အခန်း ၇၉
Vol. 6 Ch. 79
အပိုင်း (၇၉)
Systemက အချိန်ကို ကြည့်လိုက်၏။ [ထမင်းစားချိန် ရောက်ပြီ မဟုတ်လား]
ထိုစကားသည် ဖရဲသီးစားသုံးရန် စိတ်နှစ်ဝင်စားနေပြီး မိမိတို့၏ အဓိကအလုပ်ကို မေ့လျော့နေသူများကို နှိုးဆော်လိုက်လေသည်။
ချန်ဟွားကျွီ၏ မီးဖိုချောင်ငယ်လေးထဲတွင် စားဖိုမှူးနှင့် အကူများသည် သူတို့၏ အရှိန်နှေးကွေးသွားကြောင်းနှင့် ချက်ပြုတ်ရန် ဟင်းပွဲ ၂ ပွဲ ကျန်ရှိနေသေးကြောင်း တွေ့ရှိလိုက်ရသဖြင့် လက်သုတ်ခြေသုတ်ဖြင့် အလုပ်မြန်မြန် လုပ်ကြရတော့သည်။
မီးဖိုချောင်ငယ်လေးတစ်ခုလုံး အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့၏။
ဖရဲသီးစားတာက စားတာ၊ အလုပ်က အလုပ်၊ အလုပ်ကို လစ်ဟင်းခံလို့ မဖြစ်ပေ။ သခင်မလေး ဧည့်ခံကျွေးမွေးမည့် အချိန်ကို နှောင့်နှေးစေလျှင် မကောင်းဖြစ်တော့မည်။
ချူဟွားသည် အပြင်ထွက်၍ မေးမြန်းလိုက်ရာ အားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီဟု ကြားသိရသဖြင့် မင်းဆရာကြီးကို အရင် ကြွနှင့်ရန် ဖိတ်ခေါ်လိုက်တော့သည်။
မင်းသား၅၏ ခြံဝင်းထဲတွင်လည်း မီးဖိုချောင်ငယ်လေးတစ်ခု တည်ဆောက်ထားသော်လည်း ချူဟွားက မင်းဆရာကြီးနှင့် မင်းဆရာတို့ကို သူမ၏ ခြံဝင်းထဲတွင် ထမင်းစားရန် ဖိတ်ခေါ်သည့် အချိန်တိုင်း သူသည် အဖော်ပြုရန် လာရောက်လေ့ရှိပြီး ဒီနေ့လည်း ခြွင်းချက် မဟုတ်ပေ။
လူတစ်စုသည် ချန်ဟွားကျွီ သို့ ပြောင်းရွှေ့လာကြသည်။
ဟင်းပွဲများ လာချသည်နှင့် systemက သူရှိနေကြောင်း ပြသရန် ခုန်ထွက်လာ၏။ [ဆက်ပြောမလား]
ချူဟွား: [ထမင်းစားရင်း ဖရဲသီးစားရင် အရမ်း ဗိုက်ကယ်နေမလား] အဓိကကတော့ ဒီနေ့ ဖရဲသီး တော်တော်များများ စားထားပြီးဖြစ်ရာ သူမက သိပ်ပြီး ဆက်မစားချင်တော့ပေ။
သူမက ဆက်မစားချင်သည်ကို ကြားလိုက်ရသဖြင့် မင်းသား၅နှင့် မင်းဆရာကြီးအိုတို့သည် နှမြောတသ ဖြစ်သွားကြပြီး အခြားသူများကလည်း သက်ပြင်း တချချ ဖြစ်နေကြလေသည်။
တော်ဝင်မိသားစု၏ ဖရဲသီးများသည် မကြာခဏ ရရှိနိုင်သည် မဟုတ်ပေ။ သည်တစ်သုတ်ကို လွတ်သွားပါက နောက်တစ်ကြိမ် ရှိမရှိ မသိနိုင်ချေ။
Systemကလည်း ထိုအချက်ကို ကြားသိလိုက်သဖြင့် ဖျောင်းဖျလေသည်။ [ခန္ဓာကိုယ်ရဲ့ ဗိုက်ပြည့်တာနဲ့ စိတ်ရဲ့ ဗိုက်ပြည့်တာက မတူဘူးလေ]
[ဒါ့အပြင် ဒီဖရဲသီးကို တစ်ဝက်လောက်ပဲ စားပြီး ရပ်လိုက်ရင် နင် မနေရခက်ဘူးလား]
ချူဟွားသည် system၏ လူကို နားဝင်အောင် ပြောဆိုနိုင်စွမ်း တိုးတက်လာသည်ဟု ခံစားလိုက်ရ၏။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူမကွယ်ရာတွင် systemက ဖရဲသီး ဘယ်လောက်တောင် ခိုးစားထားပြီး အတွေ့အကြုံ ဘယ်လောက်တောင် တိုးပွားလာသည်ကို မသိနိုင်ပေ။ ၎င်းက မိန်းကလေးများ သုံးလေ့ရှိသော "အဓိက အစားအစာနဲ့ အချိုပွဲအတွက် သုံးတဲ့ ဗိုက်က မတူဘူး" ဆိုသည့် အကြောင်းပြချက်နှင့် ဆင်တူနေပြီး ဆွဲဆောင်မှု အလွန် ရှိလှသည်။
[ကောင်းပြီလေ။ ဒါဆို ပြောကြတာပေါ့]
အကွေ့အကောက်များပြီးမှ ပြန်လမ်းတွေ့သည် ဆိုတာ ဘာလဲ။
ဒါပဲပေါ့။ လူတိုင်း ပြုံးပျော်ရွှင်သွားကြတော့သည်။
System: [ရှီဇီ(ဆက်ခံသူသား)က အဖေ့ရဲ့ ဇာတ်လမ်းတွေကို နားထောင်ပြီး ကြီးပြင်းလာတာဆိုတော့ အဖေ့ကို အရမ်း လေးစားအားကျတယ်။ ဖူရွေ့ချင်းဝမ်ကလည်း သူ့အတွက် ဆရာကောင်း အများအပြား ငှားရမ်းပေးခဲ့တယ်။
ရှီဇီက စာပေရော စစ်ရေးပါ ကျွမ်းကျင်ပြီး အရွယ်ရောက်လာတဲ့အခါ အဖေ့ခြေရာ နင်းပြီး သာ့ရှန်းနဲ့ ရှီးရုံ နယ်စပ်ကို သွားပြီး စစ်မှုထမ်းခဲ့တယ်]
[ဖူရွေ့ချင်းဝမ်က မင်းသားဖြစ်စဉ်တုန်းက စာပေရော စစ်ရေးပါ စွမ်းဆောင်နိုင်ပေမဲ့ စာရွက်ပေါ်က စစ်ဆင်ရေးနဲ့ သဲစားပွဲပေါ်က တိုက်ပွဲတွေမှာပဲ အကန့်အသတ် ရှိခဲ့တယ်။ လက်တွေ့ စစ်မြေပြင် ဦးဆောင်မှု အတွေ့အကြုံ မရှိခဲ့ဘူး။ အရှင်မင်းကြီးနဲ့ စစ်သူကြီးအချို့က သူ စစ်မြေပြင်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချပြီး ကိုယ်တိုင်ရော သူတပါးကိုပါ ထိခိုက်စေမှာ စိုးရိမ်ခဲ့ကြတယ်]
[နောက်ပိုင်းမှာ အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် ဖူရွေ့ချင်းဝမ်က အဆင့်နိမ့် စစ်ဘက်အရာရှိဘဝကနေ စတင်ခဲ့ပြီး နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ဂုဏ်သတင်းနဲ့ စစ်မှုထမ်း အကျိုးဆောင်မှုတွေကြောင့် ချင်းဝမ် ဖြစ်လာခဲ့တယ်။ ရှီဇီကလည်း သူ့အဖေ လုပ်နိုင်ရင် သူလည်း လုပ်နိုင်တယ်လို့ ယူဆပြီး စစ်တပ်ထဲမှာ နာမည်ဝှက်နဲ့ စစ်သည်ငယ်လေးအဖြစ် ဝင်ရောက်ခဲ့တယ်]
ရှီဇီသည် ပုန်ကန်လိုစိတ် အနည်းငယ် ရှိပြီး သူ့ဖခင်ထက် နိမ့်သော အစပျိုးမှုကို ရွေးချယ်ရန် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။ တစ်နေ့တွင် သူသည် သူ့ဖခင်နှင့် တန်းတူ နေရာသို့ ရောက်ရှိပါက ကျားတစ်ကောင်မှ ခွေးတစ်ကောင် မမွေးဖွားကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး သူသည် မျိုးရိုးထက် ပိုတော်ကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။
အချက်အလက် ထပ်ထွက်မလာခင်တွင် ချူဟွားက မျှတသော သုံးသပ်ချက်တစ်ခု ပေးလိုက်သည်။
[ကောင်းတယ်။ လေလွင့်နေတာ မဟုတ်ဘူး။ မိဘအရှိန်အဝါနဲ့ ထိုင်စားနေတာ မဟုတ်ဘူး]
သာ့ရှန်း၏ လက်ရှိ အခြေအနေအရ လူကြီးမင်း မျိုးဆက်များနှင့် ချမ်းသာသော မျိုးဆက် အများအပြားသည် မိသားစု၏ စည်းစိမ်နှင့် အာဏာတို့ကြောင့် မျက်စိကန်းနေကြပြီး လူကြီးများ ရှာဖွေထားသော ငွေများကို ယူကာ အပြင်တွင် နေ့စဉ် ကြက်တိုက် ကစားခြင်း၊ ရန်လိုခြင်းများ ပြုလုပ်ကြပြီး မိဘအရှိန်အဝါနှင့် ထိုင်စားကာ လူကြီးများကို ဒုက္ခပေးတတ်ကြသည်။
ငွေကုန် လူပန်းပြီး မျက်နှာသာပေးမှုများ ဖြုန်းတီးနေသော လေလွင့်သူများနှင့် ယှဉ်လျှင် သည်ရှီဇီက အမှန်တကယ်ပင် အတော် ကောင်းမွန်နေပြီ ဖြစ်သည်။
ဟုတ်ပါသည်။ ကြိုတင် သတ်မှတ်ချက်ကတော့ ဆက်လက် တည်တံ့နိုင်ရန် လိုအပ်နေသေးသည်။
ဖူရွေ့ချင်းဝမ်သည် စစ်မြေပြင်တွင် ဒဏ်ရာရပြီးနောက် မြို့တော်သို့ ပြန်လာကာ ဒဏ်ရာ ကုသခဲ့ပြီး နောက်ပိုင်းတွင် စုန်းလင့်(ရာထူးအဆင့်) ဖြစ်လာကာ မြို့တော်မှ ထပ်မံ ထွက်ခွာခြင်း မရှိတော့ပေ။
ယခုအခါ ရှီဇီသည် သာ့ရှန်းနှင့် ရှီးရုံ နယ်စပ်တွင် တပ်စွဲထားပြီး နှစ်ရှည်လများ မြို့တော်သို့ ပြန်မလာသဖြင့် ချူဟွားသည် ရှီဇီ အကြောင်းကို သိရှိထားသည့်အရာမှာ နည်းပါးပြီး အများစုမှာ ကောလာဟလများသာ ဖြစ်လေသည်။
System: [ရှီဇီက ဝမ်ဖေးရဲ့ သားအရင်း မဟုတ်ပေမဲ့ သူက ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့တာဆိုတော့ သားအရင်းနဲ့ ဘာမှ မခြားနားပါဘူး]
[ဖူရွေ့ချင်းဝမ်က အရင်တုန်းက နန်းတော်ထဲမှာ ကြီးပြင်းလာခဲ့ပြီး အကျင့်ဆိုးတွေ အများကြီး ရှိခဲ့ပေမဲ့ စစ်တပ်ထဲ ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာ ပြောင်းလဲသွားခဲ့တယ်။ ဒါကြောင့် သူက စစ်တပ်ဆိုတာ ယောက်ျားတစ်ယောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး နေရာပဲလို့ ယုံကြည်ထားတယ်။ သား ၇ ယောက်လုံး အရွယ်ရောက်တာနဲ့ စစ်တပ်ထဲ ပစ်ထည့်လိုက်ပြီး ပျင်းရိဖို့ ကြိုးစားရင် ရိုက်နှက်ဆုံးမတယ်]
[ဝမ်ဖေးက "အခက်အခဲတွေထဲက အခက်ခဲဆုံးကို ခံနိုင်မှ လူအများထက် သာလွန်တဲ့သူ ဖြစ်မယ်" လို့ ယုံကြည်တယ်။ ဖူရွေ့ချင်းဝမ်က သားတွေရဲ့ ခန္ဓာကိုယ်နဲ့ သိုင်းပညာကို လေ့ကျင့်ပေးရင် သူက သားတွေကို ဗုဒ္ဓစာပေ ကူးရေးခိုင်းတာ၊ ပဲစေ့ ကောက်ခိုင်းတာတွေ လုပ်ပြီး သူတို့ရဲ့ စိတ်လိုက်မာန်ပါ ဖြစ်တဲ့ အကျင့်တွေကို ပြုပြင်ပေးတယ်။ ဒါမှ တစ်နေ့ စစ်မြေပြင်မှာ အမှားအယွင်းမဖြစ်ဘဲ ကိုယ်တိုင်ရော သူတပါးကိုပါ မထိခိုက်စေမှာ]
[ဒီလင်မယား နှစ်ယောက်လုံးက သားသမီးတွေကို ပြတ်ပြတ်သားသား ဆုံးမတတ်သူတွေ ဖြစ်ကြတယ်။ ကိုယ်လုပ်တော်တွေ၊ မယားငယ်တွေက ဝမ်အိမ်တော်ထဲမှာ ပြောရေးဆိုခွင့် နည်းပါးပြီး သူတို့ ကလေးတွေကို ဆုံးမတာကို ဝင်ရောက် စွက်ဖက်လို့ မရဘူး။ ဒါကြောင့် ကလေးတွေက လမ်းမှား မရောက်ဘဲ စည်းစိမ် ခံစားနိုင်သလို ဒုက္ခလည်း ခံနိုင်ကြတယ်]
ချူဟွား: !!!
ခေတ်သစ်မှ လူအများအပြားက "ယောက်ျားကောင်းဆိုတာ စစ်မှုထမ်းရမယ်" ဟု ယုံကြည်ကြသည်။ ဖူရွေ့ချင်းဝမ်ကလည်း သဘောတူပြီး လက်တွေ့ အကောင်အထည် ဖော်လိမ့်မည်ဟု မထင်မှတ်ထားပေ။ သား ၇ ယောက်လုံး တစ်ယောက်မှ မကျန် စစ်မှုထမ်း သွားကြသည်။ သည်စိတ်ဓာတ်၊ သည်အမြင်က တကယ်ကို ကြီးမြတ်လှသည်။
ဗုဒ္ဓစာပေ ကူးရေးခြင်းနှင့် ပဲစေ့ကောက်ခြင်းသည် အိမ်ရှင်မတစ်ဦးက စကားနားမထောင်သော သမီးများနှင့် ချွေးမများကို အပြစ်ပေးရန် အသုံးပြုသော နည်းလမ်းများ ဖြစ်သည်။ ယောက်ျားလေးများအပေါ် သည်းခံနိုင်စွမ်း လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ဤနည်းလမ်းကို အသုံးပြုသည်ဟု တစ်ခါမှ မကြားဖူးပေ။
ဒါက တကယ့် ကျား၊မ တန်းတူညီမျှရေးပဲ။ ဝမ်ဖေးက အံ့မခန်းပဲ။ မိခင်မေတ္တာက အမြင့်မြတ်ဆုံးပဲ။
ရှေးခေတ်တွင် ဤကဲ့သို့ ပညာပေးရာ၌ ကျွမ်းကျင်သော မိဘများ ရှိသည်ကို ချူဟွား ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ရာ သူမ၏ မျက်လုံးများထဲတွင် မင်းသား၅နှင့် မင်းဆရာကြီးအိုတို့ကို တုန်လှုပ်သွားစေသော အရောင်အဝါများ တောက်ပလာလေသည်။
မင်းသား၅: ???
မင်းဆရာကြီးအို: ???
ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။ ချူဟွားက သိုင်းဝတ္ထုတွေထဲကလို သွေးကြောတွေ ပွင့်သွားသလိုမျိုး ဘာလို့ ဖြစ်နေရတာလဲ။
ချူဟွားသည် သူမ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်ကာ [သားတွေကို ပညာပေးတာကို ငါ ကြားပြီးပြီ။ သမီးတွေကျတော့ရော]
[ခဏလေး] Systemက ရှီဇီနှင့် သက်ဆိုင်သော ဖရဲသီးများကိုသာ ကြည့်ရှုခဲ့ပြီး အထက်ပါ အချက်အလက်များသည် ဖရဲသီးထဲတွင် အပိုပါလာခြင်း ဖြစ်သည်။ အခြားသူများ၏ အချက်အလက်များကို ကြည့်ရှုရန် ဖရဲသီးစွမ်းအင် အနည်းငယ် သုံးစွဲပြီး ထပ်မံ ကြည့်ရှုရမည်။
[တွေ့ပြီ။ ကျွတ်—— ဖူရွေ့ချင်းဝမ်က တကယ့် လူကြမ်းကြီးပဲ]
[သူ ဆယ်ကျော်သက် အရွယ်တုန်းက စစ်တပ်ထဲ ရောက်သွားတယ်။ အဲ့ဒီမှာ မိန်းမ မရနိုင်တဲ့ လူကြမ်းကြီးတွေ အများကြီး ရှိတယ်။ သူတို့အတွက်ကတော့ သားမွေးမွေး သမီးမွေးမွေး အတူတူပဲ။ အေးချမ်းတဲ့ ဘဝလေး ရရင် ပြီးတာပဲ။ တချို့က သမီးလေး မွေးချင်ကြတယ်။ ဘာလို့လဲဆိုတော့ သားဆိုရင် သူတို့လိုပဲ စစ်မှုထမ်းရပြီး အချိန်မရွေး သေဆုံးသွားနိုင်မှာကို စိုးရိမ်လို့လေ]
[ဖူရွေ့ချင်းဝမ်က ဒါကို လွှမ်းမိုးခံလိုက်ရပြီး ဓားခုတ်လှံထိုးတွေနဲ့ ရှင်ကွဲကွဲ သေကွဲကွဲ ဖြစ်နေရတဲ့ နေရာမျိုးမှာ နေထိုင်ရတာ ကျားမ အတူတူပဲလို့ ခံစားမိသွားတယ်။ ပြည်ပရန်သူတွေရှေ့မှာ ကျားမ ခွဲခြားမှု မရှိဘူး။ ယောက်ျားဆိုရင် ဓားတစ်ချက် ခုတ်ခံရရုံနဲ့ သေနိုင်ပြီး မိန်းမဆိုရင် ဖမ်းဆီးခံရပြီး သေတာထက် ဆိုးတဲ့ ဘဝကို ရောက်သွားနိုင်တယ်]
[သူက ရှီးရုံတွေ မြို့ကို တိုက်ခိုက်တုန်းက မြို့သူမြို့သားတွေ ဖြစ်တဲ့ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အကုန်လုံး အတူတူ မြို့ကို ကာကွယ်ခဲ့ရတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ဖူးတယ်။ ဒါကြောင့် သူ့သားသမီးတွေအပေါ် သတ်မှတ်ချက်က အကုန် သင်ရမယ်။ ပါရမီရှိရင် ဆက်သင်၊ ပါရမီမရှိရင်လည်း သင်ရမယ်၊ အသက်ကြီးတဲ့အထိ သင်ရမယ်။ တစ်နေ့ ရှီးရုံတွေ ဝင်တိုက်လာခဲ့ရင် သူတို့ အကုန်လုံး ရန်သူကို သတ်နိုင်ရမယ်]
အဆင်မပြေမှု မရှိပါက ချူဟွားသည် ဖူရွေ့ချင်းဝမ်၏ ပညာရေး အတွေးအခေါ်ကို နေရာမှာတင် လက်ခုပ်တီး အားပေးလိုက်မိမည် ဖြစ်သည်။
ချူဟွား: [ဟုတ်တယ်၊ ဟုတ်တယ်။ ရန်သူတွေက မြို့တံခါးဝ ရောက်နေပြီ၊ ဘယ်သူက သူက ယောက်ျားလား မိန်းမလား ဂရုစိုက်နေမှာလဲ။ ကလေးပဲ ဖြစ်ဖြစ် ကျောက်ခဲ မပြီး လူကို ထုနိုင်ရင် ကောင်းတာပဲ။ သူက ယောက်ျားလား မိန်းမလားဆိုပြီး ဘယ်သူက ခွဲခြားနေမှာလဲ]
[စစ်တိုက်ဖို့ လူမလောက်တဲ့အခါ မိန်းမတွေလည်း ဝင်တိုက်ရတာပဲ။ အဲဒါဆို ဘာလို့ မိန်းမတွေကို သိုင်းပညာ ကြိုမသင်ပေးထားရမှာလဲ။ ခန္ဓာကိုယ်လည်း ကျန်းမာမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်မယ်၊ အရေးကြုံရင် ထွက်ပြီး ရန်သူကို သတ်နိုင်မယ်၊ မြားတစ်စင်းတည်းနဲ့ ငှက်သုံးကောင် ပစ်သလိုပဲ၊ ဘယ်လောက် ကောင်းလိုက်လဲ]
သည်မေးခွန်းနှင့် ပတ်သက်၍ မင်းသား၅နှင့် မင်းဆရာကြီးအိုတို့သည် အဖြေအများအပြား ပေးနိုင်လေသည်။ ဥပမာအားဖြင့် အမျိုးသမီးများ၏ ခွန်အား၊ အမြန်နှုန်း၊ တုံ့ပြန်မှုနှင့် သတ္တိတို့သည် အမျိုးသားများလောက် မကောင်းခြင်း၊ အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရခြင်း စသည်တို့ပင်။
ချူဟွားက ဆက်လက် ပြောဆိုနေ၏။ [ပေတိ(မြောက်ပိုင်းသား) တွေက သိုင်းပညာကို တန်ဖိုးထားကြတယ်။ သာ့ရှန်းနဲ့ ပေတိ တိုက်ခိုက်ကြတဲ့အခါ ရံဖန်ရံခါ စစ်မြေပြင်မှာ အမျိုးသမီးတွေ ပါဝင်တာကို တွေ့ရတယ်။ သာ့ရှန်း စစ်တပ်ကလည်း သာမန် ပြည်သူတွေအဖြစ် ရုပ်ဖျက်ထားတဲ့ ပေတိ အမျိုးသမီးတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရဖူးတယ်]
[ပေတိက ရွှေ့ပြောင်းနေထိုင်တဲ့လူမျိုးစုတွေ ဖြစ်ပြီး ပြည်သူအားလုံး စစ်သားတွေ ဖြစ်ကြတဲ့ ဓလေ့ ရှိတယ်။ တခြား အကြောင်းရင်းတွေကို ထည့်မတွက်ဘဲ အခု ငါ့ရဲ့ ခံစားချက်ကတော့ ငါတို့ သာ့ရှန်းက ပေတိလောက် မကောင်းဘူး ဆိုတာပဲ]
မင်းသား၅: ?!!
မင်းဆရာကြီးအို: ?!!
အခြားသူများ: !!!
မင်း ဒီလို ပြောရင်တော့ ငါတို့ လက်မခံဘူးနော်။
အဲ့ဒီ ပေတိ လူရိုင်းကောင်တွေက အစားအသောက်၊ အဝတ်အစား၊ နေထိုင်မှု၊ သွားလာမှု အရာရာတိုင်း သာ့ရှန်းလောက် မကောင်းဘဲ သာ့ရှန်းကို အရာရာ လိုက်တုနေရတာ၊ သာ့ရှန်းက ဘယ်လိုလုပ်ပြီး ပေတိလောက် မကောင်းရမှာလဲ။
Systemက သူတို့ ဘာကို လက်မခံနိုင်ဖြစ်နေသည်ကို သိသည့်နှယ် တည့်တိုး ပြောလိုက်၏။
[တခြားဟာတွေ ခဏထားဦး၊ သူတို့ ပေတိတွေက ပြည်သူအားလုံး သိုင်းပညာ သင်ကြတာ၊ ဒီအချက်ကိုတော့ သာ့ရှန်းက တကယ် ယှဉ်မရဘူး]
လူအများ: "..."
မင်းသား၅နှင့် မင်းဆရာကြီးအိုတို့သည် မျက်နှာများ နီရဲသွားသည်အထိ အောင့်ထားသော်လည်း ပြန်လည် ချေပစရာ အချက်ကို စဉ်းစားမရပေ။
ပေတိတို့ရဲ့ သိုင်းပညာ တန်ဖိုးထားသော ဓလေ့ကို စဉ်းစားကြည့်လိုက်၊ ပြီးတော့ သူတို့ ညီလာခံထဲမှာ မနည်း ရထားတဲ့ အမျိုးသမီး စစ်ဘက်အရာရှိ တစ်ဦးကို စဉ်းစားကြည့်လိုက်၊ ရလဒ်အနေနဲ့ ဖယ်ကျဉ်ခံရပြီး ဘေးရောက်နေတာကို တွေ့ရတော့လဲ ချက်ချင်း ပြန်ချေပဖို့ အားမရှိတော့တာပဲ။
ချူဟွားသည် သဘောမပေါက်သေးသော ညီလာခံမှ မှူးမတ်များကို သတိပေးချင်ရုံသာ ဖြစ်သော်လည်း လူများကို အကြီးအကျယ် စော်ကားမိသွားပြီး ထိုအမျိုးသမီး စစ်ဘက်အရာရှိအတွက် ပိုမိုကြီးမားသော ပြဿနာများ ယူဆောင်လာမည်ကို စိုးရိမ်မိသွားလေသည်။
သူမသည် အနည်းငယ် လွဲချော်သွားသော ခေါင်းစဉ်ကို ပြန်လှည့်လိုက်သည်။ [ရှီဇီရဲ့ ကိစ္စ၊ နင် ဆက်ပြော]
Systemသည် စောစောက သူ ရောက်နေသည့် နေရာကို ပြန်ရှာလိုက်ပြီး ၂ စက္ကန့်ခန့် ရပ်တန့်ပြီးမှ ဆက်ပြောလေသည်။ [နာမည်ဝှက်နဲ့မို့လို့ ဘယ်သူမှ ရှီဇီရဲ့ အမှတ်အသားကို မသိကြဘူး။ စစ်သည်ငယ်လေး လုပ်ရတာ တော်တော် ပင်ပန်းတယ်။ ဒါပေမဲ့ သူက စစ်မဟာဗျူဟာတွေ သင်ထားဖူးတယ်၊ အဖေအရင်း သင်ပေးတာတွေ ရှိတယ်၊ သိုင်းပညာလည်း သင်ထားဖူးတော့ တခြား စစ်သည်ငယ်လေးတွေထက် ပိုတော်တယ်]
[သူက ငယ်ရွယ်ပြီး တက်ကြွမှု ရှိတော့ စစ်မှုထမ်း အကျိုးဆောင်မှုတွေ အမြန် စုဆောင်းနိုင်ပြီး ရာထူးတိုးလာတယ်။ သာ့ရှန်းနဲ့ ရှီးရုံ နယ်စပ်မှာ ပဋိပက္ခတွေ အများကြီး ရှိတယ်။ ဒီနှစ်ပိုင်းတွေမှာ စစ်ပွဲကြီးတွေ မရှိပေမဲ့ စစ်ပွဲလေးတွေ မနည်းဘူးလေ။ စစ်တိုက်တာက အန္တရာယ် များတော့ ရှီဇီက မကြာခဏ ဒဏ်ရာရတယ်]
[တစ်ခါတုန်းက သူ ခြုံခိုတိုက်ခိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ ကိုယ်ရံတော်တွေက သူ ထွက်ပြေးနိုင်ဖို့ ကာကွယ်ပေးရင်း တိုက်ပွဲမှာ ကျဆုံးကုန်ကြတယ်။ သူ ကိုယ်တိုင် ထွက်ပြေး လွတ်မြောက်လာပြီးနောက် ဒဏ်ရာပြင်းထန်ပြီး သတိလစ်သွားတော့ မိန်းကလေး တစ်ယောက်က ကယ်တင်ခဲ့တယ်။ အဲ့ဒီ မိန်းကလေးက နောက်ပိုင်း ရှီဇီရဲ့ကြင်ရာတော် ဖြစ်လာမဲ့သူပဲ]
တကယ့်ကို အသက်ကယ် ကျေးဇူးကို ကိုယ်ခန္ဓာနှင့် ပြန်ပေးဆပ်သည့် ဇာတ်လမ်းပါလား။
ချူဟွားသည် သူမ အစားထိုး ဇာတ်ကောင်၊ မီးသင်္ဂြိုဟ်စက် ဇာတ်လမ်းများ၏ အဆိပ်သင့်မှုကို ခံထားရခြင်း ဟုတ်မဟုတ် မသေချာသော်လည်း ရှီဇီသည် မိန်းမကို နှလုံးသား နာကျင်စေပြီး သားမယားကို စွန့်ပစ်မည့် လူယုတ်မာ တစ်ယောက် ဖြစ်လိမ့်မည်ဟု ခံစားနေရလေသည်။
တစ်ဖက်သတ် အစွဲနှင့် သူတပါးကို ကြည့်ရှုခြင်း။ ဒါကတော့ မကောင်းပါဘူး။ ချူဟွားက တိတ်တိတ်လေး ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်လိုက်သည်။
System: [စစချင်းတုန်းက ရှီဇီက ဒီမိန်းကလေးက ရန်သူတွေ ကြံစည်ထားတဲ့ ထောင်ချောက် ဖြစ်နိုင်တယ်၊ အပျော်မယ်ချွဲနည်း သုံးတာ ဖြစ်နိုင်တယ်လို့ ထင်ပြီး သူ့ကို အရမ်း သတိထားခဲ့တယ်။ ဒဏ်ရာ နည်းနည်း သက်သာတာနဲ့ ထွက်ပြေးတော့တာပဲ]
[ရလဒ်ကတော့ လမ်းခုလတ်မှာ ရှီးရုံ စစ်သားတွေ တွေ့သွားပြီး နှစ်ဖက် လိုက်လံ တိုက်ခိုက်ကြတော့ ရှီဇီရဲ့ ဒဏ်ရာက ပိုဆိုးလာတယ်။ လမ်းမှာ သူ့ကို လိုက်ရှာဖို့ ထွက်လာတဲ့ မိန်းကလေးနဲ့ တွေ့တော့ မိန်းကလေးက သူ့ကို ကယ်ဖို့အတွက် ဗိုက်ကို ဓားနဲ့ အထိုးခံလိုက်ရတယ်။ သားအိမ် ထိသွားလို့ နောက်ပိုင်း ကလေးမရနိုင်တော့ဘူးလို့ သမားတော်က ပြောတယ်]
[ရှီဇီက အရမ်း နောင်တရသွားတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ တောင်းပန်နေလည်း အလကားပဲ။ ရှီဇီရဲ့ ကိုယ်ရံတော်တွေ ရောက်လာပြီး နှစ်ယောက်လုံးကို ခေါ်သွားလိုက်ပြီး ဒဏ်ရာ ကုပေးကြတယ်။ ဒဏ်ရာ သက်သာတော့ မိန်းကလေးက ထွက်သွားမယ် လုပ်တယ်။ ဒါပေမဲ့ ဒဏ်ရာ ကုသနေစဉ်မှာ ရှီဇီက သူ့ကို ချစ်မိသွားပြီ]
ချူဟွား: "..." ရင်းနှီးနေတဲ့ ဇာတ်ကွက်တွေ။ ဇနီးသည်ကို လိုက်လံ ချော့မော့ရမဲ့ ဇာတ်လမ်း လာတော့မှာပဲ။
သဘောကောင်းသော မိန်းကလေးက စေတနာနှင့် လူကယ်ပါမှ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်ပြီး သားအိမ် ထိခိုက်ကာ မိခင် ဖြစ်ခွင့် ဆုံးရှုံးလိုက်ရသည်မှာ နှမြောစရာ ကောင်းလှသည်။
[ကလေးယူဖို့ ရွေးချယ်ခွင့် ရှိမရှိ ဆိုတာ အမျိုးသမီးတိုင်းရဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ အတင်းအကျပ် ဒီအခွင့်အရေး ဆုံးရှုံးလိုက်ရတာက အဲ့ဒီ မိန်းကလေးအတွက် ထိုးနှက်ချက် ကြီးမားမှာပဲ]
System: [ဟုတ်တယ်။ ရှီဇီက မိန်းကလေးကို တွေ့တာနဲ့ အပြစ်ရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။ တစ်ခါ နှစ်ခါဆို ထားပါတော့။ အမြဲတမ်း ဒီလို ဖြစ်နေတော့ မိန်းကလေးက ကြည့်ရင်းနဲ့ ဒေါသထွက်လာရော]
[နောက်ပိုင်း မိန်းကလေးက သွားတော့မယ်ဆိုတော့ ရှီဇီက နောက်ထပ် တွေ့ခွင့် မရတော့မှာ ကြောက်ပြီး "ငါ မင်းကို ဒုက္ခပေးမိပြီ၊ ငါ မင်းကို လက်ထပ်ပါ့မယ်" လို့ ပြောလိုက်တယ်။ မိန်းကလေးက နေရာမှာတင် သူ့ကို ပါးရိုက်လိုက်ပြီး "ရှင် ကျွန်မကို အကြွေးမတင်တော့ဘူး" လို့ ပြောလိုက်တယ်]
ချူဟွားက သည်းမခံနိုင်တော့ပေ။ [ပြီးတော့ ရှီဇီက ဒီမိန်းမက အသေ ချိုမြိန်တာပဲ ဆိုတာ တွေ့ရှိသွားပြီး သူ့နောက်လိုက်ကာ မရမက တာဝန်ယူတော့တာပေါ့]
လူအများ: ???
အသေ ချိုမြိန်တယ်တဲ့လား။ ဘာကြီးလဲ။
ရှေးဟောင်း အာဏာရှင် ဆန်ဆန် အချစ်ဝတ္ထု စာပေများနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးသော ရှေးခေတ် လူသားများသည် အလွန်အမင်း အီလည်လည် ဖြစ်စေသော စကားလုံးများကြောင့် တုန်လှုပ်သွားကြလေသည်။
[ဟားဟားဟားဟား ဂတ်] Systemက ဘဲသံထွက်သည်အထိ ရယ်မောလိုက်လေသည်။ [အာဏာရှင် ရှီဇီက ငါ့ကို ချစ်မိသွားတယ် ပေါ့လေ]
လူအများ: "..." ကယ် ကယ် ကယ်ကြပါဦး။
ချူဟွားလည်း ရယ်မောလိုက်သည်။ [ငါ့ကို လက်ထပ်ပါ၊ အသက်ကို မင်းကို ပေးမယ်]
[ဟားဟားဟားဟားဟား...] လူတစ်ယောက်နှင့် system တစ်ခုတို့သည် နားကွဲလုမတတ် ရယ်မောသံများကို ထုတ်လွှင့်လိုက်ရာ လူတိုင်း၏ နားထဲတွင် ဟားဟားဟား များဖြင့် အတင်းအကျပ် နေရာယူသွားပြီး မျက်လုံးများ ထုံထိုင်းသွားကြတော့သည်။
သူတို့သည် ရယ်စရာ အချက်က ဘယ်နားမှာလဲ ဆိုတာ သိပ်နားမလည်ကြသော်လည်း ရိုးရှင်းသော မေးခွန်းတစ်ခုတော့ ရှိနေသေ’သည်။ အသက်က ဒီလောက်တောင် တန်ဖိုး မရှိဘူးလား။
အကြာကြီး ရယ်မောပြီးနောက် systemက ဖရဲသီး ဆက်ခွဲလေသည်။
ဒီလောက်ကြာအောင် ပြောရတာ သူလည်း တော်တော် မောနေပြီ။ ရှီဇီနှင့် သူ့ဝမ်ဖေးတို့၏ သံယောဇဉ် ရှုပ်ထွေးမှုများက စာမျက်နှာ ၂ မျက်နှာ အပြည့် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ရှုပ်ထွေးသည်ဟု ယူဆကာ အနှစ်ချုပ်လိုက်တော့သည်။
[အတိုချုပ်ပြောရရင် တစ်ယောက်က ထွက်ပြေးတယ်၊ တစ်ယောက်က လိုက်တယ်၊ စာသဘောအရဆိုတော့ သူကလည်း အတောင်မပေါက်ရင် လွတ်မြောက်မှာမဟုတ်ဘူးပေါ့]
[ချစ်သူတွေ ပေါင်းဖက်နိုင်ကြပေမဲ့ ရှီဇီရဲ့ ဝမ်ဖေးက မမွေးနိုင်ဘူးလေ။ သူက ရှီဇီအပေါ် နှစ်ကြိမ်တိုင်တိုင် အသက်ကယ်ကျေးဇူး ရှိခဲ့တော့ ဖူရွေ့ချင်းဝမ်နဲ့ ဝမ်ဖေးက သူ့ကို အောက်ကျခံလို့ မဖြစ်ဘူးလို့ ယူဆပြီး ရှီဇီရဲ့ ကြင်ရာတော်ကို တခြားမိန်းမ မွေးတဲ့ ကလေးတစ်ယောက် မွေးစားပြီး သူ့နာမည်အောက်မှာ ထားခိုင်းလိုက်တယ်]
[ရှီဇီနဲ့ လက်မထပ်ခင်တုန်းက သူ့ဝမ်ဖေးက သာမန် အိမ်သူလေး တစ်ယောက်ပဲ။ နူးညံ့သိမ်မွေ့တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေကို လိုချင်ခဲ့တယ်။ ပထမတစ်ခုကတော့... ရှီဇီက ဒေါသကြီးတယ်၊ နည်းနည်းလေးမှ မကိုက်ညီဘူး။ ဒုတိယတစ်ခုကလည်း မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သူ နည်းနည်း နာကျင်နေရတယ်]
System: [တခြား မိန်းမတွေက ရှီဇီအတွက် ကလေးတွေ မွေးပေးပြီး တစ်ယောက်ချင်းစီတိုင်းက ချစ်စရာလေးတွေ ဖြစ်နေတာ မြင်တော့ ရှီဇီရဲ့ ကြင်ရာတော်က စိတ်လှုပ်ရှားလာတယ်။ သူက အစကတည်းက ကလေးတွေကို အရမ်းချစ်တဲ့သူဆိုတော့ ရှီဇီနဲ့ တိုင်ပင်ပြီး မယားငယ်တစ်ယောက် မွေးတဲ့ သားတစ်ယောက်ကို သူ့နာမည်အောက်မှာ မွေးစားလိုက်ပြီး သားအရင်းအရာ ထားလိုက်တယ်]
[ရှီဇီက ကြင်ရာတော်ရဲ့ လုပ်ရပ်ကို တွေ့ရတာကြောင့်ပဲ ဖူရွေ့ချင်းဝမ် ဝမ်ဖေးက အဲ့ဒီတုန်းက ဘာလို့ ကလေးတစ်ယောက် မမွေးစားခဲ့တာလဲ ဆိုတာကို ငါ သိပ်နားမလည်နိုင် ဖြစ်ရတယ်။ သူ ကလေးမွေးဖို့အတွက် တကယ်ကို ဒုက္ခတွေ အများကြီး ခံစားခဲ့ရတာ။ အရေးကြီးဆုံးက နောက်ဆုံးကျတော့ ဒါတွေ အကုန်လုံးက အလကား ဖြစ်သွားတာပဲ]
ချူဟွား: [ဘယ်လို ပြောရမလဲ။ နောက်ဆုံးအချိန် မရောက်ခင်အထိ ဖူရွေ့ချင်းဝမ် ဝမ်ဖေးက ဒီလမ်းက လျှောက်လို့ မရဘူးဆိုတာ မသိခဲ့ဘူးလေ]
[ဒါ့အပြင် ဖူရွေ့ချင်းဝမ် ဝမ်ဖေးက အထက်တန်းလွှာ မျိုးရိုးက ဆင်းသက်လာတာ။ ရှီဇီရဲ့ကြင်ရာတော်က သာမန် အိမ်သူ မျိုးရိုးက ဆင်းသက်လာတာ။ နောက်ခံ မိသားစုချင်း မတူတော့ ခံယူရတဲ့ ပညာရေးချင်း မတူဘူး။ လွှမ်းမိုးမှုချင်းလည်း မတူဘူး။ ဖူရွေ့ချင်းဝမ် ဝမ်ဖေးက မွေးနိုင်တဲ့ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိသေးတယ်။ ရှီဇီရဲ့ ကြင်ရာတော်ကတော့ မမွေးနိုင်တော့ဘူး၊ မျှော်လင့်ချက် မရှိတော့ဘူး။ အခြေအနေချင်း မတူဘူးလေ]
[မျှော်လင့်ချက် ရှိနေသရွေ့ မျှော်လင့်ချက်က ဘယ်လောက်ပဲ သေးငယ်ပါစေ အရာအားလုံးကို ရင်းပြီး ကြိုးစားကြည့်ချင်တဲ့ လူတွေ ရှိစမြဲပဲ။ တကယ်လို့ အောင်မြင်သွားခဲ့ရင်ရော]
System: [နင် ပင်နီစလင်နဲ့ အာတီမီဆီနင် (ငှက်ဖျားဆေး) က အောင်မြင်ဖို့ ခက်ခဲမှန်း သိလျက်နဲ့ တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားနေသလိုမျိုးလား]
ချူဟွားသည် systemက ဤအရာနှစ်ခုကို ဆွဲထည့်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ပြုံးကာ ပြောလိုက်၏။ [ဟုတ်တာပေါ့]
[တကယ်လို့ အောင်မြင်သွားရင် ကယ်တင်နိုင်မဲ့ ပြည်သူတွေက အများကြီး ရှိတယ်လေ။ ငါ့လို ရွေးချယ်မှုမျိုးကို ဘယ်သူမဆို ပြုလုပ်ကြမှာပဲလို့ ငါ ထင်တယ်]
အဲ့ဒါတော့ မသေချာဘူး။
Systemနှင့် လူအများသည် စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်ကြသည်။
သတင်းက နန်းတော်ထဲ ရောက်သွားပြီးနောက် အရှင်မင်းကြီးသည် အရင်ဆုံး ယနေ့တွင် ဖူရွေ့ချင်းဝမ်၏ ဖရဲသီးကို စားရသည့်အတွက် အံ့အားသင့်သွားပြီးနောက် ပွဲကြည့်လိုစိတ် ပြင်းပြစွာဖြင့် ဖူရွေ့ချင်းဝမ်ကို နန်းတော်ထဲသို့ ဆင့်ခေါ်လိုက်ကာ ကာယကံရှင် ရှေ့မှောက်တွင် စိတ်ဝင်တစား ဖရဲသီး စားလေတော့သည်။
"ဪ ဪ၊ ဒါကြောင့်ကိုး"
"ကျန်းက ဦးရီးတော် အပြင်မှာ မိန်းမရှိတယ်လို့ ထင်နေတာ"
"ဟာ၊ ဦးရီးတော် ငယ်ငယ်တုန်းက ရှီးရုံနဲ့ ပေတိကို သွားပြီး ရိက္ခာနဲ့ မြင်းတွေ မကြာခဏ သွားလုခဲ့တာပဲ။ ကျွတ် ကျွတ် ကျွတ်၊ ကျန်းတောင် မသိခဲ့ဘူး"
"ဦးရီးတော်၊ ဒါက ကျန်းကို သူစိမ်းလို သဘောထားတာပဲ။ ဒီလောက် ပျော်စရာကောင်းတဲ့ ကိစ္စကို ကျန်းကိုတောင် မပြောပြဘူး... ငါတို့ကိုပြောပါတယ်"
"အခု အကြီးကောင်က ပေတိမြင်းတွေကို လုဖို့ သိပ်မလွယ်တော့ဘူး။ ကျန်း ဦးရီးတော်ကို ပေတိ နယ်စပ်ဘက် ပိုသွားခိုင်းပြီး သူတို့ စစ်မြင်းတွေ ပိုလုခိုင်းသင့်တယ်။ ပေတိဘုရင်ကို ဒေါသထွက်ပြီး သေသွားအောင် လုပ်နိုင်ရင် ကောင်းမှာပဲ"
ဖူရွေ့ချင်းဝမ်: "..." ကျုပ်တော့ ဒီတူတော်မောင်ကို လိုချင်တော့ပါဘူး။
...