← Chapters

အခန်း ၇၇

Vol. 6 Ch. 77

အခန်း ၇၇

Vol. 6 Ch. 77

အပိုင်း (၇၇)

ရှန်လု၏ တမင်တကာ နူးညံ့ပျော့ပျောင်းမှုနှင့် ချူဟွား၏ တူညီသော ဒုက္ခမျိုးကြောင့် စာနာစိတ်တို့အောက်တွင် နှစ်ယောက်သားသည် "ကိုယ့်ကိစ္စကိုယ်ဂရုစိုက်၊ တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မပေး" သည့် အခြေအနေမှ "အတူတူ ဒုက္ခရောက်ဖူးသူချင်း ကိုယ်ချင်းစာ၊ အပြန်အလှန် ဂရုစိုက်" သည့် သူငယ်ချင်းများ ဖြစ်သွားကြလေသည်။

ရှန်လုသည် ထိုအခြေအနေတွင် အနည်းငယ် ပုံမှန် မဟုတ်ဟု ခံစားရသော်လည်း အကြောင်းရင်းကို မသိလျှင်လည်း ကိစ္စမရှိဟု ယူဆကာ အရာအားလုံးကို သဘာဝအတိုင်းသာ ဖြစ်ခွင့်ပေးထားလိုက်သည်။

System ကတော့ အမှန်တရားကို သိသော်လည်း ပြော၍ မရသဖြင့် ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ရယ်မောနေတော့သည်။ [ဟား ဟား ဟား ဟား ... ဟူး ဟူး ဟူး ... ဟီး ဟီး ဟီး ... ဟေး ဟေး ဟေး ... အိုး ဟိုး ဟိုး ဟိုး ... ]

ချူဟွားမှာ သူမ၏ နားထဲတွင် ၃ မိနစ်ကြာ ဆက်တိုက် ကြားနေရသော 3D စတီရီယို ရယ်သံကြောင့် ခေါင်းကိုက်လာပြီး ထုံထိုင်းသွားသလို ခံစားလိုက်၏။

ကလေးသံလေးက ဘယ်လောက်ပဲ ချစ်ဖို့ကောင်းနေပါစေ ဒီလိုတော့ အလဟဿ အဖြစ်မခံနိုင်ဘူးလေ။ နောက်ဆုံးတော့ သူမ သည်းမခံနိုင်တော့ပေ။ [ပါးစပ်ပိတ်ထား!]

System: [ ... ဟားဟား ဂတ်ဂတ် ]

ရယ်နေရင်း မတော်တဆ ဘဲသံ ထွက်လာသဖြင့် ရှက်လွန်း၍ နေရာမှာတင် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားချင်စိတ် ပေါက်သွားသည်။

System သည် ကုတ်များဖြင့် အလုပ်လုပ်သော်လည်း စူးစမ်းလိုစိတ်၊ ဝမ်းနည်းစိတ်၊ ရှက်ရွံ့စိတ် စသည့် လူသားနှင့်တူသော စိတ်ခံစားမှုများ ရှိသေးသည်။

စတင် ချိတ်ဆက်ကတည်းက ချူဟွားသည် သူ့အပေါ် အမြဲ ကောင်းမွန်ခဲ့ပြီး အသံကျယ်ကျယ် တခါမှ မပြောဖူးပေ။ ရုတ်တရက် အသံကျယ်ကျယ် ပြောလိုက်သဖြင့် လန့်သွားမိသည်။

[မမကြီးဟွား နင် ငါ့ကို မချစ်တော့ဘူး] Systemက သနားစဖွယ် အပြစ်တင်လိုက်သည်။

ချူဟွားက "ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး" ဟု ပြန်ပြောချင်သော်လည်း systemက စိတ်ဆိုးပြီး ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်သွားမည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင် သူမသာ ပြန်ချော့ရမည်ဖြစ်ရာ အလုပ်ပိုများလာပေလိမ့်မည်။

ထားလိုက်ပါတော့လေ။ အကျိုးအကြောင်း သင့်အောင် ပြောပြတာပဲ ကောင်းပါတယ်။

[နင် နည်းနည်းလောက် ရယ်တာဆိုရင် တစ်မိနစ်လောက် ရယ်တာဆိုရင် ငါ သည်းခံနိုင်ပါတယ်။ နင် ဘယ်လောက်ကြာအောင် ရယ်ခဲ့လဲဆိုတာ ကိုယ့်ဟာကိုယ် ပြောကြည့်စမ်းပါ]

Systemက အချိန်မှတ်မထားသဖြင့် သူ ဘယ်လောက်ကြာအောင် ရယ်ခဲ့သည်ကို မသိနိုင်ပေ။

သို့သော် စိတ်ရှည်သော ချူဟွားက သူ့ကို ပါးစပ်ပိတ်ခိုင်းသည် ဆိုတော့ တကယ်ပဲ ကြာသွားလို့ ဖြစ်မည်။

Systemက တွန့်ဆုတ်စွာ မေးလိုက်သည်။ [အရမ်း ကြာသွားလို့လား]

ချူဟွား: [အနည်းဆုံး ၃ မိနစ်လောက် ရှိတယ်]

ထို ၃ မိနစ်သည် သူမအတွက် အလွန် ခက်ခဲသော အချိန်ကာလ မဟုတ်ခဲ့လျှင် နှလုံးခုန်သံများ နားထဲတွင် ကျယ်လောင်စွာ မြည်ဟည်းနေခြင်းကြောင့် မဟုတ်လျှင် သူမသည် နှလုံးခုန်သံဖြင့် အချိန်ကို ရေတွက်နေမည် မဟုတ်ပေ။

System: [ ... ]

ချူဟွား: [ဒီလိုလုပ်လေ။ နင် အချိန်မှတ်ထားလိုက်။ တစ်ယောက်ယောက်က နင့်ခေါင်းထဲမှာ ၃ မိနစ်လောက် ဆက်တိုက် ရယ်မောနေတာကို နင် ခံစားကြည့်လိုက်]

Systemက တွေးကြည့်လိုက်ရုံဖြင့် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။ [မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ငါ ပြန်သုံးသပ်ပါ့မယ်။ နောက်တစ်ခါ ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်]

ချူဟွားသည် အခြေအနေ ကောင်းမွန်ချိန်တွင် ရပ်တန့်လိုက်သည်။ [ကောင်းပြီ၊ သဘောတူတယ်]

Systemသည် တစ်ဖက်တွင် ဝမ်းသာမိသော်လည်း တစ်ဖက်တွင် ချူဟွားသည် စကားပြောရ လွယ်ကူလွန်းသည်ဟု ခံစားမိသည်။ တစ်ယောက်ယောက်ကသာ သူ့ခေါင်းထဲတွင် ၃ မိနစ်ကြာ အော်ဟစ် ရယ်မောခဲ့လျှင် သူ သေချာပေါက် ပြန်ရယ်မောပြလိုက်မည်။

မဖြစ်ဘူး။ သူ သူ့ရဲ့ သခင်ကို သေချာပေါက် ကာကွယ်ရမယ်။

[ဒါနဲ့ မမကြီးဟွား၊ နင့်ကို ပြောဖို့ မေ့နေတာ တစ်ခု ရှိတယ်။ ချူရှူးနဲ့ သခင်မကြီး ဒီနေ့ ပြန်လာကြတယ်။ နောက် ၁၅ မိနစ်လောက်ဆိုရင် တံခါးဝ ရောက်တော့မယ်]

[နန်းစောင့်တပ်သားတွေက သူတို့ကို သွားသတိပေးထားတယ်။ နင့်ရှေ့ကို မလာတာ အကောင်းဆုံးပဲလို့။ မဖြစ်မနေ လာရမဲ့ အခြေအနေမျိုးမှာတောင် ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူး ဆိုတာကို မှာထားတယ်။ ဒါကြောင့် ဒီတစ်ခါ သခင်မကြီးက နင့်ကို တံခါးဝအထိ သွားကြိုခိုင်းဖို့ မဝံ့ရဲဘူး]

[ချူရှူးက နည်းနည်း မကျေမနပ် ဖြစ်နေတယ်။ ဒါပေမဲ့ နန်းစောင့်တပ်သားတွေ ရှေ့မှာတော့ ဘာမှ မပြောရဲဘူး။ လောလောဆယ်တော့ ရိုးရိုးသားသား နေနေတယ်။ ဒါပေမဲ့ နောက်ပိုင်း ဘာတွေ ကြံစည်ဦးမလဲ ဆိုတာတော့ အာမခံလို့ မရဘူး။ နင် သတိထားဦး]

ချူဟွားကတော့ ထိုသို့ မထင်ပေ။ [ချူရှူးက အိမ်ထောင်မကျမချင်း ငါ့အမေ လက်အောက်မှာပဲ နေရမှာ။ အိမ်ထောင်ကောင်း တစ်ခု ရဖို့အတွက် သူ လိမ္မာယဉ်ကျေးဟန် ဆောင်ဖို့တောင် အချိန်မလောက်ဘူး ဖြစ်နေမှာ။ ငါ့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး]

[အိမ်ထောင်ကျသွားရင်တောင် နောက်ကွယ်မှာ အားကိုးရတဲ့ မိဘဆွေမျိုးတွေ ရှိနေမှ သူ ယောက္ခမအိမ်မှာ မျက်နှာပွင့်လမ်းပွင့် နေရမှာလေ။ သူက ကိုယ်ကျိုးကြည့်တတ်တဲ့သူပဲ။ ဒီလောက် ရိုးရှင်းတဲ့ အကြောင်းပြချက်လေးကိုတောင် မစဉ်းစားတတ်ဘဲ နေမှာ မဟုတ်ဘူး]

Systemက အဓိကကျသော မေးခွန်းကို မေးလိုက်သည်။ [ဒါပေမဲ့ အခု သူက မင်းသား ၅ ကို သဘောကျနေတာလေ။ မင်းသား ၅ က နင့်ဘေးအိမ်မှာ နေတာ]

[ရေကန်အသင့် ကြာအသင့် ဆိုသလို ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို အသုံးချပြီး ကြိုးစားကြည့်လိုက်ရင် အရာရှိသမီးကနေ မင်းသားရဲ့ ကြင်ရာတော် ဖြစ်လာနိုင်တာပဲ။ သူ ပိုပြီးတောင် ကြံစည်သင့်တယ် မဟုတ်ဘူးလား]

ပြဿနာက ကြိုးစားကြည့်ရန် အခက်အခဲက အလွန် ကြီးမားနေခြင်းပင်။

ပထမအချက်မှာ မင်းသား ၅ သည် ချူရှူး သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ကို သိရှိထားပြီးဖြစ်၍ ပိုမို သတိထားနေလိမ့်မည်။ ဒုတိယအချက်မှာ သူတို့နှစ်ဦးစလုံး ငယ်ရွယ်သေးသဖြင့် နည်းလမ်းများစွာ အသုံးပြု၍ မရနိုင်ပေ။

ချူဟွား: [နှစ်သစ်ကူးပြီးရင်တောင် မင်းသား ၅ က ၁၀ နှစ်ပဲ ရှိဦးမှာ။ ဘယ်လို လုပ်ကြံမလဲ]

System: [ရှေးခေတ် ဝတ္ထုတွေရဲ့ ဇာတ်ကွက်ကတော့ လူအုပ်ကြီးနဲ့အတူ အိပ်ရာထဲမှာ ဖမ်းမိအောင် လုပ်တာလေ။ သူတို့နှစ်ယောက် အဝတ်အစား မလုံမခြုံနဲ့ အတူတူ လဲလျောင်းနေတာကို တွေ့ရင် ဂုဏ်သိက္ခာ ညှိုးနွမ်းသွားပြီး လက်ထပ်ယူရတော့မှာပေါ့]

[မင်းသား ၅ ငယ်နေရင်ရော ဘာဖြစ်လဲ။ ချူရှူးကလည်း ၁၄ နှစ်ပဲ ရှိသေးတာ။ ၂ နှစ်လောက် ထပ်စောင့်လိုက်ရင် ရပြီ]

System ပြောတာ အဓိပ္ပာယ် ရှိသည်ကို ချူဟွား ဝန်ခံရမည်။ သို့သော်... [နင် ပြောသလိုပဲ အဲဒါက ရှေးခေတ် ဝတ္ထုတွေရဲ့ ဇာတ်ကွက်လေ။ လက်တွေ့ အခြေအနေကို ထည့်စဉ်းစားရမယ်]

[မင်းသား ၅ က ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ဘယ်သူမဆို သိနိုင်တယ်။ ဒါက ချူရှူးရဲ့ လုပ်ကြံမှုဆိုတာ သိသာတယ်။ ရှူးဖေးက စိတ်ကြီးတယ်။ ဘယ်သူက သူ့သားကို လုပ်ကြံရဲလဲ။ သေချာပေါက် နည်းမျိုးစုံနဲ့ လက်စားချေမှာပဲ။ အရှင်မင်းကြီးကလည်း တခြားသူတွေ တော်ဝင်မိသားစုဝင်တွေကို စိတ်ကြိုက် လုပ်ကြံတာ ခွင့်ပြုမှာ မဟုတ်ဘူး။ မဟုတ်ရင် လူတိုင်းက ဒီလို နည်းလမ်းနဲ့ တော်ဝင်မိသားစုကို လာကပ်နေကြမှာပေါ့]

[မင်းသား ၅ က ချူရှူးကို စိတ်မဝင်စားဘူး။ အိပ်ရာထဲမှာ ဖမ်းမိအောင် လုပ်ဖို့ဆိုရင် ချူရှူးက သူ့ကို ဆေးခတ်ရလိမ့်မယ်။ ဘယ်သူမှ မသိအောင် ဘယ်လို လုပ်မလဲ ဆိုတာ မပြောနဲ့ဦး။ အောင်မြင်သွားရင်တောင် ဒါက သေစေနိုင်တဲ့ အပြစ်ပဲ]

[ဒီနေ့ မေ့ဆေး ခတ်နိုင်ရင် မနက်ဖြန်ကျ အဆိပ်ခတ်နိုင်တယ်။ တော်ဝင်မိသားစုဝင်တွေရဲ့ လုံခြုံရေးကို အာမခံနိုင်ပါ့မလား။ အရှင်မင်းကြီးက သေချာပေါက် ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်ပြလိမ့်မယ်။ အဲဒီအချိန်ကျရင် ချူရှူးရဲ့ နိဂုံးက ကောင်းမှာ မဟုတ်ဘူး]

လက်ရှိ အရှင်မင်းကြီးတွင် မင်းသား ၄ ပါးသာ ရှိသည်။ တစ်ပါးစီတိုင်းသည် ရတနာလေးများ ဖြစ်ကြပြီး စာပေရော စစ်ရေးပါ ထူးချွန်သူများ ဖြစ်လာစေရန် ငွေကြေး၊ လူအင်အားနှင့် အချိန်များစွာ အကုန်အကျခံ ပြုစုပျိုးထောင်ထားရသည်။ သူတို့ကို ထိပါးရဲသူသည် အသက်ရှည်ချင်လို့ ကြိုးဆွဲချသူသာ ဖြစ်ပေလိမ့်မည်။

"မကောင်းဘူး" ဟု ပြောခြင်းသည် အကောင်းဘက်မှ တွေးပေးထားခြင်း ဖြစ်သည်။ ချူရှူး၏ အသက်ဖြင့် တခြားသူများကို သတိပေးခြင်းမျိုးပင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

Systemသည် သတင်းအချက်အလက်များကို စုဆောင်း ရှာဖွေပြီး လက်ရှိ အခြေအနေပေါ် မူတည်၍ ခန့်မှန်းရုံသာ တတ်နိုင်သည်။ အတိအကျ မှန်ကန်မည် မဟုတ်ပေ။

မှန်ကန်ခဲ့လျှင် ဂုဏ်ယူမည်။ မှားယွင်းခဲ့လျှင်လည်း စိတ်မပူဘဲ သင်ခန်းစာ ယူကာ နောက်တစ်ကြိမ် ထပ်ကြိုးစားလိမ့်မည်။

[ငါက 'ချစ်သူဖြစ်အောင် ကူညီပေးတဲ့' system မဟုတ်လို့ 'နှစ်သက်မှု အတိုင်းအတာ' ကို စစ်ဆေးလို့ မရဘူး။ လက်ရှိ အချက်အလက်တွေအရ ဆုံးဖြတ်ရရင် အရှင်မင်းကြီးက ချူရှူးကို သိပ် သဘောမကျဘူး။ ဒီလို အပြစ်မျိုးသာ သူ့လက်ထဲ ရောက်သွားရင် အနည်းဆုံးတော့ ချူရှူး အရေခွံခွာ ခံရလိမ့်မယ်]

အရှင်မင်းကြီးက ချူရှူးကို ဘာကြောင့် သဘောမကျသလဲ ဆိုသည့် အကြောင်းရင်းမှာ ထင်ရှားလေသည်။ သူက ချူဟွားကို အရမ်း သဘောကျနေပြီး သူမကို အကြိမ်ကြိမ် အနိုင်ကျင့်နေသူ ရှိသည်ကို ခွင့်မလွှတ်နိုင်သောကြောင့်ပင်။

အခွင့်အရေး မရှိလျှင် ထားလိုက်တော့။ တရားဝင် အပြစ်ပေးခွင့် ရလာပြီဆိုလျှင် အရှင်မင်းကြီး၏ ကျဉ်မြောင်းသော စိတ်ထားနှင့် အငြိုးအတေးကြီးမှုကြောင့် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးပေလိမ့်မည်။

အဲဒီအချိန်ကျရင် ချူရှူး အသက်တစ်ဝက်လောက် ဆုံးရှုံးသွားမလား၊ အသက်ပါ ပါသွားမလား ဆိုတာ ပြောလို့မရဘူး။

ချူဟွားလည်း ထိုအချက်ကို တွေးမိသဖြင့် မျက်ခုံးနှစ်ခုကြား နှိပ်နယ်လိုက်မိသည်။

ချူရှူး ကိုယ့်သေတွင်း ကိုယ်မတူးဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် သူမရော ချူမိသားစု တစ်ခုလုံးပါ ဒုက္ခရောက်ကုန်ကြလိမ့်မယ်။

သို့သော် ကိစ္စများက သူမ အလိုအတိုင်း ဖြစ်မလာခဲ့ပေ။

ချူသခင်မကြီးနှင့် ချူရှူး ပြန်ရောက်ပြီး သိပ်မကြာခင် အနားပင် မယူရသေးမီ ချူရှူးက ပစ္စည်းများ ကိုင်ဆောင်ကာ ရောက်လာလေသည်။

သူမ ရွေးချယ်လိုက်သော အချိန်က ကောင်းမွန်လှသည်။ မင်းဆရာကြီး၏ သင်ခန်းစာ ပြီးဆုံးလုနီးပါး အချိန်ဖြစ်သည်။

ကျားယီနှင့် ချိုက်ကန်းတို့က တံခါးစောင့်များကဲ့သို့ တံခါးဝတွင် စောင့်နေကြပြီး ချူရှူးအား အတွင်းဘက်ရှိ သင်ခန်းစာကို အနှောင့်အယှက် ပေးခွင့်မပြုပေ။ ချူရှူးကလည်း တကယ်ပင် လိမ္မာသည်။ အတင်း ဝင်ရောက်ခြင်း မပြုဘဲ ပစ္စည်းများ ကိုင်ဆောင်လျက် လေအေးထဲတွင် အချိန်အတော်ကြာ ရပ်စောင့်နေသည်။ သင်ခန်းစာ ပြီးဆုံးမှသာ ရှေ့တိုးပြီး တံခါးခေါက်လေသည်။

Systemက သတိပေးသည်။ [မမကြီးဟွား၊ နင့်ရဲ့ အစ်မတစ်ဝမ်းကွဲ]

ချူဟွား: "..." လာရမဲ့အလှည့် ရောက်လာပြီပဲ။

သူမသည် မင်းသား ၅ကို သနားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး တံခါးဖွင့်ရန် ထလိုက်သည်။ မတတ်နိုင်ဘူးလေ။ စာကြည့်ခန်းထဲတွင် လူ ၃ ယောက် ရှိသည့်အနက် သူမ၏ ရာထူးက အနိမ့်ဆုံး ဖြစ်နေသည်ကိုး။

မင်းသား ၅: "..."

စာကြည့်ခန်း တံခါးသည် သူမ တစ်ယောက်စာ ထွက်ရုံသာ ပွင့်သွားပြီး ထွက်လာသည်နှင့် တံခါးကို ပြန်ပိတ်လိုက်သည်။

"ကိစ္စ ရှိလို့လား" ချူဟွားသည် မျက်နှာထား ကောင်းကောင်း မထားဘဲ ချူရှူး အခက်အခဲကို သိပြီး နောက်ဆုတ်သွားရန် မျှော်လင့်မိသည်။

ချူရှူးက မမြင်ချင်ယောင်ဆောင်ကာ နူးညံ့စွာ ပြုံးလိုက်ပြီး ညီမလေးကို ဂရုစိုက်သော အစ်မကြီး ပုံစံ အပြည့် လုပ်ပြလေသည်။

"ဟွားအာ၊ မင်းဆရာကြီးက ညီမလေးကို တပည့်အဖြစ် လက်ခံလိုက်တယ်လို့ ကြားတယ်။ ညီလာခံ ကိစ္စတွေကလည်း များပြားတဲ့ကြားက မင်းဆရာကြီးက မိုးရွာရွာ လေတိုက်တိုက် ညီမလေးကို စာလာသင်ပေးတာ တကယ် ပင်ပန်းမှာပဲ။ အစ်မတစ်ယောက် အနေနဲ့ ဆရာ့ကို ကျေးဇူးတင်လက်ဆောင် ပေးသင့်တယ်လို့ တွေးမိလို့ပါ"

"ဒီမှာလေ၊ ဒီနေ့ ပြန်ရောက်ရောက်ချင်းပဲ မင်းဆရာကြီးကို လာရှာတာ။ ဟွားအာ၊ ဖယ်ပေးပါဦး။ အစ်မ ဆရာ့ကို ကိုယ်တိုင် ကျေးဇူးတင်စကား ပြောမှ ဖြစ်မှာမို့လို့ပါ"

ချူရှူးသည် သုညအောက် ဒီဂရီ ရှိသော လေအေးထဲတွင် မားမားမတ်မတ် ရပ်နေပြီး နှင်းထဲတွင် ကြံ့ကြံ့ခံ ပွင့်လန်းနေသော ကြာပန်းဖြူ တစ်ပွင့်ကဲ့သို့ပင်။

ချူဟွား: "..."

မင်းသား ၅: "..."

မင်းဆရာကြီး: "..."

တကယ်ကို ဘာပြောရမှန်း မသိတော့ဘူး။

Systemသည် ယခင်က ဖရဲခင်းထဲတွင်သာ အချက်အလက်များ ဖတ်ရှုခဲ့ပြီး ကြာပန်းဖြူမ၏ စွမ်းပကားကို ပထမဆုံးအကြိမ် မျက်မြင် တွေ့လိုက်ရသဖြင့် ကြောင်အမ်းသွားသည်။

[ဒါ.. ဒါ.. ဒါ.. ဒီစကားတွေ ကြားရတာ မသိတဲ့လူဆိုရင် သူက နင့်အမေလို့ ထင်သွားဦးမယ်။ သူများတွေက အဖေဆန်တာ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အမေဆန်နေရတာလဲ]

ဘာ အမေလဲ။ နင် စကားပြောတတ်ရဲ့လား။ ချူရှူး၏ အပြုံး မျက်နှာပေါ်တွင် တောင့်တင်းသွားသည်။ သူမ ဒီနှစ်မှ ၁၄ နှစ်ပဲ ရှိသေးတာလေ။

စာကြည့်ခန်းထဲရှိ မင်းသား ၅ နှင့် မင်းဆရာကြီးတို့သည် ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်ကြသည်။ မရယ်နဲ့။ ရယ်လိုက်ရင် ပေါ်သွားလိမ့်မယ်။

System၏ ပြစ်တင်ဝေဖန်မှုက ဆက်လက် ထွက်ပေါ်လာသည်။ [နင့်အမေတောင် ဆရာကန်တော့ပွဲအတွက် ပြင်ဆင်ပေးရုံပဲ ရှိတာ။ မင်းဆရာကြီး ရှေ့မှာ ဒါတွေ ဘာတွေ ပြောမနေဘူး။ သူက ဘယ်ဆီဘယ်ဝယ်မှန်း မသိတဲ့ မယားငယ်ကမွေးတဲ့အစ်မ ဖြစ်ပြီးတော့ ဘာကိစ္စ ဒီမှာ လာပြီး ဆရာကြီး လုပ်နေရတာလဲ]

[နင့်ကို အသက်တစ်ဝက်လောက် ပျောက်အောင် လုပ်ထားပြီးတော့ လာလည်း မကြည့်ဘူး။ အခု မင်းသား ၅ ကို မြှူဆွယ်ချင်တော့မှ မင်းဆရာကြီးကို ကျေးဇူးတင်လက်ဆောင် ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာတယ်။ သူ့ မျက်နှာပြောင်တာ မြို့ရိုးတောင် မမီဘူး]

စာကြည့်ခန်း တံခါးဝတွင် စောင့်နေသော ကျားယီနှင့် ချိုက်ကန်းတို့သည် ရယ်သံ ထွက်မလာအောင် မနည်း ထိန်းထားရသည်။

သူတို့ နန်းစောင့်တပ်သားတွေက အထူးလေ့ကျင့်ထားတဲ့သူတွေလေ။ ဘယ်လောက် ရယ်စရာကောင်းကောင်း မရယ်ကြဘူး။ တကယ် မထိန်းနိုင်မှသာ ရယ်တာ။

စာကြည့်ခန်းထဲရှိ မင်းသား ၅ နှင့် မင်းဆရာကြီးတို့မှာမူ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသဖြင့် ပခုံးများ တုန်ခါနေပြီး "ပန်းခက်များ တုန်ခါသည်အထိ ရယ်မောခြင်း" နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။

ချူရှူး၏ မျက်နှာထား ပိုမို ဆိုးရွားလာသည်။

နန်းစောင့်တပ်သားများက အကြိမ်ကြိမ် သတိပေးထားခြင်း မရှိလျှင် ဒီနေ့ လာရသည့် ရည်ရွယ်ချက် မအောင်မြင်သေးလျှင် သူမ သေချာပေါက် ပြန်ဆဲမိတော့မည်။

သူမ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကို systemက ဖော်ထုတ်လိုက်ပြီ။ မင်းသား ၅ နဲ့ မင်းဆရာကြီးတို့ကလည်း အထဲကနေ အကုန် ကြားသွားပြီ ဆိုတော့ နောက်ပိုင်း ကိစ္စတွေ ဆက်လုပ်ဖို့ မလွယ်တော့ဘူး။

ဒါပေမဲ့ မင်းဆရာကြီးနဲ့ မင်းသား ၅ ကို တရားဝင် ချဉ်းကပ်ခွင့် ရတုန်းလေးမှာ သူမ လက်လွှတ်မခံနိုင်ဘူး။

"ဟွားအာ" ချူရှူးသည် မျက်နှာထားကို အမြန် ပြင်လိုက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သော အိမ်ကြီးရှင်မလေး တစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။ "ညီမလေးက အစ်မကို ဝင်ခွင့်မပေးချင်တာလား"

"စိတ်ချပါ။ အစ်မက ညီမလေးတို့ စာသင်တာကို မနှောင့်ယှက်ပါဘူး။ ဝင်ပြီး ဆရာ့ကို စကားနှစ်ခွန်းလောက် ပြော၊ ကျေးဇူးတင်လက်ဆောင် ပေးပြီးရင် ပြန်မှာပါ"

ချူရှူးသည် အနီးဆုံးလူသာ ကြားနိုင်လောက်အောင် အသံကို တိုးပြီး ပြောလိုက်သည်။ "ဒါမှမဟုတ်... အစ်မကြောင့် မင်းသား ၅ က ညီမလေးကို စိတ်မဝင်စားတော့မှာ စိုးရိမ်လို့လား"

နောက်ဆုံး စကားတစ်ခွန်းကို စာကြည့်ခန်းထဲရှိ မင်းသား ၅ နှင့် မင်းဆရာကြီးတို့ မကြားလိုက်သော်လည်း ကျားယီနှင့် ချိုက်ကန်းတို့ကမူ အထူးလေ့ကျင့်ထားသူများ ဖြစ်သဖြင့် သာမန်လူထက် နားပိုပါးကာ ရှင်းလင်းစွာ ကြားလိုက်ရသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကိုင်တွယ်ရ ခက်မဲ့ပုံပဲ။

ချူရှူးသည် အောင်နိုင်သူ အပြုံးကို ပြုံးလိုက်သည်။ သူမ ဒီစကား ပြောလိုက်တာနဲ့ ဝင်ခွင့်ရမယ်ဆိုတာ သိတယ်။

သူမရဲ့ ဒီညီမလေးကလေ အမြဲတမ်း သဘောထား ကြီးချင်ယောင် ဆောင်တတ်တယ်။ ပိုက်ဆံရှာတတ်ပေမဲ့ ပိုက်ဆံ မမက်ဘူး။ အာဏာရှိပေမဲ့ အာဏာ မပြဘူး။ စိတ်ထဲမှာ ဘယ်တော့မှ မကျော်ဖြတ်ရမဲ့ စည်းတစ်ခု ရှိနေသလိုပဲ။ မင်းသား ၅ ကို စိတ်မဝင်စားကြောင်း ပြသဖို့အတွက် ချူဟွားက သူမကို သေချာပေါက် ဝင်ခွင့်ပေးလိမ့်မယ်။

ချူဟွားက ခဏ တွေဝေသွားပြီး ဖယ်မပေးဘဲ ပြောလိုက်သည်။ "ပြန်လိုက်ပါတော့"

ချူရှူးက ဒီအကြံကို ထုတ်သုံးလိုက်ပြီ ဆိုတော့ ဒီနေ့ သူမကို မောင်းထုတ်လိုက်ရင် နောက်တစ်ခါ ထပ်လာဦးမှာပဲ။ ဒါပေမဲ့ ဒီနေ့ အကြောင်းပြချက်က ယုတ္တိမရှိလွန်းလို့ သူမ အလျှော့ပေးလို့ မဖြစ်ဘူး။

ချူရှူး၏ မျက်နှာပေါ်ရှိ အောင်နိုင်သူ အပြုံးသည် ရုတ်တရက် တောင့်တင်းသွားပြီး သာမန် ဖြစ်နေသော မျက်နှာထားသည် ရယ်စရာ ဖြစ်သွားတော့သည်။

"ဘာ ပြောလိုက်တာလဲ"

ချူဟွား: "ပြန်လိုက်ပါတော့လို့ ပြောတာ"

Systemကလည်း ပြိုင်တူ အော်လိုက်သည်။ [နင့်ကို လစ်လိုက်ပါတော့လို့ ပြောနေတယ်လေ!!!]

အားလုံး: !!!

ဝေးဝေးမှာ ရှိတဲ့ လူတွေကတော့ နားပိတ်ထားလို့ ရပေမဲ့ အနီးနားက လူတွေကတော့ နားကွဲမတတ် ခံစားလိုက်ရသည်။

ချူဟွားနှင့် ချူရှူးတို့သည် တစ်ချိန်တည်းမှာပင် အနီးကပ် ဆူညံသံ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် အလိုအလျောက် မျက်စိမှိတ် နားပိတ်လိုက်ကြသည်။

[System] ချူဟွား၏ မျက်နှာက ဖြူဖျော့သွားပြီး [အဲဒီလောက် အသံမကျယ်နဲ့။ ငါ ကြားပါတယ်ဟယ်]

Systemက ပြဿနာ ရှာမိပြီမှန်း သိလိုက်သဖြင့် အသံတိုးတိုးလေး ပြောင်းပြီး တောင်းပန်လိုက်သည်။

[တောင်းပန်ပါတယ်။ ငါ အရမ်း ဒေါသထွက်သွားလို့ပါ]

ချူဟွားက နားကို ပွတ်သပ်လိုက်သည်။ သူမ ခေါင်းမော့လိုက်သောအခါ ချူရှူးသည် ကျားယီနှင့် ချိုက်ကန်းတို့၏ ခြိမ်းခြောက်သော အကြည့်အောက်တွင် မျက်နှာထားကို ပြင်ဆင်ပြီးဖြစ်ကာ ဘာမှ မဖြစ်သကဲ့သို့ ရှိနေသည်ကို တွေ့လိုက်ရသည်။

ဒီသရုပ်ဆောင်မှုနဲ့ မျက်နှာပြောင်းမြန်မှုသာ ခေတ်သစ်မှာဆိုရင် အနည်းဆုံး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရနိုင်တယ်။

ချူဟွား စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သော်လည်း မျက်နှာတွင် မပေါ်လွင်စေဘဲ ပြောလိုက်သည်။ "ပြန်လိုက်ပါတော့"

ချူရှူးက တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ချူဟွား၏ အေးစက်သော အကြည့်ကို ခံလိုက်ရသည်။

"ကိုယ့်ခြံဝင်းထဲမှာ ကိုယ် ရိုးရိုးသားသား နေပါ။ ဒါဆိုရင် နင်နဲ့ ငါ တည့်တည့်ရှုရှု နေနိုင်မယ်။ မဟုတ်ရင် နင် တစ်ခါ လာတိုင်း လစဉ်ကြေး ဖြတ်မယ်"

လစဉ်ကြေးလောက်ကတော့ ချူရှူး ဂရုမစိုက်ပါ။

သူမ အမေကို နန်းစောင့်တပ်သားတွေ ဖမ်းသွားပေမဲ့ အမေ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေက သူမ လက်ထဲမှာ ရှိနေတယ်။ သခင်မကြီးကလည်း ထောက်ပံ့ဦးမှာ ဆိုတော့ လက်ထဲမှာ ငွေမနည်းဘူး။ ချူဟွားကိုတောင် စိတ်ထဲကနေ အထင်သေးမိသေးတယ်။ ဒီလောက် နှစ်တွေ အကြာကြီး လစဉ်ကြေး ဖြတ်တဲ့ နည်းလမ်း တစ်ခုတည်းကိုပဲ သုံးတတ်တယ်။

မကြာမီ ချူဟွားက ဒုတိယ နည်းလမ်းကို ထုတ်သုံးလိုက်သည်။ "နှစ်ခါ လာရင် မင်္ဂလာဆောင် လက်ဖွဲ့ ဖြတ်မယ်။ ဒီနေ့ တစ်ခါလို့ မှတ်လိုက်မယ်"

ဆိုလိုတာက နောက်တစ်ခါ ချူရှူး မင်းသား ၅ ရဲ့ ခြံဝင်းထဲ ထပ်လာရဲရင် မင်္ဂလာဆောင် လက်ဖွဲ့ တန်းဖြတ်မယ်ပေါ့။

ချူရှူး မျက်နှာ ပျက်သွားသည်။ "နင် လုပ်ရဲလား"

ခုနက နူးညံ့ပျော့ပျောင်းနေတဲ့ အသံက ချက်ချင်းပဲ စူးရှသွားပြီး လည်ပင်းညှစ်ခံထားရတဲ့ ကြက်တစ်ကောင် အော်သံလို ဖြစ်သွားတော့၏။

တကယ်တော့ ချူရှူးက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခံလိုက်ရသလို ဖြစ်သွားခြင်းပင်။

မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာဆောင် လက်ဖွဲ့ဆိုတာ ယောက္ခမအိမ်မှာ ခြေကုပ်ယူဖို့ အရင်းအနှီးပဲလေ။ မိဘအိမ်က များများပေးလေ သမီးကို ပိုတန်ဖိုးထားကြောင်း ပြသရာ ရောက်လေ ဖြစ်ပြီး ယောက္ခမအိမ်နဲ့ အပြင်လူတွေကလည်း အထင်ကြီး လေးစားကြတာ။

ချူရှူးက ချူဖျင်နဲ့ ဝမ်သခင်မဆီကနေ မင်္ဂလာဆောင် လက်ဖွဲ့ ပိုရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ စဉ်းစားနေတာ။ မင်္ဂလာဆောင် လက်ဖွဲ့တွေ ထုတ်ပြတဲ့အခါ တစ်မြို့လုံးက လူတွေ အားကျအောင် လုပ်မယ်ပေါ့။ အခုတော့ အစတောင် မပျိုးရသေးဘူး။ ချူဟွားက မင်္ဂလာဆောင် လက်ဖွဲ့ ဖြတ်မယ် လုပ်နေတယ်။ ဒါကို ဘယ်လို သည်းခံနိုင်မှာလဲ။

ချူဟွား ဘာမှ မပြောဘဲ ချူရှူးကို စိုက်ကြည့်နေသည်။ အသံတိတ် ပြောလိုက်၏။ ငါ ရဲ မရဲ ကြည့်လိုက်လေ။

ချူရှူး၏ မျက်နှာသည် ပြာလိုက် နီလိုက်၊ နီလိုက် ပြာလိုက် ဖြစ်သွားတော့သည်။ "ငါ့ မင်္ဂလာဆောင် လက်ဖွဲ့က ဘုံရန်ပုံငွေထဲက လာတာ။ နင့်မှာ ဖြတ်ပိုင်ခွင့် မရှိဘူး"

ပြောလေလေ ပိုပြီး အားတက်လာလေလေ ခါးကိုပင် ဆန့်လိုက်မိသည်။ "နင်သာ ငါ့ မင်္ဂလာဆောင် လက်ဖွဲ့ကို ဖြတ်ရဲရင် ငါ လူတွေကို မောင်းခတ်ပြီး နင့် လုပ်ရပ်တွေကို နေရာတကာ လိုက်ပြောခိုင်းမယ်။ ချူဟွား ဆိုတာ ဘယ်လို မိန်းမမျိုးလဲ ဆိုတာ တစ်မြို့လုံး သိအောင် လုပ်ပစ်မယ်"

"အဲဒီအခါကျရင် လူတိုင်းက နင့်ကို အစ်မအရင်းရဲ့ မင်္ဂလာဆောင် လက်ဖွဲ့ကို ဖြတ်တောက်တဲ့ ကပ်စေးနည်းပြီး အစ်မကို လုပ်ကြံတဲ့ မိန်းမလို့ သိသွားကြလိမ့်မယ်။ ဟက်။ နင့် အစ်ကိုရဲ့ ရာထူးတက်လမ်းလည်း ထိခိုက်သွားလိမ့်မယ်လို့ ငါ ထင်တယ်"

ကျားယီ၊ ချိုက်ကန်း: "..."

ဟန်ဆောင်ကောင်းတဲ့ ကြာပန်းဖြူမက လူစားတဲ့ ပန်းအဖြစ် ပြောင်းလဲသွားတာကို မျက်မြင် တွေ့လိုက်ရတာ တကယ် ဗဟုသုတ တိုးစေပါတယ်။

ပြီးတော့ ချူချင်းက ချူရှူးရဲ့ အစ်ကိုအရင်း ဖြစ်နေတာတောင် ချူရှူးက လုပ်ကြံဖို့ နည်းနည်းလေးမှ တွန့်ဆုတ်မနေဘူး။

ချူဟွားကတော့ မျက်နှာ မပြောင်းလဲပေ။ သူမ မင်္ဂလာဆောင် လက်ဖွဲ့ ဖြတ်မယ်လို့ ပြောရဲမှတော့ ချူရှူး ပြန်တိုက်ခိုက်လာမှာကို မမျှော်လင့်ဘဲ နေမလား။

"ချူရှူး၊ နင့် မင်္ဂလာဆောင် လက်ဖွဲ့က လူသိခံလို့ ရမယ်များ ထင်နေလား"

"နင် ဘာ ဆိုလိုတာလဲ" ချူရှူး စိတ်ထဲ ထိတ်လန့်သွားသည်။ မဖြစ်နိုင်ပါဘူး။

ချူဟွားက စေတနာဖြင့် ရှင်းပြမနေတော့ပေ။ "ပြန်တော့။ နောက်တစ်ခါ ထပ်မလာနဲ့။ ငါ့ လက်စလက်နကို နင် သိပါတယ်"

ချူဟွား သိထားသည့်အကြောင်းအရာကို မသေချာပေမဲ့ ချူရှူးမှာ ကြောက်သွားလေသည်။

ချူဟွားမှာ ရှေ့ဖြစ်ဟောဆရာလို system တစ်ခု ရှိနေတာကို သူမ သိတယ်။ အရင်က မသိရင်တောင် သူမသာ ဇွတ်အတင်း လုပ်နေရင် ချူဟွား အကုန် သိသွားမှာပဲ။

ချူဟွား သိသွားရင် အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အကုန် သိသွားကြလိမ့်မယ်။ ဒါဆို သူမ သွားပြီ။

ချူရှူးသည် နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်ပြီး လက်ရှိ သူမအတွက် အကျိုးအရှိဆုံး ရွေးချယ်မှုကို ပြုလုပ်လိုက်တော့သည်။ "ကောင်းပြီ၊ ငါ ပြန်မယ်။ နင်လည်း ကတိပေးရမယ်။ ငါ့ကို အဆုံးထိ လိုက်မသတ်ဘူးလို့"

သူမက အာမခံချက် တစ်ခု လိုချင်သည်။

ချူဟွားက ဘာမှ မပြောဘဲ တံခါး ပြန်ပိတ်လိုက်သည်။ အသံတိတ် နှင်ထုတ်လိုက်ခြင်းပင်။ ချူရှူးမှာ မတတ်သာဘဲ ထွက်ခွာသွားရသည်။

မင်းသား ၅ နှင့် မင်းဆရာကြီးတို့သည် အရာအားလုံး ကြားလိုက်ရသော်လည်း ဘာမှ မပြောကြပေ။ ချူဟွားကို နို့လက်ဖက်ရည် တစ်ခွက်နှင့် ကျက်ပြီးသား သစ်အယ်သီး တချို့ ပေးလိုက်ပြီး အသံတိတ် နှစ်သိမ့်ပေးလိုက်ကြလေသည်။ ဘယ်သူ့အိမ်မှာမှ စိတ်ညစ်စရာ မရှိဘဲ မနေပါဘူး။ ကိစ္စ မရှိပါဘူး။

Systemက ချူဟွား ဝမ်းနည်းနေခြင်း မဟုတ်မှန်း သိလိုက်ပြီး သိချင်စိတ် ဖြစ်လာတော့၏။ [မမကြီးဟွား၊ ချူရှူးရဲ့ ဘာလျှို့ဝှက်ချက်က နင့်လက်ထဲ ရောက်နေလို့လဲ]

အဝေးသို့ မရောက်သေးသည့် ချူရှူး၏ ခြေလှမ်းများက ရပ်တန့်သွားတော့သည်။ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး ခေါင်းလှည့်ကာ ပြန်ပြေးလာခဲ့သည်။

ခြေလှမ်း အနည်းငယ်မျှ မပြေးရသေးမီ လမ်းတစ်ဝက်တွင် ရုတ်တရက် ပေါ်လာသော နန်းစောင့်တပ်သားများက ဖိချ၊ ပါးစပ်ပိတ်၊ ဆွဲခေါ်သွားကြလေသည်။

ရယ်စရာပဲ။ ခုနက သွားရင် ကိစ္စ မရှိပေမဲ့ အခု သွားရင် သေချာပေါက် ပေါ်သွားမှာပေါ့။

ချူဟွားက သိပ်မပြောချင်ပေ။ Systemက သိချင်စိတ်ဖြင့် သူ့ဟာသူ ဖရဲသီးစားပြီး ထုတ်ပြောလိုက်မည်ကို စိုးရိမ်သဖြင့် တစ်စိတ်တစ်ပိုင်း ထုတ်ပြောလိုက်သည်။ [လျိုယွဲ့ရဲ့ လျှို့ဝှက်ချက်ပါ။ သူ့ပိုက်ဆံတွေက မသမာတဲ့ နည်းလမ်းနဲ့ ရထားတာ]

ဒါကြောင့် အမှန်တကယ် စစ်ဆေးလိုက်ရင် ချူရှူးရဲ့ မင်္ဂလာဆောင် လက်ဖွဲ့ တော်တော်များများကို ပြည်သူပိုင် သိမ်းရလိမ့်မယ်။ ဒါကမှ ချူဟွား မင်္ဂလာဆောင် လက်ဖွဲ့ ဖြတ်နိုင်တယ်လို့ ပြောရခြင်းရဲ့ အမှန်တရားပဲ။ မဟုတ်ရင် သူမက တစ်အိမ်လုံးကို စီမံခန့်ခွဲခွင့် မရှိဘဲနဲ့ ဘယ်လိုလုပ် အစ်မတစ်ဝမ်းကွဲရဲ့ မင်္ဂလာဆောင် လက်ဖွဲ့ကို လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်မှာလဲ။

Systemက ချူဟွား ပြောချင်စိတ် မရှိသည်ကို တွေ့လိုက်ရသဖြင့် ဒါက ချူရှူးကို ထိန်းချုပ်ဖို့ သုံးတာမှန်း သိလိုက်ပြီး ဆက်မမေးတော့ပေ။

[ဒါဆို ငါတို့ ဖရဲသီး စားကြမလား။ ခုန နင် စာသင်နေတုန်း ငါ ဖရဲသီးကြီး တစ်လုံး စားလိုက်ရတယ်]

အားလုံးက နားစွင့်လိုက်ကြသည်။ စားမယ်။ သေချာပေါက် စားရမှာပေါ့။

ထိုအချိန်တွင် နန်းစောင့်တပ်သားများ ဆွဲခေါ်သွားသော ချူရှူးသည် သက်ပြင်းချလိုက်မိသည်။

သူမ အမေရဲ့ လျှို့ဝှက် ပိုင်ဆိုင်မှုတွေ မသမာတဲ့ နည်းလမ်းနဲ့ ရထားတာ ပေါ်သွားပြီ။ ဒါပေမဲ့ သက်သေ မရှိတော့ ရုံးတော်ကလည်း သူမ ပိုက်ဆံတွေကို သိမ်းလို့ မရဘူး။ တော်သေးတာပေါ့။

ဒါပေမဲ့ ချူဟွားက အမှန်တရားကို တကယ် သိနေတယ်။ နောက်ပိုင်း သူမ နည်းနည်း ထိန်းသိမ်းရတော့မယ်။ မဟုတ်ရင် ရွှေလိပ်ကို ဖမ်းမမိခင် ကိုယ့်စုဆောင်းငွေတွေ အကုန် ပါသွားလိမ့်မယ်။ နှစ်ဖက်စလုံး ဆုံးရှုံးရမှာ။

ချူဟွား: [ဘယ်သူ့ ဖရဲသီးလဲ]

System: [စုန်းလင့် ဖူရွေ့ချင်းဝမ်ရဲ့ ဖရဲသီး]

ချူဟွား: [သူ ဘာဖြစ်လို့လဲ]

System: [သူ့ရဲ့ဆက်ခံသူက ကြင်ရာတော် မွေးတာ မဟုတ်ပေမဲ့ တရားဝင် သားပဲ။ သူ့ရဲ့ မြေးတော်က အကြီးဆုံးမင်းသမီးက မွေးတာ မဟုတ်ပေမဲ့ တရားဝင် မြေးပဲ]

ချူဟွား: ???

အားလုံး: ???

ဟမ်။ ဒါ ဘယ်လို ယူဆချက်မျိုးလဲ။

...

All Chapters