အခန်း ၈၄
Vol. 6 Ch. 84
အပိုင်း (၈၄)
ပထမရက်တွင် ဘိုးဘေးကန်တော့ခြင်း၊ ဘုရားရှိခိုးခြင်းနှင့် အမွှေးတိုင်ထွန်းခြင်းတို့ကို ပြုလုပ်ကြသည်။
ဒုတိယရက်တွင် မိဘအိမ်ပြန်ခြင်းနှင့် နှစ်သစ်ကူး ဂါရဝပြုခြင်းတို့ကို ပြုလုပ်ကြ၏။
နှစ်သစ်ကူးအစမှ မီးထွန်းပွဲတော် ရောက်သည်အထိ ချူဟွားတစ်ယောက် အလုပ်များနေခဲ့ပြီး အခုမှသာ အားလပ်ချိန် အနည်းငယ် ရတော့သည်။ ဒါကလည်း နှစ်သစ်ကူးရုံးပိတ်ရက်၏ နောက်ဆုံးနေ့ဖြစ်ပြီး မနက်ဖြန်မှစ၍ မနက်၊ နေ့လယ်၊ ည စာသင်ရမည့် အချိန်ဇယား ပြန်စတော့မည်။
ခေတ်သစ်၏ နှစ်သစ်ကူးသည် ဆွေမျိုးများထံ လည်ပတ်ခြင်းသာ ဖြစ်၏။ လူကြီးများက ဝိုင်းဖွဲ့ပြီး ဖဲရိုက်ခြင်း သို့မဟုတ် မာကျောက်ကစားခြင်းတို့ ပြုလုပ်ကြသည်။ နေရာအများစုတွင် ဗြောက်အိုးဖောက်ခြင်းကို တားမြစ်ထားသဖြင့် နှစ်သစ်ကူးနှင့် ပုံမှန်အချိန်သည် သိပ်ပြီး ကွာခြားမှု မရှိတော့ဘဲ နှစ်သစ်ကူးအငွေ့အသက်များက မှေးမှိန်နေပြီ ဖြစ်သည်။
ဟိုပြေးဒီလွှားနှင့် ဟိုလူ့ကို သွားကန်တော့၊ ဒီလူ့ကို သွားကန်တော့ လုပ်နေရသော်လည်း ချူဟွားကတော့ ပျော်ရွှင်နေလေသည်။ အထူးသဖြင့် မီးထွန်းပွဲတော် ရှိသည့် မီးပုံးပွဲတော်နေ့ပင်။
ငယ်စဉ်က ဝမ်သခင်မသည် မီးပုံးပွဲတော်တွင် လူများသဖြင့် အစေခံများက သူမကို ကောင်းစွာ မစောင့်ရှောက်နိုင်မည်ကို စိုးရိမ်ခဲ့သည်။ သတိမထားမိခင်မှာပင် လူကုန်ကူးသူများ ဖမ်းခေါ်သွားမည်ကို ကြောက်ရွံ့သဖြင့် အပြင်ထွက် ဆော့ကစားခွင့် မပေးခဲ့ချေ။ အများဆုံးအနေဖြင့် အစေခံများကို ယုန်ရုပ် သို့မဟုတ် ရွှေငါးပုံစံ မီးပုံးတစ်လုံး ဝယ်ခိုင်းပြီး အိမ်ပြန်ယူလာကာ ဆော့ကစားစေခဲ့သည်။
အစ်ကိုချူချင်းက ညီမဖြစ်သူ အမှန်တကယ် တောင့်တနေသည်ကို မြင်သောအခါ အပြင်ထွက်ပြီး ပတ်ကြည့်ပေးလေ့ ရှိသည်။ ပြန်ရောက်သောအခါ အပြင်တွင် ဘာတွေ ရှိသည်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောပြတတ်၏။
ချူဟွား၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ အစ်ကိုချူချင်းက မျက်နှာထား တင်းတင်းဖြင့် မီးပုံးပွဲတော်တွင် ဘယ်သူ ရေထဲကျသွားကြောင်း၊ ဘယ်သူ့ကလေး အဖမ်းခံလိုက်ရကြောင်း ပြောပြတတ်သည်။ တစ်ယောက်တည်း ခိုးထွက်မသွားရန်၊ မဟုတ်လျှင် လူကုန်ကူးသူများ ဖမ်းသွားလိမ့်မည်ဟု သတိပေးလေသည်။
ပါးစပ်ဖြင့် ပြောရုံနှင့် မလုံလောက်ဘဲ သူက လက်တွေ့ သရုပ်ဆောင်ပြသေး၏။ ကြောင်မကြီးက ကြောင်ပေါက်စကို ကိုက်ချီသကဲ့သို့ ချူဟွား၏ ကော်လာစကို ဆွဲကိုင်ပြီး ဟိုဟိုသည်သည် ဆွဲခေါ်သွားတတ်သည်။ သို့မဟုတ်လျှင် ချူဟွား၏ ခါးကို နောက်မှ ပွေ့ဖက်ပြီး မချီလိုက်ရာ သူမကို အသက်ရှူကျပ်ပြီး သေလုနီးပါး ဖြစ်စေခဲ့သည်။
ချူဟွားသည် ရုပ်ရည်ချောမောသော်လည်း မကြာခဏ ရူးကြောင်ကြောင် လုပ်တတ်သော အစ်ကိုအရင်းကို အနည်းငယ် လွမ်းဆွတ်မိသွားတော့သည်။
[ဝိုး— ဒါက မီးပုံးပွဲတော်လား။ လှလိုက်တာ] systemသည် ရှေးခေတ်၏ စစ်မှန်သော မီးပုံးပွဲတော်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်နေသည်။
[မမကြီးဟွား မမကြီးဟွား။ ဟိုနားလေး သွားရအောင်။ ငါ သကြားရုပ် ကြည့်ချင်တယ်]
ချူဟွားသည် ရုတ်တရက် သတိဝင်လာပြီး ရယ်မောမိတော့သည်။ သူမက မောင်ငယ်လေး တစ်ယောက်ကို ခေါ်ပြီး မီးပုံးပွဲတော် လာကြည့်နေတာလား။
သကြားရုပ်ဆိုင်နားသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး [ကောင်းပြီ။ သေသေချာချာ ကြည့်ထား]
သူမ လှုပ်ရှားလိုက်သည်နှင့် ချင်းကျူနှင့် ဟုန်မေ တို့က ကပ်လိုက်လာကြသည်။ ကျားယီ၊ ချိုက်ကန်းနှင့် ပုန်းအောင်းနေသော လျှို့ဝှက်အစောင့်များ၊ နန်းစောင့်တပ်သားများကလည်း လိုက်ပါ လှုပ်ရှားလာကြ၏။ သူတို့အားလုံးသည် မျက်စိရှင်ရှင် ထားပြီး နေရာစုံကို နားစွင့်ကာ အချိန်မရွေး ပေါ်လာနိုင်သော လုပ်ကြံသူများကို သတိထားနေကြသည်။
ချူဟွားနှင့် systemကြောင့် လူများစွာ အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းနှင့် ပိုင်ဆိုင်မှုများ အသိမ်းခံရခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် သူမ၏ အသက်ကို လိုချင်သူ များပြားလှသည်။
ယခင်က သူမသည် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်ထွက်လျှင်ဖြစ်စေ နန်းစောင့်တပ်သားများ၏ အကာအကွယ် ပါရှိသဖြင့် လူများစွာအတွက် လက်စ စရန် ခက်ခဲခဲ့သည်။ ဥပမာအားဖြင့် ပထမရက် ညသန်းခေါင်တွင် ချန်ဟွားကျွီသို့ ဝင်ရောက်လာသော လုပ်ကြံသူများကို နန်းစောင့်တပ်သားများက တိတ်တဆိတ် ရှင်းလင်းပစ်ခဲ့သည်မှာ မည်မျှ ရှိသည်ကို မသိနိုင်ပေ။
ဒီည မီးပုံးပွဲတော်သည် လုပ်ကြံရန် အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ခုပင်။ လူအုပ်ကြီးပြီး လူပေါင်းစုံ ရောနှောနေသဖြင့် သတိမထားမိလိုက်ပါက မတော်တဆမှုများ အလွယ်တကူ ဖြစ်ပွားနိုင်သည်။ သို့သော် ချူဟွားသည် အိမ်ထဲတွင်ချည်း ထာဝရ ပုန်းအောင်းနေ၍ မရနိုင်ပေ။
ထို့အပြင် ချူဟွား အိမ်တွင် နေလျှင်လည်း လုပ်ကြံခြင်း၊ အဆိပ်ခတ်ခြင်းတို့က ရပ်တန့်သွားသည် မဟုတ်ပေ။ နန်းစောင့်တပ်သားများက ကြိုတင် ဟန့်တားထားနိုင်ခဲ့၍သာ။
ထူဝမ်ကွမ်းက လင်ယိုကို တင်ပြပြီး လင်ယိုက အရှင်မင်းကြီးကို တင်ပြခဲ့သည်။ လူတိုင်း တိုင်ပင်ဆွေးနွေးပြီးနောက် မြွေကို တွင်းထဲက ထွက်လာအောင် မျှားခေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သံသယဖြစ်ဖွယ် အပြုအမူရှိသူ တွေ့ရှိပါက လူကုန်ကူးသူလား၊ သူခိုးလား၊ လူသတ်သမားလား ဆိုသည်ကို ဂရုမစိုက်ဘဲ အရင်ဆုံး ဖမ်းဆီးထားလိုက်သည်။
ထို့အပြင် systemသည် သခင်ကို အလွန် ကာကွယ်တတ်သဖြင့် ပုန်းအောင်းနေသော လူသတ်သမား အနားကပ်လာပါက သေချာပေါက် သတိပေးပေလိမ့်မည်။
System: [မမကြီးဟွား ငါ ယုန်ပုံစံ သကြားရုပ် လိုချင်တယ်]
System: [မမကြီးဟွား ငါ မြေခွေးမျက်နှာဖုံး ဝယ်ချင်တယ်]
ချူဟွားသည် မောင်ငယ်လေးကို ခေါ်ထုတ်လာသော အစ်မကြီးကဲ့သို့ပင် system ဘာလိုချင်သည် ပြောပြော သူမ သွားကြည့်ပေးသည် သို့မဟုတ် ဝယ်ပေးလေသည်။
လက်ဖက်ရည် တစ်အိုး ကုန်ချိန်အတွင်းမှာပင် ချင်းကျူနှင့် ဟုန်မေ တို့၏ လက်ထဲတွင် ပစ္စည်းများ ပြည့်သွားသဖြင့် ပစ္စည်းများ ထားရန် အိမ်သို့ တစ်ခေါက် ပြန်လိုက်ရသည်။
System: [မမကြီးဟွား ဟိုမှာ မျက်လှည့်ပြပွဲ ရှိတယ်။ ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ထုခွဲမှာတဲ့။ ငါ ကြည့်ချင်တယ်]
ချူဟွားသည် မျက်လှည့်ပြပွဲ ဆိုင်တန်းနားသို့ တိုးကပ်သွားလိုက်ပြီး [နင်က ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ထုခွဲတာရဲ့ သဘောတရားကို သိရက်နဲ့ ကြည့်ချင်သေးတာလား]
Systemက မာန်ပါပါဖြင့် နှခေါင်းရှုံ့လိုက်၏။ [ငါ ဖရဲသီး မစားသရွေ့ အထဲက လှည့်ကွက်ကို ငါ မသိဘူးလေ]
ချူဟွားက ရယ်မောလိုက်သည်။ [တကယ်လား။ နင် ဖရဲသီး မစားဘဲ နေနိုင်လို့လား]
ကျားယီနှင့် ချိုက်ကန်း တို့ကလည်း မယုံကြည်ကြပေ။ အတင်းပြောစနစ်က အတင်းမပြောဘဲ နေခြင်းသည် ကြောင်က ငါးမစားဘဲ နေခြင်းနှင့် အတူတူပင်။
Systemကိုယ်တိုင်ပင် ခဏလောက် တွေးဆသွားသည်။ စူးစမ်းလိုစိတ် ဟူသည့် နတ်ဆိုးငယ်ကို သူ မယှဉ်နိုင်ကြောင်း ထင်ရှားနေသည်။
[ဒါဆို ငါ ကြည့်ပြီးမှ စားရမလား]
ချူဟွား: [ဟွတ်... အဟွတ်]
Systemက ဒေါသထွက်သွားသည်။ [မမကြီးဟွား နင် ငါ့ကို လှောင်နေတာမလား]
ချူဟွား: [မဟုတ်ပါဘူး။ ငါ တံတွေးသီးသွားလို့ပါ]
Systemက သံသယ ဝင်သွားသည်။ [တကယ်လား]
ချူဟွား: [တကယ်ပါ]
System: [ဒါဆို ရှန်လုရဲ့ အလှရှင်လေး မျက်နှာကို တိုင်တည်ပြီး ကျိန်ဆိုလိုက်။ နင် လိမ်ပြောရင် သူ့မျက်နှာပေါ်မှာ ဝက်ခြံတွေ အများကြီး ပေါက်ပါစေလို့]
ချူဟွား: "..."
ကျားယီနှင့် အခြားသူများ: "..."
ဒါက ရက်စက်လွန်းရာ မကျဘူးလား။ ဘယ်သူကများ ကျိန်စာတိုက်ရင် တခြားလူအပေါ် သက်ရောက်စေချင်ရတာလဲ။
သို့သော် ရုပ်ချောမှ ကြိုက်တတ်သူများအတွက်တော့ ဤကျိန်ဆိုမှုက ကွက်တိပင်။ ချူဟွားသည် ကူးပြောင်းလာခြင်းကဲ့သို့ သဘာဝလွန် ဖြစ်ရပ်မျိုး ကြုံတွေ့ထားရသဖြင့် ပေါ့ပေါ့ဆဆ ကျိန်ဆိုရဲမည် မဟုတ်ပေ။
ချူဟွားက ပြတ်ပြတ်သားသား ဝန်ခံလိုက်သည်။ [တောင်းပန်ပါတယ်။ ငါ တကယ်ပဲ နင့်ကို ရယ်မိလိုက်တာပါ]
Systemက ဝါးခနဲ ထငိုတော့သည်။ [ငါ သိသားပဲ။ အီး... ဟီး... ဟီး]
တစ်စက္ကန့်တောင် မပြည့်ခင်မှာပင်။ [မမကြီးဟွား နင် ငါ့ကို မချစ်တော့ဘူး] ဟူသည့် စကားလုံး ပါးစပ်က မထွက်လာသေးခင် ချူဟွားက မျက်လှည့်ပြပွဲ ဆိုင်တန်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ Systemက ချက်ချင်း ပျော်ရွှင်သွား၏။ [ဝိုး— စပြီ။ စပြီ]
ချူဟွားက ကြိတ်ပြီး ရယ်မောလိုက်မိသည်။ systemအတုံးလေးက ချော့ရတာ အရမ်း လွယ်တာပဲ။
188 တွင် စက်ရုံထုတ် အချက်အလက်များစွာ ပါရှိသော်လည်း ဓာတ်ပုံ တစ်ပုံနှစ်ပုံသာ ပါရှိပြီး လုပ်ငန်းစဉ် တစ်ခုလုံးကို ရိုက်ကူးထားခြင်း မရှိပေ။ ထို့ကြောင့် ဤသည်မှာ လက်တွေ့ မျက်မြင် ရင်ဘတ်ပေါ် ကျောက်တုံးတင် ထုခွဲခြင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
[ဝိုး— ဒီကျောက်တုံးကြီးက အကြီးကြီးနဲ့ အလေးကြီးပဲ]
[တကယ်ရော အဆင်ပြေရဲ့လား]
[အောက်မှာ လှဲနေတဲ့လူက ပိန်လိုက်တာ]
[တူကိုင်ထားတဲ့လူက ထွားလိုက်တာ၊ လက်သီးတစ်ချက်ဆို ကလေးတစ်ယောက်လောက် သေသွားနိုင်တယ်]
[တူနဲ့ ဒီလို ထုချလိုက်ရင် လူကို တကယ် မသေစေဘူးလား]
ချူဟွား၏ ပတ်ဝန်းကျင်တွင် ရင်ဘတ်ပေါ် ကျောက်တုံးတင် ထုခွဲခြင်းကို စိတ်ဝင်စားပြီး ရောက်လာကြသည့် ကလေးများစွာ ရှိနေသည်။ ကလေးများက ဆူညံစွာ စကားပြောနေကြပြီး သူတို့ ပြောသည့် စကားများသည် system ပြောသည်နှင့် ဆင်တူနေသဖြင့် ခန္ဓာကိုယ် မရှိသော systemသည် သူတို့ကြားထဲတွင် ပြီးပြည့်စုံစွာ ရောနှောနေပြီး လူအများ သတိမထားမိကြပေ။
ချူဟွား: [နင်က ဖျော်ဖြေပွဲကို ငြိမ်ငြိမ်လေး ကြည့်ချင်တာလား၊ ကြည့်ရင်းနဲ့ ရင်ဘတ်ပေါ် ကျောက်တုံးတင် ထုခွဲတာရဲ့ သဘောတရားကို ငါ ရှင်းပြတာ နားထောင်ချင်တာလား]
ဒီဖျော်ဖြေပွဲက မျက်လှည့်ပြတာနဲ့ တူတူပါပဲ။ အတွင်းက လှည့်ကွက်တွေကို ကြိုသိသွားရင် ဘာစိတ်ဝင်စားစရာ ကောင်းတော့မှာလဲ။
Systemက ငြင်းဆန်လိုက်၏။ [ငါ နားမထောင်ဘူး။ ငါ နားမထောင်ဘူး။ နင် မပြောရဘူး။ ကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ ကလေးဘဝလေး ပေးလိုက်ပါဦး။ သူတို့ရဲ့ အဆုံးမရှိတဲ့ စိတ်ကူးယဉ်နိုင်စွမ်းနဲ့ ရှိသမျှ ပျော်ရွှင်မှုကို မရိုက်ချိုးလိုက်ပါနဲ့]
ချူဟွား: "..."
ကျားယီနှင့် အခြားသူများ: "..."
နင်က နင့်ကိုယ်နင် ကလေးလို့ တကယ် ထင်နေတာလား။
ပြောစရာတွေ များလွန်းလို့ ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး။
Systemက သည်လို ပြောလာတော့လည်း ချူဟွားက အတင်း ရှင်းပြမနေတော့ပေ။ သူမသည် ရုပ်ရှင် မကြည့်ရသေးမှန်း သိရက်နှင့် ဇာတ်လမ်းသွား လာပြောပြတတ်သူများကို အလွန် မုန်းတီးသည်။ ပြောပြပြီးသည်နှင့် ရုပ်ရှင် ကြည့်ချင်စိတ် ပျောက်သွားတတ်သည်။
ဒါပေမဲ့ ရုပ်ရှင် ကြည့်ပြီးတဲ့ နောက်မှာတော့ အတူတူ ဝေဖန်ဆွေးနွေးလို့ ရတာပေါ့။
ထို့ကြောင့် ချူဟွားသည် ဖျော်ဖြေပွဲ ပြီးဆုံးသည်အထိ ငြိမ်ငြိမ်လေး စောင့်နေလိုက်ပြီးမှ systemကို စကားပြောလိုက်သည်။ [ဘယ်လိုလဲ]
Systemသည် မေးခွန်းများစွာဖြင့် ဝိုင်းရံခံလိုက်ရသည်။ [ဒီ ၆ ပေလောက်ရှိတဲ့ လူကောင်ကြီးက အတုကြီးလား။ ဘာလို့ တူနဲ့ တစ်ချက်တည်း ထုချလိုက်တာတောင် ကြက်ပေါက်စလို လူကောင်သေးသေးလေးက ဘာမှ မဖြစ်တာလဲ]
လူကောင်ကြီး: "..."
လူကောင်သေး: "..."
သူတို့က ဖျော်ဖြေမှု အကျိုးသက်ရောက်မှု ထင်ရှားစေရန် ကွာခြားချက် ကြီးမားသည့် လူနှစ်ယောက်ကို တမင် ရွေးချယ်ထားခြင်း ဖြစ်သော်လည်း ပုံမှန်အားဖြင့် ကလေးများ ကြည့်ပြီးလျှင် သူတို့၏ ဖျော်ဖြေမှု ကောင်းမွန်ကြောင်း ချီးကျူးကြသည် မဟုတ်ပါလား။
ဒီကလေးက ဘယ်လို ဖြစ်နေတာလဲ။ သာမန် လမ်းကြောင်းအတိုင်း မသွားပါလား။
System: [ဒါမှမဟုတ် လူကောင်ကြီးက တမင် ဟန်ဆောင်နေတာလား။ တူကြီးကို လွှဲနေပုံက အားပါပေမဲ့ ကျောက်တုံးပေါ် ကျတဲ့ အားက မပြင်းတာလား။ လူကောင်သေးရဲ့ ကိုယ်ပေါ်က ကျောက်ပြားကြီးက အတု ဖြစ်နေတာများလား]
လူကောင်ကြီး: "..."
လူကောင်သေး: "..."
ပြောရင်းနဲ့ ဘာလို့ ပိုလွန်လာရတာလဲ။
သူတို့သည် ဝမ်းရေးအတွက် ရုန်းကန်နေရသော သာမန် ပြည်သူများသာ ဖြစ်ကြသည်။ တမင် လာပြီး ပြဿနာ ရှာခြင်း မဟုတ်သရွေ့တော့ စကားအများစုကို မကြားချင်ယောင် ဆောင်ထားရမည်သာ။
ထို့အပြင် ဒါက ကလေးတစ်ယောက်သာ။ ရိုးသားစွာ သိချင်စိတ် ဖြစ်နိုင်သည်။ သူတို့အနေဖြင့် လိုက်ပြီး ရှင်းပြနေရန်လည်း မဖြစ်နိုင်ပေ။
ချူဟွား: [တူက အစစ်၊ ကျောက်တုံးကလည်း အစစ်ပဲ။ ဒါပေမဲ့ နည်းလမ်းတော့ ရှိတယ်။ လူတိုင်း လုပ်နိုင်တဲ့ အလုပ်တော့ မဟုတ်ဘူး]
ရင်ဘတ်ပေါ် ကျောက်တုံးတင် ထုခွဲခြင်း၏ သဘောတရား အတိအကျကို သူမ ပထမဆုံးအကြိမ် တီဗီတွင် မြင်တွေ့ခဲ့ရစဉ်ကတည်းက အဖေ့ထံမှ သိရှိခဲ့ရသည်။
သူမ systemကို ပြောပြ၍ မရခြင်း မဟုတ်။ အဖွဲ့လိုက် စကားပြောခန်းတွင် သဘောတရားကို ပြောပြလိုက်ပါက နောက်ဆို မည်သူက လာကြည့်တော့မည်နည်း။ သူတို့ နှစ်ယောက်၏ ထမင်းအိုးကို သူမ ရိုက်ခွဲလိုက်သလို ဖြစ်မသွားပေဘူးလား။
Systemသည် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး ချူဟွားက မပြောပြမှန်း သိလိုက်သောအခါ ဤကိစ္စကို လူသိရှင်ကြား မပြောသင့်ကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် ကိုယ့်ဘာသာ ဖရဲသီးပေးပြီး ရှာဖွေကြည့်လိုက်သည်။
မူလက အင်နားရှား သဘောတရား နှင့် ပါစကယ် သဘောတရားတို့ကြောင့် ဖြစ်သည်။
လူကောင်ကြီးသည် ၁ စင်တီမီတာကျော် ထူသော ကျောက်ပြားကြီးကို နှစ်ချက်၊ သုံးချက်ဖြင့် ကွဲသွားအောင် ထုနိုင်ရန် အကြိမ်ရာချီ လေ့ကျင့်ရသည်။ လူကောင်သေးကလည်း အောက်တွင် လှဲနေရဲသည့် သတ္တိ ရှိရမည့်အပြင် ကျောက်ပြား ကွဲသွားသည့်အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းကိုလည်း သိထားရမည်။
ဖျော်ဖြေရာတွင် အသုံးပြုသော ကျောက်ပြားကြီးသည် ပုံစံကျသော စတုဂံတုံး ဖြစ်ရမည်။ မည်သည့် ကျောက်တုံးမဆို ရသည် မဟုတ်သလို မည်သူမဆို လုပ်နိုင်သည် မဟုတ်ပေ။
System: [တကယ့်ကို အရည်အချင်းနဲ့ ရှာတဲ့ ပိုက်ဆံပဲ]
လူကောင်ကြီးနှင့် လူကောင်သေးတို့သည် ကလေးက သူတို့၏ လျှို့ဝှက်ချက်ကို မည်သို့ လျင်မြန်စွာ သိရှိသွားသည်ကို အံ့ဩနေကြသည်။ သို့သော် တစ်ဖက်လူက လူအများရှေ့တွင် အော်ဟစ် ပြောဆိုခြင်း မရှိသဖြင့် သူတို့ ဝမ်းသာသွားကြသည်။ ထမင်းအိုး လုံခြုံသွားပြီ။
ဆက်လက် တင်ဆက်သော မျက်လှည့်ပြပွဲများမှာ မီးမှုတ်ခြင်း၊ ကြိုးတန်းလျှောက်ခြင်း၊ လှံဖြင့် လည်ပင်းထောက်ခြင်းတို့ ဖြစ်ပြီး အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ လူများစွာသည် မျက်တောင်မခတ်ဘဲ ကြည့်ရှုနေကြသည်။
Systemသည် ဖရဲသီး မစားရသေးဘဲ သဘောတရားကို မသိသေးသဖြင့် အလိမ်ခံလိုက်ရပြီး မကြာခဏ အာမေဍိတ်သံများ ပြုနေလေသည်။ ကြေးမောင်းခေါက်ပြီး ဆုကြေး တောင်းခံသူ ရောက်လာသောအခါ ချူဟွားကို ငွေပေးရန် တိုက်တွန်းလေသည်။
သာမန် ပြည်သူများက ကြေးပြား တစ်ပြား၊ နှစ်ပြားသာ ပေးနိုင်သည့် အခြေအနေတွင် ငွေတစ်လျန် ပေးလိုက်သော ချူဟွားသည် မျက်လှည့်အဖွဲ့နှင့် ဘေးပတ်ဝန်းကျင်မှ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ ဝိုး— သူဌေးမိသားစုပဲ။
ချူဟွား: [ဆက်ကြည့်ဦးမလား]
System: [တော်ပါပြီ။ နင့်ကို မျောက်တစ်ကောင်လို ဝိုင်းကြည့်နေကြသလို ခံစားရတယ်]
ချူဟွား: "..." မှန်လိုက်တာ။ နောက်တစ်ခါ ထပ်မပြောပါနဲ့တော့။
Systemသည် ပိုပျော်စရာကောင်းသော အရာကို လျင်မြန်စွာ တွေ့ရှိသွားသည်။ [မမကြီးဟွား ညာဘက် အနောက်ဘက် မီတာ ၂၀၀ အကွာမှာ အရမ်းလှတဲ့ မီးပုံးတစ်ခု ရှိတယ်။ မြန်မြန် သွားကြည့်ရအောင်]
System၏ ထပ်ခါတလဲလဲ တိုက်တွန်းမှုကြောင့် ချူဟွားတို့အဖွဲ့သည် လူအုပ်စီးဆင်းရာ လမ်းကြောင်းအတိုင်း လျှောက်သွားလိုက်ကြသည်။
မီးပုံးပွဲတော်တွင် နေရာတိုင်း၌ မီးပုံးများ ရှိနေသည်။ အများစုမှာ ကိုယ်တိုင် ပြုလုပ်ထားသော လှပသည့် မီးပုံးများကို လာရောက် ရောင်းချကြခြင်း ဖြစ်သည်။ ပုံမှန် မီးပုံးဆိုလျှင် ငွေအနည်းငယ်သာ ပေးရပြီး လက်ရာမြောက်လျှင် ဈေးပိုပေးရသည်။ ခေါင်းသုံးတတ်သော ကုန်သည်များကတော့ စကားထာဝှက်ခြင်းနှင့် မီးပုံးကို ပေါင်းစပ်ထားကြသည်။
System စိတ်ဝင်စားနေသည်မှာ အရှေ့အရပ် လက်ဖက်ရည်ဆိုင်၏ လှုပ်ရှားမှုပင်။
အရှေ့တိုင်း လက်ဖက်ရည်ဆိုင်ကို အလွန် ယဉ်ကျေးသိမ်မွေ့စွာ ပြင်ဆင်ထားသည်။ ပိုင်ရှင်သည် ကဗျာရွတ်ပွဲ၊ လက်ဖက်ရည်သောက်ပွဲများကို မကြာခဏ ကျင်းပလေ့ရှိပြီး နာမည်ကျော် စာပေပညာရှင်များကို ဖိတ်ကြားကာ ကဗျာနှင့် ပန်းချီများကို ဝေဖန်သုံးသပ်စေသည်။ မကြာသေးမီက အရင်မင်းဆက်မှ ပညာရှင်ကြီးများ၏ လက်ရာများကို ထုတ်ပြခဲ့သေးသည်။
ပုံမှန်အချိန်တွင် အရှေ့အရပ် လက်ဖက်ရည်ဆိုင်သည် စာပေပညာရှင်များ အလွန် နှစ်သက်သော နေရာ ဖြစ်သည်။ ယခု မီးထွန်းပွဲတော် အချိန်တွင် လှုပ်ရှားမှု အသစ်များ ပြုလုပ်လိုက်ရာ ပြည်သူ အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်။
လက်ဖက်ရည်ဆိုင် ရှေ့တွင် မီးပုံး ၂၉၉ လုံး ချိတ်ဆွဲထားသည်။ ၎င်းတို့တွင် စကားထာများ၊ စာပေအချိတ်အဆက်များ၊ ကဗျာများ ပါဝင်သည်။ ယနေ့ညတွင် တစ်စုံတစ်ယောက်က ပထမ ရရှိပါက ပထမဆုကြီး ဖြစ်သည့် အလွန် လက်ရာမြောက်သော ဖန်ကြာပန်းမီးပုံးကို ရရှိမည် ဖြစ်သည်။
ဖန်ကြာပန်းမီးပုံးကို မီးပုံးအားလုံး၏ အပေါ်ဆုံးတွင် မြင့်မားစွာ ချိတ်ဆွဲထားပြီး မီးပုံး ဘုရင်တစ်ဆူသဖွယ် မီးပုံးအားလုံးကို ငုံ့ကြည့်နေသည်။ ၎င်းသည် စာပေပညာရှင် အချို့၏ အောင်နိုင်လိုစိတ်နှင့် ကျော်ကြားလိုစိတ်တို့နှင့် အလွန် ကိုက်ညီနေလေသည်။
သူတို့ ရောက်လာသည်မှာ နောက်ကျနေပြီ ဖြစ်ရာ လက်ဖက်ရည်ဆိုင်ထဲတွင် လူအများအပြား စကားထာ ဖြေဆိုနေကြပြီ ဖြစ်သည်။ မှန်ကန်စွာ ဖြေဆိုနိုင်ပါက အဖြေကို ကပ်ထားလိုက်ပြီး သက်ဆိုင်ရာ မီးပုံးကို ထပ်မံ ဖြေဆိုခွင့် မရှိတော့ပေ။
ယခုအချိန်တွင် လက်ဖက်ရည်ဆိုင် ရှေ့၌ ဖြေဆိုရန် မီးပုံး သုံးပုံတစ်ပုံအောက်သာ ကျန်ရှိတော့သည်။
"သခင်လေး ရှီးမန်က အလုံး ၆၀ ဖြေပြီးပြီ။ ဒီညရဲ့ ပထမဆုရှင် ဖြစ်မှာ သေချာတယ်"
"ငါ့အမြင်တော့ မသေချာသေးဘူး။ သခင်လေး နန်ကုန်းက နောက်က လိုက်လာတာ ၅၂ လုံး ရှိနေပြီ"
"ပထမဆုရှင်က ငွေလျန် ၂၀၀ ဆုရမယ်လို့ ကြားတယ်"
"ဟက်... သခင်လေးတွေက ဒီလောက် ငွေကြေးလေးကို ဂရုစိုက်မယ် ထင်လို့လား"
[ဘာလို့ ဂရုမစိုက်ရမှာလဲ] Systemက နားမလည်နိုင်ချေ။ [သူတို့က လေကို ရှူ၊ နှင်းရည် သောက်ပြီး ကြီးပြင်းလာတဲ့ နတ်သားလေးတွေမှ မဟုတ်တာ။ ငွေမရှိဘဲ ဘယ်လိုလုပ် ကြီးပြင်းလာမှာလဲ]
လူအများမှာ ဆွံ့အသွားကြသည်။ အသံကို နားထောင်ရုံဖြင့် ကလေးတစ်ယောက်မှန်း သိသာသဖြင့် ကလေးနှင့် ဖက်မဖြစ်တော့ရန် ဆုံးဖြတ်လိုက်ကြသည်။
"ငွေ ၂၀၀ လျန်က ဘာဝယ်လို့ ရမှာမို့လို့လဲ"
"ဟုတ်တယ်။ သခင်လေး ရှီးမန် ဝတ်ထားတဲ့ ဝတ်စုံတစ်စုံစာတောင် မရှိဘူး"
"သခင်လေး ရှီးမန်က ဒီလောက် ငွေနည်းနည်းလေးကို မျက်လုံးထဲ ထည့်မှာ မဟုတ်ဘူး"
Systemက ပြီးပြည့်စုံစွာ ဝင်ပြောလိုက်သည်။ [ဒါပေမဲ့ ရှီးမန်က ပထမဆုရှင် ရမဲ့ ငွေ ၂၀၀ လျန် ဆုကြေးကို လိုချင်လို့ ပြိုင်ပွဲ လာဝင်တာလေ]
လူအများက ထပ်မံ ဆွံ့အသွားကြပြန်သည်။ ဘယ်သူ့အိမ်က ကလေးက ဒီမှာ လာပြီး စကား လိုက်ပြောနေတာလဲ။ တကယ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ။
ကျားယီနှင့် ချိုက်ကန်း တို့သည် အတင်းနားထောင်ရသည့် ပျော်ရွှင်မှုကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူတို့ အကြောက်ဆုံးမှာ တစ်စုံတစ်ယောက်က system၏ စကားကို ပြန်လည် ချေပလာမည်ကိုပင်။ ပါးစပ်ဟ ပြောလိုက်သည်နှင့် သူတို့သည် ချူဟွားနှင့် system စကားပြောနေသည်ကို ကြားနေရကြောင်း ပေါ်သွားပေလိမ့်မည်။
ချူဟွားသည် စောစောစီးစီး ဖော်ထုတ်မခံချင်သေးသဖြင့် system၏ အာရုံကို လွှဲလိုက်သည်။ [နင် မီးပုံး လာကြည့်တာ မဟုတ်ဘူးလား]
System: [မီးပုံးတွေ ကြည့်ပြီးပြီ။ ငါ အခု မီးပုံး စကားထာ ဖြေနေတဲ့ လူတွေကို ပိုစိတ်ဝင်စားနေပြီ]
ချူဟွား: [နေရာမှာတင် ဖရဲသီး စားတော့မလို့လား]
System: [ဒါက ငါ့ရဲ့ ပင်မ အလုပ်လေ။ ဖရဲသီး အနံ့ ရလိုက်တာနဲ့ ငါ တစ်ကိုယ်လုံး စိတ်လှုပ်ရှားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘူး]
လူအများ: ???
ဒီ အန္တရာယ်များတဲ့ စကားတွေက ဘာလဲ။ ဘယ်သူ့အိမ်က ကလေးကို မဆုံးမဘဲ လွှတ်ထားတာလဲ။
လူအတော်များများက စကားပြောသူကို လိုက်လံ ရှာဖွေနေကြသော်လည်း အရှေ့တိုင်းလက်ဖက်ရည်ဆိုင်၏ ပွဲတော်မှာ လူများလွန်းသဖြင့် ကလေးများလည်း အများအပြား ရှိနေရာ မည်သူ ပြောမှန်း မသိနိုင်ကြပေ။
ချူဟွားက ခဏလောက် စဉ်းစားလိုက်၏။ ဒီအချိန်မှာ systemကို ဖရဲသီး မစားခိုင်းဘဲ တားမြစ်လိုက်ရင် ပိုပြီး ထူးဆန်းနေလိမ့်မည်။ သဘာဝအတိုင်း လွှတ်ထားလိုက်တာ ပိုကောင်းသည်။ Systemက ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူး ဆိုတာ နားလည်ပါတယ်။
ချူဟွား: [ကောင်းပြီ။ စားလိုက်တော့]
System: [ဟုတ်ကဲ့ပါဗျာ။ ဟင်... အလှရှင်လေး ရှန်လုလည်း ရှိနေတာပဲ။ သူက ဒီလို လှုပ်ရှားမှုတွေကို စိတ်ဝင်စားလို့လား]
ချူဟွားသည် ခေါင်းလှည့်ပြီး အလှရှင်လေး၏ ခြေရာကို ရှာဖွေလိုက်သည်။ လူပင်လယ်ကြီးထဲတွင် သတ်မှတ်ထားသော လူတစ်ယောက်ကို ရှာဖွေရန် ခက်ခဲမည် ထင်သော်လည်း ခေါင်းလှည့်လိုက်သည်နှင့် လူအုပ်ကြီးကြားတွင် အလင်းရောင် ထွက်နေသကဲ့သို့ လှပသော ရှန်လုကို တွေ့လိုက်ရသည်။
သူ့ဘေးနားတွင် မိန်းကလေး အများအပြားက မျက်နှာများ နီရဲကာ ခိုးကြည့်နေကြသော်လည်း ရှေ့တိုးပြီး စကားမပြောရဲကြပေ။ မှတ်မိဖို့ အရမ်း လွယ်ကူသည်။
Systemထံမှ စုပ်သံတစ်ချက် ထွက်လာသည်။ [ရှန်လုရဲ့ အလှက အလင်းရောင် ဖန်တီးပေးတဲ့ filter ပါလာတာပဲ]
ချူဟွားက အမှန်အတိုင်း ပြောလိုက်သည်။ [လက်ဖက်ရည်ဆိုင်က မီးပုံးတွေ အများကြီး ထွန်းထားလို့ ဒီနေရာ တစ်ဝိုက်လင်းထိန်နေတာပါ]
ရှန်လု: "..."
System: "..."
Systemက သံကို သံမဏိ ဖြစ်မလာသဖြင့် ဒေါသထွက်သွားတော့သည်။ [နင်က သံချောင်းလို ဖြောင့်စင်းလွန်းတဲ့ မိန်းမပဲ။ နင့်အစ်ကို သံချောင်းလို ဖြောင့်စင်းလွန်းတဲ့ ယောက်ျားကို အပြစ်မတင်နဲ့တော့။ နင်တို့ မောင်နှမနှစ်ယောက်က ပုလင်းတူ ဘူးဆို့တွေပဲ။ နင်လည်း ဘာမှ သာတာ မဟုတ်ဘူး]
[နင်က အလှရှင်လေးရဲ့ ရုပ်ရည်ကို အဝေးကနေပဲ ခံစားတတ်တယ်။ ပါးစပ်ကလည်း ချိုချိုသာသာ မပြောတတ်ဘူး။ အပြုအမူကလည်း အကွာအဝေး ထားနေတယ်။ မရိုးသားတဲ့ စိတ်ကူးလည်း မရှိဘူး။ ဒီလိုပုံစံနဲ့ အလှလေးကို ဘယ်တော့ အိမ်ခေါ်တင်နိုင်မှာလဲ]
လူအများ: ???
နေပါဦး။ ကလေးနဲ့ စကားပြောနေတာ မိန်းကလေး မဟုတ်ဘူးလား။ ဘာလို့ အိမ်ခေါ်တင်မယ် (လက်ထပ်ယူမယ်) လို့ ပြောနေတာလဲ။
ဪ... ယောက်ျားကို အိမ်ထောင်ဖက် အဖြစ် အိမ်ခေါ်တင်မလို့ (သမက် အဖြစ် အိမ်ခေါ်မလို့) ကိုး။ ဒါဆိုရင်တော့ ကိစ္စ မရှိပါဘူး။
ချူဟွားက သက်ပြင်းချလိုက်၏။ systemအတုံးလေးက သူမရဲ့ ခန္ဓာကိုယ်က ၁၄ နှစ်ပဲ ရှိသေးပြီး လက်ထပ်ဖို့ ဝေးသေးတာကို ဘယ်တော့မှ သတိရမှာလဲ။
[ထုံအာ... ဖရဲသီး စားမလား]
Systemက ပြတ်သားစွာ ပြောလိုက်သည်။ [စားမယ်]
လူတစ်ယောက်နှင့် systemတစ်ခု စကားပြောနေစဉ် ရှန်လုသည် ချူဟွား၊ ကျားယီနှင့် ချိုက်ကန်း တို့ကို မြင်တွေ့သွားပြီး သူတို့ ရှိရာဘက်သို့ လျှောက်လာခဲ့သည်။
အနီးအနားတွင် အရှေ့တိုင်း လက်ဖက်ရည်ဆိုင်၏ စကားထာပွဲကြောင့် စုဝေးနေသော ပြည်သူများ များပြားလွန်းသဖြင့် မတော်တဆ တစ်ခုခု ဖြစ်ပွားပြီး ချူဟွား၊ ကျားယီနှင့် ချိုက်ကန်းတို့ လူစုကွဲသွားပါက သူမ တစ်ယောက်တည်း အန္တရာယ် ရှိနိုင်သည်။
Systemကတော့ မည်သည့် အန္တရာယ်ကိုမျှ သတိမထားမိဘဲ ဖရဲသီးစားသည့် အလုပ်ကို ဝီရိယ ရှိရှိ လုပ်ဆောင်နေသည်။
[ရှီးမန်ကျဲ ဆိုတဲ့ ကောင်ကို ကြည့်ရတာ ဆောင်းတွင်းကြီး ယပ်တောင် တစ်ခါခါနဲ့ သားနားတဲ့ သခင်လေး ပုံစံ ဖမ်းနေပေမဲ့ မြို့တော် သခင်လေး ၄ ဦး ဆိုတဲ့ ဂုဏ်ပုဒ်က သူ ပိုက်ဆံပေးပြီး လူတွေကို မြှောက်ပင့်ခိုင်းထားတာ]
လူတစ်ချို့က မကျေမနပ် ဖြစ်သွားသည်။ သခင်လေး ရှီးမန်က ချီးကျူးဖွယ် ကဗျာတွေအများကြီး ရေးစပ်ခဲ့တာလေ။ မင်း သူ့ကို မစွပ်စွဲနဲ့။
Systemက ထိုလူများကို ပြန်လည် ချေပရန် အခွင့်အရေး မပေးဘဲ တရစပ် ပြောဆိုလိုက်သည်။
[ရှီးမန်ကျဲ အစောဆုံး နာမည်ကြီးလာတာက "ဂန္ဓမာပန်း ကဗျာ" ကြောင့်လေ။ လူအများကြီးက ဖတ်ပြီးတာနဲ့ နတ်ဘုရား ဖန်ဆင်းထားသလိုပဲ ဆိုပြီး သူ့ကို မိတ်ဆွေဖွဲ့ကြတာ။ သူကလည်း တစ်ညတည်းနဲ့ နာမည်ကြီးသွားတာပေါ့]
[တကယ်တော့ "ဂန္ဓမာပန်း ကဗျာ" က ရှန်လဲ့ ဆိုတဲ့ စာသင်သား ရေးထားတာ။ ရှီးမန် မိသားစုရဲ့ နှစ်ပေါင်းများစွာ ထောက်ပံ့မှုကြောင့် စာသင်ပြီး ဘွဲ့ရနိုင်ခဲ့လို့ ရှီးမန် သခင်ကြီးက "ဂန္ဓမာပန်း ကဗျာ" ကို ကြိုက်ပြီး ဝယ်မယ် ပြောတုန်းက သူက တစ်ပြားမှ မယူဘဲ အလကား ပေးလိုက်တာ]
[ရှီးမန်ကျဲက သူ့အဖေဆီမှာ "ဂန္ဓမာပန်း ကဗျာ" ကို တွေ့ဖူးတယ်။ မြို့တော် ရောက်လာတော့ ကိုယ့်အရည်အချင်းနဲ့ နာမည်မရနိုင်ဘူး။ စားသောက်ပွဲ တစ်ခုမှာ မူးပြီး "ဂန္ဓမာပန်း ကဗျာ" ကို ရွတ်ပြလိုက်တော့ နာမည်ကြီးသွားပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတာ]
ချူဟွားက မျက်မှောင်ကြုတ်လိုက်ကာ [သူက သူများ လက်ရာကို သူ့ဟာ လုပ်ပြီး ထုတ်ပြလိုက်တာလား]
System: [ဟုတ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ ရတယ်]
ချူဟွား: ???
လူအများ: ???
…