အခန်း ၇၃
Vol. 5 Ch. 73
အပိုင်း (၇၃)
ယခုနှစ် ဆောင်းရာသီသည် ထူးထူးခြားခြား အေးလွန်းသည်။ မိုးနှင်းများ တစ်ကြိမ်ပြီး တစ်ကြိမ် ကျဆင်းရာ မြို့တော်၏ နေရာများစွာတွင် လက်တစ်ဖဝါးခန့် မြင့်သော နှင်းများ ဖုံးလွှမ်းနေသဖြင့် အိမ်တိုင်းသည် နံနက်စောစောထကာ နှင်းရှင်းနေရသည်။
ငယ်ရွယ်နုနယ်သော ကလေးများသာလျှင် နှင်းလူရုပ် လုပ်ခြင်း၊ နှင်းလုံးဖြင့် ပစ်ပေါက် ကစားခြင်းများ ပြုလုပ်ကြပြီး ငွေရောင် ခေါင်းလောင်းသံလေးများကဲ့သို့ ရယ်မောသံများကို ထားရစ်ခဲ့ကြသည်။
ချူဟွားသည် သမ်းဝေရင်း အိပ်ရာမှ မနည်း ထလိုက်ရသည်။ ယခုအခါ သူမ၏ သင်ကြားရေး အချိန်ဇယား ပြည့်နေသဖြင့် အစ်ကိုဖြစ်သူ၏ နေရာတွင် အစားထိုးကာ ညီလာခံ တက်စရာ မလိုတော့သည့်အတွက် ဝမ်းသာမိသည်။
မဟုတ်လျှင် နှင်းကျနေသော ဆောင်းရာသီတွင် နေ့တိုင်း မနက် ၃ နာရီ ထရပါက သူမ၏ ခြေထောက် နှစ်ဖက်လုံး အေးခဲသွားမှာ သေချာသည်။
သူမသည် မီးသွေးအိုး အများအပြား ထားရှိသော နွေးထွေးသည့် အခန်းထဲတွင် ခွေနေပြီး အစေခံများ စောစီးစွာ ပြင်ဆင်ပေးထားသော ငှက်သိုက်စွပ်ပြုတ်ကို သောက်ရင်း ဘဝသည် အလွန် သက်သောင့်သက်သာ ရှိသည်ဟု ခံစားနေရသည်။
ချင်းကျူက ကြွပ်ရွနေသော ဖက်ထုပ်ကြော် တစ်ခုကို ယူပေးလိုက်၏။ "သခင်မလေး၊ ဒါလေး မြည်းကြည့်ပါဦး"
ဆီဖြင့် ကြော်ထားသော ဖက်ထုပ်သည် ကြွပ်ရွ မွှေးပျံ့နေပြီး အတွင်းပိုင်းမှ အစာသွပ်သည် ဆီများဖြင့် ပူနွေးနေရာ တစ်ကိုက် ကိုက်လိုက်သည်နှင့် ခံတွင်း တွေ့သွားစေသည်။
ချူဟွားသည် ပူလွန်းသဖြင့် ပါးစပ် ဟနေရသော်လည်း "နောက်တစ်ခု ထပ်ပေးပါဦး" ဟု တောင်းဆိုလိုက်သည်။
ချင်းကျူ နောက်တစ်ခု ထပ်ယူပေးလိုက်ပြီး "သခင်မလေး၊ မနက်စာ စားပြီးရင် အိမ်မကြီးဘက်ကို တစ်ခေါက်လောက် သွားပေးပါဦးလို့ သခင်မကြီးက မှာလိုက်ပါတယ်၊ ဆွေးနွေးစရာ ရှိလို့ပါတဲ့"
ချူဟွား၏ စွပ်ပြုတ်သောက်နေသော လက်က ရပ်တန့်သွားခဲ့သည်။ "အိမ်မှာ ဘာကိစ္စ ဖြစ်လို့လဲ"
ချင်းကျူက ခေါင်းခါလိုက်၏။ "ဘာမှ မကြားမိပါဘူး"
ချူဟွား၏ လက်ရှိ ညီလာခံအတွက် အရေးပါမှုကို ထောက်ရှုလျှင် အသက်အန္တရာယ်နှင့် ပတ်သက်သော ကိစ္စကြီး တစ်ခုခု ဖြစ်ပွားပါက အရှင်မင်းကြီးနှင့် မှူးမတ်များသည် သူမထက် ပိုပြီး စိုးရိမ်ကြပေလိမ့်မည်။
အကယ်၍ ကိစ္စသေးသေးမွှားမွှားသာ ဖြစ်ပါက သူမ၏ အိမ်တွင် နေထိုင်ရင်း ပျင်းရိနေသော နန်းစောင့်တပ်သားများက အလွယ်တကူ ဖြေရှင်းပေးလိုက်ကြမည်။
အတိုချုပ် ပြောရရင် ဘာမှ မဖြစ်ဘူး။
မနက်စာ စားပြီးနောက် တစ်ကိုယ်လုံး နွေးထွေးသွားသဖြင့် ချူဟွားသည် လက်ကိုင် မီးဖိုလေးကို ပွေ့ပိုက်ကာ အမေဖြစ်သူကို ရှာရန် အိမ်မကြီးဘက်သို့ လမ်းလျှောက် ထွက်လာခဲ့လေသည်။
သူမ အပြင်ထွက်လာသောအခါ ဘေးချင်းကပ်လျက် ခြံဝင်းထဲတွင် ပဉ္စမမင်းသား သိုင်းကွက် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ မနက်စောစောထပြီး ဘယ်လောက်ကြာကြာ လေ့ကျင့်နေသည် မသိ၊ နှင်းကျနေသော နေ့တွင် နဖူးပေါ်၌ ချွေးများ စို့နေသည်။
"တကယ် ပင်ပန်းတာပဲ" ချူဟွားသည် စာနာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး တွန့်ဆုတ်ခြင်း မရှိဘဲ ထွက်ခွာသွားသည်။
ပဉ္စမမင်းသား: "..."
အတန်းဖော်ကြားက ခင်မင်မှုဆိုတာ နှင်းထက်တောင် ပိုပြီး ကျိုးပဲ့လွယ်ပါလား။
ချူဟွားသည် အိမ်မကြီးသို့ ရောက်သောအခါ ဝမ်သခင်မက စာရင်းစစ်နေလေသည်။
ယခင်က ဝမ်သခင်မသည် စာရင်းစာအုပ်များကို သမီးဖြစ်သူထံ တွန်းပို့လေ့ရှိသော်လည်း ယခုအခါ သမီးဖြစ်သူသည် နေ့တိုင်း စာသင်နေရသဖြင့် အလုပ်များလွန်းရာ ကိစ္စအများစုကို ကိုယ်တိုင် လုပ်ဆောင်နေရပြီး အသားကျသွားသောအခါ လုပ်ဆောင်ရသည်မှာ မြန်ဆန်လာသည်။
အမေဖြစ်သူ အလုပ်ရှုပ်နေသည်ကို တွေ့သောအခါ ချူဟွားသည် မခေါ်ဘဲ ဘေးတွင် ထိုင်ကာ ကွာစေ့ ခွာစားနေလိုက်သည်။
"ဟွားအာ ရောက်လာပြီလား" ဝမ်သခင်မသည် စာရင်းတစ်ခု တွက်ပြီးနောက် စာရင်းစာအုပ်ကို ဘေးဖယ်လိုက်ပြီး ချူဟွားဘေးတွင် ဝင်ထိုင်လိုက်သည်။
သမီးဖြစ်သူသည် မကြာမီ စာသွားသင်ရတော့မည် ဖြစ်ပြီး အားလပ်ချိန် သိပ်မရှိသည်ကို သိသဖြင့် ဝမ်သခင်မသည် စကားကို တိုတိုဖြတ်ကာ လိုရင်းကို ပြောလိုက်သည်။ "နှစ်သစ်ကူးတော့မယ်၊ သခင်မကြီးနဲ့ ချူရှူးကို ပြန်ခေါ်လာရတော့မယ်"
ခေတ်သစ်တွင် လူအချင်းချင်း ဆက်ဆံရေး အေးစက်ပြီး ဆွေမျိုးများအကြား အပြန်အလှန် တွက်ချက်မှုများ ရှိကာ ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်တတ်ကြသော်လည်း ရှေးခေတ် ဆွေမျိုးအသိုင်းအဝိုင်း ဆက်ဆံရေးကတော့ အလွန် ခိုင်မာလေသည်။
ဆွေမျိုးအသိုင်းအဝိုင်း ကြီးမားပြီး အိမ်ထောင်ပြုခြင်းဖြင့် ဆက်နွယ်နေကြရာ ကျောက်ခဲတစ်လုံး ပစ်လိုက်လျှင် ဆွေမျိုးတော်စပ်သူ တစ်ဦးဦးကို ထိမှန်နိုင်ပြီး ကွေ့ဝိုက်ကာ အရှင်မင်းကြီးနှင့်ပင် ဆက်စပ်မှု ရှိနိုင်သေးသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် အလွယ်တကူ ရန်စလေ့ မရှိကြပေ။
ပုံမှန် ပွဲတော်များ၊ မွေးနေ့များ၊ မင်္ဂလာဆောင်များ၊ နာရေးကိစ္စများ စသည့် လူမှုရေး ကိစ္စရပ်များကို ဝမ်သခင်မက စီမံခန့်ခွဲလေ့ရှိပြီး သခင်မကြီး အနေဖြင့် ဝင်ရောက် ပါဝင်စရာ မလိုသော်လည်း နှစ်သစ်ကူးချိန်တွင် ထိုလူများသည် သခင်မကြီးကို လာရောက် ဂါရဝပြုကြမည် ဖြစ်ရာ သူမသည် လယ်ယာအိမ်တော်ဝင်းတွင် ဆက်လက် နေထိုင်နေ၍ မဖြစ်ပေ။
ချူရှူးသည် ချဲ့ဖေး မွေးသော သမီးဖြစ်ပြီး ချူဟွားနှင့် ဆက်ဆံရေး မကောင်းမွန်ခြင်းသည် ပုံမှန် ဖြစ်သော်လည်း သခင်မကြီးသည် ချူဟွား၏ အဖွားအရင်း ဖြစ်သည်။ ရိုသေကိုင်းရှိုင်းမှု ဟူသော ခေါင်းစဉ်အောက်တွင် မျိုးဆက်သစ်များသည် အလျှော့ပေးရမည်မှာ သေချာသည်။
ကွယ်ရာတွင် မည်သို့ နေထိုင်သည်ဖြစ်စေ၊ လူရှေ့သူရှေ့တွင်တော့ အဆင်ပြေအောင် နေထိုင်ရမည်။
ချူဟွားမှာ ခဏတာ ကြောင်အသွားသည်။ ထိုလူနှစ်ယောက် အိမ်တွင် မရှိဘဲ ပြဿနာ မရှာကြသဖြင့် သူမ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
"ဒီကိစ္စတွေကို အမေ စီစဉ်လိုက်ပါ"
ချူဟွားသည် ဤကိစ္စနှင့် ပတ်သက်ပြီး သူမကို အပြစ်ပြောစရာ ဖြစ်အောင် မနေပေ။ သူမသည် သခင်မကြီးနှင့် လျိုယိညန်တို့ကို မည်မျှပင် မကြိုက်နှစ်သက်စေကာမူ ဝေးလံသော လယ်ယာအိမ်တော်ဝင်းသို့ ပြောင်းရွှေ့ပေးရုံသာ ရှိပြီး မျက်စိရှေ့မှ ပျောက်သွားလျှင် ပြီးရော ဟူသော သဘောထားသာ ရှိသည်။ အပြင်လူများရှေ့တွင် သူတို့ကို အရှက်ရအောင် ဘယ်တော့မှ မလုပ်ပေ။
ဝမ်သခင်မကလည်း သမီးဖြစ်သူကို ကြိုတင် အသိပေးထားခြင်း ဖြစ်သည်။ တစ်နေ့နေ့တွင် သခင်မကြီးနှင့် ချူရှူးတို့ ရုတ်တရက် ပြန်ရောက်လာပြီး ဘာမှမသိသော ချူဟွားကို အငိုက်ဖမ်းမိမည် စိုးသောကြောင့်ပင်။
"မနေ့ညက နှင်းတိတ်သွားပြီ၊ ဒီနေ့ လယ်ယာအိမ်တော်ဝင်းကို လူလွှတ်လိုက်မယ်၊ အချိန်တွက်ကြည့်ရရင် ချူချီလည်း စာသင်ကျောင်းကနေ ပြန်ရောက်လောက်ပြီ"
ချူဖျင်သည် သားသမီးများအပေါ် မျှမျှတတ ဆက်ဆံတတ်ရာ ချူချင်သည် စုန့်ရှန်း စာသင်ကျောင်းသို့ သွားရောက် ပညာသင်ကြားရသလို ချူချီလည်း သွားရောက်ရသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ချူဟွားသည် စုန့်ရှန်း စာသင်ကျောင်း တောင်ခြေတွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားပြီး ချူချင်သည် ထိုနေရာတွင် စိတ်ကြိုက် စားသောက် ယူငင်နိုင်သော်လည်း ချူချီကတော့ မရပေ။
ချူဟွားသည် ယခင်က ချူချီနှင့် အတန်းဖော်များ ကုန်စုံဆိုင်သို့ သွားရောက်ပြီး ပိုက်ဆံမပေးဘဲ ပစ္စည်းယူကာ ချူမိသားစုဝင် ဖြစ်ကြောင်း ပြသခဲ့သော်လည်း ဆိုင်ရှင်က ပိုက်ဆံ လိုက်တောင်းသဖြင့် အရှက်ကွဲခဲ့ရကြောင်း စာရေးပြီး သူမကို ဆဲဆိုခဲ့သည်ကို ပြန်လည် အမှတ်ရမိသည်။ ထို့အပြင် သခင်မကြီးကို မြှောက်ပေးပြီး သူမကို အပြစ်ပေး ဆဲဆိုခိုင်းခဲ့သည်ကိုလည်း သတိရသွားပြီး ကွာစေ့ တစ်ဆုပ်ကို ထပ်ခွာလိုက်လေသည်။
ချူချီ ဆိုတဲ့ အကောင်ပေါက်လေး ပြန်လာတော့မှာလား။
ဒါဆိုရင် သူ့ကို အကြိမ်ကြိမ် အရူးလုပ်ပြီး ပျော်ရွှင်စရာ ဖန်တီးရမှာပေါ့။
ဝမ်သခင်မက ဆက်ပြောလာ၏။ "နှစ်သစ်ကူးပြီးရင် ချူရှူးကို နေရာချထားပေးဖို့ ကြည့်ရတော့မယ်"
ချူရှူးသည် ချူဟွားထက် တစ်နှစ် ကြီးပြီး နှစ်သစ်ကူးပြီးလျှင် ၁၅ နှစ် ပြည့်မည် ဖြစ်ကာ အရွယ်ရောက်တော့မည်။
ယေဘုယျအားဖြင့် မိန်းကလေးများသည် အရွယ်ရောက်ပြီးလျှင် အိမ်ထောင်ပြုနိုင်ကြပြီး ၁၅ နှစ်အရွယ်တွင် အိမ်ထောင်ဖက် ရှာဖွေခြင်းသည် အနည်းငယ် နောက်ကျနေပြီ ဖြစ်သည်။
သို့သော် ယခင်က လျိုယွဲ့နှင့် သခင်မကြီးတို့သည် ဝမ်သခင်မက ချူရှူး၏ မင်္ဂလာကိစ္စတွင် ဝင်ရောက် စွက်ဖက်ပြီး အပေါ်ယံကောင်းပြီး အတွင်းစိတ်ပုပ်သော အိမ်ထောင်ဖက်မျိုး ရှာပေးမည်ကို စိုးရိမ်သဖြင့် သူတို့ဘာသာ တာဝန်ယူခဲ့ကြရာ ဝမ်သခင်မ လက်မပါခဲ့ပေ။
လျိုယွဲ့သည် လူများစွာနှင့် ဖောက်ပြန်ပြီး ကာလသားရောဂါ ရရှိသွားသော ကိစ္စ ပေါ်ပေါက်လာပြီးနောက် သခင်မကြီးသည် ဒေါသထွက်ပြီး ကျန်းမာရေး မကောင်း ဖြစ်သွားသည်။ တူမဖြစ်သူက သူ့ကို အရှက်ခွဲသည်ဟု ခံစားရပြီး ချူရှူးအပေါ်တွင်လည်း သဘောထား ကွဲလွဲလာကာ ချူရှူးအတွက် အိမ်ထောင်ဖက် ရှာဖွေပေးရန် ဂရုမစိုက်နိုင်တော့ပေ။
ဖြည်းဖြည်းချင်း ရှာဖွေရမည့် နှစ်ဝက်တာ အချိန်သည် ကုန်ဆုံးသွားပြီး မည်သည့် လှုပ်ရှားမှုမှ မရှိသဖြင့် နောက်ဆုံးတွင် ဤကိစ္စသည် အိမ်ရှင်မ ဖြစ်သော ဝမ်သခင်မ လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ချူဟွားသည် အမေဖြစ်သူအစား ပင်ပန်းနေမိတော့၏။
သူမက "အမေ၊ အမေ ရှာပေးတဲ့ လူကို ချူရှူးက သေချာပေါက် သဘောကျမှာ မဟုတ်ဘူး၊ ဒီကိစ္စကို လက်ရှောင်တာ အကောင်းဆုံးပဲ" ဟု ပြောချင်သော်လည်း ဝမ်သခင်မ၏ ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသော ပညာရေးနှင့် လက်ရှိ ပတ်ဝန်းကျင် အခြေအနေအရ အိမ်ရှင်မ တစ်ဦးသည် ချဲ့ဖေး မွေးသော သားသမီးများ၏ မင်္ဂလာကိစ္စကို တာဝန်ယူရမည် ဖြစ်သည်။
တရားဝင် ဇနီးသည်သည် မယားငယ်နှင့် မယားငယ်မှ မွေးသော သားသမီးများ၏ နေ့စဉ် ဘဝကို တာဝန်ယူရုံသာမက သူတို့အတွက် အိမ်ထောင်ဖက် ရှာဖွေပေးခြင်း၊ လက်ထပ်ပေးခြင်း၊ တင်တောင်းလက်ဆောင်နှင့် မင်္ဂလာကြေး ပြင်ဆင်ပေးခြင်းတို့ကိုပါ လုပ်ဆောင်ပေးရသည်မှာ တကယ့်ကို သရဲစီးသော ခေတ်ကာလပင်။
ချူဟွား: [နေ့တိုင်း မင်္ဂလာဆောင်ဖို့နဲ့ ကလေးမွေးဖို့ ကြောက်ရွံ့စေတဲ့ နည်းလမ်းလေး တစ်ခု]
Systemသည် ဖရဲသီး စားနေစဉ် ချူဟွားက စကားလှမ်းပြောသည်ကို ကြားလိုက်ရသဖြင့် အလျင်အမြန် မော့ကြည့်လိုက်သည်။ [ဘာဖြစ်လို့လဲ]
ချူဟွား: [မိန်းကလေးတွေ အိမ်ထောင် မပြုခင်တုန်းက ဘယ်လောက် ပျော်စရာကောင်းလဲ၊ အိမ်ထောင်ပြုလိုက်တာနဲ့ ယောက္ခမတွေကို ပြုစု၊ ခင်ပွန်းကို ဝတ်ပြု၊ သားသမီးတွေကို ပြုစုပျိုးထောင်၊ ပြီးတော့ ခင်ပွန်းရဲ့ မယားငယ်နဲ့ မယားငယ် မွေးတဲ့ သားသမီးတွေကိုပါ စောင့်ရှောက်ရသေးတယ်၊ ဟွန်း]
Systemက သက်ပြင်းချလိုက်သည်။ [ရှေးခေတ် ပတ်ဝန်းကျင်က ဒီလိုပဲလေ၊ ဘယ်လောက်ပဲ မုန်းတီးနေပါစေ မတတ်နိုင်ဘူး]
လူတိုင်း: ???
ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား။ ချူဟွားနှင့် systemက ဒီလောက် မုန်းတီးပြီး ဆန့်ကျင်နေကြသည့်အကြောင်းအရင်းကို သူတို့ နားမလည်ကြပေ။
ချူဟွား: [မယားငယ် ယူတာက တရားဝင်တယ်၊ တရားမဝင် သားသမီးတွေက တရားဝင်တယ်၊ တရားဝင် ဇနီးသည်က မယားငယ်နဲ့ တရားမဝင် သားသမီးတွေရဲ့ အခွင့်အရေးကို အာမခံပေးရတယ်၊ ဟွန်း]
System: [မှန်မှန် ပြောရရင်၊ ခေတ်သစ်မှာလည်း တရားမဝင် သားသမီးတွေရဲ့ အခွင့်အရေးကို အာမခံပေးထားတယ် မဟုတ်လား]
ချူဟွား: [ဒါကြောင့် မိန်းကလေး အများစုက ယောက်ျားမယူတော့ဘဲ အိမ်ထောင်မပြုကြတော့တာလေ]
Systemသည် သခင်ဖြစ်သူ၏ မကျေနပ်ချက်ကို သတိထားမိလိုက်သဖြင့် မီးလောင်ရာ လေပင့်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ [နင် ပြောတာ မှန်တယ်]
လူတိုင်း: ???
ယောက်ျားမယူ အိမ်ထောင်မပြုဘူး ဟုတ်လား။ သူတို့ နားလည်ထားတဲ့ အဓိပ္ပာယ် ဟုတ်ရဲ့လား။
ဝမ်သခင်မ၏ မျက်လုံးများ အနည်းငယ် တုန်ခါသွားသည်။ ဒီလိုလည်း လုပ်လို့ ရတာလား။
"အမေ ပြောချင်တာ ဒီလောက်ပါပဲ။ သမီး စာသွားသင်ဖို့ ပြင်ဆင်ရတော့မလား"
ချူဟွားက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "အချိန်နီးနေပြီ၊ ဒါဆို သမီး ပြန်တော့မယ်"
ဝမ်သခင်မ: "သွားတော့"
ချူဟွားသည် လမ်းလျှောက်ရင်း systemကို ခေါ်လိုက်ကာ [ထုံအာ၊ ချူရှူးရဲ့ ဖရဲသီး တစ်လုံးလောက်]
System: [ဘယ်လို အပိုင်းလဲ]
ချူဟွား: [မင်္ဂလာကိစ္စ]
ဤ အစ်မနှင့် ပတ်သက်ပြီး သူမ နားလည်ထားသလောက် လယ်ယာအိမ်တော်ဝင်းတွင် နှစ်ဝက်ခန့် ငြိမ်သက်စွာ နေထိုင်နေခြင်းသည် ကွယ်ရာတွင် အကွက်ချနေခြင်းသာ ဖြစ်ပေမည်။
Systemကလည်း ရှာဖွေကြည့်လိုက်သည်။ [အီး...]
ချူဟွား: [ဘာဖြစ်လို့လဲ]
လူတိုင်းက နားစွင့်ထားလိုက်ကြ၏။ တချို့က အနီးကပ် ဖရဲသီးစားနိုင်ရန် ချူဟွားနောက်သို့ လိုက်ပါသွားကြသည်။
အေးစက်သော နှင်းကျနေသည့် နေ့ရက်များပင်လျှင် သူတို့၏ ဖရဲသီးစားလိုစိတ်ကို မတားဆီးနိုင်ပေ။
ဝမ်သခင်မပင်လျှင် စာရင်းစာအုပ်ကို ခေတ္တချထားပြီး ချူဟွားနှင့် ပိုနီးသော နေရာသို့ ပြောင်းရွှေ့လိုက်သည်။
မတတ်နိုင်ပေ။ သူမသည် ချူရှူးအတွက် အိမ်ထောင်ဖက် ရှာဖွေပေးတော့မည် ဖြစ်ရာ ချူရှူး မည်သို့သော လူမျိုးကို ကြိုက်နှစ်သက်သည်ကို သိရှိရန် ဖရဲသီး အနည်းငယ် စားထားမှ ကိစ္စကို အမြန် ဖြေရှင်းနိုင်မည် မဟုတ်ပါလား။
System: [မမကြီးဟွား၊ နင့်ရဲ့ အစ်မက တကယ့်ကို မျက်နှာနှစ်ဖက် ရှိတဲ့သူပဲ၊ အပေါ်ယံမှာ နွဲ့နွဲ့နှောင်းနှောင်း ရှိပေမဲ့ ကွယ်ရာကျတော့ လက်သီးနဲ့ ထိုးနှက်တတ်တယ်]
[သူ့ရဲ့ မူလ အစီအစဉ်က နင်တို့နဲ့အတူ ဆောင်းဦးရာသီ အမဲလိုက်ပွဲကို လိုက်သွားပြီး ထူးချွန်တဲ့ သခင်လေး အများအပြားနဲ့ တွေ့ဆုံပြီး မိသားစု နောက်ခံနဲ့ အရည်အချင်းတွေကို စုံစမ်းပြီးမှ ကောင်းမွန်တဲ့သူ တစ်ယောက်ကို ရွေးချယ် လက်ထပ်ဖို့ပဲ၊ ဒါပေမဲ့ နင့်အမေက ငြင်းပယ်လိုက်တော့ ဒီလမ်းကြောင်းက အလုပ်မဖြစ်တော့ဘူး]
[အဲဒီတုန်းက သူက လယ်ယာအိမ်တော်ဝင်းမှာ နေ့တိုင်း နင်နဲ့ နင့်အမေကို ကျိန်ဆဲနေခဲ့တာ၊ အဘွားကြီးကိုလည်း အားကိုးလို့ မရဘူး၊ နင့်အမေက သူ့ကို ယောက္ခမကောင်း ရသွားမှာ မလိုလားဘူး၊ သူက တရားဝင် သမီးထက် ပိုကောင်းတဲ့နေရာ ရသွားပြီး နင့်ကို ဖိနှိပ်မှာ စိုးရိမ်နေတာလို့ ပြောနေခဲ့တာ]
[ပြီးတော့ သူက အဲဒီ အကြောင်းပြချက်နဲ့ သခင်မကြီးရှေ့မှာ နင်တို့ရဲ့ မကောင်းသတင်းတွေကို ပြောခဲ့သေးတယ်၊ နင့်အမေက သူ့ကို သဘောထား ကွဲလွဲနေတယ်၊ ဆောင်းဦးရာသီ အမဲလိုက်ပွဲကို မခေါ်သွားဘူး၊ သူက အခု အမေမရှိတော့လို့ သခင်မကြီးရဲ့ စောင့်ရှောက်မှုကိုပဲ တောင်းခံရတော့မယ် ဆိုပြီး မိဘမဲ့ ကလေးတစ်ယောက်လို သနားစရာကောင်းအောင် ပြောခဲ့တာ]
လူတိုင်း: "..."
မလိုလားအပ်တဲ့ ကျိန်ဆဲမှုတွေ မသုံးဘဲ လိုအပ်မှ နူးညံ့သိမ်မွေ့မှုကို သုံးတာက သိပ်ပြီး အကျိုးမျှော်ကိုးလွန်းရာ မရောက်ဘူးလား။
ဒါတွေက မိသားစုဝင်တွေပဲလေ။
ဝမ်သခင်မနှင့် ချူဟွားကို ခဏထား၊ သခင်မကြီးက ချူရှူးအပေါ် ငယ်စဉ်ကတည်းက ကာကွယ်ပေးခဲ့ပြီး အလိုလိုက်ခဲ့တာ၊ နည်းနည်းလေးမှ နစ်နာအောင် မလုပ်ခဲ့တာကို အခုကျတော့ အဘွားကြီး လို့ ကျိန်ဆဲရသလား။
နားထောင်ရတာ သခင်မကြီးအတွက် ရင်နာစရာ ကောင်းလိုက်တာ။
ချူဟွားကတော့ ကြိုတင် ခန့်မှန်းထားပြီးဖြစ်ရာ လုံးဝ မအံ့ဩပေ။ [လျိုယွဲ့နဲ့ သခင်မကြီးက အတ္တကြီးသူတွေရဲ့ စံပြပုဂ္ဂိုလ်တွေလေ၊ သူတို့ သွန်သင်ဆုံးမထားတဲ့သူက သဘာဝအတိုင်း သူတို့နဲ့ တူမှာပေါ့]
[ပိုက်ဆံ လိုချင်ရင်၊ ငါ့အမေ ပစ္စည်းတွေကို လိုချင်ရင်၊ ပြုံးပြတယ်။ ယောက်မလေး၊ အစ်မကြီး လို့ ရင်းရင်းနှီးနှီး ခေါ်ကြတယ်၊ ပစ္စည်းရသွားတာနဲ့ ငါ့အမေကို အနောက်ကနေ အသည်းနှလုံး မရှိဘူးလို့ ဆဲဆိုကြတယ်၊ နောက်တစ်ခါ ဘယ်လို တောင်းရမလဲ ဆိုတာ တွက်ချက်ကြတယ်၊ ချူရှူးက ငယ်ငယ်လေးကတည်းက သူတို့ဘေးမှာ နေပြီး မြင်တွေ့ ကြားသိခဲ့ရတာဆိုတော့ အကျင့်မပျက်ရင် ထူးဆန်းနေဦးမယ်]
System: [ဟုတ်တယ်၊ ချူရှူးနဲ့ လျိုယွဲ့က ရုပ်ရည်ကနေ စရိုက်အထိ အကုန် တူတယ်]
[သူက နင့်အဖွားနဲ့ နင့်အမေကို အားကိုးလို့ မရဘူးလို့ ဆုံးဖြတ်ထားတယ်၊ အမေအရင်းကလည်း နန်းစောင့်တပ်ရဲ့ ဖမ်းဆီးခံထားရပြီး သတင်းအစအန မရှိတော့ဘူး၊ ဒါကြောင့် သူက သူများအားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာ ပိုကောင်းတယ်၊ မင်္ဂလာကိစ္စကို ကိုယ်တိုင် စီစဉ်မှ ရမယ်လို့ ထင်နေတာ]
ချူဟွား တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ တခြားအရာတွေ မပြောဘဲ နောက်ဆုံး စကားတစ်ခွန်းကိုတော့ သူမ သဘောတူသည်။
ဒီခေတ်ကြီးမှာ လွတ်လပ်စွာ ချစ်ကြိုက်ဖို့က အရမ်း ခက်ခဲတယ်၊ ကိုးဆယ်ရာခိုင်နှုန်းက စီစဉ်ပေးတဲ့ အိမ်ထောင်ရေးတွေပဲ၊ ယောက်ျားလောင်းကို ကိုယ်တိုင် စိစစ်ရမယ်၊ မဟုတ်ရင် အိမ်ထောင်ကျပြီးမှ နည်းနည်းလေး အဆင်မပြေတာနဲ့ မိဘတွေကို အပြစ်တင်မိပြီး ကိုယ်တိုင်ရော မိသားစုနဲ့ပါ ဆက်ဆံရေး မကောင်း ဖြစ်သွားလိမ့်မယ်။
System: [မူလက ချူရှူးမှာ အဆက်အသွယ် လုပ်နေကျ လက်ပွန်းတတီး သူငယ်ချင်း အနည်းငယ် ရှိခဲ့ပေမဲ့ သူ့အမေကိစ္စက မြို့တော်ရဲ့ တစ်ဝက်လောက်သော အရာရှိ မိသားစုတွေ သိသွားကြတော့ သူ့ရဲ့ နာမည်ဂုဏ်သတင်းလည်း မကောင်း ဖြစ်သွားပြီး သူငယ်ချင်းတွေက သူနဲ့ အဆက်အသွယ် ဖြတ်လိုက်ကြတယ်]
[ချူရှူးက ကိုယ်တိုင် ရှာချင်ပေမဲ့ သူက အိမ်တွင်းပုန်း မိန်းကလေး တစ်ယောက်လေ၊ လူကြီးတွေနဲ့ သူငယ်ချင်းတွေ မိတ်ဆက်ပေးတာ မရှိဘဲနဲ့ သခင်လေး ဘယ်နှယောက်ကို သိနိုင်မှာလဲ၊ ပြီးတော့ သူ့အမေရဲ့ နာမည်ဂုဏ်သတင်းကို ဂရုမစိုက်တဲ့၊ အနာဂတ်မှာ သူများတွေ သံသယဝင် ပြောဆိုတာကို ဂရုမစိုက်တဲ့ သခင်လေးတွေ ရှိပါ့မလား]
အိမ်တွင်းပုန်း မိန်းကလေး တစ်ယောက်ရဲ့ စိတ်နေသဘောထား၊ ကိုယ်ကျင့်တရား ဘယ်လိုရှိလဲ ဆိုတာကို တခြားသူတွေ နားလည်ဖို့ ခက်ခဲတယ်။ ယေဘုယျအားဖြင့် မိဘတွေနဲ့ မိသားစုရဲ့ နာမည်ဂုဏ်သတင်း၊ သွန်သင်ဆုံးမမှုကို ကြည့်ကြတယ်၊ လူကြီးတွေ ကောင်းရင် ကလေးတွေလည်း မဆိုးဘူးလို့ ယုံကြည်ကြတယ်။
ပြောင်းပြန် ပြောရရင် လူကြီးတွေရဲ့ နာမည်ဂုဏ်သတင်းက ရွှံ့နွံထဲ ရောက်နေရင် ကလေးတွေလည်း ရွှံ့နွံထဲကနေ စင်ကြယ်စွာ ထွက်လာမယ်လို့ ယုံကြည်ဖို့ ခက်ခဲတယ်။
System: [နင်တို့က သူ့ကို လယ်ယာအိမ်တော်ဝင်းမှာ နေခိုင်းတာ၊ အပြင်မထွက်ရဘူးလို့ ပြောမထားဘူးလေ၊ ဒါကြောင့် သူက ဒီနေ့ ဒီဘုရားကျောင်း သွားလိုက်၊ နောက်နေ့ ဟိုလက်ဖက်ရည်ဆိုင် သွားလိုက်နဲ့ လုပ်နေတာ၊ ပြီးတော့ သူ့အစေခံမကို လွှတ်ပြီး အရွယ်ရောက်ပြီးသား သခင်လေးတွေကို လိုက်စုံစမ်းခိုင်းတယ်]
[မိသားစု နောက်ခံ မဆိုးတဲ့သူ တစ်ယောက်ကို စုံစမ်းမိတာနဲ့ သူက သေသေချာချာ ပြင်ဆင်ပြီး အတူတူ ဆုံတွေ့ဖို့ လုပ်တယ်၊ အတူတူ နေကြည့်ပြီး တစ်ဖက်လူက ဘယ်လိုလူလဲ ဆိုတာ နားလည်အောင် လုပ်ချင်လို့လေ၊ ဒါပေမဲ့ သူက ပါးနပ်ပါတယ်၊ စကားပြောဆို ပြုမူပုံနဲ့ပဲ တစ်ဖက်လူကို မျှားတာ၊ အခွင့်ကောင်း အယူမခံဘူး]
ချူဟွား: [ဒါ ဒဏ္ဍာရီထဲက မျှားတတ်တဲ့ အလှမယ်လား]
Systemက အမှန်အတိုင်း ပြောလိုက်သည်။ [သူ့ရဲ့ မျက်နှာက သန့်ရှင်းတယ်လို့ ပြောလို့ရရုံပဲ ရှိတာ၊ ဘယ်လိုကြည့်ကြည့် အလှမယ် ဆိုတဲ့ အဆင့်နဲ့ မမီပါဘူး]
[မမကြီးဟွား၊ နင်က အမျိုးသမီးထုကြီးအပေါ် သတ်မှတ်ချက် နိမ့်လို့ ကြည့်ပျော်ရှုပျော် ရှိတဲ့ မိန်းကလေး တစ်ယောက်ကို တွေ့တာနဲ့ အလှမယ် လို့ လျှောက်မခေါ်နဲ့လေ]
[မမကြီးဟွား၊ နင်က လက်တွေ့ဘဝမှာ အလှမယ်တွေ မြင်ရတာ နည်းလို့ အလှအပ စံနှုန်းကို ကိုယ်တိုင် လျှော့ချလိုက်တာက အလှမယ်တွေကို မလေးစားရာ ရောက်တယ်]
[နင့်အမေကို ကြည့်၊ မိဖုရားကြီး၊ ဒုတိယမင်းသား ကြင်ရာတော်၊ ဝူချဲ့ဖေး တို့ကို ကြည့်၊ ဘယ်သူက မလှလို့လဲ၊ ပြီးတော့ အကောင်းစား အလှရှင် ရှန်လု ရှိသေးတယ်၊ ရှန်လုရဲ့ အဆင့်အတန်းက ဘယ်မှာလဲ]
အသံက တစ်ခုထက် တစ်ခု ပိုလေးနက်လာပြီး တစ်ခွန်းထက် တစ်ခွန်း ပိုစိတ်ဆိုးလာသည်။
ချူဟွားက မျက်နှာအုပ်လိုက်ကာ [မဆဲပါနဲ့တော့၊ မဆဲပါနဲ့တော့၊ ပြန်သုံးသပ်နေပါပြီ]
Systemက ဂုဏ်ယူစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက် ဖော်ထုတ်လိုက်သည်။ [မြစ်ကမ်းဘေး လမ်းလျှောက်နေမှတော့ ဖိနပ်မစိုဘဲ ဘယ်နေမလဲ]
[ချေးများလွန်းတဲ့ ချူရှူးက လူယုတ်မာ ကျင်ရွှိုက် နဲ့ တွေ့သွားတယ်၊ ကျင်ရွှိုက်က ချူရှူးကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့တာ၊ ချူရှူးက ယောက်ျားတွေနဲ့ ဆုံတွေ့တာကိုလည်း မြင်ဖူးတယ်၊ တစ်ကြိမ်က မတော်တဆ၊ နှစ်ကြိမ်က တိုက်ဆိုင်မှု၊ သုံးကြိမ်ကျတော့ ရည်ရွယ်ချက် ရှိတာပေါ့]
[ကျင်ရွှိုက်မှာ ကြည့်ပျော်ရှုပျော် ရုပ်ရည်နဲ့ မဆိုးတဲ့ ခုတင်ပေါ်က စွမ်းဆောင်ရည် ရှိတယ်၊ ဒီနည်းလမ်း နှစ်ခုနဲ့ မုဆိုးမ အများအပြားကို ချိတ်ဆက်ခဲ့တာ၊ သာ့ရှန်းက မုဆိုးမတွေ နောက်အိမ်ထောင်ပြုတာကို အားပေးပေမဲ့ တချို့ မုဆိုးမတွေက အိမ်ထောင်ပြုကြတယ်၊ တချို့ကတော့ ငွေရှိ လူရှိမို့ အိမ်ထောင်ပြုခြင်းဆိုတဲ့ မီးတွင်းထဲကို ထပ်မဝင်ချင်ကြတော့ဘူး၊ ကျင်ရွှိုက်က အဲဒီလို အမျိုးအစားကို သီးသန့် ချိတ်ဆက်တာ]
[မုဆိုးမတွေကို ကောင်းကောင်း ပြုစုပေးရင် ကိုယ့်ဆန္ဒကို ဖြည့်ဆည်းနိုင်သလို သူတို့လက်ထဲကနေ ပိုက်ဆံလည်း ရနိုင်တယ်၊ ဘာလို့ မလုပ်ဘဲ နေမလဲ၊ ကျင်ရွှိုက်ရဲ့ နည်းစနစ်က မဆိုးဘူး၊ မုဆိုးမတွေ အချင်းချင်း မိတ်ဆက်ပေးတာကနေတစ်ဆင့် လုပ်ငန်း ချဲ့ထွင်ပြီး တော်တော်လေး အဆင်ပြေနေတာ]
လူတိုင်း: "..."
ဒီလိုလည်း လုပ်လို့ ရတာလား။ တကယ့်ကို ဓားငယ်လေးနဲ့ ဖင်လှီးလိုက်သလိုပဲ၊ မျက်စိပွင့်သွားပြီ။
System: [အချိန်ကြာလာတော့ ကျင်ရွှိုက် လိုက်နေတဲ့ မုဆိုးမတွေက နောက်အိမ်ထောင်ပြုသွားတာ၊ တခြားလူ ရှာတွေ့သွားတာတွေ ဖြစ်လာတော့ သူလည်း ဒီလို မတည်ငြိမ်တဲ့ ဘဝကို ငြီးငွေ့လာပြီး သူဌေးမ တစ်ယောက်ကို ရှာပြီး တစ်သက်လုံး ကပ်စားချင်လာတယ်]
[သူ နေရာအနှံ့ လူလိုက်ရှာနေတဲ့အချိန်မှာပဲ ချူရှူးကလည်း လက်မထပ်ရသေးတဲ့ ယောက်ျားတွေကို နေရာအနှံ့ လိုက်ရှာနေတာ တွေ့လိုက်ရတယ်၊ ဒါ မတော်တဆ ဖြစ်သွားတာ မဟုတ်ဘူးလား၊ ကျင်ရွှိုက်က ချူရှူးကို နောက်ယောင်ခံလိုက်တယ်၊ စုံစမ်းတယ်၊ မေးမြန်းတယ်၊ သူက နင့်အဖေရဲ့ ဒုတိယမယားသမီး ဆိုတာ သိသွားတယ်]
[ပဉ္စမအဆင့် တရားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရဲ့ ရာထူးက သိပ်မကြီးပေမဲ့ နင့်အမေက ချမ်းသာတယ်လေ၊ ချူရှူးကို သေချာပေါက် သနားစရာကောင်းအောင် အိမ်ထောင်ချပေးမှာ မဟုတ်ဘူး၊ ပြီးတော့ လျိုယွဲ့ကိစ္စက ဒီလောက် ဖြစ်ထားတာ၊ ချူရှူးရဲ့ နာမည်ဂုဏ်သတင်း မကောင်းဘူး ဆိုတာ ကျင်ရွှိုက်က သူပြုစုပေးဖူးတဲ့ မုဆိုးမတွေဆီက ကြားဖူးတယ်၊ သူလည်း မကောင်းဘူးလေ၊ ဒါ နတ်ဖက်တဲ့ စုံတွဲ မဟုတ်ဘူးလား]
[ကျင်ရွှိုက်က ချူရှူး ဆုံတွေ့ခဲ့တဲ့ ယောက်ျားတွေက မိသားစု နောက်ခံ မဆိုးဘူး ဆိုတာ မြင်တော့ သူက သာမန်လူ တစ်ယောက်ပဲ ဖြစ်နေလို့ ချူရှူးကို ချက်ချင်း သွားမတွေ့ဘဲ သေသေချာချာ စီစဉ်ပြီးမှ ချူရှူး သွားနေကျ လမ်းမှာ စောင့်ပြီး နှစ်ယောက်သား ဆုံတွေ့မှုကို ဖန်တီးလိုက်တာ]
ချူဟွားက စိတ်လှုပ်ရှားသွားလေသည်။ [ပြီးတော့ရော]
လူတိုင်းလည်း စိတ်လှုပ်ရှားနေကြသည်။ ပြီးတော့ရော။ ပြီးတော့ရော။
System: [ကျင်ရွှိုက်က ကိုယ့်ကိုယ်ကိုယ် သေချာ ပြင်ဆင်ထားတာ၊ ချူရှူးက သူ့ရဲ့ ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်၊ ပြောဆို ပြုမူပုံတွေက အရာရှိ မိသားစုဝင် ပုံစံ ပေါက်နေတာ၊ မြို့တော်က အရာရှိ မိသားစု အသိုင်းအဝိုင်းကို သေချာ နားလည်နေတာ တွေ့တော့ ရွှေလိပ် တစ်ကောင် တွေ့ပြီလို့ ထင်သွားတာ]
[ကျင်ရွှိုက်က ချူရှူး အထင်လွဲအောင် တမင် လုပ်ထားတာ၊ ချူရှူး မေးလာရင် သူက ပြုံးပြီး ဘာမှ မပြောဘူး၊ နှစ်ကြိမ် စမ်းသပ်လို့ အဖြေမရတော့ ချူရှူးက မျက်နှာချင်းဆိုင် မမေးရဲတော့ဘူး၊ အစေခံမကို စုံစမ်းခိုင်းတော့လည်း ဘယ်မိသားစုက သခင်လေးလဲ ဆိုတာ မသိရဘူး၊ ကျင်ရွှိုက်က နာမည်ဝှက် သုံးထားတယ်၊ နောက်ကွယ်မှာ အင်အားကြီးမားလောက်တယ်လို့ ထင်ပြီး ခဏတာ တွေဝေသွားတယ်]
[နှစ်ယောက်သား တွေ့ဆုံနေစဉ်မှာ ကျင်ရွှိုက်က အဝတ်အစားတွေ၊ အသုံးအဆောင်တွေ မကြာခဏ လဲလှယ်တယ်၊ အားလုံးက တန်ဖိုးကြီးပုံ ပေါက်တယ်၊ ရာဇဝင် ရှိမဲ့ပုံ ပေါက်တယ်၊ တစ်ခါတလေ ချူရှူးကို ပေးတဲ့ ပစ္စည်းတွေကလည်း ပစ္စည်းကောင်းတွေ ဖြစ်နေတယ်၊ ကျင်ရွှိုက်က ဝန်ဆောင်မှု လုပ်ငန်းက လာတာဆိုတော့ စကားပြော အရမ်း ကောင်းတယ်၊ စကား နှစ်ခွန်း သုံးခွန်းနဲ့ ချူရှူးရဲ့ စိတ်ကို လှုပ်ရှားသွားအောင် လုပ်နိုင်တယ်]
[ကျင်ရွှိုက်က ချူရှူးကို မြင်းလှည်း တင်ခေါ်သွားဖူးတယ်၊ သူ ဘယ်မှာ နေလဲ ဆိုတာ ပြောပြဖူးတယ်၊ ချူရှူးရဲ့ အစေခံမက တိတ်တဆိတ် လိုက်ကြည့်တော့ ကျင်ရွှိုက် အိမ်ထဲ ဝင်သွားတာ တွေ့လိုက်တယ်၊ အဲဒီ နေရာတစ်ဝိုက်က အရာရှိ မိသားစုတွေရဲ့ အိမ်တွေလေ၊ သူက သဘာဝအတိုင်း ကျင်ရွှိုက်က အရာရှိ မိသားစုဝင်ပဲလို့ ထင်လိုက်ပြီး နှစ်ယောက်သား ချက်ချင်းပဲ အဆင်ပြေသွားကြတာ]
ချူဟွားသည် နားထောင်ရင်း ရင်းနှီးသလို ခံစားလာရတော့သည်။ [ဒါက ခေတ်သစ်မှာ ဇိမ်ခံကား၊ ဇိမ်ခံအိမ် ငှားပြီး မိန်းကလေးတွေကို လိမ်တဲ့ ဇာတ်ကွက် မဟုတ်ဘူးလား]
...