အခန်း ၈၁
Vol. 6 Ch. 81
အပိုင်း (၈၁)
ချူဟွားသည် ငယ်စဉ်က အဖိုးအဖွားများနှင့်အတူ စိုက်ခင်းထဲသို့ ဆင်းခဲ့ဖူးသည်။ မြေပဲ၊ ကန်စွန်းဥ၊ ပြောင်းဖူး အကုန် စိုက်ဖူးသည်။ သို့သော် သူမ၏ ယခင်ဘဝက အသက် ၃၀ ကျော် အရွယ်ဖြစ်ပြီး ကူးပြောင်းလာသောအခါ ၁၄ နှစ် အရွယ် ဖြစ်သောကြောင့် ငယ်စဉ်က မှတ်ဉာဏ်များသည် အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် ကန်စွန်းဥ သီးနှံ လှည့်လည်စိုက်ပျိုးခြင်း သတင်းအချက်အလက်ကို တမင်တကာ ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ မည်သို့ လှည့်လည်စိုက်ပျိုးရမည်၊ မည်သည့် သီးနှံနှင့် လှည့်လည်စိုက်ပျိုးရမည်ကို အမှန်တကယ် မသိရှိခြင်းပင်။ ပြင်ပလူက အတွင်းလူကို ညွှန်ကြားခြင်းထက် အနည်းငယ် လမ်းညွှန်မှု ပေးလိုက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနမှ လူများကို ကိုယ်တိုင် လေ့လာစေခြင်းက ပိုကောင်းသည်။
အစောပိုင်းက ကျောက်ရောဂါ ကာကွယ်ဆေး၊ ပင်နီစလင် တို့ကို ထိုနည်းအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင်ဆေးရုံတော်က လုပ်နိုင်လျှင် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း လုပ်နိုင်ရမည်။
ကုန်သည်အဖွဲ့သည် ကန်စွန်းဥ ၃ တောင်း ယူဆောင်လာခဲ့လေသည်။ ၎င်းတို့အနက် အနည်းငယ်ကို ချူဟွားက စားသုံးရန်နှင့် လက်ဆောင်ပေးရန် ယူထားပြီး အများစုကို ကျားယီတို့က ယူဆောင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ကုန်သည်အဖွဲ့၏ သတင်းအချက်အလက်များကိုလည်း ယူဆောင်သွားကြသည်။
လုံးဝ မသိနားမလည်သော သီးနှံအသစ်နှင့် ပတ်သက်ပြီး လူတစ်စု ခေါင်းချင်းဆိုင် လေ့လာနေခြင်း၊ အစမှ ပြန်စနေခြင်းထက် ကန်စွန်းဥ စိုက်ပျိုးဖူးသော ဒေသခံ တောင်သူကြီးများကို မေးမြန်းခြင်းက လမ်းလွဲ ရောက်ခြင်းမှ သက်သာစေနိုင်သည်။
နေ့ရက်များ ကုန်ဆုံးသွားပြီး ပြည်သူများသည် စာတမ်းနီများ ကပ်ခြင်း၊ မီးပုံးများ ချိတ်ဆွဲခြင်း၊ ဗျောက်အိုးများ ဝယ်ယူခြင်းတို့ ပြုလုပ်ကြပြီး နေရာတိုင်းတွင် နှစ်သစ်ကူး အငွေ့အသက်များ ပြည့်နှက်နေလေ၏။
ပုံမှန်အချိန်တွင် ဝယ်ယူရန် နှမြောပြီး ချွေတာလိုစိတ် ရှိသော ပစ္စည်းကောင်းများကိုလည်း သည်တစ်ကြိမ်တွင်တော့ ရက်ရက်ရောရော ဝယ်ယူလိုက်ကြသည်။ နွေဦးပွဲတော် (နှစ်သစ်ကူး) သည် ထူးခြားသော နေ့တစ်နေ့ ဖြစ်သည် မဟုတ်ပါလား။
နှစ်သစ်ကူး ရောက်ရှိလာပြီ ဖြစ်သဖြင့် အရှင်မင်းကြီးသည် စုတ်တံကို သိမ်းဆည်းကာ အနားယူတော်မူလေသည်။ မင်းဆရာကြီးအိုနှင့် မင်းဆရာတို့သည်လည်း သင်ကြားပို့ချမှုကို ခေတ္တ ရပ်ဆိုင်းထားကြသည်။ မင်းသား၅သည်လည်း နှစ်သစ်ကူးရန် နန်းတော်သို့ ပြန်သွားပြီ ဖြစ်သဖြင့် ချူဟွားသည် မနားမနေ အလုပ်များနေခြင်းမှ ၂ ရက်ခန့် အနားယူခွင့် ရရှိတော့သည်။
ကျားယီတို့၏ ကြိုတင် သတိပေးမှု ခံထားရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ချူချီသည် စုန့်ရှန်းကျောင်းတော်မှ ပြန်ရောက်လာပြီးနောက် ချူဟွား ရှေ့တွင် မျက်နှာပြရန် မကြိုးစားဘဲ သူ့ ခြံဝင်းထဲတွင်သာ ရိုးရိုးသားသား နေထိုင်နေသည်။
ချူရှူးကတော့ မင်္ဂလာကြေး ဖြတ်တောက်ခံရခြင်း၏ သက်ရောက်မှုကြောင့် ကြာပန်းဖြူမလေး အငွေ့အသက်များ ပျောက်ကွယ်သွားပြီး သခင်မကြီး ဘေးတွင် တိတ်ဆိတ်စွာ နေထိုင်နေသဖြင့် ကြည့်ရတာ ပိုအဆင်ပြေလာသည်။
ချူချီက ရံဖန်ရံခါ မကျေမနပ် ဖြစ်ပြီး တစ်ခုခု ပြောချင်နေသောအခါ ချူရှူးက နှစ်သစ်ကူးတွင် ပြဿနာ မရှာရန် မျက်လုံးဖြင့် သတိပေးတတ်သည်။ အသက် ပိုငယ်သော ညီမလေးက အစ်ကိုကြီးထက် ပိုအားကိုးနေရလေသည်။
အဖွဲ့အစည်း အသီးသီးက ငြိမ်းချမ်းရေးကို လိုလားကြသဖြင့် ယခုနှစ် နှစ်သစ်ကူး ညစာစားပွဲသည် လွန်ခဲ့သော နှစ်များအတွင်း အငြိမ်းချမ်းဆုံး တစ်ကြိမ် ဖြစ်ခဲ့၏။
သည်အခြေအနေကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့သဖြင့် ချူဖျင်နှင့် ဝမ်သခင်မတို့သည် သက်ပြင်းချနိုင်တော့သည်။ သူတို့နှစ်ဦးသည် သည်နှစ် နှစ်သစ်ကူး မကောင်းမွန်မည်ကို အမှန်တကယ် စိုးရိမ်ခဲ့ကြပြီး အမြဲတမ်း ထိတ်လန့်နေခဲ့ကြကာ အရှုပ်အထွေးများကို ရှင်းလင်းပေးရမည်ကို စိုးရိမ်နေခဲ့ကြသည်။
ထမင်းစားပြီးနောက် သခင်မကြီးသည် အစာကြေစေရန် လမ်းလျှောက်မည်ဟု အကြောင်းပြချက် ပေးကာ ချူချီနှင့် ချူရှူးတို့ကို တွဲခေါ်ပြီး အပြင်ထွက်သွားသည်။ ထွက်သွားပြီးနောက် ပြန်မလာတော့ဘဲ အသက်ကြီးပြီမို့ ပင်ပန်းလို့ဟု ပြောဆိုခိုင်းကာ စောစောစီးစီး အနားယူရန် ပြန်သွားကြသည်။ ချူချီနှင့် ချူရှူးတို့လည်း ပြန်မလာကြတော့ပေ။
"ဒါဆို ကျွန်တော်တို့ မိသားစု ၃ ယောက်ပဲ နှစ်သစ်ကူး စောင့်ကြတာပေါ့" ချူဖျင်က နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ဒီလိုက ပိုကောင်းသည်ဟု ခံစားရသည်။
လူနည်းလေ အမှားပါနိုင်ခြေ နည်းလေပဲ။ သူသည် အမြဲတမ်း စိတ်ပူနေရတာမျိုး မလိုအပ်တော့ပေ။ မိခင်၊ ချူချီနှင့် ချူရှူးတို့ မမှန်မကန် စကားများ ပြောဆိုမည်ကို စိုးရိမ်နေရခြင်း ဖြစ်လေသည်။
သူ့တွင် အခြေအနေကို ထိန်းသိမ်းနိုင်သော တုံ့ပြန်မှုနှင့် အမြန်နှုန်း မရှိသဖြင့် အလွယ်တကူ ပေါ်သွားနိုင်သည်။
ဝမ်သခင်မသည် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပြုံးလိုက်သည်။ သူမလည်း ဒီလိုက ကောင်းသည်ဟု ထင်သော်လည်း အိမ်ရှင်မ တစ်ဦး၏ ဂုဏ်သိက္ခာကြောင့် ထိုစကားမျိုး မပြောနိုင်ပေ။
"ချူချင်းသာ ရှိနေရင် ကျွန်မတို့ မိသားစု ၄ ယောက် အဟောင်းကို နှုတ်ဆက်ပြီး အသစ်ကို ကြိုဆိုနိုင်မှာ"
"ယောကျာ်းကောင်းဆိုတာ အရပ်လေးမျက်နှာကို ဦးတည်ရတယ်။ သူလည်း အရှင်မင်းကြီးနဲ့ ညီလာခံအတွက် အလုပ်သွားလုပ်တာပဲ" ချူဖျင်သည် ကိုယ်တိုင် ရည်မှန်းချက် ကြီးမားသူ မဟုတ်သော်လည်း သားဖြစ်သူအပေါ်တော့ မျှော်လင့်ချက် မြင့်မားလေသည်။ "သူသာ ကောင်းကောင်း ကြိုးစားရင် နောက်နှစ် မြို့တော် ပြန်ရောက်ရင် ရာထူးတိုးပြီး ငါ့ကို အမြန် ကျော်တက်သွားမှာ"
သားဖြစ်သူ ငယ်ငယ်ရွယ်ရွယ်နှင့် သူ့ ရာထူးတူ ဖြစ်လာမည်ကို တွေးလိုက်တိုင်း ချူဖျင်၏ ရင်ထဲတွင် မနာလိုဝန်တိုမှု မရှိဘဲ ဂုဏ်ယူဝင့်ကြွားမှုများသာ ရှိနေသည်။
ဘယ်သူ့ သားက အသက် ၂၁ နှစ်နဲ့ အဆင့် ၅ ရာထူး ရနိုင်လို့လဲ။ ငါ့သားလေ၊ ဟီးဟီးဟီး။
သေချာတာပေါ့။ သမီးဖြစ်သူပါ အရာရှိ ဖြစ်လာရင် ပိုကောင်းမှာ။
ချူဖျင်သည် ဖရဲစေ့များကို တိတ်တဆိတ် စားနေသော ချူဟွားကို ကြည့်လိုက်ပြီး ထိုနေ့ရက် မဝေးတော့ဟု မျှော်လင့်မိသည်။
ယခုနှစ်တွင် အကြီးအငယ် ကြာဖြူ နှစ်ပွင့် ဘေးနားတွင် မရှိဘဲ ထေ့ငေါ့ပြောဆိုခြင်း မရှိသဖြင့် ဝမ်သခင်မ၏ စိတ်အခြေအနေ အထူး ကောင်းမွန်နေပြီး ခင်ပွန်းသည်ကို စနောက်လိုက်သည်။ "ဒါဆို ရှင်လည်း သား ကျော်တက်မသွားအောင် ကြိုးစားသင့်တယ် မဟုတ်လား"
ချူဖျင်၏ အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ဇနီးသည်က သူ အလုပ်မကြိုးစားဘူးလို့ ပြောနေတာလား။
ရှင်မ၊ မင်း ပြောင်းလဲသွားပြီ။ မင်း အရင်တုန်းက ငါ ဒီလိုနေတာ ကောင်းတယ်လို့ ပြောခဲ့တာလေ။ မင်း ဒီလိုပုံစံကို ကြိုက်တယ်လို့ ပြောခဲ့တာလေ။
ချူဖျင်၏ ပြစ်တင်ဝေဖန်သော အကြည့်ကို လက်ခံရရှိလိုက်သောအခါ ဝမ်သခင်မသည် တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ခွက်ကို မကာ နှစ်ငုံခန့် သောက်လိုက်လေသည်။
သူမက အရင်တုန်းကတော့ ခင်ပွန်းသည်က သာမန်ဆန်ပြီး ပေါ့ပေါ့ပါးပါး နေတာ ကောင်းတယ်လို့ ထင်ခဲ့တယ်။ အဓိကက ပြဿနာ မရှာဘူး၊ ဘဝက အေးချမ်းပြီး တည်ငြိမ်တယ်။ ဒါပေမဲ့ အခု သားနဲ့ သမီးက ဆက်တိုက် ကြိုးစားလာတော့ သာမန်ဆန်တဲ့ ခင်ပွန်းသည်က ကြည့်ရတာ အဆင်မပြေတော့ဘူး။
သူများအိမ်တွေမှာ အဖေတွေက သားသမီးတွေကို ဆွဲတင်ပေးကြတယ်။ သူတို့အိမ်မှာကျတော့ သမီးက အစ်ကိုနဲ့ အဖေအရင်းကို ဆွဲတင်ပေးနေရတယ်။ ဒါ ဖြစ်သင့်လို့လား။
ဝမ်သခင်မသည် စကားတစ်လုံးမှ မပြောသော်လည်း အရာအားလုံး ပြောလိုက်သကဲ့သို့ ဖြစ်နေသည်။ ချူဖျင်မှာ စိတ်ဓာတ် ကျဆင်းသွားတော့၏။ သားသမီးတွေ အရမ်း ထူးချွန်တော့ သူ အဖေ လုပ်ရတာ တကယ် ခက်ခဲတာပဲ။
ချူဟွားသည် ဖရဲစေ့ စားရင်း မိခင်ဖြစ်သူက ခင်ပွန်းသည်ကို ဆုံးမနေသည်ကို ဘေးမှ ကြည့်နေလိုက်သည်။ သူမက သမီးတစ်ယောက် မဟုတ်ပါက မိခင်အတွက် လက်ခုပ်တီးပေးချင်စိတ် ပေါက်နေပြီ။
[ဖြောင်း ဖြောင်း ဖြောင်း...] လက်ခုပ်သံ ထွက်ပေါ်လာသည်။ Systemက သည်မြင်ကွင်းကို သဘောကျပြီး ကိုယ်တိုင် လက်ခုပ်သံ အသံပြုလုပ်ပေးနေခြင်း ဖြစ်သည်။
System: [မမကြီးဟွား၊ ငါ ပြောချင်နေတာ ကြာပြီ။ နင့်အဖေက အရမ်း ပေါ့ပေါ့ပါးပါး နေလွန်းတာ မဟုတ်ဘူးလား]
ချူဖျင်နှင့် ဝမ်သခင်မ: "..."
အခြားသူများ: "..."
ချူဟွားသည် ဖခင်၏ အံ့အားသင့်နေသော မျက်နှာကို မမြင်ချင်ယောင်ဆောင်ကာ အလွန် မျှတသော သုံးသပ်ချက် ပေးလိုက်လေသည်။ [ငါ့အဖေရဲ့ ရုပ်ဝတ္ထု လိုအင်ဆန္ဒက နိမ့်တယ်။ သူ့ကို ပစ္စည်းကောင်း ပေးရင် သုံးတယ်၊ သာမန် အရည်အသွေး ပေးရင်လည်း ရတယ်။ ထွေထွေထူးထူး လိုအပ်ချက် မရှိဘူး။ ဒါကြောင့် ရည်မှန်းချက် မမြင့်ဘူး။ သူ့ကို စည်းကမ်းအတိုင်း လုပ်ခိုင်းရင် ရတယ်၊ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း မရှိဘူး]
[ဒါကြောင့်လည်း တရားရေးဝန်ကြီးဌာန ဌာနခွဲ ၄ ခုထဲမှာ သူ့ကို ဧည့်စာရင်းဌာနမှာ ထားရတာ။ အလုပ်နည်းတယ်၊ အရမ်း အေးဆေးတယ်၊ စည်းကမ်းအတိုင်း လုပ်ရင် ရပြီ၊ အမှားမရှိနိုင်ဘူး]
[အေးဆေးတဲ့ ဌာနက အကျိုးဆောင်မှု စုဆောင်းဖို့ မလွယ်ဘူး။ နှစ်အလိုက် အတွေ့အကြုံနဲ့ပဲ ဖြည်းဖြည်းချင်း သွားရတယ်။ သူက လူတွေကို မြှောက်ပင့်ပြောဆိုတာလည်း မကျွမ်းကျင်တော့ ပုံမှန်အတိုင်းပဲ လုပ်နေခဲ့တယ်။ နောက်ပိုင်းကျတော့ ဒီလိုဘဝက ကောင်းတယ်လို့ ထင်ပြီး ကိုယ့်သဘောနဲ့ကိုယ် ငါးဆားနယ် လုပ်လိုက်တော့တာပဲ]
ချူဖျင်သည် ဝမ်သခင်မကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သမီးက ငါ့အကြောင်း ဘယ်လိုလုပ် ဒီလောက် သိနေတာလဲ။ မင်း ပြောပြတာလား။
ဝမ်သခင်မက ခေါင်းခါပြသည်။ မဟုတ်ပါဘူး။ သူမ ကိုယ်တိုင် စဉ်းစားမိတာ ဖြစ်မယ်။
ချူဖျင်က ချက်ချင်း ပျော်ရွှင်သွားသည်။ သမီးက ငါ့ကို နားလည်တယ်ဟေ့။ ပျော်လိုက်တာ။
ဝမ်သခင်မ: "..."
System: [ပြီးခဲ့တဲ့ လနည်းနည်းက သူ ကြိုးစားတာကို ငါ တွေ့ခဲ့သေးတယ်။ ရလဒ်ကတော့ ကြိုးစားရတာ ပင်ပန်းလွန်းလို့ ထင်တယ်၊ မကြာခင်မှာပဲ ငါးဆားနယ်မုဒ်ကို ပြန်ရောက်သွားတယ်။ ငါ သူ့ကို တုတ်နဲ့ ထိုးပြီး တစ်ဖက် လှန်ပေးချင်စိတ် ပေါက်သွားတယ်]
System၏ ကလေးဆန်သော အသံသည် "သံကို သံမဏိ မဖြစ်လို့ စိတ်ပျက်တယ်" ဟူသော လေသံဖြင့် ပြောနေသဖြင့် ကလေးတစ်ယောက် လူကြီးလုပ်ချင်နေသော ဟာသပုံစံ ဖြစ်နေလေသည်။
ချူဟွားက ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။ [ထုံအာရေ၊ နင် ငါးဆားနယ် တစ်ကောင်အပေါ် မျှော်လင့်ချက် သိပ်မထားနဲ့လေ]
System: [ဒါပေမဲ့ နင့်အဖေက ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ စံနှုန်းက အရမ်း နိမ့်လွန်းတယ်]
ချူဖျင်က မကျေနပ်တော့ပေ။ အဆင့် ၅ လေ။ နိမ့်လို့လား။ မနိမ့်ပါဘူး။
ချူဟွား: [ထားလိုက်ပါ၊ ငါ ဓားနဲ့ သူ့လည်ပင်းကို ထောက်ပြီး ကြိုးစားခိုင်းလို့မှ မရတာ။ လက်ရှိ အခြေအနေကို ထိန်းထားနိုင်ရင် မဆိုးပါဘူး]
System: [မမကြီးဟွား၊ နင် နင့်အဖေအပေါ် သတ်မှတ်ထားတဲ့ စံနှုန်းကလည်း နိမ့်တာပဲနော်]
ချူဖျင်၏ နှုတ်ခမ်းထောင့်များ တက်သွားပြီး စိတ်ထဲတွင် ပြောလိုက်သည်။ အဲဒါက သမီးက အဖေ့ကို ချစ်လို့လေ။
ဝမ်သခင်မသည် သူ့ အပြုံးကို ကြည့်ရုံနှင့် သူ ဘာတွေ တွေးနေမှန်း သိလိုက်သည်။ ခေါင်းငုံ့ပြီး လက်ဖက်ရည်ကို တိတ်တဆိတ် သောက်လိုက်သည်။
ရှင့်ကို ချစ်တာလား။ အားနာပါတယ်။ အဲလိုကိစ္စမျိုး မရှိပါဘူး။
ထင်သည့်အတိုင်းပင်။ ချူဟွားက ပြောလိုက်၏။ [ကိစ္စ မရှိပါဘူး။ အကောင့်ကြီး ပျက်စီးသွားရင် အကောင့်သစ် ရှိသေးတာပဲ]
ချူဖျင်၏ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားသည်။ အကောင့်ကြီး အကောင့်သစ်။ ဘာကို ဆိုလိုတာလဲ။
Systemက ရုတ်တရက် သဘောပေါက်သွားကာ [ဟုတ်သားပဲ။ နင့်အဖေ မရရင် နင့်အစ်ကို ရှိသေးတာပဲ]
[နင် နင့်အစ်ကိုအတွက် သတင်းအချက်အလက်တွေ အများကြီး ရှာဖွေပေးဖို့ ငွေအများကြီး သုံးခဲ့တာက နင့်အဖေ အားကိုးမရမှန်း သိလို့ အကောင့်သစ် မွေးမြူနေတာကိုး]
ချူဟွားနှင့် system စကားပြောနေဆဲ ဖြစ်သော်လည်း ချူဖျင်သည် စိတ်ဓာတ်ကျသွားပြီး ဘာမှ မကြားရတော့ပေ။
မူလက အကောင့်ကြီးက သူ၊ အကောင့်သစ်က ချူချင်း ဖြစ်နေတာကိုး။ သမီးက သူ့ကို ချစ်တာ မဟုတ်ဘဲ သူ မရတော့မှန်း သိလို့ လုံးဝ လက်လွှတ်လိုက်တာပဲ။ ဝူး ဝူး...
ချူဟွား: [ထုံအာရေ၊ နှစ်သစ်ကူးကြီးမှာ ငါ့အစ်ကို ဘာလုပ်နေလဲ]
System: [ခဏလေး၊ ငါ ကြည့်လိုက်ဦးမယ်]
ဝမ်သခင်မသည် ချူဖျင် စိတ်နဲ့ကိုယ် မကပ်ဘဲ အကြီးအကျယ် ထိုးနှက်ခံရသော ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့ ခါးမှ အသားနုကို ဆွဲပြီး ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်သည်။
သားရဲ့ သတင်းကိုတောင် နားမထောင်ဘဲ ဘာတွေ တွေးနေတာလဲ။
"ဟင်း——" ချူဖျင်သည် လေအေး တစ်ချက် ရှူရှိုက်လိုက်မိသည်။ ဝမ်သခင်မက ဘာလို့ ဆွဲတာလဲ မေးမလို့ လုပ်တုန်း ပေါင်ကို ထပ်မံ အဆွဲခံလိုက်ရသဖြင့် နာကျင်မှုကြောင့် အလျင်အမြန် သတိပြန်ဝင်လာသည်။
ချူဖျင်သည် ချူဟွားကို အလျင်အမြန် ကြည့်လိုက်ရာ ချူဟွားက သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး အကြည့်ချင်း ဆုံသောအခါ ရှက်ရွံ့သော်လည်း ယဉ်ကျေးသော အပြုံးတစ်ခု ပြုံးပြကာ အကြည့်လွှဲသွားသည်ကို တွေ့လိုက်ရသည်။ 'အဖေ အမေ့ကို စိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီလား' ဟု ပြောနေသကဲ့သို့ပင်။
ချူဖျင်၏ ရင်ထဲတွင် ခါးသီးနေသော်လည်း ထုတ်ပြောလို့ မရပေ။
System: [ဟေး၊ နင့်အစ်ကိုမှာ မေတ္တာရေး ကံကောင်းမှု ရှိနေတယ်ဟ]
ချူဟွားမှာ ချက်ချင်း စိတ်ဓာတ် တက်ကြွလာသည်။ [ဘာ။ ပြောပြစမ်းပါဦး]
သူမ အစ်ကိုသည် ရုပ်ရည် ချောမောပြီး အရပ် ၆ ပေကျော် ရှိကာ စာပေရော စစ်ရေးပါ ကျွမ်းကျင်သော်လည်း အသက် ၂၀ အရွယ်အထိ စေ့စပ်ထားခြင်း မရှိသေးပေ။ ယင်းမှာ ချူဖျင်နှင့် ဝမ်သခင်မတို့က သူ့ကို အသက်မွေးဝမ်းကျောင်း အလုပ် အရင် လုပ်စေပြီးမှ အိမ်ထောင်ပြုစေလိုသော ဆန္ဒကြောင့် ပါသလို ဒီကောင်လေးက "သံမဏိ ယောက်ျားစစ်စစ်" (အဖြောင့်ဆန်လွန်း) ဆန်လွန်းအားကြီးပြီး မေတ္တာရေး ကံကောင်းမှုများကို တားဆီးပစ်တတ်သောကြောင့်လည်း ပါသည်။
မိန်းကလေး တစ်ယောက်က သူ့ ခြေရင်းမှာ လက်ကိုင်ပဝါ တစ်ထည် ကျသွားခဲ့ရင် သာမန် အမျိုးကောင်းသားတွေဆို ကောက်ပေးပြီး ပြန်ပေးမယ်။ ပြီးရင် အခွင့်ကောင်းယူပြီး စကားနည်းနည်း ပြောမယ်။ နာမည်၊ မျိုးရိုး မေးမြန်းမယ်။ ပြန်ရောက်ရင် လူကြီးတွေကို တစ်ဖက်လူရဲ့ အကျင့်စာရိတ္တ၊ မိသားစု အခြေအနေ မေးမြန်းခိုင်းပြီး ဒုတိယအကြိမ် တွေ့ဆုံဖို့ အခွင့်အရေး ရှာမယ်။
ရလဒ်က ချူချင်း ဘာလုပ်လဲ။
ဒီကောင်က လက်ကိုင်ပဝါကို ပြန်ပေးပြီး "မိန်းကလေး၊ ခင်ဗျား လက်ကိုင်ပဝါ ကျသွားတယ်" လို့ ပြောပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားတယ်။
မိန်းကလေးက နေရာမှာတင် ကြောင်သွားတာပေါ့။
ဒီလို အချစ်စိတ် ကင်းမဲ့တဲ့ သံမဏိ ယောက်ျားစစ်စစ်က မေတ္တာရေး ကံကောင်းမှု ရှိနေသည် ဆိုတော့ ကြားလိုက်ရသည့် ချူမိသားစုဝင်တွေ စိတ်လှုပ်ရှားသွားကြသည်။
အိပ်နေပြီဟု ဆိုသော သခင်မကြီးသည် နားစွင့်နေသည်။ ချူဟွားနှင့် systemတို့ တတွတ်တွတ် ပြောနေတာကို နားငြီးသည်ဟု ထင်နေသော ချူချီနှင့် ချူရှူးတို့လည်း နားမငြီးတော့ပေ။ ဒီဖရဲသီးက ကောင်းတယ်။
ချူဖျင်နှင့် ဝမ်သခင်မတို့က အစိတ်လှုပ်ရှားဆုံး ဖြစ်သည်။ သူတို့ မျှော်လင့်နေသော ချွေးမလေး နောက်ဆုံးတော့ ရောက်လာပြီလား။
System: [နင့်အစ်ကိုက အထူးစေလွှတ်တဲ့ တော်ဝင်ကိုယ်စားလှယ်လေ။ အစတုန်းက သရုပ်မှန်းကို ဖုံးကွယ်ပြီး ဖြည်းဖြည်းချင်း စစ်ဆေးနေတာ။ ဒါပေမဲ့ ဒီလောက် အချိန်ကြာလာတော့ လမ်းတစ်လျှောက်လုံး လူတွေ အများကြီးကို အရေးယူခဲ့တယ်။ သူ့ ပုံတူတွေ၊ ကိုယ်ရေး အချက်အလက်တွေ အကုန်လုံး ပျံ့နှံ့နေပြီ]
[မကြာသေးမီက သူ ကျင်းယန်ခရိုင်မှာ တည်းခိုခဲ့တယ်။ ဒေသခံ မြို့ပိုင်မင်းက သူ နှစ်သစ်ကူး ညကြီး အိမ်မပြန်နိုင်ဘဲ တစ်ယောက်တည်း အပြင်မှာ နှစ်သစ်ကူးရတာ သနားစရာ ကောင်းတယ်လို့ ထင်ပြီး ဆောင်ကြာမြိုင်က နာမည်ကြီး တစ်ယောက်ကို ငွေပေးပြီး ချူချင်းကို ပြုစုခိုင်းလိုက်တယ်]
[တံခါး ဖွင့်လိုက်တာနဲ့ နာမည်ကြီးကချေသည်က နွဲ့နွဲ့နှောင်းနှောင်းနဲ့ ချူချင်း ကိုယ်ပေါ်ကို လှမ်းဖက်လိုက်တယ်။ ချူချင်းက ဒီလို အခြေအနေမျိုး ဘယ်မြင်ဖူးမလဲ။ လန့်သွားပြီး "ခင်ဗျား ဒီဘက် မလာနဲ့" လို့ အော်ရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်တာ အကျော်အမော် မျက်လုံး၊ ပန်ဒါမျက်လုံး ဖြစ်သွားရော ဟားဟားဟား...]
သည်အခိုက်အတန့်တွင် ကြားလိုက်ရသော ယောက်ျား၊ မိန်းမ၊ အဘိုး၊ အဘွား အားလုံး တိတ်ဆိတ်သွားကြ၏။
ချူ အိမ်တော် တစ်ခုလုံး system၏ မောက်မာသော ရယ်မောသံများ ပဲ့တင်ထပ်နေသည်။ [ချူချင်းက တကယ် ရယ်ရတယ်ဟ။ နာမည်ကြီးမလေးက တကယ် ကျေးဇူးတင်မိမှာပဲ ဟားဟားဟား...]
ယောက်ျားများက အံကြိတ်ထားကြသည်။ အချစ်စိတ် ကင်းမဲ့တာတော့ မြင်ဖူးပါရဲ့။ ဒါပေမဲ့ မင်းလိုမျိုး တွေ့တာနဲ့ အချစ်စိတ်ကို တိုက်ရိုက် ထိုးကြိတ်ပစ်တာမျိုးတော့ မမြင်ဖူးဘူး။
မိန်းမများက စကားမပြောနိုင် ဖြစ်သွားကြသည်။ ပြည့်တန်ဆာမကို မကြိုက်ရင်လည်း တွေ့တာနဲ့ လူကို ရိုက်စရာ မလိုပါဘူး။ အဲ့ဒီလောက် ဖြစ်အောင် ရိုက်လိုက်မှတော့ သူ ဘယ်လိုလုပ် ဧည့်သည် လက်ခံလို့ ရတော့မလဲ။
ချူဟွားသည် စိတ်ကူးဉာဏ် ဘယ်လောက်ပဲ ကောင်းကောင်း ဒီလို အဖြစ်မျိုး ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ၃ စက္ကန့်ခန့် စကားမပြောနိုင် ဖြစ်သွားပြီးမှ မေးလိုက်သည်။ [နာမည်ကြီးမလေးက သူ့ကို ပြန်ရိုက်လား]
Systemက ရယ်မောရင်း ပြောသည်။ [မရိုက်ပါဘူး ဟားဟား]
[နာမည်ကြီးမလေးက သူ ဘာလို့ ရောက်လာလဲ ဆိုတာ ကိုယ်တိုင် ရှင်းပြလိုက်တယ်။ ချူချင်းက အလျင်အမြန် တောင်းပန်ပြီး သူ နောက်ရက်တွေမှာ ဧည့်သည် လက်ခံဖို့ မလွယ်ကူမှာ စိုးရိမ်လို့ ငွေ နည်းနည်း လျော်ကြေး ပေးချင်နေတယ်]
ဒါက ချူချင်း လုပ်မည့် ကိစ္စမျိုးပင်။ လူတိုင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။
အချစ်စိတ် ကင်းမဲ့တာ ကိစ္စ မရှိဘူး။ အကျင့်စာရိတ္တ ကောင်းမွန်ရင် ပြီးတာပဲ။ ဒါပေမဲ့... ငွေ သို့မဟုတ် အလှအပနဲ့ တော်ဝင်ကိုယ်စားလှယ်ကို လာဘ်ထိုးတာက ဒေသခံ အရာရှိတွေရဲ့ မဖြစ်မနေ လုပ်ရမဲ့ အစီအစဉ်ပဲ။ ချူချင်းရဲ့ လုပ်ပုံကိုင်ပုံအရ သူ ယူသွားတဲ့ ငွေက လျော်ကြေးပေးဖို့ လောက်ပါ့မလား။
System၏ လေသံက တည်ငြိမ်သွားသည်။ [နာမည်ကြီးမလေးက သူ့ ငွေကို မလိုချင်ဘူး။ သူ့ကို ကိစ္စတစ်ခု ကူညီပေးဖို့ပဲ တောင်းဆိုတယ်]
ချူဟွားသည် ဖရဲသီးကြီး၏ အနံ့ကို ရလိုက်၏။ [ဘာကိစ္စလဲ]
System: [ပျောက်ဆုံးနေတဲ့ သူ့အဖေ၊ အစ်ကို၊ မောင်လေး၊ စေ့စပ်ထားသူကို ရှာပေးဖို့]
ချူဟွား: ???
အခြားသူများ: ???
ဘာလို့ ပျောက်တာနဲ့ ၄ ယောက်တောင် ပျောက်သွားတာလဲ။ လူပျောက်တဲ့ အသိုက်အမြုံကို ထိုးမိတာလား။
Systemက ဆက်ပြောလေသည်။ [သူ ပြောတာကတော့ အစောဆုံး ပျောက်သွားတာက သူ့အဖေနဲ့ အစ်ကိုတဲ့။ ဒီနှစ် ရေကြီးပြီးနောက်ပိုင်း အိမ်မှာ ပိုလျှံငွေ မရှိတော့လို့ အဖေနဲ့ အစ်ကိုက မိုင်းလုပ်သား ခေါ်တာ ကြားပြီး ရွာထဲက လူတွေနဲ့အတူ အလုပ်ထွက်လုပ်ကြတာ]
[ရလဒ်ကတော့ သူတို့ ထွက်သွားပြီး ပြန်မလာတော့ဘူး။ သတင်းအစအနလည်း မရဘူး။ သူနဲ့ မောင်လေးလည်း စိတ်ပူတယ်။ ရွာထဲက လူတွေလည်း စိတ်ပူကြတယ်။ နောက်တော့ ရွာက လူတစ်စု စုပြီး မိုင်းတွင်းကို သွားပြီး အကျိုးအကြောင်း မေးမြန်းကြတယ်။ သူတို့လည်း ထွက်သွားပြီး ပြန်မလာကြတော့ဘူး]
[သူ စိတ်ပူပြီး ဒေါသထွက်လို့ ရုံးတော်ရုံးကို သွားတိုင်တယ်။ နောက်တော့ သတင်းရတာက အဲ့ဒီလူတွေ မိုင်းတွင်းကို မသွားကြဘူးတဲ့။ မိုင်းတွင်းက လူတွေက သူတို့ကို မတွေ့ဖူးဘူးတဲ့။ လမ်းတစ်ဝက်မှာ တခြားနေရာ သွားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဓားပြတွေ သတ်တာ ခံလိုက်ရတာ ဖြစ်နိုင်တယ်တဲ့]
[မိန်းကလေးက ဒီလို ပြောဆိုချက်ကို ဘယ်လက်ခံနိုင်မလဲ။ သူ ကိုယ်တိုင် မိုင်းတွင်းကို တိတ်တိတ်လေး သွားကြည့်တယ်။ အဲ့ဒီရောက်တော့ စစ်သားတွေက အရမ်း တင်းကျပ်စွာ စောင့်ကြပ်နေတာ တွေ့ရတယ်။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ လူအများအပြား အပေါ်ပိုင်း ဗလာနဲ့ မိုင်းတူးနေကြတယ်။ အဲ့ဒီအထဲက တစ်ယောက်က သူ သိတဲ့ ရွာသား ဖြစ်နေတယ်]
[မိန်းကလေးက ဒီကိစ္စမှာ ပြဿနာ ရှိတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ စစ်သားတွေကို တွေ့လိုက်တော့ မြို့ပိုင်မင်းက ဒီလူတွေနဲ့ ပူးပေါင်းနေတာလား ဆိုတာ မသိရဘူး။ သူ ဘယ်သွားပြီး လူရှာရမလဲ မသိဘူး။ နည်းလမ်း မစဉ်းစားရသေးခင်မှာပဲ လူမိသွားပြီး ဆောင်ကြာမြိုင်ကို ရောင်းစားခံလိုက်ရတယ်]
ချူဟွား: [ရုံးတော်က တရားဝင် မိုင်းတူးတာဆိုရင် ဒီလောက် ဖုံးကွယ်စရာ မလိုဘူး။ ရုံးတော် မသိတဲ့ မိုင်းကြော ဖြစ်ရင် ဖြစ်၊ ဒါမှမဟုတ် ဒေသခံ အရာရှိတွေက ရုံးတော်ကို ဖုံးကွယ်ပြီး တိတ်တဆိတ် တူးဖော်နေတာ ဖြစ်မယ်]
System: [ပထမ တစ်ခုပဲ။ မမကြီးဟွား၊ ဒါ ဘာမိုင်းလဲ ခန့်မှန်းကြည့်]
ချူဟွား: [သတ္တု ဖြစ်ရမယ်။ ကြေးနီ၊ သံ၊ ရွှေ၊ ငွေ ဖြစ်နိုင်တယ်။ မဟုတ်ရင် အမြတ်အစွန်း မများလို့ သူတို့ ဒီလောက် အန္တရာယ် များတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး]
System: [မှန်တယ်။ ကြေးနီမိုင်း]
ကြေးနီဟု ကြားလိုက်ရသည်နှင့် ချူဟွား တစ်ကိုယ်လုံး ကြက်သီးထသွားသည်။
ကြေးနီမိုင်းကို တိတ်တဆိတ် တူးဖော်ခြင်း။ ဤ ရလဒ်သည် သံမိုင်းထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။
သံမိုင်းက သန့်စင်ဖို့ လိုသေးတယ်။ ပုန်ကန်မယ် ဆိုရင်တောင် လက်နက်တွေ၊ သံချပ်ကာတွေ ထုလုပ်ဖို့ လူရှာရဦးမယ်။ ဖုံးကွယ်ဖို့ နေရာ ရှာရဦးမယ်။ သယ်ယူပို့ဆောင်ဖို့ နည်းလမ်း ရှာရဦးမယ်။ လုပ်ငန်းစဉ် များလေလေ၊ ပါဝင်ပတ်သက်သူ များလေလေ၊ ပေါက်ကြားနိုင်ခြေ များလေလေပဲ။
ဒါပေမဲ့ ကြေးနီမိုင်း ဆိုရင်တော့... အရည်ကျိုပြီး ကြေးပြားပိုက်ဆံတွေ သွန်းလုပ်မယ်။ နှစ်တိုင်း ကြေးပြားပိုက်ဆံ အသစ် ထုတ်ဝေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ဈေးကွက်ထဲ ဖြန့်မယ်။ ပြည်သူတွေက အစစ်နဲ့ အတု ခွဲခြားဖို့ ခက်ခဲတယ်။ မူလရင်းမြစ်ကို ရှာဖွေဖို့ ခက်ခဲတယ်။ ငွေကြေး ဈေးကွက်ကိုလည်း ထိခိုက်စေမယ်။
ရိုးရိုးရှင်းရှင်း ပြောရရင် ငွေကြေးဖောင်းပွမှု ဖြစ်ပြီး ကုန်ဈေးနှုန်းတွေ တက်လာမယ်။
ချူဟွား: [သူတို့ ကြေးပြားပိုက်ဆံတွေ တိတ်တဆိတ် သွန်းလုပ်နေကြတာလား]
System: [ဟုတ်တယ်]
ချူဟွား: [အတုတွေလား]
Systemက သိပ်မသေချာပေ။ [ရုံးတော်က သွန်းလုပ်တာ မဟုတ်ရင် အတုတွေ... ဖြစ်မှာပေါ့နော်]
…