိုင်ကြည့်လိုက်သောအခါ လေးလံနေသည်။ ဘက်နှစ်ဖက်စလုံးတွင် ဖန်သားများ ပါရှိပြီး တစ်ဖက်က ကြီးမားကာ တစ်ဖက်က သေးငယ်သည်။

ချူဟွားက သတိပေးလိုက်သည်။ "မှန်ဘီလူး ရှိတဲ့ နေရာကို ကြည့်လိုက်ပါ”

ရှန်လု ပြောဆိုသည့်အတိုင်း လုပ်ဆောင်လိုက်သည်။

သူ အရင်ဆုံး မှန်ဘီလူး အကြီးကို ကြည့်လိုက်ရာ မြင်ရသည့် မြင်ကွင်းမှာ သေးငယ်သွားသည်ကို တွေ့လိုက်ရသည်။

မကြာမီ သူ မှားယွင်းကြည့်ရှုမိမှန်း သဘောပေါက်သွားပြီး မှန်ဘီလူး အသေးဘက်သို့ ပြောင်းလဲကြည့်ရှုလိုက်သည်။

ဟုတ်တာပေါ့။

ရှန်လုက သူ၏ အကြည့်ကို သူ ကြည့်ရှုနေသည့် ဘက်သို့ လှည့်လိုက်ပြီး မီတာ အနည်းငယ် အကွာအဝေးရှိ ခေါင်မိုးပေါ်မှ ရေညှိများကို မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်သည်။ မျဉ်းကြောင်းများ ရှင်းလင်းနေပြီး ရေညှိများက သူ၏ လက်တစ်ကမ်းတွင် ရှိနေသကဲ့သို့ပင်။

ကမ္ဘာကြီးက ကျယ်ပြောလွန်း၍ အံ့ဖွယ်အရာများ အများအပြား ရှိနေပေသည်။

ဤသည်မှာ ဒဏ္ဍာရီထဲမှ မိုင်တစ်ထောင် မြင်နိုင်သော မျက်လုံးပင် ဖြစ်ရပေမည်။

"မော့ကျူး၊ လှေကား ယူလာခဲ့”

"ဟုတ်ကဲ့ပါ"

အစေခံလေးက အလုပ်မြန်ပြီး သန်မာသည်။ သူ လှေကားကို အမြန် သယ်ဆောင်လာပြီး ခေါင်မိုးပေါ် တင်လိုက်၏။

ရှန်လုမှာ အဝတ်အစားကို မသိမ်းဆည်းဘဲ ခေါင်မိုးပေါ် အမြန် တက်ရောက်သွားတော့သည်။ သူသည် အပေါ်၌ ရပ်ပြီး မှန်ပြောင်းဖြင့် နန်းတော် ရှိရာဘက်သို့ ကြည့်ရှုလိုက်လေသည်။

သူ ထိတ်လန့်သွားရသည်မှာ သုံးမိုင်ခန့် ဝေးကွာပြီး ဝေဝါးနေသင့်သော နန်းတော်က သူ့မျက်စိရှေ့ ရောက်ရှိနေသကဲ့သို့ ရှင်းလင်းနေခြင်းပင်။ နန်းတော်ထဲ လမ်းလျှောက်နေသော ကုန်းကုန်းများနှင့် အစေခံမများကိုပင် သူ မြင်တွေ့နေရသည်။

သူတို့၏ မျက်နှာများကို သေချာ မမြင်ရသော်လည်း သူ ပိုပြီး ဝေးသည်အထိ မြင်တွေ့နေရသည်။

ချက်ချင်းပင် ရှန်လုလည်း သဘောပေါက်လိုက်တော့သည်။ မှန်ပြောင်းကို စစ်တပ်က ရန်သူကို ထောက်လှမ်းဖို့ သုံးသင့်တာပဲ။

သူ ကောင်းကင်ကို မော့ကြည့်ရန် ကြိုးစားသော်လည်း ယနေ့ ရာသီဥတုမှာ အလွန်ကောင်းမွန်နေပြီး အလင်းရောင် များပြားလွန်းသဖြင့် ကြယ်များကို မမြင်တွေ့ရပေ။

မှန်ပြောင်းတွင် အကွာအဝေး ကန့်သတ်ချက် ရှိမည်ဟု ခန့်မှန်းရသော်လည်း သူ စိတ်ပျက်ခြင်း မရှိပေ။ အောက်သို့ ဆင်းသက်လာပြီးနောက် သူ မှန်ပြောင်းကို သစ်သားသေတ္တာထဲ ဂရုတစိုက် ပြန်လည်ထည့်သွင်းလိုက်သည်။

"ဘယ်အချိန် လာသင်မလဲ”

ချူဟွား: "မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးတို့ရဲ့ အတန်းတွေက နေ့ဘက်မှာ ရှိတယ်။ ညဘက် သင်လို့ ရမလား”

ညဘက် ဟုတ်လား။ ရှန်လုမှာ မျက်ခုံး လှုပ်သွားတော့သည်။

နက္ခတ်တာရာ ကြည့်ရှုခြင်းကို ညဘက် ပြုလုပ်လေ့ရှိသော်လည်း အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦး၏ နေအိမ်သို့ ညဘက် အမြဲ လာရောက်သင်ယူခြင်းက သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် မဟုတ်ပါလား။

System က လူများကို တွဲဖက်ပေးရန် ကြိုးစားနေသည်။ [လူပျိုနဲ့ အပျို...]

ချူဟွား: [ထုံအာ၊ နင့်မှာ ညစ်ညမ်းတဲ့ အတွေး ပေါ်လာတိုင်း 'ချူဟွားက အရွယ်မရောက်သေးဘူး' ဆိုတာကို သုံးကြိမ်လောက် တိတ်တဆိတ် ရွတ်ပေးပါ]

System မိုက်ကရိုဖုန်းကို အောင်မြင်စွာ ပိတ်လိုက်သည်။ သူသည် ဥပဒေ နားမလည်သော system မဟုတ်ပေ။

ရှန်လု၏ မျက်လုံးများထဲတွင် အပြုံးဖျော့ဖျော့လေး လက်သွားလေသည်။ ချူဟွားက သူ့ကို သာမန်အတိုင်း လေးစားရုံသာဖြစ်ပြီး အဆိုပါ ရည်ရွယ်ချက် မရှိကြောင်း သိရှိလိုက်ရသည်။

"ကောင်းပါပြီ”

ချူဟွားက ပညာသင်ယူလိုရုံသာ ဖြစ်သောကြောင့် ရှန်လုက လေးလေးနက်နက် သင်ကြားပေးပေမည်။

"ဒါဆို ဒီည စကြတာပေါ့”

"ကျေးဇူးတင်ပါတယ် လူကြီးမင်း” ချူဟွား ရည်မှန်းချက် အောင်မြင်သွားသဖြင့် ဆက်လက်နေထိုင်ခြင်း မရှိတော့ပေ။

မင်းဆရာအိုကြီး၏ အတန်း ပြန်တက်ရဦးမည် မဟုတ်ပါလား။

ချူဟွား ထွက်ခွာသွားသည်နှင့် ရှန်လုက အစေခံကို သစ်သားသေတ္တာကို နန်းစောင့်တပ်သားဆီ ပေးပို့ခိုင်းလိုက်သည်။

ပစ္စည်းသည် နန်းတော်သို့ ရောက်ရှိသွားသောအခါ ချူဟွား ပြုလုပ်လိုက်သည့်အရာကို သိရှိလိုနေသော အရှင်မင်းကြီးက ပထမဆုံး အသုံးပြုကြည့်လိုက်လေသည်။

ကျုံ့နိုင်သည်ကို တွေ့ရှိသောအခါ သူ၏ မျက်နှာပေါ်တွင် ဆန်းသစ်မှုများ ပြည့်နှက်နေသည်။ သူက ချန်ကျို့နှင့် ခွက်ကို ခေတ္တခဏ ကြည့်ရှုလိုက်သည်။

ပြောင်းပြန် ကြည့်လိုက်ပါက ချဲ့နိုင်မှန်း တွေ့ရှိသောအခါ သူ ပုရွက်ဆိတ် တစ်ကောင် ရှာဖွေကြည့်ရှုလိုက်သည်။

အချိန်ကြာမြင့်စွာ ကြည့်ရှုပြီးမှ ဤပစ္စည်း၏ နာမည်က မှန်ပြောင်း ဖြစ်ကြောင်း သတိရသွားသည်။

"ချန်ကျို့၊ လှေကား ရွှေ့လိုက်” အရှင်မင်းကြီးက ရှန်လုကဲ့သို့ ခေါင်မိုးပေါ် တက်ရောက်ကြည့်ရှုလိုနေသည်။

"အရှင်မင်းကြီး၊ သေချာ စဉ်းစားပါဦး!" ချန်ကျို့ခမျာ ထိတ်လန့်တကြား ဒူးထောက်လိုက်၏။

ကုန်းကုန်းများ၊ နန်းတော် အစေခံမများနှင့် အစောင့်များ မြေပြင်ပေါ် ဒူးထောက်လိုက်ကြပြီး တစ်ယောက်ချင်းစီက သူ့ကို ခန္ဓာကိုယ် ဂရုစိုက်ရန်၊ ခေါင်မိုးပေါ် မတက်ရန် တားမြစ်နေကြတော့သည်။

အရှင်မင်းကြီး စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ပြဿနာ အကြီးအကျယ် မဖြစ်လိုသလို မိဖုရားကြီးနှင့် မယ်တော်ကြီးကိုလည်း မလန့်စေလိုသောကြောင့် လင်ယိုကိုသာ တက်ရောက်ကြည့်ရှုခိုင်းလိုက်သည်။

လင်ယိုက ကြည့်ရှုပြီးနောက် အကြံပြုလိုက်လေသည်။ "အရှင်မင်းကြီး ကြယ်တာရာ ကြည့်တဲ့ မျှော်စင်ကို သွားပြီး ကိုယ်တိုင် ကြည့်ရှုဖို့ တောင်းဆိုပါရစေ”

အရှင်မင်းကြီး တစ်စုံတစ်ခုကို ခန့်မှန်းမိပြီး မှူးမတ်အားလုံးကို ကြယ်တာရာ ကြည့်ရှုသည့် မျှော်စင်ဆီသို့ အတူတကွ သွားရောက်ရန် ခေါ်ဆောင်လိုက်လေသည်။

အလှည့်ကျ ကြည့်ရှုပြီးနောက် အရှင်မင်းကြီးနှင့် ဝန်ကြီးများမှာ နှုတ်ဆိတ်သွားကြသည်။

အမှန်တကယ် မသုံးစွဲကြည့်ခင်အချိန်အထိ မှန်ပြောင်းက မည်မျှ ဝေးကွာစွာ မြင်တွေ့ရသည်။ မည်မျှ ရှင်းလင်းစွာ မြင်တွေ့ရသည် ဆိုသည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။

အမှန်တကယ် သုံးစွဲကြည့်ပြီးနောက် သူတို့၌ အတွေးတစ်ခုသာ ရှိတော့သည်။ ချူဟွား။ ငါတို့ မသိသော ကောင်းမွန်သည့်အရာများ မည်မျှတောင် ဖုံးကွယ်ထားသေးသနည်း။

စစ်သူကြီး ရွှမ်ဝေ အပြင်ဘက်တွင် ရက်အနည်းငယ် ပုန်းအောင်းနေပြီး ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သူလည်း ကြယ်တာရာ ကြည့်ရှုသည့် မျှော်စင်ပေါ် ရောက်ရှိနေသည်။

သူသည် မှန်ပြောင်းကို ကိုင်ဆောင်ထားပြီး မလွှတ်နိုင်တော့ချေ။ အဝေးမှ ရှုခင်းများကို အကြိမ်ကြိမ် စစ်ဆေးကြည့်ရှုနေသည်။ "စစ်ပွဲမှာသာ ဒီပစ္စည်း ရှိရင် ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်မှာပဲ"

သူ မှန်ပြောင်းကို ကိုင်ဆောင်ထားသည်မှာ ကြာမြင့်လွန်းသဖြင့် တခြား စစ်သူကြီးများက သူ့ကို စိုက်ကြည့်နေပြီး လုယူလုနီးပါး ဖြစ်နေကြပြီ။

စစ်သူကြီး ရွှမ်ဝေ: "အရှင်မင်းကြီး၊ ဒါ တစ်ခုတည်း ရှိတာလား။ ၈ ခု ၁၀ ခုလောက် မရနိုင်ဘူးလား။ ဒီပစ္စည်းက လူတိုင်း လက်ထဲ ရှိသင့်တာ"

တခြား စစ်သူကြီးများက ထောက်ခံကြသည်။ "ဟုတ်တယ်!" သူတို့ ကြည့်လို့မဝသေးဘူးလေ။

အရှင်မင်းကြီးမှာ မျက်ဖြူဆိုက်လုနီးပါး ဖြစ်သွားတော့သည်။ သူပင် အချိန်အကြာကြီး မကြည့်လိုက်ရပေ။ "ဒါ တစ်ခုတည်း ရှိတာ။ ချူဟွားက ရှန်လုကို ကြယ်ကြည့်ဖို့ ပေးလိုက်တာ”

"ကြယ်ကြည့်တာက နှမြောစရာကြီး” စစ်သူကြီး ရွှမ်ဝေက စိတ်ထဲတွင် တိုက်ခိုက်ရန်သာ ရှိသော စစ်သည်တော် ဖြစ်ပြီး အချစ်ရေး သို့မဟုတ် ကာမဂုဏ် ခံစားချက် မရှိပေ။

"ဒီရတနာက စစ်မြေပြင်မှာ ရှိသင့်တာ”

ထို့ကြောင့်လည်း ရှန်လုက တွေ့တွေ့ချင်း ချက်ချင်း လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ပေသည်။

အရှင်မင်းကြီးက အလုပ်သမားဝန်ကြီးဘက်သို့ လှည့်လိုက်သည်။ "မှန်ပြောင်း လုပ်ရတာ လွယ်လား”

အလုပ်သမားဝန်ကြီး တိကျသော အဖြေ မပေးနိုင်ပေ။ "ဒီပစ္စည်းကို အလုပ်သမားဝန်ကြီးဌာနက လုပ်တာ မဟုတ်ဘူး။ သိရအောင် ဖြုတ်ကြည့်မှ ရမယ်”

ပစ္စည်းကို ချူဟွားနှင့် မုန့်ဟန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်းစဉ်တွင် မည်သည့်ပစ္စည်းများ အသုံးပြုခဲ့သည်ကို အရှင်မင်းကြီးကလည်း သိထားသည်။ ဖန်၊ သတ္တုနှင့် သစ်သားများသာ ရှိသည်။ ပစ္စည်းများက အဆင်သင့် ရှိပြီး ရရှိရန် မခက်ခဲပေ။

"ချူဟွားက နေ့ဘက်ရော ညဘက်ပါ အတန်းရှိတော့ အချိန်မပေးနိုင်ဘူး။ မုန့်ဟန်ကို နောက်ထပ် နည်းနည်းလောက် လုပ်ခိုင်းလိုက်”

အလုပ်သမားဝန်ကြီး: "အမိန့်တော်အတိုင်းပါ”

စစ်သူကြီးများမှာ ပျော်ရွှင်စွာ ပြုံးလိုက်ကြသည်။ သူတို့ တစ်ယောက် တစ်ခုလောက်တော့ ရရှိသင့်သည် မဟုတ်ပါလား!

သို့သော် မုန့်ဟန်၏ အဖြေက လူတိုင်းကို ချူဟွား၏ အရေးပါမှုကို နောက်တစ်ကြိမ် သဘောပေါက်စေခဲ့သည်။

မုန့်ဟန်က ပြောကြားသည်။ "မှန်ပြောင်း လုပ်ရတာ မလွယ်ဘူး။ မတူညီတဲ့ ဖန်တွေက အကွာအဝေး မတူညီတာတွေကို မြင်ရတယ်။ အချိန်ကုန်ခံပြီး သွေးရတာ နှစ်ရက် ကြာတယ်”

"အချိန်တိုလေး ယူရသလို ထင်ရပေမဲ့ သာမန်လူတွေက ဖန် မလုပ်တတ်သလို မှန်ပြောင်းအတွက် ဖန်လည်း မလုပ်တတ်ကြဘူး။ သလင်းကျောက်ကို အစားထိုး သုံးလို့ ရပေမဲ့ မြင်ရတဲ့ အကွာအဝေးက ဒီမှန်ပြောင်းလောက် ဝေးမှာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်ရသည်တွင် အရှင်မင်းကြီးမှာ မနေနိုင်ဘဲ စစ်သူကြီး ရွှမ်ဝေကို ကြည့်လိုက်လေသည်။ "မင်း သူ့ကို သင်ခန်းစာ တချို့ ပေးလိုက်ရင် ဘယ်လိုလဲ”

စစ်သူကြီး ရွှမ်ဝေ: "..."

…

All Chapters