အခန်း ၇၆
Vol. 6 Ch. 76
အပိုင်း (၇၆)
Systemပြောသည်မှာ အမှန်တရား ဖြစ်ရပေမည်။
ထိုစကားသည် ချူရှူးအတွက် အမှန်တရားကို ရှင်းလင်းပေးလိုက်သော်လည်း အမှန်တရား ရောက်ရှိလာခြင်းက အနည်းငယ် နောက်ကျလွန်းနေသည်။
ချူဟွားသည် ငရဲတံခါးဝသို့ ရောက်လုနီးပါး ဖြစ်ခဲ့ပြီး ပြန်လာနိုင်ခဲ့သော်လည်း ချူရှူးသည် အကြောင်းအမျိုးမျိုးကြောင့် အပြစ်ပေးခြင်း မခံခဲ့ရပေ။ တောင်းပန်ခြင်း သို့မဟုတ် ဝမ်းနည်းကြောင်း ပြသခြင်းပင် မရှိခဲ့ပေ။
Systemက ချူဟွား အမှန်တရားကို သိရှိသွားသော်လည်း စိတ်ခံစားမှု အပြောင်းအလဲ မရှိသည်ကို သတိပြုမိသဖြင့် အနည်းငယ် ခန့်မှန်းကြည့်မိလိုက်သည်။
[မမကြီးဟွား၊ နင် အစကတည်းက သိနေတာလား]
အားလုံးက ???
ချူဟွားက သိနေတာလား။ တကယ်လား။
ချူဟွားသည် systemက သူမကို အမြဲတမ်း နတ်ဘုရားမတစ်ပါးလို အမွှမ်းတင်လွန်းနေသည့်အတွက် စိတ်ပျက်နေရတော့သည်။ သူမက ဘယ်မှာ system ထင်သလောက် တော်လို့လဲ။ ပုံကြီးချဲ့လွန်းနေတာပဲ မဟုတ်ဘူးလား။
ချူဟွား: [ငါ့မှာ နင့်လို အရာရာကို မြင်နိုင်စွမ်းမှ မရှိတာ၊ ဘယ်လိုလုပ် သိနိုင်မှာလဲ]
[ငါ တွေးမိတာက ချူရှူးက ဒီနှစ်တွေအတွင်း အသေးအမွှားလေးတွေပဲ လုပ်ခဲ့တာလေ။ အလွန်ဆုံးရှိ ငါ့ကို ဆဲဆိုတာ၊ ဘိုးဘွားပိုင်အဆောင်မှာ ဒူးထောက်ခိုင်းတာလောက်ပဲ။ ငါနဲ့ သူ့ကြားမှာ အသက်ပေးရလောက်တဲ့အထိ ကြီးမားတဲ့ အကျိုးစီးပွား ပဋိပက္ခ မရှိဘူးလေ]
ထိုအချက်ကို လူတိုင်းက သဘောတူကြသည်။
ချူရှူး၏ အပြုအမူ အများစုသည် ဝေဖန်စရာ ဖြစ်သော်လည်း အများစုမှာ သူမကိုယ်ကျိုးအတွက်သာ ဖြစ်သည်။ ချူဟွားကို သတ်လိုက်ခြင်းက သူမအတွက် အကျိုးမရှိသည့်အပြင် ဝမ်သခင်မနှင့် ချူချင်းတို့၏ အငြိုးထားခြင်းကို ခံရနိုင်သဖြင့် တွက်ခြေမကိုက်လှပေ။
ချူရှူးက ချူဟွားကို ဒုက္ခရောက်စေချင်ရုံ၊ အအေးမိစေချင်ရုံ သို့မဟုတ် ရောဂါရစေချင်ရုံ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း... မေးစရာက ရှိနေသေးသည်။ ချူရှူး ဘာအကျိုးရမှာလဲ။
လွန်ခဲ့သော ၂ နှစ်က ချူဟွားသည် ၁၁ နှစ်၊ ချူရှူးသည် ၁၂ နှစ်သာ ရှိသေးသည်။ မိန်းကလေး နှစ်ယောက်စလုံးသည် လက်ထပ်ရမည့် အရွယ်နှင့် အဝေးကြီး လိုသေးသဖြင့် ယောက်ျားတစ်ယောက်အတွက် ရန်ဖြစ်စရာ အကြောင်းမရှိပေ။
မမျှော်လင့်ဘဲ ပေါ်ပေါက်လာသော အမှန်တရားကြောင့် ဝမ်သခင်မသည် အနည်းငယ် တွေဝေသွားသည်။
ထိုစဉ်က သူမသည် ချူရှူး၏ ရည်ရွယ်ချက်ကို သံသယ ဝင်ခဲ့ဖူးလေသည်။ သို့သော် ချူဟွား သတိမရဘဲ အိပ်ရာထဲ လဲနေစဉ် သခင်မကြီးနှင့် လျိုယွဲ့တို့က ချူရှူး မလုပ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ကြသည်။ ချူဟွား၏ ခုတင်ဘေးတွင် သေချင်ပါသည်ဟု အော်ဟစ် ငိုယိုနေကြသည်မှာ အလွန် ရွံရှာဖွယ် ကောင်းခဲ့သည်။
ဘယ်မိခင်က ကိုယ့်သမီး သေမလား ရှင်မလား မသိရတဲ့အချိန်မှာ သမီးကို ဒုက္ခပေးတဲ့သူက ခုတင်ဘေးမှာ လာပြီး ရဲရဲတင်းတင်း ပြောဆိုနေတာကို လက်ခံနိုင်မှာလဲ။
နောက်ဆုံးရလဒ်က ချူရှူးကို မတရားစွပ်စွဲရာ မရောက်ခဲ့ပေ။ သူမ တမင်လုပ်သည် မဟုတ်လျှင်တောင် သူမကြောင့် ချူဟွား ရေထဲကျပြီး အသက်တစ်ဝက် ဆုံးရှုံးခဲ့ရသည်။ ယနေ့ထက်တိုင် အအေးဒဏ်ကို အလွန် ကြောက်ရွံ့နေရဆဲ ဖြစ်သည်။
Systemက ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်နေသည်။ [မမကြီးဟွား၊ ငါ နင့်ကို သူတော်ကောင်းမကြီးလို့ ထင်ခဲ့မိတာ၊ ငါ မှားသွားတယ်၊ ငါ ပြန်စဉ်းစားလိုက်ပါ့မယ်]
ချူဟွားမှာ အံ့ဩသွားမိတော့၏။ [ငါက သူတော်ကောင်းမကြီးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]
သူမသည် လူတစ်ယောက်ကို တတိယအကြိမ် ဘယ်တော့မှ အခွင့်အရေး ပေးလေ့မရှိပေ။ သူတော်ကောင်းမကြီးဆိုတာ ဘယ်လိုအမှားမျိုးပဲ လုပ်လုပ် ခွင့်လွှတ်ပေးတတ်သူမျိုးလေ။ သူမနဲ့ တစ်ပြားသားမှ မဆိုင်တာ မဟုတ်လား။
System: [အရင်တုန်းက နင် ချူရှူးကို ကျင်ရွှိုက် လိမ်တာ ခံရမှာ စိုးရိမ်နေသလိုပဲလို့ ငါ မြင်တာ၊ စိတ်ထဲမှာ နည်းနည်းတော့ တွေးမိသား။ ညီအစ်မအရင်း ဖြစ်နေလို့ သူ့ကို နည်းနည်းလေးတော့ ဂရုစိုက်ပြီး စိတ်ပူပေးနေတာများလားလို့]
ချူဟွားက system သည်ဘက်ကို တွေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ တစ်ဖက်က ကြည့်လျှင် ဖြစ်နိုင်ခြေ မရှိသလိုလိုနှင့် တစ်ဖက်က ကြည့်လျှင်လည်း အနည်းငယ် အဓိပ္ပာယ် ရှိနေသည်။
[ဒါက ဆွေမျိုးတော်စပ်တာနဲ့ မဆိုင်ပါဘူး။ ငါက အမျိုးသမီးချင်း ကာမပိုင် လင်ယောက်ျားရဲ့ လှည့်စားတာ ခံရတာကို မကြည့်ရက်လို့ပါ။ ဒီနေ့ တခြားအမျိုးသမီး တစ်ယောက်သာ ဖြစ်နေရင်လည်း ငါ ဒီလိုပဲ စိတ်ပူမိမှာပါ]
‘မိန်းကလေးချင်း ကူညီကြမယ်’ ဆိုတာ ပါးစပ်ကပဲ အော်နေပြီး လက်တွေ့ မလုပ်ဘဲ နေရမဲ့ ကြွေးကြော်သံသက်သက် မဟုတ်ဘူးလေ။
System: [ငါ သဘောပေါက်သွားပြီ]
Systemသာမက မင်းသား ၅ နှင့် မင်းဆရာကြီးတို့ကလည်း ချူဟွားသည် ချူရှူးကို အနည်းငယ် ဂရုစိုက်သည်ဟု ထင်မှတ်ခဲ့ကြသည်။ အမျိုးသမီးချင်း ကိုယ်ချင်းစာစိတ်ကြောင့် ဖြစ်လိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။
အားလုံးက ရုတ်တရက် သဘောပေါက်သွားကြသော်လည်း တစ်ပြိုင်နက်တည်းမှာပင် အနည်းငယ် ဝမ်းနည်းသွားကြသည်။ ဘာလဲဟ။ ငါတို့ ယောက်ျားတွေကျတော့ မထိုက်တန်ဘူးလား။
ဖအေတူမအေကွဲ ချူချီကို ပြန်စဉ်းစားကြည့်လိုက်တော့... ဟုတ်ပါပြီ။ တကယ် မထိုက်တန်ပါဘူး။
မင်းဆရာကြီးသည် ချူအိမ်တော်တွင် အလွန် စိတ်ကျေနပ်ဖွယ်ကောင်းသော နေ့လယ်စာကို သုံးဆောင်ပြီးနောက် ပြန်ရောက်သောအခါ မင်းဆရာအိုကြီးထံသို့ သွားရောက် ကြွားဝါလိုက်သေးသည်။
"ဒီနေ့ စာသင်ပြီးတော့ ကျောင်းသူက ငါ့ကို နေ့လယ်စာ စားသွားဖို့ အထူးတလည် တောင်းဆိုတာနဲ့ ငါလည်း အကြိမ်ကြိမ် ငြင်းပေမဲ့ သူက အရမ်း စေတနာ ထက်သန်နေတော့..."
မင်းဆရာကြီးသည် စိတ်ကူးယဉ် ဆန်ဆန် ဇာတ်လမ်းတိုလေး တစ်ပုဒ်ကို ဖန်တီးလိုက်ပြီး ချူဟွား၏ ဆရာသမားကို ရိုသေလေးစားမှုနှင့် ဂရုစိုက်မှုတို့ကို လှပသော စကားလုံးများဖြင့် ချီးကျူးလိုက်လေသည်။
ဖိတ်ကြားခြင်း မခံရသော မင်းဆရာအိုကြီး: "..."
သူ့အနေနဲ့ ချူဟွားက သူ့အပေါ် သဘောထား ကွဲလွဲနေတယ်လို့ သံသယ ရှိမိတာပဲ။ သက်သေလည်း ရှိနေတယ်။ သက်သေက သူ့မျက်စိရှေ့မှာ ပြူးပြူးပြာပြာကြီး ရောက်နေပြီလေ။
မင်းသား ၅ ကျိုထားသော နို့လက်ဖက်ရည်ကိုပင် မင်းဆရာကြီးက ထုတ်ဖော် ချီးကျူးလိုက်သေးသည်။ ထိုအပိုင်းတွင် နာမည်တပ် မပြောသော်လည်း ရှေ့ပိုင်းတွင် ကျောင်းသူမှာ ချူဟွားဟု ပြောထားသဖြင့် မင်းဆရာအိုကြီးသည် အလိုအလျောက် ချူဟွားဟု မှတ်ယူလိုက်သည်။
မင်းဆရာအိုကြီးသည် သံသယဝင်ကာ ဒေါသထွက်မိပြီး တစ်ပြိုင်နက်တည်းမှာပင် အနည်းငယ် ဝမ်းနည်းသွားရသည်။
နှစ်ယောက်စလုံးက လက်ရှိ ပထမအဆင့် အရာရှိကြီးတွေပဲ။ နှစ်ယောက်စလုံးက မင်းကို ပညာသင်ပေးတဲ့ ဆရာတွေပဲ။ ဘာလို့ ဒီလောက် ခွဲခြားဆက်ဆံရတာလဲ။
ငါက အဲဒီ အဘိုးကြီးထက် ဘာများ ညံ့နေလို့လဲ။
ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း အဖြေမရသေးသော ထိုမေးခွန်းကို ရင်ဝယ်ပိုက်လျက် မင်းဆရာအိုကြီးသည် ချူအိမ်တော်သို့ စာသင်ရန် သွားရောက်ခဲ့လေသည်။
စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် မေးခွန်းထုတ်သလို မဖြစ်စေဘဲ မည်သို့ စကားစရမည်ကို စဉ်းစားနေစဉ် မင်းသား ၅ က ကျွမ်းကျင်စွာ ဖိတ်ခေါ်လိုက်သည်။ "ဆရာ၊ နို့လက်ဖက်ရည် သောက်မလား"
မင်းဆရာအိုကြီး ကြောင်သွားခဲ့သည်။ မင်းသား ၅ က သူ စာကြည့်ခန်းထဲတွင် ဤကဲ့သို့ လုပ်ဆောင်သည်ကို သဘောမတူဟု ထင်မှတ်ပြီး ချက်ချင်းပင် အကြောင်းပြချက် ပေးလိုက်သည်။
"မင်းဆရာကြီး မနက်တုန်းက သောက်သွားတယ်"
မင်းဆရာအိုကြီး: "သောက်မယ်"
တခြားကိစ္စတွေ ဂရုမစိုက်ဘူး။ သေဖော်သေဖက် ရတာ၊ ငါလည်း ရကို ရရမယ်။ ဂုဏ်သိက္ခာပိုင်းမှာ လုံးဝ အရှုံးပေးလို့ မဖြစ်ဘူး။
ဒါ့အပြင် သူက မသိမသာ စကားနှိုက်ကြည့်ရာ မင်းဆရာကြီးက နို့လက်ဖက်ရည် တစ်ခွက်ပဲ သောက်ကြောင်း၊ သိပ်မကြိုက်သလိုပုံစံ ဖြစ်နေကြောင်း သိလိုက်ရသည်။
နို့လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်နှင့် မင်းဆရာကြီး ဘာကြောင့် မကြိုက်သည်ကို မင်းဆရာအိုကြီး သိလိုက်သည်။ နည်းနည်း ချိုလွန်းနေသည်ကိုး။ ဟိုကောင်ကြီးက မုန့်လုံးရေပေါ်တောင် အငန်ကြိုက်တဲ့ အငန်ဂိုဏ်းသားလေ။
အချို မုန့်လုံးရေပေါ်ကမှ အကောင်းဆုံး ဖြစ်တာကို။ စိတ်ပျက်စရာကောင်းတဲ့ အငန်ဂိုဏ်းသားကြီး။
အချိုဂိုဏ်းသား မင်းဆရာအိုကြီးသည် ဒေါသတကြီးဖြင့် နို့လက်ဖက်ရည် ၃ ခွက် ဆက်တိုက် သောက်လိုက်ပြီး အရေအတွက်အားဖြင့် အငန်ဂိုဏ်းသားကို အနိုင်ယူလိုက်လေသည်။
နို့လက်ဖက်ရည် မိတ်ဆွေ နောက်တစ်ယောက် ထပ်ရပြန်ပြီ။ မင်းသား ၅ သည် စားပွဲအောက်မှ လက်ဖြင့် ချူဟွားအား တိတ်တိတ်လေး V ပုံစံ လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
ချူဟွားဆီက သင်ထားတဲ့ လက်ဟန်အသစ်က တကယ် အသုံးဝင်တာပဲ။ လက်နှစ်ချောင်းတည်းနဲ့ သူ့ဆိုလိုရင်းကို အပြည့်အဝ ဖော်ပြနိုင်တယ်။ သက်သာလိုက်တာ။
ချူဟွားက သူ့ကို လက်မထောင်ပြလိုက်သည်။ ကောင်းတယ်။
ညနေပိုင်း သင်ခန်းစာ ပြီးဆုံးသွားသော်လည်း မင်းဆရာအိုကြီး ပြန်မသွားသေးပေ။ ချူဟွားသည် မင်းဆရာကြီး လာရောက် ကြွားဝါသွားပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။ အသက် ၇၀ နီးပါး ရှိနေကြပြီ ဖြစ်သော လူကြီးနှစ်ယောက်၏ ပြိုင်ဆိုင်မှုနှင့် ရန်စမှုများကို တွေးမိပြီး စိတ်ထဲတွင် ကြိတ်ပြီး ရယ်မောမိလိုက်သည်။
"ဆရာ၊ အချိန်လည်း မစောတော့ဘူး။ ဒီမှာပဲ ညစာ စားသွားပါလား"
မင်းဆရာအိုကြီး: ???
နင် ဟိုအဘိုးကြီးကို ထမင်းစားဖိတ်တုန်းက အဲဒီလောက် လှပတဲ့ စကားလုံးတွေ သုံးပြီးတော့ ငါ့ကျတော့ ဘာလို့ ထပ်မပြောတာလဲ။ နည်းနည်းလောက်တောင် ဟန်ဆောင်ပြီး မပြောချင်ဘူးလား။
ဝမ်းနည်းစိတ်များ ဝင်ရောက်လာခိုက် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။
ချူဟွားက သူများအကြောင်း မြှောက်ပင့်ပြီး စာရေးတတ်တဲ့သူမျိုးလား။ မဟုတ်ဘူး။
ဒါဆို ဟိုအဘိုးကြီး ပြောသွားတဲ့ စကားတွေက အမှန်တရားအပေါ် အခြေခံပြီး သူ့စိတ်ကူးနဲ့သူ ချဲ့ကားပြောဆိုသွားတာ ဖြစ်မယ်။ ငါက အဲဒါကို ယုံပြီး ဒေါသတကြီးနဲ့ ပြဿနာ လာရှာမိမလို့ ဖြစ်သွားတာပဲ။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် မင်းဆရာအိုကြီး၏ မျက်နှာသည် မည်းမှောင်သွားတော့သည်။ ဟိုအဘိုးကြီး ဘယ်လောက်တောင် ပျော်နေလိုက်မလဲ။ သွားတွေတောင် ကျိုးကုန်မလား မသိဘူး။
"မင်း စီစဉ်လိုက်ပါ" သူ တတ်နိုင်သမျှ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပြီး သူ့ စိတ်ခံစားချက် အတက်အကျကို မပေါ်လွင်အောင် ထိန်းထားလိုက်ရလေသည်။
ချူဟွားက သဘောတူလိုက်ပြီး အပြင်ထွက်ခိုက် systemကို မနေနိုင်ဘဲ စနောက်လိုက်သည်။
[နှစ်ရှည်လများ သေဘော်သေဖက်တွေ ဖြစ်ရတာ တန်ပါပေတယ်။ နားလည်မှု ရှိလိုက်ကြတာ။ အဖြေပြန်ပေးတာတောင် တစ်ပုံစံတည်းပဲ]
Systemက တခစ်ခစ် ရယ်လေသည်။ [ဒါကြောင့်ပဲ ကိုယ့်ကို အသိဆုံးလူက ကိုယ့်ရန်သူပဲလို့ ပြောကြတာပေါ့]
မင်းသား ၅ သည် မင်းဆရာအိုကြီး၏ တုံ့ပြန်မှုကို ကြည့်ရန် ခေါင်းကို လျင်မြန်စွာ လှည့်လိုက်လေသည်။ သူက အခင်းဖြစ်ပွားရာ နေရာမှာ ရောက်နေမှတော့ ပထမဆုံး ဖရဲသီးကို စားရမှာပေါ့။
ထင်ထားသည့်အတိုင်းပင်။ မင်းဆရာအိုကြီးသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး နီလိုက်၊ ပြာလိုက်၊ မည်းလိုက်ဖြင့် စီချွမ် မျက်နှာဖုံး ပြဇာတ်ကို လက်တွေ့ သရုပ်ပြနေတော့သည်။
မိုက်တယ်။ မင်းသား ၅ သည် လက်မထောင်ပြလိုက်ပြီး မင်းဆရာအိုကြီး မတွေ့ခင် ပြန်ရုပ်သိမ်းလိုက်ကာ ဘာမှ မမြင်လိုက်ရသည့်ဟန် ဆောင်နေလိုက်သည်။
ထိုအချိန်တွင် လူတစ်ယောက်နှင့် systemတစ်ခု၏ မနက်ပိုင်း စကားပြောဆိုမှုများကို ရှန်လုထံသို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။
သတင်းအချက်အလက် ကူးယူရန် အချိန်လိုအပ်ပြီး သတင်းများကို မှူးမတ်များထံ ဦးစားပေး ပို့ဆောင်ရသည်။ သူက ရာထူးမရှိသော်လည်း ချူဟွား၏ ဆရာဖြစ်ခြင်းနှင့် အရှင်မင်းကြီး၏ အလေးပေးခြင်းတို့ကြောင့်သာ လက်ခံရရှိခြင်း ဖြစ်သည်။
ဖတ်ရှုပြီးနောက် ချူဟွား ဆောင်းဝင်သည်နှင့် မီးသွေးခဲများ သုံးရသည့် အကြောင်းရင်းကို သိရှိသွားလေသည်။
ချူဟွားက သူမ၏ အစ်မတစ်ဝမ်းကွဲကြောင့် ရေကန်ထဲသို့ ပြုတ်ကျပြီး အေးစက်သော ရေထဲတွင် တစ်ယောက်တည်း အကူအညီမဲ့စွာ အကြိမ်ကြိမ် နစ်မြုပ်လိုက်၊ ပေါ်လာလိုက်ဖြင့် အသက်ရှင်ရန် ရုန်းကန်ခဲ့ရသည်ကို တွေးမိလိုက်သောအခါ... ရှန်လုသည် ချူဟွား စာကြည့်ခန်းထဲသို့ ထိုပစ္စည်းများ ယူလာချိန်က ဂရုမစိုက်ဘဲ မမေးမြန်းမိခဲ့သည့်အတွက် ရုတ်တရက် နောင်တရသွားမိလေသည်။
ထိုညတွင် ချူဟွား စာလာသင်သောအခါ ရှန်လု၏ သဘောထား အနည်းငယ် ပျော့ပျောင်းသွားသည်ကို သတိပြုမိလိုက်သည်။
တိတိကျကျ ပြောရလျှင် ယခင်က "စာသင်တာကလွဲရင် တခြားကိစ္စ ငါ့ကို လာမရှာနဲ့" ဟူသော အေးစက်စိမ်းကားသည့် ပုံစံမှ ယခုအခါ လေသံက အဆင့် ၂ ဆင့်ခန့် ပိုမို နူးညံ့လာသည်။
ချူဟွား ဘာဖြစ်မှန်း မသိသဖြင့် systemကို တိတ်တဆိတ် မေးလိုက်သည်။ [Systemရေ၊ အလှလေးက ငါ့အပေါ် သဘောထား နည်းနည်း ပြောင်းလဲသွားတယ်လို့ နင် မထင်ဘူးလား]
Systemကလည်း သိချင်နေပြီး ရှန်လုကို ဆက်လက် စောင့်ကြည့်နေသည်။ [တွေ့တယ်။ ဒါပေမဲ့ နင်လည်း ဘာမှ မလုပ်ဘူး မဟုတ်လား]
ယခုအခါ ဖရဲသီးစွမ်းအင် မလိုတော့သဖြင့် အိပ်စက်ပြီး စွမ်းအင် ချွေတာစရာ မလိုတော့ပေ။ ထို့ကြောင့် ၂၄ နာရီလုံး အွန်လိုင်းပေါ်တွင် ရှိနေပြီး ရံဖန်ရံခါ ချူဟွား အိပ်ချိန်တွင် အနားယူလေ့ရှိသည်။ ချူဟွား ဘာလုပ်သည်ကို သူ အသိဆုံးပင်။
ချူဟွားက ပါးစပ်ကသာ ပြောနေသော်လည်း တကယ်တမ်းကျတော့ ယောက်ျားတစ်ယောက်အပေါ် အချိန်နှင့် ခွန်အား နည်းနည်းလေးမှ မသုံးစွဲခဲ့ပေ။
သူမကို စကားတစ်ခွန်းဖြင့် တင်စားရလျှင်... ယောက်ျားတွေက ငါ့ရဲ့ အောင်မြင်မှုကို အနှောင့်အယှက် ဖြစ်စေတယ်!
ချူဟွားက သေသေချာချာ စဉ်းစားလိုက်သည်။ [တကယ်ပဲ ဘာမှ မလုပ်ခဲ့ပါဘူး]
Systemက ရှာဖွေနေပြီး အချိန်အတော်ကြာမှ သက်ပြင်းချသံဖြင့် ပြန်လာသည်။ [မမကြီးဟွား၊ အလှလေးက နင့်အပေါ် ဘာလို့ သဘောထား ပျော့ပျောင်းသွားလဲဆိုတာ ငါ သိပြီ]
ချူဟွား: [ဘာလို့လဲ]
System: [ဘာလို့လဲဆိုတော့ သူက နင့်ဆီမှာ သူ့ပုံရိပ်ကို မြင်နေရလို့ပဲ]
ချူဟွားလည်း ကြောင်သွားလေသည်။ ရှန်လုက သူမဆီမှာ သူ့ပုံရိပ်ကို စောစောစီးစီး မြင်ခဲ့ရင် ဒီနေ့မှ သဘောထား ပျော့ပျောင်းလာစရာ အကြောင်းမရှိဘူး။
ဒီနေ့ ရှန်လုကို သက်ရောက်မှု ရှိစေမဲ့ အကြောင်းရင်း တစ်ခုခု ရှိမယ်ဆိုရင် အဲဒါက...
ချူဟွားက မျက်မှောင်ကြုတ်လိုက်ကာ [ရေကန်ထဲ ကျတဲ့ ကိစ္စလား]
System: [ဟုတ်တယ်။ နင်တို့နှစ်ယောက် တူညီတဲ့အချက်တွေ တော်တော်များသားပဲ]
[သူက ဆောင်းတွင်းကြီးမှာ သူ့အစ်ကိုအရင်းက ရေကန်ထဲ တမင် တွန်းချတာ ခံခဲ့ရတယ်။ ရေမကူးတတ်တဲ့အပြင် ခြေထောက်ကြွက်တက်ပြီး သေလုနီးပါး ဖြစ်ခဲ့တယ်။ အစေခံတွေ ဖြတ်သွားရင်း တွေ့လို့ အော်ခေါ်ပြီး ဝိုင်းဆယ်လိုက်လို့သာ အဲဒီ ဆောင်းတွင်းမှာ အသက်မဆုံးရှုံးခဲ့ရတာ]
[ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရေအေးထဲမှာ အကြာကြီး စိမ်ထားရတော့ ပြန်ရောက်တာနဲ့ အဖျားကြီးပြီး သတိလစ်သွားတယ်။ မိဘတွေက သိပ်ဂရုမစိုက်တဲ့အပြင် သမားတော်ကို အစ်ကိုရဲ့ အမေက လာဘ်ထိုးထားတော့ ရောဂါပျောက်ဖို့ တစ်လကျော်လောက် ကြာသွားခဲ့တယ်]
[တွန်းချတဲ့ အစ်ကိုကို အဖွားနဲ့ အမေ ကာကွယ်ပေးထားပြီး အဖေကလည်း သူတို့ဘက်ပါတော့ ဘာအပြစ်ပေးမှုမှ မခံရဘူး။ ကြည့်စမ်း၊ ဒါက နင့်အဖြစ်အပျက်ရဲ့ ယောက်ျားလေး ဗားရှင်းပဲ မဟုတ်ဘူးလား]
ချူဟွား: [... ဟုတ်တယ်]
သူမတို့နှစ်ယောက် သီးသန့်လိုင်းတွင် ပြောဆိုနေကြသဖြင့် ရှန်လု မသိရှိဘဲ ချူဟွားကို စေတနာအပြည့်ဖြင့် ဆက်လက် သင်ကြားပေးနေသည်။
ချူဟွားသည် စာလုပ်ရင်း systemကို မေးလိုက်သည်။ [ဒီလောက်လှတဲ့ အလှလေးကို ဘာလို့ မိဘတွေက မချစ်ကြတာလဲ။ သူ့အမေက ဆုံးပါးသွားပြီလား]
ထိုအကြောင်းကို ပြောလိုက်တာသည်နှင့် systemတစ်ယောက် ဒေါသထွက်လာသည်။
Systemက သခင်နှင့် တူလာသည်။ သူသည် ချူဟွားနှင့် နေလာသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ချူဟွား၏ အလှတရားကို မြတ်နိုးတန်ဖိုးထားတတ်သည့် အကျင့်က ကူးစက်လာသည်။
[မဟုတ်ဘူး။ သူ့မိဘတွေ ရှိသေးတယ်။ ဒါပေမဲ့ သူ့ကို မကြိုက်ကြဘူး။ ဘာလို့လဲ သိလား။ ရှန်လုက ငယ်ငယ်တုန်းက ကြယ်တွေ ကြည့်ရတာ ကြိုက်တယ်။ ညဘက်ဆို ထိုင်ပြီး ကြယ်ကြည့်နေတတ်တယ်။ ကြည့်ရင်လည်း နာရီပေါင်းများစွာ ကြာတယ်။ ကြယ်တွေနဲ့ စကားပြောတတ်သေးတယ်။ သာမန်လူတွေက သူ့ရဲ့ ထူးခြားတဲ့ ဝါသနာကို ဘယ်နားလည်နိုင်မလဲ]
[ကလေးတွေက သူ့ကို လူထူးဆန်းလို့ ခေါ်ကြတယ်။ သူ့နဲ့ မကစားကြဘူး။ ပေါင်းပြီး အနိုင်ကျင့်ကြတယ်။ ဖယ်ကြဉ်ထားကြတယ်။ အိမ်မှာရော ကျောင်းမှာရော ကစားဖော် မရှိဘူး။ ကြယ်တွေနဲ့ပဲ အဖော်ပြုရတယ်။ ကြာလာတော့ သူက လူတွေနဲ့ စကားသိပ်မပြောတတ်တော့ဘူး။ တဖြည်းဖြည်းနဲ့ ပိုပြီး အထီးကျန်လာတာပေါ့]
[ကြားရတာ ကလေးတွေက တော်တော် ဆိုးသွမ်းတယ်လို့ ထင်ရပေမဲ့ ကလေးတွေက ဘာသိမှာလဲ။ သူတို့က လူကြီးတွေ ပြောတာကို လိုက်ပြောကြတာလေ။ လူကြီးတွေက ရှန်လုကို ထူးဆန်းတယ်လို့ ထင်တော့ ကလေးတွေကလည်း အတုခိုးကြတာပေါ့။ ဒါက ကျောင်းတွင်း အနိုင်ကျင့်မှုနဲ့ မိသားစု အကြမ်းဖက်မှုပဲ မဟုတ်ဘူးလား]
Systemက ပြောရင်း ပြောရင်း ဒေါသထွက်လာသည်။ [မမကြီးဟွား၊ ရှန်လု ငယ်ငယ်တုန်းက ဘယ်လောက် ချစ်ဖို့ကောင်းလဲဆိုတာ နင် မသိပါဘူး။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို သူတို့ ဘယ်လိုလုပ် ရက်ရက်စက်စက် လုပ်ရက်ကြလဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရဘူး]
ချူဟွားသည် ရှန်လု၏ မျက်ရည်ခံမှဲ့ မရှိသော ညာဖက်မျက်နှာကို ကြည့်လိုက်လေသည်။ လုံးဝ အေးစက်သော ပုံစံပင်။ ရှန်လုအသေးစားလေးသည် မည်သို့သော ပုံစံ ဖြစ်မည်ကို စဉ်းစားမရပေ။ ဘယ်လိုလုပ် ချစ်ဖို့ကောင်းတယ်လို့ ပြောနိုင်ရတာလဲ။
[ငါ့ကို တစ်ချက်လောက် ပြပါဦး]
Systemက ဖရဲသီးစွမ်းအင်ကို ကြည့်လိုက်သည်။ တော်တော်များနေသဖြင့် လုံလောက်ပါသည်။
[ကောင်းပြီ၊ ၅ စက္ကန့်ပဲ ကြည့်ရမယ်နော်။ ငါ ၃ ထိ ရေတွက်မယ်။ ၁၊ ၂၊ ၃]
၅ စက္ကန့် ပြည့်သည်နှင့် ဓာတ်ပုံ ပျောက်သွားသော်လည်း ချူဟွား အသေးစိတ် မှတ်သားထားရန် လုံလောက်နေသည်။
ရှန်လု အငယ်လေးသည် ယခု ရှန်လု အကြီးစား၏ ကျုံ့ထားသော ပုံစံပင် ဖြစ်သည်။ လူနှင့် မနီးစပ်သော အေးစက်မှုများ ပျောက်ကွယ်သွားပြီး ကလေးဘဝ၏ ရိုးသားမှုများ ပိုမို ပါဝင်လာသည်။ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချစ်စရာကောင်းပြီး အပြင်ထွက်လျှင် လူကြီးများ ပါးဆွဲချင်စရာကောင်းသော လှပသည့် ကောင်လေး ဖြစ်သည်။
ရှန်လု အငယ်လေး၏ ရိုးသားချစ်စရာကောင်းမှုသည် နှလုံးသားထဲ နက်ရှိုင်းစွာ စွဲမြဲသွားသဖြင့် ချူဟွားသည် ရှန်လု အကြီးစားကို ကြည့်သော မျက်လုံးများတွင်လည်း မေတ္တာရိပ်များ ပါဝင်လာတော့သည်။
တစ်ခုခုကို သတိထားမိလိုက်သော ရှန်လု: ?
ဟမ်။ ချူဟွားက ဘာလို့ သူ့ကို ကြည့်တဲ့ မျက်လုံးတွေ နူးညံ့လာရတာလဲ။
...