← Chapters

အခန်း ၇၈

Vol. 6 Ch. 78

အခန်း ၇၈

Vol. 6 Ch. 78

အပိုင်း (၇၈)

System ပြောပုံအရ...

ချူဟွား၏ ခေါင်းထဲတွင် ရင်းနှီးနေသော ဇာတ်ကွက်တစ်ခု ဝင်လာသည်။ [ဖူရွေ့ချင်းဝမ်က အပြင်မိန်းမနဲ့ရတဲ့ ကလေးကို သူ့ဝမ်ဖေး မွေးတဲ့ကလေးနဲ့ လဲပစ်လိုက်တာလား]

ချစ်ရတဲ့သူနဲ့ ရတဲ့ကလေးကို အမွေဆက်ခံခွင့် ရစေဖို့အတွက် လုပ်တဲ့ ဒီနည်းလမ်းက ဝတ္ထုတွေ၊ ဇာတ်လမ်းတွဲတွေထဲမှာ ခဏခဏ တွေ့ရတတ်ပါတယ်။

ကြားရတဲ့ လူတွေအားလုံးကလည်း အဲဒီအကြောင်းကို တွေးမိလိုက်ကြတယ်။ ဒါပေမဲ့ သာ့ရှန်းမင်းဆက်မှာက တရားဝင်ဇနီးမယားက မွေးတဲ့ သားကြီးမှ အမွေဆက်ခံခွင့် ရှိတယ်ဆိုတဲ့ စည်းမျဉ်း မရှိဘူးလေ။ ကလေးချင်း လဲစရာမလိုဘဲ အမွေဆက်ခံခွင့် ပေးလို့ ရတာပဲ။ ဒါဆို... လိုအပ်လို့လား။

Systemက ငြင်းလိုက်သည်။ [မဟုတ်ဘူး]

ငြင်းမယ်ဆိုလည်း ရိုးရိုးသားသား ငြင်းပါလား။ ဒီကောင်က "ဟီးဟီး၊ နင်တို့ မခန့်မှန်းနိုင်မှန်း ငါသိသားပဲ" ဆိုတဲ့ လေသံမျိုးနဲ့ ကြွားဝါနေတော့ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိသား။

ပုံမှန်ဆို systemက ဒီလောက်ထိ လျှို့ဝှက်မနေတတ်ပါဘူး။ ချူဟွား မခန့်မှန်းနိုင်တာနဲ့ တန်းပြောပြတတ်တယ်။ လျှို့ဝှက်ချက်တစ်ခုကို ကြွားချင်လွန်းလို့ မနေနိုင်တော့တဲ့ ကလေးလေးလိုပဲ။

ဒီနေ့မှ ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ။ ချူဟွားကို ကူညီပြီး တခြားသူတွေရဲ့ အာရုံကို လွှဲပေးချင်လို့များလား။

ဖူရွေ့ချင်းဝမ်ရဲ့ သတင်းက ပိုပြီး ရှုပ်ထွေးလေ၊ ပိုပြီး အံ့ဩစရာ ကောင်းလေ၊ လူတွေက ချူရှူးနဲ့ လျိုယွဲ့ကို သတိထားမိမှာ မဟုတ်တော့ဘူးလေ။

ချူဟွားသည် ရင်ထဲ နွေးထွေးသွားလေသည်။ System လေးက သူမကို ကာကွယ်ပေးနေတာပဲ။ သူမလည်း ပူးပေါင်းပေးမှ ဖြစ်မယ်။ သူ့စေတနာကို အလဟဿ မဖြစ်စေရဘူး။

ချူဟွား: [ဒီကိစ္စကို ဖူရွေ့ချင်းဝမ် သိလား]

System: [သိတယ်]

ချူဟွား: [ဘယ်သူက လဲလိုက်တာလဲ]

System: [ဝမ်ဖေး]

မေးခွန်း ၃ ခု မေးပြီးချိန်မှာ သတင်းအချက်အလက် တော်တော်များများ ပေါ်ထွက်လာပြီ ဖြစ်သော်လည်း လူတိုင်း ပိုပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။

ဖူရွေ့ချင်းဝမ်က သူ့ဝမ်ဖေး ကလေးလဲလိုက်တာကို သိရက်နဲ့ အဲဒီကလေးကို သားအဖြစ် အသိအမှတ်ပြုပြီး အမွေဆက်ခံခွင့်ပါ ပေးလိုက်တယ် ဟုတ်လား။

ဒါ ဘယ်လို အံ့သြစရာကောင်းပြီး ရှုပ်ထွေးတဲ့ လုပ်ရပ်ကြီးလဲ။

ချူဟွားက စူးစမ်းချင်စိတ် ပြေလောက်ပြီမို့ ဖရဲသီး စားလို့ ရပြီဟု ဆုံးဖြတ်လိုက်သည်။ [အကျယ်ချဲ့ပြီး ပြောပြပါဦး]

Systemက ဝေမျှချင်လွန်းသဖြင့် မစောင့်နိုင်ဖြစ်နေရကာ ဖရဲသီးကို အမြန် ခွဲလိုက်တော့သည်။

[ဖူရွေ့ချင်းဝမ်က မင်းသားဘဝတုန်းက အခု မင်းသားကြီးလိုပဲ နယ်စပ်မှာ နှစ်ရှည်လများ တာဝန်ကျခဲ့တယ်။ ဒါပေမဲ့ သူ တာဝန်ကျတာက သာ့ရှန်းနဲ့ ရှီးရုံ နယ်စပ်မှာ]

[အရင် ရှီးရုံဘုရင်က စစ်တိုက်တာ အရမ်းကြိုက်တဲ့ အရူးပဲ။ ပိုက်ဆံရှိ၊ စားစရာရှိရင် အိမ်နီးချင်းကို တိုက်တယ်။ ပိုက်ဆံမရှိ၊ စားစရာမရှိရင် ပိုပြီးတိုက်တယ်။ နောက်တစ်ခုရဲ့ ဗျူဟာကို နင် သိမှာပါ။ စစ်တိုက်ပြီး စစ်စရိတ်ရှာတာနဲ့ ပြည်တွင်း ပြဿနာတွေကို အာရုံလွှဲတာလေ]

ချူဟွားက သိသည်ဟု ခေါင်းညိတ်လိုက်သည်။ [အင်း၊ ဆက်ပြော]

အားလုံး: ???

နင်တို့နှစ်ယောက်က စစ်တိုက်ပြီး စစ်စရိတ်ရှာတာနဲ့ ပြည်တွင်း ပြဿနာတွေကို အာရုံလွှဲတာအကြောင်း အကျယ်ချဲ့ ပြောပြကြပါဦးဟ။ ငါတို့ နားမထောင်သင့်တာများ ပါနေလို့လား။

မင်းဆရာကြီးက စဉ်းစားခန်း ဝင်သွားတော့သည်။ နောက်ကျမှ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီဗျူဟာအကြောင်း အသေးစိတ် ဆွေးနွေးရဦးမယ်။

System: [အဲဒီအချိန်တုန်းက သာ့ရှန်းနဲ့ ရှီးရုံက ခဏခဏ စစ်တိုက်ကြတယ်။ ရှီးရုံက တော်တော် ယုတ်မာတယ်။ တစ်ခါတလေ တကယ်တိုက်တယ်။ တစ်ခါတလေ လာနှောင့်ယှက်ရုံပဲ။ သာ့ရှန်းဘက်က စစ်တပ်လွှတ်လိုက်ရင် ထွက်ပြေးတယ်။ စစ်တပ်မလွှတ်ရင် တကယ်တိုက်တယ်။ ဘာပဲဖြစ်ဖြစ် နည်းမျိုးစုံ သုံးတာ။ ဖူရွေ့ချင်းဝမ်ရဲ့ စစ်တိုက်တဲ့ အရည်အချင်းနဲ့ အသိပညာတွေက အဲဒီအချိန်မှာ ရလာတာပဲ]

[သာ့ရှန်းရဲ့ ဘဏ္ဍာတိုက်က မပြည့်စုံဘူးဆိုတာ ဘယ်သူမဆို သိကြတယ်။ စစ်စရိတ်၊ လက်နက်၊ ရိက္ခာတွေ သိပ်မပေးနိုင်ဘူး။ နယ်စပ်က စစ်သည်တွေ တော်တော် ဒုက္ခရောက်ကြတယ်။ စစ်တပ်ဆိုတာ ခွန်အားသုံးရတဲ့ အလုပ်လေ။ တစ်နပ်ကို အများကြီး စားရတယ်။ အားမရှိရင် လေ့ကျင့်လို့ မရဘူး။ စစ်မြေပြင်ရောက်ရင် အသေခံရုံပဲ ရှိမှာ။ အတိုချုပ်ပြောရရင် စစ်တပ်ကို မကျွေးနိုင်တော့မဲ့ အခြေအနေ ရောက်နေပြီ]

[ဖူရွေ့ချင်းဝမ်က အဲဒီတုန်းက ငယ်သေးတော့ သွေးဆူလွယ်တယ်။ အရှင်မင်းကြီးဆီ စာတွေ ဆက်တိုက်ပို့ပေမဲ့ ဘာမှ ပြန်မရတော့ သူ့နောက်လိုက်ပြီး အသက်ပေးမဲ့ ညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားတာကို မကြည့်ရက်တော့ဘူး။ ဒါကြောင့် နည်းလမ်းသစ် ရှာဖို့ ဆုံးဖြတ်လိုက်တယ်]

[ခင်ဗျားက လက်နက်နဲ့ ရိက္ခာ မပေးဘူးဆိုရင် ကျွန်တော့်ဘာသာ ရှာတာကိုတော့ ခွင့်ပြုရမယ်လေ။ သာ့ရှန်းဘက်မှာ ရှာလို့ မရဘူး။ ကိုယ့်ပြည်သူတွေပဲ။ ဒါပေမဲ့ ရှီးရုံနဲ့ ပေတိ ဘက်ကျတော့ မတူတော့ဘူးလေ]

ချူဟွားက ချက်ချင်း သဘောပေါက်သွားပြီး အပြုံးက တဖြည်းဖြည်း ပြောင်းလဲလာသည်။ [ဒါက အိမ်နီးချင်းက ရိက္ခာစုရင် ငါက သေနတ်စုမယ်၊ အိမ်နီးချင်းက ငါ့ရဲ့ စပါးကျီပဲ ဆိုတဲ့ သဘောတရားပေါ့]

အားလုံး: ???

အားလုံး: !!!

ဒါ... ဒါက ရှီးရုံ အမြဲလုပ်နေကျ ပုံစံ မဟုတ်ဘူးလား။ သုံးသပ်ချက်က တော်တော် ထိမိတာပဲ။

မင်းဆရာကြီးက ဒီစကားကို စိတ်ထဲ မှတ်ထားလိုက်သည်။ အခု ဘဏ္ဍာတိုက်မှာ ပိုက်ဆံရှိပေမဲ့ ဘယ်အချိန်ထိ ရှိနေမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ကြိုတင် ပြင်ဆင်ထားတာ ကောင်းပါတယ်။

Systemက သခင်နဲ့ စိတ်ချင်းဆက်နေသည့်အတွက် သဘောကျပြီး လက်ခုပ်တီးလိုက်သည်။

[ဟုတ်တယ်၊ ဟုတ်တယ်။ ရှီးရုံက စစ်တိုက်ရတာ ကြိုက်မှတော့ သူတို့ဆီမှာ လက်နက်နဲ့ ရိက္ခာ သေချာပေါက် ရှိမှာပဲ။ မရှိရင်တောင် ရှိအောင် လုပ်ရမယ်။ ဒါက ရှီးရုံ ခဏခဏ နယ်စပ်ကို ကျူးကျော်ပြီး စစ်သည်တွေနဲ့ ပြည်သူတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်ခဲ့တဲ့အတွက် ပေးရမဲ့ လျော်ကြေးပဲ]

[ပေတိကျတော့ ပထဝီအနေအထားအရ ထူးခြားပြီး ရေမြေ တောတောင်တွေ စိမ်းလန်းစိုပြေတယ်။ ဖူရွေ့ချင်းဝမ်ရဲ့ စခန်းနဲ့လည်း နီးတယ်။ အင်း... သိပ်တော့ မနီးဘူး။ ဒါပေမဲ့ မြို့တော်ကို စာရေးပြီး တိရစ္ဆာန်အစာ တောင်းတာ၊ တခြားနေရာကနေ သယ်ယူတာတွေထက်စာရင် ပိုမြန်တာပေါ့။ အဓိကက အဲဒီ တိရစ္ဆာန်အစာတွေက ပိုက်ဆံပေးစရာ မလိုဘူးလေ။ အလကားရတဲ့ ပစ္စည်းကို အရှင်မင်းကြီးနဲ့ မှူးမတ်တွေက သေချာပေါက် ငြင်းမှာ မဟုတ်ဘူး]

မင်းသား ၅ နဲ့ မင်းဆရာကြီးတို့ ခေါင်းငုံ့လိုက်ကြသည်။ ဒီနည်းလမ်းက တကယ့် အချက်အချာကို ထိမှန်သွားတာပဲ။

System: [ပေတိမြင်းတွေက သာ့ရှန်းမြင်းတွေထက် တာဝေး ပြေးနိုင်တယ်။ ပြီးတော့ တစ်ကောင်ချင်းစီက သန်မာထွားကြိုင်းနေတာ။ ရှီးရုံရဲ့ ရွံစရာကောင်းတဲ့ တိုက်ခိုက်ရေး နည်းလမ်းကို ဖြေရှင်းဖို့ အကောင်းဆုံးပဲ။ ဖူရွေ့ချင်းဝမ်က ပေတိမြင်းတွေကို လိုချင်နေတာ ကြာပြီ]

[ပြီးတော့ သူက အဲဒီပစ္စည်းတွေ အကုန်လုံးကို ပြန်လုယူဖို့ နည်းလမ်း ရှာတော့တာပဲ]

ချူဟွားက ဖူရွေ့ချင်းဝမ်နဲ့ သိပ်မရင်းနှီးပေမဲ့ ကိုယ့်လူပဲလေ။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ နယ်စပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တာ။ ကုသိုလ်ရော အကျိုးရော ရှိတာမို့ အကြောင်းပြချက် မရှိဘဲ ကာကွယ်ပေးရမှာပေါ့။

သူမ စဉ်းစားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ [လုယူတယ် ဆိုတာ နားထောင်လို့ မကောင်းပါဘူး။ "ကောက်ယူ" တယ်လို့ ပြောသင့်တာ]

[မြေကြီးပေါ် ကျနေပြီး ဘယ်သူမှ မလိုချင်တဲ့ ပစ္စည်းတွေကို ဖူရွေ့ချင်းဝမ်က စေတနာ ဗလပွနဲ့ ကောက်ယူပြီး ပြန်လည် အသုံးပြုပေးတာလေ။ သယံဇာတတွေ အလေအလွင့် မဖြစ်အောင် ကာကွယ်ပေးတာ။ ဒါက ဘယ်လောက် မွန်မြတ်တဲ့ စိတ်ထားလဲ။ ချီးကျူးဂုဏ်ပြုသင့်တဲ့ ကိစ္စပဲ]

System: [...]

အားလုံး: "..."

ကောင်းပါပြီဗျာ။ ဓားပြတိုက်တာကိုတောင် ဒီလောက် နားထောင်ကောင်းအောင် ပြောတတ်တာ မင်း တစ်ယောက်တည်း ရှိပါတယ်။

ရှင်းရှင်းလင်းလင်း ကြားလိုက်ရတဲ့ ချူရှူး: "..."

သူမရဲ့ ညီမလေးက သူမ ထင်သလောက် မရိုးသားဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။ ချူဟွားက ပိုက်ဆံမမက်ဘူး ဆိုပေမဲ့ အဖြူအမည်းကို ပြောင်းပြန်လှန်တတ်တယ်။ ပြီးတော့ ဓားပြတိုက်တတ်သေးတယ်။

ဓားပြတိုက်တာကိုတောင် ကောက်ယူတယ်လို့ ပြောပြီး ချီးကျူးဂုဏ်ပြုသင့်တယ် ဆိုတော့ သူမ ခက်ခက်ခဲခဲ စုဆောင်းထားတဲ့ မင်္ဂလာဆောင် လက်ဖွဲ့တွေ အန္တရာယ် ရှိလာပြီပဲ။

ချူရှူးက နောက်ပိုင်း ချူဟွားနှင့် ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် တစ်နေ့နေ့ကျ ချူဟွား စိတ်ကူးပေါက်ပြီး သူမရဲ့ မြေကြီးပေါ် ကျနေပြီး ဘယ်သူမှ မလိုချင်တဲ့ မင်္ဂလာဆောင် လက်ဖွဲ့တွေကို ကောက်ယူသွားရင် ဒုက္ခ။ အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အကုန်လုံးက ချူဟွားလူတွေ ဆိုတော့ သူမ ဘယ်သူ့ကိုမှ သွားတိုင်လို့ ရမှာ မဟုတ်ဘူး။

ချူရှူး: အားငယ်စရာ၊ သနားစရာ၊ ကူကယ်ရာမဲ့စရာပါပဲ။

Systemလည်း ကြောင်သွားပြီး အချိန်အတော်ကြာမှ သူတို့ ဘာလုပ်နေလဲ ဆိုတာ ပြန်သတိရသွားသည်။

အော်၊ ဟုတ်သားပဲ။ ဖရဲသီး စားနေတာ။

[ဘ... ဘာပဲဖြစ်ဖြစ်၊ ရှီးရုံရဲ့ လက်နက်၊ ရိက္ခာတွေနဲ့ ပေတိရဲ့ တိရစ္ဆာန်အစာ၊ မြင်းတွေကို လု...]

ချူဟွား: [ဟမ်]

Systemက အမြန် ပြင်ပြောလိုက်သည်။ ["ကောက်ယူ" ခဲ့တာပေါ့]

အားလုံး: "..."

ချူဟွားက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သင်ပေးလို့ ရမဲ့ ကလေးလေးပဲ။

Systemက သူမ ကျေနပ်သွားသည်ကို တွေ့မှ ဆက်ပြောလေသည်။ [ရှီးရုံနဲ့ ပေတိ ဘက်က ဒေါသထွက်ပြီး လူလွှတ် စိန်ခေါ်တာ၊ ဆဲဆိုတာတွေ လုပ်ပေမဲ့ သက်သေမှ မရှိတာ]

[စစ်ဖြစ်နေတဲ့ အချိန်၊ နယ်စပ်ဒေသလည်း ဖြစ်နေတော့ ဖူရွေ့ချင်းဝမ်က မှောင်ခိုဈေးသည်တွေဆီက ဝယ်ထားတာ၊ စစ်နိုင်လို့ သိမ်းဆည်းရမိတာလို့ ပြောလိုက်ရင် သူတို့လည်း ဘာမှ လုပ်မရတော့ဘူးလေ။ ပြီးတော့ ရန်သူတွေပဲလေ။ နေ့တိုင်း သေမလား ရှင်မလား တိုက်ခိုက်နေကြတာ။ ဘယ်သူက အကြောင်းအကျိုး လာရှင်းပြနေမှာလဲ]

[တကယ်တမ်း အကြောင်းအကျိုး ရှင်းပြရမယ် ဆိုရင် ရှီးရုံနဲ့ ပေတိကရော သာ့ရှန်းဆီက ပစ္စည်းတွေ လုယူဖူးတာ၊ စစ်နိုင်လို့ သိမ်းဆည်းတာမျိုး မရှိဘူးလား။ ကိစ္စတော်တော်များများက ရှင်းလို့မရတော့ သူတို့လည်း မကျေမနပ်နဲ့ ငြိမ်ခံလိုက်ရတာပေါ့]

ချူဟွား နဖူးကို လက်နှင့် ထောက်လိုက်ပြီး ပြောလိုက်လေသည်။ [ပေတိဘက်က သာ့ရှန်းကို မြင်းရောင်းခွင့် မပြုဘဲ တင်းတင်းကျပ်ကျပ် တားမြစ်ထားတာက ဒီကိစ္စကြောင့်လည်း ပါမယ်လို့ ငါ ထင်တယ်]

System: [ဟုတ်တာပေါ့။ ပေတိဘက်က တော်တော် ဒေါသထွက်နေတာ]

[နောက်ပိုင်း မင်းသားကြီးက ဖူရွေ့ချင်းဝမ်ရဲ့ တပည့် ဖြစ်လာပြီး သာ့ရှန်းနဲ့ ပေတိ နယ်စပ်မှာ တာဝန်ကျတော့ လူတိုင်းက မင်းသားကြီးလည်း ဖူရွေ့ချင်းဝမ်လို မြင်းလိုက်လုမယ်လို့ ထင်ပြီး ပေတိမြင်းတွေကို သေချာ စောင့်ကြည့်နေကြတာလေ]

ချူဟွား: "..."

အားလုံး: "..."

ပေတိက သာ့ရှန်းမှာ ပိုကောင်းတဲ့ မြင်းတွေ ရှိလာပြီး စစ်တိုက်တဲ့အခါ အားသာချက် ရသွားမှာ စိုးရိမ်လို့ တားမြစ်ထားတယ်လို့ ထင်ခဲ့တာ။ ဒီလို အကြောင်းပြချက် ရှိနေမယ်လို့ မထင်ထားဘူး။

တိုင်းပြည် စစ်ပွဲကြီးထဲမှာ ဟာသတချို့ ပါဝင်နေသလို ခံစားရပြီး စစ်ပွဲကြီးက သိပ်မလေးနက်တော့သလိုပဲ။

ချူဟွားက ဟာသဘက် ရောက်လုနီးပါး ဖြစ်နေသော ခေါင်းစဉ်ကို လမ်းကြောင်း ပြန်တည့်လိုက်၏။

[ဖူရွေ့ချင်းဝမ်က အဲဒီတုန်းက ပေတိမြင်းတွေ အများကြီး လုယူနိုင်ခဲ့ပေမဲ့ သာ့ရှန်းမှာ ကျန်တာ သိပ်မများဘူး]

System: [တစ်ခုက နေရာပြောင်းလိုက်တော့ ရေမြေ မတည့်တာရယ်၊ စစ်တပ်က ပေတိမြင်း မွေးမြူတဲ့ အတွေ့အကြုံ မရှိတာရယ်ကြောင့် တစ်သုတ် သေသွားတယ်။ နောက်တစ်ခုက အဲဒီတုန်းက သာ့ရှန်းနဲ့ ရှီးရုံ တိုက်ပွဲက ပြင်းထန်တော့ ပေတိမြင်း တော်တော်များများက မျိုးမချန်နိုင်ခင် စစ်မြေပြင်မှာ သေကုန်ကြလို့]

[ဖူရွေ့ချင်းဝမ်က ပေတိမြင်းတွေက သာ့ရှန်းမြင်းတွေထက် ပိုကောင်းတာကို တွေ့တော့ ပိုက်ဆံမပေးရဘဲ ရနိုင်တာမို့လို့ ပေတိ မြင်းခြံတွေကို စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်။ ပေတိ ကလေးတွေကို မုန့်ဖိုးပေးပြီး မြင်းတွေကို စောင့်ကြည့်ခိုင်းတယ်။ သတင်းရတာနဲ့ သွားပြီး အကုန် သိမ်းလိုက်တာပဲ]

[ခဏခဏ လုပ်လာတော့ ပေတိဘက်က အင်အားကြီးတဲ့ မြင်းသူခိုးအဖွဲ့ တစ်ဖွဲ့ ရှိနေတာ သိသွားတယ်။ မကြာခင် သာ့ရှန်းမှာ ပေတိမြင်းတွေ အများကြီး ရှိလာတယ်ဆိုတဲ့ သတင်းက ပေတိဆီ ရောက်သွားတယ်။ ရှီးရုံကလည်း ပေတိကို မြင်း ဘာလို့ ရောင်းလဲလို့ မေးခွန်းထုတ်တယ်။ ပေတိဘုရင် ဒေါသထွက်လွန်းလို့ သွေးအန်တော့တာပဲ]

ချူဟွားက နှာခေါင်းရှုံ့လိုက်သည်။ [ဟွန်း၊ ဘုရင်ဖြစ်နေပြီးတော့ စိတ်ဆိုးတာနဲ့ သွေးအန်တယ် ဆိုတော့ စိတ်သဘောထား သေးသိမ်လွန်းတာပဲ]

အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။ ဟုတ်တယ်၊ ဟုတ်တယ်။

လက်ရှိ အရှင်မင်းကြီးရဲ့ ပုံစံကို ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့လည်း မေးခွန်းတစ်ခု ထုတ်မိသွားကြသည်။ ဘုရင်အားလုံးက ဒီလိုပဲလား။ စိတ်သဘောထား ကြီးတဲ့သူတွေ ဘုရင် မဖြစ်နိုင်ကြဘူးလား။

"ဟတ်ချိုး" နန်းတော်ထဲရှိ အရှင်မင်းကြီးမှာ ရုတ်တရက် နှာချေလေတော့သည်။

ဒီတစ်ခါတော့ systemက ပေတိယခင်မင်းကြီး ကိုယ်စား မကျေမနပ် ဖြစ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ [အဲဒါက... မမကြီးဟွားရယ်]

[ဖူရွေ့ချင်းဝမ်က မြင်းအကြောင်း တော်တော် နားလည်ပါတယ်။ အစတုန်းကတော့ တွေ့တာနဲ့ လုယူပေမဲ့ နောက်ပိုင်းကျတော့ ကောင်းတာတွေပဲ ရွေးယူတော့တယ်။ နောက်ပိုင်းကျ ပေတိက အထူး မွေးမြူထားတဲ့ စစ်မြင်းတွေကိုပါ နည်းလမ်းရှာပြီး လုယူတော့တာပဲ]

[ဆိုလိုတာက ပေတိဘုရင်က စစ်မြင်းတွေ မွေးမြူဖို့ ပိုက်ဆံ အများကြီး သုံးခဲ့ရပေမဲ့ ကိုယ်တိုင် မသုံးရသေးခင် ဖူရွေ့ချင်းဝမ်က ခိုးယူပြီး ရှီးရုံကို တိုက်ဖို့ သုံးလိုက်တာ။ သူ အများကြီး ရှုံးတဲ့အပြင် ရှီးရုံက သူ့ကို ရန်သူအားဖြည့်ပေးတယ် ဆိုပြီး လျော်ကြေး တောင်းသေးတယ်]

ဒီတစ်ခေါက်တော့ ပေတိယခင်မင်းကြီး တကယ်ပဲ ကံဆိုးမိုးမှောင်ကျတာပါပဲ။

ချူဟွားကတော့ ရယ်မောလိုက်လေသည်။ အားရပါးရ ရယ်မောလိုက်၏။ [ဖြစ်သင့်တာပဲ။ ပေတိက ခဏခဏ နယ်စပ်ကို ကျူးကျော်တာကိုး]

စာကြည့်ခန်းထဲရှိ မင်းသား ၅ နှင့် မင်းဆရာကြီးတို့က ဣန္ဒြေရရ ပြုံးလိုက်ကြသည်။ စာကြည့်ခန်း အပြင်ဘက်က လူတွေကတော့ အဲဒီလောက် ထိန်းချုပ်စရာ မလိုတော့ ဗိုက်နှိပ်ပြီး ရယ်မောသူက ရယ်မော၊ ပေါင်ကို ရိုက်ပြီး သဘောကျသူက သဘောကျ ဖြစ်ကုန်ကြသည်။

ရှီးရုံနဲ့ ပေတိမှာ စစ်လိုလားတဲ့ ဘုရင်နှစ်ပါး ပေါ်ထွက်လာပြီး နိုင်ငံအင်အား မတောင့်တင်းတဲ့ သာ့ရှန်းကို အလွယ်တကူ ဝါးမျိုးလို့ ရမယ် ထင်ပြီး ပစ်မှတ်ထားခဲ့လို့သာ သာ့ရှန်းက မင်းသား နှစ်ဆက်တိုင်တိုင် နယ်စပ်မှာ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်စေခဲ့တာ။

ဒါက ရုံးတော်က စစ်ရေးကို အလေးထားကြောင်း၊ စစ်သူကြီးတွေကို ပြုစုပျိုးထောင်ပေးကြောင်း၊ စစ်သည်တွေရဲ့ စစ်စရိတ်ကို လုံးဝ မဖြတ်တောက်ကြောင်း ပြသတဲ့ သန္နိဋ္ဌာန် တစ်ခုပါပဲ။

Systemက ဆက်ပြောသည်။ [ယခင်မင်းကြီး လက်ထက်တုန်းက ဘဏ္ဍာတိုက်မှာ ပိုက်ဆံ သိပ်မရှိဘူး။ သာ့ရှန်းက ရှီးရုံရဲ့ ကျူးကျော်မှုကို နှစ် ၂၀ ကျော် တောင့်ခံနိုင်ခဲ့တာက ဖူရွေ့ချင်းဝမ် စတင် အသုံးပြုခဲ့ပြီး တွင်ကျယ်လာတဲ့ အိမ်နီးချင်းဆီက ရိက္ခာနဲ့ လက်နက် လုယူတဲ့ နည်းလမ်းကြောင့်ပဲ]

[လက်နက်၊ သံချပ်ကာ၊ ရိက္ခာ၊ မြင်းတွေ မရှိတော့ဘူး။ ရှီးရုံဘက်ကလည်း ပြန်လုလို့ မရဘူး။ နောက်ထပ် စစ်လက်နက် ရိက္ခာတွေလည်း ရောက်မလာသေးဘူး။ ရောက်လာရင်လည်း အလုခံရတာပဲ ဖြစ်ဖြစ်၊ အလုခံရမှာ ကြောက်လို့ပဲ ဖြစ်ဖြစ် ရှီးရုံ ဘဏ္ဍာတိုက်က ပိုက်ဆံ မထုတ်ပေးနိုင်တော့ဘူး။ ဒါကြောင့် စစ်ပွဲကြီးတွေ မဖြစ်တော့တာ]

ချူဟွား: [ဖူရွေ့ချင်းဝမ်က တကယ် တော်တာပဲ] ဒါ့အပြင် ပြောစရာ စကား မရှိတော့ပေ။

အားလုံး: ဖူရွေ့ချင်းဝမ်က တကယ် တော်တာပဲ။

မင်းဆရာကြီး အရွယ် အရာရှိတွေက ဖူရွေ့ချင်းဝမ် အရင်က ဘာလုပ်ခဲ့လဲ ဆိုတာ သိပေမဲ့ မင်းသားတစ်ပါးက ဓားပြတိုက်တယ် ဆိုတာ ပြောရရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်လို့ ဖုံးကွယ်ထားခဲ့ကြတယ်။

ဒါကြောင့် လူတော်တော်များများက ပထမဆုံးအကြိမ် ကြားဖူးကြတာ ဖြစ်ပြီး ဒါက ရှီးရုံနဲ့ သာ့ရှန်း နောက်ပိုင်း စစ်သိပ်မတိုက်တော့တဲ့ အကြောင်းရင်းမှန် ဖြစ်တယ်လို့ မှတ်ချက်ချလိုက်ကြတယ်။

သာ့ရှန်း: ဟေး၊ အိမ်နီးချင်း၊ စစ်တိုက်မလား။

ရှီးရုံ: တိုက်မယ်လေ။

သာ့ရှန်း: ကောင်းပြီ၊ ဒါဆို ငါ အရင် ဓားပြတိုက်လိုက်ဦးမယ်။ ပြီးမှ မင်းကို တိုက်မယ်။

ရှီးရုံ၊ ပေတိ: အား... မင်း ဒီဘက်ကို မလာနဲ့!!!

ချူဟွား: [နည်းနည်း လမ်းကြောင်းလွဲသွားပြီ။ ဖရဲသီး စားနေတာ မဟုတ်ဘူးလား]

System: [အော် ဟုတ်သားပဲ။ ဖူရွေ့ချင်းဝမ်က နယ်စပ်မှာ နှစ်ပေါင်းများစွာ တာဝန်ကျနေတာ။ အဲဒီတုန်းက သာ့ရှန်းနဲ့ ရှီးရုံ တိုက်ပွဲက ပြင်းထန်တော့ သူ မြို့တော်ကို ပြန်လာဖို့ အဆင်မပြေဘူး။ ဒါပေမဲ့ အိမ်ထောင်မပြုဘဲ နေလို့မှ မရတာ]

[ယခင်မင်းကြီးက နည်းလမ်းတစ်ခု စဉ်းစားလိုက်တယ်။ သားတော်ကို လက်ထပ်ပေးဖို့ အမိန့်ထုတ်ပြီး ဝမ်ဖေးလောင်းကို နယ်စပ်အထိ လိုက်ပို့ခိုင်းလိုက်တယ်။ အဲဒီမှာပဲ မင်္ဂလာဆောင်ခိုင်းလိုက်တယ်။ ဒါဆိုရင် အိမ်ထောင်ပြုတာနဲ့ ကလေးယူတာကို မနှောင့်နှေးစေဘူးပေါ့]

[နယ်စပ်က ရှုပ်ထွေးတယ်။ နေထိုင်ရတာ ပင်ပန်းတယ်။ ဝမ်ဖေးက ဂုဏ်သရေရှိ မိသားစုက ဆင်းသက်လာတာမို့ ကျန်းမာရေး သိပ်မကောင်းဘူး။ အဲဒီမှာ နေရတာ ပင်ပန်းတယ်။ ရေမြေ မတည့်တာတင် မကဘူး စစ်မြေပြင် ထွက်နေတဲ့ ခင်ပွန်းသည်အတွက် စိတ်ပူရတာ၊ နေ့ရောညပါ တွေးပူရတာတွေကြောင့် ကိုယ်ဝန် မရနိုင်ဘူး ဖြစ်နေတယ်]

[ဝမ်ဖေးက အရမ်း စိတ်ညစ်နေတယ်။ သမားတော်တွေ အများကြီး ပြပေမဲ့ မပျောက်ဘူး။ အိမ်ထဲက ကိုယ်လုပ်တော်တွေ၊ မယားငယ်တွေက ကလေးမွေးကုန်ကြပြီ။ သူက မမွေးနိုင်သေးဘူး။ မိဘအိမ်ကလည်း ခဏခဏ လှမ်းသတိပေးနေတော့ တကယ် မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူ့ရဲ့ ကိုယ်ပိုင်အစေခံကို ထိုးကျွေးလိုက်တာ]

[သူ လိုချင်တာက သူ့ရဲ့ နေရာကို ခိုင်မာစေမဲ့ ဖူရွေ့ချင်းဝမ် နေရာကို ဆက်ခံမဲ့ တရားဝင် သားလေ။ အစေခံကို မယားငယ် မြှောက်ပေးလိုက်ရုံနဲ့ ဘာအကျိုးရှိမှာလဲ။ ဒါကြောင့် ဖူရွေ့ချင်းဝမ်ကို အရက်မူးအောင် တိုက်ပြီး အစေခံကို ထိုးပေးလိုက်တယ်။ အစေခံ ကိုယ်ဝန်ရလာတော့ သူလည်း ကိုယ်ဝန်ရချင်ယောင်ဆောင်ပြီး ကလေးမွေးလိုက်တာ]

ချူဟွား: "..."

Systemက အစတုန်းက ဘာလို့ ဖူရွေ့ချင်းဝမ် သိတယ်လို့ ပြောခဲ့လဲ ဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ယောက်ျားတစ်ယောက်က ကိုယ် ဘယ်သူနဲ့ အိပ်လိုက်လဲ ဆိုတာ မသိလောက်အောင် မူးနေရင် ကိစ္စပြီးမြောက်နိုင်မှာ မဟုတ်ဘူးလေ။

[ဖူရွေ့ချင်းဝမ်က ဝမ်ဖေး ကလေးလိုချင်လို့ စိတ်ဆင်းရဲနေတာကို သိလို့ ပူးပေါင်းပေးလိုက်တာ မဟုတ်လား]

System: [ဟုတ်တာပေါ့။ ကလေးလိုချင်လွန်းလို့ အရင်က သတ်သတ်လွတ် စားတဲ့ ဝမ်ဖေးက အသားတွေ စားတယ်။ အန်ချင်လည်း အတင်း မျိုချတယ်။ တစ်ခါတလေ ပြန်အန်တယ်။ ဆေးတွေကိုလည်း တစ်နေ့ နှစ်ကြိမ် သောက်တယ်။ လူက ပိန်ချုံးနေပြီး ဆေးနံ့တွေ စွဲနေတာ]

[ဖူရွေ့ချင်းဝမ်က တကယ်တော့ တရားဝင် သား ဟုတ်မဟုတ် ဆိုတာ သိပ်ဂရုမစိုက်ပါဘူး။ သူ့ နေရာက သူကိုယ်တိုင် တိုက်ယူထားတာပဲလေ။ သားသမီးတွေ တကယ် အရည်အချင်း ရှိရင် ကိုယ့်ဘာသာ ရှာယူလို့ ရတယ်လို့ ခံယူထားတယ်။ ဒါကြောင့် သူက ဝမ်ဖေးကို ကလေးမွေးစားဖို့ ပြောခဲ့သေးတယ်]

[သားမမွေးနိုင်တဲ့၊ ဒါမှမဟုတ် သားဆုံးပါးသွားတဲ့ အိမ်ရှင်မတချို့က ဒီလို လုပ်ကြတာပဲ။ မယားငယ် မွေးတဲ့ ကလေးကို မွေးစားလိုက်တာ၊ ဒါမှမဟုတ် အိမ်ရှင်မ နာမည်အောက်မှာ စာရင်းသွင်းလိုက်တာမျိုးပေါ့။ ဒါဆိုရင် တရားဝင် သားအဖြစ် အသိအမှတ်ပြုခံရတာပဲ]

[ဖူရွေ့ချင်းဝမ် အမြင်မှာတော့ ဝမ်ဖေးက ဒုက္ခတွေ အများကြီး ခံခဲ့ရပြီ။ မွေးစားတာက ပိုကောင်းမယ်လို့ ထင်တယ်။ ဒါပေမဲ့ ဝမ်ဖေးက ကိုယ့်ဗိုက်ထဲက ထွက်လာတာ မဟုတ်ရင် ကိုယ်နဲ့ မရင်းနှီးဘူးလို့ ထင်ပြီး ကိုယ်တိုင် မွေးချင်နေတာ]

[အဲဒီ အစေခံမက ကလေးမွေးပြီးတာနဲ့ ဝမ်ဖေးက ပို့လိုက်တော့ ကလေးက ဝမ်ဖေး မွေးတာ မဟုတ်ဘူးလို့ ဘယ်သူမှ မသိကြဘူး။ အဲဒါ သူ့သားအရင်းပဲ ဖြစ်သွားတာပေါ့]

ချူဟွားမှာ ဆွံ့အမိတော့သည်။ ဝမ်ဖေး ကိုယ်တိုင် အတွေးလွန်နေတာလား၊ မိဘအိမ်က သွန်သင်မှု လွဲမှားနေတာလား မသိဘူး။

ကလေးမွေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။

၁၀ လလောက် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခကို မခံစားရဘဲ အသင့်ရတဲ့ ကလေးကို မွေးမြူရတာ မကောင်းဘူးလား။

ခေတ်သစ်မှာ ကလေးလိုချင်ပေမဲ့ ကိုယ်ဝန်ဆောင်ရမှာ၊ မွေးဖွားရမှာ ကြောက်လို့ စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးတွေ အများကြီးပဲ။ နာကျင်မှု မရှိဘဲ အမေဖြစ်ချင်ကြတာ။

ဒီလောက် နှစ်တွေ အကြာကြီး ဒုက္ခခံပြီး နောက်ဆုံးကျတော့လည်း အစေခံ မွေးတဲ့ ကလေးကိုပဲ မွေးမြူလိုက်ရတာ မဟုတ်လား။

ချူဟွား: [ဖူရွေ့ချင်းဝမ်က သိတယ် မဟုတ်လား]

System: [ဖူရွေ့ချင်းဝမ်ကလည်း ဒီကိစ္စ ပေါက်ကြားသွားရင် ဝမ်ဖေးက တခြား အကြံအစည်တွေ ထပ်လုပ်မှာ စိုးရိမ်လို့ပါ။ ဘယ်မိန်းမကပဲ မွေးမွေး သူ့သားပဲလေ။ မွေးမွေးချင်း အမွေခံအဖြစ် သတ်မှတ်ရမယ်လို့ မရှိပါဘူး။ ဘယ်သားက ပိုတော်လဲ ဆိုတာ ကြည့်ရဦးမှာ။ သူက ကိစ္စမရှိပါဘူး။ အစေခံကိုလည်း ကောင်းကောင်းမွန်မွန် ထားပေးခဲ့ပါတယ်]

တကယ်လို့ ဒီကိစ္စ ပေါက်ကြားသွားရင်တောင် ဖူရွေ့ချင်းဝမ်ရဲ့ သားအရင်း ဖြစ်နေတာပဲ။ အရည်အချင်း ရှိရင် ဖူရွေ့ချင်းဝမ် နေရာကို ဆက်ခံနိုင်တယ်။ လူသတ် နှုတ်ပိတ်စရာ အကြောင်း လုံးဝ မရှိဘူး။

အရှင်မင်းကြီး နေရာတောင် တရားဝင် သားကြီးမှ ဆက်ခံရမယ်ဆိုတဲ့ စည်းမျဉ်း မရှိတော့တာ။ ဖူရွေ့ချင်းဝမ် နေရာဆို ပိုတောင် ပြောစရာ မလိုဘူး။

[နောက်ဆုံးကျတော့ ဝမ်ဖေးက မယားငယ်တောင် မဟုတ်တဲ့ အစေခံမရဲ့ သားကို မွေးစားလိုက်တယ်။ ပိုပြီး အနေခက်သွားတာပေါ့။ ဘာလို့ ဒီလောက် ရှည်ဝေးတဲ့ လမ်းကို လျှောက်ခဲ့ရတာလဲ] Systemက တကယ် နားမလည်နိုင်တော့ချေ။

ချူဟွား: [လူဆိုတာ ကံကောင်းမယ်လို့ မျှော်လင့်တတ်ကြတယ်။ သူများ မသိလောက်ဘူးလို့ ထင်တတ်ကြတယ်]

[သူ့သား ဖြစ်နေရင် သူက သားမမွေးနိုင်လို့ အပြောခံရမှာ မဟုတ်တော့ဘူး။ ကြက်မက ဥမဥဘူးလို့ အလှောင်ခံရမှာ မဟုတ်တော့ဘူး။ မိဘအိမ်က အကြိမ်ကြိမ် ဖိအားပေးတာ ခံရမှာ မဟုတ်တော့ဘူး။ အသက်ရှူကျပ်လောက်တဲ့ ပတ်ဝန်းကျင်ကနေ နည်းနည်းလောက် အသက်ရှူချောင်သွားမှာ]

ရှေးခေတ် ပတ်ဝန်းကျင် အခြေအနေတွေက ဝမ်ဖေးကို ကိုယ်ပိုင် သားအရင်း ရှိမှ ဖြစ်မယ်လို့ ဖိအားပေးခဲ့တာပဲ ဖြစ်ရမယ်။

ဖူရွေ့ချင်းဝမ် ကိုယ်တိုင်က ဂရုမစိုက်ဘဲ ဖြေရှင်းနည်း ပေးခဲ့ရင်တောင် ပတ်ဝန်းကျင်ရဲ့ ဖိအားနဲ့ မိဘအိမ်ရဲ့ ဖိအားတွေက သူ့ကို တွန်းအားပေးနေတယ်။ သူက သူ့တတ်နိုင်တဲ့ ဘောင်အတွင်းကနေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကြိုးစားခဲ့တာပဲ။

ကံကောင်းတာ တစ်ခုကတော့ ကိုယ်ဝန်အစားဆောင်ပေးတဲ့ အစေခံမက ကောင်းကောင်းမွန်မွန် ဆက်ဆံခံခဲ့ရတယ်။ အသတ်မခံခဲ့ရဘူး။

ဟုတ်တယ်။ ဒီကိစ္စ တစ်ခုလုံးကို နားထောင်ကြည့်ရင် ရှေးခေတ် ကိုယ်ဝန်အငှားဆောင်တဲ့ ကိစ္စပဲ။

ခေတ်သစ်မှာ ကိုယ်ဝန်အငှားဆောင်တာက ဥပဒေနဲ့ မညီပေမဲ့ ရှေးခေတ်မှာတော့ ဒီသဘောတရား မရှိသလို အမျိုးသမီးတွေရဲ့ မျိုးပွားခွင့်ကို ကာကွယ်ပေးတဲ့ ဥပဒေတွေလည်း မရှိဘူး။

Systemကတော့ အကြိမ်ကြိမ် ကြိုးစား စဉ်းစားကြည့်သော်ငြား ကိုယ်ချင်းစာလို့ မရသလို နားမလည်နိုင်ချေ။ [မမကြီးဟွား၊ ငါက အရမ်း အကျိုးသင့်အကြောင်းသင့် တွေးလွန်းနေတာလား။ ငါ ဘယ်လိုပဲ စဉ်းစား စဉ်းစား ဒါက အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ဘူးလို့ ထင်တယ်]

ချူဟွား: [အကျိုးသင့်အကြောင်းသင့် တွေးတာ၊ ခံစားချက်နဲ့ တွေးတာ ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ ဝမ်ဖေးက အဲဒီတုန်းက အကျပ်အတည်းထဲ ရောက်နေတာ။ သူ စဉ်းစားလို့ ရတဲ့ နည်းလမ်းက ဒါပဲ ရှိတာ]

သူမက သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ [မင်းသမီးကြီးက သားမွေးတာလည်း ဒီနည်းလမ်း သုံးတာပဲလား]

System: [အဲဒါတော့ မဟုတ်ဘူး]

…

All Chapters