အခန်း ၇၅
Vol. 5 Ch. 75
အပိုင်း (၇၅)
Systemသည် ငိုသံပါနေသည်ကို တစ်စက္ကန့်အတွင်း ရပ်တန့်လိုက်ပြီး ဖရဲသီးစားရာတွင် သုံးလေ့ရှိသော လေသံဖြင့် ပြောင်းလဲ ပြောလိုက်တော့သည်။ [နင်တို့က စားပွဲသောက်ပွဲ သွားကြတာ မဟုတ်ဘူးလား။ ဘာလို့ လူသေသွားရတာလဲ]
[ဘယ်လို သေတာလဲ။ လူသတ်မှုလား။ မတော်တဆလား။ ဘယ်သူ သေတာလဲ။ ဘယ်လိုလုပ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားရတာလဲ]
ထိုသို့ ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ပုံနှင့် မေးခွန်းထုတ်ပုံတို့က ချူဟွားနှင့် တခြားသူများကို ဆွံ့အသွားစေတော့သည်။ နင်က ခုနလေးတင် ချူဟွားအတွက် မတရားဘူးဆိုပြီး ပြောနေတာ မဟုတ်ဘူးလား။ ဒီလို ပြောင်းလဲသွားတာက မြန်လွန်းနေတယ် မလား။
ချူဟွားက ပြန်မဖြေဘဲ ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ [ထုံအာရေ မင်းဆရာကြီး တစ်ခုခု ဖြစ်လို့လား။ ဘာလို့ အခုထိ မလာသေးတာလဲ]
မင်းဆရာကြီး: !!!
သူက ဘာမှ မဖြစ်ခဲ့ပေ။ ဖရဲသီးစားရန် အလုပ်များနေသဖြင့် ကြန့်ကြာနေခြင်း ဖြစ်လေ၏။ Systemက သူ့အကြောင်း ဖရဲသီးစားမည့် အရိပ်အယောင်ကို ကြားလိုက်ရသည်နှင့် သူသည် အလျင်အမြန် ဝင်လာခဲ့တော့သည်။
မနက်ခင်း သင်ခန်းစာများ စတင်ပြီဖြစ်ရာ လူတိုင်း၏ ပျော်ရွှင်ဖွယ်ရာ ဖရဲသီးစားခြင်း ခရီးစဉ်သည်လည်း ပြီးဆုံးသွားလေသည်။
Systemသည် အလကားရမည့် ဖရဲသီးကို မစားလိုက်ရသဖြင့် မကျေမနပ် ဖြစ်နေတော့သည်။
[မင်းဆရာကြီး ပြန်လာတာ တကယ် အချိန်အခါ မဟုတ်ဘူး]
မဟုတ်လို့လား။ လူတိုင်းက အလွန်တရာ ဝမ်းနည်းနေကြသည်။ သူတို့သည် ထိုရုတ်ရုတ်သဲသဲဖြစ်ရပ်၏ ဖရဲသီးကို စားရရန် အနည်းငယ်သာ လိုတော့သည်။ မင်းဆရာကြီး ကိုယ်တိုင်ပင်လျှင် နောင်တရနေမိလေ၏။ သည်အခွင့်အရေး လွတ်သွားပါက ချူဟွားသည် မည်သည့်အချိန်ကျမှ သည်ဖရဲသီးကို ဆက်စားမည်ကို မသိနိုင်ပေ။
System အနေဖြင့် မှတ်ဉာဏ်ကောင်းပြီး သည်ဖရဲသီးကို အမြန်ဆုံး အပြီးသတ် စားသုံးနိုင်ရန် မျှော်လင့်ရသည်။ သို့မှသာ သူ အမြဲတမ်း တသသ ဖြစ်မနေတော့မှာ ဖြစ်သည်။
ချူဟွားနှင့် မင်းသား ၅ တို့ စာအုပ်လေးအုပ်ကို လေ့လာရန် အလုပ်များနေစဉ် ယနေ့အတွက် အစီရင်ခံစာကို နန်းစောင့်တပ်သားများလက်မှတစ်ဆင့် နန်းတော်သို့ အမြန်ဆုံး ပို့ဆောင်လိုက်လေသည်။
အရှင်မင်းကြီးသည် ဖတ်ရှုပြီးနောက် လင်ယိုကို မျှဝေလိုက်လေသည်။ "ဒါက ဘယ်အချိန်က ဖြစ်ပျက်ခဲ့တာလဲဆိုတာ စစ်ဆေးလိုက်"
သည်ကိစ္စကို ချူဖျင်နှင့် ဝမ်သခင်မတို့ကို မေးမြန်းခြင်းက အမြန်ဆုံး ဖြစ်သော်လည်း သူတို့နှစ်ဦးသည် အသေးစိတ် အချက်အလက်အားလုံးကို သိရှိလိမ့်မည် မဟုတ်ပေ။ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ရရှိလာသော အမှန်တရားသည် ဘက်လိုက်မှု အချို့ ရှိနိုင်ပြီး စိတ်ချရမည် မဟုတ်ချေ။
လင်ယိုသည် အမိန့်ကို နာခံပြီး စုံစမ်းစစ်ဆေးရန် လူများကို ချက်ချင်း စေလွှတ်လိုက်တော့သည်။ ဆောင်းဦးနှင့် ဆောင်းရာသီတွင် လူအများအပြား ရေကန်ထဲသို့ ကျသွားခြင်းနှင့် ထိုနေ့က လှေပေါ်တွင် လူသေဆုံးမှု ရှိခဲ့ခြင်းတို့သည် ကိစ္စအသေးအမွှား မဟုတ်ပေ။ ငြိမ်ဝပ်ပိပြားရေးရုံးတွင် သက်ဆိုင်ရာ အမှုတွဲများ ရှိရမည်မှာ သေချာသည်။
တစ်ခုတည်းသော ပြဿနာမှာ ချူဟွားက မည်သည့်နှစ်တွင် ဖြစ်ပျက်ခဲ့သည်ကို မပြောခဲ့ခြင်းပင်။ ငြိမ်ဝပ်ပိပြားရေးရုံးတွင် အမှုတွဲများ အလွန်များပြားသဖြင့် ရှာဖွေရာတွင် အချိန်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။
အမြန်ဆုံးနည်းလမ်းမှာ ချူဖျင်ကို အချိန်ကာလ အကြမ်းဖျင်း မေးမြန်းပြီးမှ ဦးတည်ချက်ထားကာ ရှာဖွေခြင်း ဖြစ်သည်။
လင်ယိုသည် ချူဖျင်ကို သွားရှာရန် တရားရေးဝန်ကြီးဌာနသို့ သွားရောက်သောအခါ တရားရေးဝန်ကြီးလည်း ရှိနေပြီး ချူဟွားကို တရားရေးဝန်ကြီးဌာနသို့ တစ်ခဏတာ မည်သို့ ခေါ်ယူရမည်ကို ချူဖျင်နှင့် ဆွေးနွေးနေလေသည်။ သူသည် system၏ အမှုစစ်ဆေးနိုင်စွမ်းကို အမှန်တကယ် လိုချင်တပ်မက်နေခြင်းပင်။
ချူဖျင်သည် အလျင်အမြန် ပြန်လည်အမှတ်ရသွားပြီး ပြောလိုက်သည်။ "အဲဒါ လွန်ခဲ့တဲ့ ၂ နှစ်က ကိစ္စပါ"
"မင်းသား ၃ ကျင်းပတဲ့ စားပွဲသောက်ပွဲလို့ ကျွန်တော်မျိုး မှတ်မိပါတယ်။ လူတွေအများကြီး သွားခဲ့ကြတယ်။ အဲဒီတုန်းက လူငယ်တွေကိုပဲ ဖိတ်ကြားခဲ့တာပါ။ နေရာက ရေကန်ပေါ်မှာ ဖြစ်နေလို့ အဲဒီတုန်းက မိန်းမက စိတ်မချ ဖြစ်နေခဲ့တယ်။ သူ့ မျက်ခွံတွေ အမြဲတမ်း လှုပ်နေလို့ မကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်"
"နောက်တော့ သမီးက တစ်ကိုယ်လုံး ရေစိုပြီး ပြန်ရောက်လာတယ်။ အဲဒီညမှာပဲ အဖျားတက်ပြီး သတိမရတော့ဘူး။ တစ်လကျော်လောက် အိပ်ရာထဲ လဲနေခဲ့တယ်။ အစေခံ ချင်းကျူက ချူရှူး တွန်းချလိုက်တာလို့ စွပ်စွဲပေမဲ့ ချူရှူးက ဝန်မခံဘူး။ မိန်းမက တော်တော်လေး ဒေါသထွက်ခဲ့ပါတယ်"
ထိုစကားကို ကြားသောအခါ လင်ယိုနှင့် တရားရေးဝန်ကြီးတို့သည် ချူဖျင်ကို တစ်ချက် ကြည့်လိုက်ကြလေသည်။
သမီးနှစ်ယောက် ရှိသော်လည်း နှစ်ယောက်စလုံးကို သမီးငယ်ဟု နှိမ့်ချခေါ်ဝေါ်၍ မရသော အကြောင်းပြချက် ရှိသော်ငြား ချူဖျင်က တွေဝေခြင်းမရှိဘဲ ချူရှူး၏ နာမည်ကို ခေါ်ဆိုလိုက်သည့် အချက်ကို ကြည့်ခြင်းအားဖြင့် ချူဖျင်သည် ချူဟွားနှင့် ပိုရင်းနှီးပြီး ပိုချစ်ခင်ကြောင်း ထင်ရှားနေလေသည်။
ချူရှူးက သူမ၏ အဖေအရင်းကို အားကိုး၍မရဟု ခံစားရသည်မှာလည်း အကြောင်းပြချက် ရှိသည်ပင်။ သို့သော် ထိုအကြောင်းပြချက် အများစုမှာ ချူရှူး ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
လင်ယို: "တကယ်ပဲ ချူရှူး တွန်းလိုက်တာလား"
ချူဖျင်က အမှန်အတိုင်း ပြောလိုက်သည်။ "သမီးက အိပ်ရာထဲ လဲနေပြီး မူးဝေနေခဲ့တာပါ။ သတိရလာတော့ ချူရှူးက သူ့ကို ရေကန်ထဲ တွန်းချလိုက်တယ်လို့ပဲ ပြောပါတယ်"
ချူရှူးက ချူဟွားကို တိုက်မိပြီး ရေကန်ထဲ ကျသွားစေခဲ့သည့် ကိစ္စတွင် မျက်မြင်သက်သေ နှစ်ဦး ရှိသဖြင့် အမှန်တရား ဖြစ်ကြောင်း အတည်ပြုနိုင်သည်။ သို့သော် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းလား။ သို့တည်းမဟုတ် မတော်တဆလား ဆိုသည်ကိုတော့ ချူရှူး ကိုယ်တိုင်သာ သိရှိပေလိမ့်မည်။
တရားရေးဝန်ကြီး: "အပြစ်ပေးခဲ့လား"
သူသည် ရုံးတော်မှ အထက်အရာရှိတစ်ဦး အနေဖြင့် လက်အောက်ငယ်သား၏ အိမ်မှုကိစ္စများကို မမေးမြန်းသင့်သော်လည်း ချူသခင်မကြီး၏ မျက်နှာလိုက်မှုကို ထည့်သွင်းစဉ်းစားပါက တရားရေးဝန်ကြီးသည် မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။
ထင်ထားသည့်အတိုင်းပင် ချူဖျင်၏ မျက်နှာထားမှာ အနေခက်သွားတော့သည်။ "တခြားသက်သေ မရှိပါဘူး။ အမေက ကိုယ်ပိုင်အစေခံရဲ့ ထွက်ဆိုချက်က ယုံကြည်ဖို့ မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အပြစ်မပေးခဲ့ပါဘူး"
လင်ယို: "..."
တရားရေးဝန်ကြီး: "..."
သူတို့နှစ်ဦးစလုံးသည် အမှုဆုံးဖြတ်ရန် လူသက်သေနှင့် ပစ္စည်းသက်သေ ပြည့်စုံမှသာ ဆုံးဖြတ်တတ်သူများ ဖြစ်ကြသည်။ သည်ကိစ္စတွင် အခြားသက်သေ အထောက်အထား မရှိသည်မှာ မှန်သော်လည်း မည်သည့် အရေးယူမှုမျှ မရှိခြင်းက ချူဟွားအတွက် မတရားရာ ရောက်နေလေသည်။
ချူဟွားသည် ငရဲတံခါးဝသို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီး အအေးဓာတ်က ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကာ ယနေ့ထက်တိုင် ခံစားနေရဆဲ ဖြစ်သည်။
တရားရေးဝန်ကြီး၏ သမီးဖြစ်သူ ကျန်းသခင်မသည် ချူဟွား၏ သိပ္ပံနည်းကျ ကိုယ်အလေးချိန် လျှော့ချနည်းကို အသုံးပြုပြီးနောက် ပိန်သွားခဲ့သည်။ ယခုအခါ သူမသည် ပျော်ရွှင်နေပြီး မကြာခဏ အပြင်ထွက်ကာ ချူဟွားမှတစ်ဆင့် ဒုတိယမင်းသား ကြင်ရာတော်နှင့် အခြားသူများနှင့် မိတ်ဆက်ခွင့် ရရှိခဲ့သည်။ မကြာသေးမီက ခင်ပွန်းသည်နှင့် ကွာရှင်းပြီး ဒုတိယနွေဦးကို ရှာဖွေလိုသော ဆန္ဒများ ဖြစ်ပေါ်လာကာ ဘဝသစ်တစ်ခု စတင်တော့မည့် အခြေအနေတွင် ရှိနေသည်။
အများကိစ္စတွင်ရော ပုဂ္ဂိုလ်ရေးအရပါ တရားရေးဝန်ကြီးနှင့် သမီးဖြစ်သူတို့သည် ချူဟွား၏ ကျေးဇူးကို မနည်းမနော ခံစားခဲ့ရသဖြင့် မနေနိုင်ဘဲ စကားတစ်ခွန်း ပိုပြောလိုက်မိသည်။ "ခင်ဗျားရဲ့ တရားမျှတမှုကတော့ဗျာ..."
ကျန်ရှိနေသော စကားများကို ဆက်မပြောသော်လည်း ချူဖျင်သည် အပြည့်အစုံ ဖြည့်စွက် တွေးတောနိုင်လေသည်။ အထူးသဖြင့် လင်ယိုကလည်း သူ့အား သဘောမတူသော အကြည့်ဖြင့် ကြည့်လိုက်ရာ ထိုအကြည့်သည် ‘ခင်ဗျားရဲ့ မမျှတတဲ့ ကိုင်တွယ်ပုံနဲ့ နောက်ဖေးခြံဝင်းထဲ မီးမလောင်သေးတာ တော်တော် အံ့ဩဖို့ ကောင်းတယ်’ ဟု ပြောနေသကဲ့သို့ပင်။
ချူဖျင်: "..."
သူသည် သခင်မကြီးက လျိုယွဲ့၏ အိမ်ထောင်စုဘက်ကို မျက်နှာလိုက်သည်ကို မသိတာ မဟုတ် သိနေခဲ့သည်။ သို့သော် ချူမိသားစုသည် ရှေးယခင်ကတည်းက ယောက်ျားက အပြင်ကိစ္စ၊ မိန်းမက အတွင်းကိစ္စ ဟူ၍ သတ်မှတ်ထားခဲ့ကြသည်။ ယောက်ျားများသည် နောက်ဖေးခြံဝင်းကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ မိခင်နှင့် ဇနီးသည်တို့အား စီမံခန့်ခွဲစေခဲ့သည်။
ထိုစဉ်က ချူဟွားသည် အဖျားတက်ပြီး သတိမရ ဖြစ်နေခဲ့သည်။ သူမ၏ ကိုယ်ပိုင်အစေခံ ချင်းကျူမှလွဲ၍ အခြားသက်သေ မရှိခဲ့ပေ။ ချူရှူးက သူမကို တစ်စုံတစ်ယောက်က တွန်းလိုက်သည်ဟု အခိုင်အမာ ပြောဆိုပြီး အော်ဟစ်ငိုကြွေးခဲ့သည်။ "အမေက သမီးပါ ညီမလေးနဲ့အတူ ရေကန်ထဲ ပြုတ်ကျသွားမှ ကျေနပ်မှာလား"
ရှေ့ရောနောက်ပါ အကြိမ်ကြိမ် ပြဿနာတက်ခဲ့ပြီး လျိုယွဲ့နှင့် ချူသခင်မကြီးတို့သည် နေ့စဉ် အိမ်တွင် ငိုကြွေးနေခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် ချူရှူးကို ဖက်ပြီး မြစ်ထဲ အတူခုန်ချမည်ဟု လုပ်ကြကာ ချူဖျင်က သူတို့ကို အတူတကွ သေဆုံးရန် ဖိအားပေးနေသည်ဟု ဆဲဆိုကြလေသည်။ သူတို့အားလုံး ချူဟွားအတွက် အသေခံမှ ကျေနပ်မှာလားဟုလည်း အတင်းအကျပ် မေးမြန်းခဲ့ကြသည်။
ချူဖျင်သည် ချူဟွားအား မိသားစုကို အသေခံရန် ဖိအားပေးသူဟူသော နာမည်ဆိုး မရစေလိုသလို အိမ်တွင်လည်း နေ့ရောညပါ မငြိမ်းချမ်းသည်ကို မလိုလားသဖြင့် သဘောတူလိုက်ရခြင်း ဖြစ်သည်။
ဝမ်သခင်မက သည်အချက်ကို အခွင့်ကောင်းယူကာ လျိုယွဲ့၊ ချူချီနှင့် ချူရှူးတို့၏ ကိစ္စများကို နောက်နောင် ဂရုမစိုက်တော့ရန်နှင့် လျိုယွဲ့၏ မိသားစုကို ယခုအချိန်မှစ၍ ချူချင်းနှင့် ချူဟွားတို့နှင့် ဝေးဝေးနေရန် တောင်းဆိုခဲ့သည်။ ချူဖျင်သည် ချူဟွား အသက်တစ်ဝက်ခန့် ဆုံးရှုံးခဲ့ရပြီး သည်တစ်ကြိမ်တွင် ချူရှူးဘက်က မှားယွင်းသဖြင့် သဘောတူလိုက်လေသည်။
ချူသခင်မကြီးနှင့် လျိုယွဲ့တို့က သည်ကိစ္စကြောင့် ဝမ်သခင်မသည် ချူချီနှင့် ချူရှူးတို့၏ မင်္ဂလာကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်သဖြင့် ဝမ်သခင်မ ဝင်မပါသည်ကို လိုလားနေကြသည်။ သုံးဖက်စလုံး သဘောတူညီကြသဖြင့် သည်ကိစ္စသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ချူဖျင်သည် လင်ယိုနှင့် တရားရေးဝန်ကြီးတို့၏ သံသယကို ခံလိုက်ရသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်မိတော့သည်။ ငါ တကယ်ပဲ မမျှတတာလား။
လင်ယိုသည် အတိအကျ အချိန်ကို ရရှိပြီးနောက် ငြိမ်ဝပ်ပိပြားရေးရုံးသို့ အမှုတွဲများ ယူဆောင်ရန် လူလွှတ်လိုက်ပြီး မကြာမီ အမှုတွဲများနှင့်အတူ နန်းတော်သို့ ပြန်လာခဲ့သည်။
အရှင်မင်းကြီး အမှုတွဲကို ဖတ်ရှုပြီးသောအခါ လင်ယိုသည် ချူဖျင်၏ စကားများကို တစ်လုံးမကျန် ပြန်လည် ပြောပြလိုက်ပြီး ကြိုတင် တွေးဆလိုက်မိသည်။ အကယ်၍ ချူဟွားသာ တော်ဝင်မိသားစုတွင် မွေးဖွားခဲ့ပြီး အရှင်မင်းကြီးနှင့် အလွန်တူသော သူမ၏ စိတ်နေသဘောထားကြောင့် တစ်ခုခု ဖြစ်ပွားခဲ့လျှင် အရှင်မင်းကြီးသည် အကြောင်းပြချက်မရှိဘဲ သေချာပေါက် ဘက်လိုက်ပေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင်။ အရှင်မင်းကြီး၏ မျက်နှာတော်သည် မည်းမှောင်သွားတော့၏။ "သူသာ တော်ဝင်မိသားစုမှာ ဝင်စားခဲ့ရင် ကျန်း သူ့ကို ဒီလို မတရားမှုမျိုး ခံစားခိုင်းမှာ မဟုတ်ဘူး"
လင်ယိုသည် အရှင်မင်းကြီးထံမှ ထိုစကားမျိုးကို အကြိမ်ကြိမ် ကြားဖူးပြီးဖြစ်ရာ အမှန်တကယ်ပင် ဝမ်းနည်းစရာ ကောင်းလှပေသည်။
အရှင်မင်းကြီးသည် အချိန်အတော်ကြာ ဆဲဆိုကြိမ်းမောင်းနေပြီးနောက် အဆုံးတွင်တော့ သက်ပြင်းချလိုက်၏။ "၂ နှစ်တောင် ရှိနေပြီ မပျောက်သေးဘူးလား။ အဲဒီတုန်းက ဘယ်လို သမားတော်မျိုးကို ရှာခဲ့တာလဲ။ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးကို သွားကြည့်ခိုင်းလိုက်။ အသက်တိုစေမဲ့ ရောဂါအမြစ်တွယ်တာမျိုး အဖြစ်မခံနိုင်ဘူး"
လင်ယို: "ဘယ်လို အကြောင်းပြချက် သုံးမလဲ"
ယနေ့ ချူဟွားက သူမ ရေကန်ထဲ တွန်းချခံရကြောင်း systemကို ပြောလိုက်ရုံ ရှိသေးသည်။ မကြာမီ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးက သူမကို လာရောက် စမ်းသပ်သည် ဆိုသည်မှာ တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလား။
လင်ယို တွေးမိသည်မှာ - တကယ်လို့ ချူဟွားက နေမကောင်းဖြစ်နေခဲ့ရင်တောင် ဒါက နှစ်နှစ်ကြာသွားပြီလေ။ အလျင်လိုစရာမရှိရင် နောက်နှစ်ရက်လောက်တော့ စောင့်နိုင်လောက်မှာပါ။
သို့သော် အရှင်မင်းကြီးကတော့ စိတ်မြန်လက်မြန် ရှိသူဖြစ်ပြီး ရလဒ်ကို အမြန်ဆုံး သိရှိလိုနေသည်။
သူသည် ကျားယီနှင့် ချိုက်ကန်းတို့အား ချူဟွားကို တစ်စုံတစ်ယောက်က အဆိပ်ခတ်သည်ကို တွေ့ရှိရကြောင်း အကြောင်းပြချက်ဖြင့် တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးကို သွားရောက် ကြည့်ရှုစေလိုသော်လည်း ထိုသို့ လုပ်ဆောင်ပါက systemသည် ချူဟွားကို မည်သူ အဆိပ်ခတ်သည်ကို သိချင်သွားနိုင်ပြီး ထိုကိစ္စက အခြေအမြစ်မရှိသော ကိစ္စဖြစ်ကြောင်း တွေ့ရှိသွားပေလိမ့်မည်။
ချူဟွား သံသယမဝင်စေမည့် အလွန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခု အသုံးပြုရမည်။ ဥပမာ - ကျန်းမာရေး စစ်ဆေးခြင်းမျိုး။
အရှင်မင်းကြီးနှင့် အနောက်ဆောင်မှ မိဖုရားများသည် အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း သမားတော်များအား သွေးခုန်နှုန်း လာရောက်စမ်းသပ်စေလေ့ရှိပြီး ယင်းကို ကျန်းမာရေး စစ်ဆေးခြင်းဟု ခေါ်သည်။
အရှင်မင်းကြီး၏ ကျန်းမာရေးသည် တိုင်းပြည်နှင့် သက်ဆိုင်သဖြင့် ၃ ရက်လျှင် တစ်ကြိမ် စစ်ဆေးလေ့ရှိပြီး မိဖုရားကြီးကတော့ ၅ ရက်လျှင် တစ်ကြိမ်၊ အခြားကြင်ရာတော်များကတော့ ၁၀ ရက် သို့မဟုတ် လဝက်လျှင် တစ်ကြိမ် ကိုယ်ဝန်ရှိမရှိ စစ်ဆေးလေ့ ရှိသည်။
မင်းသားများနှင့် မင်းသမီးများသည်လည်း ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်လေ့ရှိကြပြီး ယခုအခါ မင်းသား ၅ သည် ချူအိမ်တော်သို့ ရောက်ရှိနေသော်လည်း သည်အလေ့အထ ပျောက်ကွယ်သွားခြင်း မရှိပေ။
အရှင်မင်းကြီး: "ဒီတစ်ခေါက် တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးကို မင်းသား၅ဆီ ကျန်းမာရေး စစ်ဆေးဖို့ လွှတ်လိုက်၊ ပြီးရင် ချူဟွားကိုပါ တစ်ခါတည်း ကြည့်ပေးလိုက်"
လင်ယို: "..."
စာလေ့လာခိုင်းတုန်းကလည်း တစ်ခါ၊ အခု သွေးခုန်နှုန်း စမ်းသပ်တော့လည်း တစ်ခါ၊ သည်လို တစ်ခါများ များလွန်းသဖြင့် ချူဟွားနှင့် မင်းသား ၅ တွင် မည်သူက အရှင်မင်းကြီး၏ သားသမီးအရင်း ဖြစ်သည်ကိုပင် ခွဲခြားမရနိုင်လုနီးပါး ဖြစ်နေပြီ။
သို့သော် သည်အကြောင်းပြချက်ကလည်း အမှန်တကယ် အသုံးဝင်လှသည်။
လင်ယိုက တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးကို ပြောပြလိုက်သောအခါ ဆေးဌာန အုပ်ချုပ်ရေးမှူးက အကြံဉာဏ်တစ်ခု ထပ်ပေးလေသည်။ "လူကြီးမင်းချူက ရာသီလာရင် နာကျင်တတ်တယ်။ အဲဒီရက်တွေကျမှ သွားကြည့်တာပေါ့"
ချူဟွားသည် ညီလာခံသို့ မတက်ရောက်သည်မှာ ကြာပြီဖြစ်သော်လည်း တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် ချူဟွား၏ ပံ့ပိုးကူညီမှုများကို ထောက်ထားပြီး သူမကို လူကြီးမင်းဟု လေးစားစွာ ခေါ်ဝေါ်လေ့ရှိသည်။ တစ်နေ့နေ့တွင် သူမ ညီလာခံသို့ ပြန်လည် ရောက်ရှိလာပြီး လူကြီးမင်းဟူသော ခေါ်ဝေါ်မှုကို တရားဝင် ဖြစ်လာစေရန်လည်း မျှော်လင့်နေသည်။
လင်ယို၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွား၏။ "ဘယ်ရက်တွေလဲဆိုတာ ခင်ဗျား သိလို့လား"
ဒါက မိန်းကလေးတစ်ယောက်ရဲ့ အရမ်း လျှို့ဝှက်တဲ့ ကိစ္စ မဟုတ်ဘူးလား။ တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးက ဘယ်လိုလုပ် သိနေရတာလဲ။
တော်ဝင်ဆေးဌာန အုပ်ချုပ်ရေးမှူးသည် ယဉ်ကျေးသော အပြုံးတစ်ခု ပြုံးလိုက်ကာ "ကျုပ်တော့ မသိပါဘူး။ ဒါပေမဲ့ ခင်ဗျား သိနိုင်တာပဲ"
ချူမိသားစုမှာ နန်းစောင့်တပ်သားတွေ အများကြီး ရှိနေတာ၊ ဒီလောက် ကိစ္စသေးသေးလေးကိုတောင် ခင်ဗျားတို့ စုံစမ်းလို့ မရဘူးလို့တော့ မပြောနဲ့နော်။
လင်ယို: "..."
နန်းစောင့်တပ်သားတွေရဲ့ တာဝန်က လမ်းကြောင်းလွဲစပြုလာပြီဟု ခံစားလိုက်ရသည်။
သူတို့သည် စကားမှားသည်နှင့် လူဖမ်း၊ အိမ်ချိပ်ပိတ်၊ ထောင်ချကာ မြို့တော်က ပြည်သူများကို ကြောက်ရွံ့စေသော ရုံးတော်အရာရှိများ ဖြစ်သည်။ သို့သော် ယခု သူတို့ ဘာလုပ်နေကြသနည်း။
မိန်းကလေးငယ်နှင့် systemတို့၏ စကားကို ခိုးနားထောင်ခြင်း၊ မိန်းကလေးငယ် မည်သည့်အချိန် ရာသီလာမည်ကို စုံစမ်းခြင်း၊ မိန်းကလေးငယ်ကို ဝိုင်းဝန်း လှည့်စားခြင်းတို့ ပြုလုပ်နေကြရသည်။
လင်ယို၏ မျက်နှာသည် သေသူကဲ့သို့ ဖြစ်နေပြီး မိမိ၏ဘဝကို သံသယ ဝင်လာတော့သည်။ သည်လို ကိုယ်ကျင့်တရား မရှိသော ကိစ္စမျိုးကို မလုပ်မဖြစ် လုပ်ရတော့မည်လား။
ချူအိမ်တော်။
မနက်ခင်း သင်ခန်းစာများ ပြီးဆုံးသွားပြီ ဖြစ်သည်။ ချူဟွားနှင့် မင်းသား ၅ တို့သည် ထရပ်ကာ လမ်းလျှောက်ခြင်း၊ ဇက်နှင့် လက်ကောက်ဝတ်များကို လှုပ်ရှားခြင်းနှင့် တောင့်တင်းနေသော ကြွက်သားများကို ဆန့်ထုတ်ခြင်းများ ပြုလုပ်လိုက်ကြသည်။
ယခင်က မင်းဆရာကြီးသည် စာသင်ပြီးသည်နှင့် ပြန်လေ့ရှိပြီး ထမင်းစားရန် နေလေ့မရှိပေ။ ယနေ့တော့ ရှားရှားပါးပါး ပြန်မသွားခဲ့ပေ။
ချူဟွားသည် သည်ပုဂ္ဂိုလ်ကြီး အတန်းမစမီက မစားလိုက်ရသော ဖရဲသီးကို တသသ ဖြစ်နေသည်ဟု တွေးမိလိုက်ပြီး ချက်ချင်းပင် ဖိတ်ခေါ်လိုက်သည်။ "အချိန်လည်း မစောတော့ဘူး။ ဆရာ ဒီမှာပဲ နေ့လယ်စာ စားသွားပါလား"
မင်းဆရာကြီးက ဣန္ဒြေရရ ခေါင်းညိတ်လိုက်၏။ "မင်း စီစဉ်လိုက်ပါ"
ချူဟွားသည် ပိုက်ဆံရှာတတ်လာကတည်းက သူမ ကြိုက်နှစ်သက်သော ဟင်းလျာများ ချက်ပြုတ်ရန် သူမ၏ ခြံဝင်းထဲတွင် မီးဖိုချောင်ငယ်တစ်ခု တည်ဆောက်ထားခဲ့သည်။
ယခု နေ့လယ်စာ စားချိန် လိုသေးသဖြင့် သူမသည် အပြင်ထွက်ကာ မင်းဆရာကြီး၏ အကြိုက် ဟင်းလျာအချို့ အမြန် ပြင်ဆင်ရန် စားဖိုမှူးကို သွားအကြောင်းကြားရန် ချင်းကျူကို စေခိုင်းလိုက်လေသည်။
စာကြည့်ခန်းထဲတွင် ကျန်ရစ်ခဲ့သော မင်းသား ၅ သည် ထောင့်တစ်နေရာမှ သံဆန်ခါ၊ လက်ဖက်ရည်အိုးငယ်နှင့် အိုးငယ်များကို သယ်ထုတ်လာပြီး မီးသွေးခဲများပေါ်တွင် ကျွမ်းကျင်စွာ တင်လိုက်သည်။ နို့လက်ဖက်ရည်ကို လျင်မြန်စွာ ကျိုချက်လိုက်ပြီး မြေပဲတစ်ဆုပ်ကိုလည်း ဖြူးလိုက်လေသည်။
မင်းဆရာကြီး: "..."
သည်ကျွမ်းကျင်လှသော ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် ၃ ရက် ၄ ရက်လောက် လေ့ကျင့်ထားခြင်း လုံးဝ မဟုတ်နိုင်ပေ။
ဘာကြောင့် မေးနေရဦးမည်နည်း။
မင်းသား ၅ ၏ ဘေးပတ်လည်တွင် အစေခံများ ဝိုင်းရံနေသဖြင့် သူကိုယ်တိုင် လုပ်စရာ မလိုပေ။
"မင်းတို့နှစ်ယောက် ဒီလိုလုပ်နေတာ ဘယ်လောက် ကြာပြီလဲ" သူ ဘာလို့ သတိမထားမိခဲ့ပါလိမ့်။
မင်းသား ၅ က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ဆောင်းမဝင်ခင်ကတည်းက စလုပ်တာပါ။ ၂ လကျော်လောက် ရှိပါပြီ"
မင်းဆရာကြီးသည် မည်သူ့အကြံ ဖြစ်သည်ကို မေးစရာ မလိုဘဲ သိရှိလေသည်။ မျက်နှာထားသည် အနည်းငယ် ညိုမည်းသွားတော့သည်။ သူသည် တစ်သက်လုံး ကျမ်းစာများ ဖတ်ရှုလာခဲ့သော်လည်း စာကြည့်ခန်းထဲတွင် ဤကဲ့သို့ တစ်ခါမှ မလုပ်ဖူးပေ။
ချူဟွား အအေးဒဏ်ကြောက်သည့် အကြောင်းရင်းကို ပြန်စဉ်းစားမိလိုက်သောအခါ သူမ ဤသို့ လုပ်ဆောင်ရသည့် အကြောင်းအရင်းကို အလိုအလျောက် ဖြည့်စွက် တွေးတောမိလိုက်သည်။ မီးလှုံရုံသက်သက်က ပျင်းစရာ ကောင်းလွန်းသဖြင့် မပျော်ရွှင်စရာ ကိစ္စများကို မတွေးမိစေရန် ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှု ရှာဖွေနေခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးလိုက်မိသည်နှင့် မင်းဆရာကြီး၏ မျက်နှာထားသည် ပုံမှန် ပြန်ဖြစ်သွားပြီး သတိပေးလိုက်သည်။ "စာအုပ်တွေ မီးမလောင်စေနဲ့"
ယနေ့ မင်းဆရာကြီးသည် စကားပြောရ အလွန် လွယ်ကူသဖြင့် မင်းသား ၅ သည် သူ့ကိုပင် မမှတ်မိချင်တော့ပေ။ မင်းသား ၅ သည် သတ္တိမွေးကာ မေးလိုက်မိလေသည်။ "ဆရာ နို့လက်ဖက်ရည် သောက်မလား"
ချူဟွားက အသေးစိတ် အချက်အလက်များကို မှာကြားပြီး ပြန်ရောက်လာသောအခါ မင်းသား ၅ နှင့် မင်းဆရာကြီးတို့သည် နို့လက်ဖက်ရည် တစ်ခွက်စီ ကိုင်လျက် မျက်နှာချင်းဆိုင် သောက်သုံးနေကြသည်ကို တွေ့လိုက်ရသည်။
မြင်ကွင်းက တော်တော်လေး ကြည်နူးစရာ ကောင်းနေသည်။
သူမမှာ တစ်စက္ကန့်လောက် ဇဝေဇဝါ ဖြစ်သွားလေ၏။ [ထုံအာရေ ဒါ ဘာအခြေအနေလဲ]
မင်းဆရာကြီးသည် နို့လက်ဖက်ရည် သောက်နေသည်ကို ရပ်တန့်လိုက်ပြီး ကျက်နေပြီဖြစ်သော မြေပဲတစ်စေ့ကို ကောက်ယူလိုက်သည်။ ပူပူနွေးနွေး မွှေးမွှေးလေးပင်။
နှင်းကျနေသော နေ့ရက်တွင် မီးဖိုဘေး ဝိုင်းဖွဲ့ကာ လက်ဖက်ရည်နှပ်ပြီး မြေပဲကင် စားရသည်မှာ တော်တော်လေး အရသာ ရှိသည်ဟု ဆိုရမည်။ ဖရဲသီးစားရန် စိတ်စောမနေပါက သူသည် ကဗျာတစ်ပုဒ်ပင် ရေးစပ်မိဦးမည်။
Systemကလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။ [ငါလည်း မသိဘူးလေ]
[အရင်တုန်းက မင်းဆရာကြီး သွားတာနဲ့ နင်တို့က ပြုတ်ကြတာလေ။ ဒီနေ့ မင်းသား ၅ က မင်းဆရာကြီး မပြန်သေးတာကို သတိမထားမိလို့ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မင်းသား ၅ က ဖိတ်ခေါ်လိုက်တော့ မင်းဆရာကြီးက သောက်လိုက်တာပဲ]
ချူဟွား: [ဆရာက ဒီလောက် စကားပြောရ လွယ်ကူမှန်း သိရင် ငါနဲ့ မင်းသား ၅ က ဘာကိစ္စ ဒီလောက်ကြာအောင် ခိုးကြောင်ခိုးဝှက် လုပ်နေကြမှာလဲ]
မင်းသား ၅က ပြုံးလိုက်လေသည်။ သူက ဒီနေ့ ပေါ်သွားရင်တောင် မင်းဆရာကြီးက သူတို့နဲ့ အငြင်းပွားမှာ မဟုတ်ဘူးလို့ ထင်လို့ လုပ်လိုက်တာလေ။
အခုတော့ လူသိရှင်ကြား ဖြစ်သွားပြီဆိုတော့ ညနေ မင်းဆရာအိုကြီး လာရင် မင်းဆရာကြီးတောင် မကန့်ကွက်ဘူးဆိုတဲ့ အကြောင်းပြချက်ကို ထုတ်သုံးလို့ ရပြီ။ မင်းဆရာအိုကြီးက သေချာပေါက် ဘာမှ ပြောမှာ မဟုတ်ဘူး။
မင်းဆရာကြီးနဲ့ ပြိုင်ချင်တာကြောင့် နို့လက်ဖက်ရည် တစ်ခွက်တောင် ပိုသောက်ဦးမယ်။
လက်ဖက်ရည် မိတ်ဆွေတွေ များလာပြီ မဟုတ်လား။
Systemက မင်းဆရာကြီး ဘာကြောင့် နို့လက်ဖက်ရည် သောက်သည်ကို စိတ်မဝင်စားဘဲ အလျင်စလို တိုက်တွန်းလေသည်။ [မမကြီးဟွား၊ ဖရဲသီးစားမယ်၊ ဖရဲသီးစားမယ်]
မင်းဆရာကြီးက နားစွင့်ထားလိုက်သည်။ ဒါက ဒီနေ့ သူ တမင်တကာ နေခဲ့ရတဲ့ အကြောင်းရင်းပဲ။ သေချာပေါက် နားထောင်ရမယ်။
မင်းသား ၅ က ချူဟွားအတွက် ပူပူနွေးနွေး နို့လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးပြီး ကျက်ပြီးသား မြေပဲအချို့ကို ရွေးချယ်ပေးလိုက်သည်။ လာ၊ ဖြည်းဖြည်း ပြော။
ချူဟွားက လက်ခံလိုက်လေသည်။ [ကောင်းပြီ၊ ကောင်းပြီ၊ မလောပါနဲ့၊ ငါ ဖြည်းဖြည်း ပြောပြမယ်]
[ကိစ္စက လွန်ခဲ့တဲ့ ၂ နှစ် ဆောင်းဦးနဲ့ ဆောင်းရာသီကြားမှာ ဖြစ်ပျက်ခဲ့တာ။ အဲဒီတုန်းက မင်းသား ၃ ကျင်းပတဲ့ စားပွဲသောက်ပွဲလေ။ တကယ်တော့ လူငယ်အချင်းချင်း မိတ်ဆွေဖွဲ့ဖို့ အခွင့်ကောင်းတစ်ခုပဲ။ ဒါပေမဲ့ စားသောက် စကားပြောပြီး ပျော်ပါးနေတုန်း ရုတ်တရက် တစ်ယောက်ယောက်က "လူသေပြီဟေ့" လို့ အော်လိုက်တော့ အားလုံး လန့်သွားကြတာပေါ့]
[ဘယ်သူမှ ဖရဲသီးစားတာနဲ့ စူးစမ်းချင်စိတ်ရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြဘူးလေ။ လူသေတဲ့ ဖရဲသီး ဖြစ်ရင်တောင် တချို့က ကြောက်လို့ မကြည့်ရဲပေမဲ့ သိချင်တဲ့သူတွေလည်း ရှိတာပဲ။ အဲဒီ အော်သံ ကြားပြီးတဲ့နောက် လူတိုင်း ပြေးသွားကြတော့ အလောင်းတစ်လောင်းက အဝေးကနေ မျောလာတာကို တွေ့လိုက်ရတယ်]
[ပုပ်ပွနေတဲ့ အလောင်းက လူ့ဘီလူးပုံစံ ဖြစ်နေတာ။ ထုံအာရေ၊ နင် ဝေလငါး ပေါက်ကွဲတာကို ကြားဖူးလား]
ဘယ်လို အံ့သြဖွယ် ပေါက်ကွဲမှုမျိုးလဲ။ မင်းသား ၅ နှင့် မင်းဆရာကြီးတို့ မသိရှိကြသလို အခြားသူများလည်း နားမလည်ကြပေ။
Systemက မသိနားမလည်သူများကို စေတနာဖြင့် ရှင်းပြလေသည်။ [ဝေလငါး သေဆုံးပြီးနောက် အလောင်းက တဖြည်းဖြည်း ပုပ်ပွလာပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ငွေ့တွေ အများကြီး စုပုံလာတယ်။ တဖြည်းဖြည်း ဖောင်းကားလာတဲ့ မိုးပျံပူဖောင်းလိုမျိုး ပိုပြီး ကျိုးပဲ့လွယ်လာတယ်။ တစ်ယောက်ယောက်က ထိုးဖောက်လိုက်တာပဲ ဖြစ်ဖြစ် ဖြတ်တောက်လိုက်တာပဲ ဖြစ်ဖြစ် ချက်ချင်း ပေါက်ကွဲသွားတတ်တယ်။ အဲဒါကို ဝေလငါး ပေါက်ကွဲခြင်းလို့ ခေါ်တယ်]
[ဝေလငါး ပေါက်ကွဲတာက အရမ်း အန္တရာယ်များတယ်။ ကျွမ်းကျင်တဲ့သူတွေ လုပ်မှ ရတာ။ မဟုတ်ရင် မတော်တဆ ဝေလငါးရဲ့ အတွင်းကလီစာတွေက လူတွေအပေါ် လာစင်တတ်တယ်။ ပေါက်ကွဲတဲ့ အရှိန်ကြောင့် ထိခိုက်ဒဏ်ရာ ရစေနိုင်ရုံသာမက အလောင်း ပုပ်ပွပြီးနောက် အနံ့ဆိုးတွေကြောင့်လည်း ရှင်းလင်းရတာ အရမ်း လက်ဝင်တယ်]
ချူဟွားက ဆက်ပြောသည်။ [အဲဒီနေ့က ရေပေါ်မှာ မျောလာတဲ့ အလောင်းက လူ့ဘီလူးပုံစံ ဖြစ်နေပြီ]
[အဲဒီတုန်းက မင်းသား ၃ က အလောင်းကို ဆယ်ယူမယ်။ လှေ ကမ်းကပ်မှ ရုံးတော်ကို ပို့မယ်ဆိုပြီး လူတွေကို အလောင်း ဆယ်ခိုင်းလိုက်တယ်။ ဝေလငါး အလောင်းက ပေါက်ကွဲတတ်ပေမဲ့ လူအလောင်းကတော့ မပေါက်ကွဲတတ်ဘူး။ ဒါပေမဲ့ ကျွံထွက်တတ်တယ်]
[အလောင်းက တစ်ကိုယ်လုံး ဖောင်းပွနေပြီး အဝတ်အစားတွေက နည်းနည်းပဲ ရှိတော့တာ။ ဆယ်ယူလိုက်တဲ့အခါ သူ့ရဲ့ အစိတ်အပိုင်းတချို့ ကျွံထွက်နေတာကို တွေ့လိုက်ရတယ်။ မြင်ကွင်းက နည်းနည်း... လူအများကြီး လန့်သွားကြပြီး အော်ဟစ်တာ၊ နောက်ဆုတ်တာ၊ တွန်းတိုက်တာတွေ ဖြစ်ကုန်ရော။ လှေဘောင်နားက လူတချို့လည်း တိုက်မိပြီး ပြုတ်ကျကုန်တာပဲ]
Systemက ချက်ချင်း နားလည်သွားသည်။ [ဒါဆို နင် အဲဒီနေ့ ရေကန်ထဲ ပြုတ်ကျပြီး အဖျားတက် သတိလစ်သွားတာက အအေးမိလို့ မဟုတ်ဘဲ ပုပ်ပွနေတဲ့ အလောင်းက ဘက်တီးရီးယား ကူးစက်ခံရတာ ဘာညာကြောင့် ဖြစ်နိုင်တာပေါ့]
ချူဟွား: [အဲဒါတော့ မသိဘူး]
ခေတ်သစ်က စက်ကိရိယာတွေ မရှိဘဲနဲ့ သူမ ဘာကြောင့် နေမကောင်းဖြစ်လဲဆိုတာ ဘယ်သူက သိမှာလဲ။
[ခဏ စောင့်၊ ငါ သွားစစ်ကြည့်ဦးမယ်] Systemက စကားတစ်ခွန်း ချန်ထားရစ်ပြီး ချူဟွား မြေပဲတစ်ဆုပ် စာလောက် အခွံခွာပြီးမှ ပြန်ရောက်လာသည်။
[နင် နေမကောင်းဖြစ်တာက ရာသီဥတုအေးတဲ့အချိန် ရေထဲကျတာရယ်၊ ရုတ်တရက် ရေထဲပြုတ်ကျပြီး လန့်သွားတာရယ်၊ ဘက်တီးရီးယား ကူးစက်ခံရတာရယ်ကြောင့်ပဲ]
[အဲဒါကြောင့် နင် ပြန်ကောင်းလာဖို့ ဒီလောက် ကြာခဲ့တာကိုး။ ပဋိဇီဝဆေးတွေ မရှိတဲ့ အခြေအနေမှာ နင်က ကိုယ်ခံစွမ်းအားနဲ့ပဲ ဖြည်းဖြည်းချင်း တောင့်ခံခဲ့ရတာ။ အဲဒါကြောင့် ရောဂါက ပြန်ဖြစ်လိုက်၊ မပျောက်နိုင်လိုက် ဖြစ်နေခဲ့တာ]
[ဒါပေမဲ့ ဘယ်ဘက်တီးရီးယား ကူးစက်ခံရလဲ ဆိုတာတော့ ဖော်ပြမထားဘူး။ စစ်ဆေးမှု မလုပ်ခဲ့လို့ ဖြစ်နိုင်တယ်။ ဒါကြောင့် အမှန်တရားက ဘာလဲဆိုတာ ငါလည်း မသေချာဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ချူရှူးက နင့်ကို ရေထဲ တမင်တကာ တွန်းချခဲ့တာ မဟုတ်ဘူး ဆိုတာပဲ]
…