← Chapters

အခန်း ၇၂

Vol. 5 Ch. 72

အခန်း ၇၂

Vol. 5 Ch. 72

အပိုင်း (၇၂)

System က ထိုအကြောင်းကို ပြောပြီးသွားချိန်တွင် ချူဟွား၏ လက်ဖက်ရည် ကုန်သွားလေပြီ။

သူမသည် လက်ဖက်ရည်ခွက်ကို ချထားပြီး နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ် ရှန်လုသည် ရုတ်တရက် လက်ဖက်ရည်အိုးကို မကာ သူမအတွက် တစ်ဝက်ခန့် ထပ်မံ ငှဲ့ပေးလိုက်၏။

ချူဟွားသည် ပိုလာသော နို့လက်ဖက်ရည်ကို ငုံ့ကြည့်လိုက်ပြီး အဓိပ္ပာယ်ဖော်ရခက်သော ရှန်လုကို မော့ကြည့်ကာ "ဟင်" ဟူသော အသံတိုလေးတစ်ခု ပြုလုပ်လိုက်သည်။

ရှန်လုသည် မျက်နှာထား မပြောင်းလဲဘဲ ပြောလိုက်၏။ "မင်း ရေငတ်နေတယ် ထင်လို့၊ နည်းနည်းလောက် ထပ်သောက်လိုက်ပါ"

ချူဟွား: "..." ကျွန်မ အထင် ရှင်က ရေငတ်နေတာပါ၊ ဖရဲသီး ငတ်နေတာ။

System တွင်လည်း အလားတူ သံသယ ရှိနေသဖြင့် မျှဝေမှုကို တမင် ပိတ်ထားပြီး သီးသန့်စကားပြောခန်းတွင် နောက်ပြောင်လိုက်လေသည်။ [ဟီးဟီး၊ ဘယ်သူမှ ဖရဲသီးစားရတဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြဘူး~]

ပြောပြီးသည်နှင့် ချက်ချင်းပင် အဖွဲ့လိုက်စကားပြောခန်းသို့ ပြန်ပြောင်းလိုက်ပြီး ဖရဲသီး ဆက်စားရန် အသင့်ပြင်ထားလိုက်သည်။

ချူဟွားကလည်း တိတ်တိတ်လေး ခေါင်းညိတ်လိုက်၏။

ယခင်က ရှန်လုသည် ဖရဲသီး စားရသည်ကို ကြိုက်နှစ်သက်ကြောင်း မတွေ့ရှိခဲ့ရသည်မှာ သူ၏ ရုပ်ရည်နှင့် စိတ်နေသဘောထားက အလွန် လှည့်စားနိုင်စွမ်း ရှိလွန်းသဖြင့် ဘေးလူများက သူ့အား အတင်းအဖျင်းများ မျှဝေရန် မဝံ့မရဲ ဖြစ်နေခဲ့ကြသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ဤဝါသနာသည် ရေအောက်တွင် ဖုံးကွယ်နေခဲ့ပြီး ယနေ့မှသာ ရှာဖွေတွေ့ရှိခြင်း ဖြစ်ပေမည်။

ဖရဲသီး စားခြင်းသည် ကိုယ်စိတ်ကျန်းမာရေးအတွက် အကျိုးရှိသော ဝါသနာတစ်ခုပင်။

သာ့ရှန်းမင်းဆက်တွင် သေချာပေါက် တောက်ပလာစေရမည်။

ရှန်လုက လက်ဖက်ရည် ငှဲ့ပေးပြီး ရှားရှားပါးပါး လူကို ဆွဲထားသဖြင့် ချူဟွားသည်လည်း အလိုက်သင့်လေး လိုက်ပါကာ လက်ဖက်ရည်ကို တစ်ငုံချင်း သောက်လိုက်လေသည်။ [ထုံအာ၊ ဆက်ပြောလေ]

သူမအနေဖြင့် မည်သည့်နေရာတွင် ဖရဲသီးစားစား ကိစ္စမရှိသော်လည်း ရှန်လု၏ နှစ်လကျော် သင်ကြားပေးခဲ့သော ကျေးဇူးကို ထောက်ထားပြီး သူ့ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ဖရဲသီးတစ်လုံး ကျွေးရမည်။

Systemကလည်း ဝါသနာတူ သူငယ်ချင်းကို တိုးပွားစေချင်သဖြင့် သူ ပြောလက်စ စကားနေရာကို ပြန်ကြည့်ပြီး စိတ်အားထက်သန်စွာ ဆက်လက် ပြောပြလေသည်။

[ကျန်းကျီကျန့်က အစတုန်းက ဒေါသထွက်ပြီး ကျွမ်းသခင်မလေးကို သတ်ပစ်လိုက်တယ်၊ ဓားပြ ဖြစ်လာပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ အဲဒီကိစ္စအတွက် နောင်တရနေခဲ့တာ၊ လူသတ်မိလို့ နောင်တရတာ မဟုတ်ဘူး၊ ကျွမ်းသခင်မလေးကို အရှက်ခွဲ နှိပ်စက်ပြီးမှ မသတ်လိုက်ရဘဲ အရမ်း လွယ်လွယ်ကူကူ သေခွင့်ပေးလိုက်မိလို့ နောင်တရနေတာ]

[ကျန်းကျီကျန့်ရဲ့ စိတ်က တကယ်တော့ နည်းနည်း ဖောက်ပြန်နေပြီ၊ ဒါပေမဲ့ ရှေးခေတ်မှာ ရာဇဝတ်မှု စိတ်ပညာ၊ စိတ်ဖောက်ပြန်မှု စိတ်ပညာ ဆိုတာတွေ မရှိတော့ သူက ကိုယ့်ကိုယ်ကိုယ် သေချာ နားမလည်ဘဲ အစတုန်းက ဒေါသကို အလုံအလောက် မလျှော့ချနိုင်ခဲ့ဘူးလို့ ထင်နေပြီး ကျွမ်းသခင်မလေးနဲ့ တူတဲ့ လူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျပြီး စိတ်ထွက်ပေါက် ရှာနေခဲ့တာ]

[အလိုက်သင့် နေတဲ့သူတွေ တွေ့ရင် သူက ကြောင်လေး ခွေးလေးတွေလို ရက်အနည်းငယ်လောက် မွေးထားပြီး အပျော်ကြည့်တယ်၊ အလိုက်သင့် မနေတဲ့သူတွေ တွေ့ရင် သူ့မှာ ပြုပြင်ပြောင်းလဲပေးဖို့ စိတ်ရှည်သည်းခံမှု မရှိတော့ဘူး၊ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး သူ့ရဲ့ အကြမ်းဖက်ချင်စိတ်နဲ့ စိတ်ထွက်ပေါက် ရှာချင်စိတ်ကို ဖြည့်ဆည်းတာမျိုး ဒါမှမဟုတ် သူ့ညီအစ်ကိုတွေဆီ ပစ်ပေးပြီး အပျင်းဖြေခိုင်းတာမျိုး လုပ်လေ့ရှိတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ကို အရှင်ပြန်မလွှတ်ဘူး]

ချူဟွား၏ မျက်လုံးထဲတွင် အလွန် အေးစက်သော ခံစားချက်များ ရှိနေပြီး လက်ဖက်ရည်ခွက် ကိုင်ထားသော လက်ချောင်းများမှာ အနည်းငယ် အားပါနေလေသည်။ [ငါ ကိုယ့်ကိုယ်ကိုယ် နှစ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲခဲ့တာတောင် အကျင့်က မပြည့်စုံသေးပါလား]

Systemသည် မမြင်ရသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် ပြောမည့်စကားများ ရပ်တန့်သွားပြီး သတိထားကာ သတိပေးလိုက်လေသည်။ [မမကြီးဟွား၊ နင့်မှာ လူသတ်ခွင့် အာဏာ မရှိဘူးနော်]

ရှန်လု၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ ချူဟွားက လူသတ်မယ် ဟုတ်လား။ မဖြစ်နိုင်ပါဘူး။

သူတောင် ချူဟွားနဲ့ သိတာ နှစ်လကျော်လေးပဲ ရှိသေးတယ်။ ဒါကို အတည်ပြုနိုင်ပြီလေ။ ချူဟွာနဲ့ နှစ်ဝက်လောက် အတူရှိနေတဲ့ ထုံအာက ဘာလို့ မလုပ်နိုင်တာလဲ။

ဒီ systemက အသံထွက်နေသလိုမျိုး တကယ်ပဲ ကလေး ဖြစ်နေတာလား။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် လောလောဆယ်တွင် ပေါ်ပေါက်နေသော သဟဇာတ မဖြစ်မှုများကို ရှင်းလင်းနိုင်ပေလိမ့်မည်။

ချူဟွားက system အတုံးလေးကို နှစ်သိမ့်လိုက်လေသည်။ [စိတ်ချပါ၊ ငါ အဲဒီလောက်ထိ မလုပ်ပါဘူး]

[လူသတ်တဲ့ ကိစ္စကို နန်းစောင့်တပ်ကို လွှဲပေးလိုက်မှာပေါ့၊ ငါက ဘာကိစ္စ ဒီလို အမှိုက်ကောင်အတွက် ကိုယ့်လက်ကို ညစ်ပတ်ခံရမှာလဲ]

ကျားယီ၊ ချိုက်ကန်း: "..." ဒါဆို သူတို့ လက်တွေက အမှိုက်တွေနဲ့ ပေကျံလို့ ရတယ်ပေါ့လေ။ ထားလိုက်ပါတော့၊ သူတို့က အရှင်မင်းကြီး လက်ထဲက ဓားတွေ ဖြစ်နေပြီး ညွှန်ကြားတဲ့နေရာကို တိုက်ခိုက်ရမဲ့ သူတွေ ဖြစ်နေတာကိုး။

Systemကတော့ စိတ်ချသွားသည်။ [ဒါဆို ကောင်းတာပေါ့]

ရှန်လုသည် system၏ လေသံထဲတွင် ကျန်ရှိနေသော ကြောက်ရွံ့မှု အနည်းငယ်ကို အကဲခတ်မိလိုက်သည်။ Systemက ချူဟွား လူသတ်မယ်လို့ တကယ် ထင်နေတာလား။ ဒါမှမဟုတ် ချူဟွား လူသတ်ရင် ဖြစ်လာမဲ့ အကျိုးဆက်များကို ကြောက်ရွံ့နေတာလား။

Systemသည် ကျန်းကျီကျန့်၏ အမှိုက်ကိစ္စများကို ဆက်ပြောလျှင် ချူဟွား ဒေါသထွက်ပြီး ရင်သား အကျိတ်များ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေါသထွက်စရာ ကောင်းသော အသေးစိတ် အချက်အလက်များကို ကျော်သွားလိုက်သည်။

[ကျန်းကျီကျန့်က ဒီကိစ္စတွေကို လုပ်တဲ့အခါ ယန်မိန်းကလေးကို ဖုံးကွယ်မထားဘူး၊ တစ်ခါတလေကျရင် သူ့ကိုပါ ဆွဲခေါ်လာတတ်သေးတယ်၊ အဲဒီလို လုပ်တာက ထပ်မပြေးဖို့ ခြိမ်းခြောက်တာလည်း ပါသလို သူ့ကိုပါ အတူတူ နစ်မွန်းသွားစေချင်တဲ့ သဘောလည်း ပါတယ်]

[ယန်မိန်းကလေးက ဘယ်လောက် ဉာဏ်ကောင်းလိုက်သလဲ၊ ဒီနှစ်တွေအတွင်း သူ့ထက် ကျွမ်းသခင်မလေးနဲ့ ပိုတူတဲ့ လူတွေ မပေါ်လာဖူးတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဘာလို့ သူတစ်ယောက်တည်း ကောင်းကောင်းမွန်မွန် အသက်ရှင်နေပြီး၊ တခြားလူတွေ သေကုန်ကြတာလဲ]

အရေးကြီးသော အချက်သို့ ရောက်သောအခါ systemက မပြောဘဲ ထားလိုက်သည်။ [မမကြီးဟွား၊ နင် ခန့်မှန်းကြည့်ပါလား]

ချူဟွားသည် ရာဇဝတ်မှု စိတ်ပညာကို မလေ့လာဖူးသဖြင့် ရာဇဝတ်သားများနှင့် စိတ်ဖောက်ပြန်သူများ၏ အတွေးများကို နားမလည်ပေ။ အလွန်ဆုံး သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းများကို ကြိုက်နှစ်သက်သော အမေနှင့်အတူ ဇာတ်လမ်းတွဲ အချို့ကို ကြည့်ဖူးပြီး မကြာခဏ ပါဝင်တတ်သော ဇာတ်ကွက် အချို့ကို နားလည်ထားရုံသာ ရှိသည်။

[ငါ ကြိုးစားကြည့်မယ်...] လက်ရှိ သိထားသော သဲလွန်စများနှင့် ဇာတ်ကောင် စရိုက်လက္ခဏာ ဇာတ်လမ်းများကို အခြေခံပြီး ချူဟွားသည် ကျိုးကြောင်းဆီလျော်သော ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။ [ကျန်းကျီကျန့်ရဲ့ အပြုအမူက သိမ်းငှက်ကို ယဉ်ပါးအောင် လေ့ကျင့်ပေးနေသလိုပဲ]

[သိမ်းငှက်က ကောင်းကင်မှာ ပျံသန်းတယ်၊ ရက်စက်တယ်၊ ထက်မြက်တယ်၊ မာန်မဲတယ်၊ လူတွေရဲ့ ညွှန်ကြားချက်ကို အလွယ်တကူ နာခံမှာ မဟုတ်ဘူး၊ လူတွေက သိမ်းငှက်ကို ယဉ်ပါးအောင် လုပ်ချင်ရင် သိမ်းငှက်ကို လှောင်အိမ်ထဲ ထည့်ထားရတယ်၊ အစာမကျွေး၊ အိပ်ခွင့်မပေးဘဲ စိတ်ဓာတ်တွေ ကုန်ခမ်းသွားတဲ့အထိ လုပ်ရတယ်]

[ကျန်းကျီကျန့်ရဲ့ လုပ်ရပ်တွေက သိမ်းငှက်ကို ယဉ်ပါးအောင် လုပ်တာနဲ့ အတော်လေး တူညီမှု ရှိတယ်၊ အစတုန်းက ထမင်းမကျွေး ရေမတိုက်ဘူး၊ နောက်ပိုင်းကျတော့ ယန်မိန်းကလေးကို အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခွင့် ပေးတယ်၊ ပြီးတော့ အကြိမ်ကြိမ် ကျရှုံးစေတယ်၊ စိတ်ပျက်စေတယ်၊ ယန်မိန်းကလေးရဲ့ စိတ်ဓာတ်ကို မနားတမ်း တိုက်စားပစ်နေတာ]

[ကျန်းကျီကျန့်က ယန်မိန်းကလေးရဲ့ ကျောရိုးကို ရိုက်ချိုးဖို့၊ ကွေးညွတ်သွားအောင် လုပ်ဖို့ ကြိုးစားနေတာ၊ ယန်မိန်းကလေးက အပေါ်ယံမှာ လိုက်လျောပြီး သူ့ကို လက်ထပ်တယ်၊ သားသမီးတွေ မွေးပေးတယ်၊ တကယ်တမ်းကျတော့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး၊ ဒါက ကျန်းကျီကျန့်ကို လှည့်စားခံရတယ်၊ စိန်ခေါ်ခံရတယ်လို့ ခံစားရစေတယ်]

System စိတ်ထဲတွင် ပြောလိုက်သည်မှာ - ဒါက ကောင်းကောင်း ပြောပြလိုက်တာ မဟုတ်ဘူးလား။ အားလုံးက နေရာကျနေတာပဲ။

ချူဟွား: [သာမန်လူတွေတောင် လှည့်စားခံရတာ၊ စိန်ခေါ်ခံရတာ ဆိုရင် ပြန်ပြီး လက်တုံ့ပြန်ချင်ကြတာ၊ ကျန်းကျီကျန့်လို လူမျိုးဆိုရင် ပိုဆိုးတာပေါ့]

[ယန်မိန်းကလေးက လက်မလျှော့လေ၊ ကျန်းကျီကျန့်က ပိုဒေါသထွက်လေပဲ၊ နှစ်ယောက်သားက ယဉ်ပါးအောင် လုပ်ခံရတဲ့ သိမ်းငှက်နဲ့ ယဉ်ပါးအောင် လုပ်တဲ့ မုဆိုးလိုမျိုးပဲ၊ နောက်ဆုံးတော့ တစ်ယောက်က သေ၊ တစ်ယောက်က ရှင် ဆိုတာမျိုး ဖြစ်လာမှာပဲ]

Systemက အားရပါးရ လက်ခုပ်တီးလိုက်သည်။ မျက်လုံးများသာ ရှိခဲ့လျှင် ထိုမျက်လုံးများထဲ၌ ပရိသတ်တစ်ဦး၏ လေးစားအားကျမှုများ တောက်ပနေပေလိမ့်မည်။ [မမကြီးဟွားက တော်လိုက်တာ၊ ခန့်မှန်းတာက နီးစပ်လွန်းတယ်]

ရှန်လုက အနည်းငယ် အံ့ဩသွားသည်။ တကယ် ခန့်မှန်းတာ မှန်သွားတာလား။

ချူဟွားက မွေးရာပါ အမှုစစ် ပညာရှင် ဖြစ်နေတာများလား။

ချူဟွားသည် ဤအရာအတွက် ဂုဏ်ယူခြင်း မရှိပေ။ ကျန်းကျီကျန့်နှင့် ယန်မိန်းကလေး၏ ကိစ္စသည် ယခင်ဘဝက သူမ သိခဲ့သော လူကုန်ကူးသူများနှင့် ပြန်ပေးဆွဲခံရသော အမျိုးသမီးများကြားက ကိစ္စများနှင့် အနည်းငယ် ဆင်တူနေသဖြင့် အတွေ့အကြုံ ရှိနေရုံသာ ဖြစ်သည်။

[မှားယွင်းနေတဲ့ တစ်ချက် နှစ်ချက်က ဘာတွေလဲ]

System: [ငါတို့ system တွေက ကြိုတင် သတ်မှတ်ထားတဲ့ ကုဒ်တွေအတိုင်း အလုပ်လုပ်ကြတာ၊ နင်တို့ လူသားတွေက အရမ်း ရှုပ်ထွေးတဲ့ သက်ရှိတွေ၊ စိတ်ခံစားချက်တွေ ကြွယ်ဝတယ်၊ စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးမှုကို မကြာခဏ ခံရတတ်တယ်၊ ငါတို့ နားမလည်နိုင်တဲ့ ကိစ္စတွေကို လုပ်တတ်ကြတယ်]

[ကျွမ်းသခင်မလေးက နုနယ်တယ်၊ ယန်မိန်းကလေးက ကြံ့ခိုင်တယ်၊ နှစ်ယောက်သားက မျက်နှာတစ်ခု တူညီတာကလွဲရင် တကယ်တမ်း တူညီတဲ့ အချက်တွေက သိပ်မများဘူး၊ ကျန်းကျီကျန့်က အစတုန်းက လက်တုံ့ပြန်ချင်တာ၊ နောက်ပိုင်းကျတော့ ယန်မိန်းကလေးကို တကယ် ချစ်သွားတာ]

ချူဟွားမှာ ရွံရှာသွားသည့် မျက်နှာထား ဖြစ်သွားလေသည်။ [ချစ်ရင် အဓမ္မကျင့်ရမယ်၊ ဖမ်းချုပ်ထားရမယ်၊ ရိုက်နှက်ရမယ်၊ ငါ လူသတ်တာကို အတင်း ကြည့်ခိုင်းရမယ်၊ နင့်ဘေးနားမှာ ငါတစ်ယောက်တည်း ရှိစေရမယ် ဆိုတာမျိုးလား၊ ဒီလို အချစ်မျိုး ဘယ်သူ လိုချင်မှာလဲ၊ ဒါက ရာဇဝတ်မှုလေ]

[မုဒိမ်းမှု၊ ဖမ်းဆီးချုပ်နှောင်မှု၊ နာကျင်စေမှု၊ လူသတ်မှု၊ ပြစ်မှုတွေက ပုံနေပြီ၊ ခွင့်လွှတ်လို့ မရနိုင်ဘူး၊ ကျေးဇူးပြုပြီး ချက်ချင်း သင်းကွပ်တဲ့ အပြစ်ပေးပါ၊ မြင်းငါးကောင်နဲ့ ခန္ဓာကိုယ်ကို ဆွဲဖြတ်ပါ၊ အသားလွှာပြီး သတ်ပစ်ပါ၊ ကျေးဇူးတင်ပါတယ်]

System: [.....]

ရှန်လု: "..."

ကွက်ကွက်ကွင်းကွင်းပါလား။

ချူဟွားသည် ကျန်းကျီကျန့်ကို အမှန်တကယ်ပင် ရွံရှာမုန်းတီးနေပြီး ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံးနှင့် အကြောက်မက်ဖွယ် အကောင်းဆုံး ပြစ်ဒဏ်များ အားလုံးကို ပေါင်းထည့်ပေးချင်သည့် အတိုင်းအတာအထိ ရောက်ရှိနေလေပြီ။

ကျားယီ၊ ချိုက်ကန်းတို့သည် စိတ်ထဲတွင် တိတ်တိတ်လေး မှတ်သားထားလိုက်ကြသည်။ နန်းစောင့်တပ်မှ ညီအစ်ကိုတွေကို သတင်းပို့လိုက်ရမယ်၊ ကျန်းကျီကျန့်ကို ကောင်းကောင်းမွန်မွန် နေခွင့် မပေးရဘူး။

Systemမှာ စကားထစ်လုနီးပါး ဖြစ်သွားတော့သည်။ [အတိုချုပ် ပြောရရင် ကျန်းကျီကျန့်က ယန်မိန်းကလေးကို ချစ်လည်း ချစ်တယ် မုန်းလည်း မုန်းတယ်၊ ချစ်နေတာကို ဝန်မခံချင်ဘူး၊ နာကျင်အောင် လုပ်ဖို့လည်း မရက်စက်နိုင်ဘူး၊ အမျိုးမျိုး တွေဝေ ဒွိဟ ဖြစ်နေတုန်း ယန်မိန်းကလေးက အခွင့်အရေးရှာပြီး စာအုပ်တစ်အုပ် အပြင်ကို ပို့ပေးလိုက်တယ်]

ချူဟွား: [စာအုပ် ဟုတ်လား၊ ဟိုဟာ ဖြစ်နေမှာတော့ မဟုတ်ပါဘူးနော်...]

System: [ဟုတ်တယ်၊ အဲဒီ ဟုန်ရှန်းကျီ စာအုပ်ပဲ]

[ယန်မိန်းကလေးက အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှ ထွက်မပြေးနိုင်ခဲ့ဘူး၊ ဒါကြောင့် ကျန်းကျီကျန့်ဆီက သိရတဲ့ ကိစ္စတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ အားလုံးကို ချရေးလိုက်တယ်၊ သူ တွေးထားတာက တစ်နေ့နေ့ သူ ထွက်ပြေးနိုင်ခဲ့ရင် ဒါက သက်သေအထောက်အထား ဖြစ်လာမှာ]

[ဒီကိစ္စကို ကျန်းကျီကျန့် တွေ့သွားတယ်၊ ယန်မိန်းကလေးက စိတ်ပူပြီး စာအုပ်ကို တောင်ကမ်းပါးအောက် ပစ်ချလိုက်တယ်၊ ကံတရား ဖန်တီးပေးသလိုမျိုး အဲဒီ စာအုပ်ကို ဖြတ်သွားတဲ့ စာသင်သားတစ်ယောက်က ကောက်ရသွားတယ်၊ စာသင်သားက ပိုက်ဆံလိုနေတော့ လက်ရှိ အကြောင်းအရာတွေကို အခြေခံပြီး ချဲ့ကား ရေးသားလိုက်တာ "ဟုန်ရှန်းကျီ" ဖြစ်လာတာပဲ]

ဒီဇာတ်လမ်းက အကွေ့အကောက်များလိုက်တာ။ ချူဟွားက ယန်မိန်းကလေးသည် သူမ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုဖြင့် နောက်ဆုံးတွင် ထွက်ပြေး လွတ်မြောက်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မျှော်လင့်မထားဘဲ အဆုံးသတ်က သံသရာလည်နေပြီး ဝတ္ထုစာအုပ်နှင့် လက်တွေ့ဘဝကို ဆက်စပ်ပေးလိုက်သည်ဟု ထင်မှတ်မထားခဲ့ပေ။

ရှန်လုသည် ဤကဲ့သို့သော နိဂုံး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဘဲ မပြီးဆုံးသေးသော ခံစားချက်မျိုး ခံစားလိုက်ရသည်။

ချူဟွား ရုတ်တရက် သတိဝင်လာသည်။ [ထုံအာ၊ နင်က အပြာစာအုပ် ဖရဲသီးလောက်ပဲ စားဖို့ မဖြစ်နိုင်ပါဘူးနော်]

[ဒါပေါ့၊ ငါက အဲဒီလောက် ရည်မှန်းချက် မရှိတဲ့ system လား] systemက ဂုဏ်ယူစွာ ပြောလိုက်လေသည်။ [ငါက မူလတုန်းက လတ်တလော နာမည်ကြီးနေတဲ့ ဝတ္ထုစာအုပ်တွေကို စုဆောင်းပေးချင်လို့ပါ၊ တစ်ချိန်ချိန်ကျရင် နင် အားရင် ဖတ်လို့ရအောင်လို့လေ]

[ရလဒ်အနေနဲ့ ဒီဖရဲသီးကို စားမိတဲ့အချိန်မှာ ဒီနာမည်ကြီး အပြာစာအုပ်က တကယ့် ဖြစ်ရပ်မှန်ကို အခြေခံထားတယ် ဆိုတာ တွေ့လိုက်ရတယ်၊ ဒါဆိုရင်တော့ ထပ်ပြီး တူးဖော်ရမှာပေါ့]

[ပြီးတော့ အပြာစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ကိစ္စအများစုက အမှန်တွေ ဖြစ်နေတာကို သိလိုက်ရတယ်၊ စာသင်သားက တာဝန်ယူရမှာ ကြောက်လို့ နာမည်တွေ နောက်ခံတွေ အပါအဝင် အသေးစိတ် အချက်အလက် အများအပြားကို ပြင်ဆင် မွမ်းမံထားခဲ့ပေမဲ့ အခြေအားဖြင့်တော့ အပြောင်းအလဲ သိပ်မရှိဘူး]

ချူဟွားသည် ဒါက ဖြစ်ရပ်မှန် ဖြစ်နေသည်ကို အံ့ဩနေသလို ရှန်လုကလည်း ချူဟွားလို အပျိုစင် မိန်းကလေးတစ်ယောက်က ကွယ်ရာတွင် အပြာစာအုပ် ဖတ်သည်ကို အံ့ဩနေလေသည်။

"ငါ လိုက်ပို့မယ်"

ချူဟွား ငုံ့ကြည့်လိုက်ရာ ခွက်ထဲတွင် နို့လက်ဖက်ရည် မရှိတော့သည်ကို တွေ့လိုက်ရသည်။

ဖရဲသီး စားပြီးတာနဲ့ ဧည့်သည်ကို ပြန်ခိုင်းပြီ၊ ဟွန်း။

ရှန်မိသားစုအိမ်မှ ထွက်လာသည်နှင့် ချူဟွားသည် ခေါင်းကိုက်သွားတော့သည်။ လက်တွေ့ဘဝတွင် ခေါင်းမာပြီး မာန်မလျှော့သော ယန်မိန်းကလေး အမှန်တကယ် ရှိနေသည်။

ချူဟွား: [ထုံအာ၊ ဒီ ယန်မိန်းကလေးရဲ့ မူလဇာတ်ကောင်၊ ပြီးတော့ ကျန်းကျီကျန့်၊ တောင်စခန်း၊ မြို့စားမင်း နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စုံစမ်းပေးပါဦး၊ အကုန်လုံး ရှင်းရှင်းလင်းလင်း စစ်ဆေးရမယ်]

Systemသည် ဆုတောင်းခံရန် ရောက်လာလေသည်။ [မမကြီးဟွား လိုချင်မှန်း ငါ သိလို့ ကြိုတင် ပြင်ဆင်ထားပြီးသားပါ]

ချူဟွား: [ထုံအာက တော်လိုက်တာ]

System: [ဟီးဟီး... ဒါက လုပ်သင့်တာပဲလေ]

ချူဟွား အိမ်ပြန်ရောက်ပြီး စကားပြောခန်းကို ကူးယူမည့် နန်းစောင့်တပ်သားများ အိမ်တွင် ရှိနေကြောင်း အတည်ပြုပြီးမှ systemက တစ်ခုချင်းစီ ရှင်းပြလေသည်။

ထိုညတွင် သတင်းသည် နန်းတော်သို့ ရောက်ရှိသွားပြီး အရှင်မင်းကြီးသည် ဖြစ်ရပ်မှန်ကို အခြေခံထားသော "ဟုန်ရှန်းကျီ" စာအုပ်ကို စိတ်ဝင်စားသွားသဖြင့် လင်ယိုကို စာအုပ်တစ်အုပ် ယူလာခိုင်းလိုက်သည်။

လင်ယို: "..."

တချို့စကားများက အထက်လူကြီးကို စော်ကားရာ ရောက်လွန်းသဖြင့် သူသည် စိတ်ထဲတွင်သာ တွေးရဲသည်။ "ဟုန်ရှန်းကျီ" ၏ ဇာတ်လမ်းအကျဉ်းချုပ်က ဒီမှာ ရှိနေပါလျက်နဲ့ အရှင်မင်းကြီးက မူရင်းစာအုပ်ကို ဖတ်ချင်သေးတာက အပြာစာအုပ် ကိုယ်တိုင်ကို စိတ်ဝင်စားနေလို့များလား။

ဟုတ်တာပေါ့၊ သာ့ရှန်း တစ်နိုင်ငံလုံးရဲ့ အကောင်းဆုံး နွေဦးပန်းချီကားတွေက နန်းတော်ထဲမှာ ရှိတာပဲ။

အရှင်မင်းကြီး၏ နောက်ဆောင်တွင် အလှမယ် သုံးထောင် ရှိရာ မူလကတည်းက လူကောင်း မဟုတ်ပေ။ ယောက်ျားကောင်း ကျင့်ဝတ်ကို လိုက်နာသော ဒုတိယမင်းသားနှင့် မတူပေ။

အရှင်မင်းကြီးသည် လင်ယို မည်သည့် ပုန်ကန်သော အရာများကို တွေးနေသည်ကို ရိပ်မိသကဲ့သို့ အေးစက်သော အကြည့်တစ်ချက် ပေးလိုက်ပြီး ကိုယ့်ဟာကိုယ် နားလည်သွားအောင် လုပ်ပေးလိုက်လေသည်။

လင်ယိုမှာ ချက်ချင်း ငြိမ်ကျသွားပြီး "ဟုန်ရှန်းကျီ" စာအုပ်တစ်အုပ်ကို လိမ္မာစွာ သွားရှာလာခဲ့သည်။

ပိတ်ပင်ထားသော စာအုပ်ဟု ပြောထားသော်လည်း အရှင်မင်းကြီးသည် စူးစမ်းလိုစိတ်ဖြင့် ဖတ်ရှုခဲ့ပြီး ဖတ်ပြီးနောက် မိဖုရားကြီးကို မျှဝေလိုက်သည်။

မိဖုရားကြီးသည် အပြာစာအုပ်ကို လုံးဝ စိတ်မဝင်စားသလို အရှင်မင်းကြီးကိုလည်း မသိမသာ မျက်စောင်းထိုးလိုက်သေးသည်။ သို့သော် နောက်ဆုံးတွင် အရှင်မင်းကြီး၏ "ဒါက ဖြစ်ရပ်မှန်ကို အခြေခံထားတာ"၊ "ချူဟွားဆီက စားရတဲ့ ဖရဲသီး" ဆိုသော စကားကြောင့် ဝတ္ထုစာအုပ်ကို ဖွင့်ကြည့်လိုက်သည်။

သူမသည် ယန်မိန်းကလေးနှင့် အခြား မိန်းကလေးများ၏ ဆိုးရွားသော ကံကြမ္မာကို သနားမိသည်။ ဒေသခံ မြို့စားမင်းနှင့် ကျန်းကျီကျန့်တို့ ပူးပေါင်းကြံစည်နေကြသည်ကို ဒေါသထွက်မိသည်။ ယန်မိန်းကလေး ကျားပါးစပ်မှ လွတ်မြောက်နိုင်ရန် ဆုတောင်းမိသည်။ ကျန်းကျီကျန့် ပြစ်ဒဏ်ခတ်ခံရရန် မျှော်လင့်မိသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ဟုန်ရှန်းကျီတွင် နိဂုံး မပါရှိပေ။

သို့မဟုတ်ပါက နိဂုံး ရှိသော်လည်း ထိုနိဂုံးမှာ ပြစ်မှု သက်သေကို ကောက်ရသော စာသင်သားက ဖြည့်စွက် ရေးသားထားသော နိဂုံးသာ ဖြစ်သည်။

မိဖုရားကြီးသည် "ဟုန်ရှန်းကျီ" အတွက် ကောင်းမှုပြုသူ ကောင်းကျိုး ခံစားရပြီး မကောင်းမှုပြုသူ မကောင်းကျိုး ခံစားရသော နိဂုံးတစ်ခုကို ဖန်တီးပေးချင်သဖြင့် အရှင်မင်းကြီးကို သွားရောက်ကာ ကိစ္စရပ်၏ တိုးတက်မှုကို မေးမြန်းလေသည်။

မိဖုရားကြီးက သူ့ကို စကားဦးသန်းလာသည်မှာ ရှားပါးလှသဖြင့် အရှင်မင်းကြီး၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။ "ကျန်း နန်းစောင့်တပ်သားတွေကို ညတွင်းချင်း သွားခိုင်းလိုက်ပါပြီ"

နန်းစောင့်တပ်သားများ ပါဝင်ပတ်သက်နေသည်ကို ကြားလိုက်ရမှ မိဖုရားကြီး စိတ်ချသွားသည်။

သူမတွင် အရှင်မင်းကြီးနှင့် ပြောစရာ အခြားကိစ္စ မရှိသဖြင့် ကိုယ်တိုင် စိတ်ဝင်စားသော အပိုင်းကို နားထောင်ပြီးသည်နှင့် နှုတ်ဆက်ကာ အရှင်မင်းကြီး၏ သဘောတူညီချက်ကို မစောင့်ဘဲ ထွက်ခွာသွားတော့သည်။

အရှင်မင်းကြီး: "..."

တွန့်ဆုတ်ခြင်း မရှိဘဲ ထွက်ခွာသွားသော မိဖုရားကြီး၏ ကျောပြင်ကို ကြည့်ရင်း သူသည် အသုံးချခံရပြီး လွှင့်ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

မိဖုရားကြီး ကိုယ်တိုင် လာရောက် စကားပြောသည်မှာ သူ့ကို ခွင့်လွှတ်လိုက်ပြီဟု ထင်မှတ်ခဲ့သော်လည်း ထင်သလောက် လွယ်ကူပုံမရချေ။

အရှင်မင်းကြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ စစ်အေးတိုက်ပွဲဖြစ်နေတာ ဒီလောက် နှစ်တွေကြာနေပြီကို မိဖုရားကြီးရဲ့ဒေါသတွေက မပြေသေးပါတဲ့လား။ သူသည် ကိုးပါးသော နဂါးတို့၏ အရှင်သခင်၊ သာ့ရှန်း၏ ပိုင်ရှင် ဖြစ်ရာ မည်သို့လုပ်ပြီး မယားငယ် လုံးဝ မယူဘဲ သူမနှင့် တစ်သက်လုံး တစ်လင်တစ်မယားတည်း နေနိုင်ပါမည်နည်း။

ချူမိသားစုအိမ်။

နန်းစောင့်တပ်သားများက system၏ ဖရဲသီးအကြောင်း ကြားသိပြီး အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ချူဟွား သိသော်လည်း သူမဘက်ကလည်း သင့်လျော်သော တုံ့ပြန်မှု ပေးရမည် ဖြစ်သည်။ ဘာမှ မလုပ်ဘဲ ထိုင်စောင့်နေ၍ မဖြစ်ပေ။ မဟုတ်လျှင် သူမ၏ စိတ်နေသဘောထား၊ ဇာတ်ကောင် စရိုက်လက္ခဏာနှင့် ကိုက်ညီမည် မဟုတ်ပေ။

သို့သော် နန်းစောင့်တပ်သားများ အနီးကပ် စောင့်ကြပ်နေသည့် အခြေအနေအောက်တွင် သူမအနေဖြင့် အခြားနည်းလမ်းများ ရှာဖွေရန် အမှန်တကယ် ခက်ခဲလှသည်။

ကံကောင်းသည်မှာ မုန့်ဟန်က မြို့တော်တွင် ရှိနေသေးသဖြင့် ချူဟွားသည် သက်ဆိုင်ရာ သက်သေအထောက်အထားများကို စုစည်းပြီး မုန့်ဟန်အား ပေးကာ တရားရေးဝန်ကြီးဌာန ဝန်ကြီး၏ စာကြည့်ခန်းထဲသို့ တိတ်တဆိတ် သွားရောက် ထည့်ထားခိုင်းလိုက်သည်။

မုန့်ဟန်သည် နှစ်ပေါင်းများစွာ ခိုးယူခဲ့သော်လည်း လူများကို ပစ္စည်း ပေးပို့ခိုင်းသော ထူးဆန်းသည့် တောင်းဆိုမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းပင်။

သူသည် ပေးပို့ရမည့် ပစ္စည်းက အကြောင်းကို မမေးဘဲ သေသပ်စွာ လုပ်ဆောင်ပေးလိုက်ပြီး မထွက်ခွာမီ စာတစ်စောင် ချန်ထားခဲ့သေးသည်။ 'ခင်ဗျားကို ပေးလိုက်ပြီ၊ ကျေးဇူးတင်စရာ မလိုပါဘူး'

တရားရေးဝန်ကြီးဌာန ဝန်ကြီးသည် မြင်လိုက်ရသည်နှင့် ချက်ချင်း မျက်လုံးများ ပြာသွားတော့သည်။

ဤစာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မုန့်ဟန် နိုင်ငံ့ဘဏ္ဍာတိုက်ကို လာရောက် လည်ပတ်စဉ်က စာချန်ခဲ့ပြီး ညီလာခံမှ မှူးမတ်များနှင့် သာ့ရှန်းပြည်သူများက သူခိုး စားစရာ ကျွေးရသည်အထိ ဆင်းရဲသည်ဟု တစ်ကမ္ဘာလုံးက လှောင်ပြောင်ခံရသော မှောင်မိုက်သည့် နေ့ရက်များကို ချက်ချင်း ပြန်လည် အမှတ်ရစေသည်။

အကယ်၍ သရုပ်ဆောင်ရခြင်းနှင့် အမှန်တရား ပေါက်ကြားမည်ကို ကာကွယ်ရန် မဟုတ်ပါက သူသည် ထိုစာကို မုန့်ဟန်၏ ကိုယ်ပေါ်သို့ ပစ်ပေါက်ပြီး 'မင်းတို့ အံ့ဖွယ်ဂိုဏ်းက ဘာရောဂါ ရှိနေတာလဲ၊ ပစ္စည်း လာပို့တာပဲ ဖြစ်ဖြစ်၊ လာခိုးတာပဲ ဖြစ်ဖြစ်၊ စာချန်ပြီး ကြွားဝါစရာ လိုလို့လား' ဟု မေးလိုက်ချင်သည်။

သူ့ကို ပိုပြီး စိတ်မွန်းကျပ်စေသည်မှာ ထိုကဲ့သို့သော စာမျိုးသည် တစ်ရက်ခြား တစ်ခါ ရောက်လာတတ်ခြင်းပင်။

သတင်းအချက်အလက် ပေးပို့ရန် အကောင်းဆုံး စာပို့သမား ရှိနေသဖြင့် ချူဟွားသည် အလွန်အကျွံ စိုးရိမ်စရာ မလိုဘဲ သက်ဆိုင်ရာ ဖရဲသီးများကို စားပြီးသည်နှင့် သက်သေ အထောက်အထားများကို စုစည်းပြီး ပေးပို့ခိုင်းလိုက်ရာ တရားရေးဝန်ကြီးဌာန ဝန်ကြီးသည် စာကြည့်ခန်းထဲသို့ပင် မဝင်ချင်တော့ပေ။

ထိုနေ့တွင် မုန့်ဟန်သည် ထုံးစံအတိုင်း တရားရေးဝန်ကြီးဌာန ဝန်ကြီးထံ သဲလွန်စ ပေးပို့ရန် ရောက်လာရာ စာကြည့်ခန်းထဲသို့ ဝင်ပြီး ပစ္စည်း ချထားလိုက်သည်နှင့် စာမရေးရသေးမီ တရားရေးဝန်ကြီးဌာန ဝန်ကြီးက သူ့အတွက် စာတစ်စောင် ချန်ထားသည်ကို တွေ့လိုက်ရသည်။ 'ဒီနေရာကို ပို့ပေးပါ၊ ကျေးဇူးတင်ပါတယ်'

အောက်တွင် ရိုးရှင်းသော မြေပုံတစ်ခု ပါရှိပြီး တာ့လီစစ်ဝန်ကြီး၏ အိမ်တည်နေရာကို မှတ်သားထားကာ ဤနေရာမှ စတင် ထွက်ခွာရမည့် လမ်းကြောင်းကိုလည်း အလွန် ဂရုတစိုက် ရေးဆွဲပေးထားသည်။

မုန့်ဟန် နားမလည်တော့ပေ။ မုန့်ဟန်တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားသည်။

"ဟာ... အကျိုးဆောင်မှုကို တခြားလူဆီ လွှဲပေးတာ၊ ခင်ဗျားရဲ့ ကိုယ်ကျင့်တရားက အရမ်း မြင့်မားလွန်းပါတယ်"

အစတုန်းက ချူဟွား ပေးပို့ခိုင်းသော ပစ္စည်းကို သူ အမှန်တကယ် မသိခဲ့သော်လည်း ချူဟွားနှင့် system စားသော ဖရဲသီးများကို သူ့ကို ပြသခဲ့ပြီး သူက ချူဟွားအတွက် တစ်ကြိမ် ပေးပို့လိုက်တိုင်း မကြာမီ တရားရေးဝန်ကြီးဌာနက အမှုကြီးကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည် ဆိုမှတော့ ဒါကို သတိမထားမိဘဲ နေပါမည်တဲ့လား။

ထို့ကြောင့်ပင် သူသည် တရားရေးဝန်ကြီးဌာန ဝန်ကြီးအိမ်သို့ ခိုးဝင်တိုင်း အလွန် လွယ်ကူနေခြင်း ဖြစ်သည်။ လူတိုင်းက သရုပ်ဆောင်နေကြတာကိုး။

ရလဒ်အနေနဲ့ တရားရေးဝန်ကြီးဌာန ဝန်ကြီးက အကျိုးဆောင်မှုကို လွှဲပြောင်းပေးလိုက်ပြီ။

မြင့်မြတ်လိုက်တာ၊ အရမ်း မြင့်မြတ်လွန်းတယ်။

မုန့်ဟန်ခမျာ အလွန် စိတ်ထိခိုက်သွားပြီး မြင့်မြတ်သော တရားရေးဝန်ကြီးဌာန ဝန်ကြီး၏ ဆန္ဒအတိုင်း စာရွက်စာတမ်းများကို တာ့လီစစ်ဝန်ကြီးအိမ်သို့ ပို့ဆောင်ပေးလိုက်လေသည်။

အလားတူ အိပ်မက်ဆိုး မက်နေသော တာ့လီစစ်ဝန်ကြီး: "..."

ဒုတိယအကြိမ် ရောက်လာသောအခါ မုန့်ဟန်သည် တာ့လီစစ်ဝန်ကြီး၏ စာကြည့်ခန်းထဲတွင် စာတစ်စောင် တွေ့လိုက်ရပြီး တရားရေးဝန်ကြီးဌာန ဒုဝန်ကြီးအိမ်သို့ ပို့ဆောင်ပေးရန် ပြောထားသည်။

"ဒါက..." မုန့်ဟန် အံ့အားသင့်သွားသည်။ သာ့ရှန်း၏ မှူးမတ်များသည် ဤမျှလောက် သန့်ရှင်းစင်ကြယ်ကြသည်တဲ့လား။

သူ့လို သူခိုးတစ်ပိုင်း စာပို့သမားတစ်ပိုင်းက သူတို့ကြားထဲ ညှပ်နေခြင်းမှာ အလွန်တရာ သဟဇာတ မဖြစ်သလို ခံစားနေရလေသည်။

...

All Chapters